Friday, November 27, 2009

ဘကံရဲ့လိပ်ပြာ


"ဘကံ"ကို မိန်းကလေးနဲ့တူတယ်လို့ လူတွေကပြောကြတယ်။ ပန်းနုရောင် ဘကံရဲ့မျက်နှာပြင်ပေါ်မှာ အဝါရောင်မွှေးညင်းလေးတွေ ပေါက်နေတယ်။ ရယ်လိုက်ရင် ဘကံရဲ့မျက်လုံးတွေက လေးသဏ္ဍာန် ကွေးညွှတ်သွားတတ်တယ်။

မွန်ဂိုရီးယားအရှေ့ပိုင်း Kharchinက ရွာတစ်ရွာမှာ ဘကံတို့ မိသားစုနေတယ်။ နွေဦးနဲ့ဆောင်းမှာ အဲဒီနေရာက အေးစက်လွန်းလို့ နွေရာသီရောက်မှ မြက်ခင်းစိမ်းကို တွေ့ရလေ့ရှိတယ်။ မြက်ခင်းစိမ်းပြင်ကြီးပေါ်မှာ ပွင့်လွှာ(၆)ချပ်ပါတဲ့ အဝါရောင်ပန်းတွေ အရင်ဆုံးပွင့်ကြတယ်။ ပွင့်လွှာ (၆)ချပ်စလုံး မြေမှာကပ်ပြီး ဖူးပွင့်နေတဲ့ အဲဒီအဝါရောင်ပန်းက မြင်းတွေနင်းမိလည်း မသေတတ်ကြဘူး။

ခေါင်းလောင်းသစ်ခွတွေက Cornflowerတွေ ညှိုးနွမ်းသွားမှ စပွင့်တယ်။ ဒီလိုရာသီရောက်ရင် ဘကံက လူကြီးတွေထက် ပိုအလုပ်ရှုပ်နေတတ်တယ်။ သစ်ခွပန်းတစ်ပွင့်ကို ခူးလိုက် လေးငါးလှမ်းပြေးပြီး တစ်ခြားပန်းခူးဖို့ ထိုင်ချလိုက်နဲ့ အဲဒီတုန်းက ဘကံရှိလှ သုံးလေးနှစ်ပေါ့။ အခွဲပါတဲ့ ဘောင်းဘီလေးနဲ့ ဘကံရဲ့ဖင်နှစ်ခြမ်းက အမြဲပေါ်နေတတ်တယ်။

"ဘကံက မိန်းကလေးပဲဖြစ်ရမှာ ဘယ်နှယ့်ယောက်ျားလေးဖြစ်နေရတာလဲ" လို့ အမေကပြောတယ်။

အမေကဘကံကို ပန်းတွေမခူးရဘူး၊ ပန်းကလေးတွေ နာတတ်တယ် လို့ပြောတော့ ပန်းကိုအမြစ်ကနေတူး ရေနည်းနည်းလောင်းပြီး တစ်ခြားနေရာကို ဘကံသယ်သွားတတ်တယ်။ သူသယ်သွားတဲ့နေရာက သေတ္တာထဲဖြစ်မယ်၊ ဦးလေးရဲ့ ဆေးလိပ်ဘူးထဲဖြစ်မယ်။ လေဒီယိုနောက်ဖြစ်မယ်၊ နောက်ပြီး ဘွတ်ဖိနပ်တွေထဲဖြစ်မယ်။ ဆောင်းရောက်မှ အိမ်ထဲမှာ လက်အရာတွေနဲ့ ခြောက်ပြီးအက်နေတဲ့ မြေစိုင်မြေခဲတွေ၊ ဆေးလိပ်ဖက်လို နွမ်းခြောက်နေတဲ့ ပန်းတချို့ကို တွေ့ရတတ်တယ်။

အဖေက ရထားတိုက်ပြီး ဆုံးသွားခဲ့လို့ အမေနဲ့ပဲ ဘကံနေတယ်။ အမေပြောင်းဖူးခုတ်ရင် အမေ့မောင် ဦးလေးက လာလာကူတတ်တယ်။ ဦးလေးက တစ်ကိုယ်ရေသမားဖြစ်ပြီး သူ့မှာ ၃နှစ်အရွယ် အဖြူရောင်မြင်းတစ်ကောင်ပဲရှိတယ်။ အမေဆုံးပြီးနောက် ဦးလေးက ဘကံနဲ့အတူလာနေတယ်။

အမေ ဘာရောဂါရသလဲ ဘကံမသိဘူး။ တကယ်လည်း "ရောဂါ" ဆိုတာကို ဘကံနားမလည်ခဲ့ဘူး။ ဘာအလုပ်မှမလုပ်ဘဲ စင်ပေါ်မှာ အမေလဲနေခဲ့တယ်။ နဖူးပေါ်မှာ အထပ်ထပ်ခေါက်ထားတဲ့အပြာရောင် အဝတ်စိုကိုတင်ထားတယ်။ တစ်ခါမှ မမြင်ဖူးတဲ့လူတွေ၊ ရယ်ချင်စရာ အနီရောင်အနွေးထည် ဝတ်ထားတဲ့ အသက်(၈ဝ)အဘွားကြီးရော၊ မီးရထားဝတ်စုံဟောင်း ဝတ်ထားတဲ့ လူကြီးရော၊ လက်ညှိုးမှာ အဖြူရောင်ပတ်တီးအပြည့်စည်းထားတဲ့ လူရော... လူတွေအများကြီး အမေကိုလာကြည့်ကြတယ်။ လူကြည့်တဲ့လူတွေက မုန့်တချို့နဲ့ ကိုယ်တိုင်စိုက်ထားတဲ့ ခရမ်းချဉ်သီးတွေ ယူလာကြတယ်။ တချို့ကအဆိုတော် Siqinbilige ရဲ့ခွေတွေယူလာကြတယ်။ ဒါတွေကို အမေ မမြင်ချင်ဟန်ဆောင်တယ်။ ခါတိုင်းဆိုရင် ဒီလိုလက်ဆောင်တွေမဆိုထားနဲ့ ကော်နဲ့လုပ်ထားတဲ့ အစိမ်းရောင်ဆံညှပ်ကိုတောင် နှစ်သက်လွန်းလို့ အမေလက်ကမချ ဖြစ်နေတတ်တယ်။

"ဘကံ... မုန့်တွေယူစား"

အမေက နတ်သမီးပုံပါတဲ့ မုန့်ပုံးကို လက်ညှိုးထိုးပြီးပြောတယ်။ ပြောပြီးတာနဲ့ မျက်လုံးမှိတ်သွားတယ်။ သူ့ကိုလာကြည့်တဲ့လူတွေ ဘယ်အချိန်လာတယ်၊ ဘယ်အချိန်ပြန်တယ်၊ ဘယ်လောက်ကြာကြာ သူ့ကိုငေးကြည့်နေခဲ့တယ်ဆိုတာကို အမေဂရုမစိုက်နိုင်တော့ဘူး။ အနီရောင်စင်အောက်က ထိုင်ခုံပေါ်ထိုင်ပြီး နွယ်မြက်တွေနဲ့ ကျစ်ဆံမြီးကျစ်ရင်း လူကြီးတွေပြောတဲ့စကားကို ဘကံနားထောင်နေတတ်တယ်။ ဒါပေမယ့် သူနားမလည်ခဲ့ဘူး။ တစ်ခါခါ အမေကဦးလေးနဲ့စကားပြောဖို့ ဘကံကို အိမ်ပြင်ထွက်ခိုင်းတတ်တယ်။ ဘကံခိုးနားထောင်တဲ့အခါ အမေရဲ့ငိုသံကိုကြားရပြီး ဦးလေးဆီက ဘာစကားမှထွက်မလာခဲ့ဘူး။ ဒါကပဲ "ရောဂါ" လား?

ညအချိန် အမေ့ဘေးမှာ ဘကံလဲနေတယ်။ အမေကဘကံရဲ့ခေါင်းကို ပွတ်သပ်နေတယ်။ ဘကံရဲ့ နားရွက်၊ နှာခေါင်းကိုကြည့်လိုက် ဘကံရဲ့လက်တုတ်တုတ်ကို ဆုပ်ကိုင်လိုက်နဲ့....

"ဘကံ... မေမေသွားရတော့မယ်"

"ဘယ်ကိုသွားမလဲ?"

"မေမေသွားပြီး ပြန်လာတော့မှာ မဟုတ်ဘူး"

ဘကံ ဆတ်ခနဲ့ ထထိုင်လိုက်တယ်။

"ဘကံ... တစ်နေ့မှာ လူတိုင်းခရီးဝေးတစ်နေရာကို သွားကြရတယ်။ ဘကံဖေဖေလဲ အဲဒီလိုပဲလေ"

"ဒါဆို.. ဘယ်နေရာကို သွားမှာလဲ?"

"ဘကံက ဘယ်မှမသွားဘူး။ ဦးလေးနဲ့အတူ နေရမယ်။ မေမေသွားပြီးနောက် နွေရာသီရောက်တိုင်း လိပ်ပြာအဖြစ်နဲ့ ဘကံကိုပြန်လာကြည့်မယ်"

လိပ်ပြာအဖြစ်နဲ့! အမေဒီလောက်တန်ခိုးရှိသလား! ဘာဖြစ်လို့ အရင်ကဒီအကြောင်း သူမပြောခဲ့ပါလိမ့်?

"တစ်ခြားလူတွေကို သားပြောပြလို့ရမလား?"

ဘကံရဲ့အမေးကို အမေကခေါင်းခါပြပြီး "တစ်နေ့မှာ ရွာထဲကလူတွေ မေမေတို့အိမ်ကိုလာကြမယ်။ မေမေကို သူတို့ထမ်းသွားကြလိုက်မယ်။ အဲဒီအချိန်မှာ မေမေစကားပြောတော့မှာမဟုတ်ဘူး၊ မျက်စိလည်းဖွင့်မှာ မဟုတ်ဘူး။ ဘကံမငိုနဲ့နော်.. မေမေကိုလည်း မခေါ်နဲ့နော်။ မေမေ လိပ်ပြာအဖြစ်နဲ့ ပြန်လာခဲ့မယ်"

"လိပ်ပြာဖြစ်တာနဲ့ စကားပြောလို့ မရတော့ဘူးလား မေမေ?"

လဲနေရာက အမေခေါင်းညိတ်ပြတယ်။ မျက်ထောင့်က မျက်ရည်တွေ နားရွက်ထိ စီးဆင်းသွားခဲ့တယ်။

အမေပြောတာ အရမ်းမှန်တယ်။ တစ်နေ့မှာ အိမ်ကိုလူတွေအများကြီးလာကြတယ်။ ဘေးအိမ်အဘွားက ဘကံကို အနောက်အိမ်ခေါ်သွားပြီး ဖက်ထားတယ်။ လူတချို့ အမေကိုထမ်းထုတ်သွားကြတယ်။ အိမ်ပြင်ရောက်တော့ လူတစ်ယောက်က အမေ့မျက်နှာပေါ်က ဇာပုဝါကို လှန်လိုက်တယ်။ အမေ့မျက်နှာ ဖြူဆွတ်နေတာပဲ။ လူတွေအလုပ်ရှုပ်နေကြတယ်။ မိုးစီးဖိနပ်ကြောင့် နေရာတိုင်းမှာ ရွံ့တွေချည်းပဲ။ ဦးလေးက ဒူးထောက်ရင်း တုန်ခါနေတဲ့ ဘကံရဲ့ပုခုံးကို ဆုပ်ကိုင်ထားတယ်။

အဲဒီအချိန်ကစပြီး ဘကံနေတဲ့ရွာ မိုးခေါင်ခဲ့တယ်။ လယ်သမားတွေက ဒီနှစ်မိုးခေါင်ရင် နောက်နှစ်ခေါင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် နှစ်တိုင်းလိုလို မိုးခေါင်ခဲ့တယ်။ စိုက်တဲ့မျိုးစေ့တွေ မိုးမရကြဘူး။ မြက်တွေမပေါက်လို့ ဆိတ်ကျောင်းသမားတွေက ဆိတ်ကို အဝေးကြီးမှာ စားကျက်သွားလွတ်ကြတယ်။ ဒါပေမယ့် ဆိတ်တွေအစာမဝကြဘူး။ မြက်နည်းတော့ သဲတွေများလာတယ်။ လူတွေက သဲတွင်းတွေတူးပြီး စိုနေတဲ့သဲတွေကို မြက်ခင်းကောင်းတဲ့ထိ သယ်သွားကြတယ်။

ပန်းတွေဖူးပွင့်တာကို ဘကံသိပ်မတွေ့ရတော့ဘူး။ အရင်က ကွင်းပြင်တစ်ခုလုံး စိမ်းစိုနေတတ်တယ်။ မိုးရွာပြီးနောက် မှိုတွေပေါက်လာတတ်တယ်။ ပန်းတွေပွင့်လာတတ်တယ်။ ခုတော့ သဲပြင်ဖြစ်နေတဲ့ ကွင်းပြင်မှာ လိပ်ပြာတွေလည်း မတွေ့ရတော့ဘူး။ အရင်နွေရာသီမှာ လိပ်ပြာတွေက စက္ကူစတွေ လေတိုက်ခံရတဲ့အတိုင်း ပတ်ဝန်းကျင်တစ်ခုလုံး ဟိုဒီပျံဝဲနေတတ်တယ်။ အမေလိပ်ပြာဖြစ်ပြီးနောက် ဘကံနေတဲ့ရွာကို ပျံသန်းလာဖို့ အချိန်ဘယ်လောက်ယူရမလဲ? လမ်းခုလပ်မှာ မောရင်း နားရဦးမယ်။ ချောင်းထဲက တိမ်တွေကိုမြင်ရင် တကယ့်တိမ်တွေထင်ပြီး သွားအိပ်စက်မိပြီး ရေနောက်လိုက်ပါသွားပြီလား?

အဲဒီနှစ်က နှစ်သစ်ကူးပြီးနောက် ဦးလေးရဲ့မြင်းလှည်းပေါ်မှာ ဘကံထိုင်ပြီး မြေသြဇာတွေ သွားတင်ခဲ့တယ်။ ချောင်းဘေးရေတွင်းမှာ လိပ်ပြာတစ်ကောင်ကို ဘကံတွေ့တော့ မြင်းလှည်းပေါ်က ခုန်ဆင်းပြီး ခရမ်းရောင်လိပ်ပြာနောက် အပြေးလိုက်ခဲ့တယ်။ အဲဒီတုန်းက သူ(၁ဝ)နှစ်လောက်ရှိပြီ။

ဦးလေးက "ဘကံ.. ဘကံ" လို့ လှမ်းခေါ်ပေမယ့် ခေါ်သံတွေ တဖြေးဖြေးဝေးသွားခဲ့တယ်။ လိပ်ပြာက ကုန်းမို့မို့လေးကိုဖြတ်ပြီး ယူကလစ်တောကို ဖြတ်တယ်။ လိပ်ပြာက ခဏနေပျောက်လိုက် ခဏနေ ဘကံမျက်စိရှေ့မှာ ပေါ်လာလိုက်နဲ့ အဝေးကနေ လာခဲ့ဟန်တူတယ်။ ဘကံ ပြေးမလိုက်တော့ဘူး။ အဝေးကို သစ်ရွက်တစ်ရွက်လို ဝဲပျံသွားတဲ့ လိပ်ပြာကို ရပ်ကြည့်နေခဲ့မိတယ်။

နောက်တော့ ဘကံတို့တူဝရီးနှစ်ယောက် "နိုက်မန်တာလ"ကို ပြောင်းရွေ့ခဲ့တယ်။ ဦးလေးက လူများသူရင်းငှား ဝင်လုပ်တယ်။ အဲဒီအချိန် ဘကံ(၃)တန်း တက်နေပြီဖြစ်တယ်။

အဲဒီကကျောင်းတွေအားလုံး အုတ်နီတွေနဲ့ဆောက်ထားတယ်။ ကျောင်းရှေ့မှာ အလံတိုင်တစ်ခုရှိတယ်။ ကျောင်းက အကောင်းစားမှန်တွေနဲ့မို့ ဆောင်းတွင်းမှာမအေးတော့ဘူး။ ကျောင်းမှာ ဆံပင်အဝါရောင်နဲ့ ဟောင်ကောင်ကလာတဲ့ လုပ်အားပေးဆရာမတစ်ဦးရှိတယ်။ ဆရာမက ကျောင်းသားလေးတွေကိုခေါ်ပြီး တောအုပ်မှာ သီချင်းသွားဆိုတတ်တယ်။ ညအချိန် မီးတွေထွန်းပြီး ပုံပြောပြတတ်တယ်။ ကျောင်းသားတိုင်းက ဆရာမကိုရော ဆရာမအိတ်ထဲက ပစ္စည်းကောင်းတွေကိုရော နှစ်သက်ကြတယ်။ အိတ်ထဲက ပစ္စည်းကောင်းတွေက သေနတ်ထမ်းထားတဲ့ ကော်ရုပ်စစ်သား၊ လက်သည်းနီ၊ မစ်ကီမောက်စ်သော့ချိတ်၊ ပီကေ၊ အရောင်လက်နေတဲ့ မျက်မှန်နဲ့ သမင်ပုံတွေဖြစ်တယ်။ ဆရာမက ဒီလိုပစ္စည်းတွေကို တစ်ခြားအိတ်တစ်ခုထဲထည့်ပြီး လွယ်ထားတတ်တယ်။ လိမ္မာယဉ်ကျေးတဲ့လူ၊ တော်တဲ့လူ၊ ဥပမာ... အင်္ဂလိပ်စကားလုံးတွေကို အသံကျယ်ကြီးနဲ့ ရွတ်ဆိုတတ်သူကို အိတ်ထဲကပစ္စည်းတစ်ခုခုနဲ့ ဆုချတတ်တယ်။

တစ်နေ့ညနေမှာ ဆရာမက ပန်းချီကားတစ်ချပ်ယူလာပြီး ကျောက်သင်ပုန်းပေါ် ကပ်လိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို "ဒါ ဘာပုံလဲ" လို့မေးတယ်။

ကျောင်းသားတွေက "လိပ်ပြာပါ ဆရာမ" လို့ ဖြေကြတယ်။

ပုံထဲမှာ လိပ်ပြာက အဝါရောင်ပေါ် အမည်းရောင်အနားပါတဲ့ အတောင်ကိုဖြန့်ကားထားတယ်။ လိပ်ပြာရဲ့ အာရုံမျှင်တွေကလည်း အမည်းရောင်ဖြစ်တယ်။

"ဒါက ဘာလဲ?"

"ပိုးလောက်လန်းပါ ဆရာမ"

"မှန်တယ်... ဒါလေးရော?"

ဆရာမက သစ်အယ်စေ့သဏ္ဍာန် ချွန်ချွန်အရာတစ်ခုကို လက်ညှိုးထိုးပြီးမေးတယ်။

"ဒါကို ပိုးတုံးလုံးလို့ခေါ်တယ်။ တပည့်တို့မြင်ကြရတဲ့ လှပတဲ့လိပ်ပြာလေးတွေက ဒီပိုးတုံးလုံးကနေ ဖြစ်သွားကြတာ။ ပိုးလောက်လန်းနဲ့ ပိုးတုံးလုံးကို ရုပ်ဆိုးတယ်လို့ မထင်ကြနဲ့နော်။ သူတို့တွေဟာ လိပ်ပြာဖြစ်ပြီးနောက်......"

"ဆရာမ လိမ်တယ်"

ဘကံက စိတ်ဆိုးမာန်ဆိုးနဲ့ ထရပ်ပြီးအော်တယ်။ တခဏလောက် ဆရာမငေးကြောင်သွားပြီး

"ဘကံ... တစ်ခုခုမပြောခင် လက်အရင်ထောင်ပြီး ခွင့်တောင်းရမယ် သိလား"

ှုနှုတ်ခမ်းကို တစ်ချက်ကိုက်ပြီး ဘကံထိုင်ချလိုက်တယ်။

"ပိုးတုံးလုံးက ဘယ်အချိန်မှာ လိပ်ပြာဖြစ်သွားသလဲသိလား? နွေဦးအချိန် လောကတစ်ခုလုံး......"

စတိတ်စင်ပေါ် ဘကံပြေးတက်ပြီး ဆရာမလက်မောင်းကို ကိုက်ထားလိုက်တယ်။

"အား...." ဆရာမက ငယ်သံပါအောင်အော်တယ်။ စာသင်ခန်းတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။

ကျောင်းသားတစ်ယောက် ရိုက်လိုက်တဲ့ လက်ဖဝါးချက်ကြောင့် ကိုက်ထားတဲ့လက်ကို ဘကံလွတ်လိုက်တယ်။ ဆရာမရဲ့လက်မှာ သွေးစို့နေတဲ့ သွားရာတွေက အထင်းသားပေါ်နေတယ်။ ကျောက်သင်ပုန်းပေါ် ချိတ်ထားတဲ့ ပန်းချီကားကို ဘကံဆွဲဖြုတ်ဆုတ်ဖြဲပြီး ခြေထောက်နဲ့ နင်းချေပစ်လိုက်တယ်။ ဘကံရဲ့ နှာခေါင်းမှာ သွေးတွေထွက်နေတယ်။ သူ့ကိုရိုက်တဲ့ကျောင်းသားရဲ့ အင်္ကျီပေါ်ကကြယ်သီးတွေ မရှိတော့ဘူး။ ထိတ်လန့်သွားတဲ့ ကျောင်းသူတချို့က တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတယ်။

"မင်း ရူးနေလား?"

ကျောင်းအုပ်ကြီးရောက်လာပြီး ဘကံနဖူးကို လက်ညှိုးထိုးပြီးအော်တယ်။ နေရာမှာတင် ဘကံနောက်ပစ်လဲကျသွားတယ်။ ဆရာကြီးက ဘကံကို ဆွဲထူပြီး လက်ညှိုးနဲ့ထပ်တိုးတယ်။

"မင်း ရူးနေပြီ"... ဘကံနောက်ပစ်ကျသွားပြန်တယ်။

ကျောင်းအုပ်ကြီးက ဆရာမကို အရယ်နဲ့လျှော်ကြေးပေးတယ်။ လက်ပေါ်က အနာကို ပါးစပ်နဲ့မှုတ်ပေးတယ်။ ဦးလေးကလည်း ဆရာမကို အားနာနာနဲ့ ရယ်ပြတယ်။ ပြီးတော့ ဆိတ်တစ်ကောင် လက်ဆောင်ပေးတယ်။ ဘကံကို ဘာခွေးရူးကမှ မကိုက်ခဲ့ဖူးတဲ့အကြောင်း ကျောင်းအုပ်ကြီးက စုံစမ်းပြီး ဆရာမကို စိတ်မပူဖို့ပြောတယ်။ အဲဒီနောက် ဘကံကျောင်းထုတ်ခံရတယ်။

တစ်ညနေမှာ ဘကံအိမ်ကို အိတ်ကြီးလွယ်ပြီး ဆရာမရောက်လာခဲ့တယ်။ ဘကံနဲ့ပြောစရာရှိလို့ဆိုပြီး ဦးလေးကို အပြင်ထွက်ခိုင်းခဲ့တယ်။

"သား.. သားစိတ်ထဲမှာ တစ်ခုခုဖြစ်နေလား? ဆရာမကို ပြောပြပါနော်"

ဆရာမက ဒူးထောက်ထိုင်ချပြီး ပတ်တီးစည်းထားတဲ့လက်နဲ့ ဘကံပါးကိုကိုင်ပြီး မေးတယ်။

လိပ်ပြာ! အဝေးကနေ လိပ်ပြာပျံလာခဲ့တယ်။ အဘွားနေတဲ့ Xilin Gol Meng မြက်ခင်းပြင်ကလည်း ဖြစ်နိုင်တယ်။ ပြီးတော့ "ဇာရိလန်" လို့ခေါ်တဲ့ ပန်းဝတ်ရည်နဲ့ မျက်နှာသစ်မယ်၊ ရေသောက်မယ်။ နေဝင်ပြီးနောက် ဆက်ပျံသန်းမယ်။ ကြယ်ရောင်တွေအောက်မှာ လိပ်ပြာလေးဟာ မီးစုန်းတစ်ခုလို ဖြူရင်လည်းဖြူမယ်၊ ခရမ်းရောင်လည်းဖြစ်နိုင်တယ်.....

"လိပ်ပြာက သားကို ဘာသတိရစေသလဲ?"

ဆရာမအမေးကို ဘကံခေါင်းခါပြတယ်။ ဆရာမက သက်ပြင်းတစ်ချက်ချရင်း အိတ်ထဲကနေ အဖြူရောင် ဘွတ်ဖိနပ်တစ်ရံကိုယူပြီး ဘကံကိုပေးလိုက်တယ်။

ဘကံ ခေါင်းခါပြတယ်။ သူ့ကော်ဖိနပ်က အဝါရောင်က ထိပ်ကွဲနေပြီဖြစ်လို့ အထဲကအဝတ်စကိုတောင် မြင်နေရပြီ။ ဖိနပ်ကြိုးမရှိလို့ ဂုန်နီကြိုးနဲ့ ဘကံချည်ထားတယ်။ ဖိနပ်အသစ်ကို ဆရာမက စင်ပေါ်တင်ထားလိုက်တယ်။ ဘကံက ယူပြီး ဆရာမအိတ်ထဲ ထိုးထည့်ပစ်လိုက်တယ်။

အိမ်ထဲကထွက်တာနဲ့ ဆရာမကို အားနာနာနဲ့ ရယ်ပြနေတဲ့ ဦးလေးကိုတွေ့တယ်။ ဆရာမက ဘကံကို တစ်ချက်ပြန်ကြည့်ပြီး ပြောတယ်။

"လိပ်ပြာဆိုတာ အရမ်းလှတယ် ဘကံ။ ဆရာမကြောင့် သားမထိခိုက် မကြေကွဲမိပါစေနဲ့။ ကျောင်းပြန်တက်ပါ ဘကံ"

ဘကံ ကျောင်းပြန်ရောက်လာခဲ့တယ်။

အလယ်တန်းတက်တဲ့အချိန် ဘကံနာမည်ကြီးလာခဲ့တယ်။ အလယ်တန်း သင်္ချာပြိုင်ပွဲမှာ ဘကံ တတိယရတယ်။ Run Run Shaw ပညာသင်ဆုကို ချီးမြှင့်ခံခဲ့ရတယ်။

နွေရာသီကျောင်းပိတ်ရက်မှာ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး ထက်မြက်တဲ့ကျောင်းသားတွေကို Qingdao ဖက် လေ့လာရေးထွက်ခဲ့ကြတယ်။ အဲဒီထဲမှာ ဘကံလည်းပါတယ်။ Qingdao က နေရာကောင်းဖြစ်တယ်။ အိမ်တွေ တောင်ထိပ်ကနေ တောင်အောက်အထိ ဆောက်ထားကြတယ်။ ခေါင်မိုးတွေက အနီရောင်ဖြစ်ပြီး ဂျုံမှုန်တွေဖြန့်ခင်းထားသလို ကမ်းခြေသဲတွေက ဖြူဖွေးနေတယ်။

လေ့လာရေးနောက်ဆုံးရက်က Huang Hai College ကို လည်ပတ်ဖို့ဖြစ်တယ်။ ကောလိပ်ရဲ့နံရံမှာ အစိမ်းရောင်နွယ်ပင်တွေနဲ့ ပြည့်နေတယ်။ မြေပေါ်မှာလည်း မြက်တွေနဲ့ မွန်ဂိုရီးယားက မြက်ခင်းစိမ်းထက် ပိုစိမ်းနေတယ်။ စားသောက်ခန်းထဲမှာ ကုလားထိုင်တွေကို တစ်သတ်မှတ်တည်းထားတယ်။ ခုံတွေကို တင်ပါးနဲ့ပွတ်ကြည့်လည်း အသံမထွက်တတ်ဘူး။ အစားအသောက် စားချင်တာတွေကို ကိုယ်တိုင်ယူရတယ်။ ကြက်တောင်ပံကြော်၊ ပုဇွန်ကြော်တွေလည်း ယူစားလို့ရတယ်။ စားပြီးရင် သံပန်းကန်ကို အနီရောင်ကော်ပုံးထဲ ထည့်လိုက်ရုံပဲ။

ထမင်းစားပြီးနောက် ကျောင်းသားတွေက သတ္တဝါပြတိုက်ကို သွားရောက်ကြည့်ရှုကြတယ်။

လှေသဏ္ဍာန် ဝေလငါးရိုးတွေ၊ ဆင်ရိုင်းရဲ့ အစွယ်တွေ၊ ဇီးကွက်နဲ့ မြေခွေးတို့ရဲ့ ရုပ်ကြွတွေ.. ဒီနေရာက တိရစ္ဆာန်ရုံတစ်ခုနဲ့ တူတယ်လို့ ဘကံထင်နေမိတယ်။ ရောင်စုံခြယ်ထားတယ်လို့ ထင်ရတဲ့ ငါးတွေက နေရာကမရွေ့ဘဲ ရပ်ကြည့်နေတဲ့ ဘကံရှေ့မှာ ခေါက်တုန့်ခေါက်ပြန် ကူးခတ်နေကြတယ်။ အဲဒီနောက် ပိုးမွှားတွေ ထည့်ထားတဲ့အခန်းထဲ သူတို့ရောက်လာခဲ့ကြတယ်။

လိပ်ပြာတွေ! မှန်ဘောင်တစ်ခုထဲမှာ လိပ်ပြာတွေအပြည့်ထည့်ထားတယ်။ တချို့လိပ်ပြာက သစ်ရွက်ကြီးတွေလို ကြီးမားပြီး တချို့က ကြယ်သီးလောက် သေးငယ်ကြတယ်။ တချို့လိပ်ပြာရဲ့ အတောင်ပံပေါ်မှာ ဝိုင်းစက်စက် မျည်လုံးနှစ်လုံးပါတယ်။ ဘကံရင်တွေ ထိန်းမရသိမ်းမရ ခုန်နေမိတယ်။ ရှင်းလင်းပြောကြားနေတဲ့ ဆရာမက တုတ်တစ်ချောင်းကိုင်ပြီး စစ်ဆောင်ပနားက မီးခိုးရောင်လိပ်ပြာအကြောင်း၊ မက်ဆီကိုက အစက်အပြောက်ပါတဲ့ လိပ်ပြာအကြောင်း၊ ဇာမဏီမျက်လုံးနဲ့လိပ်ပြာအကြောင်းကို ရှင်းပြနေခဲ့တယ်။ ဘကံ အခန်းထဲက ထွက်လာပြီး နံရံပေါ် မှီနေလိုက်တယ်။

လိပ်ပြာတွေ ဘာဖြစ်လို့ ဒီရောက်လာခဲ့တာလဲ? Qingdao မှာ ပင်လယ်ရှိလို့လား? ဘကံနေခဲ့တဲ့ရွာနဲ့ နိုက်မန်တာလမှာ လိပ်ပြာတွေမတွေ့တာ နှစ်အတော်ကြာခဲ့ပြီ။ လိပ်ပြာတွေ လမ်းမှားပြီး ပင်လယ်ဖက်ကို ပျံခဲ့တယ်။ အဲဒီနောက် ရှေ့ဆက်မပျံနိုင်ဘဲ ကျောက်ဆောင်ပေါ်ပြုတ်ကျပြီး ကျောက်ပန်းပွင့်တွေ ဖြစ်ခဲ့ပြီလား?

ပြတိုက်ထဲကထွက်လာတဲ့ ကျောင်းသားတွေ ဘကံကို သတိမထားမိခဲ့ကြဘူး။ ဘကံက တုတ်ကိုင်ထားတဲ့ ဆရာမရှေ့သွားပြီး အလေးတစ်ချက်ပြုလိုက်တယ်။ ဆရာမက ခေါင်းညိတ်ပြပြီး zhelimumeng စာတမ်းပါတဲ့ ဦးထုပ်အနီရောင်ကို ဆောင်းထားတဲ့ ဘကံကို ကြည့်မိတယ်။

အိတ်ထဲက ပိုက်ဆံနဲ့အကြွေတွေကို ထုတ်ပြီး ဆရာမကို ဘကံ ကမ်းပေးလိုက်တယ်။

"ဆရာမ... ကျွန်တော်တစ်ခုတောင်းဆိုပါရစေ။ သူတို့ကို လွှတ်လိုက်ပါ။ မြက်ခင်းပြင်ဆီ ပျံသန်းသွားဖို့ သူတို့ကို လွှတ်ပေးပါ"

"ဘာကို လွှတ်ရမလဲ"

"လိပ်ပြာတွေကိုပါ ဆရာမ"

ဆရာမ တအံ့တသြ ရယ်မိတယ်။ နီရဲရောင်အမ်းနေပြီး မျက်ရည်စို့နေတဲ့ ဘကံမျက်နှာကိုမြင်တော့ ဆရာမ အရယ်ရပ်လိုက်တယ်။ ပြီးတော့ စကားတစ်ခွန်းမှမပြောဘဲ ဘကံလက်ကိုဆွဲထားလိုက်တယ်။

တခဏလောက် ဘကံ ဆွံအနေမိတယ်။ ပြီးမှ ရင်ထဲကစကားတွေကို တစ်လုံးမကျန် ပြောနေမိတယ်။

အမေကို လူတွေထမ်းထုတ်သွားကြတယ်။ အပြင်မှာ မိုးတွေရွာနေတယ်။ အဘွားက ဘကံမျက်စိကို အုပ်ထားတယ်။ လူတိုင်းနောက်ဆုံးမှာ နေရာတစ်နေရာကို သွားကြရမယ်ဟုတ်လား? နောက်ပြီး သူတို့ တစ်ခုခုဖြစ်သွားကြမယ်ဟုတ်လား?

ဆရာမက လက်ကိုင်ပုဝါနဲ့ မျက်ရည်တွေကိုသုတ်ရင်း ဘကံကို စကားဆုံးအောင်ပြောစေတယ်။ ပြီးမှ အိတ်ထဲက ဗူးတစ်ခုကိုထုတ်ပြီး

"သားနာမည် ဘယ်လိုခေါ်လဲ"

"ဘကံပါ"

"ဒါ သားအတွက် လက်ဆောင်ပါ"

ဆရာမက ပြောပြောဆိုဆို ဖန်အကြည်လေးထဲထည့်ထားတဲ့ ရွှေရောင်နဲ့ခရမ်းရောင် ရောစပ်ထားတဲ့ လိပ်ပြာလှလေးတစ်ကောင်... လိပ်ပြာကို သစ်သားဗူးထဲထည့်ပြီး ဆရာမက ဘကံကို လှမ်းပေးတယ်။ ဆရာမရဲ့ မျက်ဝန်းတွေက နီရဲနေတယ်။ နှာခေါင်းဖျားလည်း နီနေပါတယ်။

"လှပတဲ့အရာတွေက ဘယ်တော့မှ မပျောက်ပျက်သွားတတ်ဘူး။ ဒီဘဝမှာလည်း အတူတူပဲ။ နောင်ဘဝမှာလဲ အတူတူပဲ။ အဲဒီအရာကို ဆရာမတို့ကယုံကြည်ရမယ်။ လက်ခံနိုင်စွမ်းလည်းရှိရမယ်။ ဒါက ဘကံရဲ့ လိပ်ပြာလေးပေါ့"

"ဘကံ... မင်းဘယ်မှာလဲ? ကားထွက်တော့မယ်"

ကားပြတင်းပေါက်နေ အသံတစ်ခု လွှင့်ဝဲလာခဲ့တယ်။


မူရင်းစာရေးဆရာ - မွန်ဂိုရီးယားမှ 鲍尔吉·原野 ( 巴甘的蝴蝶 ဘကံရဲ့လိပ်ပြာ)

စိတ်ဝင်စားရင် ဒီထဲမှာ မူရင်းစာကို လေဒီယိုအသံလွှင့်အနေနဲ့လည်း နားထောင်နိုင်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

6 comments:

မောင်ဘကြိုင် said...

ဖတ်သွားတယ်အစ်မရေ ဘကံအကြောင်း
မျှောသွားတယ်ဗျာ

rose of sharon said...

ဘကံ အကြောင်းဖတ်သွားပါတယ်

myomyo said...

မမလာဖတ်သွားပါတယ်

မင်း said...

အင်းးးးးး ဖတ်လို့တော့ မဆိုးဘူးနော်... မိန်းမရှာ ကောင်လေး တစ်ယောက်အကြောင်းလားးး အမေ တနေ့ပြန်လာမယ် ဆိုပြီး စိတ္တဇ ဖြစ်နေတဲ့ ကောင်းလေးတစ်ယောက်လားးး လိပ်ပြာတွေ အကြောင်း သူတို့လူမျိုးမှာ ပုံပြင်တွေ ရှိတယ်ထင်တယ် ဒီတိုင်းကြီး ဖတ်ရတာ တမျိုးကြီးဘဲ ဘာဘဲဖြစ်ဖြစ် ဘာသာပြန်သူရဲ့စေတနာကိုတော့ မြင်ရပါတယ်

Bino said...

Nice post,

Thanks for sharing.

BINO

ညရဲ့ကောင်းကင် said...

ရင်မောစရာပါပဲဗျာ...
နောက်ဆို ဘကံ လိပ်ပြာတွေတွေ့တိုင်း မခံစားရပါစေနဲ့တော့....