Thursday, December 03, 2009

ချောကလက် ဘာကြောင့်ဖြစ်?


လွန်ခဲ့တဲ့ နှစ်(၅ဝဝ)ကတည်းက အမေရိကားတိုက်မှာ ကိုကိုး(Cocoa)ကို ရှာဖွေတွေ့ရှိထားပြီးဖြစ်တယ်။ (Cocoa)ဆိုတာ အပင်တစ်မျိုးရဲ့ မျိုးစေ့ဖြစ်ပြီး အာဟာရ အင်မတန်ပြည့်ဖြိုးတဲ့အပြင် အကျိုးအာနိသင်ထူးခြားလို့ ဒေသခံလူတွေက ကြိုက်နှစ်သက်ကြတယ်။ ကိုကိုးပင်ဟာ စိုက်ပျိုးနှုန်းနည်းတဲ့အတွက် တန်ဖိုးကြီးမြင့်တယ်။ တစ်နှစ်ပတ်လုံး စိမ်းစိုနေတဲ့ ကိုကိုးပင်ကို လူတွေက "အစိမ်းရောင်ရွှေ" လို့ တင်စားကြတယ်။

(၁၆)ရာစုနှစ်ဦးပိုင်းမှာ ရေကြောင်းပညာရှင် Christopher Columbusဟာ စတုတ္ထအကြိမ်မြောက် ရွက်လွှင့်ခရီးထွက်ခဲ့ပြန်တယ်။ လမ်းခရီးတစ်နေရာမှာ ကိုကိုးပင်တွေ ပေါက်ရောက်နေတာကို တအံ့တသြ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီခေတ်တုန်းက အပင်တစ်မျိုးရဲ့သစ်စေ့--ကိုကိုးစေ့ဟာ "ပိုက်ဆံ" ဖြစ်ခဲ့တယ်။ ကျွန်တစ်ယောက်ရဲ့တန်ဖိုးက ကိုကိုးစေ့ (၂၁ဝဝ)စေ့ဖြစ်တယ်။ ဥာဏ်ပညာရှိ ကိုလံဘတ်က ဒေသခံ အင်းဒီးယန်းလူမျိုးတွေဆီကနေ ကိုကိုးစေ့တချို့ လှဲလှယ်ခဲ့ပြီး စပိန်ကို ယူဆောင်လာခဲ့တယ်။ အဲဒီခေတ်တုန်းက ဥရောပလူမျိုးတွေဟာ ကိုကိုးကို သိပ်စိတ်မဝင်စားသေးတဲ့ ကာလဖြစ်တယ်။ ကိုကိုးဟာ တစ်ခါတလေမှာ သူတို့စိတ်ကို နိုးကြွစေတယ်၊ ဒါမှမဟုတ် ဆီးနဲ့ပတ်သက်တဲ့ရောဂါအတွက် ကိုကိုးကိုသုံးတယ် ဆိုတာလောက်ပဲ ဥရောပတွေက သိခဲ့တယ်။

(၁၅၁၉) ခုနှစ်မှာ စပိန်က စူးစမ်းလေ့လာပညာရှင် Hernán Cortésဟာ ပထမဦးဆုံးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပြီး မက်ဆီကိုဒေသကို ဝင်ရောက်ခဲ့တယ်။ အဖွဲ့ဝင်တွေက ကန္တာရ၊ ရွံ့နွံ့၊ တောနက် စတာတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ကုန်းပြင်မြင့်တစ်နေရာကို ရောက်လာခဲ့တယ်။ ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်တဲ့ အဖွဲ့ဝင်တွေဟာ ကုန်းမြင့်ပေါ် လဲလှောင်းအနားယူခဲ့ကြတယ်။ အဲဒီအချိန်မှာ အင်းဒီးယန်းအဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့တယ်။ အင်အားကုန်မဲ့နေတဲ့ Cortésရဲ့ လူတွေကိုတွေ့တော့ သူတို့မှာပါတဲ့ ကိုကိုးစေ့တွေကို အမှုန်ကြိတ်ပြီး ဗူးထဲ ရေနဲ့ရောပြီး ကျိုလိုက်ကြတယ်။ ရေဆူလာချိန်မှ ငရုတ်ကောင်းမှုန့်၊ သစ်စေး၊ သစ်ရည်တချို့နဲ့ ရောစပ်လိုက်တယ်ဆိုရင်ပဲ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့က လေနဲ့အတူ လွင့်ပြန့်လာခဲ့တယ်။

အင်းဒီးယန်းခေါင်းဆောင်က လက်ဟန်ခြေဟန်နဲ့ Cortésကို စကားတွေ ပြောနေခဲ့တယ်။ နောက်ဆုံးမှာ Cortés သဘောပေါက်တာက ဗူးထဲက မည်းညစ်ညစ် ကိုကိုးဖျော်ရည်တွေကို သောက်စေလိုတယ်ဆိုတာဖြစ်တယ်။ အင်းဒီးယန်းတွေရဲ့ ဓလေ့ထုံးစံကို အနည်းငယ်နားလည်တဲ့ Cortésက သူ့အဖွဲ့သားတွေကို ကိုကိုးဖျော်ရည်တွေ တစ်ယောက်နည်းနည်းစီ သောက်စေခဲ့တယ်။ သောက်ပြီး တခဏအတွင်းမှာ မျက်လှည့်ပြသလိုပဲ အဖွဲ့သားတွေရဲ့ ကုန်ဆုံးသွားတဲ့အင်အားတွေဟာ ချက်ချင်းတိုးပွါးလာပြီး ပင်ပန်းမှုတွေလည်း ပျောက်ဆုံးကုန်ခဲ့တယ်။ Cortésလည်း တအံ့တသြနဲ့ အင်းဒီးယန်းတွေကို ကိုကိုးစေ့နဲ့ ကိုကိုးဖျော်ရည်အကြောင်းကို မေးခဲ့တယ်။ အင်းဒီးယန်းတွေကက "ဒါဟာ နတ်ဘုရားအချိုရည်ဖြစ်တယ်" လို့ ဖြေခဲ့တယ်။

(၁၅၂၈) ခုနှစ်မှာ Cortés ဟာ စပိန်ကို ပြန်ရောက်လာခဲ့ပြီး King Charles V ကို "နတ်ဘုရား အချိုရည်" (ကိုကိုးဖျော်ရည်) ဆက်ကပ်ခဲ့တယ်။ မဆက်ကပ်ခင် စပိန်လူမျိုးတို့ရဲ့ ဓလေ့အစားအစာအတိုင်း Cortés ဟာ ကိုကိုးကိုဖျော်ရာမှာ သစ်ရည်နဲ့ ငရုတ်ကောင်းမှုန့်အစား ပျားရည်ကို အသုံးပြုဖျော်စပ်ခဲ့တယ်။

ဘုရင်က ကိုကိုးကို တစ်ငုံသောက်လိုက် ကောင်းတယ်လို့တစ်ခွန်း ချီးကျူးလိုက်နဲ့ ဝမ်းသာမဆုံးဖြစ်နေခဲ့တယ်။ Cortés ကိုလည်း ရာထူးချီးမြှင့်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကိုကိုးဖျော်ရည်ဟာ စပိန်မှာရေပန်းစားခဲ့တယ်။ ဖျော်စပ်နည်းကို စပိန်လူမျိုးတွေက လုံးဝလျှို့ဝှက်ထားပြီး မပေါက်ကြားစေခဲ့ပါဘူး။ အဲဒီလိုနဲ့ နှစ်ပေါင်း(၇ဝ)ကျော် ကြာမြင့်ပြီး (၁၆ဝ၆)ခုနှစ်ရောက်မှ အီတလီလူမျိုးတစ်ဦးဟာ ဖျော်ရည်ဖျော်စပ်နည်းကို ခိုးယူသွားခဲ့တယ်။ အဲဒီနောက် ဥရောပနေရာအနှံ့ထိ ကိုကိုးဖျော်ရည် ပြန့်နှံ့သွားတာဖြစ်တယ်။ ကိုကိုးဖျော်ရည်ဟာ ဥရောပမှာ လူကြိုက်များပြီး ကိုကိုးဆိုင်တွေ ဝင်ငွေကောင်းခဲ့တယ်။
ကိုကိုးဖျော်ရည်နဲ့ စပိန်က La Sike ဆိုသူလည်း ဝင်ငွေအများကြီးရခဲ့တယ်။

တစ်နေ့မှာ La Sike ဟာ ကိုကိုးကျိုနေတုန်း အတွေးနယ်ချဲ့မိတယ်။ သူတွေးမိတာက "ကိုကိုးကို နေ့တိုင်းကျိုရတာ အလုပ်ရှုပ်လွန်းတယ်။ ကိုကိုးကို အခဲလုပ်ပြီး သောက်ခါနီး တစ်ခဲယူပြီး ရေနဲ့ဖျော်လိုက်ရုံပဲ။ ဒါမှမဟုတ် အခဲကို ဒီအတိုင်းစားလိုက်ရုံပဲ။ ဒီလိုဆို အချိန်ကုန်၊ အလုပ်ရှုပ်သက်သာတယ်" ဆိုပြီး La Sikeဟာ ကိုကိုးကို အရည်မှ အခဲဖြစ်အောင် ကြိုးစားတော့တယ်။ ပျားရည်တွေရောစပ်ပြီး အခြောက်ခံလိုက်၊ ဖုတ်လိုက်နဲ့ နောက်ဆုံး ကိုကိုးခဲတွေ ဖြစ်လာခဲ့တယ်။ ကိုကိုးဖျော်ရည်ကို မက်ဆီကိုကစတင်ခဲ့ပြီး မက်ဆီကိုရဲ့တောစကား "ချောကလာထော်လု" လို့ခေါ်ခဲ့လို့ La Sike က ကိုကိုးခဲကို "ချောကလက်"လို့ ခေါ်ဆိုခဲ့တယ်။ ချောကလက်ရဲ့ ကနဦးအစက ဒီလိုဖြစ်လာခဲ့တာဖြစ်တယ်။

စစချင်းမှာ လူတွေဟာ ချောကလက်ကို စိမ်းနေခဲ့ကြတယ်။ ပြင်သစ်မှာ ချောကလက်ကို "အဖိုးတန်တဲ့ ဆေးစွမ်းတစ်လက်" လို့ တင်စားကြတယ်။ ဒီလိုတင်စားရခြင်းကလည်း ပြင်သစ်ဘုရင် Louis XIII နဲ့ ပတ်သက်နေတာဖြစ်တယ်။ Louis XIIIရဲ့ မိဖုရားက စပိန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသမီးဖြစ်တယ်။ (၁၆၁၂)ခုနှစ်မှာ မိဖုရားဟာ ခမည်းတော်အိမ်ကနေ စပိန်နိုင်ငံလုပ် ချောကလက်တွေ ပြင်သစ်ကိုသယ်လာခဲ့တယ်။ အဲဒီအချိန်တုန်းက ဘုရာမင်းမြတ် မကျန်းမာတဲ့အချိန်ဖြစ်တယ်။ ခန္ဓာကိုယ်နုံးချိနေတဲ့ ဘုရင်က မိဖုရားယူလာတဲ့ ချောကလက်တစ်ခဲကို စားလိုက်ပြီးတာနဲ့ တစ်ပြိုက်နက် နုံးချိနေတာတွေ ယူပစ်သလို ပျောက်သွားခဲ့ပြီး ကျန်းမာလာခဲ့တယ်။ ဒါကြောင့် ဘုရင်က ချောကလက်ကို "အဖိုးတန်တဲ့ ဆေးစွမ်းတစ်လက်" လို့ တင်စားခဲ့ပြီး ချောကလက်တွေကို သမားတော်တွေဆီ အပ်နှံပြီး သေချာသိမ်းထားစေခဲ့တယ်။ နန်းတော်တွင်းက တစ်ဦးတစ်ယောက် မကျန်းမာမှ ထုတ်သုံးဖို့လည်း မှာခဲ့တယ်။

ဘုရင် Louis XIV နန်းတက်တော့မှ အဘိုးအဘွားအိမ်ကလူတွေ ချောကလက်အမြောက်အများ ယူလာပြီး ဘုရင်ကို ဂုဏ်ပြုချီးမြှင့်ကြတယ်။ အဲဒီအခါမှ ပြင်သစ်လူမျိုးတွေက ချောကလက်ဆိုတာ စားစရာတစ်မျိုးမှန်း သိသွားခဲ့တယ်။

မူရင်း--- 西班牙人发明巧克力的故事 (စပိန်လူမျိုးတို့ ဖန်တီးထီထွင်ခဲ့တဲ့ ချောကလက်ပုံပြင်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

12 comments:

some1 said...

i <3 chocolates 2 :)

ဒဏ္ဍာရီ said...

မမရေ .... ချောကလက်ဆို အရမ်းကြိုက်တယ်။ ဒါပေမယ့် အထဲက ပီနပ်ပါတာလေး ပိုကြိုက်တယ်။ စားသွားပြီနော်။

ခင်မင်လေးစားလျှက်

သူရဲကောင်းကြယ် said...

ခုမှပဲ ချောကလက် သမိုင်းကို သိတော့တယ်...
ဂျာမနီမှာ ပေါပေမဲ့ သိပ်တော့ မကြိုက်ပါဘူး... ချစ်သူများနေ့မှာ ပေးရတဲ့
ပစ္စည်းတစ်မျိုးဆိုတာလောက်ပဲ သိတယ်...

နွေဦး said...

ကောင်းလိုက်တာ... အမရေ... ကျေးဇူး... ချောကလက် နဲ့ပတ်သတ်တာလေး ထပ်တင်ပါအုံးနော်...

Bino said...

Thanks for sharing.

My youngest son (20 years old)
very like chocolate.

All of my grandson granddaughter also like chocolate so much.

BINO

ချမ်းလင်းနေ said...

စားသာစားနေတာအမရေ အခုမှပဲ ချောကလက်ပုံပြင်လေး သိရတာ ကျေးဇူးပါဗျာ။ =)

သိင်္ဂါကျော် said...

ချောကလက် စတင်ရာ ပုံပြင်လေး ဖတ်ရတဲ့ အတွက် ကျေးဇူး....
ဒါပေမယ့် ချောကလက်တော့ မကြိုက်ဘူး....

ဆောင်းမြူခိုး said...

ချောကလက်စားရင် ဝလား အစ်မ...
တချို့ က ဝ တယ်လို့  ပြောကြတယ်...

အောင် said...

ချောကလက်ကို အရမ်းကြိုက်တာ အခုတော့ ကို ကြီုက်တဲ့ ချောကလက်အကြောင်း သိရတော့ ပို့စ်ရေးတဲ့ မစနေကိုလဲ ကျေးဇူးအရမ်းတင်တယ် ။ အခွင့်သင့်ရင် မစနေကို ချောကလက်တွေ လက်ဆောင်ပေးချင်ပါတယ် ။ ကြိုက်လားတော့မသိပါ။

ကျေးဇူး

simple said...

ချောကလက်နဲ့ပတ်သက်ပြီး
တခြားပုံပြင်တွေရှိသေးတယ်
မဟုတ်လားဟင်

လင်းဒီပ said...

ကိုကိုးကျွန်းဆိုတဲ့နာမည်ကရော အဲဒီက ဆင်းသက်လာတာလား မသိဘူး..:P

ခမ်းခွန် ^^^ said...

အခုလို သိရတဲ့ အတွက်ကျေးဇူးနော်.....
သူများကို လည်းပေးသိချင် လို့ ..ကူးသွားတယ်နော်...
ပျော်ရွင်ပါစေ