Monday, December 31, 2007

၂၀၀၈ကို အလေးပြု


NineNinSaNay

ဒီဇင်ဘာ ၃၁ကို ဆလံပေးပြီး ဇန်န၀ါရီ ၁ကို အလေးပြု နှုတ်ဆက်လိုက်ပါသည်။

၂၀၀၇ ခုနှစ်တွင်....
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးသွားသော နိုင်ငံအသီးသီးမှ အာဇာနည်များကို အလေးပြုပါ၏။

၂၀၀၇ ခုနှစ်တွင်....
လူမျိုးနှင့် နိုင်ငံတော်အတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်နေသော သူရဲကောင်းများကို အလေးပြုပါ၏။

၂၀၀၇ ခုနှစ်တွင်....
တည့်တည့်မတ်မတ် ရပ်တည်နိုင်ရန် ချိုင်းထောက်သဖွယ် ဖေးမကူညီခဲ့သော သူငယ်ချင်းများကို အလေးပြုပါ၏။

၂၀၀၇ ခုနှစ်တွင်....
ဤဘလော့ဂ်သို့ လာရောက် လည်ပတ်ကြကုန်သော ဘလော့ဂ်သူ၊ ဘလော့ဂ်သားများကို အလေးပြုပါ၏။

၂၀၀၇ ခုနှစ်တွင်....
ဤဘလော့ဂ်ရှိ စာများကို အချိန်ယူ လာရောက်ဖတ်ရှုကြသော အနယ်နယ် အရပ်ရပ်မှ စာချစ်သူအပေါင်းတို့ကို အလေးပြုပါ၏။

၂၀၀၈ ခုနှစ်တွင် ပျော်ရွှင်ချမ်းမြေ့နိုင်စေရန် ဆုတောင်းပေးကုန်ကြသော သူငယ်ချင်းများကို အလေးပြုပါ၏။

ဤယခုပို့စ်ကို ဖတ်ရှုနေသူများကို လေးလေးစားစား အလေးပြုလိုက်ပါသည်။ ၂၀၀၈ခုနှစ်တွင် စိတ်ရောကိုယ်ပါ ကျန်းမာပြီး လိုအင်ဆန္ဒဟုသမျှ ပြည့်ဝစေရန် တောင်းဆုပြုလိုက်သည်။

Happy New Year 新年快樂 My Friends.


Share/Bookmark

Sunday, December 30, 2007

ရက်စွဲထဲက ပုံရိပ်လေးများ (၂)


သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်ဘဲ ကောက်တွေ့ခဲ့ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းအချို့က မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ အိမ်မှားဝင်ပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိသလို မတော်တဆတိုက်မိပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။

၅) မတင်မေ

ကျွန်မဘ၀ရဲ့ မရှိမဖြစ် သူငယ်ချင်းတစ်ယောက်ကို ပြပါဆိုရင် ရှမ်းတရုတ်မ မတင်မေကို ပြရပါလိမ့်မယ်။ သူငယ်ချင်းလိုတစ်မျိုး၊ တိုင်ပင်ဖော် တိုင်ပင်ဖက် အစ်မလိုတစ်ဖုံ၊ ညီအစ်မရင်းမခြား ခင်မင်ခဲ့ရတဲ့ မတင်မေကို ကျွန်မ(၁၀)တန်းအောင်ပြီးစ တရုတ်ကျူရှင်မှာ သိခဲ့ရတယ်။ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း မတင်မေကို ကျွန်မနဲ့စိတ်ချင်း ထပ်တူကျတယ် ဆိုရလောက်အောင် တူညီနေတာကြောင့် တစ်ခြား သူငယ်ချင်းတွေထက် ပိုတွဲဖြစ်ခဲ့တယ်။ သူ့အိမ်က ကျွန်မအတွက် စားအိမ်၊ သောက်အိမ်ဖြစ်ခဲ့သလို ကျွန်မအိမ်ကလည်း သူ့ခြေရာ၊ လက်ရာတွေပါပဲ။ ကျွန်မရဲ့ အရိပ်ကသူ၊ သူ့ရဲ့အရိပ်ကကျွန်မ ဆိုတဲ့အတိုင်း ကျွန်မတို့နှစ်ယောက် အမြဲတတွဲတွဲဖြစ်ခဲ့တယ်။

လျှာနဲ့သွားလို့ တစ်ခါတလေ သူနဲ့ကျွန်မ ခလုတ်တိုက် ငြင်းဆန်တတ်ပေမဲ့ အားတိုင်း ကျွန်မအိမ်မှာ သူရှိနေတတ်တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ စိတ်နေသဘောထား အမှန်ကို သိချင်ရင် ခရီးဝေးအတူ ထွက်ကြည့်ပါတဲ့။ မတင်မေနဲ့ကျွန်မကတော့ ကျိုက်ထီးရိုးဆိုလဲ သွားတာပဲ။ ပဲခူးဘုရားဖူးဆိုလည်း နှစ်ယောက်အတူတူပဲ။ မြန်မာပြည်အနှံ့ ဘုရားတွေ လိုက်ဖူးမယ်လို့ တိုင်ပင်ခဲ့တာလဲ သူနဲ့ကျွန်မပါပဲ။ ခရီးအတိုလေးတွေ အတူလျှောက်သွားရင်း အခုဆိုရင် ဆိုးတူပေါင်းဖက် သူငယ်ချင်းကောင်းဆိုတဲ့ ခရီးရှည်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း ကျွန်မတို့နှစ်ယောက် အတူလျှောက်လာတာ ဆယ်စုနှစ်တောင် ကျော်ခဲ့ပါပြီ။

ကျွန်မ မြန်မာပြည်က ထွက်လာပြီး မကြာခင်မှာပဲ တစ်ယောက်တည်း ယောင်ချာချာဖြစ်ခဲ့တဲ့ မတင်မေက ကျွန်မဦးလေးနဲ့ လက်ထပ်လိုက်ပါတယ်။ တူမကို ခင်မင်ရုံမက ဦးလေးကိုပါ အပိုင်စီးချစ်ခဲ့တဲ့ သူငယ်ချင်း... ဒီနေ့ ဒီဇင်ဘာ(၃၀)ဟာ သူ့မွေးနေ့ဖြစ်တယ်။ အရင်ကလို မွေးနေ့တွေမှာ ဘုန်းကြီးကျောင်းသွားပြီး အတူတကွ အလှူအဒါန်း မလုပ်နိုင်ပေမဲ့ မွေးနေ့မှာ ပျော်ရွှင်စေဖို့၊ ခင်မင်မှု အဓွန့်ရှည်ဖို့ အဝေးကနေ ဆုတောင်းလိုက်ပါတယ်။ ဒီလို ကျွန်မနဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း၊ အကောင်းအဆိုးကို မျှဝေခံစား ပေးတတ်တဲ့ သူငယ်ချင်း ကိုယ်ပွားပုံရိပ်လေးတစ်ခု ကျွန်မအနားက လွှင့်ပါးပျောက်ကွယ်မသွားဖို့ သံယောဇဉ်ကြိုး အထပ်ထပ်နဲ့ ကျွန်မ ချည်နှောင်ထားလိုက်ပါတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ သူငယ်ချင်း...

သာမန်သူငယ်ချင်း တစ်ယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန်သူငယ်ချင်း တစ်ယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။

သာမန်သူငယ်ချင်း တစ်ယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။


Share/Bookmark

Saturday, December 29, 2007

မကျေနပ်ချက်များကို ဤနေရာတွင် ဖောက်ခွဲပါ

နှစ်ဟောင်းကုန်၍ နှစ်သစ်ပြောင်းရန် ရက်ပိုင်းသာလိုတော့သည်။ နှစ်ဟောင်းတွင် သင်ပြုလုပ်ခဲ့သမျှ မအောင်မြင် စိတ်တိုင်းမကျဘဲ မကျေမနပ်ဖြစ်နေသလား...? ဤနေရာတွင် သင်၏ မကျေနပ်ချက်များ ဖွင့်အန်ရန် ကျွန်မလမ်းခင်းပေးလိုက်သည်။ ၀၀၇ခုနှစ်အတွင်း ဤဘလော့နှင့် ပတ်သက်သော၊ ကျွန်မနှင့် ပတ်သက်သော၊ အလုပ်နှင့် ပတ်သက်သော၊ ဘ၀နှင့် ပတ်သက်သော၊ အခြားအရာများနှင့် ပတ်သက်သော သင်၏ မကျေနပ်ချက်များကို ဤနေရာတွင် ချန်လှပ်ထားခဲ့ပါ။ မကျေနပ်မှုများ များလာပါက ဆီးချုပ်၊ ၀မ်းချုပ်သကဲ့သို့ အခံရခက်မည်စိုးသောကြောင့် သင်၏ မကျေနပ်ချက်များကို ပေါက်ကွဲပစ်နိုင်ရန် ဤနေရာတွင် ကျွန်မ ခေါင်းစဉ်တပ်လိုက်ပါသည်။ မကျေနပ်ချက်များကို နှစ်သစ် ၂၀၀၈သို့ ယူဆောင် မသွားပါလေနှင့်။

၂၀၀၇၏ တံခါးချပ်များကို ကျွန်မတွန်းဖွင့်ခဲ့သည်။ တံခါးအပြင်ဖက်ရှိ ကြည်လင်လှပသော ရှုခင်းများ၊ လတ်ဆတ်သော ပန်းမာန်များ၊ ငှက်တို့၏ တေးသီသံများကို လူအချို့သာ ကြားကြမြင်ကြရ၏။ ကျန်လူအချို့က အမှောင်ကိုသာ မြင်ကြရ၏။ ယူတတ်သောလူများက ယူကြကုန်၏။ ကျန်လူအချို့က နေရာတွင်သာ ရပ်ကျန်ခဲ့၏။ နှစ်သစ်တွင် လှပသော ရှုခင်းများကို ကြည့်ရှုရန် ၂၀၀၈ တံခါးချပ်များကို သင်ကိုယ်တိုင် ဆွဲဖွင့်လိုက်ပါ။ ၂၀၀၇ ၏ မကျေနပ်ချက်များကို သင်ကြိုက်သော နာမည်ကို အသုံးပြု၍
ဤနေရာတွင် ဖောက်ခွဲပစ်ခဲ့ပါလေ...


Share/Bookmark

Friday, December 28, 2007

ကျွန်မရဲ့မောင်လေး


brother

ဒီပုံလေး ကျွန်မ ကွန်ပြူတာထဲမှာ ရှိနေတာ နှစ်တော်တော် ကြာခဲ့ပြီ။ တမင်မဖျက်ဘဲ ချန်ထားတတ်တဲ့ ပုံတွေထဲမှာ ဒီပုံလည်း အပါအ၀င်ဖြစ်တယ်။ ပုံကို ဘယ်ဝက်ဆိုက်ဒ်မှာ ယူခဲ့မှန်း မမှတ်မိပေမဲ့ ပုံအောက်က စာကြောင့် ဒီပုံကို ကျွန်မ အမြတ်တနိုး သိမ်းထားခဲ့မိတယ်။ ပုံအောက်မှာ ရေးထားတဲ့ စာက “သူ မလေးဘူး.. သူက ကျွန်မရဲ့ မောင်လေးပါ” တဲ့။

တိုက်တိုက်ဆိုင်ဆိုင် “ငယ်ဇော်” က သူဆွဲထားတဲ့ ပန်းချီကားတစ်ချို့ ကျွန်မကို ပို့ပေးတော့ ဒီလို သဏ္ဍာန်တူလေးတွေ တွေ့လိုက်မိတာနဲ့ “ကျွန်မရဲ့ မောင်လေး” ကို ချရေးလိုက်မိတယ်။ အောက်ကပုံက ပန်းချီဆရာ “ငယ်ဇော်” ခေါ် နေသစ်ရဲ့ လက်ရာပန်းချီတွေပါ။ ပုံတွေအတွက် ကျေးဇူးပါ ငယ်ဇော်..

naythitwaterlillys

nt_going_for_a_walk
ကျွန်မတို့ မောင်နှမငါးယောက်ထဲမှာ မောင်လေးက တစ်ဦးတည်းသော အငယ်ဆုံးသားဖြစ်တယ်။ တစ်ဦးတည်းသော သား အငယ်ဆုံးလည်းဖြစ်ပြန်တော့ ဘယ်ပြောကောင်းမလဲ တစ်အိမ်လုံးက ဖူးဖူးမှုတ်ထားကြတယ်။ အဲဒီထဲမှာ ကျွန်မက အကဲဆုံးဖြစ်မယ်။ လသားအရွယ်တည်းက ကျွန်မသွားလေရာ၊ ကျွန်မဆော့လေရာ ကျောပေါ်မှာ မောင်လေးပါတတ်တာ များတယ်။ ဒါကြောင့် တစ်ခုခုဆိုရင် “ငါ့မောင်ကို မထိနဲ့ ငါ့ကိုထိချင်ထိ”လို့ ဆိုရလောက်အောင် မောင်လေးကို ကျွန်မချစ်တယ်။ ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာတဲ့ သံယောဇဉ်ကြောင့်ထင်တယ် သူကလည်း တစ်ခြားအစ်မတွေထက် ကျွန်မကို ပိုချစ်ကြောက်ရိုသေတယ်။

မောင်လေး (၃)နှစ်အရွယ်မှာ ငှက်ဖျားမိပြီး အကြီးအကျယ် ဖျားနာတုန်းက မောင်လေးကို လုံးဝ လက်လွှတ်ရပြီလို့ ကျွန်မတို့ ထင်ခဲ့တယ်။ ရောဂါအလူးအလှိမ့် ခံစားနေရတဲ့ မောင်လေးကို ကြည့်ပြီး အမေနဲ့အတူကျွန်မ မစားနိုင် မသောက်နိုင်ဖြစ်ခဲ့တယ်။ ကံကောင်းထောက်မလို့ ဒီမောင်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွန်မတို့ကို ခွဲမသွားခဲ့ဘဲ သေမင်းလက်ကနေ သီသီလေး လွတ်အောင် ရုန်းနိုင်ခဲ့တယ်။

မောင်လေး (၃)တန်းအရွယ် မြို့မှာ ကျွန်မနဲ့အတူ ကျောင်းထားတော့ စည်းကမ်းကြီးတဲ့ အဘိုးအဘွားက ကိုယ့်အားကိုယ်ကိုးတတ်အောင် ကိုယ့်ဝေယျဝိစ္စ ကိုယ်လုပ်လို့ ဆိုဆုံးမခဲ့လည်း မောင်လေးရဲ့ အ၀တ်တွေကို လူကြီးတွေ မသိအောင် ကျွန်မကပဲ ခိုးခိုးလျှော်ပေးခဲ့တယ်။ ခြေသည်းလက်သည်း အညှပ်ခံရင် မုန့်ဖိုးပေးမယ်လို့ ပြောပြီး မောင်လေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် လုပ်ပေးခဲ့တာလဲ ကျွန်မပါပဲ။ အဲဒီလောက်ထိ မောင်လေးကို ကျွန်မချစ်ခဲ့တယ်။

ရွှေငါးမွေးတာ ၀ါသနာပါတဲ့ မောင်လေးက ရတဲ့မုန့်ဖိုးတွေကို ရွှေငါးဝယ်ပစ်တတ်တယ်။ သူ့ခမျာ မစားရက် မသောက်ရက် ၀ယ်ထားတဲ့ ရွှေငါးလေးတွေက မပြုစုတတ်လို့လား.. ဘာလားတော့ မသိဘူး ဒီနေ့ဝယ် မနက်ဖြန်သေနဲ့ သက်ဆိုးမရှည်ကြဘူး။ အဲဒီအချိန်တုန်းက သူ့အတွက် ငါးကန်လေးတစ်ခု ၀ယ်ပေးဖို့တောင် ကျွန်မ မတတ်နိုင်ခဲ့ဘူး။

အမေဆုံးတော့ မောင်လေးက (၁၄)နှစ် ဟိုမရောက် ဒီမရောက် အရွယ်လေး။ ကိုယ့်ကိုယ်တောင် မနိုင်မနင်းဖြစ်နေတဲ့အချိန် သူ့တာဝန်ကို ကျွန်မ မယူနိုင်ခဲ့ဘူး၊ မောင်လေးရဲ့ ရှေ့ရေးအတွက် စည်းကမ်းကြီးပြီး အဆူသန်တဲ့ ရန်ကုန်က အဒေါ့်လက်ထဲကို ၀ါကွက်အပ်လိုက်ရတယ်။ အခု မောင်လေး (၂၂)နှစ် ရှိပါပြီ။ ဒီ(၈)နှစ်အတွင်း အဒေါ့်လက်ထဲမှာ
မလူးမလွန့်သာနဲ့ မောင်လေး ဘယ်လိုနေခဲ့ရသလဲ ကျွန်မ မသိခဲ့ဘူး။ ဖုန်းဆက်မေးတိုင်း “အဆင်ပြေပါတယ်.. ဘာမှမလိုပါဘူး” ဆိုတာချည်းပဲ။ သူ့အပူတွေ ကျွန်မကို မကူးဆက်စေချင်မှန်း ကျွန်မ သိပါတယ်။ အားပေးစကား ပြောရုံကလွဲလို့ သူ့အတွက် ကျွန်မ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ဘာဘဲဖြစ်ဖြစ်လေ တစ်ချိန်ချိန်မှာ လက်ငါးချောင်းလို ကျွန်မတို့ မောင်နှမတတွေ တစ်စုတစ်စည်းထဲ ပြန်ဆုံကြရမယ်လို့ မျှော်လင့်မိတယ်။ ဘယ်အခြေအနေ ရောက်ရောက် မောင်လေးက ကျွန်မတို့ ချစ်ရတဲ့ “ညီပုလေး” ပဲဖြစ်တယ်။


Share/Bookmark

Thursday, December 27, 2007

အရည်အချင်းနှင့် လက်တွေ့


လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် “ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ” ဟု စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း “ငါကသူတို့ထက် ပညာတတ်တယ်” ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ “သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ” လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် “သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ” ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။

“ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်” လူငယ်နှစ်ဦးမှာ ရယ်ရင်း “ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ” ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။

“သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........” စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။

original from http://www.youthwant.com.tw

Share/Bookmark

ကာတွန်း


cartoon1


Share/Bookmark

Wednesday, December 26, 2007

ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်


သူနဲ့သူမ ကုမ္ပဏီရဲ့ ညစာစားပွဲတစ်ခုမှာ ဆုံကြတယ်။ ပညာတတ်၊ ရုပ်ချောနုပျိုတဲ့ သူမက ကုမ္ပဏီမှာ သတင်းမွှေးတယ်။ သူက သာမန်လူတစ်ယောက်ဖြစ်တယ်။ ပိုးပန်းသူတွေ မနည်းလှတဲ့ သူမကို သူလည်း စိတ်ဝင်စားနေတာ ကြာပါပြီ။ ညစာစားပွဲ အပြီးမှာ သူမကို ကော်ဖီတိုက်ဖို့ သူဖိတ်ခေါ်ခဲ့တယ်။ ရုတ်တရက် ဖိတ်ခေါ်မှုကို သူမ အံ့သြသွားပေမဲ့ ယဉ်ကျေးမှုကို မလွန်ဆန်ချင်တဲ့ သူမ ခေါင်းညိတ်လက်ခံခဲ့တယ်။

ကော်ဖီဝိုင်းမှာ သူတို့ ပြောစရာစကား မရှိဖြစ်နေတယ်။ နှစ်ယောက်လုံး ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ မြန်မြန် လက်စသတ်ပြီး ထပြန်ဖို့ သူမစိတ်လောနေမိတယ်။ စားပွဲထိုး ကော်ဖီလာချတော့ သူက ရုတ်တရက် “ကျေးဇူးပြုပြီး ဆားပေးပါ။ ကျွန်တော်က ကော်ဖီသောက်ရင် ဆားထည့်သောက်တဲ့ အကျင့်ရှိလို့” လို့ ပြောတော့ သူမ အံ့သြရုံတင်မက စားပွဲထိုးပါ ကြောင်သွားတယ်။ သူ့စကားကြားတဲ့ လူတွေရဲ့ မျက်လုံးက သူအပေါ် လာစုနေကြတယ်။ သူ့မျက်နှာ နီမြန်းသွားတော့တယ်။

စားပွဲထိုးပေးလာတဲ့ ဆားကို ကော်ဖီထဲထည့်ဖျော်ပြီး သူဖြေးဖြေးချင်း သောက်နေတယ်။ “ဘာဖြစ်လို့ ဆားထည့်သောက်တာလဲ” သိချင်စိတ်ကို မအောင့်နိုင်တဲ့အဆုံး သူမမေးလိုက်မိတယ်။ သူခဏလောက် မှင်သက်သွားတယ်။ ပြီးမှ တစ်လုံးချင်း “ကျွန်တော်တို့က ပင်လယ်ဘေးမှာ နေတယ်။ ကျွန်တော်ငယ်ငယ်တုန်က ပင်လယ်ထဲ အမြဲ ရေဆင်းကူးတယ်။ လှိုင်းပုတ်ရင် ခါးသက်သက် ပင်လယ်ရေငန်တွေက ပါးစပ်ထဲဝင်လာရော့။ အခု အိမ်မပြန်ဖြစ်တာ ကြာပြီဆိုတော့ အိမ်ကိုလွမ်းတိုင်း ကော်ဖီထဲ ဆားထည့်သောက်မိတယ်။ အိမ်ရဲ့အကွာအဝေးကို ကျွန်တော်နဲ့ နီးအောင် ဆွဲလိုက်သလိုပေါ့”

သူ့စကားက သူမကို ခံစားမိစေခဲ့တယ်။ ဒါဟာ ယောကျာ်းလေးတစ်ယောက် အိမ်ကိုလွမ်းတယ်လို့ ပြောတာကို သူမ ပထမဆုံး ကြားဖူးခြင်းပါပဲ။ အိမ်ကိုလွမ်းတဲ့ ယောက်ျားလေးက အိမ်ကို ဂရုစိုက်တတ်တဲ့လူ၊ မိသားစုကို ချစ်မြတ်နိုးတတ်တဲ့လူလို့ သူမထင်ခဲ့မိတယ်။ သူပြောတဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာလေးတစ်ခုအကြောင်းကို သူမနားထောင်ချင်စိတ် ဖြစ်လာခဲ့တယ်။ အေးစက်စက် သူတို့ရဲ့ စကားဝိုင်းက တဖြေးဖြေးနွေးထွေးလာခဲ့တယ်။ သူတို့စကားတွေ အကြာကြီးပြောဖြစ်ခဲ့သလို သူမရဲ့ အပြန်ကို သူလိုက်ပို့ခွင့်ရခဲ့တယ်။

အဲဒီနောက်ပိုင်း သူတို့မကြာခဏ ချိန်းတွေ့ဖြစ်ခဲ့တယ်။ သူဟာ သဘောထားကြီးသူ၊ ဂရုစိုက်တတ်သူ၊ ကြင်နာတတ်သူ ဖြစ်ကြောင်း သူမသတိထားမိတယ်။ သူဟာ သူမလိုချင်တဲ့ အချက်အားလုံးနဲ့ ကိုက်ညီနေတယ်။ သူ့ဖိတ်ခေါ်မှုကို မလွန်ဆန်ခဲ့မိလို့ အခုလို သူနဲ့သိခွင့်ရခဲ့တဲ့အတွက်လည်း သူမ၀မ်းသာနေမိတယ်။ သူ့ကိုခေါ်ပြီး မြို့အနှံ့ ကော်ဖီဆိုင်မှာ သူတို့ ထိုင်ခဲ့ကြတယ်။ ဆိုင်မှာထိုင်တိုင်း “ဆားပေးပါနော်။ ကျွန်မ မိတ်ဆွေက ကော်ဖီထဲ ဆားထည့်သောက်တတ်တဲ့ အကျင့်ရှိလို့ပါ” လို့ သူမတောင်းဆိုတတ်တယ်။ အဲဒီလိုနဲ့ ရာဇ၀င်ပုံပြင်ထဲကလို နောက်ဆုံးမှာ မင်းသားနဲ့မင်းသမီး ညားကြလေသတည်း ဆိုတဲ့အတိုင်း သူတို့ မင်္ဂလာဆောင်ပြီး ပျော်ရွှင်တဲ့ ဘ၀ခရီးကို လျှောက်လှမ်းခဲ့ကြတယ်။ လျှောက်ခဲ့တဲ့ခရီး အနှစ်(၄၀)အကြာမှာ သူနာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့တယ်။ ပုံပြင်က ဒီမျှပါပဲလို့ အဆုံးသတ်မယ်ဆဲဆဲ သူထားခဲ့တဲ့ စာတစ်စောင်ကို သူမတွေ့လိုက်တယ်။

သူ မဆုံးခင် သူမအတွက် ရေးထားတဲ့ စာတစ်စောင်ပါ။ စာက ဒီလိုရေးထားပါတယ်။

“နင့်ကိုတောက်လျှောက် လိမ်လာခဲ့တဲ့ ငါ့ကို ခွင့်လွတ်ပေးပါ။ ပထမဆုံးအကြိမ် ငါတို့ ကော်ဖီအတူတူ သောက်ခဲ့ကြတာကို နင်မှတ်မိသေးလား။ အဲဒီတုန်းက ငါဘာပြောလို့ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တယ်။ ဘာအတွေးတွေ ရပြီး စားပွဲထိုးကို ဆားယူခိုင်းမိလိုက်သလဲ မသိဘူး။ ကော်ဖီထဲ ဆားထည့်သောက်တဲ့ အကျင့် မရှိပေမဲ့ နင့်ကိုငါ လိမ်ညာခဲ့တယ်။ အဲဒီလိမ်ညာခြင်းကို နင်စိတ်ဝင်စားခဲ့လို့ ဆားထည့်ထားတဲ့ ကော်ဖီကို ဘ၀ထက်ဝက်ဆာလောက် ငါသောက်ခဲ့ရတယ်။ အဖြစ်မှန်ကို ပြောပြဖို့ ငါအကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ နင်စိတ်ဆိုးမှာ၊ နင်ငါ့ကို ခွဲသွားမှာ ငါအရမ်းကြောက်ခဲ့မိတယ်။

အခု ငါသွားရတော့မယ်။ နင်စိတ်ဆိုးမှာကို ငါမကြောက်တော့ဘူး။ သေသွားတဲ့လူကို အလွယ်တကူ ခွင့်လွတ်ပေးနိုင်မယ် မဟုတ်လား.. ဒီဘ၀မှာ နင်နဲ့ ပေါင်းဖက်ခွင့်ရတာ ငါအတွက် အကြီးမားဆုံးသော ပျော်ရွှင်ခြင်းပဲ။ နောင်ဘ၀သာရှိမယ်ဆိုရင် နင်နဲ့ငါ ထပ်ဆုံချင်သေးတယ်။ ဒါပေမဲ့ ဆားခတ်ထားတဲ့ ကော်ဖီကိုတော့ ငါမသောက်ချင်တော့ဘူး။ ဆားခတ်ထားတဲ့ ကော်ဖီက သောက်ရ တော်တော်ခက်တယ်ဆိုတာ နင်မသိဘူး မဟုတ်လား... ဒါပေမဲ့ နင့်ကို ချစ်တဲ့စိတ်နဲ့ ကော်ဖီထဲ ငါဆားထည့်သောက်ခဲ့မိတယ်”

စာကိုဖတ်ပြီး သူမ တုန်လှုပ်သွားခဲ့မိတယ်။ အလိမ်ညာ ခံလိုက်ရပါလားလို့လဲ ခံစားမိတယ်။ သူ မကြားနိုင်တော့တဲ့ စကားတစ်ခွန်းကို သူမ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ “ ကျွန်မကို ချစ်တဲ့စိတ်နဲ့ သူ့ကိုယ်သူ ဒီလိုလိမ်ညာခဲ့တယ်။ ကျွန်မ ကျေနပ်ပါတယ်”

ပြီးပါပြီ

ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်ထဲမှာ အချစ်ဘယ်နှစ်စ ပါနေသလဲ... ? အချစ်ဆိုတာ တိုင်းတာချိန်တွယ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ လိမ်ညာခြင်းဆိုတာ ခွင့်မလွတ်နိုင်တဲ့ အပြစ်တစ်ခုတဲ့။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို ပျက်သုန်းစေခဲ့တယ်။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို အပျော်တွေနဲ့ ပြီးဆုံးစေခဲ့တယ်။ သင်ကော ဘာတွေလိမ်ညာခဲ့သလဲ.. ဘာတွေ အလိမ်ညာခံခဲ့ရဖူးသလဲ.. ?

ကိုရဲ: မနိုင်းနိုင်းရေ... ကော်ဖီကို ဆားထည့်ပြီး သောက်တဲ့ ယောင်္ကျားလေးရဲ့ အချစ်ကို ရေးထားတဲ့ ၀တ္ထု ကျွန်တော် လိုက်ရှာလို့ မတွေ့ဘူးဗျ.. ဘယ်မှာ ရှိမလဲ.. ကျွန်တော့်ချစ်သူကို လက်ဆောင်ပေးချင်လို့

“အေးစက်သွားတဲ့ ကော်ဖီတစ်ခွက်” နဲ့ “ဆားခတ်ထားတဲ့ ကော်ဖီ” ကို မှားပြီးအော်သွားတဲ့ ကိုရဲကြောင့် “ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်”ကို အားလုံးသောက်သုံးရအောင် အင်တာနက်မှာ ရှာပြီး ဘာသာပြန် ဖျော်ယူလိုက်ပါတယ်။

နိုင်းနိုင်းစနေ

Share/Bookmark

ပဲ့ကြွေသွားတဲ့ အချစ်


မရင့်မှည့်မီ ကြွေသွားတဲ့ အသီးလို
ငါဟာ မြေပြင်ပေါ် ခြွေချခံရသူပါ
ပလီပလာဆန်တဲ့ ကြမ္မာကောင်ကြောင့်
အတိတ်တွေ ဆူနာမီ လွှမ်းခဲ့ရတယ်။

လောကကြီးရေ.....
ငါနှစ်သက်ရာ ငါကိုးကွယ်ခွင့် မရှိဘူးလား
တိမ်တွေလို လေနှင်ရာ မရွေ့လျှားခိုင်းပါနဲ့
ငါ့ဘ၀နဲ့ငါ ရူးခွင့်တော့ရှိပါတယ်။

အချစ်တစ်ခု မရင့်မှည့်မီ
အခြွေချခံခဲ့ရပြီးပြီ။

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, December 25, 2007

ပုခက်လွှဲတဲ့ လက်


ကလေးဘ၀ သင်ယူခြင်းအစက မိသားစုက စပါတယ်လို့ ဆိုရမှာပါ။ အရင်းနှီးဆုံးက မိခင်ရဲ့ ဆိုဆုံးမမှုပါပဲ။

အမေရိကန်က နာမည်ကြီး စိတ်ပညာရှင် တစ်ဦးဟာ မိခင်ရဲ့ အဆုံးအမဟာ လူတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လောက် ပြောင်းလဲစေနိုင်သလဲ ဆိုတာကို စာရင်းကောက် စာတမ်းပြုစုကြည့်ခဲ့တယ်။ အဖက်ဘက်မှာ အောင်မြင်နေတဲ့ လူအယောက် (၅၀)နဲ့ အပြစ်ပေး ထောင်ချခံထားရသူ အယောက်(၅၀)ကို ရွေးချယ်ခဲ့တယ်။

အဲဒီလူအယောက်(၁၀၀)ကို စာပို့ပြီး ငယ်ငယ်က မိခင်ရဲ့ ဆိုဆုံးမမှုတွေကို မေးမြန်းခဲ့တယ်။ ရရှိခဲ့တဲ့ ပြန်စာတွေထဲမှာ အိမ်ဖြူတော်မှာ အမူထမ်းဆောင်နေတဲ့ လူတစ်ယောက်ရဲ့စာနဲ့ ထောင်ကျနေသူ တစ်ယောက်ရဲ့ စာက ပညာရှင်ကို တော်တော်လေး အမှတ်ရစရာ ဖြစ်စေခဲ့တယ်။ တူညီတဲ့ မေးခွန်းဖြစ်ပေမဲ့ မတူညီတဲ့ အဖြေတွေကို ရခဲ့တယ်။ ထောင်ကျနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။

ကျွန်တော် ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး ပန်းသီးကို ကျွန်တော်လိုချင်ခဲ့တယ်။ အမေက ပန်းသီးတွေကို စားပွဲပေါ်တင်ရင်း ဘယ်တစ်လုံးကို ယူကြမလဲလို့ ကျွန်တော်နဲ့ ညီလေးကို မေးပါတယ်။

ညီလေးက အကြီးဆုံးတစ်လုံးကို ယူမယ်လို့ ကျွန်တော့်ထက် ဦးအောင် ပြောလိုက်တယ်။ မေမေက ညီလေးကို မျက်စောင်းနဲ့ ကြည့်ပြီး “အကောင်းဆုံးကို တစ်ခြားသူကို ပေးရမယ်လို့ စိတ်ထဲမှတ်ထားရမယ်။ ကိုယ့်ကျိုးအတွက်ဘဲ မကြည့်နဲ့” လို့ ပြောလိုက်တယ်။ ကျွန်တော် ဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး “မေမေ ကျွန်တော့်ကို အသေးဆုံးတစ်လုံးပေးပါ။ ညီလေးကို အကြီးဆုံးတစ်လုံး ပေးလိုက်ပါ” လို့ ပြောလိုက်တယ်။ ကျွန်တော့်စကားကြားတော့ မေမေဟာ ၀မ်းသာပြီး ကျွန်တော့်ကို တစ်ချက်နမ်းလိုက်တယ်။ နောက် ကျွန်တော့်ကို အကြီးဆုံးပန်းသီး ကမ်းပေးပါတယ်။ နောက်ပိုင်း ကျွန်တော်လိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကျွန်တော် လိမ်ညာတတ်လာခဲ့တယ်။ ရန်ဖြစ်တတ်လာခဲ့တယ်၊ ခိုးလုတိုက်တတ်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော် အခုလို ထောင်ထဲရောက်လာခဲ့တာပါပဲ။

အိမ်ဖြူတော်မှာ အမူထမ်းနေသူရဲ့ စာက ဒီလိုရေးထားပါတယ်။
ကျွန်တော် ငယ်ငယ်က ဖြစ်ပါတယ်။ တစ်နေ့မှာ အမေက ပန်းသီးတွေ ၀ယ်လာပါတယ်။ ပန်းသီးတွေက နီရဲနေပြီး စားချင်စဖွယ်လေးတွေပါ။ မေမေ့လက်ထဲက အနီဆုံး၊ အကြီးဆုံး ပန်းသီးကို ကျွန်တော်နဲ့ ညီလေး လိုချင်ခဲ့တယ်။ မေမေက အကြီးဆုံးတစ်လုံးကို ကိုင်ပြီး “ဒီအကြီးဆုံးတစ်လုံးကို လူတိုင်းလိုချင်နေကြတယ်။ ကောင်းပြီ... မေမေပြိုင်ပွဲလေးတစ်ခု လုပ်မယ်။ အိမ်ရှေ့က မြက်ခင်းကို တစ်ယောက်တစ်ပိုင်း နှစ်ပိုင်းခွဲလိုက်မယ်။ ကိုယ့်အပိုင်းက မြက်ကို အရင်ခုတ်ပြီးတဲ့လူမှ ဒီပန်းသီးကို ရမယ်” လို့ ပြောပါတယ်။

ကျွန်တော်တို့ မြက်ရိတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်။ နောက်ဆုံး ကျွန်တော်ဟာ အဲဒီပန်းသီးကို နိုင်ခဲ့တဲ့သူဖြစ်တယ်။ ကမေမေကို ကျွန်တော်အမြဲ ကျေးဇူးတင်နေမိတယ်။ လွယ်ပြီး အရေးကြီး လေးနက်တဲ့ စည်းမျဉ်းတွေကို ကျွန်တော် နားလည်အောင် သင်ပေးခဲ့တယ်။ လိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကျွန်တော် အမြဲတမ်း ပထမရအောင် ကြိုးစားခဲ့တယ်။ အိမ်မှာလည်း မေမေက ဒီလိုပဲ အမြဲသင်ပေးခဲ့တယ်။ တစ်ခုခုလိုချင်ရင် ပြိုင်ပွဲလုပ်ပြီး ပြိုင်စေခဲ့တယ်။

လိုချင်ရင် ကြိုးစားရမယ်။ ဒါဟာ တရားကျတဲ့ နည်းလမ်းပါ။ ကိုယ်ဘယ်လောက်ရယူချင်သလဲ ကိုယ်ရယူချင်တဲ့ အတိုင်းအတာအထိတော့ ပေးဆပ်ရမှာပါပဲ။

ပုခက်လွှဲတဲ့ လက်ဟာလည်း ကမ္ဘာကို ကိုင်လှုပ်နိုင်ပါတယ်။ မိခင်ဟာ ကလေးတွေအတွက် ပထမဦးဆုံးသော လက်ဦးဆရာပါ။ စကားပြောသင်စအရွယ် ကလေးကို လိမ်နည်းတွေ သင်ပေးလို့ရသလို အမြဲ ကြိုးစားချင်စိတ်ရှိတဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်အောင်လည်း သင်ပေးလို့ရတယ်။

သင်ဟာ လူငယ်တစ်ယောက်ဆိုရင် မေမေ့ကို ဒီပုံပြင်လေး ပြောပြပါ။
သင်ဟာ မိခင်တစ်ဦးဆိုရင်..........

original from http://www.youthwant.com.tw


Share/Bookmark

တောင်းဆုခြွေ၏



ဤနေ့ရက်က ချမ်းအေးလှ၏
နှင်းများမရွာ မိုးများရွာ၏
ဝန်းကျင်တစ်ခွင် ကားသံမကြား
တိတ်ဆိတ်လှ၏
သို့သော်.... ဤနေရာကား
မေတ္တာလွှမ်း၍ နွေးထွေးလှ၏
တောင်းဆုသံများ မိုးထက်ညံ၏

စာရှုသူအပေါင်း ယောင်းရင်းများတို့
စိတ်နှလုံးချမ်းမြေ့ မြဲကြပါစေ
ခန္ဓာရောဂါ ကင်းဝေးစေကြောင်း
အကျွန်နှမ တောင်းဆုခြွေ၏
ခရစ္စမတ်နှစ်သစ် ပျော်ရွှင်စေသော်ဝ်

သို့
အားလုံး
မယ်ရီခရစ္စမတ်
ပျော်ရွှင်ချမ်းမြေ့ပါစေ
ခင်မင်လေးစားလျှက်
နိုင်း
နိုင်း

နေ


Share/Bookmark

Monday, December 24, 2007

ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ

မင်းခိုက်စိုးစန်
လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ်...
..... ..... .....
“ချစ်တယ်” ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား... လို့။

ကောင်မလေးရယ်...
ငါဟာ “တေလေ” ပါ။
ဖျားနာမှုကိုမှ တွယ်ကာတတ်သူတစ်ယောက်ပေါ့။

သန့်စင်ချင်လို့
အလင်းထဲမှာ ငါ လမ်းလျှောက်တယ်။
အပြစ်က လွတ်ဖို့အတွက်တော့
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး။

မင်းအတွက်တော့ ငါဟာ..
...ဘာမှ မဟုတ်ပါဘူး။
ဒါပေမဲ့.. အဲဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ.. မကြာ.. ထုတ်.. ထုတ်ကြည့်ချင်လို့။

ငါ့ကို
“ပြဿနာကောင်” လို့ မပြောပါနဲ့...။
ဖြစ်သမျှတွေ အားလုံးအတွက်
ငါ့မှာ ဆင်ခြေဆင်လက်တွေ
လုံလုံလောက်လောက်ရှိနေတတ်တယ်။
(လောကကြီးကို ပခုံးတစ်ချက်တွန့်ပြီး ပြုံးပြလိုက်ရဲ့)

လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာ
အဆင်မပြေမှုများများ
အလွမ်းခါးနည်းနည်း
အစွဲအလမ်းကြီးတတ်တဲ့ အိပ်မက်တချို့တလေ
မခံချင်စိတ်တွေ ပေပွ
လူငယ်ပီသတဲ့ ဘ၀င်တစ်မျိုး ခပ်ထွေထွေနဲ့
ငါ နေပျော်အောင် နေတယ်။

ငါဟာ
ရင်ခုန်နေတဲ့ သံဆူးကြိုးတစ်ချောင်းပေါ့။

ငါ့ရှေ့ တိုးဝင်လာတဲ့
ကောင်မလေးတွေ အားလုံးကို ငြိပစ်လိုက်ဖို့
ဟောဒီသံဆူးကြိုးက
အဆင်သင့် စောင့်နေတယ်။

ကဲ.. ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုလဲကွယ်..။
ဘာရယ် မဟုတ်ပါဘူး (ငါကတော့ နောက်တာပါ)

ငါဆိုတဲ့ တေလေက
မိန်းမတွေကို ချစ်ရတာ
ဂျင်းဘောင်းဘီ ၀တ်ရတာလောက်တောင်
သက်တောင့်သက်သာ မရှိဘူးလို့ ထင်တဲ့ကောင်။

ငါ့ကို နားလည်တယ်လို့ ထင်တဲ့သူတွေအားလုံးကို
ငါ ရယ်တယ်။
အသုဘချပြီးစ အိမ်လို့.. ငြိမ်ဆိတ်
ဟောဒီမှာ.. တေလေတစ်ယောက်ပေါ့။
သူ့ပါးစပ်ကို တင်းတင်းပိတ်ပြီး
(လောကကြီးကို) ပြုံးတယ်။

ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။

မင်းခိုက်စိုးစန်
(ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ စာအုပ်မှ)


Share/Bookmark

မေ့လို့မရတဲ့ ခရစ္စမတ်


မူရင်း... ထိုင်ဝမ် စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee)

မနက်ဖြန်ဆိုရင် ခရစ္စမတ်ရောက်ပြီ။ ဒီည ကျွန်တော်တို့နိုင်ငံက လူငယ်တွေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး ခရစ္စမတ်ကို ကြိုဆိုကြမယ်။ ဟိုတယ်ကြီးတွေကလည်း ခရစ္စမတ်ညစာနဲ့ လူကုံထံတွေကို ဧည့်ခံကျွေးမွေးကြမယ်။ အမေရိကန်နဲ့ ဥရောပက ကုန်တိုက်ကြီးတွေက ဒီရက်အတွင်း ရောင်းရငွေမှာ အမြတ် ဘယ်လောက်ရသလဲဆိုတာကို တွက်ချက်ကြမယ်။ တကယ်လို့ ဒီခရစ္စမတ် အတောအတွင်း အရောင်းတွေ ထင်သလောက် မသွက်ခဲ့ရင် ကုန်သည်တွေ မပျော်ရွှင်ရုံတင်မက ခွင့်ရက်ရှည်ရလို့ ခရီးထွက်မဲ့ ဘဏ္ဍရေးဝန်ကြီးလည်း စိတ်ညစ်ရတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ စီးပွါးရေးကျဆင်းမှုရဲ့ ရှေ့ပြေးနိမိတ်လို့ ဆိုပါတယ်။

သစ္စာတရားရှိတဲ့ ခရစ်ယာန် ဘာသာဝင်တစ်ဦးအတွက် ခရစ္စမတ်ဆိုတာ ဘာသာတရားနဲ့ ဆက်နွယ်နေမှန်း သိကြတယ်။ ဒီည ဘုရားကျောင်း တော်တော်များများဆီက နားဝင်ချိုတဲ့ တရားတေးသံတွေ ပျံလွှင့်လာမယ်။ ဘုန်းတော်ကြီးနဲ့ ဖာသာတွေက ယုံကြည်ကိုးကွယ် သူတွေကို တရားဟောမယ်။

လူအများက ခရစ်စမတ်ဆိုတာနဲ့ မီးတွေမှိတ်တုတ် မှိတ်တုတ်လင်းနေတဲ့ ခရစ္စမတ်သစ်ပင်၊ ခရစ္စမတ်ကတ် (အများအားဖြင့် ကတ်တွေက နှင်းတွေဖုံးနေတဲ့ လွင်ပြင်ပေါ်မှာ ချစ်စရာကောင်းတဲ့ အိမ်လေးတွေကို ဆွဲထားမယ်)၊ တရားတေးတွေ ပျံ့လွှင့်နေတဲ့ ဘုရားကျောင်းထဲမှာ ယုံကြည်ကိုးကွယ်သူတွေနဲ့ ပြည့်နှက်နေမယ်လို့ပဲ ထင်ကြတယ်။

ကျွန်တော် အမေရိကန်ရောက်ခဲ့တဲ့ နှစ်က တောင်ကယ်ရီဖိုးနီးယားမှာရှိတဲ့ ဆွေမျိုးတစ်ဦးဆီ ခရစ္စမတ်ညမှာ အရောက်သွားဖို့ ကျွန်တော် စိုင်းပြင်းခဲ့တယ်။ ကျွန်တော့်မှာ ကားမရှိဘူး။ အဲဒီအချိန်တုန်းက လေယာဉ်စီးဖို့ မပြောနဲ့ ရထားတောင် ကျွန်တော် မစီးနိုင်ခဲ့ဘူး။ နောက်တော့ ဈေးသက်သာတဲ့ ဘတ်စ်ကားကို ရွေးစီးခဲ့တယ်။ ည(၇)နာရီလောက်မှာ ကျွန်တော်တို့ မြို့ငယ်လေး တစ်မြို့ကို ရောက်လာတယ်။ ခရီးသည်အားလုံး ဆင်းနားကြတယ်။ ဗိုက်ဖြည့်ကြတယ်။ ကားဂိတ်မှာ ဆိုင်လေးတစ်ဆိုင်က ခရစ္စမတ်ညဆိုပေမဲ့ ဖွင့်မြဲဖွင့်ထားတယ်။ ဒါဟာလည်း ဒီပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ တစ်ခုတည်းသော ထမင်းဆိုင်ပါပဲ။ ဒါကြောင့် ထိုင်စရာနေရာ မရှိအောင် ရောင်းကောင်းနေတာဖြစ်မယ်။

ကျွန်တော်တို့ ကိုယ့်နေရာကိုယ် ထိုင်ပြီးနောက် ဘေးခုံက အသက်ကြီးကြီး အဘွားအိုတစ်ဦး ထမင်းစားနေတာကို ကျွန်တော် တွေ့လိုက်မိတယ်။ ဟင်းရည်တွေ ခပ်သောက်လို့ မရအောင် သူ့လက်တွေက တုန်နေတယ်။ ပန်းကန်တစ်ခုလုံးကို မပြီး ဟင်းရည် မသောက်ရတဲ့ နိုင်ငံခြားသားတွေက ဇွန်းနဲ့ပဲ ခပ်သောက်ကြရတယ်။ ဒီအဘွားအိုက လက်တွေတုန်နေလို့ ဟင်းရည်တွေ ဖိတ်စင်ကုန်ပြီး သောက်မရဖြစ်နေတယ်။ စိတ်ထားကောင်းတဲ့ စားပွဲထိုးတစ်ဦးက တစ်ခြားဧည့်သည်တွေကို ဧည့်ခံကြိုဆိုရင်း အခွင့်သင့်ရင် သင့်သလို အဘွားအိုကို သွားကူတယ်။ ဟင်းရည်တွေကို ခပ်တိုက်ပေးတယ်။

ကျွန်တော်တို့ ခရီးအတူသွားတဲ့ ဘတ်စ်ကားထဲမှာ လူငယ်တွေပိုများတယ်။ ကျွန်တော့်လိုပဲ ဆင်းရဲတဲ့ ကျောင်းသားတွေဖြစ်လိမ့်မယ်။ လူငယ်တစ်ဦးက အဘွားအိုဘေး ၀င်ထိုင်ပြီး အလုပ်ရှုပ်နေတဲ့ စားပွဲထိုးအစား အဘွားအိုကို ဟင်းရည်တိုက်တယ်။ အသားတွေ လှီးပေးတယ်။ များပြားတဲ့ ညစာကို အဘွားအိုက စားမကုန်တော့ ကျန်တာကို လူငယ်က ရှင်းပစ်လိုက်တယ်။ အဘွားအို ဘာမှ မပြောပါဘူး။ လူငယ်ရဲ့ လက်ကို သူ့လက်နဲ့ မကြာခဏ ပွတ်သပ်ပြီး ကျေးဇူးတင်ကြောင်း ပြောနေတယ်။

အဘွားအိုဟာ နှစ်တိုင်းရဲ့ ခရစ္စမတ်ညရောက်ရင် ဒီဆိုင်မှာ ခရစ္စမတ်ညစာကို လာသုံးဆောင် တတ်တဲ့အကြောင်း စားပွဲထိုးက ကျွန်တော်တို့ကို ပြောပြတယ်။ ကားဆရာ တစ်ဦးဦးက သူ့ကို သွားကြိုတတ်ပြီး ဆိုင်ရှင်က သူ့အတွက် ညစာကို အခမဲ့ဆိုရလောက်အောင် တည်ခင်း ကျွေးမွေးပေမဲ့ အဘွားအိုက ကုန်ကျစရိတ်သဘောနဲ့ ငွေတစ်ချို့ ထုတ်ပေးတတ်ကြောင်း၊ စားသောက်ပြီးရင် ကားဆရာ တစ်ဦးဦးက သူ့ကို လိုက်ပို့တတ်ကြောင်း ပြောပြတယ်။

အဘွားအိုက နောက်ဆုံးအချိုပွဲကို လက်စသတ်ပြီး ငွေတစ်ချို့ကို စားပွဲပေါ်တင်လိုက်တယ်။ စားပွဲထိုးတစ်ဦးက သူ့ကို အနွေးထည် ထပ်ဝတ်ပေးလိုက်တယ်။ တာဝန်ကျလူတစ်ဦးက ဆိုင်တံခါးကို ဆွဲဖွင့်ပြီး အဘွားအိုအပြန်ကို ခါးညွှတ်အရိုအသေပေး နှုတ်ဆက်လိုက်တယ်။ ကားဆရာတစ်ဦးက အသင့်စက်နှိုးထားတဲ့ ကားထဲ အဘွားအိုကို တွဲခေါ်ခဲ့တယ်။

ဒီမြင်ကွင်းတွေကို ကျွန်တော်ကြည့်ပြီး အံ့သြနေတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းတာက ဆိုင်ပိုင်ရှင်နဲ့ စားပွဲထိုးတွေဟာ ခရစ်ယာန် ဘာသာဝင်တွေ မဟုတ်ကြဘူး ဆိုတာပဲ။ သူတို့ဟာ ဂျူးလူမျိုးတွေဖြစ်တယ်။ ဂျူးတွေက ခရစ္စမတ် မကျင်းပကြဘူး။ ဒါကြောင့် ခရစ်ယာန်တွေ အနားယူနေတဲ့ ခရစ္စမတ်ညမှာ သူတို့က ဒီလို ၀န်ဆောင်မှုတွေ လုပ်နိုင်ကြတာပေါ့။

တစ်နှစ်က ခရစ္စမတ်ညမှာပဲ နယူးယောက်က အကြီးဆုံး St. Patrick’s Cathedral ဘုရားကျောင်းမှာ ၀တ်တက်ဖို့ ကျွန်တော် ရောက်သွားခဲ့တယ်။ ဒီဝတ်ပြုပွဲက တစ်နိုင်ငံလုံးကို တီဗွီကနေ လွှင့်ပေးမှာဖြစ်တယ်။ တကယ်ပဲ ခရစ္စမတ် တရားတေးသံက ချိုမြိန်လိုက်တာ၊ ဘုရားကျောင်း အဆောက်အအုံကြီးကလဲ ခမ်းနားထည်ဝါလိုက်တာ၊ ဒါပေမဲ့ လာကြတဲ့ လူတွေက တစ်ယောက်ကိုတစ်ယောက် နှုတ်မဆက်ကြဘူး။ ကျွန်တော်ပိုအံ့သြတာက အိုးအိမ်မဲ့ လေလွှင့်သူတွေ မြေအောက်ဘူတာအနှံ့မှာ ရှိနေတယ် ဆိုတာကိုပဲ။

လူတိုင်း ခရစ္စမတ်ကို ကျင်းပကြတယ်။ ဒါပေမဲ့ ခရစ္စမတ်ရဲ့ တကယ်သဘောတရားကို လူအနည်းငယ်ကသာ သိကြတယ်။ လူရယ်လို့ ဖြစ်လာရင် တစ်ဦးကိုတစ်ဦး ချစ်ခင်သင့်မြတ်ရမယ်လို့ ဘုရားသခင် Jesus Christ က မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ခရစ္စမတ်မှာ ကတ်တွေ ပို့မယ်၊ စားကောင်း သောက်ကောင်းတွေ စားမယ်၊ ဘုရားကျောင်း တက်မယ်၊ ဓမ္မတေးတွေဆိုမယ်ဆိုတဲ့ တသတ်မှတ် ကျင်းပမှုတွေပဲ ရှိခဲ့တယ်။ ဒီလိုပြုမှုတာက လူတွေကို ချစ်ခင်ရာ၊ ဂရုစိုက်ရာ ရောက်ပါသလား...? ဘုရားသခင် ဖွားမြင်တဲ့နေ့ကို ဒီလို အပြုအမှုတွေနဲ့ အထိမ်းအမှတ်ပြုတာ အကောင်းဆုံးနည်းလား.. ?

တောင်ကယ်ရီဖိုးနီးယား မြို့ငယ်လေးက စားပွဲထိုးတွေကို ကျွန်တော်အမြဲ အမှတ်ရနေမိတယ်။ “ကျွန်တော်တို့က ခရစ်ယာန်တွေ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ခရစ္စမတ်ပွဲ မကျင်းပဘူး” လို့ သူတို့ပြောခဲ့ပေမဲ့ အဘွားအိုကို သူတို့ရဲ့ ကြင်နာမှုတွေနဲ့ နွေးထွေးစေခဲ့တယ်။ တကယ်လို့ ခရစ္စမတ်ညမှာ ဘုရားကျောင်းတက်ဖို့ သွားတဲ့ ခရစ်ယာန် ဘာသာဝင်တွေကို ကျွန်တော်မေးခဲ့ရင် “ကျွန်တော်တို့ဟာ ခရစ်ယာန်တွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ခရစ္စမတ်ပွဲ ကျင်းပတယ်” လို့ သူတို့ဖြေကြမှာ ဧကန်မလွဲဘူး။ ဘုရားကျောင်းသွားပြီး ၀တ်ပြုဆုတောင်းတာနဲ့ အဓိပ္ပါယ်ရှိတဲ့ ခရစ္စမတ်ပွဲတစ်ခု သူတို့ကျင်းပနိုင်ခဲ့ပြီလား... ?

ဂျူးလူမျိုးတစ်ချို့ အဘွားအိုကို ပြုစုဧည့်ခံလိုက်တာကမှ ဘုရားသခင် Jesus လိုချင်တဲ့ ခရစ္စမတ်ပဲ ဖြစ်ပါလိမ့်မယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ပြီးပါပြီ

ခရစ္စမတ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေ၊ တကယ့် ယုံကြည် ကိုးကွယ်သူတွေအတွက် နေ့ထူးနေ့မြတ်ဖြစ်တယ်။ ဒါပေမဲ့ အခုခေတ်လူငယ်တွေအတွက် ပျော်မယ်၊ စားမယ်၊ လက်ဆောင်ပစ္စည်းတွေ လဲလှယ်ကြမယ်ဆိုတဲ့ ပျော်ပွဲရွှင်ပွဲ နေ့တစ်နေ့ပဲဖြစ်ခဲ့တယ်။ စီးပွါးရေးသမားတွေအတွက်လည်း ဒီလိုအချိန်အခါဟာ ကိုယ့်ကုန်ပစ္စည်းတွေ ရောင်းထုတ်ပြီး အမြတ်ငွေများများရတဲ့ နေ့ကောင်းတစ်နေ့လို့ပဲ သတ်မှတ်ခဲ့ကြတယ်။

ခရစ္စမတ်ရဲ့ တကယ့်အဓိပ္ပါယ်ကဘာလဲ..? ခေတ်ရေစီးနဲ့ လိုက်ပြီး ခရစ္စမတ်လဲ ခရစ္စမတ် မပီသတော့ဘူး။ “ခရစ္စမတ်ဆိုတာ ငါ့တို့အတွက် သူငယ်ချင်းတွေနဲ့ ပျော်ဖို့စားဖို့ နေ့တစ်နေ့ပဲ။ ဒါမှမဟုတ် ခရစ္စမတ်ဆိုတာ တစ်ဦးကိုတစ်ဦး နေကောင်း၊ ကျန်းမာလားလို့ ဂါရ၀ပြုတဲ့ နေ့တစ်နေ့ပဲ.. ဒီထက်ပိုပြီး ထွေထွေထူးထူး မရှိဘူး” လို့ ပြောချင်ပြောကြမယ်။ ခရစ္စမတ်ရယ်လို့မှ မဟုတ်ပါဘူး။ တစ်ခြားသာသာတွေရဲ့ တစ်ချို့နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့တွေလဲ ပျော်မယ်၊ စားမယ်ဆိုတဲ့ ပျော်ပွဲရွှင်ပွဲနေ့အဖြင့်သာ သတ်မှတ်ကြတော့တယ်။ ခေတ်ရေစီးရဲ့ ယဉ်ကျေးမှုက ကြောက်ခမန်းပါပဲ။

ဘာပဲပြောပြောလေ ဒီလိုရာသီရောက်ရင် အားလုံးကို Merry Christmas ပါလို့ နှုတ်ခွန်းဆက်ပါတယ်။


Share/Bookmark

Sunday, December 23, 2007

ဒီဆောင်းနဲ့ ပေါက်ကရအရေး


Dsc02216
ဒီနှစ်ဆောင်းရဲ့ သဏ္ဍာန်က ခရစ်စမတ်နီးလာလေ ပိုပီပြင်လာလေပဲ။ နှင်းတွေ မကျသေးဘူးဆိုပေမဲ့ ခုတစ်လော အအေးဓာတ်က ၅ံC အောက်မှာ ဒီကြားထဲ စိတ်ကူးရရင် ရသလို မိုးက အဖော်ပါလိုက်သေးတယ်။

မနက်(၆)နာရီ... တံခါးဆွဲဖွင့်လိုက်တာနဲ့ အေးစိမ့်စိမ့် လေတွေက ဆီးလို့ကြိုတယ်။ လက်တစ်ကမ်းက အရာတွေ သဲသဲကွဲကွဲ မမြင်နိုင်လောက်အောင် မြူတွေနဲ့ ပိန်းပိတ်မှောင်လို့။ ကျွန်မသွားမဲ့ လမ်းကို ကြည့်လိုက်တော့ ၀ါကျင်ကျင် မီးရောင်အောက်မှာ တိတ်ဆိတ်ငြိမ်သက်လို့။ လမ်းဘေး ၀ဲယာမှာ ရပ်ထားတဲ့ ကားတွေက ၀ိုးတိုးဝါးတား အလင်းရောက်အောက်မှာ တစ္ဆေသရဲ၊ ဖုတ်ကောင်တွေ ချောင်းမြောင်းနေကြသလိုပဲ။ ထိုးထိုးထောင်ထောင် သစ်ကိုင်းတွေက ကျွန်မကို ဖမ်းဆွဲတော့မဲ့ ပုံစံမျိုးနဲ့
လက်တံရှည်တွေကို ဆန့်ထားတယ်။ မနက်ခင်းမှာ မြင်ရတဲ့ရှုခင်းက သရဲကားထဲက မြင်ကွင်းတွေ အရှင်လတ်လတ် ကျွန်မရှေ့ ရောက်နေသလိုမျိုး...

လမ်းကိုကြည့်ပြီး တစ်ယောက်တည်း ရှေ့ဆက်သွားဖို့ ကျွန်မ ကြက်သီးထမိတယ်။ မတော်တရော် လူတွေနဲ့ တိုးရင် ဘယ်လိုလုပ်မလဲ..? ဒီလမ်းကိုမှ မဖြတ်ရင်လည်း ကိုယ်လိုရာ ရောက်တော့မှာ မဟုတ်ဘူး။ မနက်စောစောမှာ ကျွန်မနဲ့ အတူသွားဖို့ လမ်းသွားဖော်လည်း မရှိ။ ချမ်းချမ်းနဲ့ လူတွေ အိပ်ရာထက်မှာ နွေးနွေးနဲ့ ကွေးကောင်းနေရော့ပေါ့။ ကျွန်မကသာ ငါ့ဝမ်းပူဆာ မနေသာပါ။ အေးစိမ့်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် အနွေးထည်ကို တင်းသထက်တင်းအောင် ဆွဲစိပြီး ကြောက်ကြောက်နဲ့ အိမ်ကနေ ကျွန်မ ထွက်လာခဲ့တယ်။

DSC02214

လမ်းတစ်လျှောက် မှိန်ပျပျ မီးရောင်အောက်မှာ အိမ်တွေက ငြိမ်ငြိမ်သက်သက် အိပ်မောကျနေတုန်း။ ပိန်းမှောင်နေတဲ့ မြူတွေကြားမှာ ဟိုးဝေးဝေး မျဉ်းကျားမီးက နီလိုက်၊ ၀ါလိုက်၊ စိမ်းလိုက်နဲ့ စုန်းကဝေရဲ့ မီးစုန်းလို့ မှိတ်လိုက်၊ လင်းလိုက်နဲ့ ကျွန်မကို ခြောက်လှန့်လို့နေတယ်။ စူးရှတဲ့ မျက်လုံးနှစ်လုံးနဲ့ ကျွန်မကို ခုန်အုပ်တော့မဲ့ ကျားရိုင်းလိုပုံစံနဲ့ ဘေးကနေ ၀ူးခနဲ့ ဖြတ်မောင်းသွားတဲ့ တစ်စီးစ၊ နှစ်စီးစ ကားတွေကလွဲလို့ မနက်ခင်းဟာ မြူတွေကြားမှာ နလန်မထနိုင်ရှာသေးဘူး။

ကြောက်ကြောက်နဲ့ သံဗုဒ္ဓေကို အထပ်ထပ်ရွတ်၊ မြူတွေနဲ့ မီးရောင်အောက်က ကွေ့ကွေ့ကောက်ကောက် လမ်းတွေကို ဂရုတစိုက် နင်းလျှောက်ရင်း ဟော်.. ဟိုးရှေ့မှာ မြင်ရပြီ ကျွန်မသွားမဲ့ နေရာလေး... မြူတွေ နှင်းတွေကြားမှာ အအေးဒဏ်ကို ကြံ့ကြံ့ခံပြီး ထီးထီးကြီးရပ်နေတဲ့ နေရာလေးတစ်ခု။ ၀ိုးတ၀ါး အလင်းရောင်ပေမဲ့ အဲဒီနေရာကို ကျွန်မ မြင်နေရတယ်။ ကျွန်မသွားမဲ့ နေရာလေး အနီးနားရောက်တော့ “နံပါတ် xxx ဘတ်စ်ကားရောက်ရန် xx မိနစ်သာလိုသည်” လို့ ရေးထားတဲ့ စာတမ်းနီနီက ကျွန်မကို “မင်္ဂလာ နံနက်ခင်းပါ” လို့ ကြိုဆိုနှုတ်ဆက်နေသယောင်... ဒီလမ်းကိုမှ ကြောက်လို့ မလျှောက်ခဲ့ရင် ဒီခရီး ကျွန်မပေါက်တော့မယ် မထင်ဘူး။ ဟော.. ခုတော့ ဟိုးမှာ ကျွန်မစီးမဲ့ ဘတ်စ်ကားက စူးစူးရဲရဲ မျက်လုံးအလင်းနဲ့ ပိန်းမှောင်နေတဲ့ မြူတွေကို ခွဲလို့ ကျွန်မရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ထိုးဆိုက်လာတော့တယ်။

P.S ဒီနေ့တစ်နေ့လုံး မြူမကွဲပါ။ ပတ်ဝန်းကျင်တစ်ခုလုံး အုံ့ဆိုင်းမှောင်မဲနေတယ်။ ကြည့်လေရာတိုင်း မြူတွေနဲ့ ပိတ်နေတယ်။ အေးလို့ လူတိုင်းရဲ့နှာခေါင်းက အရက်မူးနေတဲ့ စန်တာကလော့စ်လို နီရဲနေတော့တယ်။


Share/Bookmark

သင်းကွဲငှက်လေးများ

ထိတ်ထိတ်ဝေေ၀ ညဥ့်နက်တွေထဲ
အေးစက်စက် သိုင်းဖက်လာတဲ့
လရောင်တစ်ဝက်တစ်ပျက်နဲ့ ဘဲ
ကိုယ့် အားငယ်မှုကို ကိုယ်သောက်သုံးရ...။
နှင်းတွေလေ......
ကျနေလိုက်တာများ တွတ်တီးတွတ်တာနဲ့ 
ဆရာမင်းလူရဲ့  “ငှက်ကလေး”ပေါ့
ပြတင်းတံခါးမှန်ထဲမှာ
ကိုယ့်ကိုကိုယ်ရှာဖွေယင်း
ဝိုင်ပြင်းပြင်းနဲ့ ဘဲ ....
ငိုချင်းမချမိအောင်
ကိုယ့်ကိုကိုယ် လှည့်ရှောင်နေရတယ်..။
သတ္တ၀ါ တစ်ခု ကံတစ်ခုတဲ့
တစ်ကောင်တည်းဘ၀မှာတော့
ကံပေါင်းများစွာက
အချက်ကျကျ ကပြီကရီလုပ်တိုင်း
ငါ့ အရောင်တွေ ခြောက်ခြားကြလေရဲ့.....။
ဘ၀တူငှက်ကလေးရေ
အလွမ်းဘဲဖြစ်ဖြစ် နာကျည်းမှုဘဲဖြစ်ဖြစ်
ငါကတော့....
ကင်းဗတ်စပေါ် အန်ချလိုက်တာဘဲ။
မင်းကတော့ ပိုတော်တာပေါ့...
ကွန်ပြူတာထဲ အန်ထည့်လိုက်ရော...
မင်းကမှော်ငှက်လေ
ငါ့ရဲ့ ကောင်းကင်ထက်မှာပေါ့...။

ငယ်ဇော်

စီဘောက်စ်မှာ လာလာအော်နေတဲ့ သူငယ်ချင်း ငယ်ဇော်က ကျွန်မအတွက် ခရစ်စမတ်လက်ဆောင်ဆိုပြီး ပေးလာတဲ့ ကဗျာလေးပါ။ သူက ကဗျာအစပ် တော်ရုံတင်မကဘူး ပန်းချီဆွဲလဲ တော်တယ်။ သူ့လက်ရာ ပန်းချီကား တစ်ချို့ကို သူ့ခွင့်ပြုချက်နဲ့ မျှဝေလိုက်ပါတယ်။ ပအိုဝ့်လူမျိုးပုံ၊ တောသားပုံတွေမို့လား မသိဘူး ကျွန်မတော့ အရမ်းနှစ်သက်မိပါတယ်။ ကျေးဇူးးးး ငယ်ဇော်(နေသစ်)... မယ်ရီ ခရစ်စမတ်ပါ...

naythiitmarket20by36

ntboysnbuffalo

thitblurrymarket 18by26

thitcharcoal20by26

waterjugs

Share/Bookmark

Saturday, December 22, 2007

စိတ်၏ အကွာအဝေး


တစ်နေ့တွင် ဆရာက ကျောင်းသားများကို “လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့ အချိန်မှာ အော်ပြီး ပြောကြတာလဲ” ဟု မေးလေသည်။ ကျောင်းသားများက အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က “စိတ်တည်ငြိမ်မှုတွေ ပျောက်ကုန်လို့ အော်တာပါ ဆရာ” ဟု ဖြေသည်။

ဆရာက “ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ” ဟု ပြန်မေးသည်။ ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

“လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ” ဆရာက ဆက်ပြီး....

“လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား... အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။ စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။ အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ”

“လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။ စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့” ဟု ဆရာက နောက်ဆုံး ရှင်းပြခဲ့သည်။

ဟိုးအရင် စာစရေးစကတည်းက ဘာသာပြန်ဖူးတာလေးပါ။ အသစ်အသစ်ရေးရမှာ ပျင်းနေတာနဲ့ မဖတ်ရသေးတဲ့ လူတွေကို ပြန်ကူးယူ ဖော်ပြလိုက်ပါတယ်။း)


Share/Bookmark

Friday, December 21, 2007

သူငယ်ချင်း


သူငယ်ချင်းနှစ်ဦး ခရီးအတူထွက်ကြရာ သဲကန္တာရ တစ်နေရာ အရောက်တွင် စကားများပြီး ထိုးကြိတ်ကြ လေသည်။ အထိုးခံရသူက စကားတစ်ခွန်းမျှ မပြောဘဲ သဲပေါ်တွင် “ယနေ့ ကျွန်တော့်သူငယ်ချင်း ကျွန်တော်ကို ထိုးသည်” ဟု ရေးမှတ်ထားလိုက်သည်။

နှစ်ဦးစလုံး ခရီးရှေ့ဆက်ကြပြီး တောအုပ်တစ်ခုအရောက် မြစ်တစ်စင်းတွေ့သဖြင့် အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။ မြစ်ထဲသို့ ရေဆင်းချိုးကြရာ အထိုးခံရသောသူက ရေနစ်သဖြင့် ကျန်သူငယ်ချင်းက ကယ်ဆယ်ခဲ့သည်။ သတိပြန်လည်လာသောအခါ “ယနေ့ ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ကို ကယ်တင်ခဲ့သည်” ဟု ကျေုာက်တုံးတစ်တုံးပေါ်တွင် ထွင်းခဲ့သည်။ ကယ်ဆယ်ခဲ့သော သူငယ်ချင်းက နားမလည်၍ “ဘာကြောင့် ကျွန်တော်ထိုးတုန်းက သဲပေါ်တွင် ရေးပြီး ကျွန်တော်ကယ်တာကို ကျောက်တုံးပေါ် ရေးရသလဲ” ဟု မေးလေသည်။

ထိုအခါ သူက “သူငယ်ချင်းက ကိုယ့်အပေါ် မကောင်းခဲ့တာတွေကို လေနှင့် အလွယ်တကူ လွှင့်ပါ ပျက်စီးနိုင်သော သဲပေါ်တွင် ရေးခဲ့ပြီး ကိုယ့်ကို ကူညီခဲ့တာတွေကို အလွယ်တကူ မပျက်စီးနိုင်သော ကျောက်တုံးပေါ်တွင် ထွင်းခဲ့ခြင်းဖြစ်သည်” ဟု ပြန်ဖြေလေသည်။

သူငယ်ချင်းများ ပေါင်းသင်းဆက်ဆံရာတွင် ထိခိုက်နာကျင်စေခြင်းသည် မတော်တဆဖြစ်၍ အလွယ်တကူ မေ့ပစ်သင့်ပြီး ကူညီခြင်းသည် တကယ့် အမှန်စင်စစ်ဖြစ်သောကြောင့် မှတ်သားထားသင့်သည်။ ထိုသို့ မှတ်သားနိုင် သူသာလျှင် လောကကြီးတွင် သူငယ်ချင်း ပေါများမည်ဖြစ်သည်။

ဆိုရိုးစကားတစ်ခုတွင်
တစ်မိနစ်အတွင်း လူတစ်ယောက်ကို သိနိုင်သည်။
တစ်နာရီအတွင်း ထိုသူနှင့် ခင်မင်သွားနိုင်သည်။
တစ်ရက်တွင် ထိုသူနှင့် အကောင်းဆုံး သူငယ်ချင်း ဖြစ်သွားနိုင်သည်။
အကောင်းဆုံး သူငယ်ချင်းသည် တစ်သက်လုံးအတွက်ဖြစ်သည်။
တစ်သက်လုံး အမှတ်ရနေတတ်သည်။

original from http://www.youthwant.com.tw

Share/Bookmark

ရက်စွဲထဲက ပုံရိပ်လေးများ (၁)


အိန္ဒိရားနား စကားပုံ တစ်ခုက “အကောင်းအဆိုးကို မျှဝေခံစားပေးတာ သူငယ်ချင်း” တဲ့။ တကယ်တော့ ရှုပ်ထွေးဗွေလီတဲ့ ဒီခေတ်မှာ အကောင်းအဆိုးကို ကိုယ်နဲ့ ထပ်တူခံစားပေးမဲ့ သူငယ်ချင်းဆိုတာ ရှားပါးခဲ့ပါပြီ။ ဒါကြောင့် “သာပေါင်း ညာစား” ဆိုတဲ့ စကားတစ်မျိုး ထွက်လာတယ် ထင်ပါတယ်။ ကိုယ်ရှေ့မှာ ကိုယ့်ကို မြှောက်ပင့်ပြီး ကွယ်ရာမှာ ကိုယ့်အကြောင်း အပုပ်ချတတ်တဲ့ သူငယ်ချင်းမျိုးလဲ ကြုံခဲ့ဖူးပါတယ်။ သူတို့တွေကတော့ ကိုယ့်လက်ဆယ်ချောင်းထဲမှာ မပါတာ အသေအချာပါပဲ။ ကိုယ့်ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှ အကောင်းအဆိုးကို မျှဝေခံစားပေးတဲ့၊ သူတို့နဲ့အတူ ဖြတ်သန်းခဲ့တဲ့ ကိုယ့်ရက်စွဲတွေကို ပျော်စရာတွေနဲ့ အရောင်ဆိုးပေးခဲ့တဲ့ လက်(၁၀)ချောင်းမပြည့်တဲ့ သူငယ်ချင်းတွေထဲက ပုံရိပ်လေးတစ်ချို့ကို အမှတ်တရအဖြင့် ချရေးလိုက်ပြန်ပါတယ်။

၎) အိအိ

me.jpg

အိအိ၊ ချင်းချင်း နှင့် ကျွန်မ
(ထိုင်ဝမ်ရှိ တိုင်းရင်းသား လူမျိုးစုတစ်စု၏ ၀တ်စုံနှင့်အတူ)

နာမည်နဲ့လိုက်အောင်ကို အိစက်ညှက်ညှောတဲ့ ဟန်အမှုအရာရှိတဲ့ မေမြို့သူလေးပါ။ ကျွန်မနဲ့ မေဂျာတူ၊ အတန်းတစ်တန်းငယ်တဲ့ သူငယ်ချင်းဖြစ်တယ်။ တက္ကသိုလ်စာသင်နှစ် (၄)နှစ်မှာ (၃)နှစ်လုံးလုံး ကျွန်မနဲ့ ကုတင်ချင်းကပ်ရက်နေခဲ့ သူလည်းဖြစ်တယ်။ အေးအေးနေတတ်ပေမဲ့ မဟုတ်မခံတဲ့ စိတ်ရှိတယ်။ ဟန်အမှုအရာက လှုပ်လှီလှုပ်လှဲ့ဆိုပေမဲ့ စိတ်ဓာတ်က မာကျောတယ်။ တစ်ဦးတည်းသော သူဌေးသမီးဖြစ်ပေမဲ့ အလုပ် အင်မတန် လုပ်တယ်။ ကြိုးစားတယ်။ တစ်ခနဲ့ဆို မျက်ရည်ကျတတ်တဲ့ကျွန်မ သူနဲ့အတူနေဖြစ်တဲ့ ကာလတစ်လျှောက်မှာ သူ့ဆီက စိတ်ဓာတ်တစ်ချို့ ကျွန်မ ရလိုက်တယ်ဆိုရင် မှားမယ်မထင်ဘူး။ တစ်ဆောင်ထဲ၊ တစ်ခန်းထဲ အတူနေခဲ့တဲ့ အတောအတွင်း ရှိတာလေးတွေ မျှစား၊ နေမကောင်းရင် အပြန်အလှန် ပြုစု၊ သူလဲရင် ကိုယ်ထူ၊ ကိုယ်လဲရင် သူထူနဲ့ ကျွန်မတို့ကြားမှာ အငြင်းအခုံ၊ အစောင်းအမြောင်းတွေ မရှိခဲ့ဖူးဘူး။ (၇) ယောက်နေရတဲ့ အခန်းထဲမှာ သူနဲ့ ကျွန်မက အတွဲအညီဆုံးဖြစ်တယ်။

သူနဲ့အတူဖြစ်ခဲ့ဖူးတဲ့ အမှတ်တရတွေထဲမှာ တစ်ခါက ညနက်သန်းခေါင် အဆောင်မှာ ကျွန်မတို့ အိပ်မောကျနေတုန်း အအိပ်ဆတ်တဲ့ကျွန်မ ညှော်နံ့ရလို့ လန့်နှိုးလာခဲ့တယ်။ မျက်လုံးကို ဖွင့်ကြည့်တော့ မီးရောင်ကြောင့် အခန်းတစ်ခုလုံး ထိန်လင်းနေတယ်။ အလင်းလာတဲ့ဖက်ကို အိပ်ချင်မှုးတူးနဲ့ ကျွန်မ လှမ်းကြည့်လိုက်တော့.. အား.. ပါး.. ပါး.. လမ်းကြားလေးပဲ ခြားထားတဲ့ အဆောင်ရဲ့ မျက်နှာချင်းဆိုင်က တိုက်အိုကြီး မီးလောင်နေတာကို တွေ့လိုက်တယ်။ အိအိကို အမြန်နှိုးပြီး ကုတင်ပေါ်ကနေ ကျွန်မ ခုန်ချလိုက်တာ ခြေမကျိုးရုံတမည်ဘဲ။ (ကုတင်က နှစ်ထပ်ကုတင်၊ အမြင့်က ကျွန်မ နှစ်ရပ်စာလောက်ရှိမယ်။ တိုင်လုံးတစ်လုံးနဲ့ ဟိုဖက်ဒီဖက် လှေကားထစ်တွေ လုပ်ပြီး ကုတ်တက်ရတယ်)

ကုတင်အောက်ရောက်တာနဲ့ ညှော်နံ့တွေ ထွက်သွားအောင် ပြတင်းပေါက်တွေ အကုန်ဆွဲဖွင့်ပြီး “မီးဗျို့... မီး.. မီး” နဲ့ ကျွန်မ ကုန်းအော်တော့တယ်။ ဘယ်လောက်ကြာကြာ ရပ်အော်နေလဲ မသိဘူး။ အိအိ လာဆွဲမှ အခန်းပြင်ဖက် ရောက်သွားတော့တယ်။ မီးလောင်တာကို တစ်ခါမှ မမြင်ဖူးတဲ့ ကျွန်မ အသက်ရှုလဲ ကြပ်နေပြီ။ ဒူးတွေလဲ တုန်နေပြီ။ အိအိကို ကြည့်လိုက်တော့ သူ့လက်ထဲမှာ အသက်ထက် အရေးကြီးတဲ့ မြန်မာပတ်စ်ပို့ စာအုပ်ကို တင်းတင်းဆုပ်ကိုင်လို့။
အဆောင်သော့က အဆောင်မှုးလက်ထဲမှာဆိုတော့ မီးကူးလာရင် နှစ်ထပ်ကနေ အတူခုန်ချဖို့ ကျွန်မတို့က စိတ်ကူးပြီးသား။ ဒါပေမဲ့ သိတဲ့အတိုင်း ဆက်သွယ်ရေးကောင်းတဲ့ နိုင်ငံဆိုတော့ မီးသတ်ကားက ချက်ချင်းရောက်လာခဲ့တယ်။

ဒီလိုပါပဲ.. အထီးကျန်တဲ့ ကျွန်မရဲ့ ရက်စွဲတွေကို အပျော်တွေ၊ အကောင်းအဆိုးတွေနဲ့ မျှဝေခံစားပေးခဲ့တဲ့ သူငယ်ချင်း၊ နွမ်းပါးတဲ့ ကျွန်မကို လခကောင်းတဲ့ အလုပ်တွေ ကူရှာပေးတဲ့ သူငယ်ချင်း၊ ကောင်းကောင်းဆိုးဆိုး အဆောင်မှာ ကျွန်မ ခိုးချက်သမျှဟင်းကို အားရပါးရ စားပေးတတ်တဲ့ သူငယ်ချင်း၊ တောင်ကြီးသူ ကျွန်မကို မခွဲနိုင်လို့လားတော့ မသိဘူး လွန်ခဲ့တဲ့ နှစ်နှစ်က တောင်ကြီးသား သူငယ်ချင်းတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ သူ့ဆီဖုန်းဆက်တိုင်း “ပြန်လာခဲ့တော့ ငါနဲ့လာနေ နိုင်ငံခြားမှာ ပင်ပန်းတယ်” လို့ ပြန်ချင်နေတဲ့ ကျွန်မစိတ်ကို ဆွပေးနေတယ်။ ပျော်ရာမှာ မနေ တော်ရာမှာနေတဲ့ ... အခုလို တစ်ယောက်ထဲ အထီးကျန်နေချိန်မှာ၊ အားငယ်ချိန်မှာ အားပေးစကားတွေ ပြောတတ်တဲ့ ရက်စွဲထဲက စိတ်ဓာတ်ကြံ့ခိုင်တဲ့ ပုံရိပ်လေးကို အောင့်မေ့ သတိရမိပါတယ်။

သာမန် သူငယ်ချင်းတစ်ယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။ အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။


Share/Bookmark

Thursday, December 20, 2007

ပွန်းပဲ့နေတဲ့ငှက်တစ်ကောင်

ဝင်းမြင့်

အပြင်မှာ
မှောင်တော့မယ် ညီမလေးရေ. . .

ခုလိုညနေခင်းတွေဆို
ခိုကိုးရာမဲ့ငှက်တွေကို အစာချကျွေးရင်း
ကိုယ့်ညီမလေးလည်း
လောကကို တစ်ဆုံးတွေးနေတော့မယ်။

အေးကွာ . .
မြို့ကြီးပြကြီးဆိုတာလည်း
တောကြီးမျက်မည်းလိုပါပဲ
လမ်းမနဲ့တူတဲ့ကိုယ့်ဘ၀ကို
ငုံ့ကြည့်ပြီး လျှောက်တာတောင်
လမ်းပျောက်လိုပျောက်
သစ်ပင်နဲ့တူတဲ့ လူရဲ့အောက်မှာရပ်ရင်း
မျက်လုံးနဲ့မတူတဲ့ အကြည့်တွေကို ရှောင်ဖယ်ရင်း
ကိုယ့်ညီမလေးချကျွေးတဲ့
အစာဗန်းလေးထဲမှာ
ငှက်တစ်ကောင်ဖြစ်ချင်ပါတယ်။

အခုလို အမှောင်တွေ တရစ်ချင်းဆင်းလာပြီဆို
ကိုယ့်ကိုယ်ကို ညဥ့်နက်ထားရတဲ့နေ့တွေဟာ
ခေါင်းပေါ်ကဆံပင်တွေလို ရှည်လျားဆဲ
ဒုက္ခဆိုတာကလည်း
တစ်ခါတစ်လေ ဖီးသင်သပ်ရပ်လိုက်
တစ်ခါတစ်လေ ရှုပ်ထွေးပွယောင်းလိုက်မဟုတ်လား
ငှက်တွေအိပ်တန်းဝင်ကြပြီ ညီမလေးရေ
"
ငါလည်းဒီည ဘယ်အကိုင်းမှာနားမလဲ"
အတွေးထူထူ
တိရစ္ဆာန်ရုံနဲ့တူတဲ့
ဆူဆူညံညံ အရက်ဆိုင်လေးထဲက ထွက်လာခဲ့တယ်။

ကဲ . . .
လောကကို ခပ်မော့မော့ကြည့်တတ်တဲ့ ကိုယ့်ညီမလေးရေ
မိုးတွေလည်းမှောင်လာပြီ
မင်းအခန်းတံခါးကို ပိတ်လိုက်တော့
မင်းစာဖတ်ချိန် မင်းအိပ်ချိန်
ပြီးတော့ မင်းအိပ်မက်တွေထဲ
ခေါင်းငိုက်စိုက် ပျံသန်းလာတဲ့ငှက်တစ်ကောင်
ခပ်တိုးတိုးပေါက်ကွဲရင်း
လမ်းလျှောက်နေတာတွေ့ရင်လည်း
မင်းသိထားတဲ့ အဘိဓမ္မာတွေ ဒိုင်ယာလော့တွေနဲ့
ငါ့ဘ၀ထဲ ချကျွေးပါအုံးကွာ

ဝင်းမြင့် (ပန်းတိုင် ၁၉၉၇)

ကဗျာချစ်သူတွေအတွက် ဒီလို ကဗျာလေးတွေ တင်တတ်တဲ့ ဘလော့ဂ်တစ်ခုကို ညွှန်းလိုက်ပါတယ်။ “ကဗျာသီတဲ့ကြိုး” တစ်ဖြစ်လဲ “ကဗျာဝိညာဉ်” ဆိုတဲ့ ဘလော့ဂ်လေးပါ။ (ကဗျာသီတဲ့ကြိုး ပတ်စ၀က်ကို မေ့သွားလို့ပါတဲ့.. ဖြစ်ရမယ်) နာမည်ကြီး ကဗျာဆရာတွေရဲ့ ကဗျာကို စုစည်းထားတဲ့ ဘလော့ဂ်လေးပါ။ မိုဃ်းဇော်ရဲ့ သေတမ်းစာ ကဗျာစာအုပ်ထဲက ကဗျာများကိုလဲ အလျှင်သင့်သလို တင်သွားပါမယ်လို့ ဆိုပါတယ်း)


Share/Bookmark

ကာတွန်း


zhudeyong cartoon

Share/Bookmark

Wednesday, December 19, 2007

Superstition



"Superstition" အယူသည်းခြင်း၊ အစွဲအလမ်းကြီးခြင်းတဲ့။ လူမျိုးခြားမှာမှ အယူသည်းတာတွေ ရှိတတ်တာ မဟုတ်ပါဘူး။ တစ်နိုင်ငံသားခြင်း လူမျိုးတူတွေမှာတောင် အယူသည်းတာ၊ အစွဲအလမ်းကြီးတာတွေ အမျိုးမျိုး ရှိတတ်ကြပါသေးတယ်။ သူငယ်ချင်းတွေ ပြောပြတဲ့ ကြားဖူးနားဝ အယူသည်းပုံ သည်းနည်းတွေနဲ့ ကျွန်မသိတာလေးတွေကို ချရေးလိုက်ပါတယ်။ ကျွန်မ မရေးဖြစ်တဲ့ ကြားဖူးနားဝလေးတွေ ရှိရင်လည်း ပြောပြကြပါလို့...

တစ်ခါက အတန်းထဲမှာ ဆရာမက ကိုယ်နိုင်ငံ၊ သူ့နိုင်ငံက လူတွေ အယူသည်းတတ်တာကို ပြောခိုင်းခဲ့တယ်။ တစ်ချို့ကျောင်းသားက သူတို့နိုင်ငံမှာ လှေကားအောက်ဖြတ်ရင်၊ ကြောင်အမဲတစ်ကောင် ကိုယ့်ရှေ့က ဖြတ်သွားရင် ကံမကောင်းဘူးလို့ ဆိုပါတယ်။ လက်နဲ့ အင်္ဂလိပ် အက္ခရာ “6” လို့ လုပ်တဲ့ပုံက တစ်ချို့နိုင်ငံမှာ လာဘ်ကောင်းတယ်လို့ ပြောတာ ဖြစ်ပေမဲ့ တစ်ချို့နိုင်ငံအတွက်တော့ အလွန်ရိုင်းတဲ့ သင်္ကေတလို့ ဆိုပါတယ်။ လက်ညှိုးနဲ့ လက်ခလယ် နှစ်ခု ထပ်ရင်တော့ ကံကောင်းပါစေဆိုတဲ့ သဘောပါတဲ့။ နောက် ကပ်ကြေးကို ပစ္စည်းမပါဘဲ အလွတ်လိုက် ညှပ်နေရင်လဲ မကောင်းဘူးလို့ ဆိုတယ်။

ထိုင်ဝမ်ရဲ့ စားသောက်ဆိုင်၊ တိုက်ခန်းတစ်ချို့မှာ “လေး” ဂဏန်းကို မသုံးကြဘူး။ ဥပမာ- စားသောက်ဆိုင်က စားပွဲခုံကို တစ်၊ နှစ်၊ သုံး ပေးပြီး လေးခုံမြှောက် စားပွဲကို နံပါတ် ငါးဆိုပြီး ပေးကြတယ်။ တိုက်ခန်းတွေလဲ အဲဒီလိုပဲ လေးထပ်ကို ငါးထပ်လို့ ခေါ်ကြတယ်။ အကြောင်းက တရုတ် “လေး” ဂဏန်းရဲ့ အသံထွက်က “သေ” ဆိုတဲ့ အသံထွက်နဲ့ ဆင်လို့ပါတဲ့။ အစွဲအလမ်း အယူသည်းပုံက တစ်မျိုးပါပဲ။

ကျွန်မတို့ အိမ်မှာလည်း မျိုးရိုးစဉ်ဆက် သုံးလာတဲ့ အယူသည်းပုံတွေလည်း ရှိပါတယ်။ အပူကန်လို့ ဒါမှမဟုတ် မျက်စိနာလို့ပဲဖြစ်ဖြစ် မျက်ထောင့်တွေ နီနေရင် အမေက ညရောက်ရင် အမွှေးတိုင်ထွန်းပြီး အိမ်မှာရှိတဲ့ လေးတဲ့ပစ္စည်းတွေ တစ်ခုချင်းစီ လိုက်ပင့်ပြီး ပါးစပ်ကလည်း “ကြွ.. ကြွ” လို့ အော်ခိုင်းတတ်တယ်။ စိတ်ကြောင့်ပဲလား.. ဘာလားတော့ မသိဘူး မနက်ကျရင် မျက်ထောင့်နီတာ ပျောက်သွားတတ်တယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ မနက်စောစော အိမ်ထဲ မိန်းမ၀င်ရင် တစ်နှစ်လုံး လာဘ်ပိတ်တယ်လို့လဲ ဆိုတယ်။ ကလေးမွေးပြီး ၁လမပြည့်တဲ့ မီးနေသည်တွေကိုလည်း အိမ်ထဲ အ၀င်မခံရပါဘူး။ အဲ... ကြွက်သတ်ဆေးထည့်တုန်း စကားပြောရင် ကြွက်လာမစားဘူးတဲ့။ ငရုတ်သီး ထောင်းနေတုန်း မျက်စိထဲ ၀င်သွားရင် ခြေမကို ရေစိမ်ရတာတို့၊ ကြက်သွန်နီ မွန်းတတ်ရင် အခွံခွါတဲ့အချိန် ဘေးမှာ ဆားအိုး ဒါမှမဟုတ် ရေတစ်ဇလုံ ထားပေးရတာတို့၊ သင်္ချိုင်းလိုက်ပို့ပြီး ပြန်လာရင် အရွက်တစ်မျိုး ရှို့ထားတဲ့ မီးပုံကို ခွလျှောက်ရတယ်၊ အချိုရည် သောက်ပေးရတယ် စတဲ့ အယူတွေက အမျိုးမျိုးပါပဲ။

အင်းလေးက အင်းသားသူငယ်ချင်း တစ်ယောက်ကို မေးကြည့်တော့ ညနက်သန်းခေါင် အိမ်ပြန်ရောက်ရင် မကောင်းဆိုးဝါး တစ္ဆေ သရဲတွေ ကပ်ပါလာမှာစိုးလို့ အနောက်လှည့်ပြီး တံထွေး ၃ခါ ထွေးပေးရတယ်လို့ ပြောပါတယ်။ ကလေးလေးတွေ ဆော့ကစားရင် လဲကျပြီး ခြေရောင်၊ လက်ရောင်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်နဲ့ မပျောက်ရင် လဲကျသွားတဲ့ နေရာကို ထမင်းကျန်၊ ဟင်းကျန်နဲ့ ထင်းရှုးစတစ်စ သွားမြုပ်ပေးရပါတယ်တဲ့။ အင်းလေးမှာ ရှင်လောင်းဝတ်ရင် အရင်ဦးဆုံး ကိုယ့်ရွာရဲ့ မြောက်ဖက်အရပ်က မြောက်နတ်မင်းဆီမှာ သွားပြရတယ်လို့ ဆိုပါတယ်။ မြောက်နတ်မင်းဆိုပေမဲ့ နတ်စင်တွေ ဘာတွေရှိတာ မဟုတ်ပါဘူး။ အင်းလယ်ခေါင်မှာ ဒီတိုင်း သူလုံးသွားပြတယ်လို့ သူက ရှင်းပြပါတယ်။ ရွာက လူတွေက တစ်လတစ်ကြိမ် မြောက်နတ်မင်းကို ဆွမ်းတွေနဲ့ သွားပူဇော်တတ်ကြသေးတယ်။ စိတ်ဝင်စားစရာ အယူတွေပါပဲ။

ကျွန်မတို့ ငယ်ငယ်တုန်းက အဆော့လွန်ပြီး အိမ်ပြန်နောက်ကျလို့ အမေဆူမှာစိုးရင် သူငယ်ချင်း အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အသက်အောင့်ပြီး (၇)ချက်စီ ပုတ်တတ်ကြတယ်။ ဒါမှမဟုတ် အသက်အောင့်ပြီး လူမမြင်အောင် မြက်(၇)ပင် နှုတ်ပြီး ထည့်သွားတတ်တယ်။ အမေ စိတ်ကောင်းဝင်နေတဲ့ အချိန်နဲ့တိုးရင် အဆူ၊ အဆဲ၊ အရိုက်မခံရပေမဲ့ မြက်ပဲနှုတ်နှုတ်၊ ၇ ချက်ပဲပုတ်ပုတ် အိမ်ပြန်နောက်ကျရင်တော့ အဆူခံရတာ များပါတယ်။ ဒါပေမဲ့ အဲဒီလို အစွဲအလမ်း၊ အယူတွေကို ယုံယုံကြည်ကြည်နဲ့ သုံးစွဲခဲ့ဖူးတယ်။

ညဖက်မှာ ခြေသည်း၊ လက်သည်း မညှပ်ကောင်းဘူး။ ဘယ်နေ့မှာ ခေါင်းမလျှော်ရဘူး၊ ရေမချိုးရဘူး စတဲ့ အစွဲအလမ်းတွေက ဗမာလူမျိုးမှာ အများဆုံးကြားရပါတယ်။ တိုက်ဆိုင်လို့၊ စိတ်စွဲလို့ မှန်သွားတဲ့ အယူတွေရှိပေမဲ့ တစ်ခုခုကို ယုံကြည်၊ ကိုးကွယ်၊ စွဲလမ်းတဲ့စိတ်တွေဟာ အစွန်းမရောက်ဖို့ပဲ လိုတယ်လို့ ထင်ပါတယ်။


Share/Bookmark

Tuesday, December 18, 2007

ပန်းစကား


ပန်းတစ်ပွင့်က ပြောပါတယ်....
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။


Share/Bookmark

Unicef Photo of the Year



ဒီပုံကတော့ UNICEF Photo of the Year (United Nations International Children's Emergency Fund) ၂၀၀၇မှာ ပထမဆုရ ဓာတ်ပုံဖြစ်တယ်။ ဒီတိုင်းကြည့်ရင် ပုံက အဖေနဲ့သမီး ဒါမှမဟုတ် အဘိုးနဲ့မြေးလိုပဲ ဘာမှ ထွေထွေထူးထူး ဖြစ်မနေပါဘူး။ ဒါပေမဲ့ ဒီပုံကို အမေရိကန် ဓာတ်ပုံဆရာ Stephanie Sinclair က အာဖဂန်နစ္စတန်နိုင်ငံရဲ့ မင်္ဂလာပွဲတစ်ခုမှာ ရိုက်ခဲ့တဲ့ ပုံဖြစ်တယ်။ အသက်(၄၀) သတိုးသားနဲ့ အသက်(၁၁)နှစ်သာရှိသေးတဲ့ သတိုးသမီးတို့ရဲ့ လက်ထပ်ပွဲဖြစ်တယ်။ အာဖဂန်နစ္စတန်က မိန်းကလေးအများစုဟာ အသက်မပြည့်ဘဲ အိမ်ထောင်ပြု ကြရတယ်။ ကမ္ဘာပေါ်မှာ အသက်မပြည့်ဘဲ အိမ်ထောင်ပြုကြရတဲ့ မိန်းကလေးပေါင်း ၆၀ မီလီယံရှိတယ်လို့ children's rights agency က ဆိုပါတယ်။

ဒါက ဒုတိယဆုရ ပုံဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်က အုတ်ခဲသယ်နေတဲ့ ကလေးတွေရဲ့ ပုံပါ။ ဒီလို ကလေးအလုပ်သမားတွေ ဘင်္ဂလားဒေ့ရှ်မှာ ၃.၃မီလီယံလောက် ရှိတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဓာတ်ပုံဆရာ
G.M.B. Akash ရဲ့ လက်စွမ်းဖြစ်တယ်။

ဒါက ဂျာမန် ဓာတ်ပုံဆရာ
Hartmut Schwarzbach ရဲ့ တတိယဆုရပုံ ဖြစ်တယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Annalyn ဆိုတဲ့ ကလေးမက အမှိုက်ပုံမှာ စွန့်ပစ်ဆိုဖာပေါ်တက်ပြီး သူ့ရဲ့ ကိုးနှစ်ပြည့် မွေးနေ့ကို ကျင်းပနေတဲ့ ပုံဖြစ်တယ်။ သူတို့ မိသားစုဟာ ဒီမီးသွေး အမှိုက်ပုံမှာ နေအိမ်သဖွယ်နေလာတာ ၃နှစ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

ဒီနေ့ထုတ် လန်ဒန် Metro သတင်းစာမှာပါတဲ့ သတင်းလေးတွေပါ။ မြန်မာပြည်မှာလဲ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ လူမမယ် ကလေးတွေ ဒုနဲ့ဒေးပါပဲ။
မြန်မာပြည်က ဓာတ်ပုံဆရာတွေလဲ ပြိုင်ပွဲဝင်ခဲ့မယ်ဆိုရင် ဆုတစ်ခုခုတော့ ချိတ်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ တစ်ခြားပုံလေးတွေကို ဂူဂယ်လ်မှာ ထပ်ရှာကြည့်တော့ ဒီဆိုက်ကို တွေ့ပါတယ်။ စိတ်ဝင်စားသူများ ဖတ်နိုင်အောင် မျှဝေလိုက်ပါတယ်။

http://www.unicef.de/foto/2007/english/index.htm


Share/Bookmark

Monday, December 17, 2007

သော့


သူဟာ မိသားစုအပေါ် သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်ပါ။ လက်ထပ်ပြီးနောက် သူကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်စေခဲ့တယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပါးပြီး ညည့်နက်မှ ပြန်လာတာကိုလည်း ကျွန်မ ခွင့်လွတ်ခဲ့တယ်။ အားလပ်ချိန်မှာ အိမ်အလုပ် ကူမလုပ်ခဲ့တာ ကိုလည်း သည်းခံခဲ့တယ်။

သော့တစ်ချောင်း အစပြုလို့ သူ့ကို ကျွန်မစပြီး သံသယ၀င်မိတယ်။ ကျွန်မဟာ အိမ်ထောင့်တာဝန် ကျေပွန်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက် မဟုတ်ခဲ့ပေမဲ့ သူ့အပြုအမှု၊ သူ့အရိပ်အကဲကို ကြည့်ပြီး သူ့စိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်မ ခန့်မှန်းလို့ရပါတယ်။ သူမှာ နဂိုသော့(၄)ချောင်းရှိတယ်။ အိမ်တံခါးမကြီးသော့၊ အိပ်ခန်းနှစ်ခန်းသော့၊ နောက်သူ့ရုံးခန်းသော့... ဘယ်တုန်းကများ သူ့အိတ်ထဲ သော့တစ်ချောင်း ပိုလာတာလဲ... ကျွန်မ အလေးမထားသလိုနဲ့ မေးကြည့်ဖူးသေးတယ်။ ဒါပေမဲ့ သူဘာမှ မသိသလိုနဲ့ စကားလမ်းကြောင်းလွဲလိုက်တယ်။ ဒါကြောင့် အဲဒီသော့ကို ကျွန်မပို သံသယဖြစ်မိတယ်။

သူ့ကို အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်မ ဖုန်းဆက်တတ်လာတယ်။ လမ်းကြုံသလိုနဲ့ သူ့ရုံးခန်းကို သွားတတ်လာတယ်။ ရုံးဆင်းရင်လည်း သူ့ကိုသွားကြိုသလိုနဲ့ ကျွန်မ အဲ
ဒီသော့အကြောင်းကို စုံစမ်းတတ်လာခဲ့တယ်။ အရင်ကလို အလုပ်ကို ကျွန်မ ဦးစားမပေးတော့ဘဲ သူ့ကို ပိုဂရုစိုက်၊ ပိုပြုစုတတ်လာတယ်။ ရုံးပိတ်ရက်တွေဆိုရင်လည်း အပြင်ထွက်မလည်တော့ဘဲ အစားကောင်းတွေ ချက်ပြုတ်ရင်း သူ့အတွက် အိမ်ထောင်ရှင်မကောင်း တစ်ဦးဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ နှောင်းသွားခဲ့ပြီလား...

သူအရင်ကထက် စကားနည်းလာတယ်။ အရင်ကလို သူ့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ ကျွန်မကို အသိမပေးတော့ဘူး။ သန်းခေါင်ယံ နိုးလာရင်လည်း လေသာဆောင်မှာ မိုးလင်းပေါက် ထိုင်နေခဲ့တတ်တယ်။ အမြဲစိတ်လှုပ်ရှားနေတတ်ပြီး အရင်လို မသွက်လက်တော့ဘူး။ ဟိုမေ့
ဒီမေ့နဲ့ အလုပ်မှာလည်း စိတ်ပါဝင်မှု လျှော့လာခဲ့တယ်။ သူပြောင်းလဲသွားပြီလား.. ဒါပေမဲ့ ကျွန်မအပေါ် ချစ်တဲ့စိတ်၊ ယုယတဲ့စိတ်တော့ မပြောင်းလဲခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ သံသယ၀င်နေဆဲပါပဲ။

နေ့ညမပြတ် အဲ
ဒီသော့ရဲ့ သဲလွန်စကို ကျွန်မရှာခဲ့တယ်။ နောက်ဆုံး အဲဒီသော့ဟာ ဘဏ်တစ်ခုရဲ့ မီးခံသေတ္တာသော့ဆိုတာကို ကျွန်မ စုံစမ်းခဲ့ရတယ်။ သော့ကို သူမသိအောင် ကျွန်မတိတ်တိတ်လေး ယူပြီး ဘဏ်ကို သွားလိုက်မိတယ်။ ကျွန်မ တုန်လှုပ်စွာနဲ့ သော့ကို ဖွင့်ရင်း သိချင်စိတ်က အရမ်းပြင်းပြနေခဲ့တယ်။ ဖွင့်လိုက်တဲ့ အချိန်မှာတော့ အတွင်းမှာ ရတနာသေတ္တာ ဘူးလေးတစ်ခု... ကျွန်မ အသက်ကို ပြင်းပြင်းရှုရင်း သေတ္တာကို ဖွင့်လိုက်မိတယ်။ “တော်တော်ရိုးအတဲ့လူ” လို့ ရေရွတ်ပြီး ကျွန်မ ပြုံးလိုက်မိတယ်။

ဘူးထဲမှာ ဓာတ်ပုံတစ်ပုံ... ပုံက ကျွန်မနဲ့သူ ပထမဆုံး တွဲရိုက်ထားတဲ့ပုံ... နောက် သူ့ကို ရေးပေးခဲ့ဖူးတဲ့ ကျွန်မရဲ့ စာတွေ စုစုပေါင်း(၂၈)စောင် ကျွန်မ အချိုမြိန်ဆုံး ပြုံးလိုက်မိတယ်။

စာတွေရဲ့ အောက်မှာတော့ ချက်လက်မှတ်နဲ့ သေတမ်းစာ “အခုမှ အသက်၃၀ကျော်ပဲ ရှိသေးတယ်။ ဘာသေတမ်းစာ ရေးထားတာလဲ.. အိမ်ရောက်မှ ကောင်းကောင်းဆူလိုက်ဦးမယ်” ကျွန်မ ရေရွတ်နေပေမဲ့လည်း ဘာသေတမ်းစာလဲဆိုတာကို အရမ်း စိတ်ဝင်စားသွားမိတယ်။ စာအိတ်ကို ကျွန်မ ဖောက်ကြည့်လိုက်မိတယ်။ သေတမ်းစာထဲမှာတော့ xxxx အိမ်နဲ့ စုငွေ ၂၀%ကို မိဘအတွက်၊ ၁၀% အစ်ကိုအတွက်၊ ၃၀% ကို ဘိုးဘွားရိပ်သာအတွက်၊ ကျန်တဲ့ငွေနဲ့ ရင်းနှီးမြုပ်နှံငွေတွေမှာတော့ ကျွန်မနာမည်ရေးထားတယ်။ ကျွန်မ ငိုမိတယ်။

ကျွန်မသာ သူ့ကို သံသယ၀င်နေခဲ့တာ၊ မယုံခဲ့တာ။ တကယ်တော့ သူဟာ ကျွန်မကိုပဲ ချစ်ခဲ့တယ်။ သစ္စာရှိခဲ့တယ်။ စာရွက်တွေကို ဘူးထဲ ပြန်ထည့်မယ်လုပ်တော့ ကျွန်မလက်ထဲကနေ စာရွက်လေးတစ်ရွက် ပြုတ်ကျသွားတယ်။ ကျွန်မ ကောက်ယူကြည့်မိတော့ ဆေးစာတစ်စောင်... လူနာနေရာမှာ သူ့နာမည် ရေးထားတယ်။ ဆေးစာရဲ့ အောက်တစ်နေရာမှာ ရှင်းလင်းထင်ရှားတဲ့ စာလုံးလေးလုံး “အရိုးကင်ဆာ” တဲ့။

လူတိုင်းရဲ့ စိတ်မှာ သော့တစ်ချောင်းကိုယ်စီရှိတယ်။ အဲ
ဒီသော့ရဲ့ နာမည်က “သံသယ” တဲ့။ ကျွန်မကတော့ ပြောလိုက်ချင်ပါတယ်။ လူတိုင်းမှာ စိတ်တံခါးပေါက် တစ်ပေါက်ရှိတယ်။ အဲဒီတံခါးပေါက်ကို “သံသယ တံခါးပေါက်” လို့ခေါ်တယ်။ “အချစ်”ဆိုတဲ့ သော့သာ အဲဒီတံခါးပေါက်ကို ဖွင့်နိုင်မှာပါ။

(သော့ဆိုတာ တံခါးဖွင့်ဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ တံခါးခေါက်ဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ပစ္စည်းရဲ့ အသုံးဝင်ပုံဟာ သုံးတဲ့လူရဲ့ သုံးတတ်တဲ့ အပေါ်မှုတည်ပါတယ်)

နိုင်းနိုင်းစနေ
သွားဖတ်နေကျ youthwant.com.tw ထဲက စာလေးတစ်ပုဒ်အား ဘာသာပြန် ခံစားသည်။

Share/Bookmark

Happiness beats riches for young


ကျော်ကြားခြင်းနဲ့ ချမ်းသာခြင်းက လူတွေ မက်မောတဲ့အရာဖြစ်ပေမဲ့ ပျော်ရွှင်ခြင်းက ကမ္ဘာပေါ်မှာ အရေးပါဆုံးအရာဖြစ်ကြောင်း စစ်တမ်းအရ သိရတယ်။ ၂၀၀၅/၂၀၀၆ ခုနှစ်တုန်းက “ချမ်းသာခြင်း” ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ “ချမ်းသာခြင်း” “ကျော်ကြားခြင်း”ရဲ့ နောက်မှာ “ပျော်ရွှင်ခြင်း” က ကပ်လိုက်လာခဲ့တယ်။

“အကြမ်းဖက်မှု”က ကမ္ဘာပေါ်မှာ အဆိုးဆုံးအရာလို့ ကလေးတွေ မဲပေးကြပြီး "Harry Potter" နဲ့ "Simon Cowell”တို့က ဘုရားသခင် “Jesus” ထက်တောင် နာမည်ကြီးပါသတဲ့။ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့မှာ မဲပေးတဲ့ ကလေးတွေက တကယ်လို့ သူတို့သာ ကမ္ဘာကြီးကို အုပ်စိုးရမယ်ဆိုရင် “ဓား” “သေနတ်”တွေကို ပိတ်ပင်ပြီး ကျောင်းပိတ်ရက်တွေ ပိုများဖို့ လုပ်မယ်လို့ မဲပေးကြတယ်။

ချမ်းသာဖို့အတွက် ငွေကြေးဘယ်လောက် လိုသလဲလို့ ကလေးတွေကို မေးတဲ့အခါ စတာလင်ပေါင် ၅၀၀ ကနေ ၁ဘီလီယံအထိ လို့ ဖြေကြတယ်။ တစ်ချို့ကတော့ သူတို့ရဲ့ အကောင်းဆုံး သူငယ်ချင်းနဲ့ ပျော်ရွှင်ဖို့လို့ ဖြေကြတယ်။ သူတို့အကြိုက်ဆုံးနေ့က စနေနေ့ဖြစ်ပြီး အဲဒီနေ့မှာ တစ်နေကုန် တီဗွီနဲ့ ဘောလုံးပွဲတွေ ကြည့်ရလို့ပါတဲ့။

“အကြမ်းဖက်မှု” က မူးယစ်၊ အ၀လွန်၊ အနိုင်ကျင့်၊ နာမကျန်းနဲ့ သေဆုံးခြင်းတွေ နောက်မှာ ကပ်လိုက်ပါတယ်။ ၂၀၀၅မှာ မူးယစ်ခြင်းက အဆိုးဆုံးဖြစ်ခဲ့ပြီး ၂၀၀၆ မှာတော့ သတ်ဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၀၅ နဲ့ ၂၀၀၆ မှာ ဘုရားသခင်ဟာ အကျော်ကြားဆုံး စာရင်းဝင်ဖြစ်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ "The Queen" နဲ့ "Harry Potter" ကြောင့် တတိယနေရာကို ရောက်သွားပါတယ်။

အပြည်ပြည်ဆိုင်ရာ ကလေးများနေ့မှာ စာပွန်ဆာပေးတဲ့ Patricia Murchie က “ဒီလို အသက်အရွယ် ကလေးတွေမှာ ကမ္ဘာကြီးကို ပြောင်းလဲချင်တဲ့ အပြစ်ကင်း ရိုးသားတဲ့ စိတ်ကူးလေးတွေရှိကြတယ်။ ဒါပေမဲ့ အဲဒီစိတ်ကူးတွေကို ဖော်ထုတ်ဖို့ အခွင့်အရေးက ရှားပါးခဲ့တယ်” လို့ ပြောပါတယ်။

Most Famous people in the world

1. The Queen (အင်္ဂလန် ဘုရင်မကြီး)
2. Harry Potter
3. God
4. Father Christmas
5. Simon Cowell
6. Jesus
7. Jonny Wilkinson
8. Spider-Man
9. Prince William
10. David Cameron

ဒီနေ့ထုတ် လန်ဒန် Metro သတင်းစာထဲက Jo Steele ရေးထားတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ။ ဆီလျှော်အောင် ဘာသာပြန်ပါတယ်။


Share/Bookmark

Saturday, December 15, 2007

မှားတပ်မိတဲ့ ကြယ်သီးများ


ခွေးဟောင်ခံရသူတိုင်းဟာ သူခိုး မဟုတ်သလို ဆံပင်ရှည်ထားသူတိုင်းလဲ အနုပညာသမား မဟုတ်နိုင်ဘူး။ ဒါပေမဲ့ တစ်ချို့လူတွေမှာ “နှိမ်ကြည့်တတ်တဲ့” မျက်လုံးတွေရှိတယ်။ ကိုယ်မြင်သမျှ “လူ”ကို အဲဒီမျက်လုံးတွေက “အထင်အမြင်” မှားစေတတ်တယ်။

ရုံးပိတ်ရက်တွေမှာ နာမကျန်းတဲ့ မိခင်ကို ကြည့်ဖို့ပြန်တဲ့ မိန်းမကို သူက သောကြာနေ့ ညတိုင်း ဘူတာရုံ လိုက်ပို့တတ်တယ်။ သူ့ မိန်းမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်အကြာမှာ မိန်းမ မရှိတုန်း အိမ်မှာ လာကူပေးမဲ့ သူ့ညီမစီးတဲ့ ရထားဆိုက်တယ်။ တနင်္ဂနွေနေ့မှာတော့ မိန်းမနဲ့ ညီမရဲ့ ခရီးစဉ်က ပြောင်းပြန်ပါ။ ညီမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်မှ မိန်းမစီးတဲ့ ရထားဆိုက်တယ်။

တစ်ညမှာ ညီမရဲ့ ရထားထွက်သွားပြီး မိန်းမ ပြန်အလာကို သူဆက်စောင့်နေခဲ့တယ်။ ဘူတာဝန်ထမ်းတစ်ဦးက သူ့ဆီလျှောက်လာပြီး “ဆရာ.. ခင်ဗျာ သိပ်ပိုင်တာပဲ။ တစ်နေ့နေ့ မိသွားမှာ မစိုးရိမ်ဘူးလား” လို့ ရယ်ကျဲကျဲနဲ့ မေးတော့တယ်။

တစ်ချို့ လူတွေက တစ်ခြားသူတွေနဲ့ ဆက်ဆံရမှာ “ကြိုတင် ရှုတ်ချမဲ့” မျက်မှန်ကို တပ်ထားတတ်တယ်။ လူတွေကို လေးထောင့် “ဘောင်”ထဲ ထည့်ပြီး သူရဲ့အကျင့်စရိုက်၊ သူ့ရဲ့ သဘောထားကို ဘောင်ခတ်ပြီး “သူက လူဆိုး”“သူက လူကောင်း” “နောက်မီးလင်းနေတာ” “သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ” လို့ ထင်မြင်ချက်တွေ ပေးတော့တယ်။ နောက်တော့ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲနေတာတွေ ဖြစ်တတ်တယ်။

နောက်အဖြစ်အပျက် တစ်ခုက ဆိုင်တစ်ဆိုင်ရဲ့ စားပွဲတစ်လုံးမှာ အမျိုးသမီးနှစ်ဦး ထိုင်ပြီး အစားစားနေကြတယ်။ တစ်ယောက်က သူ့ထီးကို စားပွဲဘေးမှာ ထောင်ထားတယ်။ ကျန်တဲ့တစ်ယောက် အရင်စားပြီးတော့ အယောင်ယောင် အမှားမှားနဲ့ ထီးကို ယူပြီး ထထွက်ဖို့ လုပ်တယ်။ ဒါကို ထီးပိုင်ရှင် အမျိုးသမီးက မြင်တော့ “ဒါ ကျွန်မရဲ့ ထီး” ဆိုပြီး လှမ်းအော်တယ်။ အယူမှားသွားတဲ့ အမျိုးသမီးက အားတုန့်အားနာနဲ့ ကိုယ့်ထီးလို့ထင်ပြီး ယူမိကြောင်း တောင်းပန်ပါတယ်။

ထီးမှားယူမိတဲ့ အမျိုးသမီးက ဆိုင်အပြင် ရောက်တော့ ထီးဝယ်ဖို့ သတိရလိုက်တယ်။ အပြန်လမ်းမှာ သူနဲ့သားအတွက် ထီးနှစ်ချောင်း ၀ယ်လိုက်တယ်။ ဖြစ်ချင်တော့ ဆိုင်မှာတွေ့ခဲ့တဲ့ ထီးပိုင်ရှင်ကို ဘတ်စ်ကားပေါ်မှာ ပြန်တွေ့လိုက်တယ်။ ထီးပိုင်ရှင်က သူ့လက်ထဲက ထီးနှစ်ချောင်းကို ကြည့်ပြီး အထင်အမြင်သေးတဲ့ ပုံစံနဲ့ “ မဆိုးဘူးဘဲ.. ဒီနေ့ တွက်ခြေကိုက်တာပဲ” လို့ ပြောလိုက်တယ်။

တစ်ချို့လူတွေက တစ်ခြားသူကို ဝေဖန်တဲ့အခါမှာ အဲဒီလူကို “အကောင်း” သို့မဟုတ် “အဆိုး” လို့ မြင်ပြီး ကိုယ်ထင်မြင်ချက်တွေကို ပေးတတ်ကြတယ်။ ကိုယ့်အတွက် “အကောင်း” လို့ ထင်တဲ့လူကို သူ့ရဲ့စကား၊ သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ဝေဖန်တယ်။ ကိုယ့်အတွက် “အဆိုး” လို့မြင်သူကိုတော့ ကိုယ်မြင်သမျှ မကောင်းကွက်တွေကို သူ့အပေါ် ပုံအောပစ်လိုက်တတ်ကြတယ်။ ဒါကို “Halo Effect” (ရောင်ခြည်အ၀န်း အကျိုးသက်ရောက်မှု) လို့ခေါ်တယ်။ ဥပမာ - လူတွေက လကို ကြည့်လိုက်တာနဲ့ လရဲ့ဘေးမှာ ဖြာထွက်နေတဲ့ ရောင်ခြည်ကိုလဲ သတိထားမိတတ်ကြသလိုပေါ့။

တစ်ချို့ လူတွေက ကိုယ့်ရဲ့ ပထမဆုံးမြင်တဲ့ ထင်မြင်ချက်နဲ့ တစ်ခြားလူတစ်ယောက်ရဲ့ အပြုအမှု၊ အပြောအဆိုကို ဝေဖန်တတ်ကြတယ်။ စကားပုံတစ်ခုမှာ “နှိမ်ကြည့်တတ်တဲ့ အကြည့်ဟာ အသိဥာဏ်မရှိတဲ့ ကလေးနဲ့ တူတယ်” လို့ ဆိုထားပါတယ်။ လူအများစုက ကိုယ့်ကို နားမလည်သလို ကိုယ်ကလဲ လူတိုင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နှိမ့်ကျတဲ့အကြည့်၊ အထင်အမြင်မှားတဲ့ အတွေးမျိုးနဲ့ တစ်ဖက်သားကို မဝေဖန်သင့်ဘူး။ ဝေဖန်ခံခဲ့ရရင်လဲ စိတ်ထဲမှာ တေးမှတ်မထားသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ကြယ်သီးတစ်လုံးကို လူတိုင်း မှားတပ်မိခဲ့ဖူးကြမယ် မဟုတ်ပါလား....

original from http://www.youthwant.com.tw


Share/Bookmark