Sunday, May 31, 2009

အပြာရောင်ကျောက်တုံး


နှစ်တစ်သောင်း ကုန်လွန်ပြီးနောက်….. နှစ်တစ်ထောင် ကုန်လွန်ပြီးနောက်… နှစ်တစ်ရာ ကုန်လွန်ပြီးနောက်…. ဆယ်စုနှစ် ကုန်လွန်ပြီးနောက်…..

တောနက်တစ်နေရာမှာ အပြာရောင်ကျောက်တုံးတစ်တုံး လဲလျောင်းနေခဲ့တယ်။ တောနက်ထဲက ငှက်တွေရဲ့ တေးသီသံ၊ လေထဲလွင့်ဝဲနေတဲ့ ပန်းရနံ့နဲ့ သစ်ရွက်တွေကြားက ထိုးဆင်းလာတဲ့ နေပြောက်တွေကို သူနှစ်သက်ခဲ့တယ်။ ဒီတောထဲမှာပဲ ထာဝစဉ်လဲလျောင်းခွင့်ရမယ်လို့ သူထင်နေခဲ့တယ်။

ဒါပေမယ့် တစ်နေ့မှာ တောမီးလောင်ခဲ့တယ်။

တောမီးတွေ နေရာအနှံ့ လချီကြာလောင်မြိုက်ခဲ့တယ်။ အရှေ့မှ အနောက်၊ တောင်မှမြောက် ကူးစက်ခဲ့တာ တစ်လောကလုံး မီးခိုးလုံးတွေနဲ့ အမှောင်ကျခဲ့ရတယ်။ ဗလာဖြစ်နေတဲ့ ဟင်းလင်ပြင်ကြီုးမှာ မည်းညစ်ညစ် ကျောက်တုံးတစ်တုံးသာ ကျန်ရစ်ခဲ့တော့တယ်။ ပင်လယ်ရေမရတဲ့ ဝေလငါးတစ်ကောင်လို့ သစ်ပင်မရှိတော့တဲ့ တောအုပ်ထဲမှာ ကျောက်တုံးမည်းတစ်တုံး လဲလျောင်းနေခဲ့တယ်။

တိမ်တွေညိုမည်းပြီး မိုးတွေအဆက်အပြတ် သည်းသည်းထန်ထန် ရွာသွန်းခဲ့တယ်။ ၇၇၄၉ရက်ကြာအောင် ဆက်တိုက်ရွာသွန်းခဲ့တယ်။ မိုးတိတ်သွားပြီးနောက် ကောင်းကင်တစ်ခုလုံး လင်းလက်လာခဲ့တယ်။ လေထုတွေ တဖြေးဖြေး ကြည်လင်လာခဲ့တယ်။ မိုးရေတွေနဲ့အတူ ကျောက်တုံးပေါ်က မည်းညစ်ညစ် မီးခိုးတွေ ပါသွားခဲ့ပြီး လှပတဲ့အပြာရောင်က နေရောင်နဲ့အတူ တောက်ပလာခဲ့တယ်။

ဗလာကျင်းနေတဲ့ လောကကြီး ရောင်ခြည်အသစ်တွေနဲ့ တဖြေးဖြေး ပြန်နိုးထလာလိမ့်မယ်လို့ ကျောက်တုံးထင်ခဲ့တယ်။ ဒါပေမယ့် သူမှားသွားခဲ့တယ်…. ကျောက်တုံးကြီး နှစ်ခြမ်းကွဲပြီး ခွဲခွါသွားရလိမ့်မယ်လို့ အိပ်မက်ထဲတောင် သူတွေးမထင်ခဲ့မိဘူး။

ခရီးလမ်းပေါ် ခြေချတာနဲ့ သူရဲ့လွမ်းဆွတ်ခြင်းက စခဲ့တယ်….

အေးစက်တဲ့ တောင့်တစ်နေရာမှာ သူငြိမ်ငြိမ်သက်သက် လဲလျောင်းနေခဲ့တယ်။ သူ့ဘေးမှာ ယောက်ျားသားတစ်ဦး ထိုင်ပြီးတွေးတောနေတယ်။ ပြတင်းပေါက်ကို ဖြတ်ကျော်ခဲ့တဲ့ နေရောင်တစ်ချို့က အခန်းကို လင်းထိန်စေခဲ့တယ်။

၁၈လကြာပြီးနောက် ဝေးလံတဲ့နေရာတစ်ခုဆီ သူအပို့ခံလိုက်ရတယ်။

ဆူညံမွမ်းကြပ်နေတဲ့ လောကတစ်ခုထဲ သူရောက်လာခဲ့တယ်။ လူတွေကသူ့ကို ချီးမွမ်းကြတယ်။ သူ့ကို အရူးတစ်ပိုင်း စွဲလမ်းကြတယ်။ သူ့ဘေးကနေ မခွါနိုင်ဖြစ်ခဲ့ကြတယ်။

ချမ်းအေးတဲ့ ဆောင်းတစ်ညမှာ လမ်းမှားတဲ့ကလေးငယ်တစ်ယောက်က မျက်ရည်အဝဲသားနဲ့ သူ့ကိုမေးခဲ့တယ်။

“ကျောက်တုံးကြီး.. ကျောက်တုံးကြီး.. ကျွန်တော့်အိမ်ဘယ်မှာလဲ သိလား?”

ကိုယ်နဲ့မရင်းနှီးတဲ့မြို့မှာ ကျောက်တုံးကြီးခပ်ထီးထီးရပ်ပြီး တွေဝေနေခဲ့တယ်။ သူအိမ်ပြန်ချင်နေခဲ့တယ်။ တောအုပ်ထဲက အိမ်ဆီ သူပြန်ချင်နေခဲ့တယ်။

ညသန်းခေါင်းယံအချိန် အပြာရောင် မီးပျံပူဖောင်းတစ်လုံး သူမျက်စိရှေ့က ဖြတ်ပျံသွားခဲ့တယ်။ တောအုပ်ထဲမှာ ကျန်နေတဲ့ ကျောက်တုံးတစ်ခြမ်းကို သူသတိရလိုက်မိတယ်။ ကြီးမားတဲ့ လွမ်းဆွတ်မှုတစ်ခုက သူ့ရင်အစုံကို ကွဲအက်စေခဲ့တယ်။ တခဏအတွင်း အရုပ်ကြိုးပြတ် သူလဲကျသွားခဲ့တယ်။

ကွဲအက်သွားတဲ့ ကျောက်တုံးစတစ်ချို့ လွင့်ပစ်ခံလိုက်ရတယ်။ ပိုကောင်းတဲ့အခြမ်းကို ချမ်းသာတဲ့ အဘွားအိုတစ်ဦးဆီ သူတို့ရောင်းလိုက်ကြတယ်။ အဘွားအိုက နာမည်ကြီး အနုပညာရှင်တစ်ဦးကို ခေါ်ယူပြီး အပြာရောင်ကျောက်တုံးကို ပုံစံသွင်းခိုင်းလိုက်တယ်။

၉လလွန်မြောက်ပြီးနောက် အပြာရောင် ကျောက်တုံးကြီး ဒီထက်ဝေးတဲ့ နယ်မြို့တစ်မြို့ဆီ အပို့ခံလိုက်ရပြန်တယ်။ အဘွားအိုရဲ့ တိတ်ဆိတ်တဲ့ပန်းခြံတစ်ခုထဲ သူရောက်လာခဲ့တယ်။

ချမ်းသာကြွယ်ဝတဲ့ အဘွားကြီးက သဘောကောင်းပေမယ့်၊ တစ်ချိန်တစ်ခါက လူတွေအားကျငေးမောတဲ့ အရည်အသွေးတွေ သူ့မှာရှိခဲ့ပေမယ့် ကျောက်တုံးကြီး မပျော်ခဲ့ဘူး။

နေပူမိုးရွာပါစေ…. မနက်တိုင်း ပန်းခြံထဲ အဘွားအိုရောက်လာတတ်တယ်။ ကျောက်တုံးပြာရဲ့ ဘေးမှာထိုင်ပြီး စကားတီးတိုးပြောနေတတ်တယ်။

လေပြင်းတိုက်တဲ့ ဆောင်းဦးမနက်ခင်းတစ်ခုမှာ အဘွားအိုမူးလဲပြီး သူ့ဆီ အရောက်မလာနိုင်ခဲ့ဘူး။ သူ့ကိုနှစ်သက်တဲ့ အဘွားအိုရဲ့ ချစ်ခြင်းတွေသာ လေနဲ့အတူ သူ့ဆီလွင့်ဝဲလာခဲ့တယ်။

သူအိမ်ပြန်ချင်ခဲ့တယ်။ သူတို့အိမ်ပြန်ချင်ခဲ့တယ်။ တောနက်ထဲက အခြမ်းဆီ သူတို့ပြန်ချင်ခဲ့ကြတယ်။ ပြင်းပြတဲ့ လွမ်းဆွတ်မှုက သူ့ကိုအက်ကွဲစေခဲ့ပြန်တယ်။ သူလဲကျသွားခဲ့ပြန်တယ်။

တစ်နှစ်အကြာမှာ အဘွားအိုရဲ့ မြေးတစ်ယောက် အဝေးက ပြန်ရောက်လာခဲ့တယ်။ မြက်ရိုင်းတွေ ထူထပ်နေတဲ့ ပန်းခြံကိုပြုပြင်ရင်း အပြာရောင်ကျောက်တစ်စကို အဘွားအိုရဲ့မွေးရပ်မြေ ပင်လယ်ကမ်းစပ်မြို့ တစ်မြို့ဆီ သယ်လာခဲ့တယ်။

ပျားပန်းခတ်လှုပ်ရှားနေတဲ့ ပင်လယ်ကမ်းစပ် တစ်နေရာမှာ ကျောက်တုံးကြီးနေပြီး တံငါလှေတွေ ပင်လယ်ထဲ တပျော်တပါး ထွက်သွားပြီး တပျော်တပါး ပြန်လာတဲ့အဖြစ်ကို နေ့တိုင်းသူငေးကြည့်နေခဲ့တယ်။

တံငါရွာနားက ကောင်မလေးတစ်ယောက် သူ့ချစ်သူကောင်လေးကို ဆိပ်ကမ်းမှာနေ့တိုင်း လာစောင့်နေခဲ့တယ်။ ကောင်လေးပြန်ရောက်လာတိုင်း နှစ်ဦးသားပွေ့ဖက်ကြတာ မြင်ရသူအဖို့ အားကျစရာကောင်းလှတယ်။ တစ်နေ့မှာ ပင်လယ်ဖက်ထွက်သွားတဲ့ ကောင်လေး ပြန်မလာခဲ့တော့ဘူး။ ကောင်မလေးက ဝတ္တရားမပျက် နေထွက်မှ နေဝင်တိုင်အောင် နေ့တိုင်းလာစောင့်နေခဲ့တယ်။

လှိုင်းတွေ ကမ်းစပ်ကိုရိုက်ပုတ်ကြတယ်။ ပင်လယ်လေအေးတွေ သူ့ကိုတိုက်ခိုက်ကြတယ်။ အပြာရောင်ကျောက်တုံးလေး အပြောကျယ်တဲ့ ပင်လယ်ပြင်ကို ငေးမောရင်း အထီးကျန်နေခဲ့ရတယ်။ သူပြန်ချင်တယ်… နွေးထွေးတဲ့အိမ်ကို သူပြန်ချင်တယ်။

ညနက်နက်တစ်ညမှာ ကောင်မလေးရဲ့ အပြာရောင်ဦးထုပ် ပင်လယ်ထဲကျသွားခဲ့တယ်။ တောနက်ထဲကအခြမ်းကို အပြာရောင်ကျောက်တုံး သတိရမိပြန်တယ်။ ဧရာမလွမ်းဆွတ်မှုတစ်ခုက သူ့ရင်အစုံကို ပြေးဆောင့်ခဲ့တယ်။ နေရာမှာ သူလဲကျသွားခဲ့ပြန်တယ်။

အချိန်တွေက စီးဆင်းသွားတဲ့ရေအလား လျင်လျင်မြန်မြန် ဖြတ်သန်းသွားခဲ့တယ်။ လူတွေက ချစ်ကံခေတဲ့ ချစ်သူနှစ်ဦးကို မေ့ခဲ့ကြသလို ပင်လယ်ထဲ ပြုတ်ကျသွားခဲ့တဲ့ ကျောက်တုံးကိုလည်း အမှတ်မရကြတော့ဘူး။

အဲဒီလိုနဲ့ တစ်နေ့မှာ အပြာရောင်ကျောက်တုံးကို ရေငုပ်သမားနှစ်ဦး တွေ့ခဲ့တယ်။

ကွဲအက်လိုက်၊ ပုံသွင်းခံရလိုက်၊ အထီးကျန် ဝမ်းနည်းနေသူတွေကို အဖော်ပြုလိုက်ဆိုပေမယ့် အိမ်ပြန်ချင်တဲ့ သူ့ရင်ထဲက ဆန္ဒတွေမချုပ်ငြိမ်းခဲ့ဘူး။ အိမ်ပြန်ချင်တယ်… တောနက်ထဲက အိမ်ကို သူပြန်ချင်နေခဲ့တယ်။

သူ့ကိုယ်ထည်တွေ သေးသထက် သေးခဲ့ရလည်း လွမ်းဆွတ်မှုက ကြီးသထက်ကြီးခဲ့တယ်။

အနုပညာပြတိုက်တစ်နေရာမှာ အပြာရောင်ကျောက် ချိန်ဆွဲခံရပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ လခြမ်းပုံဖြစ်တယ်။ လူတွေရဲ့အကြည့်ကို သူဆွဲဆောင်နိုင်ခဲ့တယ်။ ရင်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။

သူ့ဘဝမှာ တောနက်တစ်ခုရှိခဲ့တယ်၊ တဖြေးဖြေး မြက်ရိုင်းတစ်ပြင်၊ အဲဒီနောက် ပန်းခြံတစ်ခြံ၊ တဖြေးဖြေး လိပ်ပြာတွေရောက်လာတယ်။ ငှက်တွေရောက်လာတယ်။ ဝံပုလွေတွေ ရောက်လာခဲ့တယ် ဆိုတာကို သူပြန်သတိရမိတယ်။

သစ်တောထဲက အေးမြတဲ့လရောင် ပက်ဖြန်းတဲ့ညကို သူသတိရမိတယ်။ ကြယ်တွေ ကြွေလင့်ခဲ့တဲ့ မနက်ခင်းကို သူလွမ်းမိတယ်။ နွေးထွေတဲ့နေရောင်ခြည်ကြောင့် အသက်ဝင်ခဲ့တဲ့ ညနေခင်းကို သူအောင်းမေ့မိတယ်။ သူအိမ်ပြန်ချင်ခဲ့တယ်…. လွမ်းဆွတ်မှုက သူ့ကိုထပ်တစ်ဖန် ကွဲအက်စေပြန်တယ်။

ကွဲအက်သွားတဲ့ ကျောက်စတွေကို သင်္ချိုင်းမှတ်တိုင်လုပ်တဲ့ အလုပ်ရုံမှာ အရောင်းခံလိုက်ရတယ်။ ဒီနေရာကို လူတွေ ဝမ်းနည်းကြေကွဲတဲ့ အရိပ်အယောင်နဲ့ နေ့တိုင်းရောက်လာကြတယ်။ ကိုယ်ချစ်ခင်နှစ်သက်သူအတွက် နောက်ဆုံးမှတ်တိုင်တစ်ခု ရွေးပေးကြတယ်။ သူတို့ရဲ့ဝမ်းနည်းမှုတွေက ခိုင်မာတဲ့သူ့ရင်အစုံထဲ တဖြေးဖြေးတိုးဝင်ခဲ့တယ်။ ကြာလေ သူအားပျော့လေ၊ ကွဲအက်လွယ်လေ ဖြစ်လာခဲ့တယ်။

ကျယ်ပြန့်တဲ့ မြေပြင်ထက်တစ်နေရာမှာ အပြာရောင် ကျောက်တုံးလေးတစ်တုံး ငြိမ်ငြိမ်သက်သက်ရပ်နေခဲ့တယ်။

ကြေကွဲနေတဲ့ ကောင်လေးတစ်ယောက်က နေ့တိုင်း နှင်းဆီပန်းတစ်စည်းယူပြီး အုတ်ဂူရှေ့မှာ တိတ်တဆိတ်ငိုကြွေးခဲ့တယ်။ ကောင်မလေးကို သူတစ်သက်လုံး သတိရနေမယ်လို့လည်း ပြောတယ်။ မကြာပါဘူး… ကြေကွဲတဲ့ ကောင်လေးပျောက်သွားခဲ့တယ်။ နှင်းဆီပန်းမရှိ၊ မျက်ရည်မရှိတော့တဲ့ အုတ်ဂူက မြက်ရိုင်းတွေကြားမှာ လဲလျောင်းနေခဲ့တယ်။

အပြာရောင်ကျောက်ခဲလေး အဲဒီနေရာမှာပဲ ရပ်နေခဲ့တယ်။ ဘယ်သူမှ သူ့အတွက် ကောင်းချီးမပေးခဲ့ဘူး။ ဘယ်သူမှ သူ့ကို သတိမရတော့ဘူး။ တောင်တန်းနဲ့ လေညှင်းတွေကို သူလွမ်းဆွတ်ခဲ့တယ်။ လွင်ပြင်ကျယ်ကို စွတ်စိုစေတဲ့ မိုးတွေကို သူသတိရခဲ့တယ်။ နွေဦးမှာ သူဘေးက ခုန်ပေါက်ပြေးလွှားနေတဲ့ သမင်တွေကို သူတမ်းတမိတယ်။

သူအိမ်ပြန်ချင်ခဲ့တယ်………

နှစ်များစွာအကြာမှာ မိဘမဲ့ကလေးတစ်သိုက် လေ့လာရေးထွက်ရင်း လမ်းတစ်နေရာမှာ အပြာရောင် လက်လက်ထနေတဲ့ ကျောက်တုံးတစ်တုံးကို တွေ့ခဲ့ကြတယ်။ ကျောက်တုံးကိုယူပြီး ဂေဟာအုပ်ကို ပေးလိုက်ကြတယ်။ ကျောက်တုံးနဲ့ ကြောင်တစ်ကောင် ထွင်းထုပေးဖို့ သူတို့တောင်းဆိုကြတယ်။

အဲဒီကလေးတွေ နေ့တိုင်း ပြတင်းပေါက်မှာရပ်ပြီး အဝေးကို ငေးကြည့်တတ်ကြတယ်။ သူတို့လည်း ကျောက်တုံးလိုပဲ မမြင်နိုင်တော့တဲ့ အိမ်တစ်အိမ်ကို လွမ်းဆွတ်နေကြပုံရတယ်။

ခရစ္စမတ်အကြိုည….. ခရစ္စမတ်တေးတွေက ပတ်ဝန်းကျင်တစ်ခွင်လုံး ပြန့်လွင့်နေတယ်။ အိမ်တိုင်းရဲ့ ပြတင်းပေါက်ကနေ နွေးထွေးတဲ့အလင်းတွေ ဖြာထွက်နေတယ်။

နှင်းတွေဝဲလွင့်တဲ့သဏ္ဍာန်ကို သူသတိရမိတယ်။ နှင်းဖုံးခံရတဲ့ အေးစက်မှုကို သူသတိရမိတယ်။ သစ်ရွက်တစ်ရွက်ရဲ့ကောက်ကြောင်းကို သူသတိမရနိုင်တော့တဲ့အတွက် ဝမ်းနည်းမိတယ်။ သူ အိမ်ပြန်ချင်နေခဲ့တယ်……………

ကွဲအက်လိုက်၊ ပုံသွင်းခံရလိုက်၊ သိမ်းဆည်းခံရလိုက်၊ မေ့လျော့ခံရလိုက်နဲ့……

လူတွေရဲ့အမြင်ကို သူဂရုမစိုက်ခဲ့ဘူး၊ လူတွေရဲ့အပြောကို သူလျစ်လျူရှူထားတယ်။ တောနက်ထဲက အိမ်နဲ့ အခြားတစ်ခြမ်းကိုပဲ သူစိတ်ထဲမှာ ထည့်ထားတယ်။

ညနက်နက်တစ်ညမှာ ခြေကျိုးနေတဲ့ အိမ်ခြေမဲ့ခွေးတစ်ကောင် လမင်းကိုကြည့်ပြီး ကြေကြေကွဲကွဲ ဆွဲအူလိုက်တယ်။ အိမ်ကသူ့နဲ့ ဝေးသထက် ဝေးခဲ့ပြီလေ…

ခိုင်မာတဲ့ ကျောက်နံရံတစ်ခုထဲ သူမြုပ်ခံထားရပြီး ညည လူတွေရဲ့သက်ပြင်းချသံကို နားထောင်ခဲ့ရတယ်။ ထောင်ထဲက ကောင်မလေးတစ်ဦး နေ့တိုင်းငိုယိုခဲ့တယ်။ လမိုက်ညမှာ ကောင်းကင်ရဲ့အလင်းရောင်နဲ့ သူသီချင်းဆိုခဲ့တယ်။ မှောင်မည်းမည်းညမှာ ကြေကွဲစရာကောင်းတဲ့ သီချင်းသံက ကောင်းကင်ပေါ် လင်းလက်နေတဲ့ ကြယ်ရောင်တွေနဲ့ တူနေတယ်။

မနက်ခင်းရဲ့နှင်းရနံ့တွေကို တဖြေးဖြေး သူမေ့သွားမှာစိုးရိမ်မိတယ်။ ကောင်းကင်ထက်က အထီးကျန် သိန်းငှက်ကို မမြင်မတွေ့နိုင်မှာ သူကြောက်ခဲ့တယ်။ အိမ်ကိုလွမ်းတဲ့ သူ့အလွမ်းတွေ တဖြေးဖြေးမှုန်ဝါးလာမှာကို သူစိုးရိမ်ခဲ့တယ်။

ညနေဆည်းဆာမှာ ရင်းနှီးတဲ့ ငှက်အော်သံတစ်ခုကို သူကြားခဲ့မိတယ်။ တောနက်ထဲကတစ်ခြမ်းကို သူသတိရမိပြန်တယ်။ လွမ်းဆွတ်မှုက သူ့ကို ကွဲအက်စေပြန်တယ်….

မျှော်လင့်ချက်တွေကို သူလက်မလွတ်ခဲ့ဘူး။ နေရပ်တောနက်ထဲ ပျံသန်းနိုင်ဖို့ပဲ သူအိပ်မက်ခဲ့တယ်။ ဒါပေမယ့် ရှည်လျားတဲ့ လမ်းတွေကြောင့် သူလမ်းမှားခဲ့ရတယ်… ဦးတည်ရာ ပျောက်ခဲ့ရတယ်…

တောင်နောက်က တောအုပ်ထဲမှာ အပြာရောင်ကျောက်တုံးလေး ဆိတ်ဆိတ်ငြိမ်ငြိမ် လဲလျောင်းနေခဲ့တယ်။ ဒီတောအုပ်က ဟိုးဝေးဝေး သူအိမ်နဲ့ ခပ်ဆင်ဆင်တူတယ်။ ဒါပေမယ့် သူ့တစ်ခြမ်းက ဒီမှာရှိမနေခဲ့ဘူး။ နယ်လှည့်ဆပ်ကပ် ဒီမြို့ကိုရောက်လာပြီး ၄ရက်မြောက်နေ့မှာ လူရွှင်တော်တစ်ဦး သူ့ကိုကောက်ယူသွားခဲ့တယ်။

သူ့ကို ဘောလုံးတစ်လုံးအဖြစ် ပုံသွင်းပြီး လူတွေနှစ်သက်တဲ့ အရောင်ခြယ်လိုက်တယ်။ ဆပ်ကပ်နဲ့အတူ နယ်တကာ သူလှည့်လည်ခဲ့တယ်။ လူတွေသူ့အတွက် လက်ခုပ်တီးကြတယ်။ ညာသံပေးကြတယ်။ သူ့အနားမှာ ပျော်ရွှင်သံတွေ ဝန်းရံနေခဲ့တယ်။

ပူအိုက်တဲ့ နွေတစ်ညမှာ အဝေးတောအုပ်ကလွင့်လာတဲ့ ပန်းသီးကြွေသံကို သူကြားလိုက်မိတယ်။ သူအိမ်ပြန်ချင်နေခဲ့တယ်………..

ကွဲအက်သွားတဲ့ ကျောက်တုံးတစ်တုံး နှင်းပြင်မှာ နှင်းဖုံးခံထားရတယ်။ ဒါပေမယ့် သူရဲ့ပြင်းပြတဲ့ လွမ်းဆွတ်မှုတွေက နှင်းတွေကို အရည်မြန်မြန်ပျော်စေခဲ့တယ်။ ခွေးကလေးတစ်ကောင်က ကျောက်တုံးကို ကိုက်ချီပြီး သခင်ကိုပေးလိုက်တယ်။

သခင်လူငယ်က သူ့ကို အိမ်အထိသယ်ခဲ့ပြီး အဖိုးတန်တဲ့ ပစ္စည်းတစ်ခုလို ထိန်းသိမ်းထားခဲ့တယ်။

တောထဲက မေဘယ်လ်ရွက်တွေ အနီရောင်ပြောင်းတဲ့တစ်နေ့မှာ ရင်းနှီးတဲ့ ဆောင်းဦးရဲ့အနံ့အသက်ကို သူရှုရှိုက်ခဲ့မိတယ်။ တောင်အရပ်ကို ပျံသန်းကြမယ့် ငှက်အုပ်တွေကို သူသတိရမိတယ်။ ဝက်ဝံတွေ တွင်းအောင်းပြီး ဆောင်းခိုမယ့်ပုံရိပ်ကို သူမြင်ယောင်မိတယ်။

သူအိမ်ပြန်ချင်ခဲ့တယ်…………

ကွဲအက်သွားတဲ့ ကျောက်တုံးကို လူငယ်က လှပတဲ့အသည်းပုံဖြစ်အောင် ပုံသွင်းလိုက်တယ်။ ပြီးတော့ ချစ်ဦးသူရဲ့ လည်တိုင်မှာ ဆွဲထားပေးလိုက်တယ်။ လောကတစ်ခုလုံး လှပတဲ့ ပန်းကမ္ဘာဖြစ်သွားခဲ့တယ်။ နွေဦးရဲ့ပန်းတွေ တောတောင်ဖုံးမတတ် ပွင့်ခဲ့ကြတယ်။ ပျော်ရွှင်တဲ့အသည်းတစ်ခုလို့ ကောင်မလေးရဲ့ ရင်ညွန့်မှာ ကျောက်တုံးလေး မြဲမြဲဖက်တွယ်ထားခဲ့တယ်။

အရာအားလုံးကို ကောင်မလေး ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အပြာရောင်ကျောက်တုံးမှာ ဘာမှမရှိခဲ့ဘူး။

နုနုယ်တဲ့အချစ်တစ်ခု အလွယ်တကူသေဆုံးချိန်မှာ လည်ပင်းထက်က အပြာရောင်ကျောက်တုံးကို ကောင်မလေး ဝမ်းပန်းတနည်း ဖြုတ်ချခဲ့တယ်။ ပြီးတော့ အဝေးကို လွှင့်ပစ်ခဲ့တယ်။

သံနဲ့သစ်သားနှစ်ခုကြားမှာ ကျောက်တုံးတစ်တုံး လဲလျောင်းနေခဲ့တယ်။ မီးရထားတွေက ဟိုမှသည် ပျားပန်းခတ် ဖြတ်သန်းနေကြတယ်။ ဘယ်သူကမှ သူ့ကိုကောက်မယူခဲ့ကြဘူး။ အဝေးတောနက်က အော်သံကို သူတိုးတိုးလေး ကြားလိုက်မိတယ်။

ရထားတစ်ခါဖြတ်တိုင်း သူပျော်ပျော်ရွှင်ရွှင် တစ်ခါကွဲအက်တယ်
ရထားတစ်စီးဖြတ်တိုင်း သူပျော်ပျော်ရွှင်ရွှင် တစ်ခါကွဲအက်တယ်

……

နောက်ဆုံး အပြာရောင်ကျောက်တုံးက သဲတစ်ပွင့်ဖြစ်သွားခဲ့တယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ သဲတစ်ပွင့် ဖြစ်သွားခဲ့တယ်။

နွေလေ တိုက်တဲ့အချိန် လေနဲ့အတူ သူပါသွားခဲ့တယ်။
မြို့ပြင်ကို သူအလျင်အမြန် ရောက်လာခဲ့တယ်။
ရွာငယ်ထက်ကို သူအလျင်စလို ကျော်ဖြတ်ခဲ့တယ်။
လမ်းမအတိုင်း မရပ်မနား သူခရီးနှင်ခဲ့တယ်။
အပြောကျယ်တဲ့ ပင်လယ်ကို သူညင်ညင်သာသာ ဖြတ်သန်းခဲ့တယ်။
တောနက်ထဲသူရောက်ခဲ့တယ်။
နောက်ဆုံး အခြားတစ်ခြမ်းဆီ သူပြန်ရောက်ခဲ့ပါတယ်....

ပြီး

Jummy (幾米) ရဲ့ "အပြာရောင်ကျောက်တုံး" လို့ အမည်ရတဲ့ လက်ရာလေးပါ။ လူ့ဘဝကို အပြာရောင် ကျောက်တုံးတစ်တုံးနဲ့ သရုပ်ဖော်သွားခဲ့ပါတယ်။ မျှော်လင့်ချက်ရှိနေသမျှတော့ ဘယ်လောက်ပဲခက်ခဲတဲ့ အခက်အခဲနဲ့ ကြုံပါစေ နောက်ဆုံးမှာ အိပ်မက်တွေ တကယ်အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

original link : 藍石頭

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

ဆားခတ်သွားတဲ့ People



သူနဲ့သူမ ကုမ္ပဏီရဲ့ ညစာစားပွဲတစ်ခုမှာ ဆုံကြတယ်။ ပညာတတ်၊ ရုပ်ချောနုပျိုတဲ့ သူမက ကုမ္ပဏီမှာ သတင်းမွှေးတယ်။ သူက သာမန်လူတစ်ယောက်ဖြစ်တယ်။ ပိုးပန်းသူတွေ မနည်းလှတဲ့ သူမကို သူလည်း စိတ်ဝင်စားနေတာ ကြာပါပြီ။ ညစာစားပွဲ အပြီးမှာ သူမကို ကော်ဖီတိုက်ဖို့ သူဖိတ်ခေါ်ခဲ့တယ်။ ရုတ်တရက် ဖိတ်ခေါ်မှုကို သူမ အံ့သြသွားပေမဲ့ ယဉ်ကျေးမှုကို မလွန်ဆန်ချင်တဲ့ သူမ ခေါင်းညိတ်လက်ခံခဲ့တယ်။

ကော်ဖီဝိုင်းမှာ သူတို့ ပြောစရာစကား မရှိဖြစ်နေတယ်။ နှစ်ယောက်လုံး ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ မြန်မြန် လက်စသတ်ပြီး ထပြန်ဖို့ သူမစိတ်လောနေမိတယ်။ စားပွဲထိုး ကော်ဖီလာချတော့ သူက ရုတ်တရက် “ကျေးဇူးပြုပြီး ဆားပေးပါ။ ကျွန်တော်က ကော်ဖီသောက်ရင် ဆားထည့်သောက်တဲ့ အကျင့်ရှိလို့” လို့ ပြောတော့ သူမ အံ့သြရုံတင်မက စားပွဲထိုးပါ ကြောင်သွားတယ်။ သူ့စကားကြားတဲ့ လူတွေရဲ့ မျက်လုံးက သူအပေါ် လာစုနေကြတယ်။ သူ့မျက်နှာ နီမြန်းသွားတော့တယ်။

ကျွန်မ ဘာသာပြန်ဖူးတဲ့ ဆားခတ်ထားတဲ့ကော်ဖီ ထဲကစာနဲ့ ၏သည်မရွေးတူနေတဲ့ မေလထုတ် ပြည်တွင်းက နာမည်ကြီး peopleမဂ္ဂဇင်းမှာ ထပ်ပါလာတဲ့စာလေးပါ။
တော်သေးတယ် စာလုံးအမှားတွေ ကူးမသွားလို့ :D တစ်ခြားကလောင်တစ်ဦးရဲ့ စာကိုလည်း ဖော်ပြထားတာ တွေ့လိုက်တယ်။

နိုင်းနိုင်းစနေ



Share/Bookmark

Saturday, May 30, 2009

Jummy နဲ့ သူရဲ့သရုပ်ဖော်ပုံများ


Jummy သရုပ်ဖော်တဲ့ ဒီစာအုပ်ရဲ့နာမည်ကို "ဘုကွာရဲ့ကမ္ဘာ" လို့ (ဘုကွာ = တရုတ်လို အဝတ်နဲ့လုပ်ထားတဲ့ အသီးလို့ အဓိပ္ပါယ်ရပါတယ်) အမည်ပေးထားပါတယ်။ ပြင်သစ်စကား "Pourquoi" (ဘာကြောင့် why) ဆိုတဲ့ အသံထွက်နဲ့ တူအောင်ပေးထားတာဖြစ်တယ်။ ဒီစာအုပ်ကို ၂ဝဝ၂ခုနှစ် စင်တာဘာလ ၃ဝရက်နေ့မှာ ဖြန့်ဝေခဲ့တယ်။ "ဘာကြောင့်" ဆိုတဲ့စကားကို လူတိုင်းသုံးဖြစ်ကြပါလိမ့်မယ်။ ဂျင်မီကတော့ "ဘာကြောင့်"ဆိုတဲ့ စာနှစ်လုံးနဲ့ စာအုပ်တစ်အုပ် ဖန်တီးနိုင်ခဲ့ပါတယ်။ "ဘာကြောင့်" က ဒီလောက်တောင် အရေးပါခဲ့သလား?

စာအုပ်ထဲက ကျွန်မကြိုက်နှစ်သက်မိတဲ့ စာတစ်ချို့ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။ (ပုံကြည့်ရင်း စာဖတ်ပါလို့... သူ့သရုပ်ဖော်ပုံတွေက ဆိုလိုချင်တဲ့စာတွေထက် အဓိပ္ပါယ်ပိုကောင်းပါတယ်) အင်တာနက်ပေါ် တင်ထားတဲ့ စာမျက်နှာက ၅၉ မျက်နှာရှိပါတယ်။ တစ်အုပ်လုံးကို ဒီမှာဖတ်နိုင်ပါတယ်။

ဇာတ်လမ်းအစ
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၇သန်းခန့်က........

နွေပျော်ပန်းတစ်မျိုး ဖူးပွင့်တဲ့ မနက်ခင်းတစ်ခုမှာ တစ်လောကလုံးမှာရှိတဲ့ စကားပြောတတ်တဲ့ ကလေးတွေအားလုံး အိပ်မက်ကနေ ဂြိုလ်တစ်လုံးရဲ့ ညွှန်ကြားမှုကို ရခဲ့ကြတယ်။ ညွှန်ကြားမှုအတိုင်း (၃)နှစ်ပြည့်မွေးနေ့ လွန်မြောက်ပြီး နောက်တစ်ရက်ကစ "ဘာကြောင့်" "ဘာကြောင့်" "ဘာကြောင့်" ဆိုတဲ့ မေးခွန်းကို အဆက်မပြတ်မေးကြဖို့ အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။

"ဘာကြောင့်" လို့ သူတို့စမေးစမှာ လူတွေကဘယ်လိုမှ မနေခဲ့ဘူး။ ဘာဖြစ်လို့ မေးတာလဲလို့လဲ သူတို့ကို ပြန်မမေးခဲ့ဘူး။

ပထမတော့ သူတို့မေးတဲ့ "ဘာကြောင့်" ဆိုတဲ့အမေးကို လူကြီးတွေက တအံ့တသြ အပြုံးနဲ့ပြန်ဖြေခဲ့ကြတယ်။

မနက်မှ ည

နွေမှဆောင်း.... ဖြေခဲ့ကြတယ်။

အဲဒီနောက် ကလေးတွေရဲ့ "ဘာကြောင့်" ကို အခုတစ်သိန်းကျော် ဖြေကြားပြီးနောက် မိဘတွေ သွေးလေချောက်ချားစ ပြုလာတယ်။ "ဘာကြောင့်" ဆိုတဲ့ နောက်ကဖြစ်လာတဲ့ နောက်ဆက်တွေကို သူတို့သတိထားလာမိကြတယ်။ အဲဒီကစ လူကြီးတွေလည်း "ဘာကြောင့်" ဆိုတဲ့ မေးခွန်းကို စမေးခဲ့ကြတယ်။

မှတ်ချက်... ဒီ "ဘာကြောင့်" ဆိုတဲ့ ကစားနည်းက နှစ်ပေါင်းများစွာကြာသည့်တိုင် ရှင်သန်နေဆဲဖြစ်တယ်။ သိပ္ပံပညာ၊ ဆေးပညာ၊ ဘာသာရေးဆိုင်ရာတွေမှာ "ဘာကြောင့်" နဲ့ ပတ်သက်တဲ့ လေ့လာဆန်းစစ်မှုတွေ မရှိခဲ့သေးဘူး။

တူတဲ့မျက်လုံးတွေမှာ မတူတဲ့အကြည့်တွေရှိတယ်။

တူတဲ့နားရွက်တွေမှာ မတူတဲ့ နားထောင်မှုတွေရှိတယ်။
တူတဲ့ပါးစပ်တွေမှာ မတူတဲ့ ပြောနည်းတွေရှိတယ်။
တူတဲ့နှလုံးသားတွေမှာ မတူတဲ့ အတွေးတွေရှိတယ်။

ဒါကြောင့်မို့လား?
တူတဲ့ လူ့ဘဝတွေမှာ မတူတဲ့ ဝမ်းနည်းပျော်ရွှင်မှုတွေ ရှိခဲ့တယ်။

အကြီးဆုံးသစ်တော်သီးကို ဘာဖြစ်လို့ ညီမအငယ်ကို ပေးရသလဲ?
ဘာဖြစ်လို့ အစ်မဝတ်မရတဲ့ အဝတ်ဟောင်းတွေကိုမှ ဝတ်ရသလဲ?
ဘာဖြစ်လို့ မေမေရဲ့အချစ်အားလုံးကို ကျွန်မ မရသလဲ?
ဘာဖြစ်လို့ ဖေဖေက ကျွန်မရဲ့တစ်ဦးတည်းသော ဖေဖေ မဖြစ်ရတာလဲ?
ဘာဖြစ်လို့ အပျော်ကို လူတွေနဲ့မျှဝေဖို့ လွယ်ကူပြီး
ဝမ်းနည်းတာကို တစ်ယောက်တည်း
ခံစားရသလဲ?
ဘာဖြစ်လို့ တစ်ယောက်တည်း အားလုံးကိုခံစားချိန်မှာ ထင်သလောက် မပျော်ခဲ့ရသလဲ?

ဆင်တွေက ဘာဖြစ်လို့ နှာမောင်းနဲ့ နမ်းရှုံကြသလဲ?

ဖားက ဘာဖြစ်လို့ မင်းသမီး မနမ်းရင် မရသလဲ?

ဘာဖြစ်လို့ ကိုယ့်ကို နတ်ကောင်း၊ နတ်ဆိုး တစ်ပြိုင်တည်း နမ်းခွင့်မရှိတာလဲ?

လူနှစ်ယောက်ချစ်ကြိုက်ချိန်မှာ အဆုံးမရှိတဲ့ ချိုမြိန်အနမ်းကို တောင့်တကြတယ်။
ရန်ဖြစ်ကြတော့ ဘာဖြစ်လို့ နမ်းခဲ့ဖူးတဲ့ နုတ်ခမ်းနဲ့
အပြန်အလှန် နာကျင်အောင် ပြောဆိုကြရသလဲ?


အခက်အခဲနဲ့ တွေဝေမိချိန်
ပင်ပန်းနွမ်းနယ် မဖြေသိမ့်နိုင်ချိန်မှာ
ကိုယ့်ကိုယ်ကို အနမ်းတစ်ပွင့် ပေးမိတယ်။

ဘာဖြစ်လို့ ဂြိုလ်သားတွေကို လက်ဆွဲနှုတ်ဆက်ခွင့် မရတာလဲ?
ဘာဖြစ်လို့ ပရက်စလေရဲ့ စတိတ်ရှိုးကို သွားကြည့်ခွင့် မရတာလဲ?
ဘာဖြစ်လို့ ကိစ္စတစ်ချို့က လုံးဝဖြေရှင်းလို့ မရတာလဲ?
လုံးဝပြီးပြည့်စုံတဲ့ လူ့ဘဝကို တကယ်ပဲ မလုပ်နိုင်ပြီလား?

ဝမ်းနည်းကြေကွဲချိန်
ကောင်းကင်ထက်က တိမ်ညှိတစ်စလွင့်လာပြီး မိုးရွာချတယ်။

ပျော်ရွှင်ကြည်နူးချိန်
လေနဲ့အတူ တိမ်တစ်ပွင့် လွင့်လာပြီး လှပတဲ့ပန်းတွေ ကျဲချတယ်။

စိတ်နိမ့်မြင့် အပြောင်းအလဲကို အဆော့သန်တဲ့ တိမ်ကလုပ်ခဲ့သလား?
အလိုက်မသိတဲ့ လေကကျီစယ်ခဲ့သလား?

ကိုယ်က လေပါ
ကိုယ်က တိမ်ပါ
ကိုယ်က လျှပ်စီးပါ
ကိုယ်ဝမ်းနည်းချိန် လေရောမိုးပါရွာတယ်။
ကိုယ်ပျော်ရွှင်ချိန် တိမ်ကင်းလေငြိမ်တယ်။

ကိုယ့်က ကိုယ်ပဲ
ကိုယ့်ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အရာအားလုံးကို
ကိုယ်ဆုံးဖြတ် ပိုင်ခွင့်ရှိတယ်။
ဒါနဲ့များ ဘာဖြစ်လို့ သင့်မျက်လုံးမှာ သံသယ အရိပ်အယောင်တွေ
ရှိနေရသေးသလဲ?

ဘဝ ထောင့်တစ်ခု ပဲ့သွားတယ်။
ထောင့်တစ်ခု ဖာတယ်။ (ဖာထေး)

တစ်ခုပဲ့ပြန်တယ်။ တစ်ခုဖာပြန်တယ်။

နောက်တစ်ခု ပဲ့ပြန်တယ်။ နောက်တစ်ခု ပြန်ဖာတယ်။

နောက်တစ်ခု ထပ်ပဲ့တယ်။
ထပ်ဖာထေးလည်း ဘာကြောင့် ဖာထေးလို့ မကုန်နိုင်ရတာလဲ?

ဘဝထောင့်တွေ ပဲ့ချင် ပဲ့ပါစေ
ပြုံးရွှင်တဲ့မျက်နှာက လူကိုပျော်ရွှင်စေတယ်။
ဝမ်းနည်းတဲ့မျက်နှာက လူကိုထိခိုက်ခံစားစေတယ်။

ပုံပြင်ကို ဘာကြောင့် ဒီလိုပဲ စီစဉ်ထားရသလဲ?

ဂျွန်ငယ်က (little John)က ဘဝရဲ့ ပြည့်စုံချိုမြိန်ခြင်းကို
ခေါင်းမော့်ကြည့်ရှုနေချိန်

ဂျွန်အိုက (old John)က ကြွေလွင့်ခဲ့တဲ့ ဝမ်းနည်းခြင်းတွေကို
ခေါင်းငုံ့ကြည့်နေခဲ့တယ်။

ဇာတ်သိမ်းလှတဲ့ ပုံပြင်တိုင်းမှာ ဒီလိုပုံရိပ်တော့ ရှိကြတာပဲ....
ဂျွန်ငယ်က ဂျွန်အိုကို ခပ်ဖွဖွလေး မှီထားတယ်။
ဂျွန်အိုလည်း ဂျွန်ငယ်ကို ခပ်ဖွဖွလေး ပြန်မှီထားတယ်။

အများကြီးကျန်ပါသေးတယ်။ နောက်မှ ကြုံရင်ကြုံသလို ထပ်တင်လိုက်တယ်။ ဘာကြောင့်လဲလို့ မမေးကြေးနော်း)

နိုင်းနိုင်းစနေ


Share/Bookmark

Friday, May 29, 2009

၁ံနွေးထွေးမှုထဲက ၁ဝဝံအချစ်


မင်္ဂလာဆောင်စတုန်းက သူမချမ်းသာဘူး။ သူမနဲ့အတူ အိမ်အိုတစ်လုံးမှာ သူတို့နေခဲ့ကြတယ်။ သူမက မြောက်အရပ်ကလာသူဖြစ်တယ်။ ဒါကြောင့် အေးခဲတဲ့ဆောင်းဒဏ်ကို အခန်းထဲက အနွေးဓာတ်နဲ့ အံတုတဲ့အကျင့် သူမမှာပါခဲ့တယ်။ ဒီအိမ်အိုမှာ အနွေးပေးစက် မရှိဘူး။ လေမလုံဘူး။ မကြာပါဘူး.. သူမအပြင်းဖျားခဲ့တယ်။ သူမရဲ့ကုတင်ဘေးမှာထိုင်ပြီး သူ့ရင်တွေ နာကျင်ခဲ့ရတယ်။ (picture from google search)

အဖျားသက်သာခဲ့ပေမယ့် အိပ်ရာမဝင်ခင် သူမခြေထောက်ကို ဆေးကြောပေးတတ်တဲ့အကျင့် သူမှာကျန်ခဲ့တယ်။ အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးပူပူထဲ သူမခြေထောက်ကို စိမ်ပေးတတ်တယ်။ ဖွဖွလေး၊ ညင်ညင်သာသာလေး၊ သူမခြေထောက်ကို သူနှိပ်နယ်ပေးတတ်တယ်။ ခြေထောက်တစ်စုံကို ဆေးကြောနေတယ်လို့ သူ မမြင်ဘဲ အဖိုးတန်တဲ့ကြွေထည်တစ်ခုကို ကိုင်တွယ်နေတယ်လို့ သူထင်ခဲ့တယ်။

သူမခြေထောက်ကို ဆေးကြောပေးပြီးရင် အဝတ်ခြောက်အောင် သူသုတ်ပေးတတ်တယ်။ ပြီးမှအေးစက်တဲ့ လက်ကျန်ရေနဲ့ သူ့ခြေကိုဆေးခဲ့တယ်။ ရေအေးတွေကိုပူသယောင် သူမထင်အောင် သူဟန်ဆောင်ကောင်းခဲ့တယ်။

သူ့ခြေရေရဲ့အပူချိန်ကို မစမ်းကြည့်လည်း သူမသိနေခဲ့တယ်။ သူမကို သူအဲဒီလို ရိုမန်တစ်ဆန်ဆန် ချစ်ခဲ့၊ ကြင်နာခဲ့တယ်။

ဆောင်းတွင်းမှာ တစ်ပတ်၂ကြိမ် သူမရေချိုးတတ်တယ်။ သူလည်းသူမလို အကျင့်လုပ်ထားပြီး သူမ မချိုးခင် အရင်လုချိုးတတ်တယ်။ သူချိုးပြီးမှ သူမချိုးရတယ်။ တစ်နေ့မှာ တီဗွီကလာတဲ့ အစီအစဉ်တစ်ခုကို ကြည့်ဖို့ သူမရေအရင်ချိုးချင်ခဲ့တယ်။ ဒါကို သူလက်မခံဘူး။ အချိန်အတိကျနဲ့ လာတဲ့ အစီအစဉ်ကိုကြည့်ဖို့ သူမရေအရင်ချိုးမယ့် ကိစကို သူခါးခါးသီးသီးငြင်းခဲ့တယ်။ သူအရင်ချိုးမယလို့ မျက်နှာတည်နဲ့ပြောပြီး ရေချိုးခန်းထဲ သူဝင်သွားခဲ့တယ်။

သူမလက်ကို သူဆွဲလိုက်တဲ့အချိန် အားနည်းနည်းပါသွားတယ် ထင်ပါရဲ့.... သူမမျက်ရည်ဝဲတဲ့အထိ နာကျင်သွားခဲ့ရတယ်။ အရင်တုန်းက ဘာကိစ္စမဆို သူမကိုသူ လိုက်လျောခဲ့တာချည်းပဲ။ အခု သူမရေအရင်ချိုးမယ်ဆိုတဲ့ အသေးအမွှားကိစ္စမှာ သူဘာဖြစ်လို့ ဒီလောက်ခါးသီးနေခဲ့မှန်း သူမနားမလည်ခဲ့ဘူး။ သူမှာငွေမရှိ၊ ရွှေမရှိလည်း ရှိသမျှနဲ့ပုံအောချစ်မယ်လို့ သူမကို သူပြောခဲ့ဖူးတယ်။ သူမတစ်သက်မှာ နားဝင်အချိုဆုံးစကားမို့ အရမ်းပျော်ခဲ့တယ်။ ဒါပေမယ့် အချိန်နဲ့အမျှ အဲဒီစကားတွေက အချိုးပြောင်းခဲ့ပြီလား?

စိတ်မကောင်းဖြစ်နေတဲ့ သူမကို သူချောမော့ခဲ့တယ်။ ဘာမဆို သူမသဘောအတိုင်း ဖြစ်ရမယ်ဆိုပေမယ့် သူပဲရေအရင်ချိုးခဲ့တယ်။ အချိန်ကြာတော့ သူနဲ့ပြိုင်ပြီး သူမရေချိုးခန်း လုမနေခဲ့တော့ဘူး။

ရာသီတစ်ပတ်လည်ပြီး ဆောင်းကုန်လို့ နွေရောက်လာခဲ့ပြန်တယ်။ ပတ်ဝန်းကျင်တစ်လုံးက ပေါင်းအိုးထဲ ထည့်ပေါင်းထားသလား ထင်ရအောင် ပူပြင်းခဲ့တယ်။ ဆောင်းတွင်းမှာလို ရေနွေးနဲ့ခြေ မစိမ်တော့ဘဲ ရေနေ့တိုင်းချိုးရတဲ့အဖြစ်ကို ရောက်ခဲ့တယ်။ ရေချိုးချိန်ရောက်တိုင်း ဘောလုံးပွဲကြည့်မယ်၊ သတင်းကြည့်မယ်နဲ့ သူအချိန်ဆွဲပြီး သူမကိုအရင်ချိုးခိုင်းခဲ့တယ်။ အရင်ကလို သူပြီးမှသူမ ချိုးရတဲ့အစီအစဉ်ကို ပြောင်းပြန်လုပ်ပစ်ခဲ့တယ်။

တစ်နေ့မှာ သူ့ညီငယ်တစ်ယောက် မင်္ဂလာဆောင်ဖို့ဝယ်ထားတဲ့ အိမ်အသစ်ဆီ သူတို့ရောက်လာခဲ့တယ်။ အဲဒီအိမ်မှာလည်း အနွေးပေးစက်မရှိခဲ့ဘူး။ ညီအိမ်ကိုရောက်တာနဲ့ ရေချိုးခန်းကို သူအရင်သွားကြည့်ခဲ့တယ်။ အခန်းကိုပတ်ကြည့်ပြီး ညီငယ်ကို... "အိမ်အသစ်က အိမ်အဟောင်းထက် ကောင်းတယ်ဆိုတာ ပြောစရာမလိုဘူး။ အနွေးပေးစက်မရှိလည်း လေကလုံတယ်။ ဒါပေမယ့် မိန်းမတွေက အအေးမိမှာ ကြောက်တတ်ကြတယ်ဆိုတာ မမေ့နဲ့နော်။ ဆောင်းတွင်းရောက်ရင် မင်းရေအရင်ချိုး.... ဒါမှရေချိုးခန်းက အေးစက်မနေမှာ။ ငါစမ်းကြည့်ဖူးတယ်... ရေချိုးပြီးရင် အေးစက်တဲ့အခန်းက အပူချိန်၁ဒီဂရီ လောက်တက်တယ်"

အစ်ကိုအပြောကို ညီငယ်ကရယ်ပြီး...

"ဒီလိုဆိုရင် နွေရာသီမှာ မိန်းမကိုအရင်ချိုးခိုင်းရမယ်။ ဒါမှ အရင်ချိုးတဲ့လူက နောက်မှချိုးတဲ့လူထက် ၁ဒီဂရီအေးမြမယ် မဟုတ်လား အစ်ကို!"

ညီငယ်အမေးကို သူပြုံးပြီး ခေါင်းညိတ်ပြတယ်။

သူတို့အပြောကို သူမကြားသွားခဲ့တယ်။ သူမ မျက်ရည်ဝဲတဲ့အထိ ခံစားခဲ့မိတယ်။ ကိုယ့်ကိုလည်း တုံးအတယ်လို့ သူမအပြစ်တင်မိတယ်။

အိမ်အဟောင်းမှ အိမ်အသစ်၊ အနွေးပေးစက် မရှိတဲ့အိမ်မှ ရှိတဲ့အိမ်ဖြစ်သည့်တိုင်အောင် သူကြိုးစားခဲ့ပေမယ့် အဲဒီအကျင့်ကို သူလုံးဝမဖျောက်ခဲ့ဘူး။ သူ့အကျင့်ရဲ့ အနက်အဓိပ္ပါယ်ကို သူမ မဖော်ဆောင်နိုင်ခဲ့ဘူး။

တစ်ညမှာ သူ့အတွက် သူမပထမဆုံးအကြိမ် ခြေဆေးရေထည့်ပေးခဲ့တယ်။ မငြင်းသာတဲ့အဆုံး သူငြိမ်ခံခဲ့တယ်။ သူ့ခြေထောက်ကို ပွတ်သပ်ဆေးကြောပေးမှ သူခြေဖဝါးအောက်က မာကျောနေတဲ့ အသားမာတွေကို သူမစမ်းခဲ့မိတယ်။ ဒီအိမ်အတွက်၊ ဒီမိသားစုအတွက်၊ ကြင်နာနွေးထွေးမှုတွေအတွက် သူပင်ပန်းခဲ့တယ်။ သူမကတော့ သူ့ကိုတစ်ခါမှ ခြေဆေးမပေးခဲ့မိဘူး။

၁ဒီဂရီရဲ့အဓိပ္ပါယ်ကို သူမ မပြောခဲ့သလို ဘယ်သူရေအရင်ချိုးမယ်ဆိုတဲ့ အစီအစဉ်ကိုလည်း မကန့်ကွက်ခဲ့တော့ဘူး။ ဒါတွေဟာ သူမကိုချစ်တဲ့ သူ့အကြင်နာတွေ၊ ဒီလိုနည်းနဲ့ သူမကို သူဘယ်လောက်ချစ်ကြောင်း ထုတ်ဖော်ပြနေတယ်ဆိုတာကို သူမနားလည်ခဲ့တယ်။

ဆောင်းမှာ သူမအတွက် အပူချိန်၁ဒီဂရီကို သူတိုးပေးခဲ့သလို နွေမှာသူမအတွက် အပူချိန်၁ဒီဂရီကို သူလျော့ပေးခဲ့တယ်။ ၁ဒီဂရီ နွေးထွေးမှုလေးပါပဲ... ဒါပေမယ့် အဲဒီနွေးထွေးမှုထဲမှာ ၁ဝဝဒီဂရီအပြည့် အချစ်တွေပါခဲ့တယ်.....

www.netbirds.com သတင်းစာထဲကပါပဲ။ အင်္ဂလန်မှာတုန်းက ဖတ်မိခဲ့တာတွေကိုကြိုက်လို့ ဖြတ်ယူခဲ့တဲ့သတင်းစာ အပိုင်းအစတွေထဲကပါ။ ဘာသာပြန် မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

တွေးတွေးပြီးရယ်


အင်္ဂလန်တွေပြောတဲ့ စကောတလန်နဲ့အိုင်ယာလန်လူမျိုးတို့ရဲ့ဟာသ

၁) အိုင်ယာလန်တစ်ဦးက ခရီးသွားကုမ္ပဏီတစ်ခုကို ဖုန်းလှမ်းဆက်တယ်

ကျွန်တော်လေယာဉ်နဲ့ အင်္ဂလန်သွားမလို့ပါ။ လေယာဉ်ဘယ်လောက်ကြာစီးရမလဲ?

ကုမ္ပဏီဝန်ထမ်းက လေယာဉ်ခရီးစဉ်ဇယားမှာ စစ်ဆေးဖို့ ခဏစောင့်ပါ Just a second Mr.လို့ ပြောလိုက်တယ်။ ဒါကို အိုင်ယာလန်သားက ၀မ်းသာအားရ ကျေးဇူးပဲလို့ပြောပြီး ဖုန်းချသွားခဲ့တယ်။

၂) စကောတလန်တစ်ဦး အင်္ဂလန်က ပြန်လာခဲ့တယ်။ အိမ်သားတွေက အင်္ဂလန် ဘယ်လိုနေလဲလို့မေးတော့ သူက...

မကောင်းဘူး.. အင်္ဂလန်လူမျိုးတွေ သိပ်ထူးဆန်းတယ်။ သူတို့ကအရူးလို့ပဲ.. ကျွန်တော်တည်းတဲ့ အခန်းနံရံကို တစ်ညလုံး လာရိုက်ပုတ်နေတယ်

အဲဒီအချိန်မှာ ခင်ဗျားဘာလုပ်နေတာလဲ?

ကျွန်တော်ဘာမှ မလုပ်ဘူး။ တစ်ညလုံး ပုလွေထိုင်မှုတ်နေတယ်

၃) အိုင်ယာလန်တစ်ဦးက အင်္ဂလန်ကို အလည်အပတ်သွားခဲ့တယ်။ အဆင့်မြင့်ဟိုတယ်တစ်ခုမှာ တည်းဖို့စီစဉ်ခဲ့တယ်။ အားလုံးစီစဉ်ပြီး ဟိုတယ်ဝန်ထမ်းက တည်းခိုမယ့်အခန်းကို လိုက်ပြခဲ့တယ်။ အဲဒီမှာ အိုင်ယာလန်သား ဒေါသတကြီး အော်ဟစ်တော့တယ်။

ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလိုအခန်းကျဉ်းထဲမှာ တည်းခိုင်းရတာလဲ? အိုင်ယာလန်က လာတယ်ဆိုပြီး အထင်သေးနေတာလား?

ဟာ.. မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. ကျွန်တော်အထင်မသေးပါဘူး။ ဒါ ဓာတ်လှေကားပါ

ဟိုတယ်ဝန်ထမ်းက အမြန်ရှင်းပြရရှာတယ်။


က) မီးသတ်ရဲဘော်.... ဘယ်မှာမီးလောင်တာလဲ
အကြောင်းကြားသူ.... ကျွန်တော့်အိမ်မှာပါ
မီးသတ်ရဲဘော်...... ဘယ်နေရာမှာလဲလို့ မေးတာ
အကြောင်းကြားသူ.... မီးဖိုဆောင်မှာပါ
မီးသတ်ရဲဘော်.... အဲဒီနေရာကို ဘယ်လိုလာရမလဲလို့ မေးတာ
အကြောင်းကြားသူ..... ဟာ... ခင်ဗျားတို့ဆီမှာ မီးသတ်ကားရှိနေတာပဲ

ခ) သူခိုးတစ်ယောက်က ကြက်တစ်ကောင်ခိုးပြီး ချောင်းဘေးမှာ အမွေးနုတ်နေခဲ့တယ်။ အဲဒီအချိန်မှာ ရဲသားတစ်ဦးလာတာတွေ့တာနဲ့ ကြက်ကို ချောင်းထဲပစ်ချလိုက်တယ်။

ရဲသား.... ခင်ဗျားဘာလုပ်နေတာလဲ ချောင်းထဲကဘာလဲ ဒီအမွေးတွေကဘာလဲ..

သူခိုး... ကြက်တစ်ကောင်ပါ။ ဟိုဖက်ကမ်းကို ကူးမယ်ဆိုလို့ သူ့အင်္ကျီကို ကျွန်တော်စောင့်ပေးနေတာပါ။

www.netbirds.com က သတင်းစာမှာ ဖတ်မိတာလေးပါ.. ပြန်လည်မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

နောက်တစ်ခေါက် ထပ်ဆိုပေးပါ


“ထ.. ထစမ်း.. အစားမှာသွက်သလောက် အလုပ်မှာပျင်းတယ်။ နင့်ကို ကျွေးထားတာ ဘာလုပ်ဖို့လဲ?”

မနက် ၅နာရီတိတိမှာ အစ်မဝမ်းကွဲရဲ့ ခပ်စူးစူးအသံက လွှတစ်စင်းလို့ ကျွန်မရဲ့အိပ်မက်လှကို တိခနဲ့ဖြတ်လိုက်တယ်။ အိပ်ရာပေါ်က ကျွန်မချက်ချင်းမထရင် သူ့ခြေထောက်တွေက ကျွန်မဆီ ရောက်လာတော့မယ်။ ဒါမှမဟုတ် လက်ဖဝါးတစ်ချက် လွှင့်လာတော့မယ်။ ဒါတွေကို ကျွန်မ မဆန့်ကျင်ရဲခဲ့ဘူး။ ဆန့်ကျင်လေ ကျွန်မပိုရိုက်ခံရလေမို့ အာခံရဲတဲ့သတ္တိ ကျွန်မမှာမရှိခဲ့ဘူး။ အစ်မက ယောက်ျားတစ်ယောက်လို သန်မာတုတ်ခိုင်တာမို့ ကျွန်မပိုရှောင်ခဲ့တယ်။ တစ်ခါက လူတွေနဲ့ရန်ဖြစ်တော့ တုတ်ဆွဲပြီးရိုက်တဲ့သူ့ကို လူတွေဒူးထောက်ပြီး တောင်းပန်ရတယ်လို့ ကျွန်မကြားဖူးခဲ့တယ်။

အစ်မက မွေးရာပါ ကြမ်းတမ်းသူဖြစ်တယ်။ ပြဿနာအမျိုးမျိုး ရှာတတ်တယ်။ အလယ်တန်းပြီးလို့ သင်တန်းကျောင်းတစ်ခုအတက်မှာ ကျောင်းထုတ်ခံခဲ့ရသူဖြစ်တယ်။ ဒါပေမယ့် အလုပ်ပင်ပင်ပန်းပန်း လုပ်နိုင်သူမို့ အမေနဲ့မနက်တိုင်း မနက်စာ ထရောင်းခဲ့တယ်။ အလုပ်အဆင်ပြေပြီး လက်လွဲနိုင်တဲ့အဆင့် ရောက်တော့ သူ့အဖေ (ကျွန်မဦးလေး)က ကျောင်းပတ်ဝန်းကျင်မှာ မနက်စာဆိုင်တစ်ဆိုင် ဖွင့်ပေးလိုက်တယ်။ ဆိုင်ကို သူပဲဦးစီးခဲ့တယ်။ ဦးလေးတို့တစ်အိမ်လုံးက သူ့လုပ်စာကိုပဲ ထိုင်စားကြမို့ အိမ်မှာနေတဲ့ သူ့ရာထူးက အလိုလို မြင့်တက်သွားခဲ့တယ်။ ကျွန်မအပါအဝင် အားလုံးသူ့စကားကို နားခံခဲ့ရတယ်။

တကယ်လည်း သူ့ကိုပြန်ပြီး ဆန့်ကျင်အာခံရဲတဲ့ အရည်အချင်း ကျွန်မမှာမရှိခဲ့ပါဘူး။ ကျွန်မငယ်ငယ်လေးတည်းက ဦးလေးတို့အိမ်ရောက်လာခဲ့တယ်။ ကျွန်မကြီးပြင်းတဲ့အထိ သူတို့ကျွေးမွေးခဲ့တယ်။ ကျွန်မ ဘာများပြောနိုင်ဦးမလဲ? မှတ်မိပါသေးတယ်… အဲဒီတုန်းက ကျွန်မအပျိုဘောင်ဝင်စ ပထမဆုံးအကြိမ် ဓမ္မတာလာတာမို့ မလှုပ်ချင်လောက်အောင် ကျွန်မတစ်ကိုယ်လုံး နာကျင်ကိုက်ခဲခဲ့တယ်။ စိတ်အလိုမကျဖြစ်နေချိန်မို့ ကျွန်မကို အိပ်ရာထဖို့သူခေါ်တော့ “ရှုပ်လိုက်တာ” လို့ ကျွန်မပြန်အော်လိုက်မိတယ်။ အဲဒီအတွက် ကုတင်ပေါ်က ကျွန်မ အဓမ္မဆွဲချခံရပြီး အကန်ခံခဲ့ရတယ်။ အဘွားဝင်တားပေမယ့် သူ့ကန်ချက်တွေ ရပ်မသွားခဲ့ဘူး။

အကန်ခံရလို့ ဖုယောင်ညိုမဲနေတဲ့ ကျွန်မကိုယ်ပေါ်က ဒဏ်ရာတွေကိုကြည့်ပြီး အဘွားက ငိုတယ်။

“လူများအိမ်မှာနေရင် သည်းခံရမယ်။ အိပ်ရာထဖို့ခေါ်ရင် မြန်မြန်ထပေးလိုက်။ ဒါမှ အရိုက်လွတ်မှာ.. လူများကျွေးတာကို စားနေတာပဲ မနက်စာကူရောင်းတာ ရောင်းသင့်ပါတယ်”

ဒဏ်ရာတွေကို အဘွားက ဆေးလိမ်းပေးရင်းပြောတယ်။ အရက်ပျံကြောင့် ဒဏ်ရာတွေက တဆစ်ဆစ်နာကျင်တယ်ဆိုပေမယ့် ကျွန်မရင်ထဲကနာတာလောက် မမီခဲ့ဘူး။ ဘာဖြစ်လို့ ကျွန်မကို အမေပစ်ခဲ့တာလဲ? ကျွန်မစဉ်းစားလို့ မရခဲ့ဘူး။ အဘွားကိုမေးရင် အမေ့ကို နှစ်ပြားမတန် အဘွားကျိန်းဆဲတတ်တယ်။ အမေကို မယားဝတ္တရား မကျေပွန်သူ၊ ခြံစည်းရိုးကျော်ခွသူ၊ ကျွန်မ လသားအရွယ်မှာ ပစ်ခဲ့ပြီး သူများနောက် လိုက်ပြေးသွားတယ်လို့ အဘွားကပြောတယ်။ နောက်ပြီး စင်တင်တီးဝိုင်းနဲ့ နယ်တကာလှည့် အမေသီချင်းဆိုခဲ့တယ်။ ဗိုက်ပေါ်၊ ချက်ပေါ် အင်္ကျီတွေဝတ်ပြီး စင်ပေါ် အမေတက်ကတယ်။ ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ဝမ်းနည်းတဲ့သီချင်းတွေကို အမေဆိုခဲ့တယ်လို့ အဘွားကပြောတယ်။ အမေအကြောင်းပြောရင်း အဘွားပိုဒေါသထွက်လာရင် “အိုး.. သိက္ခာမဲ့လိုက်တာ.. မြင်သူတိုင်း နှာခေါင်းရှုံ့တယ်” လို့ အော်တတ်တယ်။

ဦးလေးကလည်း အမေ့ကို မကြည်လင်ဘူး။ အမေက ကိုယ်ပျော်ဖို့ပဲသိပြီး သားသမီးအပေါ် မိဘတာဝန် မကျေခဲ့ဘူးလို့ ဦးလေးကပြောတယ်။ ဒါပေမယ့် ကျွန်မအဖေ့ကို ဦးလေးပိုဒေါသထွက်ခဲ့တယ်။ ကျွန်မအဖေက ကမ္ဘာပေါ်မှာ အသုံးမကျဆုံးလူလို့ ဦးလေးပြောတယ်။ အလုပ်လက်မဲ့နဲ့ မယားလည်းပြေးရော ကျွန်မကို အဘွားဆီအပ်ခဲ့ပြီး သူလည်းတာဝန်မယူဘဲ ထွက်ပြေးသွားတယ်လို့ဆိုတယ်။ ဒီလိုပြောရင်း ဦးလေးက သက်ပြင်းချပြီး “ဟင်း… ငါက သားအကြီးဖြစ်နေတာကို.. အမေ့ကိုကျွေးမွေးရတဲ့အပြင် ညီရဲ့သမီးကိုပါ ကျွေးထားရပြန်တယ်” လို့ပြောတတ်တယ်။ ဦးလေးဒီလိုပြောတိုင်း ကျွန်မအနေရခက်ပြီး ပုန်းခိုရာနေရာ ရှာမရခဲ့ဘူး။ ဒီစကားကို တစ်ခါတလေ အဘွားကြားသွားရင် ကျွန်မလက်ကိုဆွဲပြီး အိပ်ခန်းမှာ တိတ်တိတ်လေး သွားငိုခဲ့တတ်တယ်။

အိမ်မှာကျွန်မကို နားအလည်ပေးဆုံးသူက အဒေါ်(ဦးလေးရဲ့မိန်းမ) ဖြစ်တယ်။ အဒေါ်က ဦးလေးခိုင်းစေတာ၊ ဆဲဆိုတာကို မညည်းမညူ လုပ်ဆောင်ပေးတတ်တယ်။ ကားမောင်းသမားဦးလေးက အမြဲတမ်း နယ်တကာလှည့်ပြီး ကားမောင်းနေရလို့ သူ့အဆူဆဲဒဏ်ကို အဒေါ်သိပ်မခံခဲ့ရဘူး။ ကျွန်မအမေအကြောင်းကို အဒေါ်က ဝမ်းပန်းတနည်း ပြောပြတတ်တယ်။ အမေကို အပြစ်မတင်သင့်ကြောင်း၊ အဖေကို ယူပြီးမှ အဖေက အလုပ်လက်မဲ့ဖြစ်တဲ့အပြင် အရက်ကြိုက်တာကို သိခဲ့ရကြောင်း၊ အရက်မူးလာရင် ရန်ရှာ၊ ရိုက်နှက်တတ်ကြောင်း ပြောပြတယ်။

အမေက အိမ်ကိုရှာကျွေးရတဲ့အပြင် အဖေ့အရက်ဖိုးပါ ရှာပေးရကြောင်း၊ အရက်မူးပြီး အဖေရိုက်ချိုးဖျက်ဆီးတဲ့ ပစ္စည်းတွေကိုပါ လျော်ရကြောင်း၊ ဒါတွေကို သည်းမခံနိုင်ခဲ့လို့ အမေထွက်သွားကြောင်း အဒေါ်က ပြောပြတယ်။

“သမီးရဲ့မေမေက အရမ်းလှတယ်။ အသံလည်း အရမ်းကောင်းတယ်။ မာန်မရှိဘူး။ ဝင်ငွေနည်းပြီး လင်ကိုပါရှာကျွေးရတော့ အရမ်းဒုက္ခရောက်တယ်။ သမီးအမေက အဒေါ်ထက် သတ္တိရှိတယ်။ လင်ရောသမီးပါ ပစ်ထားခဲ့ရဲတယ်”

အဒေါ်ပြောတဲ့ ကျွန်မမေမေက သတ္တိရှိတယ်။ လှတယ်။ အဒေါ့်ပြောတာကို ကျွန်မယုံတယ်။ ကျွန်မကို လွမ်းဆွတ်ပြီး တစ်နေ့မှာ အမေလာတွေ့မယ်လို့လည်း စိတ်ထဲမှာ တွေးထင်နေခဲ့တယ်။ အဲဒီအချိန်ကျရင် ဇာအင်္ကျီတွေဝတ်ပြီး အမေနဲ့အတူ ကျွန်မသီချင်းလိုက်ဆိုမယ်။ အဲဒီလိုအတွေးတွေက ကျွန်မရဲ့နေ့ရက်တွေကိ မျှော်လင့်ချက်နဲ့ ပြည့်စေခဲ့တယ်၊ ဦးလေး၊ အစ်မတို့ရဲ့ နှိပ်စက်ညှင်းပန်းမှုကို ပိုခံနိုင်ရည်ရှိခဲ့တယ်။

တကယ်တမ်းပြောရရင် သူတို့ကျွေးတာစား၊ သူတို့ပေးတာဝတ်တယ် ဆိုပေမယ့် ကျွန်မသိပ်မကျေနပ်ဘူး။ ဟုတ်တယ်မဟုတ်လား ! ကြည့်ဦးလေ... မနက်အိမ်အလုပ်တွေ ကျွန်မကူလုပ်ရသလို ညရောက်တော့လည်း ကွမ်းတွေ ညှပ်ရသေးတယ်။ နေ့လယ်ကျောင်းဆင်းပြန်လည်း အိမ်အလုပ်ကူရသေးတယ်။ ကျွန်မ အလကားနေ၊ အလကားစားတဲ့သူမှ မဟုတ်ခဲ့တာ! အစ်မဒီဆိုင်ကို စဖွင့်ကတည်းက မနက်တိုင်း ကျွန်မစောစောထခဲ့တယ်။ အလုပ်များတဲ့အချိန် ကျွန်မကို ကျောင်းပေးမသွားလို့ ကျောင်းနောက်ကျရတာလည်း အကြိမ်မနည်းတော့ဘူး။ ဆရာမပေးတဲ့ အပြစ်ကို ခံရတာလည်း ခဏခဏပါပဲ။ ကျွန်မအခြေအနေကို သိပြီးနောက်ပိုင်း ဆရာမ အပြစ်မပေးတော့ဘူးဆိုပေမယ့် အတန်းသားတွေရဲ့ မတူမတန်တဲ့ အကြည့်ဒဏ်ကို ကျွန်မခံခဲ့ရတယ်။

ကျောင်းမှာနေရတဲ့အချိန်က ကျွန်မရဲ့အပျော်ဆုံး အချိန်တွေဖြစ်တယ်။ ကျောင်းစာမှာ မတော်ပေမယ့် ကျွန်မမှာ ကောင်းကွက်တစ်ခုတော့ရှိတယ်။ ဂီတဆရာမက ပြောတယ်.. ကျွန်မအသံ အရမ်းကောင်းတယ်တဲ့။ ဂီတအချိန်မှာ ဆရာမက ကျွန်မကို သီချင်းဆိုခိုင်းရင် အတန်းသားအားလုံး ငြိမ်ပြီး နားထောင်ကြတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ် ကျွန်မကို ဆိုခိုင်းကြတယ်။ သီချင်းဆိုနေတဲ့အချိန် ဒီလောကမှာ ကျွန်မ လူရာဝင်သေးတယ်လို့ ခံစားမိတယ်။ သီချင်းဆိုနေရင် မေမေနဲ့ စိတ်ပိုနီးစပ်ခွင့်ရတယ်လို့ ကျွန်မထင်တယ်။ မေမေ့သွေးတွေ ကျွန်မကိုယ်ထဲ စီးဝင်နေတယ်လို့ ခံစားမိတယ်။ ကျွန်မကို လှတယ်လို့ လူတွေကပြောကြတယ်။ မေမေ့ကို ကျွန်မမမြင်ဖူးခဲ့ပေမယ့် မေမေနဲ့တူလို့ ကျွန်မလှတာဖြစ်မယ်။ ကျွန်မကို လူတွေလှတယ်လို့ ပြောရင် အစ်မက မနာလိုတော့ဘူး။

"အသားဒီလောက်မည်းတူးနေတာ ဘယ်နေရာမှာ လှလို့လဲ"

အစ်မဘာဖြစ်လို့ ဒီစကားမျိုးပြောရသလဲလို့ အဘွားကို ကျွန်မမေးတော့ အဘွားက သူမနာလိုလို့ ပြောတယ်။ ဒီလိုစကားကြားရင် ကျွန်မပျော်မိတယ်။ အစ်မက ကျွန်မလိုမလှဘူး။ ရုပ်မချောတဲ့အပြင် ပုပြီးဝတယ်။ ပုဝဝခန္ဓာကိုယ်က သူ့ကိုယ်သူ အားငယ်စေတဲ့ အရာဖြစ်တယ်။ ကျွန်မကို အနိုင်ကျင့်တာကလဲ ကျွန်မလှတာကို မနာလိုလို့ဖြစ်တယ်။ သူ့ခန္ဓာကိုယ်က တစ်နေ့တခြား ဝဝနေတယ်။ ဒါကလည်း ဘုရားသခင်က သူ့ကို ပြစ်ဒဏ်ခတ်တာပဲဖြစ်မယ်။ ဒီလိုအတွေးမျိုးက ကျွန်မကို ပိုပျော်စေခဲ့တယ်။ ကျွန်မက လူကောင်း၊ သူကလူဆိုး... သူတော်ကောင်းကို နတ်ကောင်းမတယ်ဆိုတာကို ကျွန်မယုံခဲ့တယ်။

ကျွန်မကို လှတယ်လို့ပြောတဲ့လူတွေ များသထက်များလာခဲ့တယ်။ ကျွန်မကို ပိုးပန်းတဲ့လူတွေ များလာခဲ့တယ်။ အဲဒီထဲမှာ ကိုမျက်မှန်လည်းပါတယ်။ ကိုမျက်မှန်က ခပ်မိုက်မိုက် မျက်မှန်တစ်စုံကို တပ်ထားတယ်။ အဲဒီမျက်မှန်နဲ့ ခပ်ဆိုးဆိုး သူ့မျက်လုံးတွေကို ဖုံးကွယ်ထားတယ်။ သူ့ကို လက်မခံဖို့ သူငယ်ချင်းက ကျွန်မကို ဝိုင်းတားကြတယ်။ ကိုမျက်မှန်က ချမ်းသာတယ်။ ဗွေရှုပ်တယ်။ ပြီးတော့ ကျွန်မထက် အသက်ရော၊ အတန်းပါ ကြီးတယ်။ ဒါတွေကို ကျွန်မဂရုမစိုက်ခဲ့ဘူး။ သူကချမ်းသာတော့ ကျွန်မကို မကြာခဏ လက်ဆောင်ဝယ်ပေးတတ်တယ်။ သူနဲ့ကျွန်မ ဆက်သွယ်ဖို့ ဖုန်းတစ်လုံးပါ ပေးထားတယ်။ ကျွန်မဒီအရွယ်ထိ ဘယ်သူရဲ့လက်ဆောင်မှ မရခဲ့ဖူးဘူး။ အရင်တုန်းက သူငယ်ချင်းတွေကို ကျွန်မအားကျခဲ့တယ်။ အခု သူတို့က ကျွန်မကိုပြန်ပြီး အားကျကြတယ်။ ချမ်းသာတာ ဘာအပြစ်ရှိလဲ? သူရှုပ်ဗွေတယ်လို့ ပြောကြလဲ တခြားကောင်မလေးနဲ့ သူတွဲတာ ကျွန်မ မမြင်ခဲ့ဖူးဘူး။ မျက်စိနဲ့တပ်အပ်မမြင်သရွေ့ လူတွေပြောတာကို ကျွန်မယုံမှာ မဟုတ်ဘူး။ အသက်အရွယ်ကွာတယ်ဆိုလဲ ကျွန်မထက်ငယ်တဲ့ သူတွေကို ကျွန်မက အထင်မကြီးဘူး။ ငယ်ရုပ်တောင် မပျောက်တဲ့သူတို့က ကိုမျက်မှန်နဲ့နှိုင်းကြည့်ရင် ရင့်ကျက်မှုတွေက မိုးနဲ့မြေလို ကွာခြားကြတယ်။

ကိုမျက်မှန်နဲ့အတူနေရင် ကျွန်မပျော်တယ်။ အတူနေချိန်တွေ မလောက်လို့ ကျွန်မ မကြာခဏ အိမ်ပြန်နောက်ကျခဲ့တယ်။ အိမ်ပြန်နောက်ကျတိုင်း အစ်မရိုက်တာကို ကျွန်မခံရတယ်။ အဘွားဝင်တားလဲ အရာမရောက်ခဲ့ဘူး။ အဲဒီကစပြီး ကျွန်မလိမ်တတ်လာခဲ့တယ်။ ကျောင်းချိန်ပိုရှိလို့၊ ကျောင်းစာတွေမပြီးလို့ စတာတွေနဲ့ အကြောင်းပြခဲ့တယ်။ အိမ်မှာ စာကြည့်ချိန်မရှိခဲ့တဲ့ ကျွန်မအတွက် ဒီလိုအကြောင်းပြချက်တွေက သူတို့ကိုယုံကြည်စေခဲ့တယ်။ ဒါပေမယ့် ခေါက်ရိုးကျိုးလိမ်နည်းတွေနဲ့ ကျွန်မထပ်သလဲလဲ လိမ်လို့မဖြစ်ဘူး။ သူတို့ကို ဘယ်လိုအကြောင်းပြချက်နဲ့ လိမ်ရမလဲလို့ ကျွန်မအကြံထုတ်နေချိန်မှာ ကျွန်မ အဖေပြန်လာတော့မယ်ဆိုတဲ့ သတင်းကို အဘွားကသယ်လာခဲ့တယ်။

အဖေကိုမှတ်မိတဲ့ ကျွန်မမှတ်ဥာဏ်တွေက ၃တန်းမှာ ကျန်ရစ်ခဲ့ပြီဖြစ်တယ်။ အဖေဘယ်သွားမှန်း ဘယ်သူမှကျွန်မကို ပြောမပြာခဲ့ဘူး။ အဘွားက အဖေအဝေးမှာ စီးပွါးသွားလုပ်တယ်လို့ပဲ မရေမရာဖြေခဲ့တယ်။ ခုတော့ အဖေပြန်လာတော့မယ်တဲ့။ ပိုက်ဆံတွေအများကြီး ရှာခဲ့ပြီထင်တယ်။ ပြီးတော့ ကျွန်မကို ဒီအိမ်ကနေ အပြီးခေါ်ထွက်သွားမယ်လို့ ကျွန်မထင်ခဲ့တယ်။

အဖေရောက်လာမဲ့ရက်ကို မျှော်ရတာ မောလွန်းလှတယ်။ လင်းလက်လာတော့မယ့် အနာဂါတ်တစ်ခုအတွက် ကျွန်မသည်းခံပြီး စောင့်ခဲ့ပါတယ်။ ကိုမျက်မှန်လည်း ကျွန်မနဲ့အတူရှိနေခဲ့တယ်။ နေ့တိုင်း ကျောင်းကြိုကျောင်းပို့နဲ့ ကျွန်မနဲ့အတူ သူပျော်ခဲ့တယ်။

စောင့်နေတဲ့ရက်က ကျွန်မရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါပြီ။ အဖေပြန်ရောက်ပြီတဲ့... အဖေမှာ ဘာလက်ဆောင်မှ မပါခဲ့ဘူး။ ဝမ်းပန်းတသာ ဆီးကြိုမှုတွေ မရှိခဲ့ဘူး။ ကားမောင်းပြီး အဖေပြန်လာတာ မဟုတ်ဘူး။ လေလွင့်နေသူတစ်ယောက်ကို လူတွေအိမ်ပြန်ပို့သလိုမျိုး အဖေပုံစံက ညှိုးနွမ်းနေခဲ့တယ်။ ဒါပဲလား? ကျွန်မရက်အတော်ကြာ စောင့်နေခဲ့တဲ့ အဖေဆိုတာ....

ဦးလေးက အဖေ့ကို စကားမပြောဘဲ မကျေနပ်တဲ့ မျက်လုံးနဲ့စောင်းငဲ့ကြည့်တယ်။ အဒေါ်နဲ့အစ်မလည်း တူတူပါပဲ။ အဘွားတစ်ယောက်ပဲ အဖေ့ကို စကားပြောခဲ့တယ်။ အဘွားက အဖေ့အတွက် ဝက်ခြေထောက်ခေါက်ဆွဲ ချက်ကျွေးပြီး ပါးစပ်က "မကောင်းတာမှန်သမျှ အကုန်ထွက်ပြီး ကောင်းတာလာပါစေ" လို့ တတွတ်တွတ် ရွတ်နေခဲ့တယ်။ အဖေက တစ်ချိန်လုံးခေါင်းကို ငုံထားတယ်။ ကျွန်မကို ခေါက်ဆွဲတစ်ပွဲ အဘွားလှမ်းပေးတယ်။ ကျွန်မစားမဝင်ခဲ့ပါဘူး..... ကျွန်မ ငိုနေခဲ့မိတယ်။

(ထိုင်ဝမ်လူတွေရဲ့ထုံးစံက ထောင်ထွက်သူကို ဝက်ခြေထောက်ခေါက်ဆွဲ ချက်ကျွေးပါတယ်။ ကံနိမ့်တာ၊ ကံမကောင်းတာတွေ ပျောက်အောင်ပါတဲ့။ သူတို့ရဲ့အယူပေါ့။ /၉၉)

ပြန်လာပြီးနောက် အဖေဘယ်မှ မသွား၊ ဘာမှမလုပ်ဘဲ ဦးလေးအိမ်မှာပဲ ခိုကပ်နေခဲ့တယ်။ ဦးလေးရှာပေးတဲ့ အလုပ်ကိုလည်း သွားမလုပ်ခဲ့ဘူး။ အတင်းအဓမ္မ သွားခိုင်းရင်လည်း အလုပ်ဆီမရောက်ဘဲ အရက်ပဲ သောက်ပြန်လာတတ်တယ်။ တစ်ခါက သူ့ကိုဦးလေး တုတ်နဲ့ရိုက်လိုက်တယ်။ ဦးလေးရိုက်ချက်ကို အဖေကလက်နှစ်ဖက်နဲ့ ကာကွယ်ရင်း ဒူးနှစ်ဖက်ကို ပွေ့ဖက်ပြီး ထောင့်တစ်နေရာမှာ ကျုံ့နေခဲ့တယ်။ မရိုက်ဖို့ အဘွားက ငိုပြီးတောင်းပန်တယ်။ ကျွန်မဘာကိုမှ မကြည့်ချင်ခဲ့ဘူး။ အိပ်ခန်းထဲ ပြေးဝင်ပြီး ငိုခဲ့မိတယ်။

ည၁ဝနာရီမှာ ကိုမျက်မှန်ကို ကျွန်မဖုန်းဆက်လိုက်တယ်။ အဲဒီည KTVမှာ မကျေနပ်တာတွေကို ကျွန်မအော်ဟစ် ဖောက်ခွဲပစ်ခဲ့တယ်။ မနက်မိုးလင်းခါနီးမှ အိမ်ကို ခိုးကြောင်ခိုးဝှက်နဲ့ ကျွန်မပြန်လာခဲ့တယ်။

နောက်နေ့မနက် ကျွန်မအစောကြီး မထနိုင်ခဲ့ဘူး။ ပိုဆိုးတာက ကိုမျက်မှန်ဝယ်ပေးတဲ့ ကျွန်မကိုယ်ပေါ်က ပစ္စည်းတွေ ဖွက်ထားဖို့ မေ့သွားခဲ့တယ်။ အစ်မသိတော့ အမေ့ကိုယ်စား ကျွန်မကို ရိုက်နှက်ဆုံးမပြန်တယ်။ အိမ်ပေါ်ကနေ အိမ်အောက်ထပ်အထိ ကျွန်မကိုရိုက်ခဲ့တယ်။ အိမ်နီးချင်းတွေက အရိုက်ခံရတဲ့ ကျွန်မကို ဝင်မဆွဲတဲ့အပြင် "သူ့ကိုကောင်းကောင်း မထိန်းရင် သူ့အမေလိုပဲလာမှာ... အခုတောင် ကြည့်စမ်း.. ဒီအရွယ်နဲ့ အပြင်ထွက်ချိန်းတတ်နေပြီ။ ကြီးလာရင် ပိုဆိုးမယ်" လို့ မီးလောင်ရာ လေပင့်ပေးကြတယ်။ ကားမောင်းရာက ပြန်လာတဲ့ ဦးလေးကလည်း အစ်မကို မတားတဲ့အပြင် ကလေကချေဆိုပြီး ဆဲတယ်။ ခေါင်းမော့်ပြီး ဦးလေးကို ကျွန်မမျက်စောင်းနဲ့ ကြည့်လိုက်တဲ့အချိန် တံခါးကြားကနေ ကျွန်မကို စိတ်မကောင်းစွာ ချောင်းကြည့်နေတဲ့ အဖေ့ကို တွေ့လိုက်တယ်။ ကျွန်မ မအောင့်နိုင်ဘဲ အသံထွက်အောင် အော်ငိုခဲ့မိတယ်။

အဘွားက ကျွန်မကိုခွင့်၂ရက်တိုင်ပေးပြီး အိမ်မှာပဲ အနားယူစေတယ်။ ဒဏ်ရာတွေကို ဆေးလိမ်းပေးရင်း အဘွားငိုတယ်။ ဘာဖြစ်လို့ ကျွန်မကို ကလေကချေလို့ ဦးလေးပြောရသလဲလို့ အဘွားကိုမေးတော့ ကျွန်မမေမေက တောကလာတဲ့ တိုင်းရင်းသူဖြစ်ကြောင်း၊ မြို့သားအဖေနဲ့ လက်ထပ်ခဲ့ကြောင်း၊ လက်ထပ်ပြီးခါမှ အဖေဟာ အသုံးမကျတဲ့ အရက်သမားဖြစ်တယ်ဆိုတာကို သိကြောင်းပြောပြတယ်။ အမေ့ရင်ထဲက နာကျင်မှုတွေကို ကျွန်မခံစားခဲ့ရတယ်။ ဒီအိမ်ကနေ ဘာကြောင့် အမေထွက်သွားသလဲဆိုတာကို ကျွန်မနားလည်လိုက်တယ်။ ကျွန်မလဲ အမေလို့ပဲ ဒီအိမ်က ခွါမယ်။

အရိုက်ခံရတဲ့ ဒဏ်ရာတွေ ဘယ်လောက်နာသလဲလို့ ကျွန်မကို အဖေမမေးရဲခဲ့ဘူး။ ဧည့်ခန်းထဲမှာပဲ ထိုင်ပြီး အဖေငေးငိုင်ခဲ့တယ်။ ကျောင်းဂီတပွဲနီးလို့ ကျွန်မအဆိုသွားကျင့်မယ်လို့ အဖေကြားအောင် အဘွားကိုကျွန်မ အသံမြင့်ပြီး ပြောလိုက်တယ်။ ပြီးတော့ လွယ်အိတ်လွယ်ပြီး ကျွန်မထွက်လာခဲ့တယ်။ လွယ်အိတ်ထဲမှာ ကျောင်းစာအုပ်တွေအစား အ၀တ်အစားတွေဖြစ်တယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ဘူး။

ကိုမျက်မှန်နေအိမ်ကို ကျွန်မရောက်ခဲ့တယ်။ နေ့လယ်အိပ်၊ ညလျှောက်လည်ဆိုပေမယ့် ကျွန်မမပျော်ခဲ့ဘူး။ အဆိုပြိုင်ပွဲဆီကိုပဲ ကျွန်မစိတ်ရောက်နေခဲ့လို့ ၃ရက်မြောက်နေ့မှာ ကျောင်းကို ကျွန်မပြန်ခဲ့တယ်။ ဆရာမက အိမ်ကလူတွေ ကျောင်းမှာလာရှာတဲ့အကြောင်း ကျွန်မကို ပြောတယ်။ အမျိုးတွေဆီ အလည်လွန်နေလို့ လို့ ဆရာမကို ကျွန်မလိမ်လိုက်မိတယ်။ စာကြိုးစားဖို့၊ လိမ်မာဖို့ပြောတဲ့ ဆရာမရဲ့အပြောကို စိတ်မပါတပါ ကျွန်မခေါင်းညိတ်ပြလိုက်တယ်။

ညနေအဆိုပြိုင်ပွဲမှာ ဆရာမက ကျွန်မအတွက် "မလွမ်းတတ်အောင် သင်ပေးပါ"ဆိုတဲ့ သီချင်းကို ရွေးထားပေးတယ်။ သီချင်းဆိုနေရင်း မေမေ့ကို ကျွန်မသတိရမိတယ်။ မျက်ရည်တွေ ပါးပြင်ပေါ် လှိမ့်ကျလာခဲ့တယ်။ သီချင်းထဲစိတ်နစ်ပြီး ကျွန်မဆိုခဲ့တယ်။ သီချင်းအဆုံးမှာ ပရိသတ်ဆီက လက်ခုပ်သံတွေ ဟိန်းထွက်လာခဲ့တယ်။ အဲဒီပွဲမှာ ကျွန်မပထမရခဲ့တယ်။ ဒီအပျော်တွေကို ကိုမျက်မှန်နဲ့ ဝေမျှဖို့ ကျွန်မစိတ်ကူးနေတုန်းမှာ ကျောင်းပေါက်ဝမှာ ရပ်နေတဲ့ ဦးလေးကိုတွေ့လိုက်တယ်။

အိမ်ရောက်တာနဲ့ တစ်အိမ်သားလုံး ကျွန်မကို စစ်မေးကြတယ်။ သူတို့ဘာမေးမေး ကျွန်မခေါင်းခါခဲ့တယ်။ ဒါကပဲ သူတို့ရဲ့ဒေါသကို ဆွပေးလိုက်သလိုပါပဲ။ ကျွန်မကို အပြင်ထွက်ခွင့်မပေးဘဲ လှောင်ပိတ်ထားလိုက်ကြတယ်။ ကျွန်မနည်းနည်းမှ မကြောက်ခဲ့ဘူး။

မနက်လင်းနားနီးမှာ ဆူဆူညံ့ညံ့အသံတစ်ချို့ကြောင့် ကျွန်မလန့်နိုးလာခဲ့တယ်။ မျက်လုံးဖွင့်လိုက်တာနဲ့ ကျွန်မရှေ့မှာ ရပ်နေတဲ့ အစ်ကိုတွေ့လိုက်တယ်။ ကျွန်မအထနောက်ကျပြီးအထင်နဲ့ ကပျာကယာထပြီး အ၀တ်လဲနေတုန်း အစ်မက

"နင့်အဖေ အရက်မူးပြီး ရန်ဖြစ်လို့ ဓားထိုးခံရတယ်တဲ့။ ဆေးရုံးအမြန်လိုက်သွားတော့"

အစ်မစကားကို ကျွန်မကိုဘာမှ လှုပ်လှုပ်ရှားရှား ဖြစ်မသွားစေခဲ့ဘူး။ အစ်မက အဖေ့အကြောင်းကို တတွတ်တွတ်ရွတ်နေခဲ့တယ်။ အဲဒီအချိန်ကျမှ ဒီအိမ်ကအဖေထွက်သွားတဲ့ နှစ်တွေမှာ စီးပွါးသွားလုပ်တာ မဟုတ်ဘဲ အဖေထောင်ကျနေကြောင်းကို ကျွန်မသိလိုက်ရတယ်။ အရက်မူးပြီး လူသတ်ခဲ့မိလို့ဖြစ်တယ်။

ခွဲစိပ်ပြီးနောက် အဖေ့ကို အရေးပေါ်ခန်းမှာ ထားခဲ့တယ်။ လူနာကြည့်ချိန်ကျမှ ကျွန်မတို့ဝင်ကြည့်လို့ ရမှာမို့ ဦးလေးကကျွန်မကို စောင့်ခိုင်းပြီး ပြန်သွားခဲ့တယ်။ အခန်းရှေ့က ထိုင်ခုံရှည်ပေါ်မှာ ကျွန်မငေးငေးငိုင်ငိုင် ထိုင်နေခဲ့တယ်။ လူနာကြည့်ချိန်မှ အခန်းထဲ ကျွန်မ၀င်ခဲ့တယ်။ အဖေ့မျက်လုံးဖွင့်မနေခဲ့ဘူး။ တစ်ကိုယ်လုံးလည်း ပတ်တီးတွေပြည့်နေခဲ့တယ်။ အနားနားကပ်ပြီး ကျွန်မတိုးတိုးလေးခေါ်လိုက်မိတယ်။ ကျွန်မအသံကြားလို့ ထင်တယ် သူ့မျက်လုံးတွေ တဖြေးဖြေးပွင့်လာခဲ့တယ်။ ကျွန်မကိုမြင်တော့ မျက်လုံးက အရောင်တောက်လာခဲ့တယ်။ ပြီးတော့ လေသံနဲ့.....

"အဆိုပြိုင်ပွဲကို အဖေရောက်ခဲ့သေးတယ်။ သမီးအသံက သမီးမေမေအသံအတိုင်းပဲ ကောင်းတယ်။ ရုပ်လည်းဆင်တယ်။ သမီးဆုရလို့ အဖေ၀မ်းသာပြီး အရက်သွားသောက်ခဲ့မိတယ်။ နောက်ဆို အဖေလုံးဝမသောက်တော့ဘူးသမီး.. အဖေ့ကို နောက်တစ်ခေါက် ထပ်ဆိုပြပါလား!"

သူ့အတွက် သီချင်းတစ်ပုဒ်ဆိုပေးဖို့ အားယူပြီးတောင်းဆိုနေတဲ့ အဖေ့စကားကိုကြားကြောင့် ကျွန်မငိုမိတယ်။ "မလွမ်းတတ်အောင် သင်ပေးပါ" ဆိုတဲ့သီချင်းကို ကျွန်မတိုးတိုးလေး ဆိုလိုက်မိပြန်တယ်။ အဖေ့မျက်ရည်တွေ ပါးပြင်နှစ်ဖက်က စီးကျလာခဲ့တယ်။ အဖေ့မျက်ရည်တွေ သုတ်ပေးရင်း ကျွန်မမျက်ရည်တွေ ရပ်လို့မရခဲ့တော့ဘူး..

နောက်ဆက်

လီလီကျောင်းပြေးတယ်၊ လီလီအိမ်ပြေးတယ်ဆိုတဲ့သတင်း ကျောင်းကို အဘွားသယ်လာခဲ့တယ်။ လီလီရဲ့သနားစရာ ဘ၀အကြောင်းကိုလည်း အဘွားဆီကပဲ ကြားခဲ့ရတယ်။ စင်ပေါ်သီချင်းဆိုနေတဲ့ လီလီက အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေခဲ့တယ်။ ကျောင်းစတိတ်စင်မှာ လီလီရဲ့ဆွဲဆောင်မှုရှိတဲ့ အသံကို ကျွန်မတို့ မကြာခဏကြားခဲ့ရတယ်။ နားထောင်သူတွေကို ရင်လှိုက်သဲလှိုက်ဖြစ်အောင် သူဆိုနိုင်ခဲ့တယ်။ သူ့ဘ၀၊ သူ့ခံစားချက်တွေကို သီချင်းထဲကနေ လီလီ့ထုတ်ပြခဲ့တယ်။

သူ့အဖေဓားထိုးခံရတဲ့ သတင်းကိုကြားလို့ ကျွန်မတို့ ဆေးရုံရောက်သွားခဲ့တယ်။ လူနာအခန်းရှေ့က ကိုယ်ကိုကျုံပြီး အိပ်နေတဲ့ လီလီကိုတွေ့တယ်။ ကျောင်းကဆရာ၊ ဆရာမတွေ ရောက်လာတော့ သူတအံ့တသြ ထရပ်တယ်။ သူ့ကိုအားပေးကြတဲ့ လူတွေကို ဘာမှပြန်မပြောဘဲ ခေါင်းပဲဇွတ်ညိတ်နေခဲ့တယ်။ အဆိုပြိုင်ပွဲကရတဲ့ ဆုနဲ့လက်ဆောင်ကို ကမ်းပေးမှ ခေါင်းမော့်လာခဲ့တယ်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေလက်နေခဲ့တယ်။

အဲဒီနောက်ပိုင်း လီလီကျောင်းကို ရောက်ခဲ့တယ်။ သူ့ကိုခေါ်ပြီး ကျွန်မဆွေးနွေးခဲ့တယ်။ သူ့ကြောင့်ဦးလေးက ကိုမျက်မှန်ကို စွဲချက်တင်ထားတဲ့အကြောင်း ကျွန်မပြောပြလိုက်တယ်။ လီလီပုံစံက အေးတိအေးစက်ပါပဲ။ ပြီးမှရွံ့ရှာတဲ့အသံနဲ့ ကိုမျက်မှန်ဆီ သူငွေတောင်းတယ်။ တောင်းတဲ့ပမာဏကများတော့ ဟိုကမပေးနိုင်လို့ စွဲချက်တင်တာ.. ငွေကသူ့အတွက် အရမ်းအရေးပါနေတယ်

နွေရာသီပိတ်ရက်ပြည့်လို့ ကျောင်းပြန်ဖွင့်တော့ လီလီကျောင်းကို ရောက်မလာခဲ့တော့ဘူး။ ကိုမျက်မှန်နဲ့ယူလိုက်ပြီးလို့ တစ်ချို့ကပြောကြတယ်။ တစ်ချို့က သူစင်တင်မှာ လုပ်နေတယ်လို့ ပြောကြတယ်။ သူ့အိမ်လူတွေက ထုံးစံအတိုင်း မသိဘူးလို့ပဲပြောကြတယ်။ မလွမ်းတတ်အောင် သင်ပေးပါ ဆိုတဲ့ သီချင်းသံကိုကြားတိုင်း လီလီကို ကျွန်မသတိရနေမိတယ်။ လီလီဘယ်ရောက်နေမလဲ?

ပြီးပါပြီ


မူရင်း.. ထိုင်ဝမ်စာရေးဆရာမ (ကျောင်းအုပ်ဆရာမ) Lee Chi-Tao (李枝桃) ရေးသားတဲ့ "ကျွန်တော်တို့ ကလေးဆိုး မဟုတ်ကြဘူး" (我們不是壞孩子) ဆိုတဲ့ စာအုပ်ထဲက စာတစ်ပုဒ်ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက သူဆရာမလုပ်စဉ် ကြုံခဲ့တဲ့ ကလေးတွေအကြောင်းကို ရေးသားထားတာဖြစ်ပြီး စာအပုဒ်ပေါင်း ၁ဝဝကျော် ပါရှိပါတယ်။ ကျွန်မကြိုက်တာတွေကို ကြုံရင်ကြုံသလို ဘာသာပြန်မျှဝေပါမယ်။ (တကယ်တော့ တစ်အုပ်လုံးကြိုက်တာ) ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, May 27, 2009

ကျေးဇူးတင်ပါတယ်


ကွန်ပြူတာပိတ်ပြီး အိပ်မယ်လုပ်တုန်း အီးမေးလ်တစ်စောင် ဝင်လာပါတယ်။ အီးမေးလ်ခေါင်းစဉ်က ကျေးဇူးတင်ပါတယ်ရှင်တဲ့...

စာက ဒီလိုရေးထားပါတယ်....

"အမကို ကျေးဇူးအများကြီးတင်ပါတယ် သားတွက်နာမည်ကို ကူညီပေးလို့ပါ။ သူတို့ ရွေးပေးကြတဲ့ နာမည်တွေထဲက ကောင်းဆက်သွင်ကို ကျွန်မရွေးလိုက်ပါတယ်။ ရွေးပေးတဲ့ လူကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ အမကပဲ ပြောပေးပါနော်။ သားရဲ့ဓါတ်ပုံကို အမတွက်ပို့လိုက်ပါတယ်"

ကလေးက ရုပ်ချောလေး.. ကောင်းဆက်သွင်ဆိုတဲ့ နာမည်ကို ဘယ်သူရွေးပေးတာလဲ မသိဘူး။ ကလေးနဲ့လိုက်တယ်။ ကော်မန့်ပြန်ကြည့်ပြီး ဝန်ခံကြပါနော်... ကျွန်မပြောခဲ့တဲ့အတိုင်း ကလေးကို အနှီး၊ နို့မှုန်တွေ ပြန်လက်ဆောင်ပေးပါလို့......း)

နိုင်းနိုင်းစနေ ဘလော့ကနေ ကလေးအတွက် အမှတ်တရဖြစ်သွားစေတဲ့ နာမည်ကို အရွေးခိုင်းတဲ့ညီမရော၊ ရွေးပေးကြတဲ့လူတွေကိုရော ကျွန်မထပ်ကျေးဇူးတင်ပါတယ်။ နောက်တစ်ယောက် ထပ်မွေးရင်လည်း ရွေးခိုင်းပါအုန်းလို့.. :D နိုင်းနိုင်းစနေ နာမည်ရွေးသည်ပေါ့ :P

နိုင်းနိုင်းစနေ



Share/Bookmark

5/5


မနက်ဖြန်က ဒီပုံထဲကပါတဲ့ ကောက်ညှင်းထုပ် လုပ်စားတဲ့နေ့ပေါ့။ တရုတ်လ ၅လပိုင်း ၅ရက်နေ့မှ နှစ်တိုင်းကျင်းပတဲ့ ရိုးရာပွဲဖြစ်တယ်။ (端午節) ဒီပွဲအကြောင်းကို TZA (ဒီကိုလာ) က အကျယ်တဝင့်ရေးခဲ့ဖူးပါတယ်။ အရင်က ရွာမှာ ဒီလိုရက်မတိုင်ခင် ကျွန်မတို့ ကျူရွက်တွေ လိုက်ခူးကြ၊ နှီးတွေ၊ ကောက်ညှင်းတွေ ရေစိမ်ကြနဲ့ပေါ့။ ပြီးတော့ ကောက်ညှင်းထဲ ဝက်ပေါင်ခြောက်ထည့်တာတစ်မျိုး၊ သကြား၊ မြေပဲဆန်ထည့်ပြီး အချိုတစ်မျိုး၊ ကြက်ဥ၊ မှို၊ အသားတွေထည့်ပြီး အငန်တစ်မျိုးဆိုပြီး လုပ်စားကြတယ်။

ခေတ်ရေစီးက တဖြေးဖြေး လွယ်ကူအောင် လုပ်လာတော့ ကိုယ်တိုင်လုပ်မစားတော့ဘဲ ကိုယ်ကြိုက်တဲ့အရသာကို ပိုက်ဆံပေးပြီး ဝယ်စားလာကြတယ်။ နောက်ဆိုရင် ၅လပိုင်း ၁၅ရက်နေ့ရောက်ရင် ဘာကို အထိမ်းအမှတ်ပြုတဲ့နေ့လဲဆိုတာကို မေ့ကောင်းမေ့ကြမယ် ဒီလို တြိဂံပုံကောက်ညှင်းထုပ် စားတာကိုတော့ မေ့ကြမယ် မထင်ပါဘူး :P

အောက်ကပုံက ထိုင်ဝမ်အသားကောက်ညှင်းထုပ် လုပ်နည်းဖြစ်ပါတယ်။ ဒီဆိုက်က ယူထားပါတယ်။ ငယ်ရာက စားလာတဲ့ ဒီကောက်ညှင်းထုပ်မျိုးကို ခုထိကျွန်မ မထုပ်တတ်သေးပါဘူး။ ကျွန်မအတွက် အဆင်သင့် ဝယ်စားနိုင်တာကိုပဲ ကံကောင်းတယ်လို့ ဆိုရမယ်း)
ကောက်ညှင်းဆန်၊ မှို၊ ပုဇွန်ခြောက်၊ သုံးထပ်သား၊ ဆားဘဲဥ အနှစ်၊ သစ်အယ်စေ့ (Chestnut)
အားလုံး ကောက်ညှင်းထုပ်စားကြပါလို့ :)

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, May 24, 2009

နိုင်းနိုင်းစနေ ဘာကြောင့်ဖြစ်?


ခုတစ်လော ဘလော့ဂါတွေ ကလောင်နာမည်နဲ့ ပတ်သက်ပြီး tag နေကြတယ်။ အစ်မ မနော်ဟရီကလည်း ကျွန်မကို tag လာပါတယ်။ ဘာကြောင့် "နိုင်းနိုင်းစနေ" ဖြစ်သလဲပေါ့။ ဒီနာမည်ကို မ(tag)တက်ခင်က ကျွန်မရေးခဲ့ဖူးပါတယ်။ တက်လာတော့လည်း ပြန်ရေးပါတယ်။ ကျွန်မဟိုးးး ကွန်ပြူတာစသုံးစမှာ ကျွန်မကြိုက်တဲ့ ၉ ဂဏန်း "Nine" ဆိုတဲ့ နာမည်ကို သုံးခဲ့တယ်။ ယောက်ျားလေးလို့ ထင်ကြလွန်းလို့ "NineNine" ဆိုပြီးပြောင်းလိုက်တယ်။ မထူးပါဘူး.. ခုထိထင်ကြတုန်းပဲ။ ဒါပေမယ့် သုံးရင်းသုံးရင်း ဒီနာမည်ကို ကျွန်မကြိုက်လာတယ်။ Nine ၉ဂဏန်းကို တရုတ်လိုအသံထွက်ရင် "အမြဲတမ်း" ဆိုတဲ့ အသံထွက်နဲ့ဆင်တာကြောင့် အမြဲတမ်းဖြစ်ချင်တဲ့ကျွန်မ ဒီနာမည်ကိုပဲ သုံးဖြစ်ခဲ့တယ်။

နောက်တော့ ချက်တွေ ကစားတတ်လာပြီး အွန်လိုင်းမှာ မြန်မာသူငယ်ချင်းတွေများလာတော့ ရုပ်ရှင်မင်းသား နိုင်းနိုင်းကိုကြိုက်လို့ ဒီနာမည်ပေးထားတာလားလို့ အမေးခံရပါတယ်။ ဟို... မကြိုက်ဘူးဖြေရင် သူ့ကို အားနာစရာ၊ ဟို... ကြိုက်တယ်လို့ဖြေတော့လည်း ကိုယ့်ကိုအားနာစရာဖြစ်တော့မယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၃နှစ်ကျော် မြန်မာဝက်ဆိုက်ပလန်းနက်မှာ စာစရေးတော့ နိုင်းနိုင်းရဲ့နောက်မှာ ကိုယ့်မွေးနေ့ စနေကိုထည့်လိုက်တယ်။ အဲလိုနဲ့ နိုင်းနိုင်းစနေ "အမြဲတမ်းစနေ" ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်ကျော်ကမှ နိုင်းနိုင်းစနေ ဖြစ်လာခဲ့တဲ့အတွက် အမှားတွေများပါတယ်။။ ဒါကြောင့်တွားသွားစလို့ ကျွန်မပြောဖူးပါတယ်။ လမ်းတောင်ကောင်းကောင်း မလျှောက်တတ်သေးပါဘူး။း)

အွန်လိုင်းပေါ်မှာ ခင်တဲ့ သူငယ်ချင်းတွေက မနိုင်း၊ နိုင်းနိုင်း လို့ ခေါ်ကြတယ်။
တစ်ချို့က စနေလို့ ခေါ်ကြတယ်။ (ဘာကြောင့်မှန်းမသိ စနေလို့ခေါ်တာကို ကျွန်မပိုကြိုက်ပါတယ်း) နာမည်အရင်းက မီးမီးမို့ တစ်ချို့လည်း မယ်မီး၊ မီးမီး လို့ခေါ်ကြတယ်။ ဘယ်လိုခေါ်ခေါ်ပါ.. နိုင်းနိုင်းစနေ ခင်တတ်ပါတယ်။ သံယောဇဉ်ကြီးပါတယ်။ အပြင်မှာ ပိုပေါ၊ ပိုခင်စရာကောင်းပါတယ်း)

tag သဘောအရ တစ်ခြားလူတွေကိုလည်း ကျွန်မတက်ကြည့်ချင်ပါတယ်.. အင်း.. tag ကြည့်ချင်ပါတယ်။ ကျွန်မတက်မယ့်လူတွေက ဘလော့ဂါတွေထက် ကိုယ့်IDကို တခြားလူတွေသိအောင် ပြောပြဖို့ အခွင့်အရေးနည်းတဲ့ သူတွေကိုပါ။ ကော်မန့်မှာဖြစ်ဖြစ်၊ မေးလ်မှာဖြစ်ဖြစ် အဆင်ပြေရင် ရေးပေးပါလို့း)

၁) တိုးတိုးပြော (စကားတိုးတိုးပြောတာကို ကြိုက်တဲ့ကောင်မလေးလား? သူကပဲစကားများလို့ မကြာခဏ တိုးတိုးပြောလို့ သတိပေးခံရတဲ့ မိန်းကလေးလား? ဘာကြောင့်တိုးတိုးပြောရသလဲ?)

၂) Orange Chit Thu (လိမ္မော်သီးကြိုက်တဲ့ သူမို့လား? ဒူးရင်းသီးကြိုက်ခဲ့ရင်ကော?)

၃) မယ်ကိုး (သူက ဘလော့ဂါပါ။ သူ့နာမည်ကို သံလွင်အိပ်မက်မှာစ သတိထားခဲ့မိတယ်။ ကျွန်မနဲ့ ၉ ဂဏန်းချင်းတူလို့ ဖြစ်လိမ့်မယ်)

၎) တလနွန် (ဘလော့ဂါပါ။ တိုင်းရင်းသားနာမည်လို့ ထင်ပါတယ်။ ဘာတိုင်းရင်းသားလဲ? ဘာအဓိပ္ပါယ်လဲ? နာမည်မြင်စကတည်းက ကျွန်မသိချင်ခဲ့တယ်)

၅) ဘွိုင်းဇ် (ဘလော့ဂါပါ။ သူယောက်ျားလေးပါဆိုတာ လူမသိမှာစိုးလို့လား? တစ်ခုခုပေါ့)

၅) ဇေဇန်သြ (စာလုံးပေါင်းမှားရင် ခွင့်လွတ်ပါ။ ဒါလည်း တိုင်းရင်းသားနာမည်လို့ ထင်ပါတယ်)

၆) ကြယ်သောကြာ (သောကြာဂြိုလ်ပဲ ကြားဖူးတာ၊ ကြယ်သောကြာကို ခုမှမြင်ဖူးတယ် :P

တက်ချင်တဲ့လူတွေက အများကြီးပဲ။ စာမျက်နှာဆန့်မှာ မဟုတ်ဘူး။ နာမည်တိုင်းက အဓိပ္ပါယ်တစ်ခုစီတော့ ရှိကြမယ်ထင်တယ်။ ဒါကြောင့် ဒီပို့စ်ကို ဖတ်မိသူတွေလည်း ကိုယ့်ID ဘယ်လိုဖြစ်လာသလဲ? ဘာအဓိပ္ပါယ်လဲ ဆိုတာကို အပန်းမကြီးရင် ပြောပြကြပါလို့ (ဆောရီးနော်.. ကျွန်မနည်းနည်း စပ်စုတတ်တယ် :P)

ဒီပို့စ်အတွက် ကျေးဇူးပါ အစ်မ (မနော်ဟရီ)

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, May 23, 2009

နာမည်လှလှရွေးရအောင်


အားလုံးကို ကျွန်မအကူအညီတစ်ခု တောင်းချင်ပါတယ်။

စာဖတ်ပရိသတ်တစ်ယောက်က သားကို နာမည်လှလှရွေးပေးချင်လို့ ကျွန်မကို ရွေးပေးပါလို့ အကူအညီတောင်း လာပါတယ်။ (ကြည့်ရတာ နိုင်းနိုင်းစနေကို အားကျလို့ဖြစ်မယ် :P) က,ခ အက္ခရာနဲ့ နေ့ရက်တွေကို ကျွန်မ မရေတတ်ပါဘူး။ ဒါကြောင့် ဘလော့ဂ်ပေါ်တင်ပြီး အားလုံးကို အကူအညီတောင်းလိုက်ပါတယ်။ အားလုံးဝိုင်းစဉ်းစားပေးရင် နာမည်လှလှတစ်လုံးတော့ ထွက်လာနိုင်မယ်လို့ ထင်ပါတယ်။ ကလေးအတွက်လည်း အမှတ်တရဖြစ်အောင်လို့ပါး)

နာမည်က တနင်္လာ + အင်္ဂါ+ သောကြာ ပါရပါမယ်။
ရှေ့ဆုံးမှာ "ကျော်" ဆိုတဲ့နာမည်ကို မလိုချင်ပါဘူးတဲ့။ "ကောင်း" ဆိုတာကို ထားချင်ပါသတဲ့။ ဒါမှမဟုတ် နာမည်လှလှလေးတွေ ရှာလို့ရတဲ့ မြန်မာဝပ်ဆိုက်လေးကို လမ်းညွန်စေလို့ပါတယ်။

အားလုံး ကျေးဇူးးး)

လူတွေနာမည်ရွေးတော်ကြတယ်။ ရလာတဲ့ နာမည်တွေက...

(၁) ကောင်းစံဟိန်း
(၂) ကောင်းစံသား
(၃) ကောင်းစုသွင်
(၄) ကောင်းစုဟန်
(၅) ကောင်းစည်သူ
(၆) ကောင်းစိုးသင်
(၇) ကောင်းစေသူ
(၈) ကောင်းစေသော်
(၉) ကောင်းစစ်သွေး
(၁ဝ) ကောင်းစစ်သူ
(၁၁) ကောင်းစင်ဟန်
(၁၂) ကောင်းစင်သာ
(၁၃) ကောင်းဆုသန့်
(၁၄) ကောင်းဆုဟန်
(၁၅) ကောင်းဆက်ဟန်
(၁၆) ကောင်းဆက်သွင်
(၁၇) ကောင်းဆက်သော်
(၁၈) ကောင်းဇေယျဟိန်း
(၁၉) ကောင်းဇေသော်
(၂ဝ) ကောင်းဇေဟိန်း
(၂၁) ကောင်းဇေဟန်
(၂၂) ကောင်းဇင်ဘို
(၂၃) ကောင်းဇင်သန့်
(၂၄) ကောင်းဇင်သက်
(၂၅) ကောင်းဇင်သူ
(၂၆) ကောင်းဇင်ညိမ်း
(၂၇) ကောင်းဇင်ဟိန်း
(၂၈) ကောင်းဇင်ဟန်
(၂၉) ကောင်းဇင်သစ်
(၃ဝ) ကောင်းဇော်ဟန်
(၃၁) ကောင်းဇော်ဟိန်း
(၃၂) ကောင်းဇော်သက်
(၃၃) ကောင်းဇော်သန့်
(၃၄) ကောင်းဇော်သူ
(၃၅) ကောင်းဈန်သစ်
(၃၆) ကောင်းဈန်ဟိန်း
(၃၇) ကောင်းဈာန်သော်
(၃၈) ကောင်းဇွဲသူ
(၃၉) ကောင်းဇွဲဟိန်း
(၄ဝ) ကောင်းညိုသန့်
(၄၁) ကောင်းညီသူ
(၄၂) ကောင်းညီသန့်
(၄၃) ကောင်းညီဟန်
(၄၄) ကောင်းညီထိုက်
(၄၅) ကောင်းညီသော်
(၄၆) ကောင်းညီသစ်
(၄၇) ကောင်းညီသွေး
(၄၈) ကောင်းညီထက်
(၄၉) ကောင်းဥာဏ်ဇွဲ
(၅ဝ) ကောင်းသန့်ဇင်(စင်)
(၅၁) ကောင်းထက်နိုင်
(၅၂) ကောင်းထက်ဟိန်း
(၅၃) ကောင်းထက်ဟန်
(၅၄) ကောင်းမြတ်စိုး
(၅၅) ကောင်းခန့်ကျော်
(၅၆) ကောင်းသော်ဇင်ဦး

နာမည်က အဲလောက်အများကြီးထွက်လာတယ်။ (ကလေးအမေက "ကောင်း"နဲ့စတာ လိုချင်တယ်ဆိုလို့ ကောင်းနဲ့မစတဲ့ နာမည်ကို ကျွန်မဖြုတ်ခဲ့ပါတယ်) ၅၆လုံးထဲက တစ်လုံးကိုရွေးဖို့ သူဦးနှောက်ခြောက်တော့မယ် ထင်တယ် :D နာမည်တွေ ဝိုင်းကူရွေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ သူဖတ်ဖြစ်ခဲ့ရင် ဒီထဲကနာမည်တစ်လုံးကိုတော့ ရွေးဖြစ်မယ်ထင်တယ်။ ရွေးဖြစ်ခဲ့ရင် သားကိုပုံနဲ့တကွ ဖော်ပြပေးဖို့ ကျွန်မတောင်းဆိုကြည့်လိုက်အုန်းမယ်း) နာမည်အရွေးခံရတဲ့တစ်ယောက်က ကလေးကို နို့မှုန့်၊ အနှီးတွေ ပြန်လက်ဆောင်ပေးပါလို့ .. ဟား..ဟား

နိုင်းနိုင်းစနေ


Share/Bookmark

အမေရဲ့တောပန်းလေး ကျွန်မ


ပန်းတိုင်းလှကြတယ်၊ ပန်းတိုင်းမွှေးကြတယ်။ ပန်းတိုင်း လူတွေကို ပျော်ရွှင်မှုအမျိုးမျိုး သယ်ဆောင်ပေးတယ်။

ကျွန်မကို မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့တယ်။ ကျောင်းကအိမ်ရဲ့ ၁ဝမိနစ်လမ်းလျှောက်တဲ့ အကွာအဝေးမှာရှိတယ်။ ညနေကျောင်းဆင်းတိုင်း အမေတွေက ထမင်းဟင်းတွေပြင်ဆင်ပြီး ကိုယ့်သားသမီး အပြန်ကို စောင့်နေတတ်ခဲ့ကြတယ်။

အဲဒီတုန်းက သားသမီးအပြန်ကို စောင့်တတ်တာ အမေတွေအတွက် သာမန်လုပ်လေ့လုပ်ထ အလုပ်တစ်ခုလို့ ကျွန်မထင်ခဲ့တယ်။ အခုလည်း ဒီလိုပဲထင်နေခဲ့တယ်။ အမေဆိုတာ ကျွန်မအတွက် မနက်စာဆန်းဝှစ်ပြင်ဆင်ပေးမယ်။ ကျွန်မဆွဲထားတဲ့ ပန်းချီကားကို ကြည့်ရှုခံစားပေးမယ်။ အိမ်စာလုပ်ဖို့ ကျွန်မကိုသွန်သင်မယ်ဆိုတာပဲ ကျွန်မသိခဲ့တယ်။ အလုပ်အကိုင်၊ တာဝန်ဝတ္တရားရှိတဲ့ အမေက ကျွန်မကိုမွေးဖွားပြီးနောက်ပိုင်း သူ့အချိန်တွေအားလုံး ကျွန်မပေါ်မှာပဲ ဖြုန်းတီးခဲ့တယ်ဆိုတာကို ကျွန်မတစ်ခါမှ မတွေးတောခဲ့မိဘူး။

နေ့လယ် ကျောင်းဆင်းခေါင်းလောင်းတီးသံကြားရင် အိမ်ကို ကျွန်မအပြေးပြန်တတ်တယ်။ အမေက တံခါးဝ အပေါ်ဆုံးလှေကားထစ်မှာ ရပ်ပြီး ကျွန်မကိုစောင့်နေတတ်တယ်။ ကျွန်မကိုစောင့်တဲ့အလုပ်က သူ့အတွက် အရမ်းအရေးပါတဲ့ ကိစ္စတစ်ခုလိုပဲ။ အမေ့ရင်ထဲက ကြီးမားတဲ့မေတ္တာကို အသက်ငယ်၊ အသိဥာဏ်နည်းတဲ့အရွယ်မှာ ကျွန်မ မမြင်ခဲ့မိဘူး။

ကျွန်မသုံးတန်းနှစ်အရောက် တစ်ခုသောညနေခင်းမှာ အမေ့ကို ကျောင်းကပွဲအတွက် ကျွန်မပါဝင်ခဲ့ကြောင်း၊ အဲဒီပွဲမှာ ကျွန်မက မင်းသမီးလုပ်ကြောင်း အမေ့ကိုပြောပြခဲ့တယ်။ အဲဒီနောက်ပိုင်း ရက်သတ္တပတ် ကြာတဲ့အထိ ကျွန်မနဲ့အတူ အမေပင်ပင်ပန်းပန်း လေ့ကျင့်ကူခဲ့တယ်။ စာသားတွေ အလွတ်ရွတ်ဆိုခဲ့တယ်။ အမေနဲ့လေ့ကျင့်တုန်းက စာသားတွေကို ကျွန်မချောချောမွတ်မွတ် အလွတ်ရွတ်ဆိုနိုင်ပေမယ့် စင်ပေါ်တက် လေ့ကျင့်တဲ့အခါ အားလုံးမေ့သွားခဲ့တယ်။ ဒါကြောင့် ဆရာမက ကျွန်မကို မင်းသမီးနေရာမှာ မထားတော့ဘဲ ဇာတ်ရံနေရာကို ပို့လိုက်တယ်။ ဆရာမက ကျွန်မကို ညင်ညင်သာသာ နှစ်သိမ့်ပြောခဲ့ပေမယ့် ကျွန်မအရမ်း ဝမ်းနည်းခဲ့မိတယ်။ "မင်းသမီး"နေရာမှာ အစားဝင်တဲ့ကျောင်းသူကိုတွေ့ရင် ကျွန်မရင်တွေ တဆစ်ဆစ်နာကျင်ခဲ့တယ်။

နေ့လယ်ကျောင်းပြန်ချိန်မှာ အမေ့ကို ဒီအကြောင်း ကျွန်မပြောမပြခဲ့ဘူး။ ဒါပေမယ့် ခါတိုင်းလို အကမကျင့်ချင်တဲ့ကျွန်မရဲ့ ညှိုးငယ်တဲ့မျက်နှာကိုကြည့်ပြီး အမေသိခဲ့တယ်။ ကျွန်မကို အိမ်နောက်ပန်းခြံဆီ အမေခေါ်ခဲ့တယ်။

အဲဒီအချိန်က နွေဦးချိန်ခါဖြစ်တယ်။ နှင်းဆီပင်ကအရွက်တွေ စိမ်းစပြုနေတယ်။ စပျစ်စင်ပေါ်မှာ စိမ်းစိုတဲ့နွယ်ပင်တွေ ပြည့်နှက်နေတယ်။ မြက်ခင်းပြင်တစ်ခုလုံး အဝါရောင် Dandelionန်းတွေနဲ့ ခင်းကျင်းထားခဲ့တယ်။ အဝေးကကြည့်ရင် ကျွန်မတို့ရဲ့ မြင်ကွင်းအားလုံးကို ပန်းချီဆရာတစ်ဦးက ရွှေဝါရောင်ဆေးတွေနဲ့ ခြယ်သထားသလား ထင်ရတယ်။

မြက်ခင်းပြင်ပေါ်က Dandelion ပန်းတစ်ပွင့်ကို အမေခူးလိုက်ပြီး ပြောတယ်...

"ဒီပန်းရိုင်းတွေကို နုတ်ပြီး နှင်းဆီပင်တွေပဲ ချန်ထားရမယ်"

"ဒီပန်းတွေကို ကျွန်မကြိုက်တယ်အမေ... ခြံထဲကပန်းတိုင်း လှကြတယ်။ ဒီသာမန် ပန်းရိုင်းလေးလည်း လှတာပဲ"

ကျွန်မအပြောကြောင့် ကျွန်မကို အမေလှမ်းကြည့်ပြီး လေးလေးနက်နက် စကားစတယ်။

"ဟုတ်တယ်သမီး... ပန်းတိုင်းလှကြတယ်၊ ပန်းတိုင်းမွှေးကြတယ်၊ ပန်းတိုင်း လူတွေကို ပျော်ရွှင်မှုအမျိုးမျိုး သယ်ဆောင်ပေးတယ်"

အမေကဆက်ပြီး....

"လူတွေလည်း ဒီသဘောပဲသမီး.. လူတိုင်း မင်းသမီးမဖြစ်နိုင်ဘူး။ ဒီ့အတွက် ရှက်ရွံ့ဝမ်းနည်းစရာ မလိုဘူး"

ကျွန်မစိတ်က အခဲမကျေတာကို အမေရိပ်စားမိဟန်တူတယ်။ အမေ့ကို ကျောင်းမှာဖြစ်ပျက်ခဲ့သမျှ ကျွန်မငိုယိုပြီး ပြောပြလိုက်မိတယ်။ အမေက ပြုံးရင်း ... "သမီး ဇာတ်ရံကောင်းတစ်ယောက်ဖြစ်မယ်ဆိုတာကို အမေယုံကြည်တယ် သမီး။ အရင်က အမေ့ကို သမီးပုံပြင်တွေ ရွတ်ပြတာမှတ်မိသေးလား.. မင်းသမီးတွေလိုပဲ ဇာတ်ရံရဲ့သရုပ်ဆောင်မှုတွေကလည်း အရေးပါတယ် သမီး"

အမေရဲ့ အားပေးကူညီမှုကြောင့် ဇာတ်ရံကောင်းတစ်ယောက်ဖြစ်အောင် ကျွန်မကြိုးစားခဲ့တယ်။ ဇာတ်ရံဖြစ်ရတာကိုလည်း ဂုဏ်ယူမိတယ်။ နေ့လယ်ကျောင်းအားချိန်ကို အမေနဲ့ကျွန်မ ဇာတ်ဝင်စကားတွေ လေ့ကျင့်ရင်း ကုန်ဆုံးစေခဲ့တယ်။

ကပွဲညမှာ ကျွန်မအရမ်းစိတ်လှုပ်ရှားခဲ့တယ်။ ပွဲစခါနီးမိနစ်ပိုင်းအလိုမှာ ဆရာမက ကျွန်မကို သမီးရဲ့မေမေက ဒါလေးပေးခိုင်းတယ်ဆိုပြီး Dandelionပန်းတစ်စည်း လှမ်းပေးတယ်။

ပန်းတစ်ချို့ကညိုးနေပြီး တစ်ချို့က ပွင့်ဖတ်တွေ ကြွေနေခဲ့ပြီဆိုပေမယ့် ပန်းကိုမြင်တာနဲ့ စင်အောက်မှာ အမေရောက်နေကြောင်း ကျွန်မသိလိုက်တယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ ထည့်သွင်းလိုက်မိတယ်။

ကပွဲပြီးဆုံးချိန် ပန်းကို အိမ်အထိယူခဲ့ပြီး စာအုပ်ကြားထဲ ကျွန်မညှပ်ထားလိုက်မိတယ်။

ခုလိုအချိန်မျိုး ညနက်သန်းခေါင်ရောက်တိုင်း ဝါကျင်ကျင်မီးရောင်အောက်မှာထိုင်ရင်း ငယ်ငယ်တုန်းက အမေနဲ့ဖြတ်သန်းခဲ့ဖူးတဲ့ နေ့ရက်တွေကို ကျွန်မပြန်အောင်းမေ့မိတယ်။ အမေနဲ့အတူရှိနေချိန်တွေ တိုတောင်းခဲ့ပေမယ့်၊ အမေနဲ့အတူ ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်တွေက နေ့စဉ်ရက်ဆက် ထပ်သလဲလဲ ဖြစ်ခဲ့တာတွေ ဆိုပေမယ့်၊ အမေနဲ့အတူ ပြုမှုခဲ့မိတာတွေဟာ ဘဝထဲက သာမန်သေးမွှားတဲ့ကိစ္စလို့ ဆိုပေမယ့် အခုချိန်မှာ အမေ့မေတ္တာကို ကျွန်မလေးလေးနက်နက် ခံစားမိလိုက်တယ်။ မေတ္တာထုကြီးဖြစ်လာဖို့ သေးငယ်တဲ့ သာမန်အသေးအမွှားကိစ္စ၊ အပြုအမှု၊ အမှတ်တရတွေကပဲ စုခဲ့ရတယ် မဟုတ်ပါလား!

ကျွန်မအလုပ်ဝင်ပြီး တစ်ရက်မှာ ကျွန်မကို အမေလာကြည့်ခဲ့တယ်။ အလုပ်က ခွင့်တစ်ရက်ယူပြီး အမေနဲ့အတူ ကျွန်မထမင်းစားဖြစ်ခဲ့တယ်။ လူတွေရှုတ်ထွေးတဲ့ စားသောက်ဆိုင်ထဲမှာ အမေ့ကိုကျွန်မမေးခွန်းတွေ မေးဖြစ်ခဲ့တယ်။

"အမေ... သမီးငယ်ငယ်တုန်းက အိမ်ဝတ်ကိစ္စတွေနဲ့ အမေအလုပ်ရှုတ်ပြီး အိမ်မှာပဲအမေနေခဲ့တာကို သမီးမှတ်မိနေတယ်။ အဲဒီအချိန်တွေကို အမေ စိတ်မပျက်ခဲ့ဘူးလား"

"အင်း... စိတ်ပျက်မိတာပေါ့ သမီး။ အိမ်ဝတ်ကိစ္စတွေက အမေကို စိတ်ပျက်စေပေမယ့် သမီးက အမေကိုဘယ်တော့မှ စိတ်မပျက်စေခဲ့ဘူးလေ"

အမေက နွေးနွေးထွေးထွေး ပြန်ဖြေပေမယ့် ကျွန်မ သိပ်မယုံခဲ့လို့ အမေ့ကိုဆက်မေးမိတယ်။

"ကလေးတွေကို ပြုစုပျိုးထောင်ရတာ တစ်ခြားလုပ်ငန်းတွေလို အားပေးကူညီမှုတွေ အမေရမှာမဟုတ်ဘူးနော်"

"အလုပ်က လူကိုတက်ကြွမှုတွေပေးတယ်၊ အလုပ်တစ်ခုရှိခဲ့လို့ အမေဝမ်းသာမိတယ်။ အလုပ်က ပူစီဖောင်းနဲ့တူတယ်။ လေတွေမပြတ်သွင်းနေမှ ဖောင်းတင်းနေသလိုပေါ့။ ကလေးတွေကျတော့ မျိုးစေ့လေးတွေနဲ့တူတယ်။ ရေလောင်းပေါင်းသင်းပေးရတယ်။ ဂရုစိုက် စောင့်ရှောက်ပေးရတယ်။ ဒါမှ အပင်တွေကြီးထွားပြီး လှပတဲ့ပန်းတွေပွင့်နိုင်မှာ သမီး"

အမေ့စကားကို နားထောင်ပြီး ဟိုးအရင်က အမေနဲ့အတူ ထမင်းဝိုင်းမှာ အတူထိုင်ခဲ့ဖူးတဲ့ ပုံရိပ်တွေကို ကျွန်မပြန်မြင်ယောင်လာမိတယ်။ စာအုပ်ထဲက ညှိုးနွမ်းခြောက်သွေ့နေတဲ့ Dandelionပန်းကို ဘာဖြစ်လို့ အခုချိန်ထိ ကျွန်မသိမ်းထားမိသလဲဆိုတာကို အခုမှ ကျွန်မသဘောပေါက်မိတော့တယ်။

Dandelion = ဥရောပတွင်ပေါက်သော တောပန်းတစ်မျိုး (နေကြာပန်းနှင့် တူသည်) တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓါန်

မူရင်းရေးသားသူ- Susan
Richardson (我是母亲的蒲公英)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

အပျိုစင်အတွက် ထိုဟူးနွေး


အပျိုစင်...... မနိုင်းရေ အလုပ်ရှုပ်တယ်မထင်ပါနဲ့နော် တို့ဖူးနွေးနဲ့ ရှမ်းတို့ဖူးက ဘာပဲနဲ့လုပ်တာလဲ ဖြေပေးပါနော်။ ကုလားပဲမှုန့်နဲ့လုပ်တာ မရလို့ပါ

DSC02182

ကုလားပဲမှုန့်နဲ့လည်း ရတယ် အပျိုစင်။ အမှုန့်နဲ့လုပ်ရင် အချိန်ကုန်သက်သာတယ်။

လုပ်နည်းက အရင်ဆုံး ကုလားပဲမှုန့်အစိမ်းကို နာရီဝက်ကြာ ရေစိမ်ပေးပါ။ ပြီးရင် အဖတ်တွေ၊ အမှိုက်တွေစင်အောင် စစ်ပေးပါ။ စစ်လို့ရလာတဲ့ ကုလားပဲရည်ကို အနယ်ထိုင်အောင် ခဏထားထားပေးပါ။ အနယ်ထိုင်ပြီဆိုရင် အပေါ်က အရည်ကြည်ကို တစ်ခြားအိုးတစ်လုံးထဲ ပြောင်းထည့်ပြီး ကြိုလိုက်ပါ။ အနယ်ကို သပ်သပ်ဖယ်ထားပေးပါ။ အရည်ကြည်တွေ ဆူလာပြီဆိုရင် ခုနားက အနယ်ကိုမွှေပြီး ဆူနေတဲ့အရည်ကြည်ထဲ ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ။ အဲလိုလောင်းထဲတဲ့အချိန် အရည်ကြည်တွေ တဖြည်းဖြည်း ပျစ်လာပါလိမ့်မယ်။ ပျစ်လာတဲ့အရည်ကို ဆားထည့်ပြီး မွှေပေးပါ။ ဆူလာရင် ရပါပြီ ...း)

ဒါက အရင်က လုပ်စားခဲ့ဖူးတဲ့ ထိုဟူးနွေးပါ။ ထိုဟူးအခဲစားချင်ရင် ခုနားက အပျစ်ရည်ကို လိုချင်သလောက် လင်ဘန်းထဲထည့်ပြီး အအေးခံလိုက်ရင် ရပါတယ်။

အပျိုစင်တစ်ယောက် မနက်ဖြန် အားလပ်ရက်မှာ ထိုဟူးနွေးကောင်းကောင်း စားနိုင်ပါစေ.. (ရှလွတ် :D)

နိုင်းနိုင်းစနေ


Share/Bookmark

Friday, May 22, 2009

ကြော်ငြာ (၇၅)


အာပုပ်နံ့ အရမ်းနံနေလို့ လူတွေကိုယ့်အနားက ပြေးထွက်ကုန်ကြပြီလား?
ကြော်ငြာထဲက ပါးလုပ်ကျင်းဆေးရည်ကို သုံးပါ..


BMW နဲ့ Jaguarထိပ်တိုက်တိုးတော့ Jaguar နောက်လှည့်ပြေးရတယ်။ BMW ကားကြော်ငြာဖြစ်ပါတယ်။

ပုံကြည့်တာနဲ့ သိနိုင်ပါတယ်။ လူသွားစင်္ကြပေါ်မှာ လမ်းတိုင်ပုံစံလုပ်ထားတဲ့ ကင်မရာကြော်ငြာဖြစ်ပါတယ်

ကဲ... ဘယ်လောက် pixels နဲ့ရိုက်ချင်သလဲ? Nikon ကင်မရာကြော်ငြာဖြစ်ပါတယ်။

ဒီကြော်ငြာလေးကို သဘောကျမိတယ်။ ဒီအကောင်တွေ ပါးစပ်ကနေ မီးမှုတ်နိုင်တာ ငယ်ငယ်လေးတည်းက ငရုတ်ဆီတွေ တိုက်ခဲ့လို့ပါတဲ့... စပ်လွန်းလို့ မီးတောက်နိုင်ကြောင်း ကြော်ငြာထားတဲ့ ငရုတ်ဆီကြော်ငြာလေးပါ။

သူတို့က သူတို့ကုန်ပစ္စည်းကို ကြော်ငြာပါတယ်။
ကျွန်မက သူတို့အတွေးကို မျှဝေပါတယ်။
(ပုံကြည့်ပြောတဲ့ ကျွန်မအတွေးတွေ အမှားပါနိုင်ပါတယ်)

နိုင်းနိုင်းစနေ



Share/Bookmark

Thursday, May 21, 2009

ပျော်ရွှင်ခြင်း သော့


ငယ်ငယ်လေးကတည်းက ဘိလပ်ရည်နဲ့ ပတ်သက်တဲ့ ထူးဆန်းမှုတစ်မျိုး ကျွန်တော့်မှာ ရှိခဲ့တယ်။ အဲဒီထူးဆန်းမှုက ဘိလပ်ရည်သောက်လို့ ကောင်းမကောင်းဆိုတာထက် ဘိလပ်ရည် မသောက်နိုင်လို့ပဲဖြစ်တယ်။ မိသားစုများတဲ့ ကျွန်တော်တို့မှာ ဘိလပ်ရည်သောက်ဖို့ မပြောနဲ့ အစားအစာကိုတောင် လောက်အောင် ဘယ်တော့မှ မစားနိုင်ဘူးဆိုတာ ကျွန်တော့်မှတ်ဥာဏ်ထဲမှာ မှတ်မိနေခဲ့တယ်။

ကျွန်တော်တို့ ဘိလပ်ရည်သောက်ရတဲ့ အချိန်သုံးချိန်ရှိတယ်။ တစ်ချိန်က မင်္ဂလာပွဲ၊ တစ်ချိန်က နှစ်သစ်ကူးညနဲ့ နောက်တစ်ချိန်က အလှူတွေမှာဖြစ်တယ်။ အိမ်မှာ ဘိလပ်ရည်ရှိတိုင်းလည်း ကျွန်တော်တို့ လောက်အောင် မသောက်ရပါဘူး။ ဘိလပ်ရည်သောက်တဲ့ နေ့ကောင်းနေ့မြတ် ရောက်ပြီဆိုရင် ဖန်ခွက်ဆယ်လုံးကျော်ကို စားပွဲခုံပေါ် တင်ပြီး အစဉ်လိုက် ကျွန်တော်တို့ ဘိလပ်ရည်ထည့်ကြတယ်။ ဝေစုရတဲ့ ဘိလပ်ရည် တစ်ငုံ့စာကို သောက်ပြီး အားလုံးက နုတ်ခမ်းကို လျှာနဲ့သပ်ကြတယ်။ ပြီးတော့ ဘိလပ်ရည်ရဲ့ ချိုအေးတဲ့အရသာကို တဝကြီး ခံစားကြတယ်။

တစ်ခါက ကျွန်တော်လမ်းလျှောက်နေတုန်း ဘိလပ်ရည် အဝသောက်ပြီး တံစက်မြိတ်အောက်မှာ လေတက်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်မိတယ်။ အေ့….. လို့ ခပ်ရှည်ရှည်ဆွဲလိုက်တဲ့ လေတက်သံက အနားမှာ ရပ်နေတဲ့ ကျွန်တော်ကို ငေးမောသွားစေခဲ့တယ်။ ကျွန်တော် အားကျလိုက်တာ… ကျွန်တော့်ကိုယ်ကျွန်တော် မေးမိပါတယ်။ “ငါ ဘယ်အချိန်မှ ဘိလပ်ရည် တစ်ဝသောက်ရမလဲ? ဘယ်အချိန်မှ လေတက်အောင် ဘိလပ်ရည်သောက်ရမလဲ?” မူလတန်းတက်တဲ့အချိန်အထိ ဘိလပ်ရည်သောက်ပြီး လေတက်တဲ့အရသာကို ကျွန်တော်မခံစားခဲ့ဖူးဘူး။ ဘိလပ်ရည်ကို လေတက်လောက်တဲ့အထိ သောက်ရရင် ဘယ်လောက်များ ပျော်စရာကောင်းလိမ့်မလဲလို့ ကျွန်တော် အခါခါ စဉ်းစားခဲ့မိတယ်။

အဲဒီတုန်းကအိမ်မှာ ရေနံဆီမီးခွက်ကို အသုံးပြုနေတဲ့အချိန်ဖြစ်တယ်။ တစ်ခါက ရေနံဆီတွေကို ဘိလပ်ရည်ပုလင်းထဲ ထည့်ပြီး စားပွဲအောက်မှာ အမေသိမ်းထားတယ်။ ဒါကို ကျွန်တော်က ဘိလပ်ရည်အထင်နဲ့ လူကြီးတွေအလစ်မှာ ပုလင်းကိုယူပြီး အားရပါးရ မော့ချလိုက်တယ်။ ချက်ချင်းပဲ မျက်ဖြူလှန်၊ ပါးစပ်အမြုပ်ထပြီး ကျွန်တော်ဆေးရုံရောက်သွားခဲ့တယ်။ ဆရာဝန်တွေ အသက်လုကယ်ခဲ့လို့ ကျွန်တော်အသက်ရှင်ခဲ့ရတယ်။ ဘိလပ်ရည်ကြောင့် အသက်ဆုံးရှုံးလုဖြစ်ခဲ့တဲ့ ကျွန်တော်ကို မိသားစုတွေက ဝိုင်းလှောင်ခဲ့ကြပေမယ့် ဘိလပ်ရည်သောက်ချင်တဲ့ ကျွန်တော့်ဆန္ဒက ကုန်ခမ်းမသွားခဲ့ဘူး။

ကျွန်တော်တတိယတန်း တက်တဲ့နှစ်မှာ အစ်ကိုဝမ်းကွဲ မင်္ဂလာဆောင်တယ်။ မင်္ဂလာနေ့မရောက်ခင် ရှေ့တစ်ညမှာ ကျွန်တော်လုံးဝ အိပ်မပျော်ခဲ့ဘူး။ အိပ်ရာပေါ်မှာ လူးလွန့်ရင်း နောက်တစ်ရက် ဘိလပ်ရည်အဝသောက်မယ်၊ လေတက်အောင် သောက်မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့ ခြံထဲကနေပြီး ဘိလပ်ရည် ရောက်မရောက်ကို ကျွန်တော်ချောင်းကြည့်နေခဲ့တယ်။ မနက် ၉နာရီမှာ ဘိလပ်ရည်လာပို့တဲ့ ကားကို ကျွန်တော်မြင်လိုက်တယ်။ ဘိလပ်ရည်တွေ တစ်နေရာမှာ သေတ္တာလိုက် ပုံထားတာကို မြင်တော့ ကျွန်တော်အပြေးသွားပြီး ဘိလပ်ရည်နှစ်ပုလင်း ကောက်ယူလိုက်တယ်။ ပြီးတော့ အိမ်သာဖက်ကို ကျွန်တော်ပြေးသွားခဲ့မိတယ်။

ကျွန်တော်တို့ ရွာအိမ်သာကို နေအိမ်နဲ့ တော်တော်အလှမ်းဝေးတဲ့နေရာမှာ ဆောက်ထားကြတယ်။ အိမ်သာတွင်းကြီးတစ်ခု တူးထားပြီး လအတော်ကြာမှာ သန့်ရှင်းရေးတစ်ခါ လုပ်ကြတယ်။ မခံမရပ်နိုင်တဲ့ အနံ့ဆိုးကြောင့် ကျွန်တော်တို့ ကလေးတွေက အများအားဖြင့် အိမ်သာထဲ မဝင်ဘဲ ကိစ္စကို အပြင်မှာ ရှင်းလိုက်ကြတာများတယ်။ ဒါပေမယ့် အဲဒီနေ့က အိမ်မှာရှိတဲ့ တစ်ခုတည်းသော အကောင်းဆုံး ပုန်းခိုနိုင်တဲ့နေရာ အိမ်သာထဲမှာပဲ ဘိလပ်ရည်သောက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

အိမ်သာထဲရောက်တာနဲ့ တံခါးကို ကျွန်တော်ကန့်လန့်ချလိုက်တယ်။ ပြီးတော့ အဖုံးကိုဖွင့်ပြီး လေးစားကြည်ညိုတဲ့ စိတ်ထားနဲ့ ဘိလပ်ရည်ကို ကောက်မော့လိုက်တယ်။ ဂလု… ဂလုနဲ့ တစ်ကြိုတ်ထဲ ပုလင်းတစ်ခုလုံး ကျွန်တော်သောက်ပစ်လိုက်တယ်။ တဆက်တည်း နောက်တစ်ပုလင်းကို ကျွန်တော် ကောက်မော့လိုက်ပြန်တယ်။

ကျွန်တော့်ဝမ်းဗိုက်တစ်ခုလုံး ဘိလပ်ရည်တွေနဲ့ ဖောင်းထလာခဲ့တယ်။ အိမ်သာထဲ ကျွန်တော်ငြိမ်ငြိမ်လေး ထိုင်နေပြီး ပါးစပ်ထဲက လေအတက်ကို စောင့်နေခဲ့တယ်။ ကျွန်တော့်ဗိုက်ထဲ တဖြေးဖြေး လှုပ်ရှားလာခဲ့တယ်။ ဗိုက်ထဲက လေတွေ ရုန်းထလာသလို ခံစားတဲ့ တခဏ…… အေ့…… ကျွန်တော့်နှာခေါင်း၊ ပါးစပ်ထဲကနေ လေတွေ ထိုးထွက်လာခဲ့တယ်။ မျက်ရည်တွေ ဝဲသွားတဲ့အထိ ကျွန်တော် လေတက်နေခဲ့တယ်။ အဲဒီနောက် သက်ပြင်းရှည်ကြီးတစ်ချက် ကျွန်တော်ဆွဲချလိုက်တယ်။

“ဘိလပ်ရည်ကို လေတက်တဲ့အထိ တစ်ဝသောက်ရတဲ့ အပျော်မျိုး ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူးထင်တယ်”

အိမ်သာတံခါးကို ဆွဲဖွင့်ပြီး အပြင်ကို ကျွန်တော်ထွက်လာခဲ့တယ်။ ကောင်းကင်ပေါ်ကနေ လူ့လောကထဲ ကျွန်တော်ပြန် ခြေချသလိုမျိုး နေရောင်ခြည်က ခါတိုင်းထက် ပိုနွေးထွေးနေတယ်လို့ ကျွန်တော်ခံစားမိတယ်။

အိမ်သာထဲ ဘိလပ်ရည်သောက်တုန်းက ဆိုးဝါးတဲ့အိမ်သာနံ့ကို ကျွန်တော်မေ့သွားခဲ့တယ်။ လူ့လောကရဲ့ စိတ်ညစ်မှုတွေကို မေ့သွားခဲ့ပြီး ဒီလောကမှာ ကျွန်တော်အပျော်ဆုံးလို့ ထင်ခဲ့မိတယ်။ အဲဒီအဖြစ်ကို ဒီနေ့ထက်ထိ ကျွန်တော်မှတ်မိနေခဲ့တယ်။

“ဘိလပ်ရည်ကို လေတက်တဲ့အထိ တစ်ဝသောက်ရတဲ့အပျော်မျိုး ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူးထင်တယ်” ဆိုတဲ့စကားကို ကျွန်တော်တစ်ခါထပ်ပြောမိတိုင်း မျက်ရည်ဝဲလောက်အောင် အပျော်တွေက ကျွန်တော့်ရင်ထဲမှာ အုံကြွနေခဲ့တယ်။

ဆင်းရဲဒုက္ခရောက်နေချိန်မှာ လူတွေလည်း ပျော်ရွှင်မှုကို ခံစားနိုင်ပါတယ်။ ထမင်းပူပူ တစ်ပန်းကန်ထဲ ဆီဆမ်းထည့်၊ ငံပြာရည်ထည့်ပြီး အိမ်ရှေ့တံစက်မြိတ်အောက်မှာ မွှေးကြိုင်တဲ့ ဆီထမင်းနယ် စားရတဲ့အရသာကို ကျွန်တော်အမြဲ အမှတ်တရရှိနေခဲ့တယ်။ ထမင်းတစ်စေ့ချင်းထဲမှာတောင် ပျော်ရွှင်တဲ့ ရနံ့တွေ မွှေးကြိုင်နေခဲ့တယ်။

တစ်ခါတလေမှာ ဒီလိုပျော်ရွှင်ခြင်းက အစားအသောက်က လာတာမဟုတ်ဘူး။ စိတ်လွတ်ကိုယ်လွတ် လယ်တောထဲ တစ်ညနေလုံး လဲလျောင်းနေလည်း ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။

တစ်ခါတလေ ခြံထဲကမျိုးထားဖို့ ချန်ခဲ့တဲ့ အပင်တွေကနေ ပန်းပွင့်လာတာလည်း ပျော်ရွှင်ခြင်းတစ်မျိုး ဖြစ်တယ်။

တစ်ခါတလေ အိမ်မှာမွေးထားတဲ့ခွေးမ သားပေါက်ပြီး အရောင်မတူတဲ့၊ အမွေးဖွားခွေးလေးတွေ မွေးဖွားလာတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။

ဘဝရဲ့ပျော်ရွှင်ခြင်းတွေက ပတ်ဝန်းကျင်၊ ရာထူးအနိမ့်အမြင့်၊ ဥစ္စာအနည်းအများနဲ့ မဆိုင်ပါဘူး။ ကိုယ့်စိတ်ကို ပတ်ဝန်းကျင် အနေအထားနဲ့လိုက်ပြီး ဘယ်လိုနေထိုင်မယ်ဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ဥစ္စာပစ္စည်းတွေနဲ့ ပျော်ရွှင်ခြင်းကို ကန့်သတ်လို့ မရပါဘူး။ ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူ၊ ရာထူးမြင့်သူ၊ ရာထူးနိမ့်သူမှာလည်း ပျော်ရွှင်ခြင်းတွေ ရှိနိုင်ပါတယ်။ ပျော်ရွှင်ခြင်းတွေ ကိုယ့်စီဝင်လာအောင် ပျော်ရွှင်ခြင်းတံခါးသော့ကို ဘယ်လိုစိတ်ထားနဲ့ ကိုယ်ဖွင့်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

စင်ကာပူထုတ် "သဇင်မဂ္ဂဇင်း" အတွက် ပို့ခဲ့တဲ့ ဘာသာပြန်လေးပါ။ မေလမှာ ဖော်ပြမဖော်ပြတော့ မသိပါဘူးး)

မူရင်း- ထိုင်ဝမ်စာရေးဆရာ (Lin Ching Xuan) ၏ “ပျော်ရွှင်ခြင်း သော့”

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark