Sunday, December 27, 2009

ကင်း(မ်)ချီ


ဟိုရက်တွေမှာ ညီမငယ်တစ်ယောက် ကျွန်မဆီအီးမေးလ်ပို့လာပါတယ်။ အီးမေးလ်ထဲမှာ သူကိုးရီးယားကင်း(မ်)ချီ ထမင်းသုပ်ကို ဘယ်လိုစားချင်ကြောင်း၊ ဝယ်စားတော့လဲ ဈေးကြီးလို့ ခဏခဏမဝယ်စားနိုင်ကြောင်း၊ ဖြစ်နိုင်ရင် ကင်း(မ်)ချီလုပ်နည်းလေး ပြောပြပေးဖို့ ရေးထားပါတယ်။ သူ့ကြည့်ရတာ တော်တော်စားချင်ပုံပါပဲ။ အီးမေးလ်မှာလည်း သရေတွေပေလို့:P သွားရေတယိုယိုနဲ့ ရေးထားပုံရတယ်။ ပြီးတော့ ကျွန်မပါသရေယိုအောင် ထမင်းသုပ်ရဲ့ ပုံလေးကိုပါ တွဲပို့လိုက်သေးတယ်။

ကင်း(မ်)ချီလုပ်နည်းလေးဆိုလို့ ကျွန်မလည်း တတ်တဲ့ပညာမနေသာမဟုတ်ဘဲ ဟိုးအရင် ဂျပန်စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးတုန်းက မတတ်တခေါက်တတ်ခဲ့တဲ့ ကင်း(မ်)ချီကို မှတ်မိသလောက် ပြန်လုပ်ကြည့်လိုက်ပါတယ်။ နောက်ဆုံးအကြိမ် ကျွန်မ ကင်း(မ်)ချီလုပ်ခဲ့တဲ့အချိန်က ၂ဝဝ၇ခုနှစ်မှာပါ။ ကျွန်မ အခုလုပ်တဲ့ကင်း(မ်)ချီက ကိုးရီးယားနည်းနဲ့ တူချင်မှတူပါလိမ့်မယ်။ ဒါပေမယ့် ကင်း(မ်)ချီလုပ်တဲ့ အဓိကလိုအပ်တဲ့ အစာပလာတွေကတော့ သိပ်မကွာခြားပါဘူး။

ကျွန်မလုပ်တဲ့လုပ်နည်းကို လွယ်ကူအောင်ရေးထားပါတယ်။ ရေးထားတာတွေ များနေပေမယ့် တကယ်လက်တွေ့လုပ်တဲ့အချိန်မှာ မြန်ဆန်လွယ်ကူပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကို ချိန်တွယ်ပြီး ဘယ်ဟာ ဘယ်နှစ်ကျပ်သားလို့တော့ ပြောမပြတတ်ပါဘူး။ အိမ်မှာနေ့စဉ်ထမင်းဟင်း ချက်စားသလိုပဲ အားလုံးကို လက်ဆနဲ့ခန့်မှန်းလုပ်လိုက်ပါတယ်။


(၁) ပထမဦးဆုံး
ကင်း(မ်)ချီမလုပ်ခင် ရှေ့တစ်ညမှာ မုန်ညင်းဖြူကိုနှစ်ခြမ်းခွဲ နွမ်းသွားအောင် အရွက်တွေထဲ ဆားထည့်နယ်ပြီး ကျင်းထားလိုက်ပါတယ်။

(၂)နောက်တစ်နေ့ မုန်ညင်းနွမ်းသွားရင် ရေဆေးပြီး စစ်ထားလိုက်ပါတယ်။ (ရေစင်အောင် စစ်ပေးပါ။ ရေမစင်ရင် အချဉ်မြန်ပါတယ်။ မုန်ညင်းကိုတစ်ခုခုအုပ်ပြီး အပေါ်မှာအလေးနဲ့ဖိပြီး စစ်နိုင်ပါတယ်)

(၃) ပြီးရင် ကင်း(မ်)ချီထဲထည့်ဖို့ အစာပလာတွေဖြစ်တဲ့ မုန်လာဥ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပန်းသီး၊ ဂျုးရွက်တွေကို ပြင်ဆင်ပါတယ်။

(က) မုန်လာဥကို အမျှင်မျှင်ဖြစ်အောင် လှီးလိုက်တယ်။

(ခ) ကြက်သွန်ဖြူ၊ ဂျင်း၊ ပန်းသီးကို ညက်ညက်ကျိတ်လိုက်တယ်။

(ဂ) ဂျူးရွက်ကို တစ်လက်မအရှည် လှီးလိုက်တယ်။ (ဒီနေ့ဂျူးရွက်ဝယ်မရလို့ ကျွန်မက ကြက်သွန်ဖြူမြိတ်ကို သုံးလိုက်ပါတယ်)

(ဃ) ပြီးရင် အားလုံးကို ဇလုံတစ်ခုထဲထည့်ပြီး ဆား၊ သကြား၊ ပျားရည်(အနည်းငယ်)၊ ဘီယာ၊ ငရုတ်သီးမှုန့် (ကိုးရီးယား ငရုတ်သီးမှုန့်ရရင် ပိုကောင်းပါတယ်။ ငရုတ်သီးအရောင်လှရင် လုပ်ထွက်လာတဲ့ကင်း(မ်)ချီက နီရဲပြီး ပိုစားချင်စဖွယ်ဖြစ်ပါတယ်) တွေထည့်ပြီး ရောနယ်လိုက်ပါတယ်။

(င) ရလာတဲ့အစာပလာကို ရေစစ်ထားတဲ့ မုန်ညင်းဖြူထဲ တစ်လွှာချင်း၊ တစ်လွှာချင်းထည့်လိုက်ပါတယ်။

ပြီးရင် ဗူးတစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါတယ်။ (၃)ရက်မြောက်တဲ့နေ့မှ ကျွန်မရဲ့ကင်း(မ်)ချီ စားရမရ ကြည့်ရအောင်.. :D

ကင်း(မ်)ချီထဲ ကြက်သွန်ဖြူ၊ ဂျင်း၊ ပန်းသီးနဲ့ ပျားရည်တွေပါတာကြောင့် အနံ့ပိုမွှေးပြီး အရသာပိုကောင်းစေပါတယ်။ အချို၊ အငန်၊ အစပ်ကို ကိုယ်နှစ်သက်သလို လိုတိုးပိုလျော့ထည့်ပြီး ကိုးရီးယားကင်း(မ်)ချီကို အလွယ်တကူလုပ်စားနိုင်ပါပြီ။ တကယ့် ဂျပန်၊ ကိုးရီးယားကင်း(မ်)ချီ လုပ်နည်းတွေကို youtube မှာ အလွယ်တကူ ရှာဖွေသင်ယူနိုင်ပါတယ်။

နိုင်းနိုင်းစနေ

6 comments:

ဒဏ္ဍာရီ said...

တူတူပဲ မနိုင်းရေ... သွားရည်ယိုပြီး ဖတ်သွားတယ်။ မနိုင်းရေးပြထားတော့လည်း လွယ်သားပဲနော်။ လုပ်ရင်တော့ အဆင်ပြေ မပြေ မသိဘူး။း)

ခင်မင်လေးစားလျှက်

ချစ်ကြည်အေး said...

I feel like wanting to eat Kim-chi now!!!!Thank Ma Sa-Nay for sharing :D

ညိုထွန်း said...

ပုဇွန် အစိမ်းလေးတွေနှစ်ကောင်သုံးကောင်လောက်ထည့်လိုက်ရင် သုံရက် မစောင့်ရတော့ဘူး တစ်ရက်ဆို ချဉ်ပြီး :)

သိင်္ဂါကျော် said...

မလုပ်ချင်ဘူး.. လုပ်ပြီးသားပဲ စားချင်တယ်.. :D

Anonymous said...

I recommended "sake " ( alcohol made it from rice )
is better than BEER.

အိုက်ခီလောက် said...

ကြည့်ပြီးတော့ သရေယိုတာအမှန်ပဲ မနိုင်းေ၇
နောက်သုံးရက်နေမှ မနိုင်းအိမ်လာစားတော့မယ် အဟတ်
ချန်ထားပေးနော် မနိုင်း
ကိုယ်တိုင်လုပ်စားရင် အစပ် အဟတ် မတည့်မှာစိုးလို့ 
မနိုင်းလုပ်ပြီးသားကို လာစားရင်းနဲ့  သင်ယူတော့မယ်