Friday, January 30, 2009

လက်တွဲမဖြုတ်စတမ်း


တစ်ခါတလေမှာ လက်လေးတွဲထားပေမယ့် ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်ကို လက်ကနေတစ်ဆင့် ကျွန်မ ခံစားရတယ်။ လက်ဖဝါးချင်း ထိကပ် တွဲထားတဲ့လက်ကနေ အနွေးဓာတ်တွေ သွေးကြောထဲပြန့်ပြီး ဒီဘက်လက်ကနေ ဟိုဘက်လက်ထိ လှည့်ပတ်လို့နေတယ်။ လက်ညှိုးချင်း ပွတ်သပ်မိရင် အနွေးဓာတ်က ပိုလိုနွေးထွေးစေပါတယ်။ (picture from google image)

သူနဲ့အတူ လမ်းလျှောက်ထွက်တိုင်း သူ့လက်ကို ကျွန်မတွဲထားတတ်တယ်။ လှမ်းလိုက်တဲ့ ခြေလှမ်းအတိုင်း ကျွန်မလက်ကို သူဆုတ်ကိုင်ပြီး ဘယ်ညာယိုင်ခါတတ်တယ်။

တစ်ခါတလေ တစ်နေရာမှာ ထိုင်ရင်း ကျွန်မလက်ကို သူတင်းတင်း ဆုတ်ကိုင်ထားတတ်တယ်။ ဒီတစ်သက်မှာ ဒီလို ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲမဖြုတ်စတမ်း တစ်သက်လုံးနေသွားဖို့ မျှော်လင့်ခဲ့မိတယ်။

တစ်ခြားချစ်သူတွေကရော ဒီလို တစ်ယောက်လက်ကိုတစ်ယောက် တွဲထားတဲ့ ကြည်နူးမှုကို ခံစားတတ်ကြမလား? အသည်းနှလုံးကနေ ပြန့်လာတဲ့ အနွေးဓာတ်တွေ၊ အချစ်တွေက တွဲထားတဲ့ လက်ကနေတစ်ဆင့် အခြားသူတစ်ယောက်ရဲ့ နှလုံးသားထဲအထိ ပြန့်နှံ့စေခဲ့တယ်။ တွဲလက်က တစ်ယောက်ရဲ့အပျော်ကို အခြားတစ်ယောက်ရင်ထဲ၊ တစ်ယောက်ရဲ့အချစ်ကို တစ်ခြားတစ်ယောက်ရဲ့ နှလုံးသားထဲ ကူးစက်စေတဲ့ ပေါင်းကူးတံတားဖြစ်ခဲ့ပါတယ်။

ဝမ်းနည်း၊ အားငယ်ချိန်မှာ တင်းတင်းဆုတ်ကိုင် ခံရတဲ့ လက်ကနေတစ်ဆင့် အားအင်တွေရခဲ့တယ်။ ပျော်ရွှင်ကြည်နူးချိန်မှာ တင်းတင်းဆုတ်ကိုင် ခံရတဲ့ လက်ကနေတစ်ဆင့် အပျော်တွေ ကူးစက်စေခဲ့တယ်။ ကျွန်မတို့ ဒီတစ်သက် လက်တွဲမဖြုတ် စတမ်းနော်....

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, January 29, 2009

ဘယ်သူ အဆင့်အတန်း မရှိသလဲ?


မူရင်း 楊嘉敏 (Yang Jia Min) 到底是誰沒品

တစ်နေ့က မျဉ်းကြားတစ်ခုမှာ မီးစိမ်းကို ကျွန်မစောင့်နေခဲ့တယ်။ အဲဒီအချိန်မှာ မိန်းမတစ်ယောက်က မီးနီကို ဖြတ်ပြီး တစ်ဘက်လမ်းကို ကူးသွားခဲ့တယ်။ ဒါကို ကျွန်မဘေးမှာ ရပ်နေတဲ့ သားအမိကတွေ့ပြီး မိခင်ဖြစ်သူကို သားက " မေမေ.. အဲဒီအန်တီက မီးစိမ်းတာကို မစောင့်ဘဲ အရင်ဖြတ်သွားတယ်နော်" လို့ မေးခဲ့တယ်။ အဲဒီမှာ မိခင်ဖြစ်သူက ရှုတ်ချတဲ့ ပုံစံနဲ့ "အဲဒီလို လူမျိုးက အဆင့်အတန်းမရှိဘူး၊ သွားဂရုမစိုက်နဲ့" လို့ ပြန်ပြောပါတယ်။

မိခင်ဖြစ်သူရဲ့ စကားကိုကြားတော့ ကျွန်မ အရမ်းအံ့သြသွားမိတယ်။ ဒီကိစ္စအတွက် သူ့အပြောက သိပ်ကြီးကျယ်သွားမလား? ဒီလို သူတစ်ပါး မီးနီဖြတ်တဲ့ အခွင့်အရေးကို ယူပြီး မီးနီဖြတ်တာ ဘယ်လို အန္တရာယ်ရှိနိုင်ကြောင့် ကလေးကို သင်ခန်းစာပေး မပြောပြဘဲ သူတစ်ပါးကိုသာ ဝေဖန်ပြစ်တင်ခဲ့တယ်။

ဒီအဖြစ်ကြောင့် အရင်ကအဖြစ်တစ်ခုကို ကျွန်မ ပြန်သတိရမိတယ်။ မောင်ကနဲ့ မောင်ခ ဆိုပါစို့.. မောင်က, က မောင်ခကို အမြဲတမ်း ကဲ့ရဲ့ဝေဖန်ခဲ့တယ်။ မောင်ခကို ခွေးချီးပုံနဲ့ ခိုင်းနိုင်းပြောဆိုပြီး ကိုယ့်ကိုယ်ကို အောင်နိုင်သူအဖြစ် အထင်ကြီးခဲ့တယ်။ ဒါပေမယ့် မောင်ကရဲ့ ညီမက မောင်ကဟာ အောင်နိုင်သူမဟုတ်ဘဲ ရှုံးနိမ့်သူဖြစ်ကြောင်း ပြောခဲ့တယ်။ အကြောင်းက မောင်ကရဲ့စိတ်က ခွေးချီးနဲ့ တူနေတဲ့အတွက်ကြောင့် သူတစ်ပါးကို ခွေးချီးပုံလို့ပဲ မြင်ခဲ့လို့ဖြစ်တယ်။

တကယ်တော့ ကျွန်မတို့ဟာ တစ်ပါးသူ ဒါမှမဟုတ် တစ်ခြားကိစ္စကို ကြည့်မရဖြစ်တဲ့အခါ ကျွန်မတို့ကိုယ်တိုင်လည်း အမှားကို မသိမသာ ကျူးလွန်နေခဲ့မိပါတယ်။ လက်ညှိုးတစ်ချောင်းက သူတစ်ပါးကို ထိုးနေပေမယ့် လက်ညှိုး၎ချောင်းက ကိုယ့်ကို ပြန်ညွှန်နေတတ်သလိုမျိုး တစ်ခြားလူကို အပြစ်မထင်ခင် ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့၊ အမြင်ကို ပြောင်းလဲကြည့်ရင်လည်း နောက်မကျဘူးဆိုတာ ဒီစာက ပြောသွားခဲ့ပါတယ်။

နိုင်းနိုင်းစနေဘာသာပြန်သည်။


Share/Bookmark

မနေ့က

မနေ့က နှစ်ဆန်း(၃)ရက်.. မနက် ၈ နာရီကတည်းက ထွက်သွားလိုက်တာ ည ၈နာရီခွဲမှ အိမ်ပြန်ရောက်တယ်။ တာချီလိတ်မြို့တစ်မြို့လုံး ချောင်ကြိုချောင်ကြားမကျန် ကျွန်မတို့ နှစ်ကူးသီချင်းလိုက်ဆိုပြီး ကောင်းချီးမင်္ဂလာတွေ ပေးခဲ့ကြတယ်။ ဆင်းရဲချမ်းသာမရွေး၊ အန်ပေါင်း နည်းများမဆို နှစ်သစ်မှာ ကံကောင်းခြင်းတွေ တန်းတူရနိုင်ကြဖို့ အိမ်တိုင်းကို ကျွန်မတို့ အားကြိုးမာန်တက် သီချင်းလိုက်ဆိုခဲ့ကြတယ်။ အခုတော့ အသံဝင်နေလို့ စာသိပ်မရိုက်နိုင်တော့ပါဘူး (:D ဆိုင်လာတော့ မသိဘူး) ဒီနေ့မှာ ကျောင်းအဖွဲ့က ရွေးလူတစ်ချို့နဲ့ မိုင်းဖုန်းဘက်ကို သွားရောက် သီချင်းဆိုကြမှာ ဖြစ်ပါတယ်။ ကျွန်မက မနက်ဖြန် တောင်ကြီးပြန်မှာမို့ (အမှန်တော့ ခြေထောက်နာနေလို့) မိုင်းဖုန်းဘက်ကို မလိုက်ဖြစ်တော့ပါဘူး။

အသံသွင်းပေးပါဆိုလို့ ကင်မရာအစုတ်လေးနဲ့ ဗွီဒီယိုရိုက်ခဲ့ပါတယ်။ လမ်းမှာ တွေ့သမျှ ကျွန်မကြို
က်တဲ့ ပုံလေးတွေ ရိုက်ခဲ့ပါသေးတယ်။ တကယ်တော့ တာချီလိတ်က ဘာမှ ထွေထွေထူးထူး ရိုက်စရာတွေ မရှိခဲ့ပါဘူး။ ကျွန်မမြင်ခဲ့သမျှက တာချီလိတ်မြို့ကို အမှိုက် ၃ပုံ၂ပုံနဲ့ ဖုံးထားပြီး အမှိုက်တွေက ပလတ်စတစ်အိတ်တွေပဲ ဖြစ်ပါတယ်။

ကျွန်မတို့ (၂)ရက်ဆက်တိုက် ဒီလို တပျော်တပါး ချီတက်ခဲ့ကြပါတယ်

ဆီးသီးခြံ ဖြစ်ပါတယ်၊ ဆီးသီးပေါ်ချိန်မို့ ဆီးသီးတွေ တပြွတ်တခဲ သီးနေပါတယ်၊ အရမ်းလဲချိုပါတယ်။

သဘောင်္ဆီးဖြူသီးပင်ပါ၊ တွန်းလှည်းတွေနဲ့ အချဉ်တည်ထားတဲ့
သဘောင်္ဆီးဖြူသီးက ပဲပုတ်ထောင်းနဲ့ အရမ်းစားကောင်းပါတယ်။

ပိန္နဲသီးတွေလည်း သီးနေပါပြီ၊ မကြာခင် စားရပါတော့မယ်

သရက်ပန်းတွေလည်း ပွင့်နေပါပြီ

ဒါက ဘာအသီးခေါ်တယ် မသိပါဘူး။ အထဲမှာ တည်သီးနဲ့ ခပ်ဆင်ဆင်လေးပါ

ကလေးတွေလည်း တပျော်တပါး အားပေးကြပါတယ်


နဂါးအက၊ ခြင်္သေ့အကဆိုတာ ရှိပေမယ့် မြန်မာပြည်မှာတော့ ခြင်္သေ့အကကိုပဲ ကကြပါတယ်။ အားလုံး အာဝါးပေးကြပါ.. အဲ... အန်ပေါင်းပေးကြပါ........

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, January 27, 2009

ဒီနေ့


ဒီနေ့က နှစ်ဆန်း(၂)ရက်နေ့ ဖြစ်ပါတယ်။ နှစ်ဆန်း ၂ရက်နေ့မှာ ထုံးစံအတိုင်း မနက်အစောကြီးထ ကြက်သတ်ပြီး ကြက်သွေးနဲ့ နတ်ဘုရားကို အရင်ပူဇော်ရပါတယ်။ အဲဒီကြက်ကို ချက်ပြီး နောက်တစ်ခေါက် ထပ်ပူဇော်ရပါတယ်။ ဒီနေ့က သင်္ချိုင်းသွားပြီး သေဆုံးသူတွေကိုလည်း သွားကန်တော့လို့ရပါပြီ။ မနက်ဖြန် နှစ်ဆန်း(၃)ရက်နေ့မှာ သွားကန်တော့ချင်ရင်လည်း ရပါတယ်။ ဒါတွေက ကျွန်မတို့ နှစ်ကူးမှာ လုပ်ရိုးလုပ်စဉ်တွေပါ။

ဒီနေ့မှာ ကျောင်းအဖွဲ့နဲ့ ကျွန်မ နှစ်ကူးသီချင်းတွေ လိုက်ဆိုနေရလို့ နတ်ဘုရားကိုလည်း မပူဇော်ခဲ့သလို သင်္ချိုင်းလည်း သွားမကန်တော့ခဲ့ရပါဘူး။ အမေဆုံးတုန်းကလဲ မရှိခဲ့၊ (၁ဝ)စုနှစ်ကျော် ကြာခဲ့တဲ့ထိ အမေသင်္ချိုင်းကိုတောင် သွားမကန်တော့ဖူးသေးတဲ့ သမီးမိုက်ကျွန်မက ဆက်မိုက်နေဆဲပါ။ ဒီနေ့မှာ ကျွန်မတို့အဖွဲ့က တာချီလိတ်မြို့ပြင် ရပ်ကွက်တစ်ခုကို သွားရောက်သီချင်းဆိုဖို့ တာဝန်ကျခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့က အဲဒီရပ်ကွက် တစ်ခုလုံးကို မနက်(၁ဝ) နာရီကနေ ညနေ ၆နာရီထိ မွှေနောက် သီချင်းဆိုခဲ့ပါတယ်။

အသံတွေ ဝင်အောင်၊ ခြေထောက်တွေ တဆစ်ဆစ်ကိုင်အောင် တစ်အိမ်တက်ဆင်း သီချင်းလိုက်ဆိုရပေမယ့် ကျောင်းသားလေးတွေနဲ့အတူ သွားခဲ့ရလို့ ပျော်မိပါတယ်။ သူတို့အရွယ်တုန်းကလည်း ကျွန်မတို့ တောင်ကြီးမြို့တစ်မြို့လုံးကို မွှေနောက်သီချင်းဆိုခဲ့ဖူးပါတယ်။ ကျောင်းသားလေးတွေကို ကြည့်ပြီး အတိတ်ဟောင်းကို ပြန်အောင်းမေ့မိစေခဲ့လို့ စိတ်တွေ နုပျိုခဲ့ရပါတယ်။ ဒါပေမယ့် ညနေမှာ အောင့်သက်သက် အဖြစ်တစ်ခုနဲ့ ကျွန်မ ကြုံခဲ့ရတယ်။ ကျွန်မ လျှာရှည်လို့ ဖြစ်ခဲ့တာပါ။

ကျွန်မတို့ သီချင်းသွားဆိုတဲ့ အိမ်တိုင်းက အသီး၊ နေကြာစေ့၊ ချိုချဉ်မျိုးစုံ၊ အအေးတွေနဲ့ ကျွန်မတို့ကို ပြန်ဧည့်ခံပါတယ်။ အိမ်တိုင်းပေးတာမို့ နေကြာစေ့၊ ချိုချဉ်တွေ ကျွန်မတို့ အများကြီးရပါတယ်။ ရပ်ကွက်ထဲဝင်ပြီး ခြင်္သေ့အကနဲ့ သီချင်းလိုက်ဆိုတာမို့ ရပ်ကွက်က ကလေးတွေက အထူးအဆန်းဖြစ်ပြီး လိုက်ကြည့်ကြပါတယ်။ တစ်ချို့ကလေးတွေက တော်တော်နွမ်းပါးကြတဲ့ ပုံလေးတွေပါ။ အဲဒီမှာ ကျွန်မက လျှာရှည်ပြီး ရတဲ့ချိုချဉ်နဲ့ ကလေးတွေကို တစ်ယောက် ၃, ၄ လုံး လိုက်ဝေပေးခဲ့တယ်။ ဒါကို အဖွဲ့လူကြီးတစ်ယောက်က "ကလေးတွေကို မပေးနဲ့၊ ဒါကျောင်းသားတွေအတွက် ခွဲပေးရအုန်းမှာ" လို့ လာတားပါတယ်။

ရုတ်တရက်မို့ ကျွန်မ ဘာမှပြန်မပြောမိပါဘူး။ အဲဒီအဖွဲ့လူကြီးရဲ့ မြေးက ပန်းသီးကို တစ်ကျွတ်ကျွတ် ကိုက်စားနေခဲ့ပါတယ်။ တစ်ချို့ကျောင်းသားတွေကလည်း ချိုချဉ်ကို တစ်ကိုက်ကိုက်ပြီး မကြိုက်ရင် ပစ်ထုတ်ကြတယ်။ အခု ကျွန်မပေးမိတာက အများကြီးထဲက နည်းနည်းလေးပါ။ ချိုချဉ်ကြောင့် ဝင်းလက်သွားတဲ့ မျက်ဝန်းလေးတွေ၊ အနာပါလို့ ကျောင်းအဖွဲ့က မယူဘဲ ဖယ်ထားတဲ့ ပန်းသီးတွေက အဲဒီကလေးတွေအတွက် နတ်သုဒ္ဓါဖြစ်ခဲ့ပါတယ်။ ကျွန်မက အဖွဲ့ခေါင်းဆောင် မဟုတ်တဲ့အတွက် ဘာမှပြန်ပြောပိုင်ခွင့် မရှိသလို၊ ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့်လည်း မရှိခဲ့ပါဘူး။ လျှာရှည်လို့ ရခဲ့တဲ့ အောင့်သက်သက်က ကိုယ်နဲ့ထိုက်တန်တယ်လို့ပဲ ထင်မိပါတယ်။

တစ်နေကုန် လမ်းလျှောက်ရလို့ တစ်ကိုယ်လုံးလည်း ညောင်းညာခဲ့ပါပြီ။ ညောင်းညာနေတဲ့ ခန္ဓာကို ရေချိုးလိုက်လို့ အကြောပြေလျော့သွားသလို အောင့်သက်သက် ကိစ္စကို ချရေးလိုက်တော့ စိတ်ထဲမှာ နေသာထိုင်သာ ရှိသွားပါတယ်။ ဖုန်တောထဲ တိုးဝင်ခဲ့လို့ ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဆပ်ပြာနဲ့ ၂ခါလောက် တိုက်ဆေးလိုက်တော့ စင်ကြယ်သွားပါတယ်။ ဒါပေမယ့် စာနာစိတ်မရှိတဲ့၊ ကိုယ်ချင်းမစာတတ်တဲ့ စိတ်ကိုတော့ ဘာတန်ဖိုးကြီး ဆပ်ပြာနဲ့ဆေးဆေး စင်ကြယ်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ "ဒီနေ့" ကတော့ ဒီလောက်ပါပဲ။ မနက်ဖြန် နောက်တစ်ရပ်ကွက်ကို သီချင်းသွားဆိုဖို့အတွက် ကျွန်မ အိပ်ပါအုန်းမယ်...

နိုင်းနိုင်းစနေ


Share/Bookmark

Monday, January 26, 2009

Gong Xi Fa Chai

Gong Xi Fa Chaiကို လာဘ်လာဘတွေ ရွှင်မြူးပါစေလို့ အဓိပ္ပါယ် ဖွင့်ဆိုရမယ်ထင်တယ်။ တရုတ်ပြက္ခဒိန်အရ ဒီနေ့ဟာ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးတစ်ရက်က (မနေ့က) မိသားစုစုံညီ စားသောက်ကြပြီး သိုက်သိုက်ဝန်းဝန်း ရှိရမယ့် နေ့လေးပါ။ အဖေ၊ အမေတွေ မရှိကုန်တော့ အဒေါ်အိမ်မှာပဲ ကျွန်မတို့ သွားရောက် စုစည်းခဲ့ပါတယ်။ ထုံးစံအရ ၃ဝရက်နေ့ညမှာ မိသားစု စုံညီ စားကောင်းသောက်ကောင်းတွေ စားပေးရပါတယ်။ ဒါမှ နောက်တစ်နေ့ နှစ်သစ်မှာ ဝလင်နေပြီး တစ်နှစ်ပတ်လုံး မငတ်မပြတ် နေရမယ်လို့ ဆိုပါတယ်။ ညစာစားသောက်ကြပြီး အိပ်ချိန်နီးရင် အိမ်မှာရှိရှိသမျှ တံခါးပေါက်၊ ပြတင်းပေါက်၊ မီးဖို.. စတဲ့ အိမ်သုံးဆောင် ပစ္စည်းနဲ့ နတ်စင်(ဘုရားစင်) တွေမှာ စက္ကူတွေ လိုက်ကပ်ရပါတယ်။ အဲဒီလို ကပ်ပြီးရင် အိမ်ထဲကလူ အိမ်ပြင်မထွက်ရတော့သလို၊ အိမ်ပြင်က ဧည့်သည်တွေလည်း ဝင်ခွင့်မရှိတော့ပါဘူး။ စက္ကူနဲ့ အရာအားလုံးကို ပိတ်လိုက်တဲ့ သဘောဖြစ်ပါတယ်။

ဒီမနက် ညသန်းခေါင် ၁၂ နာရီကျော်တာနဲ့ ကြွက်နှစ်မှ နွားနှစ်ကို ဝင်ရောက်လာခဲ့ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ ရောက်ရင် မနက်အစောကြီးထ ရေသစ်ခပ်၊ သက်သတ်လွတ်ချက်ပြီး နတ်ဘုရားတွေကို ပူဇော်ရပါတယ်။ လူတွေက ဘာအလုပ်မှ မလုပ်ရသလို၊ (ဘလော့ဂ်တော့ ရေးလို့ရပါတယ်.. ဟား..ဟား) အိမ်ထဲမှာ တံမြက်စည်း လှဲခွင့်လည်း မရှိပါဘူး။ တံမြက်စည်းလှဲရင် လာဘ်တွေ၊ ကံကောင်းခြင်းတွေကို လှဲထုတ်လိုက်တယ်လို့ အယူရှိပါတယ်။

ဒီမနက်တော့ အစောကြီးထပြီး (မစောတော့ပါဘူး ၆ နာရီပါ) အစ်မနဲ့အတူ ဈေးနောက်က တာချီလိတ် ဘုံနတ်ကျောင်းလို့ ရေးထားတဲ့ နတ်နန်းကို ရောက်ခဲ့ပါတယ်။ နတ်နန်းက မနက်စောစောမှာ အမွှေးနံ့၊ ဖယောင်းနံ့၊ ပန်းရနံ့တို့နဲ့အတူ နှစ်သစ်မင်္ဂလာ ခံယူသူတွေနဲ့ စည်ကားနေခဲ့ပါတယ်။ သစ်သီးကပ်၊ အမွေးတိုင်ထွန်း၊ ရှိခိုးဆုတောင်းပြီး အဲဒီကျောင်းမှာပဲ နံပါတ်တပ်ထားတဲ့ တုတ်တွေ ထည့်ထားတဲ့ ဝါးဗူးကို မွှေနှောက် ခလောက်ပြီး တုတ်ဗေဒင် မေးခဲ့ပါသေးတယ်။ ဗေဒင်က ဒီလိုဟောထားပါတယ်။

နွေဦးလေညှင်း တိုက်ခတ်လာ၊ စိတ်ထဲက အပူအပင်တွေ ကင်းလိုက်ပါ
အရှေ့က ရောင်နီဦးကို ကြိုဆိုပါ၊ အထီးကျန်မှုတွေ မင်းနဲ့ကင်းဝေးမှာ လို့ ဖြစ်ပါတယ်။ တရုတ်လို ဟောထားတဲ့ စာရွက်ကို မြန်မာလို ကျွန်မပြန်ရေးလိုက်တာပါ။ (အကောင်းချည်း ပြန်ရေးလိုက်တော့ ..) ဗေဒင်အရ နွားနှစ်ဟာ ကျွန်မအတွက် ကံကောင်းမယ့်နှစ်လို့ ထင်ပါတယ်း)


နတ်နန်းက ပြန်လာပြီးနောက် နှစ်သစ်မှာ ကောင်းချီးမင်္ဂလာနဲ့ ပိုပြည့်စုံစေအောင် တရုတ်ဗုဒ္ဓဘာသာ ဘုံကျောင်းကို တူ၊ တူမနဲ့အတူ ကျွန်မရောက်ခဲ့ပြန်ပါတယ်။ အဲဒီမှာလည်း ဝတ်ပြု ဆုတောင်းသူတွေ မနည်းခဲ့ပါဘူး။ ကျောင်းရှေ့၊ ကျောင်းနောက်၊ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံး အမွှေးတိုင်နံ့၊ ဖယောင်းနံ့၊ ပန်းနံ့၊ သစ်သီးနံ့တွေနဲ့ နှစ်သစ်က အမွှေးရနံ့ပေါင်းစုံနဲ့ နိုးထလာခဲ့ပါတယ်။

အားလုံး နှစ်သစ်မင်္ဂလာပါ၊ နွားနှစ် မင်္ဂလာပါလို့ နုတ်ခွန်းဆက်ပါတယ်။ မနက်ဖြန်က စပြီး ကျောင်းနဲ့အတူ တရုတ်နှစ်သစ်ကူးမှာ သုံးရက်ဆက်တိုက် ပိုက်ဆံလိုက်တောင်း... အမ်... နှစ်သစ် သီချင်းလိုက်ဆိုရမှာ ဖြစ်ပါတယ်။ နှစ်သစ်ပြီးရင် ကျောင်းပိတ်ပါပြီ။ ကျောင်းပိတ်ရင် ကျွန်မ တောင်ကြီးပြန်မှာပါ။ ဖေဖော်ဝါရီလ လကုန် ကျောင်းဖွင့်ခါးနီးမှ တာချီလိတ်ကို ပြန်လာမှာပါ။ တောင်ကြီးပြန်ရောက်ရင် ဘလော့ဂ်ကို ကြုံရင်ကြုံသလိုပဲ ဘလော့ဂ်နိုင်ပါတော့မယ်။ အဲဒီရက်တွေ အတောအတွင်း တောင်ကြီးကို အလည်လာဖို့ စိတ်ကူးထားသူတွေရှိရင် ကျွန်မကို အီးမေးလ်ကနေ ဆက်သွယ်နိုင်ပါတယ်။ အားလုံး Gong Xi Fa Chai နွားနှစ်မှာ လာဘ်လာဘတွေ ပေါများပါစေလို့....

နိုင်းနိုင်းစနေ


Share/Bookmark

မျက်ရည်ခတ်တဲ့ ကော်ဖီ



ဒါရိုက်တာကို အားနာလိုက်တာ.. အင်တာနက်ပေါ် ဒီလောက် မြန်မြန်ဆန်ဆန် ရောက်သွားမယ်လို့ မထင်ထားဘူး :D ဒီမြို့တောင် အခွေမရောက်သေးဘဲ ပိုစတာပဲ ရောက်သေးလို့လေ.. အခွေနဲ့ ပိုစတာမှာ နိုင်းနိုင်း(စနေ)လို့ ရေးထားတာ တွေ့လိုက်တယ်။ စာတန်းထိုးမှာလဲ စနေက သေးနေတယ်။ စာတမ်းရေးသူက နိုင်းနိုင်း(တောင်ကြီး) အဲလို တစ်ခုခုထင်ခဲ့လို့ ဖြစ်မယ်။ စနေမောင်မောင်ပဲ ရှိမယ်။ နိုင်းနိုင်းစနေ ဆိုတာမျိုးက မရှိလောက်ဘူးလို့ ထင်ခဲ့တာလည်း ဖြစ်မယ်ထင်တယ် :P

ဘာပဲဖြစ်ဖြစ်... ဘဝမှာ အမှတ်တရလေးတစ်ခု ရှိအောင် အခွင့်အရေးပေးခဲ့တဲ့အတွက်
အသစ်လေးနဲ့ ဒါရိုက်တာကို ကျေးဇူးတင်ပါတယ်။ ခွေကြည့်ဖို့ လင့်ပေးသူကိုလည်း ကျေးဇူးတင်တယ်။ စီဒီကာဗာ ထည့်ပေးတဲ့ လူကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအင်တာနက်စပိနဲ့ ကျွန်မဒီည ကျော်နိုင်ပါ့မလား မသိဘူးး( စပိကောင်းသူတွေ burmeseclassicမှာ ကြည့်နိုင်ပါပြီတဲ့.... နှစ်ကူးပိတ်ရက်မှာ မျက်ရည်ခတ်တဲ့ ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးနိုင်ကြပါစေ....

မျက်ရည်ခတ်တဲ့ ကော်ဖီ တစ်ဖြစ်လဲ အေးစက်သွားသော ကော်ဖီတစ်ခွက်

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, January 25, 2009

မိုနာလီဇာ အနှစ် ၅ဝဝ


Mona Lisa : the history of the world's most famous painting
Written by : Donald Sassoon
Translated by : Huang Zhong Xian (黃中憲) 蒙娜麗莎五百年
Published date : 1.July.2003

Andy Warhol ရဲ့ စကားတစ်ခွန်းက "နောင်တစ်ချိန်မှာ လူတိုင်း ၁၅မိနစ် နာမည်ကြီးနိုင်တယ်"လို့ ဆိုထားပါတယ်။ ဒါပေမယ့် မျက်ခုံးမွေးမရှိတဲ့ မိုနာလီဇာလို့ခေါ်တဲ့ အမျိုးသမီးက ဘာမှမလုပ်ဘဲ ထိုင်ပြီး ပြုံးနေတာနဲ့တင် နှစ်ပေါင်း ၅ဝဝ ကြာအောင် နာမည်ကြီးခဲ့ပါတယ်။ ကျွန်တော့်လို ကော်ဖီအဆိုးအကောင်းကို မခွဲခြားတတ်တဲ့ တောသားက "The Scream" ပန်းချီကားကို Monet (Claude Monet) ဆွဲခဲ့တယ်လို့ ထင်ခဲ့တယ်။ ခရက်တစ်ကတ်ကြောင့် ပန်းချီဆရာ Vincent van Gough ကို သိခဲ့ရတယ်။ (ဟော်လန်ဘဏ်က van Gough ခရက်တစ်ကတ်ဆိုပြီး ထုတ်ခဲ့ဖူးပါတယ်) ရုပ်ရှင်ကားကြောင့် ပန်းချီဆရာမ Frida Kahlo ကို ကျွန်တော် သိခဲ့ရတယ်။ ဒါကြောင့် ပြင်သစ်နိုင်ငံက Louvre ပြတိုက်မှာ ချိတ်ဆွဲထားတဲ့ မိုနာလီဇာ ပန်းချီကားကို ကျွန်တော်နည်းနည်းမှ သံသယ မဖြစ်ခဲ့သလို မိုနာလီဇာ လှသလား? ရုပ်ဆိုးသလား? ဆိုတာကိုလည်း ကျွန်တော် မတွေးခဲ့မိဘူး။ နိုင်ငံကျော် အနုပညာပြတိုက်မှာ သူ့ပန်းချီကားကို ချိတ်ဆွဲထားတာလည်း ချိတ်ဆွဲသင့်တယ်လို့ပဲ ထင်ခဲ့တယ်။

ဒါပေမယ့် "Mona Lisa : the history of the world's most famous painting" ဆိုတဲ့ စာအုပ်မှာ စိတ်ဝင်စားစရာ မေးခွန်းတစ်ချို့ မေးထားတာကို ဖတ်လိုက်ရတယ်။ မိုနာလီဇာဟာ ဘာကြောင့် ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ပန်းချီးကားတစ်ကား ဖြစ်ခဲ့ရတာလဲ? ခန္ဓာကိုယ် ဝဖြိုးပြီး မျက်ခုံးမွေးတောင် မရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလှက ဘယ်မှာလဲ? ဘာဖြစ်လို့ ဒီပန်းချီကားက ကမ္ဘာအရပ်ရပ်က လူတွေကို ဆွဲဆောင်နိုင်ခဲ့သလဲ? Louvre ပြတိုက်ထဲ ဝင်တာနဲ့ စင်္ကြ့တစ်လျှောက်မှာ "မိုနာလီဇာ" နဲ့ ပတ်သက်တဲ့ အညွှန်းတွေကို တွေ့နိုင်သလို မိုနာလီဇာပန်းချီကားကို ထွင်းဖောက်မြင်နိုင်တဲ့ ခန်းမဆောင်တစ်ခုထဲ သပ်သပ် ပြသထားခဲ့တယ်။ ခန်းမအပြင်မှာ အစောင့်အကြပ်တွေ ထားရှိပြီး ဂျပန်တီဗွီ သတင်းငှာနတစ်ခုရဲ့ နှစ်ရှည်ဆာပွန်စာကိုလည်း ခံယူထားပါတယ်။ လက်ပြတ်နေတဲ့ Venus နဲ့ အောင်မြင်ခြင်း နတ်သမီး Νίκη က အကာအကွယ်မရှိတဲ့ တစ်ခြား သာမန်ပန်းချီကားလို ပြသထားပါတယ်။ အမျိုးသမီးချင်း တူတယ်ဆိုပေမယ့် Venus နဲ့ Νίκη က Louvre ပြတိုက်ထဲမှာ မိုနာလီဇာလောက် အခွင့်ထူး မခံစားခဲ့ရပါဘူး။

ဒါဗင်ချီရဲ့ မိုနာလီဇာဟာ လုံးဝသံသယကင်းတဲ့ လက်ရာပြောင်မြောက်တဲ့ ပန်းချီကားဖြစ်ပါတယ်။ မိုနာလီဇာကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရပေမယ့် ပုံတူအဖြစ် ဆွဲထားတဲ့ ပန်းချီကားတွေမှာ မိုနာလီဇာရဲ့ ခန္ဓာကိုယ် ဦးတည်တဲ့ အနေအထားနဲ့ လက်၊ မျက်လုံးအကြည့် ဦးတည်တဲ့ အနေအထားတွေက မတူကြပါဘူး။ (မိုနာလီဇာကို ပြင်သစ်လို La Joconde လို့ ခေါ်ကြပါတယ်) အဲဒီခေတ်မှာ ဒီလိုပုံစံ အနေအထားက ပုံတူပန်းချီကားတွေထဲမှာ ဆန်းသစ်ပါတယ်။ အထူးသဖြင့် မိုနာလီဇာရဲ့ မျက်လုံးအကြည့်က ကြည့်ရူသူဖက် ဦးတည်နေတဲ့ ပုံတူက နည်းပါးပါတယ်။ ပန်းချီကားကို ဒါဗင်ချီ ဆွဲပြီးနောက် "လက်ရာပြောင်မြောက်တဲ့" ပန်းချီကားအဖြစ် အသိအမှတ်ပြု ခံခဲ့ရပေမယ့် "ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီကား" အဖြစ်ကို နှစ်ဆယ်ရာစု နှောင်းပိုင်းမှ အသိပြု သတ်မှတ်ခဲ့ကြပါတယ်။

လူတွေကို ဆွဲဆောင်နိုင်တဲ့ "မိုနာလီဇာ" ရဲ့ အဓိက အကြောင်းရင်းက လျှို့ဝှက်တာပဲဖြစ်တယ်။ ဘယ်သူကမှ ပန်းချီကားထဲက အမျိုးသမီးဟာ ဘယ်သူလဲ? ဘာကြောင့် ပြုံးနေသလဲ? ဆိုတာ မသိခဲ့ကြဘူး။ လူတွေ တိတိကျကျသိတဲ့ တစ်ခုတည်းသော အရာက ဒီပန်းချီကားကို ဒါဗင်ချီဆွဲတယ် ဆိုတာပါပဲ။ ဒီကိစ္စကို ၁၉ ရာစုမှာ ငြင်းပွါးမှုတွေ ရှိခဲ့ပါသေးတယ်။ စာပေမှာ မှတ်သားထားတဲ့ အထောက်အထားအရ ပန်းချီကားထဲက မိုနာလီဇာဟာ သူဌေးကတော်တစ်ဦးဖြစ်တယ် ဆိုတာကလွဲလို့ တစ်ခြားဘာမှ မသိခဲ့ကြဘူး။ နောက်ပြီး ဒီပန်းချီကားက ဒါဗင်ချီ လက်ထဲမှာပဲရှိပြီး သူသေဆုံးသွားမှ လူတွေက တွေ့ရှိခဲ့တာဖြစ်တယ်။ ပန်းချီကားကို မိုနာလီဇာလက်ထဲ မပေးအပ်ခဲ့ပါဘူး။ အဲဒီခေတ်ရဲ့ ထုံးစံအရ ပုံတူဆွဲပြီးရင် ပုံကို ပိုင်ရှင်လက်ထဲ အပ်ရမှာဖြစ်ပါတယ်။ ဘာကြောင့် ဒါဗင်ချီက မအပ်ဘဲ သူ့ဆီမှာ ထားခဲ့ရသလဲ? သူနဲ့ မိုနာလီဇာကြားမှာ ဘာလျှို့ဝှက်ချက်တွေ ရှိသလဲ? နောက်ပြီး ဒီပန်းချီကားက ဆွဲလို့ မပြီးသေးတဲ့ ပန်းချီကားလား?

ဒါတင်မက တစ်ခြားငြင်းပွါးမှုတွေလည်း ရှိပါသေးတယ်။ မိုနာလီဇာရဲ့ မျက်ခုံးမွေးကို ဒါဗင်ချီ အချိန်မီ မဆွဲနိုင်ခဲ့တာလား? ဒါမှမဟုတ် အဲဒီခေတ်မှာ မျက်ခုံးမွေးရိတ်တာ ခေတ်စားခဲ့လို့လား? စတဲ့ မသိခြင်း၊ ကွက်လပ်တွေက နောင်တစ်ချိန်မှာ စာပေအမျိုးမျိုး၊ ပြဇာတ်တွေမှာ ဖော်ပြဖို့ အကောင်းဆုံး ခေါင်းစင်ဖြစ်ခဲ့တယ်။ တစ်ချို့စာပေသမားတွေက မိုနာလီဇာရဲ့ "အပြုံး" ကို ပုံကြီးချဲ့ရေးသားခဲ့ကြတယ်။ မိုနာလီဇာကို ပုရိသယောက်ျားတွေ ချစ်မိသွားစေတဲ့ "ညှို့အလှရှင်" ဖြစ်အောင် ပုံသွင်းခဲ့ကြတယ်။ မိုနာလီဇာက အနုပညာလောကမှာ အသက်ပြန်သွင်းခံရတဲ့ ပန်းချီကားဖြစ်ခဲ့တယ်။ ဒါဗင်ချီက မိုနာလီဇာကို "အရာဝတ္ထု" အဖြစ် ဆွဲခဲ့တယ်။ ဒီ "အရာဝတ္ထု" က တစ်ခြားစာပေထဲ ဝင်ရောက်ပြီး အသက်ပြန်သွင်း ခံခဲ့ရတာဖြစ်တယ်။ ၂ဝရာစုမှာ ကမ္ဘာ့နာမည်ကျော် ပန်းချီကားအဖြစ် မိုနာလီဇာ ကျော်ကြားလာရတဲ့ အဓိကအကြောင်းရင်းက ဒီပန်းချီကားကို ၁၉၁၁ ခုနှစ် သြဂုတ်လ ၂၁ရက်နေ့ မနက်မှာ အခိုးခံခဲ့ရလို့ဖြစ်တယ်။

၂ဝရာစု နှစ်ဦးပိုင်းမှာ စက်မှု၊ လူနေမှု တိုးတက်လာခဲ့တယ်။ ဥရောပ ဒေသတစ်ခွင်မှာရှိတဲ့ သတင်းစာတွေက မိုနာလီဇာ အခိုးခံရကြောင်းကို ခေါင်းစဉ်ကြီးတွေနဲ့ ဖော်ပြခဲ့ကြတယ်။ တစ်ပတ်ကြာတဲ့အထိ ပဲရစ်မှာရှိတဲ့ သတင်းစာအမျိုးမျိုးက ဒီသတင်းကိုပဲ ရေးသားခဲ့ကြတယ်။ သတင်းစာမျက်နှာအပြည့် ရုပ်ပုံတွေပါ ဖော်ပြခဲ့တယ်။ နဂိုက Louvre ပြတိုက်မှာ ငြိမ်ငြိမ်သက်သက် ချိတ်ဆွဲခံထားရပြီး လူတွေ အရေးတယူ မပြုခဲ့မိတဲ့ ပန်းချီကားဟာ ချက်ချင်းပဲ နာမည်ကြီးသွားခဲ့တယ်။ လူတွေက Louvre ပြတိုက်ထဲ ဝင်ပြီး အခိုးခံရပြီးနောက် ဗလာဖြစ်နေတဲ့ အုတ်နံရံပေါ်မှာ အကွင်းသုံးကွင်းကို ချိတ်ဆွဲထားခဲ့ကြတယ်။ ပဲရစ်မြို့မှာရှိတဲ့ ပြဇာတ်တွေမှာလည်း မိုနာလီဇာနဲ့ ပတ်သက်တဲ့ သတင်းတွေကို ထေ့ငေါ့ ကပြခဲ့ကြတယ်။ အုတ်နံရံပေါ် ချိတ်ဆွဲထားကြတဲ့ အကွင်းသုံးကွင်းကိုတောင် အလွတ်မပေးခဲ့ပါဘူး။ ပိုဆိုးတာက အဲဒီနှစ် သတင်းစာတစ်စောင်ရဲ့ "Ten Person of the Year" ရွေးပွဲမှာ လူတွေက မိုနာလီဇာ ပုံစံအမှုအရာနဲ့ တထေရာအတိုင်း ပုံတွေ ရိုက်ကြပြီး "Our Smile Still with You" ဆိုတဲ့ အပြုံးအမှုအရာနဲ့ အခိုးခံခဲ့ရတဲ့ မိုနာလီဇာကို ရိခဲ့ကြတယ်။

အဲဒီအချိန်တုန်းက မိုနာလီဇာဟာ တကယ်ပဲ ပဲရစ်မြို့ရဲ့ နာမည်ကြီး ဖြစ်ခဲ့တယ်။ တစ်ချို့အနုပညာသည်တွေက "ဘာဖြစ်လို့ အခိုးခံရတဲ့ ပန်းချီကားက မိုနာလီဇာဘေးမှာ ချိတ်ဆွဲထားတဲ့ Raffaello Sanzio ရဲ့ ပန်းချီကား မဖြစ်ခဲ့ရတာလဲ? အဲဒီပန်းချီကားတွေက မိုနာလီဇာထက်တောင် အဖိုးတန်တယ်" "မျက်ခုံးမွေးတောင် မရှိတဲ့ အမျိုးသမီးတစ်ဦးမှာ ဘာများခိုးချင်စရာရှိသလဲ"လို့ ဝေဖန်ခဲ့ကြတယ်။ ဒီလိုဝေဖန်မှုတွေက မိုနာလီဇာဟာ အနုပညာလောက တစ်လျှောက်မှာ လက်ရာပြောင်မြောက်တယ်၊ ဆန်းသစ်ထီထွင်တယ် ဆိုတဲ့ အချီးအမွမ်းကို ဆန့်ကျင်တဲ့ ဝေဖန်မှုတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် လူထုတွေထဲ ဒီပန်းချီကား ရောက်သွားပြီးနောက် အမှတ် အမြင့်ဆုံး တန်ဖိုးဖြတ်ပေးခဲ့ကြတယ်။ ဒါကို အနုပညာလောကက သိပ်မကြည်လင်ခဲ့ကြဘူး။ ပန်းချီကားကို အမှတ်မြင့် ပေးရခံခြင်းကလည်း ဒါဗင်ချီကို ကိုးကွယ်ယုံကြည်ကြတဲ့ အနောက်နိုင်ငံ အသိပညာရှင် တစ်ချို့ကြောင့်လည်း ပါပါတယ်။ ဒါဗင်ချီဟာ ပန်းချီလောက၊ သိပ္ပံလောကမှာ "ထူးချွန်ထက်မြက်သူ" ပါရမီရှင်အဖြင့် သတ်မှတ်ခံခဲ့ရတယ်။ ဒီလို ပါရမီရှင်အဖြင့် ယုံကြည်ကိုးကွယ်စိတ်ကြောင့် မိုနာလီဇာကို အမှတ်ပေးခဲ့ခြင်းလည်း ဖြစ်တယ်။

တကယ်တော့ ဒါဗင်ချီဟာ ဘယ်အရာကိုမဆို စိတ်ဝင်တစားသူ ဖြစ်တာကလွဲလို့ သူဆွဲတဲ့ပန်းချီကားရဲ့ အရည်အသွေးဟာ အဲဒီခေတ်က Michelangelo နဲ့ Raffaello Sanzio ကို မမီခဲ့ပါဘူး။ နောက်ပြီး သိပံ္ပပညာမှာလည်း ဘာထူးထူးခြားခြား ထီထွင်မှု မရှိခဲ့ပါဘူး။ မိုနာလီဇာ အခိုးခံရတဲ့ သတင်းကို သတင်းစာက သတင်းထူးအဖြစ် ထပ်မဖော်ပြတော့တဲ့အခါ လူအများက အဲဒီပန်းချီကားကို လုံးဝ ပြန်ရတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ပန်းချီကားကို မထင်မှတ်ဘဲ အီတလီမှာ ရှာတွေ့ပြီး ပြင်သစ်ကို ပြန်ပို့ခဲ့ကြတယ်။ သတင်းစာက ဒီအဖြစ်ကို လက်အလွတ်မခံဘဲ သတင်းထူးအဖြင့် ကြော်ညာလာကြပြန်တယ်။

ပိုရယ်စရာကောင်းတာ တစ်ခုက ဥရောပနယ်တစ်ခွင်ကို ဆွဲဆောင်ထားတဲ့ ဒီနာမည်ကျော် ပန်းချီကားကို ခိုးယူခဲ့သူဟာ ခန္ဓာကိုယ်သေးငယ်ပုဂွတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။ အဲဒီသူခိုးဟာ မိန်းမပျက်တစ်ယောက်ကို လုယက် မအောင်မြင်မှုနဲ့ မှတ်တမ်းတင် ခံခဲ့ရသူဖြစ်တယ်။ သူခိုးက သူဟာ Andrea Mantegna ရဲ့ ပန်းချီကို ခိုးယူဖို့ စိတ်ကူးခဲ့ပေမယ့် ပန်းချီကားက ကြီးလွန်းပြီး အနွေးထည်တဲ့ ထည့်ဝှက်လို့ မရခဲ့တာကြောင့် မိုနာလီဇာကို ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်ကို သေဆုံးသွားတဲ့ ပန်းချီဆရာ Andrea Mantegna သာသိခဲ့ရင် သူ့ပန်းချီကား နာမည်ကြီးဖို့ အခွင့်အရေးကောင်းတစ်ခု လွတ်သွားတယ်လို့ပဲ ထင်ပါလိမ့်မယ်။ အခိုးခံရတဲ့ နာမည်ကျော် ပန်းချီကားကို ပြန်ရခဲ့တဲ့အတွက် မိုနာလီဇာရဲ့ နာမည်ဟာလည်း ပိုမြင့်ခဲ့ရခြင်း ဖြစ်ပါတယ်။

တစ်ချို့ဝေဖန်မှုမှာ "မိုနာလီဇာမှာ မျက်ခုံးမွေးမရှိတာကလွဲလို့ တစ်ခြားအရာ အားလုံးရှိခဲ့ပြီ" လို့ ဝေဖန်သလို စိတ်မနှံ့တဲ့ လူတစ်ယောက်က မိုနာလီဇာ ပန်းချီကားကို ကျောက်ခဲနဲ့ပစ်ပေါက်ခဲ့သေးတယ်။ အဲဒီအပြင် သူဌေးတစ်ဦးက သူပိုင်ဆိုင်သမျှနဲ့ Louvre ပြတိုက်က မိုနာလီဇာအတွက် သီးသန့် အစောင့်အကြပ်တွေ ငှားရမ်းပေးဖို့ သဘောတူခဲ့တယ်။ ဒီပန်းချီကားနဲ့ ပတ်သက်တဲ့ သတင်းကို သတင်းစာတွေက လှိုက်လှိုက်လှဲလှဲ ကြော်ညာချင်ခဲ့ကြတယ်။ မိုနာလီဇာနဲ့ ပတ်သက်တဲ့ ရာဇဝင်၊ သတင်းထူးတွေကို တစ်ကြော့ပြန်ပြီး ဖော်ပြချင်ခဲ့ကြတယ်။ ဘယ်နာမည်ကြီး ပန်းချီကားကမှ ဒီလို ထူးခြားတဲ့ အဖြစ်မျိုး မကြုံခဲ့ကြဖူးဘူးလို့ ထင်ပါတယ်။

လူအများက မိုနာလီဇာကို အရေးတယူလုပ်သလို တစ်ချို့ အနုပညာဝေဖန်သူတွေလည်း မိုနာလီဇာကို ပျစ်ပျစ်နှစ်နှစ် မဝေဖန်ခဲ့ကြဘူး။ ဒါပေမယ့် တစ်ချို့Realism၊ Dadaism စတဲ့ အနုပညာရှင်တွေက မိုနာလီဇာကို ထီထွင်ဆန်းသစ်တဲ့ ဓားစာခံအဖြစ် ထားခဲ့ကြတယ်။ Marcel Duchampက မိုနာလီဇာရဲ့ မူရင်းပန်းချီကားပေါ်မှာ မုတ်ဆိတ်မွေးတွေ ထည့်ဆွဲခဲ့တယ်။ Salvador Dali က သူ့မျက်နှာကို မိုနာလီဇာရဲ့ မျက်နှာပေါ် ထည့်ဆွဲခဲ့တယ်။ Andy Warhol က မိုနာလီဇာပုံစံ ၂၅ မျိုးကို မိတ္တူကူး ရေးဆွဲခဲ့တယ်။ မိုနာလီဇာဟာ "မသိမ်မွေ့တဲ့" ယဉ်ကျေးမှုတစ်ချို့နဲ့ အသက်သွင်း ခံလိုက်ရပြန်တယ်။

မိုနာလီဇာဟာ သူ့ခေတ်မှာ သူနဲ့အတူရှိခဲ့တဲ့ Raffaello Sanzio၊ Michelangelo စတဲ့ ပန်းချီပညာရှင်ရဲ့ လက်ရာကောင်းတွေကို လျှစ်လျှူရှူခံလောက်အောင် နာမည်ကြီးခဲ့တယ်။ သူရဲ့ အောင်မြင်မှုကို တစ်ခြား နာမည်ကြီးပန်းချီတွေ မယှဉ်နိုင်ခဲ့ပါဘူး။ မိုနာလီဇာကို ပထမဆုံးအကြိမ် "ပြင်သစ်ယဉ်ကျေးမှု အမွေအနှစ်" အဖြစ် အမေရိကန်မှာ သွားရောက်ပြသခဲ့တယ်။ လာရောက်ကြည့်ရှူကြသူတွေ များပြားပြီး လူတစ်ဦးကို ပျှမ်းမျှ ၂ စက္ကန့်သာ ပန်းချီကားရှေ့မှာ ရပ်တန့်ကြည်ရှူခွင့် ရခဲ့တယ်။ အဲဒီနောက် ဂျပန်နိုင်ငံက NTV တီဗွီသတင်းငှာနရဲ့ ဆာပွန်စာနဲ့ ပြတိုက်ထဲမှာ အထူးအစီအစဉ်အဖြင့် ထုတ်လွှင့်ပြသခဲ့ကြတယ်။ ဂျပန်တွေ မိုနာလီဇာကို နှစ်သက်ပုံက အာရှမှာ တုနှိုင်းမရခဲ့ပါဘူး။

တကယ်တော့ ဒါဗင်ချီဟာ အီတလီလူမျိုးဖြစ်ပြီး မိုနာလီဇာကို အီတလီမှာပဲ အပြီးဆွဲခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်ဘုရင်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဒါဗင်ချီဟာ မိုနာလီဇာ ပန်းချီကားကို ယူပြီး ပြင်သစ်မှာ နှစ်ရှည်နေထိုင်ခဲ့ပါတယ်။ မိုနာလီဇာဟာ "ပြင်သစ်ယဉ်ကျေးမှု အမွေအနှစ်" ဟုတ်မဟုတ်ကို ဆက်ပြီး အငြင်းပွါးမှုတွေ ရှိနေပါသေးတယ်။

အမေရိကန်နိုင်ငံက ဥရောပကို လည်ပတ်တဲ့ အဓိကနိုင်ငံဖြစ်ပါတယ်။ ဂျပန်က Bubble economy ဖြစ်ပြီးနောက် ဥရောပကို လည်ပတ်နိုင်တဲ့ စရိတ်အင်အားက နည်းသွားခဲ့တယ်။ ဒီလိုနဲ့ နာမည်ကျော် ပန်းချီကားချပ်တစ်ချပ်ရဲ့ နောက်ကွယ်မှာ နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ အနုပညာ စတဲ့ ဆက်နွယ်မှုတွေ မြုပ်နှံ့ထားခဲ့ကြပါတယ်။

စာဖတ်သူတစ်ဦးရဲ့ အသံကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, January 24, 2009

နှစ်သစ်ကူး ~~ နှစ်သစ်ကူး ~~

နှစ်သစ်တစ်ခါ ရောက်ရှိလာ~~~ လေနှင်းအေးအေး တိုက်ခိုက်လာ~~
အားလုံးနှစ်သစ်ကြိုဆိုကြစို့~~~ သံပြန်သီချင်းဆိုကြစို့~~~
တစ်နှစ်အမြင်သစ်~~ ဧည့်သည်သစ်များ ကြိုကြပါ ~~
လက်ခုပ်တီး ~~ ကြိုဆိုပါ.. ကြိုဆိုပါ~~~

နှစ်သစ်ကူး ~~ နှစ်သစ်ကူး ~~ သံပြိုင်သီချင်းဆိုကြစို့ ~~
ဘဝပျော်ရွှင် ဒီနှစ်စပြီး ကျွန်တော်တို့ အားကြိုးတည်ဆောက်ကြ
ဘဝရည်မှန်းချက် ~~ ငယ်စဉ်ကတည်းက ကြိုးစားကြ ~~
အောင်မြင်ရေးအတွက် ရှေ့ဆက်ပါ...


ကျောင်းက ကလေးတွေ ဆိုကြတဲ့ သီချင်းလေးပါ.. တိုင်းရင်းသားတွေ ပေါင်းစုနေထိုင်တဲ့ နိုင်ငံမို့ လူမျိုးတစ်စုရဲ့ နှစ်ကူးပြီးလို့ လပိုင်းခြားရင် နောက်လူမျိုးတစ်စုရဲ့ နှစ်ကူးက ပြန်စပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ၁၂ ရာသီလုံးဟာ နှစ်ကူးဆုတောင်း မင်္ဂလာတွေနဲ့ ပြည့်နေတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ သတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲပြီးပြီး လပိုင်းလေးမှာ ရှမ်းနှစ်သစ်ကူး စပါတယ်။ အဲဒီနောက် အခါ နှစ်ကူး... အဲဒီနောက် ဒီနေ့မှာ ဝနှစ်ကူး စပါတယ်။ ဝနှစ်ကူးနဲ့ ကပ်ရက်မှာ လားဟူနှစ်ကူး ရောက်လာခဲ့ပါတယ်။ လားဟူနှစ်ကူးက တရုတ်နှစ်ကူးနဲ့ ရက်တူနေပါတယ်။

အိမ်နဲ့ သိပ်မဝေးတဲ့ ရှမ်းရိုးမကွင်းမှာ လားဟူနှစ်သစ်ကူးကို (၂၄ရက်နေ့မှ ၂၆ရက်နေ့ထိ) ကျင်းပဖို့ ပွဲဈေးတန်းတွေ ဆောက်နေကြပါပြီ။ မြို့ထဲ၊ ဈေးထဲမှာလည်း ပွဲအလည်လာကြတဲ့ တောင်ပေါ်နေ လားဟူလူမျိုးတွေကို တွေ့ခဲ့ရပါတယ်။ လားဟူဖြစ်ပြီး လားဟူစကားမတတ်တဲ့ ကျွန်မ၊ လားဟူအမျိုးအနွယ်တွေနဲ့ ကင်းဝေးခဲ့တဲ့ကျွန်မ ... ဒီပွဲက ကျွန်မအတွက် အရမ်း တန်ဖိုးရှိပါလိမ့်မယ်။

လားဟူလူမျိုးတို့ရဲ့ ပြက္ခဒိန်ရက် သတ်မှတ်မှုတွေဟာ တရုတ်လူမျိုးတို့နဲ့ ဆင်တူပါတယ်။ နေ့ရက်တွေကို ခွေးတို့၊ နွားတို့၊ မြွေတို့ စတဲ့ တိရိစ္ဆာန်အမည်တွေနဲ့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် နှစ်ကူးပြီးရင် နောက်တစ်နှစ်က "နွားနှစ်" ဖြစ်ပါတယ်။ အားလုံး နွားနှစ်မှာ နွားလို ခွန်အားဗလ ကြီးထွားသန်မာကြပြီး.. နှစ်သစ်နဲ့အတူ ပျော်ရွှင်ကြပါစေလို့...

ပွဲကို ည ဒါမှမဟုတ် မနက်ဖြန်မှ သွားမယ်စိတ်ကူးထားတာ.. ဒါပေမယ့် သိတဲ့အတိုင်း စိတ်မြန်လက်မြန်ကျွန်မ ခုဆို ခုထလုပ်လိုက်ရမှ ကျေနပ်တတ်တာကြောင့် ပွဲစတဲ့ဒီနေ့ပဲ ကင်မရာလေးကိုင်ပြီး ပွဲခင်းထဲ ရောက်သွားခဲ့တယ်။ ဆိုင်းပုဒ်ရဲ့အလယ်မှာ မြင်ရတဲ့ အဝါရောင်အဝိုင်းထဲက ပုံက ပါးစပ်နဲ့ တီးမှုတ်ရတဲ့ တူရိယာတစ်မျိုး ဖြစ်ပါတယ်။

ပွဲဈေးမှာ ရောင်းနေတဲ့ လားဟူရိုးရာ ဝတ်စုံတွေ
(အခါအင်္ကျီနဲ့ အနက်ရောင်ချင်း ဆင်ပေမယ့် အခါအင်္ကျီက ငွေဘော်တွေ ပိုများပါတယ်)

ကျောက်ခဲကို ခြေထောက်နဲ့ ပစ်ပေါက်ကစားနေကြတဲ့ လားဟူလူမျိုးတွေ

ပွဲခင်းထဲမှာ တွေ့ခဲ့တဲ့ ဝတ်စုံမတူတဲ့ လားဟူမလေးတွေ (သူတို့က ဗမာစကားကို နားမလည်ကြဘူး။ ကျွန်မလဲ လားဟူစကားမတတ်ဘူး။ ပုံရိုက်မယ်နော် ပြောတော့ ရှက်ကိုးရှက်ကန်းနဲ့.. ကင်မရာကို ထောင်ပြပြီး "ငါကော် လားဟူဝေ့ရို.. လားဟူလိုတော့ မတတ်ဘူး" လို့ လားဟူစကားတစ်ပိုင်း ဗမာစကားတစ်ပိုင်း ပြောလိုက်မှ ဓာတ်ပုံရိုက်ရတယ်း( ကိုယ့်လူမျိုးစကားကို မတတ်တာလောက် ရှက်ဖို့ကောင်းတာ မရှိပါဘူးး( )

ပွဲခင်းလယ်မှာ ရောင်စုံအလံလေးတွေနဲ့ စည်းခတ်ထားတဲ့ နေရာတစ်ခုရှိတယ်။ အဲဒီထဲမှာ လားဟူအမျိုးသမီး၊ အမျိုးသားတွေ ဗုံတီးပြီး ကခုန်နေကြတယ်။ ပျော်နေလိုက်ကြပုံများ ခြစ်ခြစ်တောက်ပူတဲ့ နေကိုတောင် သူတို့ အရေးမစိုက်ခဲ့ပါဘူး။

ပွဲခင်းထဲမှာ တွေ့ခဲ့တဲ့ တစ်ခြားလူမျိုးစု (ပလောင်လို့ သိရပါတယ်)

မတူတဲ့ ဝတ်စုံတွေအကြောင်း ကျွန်မစမ်းမေးကြည့်တော့ ဗမာစကားကို သူတို့နားမလည်ကြဘူး။ ဒီဝတ်စုံက ဈေးကြီးတယ်၊ ဟိုဝတ်စုံက ဈေးပေါတယ်ပဲ ပြန်ဖြေခဲ့ပါတယ်။ :(( နောက်ရက်တွေမှာ အဖြေတစ်ခုတော့ ရနိုင်ကောင်းရဲ့....

လားဟူ နှစ်ကူးအကြောင်း ဒီမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Jummy နဲ့ သူရဲ့သရုပ်ဖော်ပုံများ (၄)

ရှူး.. မဆူနဲ့၊ မလောနဲ့
သူသစ်ပင် တက်တတ်လား? မတက်တတ်လား သိရအောင်
သူ့ကို သစ်ပင်ပေါ် အရင် ချိတ်ဆွဲကြည့်မယ်။
သူရေကူးတတ်လား? မကူးတတ်လား သိရအောင်
သူ့ကို ရေထဲ ပစ်ချကြည့်မယ်။
သူ မြေတွင်းတူးတတ်လား? မတူးတတ်လား သိရအောင်
သူ့ကို မြေကြီးထဲ မြုပ်ကြည့်မယ်။
နောက်ဆုံး သူပျံတတ်လား? မပျံတတ်လား သိရအောင်
သူ့ကို ကောင်းကင်ပေါ် ပစ်တင်လိုက်မယ်....
သူတို့ "လူ" တွေက တော်ကြတယ်၊ ဘာမဆို တတ်ကြတယ်ဆို.....

မနက်မိုးလင်း နေထွက်စမှာ
ထီးဆောင်းထားတဲ့ ဘဲဝကြီးတစ်ကောင်
စိတ်လက်ကြည်လင်လို့ အဖြူအမဲ မျဉ်းကျားပေါ် ဖြတ်လျှောက်ခဲ့တယ်။
ပါးစပ်မှာလည်း ဂွတ်.. ဂွတ်.. ဂွတ် ပျော်ရွှင်တေးသီလို့
တိတ်ဆိတ်တဲ့ မျဉ်းလမ်းလည်း သူ့ခြေသံနဲ့အတူ
တီတီတာတာ စန္ဒရားသံလေး ထွက်ပေါ်ခဲ့တယ်။

အတွေးတွေ ပိတ်ပင်ခံရတယ်၊ အပျော်တွေ ပိတ်ပင်ခံရတယ်၊
စည်းကမ်းတွေ ပိတ်ပင်ခံရတယ်၊ ကဗျာတွေ ပိတ်ပင်ခံရတယ်၊
ရယ်မောခြင်းတွေ ပိတ်ပင်ခံရတယ်၊ ကစားနည်းတွေ ပိတ်ပင်ခံရတယ်၊
ကိုယ်ကျင့်တရားတွေ ပိတ်ပင်ခံရတယ်၊ ရွတ်ဖတ်ခြင်းတွေ ပိတ်ပင်ခံရတယ်၊
စိတ်ကူးတွေ ပိတ်ပင်ခံရတယ်၊ အတတ်ပညာတွေ ပိတ်ပင်ခံရတယ်၊
မေတ္တာတွေ ပိတ်ပင်ခံရတယ်၊ ဟာသတွေ ပိတ်ပင်ခံရတယ်၊
ကိုယ်ချင်းစာတရားတွေ ပိတ်ပင်ခံရတယ်၊ တွေးခေါ်မှုတွေ ပိတ်ပင်ခံရတယ်၊
ဥာဏ်အမြော်အမြင်တွေ ပိတ်ပင်ခံရတယ်၊ လိုအပ်မှုတွေ ပိတ်ပင်ခံရတယ်၊
အိပ်မက်တွေ ပိတ်ပင်ခံရတယ်၊ ရည်မွန်ခြင်းတွေ ပိတ်ပင်ခံရတယ်
အတင်းအဖျင်းတွေသာ အတားအဆီးမရှိ ကူးလူးခွင့်ရခဲ့တယ်။

ပင်လယ် ဝေးသထက် ဝေးသွားခဲ့တယ်၊ ကုန်းမြေ နီးသထက် နီးလာခဲ့တယ်။
မနေ့က ဝေးသထက် ဝေးသွားခဲ့တယ်၊ မနက်ဖြန် နီးသထက် နီးလာခဲ့တယ်။
နွေဦး ဝေးသထက် ဝေးသွားခဲ့တယ်၊ မိုးရာသီ နီးသထက် နီးလာခဲ့တယ်။
အမှန်တရား ဝေးသထက် ဝေးသွားခဲ့တယ်၊ လိမ်လည်မှု နီးသထက် နီးလာခဲ့တယ်။
နားရက် ဝေးသထက် ဝေးသွားခဲ့တယ်၊ ညှိုးငယ်စိတ် နီးသထက် နီးလာခဲ့တယ်။
ဒီအကြောင်းအရာတွေကို ငါသဘောပေါက်လာတဲ့အချိန်
ငါကြောက်လန့်မိတယ်... ငါတို့ ထွက်ပြေးကြရအောင်!

ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုတဲ့အခါ လောကကြီးကလိုက်ပြီး ကတယ်။
စိတ်ပျက်ဝမ်းနည်း ငိုကြွေးတဲ့အခါ လေကကြီးကလိုက်ပြီး ထိုင်းမှိုင်းတယ်။
သူလည်း သူ့စိတ်ကူးနဲ့သူ ရှိမှာပဲ
ဒါပေမယ့် ငါ့စိတ်နဲ့လိုက်ပြီး ခဏလောက် သူအလိုက်သင့် နေပေးခဲ့တယ်။
သစ်ပင်ပေါ် ပြောင်းပြန်ချိတ်ဆွဲပြီး ငါလှုပ်ရမ်းကြည့်တယ်။
ပြောင်းပြန်ဖြစ်သွားတဲ့ လောကကြီးရဲ့ အလှအပကို ရှာဖွေချင်လို့....

နောက်ဆုံးတော့ ငါနားလည်လိုက်ပြီ
တစ်ဦးတစ်ယောက်တည်းနဲ့ ဘယ်အရာကိုမှ မခုခံ မတွန်းလှန်နိုင်ဘူးဆိုတာ
တစ်ခါတလေမှာ တိမ်တစ်ပွင့်ရဲ့ အရိပ်ကလည်း လူကိုမွန်းကြပ်စေပါတယ်။
တိမ်ရိပ်ကို လေက မှုတ်ထုတ် လွှင့်ပြယ်လိုက်တယ်၊
ငှက်ကလေးက အသာလေး ကိုက်ချီသွားတယ်။
လေလုပ်နိုင်သလို ငါလုပ်နိုင်မှာ မဟုတ်ဘူး။
ငှက်ကလေး လုပ်နိုင်သလို ငါလုပ်နိုင်မှာ မဟုတ်ဘူး။
နင်လုပ်နိုင်တဲ့ အရာတိုင်း ငါလုပ်နိုင်မှာ မဟုတ်ပါဘူး။

Jummy ရဲ့ စာတွေက ဖတ်မဝနိုင်ပါဘူး။ သူ့ရဲ့ပုံပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ် ဖတ်သူကို အတွေးလေးတွေ ခံစားစေပါတယ်။ ကျွန်မက ကျွန်မဥာဏ်မီသလောက် ပြန်ရေးပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, January 23, 2009

Jummy နဲ့ သူရဲ့သရုပ်ဖော်ပုံများ (၃)


အချစ်အတွက် သက်သေထူ ထွင်းထုခဲ့တဲ့ သစ်ပင်ငယ်လေး
အခုတော့ သစ်ပင်ကြီး အသွင်ပြောင်းလို့။
ရူးရူးမိုက်မိုက် ချစ်ခဲ့ကြတဲ့ ငါတို့ရဲ့အချစ်ကတော့
လေနဲ့အတူ လွှင့်မျောပျောက်ဆုံးသွားခဲ့ပြီ။
သေးငယ်တဲ့ အမှတ်တရက ကြီးမားတဲ့ ဒဏ်ရာအဖြစ် တစ်နေ့တစ်နေ့ ကြီးပြင်းလို့။
လေလာချိန်မှာ တောအုပ်ရဲ့သက်ပြင်းချသံကို ငါကြားခဲ့ရတယ်။
ဒီလိုနဲ့ လှပတဲ့ ဥယျာဉ်တစ်ခုကို ငါဆုံးရှုံးခဲ့ပြန်တယ်။

သေချာနားထောင်နော် ကလေးငယ်
ငါတို့ကမှ တကယ်ပျံသန်းတတ်သူပါ။
လေတံခွန်၊ မိုးပျံပူဖောင်း၊ ကြက်တောင်နဲ့ မီးပုံးပျံတွေကို
သွားဂရုမစိုက်နဲ့။
အဲတာတွေက လူတွေထွင်ထားတဲ့ မပျံသန်းတတ်တဲ့ ကစားစရာတွေပါ။
နောက်ပြီး အတောင်ပံပေါက် ကောင်းကင်ဘုံပေါ် ပျံတက်နိုင်တဲ့ လူတွေကလည်း
ရေတွက်လို့ ရလောက်အောင် နည်းခဲ့ပါတယ်။
ဒါကြောင့် မကြောက်ပါနဲ့ ကလေးငယ်

တစ်ခြားလူရဲ့ ကြီးမားတဲ့ အရိပ်အောက်မှာ ရှင်သန်ခဲ့ရလို့
ရှေ့တိုးရမှာ ငါ မဝံ့မရဲ ဖြစ်ခဲ့တယ်။
ငါဟာ သေးငယ်တဲ့ ကစားစရာ ဆင်ရုပ်လေးပါလားလို့ သတိရမိမှ
သံပတ်ပေးရင် တေးသံနဲ့အတူ ငါတင်လေးလှုပ်မယ်၊ နားရွက်လေး ခတ်မယ်၊
ဝိုင်းကြီးပတ်ပတ် ကခုန်မယ်.. တူ.. တူ.. တူ.. တူ
ဒီလိုနဲ့ တစ်အိမ်လုံးကို ပျော်ရွှင်စေမယ်
ကြီးမားတဲ့ မာနတစ်ခု ငါရင်ထဲ ရုတ်တရက် တိုးဝင်လာခဲ့တယ်။

ငါးပြားစေ့ ထည့်လိုက်တာနဲ့
မစ်ကီးမောက် ကြိုးစားပမ်းစား လှုပ်ယမ်းခဲ့တယ်
ကာတွန်းသီချင်းတွေ သံပြိုင်ဆိုကြတယ်။
ငါးပြားစေ့ ထည့်လိုက်တာနဲ့
တိမ်ဖြူလေးတွေ ကခုန်ကြတယ်
ပန်းကလေးတွေ သီချင်းဆိုကြတယ်။
ငါးပြားစေ့ ထည့်လိုက်တာနဲ့
အငိုသန်တဲ့ ကလေးငယ် ပြုံးရယ်ခဲ့တယ်
နွေဦးရာသီ ခဏလောက် ရပ်တန့်သွားခဲ့တော့တယ်။

သဘောင်္မှောက်ပြီ တစ်ခြားလူတွေ ဘယ်ရောက်ကုန်လဲ?
ကျန်ခဲ့တဲ့ ငါတစ်ယောက်ပဲ ဇလုံနီနဲ့ ပင်လယ်ထဲ မျောလို့..။
လိုင်းလုံးကြီးက အားလုံးကို ဝါးမြိုခဲ့တယ်
ငါ့ရဲ့ ငိုညည်းသံကို ဘယ်သူမှ မကြားခဲ့ဘူး။
ငါပျံတတ်တယ် ဒါပေမယ့် အမြင့်ကို မပျံနိုင်ဘူး
ငါကူးတတ်တယ် ဒါပေမယ့် အဝေးကို မကူးနိုင်ဘူး။
ရေနစ်သေတဲ့ ငါးတစ်ကောင် ရေပေါ်ပေါ်လာတော့ ငါလန့်ပြီး ငိုမိတယ်
ဘယ်သူကမှ ပင်လယ်ထဲ မျောနေတဲ့ ရေဘဲတစ်ကောင်ကို လာကယ်ကြမှာ မဟုတ်ပါဘူး။

နိုင်းနိုင်းစနေ

Jummy ကြိုက်သူများ ဒီထဲမှာ သူ့သရုပ်ဖော်စာတွေ အများကြီး ကျန်ပါသေးတယ်။


Share/Bookmark

Thursday, January 22, 2009

ငွေရောင်ငှက်နဲ့ ရွှေရောင်ငှက်


တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ်။ တစ်နေ့မှာ ထင်းခုတ်သမားဟာ ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ အသွားလမ်းမှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်မိတယ်။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင်အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ်။ ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့ "ဟာ... ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး" လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေးခဲ့တယ်။

ဆေးကုသနေတဲ့ အချိန်အတွင်း ငှက်က ထင်းခုတ်သမားကို နေ့တိုင်း သီချင်းဆိုပြတယ်။ သာယာတဲ့ ငွေရောင်ငှက်ရဲ့သီချင်းသံကြားမှာ ထင်းခုတ်သမား ပျော်မွေ့နေခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ အိမ်နီးချင်း မိတ်ဆွေတစ်ဦးက ငွေရောင်ငှက်ကို မြင်တော့ ထင်းခုတ်သမားကို ရွှေရောင်ငှက်ကို သူတွေ့ဖူးကြောင်း ပြောပြတယ်။ ရွှေရောင်ငှက်က ငွေရောင်ငှက်ထက်လှပြီး အသံပိုချိုကြောင်း ထင်းခုတ်သမားကို ပြောတယ်။ ထင်းခုတ်သမားက ရွှေရောင်ငှက်လည်း ရှိပါလားဆိုပြီး ရွှေရောင်ငှက်ကို တွေ့ချင်မြင်ချင်စိတ်တွေ တဖွားဖွား ပေါ်လာခဲ့တယ်။

ငွေရောင်ငှက်ဆိုပြတဲ့ သီချင်းတွေကိုလည်း ဂရုတစိုက် နားမထောင်နိုင်တော့ဘဲ ရွှေရောင်ငှက်ကိုပဲ တမ်းတနေခဲ့တယ်။ ထင်းခုတ်သမားမှာ အပျော်ဆိုလည်း မရှိခဲ့တော့ပါဘူး။

တစ်နေ့မှာ ထင်းခုတ်သမားက အိမ်ရှေ့မှာ ထိုင်ပြီး နေဝင်ဆည်းဆာကို ငေးမောကြည့်နေခဲ့တယ်။ စိတ်ထဲမှာလည်း ရွှေရောင်ငှက်က ဘယ်လောက်လှပမလဲလို့ တွေးတောနေခဲ့တယ်။ အဲဒီအချိန်မှာ ဒဏ်ရာပျောက်ကင်းစ ဖြစ်ပြီဖြစ်တဲ့ ငွေရောင်ငှက်က အိမ်ကနေခွါဖို့ ပြင်ဆင်ခဲ့တယ်။ ငွေရောင်ငှက်က ထင်းခုတ်သမားနား ပျံသွားပြီး နောက်ဆုံးအကြိမ် သီချင်းဆိုပြခဲ့တယ်။ သီချင်းနားထောင်ပြီးနောက် ထင်းခုတ်သမားက "နင့်သီချင်းသံက နားထောင်လို့ ကောင်းပေမယ့် ရွှေရောင်ငှက်လောက်တော့ မီမယ်မထင်ပါဘူး။ နင့်အမွေးအတောင်တွေက လှပတယ်ဆိုပေမယ့် ရွှေရောင်ငှက်လောက်တော့ လှမယ်မထင်ဘူးလို့" ပြောလိုက်တယ်။

ငွေရောင်ငှက်က သီချင်းဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ ထင်းခုတ်သမားကို သုံးကြိမ်လည်ပတ်ပြီးနောက် နေဝင်တဲ့ဖက်ကို ဦးတည် ပျံသန်းသွားခဲ့တယ်။ ငွေရောင်ငှက် ပျံသွားတာကို ထင်းခုတ်သမား ငေးကြည့်ရင်း ရုတ်တရက် နေရောင်အောက်မှာ ငှက်ရဲ့ ငွေရောင်အမွေးတွေဟာ ရွှေရောင်အသွင်ဖြစ်နေတာကို တွေ့လိုက်မိတယ်။ သူညစဉ် အိပ်မက် မက်ခဲ့တဲ့ ရွှေရောင်ငှက်လေး၊ သူတမ်းတနေတဲ့ ရွှေရောင်ငှက်ဟာ သူဘေးမှာပဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး။ ခုတော့ ငှက်ကလေးက ဝေးဝေးနဲ့ မြင့်မြင့်ကို ပျံသန်းသွားခဲ့ပါပြီ။

အခုလက်ရှိ သင်ရဲ့ ချစ်သူက ရုပ်ချောချင်မှလဲ ချောမယ်၊ အရပ် မြင့်ချင်မှလဲ မြင့်မယ်၊ ကိုယ်လုံးလှချင်မှလဲ လှမယ်၊ ဌေးချင်မှလဲ ဌေးမယ်၊ သင့်အနားမှာ အချိန်ပြည့် ရှိချင်မှလဲရှိမယ်၊ သင်သတ်မှတ်ထားတဲ့ ယောက်ျားပီသသူ/ မိန်းကလေးပီသသူလဲ ဖြစ်ချင်မှဖြစ်မယ်။

ဒါပေမယ့်...
လူတွေဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိမထားမိချိန်မှာ ထင်းခုတ်သမား ဖြစ်သွားတတ်ပါတယ်။ ရွှေရောင်ငှက်ဟာ ကိုယ့်ဘေးမှာပဲ ရှိနေခဲ့မှန်း သတိမထားမိ ဖြစ်တတ်ကြတယ်။ အနားမှာရှိတဲ့ ငွေရောင်ငှက်ထက် ရွှေရောင်ငှက်ရဲ့ အသံက ပိုသာမယ်လို့ ထင်ကြပြီး ရွှေရောင်ငှက်ကိုပဲ ပိုအလိုရှိခဲ့ကြတယ်။

"မိန်းမတွေ လှကြစမ်းပါ၊ ယောက်ျားပီသကြစမ်းပါ" ကို ရေးမိပါတယ်။ တော်ကြာနေ ခါးကအဆီကို ကိုင်မိလို့ ချစ်သူပစ်သွားတယ်၊ နှုတ်ခမ်းကွဲလို့ အလှဆီလေး လိမ်းမိတာ ယောက်ျားဖြစ်ပြီး အလှကြိုက်တယ်ဆိုပြီး ချစ်သူပစ်သွားတယ်.. စတာတွေ ဖြစ်မှာစိုးလို့ ငွေရောင်ငှက်၊ ရွှေရောင်ငှက်ကို ဘာသာပြန်ရေးလိုက်ပါတယ်။ ဒီတစ်ခုထက် ဟိုတစ်ခု ကောင်းနိုးနိုးနဲ့ မသိမသာ ထင်းခုတ်သမားတွေ ဖြစ်မသွားကြပါစေနဲ့လို့.. ကျွန်မကို ရန်ရှာကြမှာ စိုးလို့ပါ :D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

original from : google search


Share/Bookmark

Wednesday, January 21, 2009

ယောက်ျားတွေ ယောက်ျားပီသကြစမ်းပါ


"မိန်းကလေးတွေ လှကြစမ်းပါ" ရေးပြီး ယောက်ျားလေးတွေ အတွက်လည်း ပွဲတောင်းလာလို့ ဒီပို့စ်ကို ရေးလိုက်ပါတယ်။

တက်စီစီးတိုင်း ခရီးသည်တွေနဲ့ စကားဖောင်ဖွဲ့တတ်တဲ့ ကားဆရာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဒီတစ်ခေါက်တော့ ဆံပင်တွေ ဖွေးဖွေးဖြူနေတဲ့ အမျိုးသမီး ကားဆရာကို ကျွန်မ တွေ့ခဲ့ပါတယ်။ ကားဆရာက သူ့မှာ သမီးတစ်ယောက်ရှိပြီး သမီးက နိုင်ငံခြား နာမည်ကြီးကျောင်း တစ်ကျောင်းက ကျောင်းပြီးခဲ့ကြောင်း အခုချိန်မှာ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေကြောင်း ပြောပါတယ်။ အသက်အရွယ် မငယ်တော့ပေမယ့် ချစ်သူရီးစား မရှာချင်ကြောင်း ပြောပါတယ်။ အမေရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ စကားသံတွေထဲမှာ အိမ်ထောင်မပြုချင်တဲ့ သမီးကို ဆူပူတဲ့ အသံလေးပါနေခဲ့တယ်။

အသက်(၃ဝ) အရွယ်တုန်းက ကျွန်မအဖြစ်ကို သွားသတိရမိပါတယ်။ အဲဒီအချိန်တုန်းက မေမေဟာ အိမ်မှာ အိမ်ထောင်မပြုတဲ့ သမီးရှိနေရင် မိခင်တာဝန် မကျေပွန်သလိုနဲ့ ကျွန်မကို နေ့နေ့ညည အိမ်ထောင်ပြုဖို့ပဲ တိုက်တွန်းနေခဲ့တယ်။

တကယ်တော့ ကျွန်မတို့လို အပျိုကြီးတွေရဲ့ ရင်ထဲမှာလည်း စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ ချစ်သူမရှိတဲ့ ဒုက္ခကို ပြောမထွက်ရဲသလို လမ်းဘေးက တွေ့ရလူကို ကောက်ယူလို့လည်း မရခဲ့ပါဘူး။ ဒီခေတ် ယောက်ျားတွေမှာလည်း ကိုယ့်ကို အားကိုးမှီခိုလာသူတစ်ယောက်ကို လုံခြုံအောင်၊ ယုံကြည်အောင် ထားနိုင်ကြတာ မဟုတ်ပါဘူး။

အလှအပကြိုက်တဲ့ ယောက်ျားလေးတွေ ဘာအသုံးဝင်လဲ?

တကယ့်ယောက်ျား ပီသသူဆိုတာ အာဖိရိက မြက်ခင်းပြင်က ရဲဝံ့တဲ့ ခြင်္သေ့တွေလို တစ်လောကလုံးကို အောင်နိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ ခြင်္သေ့မတွေကို ဆွဲဆောင်ခဲ့တာကို ခေါ်တာလား?

ဒါပေမယ့် အခုခေတ် အာရှမှာ ဂျပန်နိုင်ငံကနေ စပြီး ကြည့်မယ်ဆိုရင် ဂျပန်အမျိုးသားတွေရဲ့ အလှအပကြိုက်ပုံက တောမီးလို ပြန့်နှံ့နေခဲ့ပါတယ်။ သူတို့ဟာ လှပအောင် ဆေးရောင်ခြယ်ထားတဲ့ အမွေးအတောင်နဲ့ ငှက်မတွေကို ဆွဲဆောင်မြူဆွယ်နေတဲ့ ငှက်တွေနဲ့ တူနေတယ်။ ဒီလို အလှအပကြိုက်တဲ့ ယောက်ျားတွေကို ဂျပန်တွေက ပန်းပွင့်နဲ့တူတဲ့ ယောက်ျားလို့ ခိုင်းနှိုင်းပါတယ်။ ပန်းတစ်ပွင့်လို့ နေပနေလို့ပါတဲ့...

အပြင်ပန်းကို သပ်သပ်ရပ်ရပ် လှပအောင် ပြင်ဆင်တတ်တဲ့ ယောက်ျားတွေကို နားလည်ပေးလို့ ရပေမယ့် ယောက်ျားဖြစ်ပြီး နေ့လယ်နေ့ခင်းမှာ ဗြူတီစလွန်းတက်မယ်၊ ညမှာ ကိုယ့်ချစ်သူနဲ့ မှန်တင်ခုံလုပြီး မျက်နှာပေါင်းတင်မယ်၊ မျက်ခုံးမွေး နုတ်နေမယ်ဆိုရင် ဒီလိုယောက်ျားလေးမျိုးကို ရင့်ကျက်တဲ့ အပျိုကြီးကျွန်မ သီးခံနိုင်မှာ မဟုတ်ပါဘူး။

ကျွန်မတို့ လိုချင်တာက ရေဘေစင်ကို ဘယ်လိုပြင်မယ်၊ ဖန်ချောင်းမီးသီးကို ဘယ်လိုလဲမယ်၊ တူကိုင်ပြီး အိမ်ကိုပြင်ဆင်တတ်တဲ့ ယောက်ျားမျိုးပါ။ ကိုယ့်ထက် အသားအရည် ပိုနူးညံ့ ချောမွတ်နေတဲ့ ယောက်ျားမျိုး မဟုတ်ပါဘူး။ ဒေါင်းတစ်ကောင်လို လှပနေတဲ့ ယောက်ျားလေးထက် ရဲဝံ့တဲ့ ခြင်္သေ့တစ်ကောင်ကိုပဲ ကျွန်မ ရွေးချင်ပါတယ်။

အဖိအထောင်း မခံနိုင်တဲ့ စတော်ဘယ်ရီ ယောက်ျားတွေ ဘာလုပ်မလဲ?

ဒီခေတ်မှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ မနည်းပါဘူး။ ပင်ပန်းပေမယ့် မျက်မှောင်တစ်ချက် မကြုံ့တဲ့ အမျိုးသမီးတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် တစ်ချို့ယောက်ျားတွေက ၆ပေဆိုတဲ့ ကိုယ့်အရပ် ထောင်ထောင်မောင်းမောင်းကိုမှ အားမနာ ပင်ပန်းမှုဒဏ်ကို ခံရတဲ့အခါ အားနွဲ့တဲ့ စတော်ဘယ်ရီပင်လို အဖိအထောင်း မခံနိုင်ကြပါဘူး။

လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ကျွန်မ သူငယ်ချင်း တစ်ယောက်ရဲ့ချစ်သူ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ယုံကြည်မှုတွေ လဲဖြိုခံခဲ့ရလို့ သူ့ချစ်သူက အိမ်ထဲအိမ်ပြင် မထွက်ဘဲ အိမ်တွင်းပဲ ပုန်းနေခဲ့တယ်။ သူငယ်ချင်း မိတ်ဆွေတွေက အလုပ်ရှာပေးမယ်လို့ သွားရောက် အားပေးစကားပြောခဲ့ပေမယ့် ချစ်သူမောင်တော်က အပြင်အလုပ်လုပ်ရင် ပင်ပန်းတယ်၊ ရုံးခန်းထိုင်ပြန်ရင်လည်း ပျင်းတယ်ဆိုပြီး ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ အလုပ်မရှာဘဲ နေခဲ့ပါတယ်။

သူငယ်ချင်းက အသုံးမကျတဲ့ သူ့ချစ်သူကို ကျွန်မဆီရင်ဖွင့်တိုင်း ပြောမကုန်တဲ့ စကားတွေရှိခဲ့ပါတယ်။ နှစ်ယောက်သား ရှေ့ဆက်လျှောက်ကြရမယ့် လမ်းခရီးက မှုန်ဝါးနေခဲ့တယ်။ သူငယ်ချင်းက "သူက ဘာကိုမှ ကြံ့ကြံ့မခံနိုင်တဲ့ စတော်ဘယ်ရီ ယောက်ျားဆိုတာ အခုမှ ငါသိလိုက်ရတယ်။ အခက်အခဲကြုံတာနဲ့ စိတ်ဓာတ်က ပိပြားသွားရတယ်။ ယောက်ျားတစ်ယောက်နဲ့ကို မတူဘူး။ ကံကောင်းလို့ ငါသူ့ကို မယူသေးတာ" လို့ ရင်ဖွင့်ခဲ့တယ်။ ကြည့်ရတာ ဒီလိုပျင်းရိတဲ့ မကြံ့ခိုင်တဲ့ ယောက်ျားကို လက်ထပ်ဖို့အထိ သူရွေးခဲ့တော့မယ် မထင်ပါဘူး။

အကျင့်သီလ မမြဲတဲ့ ယောက်ျားတွေ ဘာအသုံးဝင်လဲ?

နောက်တစ်မျိုးက ဆိုးပေတဲ့ ခေတ်စတိုင်လ် ယောက်ျားမျိုးပါ။ အချစ်ရဲ့ စံနှုန်းကို ကျယ်ကျယ်ပြန့်ပြန့်ထားတယ်။ အမြင်တွေကို လွတ်လပ်ခွင့်ပေးထားတယ်၊ မတူတဲ့ ဘဝအတွေ့အကြုံတွေကို လက်ခံတယ်လို့ ဆိုပေမယ့် သီလမရှိတဲ့ ယောက်ျားမျိုးပါ။

မိန်းမမယူ၊ ယောက်ျားမယူသေးရင် ပတ်သက်လို့ရတယ်၊ ခိုးစားရင် အပြစ်မရှိဘူးလို့ ထင်သူတွေဖြစ်ပြီး "ရီးစားများများ မထားကြည့်ရင် ကိုယ်နဲ့ ဘယ်တစ်ယောက် သင့်လျှော်မယ်ဆိုတာ မသိနိုင်ဘူး" လို့ ပြောတတ်သူတွေဖြစ်တယ်။ "အချစ်နဲ့ ခန္ဓာ(လိင်) မတူဘူး" လို့လဲ ထင်တတ်သူတွေဖြစ်တယ်။ သူတို့ရဲ့ စကားကို မိန်းကလေး ဘယ်နှစ်ယောက်ကများ သဘောတူနိုင်မလဲ?

တစ်လောက နာမည်ကြီး နိုင်ငံလက်ရွေးစင် ဘတ်စကက်ဘောသမားလို မွေးလုဆဲချစ်သူကို ထားပြီး အဆိုတော်တစ်ယောက်နဲ့ တိတ်တိတ်ပုန်း ခဲ့ပါတယ်။ ကလေးမွေးတော့မယ် ဆိုပေမယ့် လက်မထပ်ရသေးလို့ လက်မထပ်ခင် အခွင့်အရေးလေးယူ၊ ကိုယ့်ကို တစ်ကိုယ်တော် လူလွတ်ပါဆိုပြီး ခိုးစားခဲ့တယ်။ နောက်ပိုင်း လက်ထပ်ပြီးတာတောင် ဆက်ခိုးစားနေခဲ့တယ်။ နောက်ဆုံး သတင်းစာတစ်စောင်က ထုတ်ဖော်ပြောခဲ့မှ ဇာတ်သိမ်းသွားခဲ့ရတယ်။ ဒီလို သီလမရှိ၊ မစင်ကြယ်တဲ့ ယောက်ျားမျိုးကို တစ်သက်လုံး လက်တွဲဖော်အဖြစ် ကျွန်မ မရွေးရဲပါဘူး။

တကယ့်ယောက်ျား ပီသသူတွေ ဘယ်ရောက်ကုန်ပြီလဲ? ကျွန်မတို့ အပျိုကြီးတွေ ရွေးလွန်းတယ်၊ ဂျီးများလွန်းတယ်လို့ မထင်ပါနဲ့။ ကျွန်မတို့လည်း ကျွန်မတို့ကို ယုံကြည်မှုပေးနိုင်တဲ့ " လူကောင်း၊ သက်ဆုံးတိုင် လက်တွဲသွားနိုင်သူ" ကို ရှာချင်တာလေးပါပဲ။ ယောက်ျားတွေရယ်.. ယောက်ျားပီသကြစမ်းပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

original: 文/茉莉 (拜託,更像個男人好嗎?)


Share/Bookmark

ကော်ဖီနဲ့တူတဲ့ အချစ်


အခုခေတ် လူတွေက သူတို့ရဲ့အချစ်ဟာ fast food (မြန်ဆန်တဲ့အချစ်)နဲ့ တူတယ်လို့ ခိုင်းနှိုင်းကြတယ်။ ဒါပေမယ့် အချစ်ကို ကော်ဖီနဲ့ ခိုင်းနှိုင်းရင် ပိုသိသာ၊ မြင်သာမယ်လို့ ထင်ပါတယ်။

ချစ်သူရီးစားဘဝက ကော်ဖီတစ်ခွက် သောက်နေတာနဲ့တူပါတယ်။ အငွေ့တထောင်းထောင်း ထနေတဲ့ ကော်ဖီတစ်ခွက် ကိုယ့်ရှေ့ရောက်လာပြီဆိုရင် တစ်ချို့လူတွေက သကြားနဲ့နို့ကို အရင်ဆုံး အများကြီး ထည့်ပစ်တတ်တယ်။ အဲဒီအချိန်မှာ အချိုတွေ အများကြီးရောထားတဲ့ ကော်ဖီဟာ အချိုရည်အသွင် ပြောင်းသွားတော့တယ်။ ကော်ဖီရဲ့ နဂိုခါးသက်သက် အရသာတွေ ပျောက်သွားခဲ့ရတယ်။ ချစ်သူရီးစားဘဝတွေမှာ ချစ်သူကို လက်ဆောင်၊ ပန်းစည်းတွေနဲ့ပဲ အပျော်၊ ကြည်နူးမှုတွေ ပေးခဲ့မယ်ဆိုရင် ချိုမြိန်မှုတွေ ရနိုင်ပေမယ့် ကြာလာရင် ငြီးငွေ့အီစိမ့် လာတတ်ပါတယ်။

တစ်ချို့လူတွေက ကော်ဖီကို အရသာမခံဘဲ တစ်ကြိတ်ထဲ သောက်ချပစ်လိုက်တတ်တယ်။ အာခေါင်၊ လျှာတွေကို ပူမိသည်ဖြစ်စေ၊ မပူမိသည်ဖြစ်စေ သောက်ဖို့တစ်မိနစ် နောက်ကျတာနဲ့ ရထားလွတ်သွားတော့မယ့် ပုံစံနဲ့ ကော်ဖီကို ဂွတ်ခနဲ့သောက်ပစ် တတ်ကြတယ်။ စသောက်တုန်းက ရှုရှိုက်မိတဲ့ ကော်ဖီနံ့ကလွဲလို့ နောက်ဆုံးမှာ ပါးစပ်တစ်ခုလုံးထဲ ခါးသက်တဲ့ အရသာပဲ ကျန်ခဲ့တော့တယ်။ တစ်ချို့လူတွေက ကော်ဖီတစ်ကြိတ်အချစ်ကို ချစ်တတ်ကြတယ်။ အခုချစ်၊ အခုလက်တွဲ၊ အခုပဲ မှားယွင်းတတ်ကြတယ်။ အချိန်တိုတိုအတွင်းမှာ ချစ်ကြကွဲကြပြီး နောက်ဆုံးမှာ စိတ်လက်မကြည်မသာဖြစ်ပြီး ကျန်နေခဲ့ရတယ်။ ဘယ်သူနဲ့ ကိုယ်ချစ်ခဲ့တယ်၊ ဘယ်အချိန်မှာ ချစ်ခဲ့တယ်ဆိုတာကိုတောင် မှတ်မိချင်မှ မှတ်မိတတ်ကြတယ်။

တကယ့်ကော်ဖီသောက်နည်းက စားပွဲပေါ် ကော်ဖီရောက်ရင် သင်းပျံ့တဲ့ ကော်ဖီနံ့ကို အရင်ရှုမယ်။ မိန်းကလေးတွေရဲ့ ဆံနွယ်ကို ရှုရှိုက်သလိုပါပဲ။ ပြီးမှ တစ်ငုံ့အရသာခံ သောက်မယ်။ ခံတွင်းထဲက ခါးသက်တဲ့အရသာတွေ ချိုမြိန်သွားတဲ့အထိ အရသာခံပြီး သကြားထည့်မလား၊ နို့ထည့်မလားဆိုတာကို ဆုံးဖြတ်မယ်။ ဒီလိုကော်ဖီက သောက်ရတာ ပိုအရသာရှိပါတယ်။ အချစ်ကိုလည်း ဒီကော်ဖီသောက်နည်းလို ဖြေးဖြေးချင်း အရသာခံ ခံစားချစ်ကြည့်မှ အချစ်ဟာ ပိုလှပကြောင်း သိနိုင်ပါလိမ့်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

文/小憂鬱 (愛情如咖啡)


Share/Bookmark

Tuesday, January 20, 2009

မယ့်ထောက်ရဲ့ နမ့်ဖစ်ထောင်း


အကယ်ဒမီညမှာ ကျွေးမယ့် ညစာမဟုတ်ပါဘူး။ ဟင်းချက်မကူတာကြာလို့ ဘလော့ဂ်ပေါ် ဟင်းချက်နည်းလေး တင်ပါဆိုတာတောင် မတင်နိုင်တဲ့ ကျွန်မပါး) ဒီမနက်တော့ အဘွား (အစ်မ ယောက္ခမ)က နမ့်ဖစ်ထောင်းမယ်ဆိုတာနဲ့ ဆားဝင်ဖြူးခဲ့ပါတယ်။ နမ့်ဖစ်ထောင်း တစ်နည်းပြောရရင် ခရမ်းချဉ်သီးထောင်းပါ။ နမ့်ဖစ်က လုပ်ရတာ လွယ်တယ်ဆိုပေမယ့် တကယ့်စားကောင်းတဲ့ နမ့်ဖစ်ထောင်းကိုတော့ လူတိုင်း ထောင်းတတ်မယ် မထင်ပါဘူး။

ဒါကတော့ ဒီမနက်မှာ ရှမ်းမကြီး မယ့်ထောက်ထောင်းတဲ့ ရှမ်းရိုးရာစစ်စစ် နမ့်ဖစ်ထောင်းပါ။ လုပ်ရတာ လွယ်ပါတယ်။ ပါဝင်တဲ့ အစာတွေက ပုံမှာပြထားတဲ့အတိုင်း ကြက်သွန်နီ/ဖြူ၊ ငရုတ်သီးစိမ်း၊ ပဲပုတ်၊ ခရမ်းချဉ်သီးနဲ့ နံနံပင်ပဲ ဖြစ်ပါတယ်။ အားလုံးကို အရင်ဆုံး မီးဖုတ်ရပါမယ်။ မယ့်ထောက်က ခရမ်းချဉ်သီးကိုတော့ ပုံထဲကအတိုင်း တူးနေအောင် ဖုတ်ထားပါတယ်။ ကျွန်မတို့ ထောင်းတုန်းက ခရမ်းချဉ်သီးကို သိပ်မတူးအောင် ဖုတ်တဲ့အတွက် မယ့်ထောက်ထောင်းတဲ့ နမ့်ဖစ်လောက် စားမကောင်းဘူးလို့ ထင်ပါတယ်။ ပဲပုတ်များရင် စားမကောင်းဘူးလို့ မယ့်ထောက်က ပြောပါတယ်။

ဆား၊ ဟင်းချိုမှုန့်ထည့်ပြီး အားလုံးကို ဆုံထဲ ထည့်ထောင်းလိုက်ရုံပါပဲ။ ခရမ်းချဉ်သီးကိုတော့ အခွံခွါပေးပါး) အစာပလာတွေကို မီးဖုတ်တဲ့အခါ ထင်းမီး ဒါမှမဟုတ် မီးသွေးမီးနဲ့ပဲ ဖုတ်စေချင်ပါတယ်။ ဂက်စ်ပေါ် ဒါမှမဟုတ် ဖယောင်းတိုင်မီးနဲ့ တိုက်ရိုက် မဖုတ်သင့်ပါဘူး။ (အဆိပ်သင့်ရင် အမှုပတ်နေမှာ စိုးလို့ပါ)

နမ့်ဖစ်ထောင်းကို ထမင်း၊ ကောက်ညှင်းပေါင်းနဲ့ ဒီအတိုင်း စားလဲရသလို သခွါးသီး၊ မုန်လာထုပ်တို့နဲ့ တို့စားလို့လဲ ရပါတယ်။ ထမင်းမြိန်စေတဲ့၊ အကုန်အကျလည်းနည်းတဲ့၊ သက်သတ်လွတ်ဟင်း နမ့်ဖစ်ထောင်းက ခံတွင်းပျက်ချိန်မှာ အကောင်းဆုံးဟင်း ဖြစ်တယ်ဆိုတဲ့အကြောင်း မယ့်ထောက်ရဲ့ နမ့်ဖစ်ထောင်းနဲ့ မိတ်ဆက်လိုက်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

ကျေးဇူးတင်ပါတယ်

အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂ဝဝ၈) ဆုရရှိသူ ဘလော့ဂ်များစာရင်းဆိုပြီး မနေ့က အီးမေးလ်တစ်စောင် ရခဲ့ပါတယ်။ ဆုရကြောင်း အကြောင်းကြားတဲ့ အီးမေးလ်လေးပါ။ ဆုရစာရင်းတွေက...

အကောင်းဆုံး
(က) ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog ) - မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ်
(ခ) ပညာရေး ဘလော့ဂ်ဆု (Best Education Blog ) - မသက်ဇင် ဘလော့ဂ်
(ဂ) နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging ) - ညီလင်းဆက် ဘလော့ဂ်
(ဃ) နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog ) - နစ်နေမန်း ဘလော့ဂ်
(င) သတင်း ဘလော့ဂ်ဆု (Best News Blog ) - ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ်
(စ) ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog ) - ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ်
(ဆ) မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog ) - ဖွဲ့တည်ရာ မဂ္ဂဇင်း
(ဇ) ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog ) - မင်းဒင် ဘလော့ဂ်
(ဈ) ကဗျာ ဘလော့ဂ်ဆု (Best Poem Blog ) - ကောင်းကင်ကို ဘလော့ဂ်
(ည) အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog ) - ကိုမိုးသီး ဘလော့ဂ်
(ဋ) အထွေထွေ ဘလော့ဂ်ဆု (Best General Blog ) - နိုင်းနိုင်းစနေ ဘလော့ဂ်

ဒီဘလော့ဂ်ရဲ့ နာမည်စာရင်းလေး ပါလာတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။ ဆုရဖို့အတွက် အားတက်သရော မဲထည့်ခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေကြောင့်လည်း ဒီဆုကို ကျွန်မ ရခဲ့တာပါ။ ဒါကြောင့် အားလုံးကို ဒီကနေ ကျေးဇူးအထူးတင်ကြောင်း ပြောချင်ပါတယ်။ တစ်ခုခုကို မျှော်ကိုးပြီး ကျွန်မ ဘလော့ဂ်ရေးခဲ့တာ မဟုတ်ပေမယ့် အခုလို ပရိသတ်ကပေးတဲ့ ဆုကို ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ နောင်နောက်ခါမှာလည်း ကျွန်မသိသလောက်၊ ဖတ်ဖူးသလောက်ကို ဆက်ပြီးကြိုးစားမျှဝေ သွားပါအုန်းမယ်လို့....

ဘလော့ဂ်ဂါနဲ့ စာဖတ်ပရိသတ်တွေ ပိုရင်းနှီးချစ်ခင်မှုရအောင် ဒီအကယ်ဒမီ အစီအစဉ်ကို ဖန်တီးပေးခဲ့ကြတဲ့ မြန်မာဘလော်ဂါ ပရက်စ်နှင့် မြန်မာသတင်းသမဂ္ဂက အဖွဲ့ဝင်တွေကို အထူးကျေးဇူးတင်ပါတယ်။ အင်တာဗျူးမေးခွန်းတွေကို ဒီနေရာမှာပဲ ဖော်ပြလိုက်ပါတယ်။

၁. ဘလော့ဂ်အကယ်ဒမီပေးပွဲ ဆိုတာကို စကြားမိတော့ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ၊ ဘယ်လိုထင်မြင်မိပါသလဲ။

ဖြေ.. ရုပ်ရှင် ထူးချွန်ဆုလိုပဲ ကြိုးစားအားထုတ်ပြီး ရေးနေသူတွေအတွက် ဘလော့ဂ်ထူးချွန်ဆုလဲ ရှိသင့်တယ်လို့ ထင်ပါတယ်။

၂. ဘလော့ဂ်အကယ်ဒမီပေးပွဲဟာ ဘလော့ဂါတွေအပေါ်ကို ဘယ်လို ဂယက်ရိုက်စေနိုင်တယ်လို့ ထင်မြင်မိပါသလဲ.

ဖြေ....စာရေးဖို့ ဝါသနာပါသူတွေ ဘလော့ဂ်အတွက် ပိုအချိန်ပေးလာကြမယ်၊ စာတွေ ပိုဖတ်လာကြမယ်လို့ ထင်မိပါတယ်။

၃. မဲပေးစနစ်ကို ကျေနပ်မှု ရှိပါသလား၊ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ နည်းလမ်း အကြံပြုချင်တာများ ရှိပါသလား.

ဖြေ....ပထမဆုံးအကြိမ် လုပ်တာဆိုတော့ ချွတ်ယွင်းမှုလေးတွေတော့ ရှိမှာပေါ့။ ပိုကောင်းတဲ့အကြံတော့ မပေးတတ်ပါဘူးး)

၎. အခုလို ဆု ရရှိတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

ဖြေ... ဝမ်းသာပါတယ်။

၅. အခုရရှိတဲ့ ဆုဟာ မိတ်ဆွအပေါ် ဘယ်လို အသုံးဝင်စေ ပါသလဲ။ လာမည့် နှစ်တွေမှာ ဘယ်လိုဆုမျိုးတွေ ပေးသင့်ပါသလဲ။

ဖြေ... ဒီအမေးကို ဖြေရမှာ နည်းနည်းအားနာပါတယ်။ အခု ကျွန်မသုံးနေတဲ့ blogspot.com က ဖရီးရနေတဲ့အတွက် ဒိုမိန်းနဲ့ ဝဘ်ဟို့စ်တင်းက ကျွန်မအတွက် (လောလောဆယ်) အသုံးမဝင်ဘူးလို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ရင် အဲဒီဒိုမိန်းဝယ်တဲ့ ကုန်ကျမဲ့စရိတ်နဲ့ မြန်မာပြည်က မရှိသူတွေကို လှူဒါန်းနိုင်တဲ့ ပစ္စည်းမျိုး ကျွန်မလိုချင်ပါတယ်။ ဥပမာ- ဗလာစာအုပ်၊ ခဲတံ .. စတာတွေပေါ့။

၆. ဘလော့ဂ်အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး မိမိစိတ်ထဲ ခံစားရသမျှ အလွတ်သဘော ဆွေးနွေးပြောဆိုပေးပါ၊

ဖြေ... ဘလော့ဂ်အကယ်ဒမီ ဆိုတာကို အစက မသိခဲ့ပါဘူး။ ရှိလာတော့ ကောင်းတာပေါ့။ မဲပေးပြီးရွေးတယ် ဆိုတော့လဲ ကိုယ့်ပရိသတ်က ပေးတယ်လို့ပဲ ခံစားရပါတယ်။ ပရိသတ်နဲ့ပိုရင်းနှီးသွားတာလဲ သေချာပါတယ်။ ကိုယ့်ဘလော့ကို မနှစ်သက်ဘဲနဲ့တော့ အလကားနေရင်း လက်ဆော့ပြီး မဲထည့်သွားတာတော့ မဖြစ်လောက်ပါဘူး။ ဘလော့တစ်ခုဖတ်ဖို့ရာ အချိန်တော်တော်ပေးရပါတယ်။ ပြီးတော့ ပုံမှန်လမ်းက မလာနိုင်ဘဲ ကွေ့ပတ်ရှောင်ရှားပြီး လာရတာလဲ ပင်ပန်းပါတယ်။ ဒါကြောင့်မို့ ဘလော့ဂ် ပရိသတ်တွေကို လေးစားရသလို သူတို့ရဲ့မဲတွေကိုလည်း တန်ဖိုးထားပါတယ်။ One vote can change the nation လို့ ဖတ်ဖူးပါတယ်။ ဘလော့ဂ် ပရိသတ်တစ်ယောက်ရဲ့ မဲတစ်မဲဟာလဲ အဲဒီထက်တော့ လျော့မယ်မထင်ပါဘူး။ ကျေးဇူးတင်ပါတယ်။ ဆက်ပြီး ကြိုးစားသွားပါ့မယ်။

လေးစားစွာဖြင့်
နိုင်းနိုင်းစနေ


Share/Bookmark

Monday, January 19, 2009

မိန်းကလေးတွေ လှကြစမ်းပါ !


မိန်းကလေးတွေ အလှအပကြိုက်ကြတယ်။ ပျင်းတဲ့ မိန်းကလေးပဲရှိမယ် ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာ မရှိဘူးတဲ့။ အသက် (၃ဝ) မတိုင်ခင် ကိုယ့်ရုပ်ရည်ကို မိဘတွေက တာဝန်ယူတယ်၊ အသက်(၃ဝ)ကျော်ပြီးနောက် ကိုယ့်ရုပ်ရည်ကို ကိုယ့်ဘာသာ တာဝန်ယူပါတဲ့။ ဒီလို စကားမျိုးရှိတွေပေမယ့် တစ်ချို့မိန်းကလေးတွေက အိမ်ထောင်ဖက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြင်ရသူကို ခေါင်းခါချင်လောက်အောင် ပိုသီပတ်သီနိုင်လွန်းခဲ့ပါတယ်။

ချစ်သူရှိစမှာ မိန်းကလေးတွေက အလှအပကို အလေးထားတတ်ကြတယ်။

ဒီလိုမျိုးမိန်းကလေးမျိုးကို ကိုယ့်ပတ်ဝန်းကျင်မှာ အများအပြား တွေ့ရတတ်တယ်။ အခုဒီပို့စ်ကို ဖတ်နေတဲ့ မိန်းကလေးတွေလည်း အပါအဝင်ပါပဲ။ ချစ်သူဖြစ်စနဲ့ ဖြစ်ပြီးနောက်ရဲ့ အပြောင်းအလဲက သိသာလွန်းလှတယ်။ ချစ်သူရှိစမှာ မိန်းကလေးတွေရဲ့ မျက်နှာအရောင်လေးက ဝင်းလက်လို့နေတယ်။ အိမ်ကမထွက်ခင် လှလှပပဖြစ်အောင် စိတ်ရှည်လက်ရှည် ပြင်တတ်ကြတယ်။ ဆံပင်ပုံ၊ အဝတ်အစား စတာတွေ လိုက်ဖက်အောင် ဝတ်ဆင်ကြတယ်။ လက်ကောက်၊ လက်သည်းနီပါမကျန် လက်ကိုင်အိတ်ကိုတောင် ကိုယ်ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်မလိုက် အသေးစိတ် ရွေးခြယ်တတ်ကြတယ်။

ခါတိုင်း ဘောင်းဘီပဲဝတ်တတ်တဲ့ မိန်းကလေးက ရုတ်တရက် စကပ်နဲ့မိတ်ကပ်တွေ ပြင်လာပြီဆိုရင် ချစ်သူ သို့မဟုတ် ကိုယ်ကြိုက်တဲ့လူ ရှိလာလို့ဖြစ်တယ်။ အထူးသဖြင့် ကိုယ်အလေးချိန် သိသိသာသာ ကျလာတယ်။ ဝိတ်လျှော့ဖို့ ကြိုးစားလာကြတယ်ဆိုရင် ချစ်သူရှိလာလို့ပါပဲ။ ချစ်သူရှိတဲ့ မိန်းကလေးတွေက ပိန်ချင်ကြတယ်။ ကိုယ်အလေးချိန်ကို ဂရုစိုက်လာတတ်တယ်။ ဝိတ်ခိုးလျှော့လာတတ်တယ်။ ချစ်သူပွေ့ဖက်တာကို ခံရချိန် ခါးနားက အဆီတုံးကြီးကို မကိုင်မိဖို့ စိုးရိမ်လာတတ်ကြတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင် လေ့ကျင့်ခန်း လုပ်လာကြတယ်။ အိပ်ယာထတာနဲ့ ပေါင်ချိန်ကြည့်တတ်တယ်။ ဝိတ်ကျဆေးတွေ လိမ်းတယ်၊ သောက်တယ်၊ တီဗွီကလာတဲ့ အမျိုးသမီး အစီအစဉ်ကို မလွတ်တတ် ကြည့်တတ်လာကြတယ်။ ဒီအချိန်မှာ ဒီလို မိန်းကလေးတွေက အလှဆုံးဖြစ်တယ်။ သူတို့ရဲ့ မျက်နှာလေးတွေက ကန်ရေပြင်လို ကြည်လင် လှပနေတတ်တယ်။

အချစ် တည်ငြိမ်လာချိန်မှာ ပြင်ဆင်မှုတွေ လျော့ပါး၊ ပုံပျက်လာတတ်တယ်။

တည်ငြိမ်တဲ့အချစ်တစ်ခု ရပြီဆိုတာနဲ့ မိန်းကလေးတွေက အလှအပ၊ အပြင်အဆင်ကို လျော့လာကြတယ်။ အမြဲတမ်း အသင့်အနေအထားမျိုး ပြင်ဆင်ထားရမယ်လို့ မဆိုလိုပါဘူး။ လေ့ကျင့်မှုတော့ လိုပါလိမ့်မယ်။ တစ်ချို့ မိန်းကလေးရဲ့ အပြောင်းအလဲက လန့်စရာကောင်းလောက်အောင် ပိုသိသာမြန်ဆန်ပါတယ်။ ကိုယ်အလေးချိန် တိုးလာရုံတင်မက အပြင်အဆင်ကိုလည်း ဖြစ်သလို ပြင်ဆင်လာခဲ့တယ်။ အချစ်တွေ တည်ငြိမ်လာတော့ သူငါ့ကို လွယ်လွယ်နဲ့ ထားသွားမှာ မဟုတ်ဘူးဆိုပြီး အလှအပ ပြင်ဆင်မှုတွေ လျော့လာခဲ့တယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးတဲ့ မိန်းကလေးတွေက ပိုသိသာပါတယ်။

တစ်ချို့မိန်းကလေးတွေက အိမ်ထဲအိမ်ပြင် မခွဲခြားဘဲ အိမ်နေအင်္ကျီကို အလုပ်ဝတ်သွားတတ်တယ်။ ဒါမှမဟုတ် ညအိမ်ပြန်ရောက်ချိန်မှာ လိမ်းထားတဲ့ မိတ်ကပ်ကို မဖျက်ဘဲ သွားမတိုက်၊ မျက်နှာမသစ်ဘဲ အိပ်ယာဝင်တယ်ဆိုတာကို ယောကျာ်းတွေက တစ်ဖြေးဖြေး သတိထားလာမိတတ်ကြတယ်။ ချစ်စ၊ ကြင်စ၊ အိမ်ထောင်ကျစမှာ ဝတ်တတ်တဲ့ (sexy) ညဝတ်အင်္ကျီတွေက အခုတော့ တစ်ခြားအဝတ်အစား ဖားဖားကြီးတွေ ဖြစ်လို့နေတယ်။ ခေါင်းအုံးဘေးမှာ အိပ်နေသူကို အိပ်ရင်းအိပ်ရင်း ဘယ်က အဘွားကြီးလဲလို့ ထင်ရလောက်အောင် ပြောင်းလဲတတ်ကြခဲ့ပါတယ်။

အပြင်ပန်း အပြင်အဆင် ပေါ့လျော့တဲ့အပြင် တစ်ချို့မိန်းကလေးတွေက တိုးတက်လိုစိတ် မရှိတတ်ကြဘူး။ အပေါင်းအသင်းတွေ စုမိရင် ဟိုအတင်း၊ ဒီအတင်းလေး ပြောမယ်။ အလုပ်ချိန်မှာ msn နဲ့ အချိန်ဖြုန်းမယ်။ ရသစာလေး ဖတ်ရရင် အချိန်ကုန် အားစိုက်ရတယ်ဆိုပြီး အာဟာရမရှိတဲ့ တီဗွီအစီအစဉ်တွေကို ပိုနှစ်သက်တတ်တယ်။ စာအုပ်အရောင်းဆိုင်နဲ့ ရုပ်ရှင်ရုံဆိုရင် ခြေဦးတောင် မလှည့်မိတတ်ကြတော့ပါဘူး။ ထမင်းကောင်း၊ ဟင်းကောင်းလေး တစ်ဝိုင်းစားဖို့ ဆိုတာလည်း မရှိတော့ပါဘူး။ ဒီလိုမိန်းကလေးမျိုးအတွက် ပြောစရာစကား ဘာများရှိပါသေးသလဲ?

တစ်ချို့ယောက်ျားတွေက ရုပ်ရည်မကြည့်ပါဘူး၊ အတွင်းစိတ်ဖြူစင်ရင် ရပါပြီလို့ ပြောတတ်ကြပေမယ့် သူတို့စိတ်ထဲမှာတော့ "လူကြားထဲ တွဲခေါ်သွားနိုင်တဲ့၊ မီးဖိုချောင် နိုင်နင်းတဲ့၊ အိမ်ခန်း တာဝန်ကျေတဲ့" မိန်းမမျိုးကို လိုချင်ကြတာချည်းပါပဲ။ ယောက်ျားတွေရဲ့ မျှော်လင့်ချက်အောက်မှာ မိန်းမတွေ ရှင်သန်စရာ မလိုဘူးဆိုပေမယ့် ကိုယ့်သတ်မှတ်ချက် အထက်မှာတော့ ကိုယ်ရှိသင့်တယ်လို့ ထင်ပါတယ်။ အတင်းအဖျင်းတွေနဲ့ အချိန်ကုန်မဲ့အစား ဘာဖြစ်လို့ ကိုယ့်ကို အချိန်ပိုပေးပြီး လှပဖို့ အခွင့်အရေး မယူချင်ကြတာလဲ မိန်းကလေးတို့ရယ်...!

မိန်းကလေးတို့ရေ.. ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်လေ နည်းနည်းထားပါ။ ကိုယ့်ကိုယ် နည်းနည်းပိုချစ်ပါ။ တစ်ခါတလေ ကောင်မငယ်လေးတွေလို နေထိုင်ပါ။ အလုပ်ဆင်းတာနဲ့ အိမ်တန်းပြန်ဖို့ပဲ မလောပါနဲ့။ ရှော့ပင်းလေးသွားပါ၊ ဆံပင်ပုံစံ ပြောင်းကြည့်ပါ၊ ရှုပ်ထွေးနေတဲ့ စိတ်ကို ပြောင်းလဲကြည့်ပါ။ စာအုပ်ဆိုင်တွေ လည်ပတ်ပါ၊ ရုပ်ရှင်ကြည့်ပါ၊ အော်ဂင်းနစ်အစာတွေ စားသုံးပါ။ တရားထိုင်ကြည့်ပါ။ ဒါမှမဟုတ် ကိုယ့်ကို ကော်ဖီတစ်ဖျော်စာ အချိန်လေးပေးပြီး ရှုပ်ထွေးတဲ့ အလုပ်ကနေ တခဏလောက် ခွါကြည့်ပါ။ စိတ်ကို ကြည်ကြည်လင်လင် ထားကြည့်ပါ။

မိန်းကလေးတိုင်း အသက်အရွယ် အကန့်အကတ်မရှိဘဲ လှပနိုင်ကြပါတယ်။ အပြင်ပန်းနဲ့ အတွင်းစိတ်ကို ပြောင်းလဲချင်တယ်၊ အထက်ကို မနားတမ်း တက်ချင်တဲ့ စိတ်ရှိရင် ဖြစ်ကိုဖြစ်နိုင်ပါတယ်။

ကျွန်မကိုများ စောင်းရေးထားသလား ထင်ရလို့ ဘာသာပြန် မျှဝေလိုက်ပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ အလွန်အကျွံ အပြင်အဆင်တွေနဲ့ အလှအပအတွက် ပိုမသုံးဖြုန်းမိဖို့တော့ ဆင်ခြင်သင့်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

original from:
文/鳥來伯 (女人,請妳愛漂亮!)

Share/Bookmark

နှေးကွေးပါစေ...


အရှုံးနဲ့ ရင်ဆိုင်ခဲ့သူကို သူ့နောက်ကျောကြည့်ရုံနဲ့တင် သိနိုင်သလို အောင်မြင်တဲ့သူကို သူ့ခြေသံ နားထောင်ရုံနဲ့တင် သိနိုင်သတဲ့။ အောင်မြင်ချိန်မှာ ထောင်လွှားမောက်မာတဲ့ စကားမပြောပါနဲ့၊ ရှုံးနိမ့်ချိန်မှာ ဒေါသမာန်ထတဲ့ စကားမပြောပါနဲ့။

ဆရာတစ်ဦးက နည်းပညာနဲ့ ပတ်သက်ပြီး ဘာမှနားမလည်သလို ကွန်ပြူတာကိုလည်း မသုံးတတ်ခဲ့ဘူး။ ဆရာ အသက်(၅ဝ)ရောက်တော့ သူသင်တဲ့ကျောင်းမှာ ကွန်ပြူတာတပ်ဆင်ပြီး ကျောင်းသားတွေရဲ့ ရမှတ်၊ ကိုယ်ရေးရာဇဝင်တွေကို ကွန်ပြူတာထဲ ရိုက်ထည့်ပြီး ဖိုင်သိမ်းထားရမယ့် စနစ်ကို စခဲ့တယ်။

အသက်ကြီးပြီး ကွန်ပြူတာကို နကန်းတစ်လုံးမှ နားမလည်တဲ့ ဆရာက ဒီကိစ္စအတွက် စိတ်ဖိစီးမှုတွေ ရခဲ့တယ်။ ကျောင်းသားတွေကိုလည်း သူဟာ ကွန်ပြူတာနဲ့ မအပ်စပ်သူလို့ ပြောခဲ့တယ်။ ဆရာ့အဖြစ်ကို နားလည်တဲ့ ကျောင်းသားတွေက ကွန်ပြူတာ ကျွမ်းကျင်သူတွေကို ရှာပြီး ဆရာကိုကူညီဖို့ ပြောခဲ့တယ်။

ညနေကျောင်းဆင်းတော့ ဆရာ့ရုံးခန်းထဲ ကျောင်းသူတစ်ယောက် မဝံ့မရဲနဲ့ ရောက်လာခဲ့ပြီး ဆရာ့ကို စာကူရိုက်ပေးမယ့်အကြောင်း ပြောခဲ့တယ်။

"သမီး စာကောင်းကောင်း ရိုက်တတ်သလား?" ဆရာက မေးတော့

"သမီး ကွန်ပြူတာ မကျွမ်းဘူးဆရာ၊ စာရိုက်ရင်လည်း နှေးလို့ တစ်ခြားကျောင်းသားတွေ လှောင်တာကို အမြဲခံရတယ်" ကျောင်းသူက မျက်နှာနီလေးနဲ့ ဆိုပါတယ်။ ဆက်ပြီး "သမီးတို့အိမ်က ဆင်းရဲတယ်ဆရာ၊ ကွန်ပြူတာ မဝယ်နိုင်ဘူး။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် ဆရာကို သမီးကူညီချင်ပါတယ်။ အချိန်တော့ နည်းနည်းပေးရလိမ့်မယ် ဆရာ။ ဒါပေမယ့် ဒါဟာကျွန်မအတွက် စာရိုက်လေ့ကျင့်ဖို့ အကောင်းဆုံး အခွင့်အရေးလို့ ထင်ပါတယ်"

ကျောင်းသူစကားကြောင့် ဆရာ ခဏလောက် တွေဝေသွားခဲ့တယ်။ ကွန်ပြူတာ တတ်ကျွမ်းသူ မဟုတ်ဘဲ ကွန်ပြူတာ ငတုံးတစ်ယောက် သူ့ရှေ့ရောက်လာခဲ့တယ်။ ငြင်းလိုက်ရင် ကောင်းမလား? ကျောင်းသူရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်ဆန္ဒနဲ့ တက်ကြွတဲ့ အရိပ်တစ်ချို့ကို ဆရာတွေ့လိုက်ရတယ်။ ၃စက္ကန့်လောက် ဆရာစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်တယ်။

ဒုတိယနေ့က စပြီး ဒီကွန်ပြူတာ ငတုံးမလေးက ကျောင်းဆင်းတာနဲ့ ဆရာ့ရုံးခန်းဆီ ရောက်လာခဲ့ပြီး ကွန်ပြူတာထဲ စာတွေကို ဂရုတစိုက်ရိုက်ထည့်ခဲ့တယ်။ လက်ကွက်ရိုက်ချက်တွေ နှေးလွန်းပေမယ့် သူ့စိတ်ဓာတ်တွေက တက်ကြွနေတယ်။ အပျော်တစ်ချို့ သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေခဲ့တယ်။

ကွန်ပြူတာကို ဆရာနားမလည်ပါဘူး။ ဒါပေမယ့် ဒီကျောင်းသူလေးရဲ့ စာရိုက်နှုန်းက တစ်ခြားလူတွေထက် ၃ဆလောက် အချိန်ပေးရမယ်ဆိုတာကိုတော့ ဆရာကြည့်တာနဲ့ သိနေခဲ့တယ်။ ၃ရက်မြောက်တဲ့နေ့မှာ ဝမ်းသာပျော်ရွှင်တဲ့ ကျောင်းသူရဲ့အသံကို ဆရာကြားခဲ့ရတယ်။ "ဆရာ.. ဆရာ.. အားလုံးပြီးပြီ" ပလင့်ထုတ်ထားတဲ့ စာရွက်တစ်ရွက်ကို တရိုတသေနဲ့ ဆရာကို ကမ်းပေးနေခဲ့တယ်။

ကျောင်းသူရဲ့ "ရှေ့ဆောင်ရဲတဲ့ သတ္တိ၊ အလေးအနက်ထားတဲ့" အင်အားတွေက ဆရာ့ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ အခုခေတ်မှာ ဒီလိုကျောင်းသားတွေ နည်းသထက် နည်းခဲ့ပါပြီ။ ကွန်ပြူတာ တတ်ကျွမ်းတဲ့ ကျောင်းသားတွေက ထက်မြက်တယ်၊ ကျွမ်းကျင်တယ်ဆိုပေမယ့် ဆရာ့အတွက် အချိန်မပေးနိုင်ခဲ့ကြဘူး။ အချိန်ကို ငွေနဲ့ပဲ အဖိုးဖြတ်တတ်ခဲ့ကြတယ်။ အလုပ်များရင်လည်း မကြိုက်တတ်ကြပြန်ဘူး။

ဆိုရိုးစကားတစ်ခုမှာ "ပျော်ရွှင်တဲ့လူက သူ့မှာ ပိုင်ဆိုင်မှုတွေများလို့ ပျော်ရွှင်တာ မဟုတ်ပါဘူး၊ လိုချင်တပ်မက်မှုတွေ နည်းလို့ ပျော်ရွှင်တာပါ" တဲ့။

ဒါဗင်ချီက "တကယ်လို့ ဒီနေ့မှာ ကျွန်တော်ကြိုးစားပြီး သင်ယူမယ်၊ ပျော်ပျော်ရွှင်ရွှင် ရှင်သန်မယ်ဆိုရင် ဒီညမှာ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ တကယ်လို့ ကျွန်တော့်တစ်သက်လုံးမှာ ကျွန်တော်ကြိုးစားပြီး သင်ယူမယ်၊ ပျော်ပျော်ရွှင်ရွှင် ရှင်သန်မယ်ဆိုရင် ကျွန်တော့်ဘဝတစ်လျှောက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မယ်" လို့ ပြောခဲ့တယ်။

မှန်ပါတယ်... "ငါ တုံးတာ၊ အတာ ကိစ္စမရှိဘူး၊ တစ်ခြားလူထက် ငါ နှေးကွေးချင် နှေးကွေးမယ် ဒါပေမယ့် ဖြတ်လမ်းမလိုက်ဘူး၊ သင်ယူဖို့ ငါမကြောက်ရွံ့ဘူး" ဆိုပြီး "နေ့တစ်နေ့တိုင်းကို အကျိုးရှိရှိ" ကျွန်မတို့ ကျော်ဖြတ်ကြမယ်ဆိုရင် ဘဝဟာ နေပျော်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

original from : google search


Share/Bookmark

Sunday, January 18, 2009

ပြောမထွက်ဖြစ်ခဲ့တဲ့ အချစ်


ဂျပန်စာရေးဆရာ Lily Franky ရေးထားတဲ့ "တိုကျိုတာဝါ" စာအုပ်ကို စာရေးဆရာမ Heng Cao (曹姮) က တရုတ်လို ဘာသာပြန် ထုတ်ဝေခဲ့ပါတယ်။ ဘာသာပြန်သူက သူ့စာမှာ ဒီလိုရေးထားပါတယ်။

Lily Franky က သူငယ်စဉ် မိခင်နဲ့အတူ နေထိုင်ခဲ့တဲ့ အမှတ်တရတွေကို ရိုးရှင်းတဲ့ အဖွဲ့အနွဲ့၊ မခန့်ညားတဲ့ စကားလုံးတွေနဲ့ ရေးဖွဲ့ခဲ့ပါတယ်။ ဒီစာအုပ်ကို ဖတ်နေချိန်မှာ စာအုပ်ထဲမှာပါတဲ့ မြို့ပြရဲ့ ရုပ်ပုံတွေကို စာဖတ်သူရဲ့ ဦးနှောက်ထဲ တရေးရေး မြင်ယောင်စေသလို အဲဒီရှုခင်းတွေရဲ့ နောက်မှာ စာရေးသူ (Franky)အတွက် အမြဲ တစ်ကုပ်ကုပ် အလုပ်ရှုပ်နေတဲ့ မိခင်ကိုလည်း မြင်ယောင်စေပါတယ်။

ဂျပန်မှာ ဒီစာအုပ်ကို အုပ်ရေသိန်း၂ဝကျော် ရောင်းခဲ့ရပါတယ်။ လူတစ်ချို့က ဒီစာအုပ်ဟာ မိခင်ကိုစွဲလမ်းတဲ့ သားသမီးတွေရဲ့ အပြီးသတ် အကောင်းဆုံး စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ကို ဖတ်ဖူးတဲ့ ဂျပန်ယောက်ျားတိုင်း မျက်ရည်ကျခဲ့ရပါတယ်။ ကျွန်မသိတဲ့ ဂျပန်အဘိုးအိုတစ်ဦးက ဒီစာအုပ်ကို အရမ်းဖတ်ချင်ပေမယ့် သုံးလေးမျက်နှာသာဖတ်ပြီး ဆက်ဖတ်နိုင်စွမ်း မရှိခဲ့တဲ့အကြောင်း၊ စာအုပ်ထဲက အကြောင်းအရာက သူဖြတ်သန်းခဲ့ရတဲ့ ဘဝနဲ့ တူနေကြောင်း ပြောပါတယ်။ အဲဒီအဘိုးအိုက အသက်၆၅နှစ် ရှိနေပေမယ့် ဒီနေ့အထိ အိပ်ယာထက်မှာ လဲနေတဲ့ မိခင်ကို ကိုယ်တိုင်ရေချိုးပေးတယ်လို့ ပြောပါတယ်။ မိခင်လို့ ဆိုလိုက်တာနဲ့ သူ့မျက်ဝန်းတွေ နီလာပြီး မျက်ရည်တွေ တွဲခိုနေတာကို ကျွန်မတွေ့ခဲ့ပါတယ်။

မိခင်ကောင်းတွေက မိခင်ကိုစွဲလမ်းတဲ့သားတွေ မွေးထုတ်ပေးတယ်?

ဘာဖြစ်လို့ ဂျပန်ယောက်ျားတွေရဲ့ မိခင်ကိုစွဲလမ်းတဲ့ အစွဲအလမ်းက တစ်ခြားလူတွေထက် ပိုရသလဲ? ဒါကို ဂျပန်နိုင်ငံရဲ့လူနေမှုစရိုက်နဲ့ ဖွဲ့စည်းပုံကနေ ကြည့်ရပါလိမ့်မယ်။ ဒီခေတ်မှာ ဂျပန်နိုင်ငံဟာ စက်မှုပညာ ထွန်းကားတဲ့နိုင်ငံ ဖြစ်တယ်ဆိုပေမယ့် ဂျပန်အမျိုးသမီးတွေဟာ အိမ်ထောင်ကျတာနဲ့ လင်သားကိုပြုစုတဲ့ အိမ်ရှင်မဘဝကို ရွေးခြယ်လိုက်တော့တယ်။ "အိမ်ရှင်မ ပီသသူ" က "မိခင်ကို စွဲလမ်းတဲ့သား" တွေ မွေးထုတ်ပေးတဲ့ ရင်းမြစ်ဖြစ်ခဲ့တယ်။ မိသားစုကို ဦးစားပေးတဲ့မိခင်တွေ၊ သားသမီးကို ဂရုစိုက်မှု ပိုပေးတဲ့ မိခင်တွေကြောင့် ကလေးတွေဟာ ငယ်စဉ်ကတည်းက မိခင်ကိုပိုစွဲလမ်း၊ ပိုချစ်ခဲ့ကြတယ်။ အထူးသဖြင့် ယောက်ျားလေးတွေက ကြီးပြင်းလာသည့်တိုင် မိခင်ကို ချစ်ခင်စွဲလမ်းတဲ့ စွဲလမ်းမှုမျိုးကို လက်မလွတ်တတ်ခဲ့ကြဘူး။

နောက်အကြောင်းတစ်ခုက ဂျပန်အမျိုးသမီးတွေရဲ့ အသက်ပိုရှည်ကြတာနဲ့လည်း ဆိုင်ပါလိမ့်မယ်။ စာရင်းပြုစုချက်အရ ဂျပန်အမျိုးသမီးတွေရဲ့ ပျှမ်းမျှအသက်က ၈၅နှစ်အထိ ရှည်နိုင်ကြပါတယ်။ ငယ်စဉ်ကတည်းက မိခင်ရဲ့ အပြုအစု၊ ဂရုစိုက်မှုကို ခံရပြီး မိခင်ကို မှီခိုနေထိုင်တဲ့ "Neet" လူမျိုးစုတွေမှာ ကိုယ့်ကိုယ်ကို နေထိုင်ကြီးပြင်းတဲ့ အင်အားတွေ မဲ့ခဲ့ရတယ်။ ဖခင်သေဆုံးပြီးနောက် မိခင်နဲ့အတူ နှစ်ယောက်အတူ နေရတဲ့အချိန်တွေ ပိုများပြီး ကြီးပြင်းလာတဲ့သားတွေက အမေရဲ့ရင်းနှီးမှုတွေကို ပိုရခဲ့တယ်။ မိခင်နဲ့အတူ နေထိုင်ခဲ့တဲ့ ယောက်ျားတွေက မိခင်ရဲ့နေရာမှာ အစားထိုးတဲ့ အိမ်ထောင်ဖက်ကိုရှာဖို့ ပိုခက်ခဲခဲ့တယ်။

မိခင်ကို စွဲလမ်းတဲ့ ယောက်ျားမျိုးကို မကြောက်ပါနဲ့

ဟိုအရင်တစ်ချိန်က မိခင်ကိုစွဲလမ်းတဲ့ ဂျပန်ယောက်ျားမျိုးကို ကျွန်မလည်း အမြင်စောင်းခဲ့ဖူးတယ်။ ဂျပန်နိုင်ငံမှာ "အဲဒီယောက်ျားက သူ့အမေကို ချစ်လွန်းနေတယ်။ သူ့ကို ယူလို့မဖြစ်ဘူးနော်" စတဲ့ စကားကို အမြဲ ကြားရတတ်ပါတယ်။ တကယ်တော့ အမေ့ကိုစွဲလမ်းတတ်တဲ့ လူတွေမှာ နိုင်ငံ၊ ဒေသခွဲခြားလို့ မရပါဘူး။ "ကမ္ဘာပေါ်မှာ အမေကို မချစ်တဲ့၊ မစွဲလမ်းတဲ့သားဆိုတာ မရှိဘူး" လို့ ကျွန်မတို့ ပြောနိုင်ပါတယ်။ "ကမ္ဘာပေါ်မှာ အမေကို မချစ်တဲ့၊ မစွဲလမ်းတဲ့သားသမီးဆိုတာ မရှိဘူး" ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အမေကိုချစ်ကြောင်း ထုတ်ဖော်မပြောရုံ၊ အမှုအရာ မပြရုံဘဲ ကွာပါလိမ့်မယ်။ အမှုအရာ အေးစက်၊ ကြမ်းတမ်းတဲ့ ယောက်ျားတွေထက်စာရင် အမေကို စွဲလမ်းတဲ့ ယောက်ျားတွေက ပိုနူးညံ့သိမ်မွေ့ပါတယ်။

စာရေးဆရာ Lily ရဲ့ စာအုပ်ထဲမှာ အမေသေဆုံးသွားပြီးမှ ဘာကြောင့် အစကတည်းက အမေ့ကိုချစ်ကြောင်း မပြောဖြစ်ခဲ့တာလဲဆိုပြီး နောင်တရကြောင်း ရေးသားထားပါတယ်။ အမေ့ကိုချစ်လွန်းတဲ့ ရွံ့ရှာဖွယ်သားအဖြစ် လူတွေ ကဲ့ရဲ့ကြမှာစိုးလို့ မပြောဖြစ်ခဲ့ကြောင်း ဆိုပါတယ်။ ဒါကြောင့် ရင်ထဲက ခံစားချက်ကို ဖုံးဖိထားခဲ့ရတယ်။ တကယ်လို့ အခြားလူရဲ့ အစွေအစောင်း အကြည့်တွေကို သူဂရုမစိုက်ခဲ့ဘူးဆိုရင် အမေနဲ့သူဒီ့ထက် ပိုရင်းနှီးမယ်၊ အမေနားမှာနေပြီး အမေ့ကို ဂရုစိုက်စကားတွေ ပြောဖြစ်မယ်လို့ ဆိုပါတယ်။ တကယ်တော့ အမေ့ကိုချစ်တဲ့၊ စွဲလမ်းတဲ့သားက ကြောက်စရာ တစ်စက်မှ မကောင်းပါဘူး။ သူတို့မှာ တစ်ခြားလူထက် ပိုနူးညံ့သိမ်မွေ့တဲ့ ခံစားချက်တွေ ပိုင်ဆိုင်ထားတာလေး တစ်ခုတည်းပါ။

သင့်မှာ မိခင်ကိုချစ်ခင် စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ စမ်းသပ်ကြည့်ရအောင်.. Yes, No ထဲက အဖြေတစ်ခုကို ရွေးပေးပါ။

၁) ငယ်စဉ်ကတည်းက စကားနားထောင်ပြီး လိမ္မာတဲ့ကလေးလို့ မကြာခဏ ချီးကျူး ခံရဖူးတယ်။
(Yes) (No)

၂) မေမေဝယ်ပေးတဲ့ ပစ္စည်းနှစ်မျိုးကို သင့်ကိုယ်ပေါ်မှာ အချိန်မရွေး တွေ့နိုင်တယ်။ (yes ) (No)

၃) နေ့တိုင်း မေမေနဲ့ စကားငါးခွန်းအထက် ပြောဖြစ်တယ်။ (yes ) (No)

၎) မကြာခဏ မေမေနဲ့အတူ ဈေးဝယ်ထွက်ဖြစ်တယ်။ (yes ) (No)

၅) စိတ်ညစ် ဝမ်းနည်းစရာတွေ ကြုံတိုင်း မေမေကို အရင်သတိရမိတတ်တယ်။ (yes ) (No)

၆) "ငါ့မေမေကပြောတယ်" ဆိုတဲ့ စကားကို အကျင့်တစ်ခုလို သုံးစွဲတတ်တယ်။ (yes ) (No)

၇) သင်ဟာ အစာဂျီးများသူ (အစာရွေးသူ) ဖြစ်တယ်။ (yes ) (No)

၈) သင့်အပြင်ပန်းက ကြည့်ပျော်ရှုပျော်ဆိုပေမယ့် ဆန့်ကျင်ဖက်လိင်ရဲ့ နှစ်သက်မှုကို မရခဲ့ဘူး။
(yes ) (No)

၉) ဖေဖေကို သိပ်မချစ်ဘူး။ (yes ) (No)

၁ဝ) မေမေက အိမ်ထောင်ရှင်မဖြစ်တယ်။ (yes ) (No)


မေးခွန်း (၁ဝ) ခုလုံးကို No လို့ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ဝ% ပဲရှိပါတယ်။ သင်နဲ့ မေမေရဲ့ဆက်ဆံရေးက အေးစက်လွန်းပါတယ်။

yes လို့ ၁ မှ ၃ ခုအထိ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၃ဝ% ရှိပါတယ်။ တစ်ခြားလူတွေ သီးခံလောက်တဲ့ အဆင့်ထဲမှာ ပါပါတယ်။ တစ်နည်းပြောရရင် "ရိုသေတဲ့ သားသမီး" လို့ ဆိုနိုင်ပါတယ်။

yes လို့ ၄ မှ ၆ ခုအထိ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၆ဝ% ရှိပါတယ်။ သင်ဟာ မိခင်ကို မတော်လှန်တတ်သူဖြစ်တယ်။ မေမေက သင့်ဘဝရဲ့ အရေးကြီးဆုံးနေရာမှာ ရှိခဲ့ပါတယ်။ မေမေကို ယုံကြည်မှီခိုတတ်တဲ့ သားသမီးလိမ္မာ ဖြစ်ပါတယ်။

yes လို့ ၇ မှ ၉ ခုအထိ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၉ဝ% ရှိပါတယ်။ တစ်ခြားလူ သီးခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး မိခင်ကို နှစ်သက်စွဲလမ်းသူဖြစ်တယ်။ ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့် ခံရသူဖြစ်ပြီး ဘာကိစ္စမဆို မိခင်ကို အားကိုးတတ်သူဖြစ်တယ်။ မေမေ မရှိရင် အသက်မရှင်နိုင်တဲ့ အမျိုးအစားထဲက ဖြစ်တယ်။ တကယ်လိုသင်ဟာ မိခင်နဲ့ အမြဲအတူနေတဲ့ ယောက်ျားလေးဆိုရင် သင်ယူမယ့် မိန်းကလေးအတွက် ယောက္ခမနဲ့ ချွေးမကြားက ပြဿနာတွေကို ဖြစ်ပွါးစေနိုင်ပါတယ်။

မေးခွန်း(၁ဝ)ခုစလုံး yesလို့ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၁ဝဝ% အပြည့် ရှိပါတယ်။ ဒီလိုယောက်ျားမျိုးက မိန်းမ မယူနိုင်လောက်အောင် မိခင်ကိုပဲ အစွဲလမ်းလွန်သွားပါတယ်။ မေမေထက်ကောင်းတဲ့မိန်းမ ဒီလောကမှာ မရှိတော့ဘူးလို့ ထင်သူဖြစ်တယ်။ တစ်ခြားမိန်းကလေးထက် မေမေရှိနေရင် အရာရာပြည့်စုံပြီလို့ ထင်သူဖြစ်တယ်။ ကုစရာဆေးမရှိလောက်အောင် မိခင်ကို ချစ်ခင်၊ နှစ်သက်၊ စွဲလမ်းသူ ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မူရင်း ရေးသားသူး
Heng Cao (曹姮)


Share/Bookmark