မိုက်ကယ်ဂျက်ဆင် (သို့) အထင်လွဲမှုအခံရဆုံး အဆိုတော်
လူတွေရဲ့ ပရိယာယ်ဆင် လှည့်စားတာကို ကျွန်တော်ခံရတာ ငြီးငွေ့လာခဲ့ပြီ။ ဒီလိုအတင်းအဓမ္မတွေက တကယ်ရှိခဲ့တယ်။ သူတို့ဟာ လူလိမ်တွေ၊ သမိုင်းစာအုပ်ကလည်း အလိမ်အညာတွေချည်းပဲ။ုခေတ်စားခဲ့တဲ့သီချင်း Jazz ၊ Rock ကနေ hip-hopထိ နောက်ပြီး အကတွေကိုလည်း လူမည်းတွေ စထွင်ခဲ့တယ်ဆိုတာကို လူတွေသိထားသင့်တယ်။ ဒါပေမယ့် သမိုင်းစာအုပ်ရဲ့ချောင်ထဲ ဒီအကြောင်းအရာတွေ ထိုးသိပ်ခံခဲ့ရတယ်။ လူမည်းတစ်ယောက်ရဲ့ပုံကို ဘယ်မျက်နှာဖုံးပေါ်မှာ ခင်ဗျားတွေ့ဖူးလဲ? Elvis Presley နဲ့ Rolling Stones အဖွဲ့ကိုပဲ ခင်ဗျားတွေ့ခဲ့လိမ့်မယ်။ တကယ်ဆို ဘယ်သူတွေက အမှန်စင်စစ် စတင်ထီထွင်သူလဲ?
ကျွန်တော့်အခွေထုတ်ပြီးနောက် Elvis Presleyကို ကျွန်တော်စံချိန်ချိုးခဲ့တယ်။ Beatles ကို စံချိန်ချိုးခဲ့တယ်။ နောက်ဆုံးတော့.. ? ကျွန်တော့်ကို အင်္ဂါချို့တဲ့သူ၊ လိင်တူဆက်ဆံသူ၊ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သူလို့ ကင်ပွန်းတပ်ခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်ဟာ ကိုယ့်အသားကို ဖြူအောင်ဆေးချွတ်သူ၊ လုပ်ချင်တာလုပ်ပြီး ကိုယ့်ဂုဏ်သိက္ခာကို ဖျက်ဆီးသူ စတာတွေက သူတို့ရဲ့ မကောင်းကြံစည်တာတွေဖြစ်တယ်။ ဒါပေမယ့် မှန်ရှေ့ရောက်တိုင်း ကျွန်တော့်ကိုယ်ကျွန်တော် သိတယ်။ ကျွန်တော် လူမည်းတစ်ယောက်ဖြစ်တယ်။ --- မိုက်ကယ်ဂျက်ဆင်
သီချင်းလောကမှာ မိုက်ကယ်ဂျက်ဆင်ဆိုတဲ့ နာမည်က ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ နာမည်ကြီး ကမ္ဘာကျော် အဆိုတော်တစ်ယောက်ဟာ (၁ဝ)နှစ်ကျော်လုံးလုံး မီဒီယာတွေရဲ့ မဟုတ်မမှန်သတင်း လွှမ်းခြုံမှုကို ခံခဲ့ရတယ်။ လူတွေရဲ့ အကဲ့ရဲ့၊ အလှောင်ပြောင်ကြားမှာ နစ်မွန်းခဲ့ရတယ်။
တကယ့်မိုက်ကယ်ဂျက်ဆင်က လူသားတွေကို ချစ်မြတ်နိုးတဲ့စိတ်ရှိသူ တစ်ဦးဖြစ်တယ်။ သီချင်းထဲကနေ ငြိမ်းချမ်းခြင်းကို သူကြွေးကြော်ခဲ့တယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သူကြေညာခဲ့တယ်။ မေတ္တာတွေပေးကမ်းခဲ့တယ်။ လူ့အဖွဲ့အစည်းကို ဂရုစိုက်ခဲ့တယ်။ မတရားမှုတွေကို တွန်းလှန်ခဲ့တယ်။ သီချင်းထဲတင်မက အပြင်လက်တွေ့မှာလည်း သူတကယ်လုပ်ခဲ့တယ်။ သူ့ရဲ့ အနှစ်(၂ဝ)ကျော် အလှူဒါနတွေမှာ သူဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အနုပညာသည်တွေထဲက ဒါနအလုပ်ဆုံး၊ ပေးကမ်းစွန့်ကျဲမှု အများဆုံးလုပ်ခဲ့သူဖြစ်တယ်။ လူသားချင်း စာနာတတ်တဲ့ဆုကို သူမကြာခဏရခဲ့တယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အဖြစ် စာရင်းနှစ်ကြိမ် ပေးသွင်းခံရသူဖြစ်ခဲ့တယ်။ မိုက်ကယ်ဂျက်ဆင်ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Charitable organizations အဖွဲ့ (၄ဝ) ကို လှူဒါန်းတဲ့အပြင်....
ကမ္ဘာ့ကယ်ဆယ်ရေး အဖွဲ့အစည်း Save the World Foundationကို (၁၉၉၂)မှာ တည်ထောင်ခဲ့တယ်။
ကလေးများကယ်ဆယ်စောင့်ရှောက်ရေး အဖွဲ့အစည်းHealကို (၂ဝဝ၁) ခုနှစ်မှာ တည်ထောင်ခဲ့တယ်။
မိုက်ကယ်ဂျက်ဆင် လောင်ကျွမ်းကုသရေးဌါန Burn Center (၁၉၈၄)
မိုက်ကယ်ဂျက်ဆင် အေအိုင်ဒီအက်စ် ကယ်ဆယ်ကုသရေးဌါန (၁၉၈၆)
မိုက်ကယ်ဂျက်ဆင် အသားရောင်မျိုးစုံ သင်ကြားရေး ပညာရေးငှါန (၁၉၈၇)
မိုက်ကယ်ဂျက်ဆင် ကလေးဆေးရုံ (Warsaw -၁၉၉၃)
မိုက်ကယ်ဂျက်ဆင် ကလေးဆေးရုံ (ပဲရစ် - ၁၉၉၅)
မိုက်ကယ်ဂျက်ဆင် ဆီးချိုရောဂါဝေဒနာရှင်များ အဖွဲ့အစည်း (၁၉၉၉ခုနှစ် Elizabeth Taylor နှင့်အတူ)
နှစ်စဉ်နှစ်တိုင်း ဖျားနာသူတွေအတွက် ပေးကမ်းလှူဒါန်းခဲ့တယ်။ အထူးသဖြင့် ကလေးသူငယ်တွေအတွက် ဖြစ်တယ်။ မရှိဆင်းရဲသားတွေကိုလည်း ဆေးကုသမှုတွေပေးခဲ့တယ်။ ကျော်ကြားမှုကို မလိုလားတဲ့ မိုက်ကယ်အတွက် တစ်ခြားအဖွဲ့အစည်း၊ အလှူအဒါန်းတွေလည်း ရှိပါဦးမယ်။ ဒါပေမယ့် ဒါတွေကို မီဒီယာတွေက ပုံကြီးချဲ့ မကြေညာချင်ခဲ့ကြဘူး။ အကြောင်းက ကမ္ဘာကျော်အဆိုတော်တစ်ယောက်ရဲ့ ကမ္ဘာ့ကယ်တင်မှုအစား သူရဲ့မကောင်းတဲ့ အပြစ်အနာတွေကိုဖန်တီးပြီး လူတွေရဲ့စူးစမ်း၊ စပ်စုလိုစိတ်ကို ပြည့်ဝစေဖို့ပဲ သူတို့ကြော်ညာခဲ့ကြတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ နှစ်အတော်ကြာ သတင်းမီဒီယာတွေရဲ့ လုပ်ကြံမှုကိုခံခဲ့ရတယ်။ သိသာတဲ့ လုပ်ကြံမှုတစ်ခုက မိုက်ကယ်ဂျက်ဆင်မှာ Vitiligo (သမင်ဖြူရောဂါ) ရှိမှန်းသိသိနဲ့ သူ့ကို အသားဖြူအောင် ဆေးချွတ်တယ်ဆိုပြီး လူအများအမြင်လွဲမှားအောင် သတင်းလွှင့်ခဲ့တယ်။ ဒီလို အထင်လွဲမှားမှုကို (၁ဝ)နှစ်ကျော်ကြာ မိုက်ကယ်ဂျက်ဆင် ခံခဲ့ရတယ်။ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့အမှု တွေမှာလည်း လစ်ဟချက်တွေ ရှိခဲ့တယ်။ တစ်ချို့အမှုက ကျောက်ခဲရေညှစ်သလို အဖြေရှာမရခဲ့ပေမယ့် မိုက်ကယ်မှာ အပြစ်ရှိတယ်လို့ အရင်ဦးအောင် ဒဏ်ခတ်လိုက်ကြပြီးဖြစ်တယ်။
ဒီပုံက ၈ဝခုနှစ်ဝန်းကျင်က Charlie Chaplin စတိုင်လ်နဲ့ မိုက်ကယ်ဂျက်ဆင်ပုံဖြစ်ပါတယ်။ မျက်နှာပေါ်မှာ မိတ်ကပ်တွေ လိမ်းခြယ်ထားတယ်ဆိုပေမယ့် မိုက်ကယ်ရဲ့မျက်နှာနဲ့ နားရွက်တွေမှာ သမင်ဖြူကွက်တွေကို တွေ့နိုင်ပါသေးတယ်။
အသားဖြူအောင် မိုက်ကယ်ဂျက်ဆင် ဆေးမချွတ်ခဲ့သလို၊ ဖြူအောင် ဆေးချွတ်လို့လည်း မရနိုင်ပါဘူး။ တကယ်လို့ ကမ္ဘာပေါ်မှာ လူမည်းတွေရဲ့ အသားဖြူဆေးချွတ်တဲ့ပညာ တကယ်ရှိခဲ့ရင် ကမ္ဘာပေါ်မှာ အသားဖြူအောင် ဆေးချွတ်တဲ့လူ တစ်ယောက်ထက်မနည်း ရှိခဲ့ကြမှာပါ။ ဒါပေမယ့် မိုက်ကယ်ဂျက်ဆင်က လွဲပြီး တစ်ခြားဆေးချွတ်တဲ့လူကို ကျွန်မတို့မတွေ့ဖူးခဲ့ကြသလို "လူမည်းတွေ အသားဖြူအောင် ဆေးချွတ်တယ်" ဆိုတာကိုလည်း မကြားခဲ့ဖူးပါဘူး။ တကယ်တမ်းလည်း ဒီကမ္ဘာမှာ အသားဖြူဆေးချွတ်ပညာဆိုတာ မရှိခဲ့ပါဘူး။ သေချာစဉ်းစားကြည့်ရင် လူမည်းတွေမဆိုထားတဲ့ ကျွန်မတို့လို အသားလတ်သူတွေတောင် အသားဖြူအောင် လုပ်ဖို့မလွယ်ခဲ့ပါဘူး။
ဒီလိုဆိုရင် အရင်ကမည်းပြောင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ အသားက ဘာကြောင့် အခုချိန်မှာ နှင်းတွေလို့ ဖြူဖွေးနေသလဲလို့ မေးစရာအကြောင်းရှိလာပါတယ်။ ဒီ့အတွက် ၁၉၉၃ ခုနှစ်ကတည်းက မိုက်ကယ်ဖြေရှင်းခဲ့ပါတယ်။ “သမင်ဖြူ” ရောဂါကြောင့် သူ့အသားအရည်တွေ ပြောင်းလဲခဲ့ကြောင်း၊ ဒီရောဂါကို (၇ဝ)ခုနှစ်ဝန်းကျင်မှာ စတင်ဖြစ်ပွါးခဲ့ကြောင်း၊ ရောဂါကြောင့် အသားရောင်မညီမျှလို့ မိတ်ကပ်တွေနဲ့ လိမ်းခြယ်ဖုံးကွယ်ခဲ့ရကြောင်း သူဖြေရှင်းခဲ့ပါတယ်။
တကယ်လို့ မည်းနက်နေတဲ့ကိုယ်လုံးကို တစ်ကိုယ်လုံး ဖြူဖွေးအောင် လုပ်နိုင်ခဲ့ရင် ဒီကမ္ဘာမှာ မိုက်ကယ်ဂျက်ဆင်တစ်ယောက်ထဲ ဖြူအောင်လုပ်ခဲ့မှာ မဟုတ်ပါဘူး။
သမင်ဖြူရောဂါနဲ့ ပတ်သက်တဲ့ သူ့ဓာတ်ပုံတွေ တော်တော်များများ မှတ်တမ်းမတင်ခဲ့နိုင်ကိုက နှမြောစရာကောင်းခဲ့ပါတယ်။ အနုပညာသည်မို့ သူ့ရဲ့အကောင်းဆုံး အပြင်အဆင်၊ အပြုအမှုတွေကိုပဲ ပရိသတ်ကို ပြသပေးခဲ့ချင်တာဖြစ်တယ်။ ဒါကြောင့် ပရိသတ်ရှေ့ထွက်ဖို့ မိတ်ကပ်တွေသူသတိထား လိမ်းခြယ်ခဲ့ရတယ်။
“သမင်ဖြူ” ရောဂါနဲ့စွဲကပ်နေတဲ့ လူမည်းတစ်ချို့ရဲ့ ဓာတ်ပုံနဲ့ သာဓကပြရရင်---- အောက်က လူမည်းအမျိုးသမီးဟာ မိုက်ကယ်ဂျက်ဆင်လို “သမင်ဖြူ” ရောဂါစွဲကပ်နေသူဖြစ်တယ်။ ပုံထဲက ကလေးနှစ်ယောက်က သူ့သမီးတွေဖြစ်ပါတယ်။
နှစ်(၂ဝ)အတွင်းမှာ မိုက်ကယ်ရဲ့ သမင်ဖြူရောဂါက ဆိုးသထက်ဆိုးလာခဲ့တယ်။ ဒါပေမယ့် မီဒီယာတွေက ရောဂါဝေဒနာကြောင့် အသားအရည်တွေ နာကျင်နေမယ့် မိုက်ကယ်ရဲ့ခံစားမှုကို မသိခဲ့ကြဘူး။ အသားဖြူအောင် ဆေးချွတ်တယ်ဆိုတဲ့ သတင်းကိုလွှင့်ပြီး သူ့ဂုဏ်သိက္ခာကို ထိပါးစေခဲ့တယ်။
ဒါကလည်း ဒီလိုရှိပါတယ်.. ရောဂါဖြစ်နှုန်း ၂%သာရှိခဲ့တဲ့ သမင်ဖြူရောဂါအစား “အသားဖြူအောင် ဆေးချွတ်တယ်” ဆိုတာနဲ့ မီဒီယာတွေက သတင်းတန်ဖိုးကြီးအောင် လုပ်စားခဲ့ကြတယ်။ ဒါနဲ့ပဲ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေရဲ့ စူးစမ်းလိုစိတ်ကို ပြည့်ဝအောင် ဖြည့်ဆည်းပေးခဲ့တယ်။
အရင်က မိုက်ကယ်ဂျက်ဆင်နဲ့ လူဖြူတွေတွဲရိုက်ထားတဲ့ ပုံတွေကိုကြည့်ပြီး ဆေးချွတ်ထားတဲ့ လူမည်းတစ်ယောက်ရဲ့အသားက ဘာကြောင့် လူဖြူတွေထက်တောင် ဖြူနေရသလဲလို့ ကျွန်မ သံသယဖြစ်မိသေးတယ်။ နောက်မှသိရတာက ရောဂါကြောင့် မိုက်ကယ်ရဲ့အသားအရည်မှာ Melanin ဆုံးရှုံးခဲ့လို့ဖြစ်တယ်။ ဒါကြောင့် အပြင်ထွက်တိုင်း မိုက်ကယ်ဂျက်ဆင် ထီးဆောင်းခဲ့ရတယ်။ အရင်ကတော့ ထီးဆောင်းတာကို သူ့ရဲ့ဟန်တစ်မျိုး၊ အဆန်းထွင်တာလို့ ထင်ခဲ့ပေမယ့် သူက Melaninတွေ ဆုံးရှုံးခဲ့လို့ နေရောင်ကြောက်သူဖြစ်ကြောင်းကို နောက်မှသိလိုက်ရတယ်။ Melaninက နေရောင်ခြည်ကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်ပေးတယ်။ ဒါကြောင့် နေရောင်ခြည်ခံနိုင်တဲ့ အာဖရိကလူမျိုးတွေက Melaninကြောင့် ပိုမည်းရခြင်းဖြစ်တယ်။ Melanin မရှိတဲ့ အသားအရည်က နေရောင်ကိုကြောက်တယ်။ (၁၅)မိနစ်လောက် နေလှန်းခံရတာနဲ့ အရေပြားတွေ ပျက်ဆီးသွားတတ်တယ်။
အလှပြင်ဆိုင်က "အသားဖြူဆေးချွတ်နည်းက" နဂိုအသားမည်းသူတွေအတွက် အသုံးမဝင်ခဲ့ဘူး။ အမျိုးသမီးတစ်ချို့ ဖြူအောင် ဆေးချွတ်ကြတာ တွေ့ခဲ့ဖူးပေမယ့် တကယ်ဖြူသွားတယ်ဆိုတာမျိုး မမြင်ခဲ့ဖူးဘူး။
အင်တာနက်ပေါ်မှာ “ချွတ်ဆေး” ကို ရှာကြည့်တော့ အဲဒီချွတ်ဆေးမှာ အများအားဖြင့် အဆိပ်တွေပါတာ တွေ့ရတယ်။ အပြင်းဆုံးအဆိပ်က Mercury (quicksilver)ပဲဖြစ်တယ်။ ဆေးချွတ်တယ်ဆိုတာကလည်း အရေပြား အပေါ်ယံမှာရှိတဲ့ Melaninကို အသားထဲဝင်သွားအောင် လုပ်တာဖြစ်ပြီး လုံးဝပျောက်သွားအောင် လုပ်တာမဟုတ်ပါဘူး။ ဒါကြောင့် ဆေးချွတ်ပြီးရင် အပေါ်ယံအရေပြားသာ ဖြူသွားခြင်းဖြစ်တယ်။ ဒါပေမယ့် လူ့အသားအရည်ဆဲလ်တွေက မပြတ်ပြောင်းလဲနေတာကြောင့် ဆေးချွတ်ပြီး ဖြူတဲ့အသားတွေဟာ မကြာခင် ပြန်မည်းသွားတာကို တွေ့ရပါတယ်။ တကယ်လို့ မပြတ်ဆေးချွတ်မယ်၊ Melanin ကို အသားထဲနစ်ဝင်အောင် လုပ်ခဲ့ရင် Melaninတွေက အသားထဲ တဖြေးဖြေး အနယ်ထိုင်များလာပြီးရင် နဂိုမည်းတာထက် ပိုမည်းသွားတတ်ပါတယ်။ နှစ်ရှည်ဆေးချွတ်သူတွေမှာ “Melanosis”ဆိုတဲ့ အရေပြားရောဂါ ဖြစ်ပွါးလာတတ်ပါတယ်။
အထက်ဖော်ပြခဲ့တာတွေက ဆိုးဝါးတဲ့အဆင့် မဟုတ်သေးပါဘူး။ တကယ့်ဆိုးဝါးတာက ချွတ်ဆေးထဲ ပါဝင်တဲ့အဆိပ်တွေက နှစ်ကြာသုံးသူတွေရဲ့ အသားအရည်၊ အရိုး၊ အတွင်းအင်္ဂါ၊ ဦးနှောက်ထိတောင် ပျက်ဆီးစေနိုင်ပါတယ်။ ဒါကြောင့် တစ်ချို့ အသားဖြူဆေး၊ တင်းတိပ်ဆေးတွေမှာ (၄)လ သို့မဟုတ် နှစ်ဝက်သာ သုံးစွဲရန်ဆိုတဲ့ သတိပေးချက်တွေပါခဲ့တယ်။
ဒါကြောင့် မိုက်ကယ်ဂျက်ဆင်ဟာ အသားဖြူဖို့ ချွတ်ဆေးသုံးခဲ့တယ်ဆိုတာ ပိုမမှန်ကန်တော့ပါဘူး။ ဘယ်တစ်ဦးတစ်ယောက်ကမှ ကိုယ့်အသက်ကို စတေးခံပြီး အနရာယ်ရှိတဲ့ ချွတ်ဆေးကို နှစ်ရှည်လကြာ သုံးစွဲမှာ မဟုတ်ပါဘူး။ တကယ်လို့ သုံးစွဲခဲ့ရင်လည်း ဒီလူဟာ မသေခဲ့ရင်တောင် ကုတင်ပေါ်မှာပဲ လဲလျောင်းနေရမယ့် အနေအထားရှိခဲ့တယ်။ မိုက်ကယ်ဂျက်ဆင်လို အနှစ်(၂ဝ)လုံးလုံး စင်ပေါ်မှာ ခုန်ပေါက်ပြေးလွှား အော်ဟစ်နေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ခဲ့ပါဘူး။
Albinism နဲ့ သမင်ဖြူရောဂါက မတူပါဘူး။ Albinismက မွေးရာပါရောဂါဖြစ်ပြီး မွေးလာတာနဲ့ အသားအရည်က ဖြူနေပါတယ်။ အသားအရည်တင်မက ဆံပင်မွေးတွေပါ အဝါဖျော့ သို့မဟုတ် အဖြူရောင် ဖြစ်နေတတ်တယ်။ တစ်ချို့က သနားစရာကောင်းလောက်အောင် မျက်စိသူငယ်အိမ်တွေပါ ဖန်ပုလင်းလို ဖြစ်နေတတ်ပါတယ်။
သမင်ဖြူရောဂါက မျိုးရိုးလိုက်တဲ့ရောဂါဖြစ်တယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့ အဒေါ်တစ်ယောက်လည်း သမင်ဖြူရောဂါ စွဲကပ်ဖူးတယ်လို့ သိရပါတယ်။ ရောဂါအခြေအနေဆိုးသူက ဆံပင်တွေပါ ဖြူဖွေးသွားတတ်တယ်။ ဒါကြောင့် မျက်ခုံးမွေး၊ နှုတ်ခမ်းစတာတွေကို မိုက်ကယ်ဂျက်ဆင် မိတ်ကပ်တွေ ထူထူထည်းထည်း ခြယ်သထားရခြင်းဖြစ်တယ်။ တကယ်လို့ သူဟာ ဆံပင်တုစွပ်ခဲ့တယ်ဆိုရင် သူ့ဆံပင်တွေက ရောဂါကြောင့် ဖြူဖွေးနိုင်လောက်ပါပြီ။
ဒီရောဂါကို သူရခဲ့လို့ ကံမကောင်းခဲ့ပါဘူး။ ရောဂါကြောင့် အသက်မသေဆုံးနိုင်ခဲ့ပေမယ့် “လူမျိုးအပေါ် သစ္စာဖောက်သူ” ဆိုတဲ့ နာမည်ဆိုးကိုရခဲ့တယ်။ ဒီအတွက် သူဘယ်လောက် နာကျင်ခံစားခဲ့ရမယ်ဆိုတာကို သူပဲသိပါလိမ့်မယ်။
နောက်ပြီး မိုက်ကယ်ဟာ ခေါင်းကနေခြေအထိ ခွဲစိတ်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ နှာခေါင်းကိုပဲ မကြာခဏ သူခွဲစိတ်ခဲ့တယ်လို့ ကျွန်မထင်ပါတယ်။ မေးစေ့ကိုလည်း အကွဲလေးဖြစ်အောင် ခွဲစိတ်ခဲ့ပါတယ်။ သူ့မျက်လုံးနဲ့ မျက်နှာပေါက်က နဂိုလှပြီးသားဖြစ်တဲ့အတွက် ခွဲစိတ်ဖို့တောင် မလိုခဲ့ပါဘူး။
ကလေးအရွယ်ကရိုက်ခဲ့တဲ့ သူ့ဓာတ်ပုံကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။
ပုံထဲက အမျိုးသမီးက တစ်ခြားသူမဟုတ်ပါဘူး။ (၆ဝ) (၇ဝ) ခုနှစ်ဝန်းကျင်တုန်းက နာမည်ကြီးခဲ့တဲ့ လူမည်းအဆိုတော် Diana Rossပဲဖြစ်ပါတယ်။ သူဟာ မိုက်ကယ်ရဲ့ ဆရာဖြစ်သလို မိုက်ကယ်နှစ်ရှည်ကြာ တိတ်တခိုးစွဲလမ်းခဲ့သူလည်းဖြစ်ခဲ့တယ်။ သူ့နှာခေါင်းပုံအတိုင်း မိုက်ကယ် ခွဲစိတ်ခဲ့တယ်လို့လည်း ပြောကြပါသေးတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ လျှို့ဝှက်တတ်သူဖြစ်တဲ့အတွက် သတင်းမီဒီယာတွေနဲ့ (၁၉၇၈- ၁၉၉၃) ၁၅နှစ်လုံးလုံး အင်တာဗျူးမလုပ်ခဲ့တဲ့ မှတ်တမ်းရှိခဲ့ဖူးပါတယ်။ ခါတိုင်းလည်း ပေါ်ပေါ်ထင်ထင်မနေသူမို့ လူတွေရှေ့မှောက်တစ်ခါရောက်တိုင်း အရင်ပုံစံနဲ့မတူတဲ့ မိုက်ကယ်ဂျက်ဆင်ကို လူတွေတွေ့ခဲ့ရတယ်။ အထူးသဖြင့် သူ့ရဲ့အသားအရောင်ပဲဖြစ်တယ်။ ဒါကြောင့် သူ့ရုပ်ရည်၊ အသားအရည်က လူတွေသတိထားစရာ၊ ပြောစရာ သတင်းစကားဖြစ်ခဲ့တယ်။
၁၉၉၁ ခုနှစ် DANGEROUS ဆိုတဲ့ စီးရီးကိုထုတ်ဝေချိန်မှာ မိုက်ကယ်ဂျက်ဆင်ဟာ လူဖြူတွေထက်တောင် ပိုဖြူခဲ့တာကို တစ်ချို့သတိထားခဲ့မိကြတယ်။
၁၉၉၄ ခုနှစ် ပရက်စလေရဲ့သမီး LISAနဲ့လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီးသည့်တိုင် မိုက်ကယ်ဂျက်ဆင်ရဲ့ မိတ်ကပ်မလိမ်းတဲ့ မျက်နှာကို တစ်ခါမှ မမြင်ဖူးကြောင်း LISAက ပြောခဲ့တယ်။ အကောင်းဆုံးအနေအထား၊ ပုံစံမျိုးဖြစ်အောင် ကိုယ့်ဇနီးရှေ့မှာတောင် မိတ်ကပ်မချွတ်နိုင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်က သနားစရာ အလွန်ကောင်းခဲ့ပါတယ်။
မိုက်ကယ်ဂျက်ဆင်နဲ့ ရဲ့ LISA အိမ်ထောင်ရေးက တစ်နှစ်ခွဲကျော်လောက်ပဲ ခံခဲ့တယ်။ အကြောင်းက သူတို့ကြားထဲမှာ Debbie Ro ဆိုတဲ့အမျိုးသမီး ပေါ်လာခဲ့လို့ပဲဖြစ်တယ်။ Debbie Roက အရေပြားဆရာဝန်တစ်ဦးရဲ့ အကူနပ်စ်ဖြစ်ပြီး သမင်ဖြူရောဂါစွဲကပ်နေတဲ့ မိုက်ကယ်ဂျက်ဆင်နဲ့ (၈ဝ)ခုနှစ်ဝန်းကျင်မှာ သိကျွမ်းခဲ့တာဖြစ်တယ်။ LISA နဲ့ မိုက်ကယ်ဂျက်ဆင် မင်္ဂလာဆောင်ချိန်မှာ Debbie Roနဲ့ ခင်မင်မှုသက်တမ်းဟာ နှစ်(၂ဝ) နီးပါးရှိခဲ့ပြီဖြစ်တယ်။ Debbie Roရဲ့ ရှေ့မှာ မိုက်ကယ်ဂျက်ဆင်ဟာ ဘာအဆောင်အယောင်၊ လိမ်းခြယ်စရာတွေ မလိုခဲ့ဘူး။ ၁၉၉၆ ခုနှစ် Debbie Roနဲ့ မိုက်ကယ် မင်္ဂလာဆောင်ချိန် Debbie Roမှာ ကိုယ်ဝန်ရှိနေပြီးဖြစ်တယ်။
“လူမျိုးအပေါ် သစ္စာဖောက်သူ” လို့ အမည်တပ်ခံခဲ့ရတဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူမည်းခေါင်းဆောင်အကြီးအကဲ တော်တော်များများနဲ့ ခင်မင်ရင်းနှီးခဲ့တယ်။ ဒါ့အပြင် လူမည်းတွေရဲ့ ကျောင်း၊ လူ့အဖွဲ့အစည်းအတွက် သူလှူဒါန်းခဲ့တဲ့ငွေကြေး၊ ပစ္စည်းတွေက ရေတွက်လို့တောင် မကုန်နိုင်ခဲ့ပါဘူး။
သူရဲ့လှပခဲ့တဲ့အချိန်အခါ၊ သူရဲ့အနုပညာနဲ့ ဖန်တီးမှုကိုပဲ အောက်မေ့သတိရပါ။ သူ့ရုပ်ရှည်၊ သူရဲ့ မဟုတ်မမှန် သတင်းတွေနဲ့ အပြစ်တွေကို ပုံကြီးချဲ့ပြီး မထိုးနှက်ကြဖို့ တိုက်တွန်းလိုပါတယ်။
မိုက်ကယ်ဂျက်ဆင် -
(၅)နှစ်မှာ အနုပညာလောကထဲ ဝင်ခဲ့တယ်။
(၈)နှစ်မှာ နာမည်ကြီးလူသိများခဲ့တယ်။
(၁ဝ)နှစ်မှာ အမေရိကန် လူငယ်အဆိုရှင် ပထမဆုအဖြစ် မှတ်တမ်းတင်ခံခဲ့ရတယ်။ အဲဒီမှတ်တမ်းကို ခုထိ ထိန်းသိမ်းထားဆဲဖြစ်တယ်။
(၁၂)နှစ်မှာ အမေရိကန် လူငယ်အဆိုရှင် ပထမဆုအဖြစ် မှတ်တမ်းတင်ခံခဲ့ရတယ်။ အဲဒီမှတ်တမ်းကို အနှစ် (၃ဝ) ကြာတဲ့အထိ ထိန်းသိမ်းထားနိုင်ခဲ့တယ်။
(၂၅)နှစ်မှာ ရောင်းရနှုန်း စံချိန်အမြင့်ဆုံးအဖြင့် မှတ်တမ်းတင်ခံခဲ့ရတယ်။ အမေရိကန် U.S. Music Awards and Grammy Award winners ကိုရရှိခဲ့တယ်။
(၃ဝ)နှစ်မှာ King Of the Pop “ပေါ့ပ်ဘုရင်” အဖြစ် တင်စားခံခဲ့ရတယ်။
ကမ္ဘာ့မှတ်တမ်းတင် Guinness စာအုပ်မှာ (၇)ကြိမ်မှတ်တမ်းတင် ခံခဲ့ရတယ်။
တစ်ဦးတည်း ရော့ခ်ဂီတ အကျော်အမော်အဖြင့် နှစ်ကြိမ်အရွေးခံခဲ့ရတဲ့ တစ်ဦးတည်းသော အဆိုတော်ဖြစ်ခဲ့တယ်။
ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး မိသားစုတီးဝိုင်းဖြစ်ပြီး ခွေပေါင်းသန်း (၁၅ဝ)ကို ရောင်းချခဲ့ပြီးဖြစ်တယ်။
ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အမျိုးသားအဆိုရှင်ဖြစ်ပြီး ခွေပေါင်းသန်း(၇၅ဝ) ကို ရောင်းချခဲ့ပြီးဖြစ်တယ်။
(ပရက်စလေက အခွေပေါင်းသန်း (၁ဝဝဝ)ရောင်းချခဲ့ပြီဆိုတာ ပုံကြီးချဲ့တာဖြစ်ပြီး သက်သေ အထောက်အထားလည်း မရှိခဲ့ဘူး။ မိုက်ကယ်ဂျက်ဆင်က Association of World Records certificationရဲ့ အထောက်အထားရှိခဲ့သူဖြစ်တယ်)
မိုက်ကယ်ဂျက်ဆင် နာမည်ကျော် လူသိများခဲ့တာ နှစ်ပေါင်း (၄ဝ) ရှိခဲ့ပါပြီ။ အနုပညာ ဖန်တီးမှုတွေလည်း မနည်းခဲ့ပါဘူး။ သူ့ကိုလူတွေအောက်မေ့မယ်၊ မအောက်မေ့ဘူး၊ သတိရမယ်၊ မရဘူးဆိုတာတွေအတွက် ဘာအထောက်အထားမှ ထပ်ပြနေစရာ လိုတော့မယ် မထင်ပါဘူး။
ဘာကို Pedophilia (ကလေးသူငယ်တို့ကို နှစ်သက်စွဲလမ်းတဲ့ရောဂါလို့ ဘာသာပြန်ရမယ်ထင်ပါတယ်) လို့ ခေါ်ပါသလဲ? ပညာရှင်များရဲ့ ပြောကြားချက်အရ တကယ့် Pedophilia စွဲကပ်နေသူ ဝေဒနာရှင်တစ်ဦးဟာ အဖမ်းမခံမိခဲ့ရင် တစ်သက်မှာ အနည်းဆုံး ကလေးငယ်အယောက် (၂၄ဝ) ကို အဓမ္မပြုမှာဖြစ်တယ်။ ဒီလိုရောဂါဝေဒနာက ကိုယ့်ကိုယ်ကို ထိန်းချုပ်ရခက်ခဲတဲ့အတွက် ဖြစ်တယ်။
ဒီလိုဆိုရင် မိုက်ကယ်ဂျက်ဆင်ရော? သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ချို့ရဲ့ ပြောပြချက်အရ မိုက်ကယ်ဂျက်ဆင်ရဲ့ စိတ်ဟာ (၁၂)နှစ်သားအရွယ်မှာသာ ရှိခဲ့လို့ ကလေးငယ်တစ်ချို့နဲ့ ဆော့ကစားရတာကို သူနှစ်သက်ခဲ့တာဖြစ်တယ်။ Neverland ဆိုတဲ့ ဥယျာဉ်တစ်ခုကို သူတည်ဆောက်ပြီး ကမ္ဘာပေါ်မှာ ရှိရှိသမျှ ကလေးငယ်တွေအတွက် (၁ဝ)နှစ်လုံးလုံး နားရက်မရှိတဲ့ အခမဲ့ဥယျာဉ်အဖြင့် ဖွင့်လှစ်ပေးခဲ့တယ်။ အထူးသဖြင့် ဆင်းရဲတဲ့ကလေး၊ ရောဂါခံစားနေရတဲ့ ကလေးတွေအတွက်ဖြစ်တယ်။
အဲဒီကလေးတွေဟာ charity အဖွဲ့အစည်းရဲ့ အကူအညီတွေနဲ့ Neverland ကို တဖွဲဖွဲရောက်လာခဲ့ကြတယ်။ (Neverland ဆိုတာ ရာဇဝင်ပုံပြင် Peter Panထဲက ဖော်ညွှန်းထားတဲ့ ထူးခြားဆန်းကြယ်တဲ့ ကျွန်းဖြစ်ပြီး အဲဒီကျွန်းမှာ ကလေးငယ်တွေဟာ ဘယ်တော့မှ မကြီးပြင်းတတ်ဘူးလို့ ဆိုပါတယ်)
ကမ္ဘာအရပ်ရပ်က မိုက်ကယ်ဂျက်ဆင်ဆီ လာခဲ့တဲ့ကလေးပေါင်း သိန်းသန်းပေါင်းမကခဲ့ပါဘူး။ ဒါပေမယ့် အနှစ်(၂ဝ) လုံးမှာ လူကြီးတွေရဲ့ စေညွှန်ချက်နဲ့ သူတို့ကို မိုက်ကယ်ဂျက်ဆင် မတရားလုပ်ပါတယ်လို့ တိုင်တန်းခဲ့တဲ့ ကလေးနှစ်ယောက်ပဲ ရှိခဲ့ပါတယ်။ တကယ်လို့ မိုက်ကယ်ဂျက်ဆင်ဟာ Pedophilia ရောဂါရှိခဲ့သူဆိုရင် ကျန်တဲ့ကလေးငယ်တွေ ဘယ်လိုလုပ်မလဲ? သူတို့ကို မိုက်ကယ်ဂျက်ဆင် အပိုင်သိမ်းခဲ့ပြီလား?
စာပုဒ်ရှည်သွားတဲ့အတွက် အပိုင်း (ခ) ကို နောက်ပို့စ်တစ်ခုအဖြင့် သပ်သပ်ခွဲတင်ပါမယ်။ တစ်ချို့ဆေးပညာအခေါ်တွေ၊ အနုပညာအခေါ်တွေ မြန်မာလို ဘာသာမပြန်တတ်တာကို နားလည်ပေးစေချင်ပါတယ်။ ကျေးဇူး...
မူရင်း... http://blog.sina.com.cn/s/blog_4b9efd580100079p.html
List of awards received by Michael_Jackson
http://en.wikipedia.org/wiki/Michael_Jackson
နိုင်းနိုင်းစနေ ဘာသာပြန်သည်။





31 comments:
ဘာဘဲပြောပြော သူဟာတကယ် ထူးချွန်ခဲ့သူပါ..
လူမဲတယောက်အနေနဲ့ သူများတွေထက် ပိုပြီး လေတိုက်ခံခဲ့ရတယ်ထင်တယ် . . သူ့ရဲ့ ပရဟိတ စိတ်ကိုတော့ မလေးစားဘဲမနေနိုင်ဘူး.. တဘဝလုံး ရသမျှ သုံးဖြန်းပြီး သေသွားတဲ့ သူတွေထက်စာရင် မိုက်ကယ်ဂျက်ဆင်ဟာ အများကြီးတော်ပါသေးတယ် .. နောက်ထပ် သူ့အကြောင်းတွေလဲ ဖတ်ချင်ပါသေးတယ် . . .
မိုက်ကယ် ဂျက်ဆင် အကြောင်းရေးထား တာတော်တော် စုံပါတယ်၊ ဝေဖန်မှူတွေကို ရဲရဲရင်ဆိုင်ပြီး ကိုယ်လုပ် ချင်တာကို လုပ်နိုင်စွမ်းရှိတဲ့လူတော်တယောက် ၊ရာစုနှစ်ရဲ့သတ္တိအရှိဆုံး အဆိုတော်ကိုမှတ်တမ်း တင်ပေးတာကျေးဇူးပါမနိုင်း။
very very nice post sis!! I want to read more about him and thanks a lot.
ဖတ်လို့ အလွန်ကောင်းပါသည် မနိုင်းနိုင်း...
သူ့ကို အရေပြားခွဲစိတ်တယ်ဆိုတဲ့ သတင်းက
ကြားဖူးခဲ့တာ ကြာခဲ့ပါပြီ ဟုတ်မဟုတ်ကို ကနေ့မှ
သိရတော့တယ်။
မိုက်ကယ်ဂျက်ဆင်အကြောင်းကို အခုလို တပေါင်းတည်း တစုတည်း ဖတ်ခွင့် သိခွင့် ဗဟုသုတရအောင် တင်ပြပေးတဲ့ မနိုင်းကို ကျေးဇူးတင် ပါတယ် ။ မနိုင်းလဲ ဒီထက်မက အောင်မြင်ကျော်ကြား သော သူတစ်ယောက်ဖြစ်ပါစေလို့ ....
ထားထားလည်း တောသူလူပိန်းမို့ မိုက်ကယ်ဂျက်ဆင်ရဲ့ အသားအရေကို အရေပြား ခွဲစိတ်မှုတွေ နှစ်စဉ်ခံယူပြီး ဖြစ်လာတာလို့ပဲ ထင်ခဲ့ပါတယ်။ ဒီပို့စ်ကို ဖတ်ပြီးမှပဲ အခုလို ပြည့်ပြည့်စုံစုံသိရတော့တယ်။ မမနိုင်းကို တကယ်ကို ကျေးဇူးတင်ပါတယ်။ စာကောင်းကောင်း မရေးတတ်လို့ ကော်မန့် သိပ်မရေးဖြစ်ပေမယ့် ၂၀၀၈ ခုနှစ် နိုင်ငံခြားရောက်ချိန်က ဦးဆုံးဖတ်မိတဲ့ ဘလောဂ်တစ်ခုပါ။ ဘလော့ဂ်ဆိုတာကို နိုင်းနိုင်းစနေနဲ့ တွဲပြီးသိခဲ့တယ်ဆိုရင် မမှားပါဘူး။
အဟောင်းတွေလည်း လက်လှမ်းမှီသလောက် တော်တော်များများ ပြန်ဖတ်ပြီး တစ်နေ့တစ်ခေါက် အလည်ရောက်တဲ့ ဘလောဂ်တစ်ခုပါ။ ၁ နှစ်ကျော်ပါပြီ နိုင်ငံရပ်ခြားမှာ အမေ့အိမ်နဲ့ ဝေး ချစ်ခင်ရတဲ့ သူတွေနဲ့ ဝေးလို့ ပတ်ဝန်းကျင် အသစ်မှာ မနိုင်းနိုင်းရဲ့ မျှဝေမှုတွေက အားဆေးတစ်ခုထက်မက အားဖြစ်စေခဲ့ပါတယ်။ မမဟာ ထားထား လေးစားအားကျရတဲ့ စာရေးသူတစ်ယောက်ပါပဲ။ ဘဝတစ်လျှောက် ကျန်းမာပျော်ရွှင်စွာ အများအကျိုးပြုရင်း အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်ဖို့ တောင်းဆုပြုပါတယ်။း)
အစ်မရေ
နောက်တစ်ပုဒ်မြန်မြန်လေးဗျို့
မိုက်ကယ်ဂျက်ဆင်အကြောင်းကိုခုတခါပဲ
စုံစုံလင်လင်ဖတ်ဖူးတော့တယ်
thank a lot naw :)
မျှော်နေတယ် ။
scary movie 3 မှာလား 4မှာလား မမှတ်မိတော့ဘူး မိုက်ကယ်ကိုပုံစံတူလုပ်ပြီး
ပေါက်တတ်ကရဟာသအခန်းတစ်ခန်းထည့်ထားသေးတယ်
ရယ်တော့ရယ်ရတာပေါ့ ဒါပေမယ့်မကောင်းဘူးပေါ့ဗျာ နော့
You Off to Neverland..
RIP Michael Jackson..
အမရေ လူဆိုတာမျိုးက အကြောက်ရဆုံး သတ္တ၀ါတွေ ပါ သူဟာ အင်မတန်မှ လေးစားဖို့ကောင်းသူပါ အခုလို သူ့အကြောင်းတွေ တင်ပေးထားတဲ့အတွက် လေးစားမိပါ၏
ခုလို စုံစုံလင်လင် ဖတ်ဖို့ စောင့်နေတာပါ ။ကျေးဇူးပါ မမရေ။ ထိုင်းသတင်းစာထဲမယ် သူချွတ်ဆေးသုံးထားတာကြောင့် သေဆုံးတော့ ဆံပင်တွေ ကျွတ်ထွက်တယ်တဲ့။ ၁၃ ခါလောက်အနည်းဆုံး ခွဲစိတ်ခံခဲ့တယ်တဲ့။ ကိုယ်အလေးချိန်ကိုလည်း လျှော့ချထားသူဖြစ်တယ်တဲ့။ အစာအိမ်ထဲ အရည်ဓါတ်တွေသာ တွေ့ရတယ်တဲ့။ နှလုံးကိုလည်း အစားထိုး လဲယူထားတယ်တဲ့။ ဟုတ်ပါ့မလားလို့ သံသယဖြစ်နေတာလေ ...မမ ပိုစ့်ကိုဖတ်ပြီး ဗဟုသုတ ယူသွားတယ်။ ခုမှပဲ ရှင်းရှင်းသိရတာ ကျေးဇူးအများကြီးတင်တယ် မမ..
အခု မှ သိတာပါ
ကျေးဇူုးတင်ပါတယ် ပြောပြတဲ့အတွက်
Thanks for this post I like Michael Jackson Very much also I like your blog very very much.
ခုလို စုံစုံလင်လင် သိရတော အရမ်း သနားသွားတယ်..
အမှန်တရား က သူသေမှ ဖိနပ်စီးတာ ပြီးတယ် ထင်တယ်..
ရေး ချားလ်စ်၊ ကွင်စီဂျုန်း၊ စတီဗီဝန်းဒါး၊ ဒေါက်တာဒရေး နဲ့ မိုက်ကယ်ဂျက်ဆင်တို့ဟာ ကျွန်တော် အင်မတန်မှ လေးစားတဲ့ အလွန် ထူးချွန်သော လူမဲ ဂီတပညာရှင်ကြီးများ ဖြစ်ကြပါတယ်။
မ99ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ. အမြဲလာဖတ်ပါတယ် comment တော့သိပ်မရေးဖူးဖူး မိုက်ကယ် post အတွက်တော့ လုံးသ ကျေးဇူးပါဗျာ
thks u so much for ur post ma 99. I like michael jackson very much. want to read more about him. pls.
မိုက်ကယ်ဂျက်ဆင်အကြောင်းမသိခဲ့သေးတာတွေ..
သိခွင့်ရတဲ့အတွက်.. မနိုင်းနိုင်း.. ကိုကျေးဇူး
အများကြီးတင်ပါတယ်ဗျာ.. တစ်ခုဘဲမရှင်းလို့မေးပါရ
စေ.. "သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ချို့ရဲ့ ပြောပြချက်အရ မိုက်ကယ်ဂျက်ဆင်ရဲ့ စိတ်ဟာ (၁၂)နှစ်သားအရွယ်မှာသာ ရှိခဲ့လို့ ကလေးငယ်တစ်ချို့နဲ့ ဆော့ကစားရတာကို သူနှစ်သက်ခဲ့တာဖြစ်တယ်။" လို့ဆိုပြီး..
မိန်းမကျတော့ယူခဲ့တယ်.. အဲဒါကိုမရှင်းတာပါဗျာ..
အခုလို မိုက်ကယ်ရဲ့ အသားအရေနဲ့ ပတ်သတ်ပြီး တကူးတကန့် ရေးထားတာကို ကျေးဇူးတင်ပါတယ်။ ခရုသင်းနဲ့ သမင်ဖြူ ဘာကွာတာလဲ ဆိုတာကို သိချင်ပါတယ်။ တခြား သိတဲ့သူတွေရှိရင်လည်း ဖြေပေးစေလိုပါတယ်။ အဲဒါက မျိုးရိုးရှိမှ ဖြစ်တတ်တာပါလား။ ကုနည်းက အခုထိ မတွေ့လို့ ၀ဋ်နာကံနာလို့ သတ်မှတ်ထားတယ်လို့ ကြားဘူးပါတယ်။ ပူပန်စိတ်တွေများရင် ဖြစ်တတ်တယ်လို့လဲ ဖတ်ဖူးပါတယ်။ အဲလို ဖြစ်တဲ့သူတွေကို တွေ့ရင် စိတ်ဓာတ်မကျအောင် ပိုရင်းရင်းနှီးနှီး နေပြချင်ပါတယ်။
ညည
အစ်မခုလိုဘာသာပြန်ပေးလို့ ကျေးဇူးပါ..
အခုမှ သူ့အကြောင်းကို အသေးစိတ်သိရတာ....
နောက်တပိုင်းကိုမျှော်နေပါမယ်...
မိုက်ကယ် မိန်းမယူရတာက ကလေးလိုချင် လို့ပါ၊ဒုတိယ ဇနီးဒက်ဘီက "သားအိမ်ကိုမိုက်ကယ်အတွက်လက်ဆောင် ပေးမယ်"လို့ကမ်းလှမ်းပြီး မိုက်ကယ်ရဲ့သုတ်ပိုးမဟုတ်ဘဲ တခြားလူတဦးရဲ့ သုတ်ပိုးနဲ့ကလေး၂ယောက်မွေး ပေးတာပါ၊ အရမ်းကိုသနားစရာကောင်းတဲ့ မိုက်ကယ်ဂျက်ဆင် ရဲ့ဘ၀ပါ၊အထက်က မန့်တဲ့လူကမေးလို့ ပြောတာပါ၊ မနိုင်းကအပျိုကြီးဆိုတော့ ဖြေရဲမယ်မထင်လို့ အငှားဝင်ဖြေတာ၊ဒါမျိုးကျ သိပ်ဖြေ သိပ်သိပေါ့
ဖတ်လိုကောင်းတယ်။ စိတ်ဝင်စားတယ်။ သေပြီးမှ ဒီအကြောင်းတွေ သိရလို့ သိပ်မထူးပါဘူး။ မသိတာနဲ့စာရင်ပေါ့။
Just a minor correction:
Debbie Ro -> Debbie Rowe
မနိုင်း
အမည်းတွေမို့နိမ်တယ်လို့ထင်နေစရာတွေအများကြီးရှိနေတာကိုမငြင်းပါဘူး။ ဒါပေမယ့်ဒီမှာလွတ်လပ်စွာ ထုတ် ဖော်ရေးသားခွင့်နဲ့ လွတ်လပ်စွာပြောကြားခြင်းအကြား စည်းမျဉ်တွေရှိနေပါတယ်။ မမှန်တာတစ်ခုကိုလုပ်ကြံ ပြီး ရေးသားဖော်ထုတ်မယ်ဆိုဒီမှာတရားစွဲဆိုခွင့်အပြည့် ရှိနေတယ်။အမှန်တရားဆိုရင်လဲ president တောင် ချမ်းသာပေးတာ မှမဟုတ်တာ.။ဘယ်သူမှ လာကြော လို့မရဘူး ။ အမှန်ရေးလို့ကတော့ တရားစွဲမယ် ဆိုရင် လဲ တစ်ချက်ထဲနဲ့အမှန်ရေးတာလေဆိုပြီး
ပြီပဲ၊။ ဥပမာနာမည်ကြီးတဲ့လူတွေရဲ့  အကြောင်း ရေးပြီဆိုသတိသာထားပေတော့ပဲ။ဥပမာမနိုင်းပြောသလို သန်းချီနေတဲ့ကလေးတွေ အများကြီးထဲကနှစ်ယောက် ပဲတိုင်တယ် ။အဲဒီနှစ်ယောက်ထဲက ပထမတစ်ယောက်တိုင်းတာကိုမိုက်ကယ်က တရားရုံးပြင်ပမှာအလျှော်ပေးလိုက်တာတွေ..နောက်တိုင်တဲ့မိသားစုက တရားရုံးကိုမလာတော့တာ တွေကြောင့်အမှုကိုပိတ်ပစ်လိုက်ရတယ်။ ။ဒါပေမယ့်ရဲကဆက်လက်အရေးယူတာတွေ တရားရုံးမှာဆက်လက်စစ်တာတွေရှိပြီးမှအမှုမှာတရားလိုမရှိ လို့ပိတ်ပြစ်လိုက်ရတယ်.။..ဒီမှာကလူတိုင်းမှာအပြန်အလှန်ထိန်းချုပ်မှုတွေရှိနေ တယ်လေ.။ကိုယ်ကိုမဟုတ်မမှန်စွပ်စွဲတာကို အပြင်မှာလျှော်ကြေးပေးပြီး အမှုမဖြစ်အောင်ဘယ်သူမှ လုပ်မှာမဟုတ်ဘူ။နောက်ပြီးဒီကလူတိုင်းကလည်းရင့်ကျက်ပါတယ်.။သတင်းဆိုတာဒီလိုပဲထွက် တတ် တယ်။ နာမည်ကြီးရင်ဒီလိုပဲသတင်းရေးကောင်းတယ်မဟုတ်လား။မဟုတ်ရင်ရှင်းမယ်ဆိုတာသိပြီးသား။သူ့ကိုနားမ လည်နိုင်တာကသူဘာဖြစ်လို့တရားရုံးပြင်ပမှာရှင်းရတာလဲ။ဟုတ်နေလို့ပေါ့လို့လူတွေကကောက်ချက်ချကြတာ ပေါ့။တစ်ခါအိမ်ထောင်ပြုတော့လဲ သူပြတဲ့ဆေးခန်းက သူနာပြုလို့ပြောတယ်.။လွတ်လပ်စွာအိမ်ထောင် ပြုခွင့်ရှိတယ်။သို့သော်သူများကလေးကို ကိုယ်ကလေးလုပ်ဖို့အတွက် ဥပဒေကို လက်လွဲလုပ် တာမျိုးလူတွေကိုနားလှည့်ပါးရိုက်တာမျိုးတော့လူတိုင်းလည်းသိတာပဲ။ငတုံးမှမဟုတ်တာ။ သြစတြေးလျက ဂီတပွဲပြီးမှာအဲဒီမှာလက်ထပ်တယ်။ ပြီးတော့အိမ်တစ်လုံးသက်သက်ဝယ်ပေးပြီးအိမ်ခွဲနေ တယ်။ သိပ်မကြာဘူး ကလေးရတယ်.။ကလေးက အဖြူရယ်မှအဖြူစစ်စစ်။ ဘာပဲပြောပြော သူမှာ အရည်ပြားရောဂါရှိတယ်ပြောပြော ..သူကတော့ အာဖရိကန်အမေရိကန်စစ် ..သူကလေးမှာ သူဗီဇတော့နည်းနည်းရှိရမယ်။ကလေးနှစ်ယောက်လုံးမှာအဲဒီအာဖရိကန်အမေရိကန်သွေးတစ်စက်ကလေးတောင်၇ှာမရဘူးဖြစ်နေတော့ လူတွေကပြောကြတော့တာပေါ့။ ဘာပဲပြောပြောဒီကလူတွေကပြောတယ်.။မိုက်ကယ် ဘာဖြစ်ဖြစ် သူ့ဂီတကိုကြိုက်တယ်..သူကိုပေါ့ဘုရင် king of the pop music အဖြစ်ခံယူတယ် ။ လူသားတစ်ယောက်ရဲ့ဂုဏ်သိကာတော့သူမှာမရှိတာပါ.။ လူဆိုတာကိုယ်စိုက်တာကိုတော့ကိုယ်ရိတ်သိမ်းရမယ်ဆိုတာမျိုးကိုလက်ခံတယ်။ ဒီစာကိုရေးရချင်းအကြောင်းကလည်းမီဒိယာဆိုတာဒီမှာလုပ်ချင်တာလုပ်ခွင့်ရနေတာမဟုတ်ပါဘူး။ နိမ်ချင်တိုင်းလဲနိမ်လို့လဲမရပါဘူး။ ဥပမာသမတရွေးကောက်ပွဲဝင်မယ့် သမတလောင်းတစ်ဦးနီဂရိုးဆိုတဲ့စကားရဲ့  အဖျားစွတ်နီဂယ်တောင်မဟုတ်ဘူး...အန်န်ဆိုတဲ့စကားပြောမိလို့ ပြိုင်ပွဲကနှုတ်ထွက်ပေးလိုက်ရတာတွေ ။လက်တွေ့နဲ့ အမေရိကန်ပြင်ပကမြင်နေတာတွေကွာတတ်လို့ပြောရ ခြင်းပါ။ လူတန်းဖိုးမပီသတဲ့အမည်းတွေ များလွန်းလွန်းလို့ အမည်းအချင်းချင်းတောင်ပညာတတ် လူချမ်းသာအမည်း တွေကနိမ်ပါတယ်.။ အမည်းတွေတော်တော်များ များကလည်းသူတို့အတွက် အသေတောင်ခံခဲ့ရတဲ့လင်ကွန်းမျက်နှာမပြောနဲ့ ဘယ်သူမျက်နှာမထောက်အောင်ကိုပျင်းကြပါတယ်.။အလကားအားလုံးရယူပါတယ်။လူတန်ဖိုးဆိုတာချိုနဲ့ လား လို့မေးရအောင်ကို ၁၈၈၆ခုနှစ်ကတည်းကကျွန်ဘ၀ကလွတ်မြောက်တာတောင် ၃၀ရာခိုင်းပဲ ကြိုးစားကြပါတယ်။ကျန်တဲ့ ၇၀ရာခိုင်နှုန်းကအစိုးရစနစ်ကောင်းပေါ်မှီခိုလွန်းအားကြီးပါတယ်။ဒါကြောင့်အမည်းအချင်းချင်းတောင်မုန်းပါတယ်။ ဒါပေမယ့်ဘာမှမပြောရဲပါဘူး.။ အမည်း you 'r black လို့တောင်နှုတ်ကပြောရဲကြပါဘူး။ အမည်းမို့နာမည်ကြီးလို့နိမ်ချင်တယ်ဆိုတာကို အားလုံးလက်မခံနိုင်တာပါ.။။။။
အေးမြတ်ဆွေ
မအေးမြတ်ဆွေ
မအေးမြတ်ဆွေလဲ မြန်မာတစ်ယောက်ဆိုရင် အမည်းနဲ့ နီးစပ်တဲ့ အညိုဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝန်ခံရမှာပါ။ လူမျိုးတိုင်းမှာတော့ ကြိုးစားတဲ့လူရော၊ ပျင်းတဲ့လူရော ရှိကြပါတယ်။ လူဖြူလူမည်း လူဝါ မရွေးပါဘူး။ အမည်းတွေ အမည်းတွေဆိုပြီး နှိမ်တဲ့ မအေးမြတ်ဆွေရဲ့ သွေးသား မြန်မာလူမျိုးတွေထဲမှာ နေပူထဲ ရုန်းရကန်ရလို့ အညာသားကျောကုန်းလို့ ခေါ်ရအောင် မည်းတဲ့ လယ်သမားကြီးတွေ ရှိပါတယ်။
ကျွန်မက တရုတ်စပ်လား ကရင်စပ်လားလို့ အထင်ခံရတဲ့လူဆိုတော့ ကျွန်မအသားရောင်က လတ်တယ်ပြောပြော ဖြူတယ်ပြောပြော ပြောလို့ ရပါတယ်။ ဒါပေမယ့် ကျွန်မဦးလေးအဒေါ် လယ်သမားတွေ လယ်သူမတွေက ညိုမည်းပြောင်နေတဲ့ အသားတွေနဲ့ပါ။ အသားမည်းတာ နှိမ်စရာ မဟုတ်ပါဘူး။
အိုဘားမားလဲ အမည်းပဲ။ နယ်လ်ဆင်မင်ဒဲလားလဲ အမည်းပဲ။ ဒက်စမွန်တူးတူးလဲ အမည်းပဲ။ ကိုဖီအာနန်လဲ အမည်းပဲ။ လူ့လောကကောင်းအောင် လုပ်ခဲ့တဲ့ လုပ်နေတဲ့ အမည်းတွေ အညိုတွေ အဝါတွေ အများကြီးပါ။ အခု အလှူဒါနတွေ အရမ်းလုပ်နေတဲ့ အော်ပရာဝင်းဖရေးလဲ အမည်းပါပဲ။
မြန်မာချင်း အသားမည်းရင် အရမ်းနှိမ်တဲ့ အန်တီတစ်ယောက်ကို ကျွန်မတွေ့ဖူးတယ်။ အဲဒီအန်တီရဲ့ အသားက မည်းရှာပါတယ်။ ဒီတော့ သူ့လောက် မည်းသူကို တွေ့ရင် ဟယ် မည်းလိုက်တာ လို့ ပြောရတာ အကျင့်လို ဖြစ်နေတယ်။ တိုက်ဆိုင်စွာပဲ လူမည်း ကပ္ပလီစသဖြင့် နှိမ်တဲ့ လူတွေ တော်တော်များများဟာ ကိုယ်တိုင်က မုန့်ကုလားမဲတွေ ဖြစ်နေတတ်တယ်။ အစ်မလဲ တော်တော်မည်းမလားမသိဘူး။
မိုက်ကယ်ဂျက်ဆင်တော်ပါတယ်။
ဒါပေမဲ့ ရှော်တာတွေလဲ ရှိတယ်။
သူအသားရောင်ချွတ်တာလဲ အမှန်ပဲ။
မျက်နှာနဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းတွေ ခွဲစိတ်ကုသတာလဲ ငြင်းလို့မရပါဘူး။
ဒါတွေကြောင့်လဲ စောစော သေရတာပဲ။
ပြီးတော့ အဖေကို စော်ကားတာ။
မှန်ကြည့်လိုက်တိုင်း အဖေမျက်နှာမြင်နေလို့ သူ့မျက်နှာကို ပြင်ရတာပါလို့ အတိအလင်း ပြောခဲ့တယ်။
သူ့ကို ဒီလိုအောင်မြင်မှုရအောင် သူ့အဖေက train လုပ်ပေးခဲ့တာပဲ။ အဲဒါကို ကျေးဇူးမတင်ဘဲ သူ့ငယ်ဘ၀ လွတ်လပ်မှု ပျောက်ဆုံးခဲ့ရတယ် ဆိုပြီး အဖေကို ပစ်မှားစော်ကားတယ်။
ဂေါက်သီးချံပီယံ Tiger Wood ဟာလည်း ငယ်စဉ်ကတည်းက အဖေရဲ့ training အောက်မှာ ကြီးပြင်းလာခဲ့ရတာပါပဲ။ ဒါပေမဲ့ Tiger wood က အဖေ ကျေးဇူးသိတယ်။ အဖေကြောင့် အောင်မြင်တာကို ထုတ်ဖော်ပြောခဲ့တယ်။
မိုက်ကယ်ဂျက်ဆင်ကတော့ သေတာတောင် သေတမ်းစာထဲမှာ အဖေနာမည် ထည့်မသွားခဲ့ဘူး။
သူအမှုဖြစ်စဉ်မှာ သူ့အဖေက သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တယ်။
မိုက်ကယ်ဂျက်ဆင် အနုပညာကို လေးစားပေမဲ့ အဖေကို ပစ်မှားစော်ကားပြီး ကျေးဇူးမသိတတ်တဲ့ သားတယောက်အဖြစ် သတ်မှတ်ပါတယ်။
ဒါကြောင့်လဲ သူဟာ နာမည်ကျော်ကြားပေမဲ့ အသက်မရှည်ခဲ့တာပဲ။
ဒီစာလေးဖတ်ပြီးတော်တော်ခံစားရပါတယ်
အရင်ကမိုက်ကယ်ကိုအသားဖြူအောင်လုပ်ထားသူအဖြစ်
မီဒီယာတပိုင်းတစတွေဖတ်ပြီး
အထင်သေးမိဘူးပါတယ်
အကြောင်းရာတစ်ခုကိုစလည်ဆုံးသေချာမသိပဲ
မှားယွင်းဆုံးဖြတ်(ပြောဆို)တာမျိုးဟာ
တကယ်မလုပ်သင့်တာပဲဆိုတဲ့အတွေးမျိုး
ရင်ထဲမှာကျန်ခဲ့ပါတယ်
မိုက်ကယ် ဂျက်ဆင် ရဲ့ အဖေဟာ လူတော်တော်များများ စိတ်ပျက်စရာကောင်းလောက်အောင် ငွေမက်သူ..သားအရင်းပေါ်မှာတောင်ငွေမျက်နှာပဲ ကြည့်ပြီးဆက်ဆံ တတ်တာ လူတော်တော်များများ သိကြပါတယ်... ခုမိုက်ကယ်ဆုံးတော့လဲ... ပိုင်ဆိုင်တဲ့ ပစ္စည်းတချို့ကို ထိမ်းသိန်းပေးမယ် ဆိုပြီးဝင်ေ၇ာက်ယူငင်သွားကြောင်းကြားရပါတယ်... သားနဲ့ အဆက်အဆံ မရှိတာ နှစ်ပေါင်းများစွာရှိပါပြီ... သေမှလာတာပါ...
မိုက်ကယ် ကလေးစိတ်ပေါက်တာ မဟုတ်ပါဘူး... လူငယ်လေးတယောက်လို နေချင်တာပါ.... သူနဲ့ လက်ထပ်ခဲ့တဲ့ လီဇာမာရီ က သူ့ကိုဘယ်လောက် အထင်ကြီးမြတ်နိုးတယ် ဆိုတာ ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်.. သူတိုနှစ်ယောက်ရဲ့ ရာဇဝင်တွင်ခဲ့တဲ့ အနမ်းကိုလဲ တွေ့နိုင်ပါတယ်...... မနိုင်းနိုင်း အဆင်ပြေရင် ဘာသာပြန်ပေးပါလားရှင့်.....
http://www.mtv.com/news/articles/1614840/20090626/jackson_michael.jhtml
http://blogs.myspace.com/index.cfm?fuseaction=blog.view&friendId=42291868&blogId=497035326
http://www.anomalies-unlimited.com/Jackson.html
မနိုင်းနိုင်း ဘာသာပြန်နိုင်အောင် အထောက်အထားတွေ့သမျှ လာပို့ပေးတာပါ...
မိုက်ကယ်ဂျက်ဆင်ရဲ့ အဖေ ငွေမက်တာ လူတိုင်းသိတာပဲ။
he even made promotion for his coming project in BETS AWADS when being asked how he's doing on his son's death.. all he thinking is money!!
he abused his children and made fun that MJ nose is so big.. that's why he done surgery on his nose..
MJ did admitted that his father made a large part of his success..
Post a Comment