Friday, December 11, 2009

ကျွန်မနဲ့ သရဲခြောက်တဲ့အိမ် (၁)


ကျွန်မနဲ့ သရဲခြောက်တဲ့အိမ်ကို ဖတ်အပြီးမှာ ဟွန့်.. သရဲလည်းမခြောက်ဘူးဆိုပြီး ဖတ်သူတွေ မချင့်မရဲဖြစ်ရသလို ကျွန်မတို့လည်းအိမ်မှာနေရင်း ဘယ်နေ့ သရဲအခြောက်ခံရမလဲဆိုပြီး စိုးတထိတ်ထိတ်ဖြစ်ခဲ့ရတယ်။ လူတွေရဲ့စိတ်ကိုခြောက်လှန့်အောင် အိမ်ကြီးနဲ့ပတ်သက်တဲ့ သတင်းအမျိုးမျိုးကို ကျွန်မတို့ကြားခဲ့ရတယ်။ အိမ်မှာ လာတည်းဖူးသူတွေကလည်း ပြောပါတယ်။ ခေါင်းပြတ်ကြီးနဲ့ မိန်းကလေးတစ်ယောက်ကို တွေ့သတဲ့။ တချို့ကလည်းပြောပါတယ်။ အဲဒီအိမ်မှာ မြေအောက်ခန်းရှိပြီး မြေအောက်ခန်းမှာ အင်္ဂလိပ်လူမျိုးတစ်ယောက် ဓာတ်ခွဲစမ်းသပ်ရင်း ပေါက်ကွဲပြီး သေခဲ့ဖူးတယ်တဲ့။ အိမ်ပေါ်ထပ်မှာ အင်္ဂလိပ်မတစ်ယောက် ကြိုးဆွဲချသေဖူးသတဲ့။ မကျွတ်မလွတ်ဘဲ အိမ်ကိုစောင့်နေပါသတဲ့။

တကယ်လည်း အိမ်ပေါ်ထပ်ကို ကျွန်မတစ်ယောက်တည်း မတက်ရဲခဲ့ပါဘူး။ အိမ်ရှေ့ဆင်ဝင်အောက်ကနေ အပြင်ကိုသီးခြားထိုးထွက်နေတဲ့ အိမ်ပေါ်ထပ်မှာ လူမနေပါဘူး။ အိမ်ပေါ်ထပ်ကို လေးထောင့်ပုံသဏ္ဍာန် ဆောက်ထားတာကြောင့် အဝေးကကြည့်ရင် အခေါင်းပုံစံနဲ့တူတယ်လို့ လူတွေကပြောကြပါတယ်။ အိမ်ပေါ်ထပ်ကနေ တောင်ကြီးမြို့ရှုခင်းကို လှမ်းမြင်ရသလို မြို့ထဲကကြည့်ရင်လည်း တောင်ခြေအောက်မှာ အခေါင်းဖြူဖြူကြီးတည်ထားသလား ထင်ရတဲ့အပေါ်ထပ်ကို လှမ်းမြင်ရပါတယ်။ အဘွားတို့က အိမ်ပေါ်ထပ်ကို ဘုရားခန်းလုပ်လိုက်ပေမယ့် ဘုရားပန်းလဲဖို့ ကျွန်မတစ်ယောက်တည်း မတက်ရဲခဲ့ဘူး။

ကျွန်မတို့နေလာတဲ့တစ်လျှောက် အိမ်သူအိမ်သားတွေ ဘယ်သူမှ သရဲအခြောက်မခံရဖူးပေမယ့် ကျွန်မတို့ငယ်ရွယ်သူရဲ့ စိတ်ကိုတော့ ကောလဟာလဆိုတဲ့ သတင်းတွေက ခြောက်လှန့်နေခဲ့တာ အမှန်ပါပဲ။ တစ်ခါခါ ညနက်သန်းခေါင် စာကျက်နေရင်း စားပွဲခုံအောက်ကနေ ခြေလှမ်းဆွဲခံရမလား? တီဗွီကြည့်နေရင်း မည်းညစ်ညစ်မီးလင်းဖိုထဲကနေ လက်မည်းမည်းကြီး ထွက်လာမလား? စတဲ့အတွေးတွေနဲ့ ကိုယ့်စိတ်ကိုယ် ခြောက်လှန့်နေမိကြတယ်။ ည ည အိမ်နောက်တောင်ခြေဖက်က ကြားရတဲ့ ဂျီဟောက်သံက ကျွန်မတို့စိတ်ကို ပိုချောက်ချားစေခဲ့ပါတယ်။

မှတ်မိပါသေးတယ်... အဲဒီနေ့မနက်အစောကြီး ဝေလီဝေလင်းအချိန်မှာ အကူကောင်မလေးတစ်ယောက် ထိတ်ထိတ်ပြာပြာနဲ့ ကျွန်မတို့ကိုလာနှိုးပါတယ်။ မီးဖိုချောင်တံခါးဖွင့်လို့ မရဘူး၊ တစ်ယောက်ယောက်က အထဲကနေဆွဲထားသလို ဖြစ်နေတယ်လို့ သူကဆိုပါတယ်။ ကြားတာနဲ့ကျွန်မတို့ ထိတ်ခနဲ့ဖြစ်သွားတယ်။ တစ်ခြားတံခါးမဟုတ်ဘဲ မီးဖိုချောင်တံခါး ဖွင့်မရဘူးဆိုတော့ ထူးဆန်းနေတယ်။ တစ်ယောက်ယောက်ကများ အထဲမှာတံခါးပိတ်ပြီး တစ်ခုခုစားနေသလား? မနက်အစောကြီးဆိုတော့ ဘယ်သူမှ ဗိုက်ဆာလောက်မယ် မထင်သေးဘူး။ အဘိုးနဲ့အဘွားက အိပ်ကောင်းတုန်းရှိသေးတယ်။ ကျွန်မအစ်မကလည်း နေထွက်မှထသူဆိုတော့ ... မကောင်းတဲ့အတွေးတစ်ခုက ကျွန်မခေါင်းထဲ ဝင်လာတယ်။ မီးဖိုခန်းဆိုတော့ အသား၊ ငါးတွေရှိတယ်။ မကောင်းဆိုးဝါး တစ်ကောင်ကောင်ကများ ဝင်စားနေသလားပေါ့?

အဲလိုနဲ့ အိမ်နောက်ဖက် မီးဖိုချောင်ပြတင်းပေါက်ကနေ ပတ်ကြည့်ဖို့ အိမ်ကိုခဏပြန်လာတဲ့ ဦးလေးကိုခေါ်ပြီး ကျွန်မရယ်၊ အကူကောင်မလေးရယ် သုံးယောက်သား တွန့်ဆုတ်တွန့်ဆုတ်နဲ့ အိမ်နောက်ဖေးဖက် ပတ်ခဲ့ကြတယ်။ ချမ်းချမ်းစီးစီး မှောင်ကလည်းမှောင်သေးတာမို့ တစ်ယောက်မှရှေ့ဆုံးကနေ မသွားရဲခဲ့ကြဘူး။ သုံးယောက်သား ပုခုံးချင်းယှဉ်ပြီး သူ့ဖက်ငါတိုး ငါ့ဖက်သူတိုးနဲ့ ကိုယ့်ခြေတစ်လှမ်း သူ့ထက်မြန်သွားမှာကိုတောင် စိုးရိမ်နေခဲ့ကြတယ်။ အိမ်နောက် မီးဖိုဆောင်နား ဝါးရုံပင်ဆီက လေတိုးသံ၊ တရှဲရှဲအရွက်ကြွေသံက ကြောက်နေတဲ့ကျွန်မတို့စိတ်ကို ပိုကြောက်အောင်ခြောက်နေခဲ့တယ်။

မီးဖိုဆောင်နားရောက်တော့ မီးဖိုပြတင်းပေါက်ကို ဖွင့်ရက်သားတွေ့ရတယ်။ အခန်းထဲမှာက မှောင်မှောင်မည်းမည်း ဘာမှသဲသဲကွဲကွဲ သိပ်မမြင်ရဘူး။ ပြတင်းပေါက်ပွင့်နေတယ်ဆိုတော့ အထဲမှာ ဘာများရှိမလဲဆိုပြီး ကျွန်မတို့သုံးယောက်သား ခြေဖျားထောက်ကြည့်ကြတယ်။ မီးဖိုချောင်ကလည်း မီးခိုးဝနေတာကြောင့် နံရံတွေက မည်းညစ်နေတဲ့အပြင် (မီးခလုတ်ကအထဲမှာမို့) မီးဖွင့်မထားတာကြောင့် အထဲမှာ မည်းမည်းကြီးပဲမြင်ရတယ်။ ကြောက်ကလည်းကြောက် အထဲမှာတစ်ခုခုများ တွေ့မလားဆိုတဲ့အထင်နဲ့ ကျွန်မတို့ ခြေဖျားထောက်ပြီးကြည့်ကြတယ်။

အဲဒီအချိန်မှာ ကျွန်မက ရုတ်တရက် "ဟာ.... ဟိုမှာကြည့်" ဆိုပြီး မလှမ်းမကမ်းက ထင်းရှုးသေတ္တာပေါ်တွေ့ရတဲ့ ဖြူဖြူသဏ္ဍာန်ကို ထိုးပြပြီးထအော်တော့ ဦးလေးရယ်၊ ကောင်မလေးရယ်က ကြည့်ဖို့အချိန်တောင်မရပါဘူး။ "အား......" လို့ ကြောက်လန့်တကြားအော်ပြီး တင်ပါးနဲ့ခြေဖဝါး တစ်ထပ်တည်းကျအောင် ထွက်ပြေးတော့တယ်။ အစကတည်းက မီးဖိုထဲကနေ တစ်ခုခုများ ထွက်လာမလားအထင်နဲ့ အထဲကို မရဲတရဲအာရုံစိုက်ပြီး ချောင်းကြည့်နေချိန် ကျွန်မအော်သံကြားတော့ ပိုကြောက်လန့်သွားပုံရတယ်။ သူတို့ထွက်ပြေးတော့ ကျွန်မလဲထွက်ပြေးတာပါပဲ။

အိမ်ရှေ့ရောက်တော့ သုံးယောက်သား ကတုန်ကရင်နဲ့ မောနေကြပြီ။ ဦးလေးက ဘာတွေ့တာလဲမေးတော့ ဖြူဖြူကြီးတွေ့တယ်လို့ ကျွန်မပြောတယ်။ ဘာဖြူဖြူကြီးမှန်း ကျွန်မလည်း ကွဲကွဲပြားပြားမမြင်ခဲ့ဘူး။ သုံးယောက်သား နောက်တစ်ခေါက် သွားကြည့်ရမှာလည်း ကြောက်နေကြတယ်။ နောက်ဆုံး မိုးစင်စင်လင်းမှ မရဲတရဲထပ်သွားကြည့်တော့ ကျွန်မမြင်ခဲ့တဲ့ ဖြူဖြူကြီးဆိုတာက ထင်းရှုးသေတ္တာပေါ်တင်နေတဲ့ ထမင်းလုံးတွေပေနေတဲ့ ထမင်းခပ်ဇွန်းပဲဖြစ်တယ်။ သုံးယောက်သား ငိုအားထက် ရယ်အားသန်ခဲ့ကြတယ်။

တကယ်တော့ မီးဖိုထဲကို ဘယ်သရဲတစ္ဆေကမှ ဝင်ခိုးစားတာမဟုတ်ဘဲ သရဲထက် ပိုကြောက်ဖို့ကောင်းတဲ့သူခိုး ဝင်မွှေသွားတာဖြစ်တယ်။ သရဲဝင်ရင် အိုးခွက်ပန်းကန်တွေက အကောင်းအတိုင်းကျန်ခဲ့နိုင်သေးတယ်။ သူခိုးဝင်တော့ ဘာတစ်ခုမှ မကျန်ခဲ့ပါဘူး။ အဲဒီနေ့မနက် အဘိုးဈေးသွားပြီး အိုးခွက်တွေဝယ်ခဲ့မှ ကျွန်မတို့ထမင်းချက်စားရတော့တယ်။ ပြတင်းပေါက်တွေကိုလည်း သံဇကာတွေ ကာလိုက်ရတယ်။

သရဲခြောက်တယ်လို့ လူတွေပြောကြတဲ့အိမ်ကြီးက သရဲတကယ်ခြောက်မခြောက်တော့ မသိပါဘူး.. ကျွန်မတို့က ကျွန်မတို့ရဲ့စိတ်ကို ပြန်ခြောက်လိုက်တာ ခဏခဏပါပဲ...

နိုင်းနိုင်းစနေ


Share/Bookmark

15 comments:

သွယ်လင်းဆက် said...

လူတွေက မမြင်ရတဲအရာကို မြင်ရတဲ့အရာထက်ပိုပြီး
ကြောက်ကြတယ်နော်။ ပြုံးမိတဲ့ပိုစ့်လေးအတွက်
ကျေးဇူးပါ အမနေ။

Evy said...

ဒီတစ်ခါတကယ်သရဲလာတော့မယ်ထင်ပြီးဖတ်နေတာ :D

တောင်ပေါ်သား said...

မနိုင်းရေ ကျနော် အိမ်ကြီးကို စဉ်းစားနေတာ စိတ်ထဲမှာ ဘယ်လိုမှ မပေါ်ဘူးဖြစ်နေတာ ဘယ်အိမ်လဲ သိချင်တာ ဖြစ်နိုင်ရင် ပုံလေး တင်ပေးပါ့လား။ အရင်ကတော့ တောင်ခြေမှာက လူနည်းတော့ အဲ့လိုတွေ သတင်းတွေ ကြားနေရတား) ဖြစ်ပဲဖြစ်ရမယ် ဇွန်းတောင်မှ သရဲ လုပ်ရတယ်လို့ အဟီး


လေးစားလျက်
တောင်ပေါ်သား

some1 said...

scary :S

မိုးငွေ့ said...

မိုးငွေ့လဲ သရဲခြောက်တဲ့အိမ်မှာ တော်တော်ကြာကြာနေခဲ့ဖူးတယ် တလျှောက်လုံးအခြောက်မခံခဲ့ရဘဲ အိမ်ပြောင်းခါနီးမှခြောက်ခံခဲ့ရဖူးတယ်

အားပေးလျက်
မိုးငွေ့

မောင်ဘကြိုင် said...

သြော်ဗျာ သရဲမဟုတ်ပဲ သူခိုးဖြစ်နေတာကိုးဗျ
သရဲထင်ပြီး ဖတ်ပြီးလန့်နေတား)

ဏီ(န်)ကင်း said...

ဟုတ်တယ်အမရေ...ကိုယ့်စိတ်ကခြောက်လှန့်တာကို ခံနေရတာပိုဆိုးတယ်... ဥပမာမကောင်းမှုတစ်ခုကိုစိတ်ကွယ်ရာလုပ်မိတာမျိုးပေါ့.. ဘယ်သူမှမသိပေမယ့်ကိုယ်ကသိနေတယ်... ရုပ်ရှင်ထဲမှာခဏခဏရိုက်ပြသလိုမျိုးတွေလေ... ဒါပေသိအိမ်ကြီးကြီးမှာလူနည်းနည်းလေးနေရတာကတော့.. ကြောက်မယ်ဆိုကြောက်စရာပါပဲဗျာ

သိင်္ဂါကျော် said...

သရဲခြောက်တတ်တဲ့ နေရာလို့ သိနေတဲ့ စိတ်ကလည်း အသေးအဖွဲလေးကအစ ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ ခြောက်ခြားစေတာပါပဲ.. မမရေ..

Ko Boyz said...

ကြည့်
အခုလဲ သရဲ မပါပြန်ဘူး။
ဒါနဲ့များ သရဲခြောက်တဲ့အိမ်တဲ့...။
သရဲမခြောက်တဲ့အိမ်ဆို ပိုမှန်လိမ့်မယ်။

pe`khinnkyee.blogposts.com said...

My uncle said , If you afraid , look at that with open all your eyes.

Anonymous said...

သရဲဆို... ဟုတ်လဲဟုတ်ဘူး....ညာတယ်

Lu Soe Gyi said...

သရဲအိမ်မှာရှိတယ်ဆိုရင် သရဲဆီက အိမ်စပေါ် နဲ့ အိမ်လခ မှန်မှန်တောင်းပါ(ဒေါ်လာနဲ့ဆို ပိုကောင်း)။

ဇာဏီ said...

သရဲခြောက်တာလား ဘာလားတော့မသိ
ငယ်ငယ်တုန်းကတော့ တစ်ခါထွက်ပြေးခဲ့ဖူးတယ်
အုန်းပင်ပေါ်က မည်းမည်းကြီးခုန်ဆင်းလာပါတယ်ဆိုပြီး
မိုးလင်းမှ အုန်းလက်တွေ ပြူတ်ကျတာဖြစ်နေတာဗျ
ညတုန်းက အသေအော်ပြီးထွက်ပြေးတာပဲ ဟိ

သက်တန့်ချို said...

သတ္တိခဲ နိုင်း

shwezinu said...

ဟင်း တကယ်လည်း ခြောက်ဘူး