Wednesday, December 31, 2008

နှစ်သစ်မင်္ဂလာမှာ ပျော်ရွှင်ကြပါစေ


ဒီဇင်ဘာ ၃၁ကို လက်ပြပြီး ဇန်န၀ါရီ ၁ကို နှုတ်ဆက်လိုက်ပါသည်။

၂၀၀၈ ခုနှစ်တွင်....
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးသွားသော နိုင်ငံအသီးသီးမှ အာဇာနည်များကို အလေးပြုပါ၏။

၂၀၀၈ခုနှစ်တွင်....
လူမျိုးနှင့် နိုင်ငံတော်အတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်နေသော သူရဲကောင်းများကို အလေးပြုပါ၏။

၂၀၀၈ ခုနှစ်တွင်....
တည့်တည့်မတ်မတ် ရပ်တည်နိုင်ရန် ချိုင်းထောက်သဖွယ် ဖေးမကူညီခဲ့သော သူငယ်ချင်းများကို အလေးပြုပါ၏။

၂၀၀၈ ခုနှစ်တွင်....
ဤဘလော့ဂ်သို့ လာရောက် လည်ပတ်ကြကုန်သော ဘလော့ဂ်သူ၊ ဘလော့ဂ်သားများကို အလေးပြုပါ၏။

၂၀၀၈ ခုနှစ်တွင်....
ဤဘလော့ဂ်ရှိ စာများကို အချိန်ယူ လာရောက်ဖတ်ရှုကြသော အနယ်နယ် အရပ်ရပ်မှ စာချစ်သူအပေါင်းတို့ကို အလေးပြုပါ၏။

၂၀၀၉ခုနှစ်တွင် ပျော်ရွှင်ချမ်းမြေ့နိုင်စေရန် ဆုတောင်းပေးကုန်ကြသော သူငယ်ချင်းများကို အလေးပြုပါ၏။

ဤယခုပို့စ်ကို ဖတ်ရှုနေသူများကို လေးလေးစားစား အလေးပြုလိုက်ပါသည်။ ၂၀၀၉ခုနှစ်တွင် စိတ်ရောကိုယ်ပါ ကျန်းမာပြီး လိုအင်ဆန္ဒဟုသမျှ ပြည့်ဝစေရန် တောင်းဆုပြုလိုက်သည်။

နိုင်းနိုင်းစနေ


Share/Bookmark

ခေါပုတ်


Ei ဆိုတဲ့ ကောင်မလေးက ခေါပုတ်စားချင်တယ်။ ဝယ်မရလို့ ဘယ်လိုလုပ်လဲ ရေးပါအုန်းလို့ အီးမေးလ်ပို့ထားတာ ကြာနေပါပြီ။ ကျွန်မလည်း ရေးမယ်ရေးမယ်နဲ့ ရေးချင်တာကများတော့ ခေါပုတ်ဖက် မလှည့်ဖြစ်ဘူး။ သူ့ခမျာ ဘယ်လောက်စားချင်နေလဲ မသိဘူး.. ကော်မန့်ထဲအထိတောင် လိုက်လာခဲ့တယ်။ ကျွန်မကလည်း အကျင့်မကောင်းဘူး၊ စားချင်သူ ပိုသွားရည်ကျအောင် ပုံတွေနဲ့ မြူဆွယ်နေခဲ့တာ.. :P

ဆောင်းရာသီက ချောပုတ်ရာသီမို့ သူစားချင်မယ်ဆိုလည်း စားချင်လောက်ပါတယ်။ နှစ်သစ်ကူးခါနီးပြီးမို့ ဒီအချိန်ဆိုရင် ကျွန်မတို့ရွာမှာ အိမ်တိုင်းလိုလို ခေါပုတ်တွေ ထောင်းနေကြပါပြီ။ ခေါပုတ်လုပ်ရတာ မခက်ပါဘူး။ ကျွန်မတို့ လုပ်နေကျက ကောက်ညှင်းကိုပေါင်းပြီး ဆုံထဲထည့်ထောင်းလိုက်ရုံပါပဲ။ ကောက်ညှင်းက စီးတဲ့အတွက် ထောင်းရတာ အင်မတန်လက်ဝင်ပြီး ပင်ပန်းပါတယ်။ ကျောက်ဆုံနဲ့ဆိုရင် ပိုအဆင်ပြေပါတယ်။ ထောင်းတဲ့အခါမှာ ဆုံအောက်မှာ ကပ်မနေအောင် ဆီသုတ်သုတ်ပေးရသလို (နှစ်သက်ခဲ့ရင်) နှမ်းလေးတွေ ဖြူးပြီး အတူရောထောင်းလို့ ရပါတယ်။ (နှမ်းကို အရင်ဆုံး မွှေးနေအောင် လှော်ထားရပါမယ်)

ညှက်သွားတဲ့ ကောင်ညှင်းကို ဆုံထဲကထုတ် လိုအပ်တဲ့အရွယ်လေးလုံးပြီး အချပ်လေး လုပ်လိုက်ရုံပါပဲ။ (ရောင်းတန်းခေါပုတ်က အချပ်ပါးပါတယ်) ရလာတဲ့အချပ်ကို ငှက်ပျောရွက်ပေါ်တင်ပြီး နေလှန်းလိုက်တယ်။ နှစ်သစ်ကူးရင် ကျွန်မတို့က ခေါပုတ်ကို ဆောင်းတွင်းတစ်တွင်းစာ ထောင်းထားတတ်ကြတဲ့အတွက် ကြာရှည်အထားခံအောင် တစ်ချို့ကို အချပ်မလုပ်ဘဲ လေးထောင့်တုံးရှည်အဖြစ် လုပ်ထားတတ်ပါသေးတယ်။ အထားခံအောင်ဆိုပေမယ့် ရေခဲသေတ္တာမရှိတော့ ခေါပုတ်က ကြာလာရင် မှိုတက်လာတတ်ပါတယ်။ အဲဒီအချိန်ကျရင် ကျွန်မတို့က ခေါပုတ်ကို ရေစိမ်ထားတတ်ပါတယ်။ ရေကိုနေ့တိုင်း လဲပေးရပါတယ်။

ဒီတာချီလိတ်မှာတော့ ပုံထဲက မြင်ရတဲ့အတိုင်း ခေါပုတ်ကိုကင် အလယ်မှာ ကြံသကာမှုန့်ဖြူးပြီး နှစ်ခေါက်ခေါက် ကင်ပေးပါတယ်။ ခေါပုတ်ကို ကင်စားကြသလို ဆီနဲ့လည်း ကြော်စားကြပါတယ်။ ကျွန်မတို့ လေးထောင့်အတုံးရှည် လုပ်ထားတဲ့ ခေါပုတ်ကို ဓားနဲ့လှီးပြီး ကြော်စားပါတယ်။

ကျွန်မတို့ ငယ်ငယ်တုန်းက ဒီလိုဆောင်းမနက်ဆိုရင် အိမ်ရှေ့မှာ မီးဖိုပြီး ခေါပုတ်ကင်စားကြပါတယ်။ မီးကင်ထားတဲ့ ကျွန်မတို့ရဲ့မျက်နှာ နီနီရဲရဲလို ခေါပုတ်ဖောင်းအိထလာရင် စားလို့ရပါပြီ။ ခေါပုတ်မီးကင် မွှေးမွှေးလေးကို ကျွန်မတို့က ထိုဟူးချဉ် ဒါမှမဟုတ် ပျားရည်၊ သကြားတွေနဲ့ တို့စားကြပါတယ်။ ခေါပုတ်တစ်ကိုက်၊ ကြံသကာတစ်ကိုက်ရဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒါကြောင့် ဒီလိုချမ်းချမ်းအေးအေး ဆောင်းမနက်မှာ ခေါပုတ်ကင်တစ်ကိုက်၊ အခါးရည်တစ်ငုံ့နဲ့ ကျွန်မတို့နှစ်သစ်ကို ကြိုကြစို့လို့ ..... :D

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, December 30, 2008

တောင်တန်းတွေကြားက ကျိုင်းတုံ


ဆောင်းနှင်းတွေကြားက မြူမင်းသမီး.. အဲ မှားလို့ လားဟူမ

ကျိုင်းတုံမြို့ရဲ့ မနက်ခင်းက မြူတွေကြားမှာ အေးအေးချမ်းချမ်းနိုးထ လာခဲ့ပါတယ်။ မိုးဖွဲဖွဲလေး ကျနေသလားထင်ရလောက်အောင် ပတ်ဝန်းကျင်တစ်ခွင်က မြူတွေနဲ့ ပိန်းပိတ်လို့နေတယ်။

တည်းခိုရာ ဟိုတယ်ကနေ ကျွန်မတို့ အစောကြီးထပြီး မနက်ခင်းဈေးထဲ ရောက်ခဲ့ကြတယ်။ ကျွန်မတို့ ဈေးရောက်တဲ့အချိန် ဈေးက မြူတွေကြားမှာ ရောင်းသူ၊ ဝယ်သူတွေနဲ့ အသက်ဝင် လှုပ်ရှားနေခဲ့ပါပြီ။

ဆောင်းမနက်နဲ့ အရမ်းလိုက်ဖက်တဲ့ ခေါပုတ်

မြင်ရသူအဖို့ သွားရေကျစေတဲ့ ရောင်စုံကောက်ညှင်းပေါင်း မွှေးမွှေးလေးတွေ

စားအုန်းမလား.. မယ့်ထောက် (အဘွား) ရောင်းတဲ့ နမ်တုံ (အသားကျောက်ကျောခဲ)

ကျွန်မအရမ်းကြိုက်တဲ့ ဘဲဥဆားရည်စိမ်နဲ့ ကြက်ဥကင်

အပင်ပေါ်ကနေ အခုမှ ခူးချလာသလား ထင်ရတဲ့ လတ်လတ်ဆတ်ဆတ် လိမ္မော်သီးကြီးတွေ

ဈေးထဲမှာ ဒီလို တိုင်းရင်းသားတွေ အများကြီးတွေ့ခဲ့ပါတယ်။ ရှမ်းအမျိုးအနွယ်တွေလို့ သိရပါတယ်။

ဈေးထဲမှာ ဒီခရီးစဉ်အတွက် ကိုယ့်အတွက် အမှတ်တရဝယ်ဖြစ်ခဲ့တဲ့ အာခါရိုးရာ လွယ်အိတ်
သူတို့လွယ်အိတ်ပေါ်မှာ မြန်မာငွေ မူးစေ့၊ မတ်စေ့၊ ဆယ်ပြားစေ့၊ ငါးပြားစေ့တွေနဲ့ အလှဆင်ထားကြတယ်။

ကျိုင်းတုံဈေးမှာ တစ်နာရီကြာ လည်ပတ်ပြီးနောက် ကျွန်မတို့ တာချီလိတ်မြို့ကို ပြန်လာခဲ့ကြပါတယ်။ လမ်းတစ်ဝက် "လွိုင်ပန်ကွဲ" (လွိုင်= တောင်, ပန်= နားရာ, ကွဲ= ကျွဲ (ကျွဲနားခိုရာတောင်)လို့ ခေါ်တဲ့ နေရာမှာ ခဏနားခဲ့ကြတယ်။ အဲဒီဒေသက အစားအစာတွေ နာမည်ကြီးပါတယ်။ အထူးသဖြင့် မုန်ညှင်းချဉ်၊ ထိုဟူးချဉ်၊ မုန်လာဥချဉ်၊ ပဲပုပ်စေ့ချဉ်၊ ပင်စိမ်းသီးတွေ ဖြစ်ပါတယ်။ ချဉ်ချဉ်စပ်စပ်နဲ့ ကျွန်မအကြိုက်တွေမို့ အများကြီး ဝယ်ဖြစ်ခဲ့တယ်း)

တာချီလိတ်ရောက်ခါနီး တာလေမြို့မှာ နေ့လယ်စားစာပြီး ညနေ ၂ နာရီခွဲမှာ ကျွန်မတို့ တာချီလိတ်မြို့ကို ပြန်ရောက်ခဲ့ကြတယ်။ သွားချင်နေတဲ့ နေရာတစ်ခုကို ဘာမှမကုန်ကျဘဲ ရောက်ခဲ့အောင် ကူညီပေးတဲ့ သူငယ်ချင်းကို အရမ်းကျေးဇူးတင်မိပါတယ်။ ကမ္ဘာအနှံ့ မပတ်ရချင်နေ မြန်မာပြည်အနှံ့ လည်ဖူးချင်တဲ့ ကျွန်မရဲ့ ဆန္ဒတစ်ချို့တစ်ဝက် ပြည့်ခဲ့ရလို့ ဒီခရီးစဉ်ကို ကျေနပ်မိပါတယ်။ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတဲ့ခရီးမှာ မမြင်ဖူးတာ မြင်တွေ့ခဲ့ရပြီး အခုလို ဘလော့ဂ်ပေါ်တင် ပြန်ဝေမျှရတာကို ပျော်ရွှင်မိပါတယ်။ အခါအခွင့်ကြုံရင် ဘလော့ဂ်လာဖတ်သူအပေါင်းနဲ့ မြန်မာပြည်က မရောက်ဖူးသေးတဲ့ နေရာလေးတွေဆီ ခရီးအတူ သွားချင်ပါသေးတယ်။ အဲဒီလို နေ့မျိုးတွေ ရှိလာပါစေလို့ ဆုတောင်းမိပါတယ်။ အားလုံးးးး ကျေးဇူးပါလို့.....

နိုင်းနိုင်းစနေ



Share/Bookmark

တောင်ပေါ်မြို့လေး ကျိုင်းတုံ


ကျိုင်းတုံသား TZA (ဒီကိုလာ)က ကျိုင်းတုံပုံတွေ နည်းပါသတဲ့.. သူကပဲ ကြည့်ဖို့ စိတ်လောနေတာလား? ကျွန်မကပဲ တင်ဖို့ လက်နှေးနေသလား မသိဘူး..း) အသွားတုန်းက ကျိုင်းတုံမှာ နေ့လယ်စာစားရုံဆိုလို့ ဘာမှမလည်ဖြစ်ခဲ့ဘူး။ အပြန်မှာတော့ ကျိုင်းတုံမှာ ကျွန်မတို့ တစ်ညအိပ်ဖြစ်ခဲ့ပါတယ်။ ကျိုင်းတုံမြို့လေးကို အားရပါးရကြည့်ဖို့ ပုံတွေရိုက်ဖြစ်ခဲ့တယ်။

ပထမဆုံး ကျိုင်းတုံကိုရောက်တာနဲ့ ကျိုင်းတုံက နာမည်ကြီးဘုရားတွေကို ကျွန်မတို့အရင်ဆုံး သွားဖူးခဲ့ကြတယ်။ ကျွန်မက အရပ်လေးမျက်နှာ မခွဲခြားတတ်သူမို့ ဘုရားတွေရဲ့တည်နေရာက မြို့လယ်လို့ ထင်ပါတယ်။

ကျိုင်းတုံက တောင်ပေါ်မှာတည်ထားတဲ့အတွက် အေးချမ်းတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ မြို့ထဲက လမ်းတွေက တောင်ကြီးမြို့ထက် ကုန်းတက်ကုန်းဆင်းများပြီး မတ်စောက်တာ တွေ့ရတယ်။ တာချီလိတ်မှာလို့ သုံးဘီးဆိုင်ကယ်တွေ၊ ဆိုင်ကယ်တက်စီတွေနဲ့ ဆိုင်ကယ်အစီးများတာကို တွေ့ခဲ့ရတယ်။

ဘုရားဘေးတွေမှာ ဒေသစာ ကောက်ညှင်းကျည်ထောက်၊ ဝက်သားချဉ်တွေ ရောင်းနေတာကို တွေ့ခဲ့ရတယ်။ ရှမ်းလူမျိုးတွေမို့ အစားအစာတွေက တာချီလိတ်နဲ့ သိပ်မကွာလှပါဘူး။ ထိုင်းဘတ်ငွေနဲ့ သုံးနိုင်သလို မြန်မာကျပ်ငွေနဲ့လည်း သုံးနိုင်ပါတယ်။

နာမည်ကြီးတဲ့ ကျိုင်းတုံမြို့ရဲ့ နောင်တုံကန်ကို ကားပတ်မောင်းပြီး ရုပ်ပွါးတော်ရပ်နေတဲ့ ဘုရားဆီ ကျွန်မတို့ရောက်တဲ့အချိန် မှောင်ရီစပျိုးနေပါပြီ။ နောင်တုံကန်မှာ ကားမရပ်တာကြောင့် ပုံမရိုက်ခဲ့ရဘူး။ ကန်ကို ဘုရားပေါ်ကနေပဲ တစ်ပိုင်းတစ်စမြင်ခဲ့ရတယ်။ နောင်တုံကန်က ရာဇဝင်နဲ့ လာတယ်လို့ သိရပါတယ်။ ကျွန်မလည်း သေချာမသိလို့ ကျိုင်းတုံသားများ ပြောပြကြပါလို့...း)

ကျိုင်းတုံမြို့အကြောင်း စိတ်ဝင်စားသူတွေ "ဒီကိုလာ"ရဲ့ညီ "ဟိုကိုသွား" ရဲ့ဘလော့ဂ်မှာ ဖတ်နိုင်ပါတယ်း) ကျေးဇူးပဲ ဘွိုင်းဇ်း)

နာမည်ကြီး ဘုရားတွေကို လှည့်ဖူးကြပြီးနောက် ကျိုင်းတုံဘောလုံးကွင်းမှာ ကျင်းပနေတဲ့ အာခါနှစ်သစ်ကူးပွဲ (ဒီဇင်ဘာ ၂၈ရက်) နဲ့ ကြုံတာကြောင့် အာခါနှစ်သစ်ကူးပွဲကို ဝင်နွှဲခဲ့လိုက်ပါသေးတယ်။ အဲဒီပွဲမှာ အာခါလူမျိုးတွေကို သူတို့ရိုးရာဝတ်စုံတွေနဲ့ တွေ့ခဲ့ရတယ်။ ငွေဘော်လေးတွေနဲ့ လုပ်ထားတဲ့ သူတို့ဝတ်စုံက အရောင်စုံလေးတွေနဲ့ အရမ်းကို လှပါတယ်။ အာခါတွေက ကွမ်းတော်တော်စားပုံရပါတယ်။ တော်တော်များများ သူတို့ရဲ့ပါးစပ်က ပုံထဲကအတိုင်း ကွမ်းသွေးတွေ နီနေတာကို တွေ့ခဲ့ရတယ်။ သွားတွေပါ နီရဲနေတာကို တွေ့ရပါတယ်။ အာခါမိန်းကလေး တစ်ချို့က ပုံတောင်းရိုက်တာ ပေးမရိုက်ပါဘူး။ ရှက်လို့ ထင်ပါတယ်။ ပွဲလည်ပြီး ကျွန်မတို့လည်း နောက်တစ်ရက်အတွက် ကင်မရာအားသွင်းသလို ခန္ဓာအားသွင်းဖို့ တည်းခိုရာကို ပြန်ခဲ့ကြပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်(၃)


မိုင်းလားက မထွက်ခွါခင် မိုင်းလားမြို့အနှံ့ လျှောက်လည်ဖြစ်ခဲ့တယ်။ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ထိစပ်နေတဲ့ နယ်ခြားမျဉ်းဆီ ရောက်ခဲ့ကြတယ်။ အဲနေရာမှာ မှတ်တိုင်လေးတစ်တိုင် စိုက်ထူထားတာကို တွေ့ခဲ့ရတယ်။

မိုင်းလားမြို့က စည်သလောက် တရုတ်ဖက်မှာတော့ အိမ်ခြေ ၁ဝအိမ်တောင် မတွေ့ခဲ့မိပါဘူး။ အဝင်ဝမှာ စစ်ဆေးရေးဂိတ်ရှိပြီး တရုတ်ဖက်ရွာကို တာလော့ (Daluo) လို့ ခေါ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပီပီ နယ်ခြားအဝင်ဝ တောင်ကုန်းထိပ်မှာ စေတီကြီးတစ်ဆူ တည်ထားတာ တွေ့ရတယ်။ "ဒွေနဂရ ရွှေစေတီတော်မြတ်ကြီး" ဖြစ်ပါတယ်။ အဲဒီနေရာကနေ မိုင်းလားမြို့ရဲ့ လှပတဲ့ ရူခင်းကို အပေါ်စီးကနေ မြင်ခဲ့ရပါတယ်။

အဲဒီနောက် မိုင်းလားမြို့ရဲ့ တောတန်းတစ်နေရာမှာရှိတဲ့ ဝက်ဝံသည်းခြေထုတ်တဲ့ နေရာကို ကျွန်မတို့ ရောက်သွားခဲ့ကြတယ်။ တောင်ပတ်ပတ်လည်ဝိုင်းပြီး ကြည်လင်တဲ့ရေကန်ရှိတဲ့ အဲဒီနေရာလေးဟာ အရမ်းကို သာယာလှပါတယ်။ အပျော်စီးလှေတွေလည်း ထားရှိထားပါတယ်။ ဝက်ဝံတွေ အကောင်၂ဝကျော်လောက် ရှိမယ်ထင်ပါတယ်။ ဝက်ဝံတွေကိုသတ်ပြီး သည်းခြေထုတ်တာ မဟုတ်ပါဘူး။ ဝက်ဝံရဲ့ ခန္ဓာကိုယ်ထဲ ပိုက်ပွန်တစ်ခုထည့်ထားပြီး သတ်မှတ်ထားတဲ့အချိန်မှာ သည်းခြေတွေကို အနည်းငယ်စီ ထုတ်ယူတယ်လို့ သိရပါတယ်။ ဝက်ဝံသည်းခြေက ဆေးဖက်ဝင်တဲ့အတွက် အဲဒီနေရာမှာပဲ သည်းခြေနဲ့လုပ်ထားတဲ့ ဆေးတွေ၊ ဆေးဖက်ဝင် အရက်တွေကို ရောင်းပါတယ်။

မိုင်းလားက တိုးတက်နေတဲ့ နယ်စပ်မြို့လေး တစ်မြို့ဖြစ်ပြီး ရှမ်းနဲ့ တရုတ်လူမျိုးတွေ နေထိုင်ကြတယ်ဆိုပေမယ့် အ.ထ.က ကျောင်းတစ်ကျောင်းလည်း ရှိပါသေးတယ်။ မြို့ပတ်လည် တောင်ကုန်းတွေမှာလည်း စေတီပုထိုးတွေ တည်ထားတာကို တွေ့ရပါတယ်။ နေ့စဉ်သုံးငွေက ယွမ်(တရုတ်ငွေ)ဖြစ်ပြီး အင်တာနက်၊ ဆက်သွယ်ရေးတွေ လွယ်ကူတဲ့ နေချင်စရာ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ မိုင်းလားတစ်ဝိုက် လည်ပတ်ပြီးနောက် မနက်၉နာရီကျော်မှာ မိန်းမပျိုလေးလို့ လှပနေတဲ့ မိုင်းလားမြို့လေးကို နှုတ်ဆက်ပြီး ကျိုင်းတုံမြို့ကို ကျွန်မတို့ ပြန်လာခဲ့ကြတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Monday, December 29, 2008

တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်(၂)


တာပြင်းဆိုတဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးနောက် အထူးဒေသ(၄)နယ်မြေထဲ ကျွန်မတို့ စဝင်ပါတယ်။ ညနေ ၄နာရီ ထိုးခါနီးမှာ နယ်စပ်မြို့ မိုင်းလားကို ကျွန်မတို့ ရောက်လာခဲ့တယ်။ အထူးဒေသ(၄)ဖြစ်တဲ့အတွက် မိုင်းလားမှာ ဗမာလူမျိုးတွေကို (လက်ချိုးရေရလောက်အောင်) မတွေ့ခဲ့ရသလို မြန်မာ ကားနံပါတ်တွေကိုလည်း မတွေ့ခဲ့ရပါဘူး။ သူတို့ဒေသသုံး ကားတွေမှာ SR4 (Special Region 4) လို့ သုံးထားတာ တွေ့ခဲ့ရပါတယ်။

မိုင်းလားရောက်တာနဲ့ ဗုဒ္ဓဘာသာလူမျိုးတွေပီပီ ခရီးမနားခင် မြို့ထိပ်မှာတည်ထားတဲ့ ဘုရားကို ကျွန်မတို့ အရင်သွားဖူးခဲ့ကြတယ်။ အဲဒီနောက် တရုတ်တွေ ဖွင့်ထားတဲ့ ဟိုတယ်ကြီးတစ်ခုမှာ ညထွက်လည်ဖို့ အားလုံး ခေတ္တအားယူ နားခဲ့ကြပါတယ်။ မိုင်းလားမြို့ကို တရုတ်တွေ လာပြုပြင်ပေးခဲ့လို့လားမသိ လမ်းတွေက ကျယ်ပြီး သပ်ရပ်သန့်ရှင်းတာကို တွေ့ခဲ့ရတယ်။ လမ်းဘေးဝဲယာမှာ အလှစိုက်သစ်ပင်လေးတွေနဲ့ တိုက်တာအဆောက် အဦးကြီးတွေကြောင့် မိုင်းလားမြို့က သဲကန္တာရထဲက အိုအေစစ်လို့ ဆိုရမလား? လူတွေနဲ့ ကင်းဝေးတဲ့ နေရာမှာ တည်ထားတဲ့သုခဘုံလို့ တင်စားရမလား? မိုင်းလားမြို့က လှသွေးကြွယ်တဲ့ မိန်းမပျိုတစ်ယောက်လို နုပျိုလတ်ဆတ်နေခဲ့ပါတယ်။

ပုံထဲက မြင်ရတာတွေလည်း ရှိပါတယ်။ ဘာတွေရှိတာလဲလို့ ကျွန်မကို မမေးခင် (မမြင်ရရင်) ပုံကိုချဲ့ကြည့်ပါ။ နှလုံးခုန် ရင်တုန်ပြီး နှာခေါင်းသွေးတွေ ထွက်လာပါလိမ့်မယ်.. ဟား.. ဟား နောက်တာပါ။ ဒီလို ဖြောင့်နေတဲ့ ပေါင်တံကြီးတွေ အဲလေ.. လမ်းကြီးတွေလည်း ရှိပါတယ်လို့...

ဟိုတယ်မှာ ရေမိုးချိုး၊ ထမင်းစားပြီး မိန်းမပျိုလေးလို လှနေတဲ့ မိုင်းလားရင်ခွင်ထဲ ကျွန်မတို့ တိုးဝင်ခဲ့ကြတယ်။ မိုင်းလားဂိုက်ရဲ့ လမ်းညွှန်မှုနဲ့ မိုင်းလားမြို့မဈေးကို ကျွန်မတို့ ရောက်လာခဲ့ကြတယ်။ ဈေးမရောက်ခင် ကားပေါ်မှာ ဂိုက်က ဧည့်သည်တွေကို မှာပါတယ်။ ဈေးထဲရောက်ရင် "ရောက်ပုရောက်" (တရုတ်လို ယူမလား) ဆိုပြီး ကောင်မလေးတွေ လာမေးကြလိမ့်မယ်။ ယူမယ်ဆိုရင် "ရောက်ရောက်" လို့ ဖြေပါလို့ မှာပါတယ်။ ဈေးထဲဆိုတော့ လက်ဆောင်ပစ္စည်းတွေ ဝယ်ဖို့ဖြစ်မယ်လို့ပဲ ကျွန်မထင်ခဲ့တယ်။

ညရောက်တာတောင် ဆိုင်ခန်းမပိတ်ကြသေးတဲ့ ဈေးထဲရောက်တော့ ထုံးစံအတိုင်း ဟိုဒီ လျှောက်ကြည့်ဖြစ်ကြတယ်။ ဆိုင်တွေအားလုံးက တရုတ်ဆိုင်တွေချည်းပဲ။ အများဆုံးတွေ့ရတဲ့ဆိုင်က ဖုန်းဆိုင်တွေ ဖြစ်တယ်။ တရုတ်မ ဖြူဖြူသွယ်သွယ် ချောချောဟော့ဟော့လေးတွေ အများကြီးတွေ့ခဲ့ရတယ်။

ဆိုင်လေးငါးဆိုင် ပတ်ပြီးနောက် မိုင်းလားဂိုက်က ဧည့်သည်အမျိုးသားတွေခေါ်ပြီး တစ်နေရာသွားဖို့ ပြင်ကြတယ်။ ကျွန်မကလည်း စပ်စပ်စုစုနိုင်သူမို့ သူတို့ဘယ်သွားမလို့လဲလို့ သူငယ်ချင်းကို မေးတော့ "ရောက်ပုရောက်" သွားကြည့်မလို့ဆိုတာနဲ့
"ရောက်ပုရောက်" ဆိုတာ ဘာလဲသိရအောင် သူတို့နောက် ရောယောင်ပြီး ကျွန်မလိုက်သွားခဲ့တယ်။ ဈေးရှေ့ဆိုင်က လမ်းပေါ်ရောက်တော့ မီးနီလေးတွေနဲ့ စကပ်၊ ဘောင်းဘီ တိုနန့်နန့် ဝတ်ထားတဲ့ တရုတ်မလေးတွေ ထွက်ပြေးလာကြပြီး လမ်းပေါ်မှာ တန်းစီပြီး ရပ်နေကြတယ်။ မယ်ရွေးပွဲများ ကျင်းပနေသလား ထင်ရပါတယ်။ ဆိုင်ထဲကို ကျွန်မလှမ်းကြည့်တော့ ရေးထားတဲ့ ဆိုင်းပုဒ်နဲ့ ကပ်ထားတဲ့ လူမြင်မကောင်းတဲ့ ရုပ်ပုံတွေကြောင့် ဒီကောင်မလေးတွေက ဘာလဲဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ အော်.. "ရောက်ပုရောက်" ဆိုတာ ဒါမျိုးကိုးလို့.. (ဘာလဲဆိုတာ ဘာလဲလို့ ကျွန်မကို ထပ်မမေးနဲ့နော်း)

ကောင်မလေးတွေက ယောက်ျားသားတွေနား ပူးကပ်ပြီး အိုကေ.. အိုကေဆိုတဲ့ နှစ်လုံးတည်းသာတတ်တဲ့ အင်္ဂလိပ်စကားကို ထပ်သလဲလဲ ပြောပြီး မြူဆွယ်နေတာ တွေ့ရတယ်။ ဘယ်ကလာကြသလဲလို့ သူတို့ကို ကျွန်မမေးကြည့်တော့ နယ်တကာက လာတာဆိုပြီး စကားကို သေချာမဖြေခဲ့ကြဘူး။ အားလုံးက ချောချောလေးတွေပါပဲ။ ကြည့်ရတာ အသက်(၂ဝ) ကျော်ပုံ မရကြဘူး။ ဆိုင်ခန်းတွေက အခန်းပေါင်း ၃ဝလောက် ရှိပါလိမ့်မယ်။ ဆိုင်တစ်ဆိုင်ရှေ့ရောက်တိုင်း ကောင်မလေးတွေက ပြေးထွက်လာပြီး တန်းစီပြကြတယ်။ ကြိုက်ရာရွေးဆိုတဲ့ သဘောထင်ပါတယ်။
တရုတ်နယ်စပ် မိုင်းလားမြို့က ညနက်လေလေ အလှသွေးတွေ ဆူပွက်လေလေပါပဲ....

ဧည့်သည်တစ်ယောက်က မင်းတို့အစိုးရ ခွင့်ပြုထားတာလားလို့ ကျွန်မကို မေးပါတယ်။ ကျွန်မ သေချာမသိကြောင်း၊ အထူးဒေသမို့ အခွင့်ထူးရထားတာလား မသိဘူး.. ဂိုက်ကို မေးပါလို့ပဲ ပြန်ဖြေလိုက်ပါတယ်။
အဲဒီညက ကင်မရာကို ဟိုတယ်မှာ အားသွင်းထားခဲ့တာကြောင့် ကျွန်မပုံတွေ မရိုက်ဖြစ်ခဲ့ပါဘူး။ အဲဒီကောင်မလေးတွေထဲမှာ မြန်မာမလေးတွေ မပါတာကြောင့် မြန်မာတွေ ဒါမျိုးမလုပ်ဘူးဆိုပြီး ကျွန်မလက်မထောင်နိုင်ခဲ့ပါတယ်။

ဈေးထဲမှာ လည်ပတ်ပြီးနောက် နောက်တစ်နေ့အတွက် အားယူဖို့ ကျွန်မတို့ ပြန်နားခဲ့ကြတယ်။ နောက်တစ်နေ့မနက်မှာ မိုင်းလားမြို့ကို လျှောက်လည်ဖို့ ကျွန်မတို့ ဟိုတယ်ကနေ အစောကြီးထွက်ခဲ့ကြတယ်။ မနက်စာဆိုင်ရှေ့မှာ မြွေဟောက်၊ စပါးကြီးမြွေ၊ ဖား၊ လိပ်၊ ကြွက်၊ ရှားပါးငှက်ပေါင်းစုံနဲ့ ရေသတ္တဝါတွေကို တွေ့တော့ ကျွန်မ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ ဒါတွေက အလှမွေးထားကြတဲ့ အကောင်တွေ မဟုတ်ပါဘူး။ စားချင်ရင် ဝယ်ယူစားကြဖို့ ဆိုင်ရှေ့မှာ ချထားတာဖြစ်တယ်။ အားလုံးက လှောင်အိမ်ထဲမှာ သေနေ့ကို သနားစဖွယ် စောင့်နေကြပါတယ်။

အဲဒီနောက် ညကရောက်ခဲ့တဲ့ မိုင်းလားဈေးကို ရောက်သွားခဲ့ကြပြန်တယ်။ မနက်ပိုင်းမို့ "ရောက်ပုရောက်"က အိပ်နေဆဲပါ.. ဈေးထဲမှာ ရိုးရိုးသားသား ရှာစားနေကြတဲ့ တိုင်းရင်းသားလူမျိုးတွေကို တွေ့ခဲ့သလို တောကောင်ပေါင်းစုံတို့ရဲ့ သားရေ၊ အရိုး၊ ဂျိုတွေကိုရောင်းတဲ့ တရုတ်တစ်ချို့ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ တစ်ချို့က ပုံမပေးရိုက်ခဲ့ပါဘူး။

(၃ရက်ထဲသွားခဲ့လို့ တစ်ပတ်လောက် သွားခဲ့ရင် ရေးလို့ပြီးတော့မှာ မဟုတ်ဘူး။ ကျန်ပါသေးတယ်။ မနက်ဖြန်မှ ဆက်ပါအုန်းမယ်)

နိုင်းနိုင်းစနေ

Share/Bookmark

တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်(၁)


တောင်ပေါ်မှာ တည်ထားတဲ့ ကျိုင်းတုံမြို့မှာ ကျွန်မတို့ နေလယ်စာစားခဲ့ကြတယ်။ အဲဒီမှာ အမြင်မလှတာလေးတစ်ခု တွေ့ခဲ့ရပါတယ်။ ကျွန်မတို့ ကားရပ်တော့ ကိုရင်သုံးပါးက အပြေးလေးလာပြီး ခရီးသည်တွေဆီ (အတင်း)အလှူခံပါတယ်။ ဆွမ်းဆန်စိမ်းလို့ ကိုရင်တစ်ပါးက ပြောပါတယ်။ မိတ်ကပ်ပြင်နေတဲ့ ခရီးသည် အမျိုးသမီးတစ်ဦးဆီ အတင်းအလှူခံလို့ ဂိုက်က သူမလောင်ဘူးထင်တယ် ကိုရင်ဆိုပြီး သတိပေးတော့ သူမှ မပြောတာလို့ ကိုရင်က ပြန်ပြောပါတယ်။ ဓာတ်ပုံရိုက်ဖို့ ကျွန်မ ကင်မရာထုတ်တာ မြင်တော့ အဲဒီကိုရင်တွေ ထွက်ပြေးသွားခဲ့ပါတယ်။

ဒီ ကိုရင်သုံးပါးကိုပဲ ကျွန်မတို့ အပြန်လမ်းမှာ ထပ်တွေ့ပါတယ်။ ကျွန်မကို တွေ့တော့ ဓာတ်ပုံရိုက်မယ် သတိထား၊ ဓာတ်ပုံရိုက်မယ် သတိထားဆိုပြီး သပိတ်တွေကို နောက်ကျောဖက် ဖွက်လိုက်တာ တွေ့ရတယ်။

နေ့လယ်စာ စားပြီးနောက် မိုင်းလားမြို့ကို ကျွန်မတို့ ခရီးဆက်ခဲ့ကြပြန်တယ်။ ဆောင်းရာသီ စပါးရိတ်ပြီးစ ဆိုပေမယ့် နောက်တစ်သီးထပ်စိုက်ဖို့ ပျိုးတွေ ကျဲထားတာ တွေ့ရတယ်။ အဝါရောင် ရိုးပြတ်တွေကြားမှာ အစိမ်းရောင် ပျိုးပင်တွေရဲ့ အလှက ဘယ်ပန်းချီမှ မမီခဲ့ပါဘူး။ လမ်းပေါ်က မြင်မြင်သမျှ အရာတွေကို ကင်မရာနဲ့ မလွတ်တမ်း ကျွန်မရိုက်ခဲ့သလို ဦးနှောက် မန်မိုရီထဲလည်း ထည့်သိမ်းထားနိုင်ဖို့ မျက်စိကို ကျွန်မလုံးဝ အနားမပေးရဲခဲ့ပါဘူး။

သပ်သပ်ရပ်ရပ်နဲ့ ရှမ်းအိမ်ကလေးတွေ..
ခေါင်းမိုးကို ပျဉ်စလေးတွေနဲ့ ဆောက်ထားတာ တွေ့ရတယ်။
(*အမှားပြင်ဆင်ချက် ခေါင်မိုးတွေကို အုတ်ကြွပ်တွေနဲ့ မိုးတာပါ။ ပျဉ်စနဲ့ မမိုးပါဘူး။ အမိုးအစွန်းတောက်လျှောက်မှာ ကြည့်လို့လှအောင် ပျဉ်ပြားတွေနဲ့ သပ်ရိုက်ထားတာပါ.. Ko Boyz)

လမ်းတစ်ဝက်က ရှမ်းရွာတစ်ရွာရဲ့ လမ်းဘေးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း တွေ့တာနဲ့ ခရီးသည်တွေက ဝင်ဖူးချင်တယ်ဆိုလို့ ကားခဏ ရပ်ပါတယ်။ အဲဒီမှာ အိမ်တစ်အိမ်က ဖြူးသတ်နေတာနဲ့ ကြုံလို့ ဖြူးကို အပြင်မှာ မမြင်ဖူးတဲ့ကျွန်မ ပုံရိုက်ခဲ့ပါတယ်။ ဖြူးကောင်က သူ့ကို ပုံရိုက်မှတ်တမ်းတင်နေမှန်း မသိအောင် သေနေခဲ့ပါပြီ..

အဲဒီရွာက ရှမ်းလူမျိုးတွေ ရိုးသားဖော်ရွေကြတာကို တွေ့ခဲ့ရတယ်။ ခရီးသည်တွေနဲ့ ပုံအတူတွဲရိုက်ရမှာကို သူတို့ မတွန့်တိုခဲ့ကြဘူး။ ရွာက ကလေးတွေနဲ့ ကျွန်မ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ ပုံထဲမှာ မျက်စိတစ်ဖက် ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးတစ်ယောက်ကို တွေ့ကြပါလိမ့်မယ်။ ရွာမှာ တိုက်ပွဲဖြစ်တုန်းက ကျည်ဆံမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ကံကောင်းလို့ အသက်မသေခဲ့ပေမယ့် သူ့တစ်သက် မျက်လုံးတစ်ဖက် အကန်းနဲ့ပဲ ဖြတ်သန်းသွားရတော့မှာပါ။ သူ့ပါးပြင်ပေါ်မှာ သွေးစတစ်ချို့တောင် ရှိနေပါသေးတယ်။ သူဘယ်လောက်များ နာကျင်ခဲ့မလဲ?

ခရီးဝေးလာလေလေ ရှုခင်းတွေက ပိုလှလာလေလေ၊ တရုတ်နယ်စပ် မိုင်းလားနဲ့ နီးလာလေလေ တရုတ်ယဉ်ကျေးမှု ရှေ့ပြေး စလောင်းအိုးကြီးတွေ များလာလေလေပါပဲ။ အိမ်တိုင်းမှာ စလောင်းတွေ ထိုးထိုးထောင်ထောင် ထောင်ထားကြတာကို တွေ့ခဲ့ရတယ်။ ကျိုင်းတုံ-မိုင်းလားသွား လမ်းမကြီးကို တရုတ်တွေ ပြုပြင်ပေးထားတာကြောင့် ထုံးစံအတိုင်း ညီညာ ဖြောင့်ဖြူးလို့ပေါ့...

နိုင်းနိုင်းစနေ


Share/Bookmark

တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်


စနေမ စနေမ ဘယ်သွားနေလဲ စနေမ
ကျိုင်းတုံ မိုင်းလား သွားတယ်ဆို
ဘာတွေ့ခဲ့လဲ စနေမ
အထူးအဆန်းတွေ စုံလို့ကွယ်
ဘာစားခဲ့လဲ စနေမ
တွေ့ရာအကုန် စားတယ်ဆို
ပျော်ခဲ့ရဲ့လား စနေမ
တောတောင်တစ်ခွင် လန်းတယ်ရှင်
ပျော်ပါသပေါ့.. ပျော်တာပေါ့
ဘယ်လောက်ကုန်ခဲ့လဲ စနေမ
အင်း.. တကယ်တော့ စက္ကူတစ်ကျပ် ငွေတစ်မတ်တောင် မကုန်ခဲ့ပါဘူး။

သူငယ်ချင်းတစ်ယောက်က ခရီးသွားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တော့ သူ့အကူအညီနဲ့ ကျိုင်းတုံ-မိုင်းလား ခရီးကို သုံးရက်နှစ်ညအိပ် သွားဖြစ်ခဲ့တယ်။ ထိုင်းနိုင်ငံသားတွေက ဒီ တာချီလိတ်နယ်စပ်ကနေ မြန်မာပြည် မိုင်းလားမြို့အထိ တရားဝင် သွားလာခွင့်ရှိပါတယ်။ မိုင်းလားမြို့ဆိုတာ ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ်ပြည်နယ်စပ်မှာရှိတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ကျိုင်းတုံမြို့ကနေ ကားလမ်းနဲ့ သွားရတာဖြစ်တယ်။ ဒီလိုနဲ့ ၂၆ ရက်နေ့မနက်မှာ ထိုင်းနိုင်ငံသားတွေ သွားရောက်လည်ပတ်မယ့် မိုင်းလားခရီးစဉ်မှာ သူငယ်ချင်းအကူနဲ့ ကျွန်မ လားဟူမတစ်ယောက် ရောယောင်ပြီး ကပ်လိုက်သွားခဲ့ပါတယ်။


ထိုင်းနိုင်ငံသားတွေအတွက် ဖြတ်သန်းခွင့်တွေယူ၊ ကားအလာကို စောင့်ပြီးနောက် မနက် ၈နာရီထိုးခါနီးမှာ ကျွန်မတို့ ခရီးစခဲ့ကြတယ်။ ခရီးက တောင်ပေါ်ခရီးဖြစ်တဲ့အတွက် မြင်မြင်သမျှက စိမ်းစိမ်းစိုစိုလေးတွေပါပဲ။ ခရီးစတာနဲ့ သူငယ်ချင်းဂိုက်က လမ်းဘေးဝဲယာ တွေ့သမျှကို ထိုင်းလိုနဲ့ မြန်မာပြည်ရဲ့ တောတောင်ရေမြေ၊ လူနေမှုအကြောင်းကို အော်ခါ.. အော်ခါ.. ဆိုပြီး နိုင်ငံခြားသားတွေကို ရှင်းပြခဲ့ပါတယ်။ ကျွန်မကလည်း သူရှင်းပြသမျှကို (နားမလည်လို့) ခေါင်းတစ်ခါခါနဲ့ လိုက်ပါသွားခဲ့တယ်။ (ခရီးစဉ်ကို စာတွေနဲ့ အသေးစိတ်ရေးရင် ဖတ်ရပျင်းနေမှာစိုးလို့ ပုံနဲ့တကွပဲ ရေးသွားပါတယ်။ ပုံတွေကို ကလစ်ပြီး အကြီးချဲ့ကြည့်နိုင်ပါတယ်။ ကားပေါ်ကနေ လှမ်းရိုက်တာဖြစ်လို့ တစ်ချို့ပုံတွေက ဝါးနေပါလိမ့်မယ်)

ဒီလိုကွေးကွေးကောက်ကောက် စီးဆင်းနေတဲ့ စမ်းချောင်းလေးနဲ့အပြိုင် တောင်တွေကို တစ်တောင်ပြီး တစ်တောင်ဖြတ်ခဲ့တယ်။ တာချီလိတ်-ကျိုင်းတုံ လမ်းမကြီးကို ထိုင်းနိုင်ငံက ပြုပြင်ထားပေးတယ်လို့ သိရပါတယ်။ ဒါကြောင့်လမ်းက ချိုင့်ခွက်မရှိ ညီညာဖြောင့်ဖြူးနေပါတယ်။

အလွမ်းဓာတ်ခံရှိသူတွေအတွက် ဒီလိုရှုခင်း၊ ဒီလိုမြင်ကွင်းမျိုးက ဘာကိုလွမ်းလို့ လွမ်းရမှန်းမသိ လူကို ပိုလွမ်းမောစေပါတယ်။ ဟိုး.. ဝေးဝေးက လွင်ပြင်ကြီးထဲက တဲလေးလို မြင်သူအဖို့ တစ်ယောက်တည်း အထီးကျန်သလို ခံစားစေပါတယ်။

လမ်းတစ်လျှောက်မှာ ဒီလိုအိမ်လေးတွေနဲ့ ရွာတွေကိုဖြတ်ခဲ့တယ်။

ဒီလို အကွေ့အကောက် အဆင်းအတက် လမ်းတွေရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ (ကျွန်မတို့ ရွာအခေါ်) တောပန်းညိုပွင့်လေးတွေ စီစီရီရီ ပွင့်နေကြတယ်။ ကျွန်မတို့ အလာကို မီးခိုရောင်ပန်းလေးတွေနဲ့ ကြိုဆိုနေသလိုပဲ...

ခရစ္စမတ် ပိတ်ရက်မို့ ရွာထဲက ကျောင်းလေးလည်း တိတ်ဆိတ်လို့...

တောင်ကို ဂတုံးတုံးထားပေးကြတယ်။ ဒီလို ဂတုံးတုံးခံရတဲ့ တောင်တွေ
လမ်းဘေးဝဲယာမှာ အများကြီး တွေ့ခဲ့တယ်။

ဒီလို ဘာစကားလုံးနဲ့ ခိုင်းနှိုင်းပြီး ဖော်ပြရမှန်း မသိတဲ့
သဘာဝရှုခင်းလေးတွေကြောင့် တစ်လမ်းလုံး ကျွန်မ မငိုက်ခဲ့ပါဘူး။

လမ်းမှာ တာလေ၊ မိုင်းဖြတ် စတဲ့ စစ်ဆေးရေးဂိတ်ပေါင်း ငါးဂိတ်ကို ဖြတ်ပြီးနောက်
မနက် ၁၂ နာရီထိုးခါနီးမှာ ကျွန်မတို့ ကျိုင်းတုံမြို့ကို ရောက်လာခဲ့ကြတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, December 25, 2008

Wallach အကျိုးဆက်


အောက်က စာတွေက Huang Bing Mei (黃冰梅) ရေးသားတဲ့ "ကလေးဆိုးက ဆဲဆိုမှုကြောင့် ဖြစ်လာတယ်" ဆိုတဲ့စာအုပ် ပထမအခန်းက ကောက်နုတ်ထားတာဖြစ်တယ်။ သားသမီးတိုင်းကို ထူးချွန်ထက်မြက်စေချင်တဲ့ မိဘတွေအတွက် ဒီစာပုဒ်က အကျိုးရှိနိုင်မယ်လို့ ထင်ပါတယ်။

လူတိုင်းမှာ အဆိုးအပြစ်ဆိုတာရှိတယ်။ တစ်ချို့လူတွေမှာ များများရှိပြီး တစ်ချို့မှာ နည်းနည်း ရှိတာလေးပဲ ကွာတယ်။ တစ်ချို့လူရဲ့ အဆိုးက သိသိသာသာ မြင်နိုင်ပေမယ့် တစ်ချို့ကိုကျတော့ မမြင်နိုင်ဘူး။ မိဘတိုင်းက ကိုယ့်သားသမီးကို ရာနှုန်းပြည့် ဖြစ်ထွန်း စေချင်ကြတာတွေချည်းပါပဲ။ ဒါကြောင့် တစ်ခြားကလေးလောက် ကိုယ့်ကလေး မယှဉ်သာတဲ့အခါ သိက္ခာကျမှာ၊ အပြောခံရမှာ စိုးတာကြောင့် " ဘာဖြစ်လို့ အဲလောက်တောင် တုံးရတာလဲ? ငါ့ကို လူကြားထဲမှာ အရှက်ခွဲတာလား? ဒီထက်ပိုကြိုးစားလို့ မရတော့ဘူးလား? လူတွေက သွားကျွတ်အောင် ကဲ့ရဲ့ဝေဖန်ကြတော့မယ်" စတာတွေနဲ့ ကလေးကို အပြစ်တင် ဆဲဆိုတတ်ကြတယ်။

ဆဲဆိုကြိမ်းမောင်းသံ ကြားမှာ ကြာလာတော့ ကလေးက အားငယ်စိတ်တွေဝင်လာတယ်။ ငါဟာ တကယ်ပဲ တစ်ခြားကလေးလောက် မတော်ပါလား? ငါဟာ တစ်ခြားလူတွေအတွက် ရယ်စရာကောင်းနေပါလား? လို့ တွေးမိပြီး စိတ်ဓာတ်ရှင်သန် ကြီးထွားမှုကို ထိခိုက်စေတော့တယ်။

ဒီလို တစ်ခြားလူလောက် မထူးချွန်တဲ့ ကလေးနဲ့ကြုံလာတဲ့အခါ မိဘတွေက ကလေးကို အကြမ်းအတမ်း မဆက်ဆံသင့်ပါဘူး။ ကလေးကို အရင်နားလည်အောင် ကြိုးစားပြီး သူ့ရဲ့ကောင်းကွက်လေးတွေကို ရှာရမှာဖြစ်တယ်။ သူစိတ်ဝင်စားတဲ့၊ သူပိုအားသာတဲ့ အရာတွေနဲ့ အားပေးတတ်ရမှာဖြစ်တယ်။

Otto Wallach (၁၈၄၇-၁၉၃၁)က နိုဘယ်ဆုရ ဓာတုပညာရှင်တစ်ဦး ဖြစ်တယ်။ သူ ရှင်သန်ကြီးထွားခဲ့တဲ့ လမ်းတစ်လျှောက်က အတွေ့အကြုံ အရောင်စုံနဲ့ စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။

Wallach အလယ်တန်းတက်စက စာပေ (Literature)ကို စိတ်ဝင်စားခဲ့တယ်။ ဖခင်ဖြစ်သူကလည်း သူ့ကို စာပေဖက်မှာ ထူးချွန်ဖြစ်မြှောက်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် စာသင်နှစ်တစ်ဝက်လောက်မှာ ဆရာမက သူရေးထားတဲ့ စာအောက်မှာ " Wallach က စာကြိုးစားတာမှန်ပေမယ့် ကိုယ့်ကိုယ်ကို တောင်းဆိုမှုတွေ များလွန်းနေတယ်။ ဒီလိုလူမျိုးက ဘယ်လောက်ပဲ အကျင့်စာရိတ္တ ကောင်းမွန်နေပါစေ စာပေနယ်မှာ ထူးချွန်အောင်မြင်မှာ မဟုတ်ဘူး" လို့ ဝေဖန်ချက်ပေးခဲ့တယ်။

အဲဒီဝေဖန်ချက်ကို ကြည့်ပြီး စာပေတွေကို သင်ယူဖို့ Wallach လုံးဝ စိတ်မပါခဲ့တော့ဘူး။ ဒါကြောင့် မိဘတွေက သူ့ကို ပန်းချီပညာ ပြောင်းလဲသင်ယူစေခဲ့ပြန်တယ်။ ဒါပေမယ့် Wallach က ပုံဆွဲရာမှာပဲဖြစ်ဖြစ်၊ အရောင်စပ်ရာမှာပဲဖြစ်ဖြစ် ပန်းချီအနုပညာဆိုတာကြီးကို နည်းနည်းမှ နားမလည်နိုင်ခဲ့ဘူး။ သူ့ အဆင့်က အမြဲတမ်း နောက်ပိတ်ဆုံးမှာပဲ ကျန်နေခဲ့ရတယ်။ ဒီလောက် တုံးအတဲ့ကလေးအပေါ် ဆရာ၊ ဆရာမတွေက ဘာမျှော်လင့်ချက် ထားမနေခဲ့တော့ဘူး။ ဒါပေမယ့် သူ့မိဘတွေက ဒီကလေးမှာ ကောင်းကွက်တွေ၊ သူစိတ်ဝင်စားတဲ့အရာတွေ ရှိနိုင်သေးတယ်လို့ ယုံကြည်ခဲ့တယ်။

လူအများက Wallach ရဲ့ မိဘကို ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြတယ်။ " ဒီလိုကလေးမှာ ဘာမျှော်လင့်ချက် ထားစရ ရှိသေးလဲ? အလကား အချိန်တွေဖြုန်းမနေပါနဲ့တော့.." ဒီလို ဝေဖန်ကဲ့ရဲ့မှုအောက်မှာ Wallachရဲ့ မိဘတွေက သားအပေါ်ထားတဲ့ သူတို့ရဲ့ ယုံကြည်မှုကို လက်မလွတ်ခဲ့ကြဘူး။

သားအကြောင်း သေချာနားလည်အောင် ဆန်းစစ်ကြည့်တော့ သားဟာ ဓာတုဗေဒ ဘာသာရပ်ဖက်မှာ စိတ်ဝင်စားကြောင်း သိလိုက်ရတယ်။ အဲဒီလိုနဲ့ သားကို ဓာတုဘာသာရပ် သင်ကြားစေခဲ့တယ်။ ဒီအချိန်မှာ Wallach ရဲ့ ဥာဏ်ရည်ဥာဏ်သွေးဟာ မီရှုးမီးပန်းလို့ တောက်လောက်ခဲ့တော့တယ်။ စာပေဖက်မှာ မထူးချွန်ခဲ့သူ လူငယ်တစ်ယောက်ဟာ တစ်ခဏအတွင်းမှာပဲ ဓာတုဗေဒဖက်မှာ ထူးချွန်ပြောင်မြှောက်သူ ဖြစ်လာခဲ့တယ်။ စာသင်သားတွေကြားမှာ သူ့အဆင့်က ရှေ့ဆုံးမှာ တစ်လူလူလွှင့်နေခဲ့တယ်။

Wallach ရဲ့ အောင်မြင်မှုက ကျွန်မတို့အတွက် အကျိုးတစ်ခုဖြစ်ထွန်းစေခဲ့တယ်။

ကလေးတိုင်းမှာ အကောင်း၊ အဆိုးဆိုတာရှိတယ်။ ကလေးတိုင်းရဲ့ လုပ်နိုင်စွမ်း၊ သင်ယူမှုတွေက မတူညီကြပါဘူး။ ဒါပေမယ့် သူတို့စိတ်ဝင်စားတဲ့အရာကို ရှာတွေ့ပြီဆိုတာနဲ့ သူတို့ရဲ့ ကြိုးပမ်းမှုက အောင်မြင်မှု ရစမြဲဖြစ်တယ်။ ဒီလို သဘောတရားက "Wallach effect" Wallach အကျိုးဆက် ဖြစ်တယ်။

ကလေး ရှင်သန်ကြီးထွားဖို့ ပြုစုပျိုးထောင်ရာမှာ "Wallach အကျိုးဆက်" က မိဘတွေကို ဆင်ခြေတွေးတောမှုတွေ ဖြစ်စေခဲ့တယ်။ စိတ်ကိုတည်တည် ငြိမ်ငြိမ်ထားပြီး ကလေးကို နားလည်အောင် အရင်ကြိုးစားသင့်တယ်။ သူတို့ရဲ့ ကောင်းကွက်လေးတွေကို ရှာကြည့်သင့်တယ်။ ကလေးကို သင်ကြားရမှာ မိဘတွေက အရမ်းလွယ်ကူတဲ့၊ အရမ်းခက်ခဲတဲ့ ပညာရပ်တွေ မသင်ကြားစေသင့်ဘူး။ အသေချာ ဆန်းစစ် စိစစ်ပြီးမှ ကလေးရဲ့ သင်ယူနိုင်စွမ်း၊ လုပ်နိုင်စွမ်းကို ရှာဖွေပြီး သူစိတ်ဝင်စားတဲ့ ဘာသာရပ်၊ လုပ်ဆောင်မှုကို သင်ယူစေတာဖြစ်တယ်။ ဒါမှ ကလေးတွေရဲ့ ဥာဏ်ရည်တွေ ပိုမိုထက်မြက်လာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုတွေ ရှိလာနိုင်တယ်။

မိဘတိုင်းက ကိုယ့်သားသမီးကို ဖြစ်ထွန်းစေချင်တဲ့ စိတ်၊ တစ်ခြားလူထက် ထူးချွန်ထက်မြက်စေတဲ့ စိတ်ပဲရှိကြတယ်။ ဒီဘာသာကို ကိုယ့်သားသမီး ကြိုက်မကြိုက်၊ စိတ်ဝင်စားမှု ရှိမရှိဆိုတာကို မတွေးတောမိဘဲ ဘာသာရပ်တစ်ချို့ကို အတင်းအဓမ္မ သင်ယူစေကြတယ်။ ကိုယ်ကြိုက်တဲ့၊ စိတ်ဝင်စားတဲ့ အရာတွေကို ထုတ်ဖော်ပြသဖို့ ကလေးတွေကို အခွင့်အရေး မပေးတတ်ခဲ့ကြဘူး။ ကလေးရဲ့ စိတ်ဓာတ်ရှင်သန်ဖို့အတွက် အရိပ်မည်းကြီးလို ဖြစ်နေတတ်ခဲ့တယ်။ တစ်ချို့မိဘတွေက ကိုယ်လိုတဲ့ အတိုင်းအတာတစ်ခု၊ ရမှတ်တစ်ခုအထိ ကလေးတွေ မလုပ်ဆောင်နိုင်ခဲ့ရင် ဆဲဆိုအပြစ်တင်ဖို့ပဲ သိခဲ့တယ်။ အားပေး၊ ချီးမွမ်းဖို့ကိုတော့ သူတို့ မေ့လျှော့နေခဲ့တတ်ကြတယ်။

Wallach ရှင်သန်ကြီးထွားပုံက ကျွန်မတို့ကို တွေးတောမှုတစ်ခု ပေးခဲ့ပြန်တယ်။ ကလေးအပေါ် ယုံကြည်မှုရှိဖို့၊ အားပေးဖို့၊ ကြင်နာဖို့ဖြစ်တယ်။ Wallach အဆုံးရှုံးနဲ့ ရင်ဆိုင်ရချိန်၊ လူတွေ ကဲ့ရဲ့ဝေဖန်တာကို ခံရချိန်မှာ သူ့မိဘတွေက သူ့ကို လက်မလွတ်ခဲ့ကြပါဘူး။ ဆူပူကြိမ်းမောင်းတာလည်း မရှိခဲ့တဲ့အပြင် သူ့ကို အားပေးခဲ့၊ ယုံကြည်ခဲ့တယ်။ နောက်ဆုံးမှာ အောင်မြင်မှုလမ်းပေါ်အထိ သူ့ကို တွဲခေါ်လာနိုင်ခဲ့တယ်။ ဒါကြောင့် ကလေးတွေ အမှတ်မကောင်းတဲ့အခါ၊ အလွန်ညံ့တဲ့အခါ Wallach ရဲ့ မိဘလို ပြုမှုအားပေးတတ်အောင် မိဘတိုင်း အတုယူသင့်ပါတယ်။

Wallach အကျိုးဆက်က လူတိုင်းမှာ အစွမ်းအစ၊ အရည်အချင်းကိုယ်စီ ရှိကြောင်း လူတွေကို အသိပေးခဲ့တယ်။ ကလေးအပေါ် ယုံကြည်မှုတွေ မပျက်ပြားစေဖို့ မိဘတိုင်း၊ ဆရာတိုင်း သင်ယူလေ့လာသင့်ကြောင်း ပြခဲ့တယ်။ ကလေးအပေါ် ဆက်ဆံရာမှာ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံမိဖို့၊ လွယ်လွယ်ကူကူ မလိုက်လျှောဖို့ ပြခဲ့တယ်။ မိဘနဲ့ ဆရာသမားတွေ ပူးပေါင်းပြီး ကလေးတွေနဲ့ ရင်းနှီးအောင်၊ နားလည်အောင် ကြိုးစားကြပြီး Wallach နောက်တစ်ယောက် မွေးဖွားနိုင်ကြဖို့ "ကလေးဆိုးက ဆဲဆိုမှုကြောင့် ဖြစ်လာတယ်" ဆိုတဲ့စာအုပ်က ကျွန်မတို့ကို လှုပ်နိုးခဲ့ပါတယ်။

ွRef : 摘自黃冰梅(Huang Bing Mei) 編註:「壞孩子都是罵出來的」 "ကလေးဆိုးက ဆဲဆိုမှုကြောင့် ဖြစ်လာတယ်" 第一章: ပထမအခန်းမှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

Wednesday, December 24, 2008

ခရစ္စမတ် အစာ


အိမ်လွမ်းသူက နိုင်းနိုင်းအိမ်မှာ ၂၄ရက်ည ပါတီလုပ်မယ်လို့ စီဘောက်မှာ မောင်းထုသွားတာကြောင့် ကျန်လူတွေကပါ တကယ်လား? လာခဲ့မယ်။ ဘာကျွေးမလဲတွေ ဖြစ်ကုန်ကြတယ်။ တကယ်တော့ ဒီဘလော့ဂ်မှာ ခရစ္စမတ်နဲ့ ပတ်သက်တာတွေ ဝေဝေဆာဆာရှိခဲ့ပေမယ့် အပြင်နေအိမ်မှာ ခရစ္စမတ်ဆိုလို့ ကတ်လေးတစ်ကတ်တောင် မရှိခဲ့ပါဘူး။ အများသူတွေရဲ့ ခရစ္စမတ်လို ခရစ္စမတ်ကြက်ဆင်၊ ငန်းကင်၊ ခရစ္စမတ်ဝိုင်၊ ခရစ္စမတ် ပူတင်း၊ ခရစ္စမတ် ညစာဆိုတာ ဝေလာဝေးပေါ့။ ဒါပေမယ့် လာမယ်၊ စားမယ်လို့ ခင်မင်သူတွေက တောင်းဆိုလာကြတော့ ခရစ္စမတ်နဲ့ မတူပေမယ့်လည်း ဒီလိုရက်ကောင်းရက်မြတ်မှာ ဘလော့ဂ်လာ ဧည့်သည်တွေကို ရှိတာလေးနဲ့ ချကျွေးလိုက်ပါတယ်။

ခရစ္စမတ် ညစာလောက် အဖိုးမရှိပေမယ့် ဒီအစားလေးကို မြန်မာပြည်နဲ့ အနေဝေးသူတွေ တောင့်တ၊ ငတ်မွတ်နေကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီဘလော့ဂ်လာ သူငယ်ချင်း မိတ်ဆွေတွေ အားမနာတမ်း ကြည့်ရှုဖို့ ဘလော့ဂ်ပေါ် တင်ပေးလိုက်ပါတယ်း) ဒါနဲ့ တစ်လက်စတည်း ပြောချင်ပါတယ်။ ကျွန်မ ၂၆, ၂၇, ၂၈ သုံးရက် ခရီးထွက်ဖို့ ရှိပါတယ်။ ဘယ်သွားမယ်ဆိုတာကိုတော့ ပြန်လာမှပဲ ပြောပြတော့မယ် :D အားလုံး မယ်ရီ ခရစ္စမတ်... ပျော်ရွှင်စရာ ခရစ္စမတ်လေးပါလို့... အားလုံး ကျေးဇူးးးးးးး

ခင်မင်တဲ့

နိုင်းနိုင်းစနေ


Share/Bookmark

မိခင်တစ်ဦးရဲ့မေတ္တာ (သို့) မအေးစိန်


မအေးစိန်

မအေးစိန်က နာမည်နဲ့လိုက်အောင် အနေရိုးတဲ့ ရှမ်းအမျိုးသမီးတစ်ဦးဖြစ်တဲ့အပြင် သူရဲ့အလုပ်က လူတွေကို ကယ်တင်ကုသပေးတဲ့ နပ်စ်မအလုပ်ဖြစ်တယ်။ အရပ်မြင့်မြင့်နဲ့ မအေးစိန်ရဲ့ ဝိုင်းစက်တဲ့မျက်နှာက သူ့ပင်ကိုယ် စိတ်နေသဘောထားကို ဖော်ညွှန်းထားတဲ့အလား အမြဲပြုံးရွှင်လို့နေတယ်။ အော်ငေါက်ပြီး တစ်ခါမှ မပြောဖူးတဲ့ မပီကလာ သူ့စကားသံမှာ ကိုယ်ချင်းစာ၊ ကြင်နာမှုတွေ အမြဲပြည့်လို့နေတယ်။

မအေးစိန်မှာ သားသမီးငါးယောက်ရှိတယ်။ သူတို့လေးတွေက အမေတူပါပဲ။ သူတို့ရဲ့လိမ္မာရေးခြားရှိပုံက မိခင်ကောင်းတစ်ဦးရဲ့ ပြုစုပျိုးထောင်မှုအောက်က ကြီးပြင်းလာကြောင်းကို သက်သေပြလို့နေတယ်။ အဲဒီထဲမှာ ဒုတိယသမီးလေး နန်းရွှေအိက မအေးစိန်ကို နားအလည်ပေးဆုံး၊ အသိတတ်ဆုံး သမီးလေးဖြစ်တယ်။

နယ်စပ်ဒေသမှာ နေထိုင်တယ်ဆိုပေမယ့် တစ်ဖက်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေက မအေးစိန်တို့ရဲ့ မိသားစုထဲ ထိုးဖောက်မဝင်ရောက်ခဲ့ပါဘူး။ အမျိုးဘာသာကို လေးစားမြတ်နိုးသူပီပီ သားသမီးတွေကိုလည်း ကိုယ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ စာပေတွေ ချစ်မြတ်နိုးတတ်ဖို့ မအေးစိန်သင်ကြားပေးခဲ့တယ်။ မြန်မာစာ၊ စကားကို မြန်မာတစ်ယောက်လို တတ်ကျွမ်းနားလည်စေဖို့
နယ်စပ်မြို့မှာ ကြီးပြင်းလာတဲ့ သားသမီးတွေကို မိထ္တီလာမြို့ လွတ်ပြီး ပညာသင်ကြားစေခဲ့တယ်။ အဲဒီထဲမှာ နန်းရွှေအိလည်း အပါအဝင်ဖြစ်တယ်။

တစ်နှစ်တစ်ခါ ကျောင်းပိတ်ရက်တွေမှာ အိမ်ပြန်လာတတ်တာကလွဲလို့ မအေးစိန်ရဲ့ သားသမီးတွေက
တစ်နယ်တစ်ကျေးကို မိဘအုပ်ထိန်းသူမပါဘဲ စေလွတ်ရကျိုးနပ်ခဲ့ပါတယ်။ အချိန်တန် အိမ်ပြန်လမ်းမှာ အောင်မြင်မှုတွေခင်းပြီး ပြန်လာခဲ့ကြတယ်။ အဲဒီထဲမှာ သမီးအလိမ္မာ နန်းရွှေအိလည်းပါတယ်။

နွေရာသီကျောင်းပိတ်ရက်မှာ တက္ကသိုလ်အဖွင့်ကိုစောင့်ရင်း နပ်စ်မအမေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ ကုန်တိုက်တစ်ခု နန်းရွှေအိ အရောင်းစာရေးမ ဝင်လုပ်ခဲ့တယ်။ နဂိုကတည်းက ချောမောလှပတဲ့ နန်းရွှေအိက အလုပ်အတွက် အပြင်အဆင်လေးကြောင့် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သူ့အလှက ပိုထင်းနေခဲ့တယ်။ ငယ်ရွယ်ချောမောသူ၊ အရွယ်ကောင်းသူဖြစ်တဲ့ နန်းရွှေအိမှာ ပိုးပန်းသူတွေ မနည်းခဲ့ပါဘူး။ လှပတဲ့ ပန်းလေးတစ်ပွင့်မှာ ဝိုင်းဝိုင်းလည်နေတဲ့ ပျားပိတုန်းတွေထဲ နန်းရွှေအိ ရွေးခြယ်လိုက်သူက ကိုယ်ပိုင်ကားလေးမောင်းနိုင်တဲ့ တစ်နယ်တည်းသား စိုင်းရှန် ကိုဖြစ်တယ်။

စိုင်းရှန်နဲ့ နန်းရွှေအိက အလုပ်သွား၊ အလုပ်ပြန်မှာ ရံဖန်ရံခါ တွဲသွားတွဲလာ ရှိတတ်တယ်ဆိုပေမယ့် သမီးရီးစား မဖြစ်သေးပါဘူး။ စိုင်းရှန်ကို အကဲခတ်အဆင့်၊ ခင်မင်ရင်းနှီးတဲ့အဆင့်၊ တစ်ယောက်အကြောင်း တစ်ယောက် နားလည်အောင် ကြိုးစားတဲ့အဆင့်မှာပဲ ရှိနေသေးတယ်။ လိမ္မာတဲ့ သမီးလေးပီပီ
နန်းရွှေအိက စိုင်းရှန်နဲ့ ခင်မင်ရင်းနှီးကြောင်း မအေးစိန်ကို ဖွင့်ပြောထားပါတယ်။ ပွင့်လင်းရိုးသားတဲ့ မအေးစိန်လည်း ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး သားသမီးတွေကို လွတ်လွတ်လပ်လပ် ရွေးခြယ်ခွင့်ပေးထားခဲ့တယ်။

အရာရာ ပြည့်စုံတဲ့ မိသားစုလေးတစ်စု၊ လိမ္မာရေးခြားရှိတဲ့ သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ရှိခဲ့တဲ့ အသိုက်မြုံလေးတစ်ခုက မမျှော်လင့်တဲ့ ကံကြမ္မာဆိုးတစ်ခုကြောင့် ပြိုပျက်သွားခဲ့ရမယ်လို့ ဘယ်သူမှ တွေးထင်မထားခဲ့မိဘူး။ ပျော်ရွှင်မှုတွေက တိုတောင်းကြောင်း တစ်ခုသော ဒီဇင်ဘာက မအေးစိန်တို့ကို သက်သေပြခဲ့တယ်။

ဒီဇင်ဘာ ဆောင်းညနေခင်းရဲ့ အလုပ်ပိတ်ရက်တစ်ရက်မှာ နန်းရွှေအိကို စိုင်းရှန်က ကားနဲ့လာကြိုခဲ့တယ်။ ပိုးပန်းစ ချစ်ခင်သူတွေအတိုင်း နားလည်မှုတွေ ပိုဖလှယ်နိုင်အောင်၊ ရင်းနှီးမှုတွေ ပိုတိုးအောင် နန်းရွှေအိနဲ့ အေးအေးဆေးဆေး စကားပြောဖို့ မြို့ပြင်ဖက်ကို ကားမောင်းထွက်ခဲ့ကြတယ်။ အမေဖြစ်သူ မအေးစိန်ကို ခွင့်ပန်ပြီး စိုင်းရှန်နောက် နန်းရွှေအိလိုက်သွားခဲ့တယ်။ အဲဒီအသွားက အပြန်လမ်း လုံးဝမရှိတော့မှန်း နန်းရွှေအိရော စိုင်းရှန်ပါ မသိခဲ့သလို မအေးစိန်တို့လည်း မသိခဲ့ဘူး။ ပျော်ပျော်ရွှင်ရွှင် လက်ပြထွက်ခွါသွားတဲ့ သမီးက ထာဝရ နှုတ်ဆက်သွားခဲ့မယ်လို့ မအေးစိန် တွေးမထားခဲ့မိဘူး။

အဲဒီည အိမ်ပြန်ချိန်မှာ နန်းရွှေအိနဲ့ စိုင်းရှန် ပြန်မလာခဲ့ကြပါဘူး။ ခိုးရာလိုက်သွားသလား? ကားတင်ပြေးသွားသလား? မေးခွန်းပေါင်းများစွာနဲ့ သူတို့ကိုသိတဲ့ လူတွေက အမျိုးမျိုး ထင်ကြေးပေးကြတယ်။ သမီးကိုနားလည်တဲ့ မအေးစိန်ကတောင် အဲဒီသံသယမေးခွန်းတွေနဲ့ သမီးကိုယုံမှားချင်လာခဲ့တယ်။ စိုင်းရှန်နောက် လိုက်ပြေးသွားသလား? လူကြီးတွေလည်း သိနေတဲ့ကိစ္စပဲ သူဒီလို လုပ်မယ် မထင်ပါဘူးလေ.. ခိုးရာလိုက်တယ်လို့ လူတွေထင်နေကြပေမယ့် နန်းရွှေအိရဲ့ အဝတ်အစားတွေက ခြေရာလက်ရာမပျက် ရှိနေသေးသလို၊ အရေးကြီးတဲ့ နိုင်ငံသားမှတ်ပုံတင်လည်း သိမ်းထားတဲ့နေရာမှ မပျက်မယွင်းရှိနေခဲ့တယ်။

တစ်ရက်.. နှစ်ရက် သမီးရဲ့သတင်း ဘာမှမကြားမိသေးတဲ့ မအေးစိန် စိတ်ပူစပြုလာပါပြီ။ အမေကိုချစ်တဲ့ သမီးမို့ ဘယ်ရောက်နေတယ်၊ ဘာလုပ်ခဲ့တယ်ဆိုတာကို နန်းရွှေအိ အကြောင်းကြားမယ်ဆိုတာကို မအေးစိန် ယုံကြည်နေခဲ့တယ်။ ဒါပေမယ့် အခုတော့ အချိန်တွေ တဖြေးဖြေး ကုန်ဆုံးလာသလို သမီးရဲ့သတင်းအစအနက ခြေရာလည်းပျောက် ရေလည်းနောက်ခဲ့ရတယ်။

သုံးရက်မြောက် မနက်ခင်းမှာ ပူပင်သောကတွေက မအေးစိန်ကို အငြိမ်မနေစေခဲ့တော့ပါဘူး။ ရဲစခန်းသွားပြီး မအေးစိန် လူပျောက်တိုင်ကြားခဲ့တယ်။

အဲဒီနေ့ညနေခင်းမှာပဲ မြို့ပြင်က ချောင်းစပ်မှာ မိန်းကလေးအလောင်း တစ်လောင်းတွေ့တယ်ဆိုတဲ့ သတင်းက မအေးစိန်နားထဲ အပုပ်နံ့လို လွှင့်မျောလာခဲ့တယ်။ မဟုတ်ပါစေနဲ့.. သမီးလေး မဟုတ်ပါစေနဲ့လို့ ပါးစပ်က မအေးစိန် ဆုတောင်းနေပေမယ့် သမီးပျောက်လို့ သောကခံစားနေရတဲ့ စိတ်က မအေးစိန်ရဲ့ ခြေထောက်ကို အငြိမ်မရပ်နေစေခဲ့ပါဘူး။ အလောင်းတွေ့ရာ မြို့ပြင်ကို မအေးစိန် အပြေးတစ်ပိုင်း ပြေးသွားခဲ့မိတယ်။

တာဝန်ရှိသူတွေ စစ်ဆေးနေတဲ့ ပုပ်ပွတဲ့အလောင်းကို အဝေးကနေ မအေးစိန် လှမ်းမြင်နေရတယ်။ အိမ်က ထွက်သွားတုန်းက နန်းရွှေအိ ဝတ်သွားတဲ့ အင်္ကျီဖြူ၊ ဂျင်းဘောင်းဘီအပြာကို မအေးစိန် လှမ်းမြင်နေရတယ်။ မအေးစိန် ရင်ထဲမှာ ပလောင်ဆူနေပါပြီ။ ဘေးပတ်ဝန်းကျင်က ဘာအရာကိုမှ မအေးစိန် မမြင်တော့ဘူး။ နုတ်မှာလည်း သမီး.. သမီးလို့ တစ်ကြော်ကြော်ခေါ်ရင်း
ချောင်းစပ်မှာ ပေါလောပေါ်နေတဲ့ အလောင်းရှိရာဖက် မအေးစိန် ပြေးသွားခဲ့မိတယ်။

ပုပ်ပွနေတဲ့ အလောင်းကိုဖက်ပြီး မအေးစိန် ရင်ကွဲမတတ် အော်ငိုမိတယ်။ အလောင်းကနေ လွှင့်ပြန့်လာတဲ့ အပုပ်နံ့ ဆိုးဆိုးဝါးဝါးတွေက သမီးတစ်ယောက်အပေါ်ထားတဲ့ မအေးစိန်ရဲ့ မေတ္တာကို မတွန့်လှန်နိုင်ခဲ့ပါဘူး။ မအေးစိန် ဘာကိုမှ ဂရုမစိုက်တော့ဘဲ သမီးအလောင်းကို ရင်ခွင်ထဲ ထည့်ဖက်ပြီး အားရပါးရ ငိုကြွေးနေခဲ့မိတယ်။

ပုံပျက်စပြုနေတဲ့ အလောင်းက နန်းရွှေအိဟုတ်မဟုတ် သေချာစစ်ဆေးဖို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ သမီးရဲ့ဘယ်ဖက်တံတောင်ဆစ်မှာ ဆေးသွင်းတုန်းကရခဲ့တဲ့ ဒဏ်ရာတွေကအစ မအေးစိန် မှတ်မိနေခဲ့တယ်။ ရက်ရက်စက်စက်သတ်ပြီး ချောင်းထဲမှာ စွန့်ပစ်ခံထားခဲ့ရတဲ့ အလောင်းက သမီးနန်းရွှေအိဆိုတာ ရင်ထဲအသဲထဲက မအေးစိန် သိနေခဲ့တယ်။ ပြုံးပြီး နေအိမ်ကနေ လက်ပြထွက်သွားခဲ့တဲ့ သမီးက သုံးရက်မြောက်မှာ အေးစက်တောင့်တင်းနေတဲ့ ဝိညာဉ်မဲ့ခန္ဓာအဖြင့် မအေးစိန်ကို ဆီးကြိုနေခဲ့တယ်။ သမီးနာမည်ကို
အရူးတစ်ယောက်လို တစ်ကြော်ကြော် အော်ဟစ်ရင်း မအေးစိန်ငိုနေခဲ့မိတယ်။

တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ နန်းရွှေအိရဲ့ဦးခေါင်းမှာ မာကျောတဲ့အရာနဲ့ ရိုက်ထားတဲ့ဒဏ်ရာ၊ ခါးစပ်မှာ သေနတ်ဒဏ်ရာတစ်ချက်ကို တွေ့ခဲ့ရတယ်။ နန်းရွှေအိနဲ့ အတူသွားခဲ့တဲ့ စိုင်းရှန်ပျောက်နေလို့ စိုင်းရှန်ကပဲ သတ်ပြီး ထွက်ပြေးသွားသလား? ဘယ်သူက ဘာအငြိုးနဲ့ သတ်သွားခဲ့သလဲဆိုတဲ့ ထင်ကြေးတွေက မြို့လေးမှာ ပြန့်လို့နေခဲ့တယ်။ ဒါပေမယ့် နန်းရွှေအိအလောင်းတွေ့ပြီး ၃ရက်မြောက်နေ့ ရေချောင်းအောက် တစ်နေရာမှာ စိုင်းရှန်ရဲ့ အလောင်းကို တွေ့ခဲ့ကြပြန်တယ်။ စိုင်းရှန်ရဲ့ ဦးခေါင်းမှာလည်း မာကျောတဲ့အရာနဲ့ ရိုက်ထားတဲ့ဒဏ်ရာ၊ အလောင်းမပေါ်အောင် တိုင်တစ်တိုင်နဲ့
လက်ပြန်ကြိုးတုတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။ ပုပ်ပွလာတဲ့ စိုင်းရှန်ရဲ့အလောင်းက ရေအောက်ထဲမှာ ကြာရှည်နစ်မထားနိုင်ခဲ့ပါဘူး။ သူချစ်တဲ့ နန်းရွှေအိကို သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း၊ နန်းရွှေအိနောက် သူပါလိုက်သွားခဲ့ရကြောင်းကို ပုပ်ပွတဲ့အလောင်းနဲ့ သက်သေပြခဲ့တယ်။

သမီးလေး အသတ်ခံခဲ့ရလို့ မအေးစိန် မဖြေဆည်နိုင်ခဲ့ပါဘူး။ ပုရွက်ဆိတ်တစ်ကောင်ကိုတောင် မသတ်ရဲခဲ့တဲ့ သမီးမှာ ဘာအငြိုးတွေများရှိခဲ့သလဲ? ရက်ရက်စက်စက် သတ်ရလောက်အောင် သမီး ဘာအမှားတွေ လုပ်ခဲ့သလဲ? ဘယ်လို စဉ်းစားစဉ်းစား လိုချင်တဲ့အဖြေကို မအေးစိန် စဉ်းစားလို့ မရခဲ့ဘူး။ သမီးစိတ်နဲ့ မအေးစိန် နေ့မှန်း၊ ညမှန်း ခွဲခြားလို့ မရနိုင်အောင်ဖြစ်ခဲ့တယ်။ စားရ၊ သောက်ရမှန်းလည်း မသိခဲ့တော့ဘူး။ တစ်ချိန်လုံး သမီးနာမည်ကိုပဲ တတွတ်တွတ် ရွတ်ရင်း ငိုကြွေးနေခဲ့တယ်။

သမီးအတွက် ခံစားရတဲ့ သောကတွေကြောင့် တစ်ခါတလေ အိမ်နောက် ခြံစည်းရိုးစပ်မှာထိုင်ရင်း မအေးစိန် တစ်ယောက်တည်း စကားတွေပြောနေတတ်တယ်။ လိပ်ပြာလေးတစ်ကောင် အနားနား ဝဲပျံလာခဲ့ရင် သမီးလေး နန်းရွှေအိအထင်နဲ့ လိပ်ပြာကို စကားတွေ သွားပြောနေတတ်တယ်။ ရပ်ကွက်ထဲမှာ ကလေးတစ်ယောက်မွေးရင် သမီးလေးများ ဝင်စားလေမလားလို့ ဘယ်လက်တံတောင်ဆစ်ကို မအေးစိန် လှန်လျှောကြည့်တတ်ခဲ့တယ်။ ခါးစပ်မှာ မှဲ့လေးပါလာတဲ့ကလေးကို သမီးဝင်စားတယ်ဆိုပြီး အဝတ်အစား ဝယ်ပေးနဲ့ ကလေးမိဘတွေ စိတ်ပူငြိုငြင်တဲ့အထိ သမီးကိုချစ်တဲ့ မအေးစိန် ရူးသွပ်ခဲ့မိတယ်။

အဆိုးဆုံးက နန်းရွှေအိရဲ့ တက္ကသိုလ်ဝင်တန်း အကြောင်းကြားစာ ရတဲ့နေ့ကဖြစ်တယ်။ မအေးစိန် အပါအဝင် တစ်အိမ်သားလုံး စာရွက်ဝါကြီးကို ကိုင်ပြီး ဘာမှမပြောနိုင်ခဲ့ကြဘူး။ နန်းရွှေအိရဲ့ အစ်မ မောင်လေးတွေ အခန်းကိုယ်စီထဲ ဝင်ပြီး တရှုံ့ရှုံ့ငိုနေခဲ့ကြတယ်။ မအေးစိန်ရဲ့ ရင်တွေ၊ အသဲတွေလည်း ထက်ခြမ်းကွဲသွားသလား ထင်ရလောက်အောင် နာကျင်ခံစားခဲ့ရတယ်။

(၆)နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ လူသတ်တရားခံရဲ့ သတင်းအစအနက နန်းရွှေအိနဲ့ စိုင်းရှန်ရဲ့ အလောင်းထဲ မြေမြုပ်သဂြိင်္ိုလ်လိုက်သလိုပဲ လုံးဝ သဲလွန်စ ပြတ်သွားခဲ့တယ်။ စိုင်းရှန်မောင်းသွားတဲ့ ကားကလည်း မြေလျှိုးမိုးပျံသွားတဲ့အလား ဘာခြေရာမှ မကျန်ခဲ့ပါဘူး။

အချိန်တွေ တရွေ့ရွေ့ပြောင်းလဲခဲ့သလို အခုဆိုရင် မအေးစိန်တစ်ယောက်လည်း ဘုရားတရားရိပ်အောက်မှာ ခိုလှုံရင်း သမီးအတွက် ခံစားနေရတဲ့ သောကတွေကိုဖြေလျှော့ဖို့ ကြိုးစားနေခဲ့တယ်။ သမီးအတွက် ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း နောင်သံသရာအဆက်ဆက်မှာ ဒီလိုအဖြစ်မျိုး မကြုံဖို့ ဆုတောင်းပေးနေခဲ့တယ်။

တစ်ခါတလေ မအေးစိန်က "တစ်ခါခါမှာ သမီးနန်းရွှေအိကို သတ်သွားတဲ့လူကို ကျွန်မအရမ်း တွေ့ဖူးကြည့်ချင်တယ်။ သူ့ကိုရိုက်ဖို့၊ ထောင်ထဲပို့ဖို့ မဟုတ်ပါဘူး။ သမီးလေးမှာ ဘာအပြစ်ရှိလို့ ဒီလို ရက်ရက်စက်စက် သတ်သွားခဲ့ရတာလဲလို့ပဲ ကျွန်မ မေးကြည့်ချင်တယ်။ တကယ်လို့ သူ့ဆွေမျိုးသားချင်းမှာလည်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ရင် ဘယ်လိုခံစားရမလဲ ဆိုတာကို မေးကြည့်ချင်တယ်။ သူတို့မှာလည်း တစ်ချိန်တစ်ခါမှာ သားသမီးတွေ ရှိလာနိုင်ပါတယ်။ ကျွန်မလို အဖြစ်မျိုး မကြုံပါစေနဲ့လို့ ကျွန်မဆုတောင်းပေးလိုက်ပါတယ်" လို့ ဆွေးဆွေးမြေ့မြေ့လေး ပြောပြတတ်တယ်။

သမီးကို လွမ်းတဲ့စိတ်နဲ့ ရင်ထဲက ခံစားနေတာတွေ ပေါ့သွားအောင် ခံစားချက်တွေကို
စာရွက်ပေါ် ချရေးတတ်တယ်လို့ မအေးစိန်က ပြောပါသေးတယ်။ (၆)နှစ်ကာလအတွင်းမှာ မအေးစိန်ရေးခဲ့တဲ့ စာရွက်ပေါင်းက သေတ္တာတစ်လုံးစာ ရှိခဲ့တယ်။ ဒါပေမယ့် သားသမီးအပေါ်ထားတဲ့ မိခင်တစ်ဦးရဲ့ မေတ္တာတွေက သေတ္တာထဲ ထည့်ပြီး ရေတွက်လို့ မရနိုင်ခဲ့ပါဘူး။ သားသမီးတိုင်း၊ မိဘတိုင်း ပူပင်သောကတွေ ကင်းဝေစေဖို့ မအေးစိန် နေ့တိုင်း ဆုတောင်းမေတ္တာ ပို့သနေခဲ့ပါတယ်။


မိခင်တစ်ဦး၏ မေတ္တာ

သားသမီးအပေါ်မှာ ထားရှိတဲ့ မိခင်ရဲ့မေတ္တာဟာ ကျောက်တောင်ကြီးပမာ ခိုင်မာမြဲ ခိုင်မာနေပါတယ်။ ကမ္ဘာလုံးရဲ့ လမ်းဆုံးဟာ ရှိကောင်းရှိနိုင်ပါသေးတယ်။ သားသမီးအပေါ်မှာ ထားရှိတဲ့ မေတ္တာလမ်းဆုံးဆိုတာ မရှိပါ။

ရေဟာ အပူဓာတ်နဲ့ ထိတွေ့ရင် ဆူပွက်သွားနိုင်တယ်။ အအေးဓာတ်နဲ့ ထိတွေ့ရင်လဲ ခဲသွားနိုင်တယ်။ ဒါပေမဲ့ သားသမီးအပေါ်မှာ ထားရှိတဲ့ မိခင်ရဲ့မေတ္တာကတော့ အပူဓာတ်ဖြစ်စေ၊ အအေးဓာတ်ဖြစ်စေ ထိတွေ့ရင်လည်း ဘယ်လိုမှ မပြောင်းလဲဘဲ တသမတ်တည်း စမ်းရေလိုဘဲ အမြဲအေးမြနေပါတယ်။

လူသားအားလုံးရဲ့ စိတ်နှလုံးသားထဲမှာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဗြဟ္မစိုရ် တရားလေးပါး အမြဲထာဝရရှိနိုင်ကြပေါစေလို့ ဆန္ဒပြုလျှက်.......

မအေးစိန် (၁၄.၁၂.၂ဝဝ၈)

ပြီးပါပြီ

ဖြစ်ရပ်မှန်တစ်ခုကို နာမည်လွဲပြောင်းပြီး နိုင်းနိုင်းစနေ အငှားခံစား ရေးဖွဲ့သည်။


Share/Bookmark

Tuesday, December 23, 2008

မီးခြစ်ရောင်းတဲ့ ကောင်မလေး


မူရင်း.... Hans Christian Andersen "A Little Match-Seller" (1846)

နှစ်သစ်အကြိုညမှာ ရာသီဥတုက အရမ်းအေးလွန်းနေတဲ့အပြင် နှင်းတွေပါ တစ်ဖွဲဖွဲကျနေခဲ့တယ်။ ညအမှောင်က တစ်ဖြည်းဖြည်း နိမ့်ဆင်းလာခဲ့တယ်။ ဒီလိုချမ်းအေးတဲ့ ညအမှောင်မှာ ဦးထုပ်မဆောင်းတဲ့ ခြေဗလာနဲ့ ကောင်မလေးတစ်ယောက် လမ်းပေါ်မှာ လျှောက်သွားနေခဲ့တယ်။ တကယ်ပါပဲ.. အိမ်ကထွက်လာတုန်းက သူဖိနပ်တစ်ရံ ဝတ်ထားပါသေးတယ်။ ဒါပေမယ့် ဖိနပ်က အရမ်းကိုကြီးလွန်းနေလို့ အသုံးမဝင်ခဲ့ပါဘူး။ အဲဒီဖိနပ်က သူ့အမေ စီးခဲ့တဲ့ဖိနပ်ဖြစ်တယ်။ ကားလမ်းကို အလျှင်စလို သူဖြတ်တဲ့အချိန် အဝေးကနေ ကတိုက်ကရိုက် မောင်းလာတဲ့ မြင်းလှည်းနှစ်စီးကြောင့် သူ့ဖိနပ် ကျွတ်ကျန်ခဲ့ရတယ်။ ဖိနပ်တစ်ဖက်ကို သူဘယ်လိုရှာရှာ ရှာမတွေ့ခဲ့သလို ကျန်တစ်ဖက်ကိုလည်း ကောင်လေးတစ်ယောက်က ကောက်ယူပြီး ထွက်ပြေးသွားခဲ့တယ်။ ကလေးရတဲ့အချိန် အဲဒီဖိနပ်နဲ့ ကလေးအတွက် ပုခက်လုပ်ပေးမယ်လို့ ကောင်လေးက ပြောသွားခဲ့သေးတယ်။

အဲဒီလိုကြောင့် ကောင်မလေးမှာ ခြေဗလာနဲ့ လမ်းလျှောက်နေခဲ့ရတယ်။ အေးလွန်းလို့ သူ့ခြေထောက်လေးက နီရဲ ပြာနှမ်းနေတယ်။ သူ့ရဲ့ ဟောင်းနွမ်းတဲ့ ရှေ့ဖုံးခါးစီးစမှာ မီးခြစ်တွေ ထည့်ထားသလို လက်မှာလည်း တစ်ချို့ကိုင်ထားတယ်။ ဒီနေ့တစ်နေ့လုံး မီးခြစ်တစ်ဆံမှ သူမရောင်းရသေးဘူး။ ဘယ်သူမှလည်း သူ့ကို အသပြာတစ်ပြားတစ်ချပ် မပေးခဲ့သေးဘူး။

ဆာလောင် ချမ်းအေးနေတဲ့ သနားစရာကောင်မလေးက မီးခြစ်ရောင်းဖို့ ရှေ့ဆက်လျှောက်နေခဲ့တယ်။ ဒါဟာ စိတ်မချမ်းမြေ့ဖွယ် ပန်းချီကား တစ်ချပ်လိုပါပဲ။ နှင်းဖတ်တွေက သူ့ရဲ့ရှည်လျှားတဲ့ ရွှေအိုရောင် ဆံချည်မျှင် ကွေးကွေးကောက်ကောက် ကနေတစ်ဆင့် သူ့ပုခုံးပေါ် ကျနေခဲ့တယ်။ ကြည့်ရတာ အရမ်းလှပေမယ့် ဒါတွေကို လှတယ်လို့ သူမထင်ခဲ့ဘူး။ ပြတင်းပေါက်တိုင်းမှာ အလင်းတွေ ဖြာကျနေတယ်။ လမ်းပေါ်မှာ ငန်းသားကင်နံ့တွေ သင်းပြန့်နေတယ်။ ဒီညဟာ နှစ်သစ်အကြိုညဆိုတာကို သူသိနေခဲ့တယ်။

ထောင့်တစ်နေရာမှာ အိမ်နှစ်လုံးရှိတယ်။ တစ်လုံးက တစ်ခြားတစ်လုံးထက် ရှေ့ရောက်နေတယ်။ အဲဒီအိမ်ရဲ့ နံရံထောင့်တစ်နေရာမှာ ကိုယ်ကိုကျုံ့ပြီး သူထိုင်ချလိုက်တယ်။ ခြေထောက်တစ်စုံကိုလည်း သူကျုံ့ဝင်လိုက်တယ်။ ဒါပေမယ့် ပိုချမ်းတယ်လို့ သူခံစားမိတယ်။ မီးခြစ်တွေ ရောင်းမရလို့ ငွေတစ်ပြားတစ်ချပ်မှ မပါဘဲ သူအိမ်မပြန်ရဲခဲ့ဘူး။ အဖေရိုက်မှာကို သူကြောက်သလို အိမ်မှာလည်း အရမ်းအေးနေမယ်ဆိုတာ သူသိတယ်။ သူတို့အိမ်က လေဝင်တဲ့ ခေါင်မိုးလေးပဲရှိခဲ့တယ်။ လေတွေဝင်တဲ့ အပေါက်အကြီးဆုံးကို ကောက်ရိုး၊ အဝတ်စုတ်တစ်ချို့နဲ့ ဖာထေးခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။

ကောင်မလေးရဲ့ လက်ကလေးတစ်ဖက်က ချမ်းလွန်းလို့ ခဲခါနီးနေပါပြီ။ အာ! မီးခြစ်ဆံလေး တစ်ဆံလည်း သူ့အတွက် အသုံးဝင်နိုင်ပါတယ်။ မီးခြစ်ဆံတစ်ဆံကို သူအသုံးပြုရဲခဲ့ရင် နံရံကို ဆွဲခြစ်လိုက်တာနဲ့ လက်ကို အနွေးဓာတ် သူပေးလို့ရနေတယ်။ နောက်ဆုံး မီးခြစ်ဆံတစ်ဆံကို သူထုတ်လိုက်တယ်။ "ရှဲ..." မီးခြစ်ဆံ ထလောင်ပြီး အလင်းတစ်ချို့ဖြာထွက်လာတယ်။ သူ့လက်လေးကို မီးတောက်ပေါ် ဖုံးလိုက်တာနဲ့ မီးတောက်က နွေးထွေး၊ လင်းထိန်တဲ့ ဖယောင်းတိုင်လေး တစ်တိုင်နဲ့ တူနေခဲ့တယ်။

အရမ်းလှတဲ့ မီးတောက်လေးပါပဲ! ကောင်မလေးက သူ့ကိုယ်သူ သံမီးလင်းဖိုကြီး တစ်ခုရှေ့ ရောက်နေသလို ခံစားလိုက်မိတယ်။ မီးလင်းဖိုက ကြေးဝါရောင်လက်ကိုင်နဲ့ ကြေးဝါရောင် ကိုယ်ထည်ဖြစ်တယ်။ မီးတွေက အားပြင်းပြင်းနဲ့ တောက်လောက်နေခဲ့တယ်။ နွေးလိုက်တာ! လှလိုက်တာ! ကောင်မလေးက ခြေတစ်ဖက်ကို ဆန့်ပြီး အနွေးဓာတ် ယူမယ်ကြံတုန်းမှာ မီးတောက်က ရုတ်တရက် ငြိမ်းသွားခဲ့တယ်။ မီးလင်းဖိုကြီးလည်း မရှိတော့ဘူး။ ကောင်မလေးက လောင်ကျွမ်းသွားတဲ့ မီးခြစ်ဆံလေးကို ကိုင်ပြီး နေရာမှာတင် ထိုင်နေခဲ့တယ်။

မီးခြစ်ဆံတစ်ခုကို ယူပြီး သူဆွဲခြစ်လိုက်ပြန်တယ်။ မီးတောက်ပြီး အလင်းတစ်ချို့ ဖြာကျလာပြန်တယ်။ နံရံပေါ် အလင်းဖြာကျနေတဲ့ နေရာက ဇာပုဝါပါးလေး တစ်ချပ်လို သူဖောက်ထွင်းမြင်နေရတယ်။ အိမ်ထဲက အရာအားလုံးကို သူမြင်နေရတယ်။ အဖြူရောင် ခင်းထားတဲ့ စားပွဲပေါ်မှာ လှပတဲ့ ပန်းကန်တွေတင်ထားတယ်။ ပန်းကန်ထဲမှာ ဆီးသီးခြောက်နဲ့ ပန်းသီးတွေ အပြည့်ထည့်ထားတယ်။ ငန်းကင်ကလည်း အငွေ့တစ်ထောင်းထောင်းနဲ့ မွှေးကြိုင်လို့နေတယ်။ အားအရဆုံးက ဓားနဲ့ ခက်ရင်းထိုးထားတဲ့ ငန်းကင်ကြီး ပန်းကန်ထဲက ခုန်ထွက်လာပြီး ကောင်မလေးဖက်ကို လျှောက်လာခဲ့တယ်။ အဲဒီအချိန်မှာ မီးငြိမ်းသွားခဲ့ပြန်တယ်။ ကောင်မလေးရဲ့ ရှေ့မှာ ထူထည်းပြီး အေးစက်နေတဲ့ နံရံတစ်ခုပဲ ရှိနေခဲ့တယ်။

မီးခြစ်ဆံတစ်ခုကို ယူပြီး သူထွန်းညှိလိုက်ပြန်တယ်။ ဒီတစ်ခေါက်တော့ လှပတဲ့ ခရစ္စမတ်သစ်ပင် တစ်ပင်အောက် သူရောက်နေခဲ့တယ်။ အရင်နှစ် ခရစ္စမတ်တုန်းက မှန်တံခါးကို ဖြတ်ပြီး သူဌေးအိမ်တစ်အိမ်က ခရစ္စမတ်သစ်ပင်ကို သူတွေ့ခဲ့ရတယ်။ ဒီတစ်ပင်က အဲဒီသူမြင်ခဲ့ဖူးတဲ့ တစ်ပင်ထက် ပိုကြီး၊ ပိုလှနေတယ်။ သစ်ကိုင်းစိမ်းစိမ်းပေါ်မှာ ဖယောင်းတိုင် ထောင်ပေါင်းများစွာ ထွန်းညှိထားတယ်။ လှပတဲ့ ရောင်စုံရုပ်ပုံလေးတွေက မှန်ဘီရိုထဲမှာ ချိတ်ဆွဲထားတဲ့ ရုပ်ပုံတွေလို သူ့ကို မျက်စိပြစ်ပြနေတယ်။ ကောင်မလေးက လက်နှစ်ဖက်ကို ဆန့်လိုက်တယ်ဆိုရင်ပဲ မီးတောက်က ငြိမ်းသွားခဲ့ပြန်တယ်။

ခရစ္စမတ်ည မီးရောင်က ပိုတောက်လောင်နေခဲ့တယ်။ မီးတောက်တွေက ကြယ်ကလေး အသွင်ပြောင်းသွားတာကို သူတွေ့လိုက်တယ်။ ကြယ်လေးတစ်ပွင့် ကြွေကျလာခဲ့တယ်။ ကောင်းကင်ပေါ်မှာ အလင်းတန်းရှည်တစ်ခု ဖြတ်သွားခဲ့တယ်။

" အခုချိန်မှာ ဘယ်သူများ သေဆုံးသွားခဲ့ပါလိမ့်! " ကောင်မလေး တွေးလိုက်မိတယ်။

"ကောင်းကင်က ကြယ်လေးတစ်ပွင့်ကြွေရင် မြေပြင်က ဝိညာဉ်တစ်ခုလည်း ကောင်းကင်ဘုံ ဘုရားသခင်ဆီ ရောက်သွားတယ်" လို့ သူ့ကိုချစ်တဲ့အဘွားက ပြောခဲ့ဖူးတယ်။

ကောင်မလေးက နံရံကိုခြစ်ပြီး မီးခြစ်တစ်ခု ထွန်းညှိလိုက်ပြန်တယ်။ သူပတ်ပတ်လည်က လင်းထိန်သွားပြန်တယ်။ အလင်းထဲကနေ အဘွားအိုတစ်ဦး ပေါ်လာတယ်။ နူးညံ့သိမ်မွေ့တဲ့ အဘွားအိုကိုယ်ပေါ်မှာ အလင်းတွေဖြာနေတယ်။

" အဘွား! " ကောင်မလေးက အော်ခေါ်လိုက်တယ်။

"အိုး..ကျွန်မကို ခေါ်သွားပါ အဘွား! ဒီမီး ငြိမ်းသွားတာနဲ့ အဘွားပျောက်သွားမယ်ဆိုတာ ကျွန်မသိတယ်။ နွေးထွေးတဲ့ မီးလင်းဖိုလေးလို၊ ငန်းကင်ကြီးလို၊ ခရစ္စမတ်သစ်ပင်လို အဘွားပျောက်သွားမယ်ဆိုတာကို ကျွန်မသိတယ်"

ကောင်မလေးက ပြောပြောဆိုဆို အဘွားကို နေစေခဲ့ချင်တဲ့ ဆန္ဒနဲ့ မီးခြစ်အားလုံးကို အလျှင်အမြန် ထွန်းညှိလိုက်တယ်။ မီးခြစ်တွေက နေ့အလင်းထက် တောက်ပတဲ့ မီးတောက်ကြီးအဖြင့် လောင်ကျွမ်းခဲ့ကြတယ်။ အဘွားအိုက တစ်ခါမှ ဒီလောက်ကြီးမားပြီး ဒီလောက် မလှပခဲ့ဖူးဘူး။ အဘွားအိုက ကောင်မလေးကို ရင်ခွင်ထဲ ပွေ့ချီလိုက်တယ်။ အဲဒီနောက် အလင်းတန်းနဲ့အတူ နှစ်ယောက်စလုံး ကောင်းကင်ထက်ကို ပျော်ပျော်ရွှင်ရွှင် ပျံသန်းသွားခဲ့တယ်။ ပျံလေ မြင့်လေ... မချမ်းတဲ့အရပ်၊ မဆာလောင်တဲ့ အရပ်ကို သူတို့ ပျံသန်းခဲ့ကြတယ်။ နာကျင်သောကကင်းတဲ့အရပ် ဘုရားသခင်ဆီကို သူတို့ပျံသန်းခဲ့ကြတယ်။

ချမ်းအေးတဲ့ မနက်ခင်း နံရံထောင့်တစ်နေမှာ ကောင်မလေးတစ်ယောက် ထိုင်နေခဲ့တယ်။ သူ့ပါးပြင်နှစ်ဖက်စလုံး နီရဲနေတယ်။ သူ့နုတ်ခမ်းက ပြုံးရောင်သမ်းနေတယ်။ သူ သေဆုံးခဲ့ပါပြီ.... နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့တစ်နေ့မှာ အေးခဲပြီး သူသေဆုံးသွားခဲ့တာဖြစ်တယ်။ နှစ်သစ်ရဲ့ နေရောင်ခြည်က သေဆုံးနေတဲ့ ကောင်မလေးရဲ့ ခန္ဓာပေါ် ဖြာကျနေခဲ့တယ်။ သူ့လက်မှာ မီးခြစ်ဆံတစ်ချို့ ဆုတ်ကိုင်ထားသေးတယ်။ မီးခြစ်တစ်ချို့က လောင်ကျွမ်းကုန်ခဲ့ပါပြီ။

" နွေးထွေးဖို့ သူကြိုးစားခဲ့တယ်ထင်တယ်! " လူတွေက ပြောတယ်။

ဒါပေမယ့် လှပတဲ့အရာတွေ သူမြင်တွေ့ခဲ့တယ်၊ ပျော်ရွှင်တဲ့ နှစ်သစ်ဆီကို အဘွားနဲ့အတူ ပျော်ပျော်ရွှင်ရွှင် သူလိုက်သွားခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။



ပြီးပါပြီ။

၁) ငန်းကင်က ဒိန်းမတ်လူမျိုးတို့ရဲ့ ခရစ္စမတ်အကြိုည စားပွဲထဲက အဓိကအစာဖြစ်တယ်။

၂) မြေပြင်ပေါ်မှာ လူတစ်ဦးအတွက် ကောင်းကင်ပေါ်မှာ ကြယ်တစ်ပွင့်ရှိတယ်လို့ မြောက်ဥရောပ လူမျိုးတွေ ယုံကြည်ကြတယ်။ ကောင်းကင်မှာ ကြယ်တစ်ပွင့်ကြွေရင် မြေပြင်မှာ လူတစ်ဦးသေဆုံးတယ်လို့ ယုံကြည်ကြတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark