Thursday, April 30, 2009

အတွေ့အကြုံသစ်တစ်ခု....


Aung: မနိုင်းရေ ...... ဖြတ်သန်းလာခဲ့တဲ့ မနိုင်းဘ၀တစ်လျောက်မှာ အပျော်ဆုံးတစ်နေ့ အကြောင်းကို စာတစ်ပုဒ်လောက် ရေးပေးပါ။ ဒါမှမဟုတ် မေ့လို့မရနိုင်တဲ့ နေ့တစ်နေ့အကြောင်းကိုပေါ့။

ရွှေမန်းသား "အောင်" ရဲ့ အပြောကို Orange Chit Thu ကပါ ထောက်ခံခဲ့လို့ ဒီစာကို ရေးဖြစ်ပါတယ်။ အပျော်ဆုံးနေ့ဆိုတာ တစ်ချို့လူတွေအတွက် အောင်စာရင်းထွက်တဲ့နေ့၊ နိုင်ငံခြားထွက်တဲ့နေ့၊ ထီပေါက်တဲ့နေ့.... စတာတွေ ဖြစ်ရင်ဖြစ်မယ်။ ကျွန်မအတွက်က ပျော်တဲ့နေ့တွေပဲရှိတယ်.. အပျော်ဆုံးနေ့ဆိုတာမျိုး သတ်သတ်မှတ်မှတ် မရှိဖူးဘူး။ ပျော်တဲ့နေ့မှာ ရယ်မောစရာ၊ ရင်ခုန်ကြည်နူးစရာတွေ ပါမယ်ဆိုတာ မပြောလည်း သိကြပါတယ်။ အဲဒီလိုပဲ ကျွန်မအတွက် မေ့မရတဲ့နေ့ဆိုပြီး သတ်သတ်မှတ်မှတ် မရှိပေမယ့် ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာနဲ့ မေ့လို့မရတဲ့ အဖြစ်အပျက်တွေ အများကြီးရှိခဲ့တယ်။ ဝမ်းနည်းစရာကို မေ့ထားပြီး ပျော်စရာတွေကိုပဲ ကျွန်မ များများမှတ်ထားပါတယ်။ အခုလည်း (ကျွန်မအတွက်) အမှတ်တရလည်းဖြစ်၊ ရယ်လည်း ရယ်ချင်တဲ့ အဖြစ်တစ်ခုကို ခပ်ပျော်ပျော်လေး ရေးချလိုက်ပါတယ်။

ကျွန်မအခု သင်ရတဲ့ ကလေးတွေက ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေများတယ်။ သူတို့အရွယ်က အရာရာ စူးစမ်းစပ်စုချင်ကြတဲ့ အရွယ်တွေ၊ ဆိုးလို့ ပျော်လို့ ကောင်းတဲ့အရွယ်တွေဖြစ်တယ်။ အတန်းထဲမှာ အများက ဗမာစကား ကောင်းကောင်းမပြောတတ်တဲ့ ရှမ်း၊ အခါ၊ တရုတ်၊ ဝ တွေဖြစ်တယ်။ "ဆရာမ ကျွန်တော် ရေစားချင်တယ်" ဆိုတဲ့ လူမျိုးတွေပေါ့။ (ရေသောက်ချင်တာကို ဆိုလိုပါတယ်) ကျွန်မလည်း ရှမ်းလိုက မလည်မဝယ်၊ အခါ၊ ဝလိုက မတတ်တော့ တော်တော်ဒုက္ခရောက်တယ်။ အတန်းထဲမှာ စကားနှစ်မျိုး၊ သုံးမျိုးတတ်တဲ့ ကျောင်းသားတွေကို ဘာသာပြန်ငှားထားရတယ်။

ဒီလိုနဲ့ အတန်းတက်စ တစ်နေ့မှာ ရှမ်းမ ကျောင်းသူလေးတစ်ယောက်က ကျွန်မကို လာတိုင်တယ်။ "ဆရာမ.. ဆရာမ.. အားတီ သမီး ရင်ကို လာကိုင်တယ်။ အခုနားက သမီးအမေ ကျောင်းလိုက်လာတယ်၊ အားတီကို မတွေ့လို့ ဆရာမကို တိုင်တာ" တဲ့။ (ဗမာစကားတောင် ကောင်းကောင်းမပြောတတ်သူမို့ "ရင်"လို့ သူမသုံးဘူး။ ကျွန်မက ဖတ်ရ ယဉ်ကျေးအောင် ရင်လို့ သုံးလိုက်တာပါ) တိုက်ရိုက်ကြီး ပြောလာတဲ့ စကားကြောင့် ကျွန်မ ကြောင်သွားတယ်။ နားလည်း ရှက်သွားသလိုပဲ။ သူပြောတဲ့ အားတီဆိုတဲ့ ရှမ်းကောင်လေးက အတန်းထဲမှာ ဟိုလူစ၊ ဒီလူစနဲ့ တော်တော်ဆိုးတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ ဒီကျောင်းသူလေးရဲ့ ရင်ကို စနောက်ရင်း ထိမိတာလား? သူ တမင်ပဲ သွားကိုင်ခဲ့တာလား မသိဘူး...

ကျောင်းသားက ဆရာမကို အားကိုးတကြီးနဲ့ တိုင်လာပြီဆိုတော့ ကျွန်မလည်း "အေး.. ခဏနေ ဆရာမ ဆုံးမပေးမယ်" ဆိုပြီး စာစသင်လိုက်တယ်။ အုပ်ထိန်းသူတွေပါ ပါလာနိုင်လောက်တဲ့ ပထမဆုံးအကြိမ် ကြုံတဲ့ ပြဿနာမို့ ကျွန်မ ဘယ်လိုဖြေရှင်းရမလဲ မသိခဲ့ဘူး။ လုပ်သက်က မရင့်တော့ အတွေ့အကြုံလည်း မရှိဖြစ်နေခဲ့တယ်။ အားတီကို လူသိရှင်ကြား ဆိုဆုံးမမိရင် သူတို့နှစ်ယောက်စလုံးကို ကျောင်းသားတွေ ဝိုင်းလှောင်ကြမှာလည်း စိုးတယ်။ ဒါကြောင့် စာသင်ရင်း အားတီကို ဘယ်လို ဆုံးမရမလဲလို့ ကျွန်မတွေးနေမိတယ်။

အတန်းပြောင်းချိန်ရောက်တော့ အားတီကို ကျွန်မနားခေါ်လိုက်တယ်။

"အားတီ .. နင် သူ့ကို ဘာသွားလုပ်လဲ" လို့ ကျွန်မ မေးတော့ "ဘာမှမလုပ်ဘူး" တဲ့။

"သူ့ရင်ကို သွားကိုင်တယ်ဆို" ဆိုတော့ "ရင်" ဆိုတာကို သူနားလည်ပုံ မရလို့ "ဘာမှမလုပ်ဘူး" ဆိုတာပဲ ပြန်ဖြေတယ်။

"မိန်းကလေးက ယောက်ျားလေးတွေနဲ့ မတူဘူး။ လျှောက်သွားမထိ ရဘူးဆိုတာ မသိဘူးလား" လို့ ဆရာမကြီးလေသံနဲ့ ကျွန်မ ထပ်ပြောတော့ (နားမလည်ဟန်နဲ့) "မသိဘူး" တဲ့။ ခက်တော့နေပြီ..... သူဘာလုပ်ခဲ့တယ်ဆိုတာကို အလွယ်တကူသိအောင် ဒီဆရာမ ဘယ်လိုရှင်းရမလဲ မသိ?

"နင်.. ဒီလို သွားလုပ်တယ်ဆို" ဆိုပြီး ရုတ်တရက် သူ့ရင်ဘတ်ကို လက်နဲ့ကိုင်သလို လုပ်ထည့်လိုက်မှ ပါးစပ်ပိတ်ပြီး သူ ခေါင်းညိတ်သွားတော့တယ်။

ကျွန်မက ရယ်လည်းရယ်ချင်၊ လက်သရမ်းချင်တဲ့ သူ့ကို ဒေါသလည်းထွက်နဲ့ မျက်နှာကို အတည်ဆုံးထားပြီး "ဘယ်လက်လဲ" လို့ မေးလိုက်တယ်။ သူဘာမှ မပြောဘဲ ညာဖက်လက်ကို ထုတ်ပေးပါတယ်။ တုတ်ယူပြီး ထုတ်ပေးတဲ့ သူ့ညာလက်ကို ကျွန်မ ခပ်နာနာလေး နှစ်ချက်ဆင့် ရိုက်ထည့်လိုက်မိတယ်။ ပြီးတော့ ယောက်ျားလေးနဲ့ မိန်းကလေးက မတူတဲ့အကြောင်း၊ လက်သရမ်းပြီး လျှောက်မထိသင့်ကြောင်း၊ ထပ်လုပ်ရင် မိဘတွေ၊ ကျောင်းအုပ်တွေပါ ပါလာနိုင်တဲ့အကြောင်း ပြောပြလိုက်တယ်။ ကျွန်မပြောတာကို အားတီ နားလည်လား? မလည်လားတော့ မသိဘူး။ ကျွန်မပြောပြီးတာနဲ့ အခန်းပြင်ကို သူထွက်သွားလိုက်တယ်။ ကျွန်မက နေရာမှာပဲ ရယ်ချင်သလိုလိုနဲ့ ကျန်ခဲ့တယ်။

ကျောင်းသူတစ်ယောက် မဖွယ်မရာ လုပ်ခံလိုက်ရလို့ ကျွန်မရယ်ချင်၊ ပျော်ရွှင်သွားတာ မဟုတ်ပါဘူး။ နားမလည်သူကို နားလည်အောင် လုပ်ပြလိုက်တဲ့ ကိုယ့်အပြုအမှုကိုပဲ ရယ်ချင်မိတာပါ။ ဆရာမတစ်ချို့ကို ဒီအဖြစ်ပြောပြတော့ သူတို့လည်း ပြုံးမိကြတယ်။ ဒီအဖြစ်က ဆရာမဖြစ်စ အတွေ့အကြုံအဖြစ် ကျွန်မဘဝမှာ မှတ်မှတ်ရရ မေ့မရအောင် ကျန်နေခဲ့မှာ သေချာပါတယ်။

(ရေးခိုင်းတာက တစ်ခြား၊ ရေးတာက တစ်ခြား ဖြစ်ခဲ့ရင် ဆောရီးပါလို့း)

နိုင်းနိုင်းစနေ



Share/Bookmark

Wednesday, April 29, 2009

ကျွန်မဖတ်ဖို့ (၁၁)


(၁) သူငယ်ချင်းတွေ စုဆောင်းပါ

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ်။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကို ကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ်။ ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။

(၂) လက်လွတ်တတ်ဖို့ သင်ယူပါ

ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့ သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက် အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတ္တိ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင် အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။

(၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ

ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့ ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။

(၄) ဂီတကို နှစ်သက်ပါ

ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက် ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။ (ကျွန်မ ဝါးလက်ခုတ်တီးတတ်တယ်)

(၅) သောကနှစ်မျိုးကို ရှောင်ပါ

ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ... ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။ ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။

(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ

တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။ တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ် မဟုတ်တော့ပါဘူး။

(၇) သူ့ကျေးဇူးကို သိတတ်ပါ

အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့ ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင် ပိုမှန်လိမ့်မယ်။

(၈) အလုပ်ကို မြတ်နိုးပါ

အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့် ကိုယ့်ရဲ့အသိဥာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့ အောင်မြင်မှုကို ခံစားစေတယ်။

(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့

စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဥာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည် ပြောနေသလိုပါပဲ။ တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဥာဏ်၊ နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ်။

(၁ဝ) အားကစားလုပ်ပါ

ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့ တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။

မူရင်း .... Google search (聰明人必做的十件事) ထက်မြက်သူတို့ လုပ်ဆောင်သင့်တဲ့ အချက် ၁ဝချက်

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, April 28, 2009

စကားနှစ်ခွန်းလျော့ပြောပါ....


မိန်းမတွေက မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့် အချစ်မှာ၊ တစ်ချို့အခြေအနေမှာ နုတ်ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။ "silence is golden" ဆိုသလို တစ်ခါတလေမှာ နုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ သယ်လာပေးနိုင်ပါတယ်။

(၁) သူ မီးဖိုချောင် ဝင်တဲ့အခါ

မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့သတ်မှတ်ပြီး မီးဖိုချောင်ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့ ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့မှာ လိမ္မာပါးနပ်တဲ့သင်က ဟင်းရွက်ဆေးကူ၊ အိုးခွက်ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို ရှောင်နေလိုက်ပါ။ စားဖို့အဆင့်သင့်ဖြစ်ချိန်မှ သင်ပါးစပ်ဖွင့်ပါ။ သူချက်တဲ့ဟင်းက ဘယ်လောက်စားကောင်းကြောင်း၊ ဟင်းချက်အစီအစဉ်မှာ ဝင်ပြိုင်သင့်ကြောင်း ချီးကျူးစကားပြောပါ။ မီးဖိုချောင်ကို အချက်အပြုတ် သင်တန်းကျောင်းလို သူဓားကိုင်နည်းက မမှန်ဘူး၊ ဒယ်အိုးကိုင်နည်းက ပုံမကျဘူး၊ အရသာ ပေါ့သလေ၊ ငန်သလေနဲ့ ကဲ့ရဲ့လှောင်ပြောင်ပြီး ဆရာသွားမလုပ်ပါနဲ့။ သူစိတ်ထိခိုက်ပြီး မီးဖိုချောင်လုံးဝမဝင်တော့တဲ့အခါ သင်သာလျှင် နေ့တိုင်း မီးဖိုချောင်စောင့်နတ် ဖြစ်သွားပါလိမ့်မယ်။

(၂) သန့်ရှင်းရေး ဝိုင်းကူလုပ်တဲ့အခါ

ဂျပန်နိုင်ငံက ပညာရှင်တစ်ချို့ရဲ့ လေ့လာဆန်းစစ်ချက်အရ အခုခေတ်မှာခေတ်စားနေတဲ့ ကွာရှင်းပြတ်စဲခြင်းရဲ့ အဓိကတရားခံက နောက်မီးလင်းလို့ မဟုတ်သလို ရိုက်နှက်ရန်ဖြစ်ကြလို့လည်း မဟုတ်ဘူး။ "အိမ်အလုပ်ကို သူကူမလုပ်ဘူး" ဆိုတာပဲ ဖြစ်ပါသတဲ့။ မိန်းကလေးတွေကလည်း စဉ်းစားကြည့်သင့်တယ်။ ကိုယ့်လင်တော်မောင်က ကိုယ့်ကြောင့် အကျင့်ပျက်သွားတာလား? သူကိုယ့်ကို သန့်ရှင်းရေးလုပ်ကူတဲ့အခါ ကိုယ်က ဘေးကနေ ဟိုလိုလုပ်ပါလား၊! ဒီလိုမဟုတ်ဘူး! နှေးလိုက်တာလို့ ပျစ်တောက်တောက် ရေရွတ်နေခဲ့သလား?

တစ်လောက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့အိမ်က ရေချိုးခန်းကို သန့်ရှင်းဖို့ သူ့လင်တော်မောင်က အထူးစီမံထားတဲ့ ရေမြုပ်တွေသွားဝယ်ခဲ့သတဲ့။ ပြီးတော့ အဲဒီရေမြုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ချေးကပ်နေတဲ့ ဘေဇင်နဲ့ရေစက်ခေါင်းတွေကို ပြောင်လက်အောင် ဆေးနိုင်ကြောင်း ပြောတယ်။ သူငယ်ချင်းက ဘာမှမပြောဘဲ ဧည့်ခန်းမှာ ကြောင်ကလေးနဲ့ သွားဆော့နေခဲ့ပြီး လင်တော်မောင် ဆေးကြောနေတာကို စိတ်ဝင်တစား မကြာခဏ သွားရပ်ကြည့်ရုံကလွဲလို့ စကားတစ်ခွန်းမှ မဟခဲ့ဘူး။ ပြောင်လက်အောင် ဆေးကြောပြီးနောက် လင်တော်မောင်က ...

"တွေ့တယ်မဟုတ်လား? ဒီရေမြုပ်နဲ့ဆေးရတာ လွယ်လည်းလွယ်တယ်၊ ပြောင်လည်းပြောင်တယ်" လို့ ပြောတော့ သူ့စိတ်ထဲမှာ "နင်သာလုပ်မယ်ဆိုရင် ဘာနဲ့သုံးသုံး ကောင်းတယ်" လို့ တွေးဖြစ်ပေမယ့် ပါးစပ်က "ဟယ်... တကယ်ပဲတော့.... ရေချိုးခန်းက တစ်ခါမှ ဒီလောက်ထိ မတောက်ပြောင်ဖူးဘူး.. နင်အရမ်းတော်တာပဲ" သူ့စကားကို လင်တော်မောင်က တဟားဟားနဲ့ သဘောကျပြီး "ညစ်ပတ်သွားရင် နောက်တစ်ပတ် ကို' ပြန်ဆေးပေးမယ်" လို့ ပြောလိုက်တယ်။ ကဲ... ဒီလို မိန်းကလေးမျိုးကို လိမ္မာပါးနပ်တယ်လို့ မခေါ်ဘူးလား!

(၃) သူဒေါသထွက်တဲ့အခါ

အပြင်ကိစ္စတစ်ခုခုကြောင့် သူဒေါသထွက်တဲ့အချိန် အဲဒီကိစ္စမှာ သူမှားခဲ့လည်း သူ့ကို စကားခွန်းကြီးခွန်းငယ်ဖွဲ့ပြီး အပြစ်သွားမတင်သင့်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် မိန်းမကောင်းတစ်ယောက်ရဲ့ သွင်ပြင်ကို ရုပ်ပျက်စေနိုင်သလို သူ့ဒေါသကို ဆွပေးသလို ဖြစ်သွားနိုင်တယ်။ စကားတစ်ခွန်းမှမပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေလိုက်ပါ။ ဖြစ်နိုင်ရင် မျက်ရည်အဝဲသားနဲ့ ကြည့်ပါ။ အဲဒီနောက် မျက်ရည်တွေ မျက်လုံးအိမ်ကနေ တဖြေးဖြေး စီးကျလာပါစေ။ သူ့ဒေါသသံတွေ တဖြေးဖြေးတိုးလာပြီး နေမသိ၊ ထိုင်မသာ ဖြစ်လာမယ်ဆိုတာကို အာမခံပါတယ်။ နောက်ပိုင်း သူမှားသွားကြောင်း ကိုယ့်ကို ပွေ့ဖက်တောင်းပန်လာလိမ့်မယ်။ မငိုနဲ့... မငိုပါနဲ့တော့လို့ သူချော့လာပါလိမ့်မယ်။

(၄) သူရင်ဖွင့်လာတဲ့အခါ

အလုပ်မှာ အဆင်မပြေတဲ့အချိန်၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အနှိမ်ကျင့်တာကိုခံရချိန် အိမ်ပြန်ရောက်ပြီး ကိုယ့်ကို သူရင်ဖွင့်လာပါလိမ့်မယ်။ အဲဒီအခါ သူက ထိခိုက်ဒဏ်ရာရလာတဲ့ ကလေးတစ်ယောက်လို ကိုယ့်ဆီက နှစ်သိမ့်အားပေးစကားကို မျှော်လင့်နေပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ သူ့ကိုပွေ့ဖက်ပေးလိုက်ပါ၊ ခေါင်းကို ပွတ်သပ်ပေးပါ၊ ပြဿနာဖြစ်သူတွေကို သွားဂရုစိုက်မနေဖို့ နှစ်သိမ့်ပါ။ သူခံနိုင်ရည်မရှိကြောင်း၊ စိတ်ဓာတ်တွေ မကြံ့ခိုင်ကြောင်း သင်ခန်းစာ သွားမပေးပါနဲ့။ သွားမလှောင်ပါနဲ့။ ထိခိုက်ခံစားနေတဲ့ သူ့စိတ်အပေါ် အေးစက်တဲ့စကားတွေ ထပ်လောင်းမိရင် နှစ်ဦးကြား အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်။

(၅) သူပင်ပန်းလာတဲ့အခါ

အလုပ်မှာ တစ်နေကုန်ပင်ပန်းခဲ့လို့ အိမ်ရောက်တာနဲ့ ထမင်းစား၊ ရေချိုးပြီး သူ အိပ်ရာဝင်ချင်နေတယ်။ ကိုယ်ကလည်း သူနဲ့စကားပြောချင်နေတယ်။ ဒီလိုအချိန်မျိုးမှာ အိပ်ချင်ပြီး မအိပ်ရသူရဲ့ စိတ်က ဒေါသထွက်လွယ်ပါတယ်။ တကယ်လို့ ကိုယ်က ဘေးမှာနေပြီး ထပ်ပြောနေဦးမယ်ဆိုရင် နောက်ဆုံးမှာ နှစ်ဦးစလုံး ဒေါသစိတ်နဲ့ အိပ်ရာဝင်ရပါလိမ့်မယ်။ အိပ်ချင်သူကို အိပ်ရေးဝဝ အိပ်ပါစေ။ နောက်တစ်နေ့မနက် မနက်စာ စားချိန်၊ သတင်းစာ ကြည့်ချိန်မှာ ကိုယ်ပြောချင်တဲ့စကားကို ပြောရင်လည်း နောက်မကျပါဘူး။ ဒါဟာလည်း နားလည်ပေးတတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ထုတ်ဖော်နေသလိုပါပဲ....

အကြင်လင်မယားတိုင်း ချစ်တတ်ကြပါစေ....

မူရင်းရေးသားသူ -茉 莉 (Maw Li) 少說兩句 他會更愛妳 (စကားနှစ်ခွန်းလျော့ပြောပါ၊ ကိုယ့်ကို သူပိုချစ်လာလိမ့်မယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, April 27, 2009

မေးကွယ်.... ဖြေမယ်


တစ်ချို့ ကျွန်မကို မေးထားတာတွေ တော်တော်ကြာနေပြီ။ ဖြေချင်တာ... ဒါပေမယ့် မအားတာနဲ့ ခုမှ စုပေါင်းပြီး ဖြေဖြစ်တယ်။ (နို့မဟုတ်ရင် "မေးကွယ်ဖြေမယ်" လေဘယ်လ်က ပို့စ်တွေမရှိဘဲ သေနေတော့မယ် :P)

၁) ပထမဆုံး ဖြေချင်တာက aznv.tv အတွက် Invitation Code တောင်းတဲ့ကိစ္စ

အဲဒီဆိုက်က ရုပ်ရှပ်ကားအစုံတင်တော့ လူတိုင်း ဝင်ကြည့်ချင်ကြတယ်။ အဲဒီဆိုက်ကို ကျွန်မလည်း အရမ်းကြိုက်တယ်။ အရင်က အမြဲဝင်ကြည့်ဖြစ်တယ်။ ခုတော့ လိုင်းနှေးလို့ မကြည့်ဖြစ်တာ ကြာပါပြီ။ register လုပ်ရင် အရင်က ဂုဒ်မတောင်းဘူး။ ခုတော့ တောင်းတယ်လို့ ပြောကြတယ်။ ဂုဒ်လိုချင်သူတွေကို ကျွန်မ invite လုပ်ပေးပါတယ်။ ခက်တာက (ကျွန်မသိသလောက်) အဲဒီဆိုက်က ၃ကြိမ်ပဲ invitation လုပ်ခွင့်ပေးပါတယ်။ ကျွန်မ ၃ ကြိမ်လုံး လုပ်ပြီးပါပြီ။ ဒါကြောင့် ဂုဒ်လိုချင်သူတွေ invite မလုပ်နိုင်တော့တဲ့အတွက် တစ်မျိုးမထင်ကြပါနဲ့လို့...

၂) ဘလော့ဂ်လုပ်ချင်တယ် အခြေခံ ဘယ်ကနေ စရလဲ ဆိုတဲ့ကိစ္စ

ကျွန်မက ဘလော့ဂ်သာ ရေးတတ်တာ၊ ဝက်ဆိုက်ဒ်အကြောင်းလဲ မတတ်တခေါက်ဆိုတော့ mmbloggershelpdesk ဆိုတဲ့ ဘလော့ဂ်ဂုရုတွေ ရေးထားတာကို ဖတ်ပြီး လုပ်ကြည့်ရင် ပိုအဆင်ပြေလိမ့်မယ်လို့...

၃) "လင်း" မေးတဲ့ ကွန်ဖြူးရှပ်ရဲ့ "Silence is the true friend that never betrays." ဆိုတာနဲ့ ပတ်သက်ပြီး တစ်ခုခု ရေးပေးဖို့

ကျွန်မ မဖတ်ဖူးသေးတော့ ဘယ်လိုရေးရမလဲ မသိဘူး။ ကျွန်မကိုယ်ပိုင်အတွေးနဲ့ ဆိုရင် ပိုဆိုးသွားနိုင်တယ်။ ကျွန်မ စာတွေဖတ်ပါအုန်းမယ်.. တိုက်ရိုက်အဖြေ မဟုတ်ရင်တောင် ဆက်စပ်တဲ့ ပို့စ်တစ်ခုတော့ ရမယ်ထင်ပါတယ်။ စောင့်ပါနော်.. လင်း....

၎) lynnlynn မေးတဲ့ ကျွန်မ နာမည်အရင်း

ဒီမေးခွန်းက ဖြေရနည်းနည်း ခက်နေသလားလို့.. ဟီး... တစ်လုံးထဲ ရင်ထဲက "မီး"...
ဟုတ်သေးဘူး... နှစ်လုံးပြူးးးးးးးးးးးးး

၅) နောက်ဆုံးမေးခွန်းက "KK" မေးတဲ့ သိပ်စိတ်ညစ်တဲ့အခါ ဘာလုပ်တတ်လဲ?

သိပ်စိတ်ညစ်တဲ့အခါ လူများလို သီချင်းလည်း နားမထောင်ဘူး... မုန့်လဲဇွတ် မစားဘူး။ ကျွန်မစိတ်ညစ်ရင် အိပ်ပစ်လိုက်တယ်.... ဒါမှမဟုတ် (လူမမြင်၊ လူမသိအောင်) ခိုးငိုပစ်လိုက်တယ်။ စိတ်ညစ်တာကို စိတ်ထဲမှာ ကျွန်မ ကြာကြာမထားတတ်တော့ အိပ်ပျော်ရာက နိုးလာရင် ပျောက်သွားတယ်...း)

KK: နိုင်ငံခြားကို စရောက်စမှာ စိတ်ဓါတ်ကျဘူးလား? ဘယ်လိုကျော်ဖြတ်ခဲ့လဲ... ဘယ်တော့လောက်မှ နေသားကျလဲ?

ကျဖူးပါတယ်။ အဲဒါကို "လေလွင့်သူတစ်ယောက်ရဲ့ အိပ်ပြန်ချိန်" နဲ့ ပြန်ဖြေပါတယ်။ (ဆိုင်မဆိုင်တော့ မသိဘူးပေါ့နော် :)

ပြီးတော့ ကိုယ်စားဖြေပေးတဲ့ စင်ကာပူက ညီမငယ် Green နဲ့ Orange chit thu ရဲ့အဖြေ.....

Green: KK ရေ။နိုင်ငံခြားကို ရောက်စမှာ စိတ်ဓာတ်ကျတယ်ဆိုတာ လူတော်တော်များများ ကြုံရပါတယ်။ မိသားစုနဲ့ အတူ ထွက်လာသူနဲ့ ဒီမှာ မိသားစု ရှိနှင့်ပြီးသူတွေက စိတ်ဓာတ်ကျမှု ပိုနည်းပါတယ်။ ကံနဲ့လဲ ဆိုင်ပါတယ်။ ရောက်တဲ့နေရာမှာ မိတ်ဆွေကောင်းတွေနဲ့ ကြုံရသူက စိတ်ချမ်းသာရပြီး မြန်မာချင်း ပညာပြတာ၊ ရောက်နှင့်သူက ချိုးနှိမ်တာ ခံရသူတွေဟာ စိတ်ဓာတ်ကျ အားငယ်မှု ပိုခံရပါတယ်။ ဘုရားတရား များများလုပ်ပြီး ကံမြှင့်ဖို့ အကြံပေးချင်ပါတယ်။

ကိုယ်ချင်းစာပါတယ် kk။ ဒီအချိန်မှာ အရေးကြီးတာက ဘာကြောင့်ဖြစ်ဖြစ် စိတ်ဓာတ်မကျမိအောင်နေပါ။ စိတ်ဓာတ် ဘယ်လောက် ကျဖို့ကောင်းကောင်း မကျပါစေနဲ့။ ဖြစ်သွားရင် နှစ်နျစ်သုံးနှစ် ကိုယ့်ကိုယ်ကို ပြန်ဆည်လို့ မပြီးတော့ဘူး။ down သွားတဲ့ ကာလမှာ အချိန်တွေ အလကား ဖြစ်သွားရော။ တနင်္လာနေ့ကြောက်တာ ကိုယ်ချင်းစာတယ်။ ဘဝတူလို့.....

Orange chit thu: KK yay, I also want to say something to you. I also have experience like you (in previous years) Also feel like you, every Sunday, I can't sleep well coz I don't wanna go office the next day, really Coz, S'porean boss are like that one, I think so, they are rough in Behavior and Talking Style. Now I change the new company and really ok in everything. So,if u really not happy in there, move it! If the business ok again, move from this company and you will see the differences, some are not bad.

I feel like,working under pressure make your ability to lower down,u may not happy and can't do well. S'porean are like that one,they will treat u to be afraid to them,coz we are foreigners here. After u got a few yrs experience, u may know how to handle this kind of people.I t's true! Don't be afraid to them, we can do it. And also try to learn more (using that this is ur opportunity) Just wanna give encourage to you, I believe you will be ok later.

KK: ဘယ်လောက်ကြာမှ ဒီလိုပြသနာမျိုးတွေကို ကျင့်သားရသွားတာလဲ?

Orange Chit Thu: KK yay, it's hard to say "how many months/years you will settle down at office", but I can say that, at least, u may take 6month (or) 1year, don't be afraid of my words, u will overcome it, i m sure. u just try to learn as much as u can, it will be tough to u,but u will know the outcome after 1year U challenge urself with this kind of S'porean rude one, show her that u r soft but can do more than that. Don't feel upset upon this, coz we all must face this coz of different culture, some people are polite...

Green နဲ့ Orange Chit Thu ကို ကျေးဇူးတင်ပါတယ်း)

(ကျွန်မ မေ့ပြီး မဖြေမိတဲ့ အမေးတွေ ရှိရင် ခွင့်လွတ်ပြီး ထပ်မေးနိုင်ပါတယ်) အားလုံးကျေးဇူးးးးးးး

နိုင်းနိုင်းစနေ



Share/Bookmark

Saturday, April 25, 2009

အရက်သမားသမီး


"ရုပ်ပျိုတစ်လုံးလောက်"

အသံကြောင့် စာဖတ်နေရာက သူခေါင်းမော့်ကြည့်လိုက်တယ်။ အဝတ်အစား ညစ်နွမ်းနွမ်းနဲ့ ပိန်လှီလှီ လူတစ်ယောက် ဆိုင်လှေကားထစ်မှာ ခပ်ယို့ယို့ ရပ်နေတာကို သူတွေ့လိုက်တယ်။ ရုပ်ပျိုအရက်တစ်လုံးကို ကမ်းပေးခိုက် သူ့စီက ခပ်စူးစူးအနံ့တစ်ခု သူရလိုက်တယ်။ ပြန်အမ်းငွေကို ပေးရင်း သူ့ကို သူတစ်ချက်ကြည့်လိုက်မိတယ်။ နီကျင်ကျင် ရီဝေဝေ မျက်လုံးတစ်စုံနဲ့ မျက်နှာပေါ်မှာ နေလောင်ကွက်မှန်း၊ ပင်ပန်းတဲ့ လက္ခဏာမှန်း မသိတဲ့ အမည်းကွက်နှစ်ကွက်က ဘယ်ညာပါးနှစ်ဖက်မှာ နေရာယူထားခဲ့တယ်။ အရက်ပုလင်းကို တယုတယကိုင်ပြီး ယိုင်တိုင်တိုင် ခြေလှမ်းနဲ့ လှည့်ထွက်သွားတဲ့ သူ့နောက်ကျောကို သူငေးကြည့်နေခဲ့မိတယ်။

+++++++++++++++++ +++++++++++++++

သူမှတ်မိတတ်စ အရွယ်ကတည်းက အဖေအရက်သောက်ခဲ့တယ်။ ပထမတော့ ကျန်းမာရေးအတွက် အဖေအရက်သောက်တယ်။ နောက်တော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့လို့ သောက်တယ်။ အဲဒီလိုနဲ့ မရေမတွက်နိုင်တဲ့ "နောက်တော့" ပေါင်းများစွာမှာ အရက်ကို အဖေ မသောက်ရ မနေနိုင်ဖြစ်သွားခဲ့တယ်။ တစ်ငုံ့၊ နှစ်ငုံ့ကနေ တစ်ပက်၊ နှစ်ပက်၊ တစ်ခွက်တစ်ဖလားကနေ တစ်ပုလင်း၊ နှစ်ပုလင်းနဲ့ အဖေ အရက်မသောက်တဲ့ရက် မရှိခဲ့ဘူး။

ထမင်းစားကောင်းအောင်ဆိုပြီး မနက်မိုးလင်းတာနဲ့ အရက်သောက်တတ်တဲ့ အဖေကြောင့် အမေထမင်းစား မဝင်ခဲ့ဘူး။ အိပ်ကောင်းအောင်ဆိုပြီး အရက်သောက်တဲ့ အဖေကြောင့် အမေ အိပ်မပျော်ခဲ့ဘူး။ အလုပ်ပင်ပန်းတာကို အကြောင်းပြပြီး အရက်သောက်တဲ့ အဖေကြောင့် အမေ စိတ်ပင်ပန်းခဲ့ရတယ်။ အနေရိုးတဲ့အဖေ၊ စကားများများ သိပ်မပြောတတ်တဲ့အဖေ အရက်များများ ဝင်တော့ စကားများများ ပြောလာခဲ့တယ်။ အရက်မူးရင် မရိုက်တတ်ပေမယ့် အကြောင်းမရှိ အကြောင်းရှာပြီး တစ်ဗျစ်တောက်တောက် အမေ့ကို ရန်ရှာလာခဲ့တယ်။

ငယ်ငယ်တုန်းက အဖေအရက်သောက်တာနဲ့ ပတ်သက်ပြီး သူဘာမှ မခံစားခဲ့ရပေမယ့် အပျိုဘောင်ဝင်တော့ သူရှက်တတ်လာခဲ့တယ်။ ဆွေမျိုးတွေကြားမှာ "အရက်သမားသမီး... အရက်သမားသမီး" လို့ အခေါ်ခံရတာကို သူရွံ့မုန်းလာခဲ့တယ်။ မျက်ထောင့်နီကြီးနဲ့ အမြဲတမ်းအရက်နံ့ ရနေတဲ့ အဖေကို "ဒါ..ကျွန်မအဖေပါ" လို့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရတာကို သူသိမ်ငယ်လာခဲ့တယ်။

တစ်ခါတလေ အမှားအမှန် မခွဲခြားဘဲ ထစ်ခနဲ့ဆို ဒေါသထွက် ရန်လိုတတ်တဲ့ အဖေကိုကြည့်ပြီး ပညာတတ် ကျောင်းဆရာဖြစ်ခဲ့ဖူးတဲ့ အဖေ့ဦးနှောက်တွေ၊ အသိဥာဏ်တွေ အရက်နဲ့ ဆေးကြောခံလိုက်ရလို့ သူနှမြောခဲ့မိတယ်။ အဖေ့ကို အရက်ဖြတ်ဖို့ ဆေးကောင်းဝါးကောင်းတွေ အမေဝယ်ခဲ့တာလည်း အကြိမ်မနည်းခဲ့ပါဘူး။ အဖေသာ အရက်ဖြတ်ရင် အမေ ဘာမဆို လုပ်ပေးမယ်လို့ အားပေးခဲ့လည်း အချည်းနှီးသာဖြစ်ခဲ့တယ်။

အမေမသိအောင် အရက်တွေကို စပါးကြားမှာ ရောဖွက်ပြီး အဖေခိုးသောက်ခဲ့တယ်။ ဒါကို သူသိပေမယ့် အမေကို ပြောမပြရဲခဲ့ဘူး၊ အဖေကိုလည်း မတားရဲခဲ့ဘူး။ စပါးကျီမှာ အမေသိမ်းထားတတ်တဲ့ ပိုးသတ်ဆေးတွေနဲ့ အဖေ မှားမသောက်မိဖို့ဘဲ သူဆုတောင်း ခဲ့မိတယ်။

အစာစားကောင်းအောင်ဆိုပြီး အရက်သောက်တတ်တဲ့အဖေ နောက်ဆုံးမှာ အရက်ကြောင့် အစာစားစရာတောင် မလိုခဲ့ဘူး။ ပင်ပန်းလို့ အရက်သောက်တယ်ဆိုတဲ့အဖေ နောက်ဆုံးမှာ အားအင်ကုန်ခမ်းပြီး ချိနဲ့လာခဲ့တယ်။ နှစ်ရှည်လကြာ အရက်နဲ့အစိမ်ခံထားရတဲ့ အစာအိမ်က သွေးကြောတွေ ပေါက်ပြဲပြီး နောက်ဆုံးမှာ အဖေသေဆုံးခဲ့ရတယ်။

+++++++++++++++++ ++++++++++++++

"ရုပ်ပျိုတစ်လုံးလောက်"

စာဖတ်နေရာက သူခေါင်းထောင်ကြည့်လိုက်တယ်။ မနေ့က အရက်လာဝယ်သူကို သူတွေ့လိုက်ပြန်တယ်။ အဝတ်အစားနဲ့ပုံစံက မနေ့ကအတိုင်းပဲ။ သူလာဝယ်တဲ့ "အသက်ရှည် ရုပ်ပျိုအားတိုးအရက်" က သူ့ရုပ်ကို မနုပျိုစေခဲ့သလို အားတိုးအောင်လည်း စွမ်းနိုင်ခဲ့ပုံမရဘူး။ အရက်နဲ့ငွေကို လဲယူပြီး စကားတစ်ခွန်းကို သူမရဲတရဲ စလိုက်တယ်။

"ဦး... ဒီအရည်တွေကို အများကြီးသောက်ရင် မကောင်းဘူး။ အသဲကို ထိခိုက်တတ်တယ်။ ကျန်းမာရေး ထိခိုက်တတ်တယ်.. နောက်ပြီး..."

"အင်း... အင်း... ဟုတ်ကဲ့"

"အရက်သမားကို ဘာတွေသွားပြောနေလဲ?"

နောက်ဖေးက ထွက်လာတဲ့ အစ်မကြောင့် သူစကားဖြတ်လိုက်တယ်။

"ဘာမှမဟုတ်ပါဘူး... အရက်တွေ သိပ်မသောက်ဖို့ ပြောနေတာ"

"အော်... ငါက အရက်ရောင်းတယ်။ နင်က အရက်လာဝယ်တဲ့သူကို အရက်မသောက်ဖို့ သွားပြောနေတယ်။ ကောင်းရဲ့လား?"

အစ်မအပြောကို နုတ်ဆိတ်ခြင်းနဲ့ သူတုန့်ပြန်လိုက်တယ်။ ပုလင်းကို အသေချာ ဆုတ်ကိုင်ပြီး တရွေ့ရွေ့ထွက်သွားတဲ့ သူ့နောက်ကျောကို သူငေးကြည့်မိပြန်တယ်။

အိုး.. အဖေ့နောက်ကျောပုံရိပ်နဲ့ တစ်ထပ်တည်းပါလား..?


နိုင်းနိုင်းစနေ


Share/Bookmark

ကမ္ဘာ့အရှည်ဆုံး......



အမေရိကန်နိုင်ငံ Massachusetts တိုက် Worcester County တောင်ပိုင်းမှာ ၄.၈ ကီလိုမီတာလောက်ပဲ ကျယ်တဲ့ ရေကန်တစ်ကန်ရှိတယ်။ ပထဝီဝင် အနေအထားအရ အဲဒီကန်က ဘာထူးခြားမှုမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကန်နာမည်က အင်္ဂလိပ် အက္ခရာ ၄၅ လုံးရှိခဲ့လို့ ကမ္ဘာပေါ်မှာ နာမည်အရှည်ဆုံးကန် ဖြစ်ခဲ့တယ်။

အက္ခရာ ၄၅ လုံးရှိတဲ့ ကန်နာမည် Chargoggagoggmanchauggagoggchaubunagungamaugg ကို အဲဒီဒေသမှာ အရင်ဆုံးနေထိုင်ခဲ့တဲ့ အင်းဒီးယမ်းလူမျိုးတွေ ပေးခဲ့တာဖြစ်တယ်။ အဓိပ္ပါယ်က "နင်နေတဲ့ကမ်းဘက်မှာ နင်ငါးဖမ်းပါ၊ ငါနေတဲ့ကမ်းဘက်မှာ ငါငါးဖမ်းမယ်။ ဘယ်သူမှ အလယ်က ငါးကို မဖမ်းရ" ဆိုတာဖြစ်တယ်။

"ဘယ်သူမှ အမှားနဲ့ မကင်းနိုင်" ဆိုသလို ဒီနာမည်အရှည်ကြီးထဲမှာ စာလုံးပေါင်းအမှား ပါနေပါသတဲ့။ အလုံး ၂ဝမြောက်က "U" ဖြစ်ပြီး "O" လို့ မှားပေါင်းထားသလို ၃၈လုံးမြောက်က "H" ဖြစ်ပါသတဲ့။ အဲဒီကန်ကို ဒေသခံတွေက လွယ်လွယ်ကူကူပဲ Worcester ကန်လို့ ခေါ်ခဲ့ကြတယ်။

news from : http://big5.chinanews.com.cn

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, April 23, 2009

Cupid and Psyche


Psycheက (စိတ်ဝိညာဉ် သို့မဟုတ် လိပ်ပြာလို့ အဓိပ္ပါယ်ရပါတယ်) ဘုရင်ရဲ့တတိယမြောက် သမီးတော်ဖြစ်တယ်။ သမီးတော်သုံးပါးစလုံး ပန်းလိုလှကြတယ်ဆိုပေမယ့် သမီးထွေး Psyche ရဲ့ အလှက ပိုသတင်းမွှေးခဲ့တယ်။ သူ့အလှကြောင့် လူတွေက သူ့ကို နတ်သမီးတစ်ပါးအလား ချစ်ခင်လေးစားခဲ့ကြတယ်။ တစ်ချို့က အလှနတ်သမီးလေး ဝင်စားထားသလားတောင် ထင်ခဲ့ကြတယ်။ Psyche ကြောင့် လူတွေက သူတို့အရင်ကိုးကွယ်တဲ့ အလှနတ်သမီး Aphrodite (ရောမအခေါ် Venus) ဆီ သိပ်မရောက်ဖြစ်ကြတော့ဘူး။ လူသူအရောက်နည်းခဲ့လို့ Aphrodite ရဲ့နေရာက ဖုန်အလိတ်လိတ် တက်နေခဲ့တယ်။ ဒီ့အတွက် အလှနတ်သမီး Aphrodite ဒေါသထွက်ခဲ့တယ်။

ပန်းချီဆရာ Jean-Baptiste Greuze, (1725-1805) စုတ်တံအောက်က Psyche

Aphrodite က Psyche ကို လာရောက်တောင်းရမ်းသူတွေကို အမျိုးမျိုး နှောင့်ယှက်တဲ့အပြင် ကမ္ဘာပေါ်က ရုပ်အဆိုးဆုံးသူနဲ့ Psyche ရအောင် မြှားနဲ့ပစ်ဖို့ သားတော် Eros (အချစ်နတ်သား မြှားနတ်မောင် Cupid) ကို အမိန့်ပေးလိုက်တယ်။

Psyche ကို လူတွေ ချစ်ခင်ကိုးကွယ်ကြတာကို
မနာလိုတဲ့ Aphrodite က မြှားနဲ့ပစ်ဖို့ သားတော်ကို အမိန့်ပေးပုံ

မယ်တော်အမိန့်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ Psyche ကုတင်ရှေ့ မြှားနတ်မောင် ရောက်သွားပြီး မြှားနဲ့ပစ်ဖို့ ကြံရွယ်လိုက်တယ်။ ဒါပေမယ့် Psyche ရဲ့ အလှက အချစ်နတ်သား မြှားနတ်မောင်ကို မလှုပ်နိုင်အောင် ဖမ်းစားထားခဲ့တယ်။ စွဲမက်စရာ ကောင်းလှတဲ့ Psyche ရဲ့အလှမှာ မြှားနတ်မောင် ခဏသာ စီးမျောရင်း လက်ထဲက မြှားဟာ မတော်တဆ ပြုတ်ကျပြီး ကိုယ့်လက်ကို ပြန်စူးခဲ့မိတယ်။ မြှားစူးမိတာနဲ့ Psycheကို မြှားနတ်မောင် ချစ်သွားမိပြီး အလှနတ်သမီး Aphrodite ရဲ့ အမိန့်ကို လွန်ဆန်လိုက်မိတယ်။

မယ်တော်အမိန့်ကို လွန်ဆန်ခဲ့မိတဲ့ မြှားနတ်မောင်က နေနတ်သား Apolloကို သွားရှာပြီး အကူအညီတောင်းခဲ့တယ်။ အဲဒီအချိန်မှာပဲ Psycheရဲ့ ခမည်းတော် ဘုရင်ကြီးလည်း Psycheကို ယူမယ့်သူမရှိလို့ ဦးနှောက်ခြောက်ပြီး နေနတ်သား အပိုလိုစီ အကြံဥာဏ်တောင်းဖို့ ရောက်လာခဲ့တယ်။ အပိုလိုက ဘုရင်ကြီးကို " ဒီကလေးမရဲ့ ကြင်ယာတော်က လူနဲ့နတ်တောင် မတိုက်ခိုက်နိုင်တဲ့ မိစ္ဆာကောင်ကြီးဖြစ်တယ်။ အဲဒီ မိစ္ဆာကောင်က ဘုရင်ရဲ့သမီးတော်ကို တောင်ထိပ်မှာ စောင့်နေပါတယ်" လို့ ပြောလိုက်တယ်။

တစ်ချိန်တည်းမှာပဲ မြှားနတ်မောင်လည်း မြွေတစ်ကောင်အဖြစ် ဖန်ဆင်းပြီး ဘုရင်ကြီးကို အိပ်မက်ပေးလိုက်တယ်။ အိပ်မက်ထဲမှာ သမီးတော် Psyche ကို ခေါ်ပြီး အနောက်အရပ်က တောင်စောင်းမှာလာထားပါ။ မထားခဲ့ရင် ဘုရင်ကြီး ဆင်းရဲအောင်၊ ဒုက္ခအမျိုးမျိုးရောက်အောင် လုပ်မယ်လို့ ပြောခဲ့တယ်။


မိစ္ဆာကောင်ကြီးကို Psyche တွေ့ဖို့အသွား.. သူတို့မျက်နှာတွေက ညှိုးနွမ်းလို့

အကူအညီမဲ့ Psycheက အားလုံးဒုက္ခမရောက်အောင် မြွေကြီးကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အစေအပါးတစ်ချို့က Psyche ကို တောင်စောင်းမှာ ထားခဲ့ကြတယ်။ မြွေကြီးအလာကို Psyche တစ်ယောက် ကြောက်ကြောက်ရွံ့ရွံ့နဲ့ စောင့်နေခဲ့တယ်။ ညအချိန်ရောက်မှ အနောက်အရပ်က လေညှင်းတစ်ချက် ငြင်သာစွာ တိုက်ခိုက်လိုက်တာနဲ့ တောအုပ်တစ်ခုထဲ သူရောက်သွားခဲ့တယ်။ ခမ်းနားထည်ဝါတဲ့ ရဲတိုက်ကြီးတစ်ခုက တောအုပ်အလယ်မှာ ထီးထီးကြီး တည်နေတာကို သူတွေ့လိုက်တယ်။ ရဲတိုက်ထဲ Psyche ဝင်လိုက်ပြီး ဝင်းလက်သန့်ရှင်းနေတဲ့ ဧည့်ခန်းဆောင်မှာ ရပ်လိုက်တယ်။ ရဲတိုက်ထဲမှာ လူသူတိတ်ဆိတ်လို့... ဒါပေမယ့် နားနား ကပ်ပြောသံကို သူကြားလိုက်မိတယ်။

"ကျွန်တော်တို့က သခင်ရဲ့ အစေအပါးတွေပါ။ သခင် အမိန့်ကို နာခံဖို့ အသင့်ပါ"

ဒီလိုနဲ့ ရဲတိုက်မှာ Psyche နေဖြစ်ခဲ့တယ်။ ရဲတိုက်ထဲမှာ သူကလွဲလို့ လူတစ်ယောက်မှ မရှိခဲ့ဘူး။ အစားအသောက်ကောင်းတွေ သုံးဆောင်ရင်း၊ မမြင်ရတဲ့ အခိုင်းအစေတွေကို ခိုင်းစေရင်း၊ နေ့ရက်တွေကို သက်တောင့်သက်သာ သူဖြတ်ကျော်ခဲ့တယ်။

တစ်လဆိုတဲ့ အချိန်က တခဏပဲ ကုန်လွန်သွားခဲ့တယ်။ မြွေကြီးက သူဟာ အလွန်ရုပ်ဆိုးတဲ့အတွက် နေ့အချိန်မှာ ထွက်မလာဘဲ ညအချိန်မှသာ Psycheကို လာတွေ့နိုင်ကြောင်း ပြောတယ်။ ဒါပေမယ့် ညသန်းခေါင် ၁၂ နာရီကျော်တာနဲ့ ဖယောင်းတိုင်မီး အားလုံးကို မှုတ်ငြိမ်းပေးပါ၊ ဒါမှ သူထွက်လာရဲမယ့်အကြောင်း Psyche ကို တောင်းဆိုတယ်။ တကယ်လို့ ဒီတောင်းဆိုချက်ကို လွန်ဆန်ခဲ့ရင် သူ့ကို Psyche တစ်သက်လုံး ဆုံးရှုံးရမယ့်အကြောင်း ပြောပြတယ်။

မြွေကြီးရဲ့ တောင်းဆိုချက်ကို Psyche သဘောတူခဲ့တယ်။ ကြင်ယာတော်ရဲ့ ရုပ်ရည်ကို သိချင်၊ မြင်ချင်ခဲ့ပေမယ့် ပေးထားတဲ့ဂတိကို သူ မလွန်ဆန်ဝံ့ခဲ့ဘူး။ အချိန်နှစ်ဝက်အတွင်း ညအချိန်မှသာ မြွေကြီးနဲ့ တွေ့ရတယ်ဆိုပေမယ့် Psyche ပျော်ရွှင်ခဲ့တယ်။ အရိုင်းအစိုင်း တိရစ္ဆာန်နဲ့ မတူဘဲ အကြင်နာ၊ အယုယနဲ့ အပျော်တွေ သယ်လာပေးတတ်တဲ့ မြွေကြီးကို သူ မကြောက်ရွံ့ခဲ့တော့ဘူး။

အချိန်တစ်နှစ် ကုန်လွန်တဲ့အချိန် မိသားစုကို Psyche လွမ်းလာခဲ့ပြီး လွမ်းဆွတ်တဲ့အကြောင်း မြှားနတ်မောင်ကို ပြောပြလိုက်တယ်။ မြှားနတ်မောင်က သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးက Psyche ရဲ့ အစ်မတော်နှစ်ဦးကြောင့် ပျက်ရမယ်ဆိုတာကို သိလို့ မတွေ့ဖို့ တားမြစ်ခဲ့တယ်။

ဒါပေမယ့် Psyche က အချိန်ကြာလေ ပိုလွမ်းလေမို့ နောက်ဆုံး အစ်မတော်တွေကို သူတို့နေရပ်လာဖို့ မြှားနတ်မောင် ခွင့်ပြုလိုက်တယ်။

Psyche မှ အစ်မတော်တွေကို လက်ဆောင်ဘဏ္ဍဆက်သပုံ
ဒါဟာ သူနဲ့မြှားနတ်မောင်တို့ကို ဝေးကွာစေခြင်းရဲ့ အစဖြစ်တယ်

Psycheတို့ ညီအစ်မသုံးယောက် ဆုံတာနဲ့ လွမ်းဆွတ်ငိုကြွေးကြတယ်။ အစ်မတော်တွေက နေ့လဆက်တိုက် Psycheဆီ လာရောက်ခဲ့ကြပြီး မြွေကြီးကို လက်ထပ်ခဲ့ပေမယ့် ဝတ်ကောင်းစားလှတွေနဲ့ Psyche ပျော်ရွှင်နေမှန်း တဖြေးဖြေး သိလာခဲ့ကြတယ်။ အဲဒီနောက် သူတို့ရင်ထဲက မလိုမီးတွေ ဟုန်းဟုန်းတောက်ခဲ့တော့တယ်။

အစ်မတော်တွေက အရင်လို သူတို့မိသားစု ပျော်ပျော်ရွှင်ရွှင် နေရအောင် မြွေကြီးကို သတ်ပစ်ဖို့ Psyche ကို ဓားတစ်လက်ပေးပြီး ခိုင်းစေခဲ့တယ်။ ဒါကို Psyche က ငြင်းခဲ့တယ်။ ဒါပေမယ့် အစ်မတော်တွေက မြွေကြီးရဲ့ ကြောက်စရာ ရုပ်သွင်ကိုမြင်ရင် Psyche သတ်မယ်ဆိုပြီး မီးခွက်တစ်ခု ပေးပြန်တယ်။

ကြင်ယာတော်အပေါ် ယုံကြည်မှုပျက်ပြားလာအောင် အစ်မတော်တွေက Psyche ကို သွေးထိုးစကား အမျိုးမျိုးပြောခဲ့တယ်။ နောက်ဆုံး သွေးထိုးဖြားယောင်း စကားတွေ Psyche နားဝင်ပြီး မြွေကြီးကို ကြည့်ဖို့ ခေါင်းညိတ်လိုက်တယ်။

မီးခွက်နဲ့ မြှားနတ်မောင်ကို Psyche ခိုးကြည့်တဲ့ တခဏ
ဝေးကွာခြင်းက တံခါးလာခေါက်ခဲ့တယ်

ညရောက်တော့ မြွေကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်သွားတဲ့အထိ Psyche စောင့်နေလိုက်တယ်။ မြွေကြီးအိပ်ပျော်သွားတာနဲ့ မီးခွက်နဲ့ဓားကို ကိုင်ပြီး သူ တဖြေးဖြေး ချည်းကပ်သွားတယ်။ မီးရောင်အောက်မှာ လှပချောမွတ်တဲ့ လူငယ်တစ်ဦးကို မြင်တော့ ရုတ်တရက် သူ ထိတ်လန့်သွားမိတယ်။ ငွေရောင်ဆံနွယ်တွေနဲ့ ဖြူဆွတ်နေတဲ့ အသားအရည် ပိုင်ဆိုင်သူက မြွေကြီးတစ်ကောင် ဖြစ်နိုင်ပါ့မလား?

တဒင်္ဂ တခဏလောက် Psyche အသက်ရှုဖို့ သတိမရတော့သလို ပေးခဲ့တဲ့ ဂတိကိုလည်း မေ့သွားခဲ့တယ်။ အဲဒီအချိန်မှာ မီးခွက်က ဆီတစ်စက်ဟာ အိပ်မောကျနေတဲ့ မြှားနတ်မောင် ပုခုံးပေါ် မတော်တဆ ကျသွားခဲ့တယ်။ လန့်နိုးလာတဲ့ မြှားနတ်မောင်က ဂတိဖျက်တဲ့ Psycheကို တွေ့လိုက်တာနဲ့ ဝမ်းနည်းသွားမိတယ်။ ထထိုင်ပြီး "အင်း..... တုံးအလိုက်တဲ့ Psyche ရယ်။ ငါ့အချစ်ကို မင်းဒီလိုပဲ ပြန်တုန့်ပြန်ခဲ့သလား? ငါ့မှာတော့ ငါ့မိခင်ရဲ့ အမိန့်ကို လွန်ဆန်ပြီး မင်းကိုလက်ထပ်ခဲ့တယ်။ ငါ့ကို မိစ္ဆာကောင်လို့ ထင်ပြီး ငါဦးခေါင်းကို ဖြတ်ချင်တာလား Psyche? မင်းကို ဒီလိုလုပ်ဖို့ အကြံပေးတဲ့ မင်းအစ်မတော်တွေဆီ မင်းပြန်ပါ! ငါ့ကို မင်းလုံးဝ မတွေ့စေရဘူး... မင်းကို ငါဒဏ်ခတ်လိုက်ပြီ Psyche! မယုံသင်္ကာကြားမှာ အချစ်က မရှင်သန်နိုင်ဘူး"

ယုံကြည်မှု မဲ့ခဲ့လို့ အချစ်(Cupid) ကို စိတ်ဝိညာဉ် (Psyche) ထဲ ထည့်မထားနိုင်တော့ဘူး။
ဒါကြောင့် အဝေးကို ထွက်သွားဖို့ မြှားနတ်မောင် ရွေးခဲ့တယ်

စကားဆုံးတာနဲ့ လေရဲ့အလျင်လို မြှားနတ်မောင် ထွက်သွားခဲ့တယ်။ ရဲတိုက်ကြီးလည်း ပျောက်ကွယ်သွားခဲ့တော့တယ်။

"O foolish Psyche, is it thus you repay my love? After having disobeyed my mother's commands and made you my wife, will you think me a monster and cut off my head? But go; return to your sisters, whose advice you seem to think preferable to mine. I inflict no other punishment on you than to leave you forever. Love cannot dwell with suspicion"

"Love cannot dwell with suspicion"
စိတ်ဝိညာဉ် (Psyche)မှာ မယုံသကာင်္ ရှိလာပြီဆိုရင် အချစ် (Cupid)က မရှင်သန်နိုင်တော့ဘူး။

ပျောက်ကွယ်သွားတဲ့ ရဲတိုက်ကြမ်းပြင်မှာ ထိုင်ပြီး Psyche နောင်တရ ဝမ်းနည်းနေမိတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြှားနတ်မောင်ကို တွေ့အောင်ရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ Psyche တစ်ယောက် မအိပ်မနား ကြင်ယာတော် ရှာပုံတော်ဖွင့်ခဲ့တယ်။ တစ်နေ့မှာ ကောက်ပဲသီးနှံစောင့် နတ်သမီး Demeter (ရောမအခေါ် Ceres) ရှေ့ သူရောက်လာခဲ့တယ်။ နတ်သမီးကို အကျိုးအကြောင်းပြောပြီး အကူအညီပေးဖို့ သူတောင်းဆိုခဲ့တယ်။ နတ်သမီးက Psycheရဲ့ အဖြစ်ကို ထပ်တူခံစားပြီး အလှနတ်သမီး Aphrodite (Venus) ဆီသွားဖို့ အကြံဥာဏ်ပေးလိုက်တယ်။

Psyche at the Throne of Venus, by Edward Matthew Hale, 1852-1924 (1883)
အလှနတ်သမီး Aphrodite (Venus) ရှေ့ ရောက်လာခဲ့တဲ့ Psyche

စိတ်ထိခိုက်တဲ့ မြှားနတ်မောင်လည်း မိခင် အလှနတ်သမီး Aphroditeရှေ့ ရောက်လာခဲ့တယ်။ Psyche ကို သားဖြစ်သူ မြှားနတ်မောင်ပါ ချစ်ခဲ့မိတဲ့အတွက် အရမ်းဒေါသထွက်ခဲ့တယ်။ ဒါကြောင့် Psyche သူ့ကို လာရှာတဲ့အချိန် အလှနတ်သမီးက အညှိုးနဲ့ Psycheကို အခိုင်းအစေတစ်ယောက်လို ခိုင်းစေခဲ့တယ်။ ဒီအတွက် Psyche အမုန်းမပွါးခဲ့ပါဘူး။ အလှနတ်သမီးနဲ့ မြှားနတ်မောင်တို့ရဲ့ ခွင့်လွတ်ခြင်းကိုပဲ သူတောင့်တခဲ့တယ်။

Psycheကို ပထမဆုံး ခိုင်းစေတဲ့အလုပ်က စပါးကျီထဲမှာ ရောနှောနေတဲ့ ကောက်ပဲသီးနှံတွေကို တစ်ရက်အတွင်းပြီးအောင် အမျိုးအစားရွေးဖို့ ဖြစ်တယ်။ တောင်လိုပုံနေတဲ့ သီးနှံတွေကို ကြည့်ပြီး Psyche အ,သွားခဲ့တယ်။ ဒီလောက်များတဲ့ သီးနှံတွေကို တစ်ရက်အတွင်း သူတစ်ယောက်တည်း ရွေးဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ Psycheကြောင့် ကြေကွဲထိခိုက်ခဲ့တယ်ဆိုပေမယ့် Psycheကို မြှားနတ်မောင် မေ့မရခဲ့ဘူး။ ဒါကြောင့် ပုရွတ်ဆိတ်တွေကို ခေါ်ပြီး Psyche ကို ကူညီစေခဲ့တယ်။ ပုရွတ်ဆိတ်တွေရဲ့ အကူအညီကြောင့် မိုးမချုပ်ခင် သီးနှံတွေကို သူပြီးအောင် ခွဲနိုင်ခဲ့တယ်။ ခိုင်းတဲ့အလုပ် ပြီးခဲ့ပေမယ့် အလှနတ်သမီးက မကျေနပ်ခဲ့ဘူး။ Psyche ကို နောက်တစ်မျိုး ခိုင်းစေခဲ့ပြန်တယ်။

Psyche ကို ဒုတိယခိုင်းစေတဲ့ အလုပ်က ရွှေရောင်သိုးမွေးတွေကို နုတ်ယူဖို့ဖြစ်တယ်။ ဒီလောက်များတဲ့ ပိုင်ရှင်မဲ့ သိုးအုပ်ကြားထဲကနေ သူ့တစ်ယောက်တည်း သိုးမွေးကို နုတ်ယူဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ Psyche စိတ်ညစ်နေတုန်း တိရစ္ဆာန်စောင့်နတ် Pan က နားနားကပ်ပြီး ဒီသိုးတွေ ဆူးချုံနားမှာ မြက်သွားစားကြောင်း၊ ဆူးချုံမှာငြိနေတဲ့ သိုးမွေးတွေကို သွားရောက်ယူနိုင်ကြောင်း ပြောလိုက်တယ်။ Pan ရဲ့ ညွှန်ကြားမှုနဲ့ အလှနတ်သမီး လိုချင်တဲ့ သိုးမွေးတွေကို ခဏချင်းမှာ သူရခဲ့တယ်။

Pan and Psyche, by Sir Edward Burne-Jones

တစ်ချို့က ဒုတိယခိုင်းစေချက်မှာ အလှနတ်သမီးက နတ်ဗိမာန်နောက် ဂူထဲမှာရှိတဲ့ ရေကိုခပ်ဖို့ Psyche ကို ခိုင်ခန့်တဲ့ ကြိုးတစ်ချောင်း ကျစ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီရေက နတ်အပေါင်းကို လှပချောမွေ့စေခဲ့ ရေဖြစ်တယ်။ အမိန့်အတိုင်း ဂူနား Psyche ရောက်လာခဲ့ပေမယ့် ဘယ်အရာနဲ့ ကြိုးကျစ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ မြက်တွေကိုက်ချီထားတဲ့ ငှက်အုပ်တစ်အုပ် ပျံလာခဲ့တယ်။ ငှက်တွေဟာ Psyche အတွက် ခိုင်ခန့်တဲ့ ကြိုးတစ်ပင် အမြန်ကျစ်ပေးလိုက်တယ်။ ဒီလိုနဲ့ ရေကို သူခပ်နိုင်ခဲ့တယ်။

ငရဲမင်းပေးတဲ့ နုပျိုဆေးဗူးကို Psyche လက်ခံယူနေစဉ်

ခိုင်းစေသမျှကို Psyche ပြီးအောင် လုပ်ပေးခဲ့သည့်တိုင် အလှနတ်သမီး မကျေနပ်ခဲ့ဘဲ တတိယအလုပ်ကို ခိုင်းစေပြန်တယ်။ Psyche ကို ငရဲဆီသွားစေပြီး ငရဲမင်းကြီး Persephone ရဲ့ နုပျိုဆေးကို ယူဖို့ ခိုင်းခဲ့တယ်။ Psycheက ငရဲမင်းကို လာရင်းအကြောင်း ပြောပြတော့ ငရဲမင်းက သူ့ကို ဗူးတစ်ဗူးပေးပြီး ဖွင့်မကြည့်ဖို့ အထပ်ထပ် မှာလိုက်တယ်။

ဗူးကို ခိုးဖွင့်နေစဉ်

ငရဲမင်းပေးတဲ့ ဗူးကိုယူပြီး Psyche ပြန်ခဲ့တယ်။ အပြန်လမ်းမှာ ရင်ထဲက နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့ သိလိုစိတ်ကို Psyche တားမရခဲ့ပြန်ဘူး။ ဒါကြောင့် လမ်းတစ်ဝက်ရောက်တာနဲ့ ဗူးကို ဖွင့်ကြည့်လိုက်မိတယ်။ ဗူးထဲထည့်ထားတဲ့ အအိပ်တစ္ဆေက Psycheကို ရုတ်တရက် လွှမ်းခြုံလိုက်တယ်။ ဒီလိုနဲ့ Psycheတစ်ယောက် မြေပြင်ပေါ်လဲကျပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။

Psyche ပြန်အလာကို မြှားနတ်မောင် စိုးရိမ်တကြီး စောင့်နေခဲ့တယ်။ ဒါပေမယ့် ရက်တွေလွန်သွားတဲ့အထိ Psyche ရဲ့ သတင်းအစအနကို မရခဲ့ဘူး။ Psycheကို ကိုယ်တိုင်ထွက်ရှာဖို့ မြှားနတ်မောင် ထွက်လာခဲ့တယ်။ လမ်းတစ်ဝက်မှာ အိပ်မောကျနေတဲ့ Psyche ကိုတွေ့တာနဲ့ အအိပ်တစ္ဆေကြောင့်ဆိုတာကို သူသိလိုက်တယ်။ အအိပ်တစ္ဆေကို ဗူးထဲပြန်ထည့်လိုက်မှ Psyche နိုးလာခဲ့တယ်။

အအိပ်တစ္ဆေကြောင့် အိပ်မောကျနေတဲ့ Psyche
မြှားနတ်မောင်ရောက်လာမှ နိုးထနိုင်ခဲ့တယ်

အဲဒီကိစ္စပြီးနောက် မြှားနတ်မောင်က Olympus တောင်တန်းဆီသွားပြီး Psycheနဲ့သူ လူ၊ နတ်နှောင့်ယှက်တဲ့ရန်က ကင်းဝေးပြီး ထာဝရ ပေါင်းဖက်နိုင်ဖို့ နတ်အပေါင်းတို့ရဲ့ ဘုရင် Zeus နတ်မင်းဆီ (ရောမအခေါ် Jupiter) အကူအညီ သွားတောင်းခဲ့တယ်။ သူတို့ရဲ့ အချစ်စစ်က Zeus နတ်မင်းကို ခံစားစေခဲ့တယ်။ ဒါကြောင့် Zeus နတ်မင်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းကို တစ်ခါလောက် ချိုးဖောက်ပြီး Psyche ကို နတ်အသွင်ပြောင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးမှာ မြှားနတ်မောင်နဲ့ Psyche ရာသက်ပန် ပေါင်းစပ်ခွင့်ရသွားခဲ့တယ်။

မြှားနတ်မောင်နဲ့ Psyche တို့ရဲ့ လက်ထပ်မင်္ဂလာ

မတူတဲ့ ပန်းချီဆရာတွေ ဆွဲထားတဲ့ မြှားနတ်မောင်နဲ့ Psyche တို့ရဲ့ ပုံကို ဒီဆိုက်ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။ မြန်မာစာအသုံးအနှုန်း ချို့တဲ့တဲ့အတွက် တစ်ချို့အခေါ်အဝေါ်တွေ မသုံးတတ်လို့ ဘာသာပြန်ရာမှာ အခက်တွေ့နေပါတယ်။ ဝင်ပြင်ပေးမယ့်သူရှိရင် အတိုင်းထက် အလွန်ပါလို့...း)

ဒါဖတ်ပြီးရင် ဒီဟာဖတ်ပါ (အချစ်ရဲ့သားသတ်သမား)

original post from: http://mizuya.pixnet.net

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, April 22, 2009

ငါအိုသွားသောအခါ


ငါအိုသွားသောအခါ ....

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

ဒီလိုအစပြုထားတဲ့ စာကြောင်းလေးတွေ google search မှာ ရှာကြည့်လိုက်တဲ့အခါ အခု တစ်ထောင်ကျော် ထွက်ကျလာသလို (
အောင်သုခ မြန်မာထမင်းဆိုင်မှကမ်းသော ဓမ္မဒါန ပြက္ခဒိန်လေးမှ စာသားကို ကူးယူဝေမျှပါသည်) ဆိုတာမျိုးလည်း တွေ့ရပါတယ်။ ဒါတင်မက....

သရုပ်ဆောင် လူမင်း၊ သင့်ဇာဝင့်ကျော် ပါဝင်သရုပ်ဆောင်တဲ့ ဒါရိုက်တာလူမင်းရဲ့"အိုပယ်" ဇာတ်ကားထဲမှာ..

ကျော်ရဲအောင်၊ စိုးမြတ်နန္ဒ ပါဝင်သရုပ်ဆောင်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ကူးတဲ့ "ဖော်တီးနဲ့ တွမ်တီး" ဇာတ်ကားထဲမှာ...

ဒီစာကို အင်္ဂလန်က အခန်းငယ်လေး တစ်ခုထဲမှာ ရေးခဲ့ပါတယ်။ ရေးပြီးပြီးချင်း တစ်အိမ်ထဲနေ ရန်ကုန်သူ ဆရာဝန်မ "ရင်မြင့်ထွေး" ကို ပေးဖတ်ခဲ့ပါတယ်။ အဲဒီနောက် "မြန်မာပြည်သား" အွန်လိုင်းစာကြည့်တိုက်က "ကိုဇော်"ကို ပထမဆုံး ပေးပို့ခဲ့ပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်... "အမေ" ပါဝင်ခွင့်ရလို့ ရေးရကျိုးနပ်ခဲ့ပါတယ်။ အိုသွားတဲ့အမေကို စာနာ နားလည်တတ်ခဲ့ကြလို့ ဝမ်းသာပျော်ရွှင်မိပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

အချစ်ရဲ့ သားသတ်သမား


အချစ်ကြောင့်ရတဲ့ ပျော်ရွှင်ခြင်းကို လူတိုင်းတောင့်တကြတယ်။ ဒါပေမယ့် တစ်ချို့လူတွေအတွက် ပျော်ရွှင်ခြင်းဆိုတာ ခန္ဓာကိုယ်ထဲက ပြုပြင်ပြောင်းလဲလို့ရတဲ့ ဆဲလ်တွေလိုပဲ ချေဖျက်ဖို့ ကိုယ်တိုင်ကြိုတင် စီမံခဲ့ကြတယ်။

ရှေးဂရိပုံပြင်မှာ အချစ်နတ်သား မြှားနတ်မောင် (Cupid)နဲ့ လက်ထပ်ခဲ့တဲ့ လူပြည်က Psyche တို့ရဲ့အဖြစ်က သာဓက ပြနေပါတယ်။ မြှားနတ်မောင်နဲ့ Psyche တို့က နေ့မှာခွဲပြီး ညမှတွေ့ဆုံကြသူတွေ ဖြစ်တဲ့အတွက် မြှားနတ်မောင်ရဲ့မျက်နှာကို Psyche သေချာမမြင်ဖူးခဲ့ဘူး။ နောက်ဆုံးမှာ Psycheရဲ့ အစ်မတွေက Psycheရဲ့ပျော်ရွှင်နေတဲ့ ဘဝကို မနာလိုဖြစ်ခဲ့ကြတယ်။ ညအချိန်မှာ မြှားနတ်မောင်ကို ကြည့်ဖို့ Psycheကို မီးခွက်နဲ့ ဓားချွန်တစ်ချောင်းပေးလိုက်တယ်။ တကယ်လို့ မြှားနတ်မောင်က ရုပ်ဆိုးတဲ့ မိစ္ဆာတစ်ကောင်ဖြစ်နေရင် လည်ပင်းကို ဓားနဲ့လှီးဖြတ်ခဲ့ဖို့ မှာလိုက်ကြတယ်။

ညသန်းခေါင် မီးရောင်အောက်မှာ မြှားနတ်မောင်ရဲ့ ချောမောတဲ့ရုပ်ရည်ကို Psyche မြင်မှ ရင်ထဲက သံသယစိတ်တွေ ပျောက်သွားခဲ့တယ်။ ဒါပေမယ့် သူကံမကောင်းခဲ့ပါဘူး။ မမျှော်လင့်ဘဲ မီးခွက်ထဲက ဆီတစ်စက် အိပ်နေတဲ့ မြှားနတ်မောင်ပေါ် ကျသွားခဲ့တယ်။ လန့်နိုးလာတဲ့ မြှားနတ်မောင်က Psyche လက်ထဲက ဓားချွန်ကို မြင်တာနဲ့ သဘောပေါက်ပြီး ဒေါသတကြီး "လင်မယားကြားမှာ ယုံကြည်မှုဆိုတာ မရှိရင် အချစ်ဆိုတာ ရှိနိုင်တော့မလား" လို့ ပြောလိုက်တယ်။ အဲဒီနောက် Psyche ကိုထားပြီး ထွက်သွားခဲ့တယ်။

သူငယ်ချင်းတစ်ယောက်က အင်တာနက်မှာ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ကြတယ်။ ရင်ထဲက အချစ်မီးတွေ တောက်လောင်ပြီး အချစ်ဒီဂရီတက်ချိန် ရုတ်တရက် အဲဒီကောင်မလေးနဲ့ သူလမ်းခွဲဖို့ သူပြောခဲ့တယ်။ အဲဒီကောင်မလေးက အင်တာနက်ပေါ်မှာ တခြားလူတွေနဲ့လည်း သိနေလို့ပါတဲ့...

သိစမှာ ကောင်မလေးကို မယုံသကာင်္နဲ့ ဖုန်းတွေဆက်ပြီး သူလိုက်စစ်၊ လိုက်မေးတယ်။ အခြေအနေက တဖြေးဖြေး တင်းမာလာခဲ့ပြီး နောက်ဆုံး တစ်ဦးပေါ်တစ်ဦး ယုံကြည်စိတ်ချမှုတွေ ကင်းမဲ့ခဲ့ကြတယ်။ အဲဒီ တခဏအတွင်းမှာပဲ နစ်နစ်ကာကာ သူချစ်ခဲ့ပါတယ်ဆိုတဲ့ အချစ်တွေ ဆေးဆိုးခံလိုက်ရတယ်။

သံသယနဲ့ မယုံကြည်မှုက အချစ်ရဲ့သားသတ်သမားတွေ ဖြစ်တယ်။ ချစ်သူကို စိတ်မချတာက ကိုယ့်ကိုယုံကြည်မှုနည်းလို့ ဖြစ်တယ်။ စိတ်မချတာကို ပယ်နိုင်အောင် ကိုယ့်ကိုအမြဲလန်းဆန်း တက်ကြွအောင်နေပါ။ ဆွဲဆောင်နိုင်အောင် ကြိုးစားပါ။ ယုံကြည်မှုအပြည့်နဲ့နေပါ။ စိတ်ချ..... သူဘယ်တော့မှ ကိုယ့်ကို ထားသွားလိမ့်မှာ မဟုတ်ပါဘူး။

ချစ်တတ်ကြပါစေ....

Cupid and Psyche ကို မြန်မာလို ဒီမှာဖတ်နိုင်ပါတယ်။

Cupid and Psyche အကြောင်းကို (တရုတ်လို) ပုံနှင့်တကွဒီမှာ အကျယ်တဝင့် ဖတ်နိုင်ပါသေးတယ်။ သူတို့ဆီက ယဉ်ကျေးမှုမို့ တစ်ချို့ပုံတွေက ဗလာနတ္တိပါ။ အနုပညာ မျက်လုံးနဲ့ ခံစားနိုင်ကြပါစေ...

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, April 21, 2009

ဘဝကို ပြောင်းလဲခဲ့တဲ့ လက်ဆောင်


Thompsonက ပဉ္စမတန်းပြ ဆရာမတစ်ဦးဖြစ်တယ်။ စာသင်သက်တမ်း ၂နှစ်မြောက်တဲ့နှစ်မှာ Teddyလို့ခေါ်တဲ့ ကျောင်းသားတစ်ဦး သူ့အခန်းထဲ ရောက်လာခဲ့တယ်။ ဆရာမ Thompson က Teddy ကို စတွေ့စမှာပဲ မနှစ်သက်ခဲ့ဘူး။ ညစ်တီးညစ်ပတ်နဲ့ Teddy ရဲ့ ပုံစံကလည်း နှစ်သက်စရာ မကောင်းခဲ့ပါဘူး။ Teddyရဲ့ ဆံပင်က မျက်စိဖုံးလောက်အောင် ရှည်တဲ့အပြင် ကိုယ်ပေါ်မှာလည်း အနံ့ဆိုးတစ်မျိုး ရှိနေခဲ့တယ်။ အဆင့်ကလည်း နောက်ဆုံးပိတ်မို့ နှစ်သက်အောင် ဆရာမ Thompson ဘယ်လိုပဲ ကြိုးစားခဲ့ပေမယ့် အချည်းနှီးသာဖြစ်ခဲ့တယ်။

အတန်းထဲမှာ သွက်သွက်လက်လက်ရှိတဲ့ ကျောင်းသားတွေကို ဆရာမ Thompson အားပေးတတ်ပေမယ့် Teddyလို စာမလိုက်နိုင်တဲ့ ကျောင်းသားမျိုးကိုတော့ မနှစ်သက်ခဲ့ဘူး။ Teddyရဲ့ လေ့ကျင့်ခန်းစာအုပ်ထဲက အမှားတွေကို မင်နီနဲ့ အားရပါးရ ခြစ်ရတာကို ဆရာမ Thompson အကျေနပ်ကြီး ကျေနပ်ခဲ့တယ်။

အချိန်တွေပြောင်းသွားတာနဲ့အမျှ စာအုပ်ထဲ မင်နီတွေက လျော့မသွားတဲ့အပြင် ပိုလိုများလာခဲ့တယ်။ Teddyကို သူ မနှစ်သက်တဲ့အကြောင်း ဆရာမ Thompson ထုတ်မပြောပေမယ့် Teddy ကို အနှိမ်ကျင့်၊ လှောင်ပြောင်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အပြုအမှုတွေက ဆရာမ Thompson ရဲ့ စိတ်သဘောထားကို ထင်ဟပ်နေသလိုပါပဲ။ သနားစရာ Teddyလေးက ဆရာမ သူ့ကို မနှစ်သက်ဘူးဆိုတာပဲ သိတယ်။ ဘာကြောင့် မနှစ်သက်မှန်း သူနားမလည်ခဲ့ဘူး။ Teddy ကို နားလည်အောင် ဆရာမ Thompson ကြိုးစားခဲ့ပေမယ့် အုပ်ထိန်းသူမရှိ၊ ဂရုစိုက်သူမဲ့တဲ့ ဒီအညစ်အစုတ်လေးကို မသိစိတ်ထဲကနေ ဘာကြောင့် မနှစ်သက်မှန်း သူကိုယ်တိုင်လည်း မသိခဲ့ဘူး။

ဒီလိုနဲ့ စာသင်ရက်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားလို့ ခရစ္စမတ်ရာသီကို ရောက်လာခဲ့တယ်။ ပွဲတော်ရဲ့ ဓလေ့ထုံးစံအတိုင်း ကျောင်းသားတွေက ဆရာမကို ခရစ္စမတ် လက်ဆောင်ပေးဖို့ စီစဉ်ခဲ့ကြတယ်။ ကျောင်းမပိတ်ခင် နောက်ဆုံးတစ်ရက်မှာ ကျောင်းသားအားလုံးက ကိုယ့်လက်ဆောင်ထုပ်ကို အခန်းထဲက ခရစ္စမတ် သစ်ပင်အောက်မှာ သွားထားပြီး ဆရာမ ဖောက်ကြည့်တာကို စောင့်နေခဲ့ကြတယ်။ လက်ဆောင်ထုပ်တစ်ခု ဖောက်တိုင်း အံ့သြဝမ်းသာတဲ့ အသံနဲ့အတူ လက်ဆောင်ပေးတဲ့ ကျောင်းသားကို ဆရာမ Thompson ကျေးဇူးတင်နေခဲ့တယ်။ လက်ဆောင်ထုပ်တွေကြားမှာ Teddy ရဲ့ လက်ဆောင်ထုပ်လေး ညှပ်နေခဲ့တယ်။ Teddy က လက်ဆောင်ကို ရိုးရိုးအညိုရောင် စက္ကူနဲ့ထုပ်ပြီး စက္ကူပေါ်မှာ ခရစ္စမတ် သစ်ပင်တစ်ပင် ဆွဲထားတယ်။ အနီရောင် ဘောလုံးတွေကို ကော်နဲ့ကပ်ပြီး သစ်ပင်ကို ရစ်ပတ်ထားလိုက်တယ်။ ပြီးတော့ အထုပ်ပေါ်မှာ ဆရာမ Thompson အတွက် မှ Teddy လို့ ရေးထားတယ်။

Teddy ရဲ့ လက်ဆောင်ထုပ်ကို ဆရာမ Thompson လှမ်းယူတဲ့အချိန် တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့တယ်။ ကျောင်းသားအားလုံး ဆရာမကို ဝိုင်းအုံပြီး အထဲက လက်ဆောင်ကို စောင့်ကြည့်နေခဲ့ကြတယ်။ ပထမဆုံးအကြိမ် ရှက်ရွံ့အားနာခြင်းကို ဆရာမ Thompson ခံစားမိခဲ့တယ်။ ထုပ်ထားတဲ့ နောက်ဆုံး စက္ကူကို ဖြည်လိုက်တာနဲ့ အထဲက ပစ္စည်းလေးနှစ်ခု စားပွဲပေါ် ပြုတ်ကျလာခဲ့တယ်။ တစ်ခုက ကျောက်သုံး,လေးလုံး ပြုတ်နေတဲ့ hand make ဖန်စိန်လက်ကောက် တစ်ခုဖြစ်ပြီး နောက်တစ်ခုက ပုလင်းတစ်ဝက်သာကျန်တဲ့ အပေါစား ရေမွှေးပုလင်းဖြစ်တယ်။ ကျောင်းသားတွေစီကနေ အချင်းချင်း တွတ်ထိုးသံ၊ လှောင်ပြောင်ရယ်မောသံကို ဆရာမ Thompson ကြားလိုက်မိတယ်။ Teddy ရပ်နေတဲ့ဖက်ကို ကြည့်ဖို့ သူ ခွန်အား မဲ့နေခဲ့တယ်။ ဆရာမ Thompsonက လက်ကောက်ကို စိတ်မပါတပါ ဝတ်ပြီး နားရွက်နောက်ကို ရေမွှေး တစ်စက်၊ နှစ်စက် တို့လိုက်တယ်။ ပြီးတော့ တစ်ခြားလက်ဆောင်ထုပ်တွေကို ဖောက်ကြည့်နေခဲ့တယ်။

ကျောင်းဆင်းခေါင်းလောင်းသံ ကြားတော့ ဆရာမ Thompsonက ကျောင်းသားအားလုံးကို ခရစ္စမတ်မှာ ပျော်ရွှင်ဖို့၊ နောက်နှစ်မှာ ပြန်ဆုံဖို့ နှုတ်ဆက်လိုက်တယ်။ Teddy က အတန်းထဲက ချက်ချင်းမထွက်ဘဲ ကျောင်းသားအားလုံး ထွက်သွားတဲ့အထိ ဆရာမ ဘေးမှာ ငြိမ်ငြိမ်ကုပ်ကုပ် ရပ်စောင့်နေခဲ့တယ်။

"ဆရာမ.. ဆရာမ... ဆရာမ ကိုယ်ပေါ်က ရေမွှေးနံ့က ဟိုးတစ်ချိန် ကျွန်တော့်မေမေ ကိုယ်ပေါ်က ရေမွှေးနံ့နဲ့ အတူတူပဲ။ မေမေ့လက်ကောက်ကို ဆရာမ ဝတ်လိုက်တော့ အရမ်းလှသွားတယ်။ ဒီလက်ဆောင်တွေကို ဆရာမ နှစ်သက်ခဲ့လို့ ကျွန်တော်ဝမ်းသာမိပါတယ် ဆရာမ..."

စကားဆုံးတာနဲ့ အခန်းထဲကနေ Teddy လှစ်ခနဲ့ ထွက်သွားခဲ့တယ်။ ဆရာမ Thompson ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်မိတယ်။ စိတ်ထဲမှာလည်း ကလေးငယ်တစ်ဦးအပေါ် ဂရုစိုက်၊ ကြင်နာမှုတွေ သူတမင် ကင်းမဲ့ခဲ့မိတဲ့အတွက် ခွင့်လွတ်ပေးဖို့ ဘုရားသခင်ထံ တောင်းဆိုနေမိတယ်။

ကျောင်းပိတ်ရက်ကုန်လို့ ကျောင်းပြန်ဖွင့်ချိန်မှာ ဆရာမ Thompsonက အရင်ပြုခဲ့မိတဲ့ ဂရုမစိုက်မှုတွေအတွက် Teddy ကို အချိန်ပို သင်ကြားမှုတွေ လုပ်ခဲ့တယ်။ Teddy ရဲ့ ကြိုးစားမှုက တခြားကျောင်းသားနဲ့ တဖြေးဖြေး ရင်ဘောင်တန်းလာနိုင်ခဲ့တယ်။ ပဉ္စမတန်းကို Teddy ရှောရှောရှုရှု ဖြတ်ကျော်ခဲ့ပါတယ်။

ဒါပေမယ့် ဇာတ်လမ်းက ဒီမှာတင် ရပ်မသွားခဲ့ပါဘူး။ နောက်တစ်နှစ် စာသစ်နှစ်မှာ ဖခင်နဲ့အတူ တစ်ခြားနယ်ကို Teddy ပြောင်းသွားခဲ့တယ်။ Teddy ရဲ့ ကြိုးစားမှုက ဘယ်ဘာသာရပ်ကိုမဆို လိုက်နိုင်တဲ့ အရည်အချင်း ရှိပြီလို့ ဆရာမ Thompson ယုံကြည်ခဲ့တယ်။

ဒီလိုနဲ့ ၇နှစ်ကြာပြီးတဲ့ နေ့တစ်နေ့မှာ Teddy ဆီက ပထမဆုံး စာတစ်စောင်ကို ဆရာမ Thompson လက်ခံရခဲ့တယ်။ စာထဲမှာ စာတိုလေးနှစ်ကြောင်းပဲ ရေးထားတယ်။

"ဆရာမ Thompson ... ဆရာမကို သိစေချင်တဲ့ ဆန္ဒနဲ့ပါ။ ဒုတိယအဆင့်နဲ့ ရှေ့လမှာ ကျွန်တော် ကျောင်းပြီးတော့မယ် ဆိုတဲ့အကြောင်း ဆရာမကို အရင်ဆုံး သိစေချင်ပါတယ်"

စာဖတ်ပြီး Teddy အတွက် ကတ်တစ်ကတ်၊ ခဲတံတစ်ချောင်းနဲ့ ဖောင်တိန်တစ်ချောင်းကို လက်ဆောင်အဖြင့် ဆရာမ Thompson ပေးပို့ခဲ့တယ်။

နောက် ၄နှစ်အကြာမှာ Teddy ဆီက ဒုတိယမြောက် စာတစ်စောင်ကို ဆရာမ Thompson ရခဲ့ပြန်တယ်။ စာထဲမှာ ရိုးရိုးရှင်းရှင်း စာတိုလေး သုံးကြောင်းပဲ ပါခဲ့ပါတယ်။

"ဆရာမ Thompson... ဆရာမကို အရင်ဦးဆုံး သိစေချင်ပါတယ်။ ပထမအဆင့်နဲ့ ကျွန်တော် အောင်မြင်ခဲ့တဲ့အကြောင်း တက္ကသိုလ်က အခုပဲ ကျွန်တော့်ကို အကြောင်းကြားစာ ပို့လာခဲ့ပါတယ်။ တက္ကသိုလ် စာသင်နှစ် ၄နှစ်ကို ဖြတ်သန်းရတာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်ပြီးဆုံးအောင် သင်ယူခဲ့ပါတယ်"

စာဖတ်ပြီး Teddy အတွက် ကတ်တစ်ကတ်နဲ့ ရှပ်အင်္ကျီလက်မောင်းမှာ တပ်တဲ့ ကြယ်သီးချိန်းကြိုး တစ်ခုကို လက်ဆောင်အဖြင့် ဆရာမ Thompson ပေးပို့ခဲ့တယ်။

နောက် ၄နှစ်အကြာမှာ တတိယမြောက်စာကို ဆရာမ Thompson ရခဲ့ပြန်တယ်။

"ဆရာမ Thompson... ဆရာမကို အရင်ဦးဆုံး သိစေချင်ပါတယ်။ ဒီနေ့ကစပြီး ကျွန်တော် ဒေါက်တာ Teddy ဖြစ်သွားပါပြီ။ နောက်ပြီး ဇူလိုင် ၂၇ ရက်နေ့မှာ ကျွန်တော် မင်္ဂလာပွဲ ကျင်းပပါမယ်။ ကျွန်တော့်မင်္ဂလာပွဲကို တက်ရောက်ပြီး ကျွန်တော့်အမေနေရာမှာ ဆရာမ လာထိုင်ပါ။ မနှစ်က ကျွန်တော်အဖေ ဆုံးသွားခဲ့ပါတယ်။ ဆရာမက ကျွန်တော့်ရဲ့တစ်ဦးတည်းသော ဆွေမျိုးရင်းချာ ဖြစ်ပါတယ်"

စာကို ကိုင်ပြီး ဆရာမ Thompson အချိန်အကြာကြီး တိတ်ဆိတ်နေမိတယ်။ ဒီကျောင်းသားဆရာဝန်ကို ဘာလက်ဆောင်နဲ့ လက်ဖွဲ့ရမယ်မှန်း သူစဉ်းစား မရခဲ့ဘူး။ ဖောင်တိန်ကို ရုတ်တရက် ကောက်ကိုင်ပြီး Teddyအတွက် စာတစ်စောင် သူရေးလိုက်တယ်။

"Dear Teddy

အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ မင်း အောင်မြင်ခဲ့ပါပြီ။ ကိုယ်တိုင် ကြိုးစားမှုနဲ့ မင်းအောင်မြင်ခဲ့ပါပြီ။ မင်းရဲ့ဘေးမှာ တစ်ချိန်တခါက ဆရာမလို လူပေါင်းများစွာ ရှိခဲ့လည်း၊ မင်းကို အလေးအနက်ထားပြီး ဂရုစိုက်တဲ့သူ မရှိခဲ့လည်း မင်းအောင်မြင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုက မင်းနဲ့ပဲ ဆိုင်ပါတယ်။ ဘုရားကျောင်းက ခေါင်းလောင်းမြည်တာနဲ့ မင်းရဲ့ မင်္ဂလာပွဲမှာ ဆရာမ ရှိနေပါ့မယ်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးပါစေ...

ဆရာမ Thompson"

မူရင်း....Google search (改變一生的禮物)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, April 20, 2009

သူတို့ရဲ့ ပွဲတော်


၁)

နှစ်စဉ်နှစ်တိုင်း Gregorian ပြက္ခဒိန်ထဲက ဇူလိုင်လ ၇ရက် နွေရာသီမှာ ကျင်းပတဲ့ Bobr ရုရှားတို့ရဲ့ဘာသာရေးပွဲတော် Ivana Kupala ညလို့ သိရပါတယ်။ အဲဒီပွဲမှာ မိန်းမပျိုလေးတွေက တစ်ခုခုဆောင်းပြီး မီးပုံကို ကျော်ခွကြသလို အဝတ်ဗလာနဲ့ ရေကူးခြင်းဖြင့် ရိုးရာရဲ့ ယုံကြည်ကိုးကွယ်မှုကို ပူဇော်ကြတယ်။


၂)

အိန္ဒိယ နယူးဒေလီမှာ ကျင်းပတဲ့ "Holi ဆေးရောင်ဆိုးပွဲ" ဖြစ်ပါတယ်။ ဆေးရောင်တွေနဲ့ တစ်ဖက်လူကို ပက်ဖြန်း၊ သုတ်လိမ်းပြီး ဆုတောင်းမေတ္တာပို့ကြတယ်။ "Holi" က အိန္ဒိယလူမျိုးတို့ရဲ့ နွေဦးကို ကြိုဆိုတဲ့ပွဲလည်း ဖြစ်တယ်။

၃)

စကောတလန် Shetland ကျွန်းက Viking ခေတ်ကို "UpHelly-Aa မီးပူဇော်" တဲ့ပွဲ ဖြစ်ပါတယ်။ Helly-Aa က နောက်ဆုံးနေ့လို့ အဓိပ္ပါယ်ရပြီး UpHelly-Aaမှာ လူတွေက ရှေးViking လူမျိုးဝတ်စုံကို ဝတ်ထားတတ်ကြတယ်။ နောက်ဆုံးနေ့မှာ လှေကြီးတစ်စီးကို မီးရှို့ပြီး အထိမ်းအမှတ်ပြုကြတယ်။ အဲဒီပွဲကို နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ နောက်ဆုံးပတ်ရဲ့ အင်္ဂါနေ့မှာ ကျင်းပပါတယ်။

၎)

နှစ်စဉ်နှစ်တိုင်း မေလမှာ အင်္ဂလန်နိုင်ငံ Brockworth ရဲ့ Cooper တောင်ကုန်းမှာ ချီးစ်လုပွဲ ကျင်းပကြတယ်။ ချီးစ်လုပွဲကို အနီးအနား ပတ်ဝန်းကျင်က လူတွေ ပျိုပျိုအိုအို မခွဲဘဲ တပျော်တပါး ပါဝင်ကြတယ်။ ထုံးစံအတိုင်း ချီးစ်အရင်ရသူက အောင်နိုင်သူဆိုပေမယ့် ဒီနေ့အထိ ဘယ်သူမှ ချီးစ်ကို ရအောင်မလုခဲ့ကြဘူး။ အကြောင်းမှာ လူတွေက တောင်ကုန်းပေါ်ကနေ တပျော်တပါး လှိမ့်ချတဲ့စိတ်ပဲ ရှိခဲ့လို့ဖြစ်တယ်။

၅)

ထိုင်းနိုင်ငံ Lopburi မြို့နယ်မှာ ကျင်းပတဲ့ "မျောက် စားတော်ပွဲ" ဖြစ်ပါတယ်။ မျောက်ပေါင်း ၆ဝဝကျော်ကို ဖိတ်ပြီး သစ်သီးဝလံတွေ ကျွေးတဲ့ပွဲ ဖြစ်ပါတယ်။ ရှေးက Lopburi ကို ကူညီခဲ့တဲ့ မျောက်တွေကို အောင်းမေ့အထိမ်းအမှတ်ပြုတဲ့ ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ နှစ်တိုင်း သစ်သီးဝလံ ၃ဝဝဝ ကီလိုဂရမ်ကို မျောက်အတွက် စားတော်ပွဲ ပြင်ပေးရပါတယ်။

၆)

ဂျပန်နိုင်ငံ Inazawa မှာ ကျင်းပတဲ့ "HadakaMatsuri" အဝတ်ဗလာပွဲဖြစ်ပါတယ်။ ဒီပွဲကို မြေပြင်နဲ့ ရေဆိုပြီး နှစ်ဖွဲ့ခွဲထားပါတယ်။ ရေထဲက ဒီရေတက်ချိန်ကနေ ဒီရေကျချိန်ထိ Katsuragawa မြစ်မှာ လဲလျောင်းရမှာဖြစ်တယ်။ မြေပြင်ပေါ်မှာက အဝတ်ဗလာ လူတွေကြားထဲမှာ သစ်သားပြားဖွက်ထားတဲ့ လူကို ရှာရမှာဖြစ်ပြီး အဲဒီလူကို ကိုင်မိသူတိုင်း ကံကောင်းတယ်လို့ ဆိုပါတယ်။

၇)

Maslentitsa ပွဲက ရုရှားလူမျိုးတို့ရဲ့ ပွဲဖြစ်ပါတယ်။ ပွဲချိန်တစ်ပတ်ကြာမြင့်ပြီး ပွဲကာလအတွင်းမှာ လူတွေက မြင်းစီး၊ ရေခဲဘောလုံးတွေနဲ့ ပစ်ပေါက်၊ မီးရူးမီးပန်းတွေ ရှို့ပြီး သီချင်းဆိုကြတယ်။ ထူးဆန်းတာက ဒီပွဲကို လူတွေဟာ အချင်းချင်း ထိုးကြိတ်ပြီး အသိအမှတ်ပြုကြတယ်။

၈)

ကိုလံပီယာ Nobsa မြို့က "International raincoat Festival" အပြည်ပြည်ဆိုင်ရာ မိုးကာအင်္ကျီပွဲလို့ ဘာသာပြန်ရမယ် ထင်ပါတယ်။ လက်မှုပညာသည်တွေ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ပွဲဖြစ်ပြီး ရိုးရာ သိုးမွှေးမိုးကာအင်္ကျီကို ပြသရောင်းချတဲ့ပွဲဖြစ်ပါတယ်။

၉)

စပိန်နိုင်ငံ Bunyol မှာ ကျင်းပတဲ့ "ခရမ်းချဉ်သီးပွဲတော်" ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ခရမ်းချဉ်သီး စစ်ပွဲလို့လည်း ခေါ်ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း သြဂုတ်လ Bunyol မြို့ လမ်းမကြီးမှာ ကျင်းပပြီး လူပေါင်းများစွာ ပါဝင်ကစားကြတယ်။ ခရမ်းချဉ်သီး တန်ချိန်များစွာကို ၁ နာရီအတွင်းမှာ အရည်ဖြစ်အောင် ပြုလုပ်နိုင်တဲ့ ပွဲဖြစ်ပါတယ်။

၁ဝ)
၁၆ ရာစုက စတင်ခဲ့တဲ့ စပိန်တို့ရဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ Sabucedo မြင်းရိုင်းဖမ်းပွဲ ဖြစ်ပါတယ်။ ဇူလိုင်လ ပထမပတ်မှာ ကျင်းပတဲ့ မြင်းရိုင်းဖမ်းပွဲကို လူငယ်အများပါဝင်ကြပြီး သူတို့ရဲ့ မြင်းစီးကျွမ်းကျင်မှုကို ပြသကြတယ်။ အကောင်းဆုံး မြင်းဖမ်းနိုင်သူက မြင်းရိုင်းတစ်ကောင်ရပြီး မြင်းဆံသပေးခြင်းနဲ့ မြင်းကိုယ်ပေါ် အမှတ်အသား လုပ်ခွင့်ရပါတယ်။

မူရင်းတွေကို.....
http://news.xinhuanet.com နဲ့ http://emmy25213855.pixnet.net မှာ ကြည့်နိုင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, April 19, 2009

ခရေချစ်သူ


အောင်စာရင်းထွက်တယ်ဆိုလို့ မနေ့ညနေက အထကကျောင်းဝင်းထဲ ကောက်ခဲ့တဲ့ ခရေတွေ ... ကျွန်မလို ခရေပန်းလေးတွေကို ချစ်တယ်ဆို ခွင့်မတောင်းနဲ့ .... ယူသွားပါ...

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, April 18, 2009

လှေးနှင့် တူကြသူများ


လူအများက "ငါတို့ မထီထွင်၊ မဆန်းသစ်နိုင်ဘူး" လို့ အမြဲဆိုညည်းကြတယ်။ တကယ်တော့ သူတို့မှာ ထီထွင်ဆန်းသစ်နိုင်တဲ့ အရည်အချင်းတွေ မရှိလို့ မဟုတ်ဘူး။ အဲဒီ ထီထွင်ဆန်းသစ်တာကို မပြောခင် ဥာဏ်စမ်းလေးတစ်ခု အရင် စမ်းသပ်ကြည့်ရအောင်... ဥာဏ်စမ်းက "မီးခြစ်ဆံ ၆ချောင်းနဲ့ တြိဂံ ၄ခုရအောင် စီပါ။ မီးခြစ်ဆံကို မချိုးရ" ဆိုတာဖြစ်တယ်။

တကယ်လို့ ငါးမိနစ်ကြာတဲ့အထိ တြိဂံ ၄ခုရအောင် သင်မစီနိုင်ခဲ့ရင် စိတ်ပျက်အားငယ် မသွားပါနဲ့။ လေ့လာဆန်းစစ်ချက်အရ လူအများစုလည်း ရအောင်မစီနိုင်ကြောင်း တွေ့ခဲ့ရတယ်။ ဥာဏ်စမ်းအဖြေကို မကြေညာခင် ခုန်နိုင်တဲ့သန်း flea (အလှေး) အကြောင်းကို ကျွန်မတို့ အရင်ပြောရအောင်.. လှေးတွေက တွားသွားသတ္တဝါတွေ မဟုတ်ဘဲ ခုန်ပြီးသွားတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ လှေးတွေတစ်ခါခုန်ရင် သူတို့ရဲ့ခန္ဓာအရပ်ရဲ့ အဆတစ်ရာအမြင့်ထိ ခုန်နိုင်ကြသတဲ့... ဒါပေမယ့် ဂျာမဏီနိုင်ငံက "Hans" ဆပ်ကပ်အဖွဲ့မှာ ရှိတဲ့ လှေးတွေက မခုန်နိုင်ကြတဲ့အပြင် ကစားစရာ ကားတွေကိုတောင် ဆွဲနိုင်ခဲ့ကြသတဲ့။ (အဲဒီရှိုးကိုကြည့်ဖို့ မှန်ဘီလူးလိုလိမ့်မယ်)

ဘာကြောင့် ဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်မျိုးပေါ်ခဲ့သလဲ? တကယ်တော့ ဆပ်ကပ်ဆရာတစ်ဦးက လှေးတွေကို အထူး လေ့ကျင့်ပေးခဲ့လို့ ဖြစ်တယ်။ ပထမဆုံး ဆပ်ကပ်ဆရာက လှေးတွေကို မှန်ဘောင်တစ်ခုထဲ ထည့်မွေးထားပြီး အဲဒီမှန်ဘောင်ကို လှေးခုန်နိုင်တဲ့ အမြင့်ထက်နိမ့်အောင် လုပ်ထားတယ်။ လှေးတွေက တစ်ချက်ခုန်တိုင်း မှန်ဘောင်နဲ့ သွားသွားဆောင့်လို့ တဖြေးဖြေး အမြင့်ကြီးမခုန်ရဲတော့ဘူး။ နောက်တော့ ဆပ်ကပ်ဆရာက မှန်ဘောင်ကို နိမ့်လိုက်ပြန်တယ်။ လှေးတွေက နာကျင်မှာကြောက်ပြီး မှန်ဘောင်ထိအောင် မခုန်ရဲပြန်ဘူး။ မှန်ဘောင်နိမ့်လေ၊ လှေးတွေမခုန်ရဲလေနဲ့ နောက်ဆုံး တွားသွားတဲ့အဆင့်ကို ရောက်သွားခဲ့ကြတယ်။ ဒီလိုလေ့ကျင့်မှုကြောင့် ခုန်တတ်တဲ့ လှေးတွေဟာ နဂိုမွေးရာပါ ခုန်နိုင်တဲ့ အရည်အချင်းတွေ ဆုံးရှုံးသွားခဲ့ရတယ်။

ဒီပို့စ်ရေးလို့ မပြီးသေးပါဘူး။ ဆက်မရေးခင် ဥာဏ်စမ်းကို အရင်ဖြေကြည့်ရအောင်... အားလုံးလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပို့စ်ကို ညနေမှ ပြန်ဆက်ပါမယ်း)

ဝင်ဖြေသူတွေ ကျေးဇူးတင်ပါတယ်။ ကိုပေါပြောတဲ့ဟာကို ဆက်တာ မရဘူးး(



ဥာဏ်စမ်းက အင်မတန်လွယ်ကူပါတယ်။ ဒီမှာဝင်ဖြေသူတွေ တော်ကြတယ်။ ပုံမှာမြင်ရတဲ့အတိုင်း မီးခြစ်ဆံတစ်ချို့ကို တြိဂံပုံဖြစ်အောင် ထောင်ပြီးစီလိုက်ရင် လိုချင်တဲ့တြိဂံ ၄ခုကို ရပါလိမ့်မယ်။

မူရင်းစာမှာက ဒီလိုဆက်ရေးထားပါတယ်။ စီမရတဲ့ လူတစ်ချို့က အဖြေကို သိပြီးနောက် "မီးခြစ်ဆံတွေ ထောင်ပြီးစီလို့ရတယ်လို့ ဘာလို့မပြောလဲ" လို့ အတွန့်တက်ကောင်း တက်လိမ့်မယ်။ ပုစ္ဆာမှာလည်း "မထောင်ရ" လို့ ရေးမထားပါဘူး။ တကယ်တော့ လူအများက ကိုယ့်ကို ကန့်သတ်လိုက်ကြတယ်။ ကိုယ့်အတွေးကို ချုပ်ထားပြီး မီးခြစ်ဆံခြောက်ချောင်းကို အလဲလိုက် တောင်ရွေ့မြောက်ရွေ့ ရွေ့ခဲ့ကြတယ်။ ထောင်ပြီးစီဖို့ မတွေးခဲ့ဘူး၊ မရဲခဲ့ဘူး။ ဒီအဖြစ်က မှန်ဘောင်နဲ့ အဖိခံရတဲ့ လှေးနဲ့ ဘာများကွာခြားတော့မလဲ?

ကျွန်မတို့က ဘယ်လိုကြောင့် ဆန်းသစ်ထီထွင်တဲ့ အရည်အချင်းတွေ ဆုံးရှုံးခဲ့ရသလဲ? အောက်က ပုံပြင်က ကျွန်မတို့ကို အဖြေတစ်ချို့ပေးလိမ့်မယ် ထင်ပါတယ်။

ဝါရှင်တန် ငယ်ငယ်တုန်းက ချယ်ရီပင် ခုတ်လှဲဖူးတဲ့ ပုံပြင်ကို ဆရာမပြောပြတော့ သူငယ်တန်းကလေးတွေက စိတ်ဝင်တစား နားထောင်ခဲ့ကြတယ်။ ပုံပြင်ပြီးလို့ ဆရာမက "ကလေးတို့.. ဝါရှင်တန်ကို သူ့ဖေဖေက ဘာကြောင့် ခွင့်လွတ်ခဲ့သလဲ?" လို့ မေးကြတယ်။ ကလေးတစ်ယောက်က ချက်ချင်းလက်ထောင်ပြီး "သူ့လက်ထဲမှာ ပုဆိန်ကိုင်ထားသေးလို့ပါ" လို့ ဖြေခဲ့တယ်။ သူ့အဖြေကို ကလေးတွေက တဝါးဝါး အော်ရယ်ခဲ့ကြတယ်။ ဆရာမက ခေါင်းခါပြီး "မဟုတ်ဘူး.. သူ့ဖေဖေ သူ့ကိုခွင့်လွတ်ခဲ့တာက ဝါရှင်တန်ဟာ ရိုးသားတဲ့ ကလေးတစ်ယောက်ဖြစ်လို့ပါပဲ" လို့ ပြောလိုက်တယ်။

ကလေးငယ် တွေးခဲ့တာလည်း မမှားပါဘူး။ တကယ်လို့ ဖခင်က ခွင့်မလွတ်ဘဲ ဝါရှင်တန်ကို ဆူမယ်၊ ဆဲမယ်၊ ရိုက်ခဲ့မယ်ဆိုရင် ဝါရှင်တန်က အရိုက်ခံရလို့ ဒေါသစိတ်ကို မထိန်းနိုင်ဘဲ လက်ထဲက ပုဆိန်နဲ့ လျှောက်မရမ်း၊ လျှောက်မခုတ်နိုင်ဘူးလို့ ပြောနိုင်မလား? "သူ့လက်ထဲမှာ ပုဆိန်ကိုင်ထားသေးလို့ပါ" ဆိုတဲ့အဖြေက ဆန်းသစ်တဲ့အဖြေ ဖြစ်တယ်ဆိုပေမယ့် လူ့ဘောင်မှာ လက်ခံအသိအမှတ်ပြု မခံခဲ့ရပါဘူး။ တစ်ချိန်က ကျွန်မတို့လည်း ကလေးဖြစ်ခဲ့ဖူးပါတယ်။ မေးခွန်းတစ်ချို့ကို ဖြေဖို့ မတူတဲ့အတွေး၊ မတူတဲ့ အမြင်တွေရှိပေမယ့် လူကြီးတွေက မျက်မှောင်ကြုတ်ပြီး ဒီလိုမဟုတ်ဘူး၊ ဟိုလိုမဟုတ်ဘူးနဲ့ နောက်ဆုံးတော့ "ဝါရှင်တန်က ရိုးသားတဲ့ ကလေးငယ်ဖြစ်လို့" ဆိုတဲ့ အဖြေပဲကျန်ခဲ့တော့တယ်။ ဒီလိုလေ့ကျင့်သင်ကြားမှုတွေ ရှိခဲ့ပြီးတဲ့နောက် ကျွန်မတို့လည်း ဆပ်ကပ်မှာ မွေးထားတဲ့ လှေးလို ထီထွင်ဥာဏ်၊ ဆန်းသစ်နိုင်တဲ့ အရည်အချင်းတွေ ဆုံးရှုံးသွားခဲ့ရတော့တယ်။

ကျွန်မတို့ရဲ့ ထီထွင်ဆန်းသစ်နိုင်စွမ်းကို ဖိထားတဲ့ မှန်ဘောင်က (invisible) မမြင်ရတဲ့ မှန်ဘောင်ဖြစ်တယ်။ ဒါတွေက ကျွန်မတို့ သင်ယူခဲ့တဲ့ပညာရေး၊ ရိုးရာအယူအဆတွေနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် တသတ်မှတ်တည်း တွေးတောတတ်တဲ့ အလေ့အကျင့်၊ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒါတွေက လှောင်အိမ်တစ်ခုနဲ့ တူခဲ့ပါတယ်။ တွေးတောမှုတွေ၊ စဉ်းစားထီထွင်ဥာဏ်တွေ ကန့်သတ်ခံရပြီး သတ်မှတ်ထားတဲ့ ဘောင်ထဲ၊ အကန့်ထဲမှာပဲ တွေးတောခွင့်ရခဲ့တယ်။ ကျွန်မတို့မှာ နဂိုတည်းက ကျယ်ပြန့်တဲ့ကောင်းကင်ကြီးနဲ့ ဆန်းသစ်မှုတွေ ပြည့်နေတဲ့ စိတ်ဝိညာဉ်တစ်ခု ရှိတယ်ဆိုတာကို မေ့ထားလိုက်ကြတယ်။

ဆန်းသစ် ထီထွင်သူတွေက လှောင်အိမ်ထဲက လွတ်အောင်ရုန်းသူ၊ မှန်ဘောင်ထဲက ခုန်ထွက်သူတွေဖြစ်တယ်။ လူနဲ့လှေး မတူတဲ့အချက်တစ်ခုက လေ့ကျင့်ခံရပြီးတဲ့ လှေးတွေဟာ ထပ်ခုန်ဖို့ မကြိုးစားတော့ဘူး။ လူတွေမှာတော့ တွေးတော ဆင်ခြင်တတ်တဲ့ ဦးနှောက်ရှိပါသေးတယ်။ လှောင်အိမ်ထဲက လွတ်အောင်ရုန်းဖို့၊ ဘောင်ထဲကနေ ခုန်ထွက်နိုင်ဖို့ အရင်ဆုံး ကိုယ်လှောင်ခံထားရတယ် ဆိုတာကိုသိရမယ်။ ဒါမှ မြင်နိုင်စွမ်းမရှိတဲ့ ဘောင်ထဲကနေ ကိုယ်အလွတ်ရုန်းနိုင်မှာဖြစ်တယ်။

မူရင်း... Google search (其實,我們都有點像跳蚤)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, April 17, 2009

ပျော်ရွှင်ခြင်းကို ရွေးချယ်ပါ


Selma လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းနဲ့ အဖော်ပြုပြီး သဲကန္တာရတစ်ခုမှာရှိတဲ့ ကြည်းတပ် လေ့ကျင့်ရေးစခန်းကို လိုက်ပါသွားခဲ့ရတယ်။ ခင်ပွန်းဖြစ်သူ စစ်ရေးလေ့ကျင့်နေချိန်မှာ သူတစ်ယောက်တည်း သံထည်တွေနဲ့ ဆောက်ထားတဲ့ တဲအိမ်ငယ်မှာ ကျန်ရစ်ခဲ့ရတယ်။ ရှားစောင်းပင် အရိပ်အောက်မှာတောင် ၅ဝံC ကျော်တဲ့ အပူချိန်ကို သူမခံနိုင်ခဲ့ဘူး။ သူ့ပတ်ဝန်းကျင်မှာလည်း အင်္ဂလိပ်စကားမတတ်တဲ့ မက်စီကိုနဲ့ အင်းဒီးယမ်း လူမျိုးတွေပဲ ရှိတာကြောင့် သူအဖော်မဲ့နေခဲ့တယ်။ ဒီလိုအပူဒဏ်နဲ့ အထီးကျန်မှုကို မခံနိုင်တဲ့အဆုံး အရာအားလုံးကို စွန့်ပြီး သူပြန်ခဲ့မယ့်အကြောင်း ဖခင်ဆီ Selmaစာရေးလိုက်တယ်။ စာပို့ပြီး မကြာဘူး ဖခင်ဆီက ပြန်စာကို သူလက်ခံရခဲ့တယ်။ စာက တိုတိုလေးပဲ ရေးထားတယ်။

"တဲအိမ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်တဲ့ လူနှစ်ယောက်.. တစ်ယောက်က ရွံ့တွေမြင်ခဲ့တယ်။ ကျန်တစ်ယောက်က ကြယ်လေးတွေကို မြင်ခဲ့တယ်"

ဖခင်ရဲ့စာကို ဖတ်ပြီး သူအရမ်းရှက်ရွံ့မိတယ်။ သဲကန္တာရမှာ "ကြယ်" တွေကို ရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ နယ်ခံလူတွေနဲ့ ရင်းနှီးအောင် သူစပြီး မိတ်ဆွေဖွဲ့တယ်။ သူတို့ရဲ့ ယက်ကန်းလုပ်ငန်း၊ အိုးလုပ်ငန်းတွေကို Selma စိတ်ဝင်စားလာခဲ့တယ်။ သဲကန္တာရမှာ ပေါက်ရောက်နိုင်တဲ့ ရှားစောင်းပင်နဲ့ အခြားအပင်တွေကို သူလေ့လာခဲ့တယ်။ နေဝင်ဆည်းဆာ အလှတွေကို ကြည့်ရှုခံစားပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သဲကန္တရ ပင်လယ်ဖြစ်စဉ် ကျန်ခဲ့တဲ့ ခရုသင်းခွံတွေကိုပါ သူစိတ်ဝင်စားလာခဲ့တယ်။

အထီးကျန်ပြီး အနေခက်တဲ့ နေရာလေးက ခုတော့ Selma အတွက် စိတ်ဝင်စားစရာ၊ အထူးအဆန်းတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။ ဒီပျော်ရွှင်မှုအတွက် အမှတ်တရ ခရီးသွားစာအုပ်အဖြစ် "Happy Palace" ဆိုတဲ့ စာအုပ်တစ်အုပ်ကို သူရေးသားထုတ်ဝေခဲ့တယ်။

ဘယ်အရာတွေက Selma ကို ပြောင်းလဲစေခဲ့သလဲ?

သဲကန္တာရက သူ့ကို မပြောင်းလဲခဲ့သလို နယ်ခံ အင်းဒီးယမ်းတွေလည်း သူ့ကို မပြောင်းလဲစေခဲ့ပါဘူး။ သူ့ကိုပြောင်းလဲစေခဲ့တာက သူ့ရဲ့စိတ်နေသဘောထားတွေပဲ ဖြစ်တယ်။ တခဏတွင်းမှာပဲ ပျင်းရိပူပြင်းတဲ့ ပတ်ဝန်းကျင်က သူ့အတွက် ပျော်စရာနဲ့ အဓိပ္ပါယ်ရှိတဲ့ နေရာဖြစ်သွားခဲ့တယ်။ နောက်ဆုံးမှာ သူ့ကိုယ်ပိုင် "ကြယ်လေး" တွေကို Selma ရှာတွေ့ခဲ့တယ်။

ပျော်ရွှင်ခြင်းနဲ့ စိတ်ဆင်းရဲခြင်းက အမွှာညီအစ်ကိုတွေ ဖြစ်တယ်။ မတူတာက ကိုယ့်ရွေးချယ်မှုပဲဖြစ်တယ်။ နွေနဲ့ဆောင်းလို့ပဲ... တကယ်လို့ နွေရာသီကို ကိုယ်နှစ်သက်တယ်ဆိုရင် ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေကို နွေက သယ်ဆောင်လာလိမ့်မယ်လို့ ထင်တတ်ကြတယ်။ ဆောင်းရောက်ရင်ရော? ဆောင်းက ကိုယ့်အတွက် နာကျင်ဝမ်းနည်းခြင်း သယ်ဆောင်မလာပါဘူး။ ဒါပေမယ့် နွေကို ပိုနှစ်သက်မိတဲ့အတွက် ဆောင်းကို လျှစ်လျှူရှူမိတတ်ကြတယ်။ ဒါကြောင့် ဆောင်းရောက်တိုင်း နာကျင် ဝမ်းနည်းမှုတွေကို ခံစားရတယ်။ နွေနဲ့ဆောင်းကို မျှခံစားကြည့်မှ မတူတဲ့ရာသီတွေမှာလည်း ပျော်ရွှင်ခြင်းတွေရှိကြောင်း ကျွန်မတို့ သိနိုင်မှာဖြစ်တယ်။

လောကကြီးမှာ မတူတဲ့ရှုထောင့်၊ အမြင်တွေကြောင့် အကောင်း၊ အဆိုးနဲ့ ပိုင်းဖြတ်လို့မရတဲ့ အရာတွေ အများကြီးရှိတတ်ကြတယ်။ ဒါကြောင့် ကိစ္စရပ်တစ်ခုခုနဲ့ ကြုံကြိုက်တဲ့အချိန် ပျော်ရွှင်ခြင်းကို သိမ်းဆည်းပြီး စိတ်ဆင်းရဲခြင်းကို ဘယ်လိုကွေ့ရှောင်သွားမယ်ဆိုတာ သိဖို့ ပိုအရေးကြီးပါတယ်။

၁၉ရာစုမှာ ဂျာမဏီစိတ်ပညာရှင် Arthur Schopenhauer က "အရာဝတ္ထုတွေက လူတွေကို အကျိုးမသက်ရောက်စေဘူး။ အရာဝတ္ထုကို ကြည့်တဲ့ လူတွေရဲ့အကြည့်တွေကသာ သူတို့ကို ပြန်အကျိုးသက်ရောက်စေတာ ဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဘဝက အနုပညာပါ။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းက ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မှုတည်ခဲ့ပါတယ်။ သေးမွှားတဲ့ စိတ်ဆင်းရဲခြင်းတွေနဲ့ ကိုယ့်မျက်လုံးအစုံကို မဖုံးအုပ်ထားရင်... နာကျည်းခြင်းတွေနဲ့ ကိုယ့်စိတ်ဝိညာဉ်ကို မဖိထားရင် ... ပျော်ရွှင်ခြင်းတွေက ကောင်းကင်ပေါ် ပက်ကြဲထားတဲ့ ကြယ်လေးတွေလို့ ကျွန်မတို့ရဲ့ ဘဝထောင့်ချိုးတိုင်းမှာ လင်းလက်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ဖခင်ရဲ့စာထဲကနေ သူစိတ်ဆင်းရဲရတဲ့ရင်းမြစ်ကို Selma ရှာတွေ့ခဲ့တယ်။ စိတ်ဆင်းရဲတာတွေကို ဘယ်လိုစိတ်ထားနဲ့ ကိုယ်ရင်ဆိုင်ဖြေရှင်းမလဲ? ကိုယ့်စိတ်ထား၊ ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပျော်ရွှင်တဲ့စိတ်ထားနဲ့ ရင်ဆိုင်ဖြေရှင်းရင် ပျော်ရွှင်ခြင်းကို ကိုယ်ရမယ်။ မရင်ဆိုင်နိုင်ခဲ့ရင် စိတ်ဆင်းရဲခြင်းပေါ် စိတ်ဆင်းရဲခြင်းထပ်ပြီး ကိုယ်ပိုခံစားရလိမ့်မယ်။

ပျော်ရွှင်ခြင်းကို ယူမလား? လက်လွတ်မလား? ကိုယ့်ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါတော့တယ်။

မူရင်း... Liu Hong (劉虹) 快樂在於你的選擇

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

သုံးနှစ်ပြည့် အမှတ်တရ


ဟိုး လွန်ခဲ့တဲ့သုံးနှစ်.... ပိတောက်တွေပျော်မြူးတဲ့ အတာတန်ခူးလမှာ သင်းပျံ့တဲ့ ပိတောက်ရနံ့နဲ့အတူ ဘလော့ဂ်တစ်ခု မွေးဖွားခဲ့တယ်။ အဲဒီဘလော့ဂ်ကို "နိုင်းနိုင်းစနေ" လို့ အမည်ပေးခဲ့ပါတယ်။ (၃)နှစ်ပြည့် ဘလော့ဂ်လေးက ခုမှလမ်းလျှောက်သင်စ အရွယ်လေးပါ။ မတ်မတ်ရပ်ပြီး သွားနိုင်သေးတဲ့ အရွယ်မဟုတ်တော့ ခလုတ်တိုက် ချော်လဲတဲ့အချိန်တွေ ရှိသလို လမ်းမှန်မရွေးတတ်တဲ့ အချိန်လည်း ရှိပါတယ်။ အပြောအဆိုမတတ်... အမှားအမှန်မခွဲတတ်ဘဲ အမှားတွေ လုပ်မိတဲ့အချိန်လည်း ရှိပါတယ်။ ဒါကြောင့် (၃)နှစ်သမီး ဘလော့ဂ်လေးကို ချော်လဲတဲ့အခါ ဖေးမဆွဲထူပေးပါ။ လမ်းကြောင်းမှန်ကို ရောက်ဖို့ ဆွဲခေါ်သွန်သင်ပေးပါ၊ ပြုမိ ပြောမိတဲ့ အမှားတွေအတွက် ခွင့်လွတ်နားလည် ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

(၃)နှစ်အတွင်းမှာ ဒီဘလော့ဂ်လေးနဲ့ လိုက်ပါအဖော်ပြုပေးကြသူ အပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ "ဒီထက်ပိုရေးနိုင်ပါစေ.. အဓွန့်ရှည်ပါစေ" လို့ နေ့စဉ်နေ့တိုင်း ဆုတောင်းမြဲအတိုင်း ဆုတောင်းပေးကြပေမယ့် အဲဒီဆုတောင်းသံတွေက ဒီဘလော့ဂ်အတွက် အဖိုးဖြတ်မရတဲ့ အားဆေးတစ်ခွက် ဖြစ်ခဲ့ပါတယ်။ အဲဒီအားဆေးတွေနဲ့ ဒီဘလော့ဂ်လေး ရှေ့ကိုဆက်လှမ်းနေပါတယ်လို့...... အားလုံး ကျေးဇူးးးးးးးး))

အားလုံးကို ချစ်ခင်လေးစားတဲ့

နိုင်းနိုင်းစနေ



Share/Bookmark

Thursday, April 16, 2009

၂ဝဝ၉ တောင်ကြီးသင်္ကြန်


တောင်ကြီးသင်္ကြန်ပါတဲ့... TaunggyiFamily က တင်ထားတဲ့ ပုံတွေပါ။ မြင်ရတဲ့ပုံက လေးဖြူ၊ အငဲ၊ မျိုးကြီး.... IronCross တို့ရဲ့ ရှိုးပွဲဖြစ်ပါတယ်။ တောင်ကြီးမိသားစုရဲ့ Google Group ထဲ ဝင်ရောက်ကြည့်နိုင်ပါတယ်။

http://groups.google.com/group/taunggyifamily-tgi/web/group

နိုင်းနိုင်းစနေ


Share/Bookmark

သင်္ကြန်နောက်ဆုံးနေ့


တရွေ့ရွေ့သွားနေတဲ့ အချိန်ရထားကြီးနဲ့အတူ ပျော်စရာအတာသင်္ကြန်က ကျွန်မတို့အပါးကနေ တဖြေးဖြေး ထွက်ခွါသွားတော့မယ်။ ရာသီစက်ဝန်း တစ်ပတ်လည်လို့ နောက်နောင်နှစ်တွေမှာ သင်္ကြန်နဲ့ ထပ်ဆုံဦးမယ်ဆိုတာ သိပေမယ့် အားလုံးက ဒီနှစ်သင်္ကြန်ကို ရင်ထဲမှာ မှတ်မှတ်ရရ ထည့်သိမ်းထားချင်ဟန် တူကြတယ်။ ဒါကြောင့် ရှိသမျှအစွမ်း၊ တတ်နိုင်တဲ့ အပျော်အင်အားတွေသုံးပြီး သင်္ကြန်ကို အားရပါးရ နှုတ်ဆက်နေကြတယ်။ ရေပိုက်ထဲက ရေစုန်ရေမွှားတွေက "မသွားနဲ့သင်္ကြန်ရေ.. မသွားနဲ့အုန်း" လို့ ဆိုနေသယောင် ဘယ်ညာယိမ်းနွဲ့လို့ လက်ပြနေခဲ့တယ်။ သင်္ကြန်မရှိရင် အသက်မရှင်ချင်တဲ့ ပိတောက်ပန်းတွေကလည်း လမ်းပေါ်မှာ ညိုးနွမ်းခြောက်သွေ့လို့...

ကျွန်မတို့ ထပ်ဆုံကြမယ် သင်္ကြန်....
နှစ်ဟောင်းက အညစ်အကြေးတွေကို မေတ္တာရေအေးနဲ့ သွန်းလောင်းဆေးကြောပေးတဲ့ သင်္ကြန်ကို နောင်နှစ်မှာ ကျွန်မတို့ စောင့်ကြိုနေပါတယ်။ ပိတောက်ပန်းတွေ ရှင်သန်ဖို့ အချိန်တန်ရင် တူးပို့သံနဲ့အတူ အရောက်လှမ်းခဲ့ပါ သင်္ကြန်ရယ်လို့.. (တော်ကီက လွမ်းစရာလေးဖြစ်အောင်ရေးဆိုလို့... အဟင့် .. ရွှတ် !_! )


တာချီလိတ်မြို့က ကျယ်မယောင်နဲ့ သင်္ကြန်တွင်းချိန်ခါ လျှောက်ပတ်ကြည့်တော့ ကျဉ်းကျဉ်းလေးပဲ... မင်းလမ်းက တစ်လမ်းပဲရှိတော့ ခေါက်တုန့်ခေါက်ပြန် လူမှတ်မိအောင်လည်း ရေပက်ခံ မထွက်ရဲဘူး။ ဒါကြောင့် သင်္ကြန်ချိန်ခါမှာ မြို့ပတ်လည်မှာရှိတဲ့ ချောင်းတွေ၊ မြောင်းတွေက လူပိုစည်ခဲ့တယ်။ တာချီလိတ်ကနေ မိုင်းဆတ်သွားတဲ့ဖက်က ပုန်းထွန်ချောင်း၊ မိုင်းဖုံးသွားတဲ့ဖက်က ဟောင်လိတ်ချောင်း... ဟောတစ်ခါ ကျိုင်းတုံသွားတဲ့ဖက်က မယ်ယန်းချောင်းတဲ့..... လူစည်ရာ ပွဲဖြစ်တာကြောင့် မြို့တွင်းမှာ ခြေရာချင်း(ဘီး) မထပ်အောင် မယ်ယန်းချောင်းကို ကျွန်မတို့ တစ်ခေါက်ရောက်လာခဲ့ပါတယ်။

ပုံမှာမြင်တဲ့အတိုင်းပါပဲ...တာချီလိတ်တစ်မြို့လုံးက လူတွေ ဒီရောက်နေလား ထင်ရတယ်
ဆိုင်ကယ်တစ်စီး ဘတ်၂ဝနဲ့ ဝင်ပေါက်မှာ
အခါပြည်သူ့စစ်တွေ လက်မှတ်ရောင်းပါတယ်

စီးပွါးရှာသူတွေကလည်း အကွက်မြင်တယ်
ချောင်းကို ကန့်လန့်ဖြတ်ပြီး ဆိုင်ခန်းလေးတွေ ဆောက်ထားကြတယ်

ဆိုင်ကြားက ရေတွေ ဒူးမြုပ်ရုံပါ..
လူကြီးတွေက ဆိုင်ပေါ်မှာစား... ကလေးတွေက ရေဆင်းကူးနေကြတယ်
စားပြီးသား အကြွင်းအကျန်၊ ဘီယာခွံတွေ ရေပေါ်မျှောလို့
ရေတွေက နောက်ကျိလို့

တာချီလိတ်မှာ လည်စရာ များများစားစား မရှိပါဘူး..
ဒီလိုနေရာမျိုးက သူတို့အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ဝေါလ်ဒစ်စနီပေါ့း)

ချောင်းဖက်ကနေ အိမ်ပြန်တော့ နေစောင်းနေပါပြီ။ ခိုက်ခိုက်တုန်အောင်လည်း ချမ်းနေပါပြီ.. ရေခဲရေထိတော့ မိန်းကလေး ပီသစွာ ကော့လန်ပြီး မူယာပို အား.. အီး.. လို့လည်း အော်ခဲ့ပါတယ်။ ရေတွေစိုရွဲပြီး အိမ်ရောက်ဖို့ပဲ စိတ်လောနေလို့ ရေကစားနေသူတွေကို ပုံမရိုက်နိုင်ခဲ့ပါဘူး။ ချောင်းက ပုံတွေနဲ့ပဲ ကျေနပ်နိုင်ကြပါစေ...
(ဒီနေ့ diving မထိုးခဲ့ဘူး.. ကင်းမြီးကောက် မထောက်ခဲ့ဘူး.. ခါးမြက်မှာစိုးလို့ :P)

ရေပက်ပိုက်မရှိဘဲ ရေပုံး၊ ရေခွက်နဲ့သာ အပက်များပြီး အလှပြယာဉ်မရှိ၊ ငွေငန်းမရှိတဲ့ နယ်စပ်မြို့လေး တာချီလိတ်ရဲ့ ၂ဝဝ၉သင်္ကြန်ကို ကျွန်မနဲ့အတူ ဝင်ပျော်ကြသူအပေါင်းအား ကျွန်မ နိုင်းနိုင်းစနေမှ ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး လိုအင်ဆန္ဒဟုသမျှ ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်း)

နောင်နှစ်သင်္ကြန် ကျွန်မ ဘယ်မှာရှိမလဲ????

နိုင်းနိုင်းစနေ


Share/Bookmark