Tuesday, March 31, 2009

တစ်ဘဝစာ လျှို့ဝှက်ချက်


တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။ လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့... လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို ကြီးစိုးဝါးမြိုထားကြတယ်။

မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။

နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့ နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။

နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင် အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့ အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။

တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက ကောင်မလေးကို ကျောပိုးပြီး ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။ ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး ထွက်ပေါက်တွေ့မှ ကောင်မလေးကို ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။ ကောင်မလေးအတွက် ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။

အစာစားချိန်မှာ ကောင်မလေးက ကောင်လေးကို "ကိတ်ခြောက် ၈ချပ်ကျန်သေးတယ်။ တစ်ယောက် ၄ချပ်စီ စားရအောင်.. ရေနွေးကြိုလိုက်ပါလား" လို့ ပြောလိုက်တယ်။ ကောင်လေး ရေကြိုနေတုန်းမှာ ကောင်မလေးက ကိတ်ခြောက်တွေကိုခွဲပြီး အိတ်ကိုယ်စီထဲ ထည့်လိုက်တယ်။ တအောင့်ကြာမှာ ကောင်လေး ပြန်ဝင်လာပြီး ကောင်မလေးကို "ငါ ချက်ချင်း ပြန်လာခဲ့မယ်။ စောင့်နေနော် " လို့မှာပြီး ထွက်သွားခဲ့တယ်။

အဲဒီအချိန်ထိ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ဖွင့်မပြောကြသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်က ခွဲထွက်သွားရင် ဒီခွဲခွာခြင်းက ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းပဲဖြစ်တယ်။ တကယ်လို့ ရင်ထဲက အချစ်တွေကို ဖွင့်ပြောပြီးမှ သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်ဆိုရင် ကျန်ရစ်ခဲ့သူက ဘဝတစ်လျှောက်လုံးမှာ သွားလေသူကို အောင်းမေ့တမ်းတနေတော့မယ်။ ရင်ထဲက အချစ်တွေကို ထုတ်ဖော်မပြောဘဲ ခွဲထွက်သွားရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။ ကောင်မလေးအတွက် အိပ်ရာအိတ်ကို ကောင်လေးဖြန့်ခင်းပေးပြီး နေရာကနေ သူလှည့်ထွက်လာခဲ့တယ်။ ကောင်မလေးကို ပြန်လာကယ်ဖို့ လမ်းနေရာတိုင်းကို ကောင်လေး အမှတ်အသားလုပ်ခဲ့တယ်။

နှင်းတောထဲမှာ စမ်းတဝါးဝါး ရှေ့ဆက်ရင်း နောက်ဆုံးမှာ ကောင်လေး အားပြတ်ပြီး လဲကျသွားခဲ့တယ်။ သတိမလစ်ခင်မှာ ကောင်မလေးကို သူသတိရနေမိတယ်။

"သူ့အစာရေစာတွေ လုံလောက်ပါ့မလား? သူတောင့်ခံနိုင်ပါ့မလား?"


သတိရလို့ နိုးလာတဲ့အချိန် ကယ်ဆယ်ရေး ရွက်တဲထဲ သူရောက်နေတာကို ကောင်လေးသတိထားလိုက်မိတယ်။ တောင်တက်ဖို့ ထွက်သွားပြီး ရက်အတော်ကြာ ပြန်မလာတဲ့ သူတို့ကို မိတ်ဆွေတွေက ကယ်ဆယ်ရေးအကူနဲ့ နှင်းတောထဲ ဝင်ရှာခဲ့တာဖြစ်တယ်။ ကယ်ဆယ်ရေးအဖွဲ့က ကောင်မလေးကို အရင်ရှာတွေ့တာဖြစ်ပြီး ကောင်လေးအမှတ်အသား လုပ်ခဲ့တဲ့ လမ်းနောက် လိုက်ခဲ့လို့ သေလုမျောမျောဖြစ်နေတဲ့ ကောင်လေးကိုတွေ့ခဲ့တာဖြစ်တယ်။

ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကုသပြုစုမှုကြောင့် ကောင်လေးရဲ့ကိုယ်အပူချိန်တွေ တက်လာခဲ့တယ်။ သတိရရချင်း ကောင်မလေးကို သူမေးခဲ့တယ်။ ဘယ်သူကမှ သူ့အမေးကို ပြန်မဖြေခဲ့ကြဘူး။ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်က စိတ်မကောင်းတဲ့ လေသံနဲ့

"သူမရှိတော့ဘူး... ရေကြိုဖို့ထွက်သွားပြီးနောက်
တဲထဲကို ပြန်ဝင်ဖို့ သူအားပြတ်ခဲ့တယ် ထင်တယ်။ နှင်းပြင်မှာ အေးခဲပြီးသေနေတာကို ကျွန်တော်တို့ တွေ့လိုက်ရတယ်" လို့ ပြောလိုက်တယ်။

အဖြစ်အပျက် ၃နှစ် လွန်မြောက်ပြီးနောက် တခြားကောင်မလေးတစ်ယောက်နဲ့ ကောင်လေး မင်္ဂလာဆောင်ခဲ့တယ်။ နှင်းတောထဲမှာ သေဆုံးခဲ့တဲ့ ကောင်မလေးကြောင့် စိတ်ထိခိုက်ခဲ့တဲ့ ကောင်လေးကို ဒီကောင်မလေးက အားပေးဖေးမခဲ့တာဖြစ်တယ်။ ကောင်လေးကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်လည်း ဒီမင်္ဂလာပွဲကို လာခဲ့ပါတယ်။ မင်္ဂလာပွဲပြီးနောက် အဖွဲ့ခေါင်းဆောင်က သင်္ချိုင်းတစ်ခုကို ရောက်လာခဲ့တယ်။ အုတ်ဂူတစ်ခုရှေ့ရပ်ပြီး ဂူပေါ်မှာကပ်ထားတဲ့ ဓာတ်ပုံကို သူကြည့်လိုက်တယ်။ ဓာတ်ပုံထဲက ပြုံးရွှင်နေတဲ့ ကောင်မလေးကို ကြည့်ပြီး.....

"စိတ်ချပါတော့..သူမင်္ဂလာဆောင်သွားပါပြီ။ သူပျော်ရွှင်နေပါတယ်... ကောင်းကင်ဘုံမှာ စိတ်ချချ နေပါတော့ကွယ်" လို့ ပြောလိုက်တယ်။

တကယ်တော့ ကောင်မလေးက အေးခဲပြီး သေသွားတာ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့ ရောက်သွားချိန် ရွက်တဲအိပ်ရာထက်မှာ သူလဲလျောင်းနေတာကို တွေ့ခဲ့ရတယ်။ ကောင်လေးခင်းပေးခဲ့တဲ့ အိပ်ရာထက်မှာ သူတစ်ဖဝါးမှ မခွါရက်ခဲ့ပါဘူး။ ဆာလောင်ပြီး သူသေဆုံးခဲ့တာဖြစ်တယ်။ သူ့အိတ်ထဲ ရှာဖွေကြည့်တော့ ကိတ်ခြောက်အစား ကျောက်ခဲတစ်ချို့ပဲ တွေ့ခဲ့ရတယ်။ တကယ်ဆို ကိတ်ခြောက်တွေက ၈ချပ်မကျန်ဘဲ ၄ချပ်ပဲ ကျန်ခဲ့တာဖြစ်တယ်။ ကောင်လေးကို သူတကယ် ချစ်မြတ်နိုးခဲ့မိလို့ ကိတ်ခြောက်အားလုံး ကောင်လေးကို ခွဲဝေပေးခဲ့တာဖြစ်တယ်။

ကယ်ဆယ်ရေးခေါင်းဆောင် သူ့ကိုတွေ့ခဲ့ချိန်မှာ သူတစ်ကိုယ်လုံး အေးစက်တောင့်တင်းနေပါပြီ။ သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို တင်းတင်းလေး ဆုတ်ကိုင်ထားတယ်။

"သူပြန်လာချိန်ထိ ကျွန်မတောင့်ခံနိုင်တော့ မဟုတ်ဘူး။ သူ့ကို ပြောမပြပါနဲ့... သူ့ဘဝနဲ့သူ ပျော်ရွှင်နေပါစေ"

အချစ် ဘာကြောင့် လှပရသလဲ?
အချစ်လှပရခြင်းက မပြည့်စုံခြင်းကြောင့် ဖြစ်မယ်ထင်တယ်။
လူတစ်ချို့က လျှို့ဝှက်ချက်တစ်ခုကို ဘဝတစ်ခုလုံးနဲ့ သိမ်းပိုက်ထားခဲ့တယ်....
(photo- google image)

မူရင်း .... Google search (
我用生命守住了一個秘密)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, March 30, 2009

ကြင်နာစိတ်ကို မစွန့်ပစ်နဲ့


လူ့ဘဝတစ်လျှောက်မှာ ကိုယ့်ကို စိတ်ညစ်အောင် လုပ်တဲ့သူ၊ စိတ်မချမ်းမသာ ဒေါသထွက်အောင် လုပ်တဲ့လူတွေနဲ့ လူတိုင်းကြုံရမှာ ဧကန်မလွဲပါ။ အလုပ်မှာလည်း ဒီအလုပ်ကို ကိုယ်လိုချင်လို့ မတတ်သာဘဲ သည်းခံရတဲ့အချိန်တွေ ရှိကြသလို တစ်ခါတလေ လှည့်ထွက်နိုင်တဲ့ အင်အားရှိခဲ့ရင် သည်းမခံ နောက်လှည့်မကြည့်ဘဲ ထထွက်နိုင်တဲ့အချိန်လည်း ရှိကြတယ်။ ဘယ်လိုပဲကြုံကြုံ အဲဒီလို အာဃာတ မနာလိုစိတ်နဲ့ ကြုံတဲ့အခါ ကိုယ့်ရဲ့ကြင်နာစိတ်ကို မစွန့်ပစ်မိဖို့ လိုပါလိမ့်မယ်။

တစ်ခြားလူက ကိုယ့်ကိုဘယ်လိုပဲ နာကျင်အောင် လုပ်ပါစေ.. ကိုယ်ဟာကိုယ်ပါပဲ။ တစ်ခြားလူရဲ့ နာကျင်စေမှုနဲ့ ကိုယ့်အပြုအမှုကို မပြောင်းလဲမိပါစေနဲ့။ ကိုယ် ကိုယ်တိုင်ကလွဲပြီး တစ်ခြားလူက ကိုယ့်ကို မပြောင်းလဲနိုင်ပါဘူး။ တကယ်လို့ ထိခိုက်နာကျင်ပြီး ဒေါသထွက်တယ်၊ ကလဲ့စားချေဖို့ ဆုံးဖြတ်မယ်ဆိုရင် ကိုယ်ဟာဒေါသရဲ့ ဝါးမြိုမှုကို ခံနေရပါပြီ။ အဲဒီအချိန်မှာ ကိုယ်ဟာ တစ်ခြားလူကို ထိခိုက်နာကျင်စေမယ့် ရက်စက်တဲ့ လူ့အသွင်ကို ပြောင်းသွားပါလိမ့်မယ်။

ဒီလိုအဖြစ်မျိုး ကြုံလာတဲ့အခါ ကျွန်တော်တို့ လုပ်နိုင်တဲ့တစ်ခုတည်းသော အလုပ်က သူနဲ့ကိုယ့်ကြားမှာ နံရံတစ်ခု ခံထားလိုက်ဖို့ပါပဲ။ တစ်ခြားသူပြုမှုလာတဲ့ မနာလိုစိတ်၊ မကောင်းစိတ်မှန်သမျှကို နံရံတစ်ဖက်မှာ ချန်ထားခဲ့ပါ။ ကိုယ့်စိတ်ကို ထိခိုက်နာကျင်စေဖို့ တစ်ခြားလူရဲ့ "မကောင်းစိတ်" ကို အခွင့်အရေးပေးပြီး နံရံကို မကျော်လိုက်ပါစေနဲ့။

ကိုယ့်ကို စိတ်တို၊ စိတ်ဆင်းရဲအောင် လုပ်ပြီး ကိုယ့်ဒေါသရဲ့တုန့်ပြန်မှုတွေ လိုချင်နေသူတွေအတွက် ကိုယ်ရဲ့တန်ဖိုးရှိတဲ့အချိန်ကို မပေးလိုက်ပါနဲ့။ တစ်ခုမှတ်ထားဖို့က ဒီလောကမှာ ကိုယ့်ပြိုင်ဖက်က ကိုယ့်ကို အလဲဖြိုချင်တဲ့လူတွေ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်သာဖြစ်တယ်။ ကိုယ့်ပြိုင်ဖက်က ကိုယ့်ကိုနောက်ကျအောင် ခြေထိုးခံသူတွေ မဟုတ်ဘဲ အလုပ်အပေါ် ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ တာဝန်သာဖြစ်တယ်။

လူတိုင်း ကိုယ့်ကိုချစ်ခင်လာအောင် လုပ်ဖို့ရာ မစွမ်းသာပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နိုင်တဲ့ တစ်ခုတည်းသော အလုပ်က ရည်ရွယ်ချက် ပန်းတိုင်တစ်ခုထားပါ။ အဲဒီပန်းတိုင်ကို ဦးတည်ပြီး ရှေ့ဆက်ပါ။ ကိုယ်ရှေ့ရောက်မှာစိုးလို့ တွန်းလဲသူ၊ ခြေထိုးခံသူတွေက ကိုယ်အောင်မြင်မှု ပန်းတိုင်မရောက်ခင် ရှိသင့်တဲ့ အစမ်းအသပ်တွေလို့ သဘောထားပါ။ လမ်းတစ်ဝက်မှာ ရပ်နားပြီး အဲဒီလူတွေနဲ့ ရန်မဖြစ်ပါနဲ့၊ ရင်ဆိုင် မတိုက်ခိုက်ပါနဲ့။ အဲဒီဒေါသတွေကမှ အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့ ကိုယ်ရှေ့ဆက်မယ့် လမ်းပေါ်က အတားအဆီးတွေ ဖြစ်ပါတယ်။

မူရင်းစာရေးဆရာ
Wang Qiao Yi (王樵一) 不要拋棄你的善良

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

တိုက်ဆိုင်ပုံက...


ကျွန်မလို ထင်မှတ်မထားတဲ့ တိုက်ဆိုင်မှုလေးတွေ လူတိုင်းမှာ ရှိကြမယ်ထင်တယ်။ ကျွန်မကြုံခဲ့ဖူးတဲ့ တိုက်ဆိုင်မှုတစ်ခုက အခုချိန်မှာ ပြန်တွေးကြည့်ရင် ရယ်စရာကောင်းသလို၊ ကြည်နူးစရာလည်း ကောင်းခဲ့ပါတယ်။

ထိုင်ဝမ်မှာ ကျွန်မကျောင်းတက်တုန်းက အဖြစ်အပျက်လေးတစ်ခုပါ။ အဲဒီတုန်းက အခုလို messenger တွေ ဖေါဖေါသီသီ မပေါ်သေးပါဘူး။ ပေါ်ရင်လည်း သိပ်မခေတ်စားသေးတဲ့ အချိန်ပေါ့။ အဲဒီမှာ ထိုင်ဝမ်ရောက် မြန်မာကျောင်းသားတစ်ချို့က မြန်မာအချင်းချင်း ခင်မင်ရင်းနှီးအောင်၊ ဆက်သွယ်ရ လွယ်ကူအောင်ဆိုပြီး BBS (BBS, is a computer system running software that allows users to connect and login .....) ဆိုပြီး (chatroom လို့ ပြောရမယ်ထင်တယ်) အင်တာနက်နဲ့ အချင်းချင်း ဆက်သွယ်ဖို့ ဆိုက်ဒ်တစ်ခု လုပ်ပေးခဲ့တယ်။ အဲဒီတုန်းက ကျွန်မအင်တာနက်စွဲစဆိုတော့ နေ့တိုင်းနီးပါး အဲဒီ chatroomမှာပဲ ရှိနေခဲ့တယ်။

အဲဒီလိုနဲ့ တစ်နေ့မှာ ကောင်လေးတစ်ယောက်နဲ့ ကျွန်မ စကားပြောဖြစ်တယ်။ ထုံးစံအတိုင်း မြန်မာပြည် ဘယ်မြို့ကလဲ? အခုဘယ်ကျောင်းမှာလဲ? နာမည်ဘာခေါ်လဲ? တွေမေးတော့ သူက ကျိုင်းတုံက.. ဘယ်ကျောင်းမှာနေတယ်.. ဆိုပြီး ပြန်ဖြေတယ်။ သူ့ရဲ့surname က "ဟွမ်" ဆိုတော့ ကျွန်မနဲ့တူနေလို့ သူ့နာမည် အပြည့်အစုံကို မေးမိတယ်။
သူ့နာမည်ပြောပြတော့ ကျွန်မ သိတဲ့နာမည်ထဲက မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မမောင်လေးတို့ရဲ့ နာမည်နဲ့ ဆင်နေတယ်။ အဲဒီမှာ ကျွန်မဘယ်သူပါဆိုပြီး ကိုယ့်နာမည်ကို ပြောပြတော့ သူက "မီးမီးကျဲလား" တဲ့! သူက ရင်းရင်းနှီးနှီးနဲ့ ပြောလာလို့ ကျွန်မအံ့သြသွားတယ်။ (ကျွန်မတို့ မောင်နှမဝမ်းကွဲထဲမှာ မီးမီးနှစ်ယောက်ရှိပါတယ်။ သူက ကျွန်မကို နောက်မီးမီးတစ်ယောက်နဲ့ မှားတာ) သူ့အဖေ နာမည်ကို မေးကြည့်တော့ ကျွန်မဦးလေးနာမည်ဖြစ်နေတယ်။

အဲဒီအကြောင်း အဒေါ်ကိုပြောပြမှ သူက ကျွန်မမောင်ဝမ်းကွဲဆိုတာ သိလိုက်ရတယ်။ သူတို့က ကျိုင်းတုံမှာ မွေးကြလို့.. ကျွန်မတို့ ကလေးချင်းချင်း မရင်းနှီးခဲ့ကြတာဖြစ်တယ်။ ဒီအထိတော့ ကျွန်မရဲ့တိုက်ဆိုင်မှုက ရယ်ချင်စရာ မကောင်းသေးပါဘူး။

ကျွန်မတို့က အင်တာနက်ပေါ်မှာပဲ သိကြတယ်။ ဓာတ်ပုံတွေလည်း မလဲဖူးကြဘူး။ အပြင်မှာလည်း မမြင်ဖူးကြဘူး။ အင်တာနက်မှာတွေ့ရင် အမျိုးအကြောင်း၊ စာအကြောင်းပဲ ပြောဖြစ်ကြတယ်။ အဲလိုနဲ့.. အဲဒီနှစ်ကကျင်းပတဲ့ ထိုင်ဝမ်ရောက် မြန်မာကျောင်းသားများ တွေ့ဆုံပွဲကို ကျွန်မသွားဖြစ်ခဲ့တယ်။ (ထိုင်ဝမ်ရောက် မြန်မာကျောင်းသားတွေ တစ်စုတစ်စည်း တွေ့ဆုံနိုင်အောင် ကျောင်းသားအဖွဲ့က ဦးဆောင်ပြီး နှစ်တိုင်း ၃, ၄ ကြိမ်လောက် ပွဲလုပ်ပေးပါတယ်) အဲဒီပွဲကို သူလာမယ်မှန်း ကျွန်မ မသိသလို၊ ကျွန်မ လာမယ်မှန်းလည်း သူမသိဘူး။

ကျွန်မတို့ ကျောင်းအလိုက် တန်းစီကြတော့ ကျွန်မဘေးမှာ လူတစ်ယောက် တန်းလာစီတယ်။ သူ့ရုပ်က ကျွန်မနဲ့ ရင်းနှီးသလို ခံစားရတယ်။ သူကလည်း ကျွန်မကို ကွက်ကြည့်ကွက်ကြည့်ဆိုတော့ သူ့လည်ပင်းမှာ ချိတ်ထားတဲ့ နာမည်ကတ်ကို ကျွန်မချောင်းကြည့်လိုက်တယ်။ နာမည်ကြည့်ပြီး ဟား...နဲ့ သူ့ပုခုံးကို ကျွန်မ ပုတ်ထည့်လိုက်တယ်။ သူကလန့်ဖျပ်ပြီး ကျွန်မကိုလှည့်ကြည့်တယ်။ ကိုယ့်နာမည်ကတ်ကို ကျွန်မ ထောင်ပြလိုက်တော့ သူလည်း ဟာ... ခနဲ့ပဲ... အဲဒီမှာ နှစ်ယောက်သား ဘာမှန်းမသိ တခွီခွီနဲ့ ရယ်ကြတော့တယ်။

သူနဲ့ကျွန်မ အဲဒီပွဲမှာ ချိန်းထားရင်တောင် လွဲချင်လွဲအုန်းမယ်။ ခုတော့ တိုက်ဆိုင်လိုက်ပုံက ကျွန်မတို့ တန်းစီတဲ့ဘေးမှာ သူတို့တန်းစီရတယ်။ ကျွန်မရှေ့ဆုံးမှာ ထိုင်သလို၊ သူလည်း ရှေ့ဆုံးမှာ ထိုင်ခဲ့တယ်။ ကံအကောင်းဆုံးက နာမည်ကတ်ကိုယ်စီ လွယ်ထားရတာပဲ.... အဲဒီကတ်တွေသာ လွယ်မထားရရင် သူမှန်း ကျွန်မလည်း သိမှာမဟုတ်ဘူး။

အခုတော့ သူလည်း ထိုင်ဝမ်မှာ ကျောင်းပြီးလို့ မြန်မာပြည် ပြန်ရောက်နေပါပြီ။ မနေ့က ညစာစားပွဲမှာ သူ့အစ်ကိုကိုတွေ့တော့ သူလည်း ကျိုင်းတုံမပြန်ဘဲ တာချီလိတ်မှာပဲ နေပါသတဲ့။ ကျွန်မတို့နှစ်ယောက်က ခုထိ တိုက်ဆိုင်နေတုန်းပဲ.... မတိုက်ဆိုင်တာလေးတစ်ခုက သူအိမ်ထောင်ကျသွားပြီ.. ကျွန်မ မကျသေးဘူး ဆိုတာလေးပဲ :D

ကျွန်မတို့ တွေ့ဆုံခဲ့တဲ့အကြောင်း အမျိုးတွေကို ပြောပြတော့ သူတို့လည်းပြုံးမိကြတယ်။ ကျွန်မတို့အတွက် ရယ်ချင်စရာ တိုက်ဆိုင်မှုနဲ့ ကြည်နူးဖို့ကောင်းတဲ့ တွေ့ဆုံမှုလေးပေါ့...

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, March 29, 2009

၃/၂၉


တကယ်ဆို ဒီနေ့တနင်္ဂနွေနေ့ နားနားနေနေ နေမယ်ပေါ့။ ဒါပေမယ့် 3/29နေ့ကို လူငယ်များနေ့အဖြစ် သတ်မှတ်ထားတဲ့အတွက် ဒီနေ့မှာ အမှတ်တရဖြစ်အောင် တာချီလိတ်မြို့က လူငယ်တွေနဲ့ ကျွန်မတို့ ဆရာ/ဆရာမတစ်ချို့ ပူးပေါင်းပြီး လူငယ်များအသင်းကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီနေ့ညမှာပဲ ကျောင်းမှာ ညစာစားပွဲ ကျင်းပပြီး လူငယ်များအသင်းကို ရပ်ကွက်လူကြီး၊ ကျောင်းသားမိဘတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပါတယ်။ ဒီလူငယ်အသင်းက တာချီလိတ်မြို့မှာ သာရေး၊ နာရေးတွေရှိခဲ့ရင် လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး သွားရောက်ကူညီ ပံ့ပိုးဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ တာချီလိတ်မြို့ လူငယ်ပရဟိတအဖွဲ့ဆိုရင် မမှားပါဘူး။

ဒီလို အသင်းအဖွဲ့ထဲ ကျွန်မတစ်ခါမှ မပါဝင်ဖူးပါဘူး။ ကျောင်းတက်တုန်းက ကျောင်းတစ်ဖက် အလုပ်တစ်ဖက်မို့ အသင်းအဖွဲ့ထဲဝင်ဖို့ အခွင့်အရေးမရခဲ့ဘူး။ ဒီတစ်ခေါက်တော့ ကိုယ့်ဒေသက လိုအပ်သူတွေအတွက် ကူညီဖို့ အခွင့်အရေး ရခဲ့ပါပြီ။ လူငယ်တစ်ယောက် မဟုတ်တော့ပေမယ့် လုပ်အားနဲ့ တတ်နိုင်သလောက် ကူညီဖို့ ကျွန်မစိတ်တွေ အမြဲနုပျိုနေအုန်းမယ် ထင်ပါတယ်.... :D (ခုလောလောဆယ်တော့ ရီဝေဝေဖြစ်နေတယ်.. @_@)

လူငယ်များအသင်း အမြဲနုပျိုတက်ကြွနေပါစေလို့း)

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, March 28, 2009

စက္ကူလှေ


စက္ကူလှေလေးနဲ့ လူတိုင်းကစားဖူးကြမယ် ထင်တယ်။ စက္ကူလှေခေါက်ပြီး ရေဇလုံထဲ ထည့်လိုက်တဲ့အခါ လှေက ရှေ့ကိုမသွားဘဲ နေရာမှာတင် တဝဲဝဲလည်နေတတ်တယ်။ လေနဲ့မှုတ်လိုက်မှ ရှေ့ကိုသွားတာ တွေ့ဖူးကြမယ် ထင်ပါတယ်။ စက္ကူလှေကို လေနဲ့လည်းမမှုတ်၊ ကြိုးနဲ့လည်း မဆွဲဘဲ ရှေ့ကိုသွားဖို့ ဘယ်လိုလုပ်ရမလဲ?

BoyZ: ကျွန်တော်သိတဲ့ နည်းကတော့ စက္ကူလှေရဲ့ပဲ့ပိုင်း ရေနဲ့ထိတဲ့ နေရာမှာ *ရွှေဝါဆပ်ပြာခဲ* သေးသေးလေး ကပ်လိုက်။ မယုံမရှိနဲ့ လှေကလေးက သွက်သွက်ကလေးကို ရှေ့ကို ပြေးနေပါလိမ့်မယ်...။ *ရွှေဝါဆပ်ပြာ* ပဲ ရတယ်.. တစ်ခြား မွေးဆပ်ပြာ ကာဘော်လစ် ဆပ်ပြာနဲ့ စမ်းတာ အဆင်မပြေဘူး..

ဘွိုင်းဇ်သိတဲ့နည်းပါ။ ကျွန်မ သိတဲ့နည်းက ရွှေဝါဆပ်ပြာနဲ့တော့ မဟုတ်ဘူး။ ကျွန်မကြည့်ဖူးတဲ့ တီဗီအစီအစဉ်က နိုင်ငံခြားအစီအစဉ်ဆိုတော့ သူတို့မှာ ရွှေဝါဆပ်ပြာ မရှိလို့ထင်တယ်.. သူတို့က "သွားတိုက်ဆေး" နဲ့ လုပ်ကြတယ်။ အခုပဲ ကျွန်မစမ်းကြည့်ပါတယ်။ စက္ကူကို လှေပုံစံမခေါက်ချင်နေ.. ခေါက်ရာလေးပဲ ပေးပြီး သွားတိုက်ဆေးသုတ်လိုက်ရင် လှေကရှေ့ကို ခပ်သွက်သွက် ပြေးတာတွေ့ရပါတယ်။ စာရွက်ခေါက် နှစ်ခုနဲ့ယှဉ်စမ်းကြည့်ရင် ပိုသိသာပါတယ်။

တူ၊ တူမလေးတွေ.. သားသားမီးမီးတွေနဲ့ ရေချိုးရင်း ဆော့ကစားနိုင်ဖို့ ကြည့်ဖူးတာလေး မျှဝေလိုက်ပါတယ်။ ဝင်ဖြေသူများအားလုံး ကျေးဇူးပါလို့...း)

နိုင်းနိုင်းစနေ


Share/Bookmark

လမ်းပျောက်သူ


ဘဝထောင့်ချိုး တစ်နေရာက
ဟောင်းအိုနေတဲ့ ဆိုင်းပုဒ်တစ်ခု
အချစ်နဲ့အမုန်း ၁ဝကီလိုမီတာစီမှာ ရှိတယ်
"နစ်မွန်း" ဆိုတဲ့ ဆိုင်းပုဒ်က
ညာဖက်မှာ နီယွန်မီးနဲ့ ထိန်လင်းလို့
ပျော်ရွှင်ခြင်းက ဘယ်အရပ်မှာလဲ?
လမ်းဆုံမှာရပ်
အချိန်အကြာကြီး ငါတွေဝေခဲ့တယ်....

နိုင်းနိုင်းစနေ


Share/Bookmark

Friday, March 27, 2009

ကျွန်မရဲ့ တူ၊ တူမလေးတွေ


အရင်တစ်ခေါက်ပြန်တုန်းက ရွာမှာ တစ်ပတ်ပဲနေခဲ့ရလို့ ဒီတစ်ခေါက်ပြန်တော့ တူအငယ်ဆုံးကောင်က ကျွန်မကို မမှတ်မိခဲ့ဘူး။ ကလေးဆိုတော့ သိတဲ့အတိုင်း မုန့်နဲ့မျှားလိုက်တာ မကြာပါဘူး ကျွန်မနားကနေ မခွါနိုင်ဖြစ်သွားတော့တယ်။ သုံးယောက်သား ကျွန်မကိုယ်ပေါ်တက်ပြီး မြင်းလုပ်တမ်း ကစားကြတယ်။ သူတို့နားရောက်မှ ကျွန်မလည်း မြင်းကြီးဖြစ်လို့ .... သုံးယောက်လုံး ကျောပေါ်တင်ပြီး ကျွန်မက မြင်းလိုခုန်ခွခုန်ခွ လုပ်ပေးရတယ်။ သူတို့နဲ့နေရတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ ခုပဲငိုလိုက်၊ ခုပဲရယ်လိုက်နဲ့ ဘာဆိုဘာမှ မသိတတ်သေးတဲ့သူတို့နဲ့ ဆော့ကစားရတာ ကျွန်မလည်းလိုက်ပြီး နုပျိုသွားသလို ခံစားရတယ်.. ဟား..ဟား


ဆော့ကစားလို့ မောလာပြီဆိုရင် ကျွန်မက စာအုပ်တစ်အုပ်ယူပြီး သူတို့ကို စာဖတ်ပြတယ်။ ပုံစံအမျိုးမျိုးလုပ်ခိုင်းပြီး ဓာတ်ပုံရိုက်ပေးတယ်။ သူတို့သုံးယောက်ကတော့ ကျွန်မစာဖတ်ပြတာကို နားလည်လား၊ မလည်လားမသိဘူး.. ငြိမ်ပြီး နားထောင်ကြတယ်။ စာဖတ်လို့ မောရင်တောင် ကျွန်မခဏမနားရဘူး။ ပါးစပ်အမြုပ်ထွက်မတတ် ဖတ်ခိုင်းကြတယ်။ ကြည့်ရတာ.. ဒီအဒေါ် အရမ်းအနိုင်ကျင့်လို့ ကောင်းတဲ့ပုံပေါက်လို့ ဖြစ်လိမ့်မယ်.. :D

အဆိုးဆုံးက အငယ်ဆုံးတစ်ယောက်... ငယ်ငယ်တုန်းက ခဏခဏဖျားပြီး တက်တတ်ပေမယ့် အခုတော့ တော်တော်လေး သက်သာလာပြီ ပြောရမယ်။ အစ်မအကြီးဆုံး ထည့်ပေးတဲ့ batman အင်္ကျီကိုဝတ်ပြီး ဘေးအိမ်က ကလေးတကာကို သူလိုက်ခြောက်ခဲ့တယ်။ အိမ်ကကြောင်ကိုတောင် အလွတ်မပေးဘူး... ကြောင်က သူ့အသံကြားတာနဲ့ ထွက်ပြေးတယ်။ အမြီးလိုက်လိုက်ဆွဲလို့...


မုန်းပြီလား.. မေ့ပြီလားနဲ့ .. ၃ နှစ်မပြည့်သေးဘူး.. အာဇာနည်သီချင်းကို သူဆိုတတ်နေပြီ။ တစ်ခါတလေမှာ အိုကေ.. နားခါး.. နားခါး.. ဆိုပြီး သူ့အဖေပုခုံးပေါ်တက်ပြီး ခုန်နေတတ်တယ်။ သူတို့အရွယ်လေးတွေ ဘယ်လိုနေနေ.. ဘာပဲလုပ်လုပ် ချစ်စရာအရမ်းကောင်းအောင် အပြစ်ကင်းလွန်းလှပါတယ်....

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, March 26, 2009

အကြင်နာကို လက်ဆင့်ကမ်းပါ


ကျွန်တော်၊ ဇနီးနဲ့ နှစ်နှစ်သမီးလေး Oregon State မှာရှိတဲ့ Red River Valley တစ်နေရာမှာ ချောင်ပိတ်မိနေခဲ့တယ်။ လူသူအရောက်နည်းတဲ့ နှင်းတလင်းပြင်မှာ ကျွန်တော်တို့ကား ပျက်သွားလို့ဖြစ်တယ်။

နှစ်နှစ်ကြာ လေ့ကျင့်ခဲ့ရတဲ့ ဆရာဝန်သင်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲကျင်းပဖို့ ကျွန်တော်တို့ မိသားစု ခရီးထွက်ခဲ့ကြတယ်။ ဒါပေမယ့် သင်ခဲ့တဲ့ဆေးပညာနဲ့ ပျက်နေတဲ့ကားတစ်စီးကို ကောင်းအောင် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။

ဒီအဖြစ်က အနှစ်၂ဝရှိခဲ့ပြီ ဆိုပေမယ့် အခုချိန်ထိ ကျွန်တော့်မှတ်ဥာဏ်ထဲမှာ Oregon State က ကောင်းကင်ပြာလိုပဲ ကြည်လင်နေဆဲဖြစ်တယ်။ အဲဒီနေ့မနက်က အိပ်ရာနိုးတာနဲ့ မီးဖွင့်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ ဒါပေမယ့် အမှောင်ထဲမှာ ကျွန်တော်တို့ ပိတ်မိနေပြီ ဆိုတာကို ကျွန်တော်သတိထားလိုက်မိတယ်။ ကြိုးစားပြီး ကားစက်ကို ကျွန်တော်နိုးကြည့်ပေမယ့် အရာမရောက်ခဲ့ဘူး။ ကားထဲကနေ ကျွန်တော်ထွက်ပြီး စိတ်တိုတိုနဲ့ အော်ဟစ်ကျိန်ဆဲလိုက်မိတယ်။ ဒါပေမယ့် ကျွန်တော်ဆဲဆိုသံကို ပတ်ဝန်းကျင်အမှောင်က ဖုံးအုပ်ခဲ့တယ်။

ကားက ဘက်ထရီကုန်သွားလို့ ဖြစ်မယ်လို့ ဇနီးနဲ့ကျွန်တော် တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော့်ခြေထောက်တွေက ကျွန်တော်ကားပြင်တဲ့ အတတ်ထက် ပိုကောင်းတဲ့အတွက် ကားလမ်းမကြီးပေါ်အထိ လမ်းလျှောက်ပြီး အကူအညီတောင်းဖို့ ကျွန်တော်ဆုံးဖြတ်တယ်။ ဇနီးနဲ့သမီးကိုတော့ ကားပေါ်မှာ စောင့်ခိုင်းစေခဲ့တယ်။

အချိန် ၂နာရီ ကြာပြီးနောက် အဆစ်လွဲသွားတဲ့ ခြေထောက်တစ်ဖက်နဲ့ လမ်းမကြီးပေါ် ကျွန်တော် ထော့နဲ့ထော့နဲ့ ရောက်လာခဲ့တယ်။ သစ်တွေတင်ထားတဲ့ ကားတစ်စီးကိုတွေ့လို့ ကျွန်တော်လက်ပြ အကူအညီတောင်းလိုက်တယ်။ အဲဒီ သစ်တင်ကားက ကျွန်တော့်ကို ဓာတ်ဆီဆိုင်တစ်ဆိုင် အရောက်မှာ ဆင်းခိုင်းခဲ့ပါတယ်။

ဓာတ်ဆီဆိုင်ထဲ ကျွန်တော်လှမ်းဝင်လိုက်တယ်။ ရုတ်တရက် တနင်္ဂနွေနေ့ ဆိုင်ပိတ်တယ်ဆိုတဲ့ အတွေးက ကျွန်တော့်စိတ်ကို တောင့်တင်းသွားစေခဲ့တယ်။ ဒါပေမယ့် အများသုံးဖုန်းနဲ့ စုတ်ပဲ့ဟောင်းမြေ့နေတဲ့ ဖုန်းစာအုပ်တစ်အုပ်က ကံကောင်းစွာနဲ့ အဲဒီနေရာမှာ ရှိနေခဲ့တယ်။ မိုင် ၂ဝကျော်လောက်ဝေးတဲ့ မြို့တစ်မြို့က တစ်ခုတည်းသော ကားဝပ်ရှော့ကုမ္ပဏီကို ကျွန်တော်ဖုန်းဆက်လိုက်တယ်။ ကားပြင်ဆရာ ပေါ့ပ်က ကျွန်တော်ရှင်းပြတဲ့ အခက်အခဲကို နားထောင်ပြီး "ကောင်းပြီ" လို့ အဖြေပေးတယ်။

နေရာအတည်တကျ သူ့ကို ကျွန်တော်ပြောပြလိုက်တယ်။

"တနင်္ဂနွေနေ့တိုင်း ကျွန်တော်နားတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး.. နာရီဝက်အတွင်း အဲဒီနေရာကို ကျွန်တော်လာခဲ့မယ်"

ပေါ့ပ်အပြောကြောင့် ကျွန်တော်သက်ပြင်းချနိုင်ခဲ့တယ်။ ဒါပေမယ့် ကားပြင်စရိတ် သူပိုတောင်းမှာကို ကျွန်တော်စိုးရိမ်မိပြန်တယ်။

အနီရောင် လက်လက်ထနေတဲ့ ကရိန်းကားကို မောင်းပြီး ပေါ့ပ်ရောက်လာခဲ့တယ်။ သူကားနဲ့ ကားပျက်တဲ့နေရာကို ကျွန်တော်တို့ ရောက်လာခဲ့ကြတယ်။

နေရာအရောက် ကားပေါ်က ကျွန်တော်ခုန်ချပြီး ပေါ့ပ်ကိုလှည့်ကြည့်တဲ့အခိုက် ကျွန်တော် အံ့သြတုန်လှုပ်သွားခဲ့မိတယ်။
ချိုင်းထောက်နှစ်ဖက်ကို အားပြုပြီး ပေါ့ပ် ကားပေါ်က ဆင်းလာတာကို တွေ့လိုက်တယ်။ သူ့အောက်ပိုင်းတစ်ခုလုံးက ဗလာကြီးဖြစ်လို့.. ချိုင်းထောက်ကို အားပြုပြီး ကားပြင်ဖို့ ပေါ့ပ်ပြင်ဆင်နေချိန် ကျွန်တော်ခေါင်းထဲ ကိန်းဂဏန်းတစ်ချို့ ပေါ်လာပြန်တယ်။ ကျွန်တော့်ကို ကားပြင်ခ သူဘယ်လောက်တောင် တောင်းလိုက်မလဲ?

"သြော်... ကားက ဘက်ထရီကုန်သွားတာ.. ဘက်ထရီအား ခဏသွင်းလိုက်တာနဲ့ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် ခရီးဆက်နိုင်ပြီ"

ပေါ့ပ်က ဘက်ထရီကို အားသွင်းလိုက်တယ်။ ဘက်ထရီသွင်းနေတုန်း ကျွန်တော့်သမီးကို ပေါ့ပ်က အပျော်မျက်လှည့်ပြနေခဲ့တယ်။ ဓာတ်အားသွင်းပြီး ကြိုးတွေ ပေါ့ပ်သိမ်းဆည်းနေတဲ့အချိန် ကုန်ကျစရိတ်ကို ကျွန်တော်မေးလိုက်တယ်။

"ဟာ... မလိုပါဘူး.. ပေးစရာ မလိုပါဘူး" ပေါ့ပ်အဖြေက ကျွန်တော့်ကို တွေဝေသွားစေခဲ့တယ်။ ကျွန်တော် ထပ်မေးလိုက်ပြန်တယ်။

"မလိုပါဘူးဗျာ.. ကျွန်တော် ဗီယက်နမ်မှာတုန်းက ဒီထက်ဆိုးတဲ့ အခက်အခဲကိုတောင် လွတ်မြောက်လာနိုင်ခဲ့သေးတာပဲ။ အဲဒီတုန်းက ကျွန်တော်ခြေနှစ်ချောင်းလုံး ပြတ်သွားခဲ့တယ်။ ကျွန်တော့်ကို ကယ်ခဲ့တဲ့လူက ဒီအကြင်နာကို ထပ်လက်ဆင့်ကမ်းဖို့ မှာခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို ခင်ဗျားတစ်ပြားမှ ပေးစရာမလိုဘူး။ ဒါပေမယ့် တစ်ခုတော့ မှတ်ထားပေးပါ။ အခွင့်အရေးရတာနဲ့ ဒီအကြင်နာကို တစ်ခြားလူဆီ လက်ဆင့်ပြန်ကမ်းပေးပါ"

အနှစ် ၂ဝတိုင်ခဲ့ပါပြီ... ဆေးကျောင်းနဲ့ဆေးဆောင် ခေါက်တုံ့ခေါက်ပြန် ကျွန်တော်အလုပ်များနေခဲ့တယ်။ ကျောင်းက ဆေးကျောင်းသားတွေကို ကျွန်တော် လေ့ကျင့်သင်ကြားပေးခဲ့ရတယ်။

တစ်ခြားနယ်ကလာတဲ့ ဒုတိယနှစ်ကျောင်းသူစင်ဒီ ကျွန်တော့်ဆီ စာလာသင်တာ ၁လရှိပါပြီ။ သူ့မိခင်လည်း သူနဲ့ ခဏလိုက်နေတဲ့အတွက် ဆေးရုံအနီးအနားမှာပဲ သူတို့နေခဲ့ကြတယ်။ စစချင်းမှာ အရက်ကြောင့်၊ မူးယစ်ဆေးကြောင့် ရောက်လာတဲ့ လူနာတွေနဲ့ ကျွန်တော်တို့ စမ်းသပ်လေ့ကျင့်ခဲ့ကြတယ်။ အဲဒီလူနာကို ကုသဖို့ ကုသနည်းတွေ ကျွန်တော်တို့ ဆွေးနွေးကြတဲ့အချိန် စင်ဒီမျက်ရည်ဝဲနေတာကို ကျွန်တော်သတိထားခဲ့မိတယ်။

"ဒီကိစ္စကို မဆွေးနွေးချင်လို့လား စင်ဒီ"

"မဟုတ်ပါဘူး.. ဆရာ။ အဲဒီလူနာက ကျွန်မ အမေလည်းဖြစ်နိုင်လို့ပါ"

နေ့လယ်စာ စားပြီးနောက် နှစ်ရှည်ကြာ အရက်ကျေးကျွန်ဖြစ်နေတဲ့ စင်ဒီ့မိခင်အကြောင်းကို အစည်းအဝေးခန်းထဲမှာ ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ စင်ဒီက မျက်ရည်တစ်ဖက်၊ နှပ်တစ်ဖက်နဲ့ သူခံစားခဲ့ရတဲ့ အရှက်၊ ဒေါသ၊ အကဲ့ရဲ့တွေကို ပြောပြခဲ့တယ်။

စင်ဒီ့ မျော်လင့်ချက်တွေ ပြည့်ဝအောင် သူ့မိခင်ကို ဆေးကုဖို့ ကျွန်တော်စကားစလိုက်တယ်။ ပြီးတော့ သူ့မိခင်အတွက် စိတ်နဲ့ဆိုင်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ ကျွန်တော်စီစဉ်ပေးလိုက်တယ်။ မိသားစု၊ ဆွေမျိုးတွေရဲ့ အားပေးကူညီမှုအောက်မှာ အရက်ဖြတ်ကုသဖို့ စင်ဒီမိခင် သဘောတူလိုက်တယ်။ အရက်သေစာ သောက်စားတဲ့ မိခင်ကြောင့် စင်ဒီတို့ရဲ့ မိသားစုဘဝ မသာမယာဖြစ်ခဲ့ရတယ်။ အခုတော့ သူတို့မိသားစုရဲ့ မျက်နှာပေါ်မှာ မျော်လင့်ချက် အလင်းတွေကို ကျွန်တော်ပထမဆုံးအကြိမ် တွေ့လိုက်ရပါတယ်။

"ဆရာ့ကို ဘယ်လိုကျေးဇူး ဆပ်ရမလဲ မသိဘူး" စင်ဒီအမေးကြောင့် နှင်းပြင်မှာ ပိတ်မိခဲ့တဲ့အဖြစ်နဲ့ အောက်ပိုင်းပြတ်နေတဲ့ ကားပြင်ဆရာကို ကျွန်တော်ပြေးမြင်ယောင်လိုက်မိတယ်။ အဲဒီနောက် စင်ဒီကို ကျွန်တော်ပြန်ပြောလိုက်တယ်။

"ဒီအကြင်နာကို လက်ဆင့်ကမ်းပါ.. စင်ဒီ"

ဟုတ်ပါတယ်... ကျေးဇူးပြုပြီး အကြင်နာတွေကို လက်ဆင့်ကမ်းပါ။ ဒီလောကကြီး ပိုပျော်ရွှင်စရာ ကောင်းလာပါလိမ့်မယ်။

ကျွန်တော်တို့က ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာ အနည်းအများ၊ ကားအကြီးအသေးတွေနဲ့ အောင်မြင်မှုကို တိုင်းတာခဲ့ကြတယ်။ ဝန်ဆောင်မှု အရည်အချင်း၊ လူလူချင်း အပြန်အလှန် နွေးထွေးဆက်ဆံမှုတွေကမှ အောင်မြင်မှုရဲ့
တကယ့်စံထားဆိုတာကို ကျွန်တော်တို့ မသိခဲ့ကြဘူး။-- Martin. Luther. King II


မူရင်းရေးသားသူ... Dr. Kenneth G Davis (肯尼士戴維斯)
(把這份情傳下去 စာအုပ်ထဲကဖြစ်ပါတယ်)


နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

မြင်းကျားတစ်ကောင်ရဲ့ ပုံပြင်


တစ်ခါက ခရီးသွားတစ်ဦးဟာ တောထဲမှာသေနေတဲ့ မြင်းကျားတစ်ကောင်ကို တွေ့လိုက်တယ်။ မြင်းကျားဘေးမှာ မွေးကင်းစ မြင်းကျားလေးတစ်ကောင်ကိုပါ တွေ့လိုက်တယ်။

"သနားစရာ သတ္တဝါလေးပါလား.. မွေးရခက်လို့ မိခင်သေပြီး ကလေးပဲရှင်နေခဲ့တယ်"

ခရီးသွားက မြင်းကျားလေးကို ယူပြီး သူ့ရဲ့ခြံထဲမှာ မွေးထားလိုက်တယ်။ ခရီးသွားရဲ့ ခြံထဲမှာ မြင်းဖြူနှစ်ကောင်ရှိပြီး မြင်းကျားလေးက အဲဒီမြင်းဖြူတွေနဲ့ပဲ နေခဲ့ရတယ်။ မြင်းကျားလေးက ခြံထဲမှာရှိတဲ့ ရေကန်နား အမြဲရေသွားသောက်တတ်တယ်။ ရေသောက်ရင်း ကိုယ့်အရိပ်ကို ကိုယ်ကြည့်ပြီး မြင်းကျားလေး စဉ်းစားတယ်။

"ဘာဖြစ်လို့ ငါ့ကိုယ်ပေါ်မှာ ဒီအမည်းကြောင်းတွေ ရှိနေရတာလဲ? အကြည့်ရဆိုးလိုက်တာ... ငါနဂိုက မြင်းဖြူတစ်ကောင်ပဲ.. ဘာကြောင့် ဒီအမည်းတွေ ရှိနေရတာလဲ?"

အဲဒီလိုစဉ်းစားပြီး မြင်းကျားက ခြံထောင့်ဂိုဒေါင်ထဲမှာ ပုံထားတတ်တဲ့ ထုံးပုံနားသွားပြီး လူးလှိမ့်တတ်တယ်။

"ကြည့်စမ်း! ငါ မြင်းဖြူတစ်ကောင်ဖြစ်သွားပြီ" ထုံးထဲ တစ်ကိုယ်လုံး လူးလှိမ့်ပြီးတိုင်း မြင်းကျားက ကျေနပ်အားရစွာပြောတယ်။

"ငါ့ကိုယ်ပေါ်က ညစ်ပတ်ပတ် အရောင်တွေ ပျောက်သွားပြီ" ဒါပေမယ့် မကြာပါဘူး။ လေတိုက်လိုက်တာနဲ့ ထုံးတွေလွင့်ပျောက်ပြီး မြင်းကျားဟာ နဂိုမြင်းကျား ပြန်ဖြစ်သွားတယ်။

မကြာခဏ ထုံးထဲ လှိမ့်နေတတ်တဲ့ မြင်းကျားကို ပိုင်ရှင်ခရီးသွားက ထုံးတွေပျက်စီးမှာ စိုးတာကြောင့် မိတ်ဆွေတစ်ဦးကို ပေးလိုက်တယ်။

အဲဒီမိတ်ဆွေရဲ့ခြံမှာ မြင်းမည်းနှစ်ကောင် မွေးထားတယ်။ စစချင်းမှာ မြင်းကျားက မြင်းမည်းတွေကို ရှောင်ခဲ့ပေမယ့် နောက်ပိုင်းတဖြေးဖြေး မြင်းမည်းတွေနဲ့ ကျွမ်းဝင်ပြီး မြင်းမည်းက လှလိုက်တာ၊ ကိုယ်ပေါ်က အရောင်တွေက မည်းနက်ပြီး လက်နေတာပဲ လို့ တွေးမိတယ်။တွေးမိပြီးနောက် ကိုယ့်ကိုပေါ်မှာရှိတဲ့ အဖြူကြောင်းတွေကို မြင်းကျားလေး စိတ်ညစ်စပြုလာခဲ့တယ်။

"တကယ်တော့ ငါဟာ မြင်းမည်းတစ်ကောင်ပါ။ ဒီအဖြူကြောင်းတွေရှိနေလို့ ငါရုပ်ဆိုးနေတာဖြစ်တယ်"

အဲဒီလိုနဲ့ မြင်းကျားဟာ ခြံထောင့်မှာ ပုံထားတတ်တဲ့ မီးသွေးပုံထဲ ဝင်လှိမ့်တော့တယ်။ မီးသွေးထဲ ဝင်လှိမ့်ပြီးတိုင်း ကိုယ့်ကိုယ်ကို မြင်းမည်းဆိုပြီး ကျေနပ်နေတတ်တယ်။ ပိုင်ရှင်အသစ်က မကြာခဏ မီးသွေးတွေနဲ့ ညစ်ပတ်နေတဲ့ မြင်းကျားကို မြင်တော့ "မြင်းကျားက မြင်းကျားပဲ။ ငါဘယ်လို လေ့ကျင့်..လေ့ကျင့် အိမ်မွေးမြင်းလို မလိမ္မာလာဘူး" လို့ တွေးပြီး မြင်းကျားကို တောထဲပြန်ပို့လိုက်တယ်။

"သွားတော့... မင်းနဂိုနေရာကို သွားတော့" ဆိုပြီး တောထဲ ပြန်ပို့လိုက်တယ်။

မြင်းကျားက တောကြီးမျက်မည်းထဲမှာ ရှေ့နောက်ဝဲယာကို ကြည့်ပြီး ကြောက်နေခဲ့တယ်။ ကျယ်ပြန့်တဲ့ မြက်ခင်းပြင်ကြီးထဲ ဘယ်ကိုသွားရမယ်ဆိုတာ သူမသိခဲ့ဘူး။ ခဏနေတော့ ဝေးဝေးတစ်နေရာကနေ အရိပ်မည်းမည်းကြီးတွေ လှုပ်ရှားလာတာကို တွေ့လိုက်တယ်။ အရိပ်တွေ တဖြေးဖြေးနီးတာနဲ့ ကိုယ်နဲ့တူတဲ့ အကောင်တွေကို ထောင်ပေါင်းများစွာ မြင်းကျားလေး တွေ့လိုက်မိတယ်။

"ဘုရားရေ.. နင်တို့က မြင်းဖြူလား? မြင်းမည်းလား? " မြင်းကျားလေး တအံ့တသြ အော်မေးတယ်။

မြင်းကျားလေးရဲ့ မေးသံကိုကြားတော့ မြင်းကျားတွေက နားမလည်သလို သူ့ကို ပြန်ကြည့်တယ်။ မြင်းကျားအိုတစ်ကောင်က....

"ငါတို့က မြင်းဖြူလည်း မဟုတ်ဘူး၊ မြင်းမည်းလည်း မဟုတ်ဘူး... ငါတို့က နင့်အတိုင်းပဲ မြင်းကျားတွေဖြစ်တယ်" လို့ ပြန်ဖြေတယ်။


မြင်းကျားအုပ်စုနဲ့ အရပ်တကာ လှည့်လည်ကျက်စားရင်း မြင်းကျားလေး တဖြေးဖြေး အရွယ်ရောက်ခဲ့ပါတယ်။

"မြင်းကျားက မြင်းကျားပဲ.. ငါတို့က အလှဆုံးမြင်းတွေဖြစ်တယ်။ တစ်ခြားမြင်းတွေကို ငါဘာသွားအားကျစရာလိုလဲ? မြင်းဖြူ၊ မြင်းမည်းဖြစ်အောင် ငါ့ကိုယ်ငါ အတင်းမလုပ်ခဲ့မိတာကိုပဲ ငါဝမ်းသာနေမိတယ်"

original post from : google search (小斑馬的領悟)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, March 24, 2009

လွယ်လွယ်ကူကူ ထိုဟူးဖြူ


မြန်မာကျောင်းပိတ်၊ ထိုင်းကျောင်းပိတ်တော့ တရုတ်ကျောင်းက တစ်နေကုန် တက်ရတော့တယ်။ ကျောင်းက ညနေ ၅နာရီမှ ဆင်းလို့ အရင်လို ကျွန်မ အားချိန်တွေ သိပ်မရခဲ့ဘူး။ ဒါကြောင့် လွယ်လွယ်ကူကူ ချက်စားလို့ရတဲ့ ဟင်းတစ်မျိုးကို လွယ်လွယ်ကူကူပဲ ရေးလိုက်ပါတယ်။ အိမ်ထမင်း၊ အိမ်ဟင်းလေးပါပဲ.. ကျွန်မလို အချိန်ချိုတဲ့သူတွေ လွယ်လွယ်ကူကူ ချက်စားနိုင်အောင်လို့ပါ....

ကျွန်မတို့အခေါ် ထိုဟူးဖြူ (ရန်ကုန်၊ မန္တလေးအခေါ် ပဲပြား) ကို ဝါအောင် အရင်ကြော်လိုက်ပါ

ဝါသွားတဲ့ ထိုဟူးဖြူကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ပါ။ ကြက်သား (သို့) ဝက်သားကို ပါးပါးလှီးပါ။ မုန်ညှင်းချဉ်ကို မညက်တညက်လှီးပါ။

ဆီပူလာရင် ငရုတ်သီး အတောင့်ခြောက်ကို တူးအောင် အရင်ကြော်ပါ။ ကြက်သွန်ဖြူထည့်ကြော်ပါ။ အသားထည့်ပါ။ မုန်ညှင်းချဉ်ထည့်ပါ။ ထိုဟူးဖြူထည့်ကြော်ပါ။ မုန်ညှင်းချဉ်က ငန်ပြီးသားမို့ ဆားအပေါ့အငန် အရင်မြည်းပြီး လိုအပ်မှ ထပ်ထည့်ပါ။ ပြီးရင် အိုးပေါ်က ချနိုင်ပါပြီ။

မုန်ညှင်းချဉ်နဲ့ မစားချင်ရင် မုန်ညှင်းချဉ်အစား ပဲပုတ်စေ့ချဉ် ထည့်ကြော်လည်း ရပါတယ်။ (ပဲပုတ်စေ့ကို စူပါမားကက်တွေမှာ ဗူးနဲ့ထည့်ရောင်းတတ်ပါတယ်) အရောင်လှအောင် ခရမ်းချဉ်သီးလေး ထည့်ပေးရင် အရောင်လည်းလှ စားလို့လည်းကောင်းတဲ့ ထိုဟူးဖြူဟင်းကို ရပါလိမ့်မယ်။

ထိုဟူးဖြူကို မကြော်စားချင်ဘူးဆိုရင် ဟင်းရည်ချက်စားလို့လည်း ရပါတယ်။ အားလုံးသိကြတဲ့ အရသာချဉ်ချဉ် ထိုဟူးဖြူ ကြံမဆိုင်ဟင်းချိုက ခံတွင်းပျက်နေသူတွေအတွက် အလွန်သင့်တော်တဲ့ ဟင်းတစ်မျိုးဖြစ်ပါတယ်။ ချက်ဖို့လည်း အင်မတန်လွယ်ပါတယ်။ ကြက်ရိုး (သို့) ဝက်ရိုးကို ဂျင်းတစ်ဖတ်ထည့်ပြီး ပြုပ်ပါ။ အရိုးတွေနူးလာရင် ကြံမဆိုင် (မုန်ညှင်းချဉ်) ကိုထည့်ပါ။ အဲဒီနောက် ထိုဟူးဖြူကို သင့်တော်တဲ့ အတုံးလေးတုံးပြီး ထည့်ပါ။ အပေါ့အငန်မြည်းပြီး ဟင်းရည်ဆူလာရင် မီးပေါ်က ချလို့ရပါပြီ။

တစ်ဆက်တည်း ထိုဟူးဖြူနဲ့ ပတ်သက်ပြီး ပဲနို့ရည် လုပ်နည်းကိုလည်း ပြောပြချင်ပါတယ်။ ပဲနို့ရည်က ခန္ဓာကိုယ်အတွက် ကောင်းသလို လုပ်ရလည်း အင်မတန်လွယ်ပါတယ်။ ပဲနို့ရည်လုပ်နည်းက....

၁) ပထမဆုံး ပဲပုတ်စေ့ကို ရေတစ်ညစိမ်ပါ။
၂) ရေစိမ်ထားတဲ့ ပဲပုတ်စေ့ကို ကြိတ်ပါ။
၃) ကြိတ်လို့ရလာတဲ့ ပဲပုတ်စေ့ကို (ကိုယ်လိုတဲ့အရည် အပျစ်၊ အကျဲပေါ်မှုတည်ပြီး) ရေရောပြီး စစ်ပေးပါ။
၎) ရလာတဲ့အရည်ကို ဆူအောင် ကြိုလိုက်ရင် အရသာရှိတဲ့ ပဲနို့ရည်စစ်စစ်ကို ရပါပြီ။

ကျွန်မတို့က ပဲနို့ရည်ကို နွားနို့လို သကြားထည့်ပြီး အချိုသောက်သလို၊ ဆားထည့်ပြီး ဟင်းရည်အဖြစ် သောက်ပါသေးတယ်။ ဆားထည့်ထားတဲ့ ပဲနို့ရည်ထဲ မုန်လာရွက်နု (သို့) ဖရုံရွက်နု အနည်းငယ်ကို နုတ်နုတ်စင်းပြီး ထည့်ပေးရင် ပိုစားကောင်းပါတယ်။ ပဲပုတ်ကြော်(သို့) ထိုဟူးချဉ်ကြော်က အဲဒီဟင်းရည်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။

ထိုဟူးဦးနှောက် (豆花)(picture from google search)

ဆူပြီးတဲ့ ပဲနို့ရည်ထဲ ကျောက်သလင်း ( အင်္ဂလိပ်က Gypsum လို့ ရေးထားပါတယ်။ တရုတ်အခေါ်က စီကောက်石膏 ဖြစ်ပါတယ်။ ထုံးနဲ့ဆင်ပါတယ်။ တရုတ်ဆိုင်တွေမှာ ရောင်းပါတယ်) ကို သင့်တော်သလောက် ရေဖျော်ပြီး ထည့်မွှေပေးပါ။ ကျောက်သလင်းထည့်မွှေပေးပြီးရင် အရည်တွေ အခဲဖက်ကို ပြောင်းသွားပါလိမ့်မယ်။ ခဲသွားတဲ့ ထိုဟူးဖြူကို သကြား၊ ကြံသကာဂျင်းရည် ထည့်ပြီး စားနိုင်ပါသေးတယ်။ ဦးနှောက်နဲ့ဆင်တူတာကြောင့် ထိုဟူးဦးနှောက်လို့လည်း ခေါ်ပါတယ်။ တောင်ကြီးမှာ တရုတ်မတွေ ထမ်းရောင်းတတ်ပါတယ်။ ပဲပုတ်စေ့နဲ့ ချက်စားလို့လည်း ရပါတယ်။ အဲဒီဟင်းကို မာဖော်ထိုဟူး (mapo- tofu) လို့ ခေါ်ပါတယ်။

mapo-tofu (麻婆豆腐)(picture from google search)

အဲဒီခဲသွားတဲ့ ထိုဟူးဖြူကို ပိတ်စထဲလောင်းထည့် အလုံပိတ်ပြီး လေးတဲ့ပစ္စည်းတွေနဲ့ ရေစင်အောင် တစ်ညဖိထားပေးရင် ဟိုးအပေါ် သယ်အိုးထဲက ထိုဟူးဖြူ (ပဲပြား) ကိုရပါတယ်။

ဂျပန်တွေက အဲဒီထိုဟူးဖြူပေါ် ငါးမှုန့်၊ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မိတ်၊ ဂျင်း၊ ငံပြာရည်နဲ့ ဒီအတိုင်း စားကြပါတယ်။ ထိုဖူးဖြူနဲ့ လုပ်စားနိုင်တဲ့ တစ်ခြားအစားအစာတွေလည်း ရှိပါသေးတယ်။ ဥပမာ- ထိုဟူးနံ့၊ ထိုဟူးချဉ်၊ ထိုဟူးခြောက်......

အခုရေးတာတွေက ကျွန်မတို့အိမ်မှာ လုပ်စားတတ်တာလေးတွေပါ။ ကျွန်မလို အချိန်မရှိသူများ လုပ်စားနိုင်ပါတယ်... :D

နိုင်းနိုင်းစနေ


Share/Bookmark

Monday, March 23, 2009

ကျွန်မဖတ်ဖို့ (၉)


၁) ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ဆနဲ့ ပေါင်းထားတာဖြစ်တယ်။ Edison

၂) အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင်တယ်။ ပြင်သစ်စကားပုံ

၃) ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို လျှစ်လျှူရှူတတ်ရမယ်။

၎) အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။

၅) သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင် ခုတ်လဲနိုင်တယ်။ ရှိတ်စပီးယား

၆) ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ... ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ်ကျနိုင်ပါဘူး။

၇) ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး(ရှင်သန်)မှ အဲဒီသင်ခန်းစာကို သင်နားလည်မယ်။

၈) အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေအတွက်ပဲ ဖြစ်တယ်။

၉) ရှင်ခြင်းနဲ့သေခြင်းကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ "အချစ်" ဖြစ်တယ်။

၁ဝ) ကြောက်ရွံ့ခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို လုပ်ဖို့ ခွန်အားရမယ်၊ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေရမယ်။

၁၁) ကိုယ့်မှာ ရှိတဲ့ပစ္စည်း၊ အသိဥာဏ်တွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

၁၂) လူတစ်ယောက်က ဥစ္စာပစ္စည်းတွေ၊ အချစ်တွေ ဆုံးရှုံးလို့ရတယ်။ ဒါပေမယ့် ရဲရင့်ခြင်း၊ သတ္တိတွေ ဆုံးရှုံးလို့ မရဘူး။ ဘဝဆိုတဲ့ တလင်းပြင်မှာ သတ္တိတွေဆုံးရှုံးခဲ့ရင် အရာအားလုံးကို ဆုံးရှုံးတာနဲ့ အတူတူပဲ။

၁၃) ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ တစ်ခြားလူရဲ့ စကားတစ်ခွန်းနဲ့ ခလုတ်တိုက် လဲမချလိုက်ပါနဲ့...

၁၄) ဘာလုပ်လုပ် စဉ်းစားပြီးမှ လုပ်ပါ။ အပြေးမြန်ရင် လဲတတ်ပါတယ်။ ရှိတ်စပီးယား

၁၅) တစ်ချက်လေး ချော်လဲတာပါပဲ... သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ။ လင်ကွန်း

၁၆) ဖိနပ်ချုပ်သူတွေ ဖိနပ်အချုပ်တော်ရတာက သူတို့ဟာ တစ်ခြားအလုပ်ကို မလုပ်ဘဲ ဖိနပ်ပဲ ချုပ်နေခဲ့လို့ပဲ။ Ralph Waldo Emerson

၁၇) သင့်ရဲ့ အပြုံးတစ်ပွင့်၊ ပုခုံးကို အသားလေးပုတ်ပြီး သင်အားပေးရုံနဲ့ မျှော်လင့်ချက်မဲ့သူ တစ်ယောက်ကို သင်ကယ်တင်နိုင်လိမ့်မယ်။

၁၈) လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က "စစ်မှန်တဲ့ ဂရုစိုက်မှုတွေ" ဖြစ်တယ်။

၁၉) တောင်းပန်တယ်ဆိုတာ လူတွေမှာ ရှိသင့်တဲ့ ယဉ်ကျေးမှုဖြစ်တယ်။

၂ဝ) ကောင်းမှုလုပ်တာ လူသိခံဖို့မဟုတ်ဘူး။ ဒါပေမယ့် ဘာမှမဟုတ်တဲ့ ကောင်းမှုလေးတစ်ခုက သင့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးလာနိုင်တယ်။

အင်တာနက်မှာ ဖတ်ရတာတွေပါ။ ကျွန်မဖတ်ဖို့ ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, March 22, 2009

အမေ


ရိုးရာသင်္ချိုင်းကန်တော့ပွဲက ဧပြီလ ၄ရက်နေ့ဆိုပေမယ့် ကျွန်မတို့အချိန်စောပြီး ဒီနေ့ အမေ့အုတ်ဂူကို သွားကန်တော့ခဲ့ကြတယ်။ အမေဆုံးတာ ၁ဝနှစ် ပြည့်တော့မယ်။ သမီးမိုက်ကျွန်မက အမေ့ဂူကို ပထမဆုံးအကြိမ် သွားကန်တော့တာဖြစ်တယ်။ သေသောသူ ကြာရင်မေ့၊ ပျောက်သောသူ ကြာရင်တွေ့ ဆိုပေမယ့် သွားလေသူအမေကို ကျွန်မတို့ မမေ့ခဲ့ကြပါဘူး။ မနေ့တစ်နေ့ကလိုပဲ ခံစားနေရဆဲပါ...


မိသားစုနဲ့ ခွဲပြီး ချုံနွယ်ပေါင်းမြက်တွေ ကြားမှာ အမေလဲလျောင်းနေတာ ၁ဝ နှစ်ပြည့်တော့မယ်။

အသက်ရှင်နေတုန်းမှာ ကျွေးမွေးစောင့်ရှောက်ပါ... သေမှ မငိုပါနဲ့တဲ့....
အမေကို ပြုစုစောင့်ရှောက်ဖို့ အခွင့်အရေးတောင် မရခဲ့ပါဘူး... ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အချိန် အမေက ကြိုတင် အသိမပေးဘဲ အားလုံးကို ထားရစ်ခဲ့တယ်။

နောင်ဘဝဆိုတာ ရှိခဲ့မယ်ဆိုရင် ကျွန်မတို့ ပြန်ဆုံချင်သေးတယ် အမေ...

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, March 21, 2009

နွေးထွေးတဲ့မေတ္တာ


ကျွန်မ ၁ဝနှစ်.... ကျွန်မ အိတ်ကပ်ထဲ သူထိုးထည့်ပေးတဲ့ ချိုချဉ်က တစ်ခြားမောင်နှမတွေထက် ပိုများခဲ့တယ်။

ကျွန်မ ၁၃နှစ်.... အလယ်တန်းစတက်တဲ့ ကျွန်မကို ၂မိုင်ကျော်လောက် လမ်းလျှောက်ပြီး သူ ထမင်းပို့ပေးခဲ့တယ်။

ကျွန်မ ၁၆နှစ်.... တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျွန်မကို မောင်နှမထဲက အလိမ္မာဆုံးလို့ သူချီးမွမ်းခဲ့တယ်။


ကျွန်မ ၂၂နှစ်.... တစ်ခြားမောင်နှမတွေ ကန့်ကွက်တဲ့ကြားက ကျွန်မအတွက် မင်္ဂလာခန်းဝင် ပစ္စည်းတွေ သူဝယ်ပေးခဲ့တယ်။


ကျွန်မ ၃၄နှစ်.... လင်ယောက်ျားပစ်သွားတဲ့ ကျွန်မဖက်ကနေပြီး ဒေါသတကြီး သူကာကွယ်ပေးခဲ့တယ်။


ကျွန်မ ၄ဝနှစ်.... သူဟာ ကလေးလေးတစ်ယောက်လို့ပဲ ကျွန်မကိုမှီခိုပြီး ကျွန်မအပါးက မခွါနိုင်ဖြစ်နေခဲ့တယ်။



လူတွေက ကျွန်မတို့ကို မေတ္တာတရားကြီးမားတဲ့ သားအမိလို့ ပြောကြတယ်။ သူက ကျွန်မရဲ့မိထွေးဆိုတာကို ကျွန်မသိသလို အရင်တုန်းက ကျွန်မအပေါ် သူမကောင်းခဲ့တာကိုလည်း မှတ်မိနေတယ်။

ဖေဖေနဲ့သူယူတော့ သူ့မှာ ကျွန်မအသက်အရွယ်နဲ့ မတိမ်းမယိမ်း ကလေး၎ယောက်ပါလာခဲ့တယ်။ သူက ကျွန်မနာမည်ကို မခေါ်ဘဲ "ကောင်မ" လို့ ခေါ်ခဲ့တယ်။ တကယ်ပဲ ကျွန်မက အိမ်ဖော်အဆင့်ကနေ အရာရာကို သည်းခံခဲ့ပါတယ်။ အစ်ကိုအစ်မအတွက် ထမင်းချက်၊ အဝတ်လျှော်ပေးရသလို ညီမ၊ မောင်လေးကို ကျွန်မ ထိန်းခဲ့ရတယ်။ ဒါတောင် သူ မကျေနပ်ခဲ့ဘူး။ အမြဲတမ်း ခါးထောက်ပြီး ကျွန်မကို အပြစ်တစ်ခုမဟုတ် တစ်ခုရှာနေခဲ့တယ်။

သူ့တစ်သက်မှာ အနိုင်ကိုပဲ သူလိုချင်ခဲ့တယ်။ တစ်သက်လုံး သူတစ်ပါးကို အောက်မကြို့ဘူး။ တစ်သက်လုံး ဘယ်သူ့ကိုမှ အရှုံးမပေးခဲ့ဘူး။ ဒါပေမယ့် ဒီလောက် စိတ်ဓာတ်သန်မာ၊ အတ္တကြီးတဲ့ အမျိုးသမီးတစ်ဦးဟာ မနှစ်က အပြင်းဖျားပြီးနောက် အခုချိန်မှာ ကျွန်မလက်ကိုဆွဲပြီး "ကြက်ဥတစ်လုံးရဲ့ ရာဇဝင်"ကို မျက်ရည်အဝဲသားနဲ့ ထပ်သလဲလဲ ပြောနေခဲ့တယ်။

နုငယ်တဲ့အရွယ်က အဖြစ်တွေကို ကျွန်မမေ့နေခဲ့ပြီလို့ သူထင်နေခဲ့တယ်။
အဲဒီနေ့က ကျွန်မကို ပထမဆုံးအကြိမ် သူကြက်ဥ ကျွေးခဲ့တယ်။
အဲဒီနေ့က ကျွန်မကို ပထမဆုံးအကြိမ် သူပွေ့ဖက်ခဲ့တယ်။
အဲဒီနေ့က လူတစ်ယောက်ရဲ့ အချစ်တွေ တစ်ခြားလူတစ်ယောက်ကို စပေးတဲ့နေ့ဖြစ်တယ်။
အဲဒီနေ့ကို ကျွန်မဘယ်လို မေ့လို့ရမလဲ?

ကြက်ဥက လွန်ခဲ့တဲ့ အနှစ်၃ဝမှာ ရှားပါးပစ္စည်းဖြစ်တယ်။ ဒါပေမယ့် အဲဒီနေ့က အဖေကြက်ဥပြုပ် ၅လုံး ဝယ်ပြန်ခဲ့တယ်။ ကြက်ဥပြုပ်ကို စားပွဲပေါ်တင်ပြီး တစ်လုံးချင်း သူဂရုတစိုက် အခွံတွေခွါနေခဲ့တယ်။

"အင်း ... မွှေးလိုက်တာ.. "

ကြက်ဥတစ်လုံးခွါပြီးတိုင်း နှာခေါင်းရှေ့မှာထားပြီး သူ အရသာခံကြည့်တယ်။ ပြီး သားသမီး၎ယောက်ရဲ့ လက်ထဲ သူထည့်ပေးတယ်။ ကြက်ဥကို မြိန်ရည်ယှက်ရည်စားနေတဲ့ ကလေးတွေကို ပြုံးကြည့်ရင်း "ဖြေးဖြေးစားကြ.. နင်ပြီးသေနေဦးမယ်"လို့ သူမာန်တယ်။

နောက်ဆုံးကျန်တဲ့ ကြက်ဥတစ်လုံးကို "ကောင်မ"ဆိုတဲ့ ကျွန်မဆီ သူပစ်ပေးခဲ့တယ်။ အခွံကို ဂရုတစိုက် ကျွန်မခွါပြီး စားဖို့ပါးစပ်ဟလိုက်တဲ့ တခဏ ရုတ်တရက် သေဆုံးသွားတဲ့ အမေကို ကျွန်မသတိရလိုက်မိတယ်။ ပြီးတော့ ဥခွံခွါနေတုန်းမှာ ကြက်ဥကိုစားချင်နေတဲ့ သူ့ပုံစံကို မြင်ယောင်မိပြန်တယ်။ ကျွန်မကြက်ဥကို ထက်ဝက်ခြမ်းပြီး သူ့ကိုကမ်းပေးလိုက်တယ်။

ကျွန်မအပြုအမှုကို ငေးကြောင်ပြီး သူကြည့်နေတယ်။ အဲဒီနောက် ကြက်ဥတွေ ကြမ်းပြင်ပေါ် မကျစေနဲ့လို့ ကျွန်မကို သူလှမ်းအော်ဆဲတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ ကြမ်းပြင်ပေါ်ကျသွားတဲ့ ကြက်ဥစတွေကို ကျွန်မလိုက်ကောက်နေတဲ့အချိန် ရုတ်တရက် နောက်ကနေ ကျွန်မကို သူပွေ့ဖက်လိုက်တယ်။ သူ့မျက်ရည်တွေ ကျွန်မကျောပေါ်ကနေ စီးဆင်းသွားခဲ့တယ်။

အဲဒီအဖြစ်အပျက်နောက်ပိုင်း ကျွန်မကိုကြည့်တဲ့ သူ့အကြည့်တွေ သိမ်မွေ့လာခဲ့တယ်။ သမီးရင်းလို ကျွန်မမျက်နှာကို သူပွတ်သပ်လာတတ်တယ်။ ကျွန်မကိုလည်း ကြင်နာတတ်တဲ့ သမီးလို့ မကြာခဏ သူပြောလာတတ်တယ်။ ပြောင်းလဲလာတဲ့ မိထွေးရဲ့အပြုအမှုကို အဖေရောကျွန်မပါ အံ့သြနေခဲ့တယ်။

စိတ်ဓာတ်သန်မာတဲ့ အမျိုးသမီးတစ်ဦးရဲ့ အချစ်ကို ကျွန်မ လျှစ်လျှူမရှူရက်ခဲ့ဘူး။ အမေရင်းတစ်ယောက်လို သူ့ကိုကျွန်မ ဂရုစိုက်ပြုစုခဲ့ပါတယ်။ ခြေလက်ဆေးပေးတယ်၊ ရေချိုးပေးတယ် ကျွန်မရဲ့မေတ္တာတွေအားလုံး ပေးခဲ့တယ်။ သူကလည်း သားသမီးငါးယောက်ကို ချစ်မယ့်အချစ်တွေ ကျွန်မတစ်ယောက်တည်းကို ပုံပေးလိုက်သလား ထင်ရလောက်အောင် ကျွန်မအပေါ် သမီးရင်းထက် ပိုကောင်းခဲ့တယ်။ အနှစ် ၄ဝကျော် ရှိခဲ့ပါပြီ... အနှစ် ၄ဝကျော်အတွင်းမှာ ကျွန်မနဲ့ပဲ သူနေခဲ့ပါတယ်။

အလုပ်ကိုယ်စီရှိကြတဲ့ ကျန်သားသမီးတွေက ကျွန်မထက် ပိုအဆင်ပြေခဲ့ကြတယ်။ ဒါပေမယ့် သူက သားသမီးတွေနဲ့ လိုက်မနေဘဲ ၁ဝ ပေပတ်လည် အခန်းကျဉ်းထဲမှာပဲ ကျွန်မနဲ့အတူနေခဲ့တယ်။ ကျွန်မကိုယ်စား မြေးတွေကို သူသွန်သင်ပေးတယ်။ ကျွန်မကိုယ်စား အိမ်နီးချင်းတွေနဲ့ သူငြင်းဆိုပေးတယ်။ သူ့သားသမီးတွေ သူ့ကိုပေးတဲ့ အသုံးစရိတ်ကို ကျွန်မကလေးရဲ့ ကျောင်းစရိတ်လုပ်လိုက်တတ်တယ်။

မနှစ်က သူကွယ်လွန်သွားခဲ့ပါတယ်...
သူရှိနေစဉ်က "ဘာဖြစ်လို့ ကျွန်မတို့ရဲ့ ရင်းနှီးမှုက သားသမီးရင်းထက် ပိုသာခဲ့လဲ" လို့ ကျွန်မ မကြာခဏ တွေးခဲ့ဖူးတယ်။ အချိန်တွေကုန်လွန်ပြီးမှ ကျွန်မသဘောပေါက် နားလည်ခဲ့ရတယ်။ မိခင်မေတ္တာက ပေးဆပ်ခြင်းသက်သက်လို့ ကျွန်မတို့အမြဲတွေးထင်ပြီး အဲဒီမေတ္တာထဲ စိတ်ချလက်ချ ပျော်ဝင်ခံစားခဲ့တယ်။ မိခင်မေတ္တာမှာ အပူချိန်လည်းပါတယ်ဆိုတာကို ကျွန်မတို့ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။ အဲဒီမေတ္တာကို အေးစက်တဲ့ နှလုံးသားနဲ့ထိတွေ့ရင် အပူချိန်နည်းပြီး နွေးထွေးတဲ့နှလုံးသားနဲ့ ထိတွေ့ရင် အပူချိန်တွေ ဆပေါင်းများစွာ တက်လာတယ်။ ချစ်ခြင်းမေတ္တာဆိုတာ အသဲနှလုံးနှစ်ခု အပြန်အလှန် နွေးထွေးမှုတွေ ဖလှယ်တာပဲဖြစ်တယ်။

မိထွေးဟာလည်း အမေပါပဲ။ သူတို့က လူများသားသမီးကို ကိုယ့်သားသမီးလောက် မချစ်နိုင်သေးတာ တစ်ခုပါပဲ...


အင်တာနက်မှာ ဖတ်ရတဲ့ ရေးသူအမည်မရှိတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, March 20, 2009

ပန်း၊ တိရစ္ဆာန်နဲ့ နေ့ညအပြောင်းအလဲ

နေရာဒေသတစ်ခုထဲမှာရှိတဲ့ ပန်းတွေရဲ့ ဖူးပွင့်ချိန်က တူညီကြတယ်။ တစ်ချို့ပန်းတွေက ပန်းပွင့်ချိန် တသတ်မှတ်တည်း ရှိတာကို တွေ့ရတယ်။ ဥပမာ- Cnidium လို့ခေါ်တဲ့ ပန်းက မနက် ၃ နာရီမှာ ပွင့်တယ်။ Morning Glory ပန်းက မနက် ၄ နာရီမှာ ပွင့်တယ်။ နှင်းဆီပန်းက မနက် ၅နာရီ ပွင့်တယ်။ ကြာပန်းက မနက် ၈ နာရီမှာ ပွင့်တယ်။ စပယ်ပန်းက ညနေ ၅နာရီ ဝန်းကျင်လောက်မှာ ပွင့်တယ်။ ညမွေးပန်းက ည၈နာရီမှာ ပွင့်တယ်။ Epiphyllum ပန်းက ည၉နာရီမှာ ပွင့်ပါတယ်။ အဲဒီလိုပန်းတွေဟာ သူ့အချိန်နဲ့သူ ပွင့်တတ်ပြီး မနက်၊ နေ့လယ်၊ ညနေမှာ အပွင့်များကြတယ်။ ညမှာပွင့်တတ်တဲ့ ပန်းအမျိုးအစားက နည်းပါတယ်။

ဒါကြောင့် ၁၈ ရာစုမှာ ဆွီဒင်ရုက္ခဗေဒပညာရှင် Carolus Linnaeus က မတူတဲ့အချိန်မှာ ပွင့်တတ်တဲ့ပန်းတွေနဲ့ "ပန်းနာရီ" ပြုလုပ်ခဲ့တယ်။ အခုအချိန်ထိ ဥရောပနိုင်ငံတစ်ချို့မှာ ပန်း"နာရီ"နဲ့ ပန်းတွေကို အလှဆင်ဆဲဖြစ်ပါတယ်။

ပန်းပွင့်ချိန်ဟာ သတ်မှတ်ချိန်မှာပဲ တသတ်မှတ်တည်း ပွင့်ရတဲ့အကြောင်းရင်းက ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ပါတယ်။ ဥပမာ- နေ့နဲ့ည၊ ရာသီဥတု၊ အလင်း၊ နေရောင်ခြည် စတဲ့ အပြောင်းအလဲတွေကြောင့်ဖြစ်တယ်။ နောက်ပြီး ဝတ်မှုန်ကူးခြင်းနဲ့လည်း ဆိုင်ပါတယ်။ ပျားနဲ့ဝတ်မှုန်ကူးမယ့် ပန်းတွေက မနက်စောစောမှာ ပွင့်ကြရတယ်။ အကြောင်းက ပျားတွေဟာ မနက်စောစောမှာ အလုပ်လုပ်ကြလို့ဖြစ်တယ်။ ညမှလှုပ်ရှားတဲ့ ပိုးဖလံနဲ့ ဝတ်မှုန်ကူးမယ့် ပန်းတွေက ညမှပဲ ပွင့်ကြရတယ်။

Morning Glory ပန်းမျိုးက တမူထူးခြားပါတယ်။ မနက် ၄ နာရီမှာ Morning Glory ရဲ့ ပွင့်ဖတ်တွေက ဖူးငုံ့ရာမှ တဖြေးဖြေး ပွင့်အာလာပြီး မနက် ၆ နာရီခွဲမှာ လုံးဝပွင့်သွားတော့တယ်။ မွန်းတည့်ချိန်ဟာ အပွင့်ဆုံးအချိန်ဖြစ်ပြီး မွန်းလွဲတာနဲ့ ပွင့်ဖတ်တွေက တဖြေးဖြေး ပြန်ငုံ့သွားတတ်တယ်။ Morning Glory ဟာ မနက်ပိုင်းမှာပဲ ပွင့်ရတာက သိပ်မပြင်းသေးတဲ့ မနက်ပိုင်း နေရောင်ခြည်မှာ ပန်းဟာ လိုအပ်တဲ့ ရေဓာတ်ကို အလုံအလောက် ရခဲ့လို့ဖြစ်တယ်။ ဒါပေမယ့် နေ့လယ်ရောက်တာနဲ့ ပါးပြီးအလွှာကြီးတဲ့ ပွင့်ဖတ်က ရေကို အလွယ်တကူ အငွေ့ပျံစေခဲ့တယ်။ ဒါကြောင့် မွန်းလွဲတာနဲ့ ပန်းပြန်ငုံ့သွားရခြင်းဖြစ်တယ်။

Epiphyllum ပန်းက ညမှပွင့်တတ်ပြီး ပွင့်ချိန် နာရီပိုင်းပဲ ကြာတတ်တယ်။ Epiphyllum ပန်းကအမေရိကားတိုက်မှာရှိတဲ့ မက်ဆီကို သဲကန္တာရမှာ ပေါက်ရောက်တယ်။ ပြူပင်းတဲ့ပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေနိုင်ဖို့ Epiphyllum ဟာ ပူပြင်းခြောက်သွေ့တဲ့ ဒဏ်ကို ခံနိုင်အောင် ကြိုးစားရတယ်။ ရေငွေ့ပျံမှု လျော့နည်းအောင် အရွက်တွေကို သေးသွယ်တဲ့ လှံချွန်ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲခဲ့တယ်။ ပူပြင်းတဲ့နေ့အချိန်မှာ ရေငွေ့ပျံအား ကောင်းတဲ့အတွက် ပန်းပွင့်ဖို့ လုံလောက်တဲ့ ရေဓာတ်ကို မရခဲ့ပါဘူး။ ဒါကြောင့် ညအပူရှိန် လျော့ချိန်မှာပဲ ပန်းပွင့်ကြတာဖြစ်တယ်။

ပန်းပွင့်ချိန် နာရီပိုင်းပဲ ကြာရတဲ့အကြောင်းကလည်း အမြစ်ကနေ စုတ်ယူတဲ့ရေဓာတ် မလုံလောက်တဲ့အတွက်ကြောင့် ဖြစ်တယ်။ နောက်တစ်ချက်က သဲကန္တာရမှာရှိတဲ့ နေ့နဲ့ည အပူချိန် ကွာဟချက်ကြောင့်ဖြစ်တယ်။ ဒါကြောင့် ပန်းပွင့်ချိန် ၃ , ၄ နာရီသာ ကြာမြင့်တတ်လို့ အချိန်တိုတောင်းခြင်းကို ဒီပန်းနဲ့ ခိုင်းနှိုင်းကြပါတယ်။ (ဒီပန်းအကြောင်းကို ဒီမှာလည်း ရေးဖူးပါတယ်)

နေ့မှာပွင့်၊ ညမှာပွင့်တဲ့ ပန်းလိုပဲ တိရစ္ဆာန်တွေမှာလည်း နေ့၊ ညကျက်စားတဲ့ တိရစ္ဆာန်ဆိုပြီး ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း နေ့မှာကျက်စားတဲ့ တိရစ္ဆာန်တွေက ကြက်၊ ဖြု၊ လိပ်ပြာ၊ ပျား .... စတာတွေဖြစ်ပြီး ပိုးဖလံ၊ ဇီးကွက်၊ လင်းနို့.. တွေက ညမှာကျက်စားကြတယ်။ ခွေးနဲ့ကြောင်က နေ့ရောညမှာ ကျက်စားကြပါတယ်။

ကြောင်က နေ့ရောညမှာ အရာဝတ္ထုတွေကို ကောင်းစွာ မြင်နိုင်တဲ့အကြောင်းက ကြောင်ရဲ့မျက်လုံးမှာ cone cell ဆိုတဲ့ ကတော့ပုံဆဲလ်နဲ့ cylindrical cell ဆိုတဲ့ ဆလင်ဒါဆဲလ် နှစ်မျိုးပါလို့ ဖြစ်တယ်။ ကတော့ပုံဆဲလ်က နေ့ရောင်ခြည် စူးရှတဲ့အလင်းနဲ့ အရောင်ကို ခံနိုင်ရည်ရှိပြီး ဆလင်ဒါဆဲလ်က ညရဲ့ဖျော့တဲ့ အလင်းကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိပါတယ်။ တစ်ခြား နေ့မှာကျက်စားတဲ့ ကြက်၊ ငှက်တွေမှာ ကတော့ပုံဆဲလ်ပဲရှိပြီး ညမှာကျက်စားတဲ့ ဇီးကွက်တွေမှာ ဆလင်ဒါဆဲလ်ပဲ ပါရှိတယ်။ ကြောင်မှာ ထူးခြားချက်နောက်တစ်ခု ရှိပါသေးတယ်။ ကြောင်ရဲ့ မျက်နက်ဆံက အလင်းဖျော့တဲ့ ညအချိန်မှာ အလင်းနဲ့လိုက်ပြီး အကြီးအသေး လိုက်ပြောင်းတတ်တာပါပဲ။ ဒါကြောင့် နေ့ခင်းချိန်မှာ အလင်းဒဏ်ကို ခံနိုင်အောင် ကြောင်တွေရဲ့ မျက်နက်ဆံက မျဉ်းကြောင်းတစ်ကြောင်းလို သေးငယ်ပြီး ညအချိန်မှာ စက်ဝိုင်းသဏ္ဍာန် ဝိုင်းစက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက ကြောင်ရဲ့လျှို့ဝှက်ချက်နဲ့ ညအချိန်မှာ ကြည့်နိုင်တဲ့ ညကြည့်မှန်ဘီလူးတွေ ထီထွင်ခဲ့ကြတယ်။

ဒီစာတွေက အခု ကျွန်မသင်ရတဲ့ တရုတ်စာ ၅တန်းသိပ္ပံကပါတဲ့ စာလေးတွေပါ။ သိပြီးသားလည်း ဖြစ်ကြပါလိမ့်မယ်။ ကျွန်မက ခုမှသိလို့ ကျွန်မလို သိချင်သူတွေအတွက် ဆီလျှော်အောင် ရေးလိုက်ပါတယ်။ (ရေးလို့ မပြီးသေးပါဘူး.. နောက်မှ ဆက်ရေးအုန်းမယ်) all photos from google image

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, March 19, 2009

အချစ်ဆုံးကို နားလည်ပါ


ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။
ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ
ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။

ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။

သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။
သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။

မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။

မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။


ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....

youthwant.com.tw မှာဖတ်မိတာလေးပါ မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, March 18, 2009

ပိန္နဲသီးဟင်းရည်


ပိန္နဲသီးက အမှည့်စားလို့ရသလို အစိမ်းကိုလည်း အခုလို ဟင်းရည်ချက်စားလို့ ရပါတယ်။ ပိန္နဲသီးဟင်းရည် ချက်ဖို့ရာ မခက်ပါဘူး။ အောက်ပုံမှာ ပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်သွားရင် စားကောင်းတဲ့ ပိန္နဲသီးဟင်းရည် တစ်ခွက်ကို အကုန်အကျနည်းနည်းနဲ့ ချက်စားလို့ ရနိုင်ပါတယ်။ ကျွန်မတို့အိမ်မှာ ချက်စားတတ်တဲ့ ရှမ်းအစားအစာ ပိန္နဲသီးဟင်းရည်ကို မျှဝေလိုက်ပါတယ်။

၁) ပုံထဲမြင်ရတဲ့အတိုင်း ပိန္နဲသီးအနုကို အခွံခွါပြီး အတုံးတုံးလေး တုံးပါ။ တစ်ချို့ဈေးတွေမှာ တုံးပြီးသား အတုံးတွေ ရောင်းတတ်ပါတယ်။ ပိန္နဲသီးက ပန်းသီးလို ခွါပြီးရင် မည်းသွားတတ်ပါတယ်။ ဈေးထဲရောင်းတဲ့ ပိန္နဲသီးတွေက ဖြူအောင်ဆိုပြီး (လူသေမှာထိုးတဲ့) မပုပ်သိုးဆေးရည်နဲ့ စိမ်ထားတတ်ပါတယ်။ (ဆားနဲ့သေချာ ဆေးပေးပါ)။ အပင်ပေါ်က ခူးပြီး ချက်စားတာကတော့ အကောင်းဆုံးပေါ့။

၂) ဟင်းရည်ပိုချိုအောင် ဝက်ရိုးကို ပြုပ်ပါတယ်။ သက်သတ်လွတ် စားတဲ့သူဆိုရင် ဒီတစ်ကွက်ကို ကျော်သွားနိုင်ပါတယ်။ ဝက်ရိုးဆူပွက်လာပြီဆိုရင် ပိန္နဲသီးကို ဝက်ရိုးနဲ့အတူ ချက်ထည့်လိုက်ပါ။

၃) ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူ၊ ပဲပုတ်မီးကင်ပြီး ထောင်းပါ။ (ဂက်စ်မီးသုံးသူတွေက ပဲပုတ်ကို ဆီနဲ့ကြော်လိုက်လို့ ရပါတယ်) အဲဒီနောက် အားလုံးကို ရောမွှေဆီသပ်ပြီး ချက်ထားတဲ့ ပိန္နဲသီးဟင်းရည်ထဲ ထည့်လိုက်ရုံပါပဲ။ ဆား၊ အချိုမှုန့်ထည့် အပေါ့အငန်မြီးပြီး ပိန္နဲသီးနူးရင် မီးဖိုပေါ်ကချလို့ရပါပြီ။ ချခါနီးမှာ ဆူးပုပ်ရွက်ကိုထည့်ပါ။ ဆူးပုပ်ရွက်မရှိခဲ့ရင် စွယ်တော်ရွက် ချက်ထည့်လည်း ရပါတယ်။ ဆူးပုပ်၊ စွယ်တော်တွေ မရှိခဲ့ရင် မထည့်လဲရပါတယ်။

နောက်ဆုံးမှာ ဒီလို ဆူးပုပ်နံ့၊ ပဲပုတ်နံ့လေးသင်းနေတဲ့ ပိန္နဲသီးဟင်းရည်တစ်ခွက်ကို ရပါတယ်။ ထားဝယ်ဖက်မှာတော့ ပိန္နဲသီးနုကို ပြုပ်ပြီး သုပ်စားကြသလို၊ ချဉ်ရည်ဟင်းအဖြစ်လည်း ချက်စားကြပါသတဲ့။ ဘယ်လိုပဲစားစား ချွေတာချင်တယ်၊ အဆီအအိမ့်နဲ့လည်း ငြီးငွေ့နေတယ် ဆိုသူတွေအတွက် ပိန္နဲသီးဟင်းရည်တစ်ခွက်ကို လက်တည့်စမ်း ချက်စားကြည့်နိုင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, March 13, 2009

ဟိုးတုန်းက.... သူ ငယ် ချင်း (က)


ကျွန်တော်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ အစက တစ်ခြားကျောင်းသားတွေနဲ့ မခြားခဲ့ပါဘူး။ ကျောင်းသူလှလှလေးတွေ အမြဲရှိတတ်တဲ့ ကျောင်းကင်တင်းန်ရယ်၊ ၂နှစ်ကြာခွဲခွါနေတဲ့ သူငယ်ချင်းတွေနဲ့ ပြောမကုန်တဲ့ စကားတွေရယ်က ပထမနှစ် တက္ကသိုလ်ကျောင်းသား ကျွန်တော့်စိတ်ကို ပိုလန်းဆန်း တက်ကြွစေခဲ့ပါတယ်။ နှစ်ချီကြာ တိတ်ဆိတ်ခဲ့တဲ့ စာသင်ခန်းက အခုတော့ ကျောင်းသူကျောင်းသားတွေရဲ့ ရယ်မောသံနဲ့ သက်ဝင်လှုပ်ရှားလာခဲ့တယ်။

ပထမနှစ် ကျောင်းသားပီပီ ကျွန်တော်တို့ရဲ့အချိန်က စာသင်ခန်းမှာထက် ကင်တင်းန်မှာ ပိုများခဲ့တယ်။ တစ်ခြားမေဂျာက သူငယ်ချင်းအသစ်တွေနဲ့ ပိုခင်မင်ရင်းနှီးအောင် အဆောင်မှာ ဝိုင်းဖွဲ့တာလဲ ခဏခဏပါပဲ။ တက္ကသိုလ်ကျောင်းသားဘဝကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ကြီး ဖြတ်သန်းဖို့ ကျွန်တော်စိတ်ကူးခဲ့တယ်။

ဒါပေမယ့် ပျော်စရာအချိန်တွေက တိုတောင်းလွန်းခဲ့တယ်။
ကျောင်းသူတွေရဲ့ မျက်နှာလှလှကို ငေးမောမဝခင် ပထမနှစ် စာသင်နှစ်က ကျွန်တော်တို့အပါးကနေ ရက်ရက်စက်စက် ထွက်ခွာသွားခဲ့တယ်။ ကျောင်းစာတွေ ဗလာစာအုပ်တစ်အုပ် မပြည့်ခင်မှာ ကျွန်တော်တို့ စာမေးပွဲဖြေခဲ့ကြရတယ်။

ဒုတိယနှစ်ကျောင်းအဖွင့်မှာ ကျွန်တော့်ကိုကျွန်တော် ကင်တင်းန်လျှော့ထိုင်မယ်၊ အတန်းမှန်မှန်တက်မယ်လို့ သတိပေးလိုက်တယ်။ တကယ်လည်း ဒုတိယနှစ်က ပထမနှစ်ထက် စာပိုများပြီး ဂုဏ်ထူးတန်းအတွက် အရေးကြီးတဲ့နှစ်ဖြစ်တယ်။ ဒါပေမယ့် အပေါင်းအသင်းကို ကျောင်းစာထက် ပိုခုံမင်မိတဲ့ကျွန်တော် ပရယ်တီကယ် မှန်မှန်လုပ်ဖို့လောက်ပဲ ကိုယ့်ကိုယ်ကို သတိပေးနိုင်ခဲ့တယ်။

အဲဒီလိုနဲ့
သူငယ်ချင်းတွေနဲ့ ကင်တင်းန်မှာထိုင်ပြီး အချိန်ရထားကြီး တဖြေးဖြေး ထွက်ခွါသွားတာကို ကျွန်တော်ငေးမောခဲ့တယ်။ ကျွန်တော့်စာအုပ် အဖြူစင်လေးက မင်တစ်စက်တောင် အစွန်းမခံခဲ့သေးပါဘူး။

"ဟေ့ကောင်.. ကျော်လှိုင် .. မင်းကို ဟိုကောင်မလေးတွေက စာကူးပေးမလို့တဲ့"

အတန်းပြောင်းချိန်မှာ ကျိုင်းတုံသား သက်ထွန်းက ကျွန်တော်ကိုလာပြောတယ်။ ရေငတ်တုန်း ရေတွင်းထဲ ပြုတ်ကျတဲ့ကျွန်တော် သက်ထွန်းညွှန်ပြတဲ့ ကောင်မလေးတွေကို လှမ်းကြည့်လိုက်တယ်။ ဆံပင်ရှည်ရှည် အသားညိုညိုနဲ့က နှစ်ယောက်၊ ဆံပင်တိုတို အသားဖြူဖြူနဲ့က နှစ်ယောက် .. အဲဒီထဲမှာ ဆံပင်တိုအသားဖြူတဲ့ တစ်ယောက်ကလွဲရင် အားလုံးက ပိန်ပိန်ပါးပါးတွေချည်းပဲ။ အတန်းပြောင်းချိန်မို့ လေးယောက်သား နေကြာစေ့ တစ်ဖျောက်ဖျောက် ဝါးရင်း စကားတွေ ဖောင်ဖွဲ့နေခဲ့တယ်။ ကျွန်တော်လှမ်းကြည့်တာကို သတိထားမိပုံ မရခဲ့ဘူး။

"စာကူးကူမလို့ဆို.. " အတန်းပြောင်းချိန်မှာ သူတို့ရှေ့မှာရပ်ပြီး ကျွန်တော်
အရဲစွန့်မေးလိုက်တယ်။ နေကြာစေ့သံနဲ့ စကားပြောသံတွေ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားခဲ့တယ်။ အဲဒီနောက် စာကူးမယ့်ကိစ္စ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုး မေးနေခဲ့တယ်။ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ ဟိုကောင်သက်ထွန်း ကျွန်တော်ကို တမင်နောက်သွားပြီဆိုတာ... "မသိပါဘူး.. ကျွန်တော်က အဟုတ်မှတ်လို့" ပြောပြီး သူတို့ရှေ့ကနေ ကျွန်တော်လှည့်ထွက်လာခဲ့တယ်။

မနက်ပိုင်းသာ တက်ရတဲ့အတန်းမို့ ကျောင်းဆင်းတော့ သူငယ်ချင်းတွေနဲ့ ကင်တင်းန်မှာ ကျွန်တော်တို့ထိုင်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ထိုင်တဲ့ ဆိုင်ရှေ့က ခေါက်ဆွဲဆိုင်မှာ စာကူးကူမယ်ဆိုတဲ့ ကျောင်းသူလေးယောက်ကို တွေ့လိုက်တယ်။ ကျွန်တော်ကိုတွေ့တော့ တစ်ယောက်က လက်ယပ်ခေါ်ပြီး စာအုပ်ထောင်ပြတယ်။ စာကူးပေးမယ်ဆိုတဲ့ သဘောပေါ့... သေချာတဲ့ ဒီတစ်ခေါက်မှာ ကျွန်တော်တုံ့ဆိုင်း မနေတော့ဘူး။ စာအုပ်ယူပြီး သူတို့ကိုသွားပေးလိုက်တယ်။

နောက်တစ်ရက်ခြားမှာ ကူးပေးတဲ့စာအုပ် ကျွန်တော်ပြန်ရခဲ့တယ်။ သပ်သပ်ရပ်ရပ် ကူးထားတဲ့စာအုပ်ထဲမှာ လက်ရေးနှစ်မျိုးတွေ့ရတယ်။ ကျေးဇူးတင်တဲ့အနေနဲ့ သူတို့ကို ကျွန်တော် လက်ဖက်ရည်တိုက်ချင်ပေမယ့် အမေပေးတဲ့ တစ်နေ့၅ဝကျပ်ဆိုတဲ့ မုန့်ဖိုးက သူတို့လေးယောက်အတွက် မလောက်ခဲ့ဘူး။ "ကျေးဇူးတင်ပါတယ်"ဆိုတဲ့ စကားတစ်ခွန်းသာ ကျွန်တော်ပြောနိုင်ခဲ့တယ်။

တစ်တန်းသားချင်း စာလည်းကူးပေးတယ်ဆိုပေမယ့် ခင်မင်တဲ့အထိ
ကျွန်တော်တို့ အဆင့်မတိုးခဲ့ပါဘူး။ သူတို့လေးယောက်က အမြဲတပူးတွဲတွဲမို့ ကျွန်တော်ကစပြီး စကားသွားမပြောရဲခဲ့ဘူး။ ခင်မင်ရင်းနှီးဖို့ အခွင့်အရေးက ကျွန်တော့်အပါးကနေ ကွေ့ပတ်သွားခဲ့တယ်။

အဲဒီနေ့က ဟိုကောင် ကျိုင်းတုံသားသက်ထွန်း ကျွန်တော့်ကို စာအုပ်တစ်အုပ် လာပေးခဲ့တယ်။ ကျွန်တော့်ရဲ့ သင်္ချာကျူတိုရီရယ် စာအုပ်ပါ။ ထူးထူးဆန်းဆန်း ဒီကောင် ကျွန်တော့်စာအုပ်တစ်အုပ်ပဲ ဘာဖြစ်လို့ ယူလာတာလဲလို့ တွေးလို့မဆုံးခင် သူငယ်ချင်း စောကျော်သူရက "ဟေ့ကောင် ဖတ်ကြည့်..." ဆိုပြီး စာအုပ်ကို ထိုးပေးပါတယ်။ ကျွန်တော်ယူကြည့်တော့ အမှတ်ပေးထားတဲ့ နေရာမှာ ခဲတံနဲ့ရေးထားတဲ့ ကဗျာတိုတစ်ပုဒ်ကို တွေ့လိုက်တယ်။ ဒီတစ်ခါတော့ သက်ထွန်းမနောက်မှန်း ကျွန်တော် တပ်အပ်ပြောရဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာလက်ရေးက ဟိုးတစ်ခါ ကျွန်တော့်ကို စာကူးပေးတဲ့ လက်ရေးထဲက တစ်ယောက်ဖြစ်နေလို့ပါပဲ။ စာကူးပေးတဲ့ လေးယောက်ကို ကျွန်တော် မသိမသာ လှည့်ကြည့်လိုက်တယ်။ ကျန်သုံးယောက်ကလွဲရင် ဝတုတ်တုတ် ကောင်မလေးတစ်ယောက်ပဲ ခေါင်းငုံ့နေခဲ့ပါတယ်။

မျှော်သာမျှော်လျှက်
အခေါ်ခက်ပြန်
နှုတ်ဆက်ရန်လည်း
မရဲမဝံ့
မျက်ရည်လွင့်ချင်
ရင်နင့်ကျန်မှာ စိုးပါသည်။ (ရှား)

ကဗျာကြောင့် သူတို့အဖွဲ့ကို ကျွန်တော်ပိုသတိထား ကြည့်ခဲ့မိတယ်။ သူတို့က ကြည့်လိုက်တိုင်း ပြောမကုန်တဲ့ စကားတွေနဲ့ အမြဲပြုံးရယ်နေတတ်တယ်။ အဆိုးဆုံးက ဟိုဝတုတ်မလေး အစားနဲ့ပါးစပ် မပြတ်သလို စကားကလည်း တတွတ်တွတ် ပြောနိုင်သေးတယ်။ အမြဲတမ်း စိတ်လွတ်ကိုယ်လွတ် ဘာမှ အပူအပင် မရှိတဲ့ပုံစံနဲ့ တစ်ခါတလေ ကျွန်တော့်ဖက်ကို ကြည့်ပြီး သူတို့တစ်ခုခု ပြောနေတတ်တယ်။

ကျွန်တော့်စိတ်မှာ မတင်မကျဖြစ်နေတယ်။ အဖြေရှိတဲ့ ပုစ္ဆာတစ်ပုဒ်ရဲ့ တိကျတဲ့အဖြေကို ကျွန်တော်သိချင်နေမိတယ်။ သိလိုစိတ်ကို ကျွန်တော်တားမရတဲ့အဆုံး သင်္ချာကျူတိုရီရယ် ဖြေတဲ့နေ့က ဆရာမကို စာအုပ်တွေ နားနေခန်း လိုက်ပို့မယ်ဆိုပြီး ဖြေထားတဲ့စာအုပ်တွေ ကျွန်တော်ယူလာခဲ့တယ်။ ပြီးတော့ စာအုပ်တွေထဲက စာအုပ်တစ်အုပ်ကို ကျွန်တော် ခပ်မြန်မြန်လေး ရှာလိုက်တယ်။ တွေ့ပါပြီ.. "မီးမီး" လို့ နာမည်ထိုးထားတဲ့ စာအုပ်တစ်အုပ်... စာအုပ်ကို လှန်မကြည့်ခင် တစ်ခုခုကို ကျွန်တော်တိတ်တခိုး ဆုတောင်းလိုက်မိတယ်။ ပြီးမှ လှုပ်ရှားနေတဲ့စိတ်နဲ့ စာအုပ်ထဲက လက်ရေးကို တစ်ရွက်ချင်း ကျွန်တော်လှန်ကြည့်လိုက်တယ်။ သေချာပါပြီ... ကျွန်တော့်ရင်ထဲက ဆုတောင်းလေး ပြည့်ခဲ့ပါတယ်။ စာအုပ်ကို ဆရာမစားပွဲပေါ် အမြန်တင်ပြီး ဝရံတာရှေ့ ကျွန်တော်ပြေးထွက်လာခဲ့တယ်။ ကျောင်းအောက်ကို လှမ်းကြည့်လိုက်တော့ ဝတုတ်တုတ် လိပ်ပြာလေးတစ်ကောင်က သူ့အဖော် သူငယ်ချင်းတွေနဲ့ ကျောင်းရှေ့ပန်းခြံမှာ လွတ်လွတ်လပ်လပ် ဝဲပျံနေခဲ့တယ်။

အဲဒီနောက်မှတော့ ဆွဲဆောင်မှုတစ်ခုနောက် ကျွန်တော် စီးမျှောလိုက်ပါခဲ့တယ်။ ကျွန်တော် အတန်းချိန်တွေ မှန်ခဲ့တယ်။ မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုးနဲ့ ဘုတ်အီးမကို ကျွန်တော်ချောင်းကြည့်လာတတ်တယ်။ မနက်စောစော ပရယ်တီကယ် မတက်ခင် ဘုတ်အီးမအလာကို ဝရံတာအကွယ်ကနေ ကျွန်တော် စောင့်ကြည့်တတ်ခဲ့တယ်။

မနက်တိုင်း ကျောင်းတက်ခါနီး ၅မိနစ်အလိုမှာ လိုင်းကားစီးပြီး ကျောင်းကို အိပ်ချင်မူးတူးနဲ့ ဘုတ်အီးမ ရောက်လာတတ်တယ်။ လူလိုသူလို လှလှပပ လိမ်းမထားတဲ့ ကြောင်ခြစ်သနပ်ခါး ပါးကျားနှစ်ကွက်က ဘုတ်အီးမရဲ့ အမှတ်တံဆိပ်ဖြစ်တယ်။ မညီညာတဲ့ ထမိန်နဲ့ ဖလန်ထည် ရှပ်အင်္ကျီပွပွကြီးကို အမြဲဝတ်တတ်တဲ့ ဘုတ်အီးမ၊ လမ်းလျှောက်ရင် လမ်းကျွံသွားမလား ထင်ရတဲ့ ခြေလှမ်းမျိုးနဲ့ ကျွန်တော်ကြည့်မဝခင် ကျောင်းဆင်ဝင်အောက် ရောက်လာတတ်တယ်။ လှေကားပေါ် တဒုန်းဒုန်း တက်လာတဲ့ သူ့ခြေသံကြားရင် စာသင်ခန်းထဲ ကျွန်တော်အပြေးဝင်လိုက်တယ်။ ခိုးကြည့်တာကို လူသိမခံနိုင်တဲ့ပုံစံနဲ့ အခန်းထဲမှာ ကျွန်တော်မှင်သေနေခဲ့မိတယ်။

ဒီလိုနဲ့ ကျောင်းသူလှလှလေးတွေကြားက သာမန်ထက် ပိုပြီးမသာမန်နိုင်တော့တဲ့ ဘုတ်အီးမကို စောင့်ကြည့်၊ ခိုးကြည့်တဲ့ အဆင့်ကနေ ကျွန်တော်မတက်ခဲ့ဘူး။ ပုခုံးလောက်သာရှိတဲ့ ဆံပင်တိုနဲ့ ချည်လွယ်အိတ်ကြီး လွယ်ထားတတ်တဲ့ ဘုတ်အီးမကို အမြဲခိုးကြည့်မိအောင် ကျွန်တော့်ကို ဘာတွေက ဆွဲဆောင်နေခဲ့လဲ မသိခဲ့ပါဘူး။ စိတ်လွတ်ကိုယ်လွတ်နဲ့ အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လို အမြဲတမ်း ပြုံးရယ်နေတတ်တဲ့ သူပုံစံကြောင့် ဖြစ်လိမ့်မယ် ထင်ပါတယ်။

ဒီလိုပါပဲ.. ဘုတ်အီးမနဲ့ စကားတစ်ခွန်းတောင် ကျွန်တော် မပြောလိုက်ရခင်မှာ ၆လတစ်တန်းဆိုတဲ့ စာသင်နှစ်က ကုန်ဆုံးသွားခဲ့ပြန်တယ်။ ဒုတိယနှစ် နွေကျောင်းပိတ်ရက်မှာ ခါတိုင်းလုပ်နေကျ ပန်းတိမ်အလုပ်အပြင် အပြင်ထွက်တိုင်း ဘုတ်အီးမကို ရှာရတဲ့အလုပ်တစ်ခု ကျွန်တော့်မှာ ပိုလာတယ်။ ဒါပေမယ့် ဝတုတ်တုတ် ဘုတ်အီးမတစ်ယောက်ကို ရှာဖို့ တောင်ကြီးမြို့က ကျွန်တော့်အတွက် ကျယ်လွန်းခဲ့တယ်။ နွေလေနဲ့အတူ သစ်ရွက်ကြွေတွေကိုကြည့်ပြီး ဘာကြောင့်ရယ်မသိ ဘုတ်အီးမကို ကျွန်တော်လွမ်းမိတယ်....

တတိယနှစ် ကျောင်းဖွင့်ချိန်က ကျွန်တော့်အတွက် အပျော်ဆုံးအချိန်တွေဖြစ်ခဲ့တယ်။ ဘုတ်အီးမတို့ အဖွဲ့လေးယောက်ထဲက အသားညိုညိုနဲ့နှစ်ယောက် ဂုဏ်ထူးတန်းဝင်သွားတယ်။ တော်သေးတယ်.. ဘုတ်အီးမ ကျန်နေခဲ့လို့။ သူဂုဏ်ထူးတန်း မဝင်တာကို ရင်ထဲမှာ မသိမသာ ကျေနပ်ရင်း အဖွဲ့အင်အားနည်းသွားတဲ့ သူ့ကို ခင်မင်ရင်းနှီးအောင် ကြိုးစားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

အဲဒီနေ့က ညနေကျောင်းဆင်းအပြန် ကျွန်တော်စီးတဲ့ လိုင်းကားနောက်မှာ ဆိုင်ကယ်နဲ့ဘုတ်အီးမကို တွေ့လိုက်တယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ မင်းလမ်းတစ်လျှောက် လွတ်လွတ်လပ်လပ် ဆိုင်ကယ်စီးနေခဲ့တယ်။ ကြည့်ရတာ သူ့ပုံစံအတိုင်း စိတ်လွတ်ကိုယ်လွတ် ဖြစ်နေခဲ့ပြီ ထင်ပါရဲ့..... ဈေးနားရောက်တော့ ကားပေါ်က ကျွန်တော်ဆင်းလိုက်တယ်။ ဘုတ်အီးမကို ရှာမတွေ့တော့ဘူး။ ရှေ့နားမှ လူတွေ၊ ယာဉ်ထိန်းရဲတွေ ဝိုင်းအုံ့နေတာကို ကျွန်တော်လှမ်းမြင်လိုက်တယ်။ ကျွန်တော်စိတ်ထဲ ထင့်ခနဲ့ဖြစ်သွားတယ်။ ပြေးကြည့်တော့ ကျွန်တော်ထင်ထားတဲ့အတိုင်းပဲ လဲနေတဲ့ဆိုင်ကယ်နဲ့ ယာဉ်ထိန်းရဲရှေ့မှာ တုန်တုန်ရီရီ ရပ်နေတာကို ဘုတ်အီးမကို တွေ့လိုက်တယ်။ ယာဉ်ထိန်းရဲကို ကျောင်းသားပါလို့ တောင်းပန်ပြီး သူ့ကိုအိမ်အထိ ကျွန်တော်လိုက်ပို့ပေးလိုက်တယ်။ လန့်သွားတယ်ထင်ပါရဲ့ တစ်လမ်းလုံး သူစကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်တော်လည်း မပြောခဲ့ပါဘူး.... ဘာကြောင့်မှန်းမသိ ငါရင်တွေ ခုန်နေလိုက်တာ ဘုတ်အီးမရယ်.......

နောက်တစ်နေ့ ကျောင်းရောက်တော့ ဘုတ်အီးမကို ကျွန်တော်စကားသွားပြောဖြစ်ခဲ့တယ်။ ဆိုင်ကယ်တိုက်တာကို အခွင့်အရေးယူပြီး ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို စခဲ့တယ်ဆိုပါတော့။ အဲဒီနောက်တော့ ဘုတ်အီးမနားမှာ အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်တော်စကားတွေ သွားပြောတတ်တယ်။ ဆိုင်ကယ်နဲ့ သူ့အိမ်ကို လိုက်ပို့တတ်ခဲ့တယ်။ တစ်ခါတလေ အတန်းမတက်ဘဲ အဆောင်မှာ ဝိုင်းဖွဲ့မယ့်နေ့တွေမှာတောင် ဘုတ်အီးမမျက်နှာကို အရင်မကြည့်ရရင် သူငယ်ချင်းတွေ ဘယ်လိုခေါ်ခေါ် ကျွန်တော်မလိုက်တော့ဘူး။ အနီအောက် ဝမ်းဆက်ဝတ်တတ်တဲ့ ဘုတ်အီးမကို သားညီ (စောညီညီလှ) က "မင်းရဲ့ စာတိုက်ပုံးလှိမ့်လာနေပြီ.. ကြည့်လို့ဝရင် ငါတို့နဲ့ အဆောင်လိုက်ခဲ့ကွာ"တဲ့... နင့်ရဲ့ဘာအလှက ငါ့ကိုစွဲမက်စေခဲ့သလဲ ဘုတ်အီးမရယ်... ငါကိုယ်တိုင်လည်း မသိခဲ့ဘူး....

တတိယနှစ်ရဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ဘုတ်အီးမကို ကျွန်တော်အပျောက်မခံတော့ဘူး။ ကျွန်တော်နဲ့ဆက်သွယ်ဖို့ သူ့ကို ဖုန်းနံပါတ်ပေးလိုက်တယ်။ သံယောဇဉ်မှန်ရင် ကျွန်တော့်ဆီ သူဖုန်းဆက်မယ်ဆိုတာ ကျွန်တော်ယုံကြည်ထားတယ်။ ယုံကြည်တဲ့အတိုင်းပဲ တစ်ခါတလေ ကျွန်တော်တို့နှစ်ယောက် အပြင်မှာ တွေ့ဖြစ်ကြတယ်။ ချစ်သူစုံတွဲတွေ ထိုင်တတ်တဲ့နေရာမှာ ကျွန်တော်တို့ ထိုင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူငယ်ချင်းအဆင့်ထက် ကျွန်တော်တို့ မပိုခဲ့ကြဘူး။ သူ့ကို တစ်ခုခုဖွင့်ပြောမယ် ကြံတိုင်း ကျွန်တော်နုတ်နှေးနေခဲ့တယ်။ အဆင့်တစ်ခုကိုကျော်ဖို့ ကြိုးစားရင် အခုလို သူနဲ့ ရင်းရင်းနှီးနှီး မနေရမှာကိုလည်း ကျွန်တော်စိုးရိမ်မိတယ်။ နင့်အနားမှာ အမြဲနေပြီး နင့်ကိုငေးနေရရုံနဲ့တင် ငါကျေနပ်တယ် ဘုတ်အီးမ ရယ်...

နောက်ဆုံးနှစ်... ကျောင်းတော်ကြီးကို ခွဲဖို့၊ သူငယ်ချင်းတွေနဲ့ခွဲဖို့ အချိန်ရောက်လာခဲ့ပါတယ်။ တက္ကသိုလ်စာသင်နှစ်ရဲ့ အမှတ်တရများစွာထဲက နောက်ဆုံးအမှတ်တရတစ်ခု လူတိုင်းရင်မှာ ကျန်ရစ်ခဲ့အောင် ပါမောက္ခချုပ်က တစ်တန်းလုံးကိုခေါ်ပြီး ပုဂံ-ညောင်ဦး- မုံရွာဖက် လေ့လာရေးထွက်ဖို့ စီစဉ်ခဲ့တယ်။ ဂုဏ်ထူးတန်းက ကျောင်းသားတွေလည်း ပါတာကြောင့် ကားကြီး ၄စီးငှားခဲ့ရတယ်။ ဘုတ်အီးမနဲ့ ကားတစ်စီးထဲကျဖို့ ကျွန်တော်နေရာ သွားပြောင်းခဲ့ပါသေးတယ်။ ဒါပေမယ့် လူစုခွဲပြီးသားဆိုပြီး ဆရာမရဲ့ အငေါက်သာခံခဲ့ရတယ်။

ပုဂံ-ညောင်ဦးမသွားခင် ပထမဆုံး ပုပ္ပါးတောင်ကို ကျွန်တော်တို့ရောက်ခဲ့ကြတယ်။ ပုပ္ပါးတောင်အတက်မှာ မသိမသာ ဘုတ်အီးမတို့နောက် လိုက်တက်ရင်း တစ်နေရာရာမှာ မထင်မှတ်တဲ့ပုံစံနဲ့ ဆုံသလိုမျိုး ကျွန်တော်ဖန်တီးခဲ့တာလည်း အကြိမ်ကြိမ်ပဲ။ မျောက်တွေနဲ့အပြိုင် သဘောင်္သီးစားနေတဲ့ ဘုတ်အီးမကို လူမသိ၊ မျောက်မသိအောင် ခိုးကြည့်ရတာလည်း ခဏခဏပါပဲ။ ငါသာ မျောက်တစ်ကောင်ဆိုရင် နင့်ရင်ခွင်ထဲ ခဏလောက်တိုးဝင်ချင်မိတယ် ဘုတ်အီးမရယ်....

ပုဂံရောက်တော့ ကျွန်တော်တို့တစ်ဖွဲ့လုံး အပျော်လွန်ပြီး မူးနေကြပြီ။ သောက်ထားတဲ့ထန်းရည်က လေညှင်းဒဏ်ကြောင့် တစ်ရိပ်ရိပ် အရှိန်တက်နေခဲ့တယ်။ မြစ်ဘေးမှာ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်နေတဲ့ ဘုတ်အီးမကို ကျွန်တော်လှမ်းမြင်လိုက်တယ်။ ရီဝေဝေ ကျွန်တော့်မျက်စိထဲမှာ ဘုတ်အီးမရယ်၊ ရှပ်အင်္ကျီဖားလျား၊ သနပ်ခါးပါးကွက်ကြားနဲ့ ညနေဆည်းဆာအောက်မှာ အလှတွေပိုနေခဲ့တယ်။ ဓာတ်ပုံအတူရိုက်ဖို့ ကျွန်တော့်ကို သူလှမ်းခေါ်တယ်။ ကျွန်တော်လေ ပျော်လိုက်တာ... ကျွန်တော့်အပျော်တွေ ဧရာဝတီမြစ်ထဲ ပျော်ဝင်ပြီး မြန်မာပြည်အနှံ့ ဖြတ်သန်းစီးဆင်းသွားအောင် မြစ်ထဲကို ကျွန်တော်ခုန်ချလိုက်မိတယ်။ အပျော်တွေကလွဲပြီး ငါဘာမှ မသိတော့ဘူး ဘုတ်အီးမ....

ဘုတ်အီးမနဲ့ အတူတွဲကလိုက်ရတဲ့ မီးပုံပွဲကို ကျွန်တော်တစ်သက် မေ့လို့မရခဲ့ဘူး။ လက်ကိုမြှောက်ပြီး စည်ပိုင်းကြီး ဘယ်ညာယိုင်ထိုးနေသလို ကနေတဲ့ ဘုတ်အီးမရဲ့အလှ,က ကျွန်တော့်မျက်စိထဲမှာ ဒေါင်းမပျိုလေးနဲ့ တူတယ်ဆိုရင် ကျွန်တော်လွန်သွားမလားဗျာ... ဘုတ်အီးမရေ.. နင်ဘယ်လိုနေနေ ငါ့မျက်စိထဲမှာ လှနေခဲ့တယ်။ ဒါကပဲ.. အချစ်လားကွယ်.....

စာမေးပွဲနောက်ဆုံးည နှုတ်ဆက်ညစာစားပွဲကို ဆန်းမင်းစားသောက်ဆိုင်မှာ ကျွန်တော်တို့လုပ်ခဲ့ကြတယ်။ ညလုပ်တဲ့ပွဲမို့ ဘုတ်အီးမ မလာမှာကို ကျွန်တော်စိုးရိမ်နေခဲ့တယ်။ လာပါစေလို့ ဆုတောင်းမိတာလဲ အခါခါပဲ။ ထင်တဲ့အတိုင်းပဲ ပွဲစပြီး တစ်နာရီကြာမှ ဘုတ်အီးမရောက်လာခဲ့တယ်။ သူ့သူငယ်ချင်းတွေ တစ်ယောက်မှ မပါခဲ့ဘူး။ အဲဒီညက သူငယ်ချင်းတွေအားလုံးနဲ့ ခွဲခွါရမယ့်ည ဆိုပေမယ့် အားလုံးက ဝမ်းနည်းမှုတွေကို မျိုသိပ်ပြီး နောက်ဆုံးတွေ့ဆုံပွဲလေးကို အပျော်တွေနဲ့ ပြီးဆုံးချင်ခဲ့ကြတယ်။ ဖုန်းနံပါတ်တွေပေး၊ အော်တိုတွေရေးနဲ့ ရှေ့ဆက်လျှောက်မယ့်လမ်းတွေ သာယာဖြောင့်ဖြူးဖို့ တစ်ယောက်ကိုတစ်ယောက် ဆုတောင်းပေးကြတယ်။

ပွဲသိမ်းခါနီးမှ အဖော်မပါခဲ့တဲ့ ကျောင်းသူတွေကို လိုက်ပို့ဖို့ ကျွန်တော်တို့ တိုင်ပင်ခဲ့ကြတယ်။ အတန်းထဲက အချောအလှ ကွင်းစရင်းဝင် ကျောင်းသူတစ်ယောက်က "ကျော်လှိုင်.. ငါ့ကို လိုက်ပို့နော်"တဲ့။ ကျွန်တော်ချက်ချင်း ခေါင်းခါလိုက်မိတယ်။ ဟင့်အင်း.. ငါ့မှာ ဘုတ်အီးမရှိသေးတယ်.. စိတ်ထဲက အလိုလိုဖြေရင်း ဘုတ်အီးမဆီ ကျွန်တော်လျှောက်သွားခဲ့တယ်။ သူ့ကိုတစ်ခြားလူ လိုက်ပို့မှာလည်း စိုးတာကြောင့် "ရော့.... ဒီသော့ကိုင်ထား" ဆိုပြီး သူ့လက်ထဲ ဆိုင်ကယ်သော့ အတင်းထိုးထည့်ပေးလိုက်မိတယ်။ သော့ကိုင်ပြီး ဘုတ်အီးမ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ "ဘာလုပ်ဖို့လဲ"တဲ့...နင့်ရဲ့ အဲဒီလို အူတူတူ အတတကိုပဲ ငါက စွဲလမ်းနေမိတယ် ထင်ပါရဲ့ ဘုတ်အီးမရယ်....

ချစ်သူများနေ့က ချစ်သူမဟုတ်ကြသေးတဲ့ ဘုတ်အီးမနဲ့ကျွန်တော် ကြိုးတံတားမှာ သွားထိုင်ဖြစ်ခဲ့တယ်။ သူ့အတွက် ချစ်သူများနေ့ သီချင်းခွေကို ကျွန်တော်က လက်ဆောင်ပေးတော့ သူက ကျွန်တော့်ကို မုတ်ဆိတ်ရိတ်စက်တစ်ခု လက်ဆောင်ပြန်ပေးတယ်။ မုတ်ဆိတ်ဓား ထက်မထက် သူ့လက်မောင်းက မွေးညှင်းတွေကို သူစမ်းရိုက်ကြည့်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ စက်မှာကျန်နေတဲ့ သူ့မွေးညှင်းလေးတွေကို ယူပြီး ဓာတ်ခဲထည့်တဲ့ အကန့်ထဲ ကျွန်တော်ထည့်ပြီး သိမ်းထားလိုက်မိတယ်။ အဲဒီစက်ကို ကျွန်တော်လုံးဝ မသုံးဖြစ်ခဲ့တော့ဘူး။

တစ်ညနေမှာ ထိုင်နေကျဆိုင်ကိုလာဖို့ ကျွန်တော့်ကို ဘုတ်အီးမ ဖုန်းဆက်တယ်။ သူရန်ကုန်သွားမယ်တဲ့... နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ သူသွားရတော့မယ်တဲ့။ ထင်မှတ်မထားတဲ့ စကားမို့ ကျွန်တော် အရမ်းတုန်လှုပ်သွားမိတယ်။ ငါတို့ ခွဲရတော့မှာပေါ့ ဘုတ်အီးမ.... ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်မပြောမိခင်က ဘုတ်အီးမက ကျွန်တော့်အပါးကနေ ခွဲထွက်သွားတော့မယ်။ အဲဒီညနေက သူ့ကို ကျွန်တော်ချစ်တဲ့အကြောင်း ထုတ်ဖော်ပြောသင့် မပြောသင့် ကျွန်တော်တွေဝေနေခဲ့တယ်။ ဖွင့်ပြောလိုက်ရင် နိုင်ငံရပ်ခြားမှာ ပညာကို စိတ်ဝင်တစား မသင်နိုင်ဘဲ သူနောက်ဆံတင်းနေတော့မယ်။ နောက်ဆုံးတော့ မဖွင့်ပြောဘဲ အရင်လို တစ်ယောက်ထဲ ကျိတ်မှိတ်ခံစားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ရင်ထဲမှာ ခံစားချက်ကိုယ်စီ ကိန်းအောင်းနေမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ကျွန်တော့်ကို သူသုံးနေကျ ရေမွှေးပုလင်းလေး တစ်ပုလင်း လက်ဆောင်ပေးခဲ့တယ်။ နင့်ကိုယ်သင်းနံ့နဲ့ ငါလွမ်းနေမှာပါ ဘုတ်အီးမရယ်....

ဘုတ်အီးမ မရှိတဲ့ တောင်ကြီးမြို့က ကျွန်တော့်အတွက် ခြောက်ကပ်လွန်းခဲ့တယ်။ လိပ်စာမရှိ၊ နေရပ်မသိ .. ဘုတ်အီးမတစ်ယောက် တိုင်းတစ်ပါးမှာ နေကောင်းကျန်းမာပါရဲ့လား? အစစ အရာရာ အဆင်ပြေရဲ့လား? ဆုတောင်းပေးရုံက လွဲလို့ ကျွန်တော်ဘာမှမတတ်နိုင်ခဲ့ဘူး။ သူ ဆက်သွယ်လာမယ့်နေ့ကိုပဲ ကျွန်တော်မျှော်နေခဲ့တယ်။

ဘုတ်အီးမရဲ့စာ ရတဲ့နေ့က ကျွန်တော်အရမ်းပျော်မိတယ်။ သူအဆင်ပြေကြောင်း သိရလို့ ဝမ်းသာမိတယ်။ အဲဒီညက ဘုတ်အီးမရဲ့စာကို ရင်ဘတ်ပေါ်တင်ပြီး ကျွန်တော်အိပ်ခဲ့မိတယ်။ အအိပ်ကြမ်းတဲ့ကျွန်တော် မိုးလင်းတဲ့အထိ စာကိုကိုင်ပြီး အိပ်ခဲ့တဲ့ပုံစံ မပျက်ခဲ့ဘူး။ ငါ့ကိုယ်ငါလည်း အံ့သြမိတယ်... လွမ်းလိုက်တာ ဘုတ်အီးမရယ်.....

နောက်ပိုင်း ဘုတ်အီးမဆီက စာအလာကျဲသွားသလို ကျွန်တော်လည်း သူ့ဆီစာသိပ်မရေးဖြစ်ခဲ့ဘူး။ ကျောင်းစာတွေ၊ အလုပ်တွေနဲ့ သူမအားမလပ်ဖြစ်နေမယ်ဆိုတာ ကျွန်တော်နားလည်ခဲ့တယ်။ သားအကြီးဆုံးဖြစ်တဲ့ ကျွန်တော်လည်း မိသားစု စားဝတ်နေရေးအတွက် ပန်းတိမ်အလုပ်အပြင် တစ်ခြားအရောင်းအဝယ် အလုပ်ပါ လုပ်ကိုင်ခဲ့တယ်။ အဆက်အသွယ်ကျဲခဲ့ပေမယ့် ငါ့ရင်ထဲမှာ နင်အမြဲရှိတယ် ဘုတ်အီးမ.. ငါတို့တစ်နေ့နေ့ ပြန်ဆုံမယ်ဆိုတာလို့ ငါယုံကြည်ထားတယ်။

ယုံကြည်တဲ့အတိုင်းပဲ ၃နှစ်အကြာမှာ ဘုတ်အီးမ မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်။ နိုင်ငံခြားမှာ ပင်ပန်းခဲ့တဲ့ ဒဏ်ကြောင့်ထင်တယ် သူတော်တော်ပိန်သွားတယ်။ ပိန်ပါးပါး ကိုယ်လုံးနဲ့ ကျွန်တော့်ဘုတ်အီးမ ပိုလှလာတယ်။ ဒီတစ်ခေါက်တော့ နှစ်ရှည်ကြာ တစ်ယောက်ထဲ ကျိတ်မှိတ်ခံစားရတဲ့ ဝေဒနာတွေကို ကျွန်တော် မအောင့်နိုင်တော့ဘူး။ ဘုတ်အီးမကို ချစ်ကြောင်း ကျွန်တော်ဖွင့်ပြောလိုက်မိတယ်။ ဘုတ်အီးမရေ နင့်မျက်နှာလေ ဝင်သွားတဲ့နေနဲ့အပြိုင် နီရဲလို့... ရှက်နေတဲ့ နင့်ကိုကြည့်ပြီး ငါရယ်ချင်မိသလို အရမ်းလည်း ချစ်သွားခဲ့မိတယ် ဘုတ်အီးမရယ်...

ဒါပေမယ့် ကျွန်တော့်အချစ် နေ့မကူးခင် ခွဲခွါခြင်းက အလျှင်စလိုနဲ့ ရောက်လာခဲ့တယ်။ ပညာဆက်သင်ဖို့ နိုင်ငံခြားကို ဘုတ်အီးမ ပြန်တော့မယ်တဲ့.. နင့်ရည်မှန်းချက်မှာ ငါဆူးညှောင့်ခလုတ် မဖြစ်ချင်ခဲ့ဘူး ဘုတ်အီးမ.. မတားရက်သလို သွားတော့လို့လည်း ငါပြောမထွက်ခဲ့ဘူး ဘုတ်အီးမရယ်...

နောက်ထပ်တစ်ဖန် ခွဲထွက်သွားတဲ့ ဘုတ်အီးမကို လွမ်းဆွတ်လို့ မဝခင် ကျွန်တော့်အမေ အသဲခြောက်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။ မကွယ်လွန်ခင်မှာ ကျန်ရစ်ခဲ့တဲ့ မောင်နှမတွေကို ဂရုစိုက်ဖို့၊ ဆုံးခန်းတိုင် ပညာသင်ကြားပေးဖို့ မှာခဲ့တယ်။ ကျွန်တော့်ဘဝက လွမ်းရေးထက် ဝမ်းရေးပိုခက်ခဲ့တယ်။ ဘုတ်အီးမကို လွမ်းတဲ့စိတ်တွေ အလုပ်ထဲမှာပဲ ကျွန်တော်နစ်မြုပ်ခဲ့လိုက်တယ်။ အမေ့ကိုပေးခဲ့တဲ့ ဂတိအတိုင်း မောင်နှမတွေရဲ့ ပညာရေးဆုံးခန်းတိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ ဘုံးလုံးတစ်လှည့် ငါးပျံတစ်လှည့်ဆိုသလို ကံကြမ္မာရဲ့ ဝဲဂယက်ထဲမှာ ကျွန်တော်နစ်လိုက်၊ ပေါ်လိုက်၊ ပျောက်လိုက်.... ဘဝအမျိုးမျိုး ကျွန်တော် ကျင်လည်ခဲ့ရတယ်။ ဘုတ်အီးမရေ... အဆင်မပြေသေးတဲ့ ငါ့ဘဝမှာ နင့်ကိုခဏလောက် မေ့ထားပါရစေ.... ဒုက္ခဆင်းရဲတွေ ဝေနေတဲ့ ငါ့အတွေးထဲတောင် နင့်ကိုမခေါ်ရက်ခဲ့ဘူးကွယ်...

မျက်စိတစ်မှိတ်အတွင်းမှာ အချိန်တွေဟာ မြှားအလျှင်လို ကျွန်တော့်ဘေးက ဖြတ်ကျော်သွားခဲ့တယ်။ အချိန်နဲ့အတူ လက်လွတ်လိုက်ရတဲ့ အရာတွေ ကျွန်တော့်ဘဝမှာ မရေတွက်နိုင်ခဲ့ဘူး။ အမေ့ကို ပေးခဲ့တဲ့ဂတိအတိုင်း ကျွန်တော်အောက်က မောင်နှမ၃ယောက်ကို ဘွဲ့ရတဲ့အထိ ကျွန်တော် ကျောင်းထားပေးခဲ့တဲ့အပြင် သူတို့ဘဝ တစ်အိုးတစ်အိမ် ထူထောင်ပေးနိုင်ခဲ့တယ်။ သူတို့တစ်တွေ မိသားစုဘဝ ကိုယ်စီပိုင်ဆိုင်ထားချိန် အမေထားခဲ့အိမ်မှာ ကျွန်တော့်တစ်ယောက်ထဲ ကျန်ရစ်ခဲ့တယ်။ ဘဝအမော တစ်ထောက်ရပ်နားချိန်မှာ ဘုတ်အီးမကို ကျွန်တော်ပြန်သတိရမိတယ်။ နှစ်တွေ ကြာခဲ့ပါပြီ... သူလည်း ပညာတတ်ကြီးဖြစ်လို့ မိသားစုဘဝနဲ့ ပျော်ရွှင်နေလောက်ပါပြီ။ ကျွန်တော်ဆိုတဲ့ ဟိုးတုန်းက သူငယ်ချင်းကို မေ့နေလောက်ပြီ ထင်ပါတယ်။ ဘုတ်အီးမရေ.. နင့်ဘဝ သာယာပျော်ရွှင်ဖို့ ငါဆုတောင်းလိုက်တယ်။

အမေမရှိတော့တဲ့ ဘဝ၊ မောင်နှမတွေပါ ခွဲထွက်သွားတဲ့ ဘဝ... အထီးကျန်ခြင်းက နေ့ရော၊ ညပါ ကျွန်တော့်ကို နှိပ်စက်ခဲ့တယ်။ မိသားစုတာဝန်၊ မောင်နှမတာဝန်... ကျွန်တော့်မှာ ဘာတာဝန်မှ မရှိတော့ ဘူး... စိတ်လွတ်ကိုယ်လွတ် နေချင်သလို ကျွန်တော်နေပစ်လိုက်တယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ ဝေဒနာကို ဖြေဖျောက်ဖို့ ကျွန်တော့်အတွက် အကောင်းဆုံးနည်းက အပေါင်းအသင်းတွေ သောက်စားသုံးဖြုန်းတာပါပဲ။ နေ့မှန်းမသိ၊ ညမှန်းမသိ၊ လူမှန်းသူမှန်းမသိဘဲ အချိန်တွေကို တစ်နှစ်ပြီးတစ်နှစ် ကျွန်တော် အလာဟသ သုံးဖြုန်းပစ်ခဲ့တယ်။

အဲဒီလိုနဲ့ တစ်နေ့မှာ ညီတော်မောင် အငယ်ဆုံးအိမ်ကို ကိစ္စတစ်ခုနဲ့ ကျွန်တော်ရောက်သွားခဲ့တယ်။ ဧည့်ခန်းမှာကျွန်တော်ထိုင်ရင်း တစ်ခါက ဘုတ်အီးမ ကျွန်တော့်ကို လက်ဆောင်ပေးခဲ့ဖူးတဲ့ မုတ်ဆိတ်ရိတ်စက်ကို သွားတွေ့မိတယ်။ ကျွန်တော်မသုံးရက်ဘဲ သိမ်းထားတဲ့ အဲဒီမုတ်ဆိတ်ရိတ်စက်ကို ညီတော်မောင်က ကျွန်တော့်ဆီတောင်းခဲ့တယ်။ ဘုတ်အီးမ ပေးခဲ့တဲ့လက်ဆောင်မို့ ကျွန်တော်မပေးရက်ခဲ့ဘူး။ ဒါပေမယ့် ညီအငယ်ဆုံးလည်းဖြစ်၊ သူ့အတွက် အသစ်ဝယ်ပေးဖို့ရာ ကျွန်တော့်မှာလည်း ငွေကြေးက မလုံလောက်၊ အစ်ကိုအကြီးဆုံးဖြစ်ပြီး အငယ်ကို မလိုက်လျောရာရောက်မှာ စိုးတာကြောင့် မုတ်ဆိတ်ရိတ်စက်ကို နှာမြောသတနဲ့ သူ့ကို ကျွန်တော်ပေးခဲ့ရတယ်။ မုတ်ဆိတ်ရိတ်စက်ကို ကြည့်ပြီး ဘုတ်အီးမကို ကျွန်တော်ဖျတ်ခနဲ့ သတိရလိုက်မိတယ်။ ဘုတ်အီးမရေ... နင်ဘယ်ရောက်နေမလဲ?

တိုက်ဆိုင်လွန်းတယ်လို့ ဆိုရမလား? ညီတော်မောင်အိမ်က မုတ်ဆိတ်ရိတ်စက်ကို တွေ့ပြီး ၃ရက်အကြာမှာ သူငယ်ချင်းတစ်ယောက်ဆီက သတင်းတစ်ခု ရလိုက်တယ်။ ဘုတ်အီးမ ပြန်လာတော့မယ်တဲ့... လကုန်ရင် ဘုတ်အီးမ မြန်မာပြည်ကို ပြန်လာတော့မယ်တဲ့။ သတင်းကြားကြားချင်း ကျွန်တော်အရမ်း ပျော်သွားမိတယ်။ ဒါပေမယ့် အဲဒီအပျော်က တဒင်္ဂလေးပါပဲ။ အချိန်တွေပြောင်းလဲခဲ့သလို သူ့ဘဝလည်း မပြောင်းလဲခဲ့ဘူးလို့ ပြောနိုင်မလား? ဗလာနတ္တိဖြစ်နေတဲ့ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်အဖြစ် သူလက်ခံနိုင်ဦးမလား? အရာရာ လက်မြှောက်အရှုံးပေးထားတဲ့ ကျွန်တော့်ကို ပျော့ညံ့သူဆိုပြီး သူလှောင်ရယ်နေလား? ဘယ်လိုပဲဖြစ်ဖြစ်.. ဟိုးတုန်းက သူငယ်ချင်းဆိုတဲ့သံယောဇဉ် သူ့မှာရှိသေးရင် ကျွန်တော်နဲ့သူ ထပ်ဆုံဦးမယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။


စာကြွင်း။ ။ ဘုတ်အီးမနဲ့ကျွန်တော် လူချင်းဆုံဖြစ်ခဲ့ပါတယ်။ ပြောင်းလဲသွားတဲ့ နှစ်တွေနဲ့အတူ ဘုတ်အီးမ မျက်နှာပေါ်မှာ ရင့်ကျက်တဲ့ ဇရာအရစ်အကြောင်းတွေ တွေ့ခဲ့ရပေမယ့် အရင်လို လန်းဆန်းတဲ့ အပြုံးက ပျောက်ကွယ်မသွားခဲ့ပါဘူး။ လူအများရဲ့ ဝိုင်းပစ်ပယ်ခံထားရသူကျွန်တော့်ကို အားပေးသူ၊ တွဲခေါ်သူ၊ လမ်းညွှန်ဆုံးမသူအဖြစ် ကျွန်တော့်ဘေးမှာ ဘုတ်အီးမ ရှိခဲ့ပါတယ်။ ပိန်းမှောင်တဲ့ ဘဝလမ်းခရီးမှာ မျှော်လင့်ချက် မီးအိမ်ကို အသစ်တစ်ဖန် ပြန်ထွန်းပေးတဲ့ ဘုတ်အီးမကို ကျွန်တော်အရမ်း ကျေးဇူးတင်မိပါတယ်။ ဟိုးတုန်းက သူငယ်ချင်းလေး ကျွန်တော်အပါး ပြန်ရောက်လာခဲ့ပါပြီ။ ကံကြမ္မာ ဝဲဂယက်ထဲမှာ ဒုက္ခတွေသာမက၊ သုခတွေလည်း လည်ပတ်နိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဘုတ်အီးမ အဝေးကို လွင့်ထွက်မသွားအောင် ကျွန်တော်တို့ရဲ့ သံယောဇဉ်ကြိုးကို နှလုံးသားဘီးလုံးနဲ့ ကျွန်တော် အသေချာ ရစ်ပတ်လိုက်တော့တယ်။

~~မင်းရဲ့အနမ်းတစ်ရှိုက်နဲ့ ငါ့ရဲ့အနမ်းတစ်ရှိုက်နဲ့~~ ခံစားချက်တူညီ ရှိခဲ့တဲ့နောက်~~
~~မင်းရဲ့အတွေးများနဲ့ ငါ့ရဲ့အတွေးများနဲ့~~ အနာဂတ်သစ်တူညီ ထားခဲ့တဲ့နောက်တော့~~
ခမ်းနားခြင်း ကင်းမဲ့ အရိုးသားဆုံးခရီးတစ်ခု.. ငါတို့နှစ်ယောက်ကိုယ်တိုင် .. ရွေးထားခဲ့ပြီ..
သဘောထားများအပြည့်နဲ့ ဆူးလမ်းများနင်းဖြတ်.. ဘာဖြစ်ဖြစ်ပါကွယ်..
ခရီးများ အဆုံးထိလျှောက်...

~~အဆိုးများ ကြုံကြိုက်တုန်းမှာ.. ဒုက္ခတွေဟာ ခဏပါ~~
~~အနမ်းများကို အသက်သွင်းကာ.. ခရီးများ အဆုံးထိလျှောက်~~
~~လက်တွေ့ဟာ ရင်ဘတ်မှာ... လမ်းဆုံးဟာ ခဏလေးပါ~~
~~အနမ်းများကို အသက်သွင်းကာ.. ခရီးများ အဆုံးထိလျှောက်~~


နိုင်းနိုင်းစနေ


Share/Bookmark