Sunday, December 31, 2006

နေ ရစ် ခဲ့ ပါ တော့ . . . .

(၁၂)နာရီအတိမှာ ထွက်မဲ့
အချိန်ရထားကို စီးနင်းလို့
ငါခရီးတထောက် ထွက်ရပြန်ပြီပေါ့
လက်ပြလို့ မင်းနေရစ်ခဲ့တော့ ၂၀၀၆ ရေ.....

ပေးဆပ်မှုသက်သက်နဲ့
မင်းရင်ခွင်မှာ (ငါ့ကို) ထွေးပွေ့ထားတာ
၁၂လ ရာသီသာ ကြာသွားတယ်
ငါ့ဖက်က (ကောင်းတဲ့) တုန့်ပြန်မှု မပေးခဲ့မိဘူး....

သူငယ်ချင်းကောင်းတွေ
မင်း ငါ့ဆီကို ခေါ်လာတယ်
အမှတ်တမဲ့နဲ့ တန်ဖိုးထားရမှန်း ငါမသိခဲ့ဘူး.....

အခွင့်ကောင်းတွေ
မင်း ငါ့ဆီကို သယ်လာတယ်
ခေါင်းငုံ ရှောင်လွှဲ ငါကျောခိုင်းလို့ နေခဲ့တယ်....

အချိန်ကို ငွေကြေးနဲ့
ရောနှော မွှေနောက်
ငါပျော်ပျော်ကြီး မျိုချခဲ့တယ်...

နောင်တ အလွမ်းတွေ တလှေကြီးနဲ့
ငါ ခရီးဆက်လို့ သွားရတော့မယ်....
မင်း....နေရစ်ခဲ့တော့ ၂၀၀၆ ရယ်
နေ ရစ် ခဲ့ ပါ တော့.......
ပြန်ဆုံဖို့ ဘယ်လိုမှ မဖြစ်နိုင်အောင်
ငါတို့ တတွေ ဝေးခဲ့ကြပြီလေ.....

နိုင်းနိုင်းစနေ


ကဗျာမပီ စာမမှီပါ...ရင်ထဲက ခံစားချက် သက်သက်မျှသာ. . . .
နှစ်သစ်မှာ ငြိမ်းချမ်းကြပါစေ. . .
ကံကောင်းသော ၂၀၀၇ ကို ပိုင်ဆိုင်ကြပါစေ...


Share/Bookmark

၃၁ရဲ့ ဒီဇင်ဘာ


မြို့ထဲ မရောက်တာကြာလို့ ဒီနေ့အလုပ်စောစော တောင်းဆင်းပြီး နင်နဲ့ငါ မြို့
ထဲရောက်ခဲ့တယ်နော် ဒီဇင်ဘာ......တရုတ်တန်းမှာ ၀ယ်စရာရှိတာ ၀ယ်ပြီး
လမ်းမကြီးအတိုင်း ငါတို့ လျောက်လာခဲ့ကြတယ်။ မနက် (၁၀း၃၀) နာရီ ဆို
ပေမယ့် မိုးရေနဲ့ မျက်နှာသစ်ထားတဲ့ မနက်ခင်းဟာ ပွင့်ချင် မပွင့်ချင်တဲ့ နေ
ရောင်အောက်မှာ အိပ်စုံမှုံဝါးပါပဲ။လူတွေ သိပ်မရှုပ်သေးတဲ့ လမ်းပေါ်မှာ ဒီတ
ခါ လမ်းလျောက်ရတာ အကောင်းသားလို့ ငါတွေးလိုက်မိတယ်။


ည(၁၂)နာရီအချိန် ဒီနေရာမှာ လာပြီးထိုင်တဲ့ အတွဲတွေ ညားတတ်ကြတယ်
ဆိုတဲ့ Piccadilly Circusနားက မြှားနတ်မောင် ရုပ်တုနားရောက်တော့ ပုံရိုက်
လိုက်သေးတယ်။ အတွဲတွေညားမညားတော့ မသိဘူး...ဒီည (၁၂)နာရီတိတိ
မှာ နင်ငါ့ကို ခွဲသွားတော့မယ်ဆိုတာ ငါသိနေတယ် ဒီဇင်ဘာ....


လမ်းမကြီးအတိုင်း ငါတို့နုတ်ဆိတ်ပြီး လျောက်လာခဲ့တာ တနေရာအရောက်
မှာ လူတွေ ဓာတ်ပုံရိုက်နေတာတွေ့လို့ ငါလဲ ပုံတချို့ရိုက်ခဲ့တယ်။ ဖဲချပ်တွေနဲ့
အရုပ်ကို အင်္ကျီဝတ်ပေးထားတယ်။ ဘာအဓိပါယ်မှန်း မသိပေမယ့် အရုပ်ဘေး
မှာ သူတို့ရောင်းချင်တဲ့ ပစ္စည်းတွေ ချထားတာကို ကြည့်ပြီး ဒါလဲ ဆွဲဆောင်မှု
ရှိအောင် လုပ်တာပဲလို့ တွေးလိုက်မိတယ်။


ဒီဇင်ဘာရေ...နင့်ရဲ့ နောက်ဆုံးဂုဏ်ပြုပွဲ ခရစ္စမတ်ပြီးသွားပြီဆိုပေမဲ့ မြို့ထဲမှာ
တော့ ခရစ္စမတ် အနံ့အသက်က ကျန်နေဆဲပါပဲ။


တနေရာအရောက် လမ်းဘေးမှာ အိပ်နေကြတဲ့ အိမ်ယာမဲ့ သားအမိကိုတွေ့
လို့ နိုင်ငံကြီး တိုင်းပြည်မှာ ဒါမျိုးတွေလဲ ရှိတတ်သေးတယ်နော်လို့ ငါပြော
တော့ နင်ရယ်နေခဲ့တယ်။ ဒီလိုပါပဲ ဒီဇင်ဘာရယ်...နှစ်တွေသာ ပြောင်းသွား
တယ်...ငြိမ်းချမ်းတဲ့ နေရာဆိုတာ ရှာလေရှားလေပါပဲ။



ဟိုကြည့်ဒီကြည့်နဲ့ ငါတို့ လမ်းလျောက်လာလိုက်တာ.....ဘူတာရုံနားတောင်
ရောက်လာပြီပဲ...ဂိတ်ဝအထိ နင်ငါ့ကို လိုက်ပို့ခဲ့တယ်။ ကျေးဇူးပါ ဒီဇင်ဘာ..
ဒီတနှစ်အတွက် ကျေးဇူးပါ.....ငါတို့တတွေ ဒီနေ့မှာပဲ ခွဲကြစို့....နောက်နှစ်မှာ
အလွမ်းတွေ တပွေ့တပိုက်နဲ့ နင်ပြန်အလာကို ငါ ကြိုနေပါ့မယ် ဒီဇင်ဘာ....

Share/Bookmark

Friday, December 29, 2006

ကြော်ငြာ (၃၂)

.
ဖိနပ်ကြိုး ချည်နည်းပြီးတော့ ဖိနပ်နဲ့ ပတ်သက်တဲ့ ကြော်ငြာလေး တင်လိုက်ပါတယ်။ ကြော်ငြာမ၀င်ခင် စကားလေး ရှည်ပါရစေ....

ဒီလိုပါ....မြန်မာမှာ နေတုန်းက ဘွတ်ဖိနပ်ကို ကျွန်မ အမြဲမစီးဖြစ်ဘူး။ ညုပ်ဖိနပ်၊ စွပ်ဖိနပ်တွေပဲ စီးဖြစ်တယ်။ ဘွတ်ဖိနပ် မစီးဖြစ်တော့ ခြေအိတ်ဆိုတာလဲ မစီးဖြစ်ဘူးပေါ့။ နိုင်ငံဂျားရောက်တော့ အေးတဲ့ ရာသီဥတုကြောင့် ဘွတ်ဖိနပ်ကို မစီးမဖြစ် စီးရတော့တယ်။ အလုပ်ထဲမှာလဲ ထိခိုက် ဒဏ်ရာ မဖြစ်အောင် (အပူ မလောင်အောင်၊ ပစည်းပြုတ်ကျရင် မထိခိုက်မိအောင်) မဖြစ်မနေ ၀တ်ရပါတယ်။ ဆောင်းဆိုရင် ၀တ်ရတာ အဆင်ပြေပေမဲ့ ပူလွန်းတဲ့ နွေရာသီမှာတော့ ငပိသိပ်သလိုပါပဲ။ စစီးကာစက ကျင့်သားမရလို့ ဆွဲချွတ် ပစ်ချင်တာ အမှန်ပဲ။ အဆောင်မှာနေရင်၊အပြင်သွားရင် မ၀တ်လို့ရပေမဲ့ အလုပ်ထဲမှာဆိုရင် ဘယ်လောက်ပူပူ ၀တ်ရတာပါပဲ။

တနေ့ဝတ် တနေ့လဲတဲ့ ခြေအိတ်တောင် အပူဒဏ်ကြောင့် နံဟောင်ဟောင်ရယ်။ လူပေါင်းစုံနေတဲ့ အဆောင်ဖြစ်တဲ့အတွက် နွေရာသီမှာ ဖိနပ်ထားတဲ့ နေရာဆိုရင် အနားတောင် မကပ်ချင်ခဲ့ပါဘူး။ လူအမျိုးမျိုး စရိုက်အဖုံဖုံဆိုတဲ့ အတွက်ကြောင့် တချို့လူတွေက ခြေအိတ်ကို တရက်တခါ မလဲဘဲ စီးတတ်ကြတယ်။ အဆောင်ပြန်ရောက်ရင် ၀တ်ပြီးသားခြေအိတ်ကို ဖိနပ်ထဲ ပြန်ထိုးထားခဲ့ တတ်ကြတယ်။ တနေ့ကုန်စီးထားတဲ့ အတွက် လေလုံတဲ့ ခြေအိတ်နဲ့ ဖိနပ်ပေါင်းပြီး ဘယ်လိုအနံ့မျိုး ထွက်မလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့ (လေကရှည်သွားတယ်...ဆောရီး)


ပုံမှာမြင်တဲ့ အတိုင်းပါပဲ.....နံစော်တဲ့ ဖိနပ်ရဲ့ အနံ့ကြောင့် အပင်တောင် သေသွားပါသတဲ့။ အဲလို စီးတတ်တဲ့ လူတွေအတွက် အဲဒီလို အနံ့တွေ ပျောက်ဖို့ ဆေးကြော်ငြာလေးပါ။


ဒီပုံကတော့ ကြည့်တာနဲ့ သိသာပါတယ်။ ဖိနပ်တိုက်ဆေး ကြော်ငြာလေးပါ။ တိုက်ဆေးကြောင့် ဖိနပ်ဟာ ပြောင်လက်နေပြီး နောက်ကြည့်မှန် အဖြင့်နဲ့တောင် အသုံးပြုနိုင်ကြောင်း....

Share/Bookmark

ဖိနပ်ကြိုး ချည်နည်းများ

.
ဖိနပ်ကြိုး ချည်နည်းကို အရင်က တခါတင်ဖူးပါတယ်။ အခုတခါ ဖိနပ်နဲ့ တွဲပြီး
ပြထားတဲ့အတွက် ထပ်တင်လိုက်ပါတယ်။
အဟောင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။






Share/Bookmark

Thursday, December 28, 2006

ကျွန်မနှင့် ဘာကား.......ညာကား

.
ကြော်ငြာရတာ ၀ါသနာပါလွန်းလို့ ကြော်ငြာပါရစေ... ပစ္စည်းကောင်းများကို သူငယ်ချင်းကောင်းများနဲ့ မျှဝေပါ ဆိုလို့ နေ့တောင် အကူးမခံဘဲ မျှဝေလိုက်ပါတယ်။

ကိုးရီးယားကား၊ ဂျပန်ကား၊ တရုတ်သိုင်းကားဆက် ကြည့်လိုသူများအတွက် အွန်လိုင်း တီဗွီလေးတခု မျှဝေလိုက်ပါတယ်။ အချစ်ကား၊ သရဲကား၊ ချကား၊ သိုင်းကား၊ ဟာသကား.... ဘာကား... ညာကား... အစုံပါပြီး တချို့ကားတွေမှာ အင်္ဂလိပ် စာတန်းထိုးတွေ ပါ ပါတယ်။ ရီဂျစ်စတာ အရင်လုပ်ပြီး ၀င်ကြည့်ရုံပါပဲ။ တောင်းလုပ်ကြည့်ချင်ရင်လဲ ရသလို တိုက်ရိုက်ကြည့်ရင်လဲ ရပါတယ်။ Winamp ပလေရာလေးတော့ လိုပါလိမ့်မယ်။ ဒါလဲ ဖရီးပါပဲ။ တရားဝင်တယ်လို့ပဲ ပြောပြော၊ တရားမ၀င်ဘူးလို့ပဲ ပြောပြော.. ကော်နက်ရှင်ကောင်းရင် ကြည့်ရတာ အဆင်ပြေနေတဲ့ အတွက်၊ ငွေကုန်ကြေးကျမရှိ အပြင်ကိုလဲ တကူးတက ထွက်ပြီး သွားကြည့်စရာ မလိုတဲ့ အတွက် ကျွန်မကတော့ ကြိုက်တယ်။ ညီမလေး မြန်မာပြည်က ယူလာတဲ့ ယိုစုံတွေစားလိုက်.ရုပ်ရှင်ကြည့်လိုက်နဲ့ ဇိမ်ကျနေတဲ့ ကျွန်မ နောက်လဖြေမဲ့ စာမေးပွဲကို ခဏ မေ့ထားလိုက်ပါတယ်။ ၀ါသနာတူ ရောင်းရင်းများ ဒီနေရာမှာ ၀င်ကြည့်ကြပါလေ.....

http://aznv.tv/en


Share/Bookmark

Puzzle ကစားရအောင်


မောက်စ်နဲ့ ကလစ်ပြီး ပုံတွေကို ဆက်လိုက်ရင် ရပ်နေတဲ့ ကျွန်မကို တွေ့ပါလိမ့်မယ်။
မူးမလဲသွားပါနဲ့... :D
ကိုယ့်ပုံနဲ့ ကစားချင်သူများ ဒီမှာ ၀င်ကစား နိုင်ပါတယ်။
အစိတ်အပိုင်း သေးရင်သေးသလို loading time ဟာ ကြာနေပါလိမ့်မယ်။
http://www.flash-gear.com/npuz

Share/Bookmark

Wednesday, December 27, 2006

လူ.......လူ........လူ

.
တစ်ခါက လူတစ်ဦးသည် ဘုရားသခင်အား ဤသို့ မေးလေ၏။ “လူတွေဆီက ဘုရားသခင် တွေ့မြင်ရတဲ့ ထူးဆန်း အံ့သြမှုကို ပြောပြနိုင်မလား”
ဘုရားသခင်...“ လူတွေဆီက တွေ့မြင်ရတဲ့ ထူးဆန်းမှုက ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ဟာ ကလေးဘ၀ကို ငြီးငွေ့ပြီး မြန်မြန် ကြီးပြင်းချင်ကြတယ်။ ကြီးပြင်းလာကြတော့ အပြစ်ကင်းတဲ့ ကလေးဘ၀ကို တဖန် ပြန်ရောက်ချင်ကြတယ်။ ကိုယ်ရဲ့ ကျန်းမာရေးကို စတေးပြီး ငွေကြေးနဲ့ သူတို့ လှဲလှယ်ကြတယ်။ တဖန် ငွေကြေးကို စတေးပြီး ကျန်းမာရေးကို ပြန်လှဲလှယ်ကြတယ်။ မမြင်ရတဲ့ အနာဂတ်အတွက် သူတို့ဟာ အမြဲပူပန်နေတတ်ပြီး လက်ရှိ ပစ္စုပန်ကို မေ့နေတတ်တယ်။ အဲဒီတော့ သူတို့ဟာ ပစ္စ္စုပန်မှာ မရှင်သန်သလို အနာဂတ် အတွက်လည်း မရှင်သန်တော့ဘူး။ ရပ်နေတဲ့ အချိန်မှာ သူတို့ဟာ ဘယ်တော့မှ လဲမကျတော့ဘူးလို့ ထင်ပြီး လဲကျသွားတဲ့ အချိန်မှာတော့ သူတို့ဟာ ပြန်မထ တတ်တော့ဘူး။”

“ဘုရားသခင်ရဲ့ အတွေ့အကြုံနဲ့ လူတွေကို ဘာများပြောပြစရာ ရှိပါသလဲ” ထိုလူက ဆက်မေးလိုက်သည်။

“လူအများကို စိတ်နှလုံးချမ်းမြေ့အောင်၊ နှစ်သက်ပျော်ရွှင်အောင် ကိုယ်လုပ်မပေး နိုင်ဘူးဆိုတာ သူတို့ သိထားသင့်တယ်။ သူတို့ လုပ်ပေးနိုင်တာက ကိုယ့်ကို လူတွေနှစ်သက်လာဖို့ပဲ။ လူ့ဘ၀ရဲ့ အဖိုးတန်ဆုံး ဆိုတာ ဘာပစ္စည်းကို ပိုင်ဆိုင်လို့၊ ဘယ်သူ့ကို ပိုင်ဆိုင် လို့မဟုတ်ဘူး။ လူလူချင်း သင့်မြတ်နေဖို့ပဲ ဆိုတာ သူတို့သိထားသင့်တယ်။ ချမ်းသာတဲ့လူဆိုတာ ပိုင်ဆိုင်မှုများလို့ မဟုတ်ဘူး။ လိုအပ်မှု နည်းတာကိုပြောတယ် ဆိုတာ သူတို့သိထားသင့်တယ်။ အချိန် တစ်စက္ကန့်အတွင်းမှာ တစ်ပါးသူကို ထိခိုက်နာကျင်အောင် လုပ်နိုင်တယ်။ ဒါပေမယ့် အဲဒီ နာကျင်မှုကို ကုစားဖို့အတွက် အချိန်အများကြီး လိုအပ်တယ်ဆိုတာ သူတို့သိထားသင့်တယ်။ အရာရာကို ငွေကြေးနဲ့ဝယ်ယူလို့ ရနိုင်ပေမယ့် ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကိုတော့ ၀ယ်လို့ မရဘူးဆိုတာ သူတို့သိထားသင့်တယ်။ တစ်ပါးသူရဲ့ ခွင့်လွှတ်ခြင်းကို ခံယူရုံနဲ့ မလုံလောက်ဘူး ကိုယ်ကလဲ ခွင့်လွှတ်တတ်ရမယ် ဆိုတာ သူတို့သိထား သင့်တယ်။

နှင်းဆီပန်းတိုင်းမှာ ဆူးရှိသလိုပေါ့။ တစ်ယောက်နဲ့တစ်ယောက် စရိုက်မတူတော့ သည်းခံလို့ မရနိုင်တဲ့ အခါလည်း ရှိမယ်။ နှင်းဆီပန်းကို မြတ်နိုးရင် ဆူးစူး မခံရအောင်ဆိုပြီး ဆူးတွေကို ကြိုးစားပြီး မထွင်လိုက်ပါနဲ့ ဆူးစူးမခံရအောင် ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာကိုပဲ သင်ယူပါ။

Share/Bookmark

ဖြူဖြူကျော်သိန်း


ညီမလေး တယောက် ရွာက...အဲ မြန်မာပြည်က ပြန်လာတော့ ကျွန်မကြိုက်
တဲ့ ဖြူဖြူကျော်သိန်းရဲ့ “လုံးဝ မသက်ဆိုင်တော့ပါ” ဆိုတဲ့ အမ်တီဗွီ ၂ခွေပါခဲ့
တယ်။ သူငယ်ချင်း တယောက်ကလဲ တခွေ ထပ်ထည့်ပေးတော့ ဘမ်းခွေ ၂
ခွေနဲ့ အော်ရီဂျင်နယ် တခွေ ပေါင်း ၃ခွေ ဖြစ်သွားတယ်။ ချမ်းချမ်းနဲ့ အိပ်ယာ
ပေါ်မှာ ခွေပြီး ၃ခွေလုံး ကျွန်မ ကြည့်ဖြစ်လိုက်တယ်။ သူ့ကို စသိတာလဲ အဲဒီ
“လုံးဝ မသက်ဆိုင်တော့ပါ” ဆိုတဲ့ သီချင်းကြောင့်ပါပဲ။ သီချင်းဆိုရင်း ပေါင်
က ကားကားသွားတယ်...အမဲမ စတိုင်လ်တုတယ်...အမှုအရာ ပိုတယ်....လို့
ဖိုရမ်တွေမှာ သူ့ကို ဝေဖန်ထားတာတွေ ဖတ်ဖူးပါတယ်။

ရှမ်းကြိုက်ရင် နွားချောတယ်......ဆိုတဲ့ စကားအတိုင်း သီချင်းဆိုရင်း ပေါင်
ကားတတ်တဲ့ သူ့စတိုင်လ်နဲ့ သူ့အသံကို နှစ်သက်မိတာ အမှန်ပါပဲ။ တချို့နေ
ရာတွေမှာ အမှုအရာ ပိုနေမှန်း သိနေရင် ရုပ်ကို ပိတ်ပြီး အသံပဲ နားထောင်
လိုက်တော့လဲ အဆင်ပြေသွားတယ်။ ကြိုက်နေရင်တော့ သူဘာပဲလုပ်လုပ်
ကြည့်လို့ ကောင်းနေတာပဲ..မကြိုက်ရင်တော့ ဘယ်လိုပဲနေနေ အပြစ်ရှာပြီး
အဆိုးပြောကြမှာပဲလေ..ဒါဟာ လူ့သဘာဝပါနော်။ လူတကိုယ် အကြိုက်တ
မျိုးစီပေါ့။ ရုပ်ဆင်၊ နာမည်ဆင်ပြီး အသံပါခပ်ဆင်ဆင် တူနေကြတဲ့ အထဲ
မှာ အသံမာပြီး ချွဲချွဲနွဲ့နွဲ့ မဆိုတတ်တဲ့ ကိုယ်ပိုင် စတိုင်လ်ရှိတဲ့ သူ့ကို လူတွေ
ဘာပြောပြော အားပေးနေလျှက်ပါ။ You Tube မှာလဲ သူ့ရဲ့ အမ်ဗွီတွေကို
ရှာကြည့်နေဆဲပါပဲ။ ခွေတွေဝယ်လို့ မရတဲ့ အခက်အခဲကြောင့် သူ့ရဲ့ သီချင်း
တွေများရှိခဲ့ရင် ကျွန်မကို ပို့ပေးကြပါလို့.....ကျေးဇူးတင်ပါတယ်။

Share/Bookmark

Monday, December 25, 2006

ဆင်းရဲသားတွေ “ဘာ” လိုသလဲ

.
ဒီစာအုပ် ဒီပုံပြင်ကို ဖတ်ဖူး၊ ကြားဖူးသူတွေ ရှိကောင်းရှိလိမ့်မည်။ ဆင်းရဲတဲ့ လူတွေ“ဘာ” အလိုအပ်ဆုံးလဲ “ငွေကြေး”ဟု လူတိုင်း ဖြေမည်မှာ ဧကန်မလွဲပေ။ သို့သော်.. ကျွန်မ ဖတ်ဖူးသော ပုံပြင်လေး တစ်ပုဒ်ကို ဘာသာပြန် မျှဝေ လိုက်ပါသည်။

============

ပြင်သစ်နိုင်ငံတွင် Balaang ဟုခေါ်သော လူတစ်ဦးသည် ပုံတူ ပန်းချီကားများ ရောင်းဝယ်ခြင်းဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည်။ အချိန်(၁၀)နှစ် မတိုင်မီ ပြင်သစ်နိုင်ငံရှိ အချမ်းသာဆုံး စာရင်းဝင် လူ(၅၀)တွင် တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။ (၁၉၉၈)ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီ မိမိ၏ ခန္စာကိုယ်အား ဆေးရုံတွင် လှူဒါန်းခဲ့သည့် အပြင် ပြင်သစ်ငွေ ၁၀၀ မီလီယံကို ဆင်းရဲခြင်းဟုသော လျှို့ဝှက်တံခါးကို ဖွင့်နိုင်သူအား ဆုငွေအဖြင့် ပေးရန် ချန်ထားရစ်ခဲ့သည်။

သူကွယ်လွန်ပြီး မကြာမီ ပြင်သစ်နိုင်ငံရှိ သတင်းစာ တစ်စောင်တွင် သူရေးခဲ့သော သေတမ်းစာကို ထုတ်ပြန်ကြေညာခဲ့သည်။ သူ၏ သေတမ်းစာမှား

“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့ လူတစ်ယောက်ပါ။ ကွယ်လွန်တော့ သူဌေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကောင်းကင်ဘုံကို သွားရမယ့်လူပါ။ ကောင်းကင်ဘုံကို မ၀င်ခင် ကျွန်တော် ဘာကြောင့် သူဌေးဖြစ်ရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။ အဲဒီလျှို့ဝှက်ချက်ကို ပြင်သစ်ဗဟိုဘဏ်က ကျွန်တော်ရဲ့ မီးခံ သေတ္တာထဲမှာ သိမ်းဆည်း ထားပါတယ်။ အဲဒီ သေတ္တာရဲ့ သော့သုံးချောင်းကို ကျွန်တော်ရှေ့နေနဲ့ ကိုယ်စားလှယ်နှစ်ဦးဆီမှာ အပ်နှံထားခဲ့တယ်။ ဆင်းရဲသားတွေ ဘာလိုအပ်လို့ ဆင်းရဲရတာလဲ ဆိုတဲ့ အမေးကို ဖြေဆိုနိုင်သူကို ကျွန်တော် ကောင်းချီး ပေးချင်ပါတယ်။ ဖြေဆိုနိုင်တဲ့သူကို ကျွန်တော် အခေါင်းထဲကနေ ထပြီး လက်ခုပ်တီး ကောင်းချီး မပေးနိုင်ဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ မီးခံသေတ္တာထဲက ၁၀၀ မီလီယံကို ယူသွားခွင့် ရှိပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ ကောင်းချီးသြဘာပါပဲ။”


သေတမ်းစာကို ထုတ်ပြန်ကြေညာပြီးနောက် သတင်းစာတိုက်သို့ စာများ အဆက်မပြတ် ရောက်လာခဲ့သည်။ ဆင်းရဲသားများ ဘာ အလိုအပ်ဆုံးလဲ ဟုသော မေးခွန်းကို ဖြေဆိုသော အဖြေ စုစုပေါင်း (၄၈၅၆၁)ကို လက်ခံ ရရှိခဲ့သည်။ လူအများစုက ဆင်းရဲသားများ အလိုအပ်ဆုံးမှာ ငွေကြေးသို့မဟုတ်ကြီးပွား တိုးတက်အောင် လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် နည်းလို့ဟု ဖြေဆိုထားကြသည့် အပြင် တချို့က “အကူအညီ မဲ့လို့” ဆင်းရဲနေကြခြင်း ဖြစ်သည်ဟုလည်း ဖြေထားကြသည်။

သူကွယ်လွန်သော နှစ်ပတ်လည် နေ့တွင် မီးခံသေတ္တာကို သက်သေများရှေ့၌ ဖွင့်ခဲ့သည်။ စာပေါင်း (၄၈၅၆၁) စောင်ရှိသည့်အနက် Tiller မည်သော ကလေးမလေး၏ အဖြေမှာ သူ၏ လျှို့ဝှက်ချက်နှင့် ကိုက်ညီခဲ့သည်။ ထိုအဖြေမှာ “ဆင်းရဲသားများ ဆင်းရဲနေခြင်းမှာ ရည်မှန်းတောင့်တချက်၊ ချမ်းသာလိုသော အာသီသ (ambition) ကင်းမဲ့သောကြောင့် ဖြစ်သည်”။

၉နှစ်သာရှိသေးသော Tiller အား ဘာကြောင့် စိတ်ဆန္ဒ အာသီသဟု ဖြေဆိုခဲ့ပြီး တစ်ခြားအဖြေကို မဖြေခဲ့ရသလဲ ဟုမေးသော် သူမက “၁၁နှစ်အရွယ် ကျွန်မအစ်မဟာ သူ့ချစ်သူကို အိမ်ခေါ်ပြန်လာတိုင်း စိတ်ဆန္ဒ မရှိနဲ့လို့ အမြဲသတိ ပေးတတ်ပါတယ်။ ဒါကြောင့် စိတ်ဆန္ဒ ဆိုတာ ကိုယ်လိုချင်၊ ဖြစ်ချင်တဲ့ အရာကိုရအောင် လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တာပါ” ဟုပြန်ဖြေခဲ့သည်။

သူဌေး၏ လျှို့ဝှက်ချက်သည် ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်စသော နိုင်ငံကြီးများကို တုန်လှုပ်စေခဲ့သည်။ နောင်တွင် မင်းသား၊ မင်းသမီးများနှင့် စီးပွားရေးလောကတွင် ထိပ်တန်း ရောက်နေသူများကို ထိုလျှို့ဝှက်ချက် နှင့် ပတ်သက်ပြီး အင်တာဗျူး ကြရာတွင် စိတ်ဆန္ဒသည် ထာဝစဉ် တည်မြဲစေသော ဆေးတစ်ပါးဖြစ်၏။ ထူးခြား အောင်မြင်သော အရာဝတ္ထုတိုင်း၏ မျိုးစေ့ဖြစ်သည် ဟုဖြေဆိုခဲ့ကြသည်။

လူအများ ဆင်းရဲနေရခြင်းမှာ သူတို့တွင် တူညီသော အားနည်းချက် တစ်ခုရှိသောကြောင့် ဖြစ်သည်။ ထိုအားနည်းချက်မှာ တကယ့်ချမ်းသာလိုသော စိတ်ဆန္ဒ ကင်းမဲ့သောကြောင့် ဖြစ်သည်။

===========

ချမ်းသာသော သူများ၏ အိတ်ကပ်ထဲတွင် ဆင်းရဲသော သူများ၏ အိပ်မက်ကို အမြဲထည့်ထား တတ်ကြပါသလား.... သင်၏ မျှော်လင့်ချက်၊ သင်၏အိပ်မက်နှင့် ကြိုးစားလိုစိတ်ကို သင့်ထွေးပွေ့ ထားလျှင် လမ်းဆုံးကို မရောက်မချင်း သင်သည် ဆင်းရဲသောသူ မဖြစ်နိုင်...

ဆင်းရဲသား နောက်ဆက်တွဲ

အဲဒီပုံပြင်ကို ဖတ်ပြီး နောက်ဆက်တွဲ တွေးမိတာလေးတွေပါ။ ကြီးပွားလိုတဲ့ စိတ်ဆန္ဒ၊ ချမ်းသာလိုတဲ့ အာသီသ ဘယ်သူမရှိလဲ ဆိုတဲ့ ကပ်သပ်တဲ့ မေးခွန်းကို ကိုယ့်ကိုယ်တိုင် မေးကြည့်မိတယ်။ လူတိုင်း သူဌေးဖြစ်ချင်ကြ တာပဲ။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ မိမိလိုချင်တဲ့ ဆန္ဒကို အရောင်အမျိုးမျိုး ဆိုးခဲ့ကြတယ်။ တစ်ချို့အရာတွေဟာ စိတ်ဆန္ဒ မဟုတ်တော့ဘဲ လိုချင်တပ်မက်တဲ့ အတ္တဖြစ်သွားခဲ့တယ်။ ပုံပြင်ထဲက သူဌေးကြီးပြောချင်တဲ့ စိတ်ဆန္ဒဆိုတာ နေရာ တစ်နေရာ ရချင်လို့၊ တစ်ခုခုရယူချင်လို့ အာဏနဲ့ သိမ်းပိုက် လိုက်တာမျိုး မဟုတ်ဘဲ အမြင့်ကို တစ်ဆင့်ချင်း တစ်လှမ်းချင်း တဖြေးဖြေး ပြောင်းလဲ တိုးတက်သွားတဲ့ ကိုယ့်ရဲ့ အိပ်မက်တွေ သာဖြစ်တယ်။

ဆန္ဒနဲ့အိပ်မက် လူတိုင်းမှာ ရှိခဲ့ဖူးကြပါတယ်။ ကလေးလေး တစ်ယောက်ကို ကြီးလာရင် ဘာလုပ်မလဲလို့ သွားမေးကြည့်.. ၉၀%က ကြီးလာရင် ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေကြမှာပါပဲ။ ငယ်ငယ်တုန်းက ကိုယ်လဲ အဲဒီကလေးလို ဖြေကောင်း ဖြေခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် အချိန်ရဲ့ တိုက်စားခြင်းကို ခံခဲ့ရပြီးနောက် ကျရှုံးလိုက်၊ အဟန်အတားတွေနဲ့ မကြာခဏ ရင်ဆိုင်လာရတော့ ၀မ်းပိုက်ပြည့်ရင် ပြီးတာပဲလေ ဆိုတဲ့ ရောင့်ရဲမှုကို လက်ခံတတ်လာခဲ့တယ်။ အရင်က ဖြေခဲ့ဖူးတဲ့ မိမိ၏ ရည်မှန်းချက်၊ မိမိ၏ အိပ်မက်ဆိုတာကို အကောင်အထည်ဖော်ဖို့ မေ့လျော့လာခဲ့တယ်။

“နပ်မှန်အောင် စားနေရရင် ပြီးတာပဲ” ....“တနေ့ရှာမှ တနေ့စားရတာ” “အသက်ကြီးလာပြီ ဘာများ မက်နေစရာလိုတော့လဲ” ..“သေရင်လဲပါမသွားဘူး။ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေစရာမလိုဘူး” စတဲ့ စတဲ့ အသံကို ပတ်ဝန်းကျင်မှာ နေ့တိုင်း ကြားနေရတယ်။ ဗုဒ္စဘာသာ ပီပီ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရှိတာလေးနဲ့ ၀အောင်စားဆိုတဲ့ ရောင့်ရဲ တင်းတိမ်ခြင်းကို လက်ဝယ် ပိုက်လာခဲ့မိတယ်။ တကယ့်အောင်မြင်ချင်တဲ့ လူတွေကတော့ ရည်မှန်းချက်နဲ့ အိပ်မက်ကို ထွေးပွေ့လို့ တစ်လှမ်းချင်း ရှေ့ဆက်လှမ်းနေကြတယ်။

“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့ လူတစ်ယောက်ပါ။ ကျွန်တော်ဘာကြောင့် သူဌေးဖြစ်ရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။”
အဲဒီ သယ်မသွားချင်ဘူးဆိုတဲ့ သူ့ရဲ့ “စိတ်ဆန္ဒ” ဟာ အိပ်မောကျနေတာ ကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့ အိပ်မက်နဲ့ စိတ်ဆန္ဒကို ထပ်တဖန် လှုပ်နိုး နိုင်စွမ်း ရှိခဲ့မယ်ဆိုရင်..........

Share/Bookmark

Sunday, December 24, 2006

သို့. . . . မှ

.
အော်...မိန်းမ ဆိုတာကို ကျွန်မ တင်ပြီးနောက် မန္တလေးက သူငယ်ချင်း အဲမို
က သူ ခံစားထားသမျှလေးကို အခုလို ရေးပို့လာခဲ့ပါတယ်။ ဘယ်ကတည်းက
အခဲ မကျေထားသလဲတော့ မသိပါဘူး....သဘောကျလို့ မျှဝေလိုက်ပါတယ်။
ဖတ်ကြည့်ပြီး အားပေးလိုက်ကြပါဦးလို့...ဟား..ဟား....ကျေးဇူးပါ အဲမို......
(ခဲနဲ့ ၀ိုင်းပေါက်နေအုန်းမယ် ဟီး)
တစုံတခု မှားယွင်းခဲ့သော် တင်မိသော ကျွန်မနှင့် ရေးမိသော အဲမို သာလျှင်
အပြစ်ရှိပါကြောင်း....

လောကကြီးရဲ့ 
အဆိပ်ရှိသမျှတွေ ထဲမှာ
က္ကိုတ္တိယ မိန်းမတွေသာ အဆိပ်အပြင်းဆုံးလို့ ၊
ဝါးလုံးရှည်ကြီးနဲ့ လာမနှိပ်နဲ့ ။
အခု ကျွန်မရှင်းပြမဲ့ ဝေါဟာရတွေက
က္ကိုတ္တိယတို့ လုံခြုံ အောင် ၊
မျက်စိစုံ မှိတ်ပြီး ရှင်းပြရုံလေးတင် မဟုတ်ဘူး။

မိန်းမတွေကို .. သုံးစားမရအောင်
နီတိထဲမှာတောင်...
“ခပ်သိမ်းသောမြစ်တို့ သည်ကောက်ကွေ့၏၊”
“မိန်းမတို့သည်လည်း ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုမြဲတည်း”
“မိန်းမတို့သည် အစားစားရာ၌ ယောက်ကျားတို့ထက် ၂ ဆသာ၏”
“ကာမဂုဏ် အာရုံ၌ မက်မောရာ၌ ယောက်ျကားတို့ထက် ၈ ဆသာ၏”

မေတ္တာမဲ့တဲ့ ကတုံးကြီးနဲ့ ဦးပုညကြီးကလေ
“ယောက်ကျားတွေ မရုန်းသာအောင်၊
တဏှာဖြင့် ချုပ်တည်း၊ တွေ့ တိုင်းမရှောင်
လူကို ထောင်သည့် မညောင်စီး” တဲ့။

ရွှေဒုံး ဘီအောင်က ဆို
“မိန်းမဆိုသည် ဆောင်းလေပမာ တည်၊
အတွင်းသဘောမတည် ပြောင်းလဲတတ်သည်။”

ခုခေတ်...Repper တွေကတောင်
“ဂရုမစိုက်ဘူး လုံးဝကို ကြောက်သွားတယ်၊
မိန်းမဆို ပိုက်ဆံရှိမှ ကားလှလှရှိမှ HandPhoneမှ တဲ့။

မိန်းမတွေများ သိမ်ဖျင်းသေးနုတ်ချက်
ရုပ်ဝထ္ထုတွေကိုသာ မက်တဲ့
ဗလာ စက်တွေကျနေတာဘဲ။

မေတ္တာမဲ့ နှိပ်ကွပ်ရက် လိုက်တာ၊
မိန်းမ တစ်ယောက်ရဲ့  ရပ်တည်ချက်က
ဖိနပ်ကိစ္စ၊ စကပ်ကိစ္စ၊ ဟိုဒင်းဟိုဝါ ကိစ္စလောက်လေးနဲ့၊
လူဘ၀ ချောက်ကမ်းပါး မှာ
တစ်ထောက်နား ရုံလေး
တွေးတယ်ထင်နေရော့ သလား။

နဲနဲလေးလောက် စဉ်းစားပေးစမ်းပါ၊
မိန်းမတစ်ယောက်ရယ်လို့ ဖြစ်လာကတည်းက၊
ကာယဒုက္ခ၊ စိတ္တဒုက္ခ ပေါင်းများနဲ့
ရှင်တို့လို ပုရိဿကြီးတွေထက်
အဘက်ဘက်က ဖရိုဖရဲ ဖြစ်အောင်
နှိပ်စက်တတ်တာ ၊ အခွင့်အရေး မရတာ၊
ရှင်တို့လဲ သိသင့်သလောက် သိသားနဲ့ ။

ရှင်တို့တစ်တွေ အဆံမပါ ပစ်ခွင်းတဲ့
မိန်းမတွေ မုန်းတဲ့ ၊ ရ စရာမရှိတဲ့
အသေရေဖျက် ဒုံးကျည်လက်နက်ကို
ကျွန်မကလေ ..
အပြုံးအရယ်(ရီ)တောင် မပျက်ပါဘူး၊
နှလုံးရည်သက်သက်နဲ့
ပါးပါးလေးပါလို့
နေကို ပြဦးမယ်။

မိန်းမတစ်ယောက်ရဲ့ အနှစ်သာရဟာ
ကိုယ်ကျင့်တရားသာ အဓိကပါ။
သစ္စာသည်သာ ထာဝရပါ။
ဝင်္ကနဒီမြစ် ကျွန်မတို့ဆီ မစီးဆင်းစေရဘူး၊
ဦးပုည အပါအ၀င်
မေတ္တာမဲ့ အလကာင်္တွေလဲ
ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ နှလုံးသားကို
အိုးမည်းသုတ်လို့မရဘူး၊
စာနာမှု ၊ နားလည်မှုတွေနဲ့ ဖြည့်တင်းလို့
မေတ္တာ သက်သက်နဲ့ အမှောင့် ပရောဂကင်း၊
အချစ်ကို အချစ်လို့ ရှင်းရှင်းလင်း ၊
ဝန်ခံရဲ ရင်း ...
သစ္စာနဲ့ ချစ်တတ်ခြင်း ပြိုင်မယ်
ကဲ ရှင်ကြီး စိန်ခေါ်ရဲလို့လား ။

ဝန်ခံချက်။ ။ဆရာကြီး မောင်ခိုင်မာ၏ “၀င်္ကနဒီမြစ်” နှင့် ဆရာမကြီး ဒေါ်ခင်
နှင်းယု၏ “လောကကြီးက ဒိုင်နိုဆော ကျွန်မက ပုရွက်ဆိတ်တစ်ကောင်”တို့
ကို ခံစားပြီး ၊ ရေးထားခြင်း မျှသာဖြစ်ပါသည်။

မှတ်ချက်။ ။လောကကြီးမှာ ယောက်ျားရော မိန်းမပါ ကောင်းတဲ့မိန်းမ၊ ဆိုးတဲ့
မိန်းမဆိုပြီး၊ ဆိုးတဲ့ယောက်ျား ကောင်းတဲ့ယောက်ျားများရယ်လို့ သူ့ ၀ါသနာ
သူရှိပါတယ်။ မကောင်းတဲ့မိန်းမများနှင့် သင်ခန်းစာရပြီး လောကြီးမှာ ရှိသမျှ
မိန်းမတွေကို မျက်မှန်အမည်းကြီး တပ်ကြည့့််နေသော ပုရိဿ အစစ်တို့အား
အနည်းငယ်မျှ ကိုယ်ချင်းစာတရားလေး ရှိသွားရင်ကို ၊ ဤကဗျာ ရေးရ ကျိုး
နပ်ပါပေသည်ဟု....

အဲမို
(အိုင်တီ မန္တလေးတက္ကသိုလ် )

Share/Bookmark

ဓာတ်ပုံ (၁၅)

.
ဒီတပတ်ရဲ့ ဓာတ်ပုံအလှည့်မှာတော့ သူတို့ထွင်ထားတဲ့ မီးခြစ်ပုံကို တင်လိုက်
ပါတယ်။ မီးခြစ်ဟာ ယောက်ျားလေးတွေရဲ့ အကြိုက် အထူးသဖြင့် ဆေးလိပ်
သောက်တဲ့ သူတွေမှသာ ဆောင်လေ့ ရှိပါတယ်။ ဒါပေမယ့် ကျွန်မကတော့
တမျိုးထူးတယ်၊ ကန့်လန့်ဖြစ်တယ်လို့ ခေါ်မလား....တခြား မိန်းကလေးတွေ
လို အရုပ်လေးတွေကို မကြိုက်ပေမယ့် မီးခြစ် ဆန်းဆန်းလေးတွေ၊ ကီးချိန်း
မိုက်မိုက်လေးတွေ တွေ့ရင် ၀ယ်စုတတ်တဲ့ အကျင့်ဆိုးရှိတယ်။
ဆေးလိပ်သောက်တတ်တာလဲ မဟုတ်၊ သုံးဖြစ်တာလဲ မဟုတ်ဘဲ ဘာဖြစ်လို့
အဲအရာတွေကိုမှ ကြိုက်တတ်မှန်း၊ ၀ယ်စုတတ်မှန်း ကိုယ်ကိုယ်တိုင်လဲ မသိ
ဘူး။ ခုတော့ မ၀ယ်မိအောင် မနည်း ထိန်းထားရပါတယ်။ ဒီမှာက ဆန်းဆန်း
လေးတွေများတော့ အပြောင်းအရွေ့ ခက်နေမှာ စိုးလို့ပါး)။ ဘလော့ခ်မှာပဲ စု
ထားလိုက်ပါပြီ။






Share/Bookmark

Saturday, December 23, 2006

ကြော်ငြာ (၃၁)

.
ခရစ္စမတ်ဆိုတော့ ခရစ္စမတ်နဲ့ ကြော်ငြာထားတဲ့ ကြော်ငြာလေးတွေကို တင်လိုက်ပါတယ်။ ကုန်ပစ္စည်းတွေကို ဆွဲဆောင်မှု အပြည့်ရှိအောင် အချိန်အခါနဲ့ လိုက်ပြီး ကြော်ငြာတတ်တဲ့ သူတို့ရဲ့ အတွေးတွေကို အားကျမိပါတယ်။


Ben's တံဆိပ် ခြေအိတ် ကြော်ငြာပါ။ ခြေအိတ်ဟာ ကျုံ့နိုင် ဆန့်နိုင်ကြောင်း လက်ဆောင်စက်ဘီး တစီးလုံးတောင် ၀င်ဆန့်နိုင်ကြောင်းကို ပုံထဲမှာ free size လို့ ရေးထားခြင်းအားဖြင့် သိနိုင်ပါတယ်။


လျှပ်စစ်ပစ္စည်း အမျိုးမျိုးနဲ့ မီးဖိုချောင်းသုံး ပစ္စည်းတွေရောင်းတဲ့ Braun တံဆိပ် လေမှုတ်စက် ကြော်ငြာပါ။ အားကောင်းတဲ့ ပါဝါနဲ့ အရည်ပျော်အောင် မှုတ်ပစ်နိုင်ကြောင်း... ပုံက ချစ်စရာ ကောင်းနေပါတယ်။


မှုးရင် မမောင်းနဲ့ မောင်းရင် မမှုးနဲ့ ဆိုတဲ့အတိုင်း လက်ဆောင်လှည်း မှောက်သွားတဲ့ Santa Claus နဲ့ Heineken ကြော်ငြာလေးပါ။

Merry Christmas to all of my friends.
Best wishes from
NineNineSaNay


Share/Bookmark

Friday, December 22, 2006

အော်...... မိန်းမ


မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေနှင့် အလွန်အကျွံ သောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့ မည်ပုံ ပြန်ရောက်လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူထလိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက် တရွက်ကို ဖိထားသော ရေတခွက်နှင့် အကိုက်အခဲ ပျောက်ဆေး တချို့ကို တွေ့လိုက်သည်။ ဘေးဘီကို သူ ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူတိုက်ပြီးသား အသင့်ဝတ်ရန် အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့ က ခါတိုင်းနေ့တွေနှင့် မတူ.... သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေမိသည်။ ဆေးကို သောက်လိုက်ပြီး ရေခွက်အောက်က စာရွက်ကို သူယူကြည့်လိုက်သည်။ စာရွက်ပေါ်တွင်. . .

မောင်...
ခင် ဈေးသွားလိုက်ပြီ
မောင့် အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်...
မောင့်ရဲ့
ခင်

တခုခုတော့ တခုခုပဲ.. ညက မှုးမှုးနှင့် သူဘာတွေပြောမိ လုပ်မိလိုက်ပါလိမ့်.. လူမှန်းမသိ မူးနေတော့ သူ ဘာကိုမှ စဉ်းစားလို့ မရခဲ့။ မေးခွန်းပေါင်းများစွာနှင့် စားပွဲပေါ်က အုပ်ဆောင်းကို မ ကြည့်လိုက်သည်။ မနက်စာက အငွေ့ တထောင်းထောင်းနှင့် တကယ့် စားချင်စဖွယ်... ဘေးတွင် မနက်ပိုင်း သတင်းစာကို တင်ထားသေးသည်။ မနက်စာကို စားရန် သူထိုင်လိုက်စဉ် အခန်းထဲမှ သား ထွက်လာသည်ကို သူမြင်လိုက်တော့...

“သား...မနေ့ညက ဘာတွေ ဖြစ်သေးလဲ”
“အင်း.....မနေ့ညက ညဥ့်နက်မှ ဖေဖေမှုးပြီး ပြန်လာတယ်လေ.. အိမ်ရောက် တော့ မေမေကို အော်ငေါက်တယ်... နောက်ပြီး တွေ့ရာပစ္စည်းတွေကို ရိုက်ခွဲတယ်...”

သား၏ စကားကို သူကောင်းကောင်း သဘော မပေါက်နိုင်သေးဘဲ ထပ်မေးလိုက်မိသည်။

“ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ။ ရိုက်ခွဲထားတဲ့ အရာ တွေလဲ မတွေ့ပါလား.. ဒါကို သား မေမေက စိတ်မဆိုးတဲ့ အပြင် ဖေဖေအတွက် အင်္ကျီတွေ မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်”

“အော် အဲဒါလား...မနေ့ညက ဖေဖေမှုးပြီး ပြန်လာတော့.. မေမေက စိတ်ဆိုး တာပေါ့။ ဖေဖေ အော်ငေါက်နေတဲ့ ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲ ဆွဲခေါ်ပြီး အ၀တ်လဲမလို့ ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကို
တွန်းထုတ်ပြီး အော်လိုက်သေးတယ်”

“ဖေဖေ ဘယ်လို အော်လိုက်သေးတာလဲ...သား”

“ကလေးမ...သွား..ငါ့အနားမလာနဲ့ .. ဝေးဝေးသွား.. ငါ့မှာ အိမ်ထောင်ရှိတယ် တဲ့”

သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။ နောက် အငွေ့ တထောင်းထောင်း ထနေသော မနက်စာကို မြိုန်ရည်ယှက်ရည် သူစားလိုက်သည်။

နိုင်းနိုင်းစနေ

Share/Bookmark

Thursday, December 21, 2006

သူတို့ စကား

.
(၁)
တခါက လူတုံးလူအ တယောက်သည် ဈေးထဲတွင် လှည့်လည် ကျက်စားနေသည်။ လူများက သူ့အား နည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။ လူတွေ အမြဲစနောက်သော နည်းတခုမှာ လက်ဖ၀ါးပေါ်တွင် ၅ကျပ်တန်နှင့် ၁၀ကျပ်တန်ကိုတင်ပြီး သူ့အား ရွေးယူစေသောနည်းဖြစ်သည်။ သူသည် အမြဲတမ်း ၅ကျပ်တန်ကိုသာ ရွေးယူခဲ့သည်။ လူများက သူ့အား တုံးအသောသူ၊ စိတ်မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်က ပိုတန်ဖိုးရှိသည်ကို မသိသောသူဟု ထင်ပြီး ၀ိုင်းလှောင်ကြသည်။ ဈေးထဲသို့ သူ ဖြတ်သွားတိုင်း လူများက ထိုနည်းကို အသုံးပြုပြီး အမြဲ စနောက်ခဲ့ကြသည်။

တနေ့သော် အဘွားအိုတဦးက သိလိုစိတ်ဖြင့် မေးလိုက်မိသည်။

“နင် တကယ်ပဲ ငါးကျပ်နဲ့ ဆယ်ကျပ်ကို မခွဲတတ်ဘူးလား”

ထိုအခါ ထိုသူသည် ပြုံးလျှက် ..“တကယ်လို့ ကျွန်တော် တဆယ်တန်ကို ယူလိုက်ရင် နောက်တခါ သူတို့ ကျွန်တော့်ကို အဲလို စကြတော့မှာ မဟုတ်ဘူး”

လူပြိန်းတွေက ပိုက်ဆံပေးပြီး သင်ယူတယ်။ လူတော်တွေက အဲဒီလူပြိန်းရဲ့ ပိုက်ဆံနဲ့ ပြန်သင်ယူတယ်။ (ဘရာဇီး စကားပုံ)

(၂)
တခါက လူတဦးသည် သင်္ဘောဖြင့် အင်္ဂလန်သို့ ခရီးထွက်လေသည်။ လမ်းခရီး တနေရာရောက်သော် လေပြင်းမုန်တိုင်းနှင့် တိုးခဲ့သည်။လူအများက ကြောက်လန့်တကြား ပြေးလွှား နေကြသော်လည်း အဘွားအို တဦးမှာ တည်တည်ငြိမ်ငြိမ်နှင့် ဘုရားကိုသာ အာရုံပြုနေသည်ကို သူ တွေ့မိလေသည်။ မုန်တိုင်း ဆဲသောအခါ သူက အဘွားအိုအား မကြောက်ဘူးလား ဟု သွားရောက်မေးမြန်းခဲ့သည်။ အဘွားအိုက. . .

“အဘွားမှာ သမီး နှစ်ယောက်ရှိတယ်။ သမီးကြီးက ဘုရားသခင်ရဲ့ အလိုတော်အတိုင်း နတ်ပြည်ရောက်နေပါတယ်။ သမီးငယ်က အင်္ဂလန်မှာပါ။ လေပြင်းမုန်တိုင်းကျတုန်းက အဘွား ဆုတောင်းမိပါတယ်။ တကယ်လို့ အဘွားကို နတ်ပြည်ပို့မယ်ဆိုရင် သမီးကြီးကို အဘွား သွားကြည့်လို့ရပြီ။ တကယ်လို့ အသက်ရှင် ရက်ရှိမယ်ဆိုရင် သမီးငယ်ကို သွားကြည့်လို့ရပြီ။ ဘယ်ကိုသွားသွား အတူတူပဲမို့ အဘွားမကြောက်ခဲ့ပါဘူး”

ဘ၀ ဆုံးရှုံးသွားမှာကို မစိုးရိမ်ပါနဲ့.....ဘ၀ မစရသေးတာကိုပဲ စိုးရိမ်ပါ။
(ဒါရိုက်တာ Curtis Hanson)

(၃)
တခါက သေးငယ်သော ပန်းကလေးတပွင့်သည် သစ်ပင်ကြီး တပင်အောက်ရှိ အရိပ်၌ မှီခိုပြီး ပေါက်နေသည်။ သစ်ပင်ကြီးက သူ့အား မိုးဒဏ် လေဒဏ် ကာကွယ် ပေးထားသည်ဟု ဆိုပြီး ပန်းကလေးမှာ ပျော်ရွှင်နေခဲ့သည်။ တနေ့တွင် လူတစု ရောက်ရှိလာပြီး သစ်ပင်အား ခုတ်ယူသွားခဲ့သည်။ ပန်းကလေးမှာ ၀မ်းနည်းပြီး ငိုကြွေးလေသည်။ “ ဘယ်လိုလုပ်မလဲ င့ါကို အမြဲ အကာအကွယ်ပေးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး။ လေတွေ မိုးတွေက ငါ့ကိုလဲပြိုအောင် တိုက်ကြတော့မယ်”

သူ၏ငိုသံကိုကြားသော အနီးရှိ သစ်ပင်တပင်က.....
“အဲဒီလို မတွေးနဲ့လေ။ သစ်ပင်ရဲ့ အရိပ်မရှိတော့ နေရောင်ခြည်က ခင်ဗျားကို စောင့်ရှောက်လိမ့်မယ်။ နှင်းစက်တွေက ခင်ဗျားကို ရေဓာတ်တွေပေးလိမ့်မယ်။ ခင်ဗျားရဲ့ သေးငယ်တဲ့ ခန္စာကိုယ်ဟာ သူတို့ရဲ့ အကူအညီနဲ့ သန်မာလာလိမ့်မယ်။ ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ ပန်းတွေဝေပြီး နေရောင်ခြည်အောက်မှာ ခင်ဗျားဟာ ပိုလှနေလိမ့်မယ်။ လူတွေတွေ့ရင် ဒီပန်းကလေးဟာ လှလိုက်တာလို့ ချီးကျူးကြလိမ့်မယ်”

တိမ်ညိုတွေ မရှိခဲ့ရင်၊ မိုးသက်လေပြင်းတွေ မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ (. . . .)


Share/Bookmark

ဒီဆောင်း

.
ချမ်း၏။............ချမ်း၏။
လမ်းဆုံတွင်ရပ်ကာ အစွမ်းကုန် ဟစ်လိုက်ချင်သည်။
အောက်တိုဘာလတွင် မသိမသာနှင့် ၀င်လာသော ဒီဆောင်းက ခရစ္စမတ်နီး
သော် ထုထည်ကြီးမား လာ၏။ မိုးကိုပါ အဖော်ပြုကာ အတွင်းအားများကို အ
သုံးပြုပြီး အအေးဓာတ်များကို အသားကုန် ထုတ်လွှတ်နေ၏။ တဖန်“တော်နေ
ဒို” ဟုခေါ်သော လေပွေရိုင်းမလေးကို မိုးမင်းသားနှင့် နှစ်ပါးသွားစေပြီး မိုးကြိုး
ဆိုင်းကို တီးကာ ဖြေဖျော်သေး၏။ အခုတခါ မြူမှုန်များ ပက်ဖြန်းပြီး ပတ်ဝန်း
ကျင် တခွင်လုံးကို ဇာပုဝါ လွှမ်းခြုံစေပြန်သည်။


ကွေး၏။..........ကွေး၏။
ဆောင်း၏ အအေးဒဏ်ကြောင့် ဘယ်မှ မသွားချင် မလာချင် စောင်ထဲတွင်ပင်
ကွေး၍ နေချင်၏။ ကွေးလေ ချမ်းလေ၊ ချမ်းလေ ကွေးလေဖြစ်၏။ ချမ်းချမ်း
ကွေးကွေးနှင့် ဆွေးဆွေးနေ၍ကမဖြစ်။ ငါဝမ်းပူဆာ မနေသာသော် ခန္စာကိုယ်
အား ကောက်ညုင်းထုပ်လို အနွေးထည်များဖြင့် တင်းတင်းစည်းကာ အအေး
ဒဏ်ကို အန်တုရင်း ဆောင်းရင်ခွင်သို့ တိုးဝင်ရပြန်၏။
ပါးပြင်ပေါ်သို့ ကလူကျီစယ်နေသော နှင်းမှုန်၏ အရသာကို ခံယူရင်း အအေး
ဓာတ်နှင့် ပီပြင်နေသော ဒီဆောင်းကို ကျွန်မချစ်၏။

Share/Bookmark

Wednesday, December 20, 2006

စီးဆင်းခြင်း

စီးဆင်းကြတယ်
မတူညီတဲ့ အသွင်နဲ့
ငါတို့....စီးဆင်းနေကြတယ်။

တချို့က ကွေ့ကွေ့ကောက်ကောက်
တချို့က ညင်ညင်သာသာ အိနြေ္ဒနဲ့
တချို့က ကမ်းပါးကို ရိုက်ပုတ်ခတ်စား
တရုန်းသုန်းကား စီးဆင်းကြရဲ့။

တချို့က ရေဆန်ကို တက်ကြ
တချို့က ရေစုန်မှာ အလိုက်သင့် မျှောလို့
တချို့က ဘယ်မှ မစီးဘဲ
အိုင်ဖွဲ့ပြီး နေလိုက်ကြတယ်။

စီးဆင်းပုံခြင်း မတူတော့
ဦးတည်ရာလဲ ကွဲပြား
လားရာလည်း ခြားနားကြပြန်ပေါ့
တချို့က လယ်ကွင်းကို ကျော်ဖြတ်
တချို့က နေအိမ်ကို ကျူးကျော်
တချို့က အင်အားကြီးမားဖို့
ပင်လယ်ထဲကို စီးဝင်လို့။

ငါကရော.....
ဘယ်လို ပုံစံနဲ့
ဘယ်ကိုများ ဦးတည် စီးဆင်းနေသလဲ...

နိုင်းနိုင်းစနေ

Share/Bookmark

Tuesday, December 19, 2006

တွေးတွေးပြီး ရယ်

.
ဟာသရဲ့ အဓိပ္ပယ်ကို ကျွန်မ သေချာမသိပါဘူး။ တချို့က ဟာသတွေဟာ နယ်
နိမိတ် မကျော်ဘူးလို့ ဆိုကြတယ်။ တချို့ကလဲ ချက်အောက်ပိုင်းက အရာမပါ
ရင် ဟာသ မမြည်ဘူးလို့ ဆိုကြတယ်။ ဖတ်ဖူးတဲ့ ဟာသတွေကို မျှဝေလိုက်ပါ
တယ်။နယ်နိမိတ် ကျော်မကျော်၊ချက်အောက်ပိုင်း အရာမပါလဲ ဟာသမြှောက်
မမြှောက် ဖတ်ကြည့်ကြပါ။ ဘာပဲဖြစ်ဖြစ် ရယ်မောသူသည် အသက်ရှည်၏တဲ့..

နေရာ။ ။ စိတ္တဇဆေးရုံ

(၁) လူနာတယောက် စာရွက်တရွက်နဲ့ စာတွေလျောက်ရေးနေတာကို နပ်စ်က
တွေ့တော့ မသိမသာနဲ့ စောင်းငှဲ့ ကြည့်မိတယ်။ လူနာက ကွယ်ဝှက်ပြီး ပေးမ
ကြည့်လို့ နပ်စ်က မေးလိုက်တယ်။
နပ်စ်......“ ဘယ်သူ့အတွက် ရေးနေတာလဲ ”
လူနာ.....“ ကိုယ့်အတွက် ရေးနေတာ”
နပ်စ်......“ ကိုယ့်အတွက် ဟုတ်လား...ဘာတွေ ရေးနေတာလဲ”
လူနာ.....“ ရှုးနေလား...စာတောင် မပို့ရသေးဘူး.. ဘာရေးထားလဲ ငါဘယ်လို
လုပ်သိမလဲ”

(၂) လူနာတယောက်ဟာ ဆေးရုံထဲ ၀င်လာပါတယ်။
လူနာ.....“ ဆရာ...ဘယ်လိုလုပ်မလဲ....ကျွန်တော့်ကိုယ် ကျွန်တော် ကြက်တ
ကောင်လို့ ထင်နေတယ်”
ဆရာဝန်....“ဟာ...အခြေအနေ တော်တော်ဆိုးပါလား....ဘာဖြစ်လို့ စောစော
လာမကုတာလဲ”
လူနာ.....“အိမ်က လူတွေက ကျွန်တော် ဥ ဥမဲ့ နေ့အထိ စောင့်နေလို့ပါ”

(၃) လူနာတယောက်ဟာ ဆေးရုံထဲ ၀င်လာပါတယ်။
လူနာ.....“ ဆရာ ....ဘယ်လိုလုပ်မလဲ.... ကျွန်တော့်ကိုယ် ကျွန်တော် ငှက်တ
ကောင်လို့ ထင်နေတယ်”
ဆရာဝန်..“ဟာ..အခြေအနေ တော်တော်ဆိုးပါလား..ဘယ်ကတည်းက စထင်
တာလဲ”
လူနာ.....“ဟို..ကျွန်တော် ငှက်ပေါက်စ ဖြစ်ကတည်းကပါ”

(၄) ဆရာဝန်က လူနာတယောက်ကို စမ်းသပ် မေးမြန်းတာပါ။
ဆရာဝန်..“ခင်ဗျားရဲ့ နားတဖက်ကို ဖြတ်လိုက်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ”
လူနာ......“ကျွန်တော် မကြားရတော့ဘူးပေါ့”
ဆရာဝန်..“ အင်း....ဒါဟာ ပုံမှန်စိတ်ပဲ....နောက်နားတဖက်ကို ထပ်ဖြတ်လိုက်
မယ် ဆိုရင်ကော...”
လူနာ........“ ကျွန်တော် မမြင်ရတော့ဘူးပေါ့”
ဆရာဝန်....“ ဟာ...ဘာဖြစ်လို့လဲ”
လူနာ........“ ကျွန်တော့် မျက်မှန် ပြုတ်ကျသွားမှာပေါ့”

(၅) လူနာနှစ်ဦး ဆေးရုံကနေ ထွက်ပြေးလာပြီး သစ်ပင်တပင်ပေါ် တက်နေပါ
တယ်။ ခဏကြာတော့ လူနာတဦးဟာ သစ်ပင်ပေါ်က ခုန်ချပြီး နောက်လူနာတ
ဦးကို ခုန်ချဖို့ အချက်ပြလိုက်တယ်။ သစ်ပင်ပေါ်က လူနာပြန်ဖြေလိုက်တာက..
“ငါမမှည့်သေးဘူး...ငါခုန်ချလို့ မရသေးဘူး” ဟူတည်း။

(၆) ဆေးရုံဝင်းထဲမှာ လူနာတဦးဟာ အင်္ကျီအမဲရောင်နဲ့ ထီးအမဲကို ဆောင်းပြီး
အမြဲတမ်း တံခါးဝရှေ့မှာ ထိုင်နေခဲ့တယ်။ ဆရာဝန်တဦးက.. သူ့ကို ကုသဖို့ရာ
သူ့ အခြေအနေကို အရင်သိရမယ် လို့စဉ်းစားမိပြီး အဲဒီလူနာ နည်းတူ အင်္ကျီမဲ
ထီးမဲနဲ့ လူနာဘေးမှာ နုတ်ဆိတ်လို့ အတူ လိုက်ထိုင်ခဲ့တယ်။ ဒီလိုနဲ့ တလအ
ကြာမှာ လူနာဟာ စကား စပြောလာခဲ့တယ်။ သူပြောလိုက်တဲ့ စကားက......
“ ခင်ဗျားလဲ ကျွန်တော့်လို မှိုပဲလား” ဟူတည်း။

Share/Bookmark

Monday, December 18, 2006

ကြော်ငြာ (၃၀)

.
ကြော်ငြာလေးတွေ ကြိုက်လို့ စုထားတာ အခု(၃၀) မြှောက်ခဲ့ပါပြီ။ အခု (၃၀)မြှောက်မှာ ချစ်စရာ အကောင်းဆုံးလို့ ထင်တဲ့ ပုံကို တင်လိုက်ပါတယ်။ ကြော်ငြာချစ်သူများ လက်ခုပ်တီးပြီး အားပေးကြပါ။ (ဟီး..ဘာမှ မဆိုင်ပါဘူး..တကယ်တော့ လူများဦးနှောက်နဲ့ ကိုယ်က အဌားကြွား လုပ်နေတာပါ။)


ဒီကြော်ငြာဟာ ဘာကြော်ငြာလဲဆိုတော့ ပုံထဲမှာ မြင်တဲ့ အတိုင်းပါပဲ။ မှန်ဆေးတဲ့ ဆေးရည် (glass cleaner) ကြော်ငြာလေးပါ။ မှန်ဟာ ဆေးရည်နဲ့ တိုက်ချွတ် ထားတဲ့အတွက် နဂို မှန် ရှိတယ်လို့တောင် မထင်ရအောင် တောက်ပြောင်နေလို့ ရွှေငါးကတောင် ၀င်တိုက် မိမှာစိုးလို့ ဟဲလ်မက်(helmet) ဆောင်းထားရပါတယ်။ ပုံက အရမ်း ချစ်စရာကောင်းနေတယ်။ အတွေးကလည်း ဘာ cleaner သုံးထားမှန်း မသိ တောက်ပြောင်လှပါပေတယ်။


Share/Bookmark

Sunday, December 17, 2006

ဓာတ်ပုံ (၁၄)

.











ဝိုင်ပုလင်းနဲ့ ထွင်ထားတဲ့ ရုပ်ပုံလေးတွေပါ.....

Share/Bookmark

Saturday, December 16, 2006

ကျွန်မ ဖတ်ဖို့ (၁)

.
(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နိုင်းရင် မဖြစ်စလောက်လေးပါ။

(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့ နိုင်းရင် မဖြစ်စလောက်လေးပါ။

(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။

(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။

(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်ရမယ်လို့ မပြောနိုင်ပါဘူး။

(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်းပါပဲ။

(၂၂) လူ့ဘ၀ရဲ့ အကြီးမားဆုံး အမှားဟာ “အမှားကိုများ လုပ်လိုက်မိပြီလား” လို့ အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။

(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။

(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး။

(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။
ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။

(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)

(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမှုရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး။

(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်းကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။

(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။

(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

နိုင်းနိုင်းစနေ



Share/Bookmark

Friday, December 15, 2006

ကျွန်မနှင့် ထို ထို စကား

.
တခါက ဗမာယောက်ျားတယောက်ဟာ အလုပ်က ပြန်လာပြီး မီးဖိုထဲမှာ
ဟင်းချက်နေတဲ့ သူ့မိန်းမ ရှမ်းမကို လှမ်းမေးလိုက်တယ်။ မိန်းမရေ ဘာ
ဟင်း ချက်သလဲပေါ့။ သူ လှမ်းမေးလိုက်တိုင်း မိန်းမ ဖြစ်သူက တခွန်းပဲ
ထပ်ထပ် ပြန်ဖြေတယ်။ ဒါနဲ့ သူလဲစိတ်တိုပြီး “ဟာ.....ဒီမိန်းမ ဘာဟင်း
ချက်လဲလို့ မေးတာကို မပြောဘူး..မပြောဘူး နဲ့လုပ်နေတယ်” ဆိုပြီး မီး
ဖိုထဲကို ဒေါနဲ့မောနဲ့ ၀င်သွားလိုက်မှ သူ့မိန်းမ ငှက်ပျောဖူးဟင်း ချက်နေ
တာကို တွေ့လိုက်တယ်။ ကြားဖူးနားဝ ပုံပြင်လေးပါ....

ဗမာစကားချင်း တူပေမယ့် တခါခါနေရပ်ဒေသကိုလိုက်ပြီး အခေါ်အဝေါ်
အပြောအဆိုနဲ့ အသံနေ အသံထားတွေက ကွဲပြားကြတယ်။ ဟိုး..အညာ
စကားနဲ့ ရှမ်းပြည်ဘက်က စကားတွေရဲ့ လေယူလေသိမ်း ကွဲပြားပုံက ပို
သိသာပါသေးတယ်။ ဗမာစကားရယ်လို့မှ မဟုတ်ပါဘူး..တခြားဘာသာ
စကားမှာလဲ တခါခါ ပြောတဲ့လူနဲ့ နားထောင်တဲ့လူကြားမှာ အဓိပ္ပယ်ကွဲ
လွဲတာတွေလဲ ရှိတတ်ပါသေးတယ်။

တခါက အတူနေတဲ့ ဆရာဝန်မက ကြာဆံဟင်းခါး ချက်စားပါတယ်။
ကျွန်မစားဖို့ လာပေးတော့ ကျွန်မတဇွန်းစားကြည့်ပြီး စကားတခွန်းပြော
လိုက်မိတယ်။ ဒါကို သူက နောက်တပန်းကန် လာချပေးပြီး...“၀အောင်
စား” လို့ပြောတယ်။ “ဒါတောင် မကုန်သေးဘူး... ဘာလို့ နောက်တပန်း
ကန် လာချပေးတာလဲ”လို့ ကျွန်မမေးတော့ “နင်ပဲ စားမလောက်ဘူးဆို”
တဲ့။ တကယ်တော့ ကျွန်မက အဲလိုအဓိပ္ပယ်နဲ့ ပြောလိုက်တာ မဟုတ်ပါ
ဘူး။ ဆားမလောက်ဘူး..လို့ပြောလိုက်တာပါ။ ဒါကိုသူက ကျွန်မ စားလို့
မလောက်ဘူး ထင်ခဲ့တာ။ နောက်ဆို အငန်ပေါ့တယ်လို့ ပြောလို့ ကျွန်မ
ကို သင်ပေးခဲ့တယ်။ ဒါပေမယ့် ဒါလဲ အကျင့်တခုပါပဲ......အခုချိန်အထိ
ကျွန်မက ဆားမလောက်ဆဲပါပဲ။

ဒီနေ့လဲ ဆံပင် သွားညုပ်မိပါတယ်။ ညုပ်ပေးတဲ့ တရုတ်မကို ဆံပင် နည်း
နည်းတိုမယ်လို့ ပြောလိုက်တယ်။ ကျွန်မပြောချင်တာက အဖျား ၁” ၂”
တိုရုံပါပဲ။ ဒါကို သူက ဘာအဓိပ္ပယ် ပေါက်သွားတယ် မသိပါဘူး။ သူ့ရဲ့
ကျွမ်းကျင်တဲ့ လက် ၁၀ချောင်းနဲ့ ကျွန်မခေါင်းပေါ်မှာ ဟိုပျံ ဒီခုန်နဲ့ ကပ်
ကျေးသိုင်းကွက်ကို စပါတော့တယ်။ ကျွန်မလဲ မျက်စိလေးမှေးပြီး ဇိမ်ခံ
နေလိုက်တာ ၂၅ မိနစ် ကြာတော့ လေမှုတ်မယ်တဲ့။ ကျွန်မ မျက်စိဖွင့်
ကြည့်လိုက်တော့....လား....လား... ပုခုံးကျော်ကျော် နဂိုဆံပင်က လေ
သိုင်းနဲ့ ကပ်ကျေး သိုင်းကွက် အောက်မှာ ပြားချပ်ချပ် ဖြစ်လို့။ နားရွက်
အောက်နားလေး အထိပဲ ကျန်တော့တယ်။ ပြန်ရှည်တတ်တဲ့ အမျိုးပဲ
လေ..ခေါင်းပေါ့ပြီး ခေါင်းလျော်ရည်ဖိုး သက်သာတာပေါ့လို့ပဲ ဖြေသိမ့်
လိုက်မိတယ်။ တရုတ်လို ပြောလိုက်မိလို့ တော်သေးတယ်..မတတ်တ
ခေါက်နဲ့ ဘိုလိုများ သွားပြောမိရင် အခုအချိန် ကျွန်မဂတုံးများ ဖြစ်နေ
ပြီလားမသိဘူး...... အာမီထော်ဖော်......

Share/Bookmark

Thursday, December 14, 2006

ရာဇ၀င်ထဲက အမျိုးသမီးများ

.
ဒီလထုတ် people E-zine ထဲကပါ..မြန်မာအမျိုးသမီး (၉)ဦး အကြောင်း
နဲ့ အခြား အမျိုးသမီးများ အကြောင်းပါ ပါတယ်။ ဖတ်ကြည့်ပါ..မှတ်သား
စရာလေးတွေပါ။ နောင်တချိန်မှာ မြန်မာအမျိုးသမီး (၉)ဦးထက်မက ရေး
သား ဖော်ပြနိုင်ကြပါစေ။

အပြည့်အစုံသို့

Share/Bookmark

နှစ်ကိုယ့် တစ်စိတ်

.
တခါက အဘိုး အဘွားအို နှစ်ဦးဟာ ဟမ်ဘာဂါဆိုင် ထဲဝင်ပြီး ဟမ်ဘာဂါ
တခု၊ အားလူးကြော်တထုပ်နဲ့ ကိုလာတဗူးမှာပြီး ဆိုင်ရဲ့ထောင့်တနေရာမှာ
သွားထိုင်နေတယ်။ဆိုင်ထဲမှာရှိတဲ့ လူငယ်တွေက သူတို့နှစ်ဦးကို ကြည့်ပြီး
တီးတိုးပြောဆို နေကြတယ်။
“အသက် ၈၀ကျော်တွေ ထင်တယ်နော်”
“အိမ်ထောင်သက် အနည်းဆုံးတော့ နှစ် ၅၀ ကျော်ပြီထင်တယ်”
“တယောက်လက်ကို တယောက်တွဲလို့ သူတို့ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ
နည်းမှာ မဟုတ်ဘူးနော်”

အဘိုးအိုက စားစရာတွေကို စားပွဲပေါ် တင်လိုက်ပြီး ဟမ်ဘာဂါနဲ့ အားလူး
ကြော်ကို အညီအမျှ ခွဲလိုက်တယ်။ နောက်ကိုလာတငုံ့ သောက်ပြီး အဘွား
အိုကို ကမ်းပေးလိုက်တယ်။ အဘွားအိုလဲ တငုံ့ သောက်လိုက်တယ်။ အဲဒီ
နောက်အဘိုးအိုက သူ့ဝေစုကို စစားလိုက်တယ်။ အဘွားအိုက သူ့ဝေစုကို
မစားသေးဘဲ အဘိုးအို စားနေတာကို ပြုံးပြီး ကြည့်နေတယ်။ အဘိုးအိုက
ကိုလာတငုံ့ သောက်ပြီး အဘွားအိုကို တငုံ့သောက်ခိုင်းပြန်တယ်။

ဒါကိုလူငယ်တယောက်က မကြည့်ရက်တော့ သူတို့နားသွားပြီး ဟမ်ဘာဂါ
နောက်တခု ၀ယ်ပြီး ဧည့်ခံပါရစေလို့ ပြောလိုက်တယ်။ အဘိုးအိုက လက်
ကာပြီး “မလိုဘူး..မလိုဘူး...ကျေးဇူးတင်ပါတယ်..အဘိုးတို့က အရာတခု
ကို နှစ်ယောက်အတူ မျှဝေတတ်လို့ပါ” လို့ ငြင်းလိုက်တယ်။ အဲဒီလိုနဲ့ အ
ဘွားအိုဟာ သူ့ဝေစုကို မစားသေးဘဲ အဘိုးအို စားနေတာကိုပဲ ငေးကြည့်
လိုက် ကိုလာတငုံ့ သောက်လိုက်နဲ့ နေခဲ့တယ်။

လူငယ်က သနားလို့ နောက်တခေါက် သွားပြောပြန်တယ်။ ဒီတခါ အဘွား
အိုက အဘိုးအို နည်းတူ ထပ်ငြင်းလိုက်ပြန်တယ်။ ဒါပေမယ့် အရာတခုကို
နှစ်ယောက်အတူ မျှဝေတယ်ဆိုပြီး အဘွားအိုက သူ့ဝေစုကို မစားဘဲ ဘာ
ဖြစ်လို့ အဘိုးအိုစားကိုပဲ ငေးကြည့်နေခဲ့ရတာလဲလို့ လူငယ်က သိချင်ဇော
နဲ့ မေးလိုက်တယ်။

အဘွားအိုက ခေါင်းကို မော့ပြီး လူငယ်ကို ကြည့်လိုက်တယ်။ အဲဒီနောက်
ညင်ညင် သာသာနဲ့ ပြန်ဖြေလိုက်တယ်။
“ အဘိုးဆီက သွားတုကို စောင့်နေလို့ပါ”း)

Share/Bookmark

Wednesday, December 13, 2006

ကျွန်မ ဖတ်ဖို့

.
(၁) “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။

(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။

(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။

(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့စေတယ်။

(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။

(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါတယ်။

(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့ တစ်ကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။

(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။

(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။

(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမားတယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။

(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။

(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။

(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။

(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။

(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှပိုတန်ဖိုး ထားတတ်တယ်။

ဦးနှောက် သံချေးမတက်အောင် ဟိုတစ ဒီတစ ဖတ်ဖူးတာတွေကို ဘာသာပြန် စုစည်းထားတာပါ။ ကျွန်မနဲ့ အတူ ဖတ်ချင်တယ်ဆိုရင် ထပ်တင်ပါ့မယ်။

နိုင်းနိုင်းစနေ



Share/Bookmark

Tuesday, December 12, 2006

ဆွဲခေါ်ပါ..မတွန်းပါနဲ့

.
တခါက ဆုပေးပွဲတခုမှာ ပထမရတဲ့ ကျောင်းသားကို ဆရာက စင်ပေါ်တက်
ဆုယူဖို့ ကြေညာတယ်။ ကျောင်းသားရဲ့ နာမည်ကို ၄.၅ ကြိမ်ခေါ်မှ ကျောင်း
သားတယောက်ဟာ နှေးနှေးကွေးကွေးနဲ့ စင်ပေါ်ကို တက်လာခဲ့တယ်။
“နာမည်ခေါ်နေတာ မကြားလိုက်ဘူးလား.. နေမကောင်းဘူးလား” လို့ ဆရာ
က စိုးရိမ်ပြီး မေးလိုက်တယ်။
“ကျွန်တော်ကြားပါတယ်... တခြားကျောင်းသားတွေ မကြားမှာ စိုးလို့ပါ” လို့
ပထမရဆုရတဲ့ ကျောင်းသားက ပြန်ဖြေခဲ့တယ်။

သူဆုရတာကို တခြားကျောင်းသားတွေ မသိမှာစိုးလို့ ပြောလိုက်တာ
မဟုတ်ပါဘူး။ အခြားကျောင်းသားတွေကိုလဲ သူ့လို ထူးချွန်အောင်၊
ပထမဆုရအောင် ပြောလိုက်တာပါ။ ပထမဆုရသူ စင်ပေါ်ကြွပါလို့
ကြေညာလိုက်တိုင်း သူ့တယောက်ထဲ ဆုတက်ယူရတာမျိုး မဟုတ်ဘဲ
ပထမဆုရသူ ကျောင်းသား အများနဲ့ အတူ ဆုတက်ယူစေချင်တဲ့ သူ့ရဲ့
ဆန္ဒပါ။


အဲဒီပုံပြင်နဲ့ ဆန့်ကျင်ဖက် ပုံပြင်တခု ပြောပြချင်ပါတယ်။
ညနေ အလုပ်ဆင်းပြန်တိုင်း ကျွန်မ အီးမေးလ်စစ်ရင်း ဂျီတော့ခ်ထဲ ၀င်တတ်
တယ်။ လာ+ထားတဲ့လူ တယောက်တွေ့လို့ ကျွန်မလဲ ပြန်+လိုက်ပါတယ်။+
လိုက်တယ်ဆိုရင်ပဲ အွန်လိုင်းမှာ ရှိနေတဲ့ ကိုယ်တော်ကတရစပ် မေးပါတော့
တယ်...ဘာညာကွိကွ....ပိစိပတ်စ။ ကျွန်မလဲ ထုံးစံအတိုင်း asl pls ပေါ့။ သူ
ဟာ MIRC Park က ဘာညာ ကွန်ပြူတာ စာမေးပွဲတွေ အောင်ထားတယ်ဆို
ပြီး ဘာတွေလဲ မသိဘူး တသီတတန်းကြီး ရေးပြတယ်။ ကျွန်မ အားကျမိပါ
တယ်။ ကျွန်မ မသိတာလေးတွေ မေးလို့ ရပြီပေါ့။ ဒါပေမယ့် သူက သူဟက်
ထားတာကို ကျွန်မကို ကော်ပီလုပ်လုပ်ပြတယ်။ ကျွန်မ ကွန်ပြူတာကိုလဲ ၀င်
ဟက်မယ်ပေါ့။ ကျွန်မဟာ သူရဲ့ပစ်မှတ် ဖြစ်လိမ့်မယ်ဆိုလား..ဘာလို့ ဘ၀မှာ
ဒီလိုခြိမ်းခြောက်တဲ့ ဟက်ကာတွေနဲ့ပဲ လာတိုးနေလဲမသိဘူး။ ကျွန်မလဲ လန့်
ပြီး ဒါဆိုသူဟက်ဖို့ ကျွန်မ အိုင်ပီလိပ်စာ ပေးသင့်သလားလို့ မေးလိုက်တယ်။
သူက ဖိုင်တခုပေးပြီး အဲဒီ EXE ဖိုင်ကို အင်စတော လိုက်ပါတဲ့။ အိုင်ပီလိပ်စာ
မလိုဘူးတဲ့....ကျွန်မ သိပ်အသွားမလား...

ကွန်ပြူတာနဲ့ ပတ်သက်လို့ ကျွန်မများများစားစား မသိပါဘူး။ဘလော့ခ်မယ်။
ဟိုရှာ ဒီရှာလုပ်မယ်။ ဒါပဲ သိပါတယ်။ ဒါတွေ သိလာရတာကလဲ အွန်လိုင်း
ပေါ်မှာ မသိတာကို ဟိုလူမေး ဒီလူမေးနဲ့သိခဲ့တာပါ။တချို့ကလဲ သေချာသင်
ပေးတယ်။ တချို့ကလဲ အချိန် မပေးနိုင်လို့ သဘောပေါက်ရုံ သင်ပေးတယ်။
အဲဒီလို ခြိမ်းခြောက်တာတော့ ဒါဟာ ဒုတိယအကြိမ် ကြုံဖူးရခြင်းပါ။

ပထမဆုရတာ၊ တော်တာကို တခြားလူ ကြားအောင် အော်ပေးပါ။
တခြားလူကိုလဲ ကိုယ့်လို့ တော်လာအောင်၊ ဆုရအောင် ဆွဲခေါ်ပေး
ပါ။ ဒါပေမယ့် ပညာသုံးပြီး ကိုယ့်ထက်ညံ့တဲ့ လူကို ချောက်ထဲ တွန်း
မချပါနဲ့လို့....

Share/Bookmark

Sunday, December 10, 2006

ဓာတ်ပုံ (၁၃)

.
ကြည်နူးစရာ အရမ်းကောင်းတဲ့ ပုံလေးတွေပါ..အိမ်ထောင်ကျပြီး တယောက်
နဲ့တယောက် ရန်ဖြစ် စိတ်ဆိုးခဲ့မိရင်တောင် ဒီပုံလေးတွေ ပြန်ကြည့်ပြီး ဒေါသ
တွေကို ပြေစေနိုင်မယ်လို့ ထင်ပါတယ်။ ကိုယ့်ပုံတွေကိုလဲ ဖိုတိုရှော့နဲ့ ကလိ
ချင်သူများ၊ ဓာတ်ပုံရိုက် ၀ါသနာပါသူများ၊ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေသူများ
အတွက် အိုင်ဒီယာကောင်းလေးကို မျှဝေလိုက်ပါတယ်။








Share/Bookmark

Saturday, December 09, 2006

ကြော်ငြာ (၂၉)

.

မုတ်ဆိတ်ရိတ်ဓား ကြော်ငြာတခုပါ။ မြန်မာပြည်လို ၀န်းကျင်မျိုးမှာ ကြော်ငြာရင် ပိုလိုက်ဖက်မယ်ထင်တယ်။


As soon as a black spot appears.လို့ ပုံအောက်မှာ ရေးထားပါတယ်။ မျက်ကပ်မှန်ဆေးတဲ့ ဆေးရည်တခုရဲ့ ကြော်ငြာပါ။ အဲဒီတံဆိပ်ကို သုံးရင်အမြင် ပိုကြည်လင်စေကြောင်း....

firefox နဲ့ကြည့်တော့ အပေါ်ပုံက မပေါ်ဘူး.. firefox သုံးတဲ့လူများ မြင်မမြင်ပြောပေးကြပါ...ဘာဖြစ်လို့ ဆိုတာလဲ ပြောပြကြပါ..ကျေးဇူး...

Share/Bookmark

အသိဥာဏ် + ကိုယ်ကျင့်တရား

.
တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။ လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို ပြောပြသွားခဲ့သည်။

“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကို သွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကို ရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ ၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲ လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့ လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင် မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက် ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မ၀ယ်ဘဲ စီးခဲ့တယ်။ ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။

အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။

အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီး အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။ ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး ကုမ္ပဏီ တစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို မေးခဲ့တယ်။

ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့ ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက် ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....
(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း ဖြစ်ပါတယ်။

အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ တုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို ရေးထားသေးတယ်....
“အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက် ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဥာဏ်က ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။”
အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ....

လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”
“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့က အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”


Share/Bookmark

Friday, December 08, 2006

ပုံပြင်ထဲက အသိ

.
(၁)
တစ်ခါက လူတဦးသည် မြစ်ဘေးတွင် ငါးမျှားလေသည်။ ငါးတစ်ကောင် မိတိုင်း အရင်ဆုံး တိုင်းထွာ ကြည့်ပြီး မိမိ လိုချင်သော အတိုင်းအတာထက် ကြီးမားနေပါက ငါးများကို မြစ်ထဲသို့ ပြန်လွတ်တတ်သည်။ အခြားငါးမျှားသူများ မြင်သော် ထူးဆန်းသဖြင့် သွားရောက်မေးမြန်း လေသည်။
“လူတိုင်းက ငါးကြီးကြီးရဖို့ မျှော်လင့်ကြတယ်။ ခင်ဗျားက ငါးကြီးရတိုင်း ပြန်လွတ်လိုက်တယ်။ ဘာဖြစ်လို့လဲ”
“ငါးကြီးရင် ကျွန်တော့်အိမ်က အိုးနဲ့ မဆန့်မှာစိုးလို့။ အိုးက ဒီကြိုး အတိုင်းအတာပဲ ရှိလို့ပါ”

လိုအပ်သလောက်...သုံးနိုင်သလောက်ပဲ ယူပါ...လောဘမကြီးပါနဲ့။

(၂)
တစ်ခါက ကျီးတစ်ကောင်သည် အရှေ့အရပ်သို့ ပျံသန်းရန် ထွက်ခွာလာခဲ့သည်။ လမ်းတွင် ခိုတစ်ကောင်နှင့် တွေ့ပြီး သစ်ပင်တစ်ပင်တွင် အတူ နားမိကြသည်။ ပင်ပန်းနေသော ကျီးကိုမြင်သော် ခိုက “အသင့်ကျီး အသင်ကြည့်ရသည်မှာ ခရီးဝေးက လာပုံရတယ်။ ဘယ်ကိုများ ပျံသန်းမလို့ပါလဲ” ဟုမေးလေသည်။
ကျီးက “အကျွန်ုပ်နေသော အရပ်ရှိ လူများက ကျွန်ုပ်၏အသံအား နားဝင်မချိုဟု ဆိုသောကြောင့် အခြားအရပ်သို့ ပြောင်းရွေ့ရန် ပျံသန်းနေခြင်း ဖြစ်ပါတယ်” ဟုဖြေလေသည်။ ထိုအခါ ခိုက “ အကယ်၍ သင့်အသံအား သင် မပြောင်းလဲခဲ့လျှင် အသင် ဘယ်ရောက်ရောက် လူတွေက ကြိုဆိုကြမှာ မဟုတ်ဘူး။ ပျံသန်းခြင်းဖြင့် သင့်အင်အား ကုန်ရုံသာဖြစ်မယ်” ဟု ပြောလိုက်သည်။

အကယ်၍ ပတ်ဝန်းကျင်ကို သင်မပြောင်းလဲနိုင်ခဲ့သော် ပြောင်းလဲနိုင်သော တစ်ခုတည်းသော အရာမှာ မိမိကိုယ်တိုင်ပင်ဖြစ်သည်။


Share/Bookmark

သူငယ်ချင်းမှ မွေးနေ့ကဗျာ


ဘာလိုလိုနဲ့ အချိန်တနှစ်ကုန်ပြီး အသက် တနှစ်ကြီးသွားပြန်ပါပြီ။ ဘ၀ဟာ မရေမ
ရာနဲ့ ဟိုမရောက် ဒီမရောက်ဖြစ်နေဆဲပါ။ မွေးနေ့ဆိုပြီး သတ်သတ်မှတ်မှတ်နဲ့ တ
ခါမှ မကျင်းပခဲ့ဖူးပေမယ့် ကိုယ်ပိုင်ဘလော့ခ်မှာတော့ သူငယ်ချင်းရဲ့ မွေးနေ့ကဗျာ
နဲ့ ကိတ်မုန့်အတုကိုတော့ တင်လိုက်မိပါတယ်။ ကျေးဇူးပါ ..သူငယ်ချင်း...

စနေ
သတိတရားလက်ကိုင်ထား
လူဆိုတာ ကြည်ဖြူတဲ့အခါ
အရာရာဟာ ကောင်းနေတတ်ပါတယ်---

လူဆိုတာ ငြူစူတဲ့အခါ
အပြစ်မရှိ အပြစ်ရှာ
မေတ္တာတွေ ကင်းကွာ
အရာရာဟာ ဆိုးနေတတ်ပါတယ်---

လူ့ဘ၀မှာ
အကောင်းရယ် အဆိုးရယ် အမြဲပဲ
တွေ့ကြုံနေရမှာ အသေအချာပါ---
လောကဓံတရားကို
လူသားတိုင်းငြင်းဆန်
တွန်းလှန်လို့မရပါ---

ဖြစ်ချိန်တန်ဖြစ်
ပျက်ချိန်တန်ပျက်
သင်္ခါရဆိုတဲ့ ဒီတရားက
မမြဲဘူးဆိုတာ ညွှန်ပြနေတာမို့

တစ်ချိန်မှာ သူဌေး
တစ်ချိန်မှာ ခွေး
တစ်ချိန်မှာ မင်း
တစ်ချိန်မှာ အဖျင်း
မတည်မြဲခြင်းတွေကြားမှာ
နင်လည်းမဟုတ်ငါလည်းမဟုတ်
နာမ်နှင့်ရုပ်အရှိတရားနှစ်ပါးမှာ
အားလုံးဟာ အပူရုပ်ကိုဟန်လုပ်နေတာပါ----

လောကဇာတ်ခုံ ဤလူ့ဘုံမှာ
ပျော်ချည်တစ်ခါ ပြုံးချည်တစ်လှည့်
ရွဲ့တဲ့အခါရွဲ့ တည့်တဲ့အခါတည့်----
ဘ၀ရထားမှာ
ဆင်းသူကဆင်း တက်သူကတက်နဲ့
တွေ့ကြကြုံကြ ဆုံကြကွဲကြ
ပူဆွေးမှုတွေလည်း အနမတဂ္ဂ
ငိုကြွေးမှုတွေလည်း ရေတွက်မရ----

ဒီလိုနဲ့အချိန်တွေရွေ့လျား
အိုခြင်းဆိုတဲ့ နယ်ထဲမှာ
မသိမသာ ချဉ်းကပ်လာလိုက်တာ
ဘ၀မှာ ဘာတွေ အနှစ်သာရ ရှိခဲ့ပြီလဲ----

ကုန်လွန်ခဲ့တဲ့ အချိန်တွေရယ်
ပြီးဆုံးခဲ့တဲ့ အရာတွေရယ်
ကျော်ဖြတ်ခဲ့တဲ့ အဆီးအတားတွေရယ်
အတိတ်တွေလည်း များခဲ့ပြီလေ------

မသိတသိနဲ့ရှေ့ဆက်
ဒီတစ်သက်အတွက်
ဘယ်နှစ်ရက် ကျန်သေးဆိုတာ
အခိုင်အမာရော သိလား-----

ဟုန်းကနဲထ ဟုတ်ကနဲငြိမ်း
တစ်စက္ကန့်အတွင်း ပြောင်းလဲခြင်းများစွာ
ဖြစ်သွားနိုင်တာမို့
အိုခြင်း နာခြင်း သေခြင်းတွေမဖြစ်ခင်
သတိတရား လက်ကိုင်ထားလို့
အတုအယောင်တွေ သိထား
အမှန်တရားကို ကြိုးစားရှာ
မလျော့သောဇွဲလုံ့လနဲ့
အသိ သတိ ပေါင်းစပ်ညှိလို့
ကျင့်သုံးကာ နေလိုက်ပါ သူငယ်ချင်း......
အပ္ပမာဒေန သမ္ပဒေထ----

နင့်ရဲ့ သူငယ်ချင်း “ညီ”

Share/Bookmark

Thursday, December 07, 2006

ကျွန်မ နှင့် မီးပုံးပျံ

.
ကျွန်မကို လူမျိုးစွဲ ရှိတယ်ပဲပြောပြော၊ ဒေသစွဲ ရှိတယ်ပဲပြောပြော တောင်ကြီး အကြောင်းဆိုရင် နေ့တောင်အကူး မခံနိုင်လောက်အောင် ကြွားချင်... အဲ ပြောချင်နေသူပါ။ တောင်ကြီးကဟေ့ ဆိုတာနဲ့ ရှည်ရှည်ဝေးဝေး စဉ်းစား မနေတော့ဘဲ ခင်ပစ်တတ်ကြပါတယ်။ ကျွန်မတင် မဟုတ်ပါဘူး။ တောင်ကြီးကလူတိုင်း ဒီလို ဖြစ်တတ်ပါတယ်။ လူမျိုးစွဲ၊ ဒေသစွဲ မဟုတ်ဘဲ အိမ်မှာ အတူနေတဲ့ မောင်နှမတွေ အပြင်မှာ လာတွေ့ကြတဲ့ ပုံစံမျိုးပါ။ တောင်ကြီးက လူတွေ စည်းလုံးကြောင်း ဟိုးအရင် မောင်မောင်သန်း ဆပ်ကပ် မီးရှို့ခံရတာကိုက ရာဇ၀င်လိုလို ပုံပြင်လိုလို သက်သေထူနေပါတယ်။ တခါက စတိတ်ရှိုး သွားကြည့်ဖူးတယ်။ တခြား အဆိုတော်တွေ တက်တော့ ဆင်းဆင်းဆိုပြီး အော်ကြတယ်။ စိုင်းထီးဆိုင်နဲ့ လေးဖြူဆိုရင် ငြိမ်နေကြပြန်ရော... ဒီလိုလုပ်တာ မကောင်းမှန်း သိပေမယ့် တောင်ကြီးကလူတွေ ဒေသစွဲ လူမျိုးစွဲ ရှိတယ်လို့ ပြောလိုက်ရင် လွန်မယ်မထင်ပါဘူး။ အောက်ပုံတွေက တန်ဆောင်တိုင်ပွဲက ပုံတွေပါ.. ဒီကနေ ကူးယူထားပါတယ်။ တခြားပုံတွေလဲ ရှိပါသေးတယ်။





တနှစ်ထက်တနှစ် အရည်အသွေးတွေနဲ့ အကောင်တွေ ပိုစုံလာပါတယ်။ ရှမ်းပြည်နယ်ရဲ့ အလံကို အကောင်တွေရဲ့ ကိုယ်ပေါ်မှာ တွေ့နိုင်ပါတယ်။


ဒါက မီးပုံးပျံ အပေါ်တက်နိုင်ဖို့ အရှို့ခံလိုက်ရမဲ့ မရှိမဖြစ် မီးစာပါ...



မီးပုံးပျံအောက်မှာ အလှချိတ်တဲ့ မီးတွေပါ..... ဖယောင်းတိုင်မီးခွက်နဲ့ လေထီးလေးတွေပါ။




အလှချိတ်မီးကို မီးပုံးပျံအောက်မှာ တွေ့နိုင်ပါတယ်။



ပဒေသာပင် လှည့်နေတာပါ။ သူတို့ရဲ့ ကိုယ်ပေါ်ကနေ ကျွန်မရဲ့ ကျောင်းနေတုန်း ဘ၀ကို ပြန်မြင်ယောင်မိ စေပါတယ်။

လှလှပပ တက်သွားတဲ့ မီးပုံးပျံတွေ၊ ထမ်းသွားတဲ့ ပဒေသာပင်တွေသာ ကျွန်မတို့ မြင်ကြရတာပါ။ အဲလို မီးပုံးပျံ အပေါ်ကိုတက်နိုင်ဖို့ သူတို့ ဘယ်လောက် အပင်ပန်း ခံခဲ့ရတယ်ဆိုတာ ကျွန်မတို့ မသိခဲ့ကြပါဘူး။ ကောင်းကင်ပေါ် မတက်ခင် မီးလောင်ခံခဲ့ရတဲ့ မီးပုံးပျံတွေ ဘယ်လောက်ရှိမလဲ....


Share/Bookmark