Wednesday, December 02, 2009

Turn around, try the other way


"မိရှင်း"တစ်ယောက် သူ့ဖိနပ်အသစ်လေးကို အရမ်းသဘောကျနေတယ်။ ဖိနပ်ပေါ်က ဖိနပ်ကြိုးနဲ့ ချည်ထားတဲ့ ကတတ်တဲ့ လိပ်ပြာလေးကြောင့်ဖြစ်တယ်။ လိပ်ပြာလေးက မိရှင်းလှမ်းလိုက်တဲ့ ခြေလှမ်းနောက် ဟိုဒီလိုက်ဝဲပျံနေတယ်။ ဒါပေမယ့် မေမေက ဒါကိုပျော်စရာကောင်းတယ်လို့ မထင်ခဲ့ဘူး။ အကြောင်းက မိရှင်း ခုန်ခုန်ဆွဆွနဲ့ ပြေးလွှားဆော့ကစားတိုင်း ချည်ထားတဲ့ဖိနပ်ကြိုးတွေ ပြေကုန်လို့ မေမေက လမ်းလျှောက်လိုက် ဖိနပ်ကြိုးချည်ပေးလိုက် လုပ်နေရလို့ဖြစ်တယ်။

မေမေက ဖိနပ်ကြိုးခဏခဏ ချည်ပေးရတာကို စိတ်မရှည်တော့တဲ့အဆုံး ဒီနေ့မှာ မိရှင်းကို ဖိနပ်ကြိုးချည်သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ပြန်ရောက်ပြီးနောက် မေမေက မိရှင်းနောက်မှာထိုင်ပြီး လိပ်ပြာချည်နည်းသင်ပေးတယ်။ မိရှင်းဘယ်ညာ သေချာခွဲတတ်အောင် တစ်ဖက်က ချည်ပြရင်း တစ်ဖက်ကလည်း မိရှင်းမှတ်မိအောင် ပြောပြနေတယ်။

မေမေနှစ်ခါလောက် ချည်ပြလိုက်တော့ မိရှင်းက အရမ်းလွယ်တယ်ထင်ပြီး သူကိုယ်တိုင်စမ်းချည်ဖို့ အားတက်သရောပြောတယ်။ ဒါပေမယ့် မိရှင်းမှာ ကြိုးစမှားယူမိလိုက် ဒါမှမဟုတ် ချည်လိုက်တဲ့လိပ်ပြာက အတောင်တစ်ဖက်ပဲပါလိုက်နဲ့ အမှားကြီးမှားနေတော့တယ်။ မေမေက ဘေးကနေ အားပေးပြီး မိရှင်းကို အကြိမ်ကြိမ် ကြိုးစားကြည့်စေခဲ့ပေမယ့် နောက်ဆုံးမှာ မိရှင်းစိတ်မရှည်တော့ဘဲ စိတ်ဆိုးလာခဲ့တယ်။ ကြမ်းပြင်ပေါ် ဖင်ထိုင်ချပြီး "မသင်တော့ဘူး.. သမီး မတတ်ဘူး! သမီး မချည်တော့ဘူး" နဲ့ မျက်နှာတွေ နီအမ်းပြီး မျက်ရည်အဝဲသားနဲ့ မိရှင်းပြောတယ်။

နောက်ဆုံး မေမေက လက်လျော့ဖို့စဉ်းစားလိုက်တဲ့အချိန် ဖေဖေက ထပြီး

"မိရှင်း... လာ.. ဖေဖေတို့ လိပ်ပြာမချည်တော့ဘူး။ ယုန်နားရွက်ချည်ရအောင်.. လာ!"

ယုန်နားရွက်လည်း ချည်လို့ရတယ်ဆိုတဲ့ အသံကြားတော့ မိရှင်းမျက်လုံးတွေ လက်လာတယ်။ စိတ်ပါလက်ပါနဲ့ နောက်တစ်ကြိမ် ထပ်စမ်းချင်ခဲ့တယ်။

ဒီတစ်ကြိမ်မှာ ဖေဖေကမိရှင်းနောက်မှာနေပြီး သင်ပြတယ်။ ပထမဆုံး ဖိနပ်ကြိုးကို ယုန်နားရွက်တစ်ဖက်ဖြစ်အောင် လုပ်လိုက်တယ်။ နောက်တစ်ဖက် ထပ်လုပ်တယ်။ ပြီးတော့ နားရွက်နှစ်ခုကိုယူပြီး စုချည်လိုက်တယ်။ ဒီလိုနဲ့ လိပ်ပြာပုံဖြစ်လာခဲ့တယ်။

ဖေဖေ့နည်းက ပိုလွယ်တယ်လို့ မိရှင်းထင်မိတယ်။ ဒီတစ်ကြိမ်မှာ သူချည်နိုင်မယ်လို့လည်း ယုံမိတယ်။ ဖေဖေကို နှစ်ခေါက်လောက် ပြခိုင်းပြီးနောက် သူကိုယ်တိုင်စမ်းကြည့်တယ်။ ပထမအကြိမ်မှာတင် ဖေဖေရဲ့နည်းနဲ့ လိပ်ပြာပုံသူချည်နိုင်ခဲ့တယ်။ သူချည်ထားတဲ့ လိပ်ပြာအတောင်တွေက (ကြိုးတွေက) တစ်ဘက်တို၊ တစ်ဘက်ရှည်နဲ့ ပြီးတော့ ကြိုးတွေချောင်နေတယ်ဆိုပေမယ့် မိရှင်းပျော်မိတယ်။ နောက်ဆုံး သူအောင်မြင်သွားလို့ မိရှင်းပျော်မိပါတယ်။

မိရှင်းပျော်နေတာကို ကြည့်ပြီး မေမေက ဖေဖေကို နားမလည်သလိုနဲ့ မေးတယ်။

"ဘယ်လိုလုပ်ပြီး ဒီနည်းကို စဉ်းစားမိလိုက်တာလဲ?"

"မောင်တို့ ငယ်ငယ်တုန်းကလဲ ဒီလိုပဲသင်ခဲ့တာပဲလေ။ ခင် ချည်တဲ့နည်းက လူကြီးနည်း ကလေးတွေအတွက် သိပ်ရှုပ်ထွေးလွန်းတယ်။ ကလေးကိုသင်ရင် ကလေးနည်းပဲ သင်ရမယ်"

မှန်ပါတယ်။ ကလေးတွေကို ဘယ်အရာဖြစ်ဖြစ် လေ့ကျင့်သင်ကြားပေးတဲ့အချိန် သူတို့ကို အဆက်မပြတ် လေ့ကျင့်သင်ကြားနိုင်အောင် အားပေးရသလို အရေးအကြီးဆုံးက သူတို့နဲ့လိုက်ဖက်၊ သင့်လျှော်မယ့်နည်းတွေကို ရှာဖွေသင်ကြားပေးဖို့ပါပဲ။ တကယ်လို့ ဒီတစ်နည်းနဲ့ သူလုံးဝ မတတ်ခဲ့ရင် တစ်ဖက်လှည့်ပြီး နောက်နည်းတွေနဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်။

သင်ကြားချိန်လည်း အရေးကြီးပါတယ်။ အချိန်ရဲ့ဖိစီးမှုကြောင့် မိဘတွေရဲ့ သင်ကြားမှု သည်းခံနိုင်စွမ်းက လျော့နည်းသွားတတ်သလို ကလေးတွေမှာလည်း မလိုက်နာလိုစိတ်တွေ ဖြစ်ပေါ်လာတတ်တယ်။ နောက်ဆုံး ဒီလိုသင်ကြားမှုကို သူတို့စိတ်ပျက်လာတတ်တယ်။ နောက်ပြီး သင်ပြချိန်မှာ လောဘမကြီးပါနဲ့။ ဘယ်အရာကိုမဆို ခွဲခြားပြီး တစ်ကြိမ်မှာ တစ်ခုပဲတတ်အောင် အရင်သင်ပေးပါ။ ဒါမှ သင်ကြားမှုတိုင်းကို ကလေးတွေ အလွယ်တကူမှတ်မိပြီး ပိုသင်ကြားချင်စိတ်၊ ယုံကြည်စိတ်တွေ တိုးလာပါလိမ့်မယ်။

အခုချိန်မှာတော့ မိရှင်းတစ်ယောက် ဖိနပ်အသစ်နဲ့လမ်းလျှောက်ရတာ ပိုတက်ကြွနေပါတယ်။ ဖိနပ်ပေါ်က လိပ်ပြာကို ဖေဖေ၊ မေမေနဲ့ ဆရာမတွေကို သူချည်ခိုင်းဖို့ မလိုတော့ပါဘူး။ သူ့အတွက် အားအရဆုံးက အတန်းထဲမှာ လိပ်ပြာချည်တတ်တဲ့သူ သူတစ်ယောက်တည်း ရှိတယ်ဆိုတာကိုပါပဲ...

မူရင်းရေးသားသူ --
Zhao Wenyu (趙文瑜) or 轉個彎,試試別的方法 (Turn around, try the other way)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

9 comments:

some1 said...

nice, Have a great day 99

ဆောင်းမြူခိုး said...

ဟုတ်တယ်..
မြူခိုးစာကောင်းကောင်းမတတ်တာ
ဆရာတွေ ကောင်းကောင်းမသင်ပေးခဲ့လို့  :P
အမှန်ဆို ယုံနားရွက်ချည်နည်းနဲ့ သူတို့ 
လှည့်ပြီး ပြန်သင်ပေးဖို့ ကောင်းတယ်...

မိုးခါး said...

ဒီစာလေးက ချစ်ဖို့ကောင်းသလိုပဲ
ခုန်ပေါက်နေမယ့် မိရှင်းကို မြင်ယောင်မိတယ်း)

linlin said...

ဒီတစ်ခါတော့ပထမဆုံးcomment ရပြီထင်တယ်

linlin said...

မန့်လို့မရတော့ဘူးအစ်မရေ

Athena said...

မစနေရဲ့စာလေးတွေက ဖတ်ရတာ အရမ်းကောင်းပါတယ်.. တစ်ချို့ဟာလေးတွေဆို လူတိုင်းအတွက်အဖြစ်နေတော့ အမြဲတမ်းလို
ဝင်ဖတ်ဖြစ်တယ်... စာရေးအားကောင်းတဲ့ အစ်မကိုအားကျမိတယ်...
အစ်မ နိုင်းနိုင်းစနေတစ်ယောက်စာတွေအမြဲရေးနိုင်ပါစေနော်..

ခရမ်းပြာ

အောင် said...

ဆရာမ မစနေရေ အသင်အပြကောင်းတဲ့ မစနေဆီ တပည့်ခံနေတဲ့ ကျောင်းသားတွေလဲ အရမ်းကံကောင်းကြတယ်နော် ။ ဒီလို ပညာပေး မှတ်သားစရာ နည်းလေးတွေ တွေးတတ် ကြံတတ် ရှာဖွေတင်ပြတတ် တဲ့ မစနေလဲ ကလေးတွေ ဘယ်လို နားလည်အောင်သင်ပေး ရမယ်ဆိုတာသိနေလို့ပါ ။
မစနေ စေတနာ မေတ္တာများဖြင့် အွန်လိုင်းကနေ ဖြန့်ဝေပေးနေတဲ့ အထွေထွေ ဘ၀ သင်တန်းကိုလည်း အစဉ်တက်ရောက်နေပါတယ် ။ မစနေ ဒါထက်မက ရေးသားတင်ပြနိုင်ပါစေလို့ 

သက်တန့်ချို said...

ကောင်းတယ်ကောင်းတယ် အစ်မရေ ဆက်လုပ် နွေးထွေးတဲ့ အိမ်လေးအတွင်းမှာ အစ်မနေ့စဉ်ရက်ဆက် စာတွေရေးသားနိုင်ပါစေ..း)

Bino said...

Nice a post.
I really did not know how to teach the children until they understand.

BINO