Saturday, December 05, 2009

အိပ်မက်တွေ အခိုးမခံရစေနဲ့


အမေရိကရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင် ဖြစ်ပါသည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစင်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။

ကျောင်းသားတစ်ဦးက ဆရာပေးသည့် ခေါင်းစဉ်ကို အနှစ်ခြိုက်ကြီး နှစ်ခြိုက်ပြီး ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေ ဆောက်ပြီး အသားကင်ဖို့ နေရာတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်း ဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေကိုလည်း အနားယူအပန်းဖြေစေပါမယ်" ဟူ၍ဖြစ်သည်။

ထို့နောက် သူ၏စာစီစာကုံးကို ဆရာအားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့်"X" ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။

ကျောင်းသားက သူရေးထားသည့် စာစီစာကုံးကို သေချာပြန်ဖတ်ပြီး အမှားမတွေ့သောကြောင့် ဆရာအား ထပ်ပြလေသည်။

ဆရာက "မင်းကို မင်းရဲ့ရည်မှန်းချက်စိတ်ကူးကို ရေးခိုင်းတာ၊ ဒီလို အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး။ မင်းရဲ့ တကယ့်ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား?" ဟူပြောသောအခါ ကျောင်းသားက "ဆရာ... ဒါ ကျွန်တော်ရဲ့ တကယ့်ရည်မှန်းချက်ပါ" ဟူ အားတက်သရော ပြန်ဖြေသည်။

"မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေပဲ .... မင်းအသစ်ပြန်ရေးပါ"

"ကျွန်တော် နားလည်တယ်ဆရာ.. ဒါ ကျွန်တော်တကယ်ဖြစ်ချင်တဲ့ ကျွန်တော်ရဲ့ရည်မှန်းချက်ပါ။ ကျွန်တော်ရည်မှန်းချက်ကို ကျွန်တော်မပြင်နိုင်ဘူး ဆရာ"

ဆရာ့စကားကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ကျောင်းသားကပြန်ပြောသည်။

"တကယ်လို့ မင်းအသစ်မရေးရင် မင်းကိုဆရာ အောင်မှတ်မပေးဘူး။ မင်း သေချာစဉ်းစားပါ"

ခေါင်းခါပြီးပြောသော ဆရာ့စကားကို ကျောင်းသားကလည်း ထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။ နောက်ဆုံး ထိုစာစီစာကုံးမှာ " E " အဆင့်သာရခဲ့သည်။

ထိုသို့သော အဖြစ်အပျက်ဖြစ်ပျက်ပြီး နှစ်ပေါင်း(၃ဝ)အကြာတွင် ၎င်းဆရာက ကျောင်းသားတစ်သိုက်နှင့် အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ ဆရာက မြက်ခင်းစိမ်းနှင့် ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်း သင်းပျံ့သော အသားကင်နံ့ကို ရှူရှိုက်နေမိသည်။ တစ်နေရာတွင် လူလတ်ပိုင်း လူရွယ်တစ်ဦးက ဆရာဆီဦးတည်လျှောက်လာပြီး သူ့ကိုယ်သူ ဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆို မိတ်ဆက်လေသည်။

လူရွယ်က ဆရာကို အကြောင်းစုံပြောပြပြီး သူသည် ထိုနှစ်က စာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု
ပြောသည်။ သို့သော် ယနေ့တွင် သူသည် စာစီစာကုံးထဲက ရေးခဲ့သည့်အတိုင်း သူ့ရည်မှန်းချက်ဖြစ်သည့် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို တည်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဆရာမှာ လူငယ်စကားကြောင့် လွန်ခဲ့သော အနှစ်(၃ဝ)ကို ပြန်မြင်ယောင်မိသည်။ မိမိရှေ့တွင်ရပ်နေသော လူရွယ်ကိုကြည့်ပြီး စကားတစ်ခွန်းကို ရေရွတ်လိုက်တော့သည်။

"အနှစ်(၃ဝ)အတွင်းမှာ ငါ့အတွက်နဲ့ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို ငါချေဖျက်ခဲ့မိသလဲ မသိဘူး? မင်းကတော့ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့်အချေဖျက်မခံဘဲ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်တယ်"

သင်ရော? သင့်ရည်မှန်းချက်အိပ်မက်တွေ သူတစ်ပါး၏ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား? အခိုးခံခဲ့ရပြီလား?

မူရင်း--- http://www.duwenzhang.com or 别让任何人偷走您的梦

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

11 comments:

မင်း said...

အိမ်မက်တွေကတော့ အခုထိရှိနေတုန်းဘဲ ဘယ်သူမှလာမခိုးသေးဘူးးး ....
ဒါပေမဲ့ နဲနဲတော့ သိုးနံ့ထွက်နေပြီထင်တယ်....
တော်တော်ကြီးတဲ့ အိမ်မက်တွေပေါ့...

နွေဦး said...

အမရေ.. အရမ်းကောင်းတာပဲနော်... ညီမ တော့ အခိုးခံလိုက်ရတယ်.. အခုတော့ အိပ်မက်အသစ်တွေနဲ့.... ဒီတစ်ခါတော့ လုံးဝ အခိုးမခံတော့ဘူး.. ကျေးဇူးအမ

nguwahwin said...

I like it, thx.sis.

Anonymous said...

ths a lot for this post.you are excellent blogger

ချမ်းလင်းနေ said...

မှတ်သားဖွယ်ကောင်းတယ်ဗျာ။ ကိုယ်စိတ်ကူးတွေပေါ်မှာပဲ ခိုင်မာစွာ ရပ်တည်ဖို့ပဲအရေးကြီးတယ်ဆိုတာ နားလည်သွားတယ်အမရေ။

Bino said...

သင်ရော? သင့်ရည်မှန်းချက်အိပ်မက်တွေ သူတစ်ပါး၏ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား? အခိုးခံခဲ့ရပြီလား?
Nope!
Nobody disturb my ambition.
I want to be painter...
I want to be writer....
I want to be poet...
I want to be musician...

Recently, I'm nothing....

BINO

သွယ်လင်းဆက် said...

ဘယ်သူကမှတော့လာမခိုးသေးဘူး။ ရည်ရွယ်ချက်လည်းမရောက်သေးဘူး။ ပို့စ်လေးအတွက်ကျေးဇူးပါ အမနေ။

နေ့အိပ်မက် said...

နှလုံးသားအာဟာရထဲမှာပါတာကျတော့ တကယ့်အဖြစ်အပျက်တဲ့ အသားကင်တော့ဟုတ်ဘူး နွားနို့ ခုလက်ရှိထိုင်းက နွားနို့သူဌေးရဲ့ ငယ်ငယ်ကအဖြစ်အပျက်တဲ့ သူကနွားခြံအကျယ်ကြီးဝယ်ပြီး နွားတွေမွေးမယ်လို့ စာစီစာကုံးရေးခဲ့တာတဲ့

နေ့အိပ်မက် said...

ကျန်ခဲ့လို့ ပြောဖို့ ဒီမှာက တစ်ဦးတည်းသောကျောင်းသားနော်.. ဟိုမှာကကျတော့ ငါးယောက်မြောက်ဆိုလား ခုနစ်ယောက်မြောက်ဆိုလားမသိဘူး

သိင်္ဂါကျော် said...

ကိုယ့်အိပ်မက်တွေ သူတစ်ပါးကြောင့် မပျောက်ဆုံးဖို့ တကယ် အရေးကြီးတာပေါ့။
ညီမတော့ သိမ်းထားတုန်းပဲ လွှင့်တော့ မပစ်သေးဘူး.... တစ်နေ့နေ့ တစ်ချိန်ချိန် အတွက်ပေါ့..။

ရွှန်းမီ said...

သိပ်ကောင်းတဲ့ပုံပြင်လေးအတွက် ကျေးဇူးတင်ပါတယ်