Saturday, February 28, 2009

ဆင်းရဲဒုက္ခကို ကျော်လွှားတဲ့ အမျိုးသမီး


အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ Hillary Clinton ဟာ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ခန့်အပ်ခြင်း ခံခဲ့ရတယ်။ တာဝန်လွှဲပြောင်းပွဲကို ဟီလာရီဟာ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ကလင်တန်နဲ့အတူ တက်ရောက်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့တယ်။

ကျေးဇူးတင်စကား ပြောစဉ်မှာ ဟီလာရီက ခင်ပွန်း ကလင်တန်ကို "ကျွန်မသူ့ကို အရမ်းကျေးဇူးတင်မိတယ်။ ဒီတစ်သက် ကျွန်မကို အတွေ့အကြုံ အမျိုးမျိုး သူပေးခဲ့တယ်" လို့ ထည့်ပြောခဲ့တယ်။ စကားထဲမှာ ဟီလာရီက 'အမျိုးမျိုး' ဆိုတဲ့ နေရာအရောက်မှာ အသံကို ပိုမြင့်လိုက်တယ်။ တစ်ချိန်က ကလင်တန်ရှုပ်ပွေခဲ့တာကို ရည်ညွှန်းသလို ရှိတာမို့ ပရိသတ်တွေရဲ့ ရယ်မောသံက အသောမသတ်ခဲ့ဘူး။

ခင်ပွန်းသည်ရဲ့ လူမှုရေးချိုးဖောက်မှုနဲ့ အရှက်တရားအောက်ကနေ ရုန်းထွက်နိုင်ခဲ့တဲ့ အမျိုးသမီး၊ အတင်းသတင်းဆိုးတွေ ကြားမှာ ရှင်သန်နိုင်ခဲ့တဲ့ အမျိုးသမီးဟာ စိတ်ဓာတ်ကြံ့ခိုင်သူဆိုရင် ဧကန်အမှန်ဖြစ်ပါတယ်။

သူမရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းအောင် လုပ်ခဲ့သူဟာ ခင်ပွန်း ကလင်တန်ကလွဲလို့ ဘယ်သူရှိနိုင်ဦးမလဲ? ဒါပေမယ့် စင်ပေါ်တက် စကားပြောတိုင်း အဲဒီကိစ္စကို ဟီလာရီ ချန်မထားဘူး။ သူမကပဲ အစဖော်ပြီး ပြောခဲ့တယ်။ အဲဒီသတင်းဆိုးကြားမှာပဲ သူမ ရှင်သန်ခဲ့တယ်။ ဖြစ်ပျက်ခဲ့သမျှကို သူမရင်ဆိုင်တယ်၊ လက်ခံတယ်၊ ဆုံးဖြတ်ချက်ချတယ်။ သတင်းဆိုးတွေက သူမကို မနစ်မြုပ်နိုင်ခဲ့ဘူး။ သူမရဲ့ စိတ်ဓာတ်ကို ဆွဲမချနိုင်ခဲ့ဘူး။

ကလင်တန်ကို ကျေးဇူးတင်သင့်ပါတယ်။ "အတွေ့အကြုံ အမျိုးမျိုး" ဆိုတဲ့စကားကို ဘယ်လိုပြက်လုံး ထုတ်ပြီး ပြောလည်း ဒါဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ပါ။

ဆင်းရဲဒုက္ခက အဆင်ပြေချောမွတ်ခြင်းထက် ကျွန်မတို့ကို အတွေ့အကြုံ ပေးနိုင်ခဲ့ပါတယ်။ ကိုယ်နဲ့အရင်းနှီးဆုံးလူက ကိုယ့်ကို စိတ်ဆင်းရဲမှုတွေ ပေးတယ်၊ ရင်ကွဲမတတ် စိတ်ထိခိုက်မှုတွေ ပေးတယ်။ အဲဒီလို ဘဝအတွေ့အကြုံနဲ့ ခံစားချက်က ဘဝအတွက် တကယ်တန်ဖိုးရှိနိုင်မယ်လို့ ထင်ပါတယ်။

အခက်အခဲအမျိုးမျိုး၊ ခါးသီးတဲ့ အတွေ့အကြုံနဲ့ ရှင်သန်ရတာက ဘာမှန်းညာမှန်း မသိဘဲ ရှင်သန်နေတာထက်စာရင် သာပါတယ်။ မကျော်ဖြတ်နိုင်တဲ့ ကိစ္စဆိုတာ မရှိသလို၊ ပြန်ပြီး ထမရပ်နိုင်လောက်တဲ့ အခက်အခဲဆိုတာ မရှိပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးက တစ်ခြားအမျိုးသမီးတွေထက် သာလို့လှပါတယ်။ မိန်းကလေးတို့ရေ... ဘာအကြောင့်ကြောင့်မှ ကိုယ့်စိတ်ဓာတ်ကို အနစ်မွန်း မခံလိုက်ပါနဲ့....

မူရင်းရေးသားသူ - Zeng Wei-yu (曾維瑜) 越過逆境的女人 or Google search

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, February 27, 2009

ရပ်နားချင်တဲ့အချိန် ရပ်နားပါ


သြစတေးယားမှာရှိတဲ့ Alps တောင်တန်းတစ်နေရာက ရှုမျှော်ခင်းလမ်းမှာ ဆိုင်းပုဒ်လေးတစ်ခု ချိတ်ဆွဲထားတယ်။ ဆိုင်းပုဒ်ပေါ်မှာ "ဖြေးဖြေးလျှောက်ပါ။ ရှုခင်းတွေကို ကြည့်ရှုခံစားပါ" လို့ ရေးထားတယ်။

အခုခေတ်လူတွေက အလျှင်စလို နိုင်လွန်းတယ်။ လူအများက ပျားပန်းခတ် လှုပ်ရှားနေတဲ့ လောကကြီးထဲမှာ နေထိုင်ကြရတယ်။ ခြေရောလက်ပါ အနားမရခဲ့ကြဘူး။ သူတို့ဟာ ကားပေါ်ကခရီးသည်တွေလို Alps တောင်ကို အလျှင်အမြန် ကျော်ဖြတ်ခဲ့ကြတယ်။ ခဏလောက် ရပ်နားပြီး လှပတဲ့ ရှုခင်းကိုခံစားဖို့ သူတို့ အချိန်မရခဲ့ကြဘူး။ နောက်ပြန်လှည့်ကြည့်ဖို့ သူတို့အချိန်မရှိခဲ့ဘူး။ နောက်ဆုံး သဘာဝအလှတရားနဲ့ ပြည့်နှက်နေတဲ့ လောကကြီးရဲ့ အလှအပကို သူတို့လျှစ်လျှူရှူခဲ့မိကြတယ်။ အလျှင်စလိုနိုင်မှု၊ စိုးရိမ်မှု၊ အလုပ်အရှုပ်တွေသာ သူတို့အတွက် ကျန်ရစ်ခဲ့တယ်။

ဟော်လိဝုဒ် အဆိုတော်တစ်ဦးက သူ့ရဲ့ စိတ်ခံစားချက်တစ်ချို့ကို အခုလို ဖွင့်ဟခဲ့ဖူးတယ်။

"ကျွန်တော်ငယ်ရွယ်တုန်းက တောင်ထိပ်အထိ အလောတကြီး တက်ခဲ့တယ်။ ပြိုင်ပွဲဝင်တဲ့ မြင်းတစ်ကောင်လိုပေါ့။ မျက်ကာကိုတပ်ပြီး ရှေ့ကိုပဲ အားသွန်ခွန်စိုက် ပြေးခဲ့တယ်။ ပန်းတိုင် မျဉ်းအဖြူကြောင်းက လွဲလို့ တစ်ခြားဘာမှ မမြင်ခဲ့ဘူး။ အလုပ်များတဲ့ ကျွန်တော့်ကို အဘွားက စိုးရိမ်တကြီးနဲ့ "သား... အလျှင်မလိုနဲ့... အလျှင်လိုရင် လမ်းပေါ်က ရှုခင်းတွေနဲ့ သားလွဲချော်သွားရလိမ့်မယ်" လို့ ပြောခဲ့တယ်"

"အဘွားစကားကို ကျွန်တော် နားမဝင်ခဲ့ဘူး။ စိတ်ထဲမှာလည်း 'လူတစ်ယောက်က ဒီလမ်းကို ဘယ်လိုလျှောက်ရမယ်ဆိုတာ သိရင် ဘာဖြစ်လို့ လမ်းခုလတ်မှာ ခဏရပ်နားပြီး အချိန်တွေကို ဖြုန်းတီးနေတော့မလဲလို့' တွေးခဲ့မိတယ်။ ဒါကြောင့် ရှေ့ကိုပဲ ကျွန်တော်ပြေးခဲ့တယ်။ တစ်နှစ်လွန်ပြီးနောက် နေရာတစ်ခု ကျွန်တော်ရလာခဲ့တယ်။ နာမည်၊ ပစ္စည်းဥစ္စာနဲ့ ချစ်စရာ မိသားတစ်စု ကျွန်တော် ပိုင်ဆိုင်လာခဲ့တယ်။ ဒါပေမယ့် တစ်ခြားလူတွေလောက် ကျွန်တော် မပျော်ရွှင်ခဲ့ဘူး။ မပျော်ရွှင်အောင် ကျွန်တော်ဘာအမှားများ လုပ်ခဲ့မိသလဲဆိုတာကို ကျွန်တော်နားမလည်ခဲ့ဘူး"

"တစ်ခါက နယ်တစ်ခုမှာ ကျွန်တော် သီချင်းသွားဆိုရတယ်။ ကျွန်တော် သီဆိုမှုအပြီးမှာ ပရိသတ်တွေရဲ့ လက်ခုပ်သံက မစဲခဲ့ဘူး။ အဲဒီပွဲ အောင်မြင်လို့ ကျွန်တော်အရမ်း ဝမ်းသာခဲ့တယ်။ အဲဒီအချိန်မှာပဲ ဝန်ထမ်းတစ်ယောက်က ကျွန်တော်ကို ဖုန်းလာပေးတယ်။ ကျွန်တော့်ဇနီး ဆက်လာတဲ့ဖုန်းပါ။ ကျွန်တော့်ရဲ့ စတုတ္ထမြောက်သား မွေးဖွားကြောင်း သတင်းပေးတာဖြစ်တယ်"

"ရုတ်တရက် ကျွန်တော်အရမ်း ဝမ်းနည်းသွားမိတယ်။ ကလေးမွေးတဲ့အချိန်တိုင်း အိမ်မှာ
ကျွန်တော်ရှိမနေခဲ့ဘူး။ ကလေးမွေးဖွား ပြုစုတာကို ကျွန်တော့်ဇနီး တစ်ယောက်ထဲပဲ တာဝန်ယူခဲ့တယ်။ ကလေးတွေ စလှမ်းတဲ့ ပထမခြေလှမ်းကို ကျွန်တော်မမြင်ခဲ့ဖူးဘူး။ ကလေးတွေရဲ့ ရယ်မောသံ၊ ငိုသံတွေကို ကျွန်တော် နားမထောင်ခဲ့ဖူးဘူး။ သူတို့နဲ့ ပတ်သက်တဲ့အကြောင်းကို ကျွန်တော့်ဇနီးဆီကပဲ ကြားခဲ့ရတယ်"

"အဘွားပြောခဲ့တဲ့ စကားကို ကျွန်တော် အမှတ်ရလာတယ်။ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ကျွန်တော်ဝေးကွာခဲ့ရတယ်။ ဖတ်စရာစာအုပ်တွေ ကျွန်တော်မကိုင်တာ ကြာခဲ့ပြီ။ ခြံထဲက ပန်းပင်တွေ ကျွန်တော်မကြည့်တာ ကြာခဲ့ပြီ။ အပန်းဖြေခရီးထွက်ဖို့ ဇနီးကို ဂတိပေးခဲ့တာလည်း အလုပ်ကြောင့် ကျွန်တော် ဖျက်လိုက်ရတယ်"

စိတ်ပညာရှင်တစ်ဦးက ဒီလိုဆိုပါတယ်။

"စိတ်ကူးပဲရှိပြီး လက်တွေ့မရှိရင် ဘဝက မရှင်သန်နိုင်ဘူး။ ဒါပေမယ့် တစ်သက်လုံး စက်ရုပ်လို မရပ်မနား လည်ပတ်နေရင် ဘဝက ပိုအဓိပ္ပါယ်မဲ့တယ်"

အရောင်စုံတဲ့ ဒီလောကကြီးထဲ အခွင့်အရေးရလို့ ရောက်လာခဲ့ပြီဆိုရင် ခရီးသွားတစ်ယောက်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပြီး တောင်တက်သည်ဖြစ်စေ၊ ရေထဲ ဖြတ်လျှောက်သည်ဖြစ်စေ ခရီးကို ဆုံးခန်းထိတိုင်အောင် သွားရမယ်။ ပတ်ဝန်းကျင်က ရှုခင်းတွေကို ခံစားကြည့်ရှုမယ်။
စိတ်အပန်းဖြေမယ်။ ဆက်လျှောက်ချင်တဲ့အချိန် ဆက်လျှောက်ပြီး ရပ်နားချင်တဲ့အချိန် ရပ်နားမယ်။ ပျော်ရွှင်မှုနဲ့ တန်ဖိုးထားသင့်တဲ့ အရာကို ရှာဖွေမယ်။

လျှောက်လှမ်းတာက နေရာတစ်ခုကို အရောက်သွားဖို့.... ရပ်နားတာက ကြည့်ရှုခံစားဖို့တဲ့... ဒါကြောင့် "ဖြေးဖြေးလျှောက်ပါ။ ရပ်နားချင်တဲ့အချိန်မှာ ရပ်နားပြီး ကိုယ့်ပတ်ဝန်းကျင်က အရာတွေကို ကြည့်ရှုခံစားပါ" လို့...

ဝယ်လာတဲ့ စာအုပ်၎အုပ်ထဲက အပန်းရောင်တစ်အုပ် He' Yue-Qing (何躍青) တည်းဖြတ်ထားတာ ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, February 26, 2009

တောင်ကြီးကို လွမ်းနေမယ့်သူအတွက်


ဟိုးးး တက္ကသိုလ်ဘက်တောင် လူနေအိမ်တွေနဲ့ တော်တော်စည်နေပါပြီ

မြို့လယ်က ကစားကွင်း

မြို့မဈေးကို မှတ်မိမယ်ထင်တယ်

တိုက်ခေါင်မိုးနီနီတွေက ဟိုးအောက် စဝ်စံထွန်းဆေးရုံ အထိပေါ့

တောင်ပေါ်တစ်တောင်လုံး စွယ်တော်ပန်းတွေ ဖွေးဖွေးဖြူအောင် ပွင့်နေပေါ့
(စွယ်တော်အဖူးနဲ့ အပွင့်ကို ပြုပ်ပြီး ပဲပုတ်နဲ့ကြော်စား တအားကောင်း)

အေးစေတီမှာ နေခဲ့တယ်ဆိုတဲ့ ဟိုအစ်ကိုနဲ့အစ်မ ဒီနေရာကို မှတ်မိမယ်ထင်တယ်။

သဲတွင်း လေယာဉ်ပြေးကြောင်းက ကြည့်တော့ ဘုရားဖြူလည်း တိုက်တွေနဲ့ စည်လို့...

မြစိမ်းတောင်

မြစိမ်းတောင်သွားတဲ့ လမ်းနှစ်ခွ

အရင် လေယာဉ်လက်မှတ်ရုံးက ကုန်းအတက်

အိမ်နားက မယ်သီလရှင်ကျောင်း

တောင်ကြီးမြို့လို့သာပြောတာ တကယ်ဆို ကျွန်မတို့ ရပ်ကွက်ဘက်က ပုံတွေပါပဲ။ အထူးသဖြင့် ဘုရားဖြူဖက်မှာ နေသူတွေအတွက် အလွမ်းပြေပေါ့...

နိုင်းနိုင်းစနေ



Share/Bookmark

စားမယ်... ဝါးမယ်


စားဖြစ်ခဲ့တဲ့ မုန့်တစ်ချို့နဲ့ တွေ့ခဲ့မြင်ခဲ့တဲ့ မုန့်တစ်ချို့ပါ။ မြန်မာပြည်နဲ့ အတန်ကြာ ဝေးကွာနေသူတွေအတွက် ဈေးနှုန်းပါ ဖော်ပြလိုက်ပါတယ်။

မကွေး-တောင်ကြီးအပြန် တွေ့ခဲ့တဲ့အကြော်စုံပါ။ ငုံးကြော်တစ်ကောင် ၂ဝဝကျပ်၊ ငါးကြော် ၁၅ဝကျပ်

အညာဆီးယိုနဲ့ ထန်းညှက်တွေ ဖြစ်တယ်။ ဝယ်မစားကြည့်တော့ ဈေးနှုန်းမမေးမိခဲ့ဘူး

ဖြူဝိုင်းဝိုင်းနဲ့က ထန်းသီးမုန့်တဲ့.. ကျွန်မ အခုမှ မြင်ဖူးတယ်။ ဝယ်မစားကြည့်ခဲ့ဘူး... ငုံးဥ ၄လုံး ၂ဝဝကျပ်၊ ကြက်ဥပြုပ်တစ်လုံး ၂ဝဝကျပ်

အရောင်စုံဒန်ပေါက်ပေါ့.. ဝယ်မစားခဲ့ပါဘူး။ တောင်ကြီး ရွှေဘုန်းပွင့်ဘုရားက ဘုန်းကြီးမွေးနေ့ဆိုလို့ သွားစားခဲ့ပါတယ်။ မဆလာအနံ့ကို မခံနိုင်တဲ့ကျွန်မ နည်းနည်းပဲ စားခဲ့တယ်။

မြေအိုးမြီးရှည် တစ်ပွဲ ၁ဝဝဝကျပ်... အခု တောင်ကြီးမှာ ဒါတွေ ခေတ်စားနေတယ်။ ပဲငပိနဲ့ချက်ထားတော့ စားလို့ကောင်းပါတယ်။ ဒါစားပြီးရင် ဒိန်ချဉ်သောက်ပေါ့။ ဒိန်ချဉ်တစ်ခွက် ၅ဝဝကျပ်၊ ထိုဟူးနွေး၊ ခေါက်ဆွဲ တစ်ပွဲ ၇ဝဝကျပ်

စတော်ဘယ်ရီ တစ်ခြင်း ၁၈ဝဝကျပ်၊ ၁၅ဝဝကျပ် အစားစားရှိပါတယ်။ ဈေးပေါရင် သတိထားပါ.. ခြင်းအောက်မှာ အရွက်တွေ ခံထားတတ်ပါတယ်။ ပန်းကန်ထဲက တစ်ပန်းကန် ၃ဝဝကျပ်၊ ၂ဝဝကျပ်....

ဒီထဲကို သကြားထည့်ပြီး ကျွန်မတစ်ယောက်ထဲ စားပစ်လိုက်တယ်။ နိုင်ငံခြားမှာ ရနိုင်တဲ့ အာလူးသီးလောက်ရှိတဲ့ စတော်ဘယ်ရီထက် အရသာပိုရှိတယ်။

သစ်တော်သီးနဲ့ ချဉ်စော်ခါးသီးကို အချဉ်တည်ထားတာပါ။ ကားစီးလို့ မူးနောက်နောက် ဖြစ်နေတဲ့အချိန် ငရုတ်သီး စပ်စပ်နဲ့ အရမ်းစားကောင်းပါတယ်.. ၁ဝဝဖိုး၊ ၂ဝဝဖိုး ရပါတယ်။

ရွှေလီမှာ သူငယ်ချင်း ကျွေးခဲ့တဲ့ ဟော့ပေါ့ပါ။ တစ်ဖက်က အစပ်(မာလာ)၊ တစ်ဖက်ကအချို... အဲတာကြီးစားပြီး ကျွန်မ တောင်ကြီးပြန်တဲ့အထိ လျှောခဲ့ပါတယ်.. :P

တောင်ကြီးမှာ အစားကောင်းတွေ စုံပါတယ်။ အခုတော့ ပုံပဲကြည့်ပြီး ဖြေသိမ့်ကြပါလို့... လူချင်းတွေ့တဲ့အခါ တကယ်ကျွေးပါ့မယ်း) မြန်မာကျပ်ငွေတွေ ဈေးတက်ပေမယ့် အစားအစာ ဈေးနှုန်းက မကျခဲ့ပါဘူး။ ခရီးတွေသွားခဲ့လို့ ကျောင်းလခ ၄လစာ ပြုတ်သွားပါတယ်။ အခုတော့ အစ်မကျွေးလို့ စားနေရတဲ့ ဘဝပါ...း( ဘာပဲဖြစ်ဖြစ် အလုပ်လုပ်မယ်၊ ငွေစုမယ်... နောက်နောင်နှစ်တွေမှာ သူငယ်ချင်းတွေနဲ့ မြစ်ကြီးနား၊ ပူတာအိုအထိ သွားဖို့ အဖော်ညှိထားပါသေးတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, February 25, 2009

ရွှေစက်တော်သို့ တစ်ခေါက်


မူဆယ်ကအပြန် မန္တလေးအရောက်မှာ သူငယ်ချင်း စမ်းစမ်းအေးက တောင်ကြီးမပြန်သေးဘဲ တစ်ခြားတစ်နေရာကို သွားဖို့ အကြံပေးပါတယ်။ ဒီလို နှစ်ယောက်အတူ ထွက်လည်ရတဲ့ အခွင့်အရေးက ၂ခါ မရှိနိုင်တဲ့အတွက် ကျွန်မလည်း ခေါင်းညိတ်သဘောတူလိုက်တယ်။ အဲဒီလိုနဲ့ သူလဲမရောက်ဖူး၊ ကျွန်မလည်း မရောက်ဖူးတဲ့ မကွေးတိုင်း မင်းဘူးခရိုင်မှာရှိတဲ့ နာမည်ကြီး ရွှေစက်တော်ကို ကျွန်မတို့ ရောက်ခဲ့ကြတယ်။

သတ္တဝါတွေ ကျန်းမာချမ်းသာဖို့ ကံ့ကော်ပန်းတွေနဲ့ ဘုရားမှာ သူဆုတောင်းနေတယ်

မကွေးကိုသွားတဲ့ ကားက ညနေမှထွက်တာကြောင့် မနက်ပိုင်းမှာ အားနေတဲ့အချိန်ကို အသုံးချပြီး ကျွန်မတို့ မန္တလေးက ဘုရားကြီးကို သွားဖူးခဲ့ပါတယ်။

ဘုရားကြီးတစ်နေရာမှာ တွေ့ရတာပါ။ ကိုယ်ဝေဒနာ ခံစားနေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ရုပ်တုမှာ ပွတ်တိုက် ဆုတောင်းပေးရင် ပျောက်တယ်လို့ ဆိုင်းပုဒ်မှာ ရေးထားပါတယ်။ ဒါကြောင့် ရုပ်တုရဲ့ တစ်ချို့ အစိတ်အပိုင်းတွေက ပွတ်တိုက်ဖန်များလို့ ပြောင်ချောနေတာ တွေ့ခဲ့ရတယ်။

အဲဒီနောက် ညနေမှာ ကျွဲဆည်ကန်ကနေ ကျွန်မတို့ မကွေးကားစီးပြီး မကွေးကို ထွက်လာခဲ့ကြပါတယ်။ ကားခတစ်ယောက် ၅၅ဝဝကျပ်... ရှမ်းပြည်ဖက်သွားတုန်းက ကားထွက်တာနဲ့ စိုင်းဆိုင်မောဝ်၊ စိုင်းထီးဆိုင် သီချင်းကို ဖွင့်ပါတယ်။ မကွေးကားက အငြိမ့်နဲ့ လူရွှင်တော်တွေ ဖွင့်ပါတယ်။ စိန်ဝင်းထွန်း၊ အင်္ဂလန်စိန် သီချင်းတွေကို ဖွင့်ပါတယ်။ နေရာဒေသ ကွာခြားတဲ့အတွက်ကြောင့်လား မသိ အကြိုက်ချင်းတွေကလည်း မတူခဲ့ကြပါဘူး။ စကား လေယူလေသိမ်းက အစ၊ ပတ်ဝန်းကျင် အနေအထားကအဆုံး မကွေးဖက်သွားတဲ့ လမ်းက မြေပြန့်တွေ များခဲ့ပါတယ်။ ညခရီးဆိုတော့ ထုံးစံအတိုင်း ဘာမှ မမြင်ခဲ့ရပါဘူး။ ကျောက်ပန်းတောင်းအထိ လမ်းကောင်းခဲ့ပါတယ်။

ကျောက်ပန်းတောင်းက အာလူးကြော် (အောင်ပန်း အာလူးကြော်နဲ့ ဈေးနှုန်းတူပေမယ့် အထုပ်ပိုကြီးပါတယ်)

ညနေ ၅ နာရီမှာ မန္တလေးကထွက်တဲ့ ကားက မနက် ၄ နာရီမှာ မကွေးကို ရောက်ပါတယ်။ မသွားဖူး၊ မလာဖူးတဲ့ နေရာကို မှောင်မည်းမည်းကြီး ရောက်လာတယ်ဆိုတော့ ကျွန်မတို့ ဘယ်သွားရမှန်း မသိခဲ့ပါဘူး။ ရိတ်စားကြမယ့် သုံးဘီးဆိုင်ကယ်သမားတွေက သူ့ထက်ငါ ခရီးသည်တွေကို ဝိုင်းလုနေကြပါတယ်။ ကျွန်မတို့လည်း ကြောက်ကြောက်နဲ့ ဆိုက်ကားတစ်စီးငှားပြီး နီးစပ်ရာ တည်းခိုခန်းကို ပို့ခိုင်းခဲ့ပါတယ်။

ကားကြီးဂိတ်နဲ့ နီးပြီး လူပေါင်းစုံရောက်လို့ ထင်တယ်.. ဆိုက်ကားဆရာ ပြတဲ့ တည်းခိုခန်းက အရမ်းကို ညစ်ပတ်ပါတယ်။ နံရံတွေမှာ ကွမ်းသွေးတွေ ပေနေတဲ့အပြင် ခင်းကျင်းထားတဲ့ အိပ်ရာခင်းက ပြဲရိနေတယ်။ ဘာလိုများ ဒီလိုပုံစံနဲ့ တည်းခိုခန်း ဖွင့်သလဲ မသိပါဘူး။ မသန့်ရှင်းတဲ့အတွက် နောက်တည်းခိုခန်းတစ်ခု ပြောင်းဖို့ ဆိုက်ကားဆရာကို ကျွန်မ တောင်းဆိုခဲ့ပါတယ်။ နောက်တည်းခိုခန်းက ရှေ့တည်းခိုခန်းနဲ့ ထူးမခြားနားခဲ့ပါဘူး။ ဒီထက်ပိုကောင်းတဲ့ တစ်ခုကို ပို့ပေးဖို့ ကျွန်မထပ်တောင်းဆိုတော့ ဝေးတယ်ဆိုပြီး ဆိုက်ကားဆရာ လိုက်မပို့ခဲ့ပါဘူး။ (မနက်မိုးလင်းမှ ပိုသန့်တဲ့ တည်းခိုခန်းက ကျွန်မတို့တည်းတဲ့ တည်းခိုခန်းရဲ့ ၃မိနစ် လမ်းလျှောက်နေရာမှာ ရှိတာကို တွေ့ခဲ့ရပါတယ်)

နောက်မှ သိရတာက တည်းခိုခန်းပိုင်ရှင်နဲ့ ဆိုက်ကားဆရာတို့ ညှိထားပြီး ဧည့်သည်ကို လိုက်ပို့ရင် ဆိုက်ကားဆရာ ကော်မရှင်ခ စားရလို့ပါတဲ့။ အဲဒီမှာတည်းတာ တစ်ညကို လူတစ်ယောက် (၃ဝဝဝ) ကျပ်၊ ပေးရတာနဲ့ မတန်ခဲ့ပါဘူး။ တကယ်ဆို မကွေးမြို့ဆိုတာ မကွေးတိုင်းကြီး တစ်ခုလုံးရဲ့မြို့တော်ပါ။ ဒါပေမယ့် မြို့တော်ဟာ မြို့တော်အင်္ဂါရပ်နဲ့ မညီညွတ်အောင် ညစ်ပတ်ခဲ့ပါတယ်။

ရွှေစက်တော်ကို သွားမယ်ဆိုတော့ ကားဆရာတွေက အငှားကားနဲ့ သွားခိုင်းပါတယ်။ တစ်ယောက်ကို ၅ဝဝဝကျပ် ယူပြီး (ရှေ့ခန်း ၆ဝဝဝကျပ်) မကွေးမှာရှိတဲ့ နာမည်ကြီးဘုရား ၄ဆူကိုလည်း ပိုပေးမယ်လို့ ဆိုပါတယ်။ ရွှေစက်တော်ကိုသွားတဲ့ လိုင်းကားက တစ်ယောက်ကို ၁၇ဝဝကျပ်ပါ။ ခရီးထွက်တဲ့အချိန်မှာ ငွေကို ချွေတာနိုင်သလောက် ချွေတာတာအကောင်းဆုံးမို့ ကျွန်မတို့ လိုင်းကားပဲ ရွေးစီးခဲ့ပါတယ်။

အဲလိုနဲ့ နောက်တစ်နေ့ မနက် ၈နာရီခွဲမှာ သွားစောင့်ခဲ့တဲ့ လိုင်းကားက ၁ဝနာရီမှ ရွှေစက်တော်ကို ထွက်ခဲ့ပါတယ်။ ရှေ့ခန်း ၂၅ဝဝ၊ နောက်ခန်း ၁၇ဝဝ ပေးရတဲ့ ဒီလို ကုန်တင်လိုင်းကားကို ကျွန်မတို့ စီးခဲ့ပါတယ်။ လမ်းက ဆိုးတဲ့အတွက် ဂလီစာတွေ ပြောင်းဆန်မတတ်ပါပဲ။ နေ့စဉ်သွားလာနေကြတဲ့ အဲဒီက ဒေသခံတွေကို ကိုယ်ချင်းစာမိပါတယ်။

ဧရာဝတီ တံတားကို ဖြတ်ပြီးရင် မင်းဘူးမြို့ကို ရောက်ပါတယ်။ ဧရာဝတီမြစ်ကို ဖြတ်ပြီး ဆောက်ထားတဲ့ တံတားက အရမ်းကို လှပါတယ်။

သဲသောင်တွေနဲ့ ဧရာဝတီမြစ်

အညာဒေသမို့လား မသိ ဖေဖော်ဝါရီလမှာတောင် ရွှေစက်တော်သွားတဲ့ လမ်းက ပူပြင်းခြောက်သွေ့နေပါတယ်။

မနက် ၁ဝနာရီမှာ ထွက်တဲ့ကားက ညနေ ၃နာရီမှာ ရွှေစက်တော်ကို ရောက်ခဲ့ပါတယ်။ ရွှေစက်တော်ရောက်ရင် မန်းချောင်းမှာ ရေချိုးပေးရပါသတဲ့။ ဘုရားရေမို့ ကျန်းမာစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အပူဒဏ်ကြောင့်လား? ခရီးပန်းလို့လား မသိ... အဲဒီနေ့ သူငယ်ချင်း စမ်းစမ်းအေး ဖျားပါတယ်။ အထက်စက်တော်ရာ၊ အောက်စက်တော်ရာ ဖူးမျှော်ပြီးနောက် ညနေ ၄ နာရီခွဲမှာ မကွေးမြို့ကို ကျွန်မတို့ ပြန်လာခဲ့ပါတယ်။ ရွှေစက်တော်မှာ ညအိပ်ရင် ပိုပျော်စရာ ကောင်းတယ်လို့ ဆိုပေမယ့် ကျွန်မတို့ မအိပ်ဖြစ်ခဲ့ပါဘူး။

အပြန်လမ်းက ဒေါင်းနေချောင်းတဲ့... ရေမရှိပါဘူး... အဝေးက ကြည့်ရင် သဲကန္တာရနဲ့ တူနေတယ်

ရေနံချောင်းက တော်တော်ပူမယ့်ပုံပဲ .. သစ်ပင်တွေတောင် မတွေ့ခဲ့ရဘူး

ရေနံချောင်းက မင်္ဂလာဦးစေတီတော်

ဒီလို ထန်းပင်လေးတွေက ပူပြင်းတဲ့ အညာဒေသကို အလှဖြည့်စွက်နေခဲ့တယ်။

မကွေးမှာ တစ်ညပြန်အိပ်ပြီး နောက်တစ်နေ့ နေ့လယ် ၁နာရီမှာ ကားနဲ့တောင်ကြီးကို ကျွန်မတို့ပြန်ခဲ့ကြတယ်။ နေထိုင်မကောင်းတဲ့အတွက် နာမည်ကြီး နဂါးပွက်တောင်၊ မြသလွန် ဘုရားတွေကို မရောက်ခဲ့ရဘူး။ မကွေး-တောင်ကြီး ကားခ တစ်ယောက် ၇၂ဝဝကျပ်..တောင်ကြီးကို မနက် ၅နာရီမှာ ရောက်ခဲ့ပါတယ်။

ခရီးတစ်ခုထွက်ဖို့ရာ အချိန်၊ ငွေကြေးအပြင် သက်လုံကောင်းဖို့လိုသလို ခရီးအတူသွားနိုင်မယ့် သူငယ်ချင်းလည်း လိုပါသေးတယ်။ သူငယ်ချင်းပီသ၊ မပီသကို ခရီးထွက်တဲ့အချိန်မှာ ပိုသိနိုင်ပါသတဲ့... ဘာအခက်အခဲကြုံကြုံ ခရီးဆုံးထိ အတူတိုင်ပင်၊ လက်တွဲဖေးမသွားတဲ့ သူငယ်ချင်း စမ်းစမ်းအေးကို ဒီပို့စ်တွေနဲ့အတူ ကျေးဇူးတင်လိုက်ပါတယ်။ ကျွန်မတို့ နှစ်ယောက်အတွက် အမှတ်တရ ခရီးစဉ်လေးပေါ့... ဘဝခရီးတွေမှာလည်း လမ်းဆုံးတဲ့အထိ အတူလက်တွဲ သွားနိုင်ပါစေလို့...

နိုင်းနိုင်းစနေ


Share/Bookmark

မူဆယ်-မန္တလေးအပြန် ရူခင်းများ


မူဆယ်ကနေ မန္တလေးအပြန်မှာ ရိုက်ဖြစ်ခဲ့တဲ့ ရူခင်းတွေပါ။ တစ်ချို့နေရာတွေများ ပုံရိုက်လို့ မမီနိုင်လောက်အောင် အရမ်းကို လှပါတယ်... (တင်ထားတဲ့ ရူခင်းပုံတွေကို ကြိုက်နှစ်သက်ရင် ဘယ်သူမဆို ခွင့်မတောင်းဘဲ ယူသုံးနိုင်ပါတယ်)

တိမ်ပင်လယ်လား? တိမ်ပင်လယ်ဆိုရင် တောင်တန်းတွေက ကျွန်းဟန်ဆောင်ဖို့ အသင့်ပါ

လမ်းကွေ့ကွေ့ကောက်ကောက်မှာ ဒီလိုကုန်ကားကြီးတွေက မြင်ရသူအဖို့ အသဲယားစရာ..

ရှေ့တစ်ကွေ့ရောက်ရင် ဘာရှိမလဲ? စိတ်ဝင်စားစရာတွေက ပြည့်နှက်လို့နေတယ်

ဒီလို လမ်းကျဉ်းကျဉ်းအကွေ့မှာ တစ်ဘက်ကနေ ဘွားခနဲ့ပေါ်လာတတ်တဲ့ ကားတွေကို ပွတ်ကာသီကာ ရှောင်သွားရတာကိုက အရသာတစ်မျိုးလို့ ဆိုရမယ်

ဒီလိုရူခင်းက ဘာကို လွမ်းလို့ လွမ်းရမှန်းမသိ... ရင်ထဲမှာ လွမ်းတာကတော့ အမှန်ပဲ

မြို့နဲ့ဟိုးးးးအဝေးကြီးမှာ ဆောက်ထားတဲ့ လားရှိုး နည်းပညာတက္ကသိုလ်

လားရှိုးပြီးရင် သီပေါ

ကျောက်မဲနဲ့ နောင်ချိုကြားက ဒီလိုအကွေ့ကြီးတွေလေ.. ကြည့်ရုံနဲ့တင် မူးတယ်ကွယ်

ရှမ်းပြည်အရှေ့မှာလည်း ဒီလိုအကွေ့တွေ ရှိတယ်။ ကိုးကွေ့တောင် ဆိုတဲ့ နေရာမှာပေါ့

တရုတ်ပြည်ကို ပို့မယ့် ဖရဲသီးတွေ

နောင်ချိုကို လွန်လာရင် မေမြို့(သို့) ပြင်ဦးလွင်ကို ရောက်ပါတယ်။ ပြင်ဦးလွင်ကို ၁၉၉၇ တုန်းက ကျွန်မတစ်ခေါက် ရောက်ခဲ့ဖူးတယ်။ ပြင်ဦးလွင်က လည်စရာ ဓာတ်တော်ချိုင့်၊ ပိတ်ချင်းမြောင်တွေအနှံ့ လည်ခဲ့ဖူးတာပေါ့။ အခုကျွန်မတို့ စီးခဲ့တဲ့ ကားက ပြင်ဦးလွင်မှာ မနားပါဘူး။ ပြင်ဦးလွင်ကို ဖြတ်တော့ ဘာကြောင့်ရယ်မသိ ကျွန်မရင်ထဲမှာ လွမ်းလွမ်းဆွေးဆွေးပါပဲ... ချစ်သူများနေ့ ဖြစ်နေလို့ပဲလား မသိပါဘူး။ ပြင်ဦးလွင်မြို့နယ် "ဝက်ဝံရွာ"က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းကို နယ်နိမိတ်ဖြတ်ထားတဲ့ နေရာဖြစ်တယ်။ မန္တလေးတိုင်း ပြင်ဦးလွင်ထဲကို ဝင်တော့ ကျွန်မကံဆိုးသွားတယ်။ ကင်မရာဓာတ်ခဲ လုံးဝ ကုန်သွားလို့ပါပဲ။ ကင်မရာက ကျိန်စာသင့်ထားသလို ဘယ်လိုဖွင့်ဖွင့် မရတော့ပါဘူး။ ဒါကြောင့် ပြင်ဦးလွင်ကို ကျွန်မပုံတွေ မရိုက်ခဲ့ရပါဘူး... မန္တလေးရောက်မှ တည်းခိုခန်းမှာ ဓာတ်ခဲပြန်သွင်းဖြစ်ပါတယ်။ ပြင်ဦးလွင်ပုံကို မျှော်လင့်နေတဲ့ သူငယ်ချင်းတွေ ဆောရီးပါလို့...

မန္တလေး-မူဆယ်ခရီးစဉ်မှာ ကျွန်မအတွက် အမှတ်တရ ဝယ်ဖြစ်ခဲ့တဲ့ တရုတ်စာအုပ်(၄)အုပ်.. စိတ်အဟာရ ကြက်ပေါင်းရည်တွေ ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark