Thursday, March 18, 2010

ပြန်လည်တွေ့ဆုံကြပါဦးစို့


ကျွန်မတို့ တောင်ကြီးမြို့ကိုဝင်တဲ့ အတက်လမ်းနဲ့အဆင်းလမ်း နှစ်ခုဆုံတဲ့ ပစောက်ကွေ့နားမှာ ဆိုင်းပုဒ်ကြီးတစ်ခု ထောင်ထားတယ်။ အတက်လမ်းဆိုင်းပုဒ်ဘက်မှာ "ကြိုဆိုပါ၏"လို့ ရေးထားပြီး အဆင်းလမ်းဘက်မှာ "ပြန်လည်တွေ့ဆုံကြပါဦးစို့"လို့ ရေးထားတယ်။ ကျွန်မတို့က တောင်ကြီးမြို့နဲ့ရွာကို အဆင်းအတက်အမြဲလုပ်နေတော့ တောင်ကြီးမြို့က ကျွန်မတို့ကို ကြိုဆိုလိုက်၊ ပြန်လည်တွေ့ဆုံမယ်လို့ နှုတ်ဆက်လိုက်နဲ့ပေါ့။

ကျွန်မတို့မှာလည်း ဘဝအကွေ့တွေကများတော့ လူတွေနဲ့ တွေ့ဆုံလိုက်၊ ကွဲကွာလိုက်ပေါ့။ နေစရာအတည်တကျမရှိတဲ့ ကျွန်မမှာလည်း ဟိုရောက်လိုက် ဒီရောက်လိုက်ပါပဲ။ ခုလည်း ဘဝအကွေ့လေးတစ်ခုမှာ ပြန်လည်တွေ့ဆုံကြပါဦးစို့လို့ ကျွန်မနှုတ်ဆက်ဖို့ အချိန်တန်ခဲ့ပါတယ်။ ဆရာမအလုပ်ကထွက်၊ အင်တာနက်ကိုရောင်းပြီး ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်နဲ့ တောင်ကြီးမြို့ကို ပြန်ပါတော့မယ်။ တောင်ကြီးကိုရောက်ရင် အင်တာနက်အခက်အခဲနဲ့ တစ်ခြားအခက်အခဲတွေကြောင့် အရင်ကလိုပို့စ်တွေကို မျက်စိနောက်လောက်အောင် တင်နိုင်တော့မှာ မဟုတ်ကြောင်း အများဝမ်းသာရအောင် အားနာပါးနာ ပြောခဲ့ချင်ပါတယ်။

ဘလော့ရေးခဲ့တဲ့ လေးနှစ်တာကာလအတွင်း အမြဲလာရောက်ဖတ်ရှု အားပေးကြသူအပေါင်းကို အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်မဘာရေးရေး ဖတ်ရှုပေးကြတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ဟုတ်တာရော၊ မဟုတ်တာတွေရော ပို့စ်ပေါင်းများစွာ ကျွန်မရေးခဲ့ပါတယ်။ အဲဒီပို့စ်တွေကို မကြာခင်မှာ စာအုပ်တွေအဖြစ်နဲ့ Synergy Publication စာအုပ်တိုက်ကနေ ထွက်ရှိလာအုန်းမှာပါ။ အဲဒီအခါကျရင်လည်း ဆက်လက်အားပေးကြပါအုန်းလို့...း)

ဒီနှစ်တွေအတွင်း ကျွန်မဘက်က တစ်ခုခုအမှားအယွင်း လုပ်ခဲ့မိတာပဲဖြစ်ဖြစ်၊ ရိုင်းစိုင်း မောက်မာခဲ့မိတာပဲဖြစ်ဖြစ်ရှိခဲ့ရင် အပြစ်မယူဘဲ အသိ
ိဉာဏ်မဲ့သူအဖြစ် ခွင့်လွတ်နားလည်ပေးကြဖို့ တောင်းပန်ပါတယ်။

တောင်ကြီးကို လာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အခါအခွင့်သင့်လို့ တောင်ကြီးကိုရောက်ခဲ့ရင်လည်း ကျွန်မကို ဆက်သွယ်နိုင်ပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ မပိုင်ဆိုင်ထားပေမယ့် နွေးထွေးတဲ့ ကြိုဆိုမှုတော့ရှိပါတယ်။ လိုအပ်တဲ့ အကူအညီရှိရင်လည်း ကျွန်မကိုသတိရပါလို့... ဘလော့မရေးဖြစ်တော့ပေမယ့် တတ်နိုင်သလောက် ကူညီမှုတော့ ကျွန်မမှာရှိပါသေးတယ်။

အားလုံး လိုအင်ဆန္ဒပြည့်ဝကြပါစေလို့
တစ်ချိန်ချိန်မှာ
ကျွန်မတို့ ပြန်လည်တွေ့ဆုံကြရအောင်....

အားလုံးကို ခင်မင်လေးစားလျှက်

နိုင်းနိုင်းစနေ

ဘဝ အခွင့်အရေး


တစ်ခါတုန်းက လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။ နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်ကျရောက်နိုင်ကြောင်း၊ သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါတွေ ကြီးမြင့်နိုင်တဲ့၊ လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိကြောင်း ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။ ဒါပေမယ့် နှစ်လရာသီတွေသာ ပြောင်းသွားတယ်။ သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။ နတ်မင်းကြီးကိုတွေ့တာနဲ့ သူက "နတ်မင်းကြီး.... အရှင်ပြောတော့ ကျွန်တော်သူဌေးဖြစ်မယ်ဆို၊ ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ ဘာမှလည်းမရခဲ့ဘူး" လို့ ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက "အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊ ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်" လို့ ပြောတော့ လူငယ်က "အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး" လို့ဆိုတယ်။

နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။

"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့တယ်မဟုတ်လား? ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီး အသင်သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့ သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။ နောက်တစ်ခုရှိသေးတယ်.... အသင်မှတ်မိရဲ့လား! မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းက အိမ်တော်တော်များများ ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။ လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့် အသင်သွားမကူညီခဲ့ဘူး။ အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊ လုယှက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။

"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊ အသင့်မြို့ကိုပါ ဂုဏ်တက်စေနိုင်ပေမယ့် အသင်လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့ မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား! အဲဒီကောင်မလေးက အသင့်ကို အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။ သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။ ဖွင့်ပြောရင်လည်း အသင်ကို သူချစ်လာနိုင်မှာမဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။ အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ် အသင်ဖြတ်ကျော်စေခဲ့တာပဲ မဟုတ်လား!"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့ ဝန်ခံနေခဲ့တယ်။ သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။ ဘဝတစ်ခုကို ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး အသင်မှာရှိပေမယ့် အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့ လည်ပတ်နေပါတယ်။ အဲဒီအခွင့်အရေးတွေထဲမှာ အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ ပါနိုင်ပါတယ်။ ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့ ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး အခွင့်အရေးကို လက်လွတ်လိုက်တတ်ကြတယ်။

အငြင်းဆန်ခံရမှာကိုကြောက်ပြီး လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။
အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
ဆုံးရှုံးရမှာကိုကြောက်ပြီး တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။
မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။

မူရင်း-- http://share.youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ရှင်လောင်း... ရှင်လောင်း... ပဲသီးထောင်း




အခုဆိုရင် မြန်မာပြည်မှာ နွေရာသီကျောင်းပိတ်ရက်ပေါ့။ ကျောင်းပိတ်တော့ ကလေးလေးတွေ ရှင်လောင်းဝတ်ကြတယ်။ ရှင်လောင်းရာသီဆိုလည်း မမှားဘူးပေါ့။ မြို့ပေါ်ရှင်လောင်းတွေက ကားစီးပြီးလှည့်ကြတယ်။ ကျွန်မတို့ရွာက ရှင်လောင်းတွေက မြင်းစီးဒါမှမဟုတ် လူထမ်းပြီးလှည့်ကြတယ်။ ဘာပဲစီးစီး၊ ဘယ်လိုလှည့်လှည့် အလှူပေးကြတဲ့ ကျောင်းဒကာ၊ ဒကာမတွေရဲ့ မျက်နှာတွေက တပြုံးပြုံးနဲ့ပေါ့။ ဒီမနက် အိမ်ရှေ့ဖြတ်သွားတဲ့ ရှမ်းရှင်လောင်းလေးတွေကို လိုက်ရိုက်ဖြစ်တယ်။ ကင်မရာသေးသေးလေးနဲ့ ဗီတီယိုရိုက်တော့ ပုံတွေက မကောင်းဘူး။ မလုပ်တတ်လုပ်တတ်နဲ့ editထားတယ်။ မြို့မှာဆိုတော့ ဗုံတီးသံကလွဲရင် အော်သံတွေ သိပ်မကြားရဘူး။ ကျွန်မတို့ရွာမှာတော့ အော်ကြတယ်။

ရှင်လောင်း... ရှင်လောင်း... ပဲသီးထောင်း
ရှင်လောင်းအစ်မ ငါနဲ့ရ
ရှင်လောင်းအမေ.................. အလုပ်များနေ

နယ်စပ်မြို့လေးဆိုတော့ ဒီကပဒေသာပင်တွေက ဘတ်ငွေတွေချည်းပဲ၊ တစ်ရာတန်၊ ငါးဆယ်တန်၊ နှစ်ဆယ်တန်တွေနဲ့ လှူနိုင်ဒါန်းနိုင်ကြတယ်။

နိုင်းနိုင်းစနေ

Wednesday, March 17, 2010

စကားလုံးများ ပေးသနားပါ


အဖေ၊ အမေတွေအတွက် ကိုယ့်ရင်ထဲမှာ သိမ်းဆည်းထားတဲ့ စကားလုံးတွေ၊ မပြောဖြစ်လိုက်တဲ့ စကားလုံးတွေကို တောင်းဆိုချင်ပါတယ်။ စာလုံးရေသိပ်မများဘဲ နာမည်ရင်း သို့မဟုတ် နစ်နိမ်းနဲ့ ရေးသားပေးဖို့ တောင်းဆိုပါတယ်။ (အဲဒီစကားလုံးတွေကို ဘာလုပ်မယ်ဆိုတာ မပြောတော့ဘူးနော်)

***စကားလုံးတွေရေးပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီစကားလုံးတွေကို နောက်ထုတ်မယ့် "အမေ"စာအုပ်မှာ ထည့်သုံးမှာမို့
Anonymousနဲ့ မရေးကြဘဲ ကိုယ်တိုင်သိနိုင်တဲ့ နာမည်(သို့) သင်္ကေတတစ်ခုနဲ့ရေးပေးဖို့ တောင်းဆိုပါတယ်။ နောက်ပြီး စာမျက်နှာအခက်အခဲတွေ ရှိနိုင်တာကြောင့် အရမ်းတို (သို့) အရမ်းရှည်တာတွေ မရေးကြဖို့ ထပ်တောင်းဆိုချင်ပါတယ်။ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ရေးပေးစေလိုပါတယ်။

ဒီနေရာမှာ မရေးချင်ရင် အီးမေးလ်နဲ့ပို့လည်း ရပါတယ်။ အကောင်းဆုံး(၃၅)ခုကို ရွေးသွားပါမယ်။

အားလုံး....ကျေးဇူးတင်ပါတယ်း)

နိုင်းနိုင်းစနေ

ကောင်မလေးရဲ့ လေတိုက်နှုန်း


လေငြိမ်ချိန်

ဒီလိုအချိန်မျိုးမှာ ကောင်မလေးရဲ့စိတ်နေသဘောထားကို သင်မခံစားမိနိုင်သေးဘူး။ ဒီလို လေငြိမ်ချိန်မျိုးက ကောင်မလေးအနားနား သင်ရှိမနေချိန်မှာ ဖြစ်တတ်တာကြောင့် သင့်စိတ်ကို ပေါ့ပေါ့ပါးပါး ထားနိုင်ချိန်ဖြစ်တယ်။

လေတိုက်နှုန်း ၁ဆ


ဒီလိုအချိန်မျိုးမှာ ကောင်မလေးဆီကနေ လေညင်းနဲ့တူတဲ့ တုန့်ပြန်မှုကို သင်ရလိမ့်မယ်။ ကောင်မလေးက နှုတ်ခမ်းစူပြီး ပြုံးရယ်တဲ့အသံနဲ့ "သွား... ကောင်စုတ်"ဆိုအသံက ညင်သာတဲ့လေ အတိုက်ခံရသလို သင့်စိတ်ကို ကြည်နူးစေပါတယ်။

လေတိုက်နှုန်း ၂ဆ

ဒီလိုအချိန်မျိုးမှာ ကောင်မလေးဆီကနေ အလိုမကျတဲ့ပုံကို သင်တွေ့ရလိမ့်မယ်။ စိတ်ညစ်တယ်ဆိုတဲ့ စကားနဲ့ သူ့ခံစားချက်ကို ဖော်ပြလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုခံစားချက်က ခဏတွင်းချင်းပျောက်သွားတတ်တာမို့ သင့်ကိုထိခိုက်စေမှာ မဟုတ်ပါဘူး။

လေတိုက်နှုန်း ၃ဆ

ဒီလိုအချိန်မျိုးမှာ ကောင်မလေးက အလိုမကျမှုကို ပိုပြတတ်တယ်။ ပစ္စည်းတစ်ခုခုနဲ့ သင့်ကို မနာတနာထုပြီး သင့်လုပ်ရပ်တွေကို ရပ်တန့်ခိုင်းတတ်တယ်။ ဒါပေမယ့် ဒီလိုအပြုအမှုက သင့်ကို မထိခိုက်စေနိုင်သေးပါဘူး။ သူကျီစယ်နေတယ်လို့ သင်ထင်နေလို့ဖြစ်တယ်။

လေတိုက်နှုန်း ၄ဆ

ဒီလိုအချိန်မျိုးမှာ စကားလုံးတချို့ကို ကောင်မလေးစသုံးပြီး အလိုမကျတဲ့ သူ့ခံစားချက်ကို ထုတ်ဖော်ပြသတတ်တယ်။

လေတိုက်နှုန်း ၅ဆ

ကောင်မလေးရဲ့ခံစားချက်ကို သင်ခန့်မှန်းမိချိန်ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ ကောင်မလေးက မျက်ထောင့်နီနဲ့ သင့်ကို စူးစူးစိုက်စိုက်ကြည့်ပြီး အေးစက်တဲ့စကားတွေ ပြောလိမ့်မယ်။ ဒါဟာ လေပြေလေးလို့ထင်ပြီး ဒီလိုလေတိုက်နှုန်းထဲ သင်ရှိနေဦးမယ်ဆိုရင် မကြာခင်မှာ ဒီထက်ကြမ်းတဲ့လေကို သင်ခံစားမိပါလိမ့်မယ်။

လေတိုက်နှုန်း ၆ဆ


ဒီလိုအချိန်မျိုးမှာ ကောင်မလေးက ခါးထောက်ပြီး လူကိုကျိန်ဆဲချိန်ဖြစ်တယ်။ အသံကိုလည်း မြင့်လိုက်ပြီဖြစ်တာကြောင့် ရှေ့တိုးမလား! နောက်ဆုတ်မလားဆိုတာကို သင်ဆုံးဖြတ်သင့်ချိန်ဖြစ်တယ်။

လေတိုက်နှုန်း ၇ဆ

ဒီလိုအချိန်မျိုးမှာ လေပြင်းတွေ စတိုက်ပြီဖြစ်တယ်။ ကျိန်ဆဲသံတွေ တဟူးဟူးနဲ့ မစဲဖြစ်နေလိမ့်မယ်။

လေတိုက်နှုန်း ၈ဆ


ဒီလိုအချိန်မျိုးက နည်းနည်းထိတ်လန့်စရာ ကောင်းလာပြီဖြစ်တယ်။ စူးရှအက်ကွဲတဲ့ ကျိန်ဆဲသံတွေအပြင် ခုန်ဆောင့်သံ၊ ရိုက်သံတွေကို သင်ကြားလိမ့်မယ်။

လေတိုက်နှုန်း ၉ဆ

ဒီလိုအချိန်မျိုးက ပစ္စည်းတချို့ဆုံးရှုံးချိန်ဖြစ်တယ်။ ကောင်မလေးက တွေ့ရာပစ္စည်းတွေကို ပစ်ဖောက်ခွဲချိန်ဖြစ်တယ်။ ဥပမာ - ဘောလ်ပင်၊ ဖုန်း၊ ဖိနပ်တွေနဲ့ ပစ်ပေါက်ပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ လေထဲကနေ ပစ္စည်းတွေကို သင်ဖမ်းယူတတ်ရပါလိမ့်မယ်။

လေတိုက်နှုန်း ၁ဝဆ


ဒီလိုအချိန်မျိုးက ပစ္စည်းတွေ ပိုထိခိုက်ဆုံးရှုံးချိန်ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ ပစ်ပေါက်လာသမျှ
ပစ္စည်းတွေကို ရှောင်နိုင်၊ ဖမ်းယူနိုင်ဖို့ သင်ကြံ့ခိုင်ရလိမ့်မယ်။ မြေငလျှင်လှုပ်သလို ဖြစ်တတ်တာကြောင့် အကောင်းဆုံးက ပုန်းကွယ်ရာနေရာကို သင်အရင်ဆုံးရှာရလိမ့်မယ်။

လေတိုက်နှုန်း ၁၁ဆ

ဒီလိုအချိန်မျိုးက လေဗွေကြီးတစ်ခုလို သင့်အနားသူရောက်လာပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်တော့မယ်။ ဒီလိုအချိန်မျိုးက လူကို ထိခိုက်နာကျင်စေတတ်ပါတယ်။ အနည်းဆုံးတော့ လက်ဖဝါးဒဏ်တစ်ချက်ကို သင်ခံရတတ်တယ်။

လေတိုက်နှုန်း ၁၂ဆ

ဒီလိုအချိန်မျိုးက လေမုန်တိုင်းအဆင့်ပါပဲ။ ကြိုတင်ပြင်ဆင်မှုမရှိရင် ဘေးအန္တရာယ် ကြီးကြီးမားမားကျရောက်နိုင်ပြီး ထိခိုက်နာကျင်မှုတွေ ရှိစေတတ်ပါတယ်။

မူရင်း-- google search or http://catdogu.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အမေ့အသံ


အဖေဆုံးတဲ့နှစ်မှာ သူ(၁ဝ)နှစ်၊ မောင်လေး(၈)နှစ်

ဘဝက ဖြေးဖြေးချင်းစဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်လို လှပတဲ့အရောင်လေးတွေ ခြယ်မှုန်းနေချိန်မှာ ရုတ်တရက် မိုးရေတွေနဲ့ အပက်ခံလိုက်ရတယ်။ သူ့ဘဝထဲက ပျော်ရွှင်၊ တည်ငြိမ်ခြင်းတွေက ပျက်စီးသွားတဲ့ ဆေးရောင်ခြယ် ပန်းချီကားလေးလို့ ဆိတ်သုန်းပျောက်ဆုံးကုန်ခဲ့ရတယ်။

အဖေဆုံးပြီးနောက် အရင်က သိမ်မွေ့နူးညံ့ခဲ့တဲ့အမေဟာ အားလုံးပြာင်းလဲသွားသလိုပဲ စိတ်တိုဒေါသထွက် လွယ်ခဲ့တယ်။ ပန်းကန်လေးတစ်လုံး မတော်တဆ လွတ်ချကွဲသွားတာနဲ့ အမေဆူလို့ဆဲလို့ မပြီးနိုင်တော့ဘူး။ အဲဒီအချိန်ကစပြီး အမေ့အသံကို သူမုန်းခဲ့တယ်။ သေးငယ်စူးရှတဲ့ အမေ့အသံက သူ့နားထဲ ရက်ရက်စက်စက် တိုးဝင်ပြီး သူ့ဘဝထဲအထိ ဝင်ရောက်ခဲ့တယ်။ အရင်က သိမ်မွေ့နူးညံတဲ့ အမေ့အသံဟာ ဘာဖြစ်လို့ ရုတ်တရက် ဒီလိုပြောင်းလဲသွားမှန်း သူ မတွေးတတ်ခဲ့ဘူး။

အဲဒီတုန်းက အမေအသက်(၃ဝ)လောက်ပဲ ရှိဦးမယ်။ ရင့်ကျက်ပြည့်ဖြိုးတဲ့ ပန်းတစ်ပွင့်လို အမေကို ခူးဆွတ်ချင်သူတွေ များခဲ့တယ်။ ဒါပေမယ့် စကားလာခင်းသူတွေကို အမေဆဲလွတ်လိုက်တာချည်းပဲ။ အမေဟာ ဆူးထောင်ထားတဲ့ ဖြူးကောင်တစ်ကောင်လို အနားကပ်လာသူမှန်သမျှကို ဆူးနဲ့လိုက်စူးပြီး သူနဲ့ မောင်လေးကို ကာကွယ်ခဲ့တယ်။

စားဝတ်နေရေးအတွက် ဈေးထဲမှာ နေရာတစ်ခုရှာပြီး အမေဈေးရောင်းခဲ့တယ်။ မနက်(၄)နာရီထိုးတာနဲ့ အိပ်ရာကထ လိုင်းကားနဲ့ မြောက်အရပ်ကနေ တောင်အရပ်မှာရှိတဲ့ လက်ကားဈေးကို အမေသွားတယ်။ ဒီလမ်းခရီးက မြို့ကိုတစ်ပတ်ပတ်တာနဲ့ တူတယ်။ လေဒဏ်၊ မိုးဒဏ်ကြောင့် ပြည့်တင်းနေတဲ့ အမေခန္ဓာကိုယ်ဟာ နေလှန်းထားတဲ့ သစ်သီးခြောက်လို ပိန်လှီခဲ့ရတယ်။

(၁၆)နှစ်အရွယ်မှာ သူဟာအေးဆေးတည်ငြိမ်တဲ့ မိန်းမပျိုလေးဖြစ်ခဲ့တယ်။ အထက်တန်းကျောင်း တက်နေပြီး စာတော်ခဲ့တယ်။ နေ့လယ်နေ့ခင်း ကျောင်းဆင်းချိန်မှာ အိမ်ကိုအပြေးပြန်လာပြီး ထမင်းဟင်းတွေ သူချက်ခဲ့တယ်။ ပြီးရင် လမ်းအသွယ်သွယ်ကိုဖြတ်ပြီး အမေအတွက် သူထမင်းချိုင့်ပို့ပေးတယ်။ ဆူညံနေတဲ့ ဈေးထဲရောက်တိုင်း အမေကထမင်းကို တစ်ဘက်က ပလုပ်ပလောင်းစားရင်း၊ တစ်ဘက်က ဈေးဝယ်တွေနဲ့ ဈေးညှိနေတာကိုပဲ သူမြင်ခဲ့ရတယ်။

တစ်ခါတုန်းက ဈေးနားအရောက်မှာ လူတစ်ယောက်နဲ့ အမေရန်ဖြစ်နေတာကို သူတွေ့လိုက်တယ်။ အမေရဲ့စူးရှထက်မြက်တဲ့အသံက အဝေးကနေ သူ့နားစည်ကို အားနဲ့ဝင်ဝင်ဆောင့်တယ်။ အမေနဲ့ရန်ဖြစ်တဲ့ ဝဝပုပုအမျိုးသမီးက အမေ့ကိုမနိုင်တော့ သူ့ယောက်ျားကိုစစ်ကူတောင်းတယ်။ ယောက်ျားလုပ်သူက အမေကိုရိုက်ဖို့ ရွယ်တယ်။ အမေ့မျက်နှာပေါ်က တံထွေးနဲ့ မျက်ရည်စတွေကို သူထင်ထင်ရှားရှား တွေ့ခဲ့ရတယ်။ ဒါတွေဟာ ငယ်ရွယ်နုပျိုတဲ့သူ့ဘဝကို စွတ်စိုစေခဲ့တယ်။

အသက်(၂၂)နှစ်မှာ သူကျောင်းပြီးတယ်။ ကျောင်းဆက်တက်နိုင်တဲ့အရည်အချင်း သူ့မှာရှိပေမယ့် မောင်လေးအတွက်နဲ့ တစ်နေ့တစ်ခြားပိန်လှီလာတဲ့ အမေ့ခန္ဓာကိုယ်ကြောင့် ရှေ့ဆက်ပညာသင်ရေးကို သူလက်လွတ်ခဲ့တယ်။

ပထမဆုံးရတဲ့လစာငွေကို အမေ့လက်ထဲသူအပ်တော့ ကြမ်းတမ်းတဲ့အမေ့လက်တွေက လိပ်ပြာတောင်ပံတွေလို တုန်ယင်နေခဲ့တယ်။ အမေ့ကိုသူ ငေးမောကြည့်ရင်း အသံနိမ့်နဲ့ပြောလိုက်တယ်။

"အမေ.... နောက်ဆို ဈေးသွားမရောင်းပါနဲ့တော့"

သူ့စကားကြားတော့ အမေရယ်တယ်။ အမေရယ်သံတွေက စူးရှမနေတော့ဘဲ ခပ်အက်အက်ဖြစ်နေတယ်။ အမေ့အသံထဲမှာ ပင်ပန်းဆင်းရဲသံ၊ အိုမင်းရင့်ရော်သံတွေနဲ့ ပြည့်နေခဲ့တယ်။ နောက်တစ်နေ့မနက် ဈေးထဲမှာ အမေကို သူသွားရှာခဲ့တယ်။ အဝေးကြီးကနေ အမေရဲ့ကြည်လင်တဲ့အသံကို သူကြားနေရတယ်။

"ဟဲ့... ငါ့သမီး တက္ကသိုလ်က ဘွဲ့ရခဲ့ပြီသိလား! နိုင်ငံခြားကလာဖွင့်ထားတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတယ်...."

အမေ့စကားထဲကနေ ဂုဏ်ယူဝင့်ကြွားသံကို သူကြားလိုက်ရတယ်။

အသက်(၂၈)နှစ်မှာ သမီးလေးတစ်ယောက်ကို သူမွေးဖွားခဲ့တယ်။ လမပြည့်သေးတဲ့ ကလေးက ညတိုင်းမိုးလင်းပေါက်ထိ ငိုတယ်။ တစ်ညလုံး အမေမအိပ်ဘဲ ကလေးကိုချော့ခဲ့တယ်။ တစ်ညအိပ်မက်ကနေ ယောင်ရမ်းနိုးလာချိန် ကလေးကိုချော့သိပ်နေတဲ့ အမေ့သီချင်းသံကို သူရုတ်တရက် ကြားလိုက်မိတယ်။ ပျော့ပျောင်းညင်သာတဲ့ အမေ့အသံကြောင့် မျက်စိမဖွင့်ဘဲ သူငြိမ်ငြိမ်လေးနားထောင်ခဲ့တယ်။

ပုခက်လွှဲတေးသံလေးပါလား! (၁၈)နှစ်ဆိုတဲ့အချိန်က နောက်ပြန်စီးခဲ့သလို နားဝင်ချိုသိမ်မွေ့တဲ့ အမေ့တေးသံလေးထဲ
သူစီးမျောသွားခဲ့တယ်။ မျက်လုံးအိမ်ထဲ ပြည့်လျံလာတဲ့မျက်ရည်တွေ အပြင်ကိုစီးမကျခင် စောင်နဲ့သူဆွဲအုပ်လိုက်မိတယ်။ နောက်ဆုံးမှာ အမေ့အသံကို သူရှာတွေ့ခဲ့ပါတယ်.... ဟိုတစ်ချိန်တုန်းက သူ့ဘဝမှာ ပျောက်ကွယ်ခဲ့ပြီထင်တဲ့ အမေကို သူပြန်ရခဲ့ပါတယ်။

ဒါပေမယ့် ပျော်ရွှင်ချမ်းမြေ့တဲ့အချိန်တွေက တိုတောင်းလွန်းခဲ့တယ်။

အဲဒီနေ့မနက်(၇)နာရီမှာ အမေက ထမင်းဟင်းချက်ပြီး သူ့ကိုအိပ်ရာထဖို့ လာနှိုးတယ်။ မနက်(၈)နာရီမှာ သူအလုပ်သွားတော့ အမေက မြေးလေးနဲ့ဆော့ကစား ကျန်ရစ်ခဲ့တယ်။ (၁ဝ)နာရီမှာ ဆေးရုံကို အရေးတကြီး သူရောက်သွားခဲ့တယ်။ လူနာကုတင်ပေါ်မှာ လဲလျောင်းနေတဲ့အမေ စကားမပြောတတ်တော့ဘူး။ ရုတ်တရက် သွေးတိုးပြီး အမေလေဖြတ်ခဲ့တယ်။ မေ့မြောနေတဲ့အမေ့ ပါးပြင်တွန့်တွန့်တွေကို သူပွတ်သပ်ကြည့်နေမိတယ်။ သူ့မျက်ရည်တွေက အမေ့ကိုယ်၊ မျက်နှာပေါ် အဆက်မပြတ်စီးကျခဲ့တယ်။ အမေ့အသံကို သူကြားချင်လိုက်တာ... စူးရှသေးငယ်ပြီး ဆူဆဲတဲ့အသံပဲဖြစ်ဖြစ် သူကြားချင်နေမိတယ်။ ဒါပေမယ့် အမေ့အသံကို သူကြားခွင့်မရခဲ့တော့ဘူး။

နောက်တစ်နေ့ နေ့လယ်ခင်းမှာ မေ့မြောရာကနေ အမေတိတ်တိတ်လေး
ထွက်ခွါသွားခဲ့တယ်။

အမေဆုံးပြီးတစ်လအကြာမှာ အမေကျန်ရစ်တဲ့ပစ္စည်းတွေကို သူသိမ်းနေခဲ့တယ်။ သေတ္တာတစ်ခုထဲကနေ အိမ်နေစီးဖိနပ်နှစ်ရံကို သူတွေ့လိုက်တယ်။ ဖိနပ်က အဝါဖျော့ရောင်သိုးမွှေးနဲ့ ချုပ်ထားပြီး ဖိနပ်အောက်ခံကို အမေက ခပ်ထူထူလေး လုပ်ထားပေးတယ်။ အရင်က ဒီလိုဖိနပ်မျိုးကို သူ့အတွက် အမေလုပ်ပေးခဲ့ဖူးတယ်။ ဖိနပ်ကပျော့အိပြီး စီးလို့ကောင်းပေမယ့် လမ်းလျှောက်လိုက်ရင် ဖိနပ်အောက်ခံကြောင့် အသံအရမ်းမြည်လို့ တစ်ရက်နှစ်ရက်စီးပြီး တစ်နေရာမှာ သူပစ်ထားခဲ့မိတယ်။

အခုတော့ အဲဒီဖိနပ်ကို ကောက်ယူစီးပြီး တစ်အိမ်လုံးအနှံ့ သူလမ်းလျှောက်ကြည့်မိတယ်။ "တပ်.. တပ်.. တပ်"နဲ့ မြည်နေတဲ့ဖိနပ်သံကို သူအကျယ်ကြီး ကြားလိုက်ရတယ်။ ဖိနပ်သံတွေကြားမှာ သူငိုကြွေးမိပြန်တယ်။ ဒါဟာ သူ့အတွက် အမေထားခဲ့တဲ့ နောက်ဆုံးအသံလေးပဲဖြစ်တယ်။

မူရင်း--- http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Tuesday, March 16, 2010

ရှမ်းပြည်အလှ ဘန်နာလေးများ


ရောက်ခဲ့ဖူးတဲ့နေရာတွေမှာ ရိုက်ခဲ့တဲ့ဓာတ်ပုံတချို့က ထင်သလောက်မကောင်းခဲ့ဘူး။ လူတွေရဲ့အားနည်းချက်ကို လျစ်လျူရှူကြည့်တတ်ရင် လူတိုင်းက လူကောင်းဖြစ်တယ်ဆိုတဲ့အတိုင်း မလှတာလေးကိုဖြုတ်၊ ဖြတ်လိုက်တော့ လှတဲ့ရှုခင်းလေးဖြစ်သွားတယ်။ ရောက်ခဲ့ဖူးတဲ့ ရှမ်းပြည်နယ်နေရာတချို့က အမှတ်တရပုံလေးတွေပေါ့။ အလည်လာဖို့ ဖိတ်ခေါ်ပါတယ်...

နိုင်းနိုင်းစနေ

ပိုးစုန်းကြူး စကားလုံးများ


လက်ထဲက ကြယ်

လက္ခဏာကြည့်တတ်တဲ့ သူငယ်ချင်းတစ်ဦးက ပြောတယ်။

"ဘဝမှာ လူတိုင်း ကိုယ်ပိုင်ကြယ်တစ်လုံးစီ ရှိကြတယ်။ အဲဒီကြယ်က သူတို့ရဲ့ဦးတည်ရာကို လမ်းပြညွန်ကြားပေးနေတယ်။ လူအများစုရဲ့ကြယ်က ကောင်းကင်ပေါ်မှာရှိတယ်။ ကြယ်သွားရာနောက် သူတို့လိုက်ရွေ့ကြပြီး ကြယ်တွေနဲ့ သူတို့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ကြတယ်။ လူနည်းစုရဲ့ကြယ်က သူတို့ရဲ့လက်ဖဝါးပေါ်မှာရှိတယ်။ အဲဒီကြယ်ကို သူတို့ဆုပ်ကိုင်ထားပြီး ကိုယ့်ဦးတည်ရာကို သူတို့ကိုယ်တိုင်ရွေးခဲ့ကြတယ်"

ဒါပေမယ့် ကျွန်တော်တို့လက်ထဲမှာ ကြယ်တွေမရှိခဲ့လည်း ကိုယ်နဲ့ဆိုင်တဲ့ ကောင်းကင်ပေါ်ကကြယ်ကို ဇွဲလုံလပါတဲ့လက်တွေနဲ့ ကျွန်တော်တို့ ဆွတ်ယူခူးချပြီး ကိုယ့်ဦးတည်ရာကို ကိုယ်ပိုင်ဆုံးဖြတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။

အချိန်ဆိုတဲ့ သူခိုး

များသောအားဖြင့် မွန်ဂိုရီးယားလူမျိုးတွေက အသက်မမေးတတ်ကြဘူး။ "ဘယ်နှစ်ရာသီဖြတ်ခဲ့ပြီလဲ"ပဲ မေးတတ်ကြတယ်။ သဘောက နွေဦးရာသီကို ဘယ်နှစ်ကြိမ် ဖြတ်ကျော်ခဲ့တယ်ဆိုတာဖြစ်တယ်။ သူတို့နိုင်ငံမှာက ရာသီဥတုအပြောင်းအလဲက အရမ်းသိသာထင်ရှားတယ်။ နွေဦးရဲ့ ရွက်နု၊ နွေရာသီရဲ့ စိမ်းစိုမှု၊ မိုးရာသီရဲ့ အေးစက်မှု၊ ဆောင်းရာသီရဲ့ တိတ်ဆိတ်မှုတွေမှာ ရာသီအလိုက် သူ့မြင်ကွင်းနဲ့သူရှိကြတယ်။ အဲဒီထဲမှာ နွေဦးရာသီက လူကိုပိုနက်နဲတဲ့ ခံစားမှုတွေပေးတယ်။ ထိုင်ဝမ်လိုနေရာမျိုးကတော့ ရာသီဥတု အပြောင်းအလဲက သိပ်မသိသာခဲ့ဘူး။ ပျားပန်းခတ်လှုပ်ရှားနေရတဲ့ ဘဝထဲမှာ အပြောင်းအလဲသိပ်မရှိတဲ့ ရာသီဥတုကိုခံစားဖို့ ပိုခက်ခဲ့တယ်။ ပြက္ခဒိန်ပေါ်က နောက်ဆုံးစာရွက်ကို ဆုတ်ဖြဲဖြစ်မှ လူတွေက "အော်.. တစ်နှစ်ကုန်ပြန်ပြီ"ဆိုတဲ့ ခံစားချက်ကိုရတယ်။

ရှေးကဗျာတစ်ပုဒ်မှာ "အချိန်တွေ တိတ်တိတ်လေး ခိုးလဲနေတယ်"တဲ့။ တင်ပြပုံ အရမ်းကောင်းပါတယ်။ အချိန်ဆိုတဲ့လက်က နေ့ရက်တွေကို တိတ်တိတ်လေး ခိုးလဲနေတယ်။ ကျွန်တော်တို့ခေါင်းပေါ်က ဆံပင်မည်းတွေကို ဆံပင်ဖြူနဲ့ ခိုးလဲနေတယ်။ သန်မာတာကို အိုမင်းတာနဲ့ ခိုးလဲနေတယ်။ သွက်လက်တာကို နှေးကွေးတာနဲ့ ခိုးလဲနေတယ်။ ပိုဆိုးတာက ကျွန်တော်တို့ရဲ့ဘဝကို သေဆုံးတာနဲ့ ခိုးလဲနေခဲ့တယ်။ ဒီလိုတွေးမိပြီးနောက် ပြောင်းလဲနေတဲ့ နာရီ၊ မိနစ်၊ စက္ကန့်တွေတိုင်းမှာ ကျွန်တော်တို့ဘာကြောင့် မနှိုးကြားနိုင်သလဲလို့ တွေးမိခဲ့ပြန်တယ်။

အချိန်ဆိုတဲ့ ဓာတ်လှေကား

အချိန်က ဓာတ်လှေကားဆိုရင် ကျွန်တော်တို့က ဓာတ်လှေကားစီးသူတွေဖြစ်မယ်။ ဓာတ်လှေကားစီးချိန် ဓာတ်လှေကား လှုပ်နေမှန်းသိတယ်။ ကိုယ်တိုင်လည်း လှုပ်တာကို ခံစားရတယ်။ ဓာတ်လှေကားတံခါးဖွင့်တာနဲ့ တစ်ခြား ပတ်ဝန်းကျင်သစ်တစ်ခုကို ကျွန်တော်တို့ ရောက်သွားတယ်။ ဒီပတ်ဝန်းကျင်က တိတ်ဆိတ်တဲ့ပတ်ဝန်းကျင် ဖြစ်နိုင်သလို၊ ဆူညံတဲ့ ပတ်ဝန်းကျင်လည်းဖြစ်နိုင်တယ်။ ကျွန်တော်တို့ကို ထူးဆန်းအံ့သြစေတဲ့ နေရာလည်းဖြစ်နိုင်တယ်။ အချိန်ဆိုတဲ့ ဓာတ်လှေကားရွေ့လျားမှုကြောင့် ကျွန်တော်တို့မျက်စိရှေ့မှာ ဘာဖြစ်လာနိုင်မယ်ဆိုတာကို ကျွန်တော်တို့ ကြိုတင်တွက်ဆလို့ မရခဲ့ဘူး။

ငါး

တကယ်လို့ လောကကြီးက မြစ်တစ်စင်းဆိုရင် ကျွန်တော်တို့က အဲဒီမြစ်ထဲက ငါးတွေပဲဖြစ်မယ်။ ဒီမြစ်ထဲကနေ ခုန်မထွက်နိုင်ခဲ့သည့်တိုင် မြစ်ကိုဆန်လိုက်စုန်လိုက်နဲ့ ကျွန်တော်တို့ကူးခတ်နေခဲ့တယ်။ ကျွန်တော်တို့မှာ စိတ်ပျက်ဝမ်းနည်းဖို့ အချိန်တွေ မရှိခဲ့ဘူး။ စိတ်ပျက်ဝမ်းနည်းတာတွေ မေ့လိုက်ချိန်ပဲရှိခဲ့တယ်။

တကယ်လို့ နောင်ဖြစ်လာနိုင်တာတွေကို မမွေးခင်ကတည်းက ကျွန်တော်တို့ကြိုသိနိုင်ခဲ့ရင် ဒီလောကထဲ ကျွန်တော်တို့ရောက်လာရဲခဲ့ကြမယ် မထင်ဘူး။ ရောက်လာပြီဆိုမှတော့ ဖြစ်ပျက်သမျှကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ပဲ ရှိခဲ့တယ်။

သမ္မတ Franklin က "လူတွေက ဘဝအတွက် မွေးခဲ့တာမဟုတ်ဘူး။ မွေးခဲ့လို့ ဘဝဆိုတာရှိလာတာ" လို့ပြောခဲ့တယ်။ Gothicက "လောကကြီးထဲ ကျွန်တော်တို့ ဝင်လာရဲရင် လောကဓံရဲ့ခါးတီးမှုတွေကိုလည်း ကျွန်တော်တို့ခံရဲရမယ်" လို့ဆိုခဲ့တယ်။

စိတ်ကူးယဉ်တဲ့ ရှဥ့်

တိရစ္ဆာန်အရောင်းဆိုင်တွေမှာ ရှဥ့်တွေကို ကျွန်တော်တို့ မကြာခဏတွေ့ရတတ်တယ်။ လူတွေကရှဥ့်ကို လည်တတ်တဲ့လှောင်အိမ်ထဲ ထည့်ထားကြတယ်။ ရှဥ့်ပြေးတာနဲ့ လှောင်အိမ်က တစ်ပတ်ပြီးတစ်ပတ် လိုက်လည်တယ်။

အင်္ဂလန်က နာမည်ကြီး ဝေဖန်ရေးဆရာ John Ruskinက ဒီလိုအဖြစ်ကို "စိတ်ကူးအိပ်မက်" နဲ့ နှိုင်းယှဉ်ခဲ့တယ်။ "စိတ်ကူးအိပ်မက်ဆိုတာ ရှဥ့်တစ်ကောင်ပါ။ ကိုယ့်ကိုယ် မြေပြင်ပေါ်မှာ ပြေးနေတယ်အထင်နဲ့ လှောင်အိမ်အဝိုင်းထဲမှာ တစ်ပတ်ပြီးတစ်ပတ် ပျော်နေခဲ့တယ်" လို့ သူကဆိုခဲ့တယ်။

ရှဥ့်ကတစ်သက်လုံး ပြေးနေလည်း လှောင်အိမ်ထဲကနေ မလွတ်နိုင်ခဲ့ဘူး။ ဒါကြောင့် "စိတ်ကူးအိပ်မက်"ထဲမှာပဲ ကျွန်တော်တို့ ပျော်နေလို့မရဘူး။ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်အောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ဖို့ လိုလိမ့်မယ်။

***google booksထဲကတွေ့တဲ့ စာအုပ်တစ်အုပ်ထဲက(營窗小語選集) တချို့တလေကို ဘာသာပြန်ထားတာလေးပါ။ မူရင်းရေးသားသူက ထိုင်ဝမ်နာမည်ကြီး စာရေးဆရာ Liu Yong ဖြစ်ပါတယ်။ စာရေးဆရာက သူ့စာအုပ်နာမည်နဲ့ ပတ်သက်ပြီး ပြောထားတာက "ဒီစာတိုလေးတွေကို တီဗီအစီအစဉ်တစ်ခုမှာ ထုတ်လွှင့်ဖို့ရေးခဲ့ပြီး မိတ်ဆွေတွေ တိုက်တွန်းတာကြောင့် စာအုပ်ထုတ်ဖြစ်ခဲ့တဲ့အကြောင်း၊ ညနက်ချိန် ပြတင်းပေါက်နားမှာ ရေးခဲ့တာကြောင့် 營窗小語လို့ ပေးခဲ့ကြောင်း၊ ထင်မှတ်မထားတဲ့ ဒီပိုးစုန်းကြူးလေးလို့ စာအုပ်လေးက လူအများကြိုက်နှစ်သက်တာကို ခံခဲ့ရကြောင်း၊ (၁၇)နှစ်အတွင်းမှာ ဒီလိုစာအုပ်မျိုး(၇)အုပ် ရေးသားခဲ့ကြောင်း အမှာစာမှာရေးထားပါတယ်။

ညအချိန် ပြတင်းပေါက်ဘေးမှာရေးခဲ့တဲ့ သူ့စာအုပ်က ကျွန်မတို့ရဲ့အသိဥာဏ်ပြတင်းပေါက်ကို ဆွဲဖွင့်ပေးပြီး စာအုပ်ထဲက အလင်းရောင်နဲ့ ထွန်းညှိလိုက်သလိုပါပဲ။ ပိုးစုန်းကြူးလေးဆိုပေမယ့် ကျွန်မတို့ရဲ့ မှောင်မိုက်တဲ့ဘဝကို အသိတချို့နဲ့ လင်းလက်စေခဲ့ပါတယ်။ ကျွန်မလည်း တချို့တလေကိုဖတ်ကြည့်ပြီး နားလည်သလို ရေးလိုက်ပါတယ်။ ဖတ်ပြီး နားမလည်ခဲ့ရင် ဆောရီးနော်...း)

နိုင်းနိုင်းစနေ