Friday, December 18, 2009

အမေ့ပုံရိပ်


ငိုတာနဲ့ပတ်သက်လာရင် ကျွန်တော်က လူများနဲ့မတူဘူး။ တမူထူးခြားတယ်လို့ပဲ ပြောရမလား? မွေးလာကတည်းက ကျွန်တော်သိပ်မငိုတတ်ဘူးလို့ အမေကပြောတယ်။ ငိုရင်လည်း ပါးစပ်မှာအမြှုပ်ဖြူတွေထ၊ တစ်ကိုယ်လုံးတွန့်လိမ်ပြီး ဝက်ရူးနာရောဂါလို ရောဂါထတတ်လို့ဖြစ်တယ်။ အစ်ကိုနဲ့အစ်မငိုရင် အမေက မသိသလိုနဲ့ သိပ်ဂရုမစိုက်တတ်ဘူး။ ကျွန်တော့်အဖေက စိတ်ကြီးတယ်။ မကြာခဏ ကျွန်တော့်အစ်ကိုနဲ့အစ်မကို ရိုက်လေ့ရှိတယ်။ သူတို့ကိုရိုက်တိုင်း အမေက မမြင်ချင်ဟန်ဆောင်တယ်။ တစ်ခါတလေ အမေက မီးလောင်ရာလေပင့်တတ်သေးတယ်။ ကျွန်တော်တစ်ယောက်ကိုပဲ အမေက အဖေကို ရိုက်ခွင့်ပေးမထားဘူး။ အဖေရိုက်ခဲ့ရင်လည်း ကျွန်တော်ကို ကာဆီးပေးတတ်တယ်။ ကြက်မကြီးက ကြက်ကလေးကို ရင်ခွင်ထဲထည့်ပြီး စောင့်ရှောက်သလိုမျိုး ကျွန်တော့်အစား ဝင်ခံပေးတတ်တယ်။

တစ်ခါက အမေအိမ်မှာမရှိတုန်း ကျွန်တော်ကို အဖေရိုက်တယ်။ ကျွန်တော်အားပါတရငိုတော့ ရောဂါဟောင်းက ပြန်ထတယ်။ မျက်ဖြူလန်လိုက်၊ အကြောဆွဲလိုက်နဲ့ ညိုမည်းတဲ့အထိ လူတွေဝိုင်းဆွဲလိမ်မှ ကျွန်တော်သတိပြန်ရတယ်။ အိမ်ပြန်ရောက်တော့ အမေကဓားမကြီးနဲ့ စားပွဲခုံကိုနှစ်ခြမ်းကွဲအောင် ခုတ်ပစ်ပြီး ကျွန်တော့်ကိုထပ်ရိုက်ရင် အဖေ့ကိုပါခုတ်ပစ်မယ်လို့ သတိပေးတယ်။ (ကျွန်တော်ထပ်အရိုက်မခံရအောင်ပါ)။ အမေရဲ့ ကြမ်းတမ်းတဲ့အပြုအမှုကြောင့် အဖေလန့်သွားခဲ့တယ်။

ကျွန်တော့်မှာ ဒီလိုရောဂါရှိမှန်းသိလို့ သိတတ်စအရွယ်တည်းက ငိုတာကို ကျွန်တော်ချုပ်တည်းခဲ့တယ်။ ကျလာမယ့်မျက်ရည်တွေကို ရင်ထဲပဲ ပြန်မျိုချခဲ့တယ်။ မှတ်မိသလောက် ကျွန်တော်အသက်(၁၇)နှစ်အရွယ် အမေနဲ့ခွဲခဲ့တဲ့ (၁ဝ)နှစ်ကျော်ကာလအတွင်း ကျွန်တော်မငိုခဲ့ဖူးဘူး။ တစ်ခါက "မေမေ ကျွန်တော့်ကို နောက်တစ်ခါထပ်ချစ်ပါ"ဆိုတဲ့ ဇာတ်ကားသွားကြည့်တော့ တစ်ရုံလုံးငိုကြတယ်။ ကျွန်တော်တစ်ယောက်ပဲ မျက်နှာခြောက်ကပ်ကပ်၊ ရင်ထဲ ဟာတာတာနဲ့ နေမသိ ထိုင်မသာဖြစ်ခဲ့ရတယ်။

"ယောက်ျားမှာလည်း သိမ်မွေ့နူးညံ့မှုတွေရှိတယ်" ဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့ ခံစားချက်ကိုရေးထားတဲ့ စာတစ်ပုဒ်က ကျွန်တော့်ကို တော်တော်လေးခံစားစေခဲ့တယ်။ အဲဒီနောက် မျက်ရည်ကျစရာရှိရင် မျိုသိပ်မနေတော့ဘူးလို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်ရဲ့လျှို့ဝှက်ချက်ကို လူတွေသိချင်သိပါစေ ကျွန်တော်မမူခဲ့တော့ဘူး။ ကိုယ်ကိုယ်တိုင် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတာကို တစ်ခါလောက်ကြည့်ချင်လို့ ကြည့်ခဲ့တဲ့ "မေမေ ကျွန်တော့်ကို နောက်တစ်ခါထပ်ချစ်ပါ"ဆိုတဲ့ ဇာတ်ကားကို ကျွန်တော်ထပ်သွားကြည့်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်လုပ် ကျွန်တော်မျက်ရည် ကျမလာဘူး။ ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။ မျက်ရည်တွေကျပြီး ရင်ထဲကနာကျင်မှုတွေ မျက်ရည်နဲ့အတူပါသွားအောင် ကျွန်တော်ကြိုးစားငိုကြည့်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ကျွန်တော်ဟာ မျက်ရည်လုံးဝမရှိ၊ မျက်ရည်ကြောတွေ ခမ်းခြောက်သေဆုံးသွားတဲ့ လူရိုင်းတစ်ယောက်နဲ့ တူနေခဲ့တယ်။ မထင်မှတ်ဘဲ ကျွန်တော်ရဲ့ ခန္ဓာကိုယ်အင်္ဂါတချို့ လုပ်ဆောင်မှုမဲ့ခဲ့ရတယ်။

မျက်ရည်မကျတတ်လည်း ရှိပါစေတော့လို့ ကျွန်တော်မေ့ပျောက်ထားတဲ့အရာက ကျွန်တော်အသက် (၃ဝ)ပြည့်ခါနီး ပထမဆုံးအကြိမ် အိမ်ပြန်တဲ့အချိန်မှာ အသက်ဝင်လာခဲ့တယ်။ အဲဒီနှစ် နှစ်သစ်ကူးမှာ ချစ်သူကောင်မလေးကိုခေါ်ပြီး ပထမဆုံးအကြိမ် ကျွန်တော်အိမ်ပြန်ခဲ့တယ်။ အဲဒီညမှာ စားပွဲအပြည့် အမေချက်ထားတဲ့ဟင်းတွေကို မောင်နှမတစ်သိုက် ပျော်ပျော်ပါးပါး ဝိုင်းစားနေခဲ့ကြတယ်။ အမေတစ်ယောက်ပဲ စကားတစ်ခွန်းမှမပြောဘဲ ကျွန်တော့်ပန်းကန်ထဲကို ဟင်းတွေထည့်ပေးလိုက်၊ ကျွန်တော်ကိုကြည့်လိုက် လုပ်နေတယ်။ အမေ့အကြည့်က ကျွန်တော့်ကို မမှတ်မိသလိုပဲ။

"အမေ.. ဘာဖြစ်လို့ ကျွန်တော်ကိုပဲ ကြည့်နေတာလဲ" လို့ ကျွန်တော်မေးတော့ အမေက "အင်း.. ကြည့်ရတုန်းကြည့်ထားလိုက်တာ သားနောက်တစ်ခေါက်ပြန်လာတဲ့အချိန် အမေရှိချင်မှ ရှိမယ်လေ" ပြောရင်း အမေက ကျွန်တော့်ကိုဟင်းတွေ ထည့်ပေးပြန်တယ်။

ကျွန်တော့်စိတ်ထဲမှာ တမျိုးတမည်ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာ အစ်မက စကားထပ်ဖြည့်တယ်။

"အမေက နင့်ကို ဒီဟင်းတွေအကုန်လုံး ထည့်ပေးလိုက်ချင်တာတဲ့။ ဒီဟင်းတွေစားနေရင်း သူ့ကိုသတိရအောင်တဲ့"

အစ်မစကားတောင် မဆုံးသေးခင် ထူးဆန်းမှုတစ်ခု ဖြစ်သွားခဲ့တယ်။ အဲဒီထူးဆန်းမှုက ကျွန်တော်ငိုတာပါပဲ။ မျက်ရည်တွေ ကျွန်တော့်မျက်လုံးအိမ်ထဲကနေ အတားအဆီးမဲ့ စီးကျလာတယ်။ ကျွန်တော်နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာပြီး အသံထွက်လာတယ်။ တစ်ကိုယ်လုံး ရှိရှိသမျှ အကြောတွေလည်း တွန့်လိမ်လာတယ်။ ကျွန်တော်ကိုကြည့်ပြီး အမေလန့်သွားတယ်။ ရောဂါဟောင်းထတယ် အထင်နဲ့ ငယ်ငယ်တုန်းကလို ကျွန်တော့်ကို သူ့ရင်ခွင်ထဲဆွဲပွေ့လိုက်ပြီး မငိုဖို့ ကျွန်တော့်ကိုနှစ်သိမ့်တယ်။ ဒါပေမယ့် ကျွန်တော်မျက်ရည်တွေက ရေတံခွန်လို တရဟောစီးကျလို့ တားဆီးမရနိုင်ခဲ့ဘူး။ အသံကလည်း ငိုလေကျယ်လေနဲ့ နောက်ဆုံးဥသြဆွဲသံဖြစ်တဲ့အထိ အော်ငိုပြီးနောက် ကျွန်တော်တစ်ကိုယ်လုံး အင်အားမဲ့ပြီး နုံးချိသွားခဲ့တယ်။

စားပွဲဝိုင်းမှာထိုင်နေသူတွေ ကျွန်တော်ဒီလိုငိုတတ်လိုက်မယ်လို့ တွေးထင်ထားပုံ မရကြဘူး။ ကျွန်တော်ငိုတာကလည်း မလျော်ကန်တဲ့အချိန် ဒါပေမယ့် ဘယ်လိုမျက်ရည်ကျရတယ်ဆိုတာကိုတော့ ကျွန်တော် နားလည်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ အမေ့မျက်နှာကို မြင်ယောင်မိတိုင်း မျက်ရည်တွေက အလိုအလျောက် စီးကျလာတတ်ခဲ့တယ်။

ကျွန်တော်မျက်ရည်ကြောတွေ ပြန်ရှင်လာပြီလို့ ပြောနိုင်ပါတယ်။ အမေကြောင့် ပြန်ရှင်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ဟာ ရှည်လျားတဲ့ အသက်အကန့်သတ်တစ်ခုထိ ရင်ထဲမှာ အမေပုံရိပ်ကို ထည့်မထားတတ်ကြဘူး။ ဒါကိုတော့ ယောက်ျားတော်တော်များများ ဝန်ခံရလိမ့်မယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရင်ထဲမှာ ရယ်ချင်စရာကောင်းတဲ့ "လောကကြီး"ကို အပြည့်ထည့်ထားတယ်။ အရာအားလုံးဟာ ရယ်စရာကောင်းမှန်း ကျွန်တော်တို့သိတဲ့နေ့ "အမေ"ကို ရင်ထဲပြန်ထည့်ဖို့ ကြိုးစားကြတယ်။ အဲဒီအချိန်မှာ အမေဟာ တော်တော်အိုစာသွားခဲ့ပါပြီ။ တကယ်လို့ အမေသေဆုံးပြီးမှ ရင်ထဲထည့်ဖို့ကြိုးစားခဲ့ရင် နောင်တတွေပဲ ကျန်ရစ်ခဲ့လိမ့်မယ်။

အမေမသေဆုံးခင် အမေကို ကျွန်တော်ရင်ထဲ ပြန်ထည့်ခွင့်ရခဲ့တဲ့အတွက် ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်မိတယ်။ အမေနဲ့မိုင်ပေါင်းထောင်ချီ ဝေးနေခဲ့တယ်ဆိုပေမယ့် အမေကို မကြာခဏ ကျွန်တော်မြင်မိတယ်။ စာကြည့်တဲ့အခါ၊ သီချင်းနားထောင်တဲ့အခါ၊ တီဗီကြည့်တဲ့အခါတွေမှာ အမေ့ကိုမြင်တယ်။ "အမေ့အိမ်" ဆိုတဲ့သီချင်းကိုဆိုညည်းချိန် မိုးတွေလေတွေကြားထဲက တကုတ်ကုတ်နဲ့ အလုပ်လုပ်နေတတ်တဲ့ အမေကို ကျွန်တော်လှမ်းမြင်မိတယ်။ အမေ့ကိုမြင်တိုင်း ကျွန်တော်မျက်ရည်စိုမိတယ်။

တစ်လောက ကျွန်တော့်မိန်းမခရီးသွားညမှာ သားရုတ်တရက်အဖျားတက်တယ်။ ဆေးတွေတိုက်ကျွေးပြီး တဖြေးဖြေး အိပ်ပျော်သွားတဲ့ သားကိုကြည့်ပြီး ကျွန်တော်မအိပ်ရဲခဲ့ဘူး။ သားလေးကို တစိမ့်စိမ့်ကြည့်ရင်း ကျွန်တော့်မျက်ရည်တွေ စီးကျလာခဲ့တယ်။ အမေ့ကို ကျွန်တော်မြင်မိလို့ဖြစ်တယ်။

မူရင်းရေးသားသူ-- Mei Jar (麥家) 母爱有灵

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

13 comments:

some1 said...

Tks a million 4 sharing 99, Have a good 1

နှင်းဟေမာ said...

မနိုင်းရေ... အမေ့ပုံရိပ်လေးတွေကို မြင်ယောင်မိရင်း ... ၀မ်းနည်းဖွယ်ပို့စ်လေးလာဖတ်သွားတယ်
အားပေးလျှက်ပါ

Lu said...

တရုတ်ဘာသာပြန် ဖြစ်နေလို့လားမသိဘူး၊
စာဖတ်ရင်း ခံစားချက်က ဟိုမရောက်ဒီမရောက်နဲ့
ဘာ လိုနေမှန်းမသိပါဘူးဗျာ

Crystal said...

ဟုတ်ပါတယ် မရေ အမေကိုတွေးမိရင် အလိုလိုရင်ထဲမှာ ... ဒါပေမယ် အချိန်နှောင်းနေခဲ့တယ်

trs said...

က္ဋျန်တော့် အမေကို အရမ်းသတိရမိသွားပါတယ်

trs said...

အမေ့ကိုအရမ်းသတိရသွားရပါတယ်

Julian said...

နိုင်းနိုင်း

ကိုယ်လည်းအမေနဲ့ပတ်သတ်မှငိုတတ်တယ် တခြားအကြောင်းကြောင့်မျက်ရည်မကျတတ်ဘူး
ဒီစာဖတ်ရတော့ကိုယ့်ကိုယ်ကိုသတိရသွားတယ်
အမေ့မေတ္တာဟာ မျက်ရည်မရှိတတ်တဲ့ကိုယ့်ကို
မျက်ရည်ရှိလာအောင်လုပ်ပေးနိုင်ခဲ့တယ်
ကိုယ့်ကိုယ်ကိုပြန်မြင်သွားမိတဲ့အတွက် ဒီစာရေးပေးတဲ့နိုင်းနိင်းကိုကျေးဇူးတင်လို့ပါ
ကိုယ့်ထက်အသက်ငယ်သူမို့နိုင်းနိုင်းလို့ဘဲခေါ်သွားပါတယ်။

မဂျူ

ဂျပန်ကောင်လေး said...

ကောင်းလိုက်တဲ့ စာတစ်ပုဒ်ဗျား... ကြိုက်တယ်..

သိင်္ဂါကျော် said...

အမေ ဆိုတာ အစားထိုးမရတဲ့ အရာပါ...
ဒါပေမယ့် ဒီဆောင်းပါးကတော့ သိပ်ပြီး ရင်ထဲ မရောက်သလိုပဲ...။

simple said...

အမြဲဝင်ဖတ်ဖြစ်ပါတယ်..
တစ်ခုခုလိုနေသလိုပါပဲ..
ဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်..

Anonymous said...

ကျွန်တှောတို့ တောင်ကြီးကို အလွယ်မြင်ပေမဲ့ နေ့တိုင်းကြီးထွားနေတဲ့ အပင်လေးကိုတော့ မြင်ဖို့ခက်ပာတယ်။ သူ့အတွက်ကတော့ သိသာတဲ့အဖြစ်ဖြစ်နေလို့ပာ။ အဲ့ဒီလိုမဖြစ်ခဲ့ရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေမှာပာ။ ဘယ်လိုပဲ ဖြစ်ဖြစ် မိဘနဲ့ ဝေးကွာမှု ဆိုတာ တစ်စိမ့်စိမ့်ကြီးထွားနေတာ သိပေမဲ့ မထင်ရှားတာကြောင့် ပြောင်းလဲဖို့ခက်မယ် ထင်ပာတယ်။ ချစ်တာမှန်ပေမဲ့ ရင်းနှီးဖို့ဆိုတာကတော့ ...

Han said...

ကျွန်တှောတို့ တောင်ကြီးကို အလွယ်မြင်ပေမဲ့ နေ့တိုင်းကြီးထွားနေတဲ့ အပင်လေးကိုတော့ မြင်ဖို့ခက်ပာတယ်။ သူ့အတွက်ကတော့ သိသာတဲ့အဖြစ်ဖြစ်နေလို့ပာ။ အဲ့ဒီလိုမဖြစ်ခဲ့ရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေမှာပာ။ ဘယ်လိုပဲ ဖြစ်ဖြစ် မိဘနဲ့ ဝေးကွာမှု ဆိုတာ တစ်စိမ့်စိမ့်ကြီးထွားနေတာ သိပေမဲ့ မထင်ရှားတာကြောင့် ပြောင်းလဲဖို့ခက်မယ် ထင်ပာတယ်။ ချစ်တာမှန်ပေမဲ့ ရင်းနှီးဖို့ဆိုတာကတော့ ...

ညီညီ said...

အမေ. အမေ. အမေ.
အသံကြားယုံနဲ့ အင်အားတွေ ပြည့်လာသလိုခံစားရတယ်။
လုံခြုံသွားသလိုပဲ..။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)