စီးပွါးရေးတစ်ခုလုပ်တော့မယ်ဆိုရင် အရင်ဆုံး ငွေကြေးရင်းနှီးရသလို စိတ်ပါဝင်မှု၊ ကြိုးပမ်းမှုတွေလည်းထည့်မှ အကျိုးအမြတ်ကို ခံစားရမှာဖြစ်တယ်။ ထိုနည်းတူ အိမ်ထောင်တစ်ခုထူထောင်တဲ့အခါ ကျွန်တော်တို့က အချိန်၊ ဂရုစိုက်မှု၊ ခွင့်လွတ်နားလည်မှု၊ ချစ်ခြင်းမေတ္တာ စတာတွေကိုထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုဘဝကို ခံစားနိုင်မှာဖြစ်တယ်။ ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခု ထူထောင်ဖို့ အချက်(၃)ချက်ရှိပါတယ်။
(၁) ဂရုတစိုက်နားထောင်မယ်
Seattleမြို့က တက္ကသိုလ်တစ်ခုဟာ (၁ဝ)နှစ်ကြာအချိန်ယူပြီး အိမ်ထောင်ရေးပြဿနာကို အဖြေရှာ ဆွေးနွေးခဲ့ကြတယ်။ အိမ်ထောင်ကျစ ဇနီးမောင်နှံနှစ်ဦးရဲ့ ပြောဆိုဆက်ဆံပုံကိုကြည့်ပြီး နောင်တစ်ချိန်မှာ သူတို့ကွာရှင်းနိုင်၊ မကွာရှင်းနိုင်ဆိုတာကို လေ့လာခဲ့ကြတယ်။ အဲဒီလိုလေ့လာရာမှာ ၈၇% မှန်ကန်ခဲ့တာကို တွေ့ခဲ့ရတယ်။
ကွာရှင်းနိုင်မယ့်လင်မယားတွေကို ဆန်းစစ်ရာမှာ သူတို့ဟာ တစ်ဖက်သားနဲ့ ပြောဆိုဆက်ဆံရာမှာ လှောင်ပြောင်၊ ကဲ့ရဲ့တဲ့စကား၊ အမြင်စောင်းတဲ့စကားနဲ့ နှစ်ဦးနှစ်ဖက်ရဲ့ကောင်းကွက်ကို လုံးဝထုတ်ဖော် မပြောတတ်သူတွေဖြစ်တာကို တွေ့ခဲ့ရတယ်။
ဇနီးမောင်နှံနှစ်ဦးရဲ့ ဆက်ဆံရေး(Communication)ဟာ အခက်အခဲရှိရင် အဲဒီအခက်အခဲတွေက အိမ်ထောင်ရေးမပြေလည်စေတဲ့ ဆူးညှောင့်ခလုတ်ပဲဖြစ်တယ်။ ဟောင်ကောင်ပညာရှင်တချို့ရဲ့ လေ့လာချက်တစ်ရပ်မှာ အိမ်ထောင်စုအများက သူတို့ရဲ့မိသားစုတွေ့ဆုံပွဲဟာ ရုပ်ရှင်အတူကြည့်တာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ပြောဆိုဆွေးနွေးတာ၊ နားထောင်တာတွေ မရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါတွေဟာ ဘာမှမဟုတ်တဲ့ အပြုအမူလေးဆိုပေမယ့် ကျွန်တော်တို့ သတိတစ်ချက်လစ်တာနဲ့ မိသားစုကြားက ပြောဆိုဆက်ဆံရေးတွေကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။
ကျွန်တော့်မှာလည်း အကျင့်ဆိုးတစ်ခုရှိပါတယ်။ အဲဒီအကျင့်ဆိုးက ကျွန်တော့်မိန်းမ စကားပြောတဲ့အခါ ကျွန်တော်က တစ်ခုခုလုပ်ရင်း နားထောင်တတ်တာပါပဲ။ အဲဒီအချိန်မှာ မိန်းမက သူပြောတဲ့စကားကို ကျွန်တော် စိတ်ဝင်တစားနားထောင်နိုင်အောင် သူ့လက်နဲ့ ကျွန်တော်ခေါင်းကို သူ့ဖက်ညင်ညင်သာသာ လှည့်ခိုင်းစေတတ်တယ်။ ပြီးတော့ ကျွန်တော့်မျက်လုံးနှစ်ဖက်က သူ့ကိုကြည့်နေစေတယ်။ တစ်ဖက်သားရဲ့စကားကို ဂရုတစိုက်၊ စိတ်ဝင်တစားနားထောင်မှ အကျိုးရှိတဲ့ဆက်ဆံရေးကို ကျွန်တော်တို့ ရနိုင်မှာဖြစ်တယ်။
(၂) နောက်ဆုတ်သည်းခံမယ်
ပုံပြင်တစ်ခုမှာ အိမ်ထောင်ရေး ပြိုကွဲလုဆဲဆဲ လင်မယားနှစ်ဦးဟာ အရင်ကအတူကြည်နူးခဲ့ဖူးတဲ့ အတိတ်ဟောင်းတွေကိုတူးဆွဖို့ ခရီးအတူထွက်ခဲ့ကြတယ်။ တကယ်လို့ အောင်မြင်ခဲ့ရင် အတူဆက်ပေါင်းပြီး မအောင်မြင်ခဲ့ရင် ကွာရှင်းဖို့ဆုံးဖြတ်ခဲ့ကြတယ်။
ဒီလိုနဲ့ ဂူတစ်ဂူကို သူတို့ရောက်သွားတဲ့အချိန် နှင်းတွေအဆက်မပြတ် ကျနေခဲ့တယ်။ တခဏအတွင်း ထင်းရှုးပင်တွေပေါ်မှာ နှင်းတွေ ထူထူထပ်ထပ် တင်ကျန်ရစ်နေခဲ့တယ်။ အပင်ပေါ်ကနှင်းတွေ ထူထည်းတဲ့ပြင်ညီတစ်ခုရောက်တာနဲ့ ထင်းရှုးပင်တွေဟာ အပင်ကိုကိုင်းညွှတ်လိုက်ပြီး နှင်းတွေကို လျောကျစေခဲ့တယ်။ ဒီလိုနဲ့ နှင်းတွေများလာလိုက်၊ အပင်ကိုကိုင်းညွှတ်လိုက်နဲ့ ထင်းရှုးပင်ရဲ့ ကွေးညွှတ်တတ်မှုကြောင့် နှင်းတွေဘယ်လောက်ပဲသည်းသည်း ထင်းရှုးပင်တွေကျိုးသွားတာမျိုး မရှိခဲ့ဘူး။ မကွေးညွှတ်တတ်တဲ့ သစ်ပင်တွေသာ နှင်းတွေပိပြီး ကျိုးကျေပျက်ဆီးခဲ့ကြရတယ်။
ဒီမြင်ကွင်းကိုကြည့်ပြီး ယောက်ျားလုပ်သူက မိန်းမကို "ငါတို့လည်း ကွေးညွတ်တတ်ရင်၊ ထင်းရှုးပင်လို ကိုယ့်ကိုယ်နှိမ့်ချတတ်ရင် အိမ်ထောင်ရေးက လဲပြိုစရာအကြောင်းမရှိဘူး" လို့ပြောလိုက်တယ်။
ခေါင်းမာခြင်းက ပျက်စီးခြင်းကိုသယ်လာတယ်။ အမှားကိုဝန်ခံတတ်ခြင်းက ငြိမ်းချမ်းခြင်းကိုသယ်လာတယ်။ နောက်တစ်လှမ်းဆုတ်ခြင်းက မိသားတစ်စုလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့ဆက်သွားဖို့အတွက်ဖြစ်ပါတယ်။
(၃) ပွေ့ဖက်မယ်
ရှေ့နှစ်တွေတုန်းက သြစတေးလျမှာ "Free Hugs" ဆိုတဲ့ လွတ်လွတ်လပ်လပ်ပွေ့ဖက်တဲ့ အားကစားတစ်ရပ် ကျင်းပခဲ့တယ်။ သူစိမ်းတွေအချင်းချင်း ပွေ့ဖက်ကြတာဖြစ်ပြီး အကြင်နာ၊ ကောင်းတာတွေ ဖလှယ်ကြတယ်။ လူလူချင်းကြားက အေးစက်တဲ့ဆက်ဆံရေးတွေ လျော့ပါးသွားအောင်ဖြစ်တယ်။ ဒီလိုပွေ့ဖက်ခြင်းကြောင့် နဂိုရှိတဲ့ စိတ်ပျက်ဝမ်းနည်းမှုတွေ လျော့နည်းသွားပြီး စိတ်တွေ ကြည်လင်လန်းဆန်းလာတယ်လို့ အများကဆိုပါတယ်။
သိပ္ပံပညာရှင်တွေက ပွေ့ဖက်ခြင်းနဲ့ပတ်သက်တဲ့ စမ်းသပ်မှုကို ပြုလုပ်ခဲ့ကြတယ်။ ပွေ့ဖက်ချိန်မှာ ဦးနှောက်ထဲ ထုတ်လုပ်တဲ့ဟော်မုန်းတွေက သွေးအားကျဆင်းအောင် ပြုလုပ်ပေးပြီး နှလုံးရောဂါဖြစ်ပွါးဖို့ကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ စိတ်ပညာရှင်တွေကလည်း ပွေ့ဖက်ခြင်းဟာ ပျော်ရွှင်တဲ့စိတ်၊ တည်ငြိမ်လုံခြုံတဲ့စိတ်ကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ပွေ့ဖက်ခြင်းက ဆေးပညာလောကမှာ အခြေခံကျတဲ့ ဂရုစိုက်ကုသမှုဖြစ်ပါတယ်။
သူစိမ်းတစ်ယောက်ရဲ့ ပွေ့ဖက်ခြင်းကတောင် လူ့စိတ်ကို ငြိမ်သက်အေးချမ်းစေတယ်ဆိုရင် မိသားစုဝင်ရဲ့ ပွေ့ဖက်မှုက ပိုလို့တောင်ထိရောက်နိုင်ပါတယ်။ အာရှသားတွေက စိတ်ထဲကခံစားမှုကို သိပ်ထုတ်ဖော်မပြကြဘူး။ ကိုယ်ထိလက်ရောက် ဖက်လဲတကင်း ဆက်ဆံတာမျိုးလည်း နည်းတယ်။
ကျွန်တော်အနောက်နိုင်ငံရောက်တုန်းက ကလေးတွေကို ကျောင်းပို့တဲ့အချိန် မိဘတွေက ကျောင်းပေါက်ဝမှာ ကိုယ့်သားသမီးကို ပွေ့ဖက်နမ်းရှုံ့ပြီးမှ ကျောင်းထဲဝင်စေတာကိုတွေ့ခဲ့ရတယ်။ ကျောင်းဆင်းတော့လည်း သားသမီးတွေက ကျောင်းခန်းထဲကနေ မိဘရင်ခွင်ဆီ တဟုန်ထိုးပြေးပြီး ပွေ့ဖက်ကြတယ်။ နှစ်အကြာကြီးခွဲထားသလိုမျိုး နှစ်နှစ်ကာကာပွေ့ဖက်ကြတယ်။ ဒီလို ရင်းရင်းနှီးနှီး ခံစားမှုတွေု ထုတ်ဖော်ပြနေတာကို ကျွန်တော်တို့ သင်ယူသင့်ပါတယ်။
ဂရုတစိုက်နားထောင်မယ်၊ နောက်ဆုတ်သည်းခံတတ်အောင်နေမယ်၊ ပွေ့ဖက်ခြင်းတွေရှိခဲ့မယ်၊ မိသားစုအတွက် အချိန်ပေးမယ်၊ စိတ်ပါဝင်မှုတွေရှိမယ်ဆိုရင် အိမ်ထောင်ရေးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ်တွေကို ခံစားရမှာ ဧကန်မလွဲဖြစ်ပါတယ်။
မူရင်း-- http://www.atlaspost.com or 成功經營家庭、事業的三大秘訣!!
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

14 comments:
Tks 4 sharing 99. Have a good 1
Sooooooooo NICE
Everyday day I always read your post.
Thanks for your time.
ကောင်းတဲ့ မှတ်ထားလိုက်နာရမယ့် အချက်တွေပဲအစ်မ
ကျေးဇူးဗျာ
ဒီ(၃)ချက်လောက်နဲ့တော့ မရနိုင်ဘူးလို ထင်တယ်
အကြောင်းရင်းက... လူတွေဖြစ်နေတာကြောင့်ပါပဲ
ထုံးစံ အတိုင်း ဆောင်းပါးကောင်းလေးပါ.. လာဖတ်ပါတယ်..
သိပ်ကောင်းတဲ့ ဘာသာပြန်လေးပါ။ ဒါပေမဲ့ ပွေ့ဖက်ပြီး ရင်ထဲက Feeling မပါရင်တော့ ပွေ့ဖက်ခြင်းက ပို့စ်ထဲမှာ ပြောထားတဲ့အတိုင်း အဓိပ္ပါယ် သက်ရောက်မယ်မထင်ဘူး။
ကောင်းတယ်မနိုင်းနိုင်းရေ..
အချက်တော်တော်များများ ထပ်တူကျင့်သုံးနေပါတယ်.
မျှဝေပေးတာ ကျေးဇူးပါရှင်။
good ... ကောင်းပါတယ် .. ဒါပေမဲ့ ဂရုတစိုက် နားထောင်တတ်ဘို့တော့ တော်တော် လေ့ကျင့်ယူရအုံးမယ် .. . နောက်မဆုတ်ပေမဲ့ သီးတော့ခံနိုင်ပါတယ် .. ကိုယ့်ချစ်သူဘဲဟာ .. ပွေ့ဖက်တာတော့ ပြောစရာကို မလိုတာ ...း)
It's good idea. But it's not enough only three datas. I think, so many reasons are required for two. the most import thing is "understanding" between them, i suppose. But i like it. I want to do as this way but mine is not easy. Now i give up everything. Now i retry my best for myself. Because i'm so lonely now. I always one of the people for u. Be succeed more than now!
a ma , thz you v much for this post.
i noted it inside my mind & head bc i will marry soon :)
i want to built a happy family so i should hv to know key point.
thz u for u post .
May God bless u
nn
မနိုင်းရဲ့ဘလော့ဂ်လေးကိုအဲမဲလာဖတ်ဖြစ်တယ်..အကြိုက်ဆုံးဘလော့ဂ်တစ်ခုထဲမှာ ထိပ်ဆုံးကပါ....ကျွန်မရဲ့ဘဘောဂ့်အသစ်လေးများ လင့်ချိတ်ခွင့် ပြုပါနော်...ခုလောလောဆည်တော့ စတင်တည်ဆောက်ဆဲမို့ပါ..
Miss Green
စင်ကာပူက orchard road ပေါ်မှာ တခါ free hug ဆိုင်းပုတ်နဲ့ သူတချို့ကြုံဖူးတယ်...
ဒါပေမယ့် သက်သက်လုပ်ယူတဲ့အရာမို့လို့လား မသိဘူး..
ဘယ်လိုမှ ခံစားလို့ မရခဲ့ဘူး...
ပြောတဲ့စကားကို သေသေချာချာနားမထောင်ဘဲ ဟုတ်တာပေါ့..မှန်တာပေါ့.. လို့လွယ်လွယ် ပြောခံရသလိုမျိုးပဲ...
အချစ်ကို သိပ့်ကြောက်တယ်.. တနေ့ တချိန်ကျရင် အချစ်နဲ့ ဝေးသွားမှာကို ကြောက်သလို.. အချစ်ဆီက ကြမ်းတမ်းသော စကားလုံးလေးတွေ ကြားရမှာ နှလုံးသားက မခံနိုင်ပါဘူး
း-) တန်ဖိုးရှိလိုက်တဲ့ အချက်အလက်တွေ...
Post a Comment