အပြင်မှာနေပြီး ကျွန်မလို မချက်အပြုတ် မကျွမ်းသူအတွက် ထမင်းတနပ်စား ရဖို့အရေးက တော်တော် ဦးနှောက်ခြောက်ရတယ်။ အနီးအနားမှာ အဆင်သင့်ချက်ပြီး ရောင်းတဲ့ ဆိုင်တွေမရှိရင် ပိုဆိုးပါတယ်။ ခေါက်ဆွဲပြုတ်နဲ့ နှစ်ပါးသွားရတာ ကြာတော့ ခေါက်ဆွဲဆိုတဲ့ အသံတောင် မကြားချင်တော့ပါဘူး။ အရင် ဆရာဝန်အမနဲ့ နေတုန်းက သူပဲ အဆင်သင့် ချက်ချက်ကျွေးခဲ့တယ်။ “ကျွေးချင်လွန်းလို့... လာစားစမ်းပါ မီးမီးရယ်” ဆိုတဲ့ စကားကို ထမင်းအရမ်းဆာတဲ့ အချိန်မှာ ကျွန်မလွမ်းမိပါတယ်။
ကျွန်မလို အဆီအအိမ့် မကြိုက်သူအတွက်၊ တခါတလေ သာမန်ဟင်းလေးတွေ စားချင်သူအတွက်၊ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် စားချင်သူအတွက် ကျွန်မသိတဲ့ ဟင်းနှစ်မျိုးကို ဖော်ပြလိုက်ပါတယ်။ အဲဒီဟင်းက ဂျပန်စားသောက်ဆိုင်မှာ (၃)နှစ် အလုပ်လုပ်ခဲ့တုန်းက တတ်ခဲ့တဲ့ ဟင်းပါ။ ဂျပန်သူဌေး သင်ပေးတဲ့အတွက် ဂျပန်စာလို့ပဲ ခေါ်လိုက်ပါတယ်။
ဒါကတော့ Wakame (ရေညှိ)ဟင်းရည်ပါ။ ဂျပန်စားသောက်ဆိုင်မှာ မိစောဟင်းရည်ပြီးရင် တွေ့ရတတ်တဲ့ ဟင်းရည်တမျိုးပါ။ ၀ကမဲ့အခြောက်ကို တရုတ်ဆိုင်တွေမှာ ၀ယ်လို့ ရတယ်။ လက်ဖက်ခြောက်နဲ့ ပုံစံတူပြီး နည်းနည်း ငန်ပါတယ်။ လုပ်နည်းကတော့ လွယ်လွန်းတယ်။ ၀ကမဲ့ကို ပန်းကန်းလုံးတခုထဲ ထည့်ပြီး ကြက်သွန်နီပင်ကို စောင်းစောင်းလေး လှီးထည့် (ကြက်သွန်ပင်ထည့်ရင် ပိုမွေးတယ်)၊ ဆားအနည်းငယ်၊ ဟင်းချိုမှုန့် ကြိုက်ရင် ဟင်းချိုမှုန့် နည်းနည်း (ဂျပန်တွေက ဟုန်တာရှီဆိုတဲ့ ငါးနဲ့လုပ်ထားတဲ့ အချိုမှုန့်ကို သုံးတယ်)၊ နမ်းဆီတစက် ထည့်၊ ရေနွေးဆူဆူ လောင်းထည့်ပြီးရင် အဆင်သင့်စားလို့ ရပါပြီ။ တရုတ်တွေရဲ့ စွန်တန်ဟင်းချို ပုံစံမျိုးပါ။ ဒါပေမယ့် ၀ကမဲ့ ဟင်းချိုက စွန်တန်ဟင်းလို မချဉ်ပါဘူး။ အနံ့မကြိုက်ရင် နည်းနည်းညှီစော်နံပါလိမ့်မယ်။ အဒေါ်ကတော့ ကြိုက်လွန်းလို့ ခေါက်ဆွဲပြုတ်ထဲတောင် ထည့်စားပါတယ်။ ၀ကမဲ့ကို ရေအေးနဲ့ ခဏစိမ်ပြီး သုပ်စားရင်လဲ ရသေးတယ်။ ရေညှိ စားရင် ဆံပင်သန်တယ်၊ နက်တယ်လို့ ပြောကြတယ်။ ဆံပင် နက်မနက်တော့ ကျွန်မ မသိဘူး။ ခက်ခက်ခဲခဲ လုပ်စရာမလို၊ အချိန်လဲ မကုန်တဲ့အတွက် ကျွန်မလူပျင်းကတော့ ကြိုက်ပါတယ်။
နောက်တမျိုးက ကင်းချီ ပါ။ ကိုးရီးယား ကင်းချီကတော့ နာမည်ကြီးပေါ့။ အခု ကျွန်မလုပ်တဲ့ ကင်းချီက ဂျပန်သူဌေးသင်ပြတဲ့ ကင်းချီဖြစ်တဲ့အတွက် ကိုးရီးယားနည်းနဲ့ တူချင်မှ တူလိမ့်မယ်။ အရင်ဆုံး မုန်ညှင်းဖြူကို နှစ်ခြမ်းခွဲပြီး နွမ်းသွားတဲ့အထိ ထား၊ နွမ်းသွားရင် ဆားနယ်ပြီး ခဏထား၊ ပြီးရင် ရေဆေးပြီး စစ်ထား(ရေသေချာစစ်ရပါမယ် မဟုတ်ရင် ချဉ်လွယ်ပြီး ပုပ်လွယ်ပါတယ်) အစာပလာတွေကတော့ ပန်းသီး၊ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း တွေကို ညှက်နေအောင်ကြိတ်၊ ငရုတ်သီးမှုန့်(ကင်းချီလုပ်တဲ့ ငရုတ်သီးမှုန့် သပ်သပ် ရှိတယ်။ ညက်ပြီး နီရဲနေတဲ့ ငရုတ်သီးမှုန့်ဆိုရင် လုပ်ထွက်လာတဲ့ ကင်းချီက အရောင် လှတယ်)၊ အရက် နည်းနည်း (သူဌေးကတော့ ဘီယာထည့်တယ်)၊ သကြား (ပျားရည်လဲ ထည့်လို့ရတယ်။ ပိုမွေးတာပေါ့) နောက် ဂျုးရွက်တွေကို အနေတော်ဖြတ်ထည့်ပြီး အစာပလာအားလုံးကို နယ်လိုက်။ ပြီးရင် ရေစစ်ထားတဲ့ မုန့်ညှင်းတွေကို တလွှာချင်း အစာတွေ ထည့်ပြီး ပုံးတခုထဲမှာ သိပ်ထားလိုက်တယ်။ ၃.၄ ရက်နေရင် စားလို့ ရပါပြီ။ ဒါကတော့ ဆိုင်အတွက် ရောင်းကုန်ပါ။ (သူဌေးလုပ်တဲ့ ကင်းချီထဲမှာတော့ ရေဘ၀ဲ ငန်ကျိကျိတွေကိုလဲ ကြိတ်ပြီး ထည့်ပါတယ်)။
ကျွန်မလုပ်တဲ့ အလွယ်ဆုံးနည်းက မုန်ညှင်းကို ဆားသိပ်၊ ရေဆေး၊ ရေစစ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ သကြားနဲ့ အရက် ထည့်လိုက်ရုံပါပဲ။ သွက်လက်မြန်ဆန် ပေါချောင်ကောင်းလေးပါ။ ကင်းချီ၊ ၀ကမဲ့ဟင်းရည်နဲ့ မိစောဟင်းရည်တွေကို ဂျပန်ကား၊ ကိုးရီးယားကားတွေရဲ့ အစားအသောက်ခန်းတွေမှာ တွေ့ဖူးပါလိမ့်မယ်။ မိစောဟင်းရည် ချက်ရတာလဲ လွယ်ပါတယ်။ မိစော အဆင်သင့် ၀ယ်ထားတာ မရှိလို့ နောက်များမှပဲ ရေးပါတော့မယ်။
ကျွန်မလုပ်တဲ့ အလွယ်ဆုံးနည်းက မုန်ညှင်းကို ဆားသိပ်၊ ရေဆေး၊ ရေစစ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ သကြားနဲ့ အရက် ထည့်လိုက်ရုံပါပဲ။ သွက်လက်မြန်ဆန် ပေါချောင်ကောင်းလေးပါ။ ကင်းချီ၊ ၀ကမဲ့ဟင်းရည်နဲ့ မိစောဟင်းရည်တွေကို ဂျပန်ကား၊ ကိုးရီးယားကားတွေရဲ့ အစားအသောက်ခန်းတွေမှာ တွေ့ဖူးပါလိမ့်မယ်။ မိစောဟင်းရည် ချက်ရတာလဲ လွယ်ပါတယ်။ မိစော အဆင်သင့် ၀ယ်ထားတာ မရှိလို့ နောက်များမှပဲ ရေးပါတော့မယ်။
ဟိုဘေးက ၀ါဝါဟင်းကတော့ ခရမ်းချဉ်သီး မပါတဲ့ ကျွန်မကြိုက်တဲ့ အာလူး ခရမ်းသီးချက်လေးပါ။ အဲဒီ ဟင်းအကြောင်းတော့ မရေးတော့ဘူး။ ဗမာဟင်းမဟုတ်၊ အင်းသားဟင်းလဲ မဟုတ်၊ တရုတ်ဟင်းလဲ မဟုတ်တဲ့ ဘာမှန်းမသိ လျောက်ချက်ထားတဲ့ ဟင်းမို့လို့ပါ။ ဆီပြန်ဟင်းတွေနဲ့ ငြီးငွေ့နေသူများ၊ ဘာဟင်းချက်ရမှန်း မသိ ဦးနှောက်ခြောက်နေသူများ ကျွန်မရဲ့ ၀ကမဲ့ ဟင်းချိုနဲ့ ကင်းချီကို စမ်းစားကြည့်နိုင်ပါတယ်။


5 comments:
Waaa.... OISHI!!!!!! ,,hahhaa,, sar chin sayar dway bar larr,,, i would like to eat most of them but not the soup!! :( I don't like it,, that's pretty terrible.
ဒီ Post လေးဟာ .. ကြော်ငြာ Post တွေလို .. နိုင်းနိုင်းစနေရဲ့ စားကြမယ့်ဟေ့ကောင်းကောင်း အစီအစဉ်လေး တစ်ခုရဲ့ အစများဖြစ်နေလား မသိ။ :D
အင်း.. လုပ်ကြည့်ဦးမှ။ ပန်းသီးက ဘယ်လိုလုပ်ပြီး ဘယ်လောက်ထည့်ရမှာလဲဟင်။
Dear Nine Nine, Your potato curry seems pretty appealing. But you know, only eating is believing!! Anyway, thanks.
ဟီး...ဟီး....စားကြပါအုန်းလား...
ပန်းသီးကို အခွံခွါပြီး ဂျင်းတွေ ကြက်သွန်တွေနဲ့ ရောကြိတ်ပြီး
ထည့်မယ်လေ... မုန်ညင်းအနဲအများပေါ် မှုတည်ပြီး မှန်းထည့်
လို့ ရပါတယ်...ကြက်သွန် ဂျင်းတွေကို လျော့ထည့် ပန်းသီးက
တော့ များများထည့်လဲ ဘာဖြစ်ဘူး။
မွန်မွန်ရေ...ငေးကြည့်တာထက် စားကြည့်တာက အရသာရှိတယ်။
(၃)ရက်စာ ချက်ထားတာ တရက်ထဲနဲ့ ကုန်သွားပြီ...ဟီး..ဟီး...
နောက်များမှပေါ့နော်...
Post a Comment