Monday, July 06, 2009

အင်တာနက်ပေါ်က ပုံပြင်များ


(၁)
ပျားဘုရင်မတစ်ကောင်ဟာ ပျားအိမ်ထဲက ပျားရည်တစ်ချို့ကိုယူပြီး နတ်မင်းကြီးကို ဆက်ကပ်ခဲ့တယ်။
ချိုမြိန်တဲ့ပျားရည်ကြောင့် နတ်မင်းကြီးဟာ သဘောကျနှစ်ခြိုက်ပြီး ပျားဘုရင်မကို ကြိုက်တဲ့ဆုတောင်းဆိုနိုင်တယ်လို့ အခွင့်ပေးလိုက်တယ်။

ပျားဘုရင်မက နတ်မင်းကြီးကို "အကျွန်ုပ်တို့အား ဆူးတစ်ချောင်းချီးမြှင့်ပါ။ ကျွန်ုပ်တို့၏ပျားရည်ကို လူတွေလာရောက် ယူဆောင်ချိန်မှာ ဆူးနဲ့ထိုးနိုင်အောင်ပါ" လို့ တောင်းဆိုလိုက်တယ်။ ပျားဘုရင်မရဲ့ တောင်းဆိုချက်ကို နတ်မင်းကြီးက သဘောမကျခဲ့ဘူး။ လူတွေကို နတ်မင်းကြီးက ချစ်ခင်နှစ်သက်တဲ့အတွက်ဖြစ်တယ်။ ဒါပေမယ့် ပျားဘုရင်မကို အလိုရှိရာတောင်းဆိုခိုင်းတဲ့ ကိုယ့်ဂတိကိုလည်း မဖျက်ချင်တာကြောင့် နတ်မင်းကြီးက "ကောင်းပြီ.. အသင်ကို ကျွန်ုပ်ဆူးတစ်ချောင်းပေးလိုက်မယ်။ ဒါပေမယ့် တစ်ဖက်လူကို ဆူးနဲ့ထိုးပြီးရင် အသင့်မှာ ဆူးဆုံးရှုံးသွားပြီဖြစ်တဲ့အတွက် အသင်သေပွဲဝင်ရပါလိမ့်မယ်" လို့ပြောပြီး ပျားတွေကို ဆူးတစ်ချောင်းစီပေးခဲ့တယ်။

ပုံပြင်ထဲက "ဆူး" ဟာ ကျွန်မတို့ရဲ့ အတ္တ၊ တစ်ကိုယ်ကောင်းဆန်မှု၊ သဘောထား မပြည့်ဝမှုတွေပဲ ဖြစ်တယ်။ အဲဒီအရာတွေက တစ်ဖက်သားကို ထိခိုက်နိုင်သလို ကိုယ့်ကိုကိုယ်လည်း ပြန်ထိခိုက်စေပါတယ်။ ပျားတွေလို အသက်မသေဆုံးနိုင်ပေမယ့် အတ္တ၊ တစ်ကိုယ်ကောင်းဆန်မှု၊ သဘောထား မပြည့်ဝမှုတွေကြောင့် ကိုယ်ချစ်တဲ့သူ၊ သူငယ်ချင်း မိတ်ဆွေတွေကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကလည်း နာကျင်ထိခိုက်ခြင်းတစ်မျိုးပဲ မဟုတ်ပါလား?

မူရင်း...
蜜蜂和天神 (ပျားနှင့် နတ်မင်း)

(၂)
သူကြွယ်တစ်ဦးဟာ ရေစီးသန်တဲ့မြစ်ကို ကူးဖြတ်ရင်း လှေမှောက်သွားခဲ့လို့ မြစ်လယ်မှာရှိတဲ့ ကျောက်တုံးတစ်တုံးပေါ် တက်ပြီး အကူအညီရဖို့ အော်ဟစ်နေခဲ့တယ်။ အဲဒီအချိန်မှာ လူငယ်တစ်ဦး ရောက်လာခဲ့တယ်။ လူငယ်ဟာ ကိုယ့်အသက်ကိုမှမမှုဘဲ သူကြွယ်ကိုကယ်ဖို့ လှေကိုလှော်ခတ်ခဲ့တယ်။ ဒါပေမယ့် ရေစီးသန်တဲ့အတွက် လှေကထင်သလောက် အမြန်မလှော်နိုင်ခဲ့ဘူး။

"ငါ့ကို မြန်မြန်ကယ်ပါ.. ငါ့ကိုကယ်နိုင်ရင် မင်းကို ငွေတစ်ထောင်ပေးမယ်"

သူကြွယ်က အော်ဟစ်ပေမယ့် ရေစီးသန်တဲ့အတွက် လှေကဖြေးဖြေးပဲ ရွေ့လျားနိုင်ခဲ့တယ်။

"မြန်မြန်လှော်ပါ.. ဒီအရောက်လှော်ခဲ့ရင် ငါငွေနှစ်ထောင်ပေးမယ်"

လူငယ်က အားကြိုးမာန်တက် လှော်ခဲ့ပေမယ့် လှိုင်းတွေကြားမှာ ထင်သလောက်အရာမရောက်ခဲ့ဘူး။

"ရေတွေတက်လာပြီ .. အားစိတ်စမ်းပါ။ မင်းကိုငွေငါးထောင်ပေးမယ်"

သူကြွယ်ကအော်ဟစ်တယ်။ ရေက သူရပ်ထားတဲ့ကျောက်တုံးကို တဖြည်းဖြည်း မြှုပ်လာခဲ့ပြီဖြစ်တယ်။ လှေက သူကြွယ်ဆီတဖြေးဖြေး ချည်းကပ်လာခဲ့ပေမယ့် နှေးနေခဲ့တယ်။

"မြန်မြန်လှော် ငါ တစ်သောင်းပေးမယ်"

သူကြွယ်ရဲ့ ခြေကို ရေစမြှုပ်နေပြီဖြစ်တယ်။ ဒါပေမယ့် လှေနှုန်းက ပိုနှေးလာခဲ့တယ်။

"ငါးသောင်းပေးမယ်.. ငါးသောင်း.... "

စကားတောင်ဆုံးအောင် မပြောနိုင်ဘဲ လှိုင်းကြီးတစ်လုံးကြောင့် သူကြွယ်မြစ်ထဲကျ နစ်မြှုပ်ပြီး ရေနောက်လိုက်ပါသွားခဲ့တယ်။

လူငယ်က လှေကိုကမ်းကပ်ပြီး ဝမ်းနည်းစွာနဲ့ "ခင်ဗျားကို ကျွန်တော်ကယ်မလိုပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ကို ငွေတွေလာပေးခဲ့ရသလဲ! တစ်ကြိမ်ပြီးတစ်ကြိမ် ငွေတွေတိုးပေးခဲ့လို့ ကျွန်တော်ဖြေးဖြေးလှော်ရင် ငွေပိုရနိုင်မယ်လို့ တွေးထင်ခဲ့တယ်။ ဒါကြောင့် ရေနောက်ခင်ဗျားပါသွားခဲ့တယ်။ ကျွန်တော်ကြောင့် ခင်ဗျားအသက်ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့်... ခင်ဗျားကိုကယ်ဖို့ ကျွန်တော်စိတ်ထဲမှာ ရိုးသားမှုတွေပဲရှိပြီး အကျိုးအမြတ်ကို ထည့်မစဉ်းစားမိချိန်မှာ ခင်ဗျားဘာဖြစ်လို့ ကျွန်တော်ကို ငွေတွေပေးမယ်လို့ ပြောခဲ့ရသလဲ?"

မူရင်းရေးသားသူ --- 劉墉 (Liu Yong) 富翁之死 (သူကြွယ်ကြီး၏ သေဆုံးမှု)

အင်တာနက်ပေါ်က စာတွေ ကျွန်မအတွက် ဖတ်မကုန်နိုင်အောင်ပါပဲ။ ဖတ်ချင်တဲ့ စာအမျိုးအစားကို ဂူဂယ်မှာရိုက်ပြီး ရှာလိုက်ရုံပါပဲ။ ဒီနေ့ မိုးအေးအေးနဲ့ ဖတ်ခဲ့သမျှ ပြန်ဝေမျှပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

15 comments:

ငှက်ကလေး said...

သင်ခန်းစာ ယူသွားပြန်ပါတယ် မမရေ

နွေဦး said...

အမ ဖတ်လို့မကုန်တာကောင်းတယ် ညီမတို့လည်းဖတ်လို့ရနေတာပေါ့

Anonymous said...

good very good

ချမ်းမြေ့ရင် said...

လာဖတ်သွားပါတယ်၊ကောင်းပါသည်။

Myo Win Zaw said...

သင်ခန်းစာယူစရာတွေအများကြီးရတယ်ဗျာ ကျေးဇူးတင်ပါတယ်

ဆောင်းမြူခိုး said...

ချမ်းသာတဲ့ သူဌေးတွေမှာ မိတ်ဆွေကောင်းစစ်စစ်ရနိုင်ဖို့  သိပ်ခဲယဉ်းတယ်လေ။ ဒါကြောင့် မြူခိုး ဆင်းရဲချင်ယောင်ဆောင်ပြီး ဇာတ်မြှုပ်နေတာပေါ့။ ခုတော့ "နိုင်းနိုင်းစနေ" ဆိုတဲ့ မိတ်ဆွေကောင်း ရသွားတယ်လေ။ ဟီးးး ဟုတ်တယ်ဟုတ်... (သူငယ်ချင်း အတင်းတော်စပ်ခြင်း ဖြစ်၏)

ကိုကိုသုန် said...

လာဖတ်သွားပါတယ် အစ်မခင်ဗျာ။ ကျွန်တော်တို့လည်း ရေတွေကိုယ့်ဆီမလာခင် မြန်မြန် ကူးနိုင်အောင် ကြိုးစားပါ့မယ်။

အောင် said...

မမစနေရေ.....
ရင်ထဲက စေတနာတွေ အရင်းခံပြီး ရေးသားထားတဲ့ အနု ၊ ရသ ၊ ဗဟုသုတ ပေါင်းစုံပြည့်နှက်နေတဲ့ မစနေရဲ့ စာပေဘဏ်တိုက်ထဲကနေပြီး နေစဉ် ထုပ်ယူ သုံးစွဲနေပါတယ် ၊ နေ့ စဉ် မစနေရဲ့ ဘလောစ်ဖွင့်လိုက် တိုင်း မှတ်သားဖွယ်ရာ ။ အတုယူစရာ ။ စိတ်ကြည်နူးစရာလေးတွေ တခုခုတော့ ရယူလိုက်ရ
ပါတယ် ၊ သည်အတွက် ကျေးဇူးအရမ်းတင်ပါသည် ၊
မစနေ ဘလောစ် နေ့စဉ်အားပေးလို့ မစနေက တကယ်လို့များ ဘလောစ်ဝင်တဲံသူများအား လုံး ဆုပေးမယ်ဆိုရင်တော့ ဆုတောင်းလိုက်ချင်ပါတယ်.. အဲဒါက.......

MAYY said...

မမရေ နောက်မှ ရောက်ပြီးဖတ်ရပေမယ့် မမ စာတွေကို ယူမကုန်နိုင်တဲ့ သင်ခန်းစာတွေနဲ့မတူ ဖတ်သွားပါတယ်. ကျေးဇူးတင်ပါတယ်မမ။ မမ ဖတ်မကုန်တဲ့အတွက် မေလေးတို့လည်း ဖတ်စရာတွေ ပိုပို တိုးပါတယ်.ကျေးဇူး

maylay

ညရဲ့ကောင်းကင် said...

ခုလိုပြန်လည်ဝေမျှပေးတာကျေးဇူးပါအစ်မ....

ရောင်ပြန် said...

မမရေ ပုံပြင်လေးက ဖတ်လို့ကောင်းတယ်..
ပညာလည်းရတယ်...

Anonymous said...

မနိုင်းရေ

မနိုင်းစာတွေ ဖတ်ပြီးတော့ မနိုင်းနဲ့ စိတ်တူ စရိုက်နီးစပ်တယ်လို့ ထင်ရတဲ့ ကျတော့် ကျေးဇူးရှင် ကောင်မလေးကို အားပေးစကားပြောဖို့ အိုင်ဒီယာတွေ အစ်မဆီက လိုချင်လို့ပါ။ မိန်းကလေးချင်းဆိုတော့ စာနာပေးနိုင်မယ် နို့ပြီး အစ်မလဲ လောကဓံ အတိုက်အခိုက်တော့ အနည်းအများ ခံရဖူးရင် ပိုစာနာပြီး အကြံကောင်း ပေးနိုင်မလားလို့။

ကျတော့်ဘဝ တိုးတက်အောင် လုပ်ပေးခဲ့တဲ့ သူထဲက တစ်ယောက်ပါ။ အထူးကျေးဇူးပြုခဲ့သူဆိုပါတော့။ ကျတော့်မှ မှုတ်ဘူး။ လူတိုင်းကို သူကူညီပါတယ်။
သူများကို ကူညီချင်တယ်။ ပျော်ပျော်နေတတ်တယ်။ အသိုင်းအဝိုင်းထဲမှာ တော်တယ်လို့ ချီးမွမ်းခံရတယ်။ ဘဝအောင်မြင်တယ်။ ဒါပေမယ့် သူ မာနမကြီးတတ်ဘူး။ ရိုးတာက အတယ်တောင် ပြောလို့ရတယ်။ အောင်သာအောင်မြင်တာ လူတွေအကြောင်းလဲ သူသိပ်မသိဘူး။ တောသူမလိုပဲ။ လူတွေကို အကောင်းမြင်တာကလဲ များလွန်းတယ်။

ခု အရင်လို ပျော်တတ်ပြီး အမြဲ တက်ကြွနေတဲ့ ကောင်မလေးမှုတ်တော့ဘူး။ လူတွေကိုကြောက်တယ် အရမ်းရိုးတဲ့ လူတွေရှိတဲ့ တောရွာတစ်ခုလို လူလည်တွေနဲ့ ဝေးတဲ့ နေရာမှာ သွားနေချင်တယ်တဲ့။ အစက သူ ဘာဖြစ်ဖြစ် မကြောက်တတ်တဲ့ ကောင်မလေးပါ။

သူ ငိုငိုနေတယ်။၊ အားရင် အပြင်မထွက်ဘဲ အခန်းအောင်းနေတယ်။ ပွဲလမ်းသဘင်တွေ ဖိတ်ရင်လဲ ရှောင်တယ်။ လူတွေကို ရှောင်လေ မလိုတဲ့လူတွေက သူ့ ကဲ့ရဲ့လေနဲ့။ လူတောမတိုးဘူး၊ စိတ်ဓာတ်ကျနေပြီ၊ ရူးနေပြီ ဘာညာပေါ့ဗျာ။ သူ့ကို ပြိုင်ဖက်လို သဘောထားတဲ့လူတွေ အောင်မြင်ချိန်မှာ မနာလိုခဲ့တဲ့ လူတွေပေါ့။

သူက ငါ သေသွားရင် သိပ်ကောင်းမှာတဲ့။ သူ့ကြည့်ရတာ တကယ်လဲ သေချင်နေတယ်ထင်တယ်။ အောင်မြင်နေတဲ့အချိန်မှာ လူတွေ မနာလိုတဲ့ အတိုက်အခိုက်တွေကို သူ ခံလိုက်ရတယ်။ သူ စိတ်မာတော့ လဲမယ် ကျတော်တို့ မထင်ခဲ့ဘူး။

ခုကျ ဒီတိုင်းဆို တချိန် သတ်တောင်သေသွားနိုင်တယ် ထင်တယ်။ သူ့ကြည့်ရတာ အသက်ဆက်မရှင်ချင်တော့သလိုပဲ။ သူ့ကို ဒုက္ခပေးတဲ့ လူတွေက သူ စောင့်ရှောက်ခဲ့တဲ့လူတွေ။ ကူညီဖူးတဲ့ လူတွေဆိုတော့ သူ လူကြောက်သွားလားလို့။

Anonymous said...

သူ့မိဘကို ရှာကျွေးတဲ့ လိမ္မာတဲ့ ကောင်မလေးပါ။ သူ တရပ်တကျေး ရောက်နေတုန်း သူ့ရှယ်ယာတွေကို မောင်နှမထဲက အပိုင်သိမ်းတာ ခံလိုက်ရတယ်။ အမျိုးပေမယ့် သူများရပိုင်ခွင့်ကို ကာယကံရှင် မသိဘဲ အမွေစားအမွေခံ ယူဖို့ဆိုတာ မလွယ်တော့ သူဟာ တရပ်တကျေးမှာ စိတ်ရောဂါရသွားပြီ၊ သူ့ပိုင်ဆိုင်ခွင့် သူ မထိန်းသိမ်းနိုင်တော့ဘူး၊ အလုပ်မလုပ်နိုင်တော့ဘူးဆိုတဲ့ ပုံစံနဲ့ မိသားစုဝင်ထဲက ကိုယ်စားဝင်ယူပစ်လိုက်တာ။ သူ ပြန်မရောက်မချင်း ဘာမှ မသိဘူး။ ဖျားနာနေတယ်၊ ကျိုးပဲ့နေတယ် အကြောင်းပြရင်တောင် သူ့ဥစ္စာပစ္စည်း သူမသေခင် ဒီလို အမွေခံဖို့ မလွယ်တော့ အရမ်းပိုင်တဲ့ အကြောင်းပြချက် ပေးလိုက်တာပေါ့။
သူ ဘာမှ မသိဘဲ ပြန်ရောက်လာတော့ သတင်းလွှင့်ခံထားရသလို မဟုတ်မှန်း ကျတော်တို့ ကြည့်လိုက်ရင် သိတယ်။ အဲတော့ သူ့မောင်ပိုင်စီးတွေက သတင်းလိုက်ပြင်ပြန်ကော။ ဂေါက်သွားတာ တကယ်ပါ၊ ခုမှ သက်သာပြီး အကောင်းနဲ့ တူနေတာပါ။ ဒါတောင် ကြောင်နေသေးတယ်။ အကောင်းပြန်မဖြစ်သေးဘူး။ မိသားစုက သိတယ်ပေါ့ဗျာ။ သူရစရာရှိတာတွေလဲ ကျတော်တို့ပဲ တာဝန်ခံ ထိန်းသိမ်းပေးနေရတယ်၊ ပေးစရာရှိ ကျတော်တို့ပဲ ဆက်ပေးပါ။ သူ့ပြောမနေပါနဲ့ပေါ့။ တစ်အိမ်ထဲနေတဲ့ အမျိုးအရင်းကြီးက ပြောတော့ လူတွေ ယုံတာပေါ့။ သူ့share တွေလဲ သူပြန်မရတော့ဘူး။ ကံဆိုးချင်တော့ သူက စထဲက အမေ မရှိတော့ဘူး။ ပြဿနာတွေ ဖြစ်တဲ့ချိန်မှာ သူ အရမ်းချစ်တဲ့ သူ့အဖေ လူရိုးအေးအေးကြီးကလဲ ဆုံးကော။ သူက မိဘသိပ်ချစ်တော့ အဖေဆုံးတော့ ရက်ဆက်ငိုယိုပြီး လူတောမတိုး ဖြစ်နေတော့ ပိုအကြောင်းပြချက် ကောင်းကုန်ရော။ တွေ့တယ်မှုတ်လား၊ ကြောင်နေပြီ။ ကျတော်တို့ ပြောတာ မဟုတ်လားပေါ့။ မောင်ပိုင်စီး မောင်နှမတွေက ပြောတာကနေ အောင်မြင်ချိန်မှာ မနာလိုခဲ့တဲ့ တစိမ်းတွေ ပြိုင်ချင်တဲ့လူတွေကပါ ပြော။ သူက စိတ်ဆင်းရဲနေတော့ ပြန်မဖြေရှင်းနိုင်နဲ့။


သူက ကျတော့်ဘဝမှာ အရမ်း အရေးကြီးတဲ့သူပါ။ ဒါကြောင့်မို့ ကျတော် အကူအညီ လိုချင်တာပါ။ ကျတော့်ဘဝကို ဒီလိုဖြစ်အောင် သူ လမ်းခင်းပေးခဲ့တယ်။ သူ့ကို ကျတော် အားပေးတာ မရဘူး။ သူ အရာရာကို အရှုံးပေးထားတဲ့လူလို ဖြစ်နေတယ်။ ကူညီပါဦးဗျာ။

A Thit Ka Lay said...

နိုင်း
တခါတလေတော့ ဆူးတွေနဲ့ပဲတန်တဲ့လူမျိုးတွေ အပုံအပင်နော်

Ko Lay said...

To Anonymous,

I think the young lady you are mentioning is suffering from a severe depression. Better see a psychiatrist (mental doctor).