"ငါတို့ လမ်းခွဲကြရအောင်"
ကောင်မလေးက စိတ်ကိုတင်းပြီးပြောတယ်။
"ဘာဖြစ်လို့လဲ?" ကောင်လေးက နားမလည်စွာနဲ့မေးတယ်။
"ပင်ပန်းပြီ.. မောပြီဆိုမှတော့ အကြောင်းပြချက် မလိုတော့ဘူးထင်တယ်"
ကောင်မလေးစကားကို ကောင်လေးက ဘာမှပြန်မပြောဘဲ ဆေးလိပ်ကို တဖွာပြီးတဖွာ ဖွာနေတယ်။
"မသွားပါနဲ့.. ခွဲမသွားနဲ့လို့တောင် ရင်ဖွင့်ပြီး မတားမြစ်တတ်တဲ့ချစ်သူက ငါ့အတွက် ဘာအပျော်တွေများ သယ်ဆောင်ပေးနိုင်ဦးမလဲ?"
ကောင်မလေးရဲ့စိတ်တွေ အေးစက်လာသလို ခံစားမိတယ်။ တအောင့်ကြာမှ ကောင်လေးစကားစတယ်။
"ငါဘယ်လိုလုပ်မှ ငါ့ကို နင်ခွဲမသွားမှာလဲ?"
"နင့်ကို ငါမေးခွန်းတစ်ခုမေးမယ်။ တကယ်လို့ နင်ဖြေတဲ့အဖြေက ငါ့စိတ်ထဲတွေးထင်ထားတဲ့ အဖြေနဲ့တူခဲ့ရင် နင့်ကိုငါ ခွဲမသွားဘူး။ ဥပမာ- ချောက်ကမ်းပါးစွန်းမှာရှိတဲ့ ပန်းတစ်ပွင့်ကို ငါအရမ်းကြိုက်တယ်။ အဲဒီပန်းကို ခူးရင် ချောက်ထဲပြုတ်ကျပြီး သေကိုသေရမယ်။ ငါ့အတွက် နင်ခူးပေးရဲလား?"
"အင်း... နင့်ကို မနက်ကျမှ ငါအဖြေပေးမယ်"
ကောင်မလေးရဲ့စိတ်တွေ ရေခဲမှတ်ထိအောင် အေးခဲသွားခဲ့တယ်။
မနက်လင်းလာတော့ ကောင်လေးရှိမနေတော့ဘူး။ စားပွဲခုံပေါ်မှာ နွားနို့ပူပူတစ်ခွက်နဲ့ ခွက်နဲ့ဖိထားတဲ့ စာရွက်တစ်ရွက်ကို ကောင်မလေးတွေ့လိုက်တယ်။ စာရွက်ကိုယူပြီး ကောင်မလေးကြည့်လိုက်တယ်။
"ကောင်မလေး....
အဲဒီပန်းကို ငါသွားခူးမှာ မဟုတ်ဘူး။ သွားမခူးတဲ့အကြောင်း ငါ့ကိုရှင်းပြခွင့်ပေးပါ။
(၁)
နင်က ကွန်ပြူတာနဲ့ စာတွေပဲရိုက်တတ်တယ်။ စက်ထဲက ဒေတာတချို့ ပျက်သွားခဲ့ရင် နင်က ကီးဘုတ်ပေါ်မှောက်ပြီး ငိုဖို့ပဲသိတယ်။ ဒါကြောင့် ဒေတာတွေပြင်ဖို့ ငါ့လက်ညှိုးတွေ နင့်အတွက်ချန်ထားပါရစေ။
(၂)
အပြင်ထွက်တိုင်း နင်သော့မေ့တတ်တယ်။ ဒါကြောင့် သော့ပြန်လာပေးဖို့ ငါ့ခြေထောက်တွေ နင့်အတွက်ချန်ထားပါရစေ။
(၃)
လျှောက်လည်ရတာကို နင်ကြိုက်တယ်။ ပြီးတော့ နင်မကြာခဏ လမ်းမှားတယ်။ ဒါကြောင့် နင်လမ်းမပျောက်ဖို့ ငါ့မျက်စိတွေ နင့်အတွက်ချန်ထားပါရစေ။
(၄)
လစဉ် မိန်းမသဘာဝဖြစ်တိုင်း ကိုယ်တွေအေးစက်ပြီး နင်ဗိုက်နာတတ်တယ်။ ဒါကြောင့် နင့်ကိုယ်နဲ့ ဗိုက်လေးနွေးထွေးအောင် ပွတ်သပ်ပေးဖို့ ငါ့လက်ဖဝါးတွေ နင့်အတွက်ချန်ထားပါရစေ။
(၅)
နင့်မှာ သူငယ်ချင်း အပေါင်းအသင်းနည်းတယ်။ အထီးကျန်တဲ့ဝေဒနာမျိုး နင်ခံစားရမှာစိုးတယ်။ ဒါကြောင့် နင်မပျင်းမရိ စကားပြောဖော်ရဖို့ ငါ့ပါးစပ်ကို နင့်အတွက်ချန်ထားပါရစေ။
(၆)
နင်က ကွန်ပြူတာရှေ့မှာ အမြဲရှိတယ်။ ကွန်ပြူတာအလင်းကြောင့် မျက်စိတွေလဲ တော်တော်ထိခိုက်ခဲ့ပြီ။ ဒါကြောင့် နင့်အတွက်ငါကောင်းကောင်း အသက်ရှင်ရမယ်။ နင်အိုလာတဲ့အခါ နင့်ကို လက်သည်းညှပ်ပေးမယ်၊ ဆံပင်ဖြူတွေ နုတ်ပေးမယ်။ နင့်လက်ကို အမြဲတွဲထားမယ်။ ပင်လယ်ဘေးက သောင်ကမ်းစပ်မှာ လမ်းလျှောက်ကြမယ်။ ရောင်စုံပန်းတစ်ပွင့်ချင်းစီက လှပတဲ့နင့်မျက်နှာနဲ့တူကြောင်း ပြောပြမယ်။
ဒါကြောင့် ငါ့ထက် နင့်ကိုချစ်မယ့်သူ နင်မတွေ့မချင်း အဲဒီချောက်ကမ်းပါးထိပ်မှာ ပေါက်နေတဲ့ပန်းကို ငါသွားမခူးချင်ဘူး"
ကောင်မလေးရဲ့မျက်ရည်တွေ စာရွက်ပေါ် တစ်ချက်ချင်းစီးကျလာခဲ့တယ်။ မျက်စိကို တစ်ချက်ပွတ်ပြီး ကောင်မလေးဆက်ဖတ်ပြန်တယ်။
"ကောင်မလေး....
ဒီစာကိုဖတ်ပြီးသွားရင်၊ ငါ့အဖြေကို နင်ကျေနပ်သွားရင် ငါ့ကိုတံခါးဖွင့်ပေးပါနော်။ ငါအခု တံခါးအပြင်ဖက် ရောက်နေတယ်။ နင်သိပ်ကြိုက်တဲ့ နွားနို့ပေါင်မုန့် ငါဝယ်ခဲ့တယ်"
တံခါးကို ကောင်မလေး အမြန်ဆွဲဖွင့်လိုက်တယ်။ စိတ်လှုပ်ရှားနေတဲ့ ကလေးငယ်တစ်ယောက်လို ကောင်လေးက တံခါးအပြင်ဖက်ကနေ ကောင်မလေးကို လက်ဝေ့ယမ်းပြနေခဲ့တယ်။
ဒါကပဲ အချစ် ဒါမှမဟုတ် ဘဝပဲဖြစ်မယ်ထင်ပါတယ်။
အေးဆေးတည်ငြိမ်တဲ့အချစ်တွေက ပျော်ရွှင်ခြင်းတွေနဲ့ ပတ်လည်ဝန်းခံရတဲ့အခါ ပြင်းပြတဲ့ဆန္ဒနဲ့ ပိုစိတ်ကူးယဉ်ဆန်တာတွေကို တောင့်တလာတတ်တယ်။
တစ်ဖက်သားရဲ့ သာမန်အပြုအမှုနဲ့ အမှုအရာလေးကိုကြည့်ပြီး ချစ်တယ်၊ မချစ်ဘူးလို့ သတ်မှတ်လို့မရဘူး။ အချစ်မှာ တသတ်မှတ်တည်းသတ်မှတ်ဖို့ ပုံသေနည်းမရှိဘူး။
အချစ်ဟာ ပန်းတစ်ပွင့်လည်းဖြစ်နိုင်တယ်။
မနက်ခင်းမှာ နိုးထစေတဲ့ အနမ်းတစ်ပွင့်လည်းဖြစ်နိုင်တယ်။
စိတ်အားငယ်ချိန်မှာ မှီခိုနိုင်တဲ့ ပုခုံးတစ်စုံလည်းဖြစ်နိုင်တယ်။
အချစ်ကို ခံစားနားလည်တတ်ဖို့ပဲ လိုပါတယ်.....
မူရင်း-- google search or 會讓每個女孩哭的答案 (မိန်းကလေးတိုင်း မျက်ရည်ကျစေတဲ့အဖြေ)
နိုင်းနိုင်းစနေ ဘာသာပြန်သည်။ကောင်မလေးက စိတ်ကိုတင်းပြီးပြောတယ်။

26 comments:
GREAT!
WOW :)i really like this post
ကောင်မလေး မေးခွန်းမှားနေတယ်။ သေကိုသေရမယ် ဆိုတာမျိုး မမေးရဘူး။
(ကိုယ့်ကို သေပြီးချစ်ပြမယ်ဆိုတာ ဘာလုပ်မှာလဲ.. သူသေတော့ရော ကိုယ်ကသူ့ ကိုလွမ်းကျန်နေရှာ .. မဟုတ်သေးဘူး.. )
မေးသင့်တာက...
ကိုယ့်အတွက် ကိုယ်စိတ်ချမ်းသာစေဖို့  တစ်ခုခုလုပ်ရမယ်..
အဲလိုလုပ်တဲ့အခါ သူဘက်က တစ်ခုခု ကို စွန့့်လွှတ်လိုက်ရတာမျိုး ရှိနေမယ်..
(အဲဒီမှာ စွန့် ရမယ့်အရာက သူများတွေအဖို့ တော့ မသိဘူး... သူ့  အတွက်မှာတော့ အတော်စွန့် စားလုပ်ရတဲ့ အရာမျိုးဖြစ်နေရမယ်... လူတစ်ယောက်နဲ့ တစ်ယောက် ခံစားချက် တန်ဖိုးထားတာခြင်း မတူဘူးလေ)
ကိုယ့်ရဲ့ အတ္တကို စွန့် နိုင်တဲ့ ယောက်ျား အတော်ရှားမယ်ထင်တယ်..
အဲဒါမျိုး နဲ့  သက်ဆိုင်တဲ့ အရာလေး.. လုပ်နိုင်မလား မေးရမှာ ..
လုပ်နိုင်ပါတယ် ပြောလာရင် တကယ် လုပ်ခိုင်းရအုံးမယ်..
ကိုယ်မေးတာကို လွယ်လွယ်နဲ့  ပါးစပ်က လုပ်နိုင်တယ်လေးပြောရင် ဘယ်လိုလုပ်မလဲ..
တချို့ လူတွေက ခပ်လွယ်လွယ်ပြောတတ်ကျတယ်မဟုတ်လား..
အဲဒီတော့ မိန်းကလေး ဘက်ကနေ ယောက်ျားလေးကို မေးဖို့  မေးခွန်းစဉ်းစားတဲ့အခါအတော်ခက်တယ်..
တခြားသူတွေအတွက် သူမစွန့်  အလျှော့မပေးနိုင်တာတစ်ခုခုကို ကိုယ့်အတွက် ဆို စွန့် နိုင် လျှော့ပေးနိုင်တာမျိုးလည်း ဖြစ်နေရမယ်
သူ့ ကို မထိခိုက် ဆုံးရှုံးမှု့ မရှိစေတာမျိုးလည်းဖြစ်ရမယ်..
ကိုယ့်ကို ဘယ်လောက် ချစ်ကြောင်း သက်သေပြပြီး သူမှာ တစ်ခုခု ထိခိုက်သွားတာမျိုး.. အကျိုးယုတ်သွားတာမျိုး ဆို ကိုယ်ပဲဒုက္ခရောက်မှာ..
မစနေရေ.. ရေးရင်း... ကိုယ်ရေးတဲ့ ကွန်မန့် ကိုယ့်ဘာသာ ပြန်ဖတ်ပြီး စဉ်းစားမိတယ်.. ဟီး..
မေးခွန်းတဲ့အဆင့်မရောက်ပဲ မေးရမယ့် မေးခွန်းစဉ်းစားနေတာနဲ့ တင် အပျိုကြီးဖြစ်နိုင်နေပြီထင်တယ် :D
Thanks for your post.
I got something there.
Love is sometime like that.
Now I feel like her.
Thanks
စိတ်ကူးယဉ်မဆန်ပဲ အေးချမ်းတည်ငြိမ်တဲ့အချစ်မျိုးပေါ့နော်။ ချစ်စရာကောင်းတဲ့ ပိုစ့်လေးအတွက်ကျေးဇူးပါ အမနေ။
မမရေ
လာဖတ်သွားတယ်နော်
i like this story very much
ပလီပလာစကားတွေ ပြောတတ်ဖို့ထက် ရင်ထဲက အချစ်စစ်ဖို့က အဓိကပါပဲနော်..
မစနေစာပုဒ်လေးထဲကလို သိပ်ချစ်တတ်တဲ့ နံပါတ်စင် ရှင်းတမ်းတွေဟာ အချစ်ဆိုတဲ့ အဖြူခံသက်သက်ကို သက်သေပြနေခဲ့တာပဲနော်..သိပ်ချစ်တဲ့သူက လမ်းခွဲစကားစပြော ခဲ့ရင် ကျွန်တော်အဲဒီလို နံပါတ်တွေ ထွက်ပေါ်လာပါ့မလား ကိုယ်တိုင်မဝေခွဲတတ် သေးဘူး မစနေရယ်.....
ကောင်းတယ်ဗျာ....
အဖြေဖြေနည်းလေး မှတ်သားသွားပါ၏
အချစ်ဟာ ပန်းတစ်ပွင့်လည်းဖြစ်နိုင်တယ်။
မနက်ခင်းမှာ နိုးထစေတဲ့ အနမ်းတစ်ပွင့်လည်းဖြစ်နိုင်တယ်။
စိတ်အားငယ်ချိန်မှာ မှီခိုနိုင်တဲ့ ပုခုံးတစ်စုံလည်းဖြစ်နိုင်တယ်။
အချစ်ကို ခံစားနားလည်တတ်ဖို့ပဲ လိုပါတယ်.....။
အဲဒီခံယူချက်လေးသိပ်လှတယ်...
အစဉ်အားပေးလျက်
မိုးငွေ့
ဘယ်လောက်ပဲ အချစ်စစ်တွေဖြစ်ဖြစ်ပါ....
ဒါမလာရင်....ဒါမလာဘူးဆိုတဲ့ စကားရှိတယ်.........
ကျွန်တော်ဆိုရင်တော့ မင်းရဲ့အချစ်က ကိုယ့်ကိုသေစေချင်တာလားဟင်လို့ ပြန်မေးမိမှာပါပဲ.... :)
အဲဒီပိုစ့်အရင်တုန်းက ရေးဖူးလား ... ရေးပြီးသား ပြန်တင်ထားတာလား ... ဖတ်ဖူးတယ် ဧ။် သည် မရွေး တူနေတယ်
သေသေချာချာအကွက်ရိုက်တာမဟုတ်ပဲ... တခါတလေတော့သူ့ကိုအဲဒိလိုမျိုးလေးတွေ ပြောဖူးတယ်... စဖူးတယ်... သူကြည်နူးနေခဲ့တာတွေကို ပြန်မြင်လာတယ်အမရေ...
ပြန်တင်တာလား.. အခုမှ တင်တာလား.. ဖတ်ဖူးနေတာကြာပြီ....
အချစ်မှာ တသတ်မှတ်တည်းသတ်မှတ်ဖို့ ပုံသေနည်းမရှိပါဘူး။
သေစေချင်တာမျိုး မဟုတ်ဘူး.. မောင်မျိုး..
ချောက်ကမ်းပါးက သွားခူးရင် ပြုတ်ကျနိုင်လောက်အောင် အန္တရာယ်ရှိတာကို ဆိုလိုချင်တာပါ။ သွားခူးရင် ပြုတ်ကိုပြုတ်ကျနိုင်တဲ့ အနေအထားမှာ ရှိတာပါ..
အခုမှ ပထမဦးဆုံး ရေးဖူးတာပါ ဂျပန်ကကောင်လေးနဲ့ Anonymous....
အားလုံး... ကျေးဇူးတင်ပါတယ်..
အရမ်းကောင်းတဲ့ ပို့စ်လေးတစ်ခုပါပဲ ညီမရေ
ဒီ ပို့စ်လေး ဖတ်လိုက်ရတဲ့ အတွက်
ကောင်လေးကိုတော့ အရမ်းသနားသွားတယ်
ဒါပေမယ့် ကောင်မလေးဘက်က ကြည့်ရင်လဲ မိန်းမသားလေ တစ်ဖက်ကအရမ်းအေးစက်လွန်းတော့ လဲ မခံစားနိုင်ဘူးလေ......
အမတို့ မိန်းမသား ဆိုတာမျိုးက ချစ်မိပြန်တော့လဲ ယောင်္ကျားလေးတွေ ထက်ပိုချစ်တတ် ပိုခံစားတတ်တယ်လေ.......
မသိဂီၤ
The girl ask: You have to die and will you do it?
If i am at the boy place I would ask again.
will you let me die because of a flower?
And I would walk away from that girl.
She don't love me at all.
lol... He's like my bf. Finally only me have to cry because he's cleverer than I expected.
ပေါတောတောလေးပါလား
မစနေရေ , သေစေမယ်မှန်း သိရက်နဲ့ ပန်းခူးခိုင်းတာ ဆိုရင်တော့ မိန်းကလေးက ရက်စက်တာပဲ...ယောင်္ကျားလေးတွေ အပေါ် တကယ်ချစ်ရင် ဘာညာလုပ်ပြ ဆိုပြီး မဖြစ်နိုင်တာကိုမှ ရွေးခိုင်းတာကတော့ အချစ်စမ်းတာ မဟုတ်တော့ဘူး ၊ ငါက မိန်းကလေး ဆိုတဲ့ လက်မှတ်ကိုင်ပြီး အနိုင်ကျင့်တာလို့ပဲ ကျမတော့ ခံစားရတယ်။ ကောင်လေး အဖြေကောင်းလို့သာပေါ့....။
i love this post ma ma.
my bf like him.
သဘာဝ ကျတဲ့ အဖြေပါ။ ကိုယ် ကိုယ်တိုင်လည်း အပြင်မှာ မကြာခဏဖြစ်တက်ပါတယ်။ အိမ်ထောင်ဖက်နှင့် အကြီးအကျယ် သည်းမခံနိုင်အောင် စိတ်ဆိုးဒေါသဖြစ်ပြီး ရှင်ကိုစိတ်ကုန်တယ်လို့ ပြောမိပါတယ်။ သူက မင်းသဘောပါလို့ ပြောပြီး ပြီးခဲ့တဲ့ အဖြစ်ကို ရှင်းပြတက်ပါတယ်။ သူမှားတယ်လို့ ထင်ရင် မှားတယ်လို့ပြောပြီး ၀န်ခံတက်ပါတယ်။ အကြောင်းတစုံတရာ ကြောင့် ကျွန်မက မှားသွားရင် အရမ်းစိတ်ဆိုးလို့ ပြောမိတယ်၊ စိတ်မကောင်းမဖြစ်နဲ့နော်။ မင်းကို သိပ်ချစ်လို့ပါလို့ ပြောပြီးကျေအေးကြတယ်။ ရီစရာတော့ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ရန်ဖြစ်တာ သိပ်မကြာတက်ပါဘူး။ ကျွန်မက စိတ်ကြာကြာ မကောက်တက်သလို သူကလည်း ကျွန်မအကြောင်းသိပြီး နားလည်ခွင့်လွတ်နိုင်လို့ ထင်တာပါဘဲ။ အချစ်ဆိုတာ.................. ဒီလိုပါဘဲလေ!
"တစ်ဖက်သားရဲ့ သာမန်အပြုအမှုနဲ့ အမှုအရာလေးကိုကြည့်ပြီး
ချစ်တယ်၊ မချစ်ဘူးလို့ သတ်မှတ်လို့မရဘူး။
အချစ်မှာ တသတ်မှတ်တည်းသတ်မှတ်ဖို့ ပုံသေနည်းမရှိဘူး။"
သိပ်ကြိုက်တယ်..
အဲဒီစာသားလေးကို..
သိပ်ကောင်းပါတယ်မမ..........
Post a Comment