Monday, June 29, 2009

ကျွန်မရဲ့ ဒိတ်လွန်နေ့စွဲများ


တစ်နေ့တစ်နေ့ ဘာအလုပ်များနေမှန်း ကိုယ့်ကိုယ်ကိုလဲ သေချာမသိဘူး။ မနက် (၇)ခွဲ အိမ်ကထွက် ည(၈) နာရီအိမ်ပြန်နဲ့ လူနဲ့နာရီ ပတ်ချာလည်ရိုက်နေတယ်။ စာတွေဖတ်ဖြစ်ပေမယ့် အရင်ကလို စိတ်နစ်ပြီး စာမရေးနိုင်ခဲ့ဘူး။ ဟိုဟာရေးအုန်း၊ ဒီဟာရေးအုန်းလို့ ပြောထားတဲ့လူတွေအတွက်လည်း ရေးချင်သေးတယ်။ ရေးဖြစ်မှာပါ.. နည်းနည်းသီးခံပြီး စောင့်ပေးပါလို့... ဒီညလည်း စာသေချာမရေးဖြစ်ပြန်ဘူး။ တစ်လောက အစ်မအယ်လ်ဘန်ကို လှန်လျောကြည့်ရင်း ကိုယ်ငယ်ငယ်က ပုံတွေတွေ့လိုက်တယ်။ ငယ်ငယ်တုန်းက အစ်မနဲ့ ဓာတ်ပုံတော်တော်များများ ရိုက်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက အငယ်ဆုံး၊ အဆိုးဆုံးဆိုတော့ ဝိုင်းချစ်ကြတယ် ထင်ပါရဲ့။ ငယ်ငယ်က ပုံကိုပြန်ကြည့်ရင် တစ်ချို့ပုံတွေကို မှတ်မိပေမယ့် တစ်ချို့ကို မမှတ်မိဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ဂျစ်တစ်တစ်ရုပ်က ပြောင်းမသွားဘူး။

ပြန်မရနိုင်တော့တဲ့ ကိုယ်ငယ်ငယ်က ပုံတွေကို ဒီဘလော့ဂ်မှာ ပြန်စုထားလိုက်မိတယ်။ ကိုယ့်အတွက် အမှတ်တရပေါ့.....

ဒီပုံက တောင်ကြီးပြောင်းစဖြစ်လိမ့်မယ်။ အဘိုး၊ အဘွား၊ အစ်မနဲ့ ကျွန်မ
(၂)နှစ်သားလောက်ဖြစ်မယ် ထင်တယ်

ဒီပုံက ရွာရောက်သွားတဲ့အရွယ်
ဆိုးလို့ကောင်း၊ ပေလို့ကောင်း၊ အရာရာကို စူးစမ်း စပ်စုတဲ့အရွယ်
အဘိုးတို့ ခြံမှာ ဦးလေးနဲ့အတူ ရိုက်ထားတာကို မှတ်မိတယ်
ပုံစံကတော့ မပြောင်းဘူး .. စနေငပေ မိုက်ကန်းသည်ပေါ့း)

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, June 28, 2009

ချစ်ခြင်းရဲ့ပေါင်းသင်းခြင်း ဒဿန


အတိတ်..... အကြင်နာတွေနဲ့ ပြည့်ခဲ့တဲ့အတိတ်က ပြန်ပြောင်းအောင်းမေ့တိုင်း လူကိုကြည်နူးစေတယ်။ အနာဂတ်... ပျော်ရွှင်ခြင်းနဲ့ အပြန်အလှန် ပေါင်းသင်းမှီခိုတတ်ရမယ်။

ကိုယ့်အတိတ်ကို တန်ဖိုးထားတတ်သူကမှ စစ်မှန်တဲ့အချစ်နဲ့ ကိုယ့်ကို ချစ်မြတ်နိုးနိုင်မှာဖြစ်တယ်။

တကယ်တော့ ဘယ်လိုချစ်ခြင်းမေတ္တာမျိုးမဆို ကျန်းကျန်းမာမာရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်လွဲမှားမှုက အချင်းချင်းဆက်ဆံမှုကို မကျန်းမမာဖြစ်အောင် လုပ်ခဲ့တယ်။ ဒါကြောင့် ကိုယ်တို့မှာ "ခွင့်လွတ်ခြင်း" ဆိုတဲ့ ဆေးကိုသုံးပြီး ကျန်းမာအောင် အမြဲဂရုစိုက်ခဲ့ရတယ်။

အခုခေတ်လူငယ်တွေမှာ ချစ်စရာဓလေ့ တစ်ခုရှိတယ်။ အဲတာက သူတို့ရဲ့ပွင့်လင်းမှုဖြစ်တယ်။ ပွင့်လင်းလွန်းလို့ တစ်ချို့ကိစ္စ၊ နေရာတွေမှာ လူကြီးတွေတောင် ခံစားလို့မရနိုင်ခဲ့ဘူး။ စေတနာပါတဲ့ စကား၊ စစ်မှန်တဲ့ ပွေ့ဖက်မှုတွေနဲ့ Generation gap ကို ပပျောက်စေချင်ပါတယ်။

မိဘတွေရဲ့ ထိန်းသိမ်း၊ ကန့်သတ်မှုနည်းချင်ရင် ကိုယ်ကိုယ်တိုင် အရင်ဆုံးကောင်းအောင် လုပ်သင့်တယ်။ မိဘတွေကို စိတ်မပူစေချင်ရင် ကိုယ်ကိုယ်တိုင် ယုံကြည်စိတ်ချအောင် နေသင့်တယ်။ ကိစ္စအသေးအမွှားကစ တာဝန်သိတတ်မှုအထိ တစ်ဖြည်းဖြည်း သင်ယူသင့်တယ်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ မိဘတွေနဲ့အတူ မျှဝေခံစားသင့်တယ်။

ချစ်ခြင်းရဲ့ကြား အတိုက်အခိုက်တွေက အလေ့အကျင့်တွေ တစ်ဖြည်းဖြည်း စုပုံပြီးမှ ဖြစ်လာခဲ့တာဖြစ်တယ်။ ဒီလိုအကျင့်တွေ ဘယ်အချိန်က ဖြစ်လာခဲ့သလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် လေ့လာမိကြမှာ မဟုတ်ဘူး။ သည်းခံဖို့တစ်ယောက်က ရွေးချယ်နေချိန်မှာ တစ်ယောက်က ကြမ်းကြမ်းတမ်းတမ်း ပြန်ဆက်ဆံတယ်။ ဒါတွေက အလေ့အကျင့်ပဲဖြစ်တယ်။ သဲအိမ်လို သဲတွေနဲ့ နည်းနည်းချင်း ဆောက်ထားတဲ့ ပျော်ရွှင်မှုတွေက အဲဒီအလေ့အကျင့်တွေကြောင့် ပျက်သွားတတ်တယ်။

ကိုယ်ပျော်ရွှင်မှ ကိုယ့်ကိုယ်ချစ်တဲ့လူ ပျော်ရွှင်နိုင်ဖို့ စွမ်းဆောင်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် မမေ့သင့်တာ တစ်ခုက သူတစ်ပါးနာကျင်မှ ကိုယ်ပျော်မယ့် ပျော်ရွှင်မှုမျိုးကို အတတ်နိုင်ဆုံးရှောင်ရမယ်။ တကယ်လို့ တစ်ဖက်သားကို တကယ်ချစ်ရင် လေးစားရမယ်၊ သူ့ရွေးချယ်မှုကို အလေးထားရမယ်။ သူပျော်ရွှင်အောင် ထားရမယ်။

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုက ချစ်ခြင်းရဲ့ စည်းချက်ကျတဲ့အာရုံ (Sense of rhythm)ကို အမိအရ ဖမ်းယူတတ်ဖို့ဖြစ်တယ်။ နောက်ပြီး အဲဒီစည်းချက်နဲ့အတူ စည်းဝါးလိုက်ပြီး ခြေလှမ်းမှန်မှန်နဲ့ ရပ်သင့်တဲ့နေရာရပ်၊ ဆက်သင့်တဲ့နေရာဆက်၊ ရှေ့တိုးသင့်တိုး၊ နောက်ဆုတ်သင့်ဆုတ်တတ်ဖို့ ကိုယ့်ကို အသိပေးရမယ်။

ဘယ်လောက် ထုထည်ကြီးတဲ့ ချစ်ခြင်းမျိုးဖြစ်ဖြစ် တဗျစ်တောက်တောက် ပြောဆိုမှုဒဏ်ကို မခံနိုင်ကြဘူး။ "ကျေးဇူးတင်ပါတယ်" "ချစ်တယ်" ဆိုတဲ့စကားတစ်ခွန်းက အရာရာကို အောင်နိုင်စေပါတယ်။

ခြောက်ပစ်ကင်းတဲ့လူ မရှိပါဘူး။ ပျော်ရွှင်ခြင်းမှာ လမ်းကြောင်းလွဲသွားတာမျိုး မရှိပါဘူး။ တစ်ချိန်တည်းမှာ အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်မစွမ်းဆောင်နိုင်သလို၊ အများကြီးတောင်းဆိုဖို့ ကိုယ့်မှာအင်အားမရှိဘူးလို့ သိတဲ့လူက ရင့်ကျက်သူဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် နှစ်ဦးနှစ်ဖက် နာကျင်ရတယ်။

တကယ်လို့ နှစ်ဦးနှစ်ဖက်စလုံး အတွေး၊ အမြင်သစ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် မဆက်ဆံ၊ မပြောဆိုနိုင်ခဲ့ဘူးဆိုရင် ပြန်လည်ပေါင်းသင်းချိန်မှာ အင်အားသစ်တွေ ဆုံးရှုံးရလိမ့်မယ်။ လေထဲက ဖယောင်းတိုင်လေးလို မီးငြိမ်းလွယ်ပြီး ပြန်ထွန်းညှိရခက်လိမ့်မယ်။

မှန်မှန်ကန်ကန် ရှင်သန်ပြီး ချစ်ခြင်းကို သတ္တိရှိရှိရှာဖွေနေတဲ့ မိန်းကလေးမျိုးက ကောင်းကွက်၊ ဆိုးကွက်နည်းနည်းစီရှိတဲ့ ယောက်ျားမျိုးကို နှစ်သက်တတ်တယ်။ ကိုယ်ရွေးခဲ့တဲ့ယောက်ျားရဲ့ ကောင်းကွက်ထဲကနေ ကိုယ့်ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်းကို သိနိုင်ပြီး ဆိုးကွက်ထဲကနေ ကိုယ့်ရဲ့ခွင့်လွတ်နားလည်တတ်တဲ့စိတ်ကို ဖော်ပြတာဖြစ်တယ်။

လေးလေးနက်နက်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်မှာ ဖျောက်ဖျက်လို့မရတဲ့ စွဲလမ်းမှုတစ်မျိုးရှိတယ်။ တစ်ဖက်သား သစ္စာဖောက်တာကို ဘယ်လိုမှ လက်ခံနားလည်မပေးနိုင်သလို သစ္စာဖောက်ပြီလို့ သိတာနဲ့တပြိုင်နက် သူကဦးအောင် လမ်းခွဲလိုက်တယ်။ ဘယ်တော့မှလည်း နောက်ပြန်လှည့်တော့မှာ မဟုတ်ဘူး။

အချင်းချင်းချစ်ကြသူတွေက ပွင့်လင်းရမယ်လို့ တစ်ယောက်ကိုတစ်ယောက် တောင်းဆိုတတ်ကြတယ်။ ချစ်သူတွေကြားမှာ "မဖုံးမကွယ်" တဲ့အရာတွေများပေမယ့် ငွေကြေးတွေနဲ့ ပတ်သက်တဲ့သဘောထား၊ စိတ်ကျေနပ်မှု ရှိမရှိဆိုတာကိုတော့ လျှို့ဝှက်ထားတတ်ကြတယ်။

ယောက်ျားတွေက မိန်းကလေးတွေရဲ့ တစ်ညတာရူးသွပ်ပျော်ရွှင်မှုကို စုထားတတ်ကြတယ်။ မိန်းကလေးတွေက ယောက်ျားလေးရဲ့တစ်သက်တာအချစ်ကို စုဆောင်းထားတတ်ကြတယ်။

အိမ်ထောင်သက်ကြာပြီး အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက ငယ်ရွယ်နုပျိုစင်မှာ ချစ်ခဲ့ကြတဲ့ Roller coaster စီးသလိုမျိုး စိတ်လှုပ်ရှားထကြွတဲ့ အချစ်ကို မမေ့တတ်ကြသလို၊ ဘဝခရီးတစ်လျှောက် နှစ်ယောက်အတူ မျှဝေခံစားခဲ့တဲ့ အကောင်းအဆိုးကိုလည်း မမေ့တတ်ကြဘူး။

ပျော်ရွှင်ခြင်းမှာ အသံရှိတယ်။ လူတွေနိုးကြားတဲ့အချိန်မှ အဲဒီအသံကို ကြားနိုင်မှာဖြစ်တယ်။ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ဥာဏ် နိုးကြားချိန်မှ တစ်ဖက်သားကို စိတ်ချလက်ချချစ်နိုင်မယ်။ ဒါမှ ပျော်ရွှင်ခြင်းကို အချိန်ကြာကြာ သိုလှောင်ထားနိုင်မှာဖြစ်တယ်။

အင်တာနက်ပေါ်က ဖတ်ရတဲ့ (愛的人生相處哲學) စာတစ်ပုဒ်ကို နားလည်သလို ဆီလျှော်အောင် ဘာသာပြန်လိုက်ပါတယ်။ ဒီလိုစာမျိုးကို ကျွန်မအတွက် ဘာသာပြန်ရတာ အရမ်းခက်ပါတယ်။ ဒါပေမယ့် စမ်းကြည့်လိုက်တယ်.. နားမလည်ခဲ့ရင် ဆောရီးပါလို့...း)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ငါးဟင်းချို


ကျွန်မအဖေက လယ်သမား တံငါသည်ဆိုတော့ ငါးနဲ့ပတ်သက်လာရင် ကျွန်မအတွက် သိပ်မစိမ်းဘူးလို့ ဆိုရမယ်။ အဖေက လယ်ထဲသွားရင်း မြုံးတွေ၊ ပိုက်တွေထောင်ခဲ့တတ်လို့ ကျွန်မငယ်ငယ်တုန်းက အိမ်မှာဆို ငါး၊ ငါးရှဥ့်ပြတ်တယ်ဆိုတာ မရှိဘူး။ အဖေ ငါးပိုက်တန်းပြန်လာပြီဆို ကျွန်မအပျော်ဆုံးပေါ့။ ပိုက်မှာမိလာတဲ့ ငါးတွေကို အဖေနဲ့ဝိုင်းကူဖြုတ်ရလို့.. အဲဒီတုန်းက ကင်မရာသာရှိခဲ့ရင် ခုလောက်ဆို အဖေ့ငါးပိုက်လဲ ဘလော့ပေါ်ရောက်နေလောက်မယ် :P ဒါကြောင့် ကျွန်မငါးကြိုက်ခဲ့တယ် (ဆိုင်မဆိုင်တော့ မသိဘူး)

ရေဘဝဲကလွဲရင် ညှီတဲ့ပင်လယ်ငါးတွေကို ကျွန်မသိပ်မကြိုက်ဘူး။ ချောင်းငါးဆိုရင် ကျွတ်ကျွတ်ပဲကြော်မလား၊ ကြော်ပြီး ခရမ်းချဉ်သီးနဲ့ချက်မလား၊ ဟင်းချိုလုပ်သောက်မလား... ကျွန်မကြိုက်တယ်။ ခုလည်း သူငယ်ချင်းတစ်ယောက် ချက်ကျွေးတဲ့ ငါးဟင်းချိုနည်းကို ကျွန်မလို ငါးကြိုက်တဲ့လူတွေအတွက် မျှကျွေးလိုက်ပါတယ်။ ချက်နည်းကလွယ်လွယ်လေးပါ။ ဓာတ်ပုံနှစ်ပုံ ရိုက်စာလောက် လွယ်လွန်းတယ်။

လိုအပ်တဲ့ပစ္စည်းတွေက ပုံထဲမြင်ရတဲ့အတိုင်း ငါး၊ ဂျင်း၊ စပါလင်၊ ကြက်သွန်နီ/ဖြူ၊ ရှမ်းပဲပုတ်၊ မန်းကျည်သီး၊ ရှောက်ရွက်၊ နံနံပင်နဲ့ ငရုတ်သီးစိမ်းတွေဖြစ်ပါတယ်။ အမွှေးအကြိုင်တွေ မရှိလို့ မထည့်ဘူးဆိုရင်လည်း ရပါတယ်။ အဓိကက ငါးမညှီအောင်ဆိုတော့ စပါလင်၊ ကြက်သွန်နီ/ဖြူနဲ့ ဂျင်းပဲထည့်မယ်ဆိုရင်လည်း လုံလောက်ပါတယ်။

လုပ်နည်းက -
လိုအပ်တဲ့ ဟင်းရည်ပေါ်မှုတည်ပြီး ရေတည်လိုက်တယ်။
တည်ထားတဲ့ရေထဲ အဆာပလာတွေ လှီးဖြတ်ပြီးထည့်လိုက်တယ်။
ပဲပုတ်ကိုမီးကင်ပြီး ထောင်းထည့်တယ်။
မန်ကျည်းသီး ဖျော်ထည့်တယ်။
ရေဆူလာရင် ဆား၊ ဟင်းချိုမှုန့်နဲ့ ငါးထည့်လိုက်တယ်။ (ရေဆူမှ ငါးထည့်ရင် မညှီပါဘူး)
ငါးကွေးရင် ကျက်ပြီးဆိုတော့ နောက်ဆုံးမှ လိုအပ်တဲ့ အငန်၊ အစပ်၊ အချဉ်မြည်းပြီး နံနံပင်ထည့်လိုက်ရင် အောက်က စားချင်စဖွယ် ငါးဟင်းချိုလေး ထွက်လာပါတယ်း)

ဆီတွေ၊ ဆနွင်းတွေ ဘာမှထည့်စရာမလိုဘူး။ ဆီက ငါးထဲကနေ ထွက်လာပြီးသားပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အပြင် ချက်ပြုတ်ရတာလည်း အချိန်သိပ်ပေးစရာ မလိုတဲ့ ငါးဟင်းချို ပူပူနွေးနွေးကို သောက်ပြီး တနင်္ဂနွေအားလပ်ရက်မှာ ဇိမ်ခံအနားယူကြရအောင် ....... :D

(ဟင်းရည်အေးသွားရင် ညှီနံရတတ်ပါတယ်။ ဒါကြောင့် သောက်ခါနီးရင် ဟင်းရည်ကို ပြန်နွေးပေးတာ အကောင်းဆုံးပါ)

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, June 27, 2009

တွေးတွေးပြီးရယ်


(၁)
ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။

"လိပ်ခေါင်းရှိသလား!"

ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ" ဟူတည်း။

(၂)
လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။ သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့တယ်။ ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။ နောက်သေတ္တာတစ်ခုကို ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။ သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။

နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။ သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး သူခိုးမေ့လဲသွားခဲ့တယ်။ သတင်းစာပေါ် ရေးထားတာက...

"ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ်လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်"

(၃)
တရားသူကြီးက သက်သေထွက်ဆိုမယ့်သူကို မှာတယ်။

"တရားရုံးမှာ စစ်ဆေးမေးမြန်းတဲ့အချိန် မလိမ်ညာရဘူး။ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်တာကိုပဲ ပြောရမယ်။ တစ်ခြားလူပြောတာကို မပြောရဘူး။ နားလည်လား!"

"ဟုတ်ကဲ့.. နားလည်ပါတယ်"

"ကောင်းပြီ... မောင်ရင်ရဲ့ မွေးနေ့နဲ့ မွေးဖွားရာဇာတိကို အရင်ပြောပါ"

"တရားသူကြီးမင်း.. ဒါကို ကျွန်တော်ပြောလို့မဖြစ်ဘူး။ အဲဒီတွေကို ကျွန်တော့်အမေကတစ်ဆင့် ကျွန်တော်သိခဲ့ရတာမို့ပါ"

(၄)
ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။

တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။ မိတ်ဆွေက သူ့ကို "ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ" (မိန်းမဆုံးသွားတာကို ရည်ညွှန်းပြီးပြောတာ ဖြစ်တယ်)

ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ.. ကျွန်တော်အစတည်းက သိတယ်။ သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း အပေါက်တစ်ပေါက်ပါသေးတယ်။ အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။ ဒါကြောင့်ခုလို ဖြစ်သွားရတာ"

ဆဲဆိုပုတ်ခတ်တဲ့သူ မရှိရင် နည်းနည်းညစ်တဲ့ ဟာသလေးတစ်ခု ပြောပြချင်ပါတယ်.. ရယ်ရလို့ပါ :X

(၅)
တစ်နေ့မှာ ရှင်ဘုရင်တစ်ပါး တိုင်းခန်းလှည့်လှည်ဖို့ ပြင်ဆင်တော့ လှပချောမောပြီး၊ ကာမဂုဏ်ကြီးတဲ့ မိဖုရားကို စိတ်မချဖြစ်နေခဲ့တယ်။ မှူးမတ်တွေနဲ့ မိဖုရားလျှောက်မလုပ်အောင် မိဖုရားရဲ့ private နေရာမှာ အထူးစီမံထားတဲ့ ညှပ်တစ်ခု ထည့်ထားလိုက်တယ်။ အဲဒီညှပ်က အရာဝတ္ထုကို ပြတ်အောင်ညှပ်နိုင်တဲ့ ညှပ်ဖြစ်တယ်။ ဒီလိုနဲ့ရှင်ဘုရင် စိတ်ချလက်ချ တိုင်းခန်းလှည့်လည်ခဲ့တယ်။

တစ်ပတ်အကြာ တိုင်းခန်းလှည့်လည်ရာက ပြန်လာပြီးနောက် မှူးမတ်တွေကိုခေါ်ပြီး ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်အားလုံးကို အဝတ်ချွတ်ပြီး ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်တိုင်းရဲ့ private နေရာက ပြတ်နေတာကို တွေ့လိုက်တယ်။ နောက်ဆုံးကျန်တဲ့ မှူးမတ်တစ်ယောက်တည်း အကောင်းပကတိ ဖြစ်တာကိုတွေ့တော့ ရှင်ဘုရင်က သစ္စာရှိတဲ့မှူးမတ်၊ ယုံကြည်ရတဲ့မှူးမတ်ဆိုပြီး ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မှူးမတ်ကို အလိုရှိရာတောင်းဆိုဖို့ ဘုရင်က ပြောပေမယ့် မှူးမတ်က ဘာမှမပြောခဲ့ဘူး။ နောက်ဆုံး ဘာဖြစ်လို့ မတောင်းဆိုတာလဲလို့ ဘုရင်က စိတ်မရှည်စွာနဲ့မေးမှ မှူးမတ်က စကားပြောဖို့ ပါးစပ်ဟလိုက်တယ်။ ဒါပေမယ့် မှူးမတ်ပါးစပ်ထဲကလျှာ တစ်ဝက်ပြတ်နေတာကို ဘုရင်ကြီးတွေ့လိုက်တယ်။

အွန်လိုင်းပေါ်မှာ ဟာသများကို နိုင်းနိုင်းစနေ ရှာဖွေ၊ ဘာသာပြန်တင်ဆက်သည်း)


Share/Bookmark

ခဲတံအကျိုး



အပြည့်ဖြည့်မယ် ကြံရွယ်တိုင်း
ခဲတံက ကျိုးကျိုးသွားခဲ့တယ်

(ဘာရယ်မဟုတ်ပါဘူး.. မြင်ဖူးတာလေး လက်ဆော့ကြည့်တား)

နိုင်းနိုင်းစနေ


Share/Bookmark

Friday, June 26, 2009

စာအုပ်ထဲက ပုံပြင်များ


(၁)

ပထမဆုံးအကြိမ် လကမ္ဘာပေါ် ခြေချသူနှစ်ဦးရှိခဲ့တယ်။ အားလုံးသိကြတဲ့ Neil Armstrong‎ အပြင် နောက်တစ်ယောက်က Buzz Aldrin ဖြစ်တယ်။ အဲဒီတုန်းက Neil Armstrong‎ စကားတစ်ခွန်းပြောခဲ့တယ်။ အဲဒီစကားက ဒီနေ့ချိန်ထိ ဆိုရိုးစကားအဖြင့် သုံးခဲ့ကြတယ်။


"ကျွန်တော်ရဲ့ခြေလှမ်းငယ်တစ်လှမ်းက ကမ္ဘာပေါ်က လူတွေအတွက် ခြေလှမ်းကြီးတစ်လှမ်း ဖြစ်ခဲ့တယ်"

လကမ္ဘာရောက်သူတွေရဲ့ အောင်မြင်မှုဂုဏ်ပြုတဲ့ပွဲမှာ သတင်းထောက်တစ်ဦးက Buzz Aldrin ကို အဖြေရကျပ်တဲ့ မေးခွန်းတစ်ခု မေးလိုက်တယ်။

"Armstrong‎ လကမ္ဘာပေါ် အရင်ခြေချခဲ့လို့ လကမ္ဘာရောက် ပထမဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒီအတွက် ခင်ဗျာဝမ်းမနည်းဘူးလား"

ပရိသတ်တွေရဲ့ သိလိုတဲ့အကြည့်အောက်မှာ Buzz Aldrin က တည်တည်ငြိမ်ငြိမ် ပြန်ဖြေခဲ့ပါတယ်။

"ကမ္ဘာမြေပေါ်ပြန်ရောက်တဲ့အချိန် အာကာသယာဉ်ကနေ ကျွန်တော်အရင်ဆုံး ထွက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က တစ်ခြားကမ္ဘာကနေ ကမ္ဘာမြေပြင်ပေါ် ပထမဆုံး ခြေချခဲ့သူဖြစ်တယ် ဆိုတာကိုလည်း မမေ့နဲ့ပေါ့ဗျာ..."

ပရိသတ်ရဲ့ ရယ်မောသံနဲ့အတူ အားရကျေနပ်တဲ့ လက်ခုပ်သံတွေ ဟိန်းထွက်လာခဲ့တယ်။

လုပ်ဖော်ကိုင်ဖက်ရဲ့ အောင်မြင်မှုကို သင်လေးစား၊ တန်ဖိုးထားခဲ့ဖူးပါသလား?
သူ့အတွက် ကိုယ့်လက်ခုပ်သံကို ပေးခဲ့ဖူးပါသလား?
အောင်မြင်မှုမှာ သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုတဲ့ အတ္တတွေနဲ့ ခွဲခြားသတ်မှတ်စရာ မလိုပါဘူး။ အဖွဲ့ရဲ့အောင်မြင်မှုက ကိုယ့်အောင်မြင်မှုပဲဖြစ်တယ်။

(၂)

စိတ်ပညာရှင်တစ်ဦးက (၇)နှစ်အရွယ် ကလေးနှစ်ယောက်ကိုရှာပြီး စိတ်ပညာစမ်းသပ်ခဲ့တယ်။ Tom က အိမ်မှာ မွေးချင်း(၆)ယောက်ရှိတဲ့၊ ဆင်းရဲသား မိသားစုကလာတဲ့ ကလေးဖြစ်တယ်။ Andy က ချမ်းသာတဲ့ ဆရာဝန်တစ်ဦးရဲ့ တစ်ဦးတည်းသောသားဖြစ်တယ်။ ပညာရှင်က ကလေးနှစ်ယောက်ကို ခေါ်ပြီး ပန်းချီကားတစ်ချပ် ပြခဲ့တယ်။ ပန်းချီကားက ယုန်ကလေးတစ်ကောင် ထမင်းစားပွဲမှာထိုင်ပြီး ငိုနေတဲ့ပုံဖြစ်တယ်။ စားပွဲဘေးမှာ မျက်နှာတင်းနဲ့ ယုန်မေမေရပ်နေတယ်။ စိတ်ပညာရှင်က ကလေးနှစ်ယောက်ကို ပန်းချီကားရဲ့ အဓိပ္ပါယ်မေးခဲ့တယ်။

ပန်းချီကားကိုကြည့်ပြီး Tom က "ယုန်ကလေးငိုနေတာက ဗိုက်မဝသေးလို့ဖြစ်တယ်။ အစာထပ်စားချင်ပေမယ့် အိမ်မှာစားစရာ မကျန်တော့ဘူး။ ဒါကြောင့် ယုန်မေမေ စိတ်မကောင်းဖြစ်နေခဲ့တယ်" လို့ ချက်ချင်းပြန်ဖြေတယ်။

"ဒီလိုမဟုတ်ဘူး" Andy က ကြားဝင်ပြီး

"ယုန်ကလေးငိုနေတာ အစားကို ထပ်မစားချင်တော့လို့ ဖြစ်တယ်။ ဒါပေမယ့် သူ့မေမေက အတင်းစားခိုင်းနေလို့ ငိုနေတာဖြစ်တယ်" လို့ပြောတယ်။


ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းဖူးတဲ့ဘဝတွေ မတူတော့ အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့အကြည့်တွေလည်း ခြားနားခဲ့တယ်။ မတူညီတဲ့ ရှုထောင့်ကနေ ကြည့်တတ်ရင် မတူတဲ့ အတွေ့အကြုံတွေကို ရနိုင်တယ်။ ဒါကြောင့် ဘက်ပေါင်းစုံကနေပြီး မတူတဲ့လူ၊ မတူတဲ့အရာဝတ္ထု၊ အဖြစ်အပျက်တွေကို လက်ခံနိုင်အောင် ကြိုးစားပြီး တစ်ဦးကိုတစ်ဦး လေးစားကြည်ညို၊ ခွင့်လွတ်နားလည်၊ ကိုယ်ချင်းစာပေးသင့်တယ်။

စင်ကာပူဒေါ်လာ ၃၆.၈ နဲ့ဝယ်ခဲ့တဲ့ ပုံပြင် (၃ဝဝ) စာအုပ်ထဲကဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, June 25, 2009

လမ်းခွဲပြီး (၁ဝ)နှစ်


ယဉ်ယဉ်နဲ့ကျွန်တော် လမ်းခွဲဖို့ကို ကံတရားက ကြိုတင်ဖန်တီးထားပုံရတယ်။ ယဉ်ယဉ်က မိန်းမကောင်းတစ်ဦးပါ။ သူရဲ့အပြောအဆို၊ အနေအထိုင်တွေက ပြောစရာမရှိခဲ့ဘူး။ ယဉ်ယဉ်နဲ့ လမ်းခွဲခဲ့လို့ ကျွန်တော့်ကိုတုံးအတယ်ဆိုပြီး လူတွေရယ်ကြမှာ ကျွန်တော်သိတယ်။ ယဉ်ယဉ်ကို မခွဲရက်ပေမယ့် လမ်းခွဲဖို့ ကျွန်တော်ကပဲစပြီး ရွေးချယ်ခဲ့ပါတယ်။

လမ်းခွဲပြီး ပထမရက်
ယဉ်ယဉ်အိပ်ရထ နောက်ကျခဲ့တယ်။ အိပ်ခန်းထဲ အဆောင်မှူးဝင်ကြည့်တိုင်း ယဉ်ယဉ်ခေါင်းမြီးခြုံ အိပ်နေတာကိုတွေ့တယ်။ ကုတင်ပေါ်မှာ မလှုပ်မယှက် ယဉ်ယဉ်လဲလျောင်းနေခဲ့တယ်။ ယဉ်ယဉ်ကိုကြည့်ပြီး အဆောင်မှူး သက်ပြင်းတစ်ချက် ချလိုက်တယ်။ ပြီးတော့ အခန်းတံခါးကို အသာလေးပိတ်ပြီး လှည့်ထွက်သွားခဲ့တယ်။ နေ့ခင်း (၁၁)နာရီထိုးမှ ယဉ်ယဉ်အိပ်ရာထခဲ့တယ်။ ဒီနေ့ သူအတန်းတက်ဖြစ်မှာ မဟုတ်ဘူး။ သန့်စင်ခန်းထဲက မှန်ပေါ်မှာ ယဉ်ယဉ်ရဲ့ ညှိုးနွမ်းတဲ့မျက်နှာကို အတိုင်းသားမြင်နေရတယ်။ သူ့မျက်ထောင့်မှာ မျက်ရည်ဥတွေ တွဲခိုနေတုန်းပဲ။ အဲဒီနေ့က ယဉ်ယဉ် ထမင်းတစ်စေ့မှာ စားမဝင်ခဲ့ဘူး။

လမ်းခွဲပြီး ဒုတိယရက်
မျက်နှာကို မှုန်နေအောင် လိမ်းခြယ်ပြီး အရက်ဘားတစ်ခုဆီ ယဉ်ယဉ်ထွက်ခဲ့တယ်။ ဘားတစ်နေရာမှာ ထိုင်ပြီး အမည်မသိတဲ့ အပြင်းစားအရက်တွေကို ယဉ်ယဉ်သောက်နေခဲ့တယ်။ တစ်ခွက်ပြီးတစ်ခွက်….. ခဏလေးအတွင်း ယဉ်ယဉ်ရှေ့မှာ ဖန်ခွက်လွတ်တွေ ပြည့်နေခဲ့တယ်။ ကောင်းတဲ့အကြံအစည်ရှိပုံ မရတဲ့ ယောက်ျားသားတစ်ဦးက ယဉ်ယဉ်ဘေးနားကပ်ပြီး “အရမ်းလှတယ်” လို့ပြောတယ်။ အဖေအရွယ်ရှိတဲ့ လူကြီးကို ရီဝေဝေမျက်လုံးနဲ့ ယဉ်ယဉ်ပြန်ကြည့်လိုက်တယ်။

“ကောင်မလေး… မူးနေပြီလား.. အစ်ကိုအိမ်ပြန်ပို့ပေးမယ်လေ”

“ကောင်းပြီလေ”

လူကြီးရဲ့အပြောကို ယဉ်ယဉ်ခပ်မဲ့မဲ့ပြန်ဖြေရင်း သောက်လက်စ အရက်နဲ့မျက်နှာကို ပက်ထည့်လိုက်တယ်။

ထင်မှတ်မထားတဲ့ အပြုအမှုမို့ လူကြီးရှက်ရမ်းရမ်းပြီး ယဉ်ယဉ်ကို ရိုက်ဖို့လက်ရွယ်လိုက်ချိန် ယဉ်ယဥ့်သူငယ်ချင်းတွေ ရောက်လာပြီး ဝိုင်းဆွဲလိုက်ကြတယ်။ သူငယ်ချင်းတွေက ယဉ်ယဉ်ပျောက်လို့ လိုက်ရှာသူတွေဖြစ်တယ်။

“ယဉ်ယဉ်… မလုပ်နဲ့ နင်ဒီလိုကြေကွဲနေတာကိုတွေ့ရင် ငါတို့လည်း ခံစားရတယ်”

သူငယ်ချင်းတွေရဲ့ ပြောစကားကို ယဉ်ယဉ်ဂရုမစိုက်ခဲ့ဘူး။ နောက်ဆုံး သူငယ်ချင်းတွေက ယဉ်ယဉ်ကို ဘားကနေဆွဲထုတ်ပြီး ကားပေါ်ခေါ်တင်ခဲ့ကြတယ်။

အရက်ဘားက ဖြစ်ပျက်ခဲ့တာတွေ ကျွန်တော်သိနေခဲ့တယ်။ အဲဒီအချိန်တုန်းက ဘားရဲ့မှိန်ဖျော့ဖျော့ ထောင့်တစ်နေရာမှာ ကျွန်တော်ရှိနေခဲ့တယ်။ ယဉ်ယဉ်ကို အစအဆုံး ကျွန်တော်ကြည့်နေခဲ့တယ်။

လမ်းခွဲပြီး (၄)ရက်မြောက်နေ့
ဆေးရုံကုတင်ပေါ်မှာ ယဉ်ယဉ်လဲနေတာ (၂)ရက်ရှိပြီ။ အရက်မူးတဲ့ညကစ ဒီနေ့အထိ ယဉ်ယဉ်မနိုးခဲ့သေးဘူး။ နှုတ်ကလည်း ကယောင်ကတမ်း ကျွန်တော့်နာမည်ကို အော်နေတယ်။

လမ်းခွဲပြီး (၆)ရက်မြောက်နေ့
ဆေးရုံကို ကျွန်တော်တိတ်တိတ်လေး ရောက်လာခဲ့တယ်။ ကုတင်ရှေ့မှာရပ်ပြီး ဖြူဖွေးနေတဲ့ အိပ်ရာခင်းနဲ့အပြိုင် ဖြူရော်နေတဲ့ ယဉ်ယဥ့်မျက်နှာကို ငေးကြည့်နေခဲ့တယ်။ ငြိမ်ငြိမ်သက်သက်နဲ့ တစ်ညလုံး သူ့ကိုထိုင်ကြည့်နေခဲ့တယ်။ သူသတိရလုလုဖြစ်မှာ ကျွန်တော်တိတ်တိတ်လေး ပြန်ထွက်လာခဲ့တယ်။

လမ်းခွဲပြီး (၇)ရက်မြောက်နေ့
ယဉ်ယဉ် ဆေးရုံကဆင်းတယ်။ ဆေးရုံဆင်းပြီးနောက် ယဉ်ယဉ်ရဲ့ပထမဆုံးလုပ်ရပ်က သန့်စင်ခန်းထဲမှာ ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတာဖြစ်တယ်။ အချိန်အကြာကြီးနေမှ သန့်စင်ခန်းထဲက ယဉ်ယဉ်ထွက်လာတယ်။ ယဉ်ယဥ့်အပေါင်းဖော်တွေ သန့်စင်ခန်းထဲဝင်ကြည့်တော့ အခန်းတစ်ခုလုံး ပြောင်လက်နေတာတွေ့ရတယ်။ စိတ်ပေါက်ပေါက်နဲ့ အခန်းထောင့်စွန်းတွေပါမကျန် ယဉ်ယဉ်တိုက်ခဲ့ပုံရတယ်။

အမြဲတပြုံးပြုံးနဲ့ ဖော်ဖော်ရွေရွေနေတတ်တဲ့ ယဉ်ယဉ်တစ်ယောက် အခုတော့ စကားနည်းပြီး တငေးတငိုင်ဖြစ်နေခဲ့တယ်။ ကျွန်တော့်ကိုရော ကျွန်တော်နဲ့ပတ်သက်ခဲ့သမျှ အတိတ်တွေကို သူမမေ့ဘူးဆိုတာ သူမျက်လုံးက ဖော်ပြနေခဲ့တယ်။ ဒါကို သူ့ သူငယ်ချင်းတွေလည်း သိတယ်။

ကျွန်တော့်ကိုလွမ်းဆွတ်တဲ့စိတ်ကို စာထဲမှာပဲ ယဉ်ယဉ်ထည့်မြှုပ်ခဲ့တယ်။ အားလပ်ချိန်တွေကို စာကြည့်တိုက်မှာပဲ သူဖြုန်းခဲ့တယ်။

လမ်းခွဲပြီး (၂)နှစ်
ပထမနှစ်ရဲ့ ကျောင်းသားခေါင်းဆောင်အဖြစ် ယဉ်ယဉ်ရွေးချယ်ခံခဲ့ရတယ်။ ဒီလိုအရွေးခံရဖို့ သိပ်မလွယ်မှန်း ကျွန်တော်သိတယ်။ ခေါင်းဆောင်တစ်ယောက်မှာ ကြီးလေးတဲ့တာဝန်ရှိတယ် ဆိုတာကို ယဉ်ယဉ်လည်းသိတယ်။ ဒါကြောင့် သူကြိုးစားသင်ယူခဲ့တယ်။

တတိယနှစ်အရောက်မှာ ဂုဏ်ထူးတန်းဝင်ဖို့ ယဉ်ယဉ်ပိုကြိုးစားခဲ့တယ်။ အဲဒီကြိုးစားမှုကြောင့် မေဂျာတစ်ခုလုံးရဲ့ စံပြကျောင်းသူဖြစ်ခဲ့တယ်။ ကျောင်းပြီးတာနဲ့ အလုပ်ဝင်ဖို့ ကုမ္ပဏီတစ်ချို့က သူကျောင်းမပြီးခင်ကတည်းက စာချုပ်လာချုပ်ထားပြီးဖြစ်တယ်။

လမ်းခွဲပြီး (၃)နှစ်
နာမည်ကြီး တက္ကသိုလ်တစ်ခုမှာ ယဉ်ယဉ် လျောလျောရှူရှူဝင်ခွင့်ရပြီး ဂုဏ်ထူးတန်းကို ဆက်လက်သင်ကြားခွင့်ရခဲ့တယ်။ ယဉ်ယဥ့်ဘေးမှာ ကျွန်တော်ထက်သာတဲ့ ပိုးပန်းသူတွေ မနည်းခဲ့ဘူး။ ဒါပေမယ့် “မိုးသောက်တိမ်” တစ်ယောက်ကလွဲရင် ဘယ်သူ့ကိုမှ ယဉ်ယဉ်ဂရုမစိုက်ခဲ့ဘူး။ မိုးသောက်တိမ်ကိုလည်း အစ်ကိုရင်းသဖွယ် သူခင်မင်ခဲ့ပါတယ်။

လမ်းခွဲပြီး (၉)နှစ်
ယဉ်ယဉ်စေ့စပ်လိုက်ပြီ ဆိုတဲ့သတင်းကို ကျွန်တော်ကြားလိုက်တယ်။ သတိုးသားက မိုးသောက်တိမ်ပဲဖြစ်တယ်။

လမ်းခွဲပြီး (၁ဝ)နှစ်
ယဉ်ယဉ် မင်္ဂလာဆောင်တော့မယ်။ မင်္ဂလာမဆောင်ခင် လဝက်အလိုမှာ အိမ်သစ်ရဲ့ဆိုဖာပေါ်မှာထိုင်ပြီး လူတွေဖိတ်ဖို့ ယဉ်ယဉ်ဖိတ်စာတွေ ရေးနေခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်တဲ့ အပြုံးတွေ ယှက်သန်းနေခဲ့တယ်။ ကျွန်တော်ကလွဲရင် လူတော်တော်များများ ယဉ်ယဥ့်ဖိတ်စာကို ရကြမယ်ဆိုတာ ကျွန်တော်သိနေတယ်။

ဖိတ်စာတွေက လှပဖောင်းကြွလို့နေတယ်။ ဖိတ်စာပေါ်က သတိုးသား၊ သတိုးသမီးနေရာမှာ ယဉ်ယဉ်နာမည်တွေ လိုက်ဖြည့်နေခဲ့တယ်။ ဖိတ်စာ (၁၂)မြောက်မှာ နာမည်ရေးနေရက ယဉ်ယဉ် ရုတ်တရက်ရပ်လိုက်တယ်။ ပြီးတော့ ရေးလက်စစာကိုကြည့်ပြီး သူငေးကြောင်နေခဲ့တယ်။ တအောင့်ကြာတော့ သတိဝင်လာပြီး သူငိုလိုက်တယ်။ ကြေကြေကွဲကွဲ၊ လွမ်းလွမ်းဆွေးဆွေး အသံထွက်အောင် သူအော်ငိုခဲ့မိတယ်။

ကျွန်တော်ရှေ့တိုးပြီးကြည့်လိုက်တော့ ဖိတ်စာပေါ်က သတိုးသားနေရာမှာ ကျွန်တော်နာမည်ဖြစ်နေတာကို တွေ့လိုက်တယ်။

ယဉ်ယဉ်လက်က အမှားရေးမိတာလား! စိတ်ထဲက သတိရစိတ်ကို ဖော်ပြနေတာလား! ကျွန်တော်မသိခဲ့ပေမယ့် ကျွန်တော်ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေ ပြည့်လျံနေခဲ့တယ်။ လမ်းခွဲပြီး (၁ဝ)နှစ်အကြာမှာ ကျွန်တော်ပထမဆုံးအကြိမ် ငိုခဲ့မိတယ်။ ဒါကို ယဉ်ယဉ်တွေ့မှာမဟုတ်သလို ဘယ်သူမှလည်း တွေ့ကြမှာမဟုတ်ပါဘူး။ ဝိညာဉ်တွေမှာ မျက်ရည်မှမရှိခဲ့တာ…..

တကယ်လို့ အချိန်တွေကို နောက်ပြန်ဆွဲလို့ရရင် အချိန်လုပြီး လူကူးမျဉ်းကျားကို အလျင်စလို ကျွန်တော်မဖြတ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ (၁ဝ)နှစ်က ယဉ်ယဥ့်မွေးနေ့မှာ ကိတ်မုန့်ယူပြီး ယဉ်ယဉ်အဆောင်ကို ကျွန်တော်သွားခဲ့တယ်။ လူကူးမျဉ်ကျားကိုအဖြတ် လမ်းဆုံမျက်နှာချင်းဆိုင်ကလာတဲ့ ကားတစ်စီးနဲ့ ကျွန်တော်…..

မူရင်း... 分手十年 (လမ်းခွဲပြီး (၁ဝ)နှစ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, June 24, 2009

ကျွန်တော်တို့ကလေးဆိုး မဟုတ်ကြဘူး


"ကျွန်မ ကလေးဆိုးတစ်ယောက်" ပို့စ်အောက်က "ကိုသားငယ်" ရဲ့ ကွန့်မန့်ဖြစ်ပါတယ်။ ကိုသားငယ်က သူ့အဖြစ်ကိုရေးပြီး "ကျွန်တော်လူဆိုးလား" လို့မေးထားပါတယ်။ စာဖတ်သူတွေရဲ့ အကြံကိုလည်း သူတောင်းဆိုထားပါတယ်။ တကယ်တော့ ကလေးတွေက ကလေးဆိုးတွေ မဟုတ်ကြပါဘူး။ ပတ်ဝန်းကျင်၊ လူကြီးမိဘတွေရဲ့ နားမလည်ပေးတတ်မှုကြောင့် မဆိုးချင်၊ မဆိုးသင့်ဘဲ "ကလေးဆိုး" လို့ လူတွေသတ်မှတ်ခံရတဲ့ ကိုသားငယ်လိုအဖြစ်မျိုး ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးပါ။ မစဉ်းစား၊ မချင့်ချိန်တတ်သေးတဲ့ အရွယ်မှာ ပတ်ဝန်းကျင်ကြောင့်၊ လူကြီးတွေကြောင့် သူတို့ရဲ့စိတ်တွေ အနာတရဖြစ်ခဲ့ကြတယ်။ နာကျင်မှုတွေ ရခဲ့ကြတယ်။ သူတို့က ကလေးဆိုးတွေမဟုတ်ပါဘူး။ သူတို့လိုနေတာ နားလည်မှုနဲ့ နွေးထွေးတဲ့မေတ္တာတွေပါလို့ ကျွန်မပြောချင်ပါတယ်။

ကိုသားငယ်ရဲ့အဖြစ်က ကျွန်မဘာသာပြန်နေတဲ့ စာအုပ်ခေါင်းစဉ် "ကျွန်တော်တို့ ကလေးဆိုးမဟုတ်ကြဘူး" ဆိုတာနဲ့ ကိုက်ညီနေပါတယ်။ ဒီစာဖတ်ပြီး ကိုသားငယ်ကို အကြံပေးကြပါဦးလို့....

"ကျနော် လူငယ်ဆိုးလားဆိုပြီး ဝင်မေးချင်လို့ပါဗျာ။ ဒီဇာတ်လမ်းနဲ့တော့ ဘာမှ မပတ်သက်ပါဘူး။ ကျနော့်ကိစ္စလေးကို ဘာလုပ်သင့်တယ်ဆိုတာ ဖတ်မိတဲ့သူငယ်ချင်းတွေ ဝိုင်းစဉ်းစားပေးစေချင်လို့ပါ။ မနိုင်းနိုင်းရောပါ။ ကျေးဇူးတင်ပါတယ်။


ကျနော် အရင်တုန်းက လူကြီးတွေ အိမ်နီးချင်းတွေက ချှီးမွမ်းတာ ခံရတဲ့ ချာတိတ်တကောင်ပါဗျာ။ လိမ္မာတယ်၊ မိဘကို သိတတ်တယ်။ ဘာညာပေါ့။ ရတဲ့လခ အမေ့ကို တစ်ပြားမကျန် အကုန်အပ်တယ်။ အမေပေးတဲ့ မုန့်ဖိုးပဲ ပြန်တောင်းသုံးပြီး လောက်အောင်နေတယ်။ အရက်မသောက် ရည်းစားမထား။ မိဘရှာကျွေးနေတော့ ထားလို့လဲ မဖြစ်။ တစ်သက်လုံး မိဘကို လုပ်ကျွေးသွားမယ်ပဲ စိတ်ကူးတဲ့ ချာတိတ်တကောင်ပေါ့။ မိဘပြောစကားလဲ နားထောင်တယ်။ အဖေ့ဆိုလဲ ဟုတ်ကဲ့ဟုတ်ကဲ့နဲ့ ဘာမဆို အသိပေး ခွင့်တောင်းပြီးမှ လုပ်တော့ သားလိမ္မာပေါ့။ အဲဒီတုန်းကနော်။

အခု အဖေ့ရော အမေ့ရော ကျနော် စကားမပြောတော့ဘူးဗျာ။ တကယ်ကို ပြောင်းပြန်ဖြစ်သွားပြီ။ ကျနော့်ကိုယ်ကျနော်လဲံ ဒီလိုဖြစ်သွားမယ်လို့ အရင်က ထင်ကို မထင်ဘူး။ အိမ်က ဆင်းသွားရုံတင်မကဘူး။ မိဘကို မျက်နှာချင်းကို အဆိုင်မခံတော့တာ။

ကျနော့်အကိုကို အမေက တအားချစ်တာဗျာ။ အကိုကလဲ အမေ အလိုလိုက်ထားတော့ ဗိုလ်ကျတာ ကလေးထဲက အကျင့်ဖြစ်နေပြီ။ ကျနော့်ကို အနိုင်ကျင့်ရင် ထိုးရင် အဖေ့ကို ပြန်တိုင်ရင် အမေက စိတ်ဆိုးတယ်။ ငယ်ငယ်က တိုင်မိလို့ အိမ်မှာ အကြီးအကျယ် အမေ သောင်းကျန်းဖူးတယ်။ တစ်ခါ အကို ကျနော့်ကို ထိုးကြိတ်နေတော့ ကျနော်က အငယ်ဆိုတော့ သူ့အောက်မှာ ပြားနေတာပဲ။ အမေက ဝင်မဆွဲဘဲ ကြည့်နေတယ်။ သူထိုးလို့ ဝလို့ ဖယ်ပေးလိုက်မှ ကျနော်လဲ ထလာရော အမေက ကျနော့်ကို ဆံပင်ဆွဲဆောင့်ရော။ ကျနော်လဲ ခံရသေးတယ်၊ ဘာလို့ အမေ ကျနော့်ကို ဆံပင်ဆွဲဆောင့်တာလဲ နားမလည်ဘူး။ နောက်မှ အဖေ မြင်သွားလို့ဆိုတာ သိတော့တယ်။ သူ့သားကြီးကို အငယ်ကို အနိုင်ကျင့်ရလားဆိုပြီး ဆူမှာစိုးလို့ နင်ကလဲ နင်ပဲဆိုပြီး ကျနော့်ကို အရင်ဦးအောင် ဆံပင်ဆွဲဆောင့်လိုက်တာ။ အမေ အရင် တရားသူကြီး လုပ်လိုက်တော့ အဖေက ဘာမှ ဝင်မပြောတော့ဘူးပေါ့။

ကျနော် အရွယ်ရောက်တော့ အရမ်းလိမ္မာတဲ့ ကလေး ဖြစ်လာတာက ဘာသာတရားကြောင့်ပါ။ ဘာသာရေးစာတွေ ဖတ်မိတော့ မိဘကို ကျေးဇူးသိရမယ်။ လုပ်ကျွေးရမယ်ဆိုတာ သိနေတယ်။ ကျောင်းနဲ့ ကျူရှင်က ဆရာဆရာမတွေ ဆုံးမတာလဲ ပါမှာပါ။ ဆရာတွေကလဲ မိဘကျေးဇူး သိကြဖို့ အတန်းထဲမှာ ပြောတတ်တယ်လေ။ အိမ်မှာ အမေက နှစ်နှစ်ပဲ ကွာတဲ့ အကို့ကို အစစ အချစ်ပိုတာ၊ မုန့်ဖိုးတို့ အစားအသောက်တို့ကအစ အကိုပဲ ဦးစားပေးခံရတာလဲ စိတ်မကောင်းပေမယ့် မပြောမိဘူး။ မိဘကို မပြစ်မှားရဘူးဆိုတဲ့ အသိက စွဲနေတာကိုး။


ပြဿနာက ကျနော်တို့ ကြီးလာတော့ ကျနော့်ကို လိမ္မာတယ်၊ သိတတ်တယ်နဲ့ ဘေးက ကျနော့်ကွယ်ရာမှာ ချီးမွမ်းလာရင် အမေ မခံနိုင်ဘူး ဖြစ်လာတာကနေ စတာပါ။ အမေ အရမ်း မြှောက်စားခဲ့တဲ့ အကိုက ၁၀ တန်း မအောင်ဘူး။ အလုပ်လဲ မလုပ်ချင်ဘူး ဖြစ်သွားတော့ ကျနော့်ကို ဘေးလူ ချီးမွမ်းရင် သူ့သားနဲ့ နှိုင်းတွေးပြီး အမေ မခံနိုင် ဖြစ်လာတယ်။ ။

ကျနော် အကို ဗိုလ်ကျတာ တောက်လျှောက်ခံခဲ့ရပေမယ့် အကို မထူးချွန်တော့တာ အကို့အပြစ်ချည်းပဲ မထင်ဘူးဗျာ။ အမေ အစစ လိုက်ကာကွယ် အပြစ်မှန်သမျှ လိုက်ဖုံးဖိနေလို့ အရွယ်ရောက်ပေမယ့် ကလေးလို မှီခိုတာ၊ ဘာမှ မလုပ်ချင်တော့တာ အကျင့်ဖြစ်သွားတာ ထင်တယ်။ အကို အနိုင်ကျင့်တာ ခံရလွန်းလို့ ငယ်တုန်းက စိတ်ဆင်းရဲရပေမယ့် ကြီးလာတော့ အကို ဒီလို ဆိုးရတာ အမေ မရည်ရွယ်ဘဲ အကျင့်လုပ်ပေးသလို ဖြစ်သွားတာ နားလည်လာတယ်။ သူ့သားကြီးနဲ့ ဘယ်သူနဲ့ ဖြစ်ဖြစ် မှန်မှန်မှားမှား ကလေးချင်း ရန်ဖြစ်ရင်တောင် ဒီသားဘက်က ဝင်မရိုက်ရုံတမယ် ဖြစ်နေတော့ အကိုဟာ သူ့ဘက်က လူကြီးတစ်ယောက် အမြဲပါနေလေ ပိုဆိုးလေ ဖြစ်နေရော။

ကြီးလာတော့ ကျနော် ရှာကျွေးရတာ မိဘကို ဘာမှ မကြီးကျယ်ပါဘူးဗျာ။ ရိုရိုသေသေပဲ လုပ်ကျွေးခဲ့တာပါ။ ဒါပေမယ့် အမေက ကျနော့်ဆို အမြဲနှိမ်ပြီး အကို့ကိုပဲ အမြဲ ချီးမွမ်းတော့ နားမလည်ဘူး။ အကို့ကို ရှာကြံချီးမွမ်းတာ မနာလိုလို့ မဟုတ်ပါဘူးဗျာ။ ကျနော့်ဆို နှိမ်ဖို့ပဲ ဖြစ်နေတော့ စိတ်မကောင်းတာပါ။ အကို့အပြစ်ဆို ဖုံးပေးရမယ်။ ကျနော့်အပြစ်ဆို ပုံကြီးချဲ့ရမယ်ဆိုတာ အမေ့မှာ အကျင့်လို ဖြစ်လာတယ်။

ဒါပေမယ့် အမေက အမေပဲဆိုပြီး ကျနော် နေပါသေးတယ်။ ကျနော်ကခံလေ အမေက နှိမ်ရတာ အကျင့်ဖြစ်လာလေနဲ့ ပိုဆိုးလာရော။ နောက်ဆုံး ကျနော် လဲစရာ အကျီင်္ပို နှစ်ထည်လောက်ပဲ ယူပြီး အိမ်က ဆင်းလာခဲ့တာပါ။

အိမ်က ဆင်းလာပေမယ့် အဖေနဲ့တော့ အဆက်အသွယ် လုပ်ပါသေးတယ်။ ကျနော် ဘယ်မှာ ဘာလုပ်နေတယ် ဘာဖြစ်နေတယ်ဆိုတာ အဖေ့ကို ပုံမှန် အသိပေးတယ်။ အရင်လိုပဲ ဘာလုပ်လုပ် ခွင့်တောင်းပါတယ်။ အဖေ့ဆီကသာ အထောက်အပံ့ မယူတာပါ။ ဒုက္ခရောက်ရင်လဲ အဖေ မသိအောင်ပဲ ဖုံးထားတယ်။ ကိုယ်က ပြန်ရှာကျွေးရမယ့်အရွယ်ဆိုတော့ မိဘဆီက မယူသင့်တော့ဘူး ထင်လို့ပါ။

ဒါပေမယ့် ကျနော် ဆင်းဆင်းရဲရဲနဲ့ အစကနေ ပြန်ရုန်းကန်ရင်း စီးပွားလဲ ပြန်တက်လာရော အမေက အဲဒီတော့မှ ပြန်ဆက်သွယ်ပါဆိုတော့ အမှန်ပြောရရင် စိတ်ထိခိုက်တယ်ဗျာ။ ရုန်းကန်နေရတုန်းက ဖျားနာနေတယ် ကြားတာတောင် မဆက်သွယ်လို့ပါ။ အဖေကပါ အမေ့ကို ဆက်သွယ်ခိုင်းတော့ အဖေ့ပါ ကျနော် စိတ်နာသွားရော။ အဖေ့ပါ ဒီလိုဖြစ်သွားတာ ကျနော် မှားတယ်ပြောလဲ ခံပါ့မယ်ဗျာ။ အခု အဖေ့ပါ စကားပြောမခံတော့ဘူး။

အခု အရင်ကထက်လဲ အများကြီး ရှာကျွေးနိုင်စွမ်း ရှိနေပြီ။ မိဘကို ပြန်ဆက်သွယ်ဖို့ ကျနော် စဉ်းစားတယ်။ မရဘူးဗျာ။ တုတ်နဲ့ အရိုက်ခံရတဲ့ကလေး တုတ်ကြောက်လို့ အိမ်ပေါ် ပြန်မတက်ချင်တော့သလို ဖြစ်နေတယ်။ ခဏခဏ စဉ်းစားတယ်။ မရဘူး။ ဘယ်လိုလုပ်ရမလဲ။ လုပ်ကြပါဦး။

အမေကလဲ ကျနော် ဒီလို မခံနိုင်ဘဲ တစ်နေ့ ပြတ်ထွက်သွားလိမ့်မယ်လို့ သူ ထင်ပုံ မရဘူး။ တစ်သက်လုံး ငြိမ်ခံလာတော့ ဆက်ခံသွားမယ် ထင်လို့လား မသိပါဘူးဗျာ။ အခု သူ့မှာလဲ ရှာကျွေးမယ့် သားတယောက် လိုနေပြီ။

အဖေကလဲ ကျနော့်ကို ပြန်ဆက်သွယ်ချင်တယ်။ စိတ်မကောင်းဘူးလို့ သိရတယ်။ အဖေကတော့ ငွေကြောင့် မဟုတ်တာ ကျနော်သိပါတယ်။ သူက အမေနှိပ်စက်၊ အကိုနှိပ်စက်တိုင်း ကျနော့်ကို နင်တန်နင်တန် လုပ်ခိုင်းတာ အကျင့်ဖြစ်နေတော့ ပြောနေကျ စကားတွေပဲ ဆက်ပြောရင်း ကျနော် မကြားချင်တော့တဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတာပါ။

ကျနော်ကလဲ အမေ့တော့ ဘာမှမပြောဘဲ ကျနော့်ပဲ စာအုပ်ကြီးထဲက ဒဿနတွေနဲ့ ကိုင်ပေါက်ပြီး အနိုင်ကျင့်နေရလားဆိုပြီး အဖေ့ကို စိတ်နာမိတာပါ။ မိဘကို မပြစ်မှားနဲ့၊ အမေဆိုတာ အမေပဲ၊ အမေ့ကျေးဇူး ဆပ်မကုန်ဘူး။ ဒီစကားတွေနဲ့ လာဗိုလ်ကျရင်တော့ လူငယ်တယောက် ဘာပြန်ပြောနိုင်မှာလဲဗျာ။ ကျနော် အမေ့မကောင်းကြောင်း ဘာပြန်ပြောနေလို့လဲ။ ခက်တာက ရှာမကျွေးချင်တော့ဘူး ဖြစ်သွားတာက သူ့အလိုလိုဗျ။ ကျနော် တမင် လုပ်တာ မလုပ်ဘူး။ စိတ်ထဲက အလိုလို ဖြစ်သွားတာ။ မှားတယ်ဆိုလဲ ခံပါ့မယ်ဗျာ။

ကျနော် ဘာဆက်လုပ်ရမလဲဗျာ။ ကျနော် မိဘကိုလဲ ရှာကျွေးချင်ပါတယ်။ ဒါပေမယ့် စိတ်ထဲက ပြန်မမြင်ချင်တော့ဘူး။ ပြန်မဆုံချင်တော့ဘူး ဖြစ်နေတယ်။ ကျနော့်စိတ်ကို ဘယ်လို ပြောင်းလို့ ရမလဲ။

ကျနော့်ကို အကြံဥာဏ်တွေ ပေးကြပါဦး။ ကျနော် မှားနေတယ်ဆိုလဲ အားမနာတမ်း ထောက်ပြပါ။ ကျေးဇူးတင်ပါတယ်။

မိဘကျေးဇူးတို့ မြင်းမိုရ်တောင်တို့နဲ့တော့ ကျနော့်ကို ကိုင်မပေါက်ကြပါနဲ့ဗျာ။ ဒါတွေနဲ့ပဲ အနိုင်ကျင့်ခံလာရတော့ ဒီစကားလုံးတွေဆို ကျနော် မကြားချင်တော့လို့ပါ။ အဓိပ္ပာယ်တူရင်တောင် တခြားစကားလုံးတွေ လှည့်သုံးပေးရင် ကျေးဇူးတင်ပါတယ်။

ကျနော် ပြန်မျက်နှာချင်းမဆိုင်ချင်အောင် ဖြစ်နေတဲ့စိတ်ကို ဘယ်လို ချေဖျက်ရမလဲ။ ကျနော့်စိတ်ကို ဘယ်လို ပြောင်းရမလဲ။ လူအတွေ့မခံဘဲ ငွေကြေးထောက်ပံ့တဲ့နည်းပဲ သုံးရမလား။ အကြံပေးကြပါဗျာ....

သားငယ်



Share/Bookmark

Monday, June 22, 2009

ကျွန်မ ကလေးဆိုးတစ်ယောက်


ဒီနေ့ရာသီဥတုမသာယာဘူး၊ လေကြီးမိုးကြီးလာနိုင်တယ်လို့ မနေ့ည မိုးလေဝသမှာ ကြေညာခဲ့တယ်။ ဒါကြောင့် ဒီမနက် ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းလို့နေတယ်။ လေထုထဲက ရေပုလဲလေးတွေ ကြွေကျဖို့ အကောင်းဆုံးအချိန်ကို စောင့်နေကြတယ်ထင်ပါတယ်။ ဒုတိယအချိန် အတန်းဆင်းတော့ ပြတင်းပေါက်ကတစ်ဆင့် အပြင်ကို ကျွန်မငေးနေခဲ့တယ်။ မိန်းမသဘာဝ ဓမ္မတာကြောင့်လားမသိ ကျွန်မရဲ့စိတ်က အပြင်ရာသီဥတုလိုပဲ ထိုင်းမှိုင်းလို့နေတယ်။ တတိယအချိန်မှာ အားကစားနည်းပြဆီ ခွင့်တောင်းပြီး စာသင်ခန်းထဲမှာပဲ ကျွန်မမှောက်အိပ်နေခဲ့တယ်။ ဒါပေမယ့် ဗိုက်အောင့်လို့ အိပ်မပျော်ခဲ့ပါဘူး။ အမေပြောဖူးတယ်… နာကျင်ကိုက်ခဲတိုင်း ဆေးမသောက်ရဘူးဆိုလို့ ကျောင်းဆေးပေးခန်းသွားမယ့် စိတ်ကူးကို ကျွန်မဖျက်လိုက်တယ်။ ပြတင်းပေါက်ဘောင်ပေါ်မီပြီး အပြင်က မည်းပြာပြာကောင်းကင်ကိုပဲ ငေးကြည့်နေတာကောင်းမယ်။ အရောင်စုံတောက်ပတဲ့ လောကက ကျွန်မအတွက်မျက်စိစူးနေခဲ့လို့ ဒီလိုမြင်ကွင်း၊ ဒီလိုရှုခင်းမျိုးက ကျွန်မနဲ့အလိုက်ဖက်ဆုံးလို့ ကျွန်မထင်တယ်။

ရာသီဥတုက တစ်နေ့လုံး ပျင်းရိခြောက်ကပ်လို့နေတယ်။ ရွာမှဖြစ် ဝုန်းဒိုင်းရွာလိုက်စမ်းပါ.. ဒီလိုအခြေအနေမျိုးက ပူအိုက်လှတယ်လို့ အတန်းသားတစ်ချို့က မိုးနတ်မင်းကို ကျိန်ဆဲနေကြတယ်။ ဒီ့အတွက် စာသင်ရတာကို ဘယ်သူမှစိတ်ဝင်တစား မရှိကြဘူး။ “ဒီနေ့ကျောင်းမတက်သင့်ဘူး”လို့ တစ်ချို့က ပြောတယ်။ ဒါပေမယ့် နေ့လယ်ထမင်းစားချိန်ရောက်တော့ အားလုံးက လှုပ်ရွလာကြတယ်။ ရီရီက ထမင်းစားဖို့ လွယ်အိတ်ထဲက ပိုက်ဆံအိတ်ကိုယူတော့ ပိုက်ဆံတွေပျောက်နေတာ တွေ့လိုက်တယ်။ အားလုံး ဝိုင်းရှာပေးကြပေမယ့် မတွေ့ခဲ့ဘူး။ ဆရာမသိတော့ အတန်းသားအားလုံးရဲ့ လွယ်အိတ်နဲ့ထိုင်ခုံကို စစ်မယ်လို့ ပြောတယ်။ ဒါကို ကျွန်မသိပ်ဘဝင်မကျခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလွယ်အိတ်ထဲမှာ ဖတ်စာအုပ်နဲ့ ဗလာစာအုပ် တစ်အုပ်စီပဲရှိခဲ့လို့ဖြစ်တယ်။ ဒါက အထက်တန်းကျောင်းသူးတစ်ဦး ရှိသင့်တဲ့ လွယ်အိတ်မဟုတ်ခဲ့ဘူး။

“ဘာဖြစ်လို့ လွယ်အိတ်စစ်ရမှာလဲ!” အသံနှိမ်ပြီး ကျွန်မ မကျေမနပ် ရေရွတ်မိတယ်။ ဒါကို ဘေးမှာထိုင်တဲ့ စုစုကြားဖြစ်အောင် ကြားသွားပြီး ကျွန်မကိုတစ်ချက်ကြည့် ပြောလိုက်တယ်။

“ဒီလိုမှမစစ်ရင် သူခိုးကိုဘယ်မိမလဲ! ငါတို့ အပြစ်မဲ့တယ်ဆိုတာကို ဘယ်လိုသက်သေပြမလဲ! မခိုးရင် ကြောက်စရာမလိုဘူး။ ဘာလဲ.. နင်ကြောက်နေတာလား?”

သူ့မျက်စိအစုံက ကျွန်မမျက်နှာပေါ်မှာ ရစ်ဝဲနေတယ်။ အဲဒီလိုအကြည့်က လူကို ရွံ့ရှာစေတယ်။ မှေးစင်းတဲ့မျက်လုံးက လူကိုမယုံသင်္ကာဟန်နဲ့ အပ်ယူပြီး သူ့မျက်ခွံနှစ်ခုကို ကျွန်မချုပ်ပစ်လိုက်ချင်မိတယ်။

“ဟား… ဘယ်သူက ကြောက်ရမှာလဲ!”

သူ့ကို ခပ်စူးစူးတစ်ချက် ကျွန်မစိုက်ကြည့်လိုက်ပြီး ဆရာမ အစစ်ဆေးကို စောင့်နေခဲ့တယ်။ အားလုံးကို စစ်ဆေးခဲ့ပေမယ့် တရားခံကိုမမိခဲ့ဘူး။ ဆရာမက ရီရီကို မနက်ကျောင်းလာတုန်းက ပိုက်ဆံယူမယူခဲ့ သေချာစဉ်းစားကြည့်ဖို့ ပြောတယ်။

“ကျွန်မသေချာမှတ်မိတယ်။ ကျွန်မယူလာတယ်။ ပထမအချိန်ပြီးတော့ ကျွန်မကြည့်သေးတယ်”

ရီရီပြောအပြီး အတန်းသားတွေက တစ်ယောက်တစ်ပေါက် ပြောဆိုကြတယ်။ အားကစားအချိန်မှာ ကစားရင်း ပိုက်ဆံကျသွားတာလား? စာတွေကျက်လွန်းလို့ ပိုက်ဆံကို ဘယ်နားထားမှန်းမသိ မူးကြောင်သွားပြီလား? ဒါမှမဟုတ် မနက်စာငွေထုတ်ရှင်းချိန် ကျခဲ့တာလား? ထင်မြင်ချက်တွေများပေမယ့် ရီရီ့ပိုက်ဆံက ရှာမတွေ့ခဲ့ဘူး။ အားလုံးက ရီရီ့ဘေးမှာ ဝိုင်းအုံပြီး သူတစ်မျိုး၊ ငါတစ်မျိုးနဲ့ ပြောဆိုနေကြတယ်။ ကျောင်းစာက စိတ်ဝင်စားဖို့ မကောင်းလို့ထင်ပါရဲ့… ဒီလို ကိစ္စသေးသေးလေးကို အချိန်အကြာကြီး ဆွေးနွေးနေကြတယ်။ ဗိုက်ကိုနှိပ်ပြီး စားပွဲခုံပေါ် ကျွန်မမှောက်အိပ်နေလိုက်တယ်။ ထမင်းလည်း မစားချင်ခဲ့ဘူး။ ကျွန်မ တစ်ကြိမ်၊ နှစ်ကြိမ် ခေါင်းထောင်ကြည့်တော့ ကျွန်မကိုကြည့်နေတဲ့ စုစုရဲ့အကြည့်နဲ့သွားတိုးတယ်။ ဗိုက်အောင့်လွန်းလို့ ကျွန်မကို အကဲခတ်ကြည့်နေတဲ့ သူမျက်လုံးကို “ဘာကြောင့်လဲ”လို့ မေးဖို့ ကျွန်မစိတ်မပါခဲ့ဘူး။ ခါတိုင်းလည်း သူကို ကျွန်မစကားမပြောချင်ခဲ့ဘူး။ ပြောင်သလို၊ နောက်သလိုနဲ့ ကျွန်မကိုသူအမြဲ လှောင်ရယ်တတ်လို့ဖြစ်တယ်။ အတန်းသားတော်တော်များများ သူ့အကျင့်ကို မကြိုက်ကြဘူး။ အဲဒီထဲမှာ ကျွန်မလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။

“မေ.. ဒီကိစ္စ နင့်ကိုပြောသင့်လား မပြောသင့်လား မသိဘူး”

နေ့လယ်တစ်ချိန်နားတော့ သူငယ်ချင်းလွင်လွင်က အိမ်သာတံခါးရှေ့ကနေ ကျွန်မကိုလှမ်းပြောတယ်။

“ပြောလေ၊ ငါတို့က သူငယ်ချင်းကောင်းတွေပဲ၊ နင်ဘာဖြစ်တယ်ဆိုတာ ဖုံးကွယ်မထားနဲ့ ငါ့ကိုပြောပြ”

“အတန်းထဲက လူတွေပြောနေကြတယ်။ အားကစားအချိန်မှာ နင်နေမကောင်းဘူးဆိုပြီး အတန်းသွားမတက်ခဲ့ဘူး၊ ဆေးခန်းလည်း သွားမပြခဲ့ဘူး။ ဒါကြောင့် ရီရီရဲ့ပိုက်ဆံကို နင်ခိုးတယ်လို့ ထင်နေကြတယ်”

ကျွန်မမျက်နှာ ချက်ချင်းပြောင်းသွားခဲ့တယ်။ ငါးတန်းနှစ်ကအဖြစ်ကို ကျွန်မ ပြန်သတိရလိုက်တယ်။ အဲဒီတုန်းက အခန်းထဲက ကောင်မလေးတစ်ယောက် ပိုက်ဆံပျောက်သွားပြီး သူ့ပိုက်ဆံကို ကျွန်မခိုးတယ်လို့ တပ်အပ်စွပ်စွဲခဲ့တယ်။ ဆရာမက ကျွန်မကိုစစ်မေးခဲ့တယ်။ ကျွန်မ မယူဘူးဆိုတာကို ဆရာမလည်း မယုံခဲ့ဘူး။ ကျွန်မကို ရုံးခန်းခေါ်ပြီး သူခိုးပုံပြင်တွေပြောပြပြီး ဆုံးမခဲ့တယ်။ ကျွန်မ မတုံးအခဲ့ပါဘူး။ ဆရာမလည်း ကျွန်မကို သူခိုးလို့ ထင်နေပြီဆိုတာကို ကျွန်မသိလိုက်တယ်။ ပုံပြောနေတဲ့ဆရာမကို ကျွန်မခပ်စူးစူး စိုက်ကြည့်နေလိုက်တယ်။ ဒါကို ဆရာမက ပြောရင်းစိတ်တိုလာပြီး ကျွန်မကို ဝန်ခံရဲတဲ့သတ္တိ မရှိဘူး၊ ဆရာမကို မလေးစားဘူးဆိုပြီး ဆူတယ်။ ရုံးခန်းထဲက ဆရာမတစ်ချို့လည်း ကျွန်မကို “ဆိုဆုံးမ” တဲ့ တာဝန်ထဲ ဝင်လာကြတယ်။

“အမှားလုပ်တာက ကြောက်စရာမကောင်းဘူး။ ကြောက်စရာကောင်းတာက ဝန်မခံရဲတာပဲ”

“လုပ်ရဲရင် ခံရဲရမယ်”

“အိမ်မှာ ငွေလိုလို့လား! ဆရာမကိုပြော ဆရာမကူညီမယ်” ဆရာမတစ်ယောက်က ဒဲ့တိုးပြောတယ်။

“ကျွန်မ မခိုးဘူးဆို မခိုးဘူး” ကျွန်မအော်တော့ အဲဒီဆရာမက ကျွန်မပါးကို လှမ်းရိုက်တယ်။

နောက်ဆုံး အမေကို ကျောင်းခေါ်ဖို့ သူတို့ကြိုးစားခဲ့တယ်။ ကျောင်းကို အမေလာမှာ ကျွန်မအကြောက်ဆုံးပဲ။ တစ်ခြားကျောင်းသားတွေရဲ့ အမေက ငယ်ရွယ်ပြီး လှလှပပ ဝတ်ဆင်ထားကြတယ်။ ဒါပေမယ့် ကျွန်မအမေက အသက်(၅ဝ)ကျော်နေပြီ။ အဖေစွန့်ပစ်ခဲ့ကတည်းက နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊ ပင်ပန်းခြင်းနဲ့ မောင်နှမ ခြောက်ယောက်ကြားမှာ အမေရှင်သန်ခဲ့ရတယ်။ ဒီကြားထဲ ရောဂါထပ်ရတော့ အဲဒီရောဂါက အမေ့ကို အသက်(၁ဝ)နှစ် ပိုအိုသွားစေခဲ့တယ်။ ရောဂါပျောက်သွားပေမယ့် ပင်ပန်းတဲ့အလုပ်တွေ မလုပ်နိုင်ခဲ့လို့ စားသောက်ဆိုင်တစ်ဆိုင်မှာ အမေပန်းကန်ဝင်ဆေးခဲ့ရတယ်။ အမေရတဲ့လုပ်အားခက ကျွန်မတို့အတွက် မလုံလောက်ခဲ့ဘူး။ အစိုးရထောက်ပံ့ကြေးနဲ့ အိမ်နီးချင်းတွေရဲ့ ကူညီမှုကြောင့် ကျောင်းနေ့လယ်စာကို ကျွန်မတို့ အခမဲ့စားခွင့်ရခဲ့တယ်။လူတွေကို ကျေးဇူးတင်သင့်တယ်ဆိုတဲ့ အမေအမြဲပြောတဲ့ ဆုံးမစကားကြောင့် သိမ့်ငယ်ခြင်းနဲ့ ကိုယ့်ကိုယ်လေးစားခြင်းကြားမှာ ကျွန်မ နာကျင်ကြေကွဲခဲ့ရတယ်။

ဆရာမပြောတာတွေ နားထောင်ပြီး တုန်ရီတဲ့လက်နဲ့ ကျွန်မပါးကို အမေရိုက်ခဲ့တာတွေ ကျွန်မမေ့မရခဲ့ဘူး။ မျက်ရည်အရွဲသားနဲ့ ဆရာမတို့ရဲ့ ကျေးဇူးကို မမေ့ရဘူးလို့ အမေကဆိုတယ်။

"ဆရာမတွေက နင်တို့ကိုဂရုစိုက်လို့ နေ့လယ်စာအခမဲ့စားနေရတာ.. နင်ဘာဖြစ်လို့ သူများပိုက်ဆံ သွားခိုးရတာလဲ! ဆင်းရဲပေမယ့် ဆင်းရဲတဲ့သိက္ခာကိုတော့ ထိန်းရမယ်။ ပိုက်ဆံကို ဘယ်မှာဖွက်ထားလဲ ပြောစမ်း! မြန်မြန်ထုတ်ပေးလိုက် ဆရာမတွေ နင့်ကိုခွင့်လွတ်လိမ့်မယ်"

"ကျွန်မ မယူဘူး။ ဘာဖြစ်လို့ ကျွန်မ မခိုးဘဲ ခိုးတယ်လို့ပြောကြတာလဲ!" အသံထွက်ငိုရင်း ကျွန်မအော်ပြောလိုက်တယ်။ ပြောပြောပြီးချင်း ရုံးခန်းထဲကနေ ကျွန်မထွက်ပြေးလာခဲ့မိတယ်။ အဲဒီနေ့ ကျွန်မအတန်းဆက်မတက်ခဲ့ဘူး။ အိမ်နားက လူသူမရှိတဲ့တဲတစ်လုံးမှာ ကျွန်မတစ်နေကုန် ပုန်းနေခဲ့တယ်။ ညရောက်မှ အိမ်ကိုကျွန်မပြန်ခဲ့တယ်။

နောက်တစ်နေ့မနက် ကျောင်းမသွားဘူးလို့ ငိုယိုပြီးကျွန်မဆိုခဲ့ပေမယ့် အမေကဇွတ်အတင်း လိုက်ပို့ခဲ့တယ်။ ကျွန်မကိုကြည့်တဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသူကျောင်းသားတို့ရဲ့ အကြည့်က အရောင်ပြောင်းနေခဲ့တယ်။ ဒါပေမယ့် ပိုက်ဆံပျောက်တဲ့အကြောင်း သူတို့မဟကြတော့ဘူး။ နောက်မှသိရတာက ပျောက်တဲ့ပိုက်ဆံကို အမေသွားလျော်ခဲ့တယ်ဆိုတာပါပဲ။ အမေရဲ့လုပ်ရပ်က ကျွန်မပိုက်ဆံခဲ့ယူခဲ့တဲ့ သူခိုးပါဆိုပြီး ဝန်ခံပေးသလို ဖြစ်နေခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေ့ကို ကျွန်မစကားမပြောဘဲနေခဲ့တယ်။ ကျွန်မရင်ထဲမှာလည်း နာကျင်တဲ့အဖုထုံးကြီးတစ်ခုလို အမြဲရှိနေခဲ့တယ်။

အခုရီရီရဲ့ပိုက်ဆံပျောက်တဲ့ ကိစ္စက အရင်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်ကို အသက်ပြန်သွင်းလိုက်သလိုပါပဲ။ ဒေါသစိတ်နဲ့ နာကြည်းမှုကို ကျွန်မထိန်းချုပ်လို့ မရခဲ့ဘူး။ ကျွန်မကိုကြည့်ခဲ့တဲ့ စုစုရဲ့အကြည့်ကြောင့် ဒီမဟုတ်မမှန်သတင်းက သူ့ဆီကထွက်လာတယ်ဆိုတာကို ကျွန်မသိလိုက်တယ်။

ကျောင်းသန့်ရှင်းရေးချိန်မှာ စုစုကိုခေါ်ပြီး စာသင်ဆောင်အပေါ်ထပ်ကို ကျွန်မတို့တက်ခဲ့တယ်။

"အရေးကြီးတဲ့ ကိ
ိစ္စတစ်ခု နင့်ကိုငါပြောစရာရှိတယ် စုစု"

"အင်း.. ပြောလေ.. အခက်အခဲရှိရင် ငါကူညီမယ်" သူငယ်ချင်းကောင်း ပီသပုံနဲ့ စုစုက ဝမ်းသာအားရဆိုတယ်။ သူ့ပါးကို ကျွန်မရိုက်လိမ့်မယ်လို့ ထင်ထားပုံမရခဲ့ဘူး။ သူ့ပါးကိုရိုက်၊ သူ့ကိုကန်ကြောက်ရင်း ကျွန်မအော်ဟစ်မိတယ်။

"ငါ့ကို သူခိုးလို့ နင်ပြောဦးမလား! ပြောရဲသေးလား! "

စုစုကို ထိုးကြိုတ်ပြီးမှ ကျွန်မစိတ်တွေနေသာထိုင်သာ ရှိသွားခဲ့တယ်။ နောက်ဆက်တွဲ ပြဿနာက စုစုမိဘတွေကျောင်းလိုက်လာပြီး ကျွန်မကို ရုံးခန်း ခေါ်သွားခဲ့တယ်။ ဆရာမနဲ့ သူမိဘရဲ့ပြောစကားမှာ “ဒီကလေးက အိမ်ထောင်ကွဲ မိသားစုကလေးပါ။ အဖေက မရှိ၊ အမေက စားဝတ်နေရေးအတွက် လုံးပမ်းနေရလို့ ကလေးတွေကို မထိန်းကျောင်းနိုင်ခဲ့ဘူး။ ဒီလိုအခြေအနေမျိုးမှာ ကလေးက စိတ်တိုလွယ်၊ ဆိုးလွယ်ခဲ့တယ်။

ပြစ်ဒဏ်ပေးမှာ၊ ရိုက်မှာကို ကျွန်မမကြောက်ခဲ့ဘူး။ ကျွန်မမိသားစုအကြောင်း ပြောမှာကို ကျွန်မအကြောက်ဆုံးပဲ။ လူတွေရဲ့အထင်အမြင်သေးတဲ့အကြည့် ၊ ကိုယ်ချင်းစာတဲ့အကြည့်ကို ကျွန်မ မလိုချင်ခဲ့ဘူး။ အဲဒီအကြည့်တွေက ကျွန်မက ပြိုကွဲတဲ့အိမ်ထောင်ကလာတဲ့ ကလေးလို့ အသိပေးနေသလိုပါပဲ။

“ဆရာမ သူ့မိဘကိုအကြောင်းကြားလိုက်ပါ”

ကျောင်းအုပ်ကြီးရဲ့စကားကိုကြားပြီး ဒုတိယအကြိမ် အိမ်ကနေထွက်ပြေးဖို့ ကျွန်မဆုံးဖြတ်လိုက်ပြန်တယ်။ အိမ်သာတက်မယ်ဆိုတဲ့ဆင်ခြင်နဲ့ ကျောင်းတံခါးဝကနေ ထွက်လာခဲ့တယ်။ တစ်ယောက်တည်း လမ်းမကြီးပေါ်မှာ ကျွန်မလျှောက်သွားနေမိတယ်။ အမေတုတ်ကိုင်ပြီး ကျောင်းကိုလိုက်လာမယ် ၊ တစ်ဖက်မိဘကို မျက်ရည်စက်လက်နဲ့ တောင်းပန်မယ်ဆိုတာကို ကျွန်မသိနေခဲ့တယ်။ ပြီးတော့ တစ်ခုလပ်သူ့ဘဝ ဘယ်လောက် သနားစရာကောင်းကြောင်း ပြောမယ်။ နောက်ဆုံး အားလုံးရဲ့ နှစ်သိမ့်မှုကိုယူပြီး ကျွန်မကြောင့် သူ့ဘယ်လောက်စိတ်ညစ်ရတယ်ဆိုတာကို ပြောတော့မယ်။

“ဟာ ….. အားလုံးသွားသေလိုက်” လူတွေအားလုံးကို ကျွန်မကျိန်ဆဲပြစ်လိုက်တယ်။

ဆိုင်တစ်ဆိုင်ရှေ့အရောက် ကောင်မလေးတစ်ယောက်က ကျွန်မကို လှမ်းခေါ်ပြီး အအေးတိုက်တယ်။ သူလည်း ကျွန်မနဲ့ ဘဝတူပါပဲ။ ဆရာမ ၊ ကျောင်းသားတို့ရဲ့ အငြိုအငြင်ကို ခံထားရသူဖြစ်တယ်။ မတူတာတစ်ခုက ကျွန်မကဒုတိယအကြိမ် အိမ်ကထွက်ပြေးတာဖြစ်ပြီး သူကအကြိမ်မနည်းတော့ဘူး။ သူတစ်ခါထွက်ပြေးရင် (၁ဝ)ရက် (၁)လ ကြာတတ်တယ်။ သူနာမည်က “ကြာဖြူ” လို့ခေါ်တယ်။

"နင့်အိမ်ကလူတွေ နင့်ကိုမရှာဘူးလား" နားမလည်စွာ ကျွန်မမေးမိတယ်။

"ပထမတစ်ခေါက်တော့ လိုက်ရှာကြတယ်။ နောက်ပိုင်း လိုက်မရှာကြတော့ဘူး။ အိမ်ကနေ ငါ့ထွက်မပြေးရင့် သူတို့အတွက် ပိုထူးဆန်းနေတတ်တယ်။ ဒါနဲ့ နင့်မှာ တည်းစရာရှိလား?"

သူ့အမေးကို ကျွန်မခေါင်းခါပြလိုက်တယ်။ ပထမတစ်ခေါက်လို မိုးချုပ်တာနဲ့အိမ်ပြန်ဖို့ ကျွန်မစိတ်ကူးလိုက်တယ်။

"လာ.. ငါနဲ့လိုက်ခဲ့။ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူက အရမ်းသဘောကောင်းတယ်။ ငါအိမ်က ထွက်ပြေးတိုင်း သူ့ဆီသွားနေကျ…သူနာမည်က ကိုစိမ်းလို့ခေါ်တယ်။”

ဒီလိုနဲ့ အသက်သုံးဆယ်ကျော် လေးဆယ် ၊ ခြေထောက်တစ်ဖက်မသန်ပေမဲ့ သဘောကောင်းတဲ့ လူကြီးတစ်ဦးကို ကျွန်မသိခဲ့တယ်။ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကျွန်မကိုကြည့်ပြီး ကြာဖြူကို ကျွန်မအတွက် အင်္ကျီဝယ်ခိုင်းလိုက်တယ်။

“သူဒီလောက်လှတာ အင်္ကျီကို ခေတ်ဆန်ဆန်လေး ဝယ်ပေးလိုက်နော်”

ကိုစိမ်းရဲ့အပြောကို ကျွန်မကျေးဇူးမတင်ပဲ မနေနိုင်ခဲ့ပါဘူး။ ဒီအသက်အရွယ်ရောက်မှ လူတွေရဲ့ အဆင့်အတန်းမခွဲ ဆက်ဆံတာကို ကျွန်မခံခဲ့ရတယ်။

“ကျေးဇူးတင်ပါတယ်” ကျွန်မနှုတ်က ခပ်ဟဟလေးထွက်သွားခဲ့တယ်။

“သွား… မြန်မြန်သွား ၊ ဒီလောက်မိန်းမဆန်နေစရာ မလိုဘူး”

"သူကို ကိုစိမ်းလို့ ငါတို့မခေါ်သင့်ဘူး။ သူ့အရွယ်က ငါတို့အဖေအရွယ်ဖြစ်နေပြီ။ သူ့ကို ငါတို့မွေးစားအဖေခေါ်သင့်တယ်"

ကြာဖြူကို ကျွန်မတွေးမိတာလေး ပြောပြတော့ သူက ဘာမှပြန်မပြောဘဲ သိပ်ဂရုမစိုက်တဲ့ပုံစံနဲ့ ပုခုံးကိုတွန့်ပြခဲ့လို့ ကျွန်မဆက်မပြောရဲခဲ့ဘူး။ ကုန်တိုက်ကအရာအားလုံး ကျွန်မအတွက် ဆန်းသစ်ထူးခြားလို့နေတယ်။ ကြာဖြူက ကျွန်မအတွက် ခပ်ဟော့ဟော့ စကပ်အင်္ကျီတစ်စုံ ဝယ်ပေးတယ်။ ဝယ်ထားတဲ့ ဝတ်စုံကိုလဲပြီး ကုန်တိုက်တစ်ပတ်ပတ်ဖို့ ကြာဖြူကို ကျွန်မပူဆာလိုက်တယ်။ ကိုစိမ်းဆီ ကြာဖြူဖုန်းဆက် အကြောင်းကြားပြီးနောက် ကျွန်မတို့ဂိမ်းသွားကစားတယ်။ အစားတွေဝယ်စားတယ်။ ညအထိ လည်ပတ်ပြီးမှ ကိုစိမ်းနေအိမ်ကို ကျွန်မတို့ ပြန်လာခဲ့တယ်။ အိမ်မှာ ကျွန်မတို့အတွက် သူခေါက်ဆွဲချက်ထားသေးတယ်။ ရေဘဝဲနဲ့ချက်ထားတာကြောင့် အဲဒီခေါက်ဆွဲကို ကျွန်မ မကြိုက်ခဲ့ဘူး။ ဒါပေမယ့် အားနာတာနဲ့ ကျွန်မစားခဲ့မိတယ်။ ခေါက်ဆွဲစားပြီးနောက် အဲဒီည ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကျွန်မ ကောင်းကောင်းမမှတ်မိခဲ့ဘူး။ ကျွန်မကို ကြာဖြူတွဲပြီး အပေါ်ထပ်တက်သွားတာပဲ မှတ်မိလိုက်တယ်။ နိုးလာမှ ကိုစိမ်းရဲ့အစော်ကားကို ကျွန်မခံလိုက်ရပြီဆိုတာ သိလိုက်ရတယ်။

အစော်ကားခံရတဲ့ ခံစားချက်က ဘယ်လိုခံစားချက်မျိုးလဲဆိုတာ ကျွန်မပြောမတတ်ခဲ့ဘူး။ စစချင်းမှာ ကျွန်မငိုမိတယ်။ အမေကို ကျွန်မဘယ်လိုပြောရမလဲ?

ကိုစိမ်းရဲ့နှစ်သိမ့်မှုအောက်မှာ ကျွန်မ မငိုတော့ဘူး။ စိတ်ထဲမှာလည်း လူတွေက ကျွန်မကိုဆိုးတယ်လို့ ယူဆနေမှတော့ ကျွန်မလည်း ခပ်ဆိုးဆိုးနေပြဖို့ တွေးလိုက်မိတယ်။ အဲဒီနောက် ကိုစိမ်းနဲ့ကျွန်မအတူနေခဲ့တယ်။ ကျွန်မအပေါ် သူအရမ်းကောင်းပါတယ်။ အဝတ်အစား၊ အသုံးအဆောင်တွေ ဝယ်ပေးသလို ပိုက်ဆံတွေလည်းပေးတယ်။ ကျွန်မက သူနဲ့
ကျွန်မမကြိုက်ဆုံးအလုပ်ကို လုပ်ရုံပါပဲ။ ကျွန်မနိုးလာတုန်းက မတွေ့တော့တဲ့ကြာဖြူကို သုံးရက်အကြာမှာ အိမ်ပြန်ရောက်လာတယ်။ ဒီတစ်ခေါက် ကောင်မလေးတစ်ယောက် သူနဲ့အတူပါလာပြန်တယ်။ ပြန်လာတာနဲ့ သူကြားခဲ့တဲ့ ကျွန်မသတင်းကို ဖောက်သည်ချတယ်။ ကျွန်မကို အမေက လူပျောက်တိုင်လိုက်ပြီလို့ ဆိုပါတယ်။ ကိုစိမ်းက ကျွန်မကို ချက်ချင်းအိမ်ပြန်ခိုင်းတယ်။ အိမ်မပြန်ရင် အားလုံးဒုက္ခရောက်ကုန်နိုင်တယ်လို့ ပြောပါတယ်။

"နောက်ဆိုရင် ငါဆီအချိန်မရွေးလာလို့ရတယ်။ တကယ်လို့ နင့်သူငယ်ချင်းတွေ အိမ်နဲ့အဆင်မပြေဖြစ်ပြီး အိမ်မပြန်ချင်ရင် ဒီကိုခေါ်လာနိုင်တယ်"

ကိုစိမ်းက ပြောပြီးတာနဲ့ ကျွန်မကိုငွေတစ်ချို့ ထိုးထည့်ပေးတယ်။ ကြာဖြူခေါ်လာတဲ့ ကောင်မလေးကို ကျွန်မတစ်ချက်ကြည့်လိုက်မိတယ်။ ကျွန်မအဖြစ်နဲ့ အတူတူပါပဲ။ ဒီလောကမှာ ကျွန်မလို သနားကမား သတ္တဝါတွေ အများကြီးရှိနေပါလား!

အိမ်ရောက်တော့ ကျွန်မဝတ်စားထားတာကို ကြည့်ပြီး အမေလန့်သွားခဲ့တယ်။ ဒီရက်တွေမှာ ကျွန်မ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ကြောင်း၊ သူဌေးက ကျွန်မတို့အိမ်အခြေအနေကို သိပြီး ကိုယ်ချင်းစာသနားလို့ ပိုက်ဆံတွေပိုပေးခဲ့ကြောင်း အမေကို ကျွန်မလိမ်လိုက်တယ်။ အမေက သက်ပြင်းတစ်ချက်ချပြီး "အင်း.... လူတွေကို အမေတို့ပေးဆပ်စရာတွေ များလွန်းနေပြီ၊ သူတို့ကို ပြန်ကျေးဇူးဆပ်ဖို့ မမေ့နဲ့နော်" လို့ ကျွန်မကို မှာတယ်။

ကျွန်မရဲ့အလိမ်အညာတွေက ကျွန်မဘယ်ပျောက်နေတယ်ဆိုတာကို ချေပနိုင်ခဲ့သလို အမေ့ကိုလည်း ပိုက်ဆံတွေ ပေးနိုင်ခဲ့တယ်။ အဓိကက ကျောင်းပိတ်ရက်တိုင်း ကိုစိမ်းဆီ ကျွန်မသွားနိုင်ခဲ့တယ်။ ခါတိုင်းလိုပဲ ကျောင်းကို ကျွန်မပုံမှန်သွားခဲ့ပေမယ့် ကျွန်မပြောင်းလဲသွားခဲ့ပြီ။ ကျောင်းသားအလိမ္မာတွေ ကျွန်မနဲ့ ခေါ်ပြောဆက်ဆံမှု ကင်းခဲ့တယ်။ ကျောင်းသားဆိုးလို့ လူတွေတံဆိပ်ခတ်ထားသူတွေသာ ကျွန်မနဲ့ပြောဆိုခဲ့တယ်။ ဒါတွေကို ကျွန်မ ဂရုမစိုက်ခဲ့ပါဘူး။ အရင်လိုရိုးသားဖြူစင်တဲ့ ကျောင်းသားဘဝကို ကျွန်မပြန်မရနိုင်တော့ဘူးဆိုတာ ကျွန်မလည်းသိတယ်။ ဆိုးမယ်၊ တေမယ်... ဒါတွေက ကျွန်မရဲ့သိမ်ငယ်စိတ်နဲ့ ပိုလိုက်ဖက်ခဲ့ပါတယ်။

မျှော်လင့်မထားတာတွေ ဖြစ်ပျက်လာမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူ။ တခြားလူကို အမြဲအနိုင်ယူတဲ့ စုစုတစ်ယောက် စာမေးပွဲအဆင့်တွေကျပြီး ကျွန်မနဲ့တန်းတူ ဖြစ်သွားခဲ့တယ်။ အဲဒီအတွက် သူ့အဖေက သူ့ကိုကောင်းကောင်း ရိုက်နှက်ဆုံးမခဲ့တယ်။ အဲဒီရိုက်ချက်ကြောင့် စုစုပိုဆိုးသွားပြီး ကျွန်မနဲ့ပေါင်းမိခဲ့တယ်။ အဖေကို သူစပြီးဆန့်ကျင်လာခဲ့တယ်။ စုစုအမှတ်မကောင်းတာကို အကြောင်းပြပြီး သူ့အဖေက သူ့အမေကို ဆူပူကြိမ်းမောင်းခဲ့ကြောင်း ၊ အပြင်မှာ အငယ်အနှောင်းထားပြီး အဖေအိမ်မပြန်ကြောင်း ၊ အိမ်ပြန်ရင်လည်း ရန်ရှာရိုက်နှက်ကြောင်း ကျွန်မကိုပြောပြတယ်။ စုစုကို တစ်ဖက်ကနှစ်သိမ့်ရင်း စိတ်ထဲမှာလည်း “ဒီလိုနေ့ရက်မျိုး နင်ကြုံရပြီပေါ့” လို့ ကျွန်မထောပနာပြုမိတယ်။ ကျွန်မရဲ့နှစ်သိမ့်ပေးမှုကြောင့် ကျွန်မအနားက စုစု မခွာခဲ့တော့ဘူး။ သူ့အမှတ်စာရင်းတွေ ပိုကျလာခဲ့တယ်။ ကျွန်မတို့နှစ်ယောက် စာထဲစိတ်ဝင်စားသူတွေ မဟုတ်လို့ အမှတ်ကောင်းနဲ့ မအောင်ခဲ့ကြဘူး။ အမှတ်မကောင်းတဲ့အတွက် ကျွန်မနဲ့စုစု ရိုးရိုးကောလိပ်ကျောင်းပဲ ရွေးခဲ့ရတယ်။

ကျွန်မကျောင်းရွေးတာနဲ့ပတ်သက်ပြီး အမေက ဘာမှမကန့်ကွက်ခဲ့ဘူး။ “စားသောက်ဆိုင်” က ရတဲ့ငွေကြောင့် ကျွန်မကို ကျောင်းပြီးတာနဲ့ အမေက အလုပ်လုပ်စေချင်ခဲ့တယ်။ ဒါပေ့မယ့် စုစုအဖေက ကျွန်မအမေနဲ့မတူခဲ့ပါဘူး။ သူရွေးခဲ့တဲ့ကောလိပ်ကို သဘောမတူလို့ သူ့ကိုရိုက်နှက်ခဲ့တယ်။

“ငါအိမ်မပြန်ချင်ဘူး ၊ အိမ်ကထွက်ပြေးချင်တယ်”လို့ စုစုပြောတော့ ကိုစိမ်းကို ကျွန်မချက်ချင်း သတိရလိုက်မိတယ်။

စာမေးပွဲအပြီး ကျောင်းလေ့လာရေးခရီး(၃)ရက်မှာ ကျွန်မတို့အိမ်ကထွက်ပြေးဖို့ စီစဉ်ခဲ့ကြတယ်။ ဒီခရီးက ကျွန်မအတွက် မဆန်းတော့ပေမဲ့ စုစုက ဝမ်းသာမဆုံးဖြစ်နေခဲ့တယ်။ ဒါကို သူငယ်ချင်း လွင်လွင်သိတော့ သူလည်းကျွန်မတို့နဲ့အတူ လိုက်ချင်ကြောင်းပြောတယ်။ သူ့ကိုမလိုက်ဖို့ တားပေမဲ့ အရာမရောက်ခဲ့ဘူး။ ကျွန်မစိတ်ထဲမှာ လွင်လွင်ကို ဘယ်သူမှမထိစေရဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သူဟာကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်နေလို့ပါပဲ။

သရုပ်ဆောင်သူတွေသာ ပြောင်းသွားခဲ့တယ်..
အဖြစ်အပျက်က အရင်ပုံစံအတိုင်းပဲ။ ခေါက်ဆွဲစားချိန် ကျွန်မ မစားဘဲ ဖုန်းပြောသယောင် တမင်ဟန်ဆောင်ခဲ့တယ်။ သူတို့အားလုံးစားပြီးမှ ခေါက်ဆွဲကို ပါးစပ်ထဲ ထိုးထည့်ရင်း “ဟင်း… ဒီခေါက်ဆွဲ အနံ့မကောင်းဘူး”ဆိုပြီး ကျွန်မ မစားတော့ဘူး၊ စုစုနဲ့လွင်လွင်ကို အိပ်ခန်းထဲထိ ကျွန်မလိုက်ပို့လိုက်တယ်။ အိပ်ခန်းထဲတောင် မရောက်သေးပါဘူး... သူတို့နှစ်ယောက် မူးနှောက်နေပြီ။ ကျွန်မလည်း အော့အန်ချင် ဟန်ဆောင်နေလိုက်တယ်။ မကြာပါဘူး ….. သူတို့နှစ်ယောက် အိပ်ပျော်သွားတဲ့အချိန် ကိုစိမ်းကို ကျွန်မတံခါးဖွင့်ပေးလိုက်တယ်။

“လွင်လွင်က ကျွန်မသူငယ်ချင်းနော် ၊ သူ့ကို မထိပါနဲ့၊ သူ့ကိုထိရင်နောက်ထပ် ဘယ်တော့မှ ကျွန်မ မလာတော့ဘူး” လေးလေးနက်နက် ပြောလိုက်တဲ့ ကျွန်မစကားကို ကိုစိမ်းက...

“စိတ်ချပါ …. ငါမထိဘူး ၊ ငါဘယ်သူ့ကိုမှ မထိဘူး၊ ခဏနေ ငါ့သူငယ်ချင်းလာလိမ့်မယ်။ ဒီတစ်ယောက် သူ့ကိုပေးလိုက်မယ်” ကိုစိမ်းပြောအပြီး ခန့်မှန်းထားသလိုဖြစ်ခဲ့လို့ မျက်လုံးပြူးသွားတဲ့အထိ ကျွန်မ အံ့သြမိတယ်။

“နင် လုပ်တာအရမ်းကောင်းတယ် ၊ နောက်ဆိုရင် လူတွေခေါ်လာခဲ့ဦး …. နင့်ဆုကြေးငွေ မလျော့စေရဘူး”

ကျွန်မကို ကိုစိမ်း ညာမပြောခဲ့ပါဘူး။ သူ့သူငယ်ချင်းက သူ့ကို ငွေတထပ်ကြီး ထုတ်ပေးလိုက်တယ်။ ကိုစိမ်းက ကျွန်မကို (၃ဝဝဝ)လှမ်းပေးတယ်။ အခန်းအပြင်မှာ ကိုစိမ်းနဲ့ကျွန်မ စောင့်နေခဲ့တယ်။ ကျွန်မစိတ်ထဲမှာတော့ လူတွေကို ဘယ်လိုဇာတ်လမ်းဆင်ပြီး လိမ်ညာရမလဲဆိုတာကို ကြံစည်တွေးတောနေမိတယ်။ စုစုကိုစော်ကားပြီး အခန်းထဲက ကိုစိမ်းသူငယ်ချင်း ထွက်လာတော့ ကျွန်မအတော်လေး ကျေနပ်သွားခဲ့တယ်။ လူတွေကိုလိမ်ရတာ သိပ်ခက်ခဲတဲ့ အလုပ်တစ်ခု မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ကလေးဆိုးတစ်ယောက် ဖြစ်နေလို့ပါပဲ။

နောက်ဆက်တွဲ

ကျွန်မတို့ရှေ့မှာ မေ” အေးစက်စက်ထိုင်နေပြီး လေ့လာရေးခရီးမှာ သူတို့ဘယ်သွားခဲ့တယ် ဆိုတာကို ပြောပြနေတယ်။ သူ့အတန်းပိုင်ဆရာမက သူပြောသမျှကို ယုံကြည်ပေမဲ့ သူ့စကား အသွားအလာကြားမှာ သဲလွန်စတစ်ချို့ကို ကျွန်မတွေ့ခဲ့တယ်။ စကားနှိုက်မေးမှ လေ့လာရေးခရီးစဉ်အကြောင်း သူဇာတ်လမ်းဆင် ပြောနေတယ်ဆိုတာ သိရတယ်။

"ဘာဖြစ်လို့ ဆရာမကို လိမ်ရတာလဲ ? ၊ နင့်အတွက် နေ့လည်စာအခမဲ့လျှောက်ပေးရ ၊ ထောက်ပံ့ကြေး လျှောက်ပေးရနဲ့ ဘာဖြစ်လို့ ဆရာမကိုလိမ်ရက်တာလဲ!”

အတန်းပိုင်ဆရာမက ဒေါနဲ့မောနဲ့ပြောပြီး ထွက်သွားခဲ့တယ်။ မေရဲ့ပုံစံက အေးတိအေးစက်နဲ့ ပါးစပ်စွန်းလေး ကွေးရုံ ပြုံးခဲ့တယ်။ အဲဒီအပြုံးထဲမှာ အားရမှုနဲ့ ကြေကွဲမှုတွေ ပါနေတယ်။ ကြမ်းပြင်ကို သူစိုက်ကြည့်နေတယ်။ ငယ်ရွယ်နုပျိုတဲ့ သူ့မျက်နှာပေါ်မှာ ပြောမပြတတ်တဲ့ ခံစားမှုတွေ ထင်ဟပ်နေတယ်။ ကြုံတွေ့ခဲ့တဲ့ နာကျင်ဝမ်းနည်းမှုတွေကို သူသိုဝှက်ပြီး လူတွေရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်နေမှန်း ကျွန်မသိတယ်။ လူတွေရဲ့သနားကြင်နာစိတ်ကို သူပယ်ဖျက်နေခဲ့တယ်။ သူ့အလိမ်ညာကို ကျွန်မဖေါက်ထွင်းမြင်ခဲ့တာတောင် သူကဘာမှဂရုမစိုက်တဲ့ပုံစံနဲ့ ၊ ဒီကိစ္စက ဥပဒေနဲ့မကင်းဘူးဆိုတာတောင် ကြောက်ရွံ့မှုကို စိတ်ထဲမှာပဲ သူဖုံးဖိထားခဲ့တယ်။ စိတ်ထဲက နာကျင်၊ ပျော်ရွှင်မှုတွေ သူတစ်ခုမှ ထုတ်ပြခဲ့ဖူးပုံ မရခဲ့ဘူး။

သူ့ကို ကျွန်မစိုက်ကြည့်ပြီး သူရင်ထဲက ခံစားချက်တွေ ဖွင့်အန်လာအောင် ဘယ်လိုလုပ်ရမှန်း မသိခဲ့ဘူး။ ရုံးခန်းထဲမှာရှိတဲ့ ပန်ကာမြည်သံက ကျွန်မခေါင်းထဲက မေးခွန်းတွေနဲ့ ရောထွေးလို့နေတယ်။ ကစားကွင်းက ဘောလုံးကစားနေတဲ့ ကျောင်းသားတစ်ချို့ရဲ့ ရယ်သံကို ကျွန်မကြားလိုက်တယ်။ ကျောင်းအပြင်လမ်းမပေါ် ကြော်ငြာကားဆီက လွှင့်လာတဲ့အသံကို ကျွန်မကြားလိုက်တယ်။ ဒါပေမဲ့ ကျွန်မစိတ်ထဲကအသံကို ကျွန်မပြန်မကြားမိဘူး။ ကျောင်းသားတွေကို အမြဲပုံပြော ဆုံးမခဲ့တဲ့ကျွန်မ အခုတော့ စကားလုံးတွေ ပျောက်နေခဲ့တယ်။ မေ" ရဲ့အတွေ့အကြုံက အမြဲအဆင်ပြေချောမွေ့ခဲ့တဲ့ ကျွန်မအတွက် ဘယ်လိုမှ မဖြေရှင်းတတ်ခဲ့ဘူး။ နောက်ပြီး မေ” အသက်က ခုမှ(၁၅)နှစ်ပဲရှိသေးတယ်။

ဖြေရှင်းဖို့ ကျွန်မတွေဝေနေချိန် မေ”က လက်နှစ်ဖက်ကို ဒူးပေါ်တင်ပြီး ပွတ်သပ်နေတာကို တွေ့လိုက်တယ်။ တကယ်တော့သူလည်း မသိစိတ်က ကြောက်ရွံ့ထိတ်လန့်နေမှန်း သိသာနေခဲ့တယ်။ သူ့ကို စကားလုံးတွေနဲ့ ဖြေရှင်းစရာမလိုဘူးဆိုတာ ရုတ်တရက် ကျွန်မနားလည်လိုက်တယ်။ သူ့ဘေးမှာ ကျွန်မကပ်ထိုင်ပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တယ်။ လက်ကို သူဆက်မပွတ်တော့ပေမဲ့ ခေါင်းမော့မလာခဲ့ဘူး။ တအောင့်နေတော့ သူ့ပါးပေါ်ကမျက်ရည်တွေ ကျွန်မလက်ဖမိုးပေါ် စီးကျလာခဲ့တယ်။ အံကြိတ်ပြီး ငိုသံမထွက်အောင် သူကြိုးစားပေမဲ့ လည်ပင်းမှာတစ်ဆို့နေတဲ့ ရှိုက်သံနဲ့ တုန်လှုပ်နေတဲ့ပခုံးကို ကျွန်မတွေ့လိုက်တယ်။ နာကျင်စိတ်မကောင်းစွာနဲ့ သူ့ကိုကျွန်မ ပွေ့ထားချင်ပေမဲ့ သူအပွေ့ခံမယ်မဟုတ်မှန်း ကျွန်မသိတယ်။ အိတ်ကပ်ထဲက တစ်ရှုးကိုထုတ်ပြီး သူ့ကို ကျွန်မလှမ်းပေးလိုက်တယ်။

အဲဒီနေ့က သူ့ဘေးမှာ တမနက်လုံး ကျွန်မရှိနေခဲ့တယ်။ “ဘာကြောင့်”ဆိုတဲ့ အမေးကို ကျွန်မတစ်ခွန်းမှ မမေးခဲ့ဘဲ အဖြေအားလုံး သူဖြေသွားခဲ့တယ်။ စိတ်လွတ်လပ်စွာနဲ့ သူဖြေခဲ့တယ်။ မျက်ရည်တစ်စက်မှ သူမထွက်တော့ပေမဲ့ ကျွန်မပါးပြင်ပေါ်မှာ မျက်ရည်တွေ ပြည့်နေခဲ့တယ်။ နောက်ဆုံးကျန်တဲ့ တစ်ရှုးတစ်ရွက်ကို ထုတ်ပြီး ကျွန်မကို သူကမ်းပေးတယ်။ ပြီးတော့ “ဆရာမ … မငိုပါနဲ့ ကျွန်မက ကလေးဆိုးပါ ၊ ကျွန်မအတွက် ဆရာမ မျက်ရည်ကျတာ မတန်ပါဘူး”

ကျွန်မ ဆက်မအောင့်နိုင်တော့ပါဘူး ၊ သူ့ကို ကျွန်မတင်းတင်းလေးပွေ့ဖက်ထားလိုက်မိတယ်။

“မဟုတ်ဘူး ….. သမီး ကလေးဆိုး မဟုတ်ဘူး”

ပြီးပါပြီ

မူရင်း.. ထိုင်ဝမ်စာရေးဆရာမ (ကျောင်းအုပ်ဆရာမ) Lee Chi-Tao (李枝桃) ရေးသားတဲ့ "ကျွန်တော်တို့ ကလေးဆိုး မဟုတ်ကြဘူး" (我們不是壞孩子) ဆိုတဲ့ စာအုပ်ထဲက စာတစ်ပုဒ်ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက သူဆရာမလုပ်စဉ် ကြုံခဲ့တဲ့ ကလေးတွေအကြောင်းကို ရေးသားထားတာဖြစ်ပြီး စာအပုဒ်ပေါင်း ၁ဝဝကျော် ပါရှိပါတယ်။ ကျွန်မကြိုက်တာတွေကို ကြုံရင်ကြုံသလို ဘာသာပြန်မျှဝေပါမယ်။ (တကယ်တော့ တစ်အုပ်လုံးကြိုက်တာ) ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, June 21, 2009

ကျွန်မဖတ်ဖို့ (၁၂)


(၁)ကျွန်တော်တို့က အစာသာစုဆောင်းတတ်တဲ့ ပုရွက်ဆိတ်နဲ့ မတူသင့်ဘူး။ ဗိုက်ထဲကအမျှင်ကိုသာ ထွေးထုတ်တတ်တဲ့ ပင့်ကူလိုလည်း မဖြစ်သင့်ဘူး။ ဝတ်မှုန်ကိုစုပ်ယူ ကျေညက်အောင်ဝါးမျိုပြီးမှ မွှေးကြိုင်ချိုမြိန်တဲ့ ပျားရည်အဖြစ် ပြန်ထုတ်ပေးတဲ့ပျားတွေလို ကျင့်ကြံသင့်တယ်။

(၂) ဘယ်လိုအတွေးအခေါ်ရှိရင် ဘယ်လိုအပြုအမှုရှိမယ်။
ဘယ်လိုအပြုအမှုရှိရင် ဘယ်လိုအလေ့အထရှိမယ်။
ဘယ်လိုအလေ့အထရှိရင် ဘယ်လိုအကျင့်စရိုက်ရှိမယ်။
ဘယ်လိုအကျင့်စရိုက်ရှိရင် ဘယ်လိုကံကြမ္မာရှိမယ်။

(၃) စာအုပ်ကောင်းဆိုတာ ဆရာ၊ သူငယ်ချင်းတွေနဲ့ တူတယ်။ ကိုယ့်ဘေးမှာအစဉ်ရှိပြီး ကိုယ့်ဘဝကို အသိပညာ၊ ဗဟုသုတတွေနဲ့ ပြည့်စုံစေတယ်။ မကောင်းတဲ့စာအုပ်က ကိုယ့်အပေါ်မကောင်းတဲ့ သူငယ်ချင်းလိုပဲ ကိုယ့်အကျင့်၊ ကိုယ့်စရိုက်ကို ပျက်ပြားစေပြီး မှေးမှိန်တဲ့ဘဝလမ်းဆီ တွန်းပို့ပေးတယ်။

(၄) စင်ပေါ်(၃)မိနစ်အတွက် စင်အောက်မှာ(၁ဝ)နှစ် ကျင့်ရတယ်။ အဲဒီအောင်မြင်မှုက ကြိုးစားမှုရဲ့ရလဒ်ဖြစ်တယ်။ ဒီလိုကြိုးစားအောင်မြင်တဲ့လူကို ကိုယ့်ရဲ့ဝမ်းသာမှုတွေ ပေးသင့်တယ်။

(၅) "သတင်းကောင်းက အိမ်ထဲအောင်းနေချိန်၊ အတင်းက ကမ္ဘာပတ်ပြီးနေပြီ"
ထိခိုက်မှုတွေထဲမှာ အတင်းစကားနဲ့ ထိခိုက်တာလောက် နာကျင်တာမရှိဘူး။ ကိုယ့်ပါးစပ်မဟခင် စဉ်းစားချင့်ချိန်ပါ။ ပါးစပ်ကထွက်မယ့်စကားတွေ ဦးနှောက်ကိုအရင်ဖြတ်ပါစေ။

(၆) "တောင်တွေကို ရွေ့လျားဖို့လွယ်ပေမယ့် အကျင့်စရိုက်ကို ပြောင်းလဲဖို့ခက်ခဲတယ်"
မကောင်းတဲ့အကျင့်ကို မွေးမြူမိပြီးရင် ပြုပြင်ဖို့ ခက်သွားတတ်တယ်။
ခက်တယ်ဆိုတာကလည်း လူတွေက ကိုယ့်အပြစ်ကို ကိုယ်မမြင်တတ်ကြလို့ပါပဲ။

(၇) "ကိုယ့်အတွက်" လို့ စဉ်းစားမိတာနဲ့တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားပေးသင့်တယ်။ ဒါတွေက ကြင်နာ၊ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်းရောက်တယ်။ လင်မယားကြားမှာ ဒါကိုပိုအလေးထားသင့်တယ်။

(၈) လူ့ဘဝမှာ နေသာရက်၊ မိုးအုံ့ရက်တွေရှိတယ်။ နေသာတယ်ဆိုတိုင်း အမြဲတမ်းနေသာနေမှာ မဟုတ်ဘူး။ တစ်ခါတလေ မိုးကြီးလေကြီးလည်း ကျတတ်တယ်။ မိုးမိသွားတဲ့လူကို လက်ညှိုးထိုး ဟားတိုက်မရယ်ပါနဲ့။ ထီးတစ်ချောင်းနဲ့ သူ့ကိုအကာအကွယ်ပေးလိုက်ပါ။

(၉) စကား၊ စာလုံးတွေက စာအုပ်အဖြစ် ပုံနှိပ်ပြီးရင် အသေဖြစ်သွားပြီ၊ ဒါပေမယ့် လူ့ဦးနှောက်က ရှင်နေသေးတယ်။ သေနေတဲ့ စကား၊ စာလုံး၊ နည်းလမ်းတွေကို ရှင်နေတဲ့ ကိုယ့်ဦးနှောက်ထဲ သွတ်သွင်းပါ။

(၁ဝ) အောင်မြင်လိုစိတ်၊ ကြီးပွားလိုတဲ့ဆန္ဒတွေက ကူးစက်နိုင်တယ်။ အဲဒါတွေကို ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်စိတ်ဓာတ်မှာ ကူးစက်ထားပါစေ။ အဲဒါတွေက ကိုယ်သွားရာလမ်းက ဆူးညှောင့်ခလုတ်၊ အဖျက်အဆီးတွေကို ချေဖျက်ပေးပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်ပို့ပေးမယ့် အရာတွေဖြစ်တယ်။

ကျွန်မဖတ်ဖို့ အွန်လိုင်းပေါ်တွင် ရှာဖွေစုဆောင်း ဘာသာပြန်သည်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, June 19, 2009

သစ်ပင်ပေါ်ကအိမ်များ


Tom Chudleigh ထီထွင်ထားတဲ့ ET သဏ္ဍာန်သစ်တောအိမ်လို့ သိရပါတယ်။ တောသဘာဝဝန်းကျင်နဲ့ သင့်တော်လွတ်လပ်တဲ့စတိုင်လ်လို့ ဆိုထားပါတယ်။ ဒါကြောင့်ပုံစံက ထူးဆန်းလို့နေတယ်။

ဂျပန်ကျောင်းသား Lukasz Kos ထီထွင်ထားတဲ့ 4TreeHouseလို့ အမည်ရတဲ့ သစ်တောအိမ်ဖြစ်ပါတယ်။ လေးထောင့်ပုံ အိမ်ကအိမ်နဲ့မတူဘဲ မီးအိမ်တစ်ခုနဲ့တူနေပါတယ်။

လန်ဒန်တစ်နေရာက သိပ္ပံဆန်ဆန် သစ်တောအိမ်ဖြစ်ပါတယ်။ ဆန်းသစ်တဲ့သဏ္ဍာန်နဲ့ ပြတင်းမှန်တွေက အိမ်ရဲ့ ထူးခြားချက်ဖြစ်တယ်။

Massachusetts က အင်ဂျင်နီယာ ၃ဦးရဲ့ စိတ်ကူးနဲ့ဆောက်ထားတဲ့ သစ်တောအိမ်ဖြစ်ပါတယ်။ အိမ်က မွန်ကိုးရီးယားအိမ်နဲ့ နက္ခတ်ဘောလုံး (Astronomy ball) တို့ပေါင်းထားတာနဲ့ တူနေခဲ့တယ်။ (ပန်းချီနဲ့တူနေရော)

တကယ့်သစ်တောအိမ်ဆိုတာ ဒီပုံစံကိုပြောတာဖြစ်မယ်။ သဘာဝသစ်အိမ်လို တောရိုင်းသားတစ်ဦးဦးက ဆောက်ထားသလားထင်ရတဲ့ ဒီသစ်အိမ်ကို ဂျပန်က သစ်လုံးအိမ်ဒီဇိုင်းနာ Takashi Kobayashi က ဒီဇိုင်းပြု ထီထွင်ခဲ့တာဖြစ်တယ်။

ဂျာမဏီပညာရှင်ထီထွင်ထားတဲ့ ဒီသစ်အိမ်က ပေါ့ပါးခိုင်ခံကြောင်းကို ခံစားစေပါတယ်။ တောအုပ်ပေါ်မှာ အိမ်တစ်လုံး မျှောနေသလား ထင်ရပါတယ်။

အားကစားရုံပုံစံ ဒီသစ်အိမ်က ညအချိန်မီးရောင်အောက်မှာ အရမ်းကို စိတ်ကူးယဉ်ဆန်တဲ့ အိမ်ပုံစံဖြစ်ခဲ့တယ်။

ထိုးထိုးထောင်ထောင် သစ်ပင်တွေကို မတွေ့ရင် ဒီအိမ်က ရဲတိုက်နဲ့တူနေခဲ့တယ်။ ဒီသစ်အိမ်ထဲမှာတော့ ထိုင်ခုံ(၁၂ဝ) ရှိတဲ့ စားသောက်ခန်း၊ ဈေးဆိုင်တစ်ဆိုင်၊ စာသင်ခန်းနှစ်ခန်းနဲ့ သီးသန့်ထမင်းစားခန်း တစ်ခန်းပါရှိပါတယ်။ အိမ်က စတုရန်းပေ (၆ဝဝဝ)ကျယ်ဝန်းပြီး ကမ္ဘာမှာ အကျယ်ဆုံး သစ်အိမ်ဖြစ်ပါတယ်။

သစ်တောအိမ်တွေကို ကြည့်ပြီး ရွာကိုလွမ်းသွားတယ်။ ရွာကသစ်အိမ်တွေ မဟုတ်ပါဘူး။ ဒီက သစ်အိမ်တွေဖြစ်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, June 16, 2009

ပန်းတစ်ပွင့်ရဲ့ကမ္ဘာ


ပန်းတစ်ပွင့်ကို သေသေချာချာ မကြည့်ခဲ့ဖူးတာ ကြာခဲ့ပြီလား?
တကယ်လို့ ပန်းတစ်ပွင့်နဲ့ တစ်ယောက်တည်း ထိတွေ့ကြည့်တဲ့အခါ ပန်းပွင့်ကနေ အတွေ့အကြုံတစ်ချို့ သင်ရပါလိမ့်မယ်။

ဘယ်ပန်းမျိုးမှ တင်းကျပ်၊ တောင့်တင်းတယ်ဆိုတာ မရှိပါဘူး။ ပန်းပွင့်တွေက လွတ်လွတ်လပ်လပ် ဖြေလျော့ကြတယ်။ ဒါကြောင့် သူတို့ရဲ့ ပွင့်ဖတ်တစ်ခုတိုင်းက နူးညံ့ပျော့ပျောင်းနေတာဖြစ်တယ်။

ဘယ်ပန်းမျိုးမှ ပျာယာခတ်လှုပ်ရှားနေတာ မရှိဘူး။ သူတို့တွေ လေထုထဲမှာ ညင်ညင်သာသာ ရှုရှိုက်ကြတယ်။ ပြီးတော့ မွှေးကြိုင်တဲ့ရနံ့ကို ပြန်လွှင့်ထုတ်ပေးတယ်။

ဘယ်ပန်းမျိုးမှ မလိုအပ်တဲ့ ထိခိုက်နာကျင်မှုတွေကို ခံစားမနေကြဘူး။ ရိုးရှင်းတဲ့ဝန်းကျင်မှာပဲ သူတို့ပျော်ဝင်ကြတယ်။ အေးအေးသက်သာ သူတို့ဆင်ခြင်တွေးတောကြတယ်။

အားလပ်ချိန်မှာ ပန်းတစ်ပွင့်နဲ့အတူ နေကြည့်ပါ။ ကိုယ့်စိတ်တွေ တဖြေးဖြေးပန်းပွင့်နဲ့ တစ်ထပ်တည်းကျလာပါလိမ့်မယ်။

စိတ်တင်းကျပ်ချိန်၊ အလုပ်များချိန်၊ ထိခိုက်နာကျင်မှုတွေ ရင်ထဲ လိတ်လိတ်ထလာချိန်မှာ ပန်းတစ်ပွင့်နဲ့အတူ နေကြည့်ပါ။ ပန်းတစ်ပွင့်ကို သေချာကြည့်ကြည့်ပါ။ အဲဒါက သင့်ရဲ့ လှုပ်ရှားရှုပ်ထွေးနေတဲ့ စိတ်တွေ တဖြေးဖြေး ငြိမ်သက်လာနိုင်တဲ့ အလှဆုံးနည်းပဲဖြစ်တယ်။ မူရင်းလင့်

ဒါမစနေပြောတဲ့ Dandelion ပန်းလေးလားမသိဘူးဆိုပြီး စာဖတ်သူနှစ်ယောက် ကျွန်မဆီ ပုံပို့လာပေးတယ်။ ပွင့်ဖတ်လေးတွေ မကြွေခင်ပုံပေါ့ ။ (ကျေးဇူးပါ KH နဲ့ ATး)

ဒီပုံလေးကတော့ Dandelionပန်းလေး ပွင့်ဖတ်တွေကြွေပြီး ရင့်မှည့်လာတဲ့မျိုးစေ့ပုံပေါ့။ အင်္ဂလန်က ဘူတာတစ်နေရာမှာ ရိုက်ခဲ့ပါတယ်။

ဒါတွေက Dandelion မျိုးနွယ်တွေလို့ ထင်ပါတယ်။ ၂ဝဝ၇ ဆိုတော့ကြာခဲ့ပါပြီ.. ဒါပေမယ့် ပန်းတွေက လတ်ဆတ်ဆဲပါ..

နိုင်းနိုင်းစနေ


Share/Bookmark

Monday, June 15, 2009

နောင်အနှစ် (၂ဝ) ?


မနေ့ညနေ ၂နာရီခွဲလောက်က တာချီလိတ်မှာ လေကြီးမိုးကြီးရွာလို့ လမ်းဘေးက သစ်ပင်တစ်ချို့လဲကုန်တယ်။ တစ်ချို့သစ်ပင်က ဓာတ်တိုင်နဲ့မလွတ်တဲ့အတွက် အခုမြို့တစ်ခြမ်းကမီးလာပြီး မြို့တစ်ခြမ်းက မီးပျက်နေတယ်။ ဒီနေ့ညနေ ၄နာရီလောက်က ကျိုင်းတုံကားဂိတ်ကို ကိစ္စတစ်ခုနဲ့ ကျွန်မသွားတော့ လမ်းတစ်နေရာမှာ လူတွေပွက်လောရိုက်နေတာ တွေ့လိုက်တယ်။ ရန်ဖြစ်တာများလားလို့ တွေးထင်ပြီး ရှေ့ကိုဆက်သွားတော့ လူကြီးတစ်ယောက် ဓာတ်တိုင်ပေါ်မှာ တွဲလောင်းကြီးချိတ်နေတာ တွေ့လိုက်တယ်။ လူတွေအုံကြည့်နေတာမို့ "ဘာဖြစ်တာလဲ? ဓာတ်လိုက်တာလား" လို့ ကျွန်မမေးမိတယ်။ မေးပြီးပြီးချင်း ဓာတ်တိုင်ပေါ်က တွဲလောင်းကျနေတာ ဓာတ်လိုက်လို့ပေါ့လို့ ကိုယ့်ခေါင်းကိုယ် ပြန်ခေါက်ထည့်လိုက်ချင်မိတယ်။ ဓာတ်တိုင်ပေါ် တွဲလောင်းကျနေသူက ဓာတ်မီးတိုင်တက်ပြင်ရင်း ဓာတ်လိုက်သွားပုံရတယ်။

ဆိုင်ကယ်ရပ်ပြီး ဓာတ်လိုက်တဲ့လူကို ကြည့်လိုက်တော့ ဘာဝတ်စုံ၊ ဘာအကာအကွယ်မှ ဝတ်မထားဘူး။ အနည်းဆုံး ဦးထုပ်တောင် ဆောင်းမထားပါဘူး။ သာမန်အရပ်ဝတ်အင်္ကျီနဲ့ ဝတ်ထားတာတွေ့လိုက်တယ်။ ဝတ်ထားတဲ့အင်္ကျီ လောင်ကုန်တာတွေ့ရတယ်။ လူကတော့ သတိရနေတုန်းပဲ။ အောက်မှာလည်း ဘာကယ်ဆယ်ရေးကားမှ မတွေ့ခဲ့ဘူး။ ကျွန်မဆက်မကြည့်ရဲလို့ နေရာကထွက်လာခဲ့တယ်။ ကားဂိတ်သွား၊ ဆိုင်ကယ်ဆီထည့်ပြီး ကျွန်မပြန်လှည့်လာချိန်မှ ဂရိန်းကားတစ်စီး သွားလိုက်တာ တွေ့လိုက်တယ်။ ဓာတ်လိုက်တဲ့နေရာ ကျွန်မပြန်ရောက်တဲ့အချိန် ဂရိန်းကားကအစုတ်ကြီးမို့ တော်တော်နဲ့အပေါ် မထောင်နိုင်ခဲ့ဘူး။ အပေါ်ကလူလည်း ဝူးဝူးဝါးဝါးနဲ့ သနားစရာအော်နေတယ်။ နေရာမှာ ဆက်ပြီးရပ်မကြည့်ရက်အောင် ကျွန်မခြေတွေ၊ လက်တွေ၊ ရင်တွေတုန်လာခဲ့တယ်။ အခု အိမ်ပြန်ရောက်လို့ အစ်မကိုပြောပြတော့ လူနာတင်ကား ဟိုဖက်ကမ်းမောင်းသွားတာ တွေ့လိုက်တယ်တဲ့..... ကံကောင်းပါစေလို့ ဆုတောင်းရုံပဲ ကျွန်မတတ်နိုင်ခဲ့တယ်။

နောင်အနှစ်(၂ဝ)တဲ့... မင်းယွန်းသစ် tagထားတဲ့ နောင်အနှစ် (၂ဝ)ကိုချရေးဖို့ ကျွန်မလက်တွေ တုန်နေခဲ့တယ်....

မနက်ဖြန်ဆိုတာတောင် ကျွန်မအတွက် မရေရာတဲ့အခြေအနေမို့ နောင်အနှစ်(၂ဝ)ကို ကျွန်မစိတ်ကူးယဉ်ပြီး မခန့်မှန်းတတ်ခဲ့ဘူး။ သေချာတာက ကျွန်မအသက်ရှင်သေးရင် အသက်(၆ဝ)တော့နီးနေလိမ့်မယ်။ နောင်အနှစ်(၂ဝ).. နောင်အနှစ်(၂ဝ)မှာ ကျွန်မဘာတွေလုပ်နေမလဲ? ကျွန်မဘာတွေလုပ်ခဲ့ပြီးပြီလဲ? နောင်အနှစ်(၂ဝ) ဒီပို့စ်မှာ ကျွန်မအတွက် မရေရာတဲ့မေးခွန်းတွေ များနေလိမ့်မယ်။ (ဆောရီးပါ မင်းယွန်းသစ်)

နောင်အနှစ်(၂ဝ)ကို မျှော်မကြည့်ခင် လွန်ခဲ့တဲ့အနှစ်(၂ဝ)ကျော် (၃ဝ)လောက်က ကျွန်မမှတ်မိတဲ့အဖြစ်ကို အရင်တွေးကြည့်မိတယ်။ အဲဒီတုန်းက ရွာမှာ စာမတတ်သူ ပပျောက်ရေးဆိုပြီး အသုံးလုံးသင်တန်းတွေရှိခဲ့တယ်။ မြို့ကလုပ်အားပေးဆရာ၊ ဆရာမတွေ ရွာအထိ ညအိပ်ညနေ လာသင်ပေးခဲ့တယ်။ ညတိုင်း ဝ.ထ.က.လ.သ ဆိုတဲ့ ရွတ်ဆိုသံတွေ ခုထိကျွန်မ အမှတ်ရနေသေးတယ်။ သူတို့ကြောင့် ကျွန်မတို့ရွာက စာမတတ်တဲ့ သက်ကြီးရွယ်အိုတွေ တော်တော်နည်းကုန်တယ်။ အဲဒီလုပ်အားပေးဆရာမတွေ ခုချိန်မှာ ဘယ်များရောက်နေမလဲ? ရွာမှာ လုပ်အားပေးခဲ့တာကို သူတို့မှတ်မိချင်မှ မှတ်မိမယ်။ ဒါပေမယ့် အလင်းရသွားတဲ့ ရွာကလူတွေက သူတို့ကို ခုထိမှတ်မိနေတာအမှန်ပဲ။ အဲဒီတုန်းက ငယ်သေးလို့ နောင်အနှစ်(၂ဝ) ဆိုတာကို ကျွန်မမတွေးခဲ့မိဘူး။

အခုချိန်မှာ လွန်ခဲ့တဲ့ အနှစ်(၂ဝ)နဲ့ နောင်အနှစ်(၂ဝ)ကြားမှာ ကျွန်မရောက်နေတယ်။

ဟိုတစ်လောက ကျွန်မတို့ရွာ အိမ်ဘေးနားက ကောင်မလေးတစ်ယောက် ကျောင်းနေဖို့ မတတ်နိုင်လို့တဲ့.. (၉)တန်းအောင်ပြီးကတည်းက ကျောင်းဆက်တက်ဖို့ နေ့စားအလုပ်လုပ်ရင်း စရိတ်ရှာစုခဲ့တယ်။ အမေက ရောဂါသည်၊ ဖတဆိုးလေးမို့ ဒီနေ့ရှာဒီနေ့စားနဲ့ သူ့အတွက်ကျောင်းစရိတ် မစုနိုင်ခဲ့ဘူး။ ကျောင်းနားနေတာ (၂)နှစ်ရှိပြီး ကျောင်းမနေရလို့ လူမသိအောင် ခိုးခိုးငိုနေတယ်လို့ သူ့အဘွားက ကျွန်မကိုလာပြောပြတယ်။ (၁ဝ)တန်းအောင်တဲ့အထိပဲ ထားပေးပါလို့ သူ့အဘွားကိုခဏခဏ သွားတောင်းပန်တယ်လို့ပြောတယ်။ လိမ္မာပြီးစာကြိုးစားတဲ့ ကလေးဆိုပေမယ့် မိသားစုများတဲ့ သူ့အဘွားလည်းမတတ်နိုင်ခဲ့ဘူး။ ကျွန်မကို လာပြောပြတော့ ကျွန်မချီတုံချတုံ ဖြစ်နေခဲ့တယ်။ ပြီးတော့ စုထားတဲ့ငွေလေးကို ပညာသင်ခဲ့တဲ့ဦးနှောက်နဲ့ တွက်ချက်ကြည့်လိုက်ပြီး ကျွန်မတွေဝေနေတယ်။ နောင်အနှစ်(၂ဝ)မှာ "လွန်ခဲ့တဲ့အနှစ်(၂ဝ)ကလေ" လို့ ပြောစရာမရှိအောင် ကျွန်မတွေဝေနေခဲ့တယ်။

နောင်အနှစ်(၂ဝ)တဲ့... စာမတတ်သူတွေ ဘယ်နှစ်ယောက်ကျန်ဦးမလဲ? ကျောင်းမနေနိုင်တဲ့ ကလေးဘယ်နှစ်ယောက် ကျောင်းနေနိုင်ခဲ့မလဲ? နောင်အနှစ် (၂ဝ)? ကျွန်မအတွက် မရေရာခဲ့ဘူး.. သေချာတာက ကျွန်မ နိုင်ငံခြားတိုင်းပြည်တစ်နေရာ ရောက်နေမယ်ဆိုတာပါပဲ...

tagဆိုလို့သာ ရေးလိုက်တယ်။ ဘာမှန်းတော့မသိဘူး.. ဆောရီးပဲ မင်းယွန်းရေ.. မျက်စိမှိတ်ပြီး ကျေနပ်ပေးပါလို့း)

နိုင်းနိုင်းစနေ


Share/Bookmark

ပတ်ဝန်းကျင်ကြောင့် မပြောင်းလဲစေချင်

ဆူပါမားကက်တစ်ခုမှာ ဖြစ်ပါတယ်။ မိသားစုသုံးယောက် အိမ်အတွက်လိုအပ်တဲ့ အသုံးအဆောင်တွေကို ဝယ်ယူပြီးနောက် အိမ်ပြန်ဖို့ စီစဉ်ခဲ့ကြတယ်။ ဖခင်ဖြစ်သူက သုံးထားတဲ့ တွန်းလှည်းကို နေရာတကျပြန်ထားဖို့ သားကိုခိုင်းလိုက်တယ်။

သားက တစ်ခြားတွန်းလှည်းတွေကို ကြည့်ပြီး "ဖေဖေ.. ဟိုမှာတွန်းလှည်းတွေ ဒီတိုင်းပဲထားခဲ့ကြတယ်။ ဘယ်သူမှ နေရာတကျပြန်မထားကြဘူး။ တွန်းလှည်းတွေကို ဒီမားကက်မှာ တာဝန်ကျသူတွေ လာယူလိမ့်မယ် ဖေဖေ"

"သား.. ဒီလိုဆိုရင် တွန်းလှည်းကို ပြန်ထားတာကောင်းလား! မကောင်းဘူးလား! သားဘယ်လိုထင်လဲ?"

ဖခင်အမေးကို ပြန်ဖြေဖို့ သားစဉ်းစားရကျပ်နေတုန်းမှာ မိခင်က "ကဲ... ကဲ... ဒီလိုကိစ္စသေးသေးမွှားမွှားနဲ့ သားဖြေရခက်အောင် မလုပ်ပါနဲ့ ပြန်ကြရအောင်..."

ဖခင်က သားကိုဆက်မမေးတော့ဘဲ ပြန်ဖို့ပြင်ချိန် မလှမ်းမကမ်းက အဘွားအိုတစ်ဦးကို တွေ့လိုက်တယ်။ အဘွားအိုက တွန်းလှည်းကိုတွန်းပြီး နေရာတကျပြန်ထားခဲ့တယ်။ အဲဒီအဖြစ်ကိုကြည့်ပြီး ဖခင်က...

"သား... ဒီကမ္ဘာပေါ်မှာ လူနှစ်မျိုးရှိတယ်။ တစ်မျိုးက သုံးပြီးတဲ့တွန်းလှည်းကို ပြန်ထားတဲ့လူနဲ့ နောက်တစ်မျိုးက တွေ့ရာနေရာမှာ ထားခဲ့တဲ့လူဖြစ်တယ်။ သားကိုတော့ ပြန်ထားတဲ့လူဖြစ်စေချင်တယ်။ ဒါကြောင့် ဒီတွန်းလှည်းကို ပြန်ထားလိုက်ပါနော်"

ဒီပုံပြင်မှာ တွန်းလှည်းပြန်ထားမထားကို အဓိကဆိုလိုချင်တာ မဟုတ်မှန်း သိသာပါတယ်။ ဆိုလိုချင်တာက သာမန်ကိစ္စလေးနောက်ကွယ်က သိတတ်တဲ့တန်ဖိုးကိုဖြစ်တယ်။ ဒီပုံပြင်ထဲကနေ လောကမှာလူနှစ်မျိုးရှိကြောင်း တစ်မျိုးက ကိုယ်ထင်တာမှန်တယ်၊ အကျိုးရှိတယ်ဆိုတဲ့ အလုပ်ကို လုပ်တဲ့လူမျိုးနဲ့ နောက်တစ်မျိုးက အဲဒီအလုပ်တွေအတွက် ဆင်ခြေတွေပေးပြီး လက်ရှောင်တဲ့လူမျိုးဖြစ်ကြောင်း သိရပါတယ်။

ပထမလူမျိုးက တန်ဖိုးသိတတ်တဲ့လူဖြစ်တယ်။ ပိုတန်ဖိုးရှိတာက သူတို့ဟာ သူတို့မှန်တယ်၊ အကျိုးရှိတယ်ထင်တဲ့ အလုပ်ကို တစ်ခြားလူလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သူတို့က ဝီရိယရှိရှိလုပ်နေတာပဲဖြစ်တယ်။ သူတို့ရဲ့လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်၊ လောကကြီး ပြောင်းလဲသွားတယ်၊ တိုးတက်သွားတယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်က သူတို့ကို မပြောင်းလဲပစ်ဖို့ပဲဖြစ်တယ်။

မူရင်း... 別讓世界改變自己

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, June 14, 2009

ပေါင်းသင်းခြင်း၏ ရလဒ်


လောကမှာ ဘယ်သူမှ တစ်ဦးတစ်ယောက်တည်း ထီးထီးနေလို့ မရခဲ့ဘူး။ လူတိုင်း အစုအစည်း၊ အဖွဲ့နဲ့ ရှင်သန်နေကြတယ်။

လူ့လောကမှာ လူတိုင်းက စပျစ်နွယ်ရဲ့အခက်တစ်ခက်နဲ့ တူတယ်။ ရှင်သန်ဖို့ ပင်စည်ကို မှီခိုဖက်တွယ်ထားကြတယ်။ ပင်စည်ကခွါတာနဲ့ စပျစ်ခက် ညှိုးနွမ်းခြောက်သွေ့ရတယ်။ တစ်ချို့စပျစ်သီးတွေ ချိုမြိန်ရတာကလည်း ပင်စည်ကို ဖက်တွယ်ထားလို့ဖြစ်တယ်။ အခက်ကိုချည်း မှီခိုလို့မရပါဘူး။ တကယ်လို့ ပင်စည်ကိုခုတ်ဖြတ်လိုက်ရင် အခက်ပေါ်က စပျစ်သီးလည်း ညှိုးနွမ်းသွားရတယ်။

လူနေမှုအဖွဲ့အစည်းထဲ ပါဝင်ခြင်းဖြင့် လူတစ်ယောက်ရဲ့ အင်အားကိုတိုးစေတယ်။ လူတွေနဲ့ပေါင်းသင်းတဲ့ ဧရိယာကျယ်ဝန်းလေ အသိပိုတိုးလေ၊ တွေးတောကြံစည်မှု ပိုကောင်းလေဖြစ်တယ်။ တကယ်လို့ လူတွေနဲ့ အဆက်အဆံမလုပ်ဘဲ တစ်ယောက်တည်းနေခဲ့ရင် ကိုယ့်မှာရှိသမျှအင်အားတွေ လျော့နည်းသွား တတ်တယ်။ ဒါကြောင့် တစ်ပါးသူဆီကနေ ကောင်းတဲ့အကျင့်၊ ကောင်းတဲ့စရိုက်တွေသင်ယူမယ်၊ အဖွဲ့အစည်း၊ လှုပ်ရှားမှုတစ်ချို့မှာ ပါဝင်ခြင်းဖြင့် စိတ်အဟာရတွေကို ဖြည့်ဆည်းနိုင်ပါတယ်။

ကိုယ့်ထက် အသိဥာဏ်ကြွယ်ဝသူနဲ့ ပေါင်းသင်းခြင်းဖြင့် ကိုယ့်အသိဥာဏ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

နာမည်ကြီးဟောပြောဆရာတွေရဲ့ ဟောပြောမှုတွေ ထူးကဲကျွမ်းကျင်ရခြင်းက ပရိသတ်တွေရဲ့ နားလည်မှုကြောင့်ဖြစ်တယ်။ ပရိသတ်တွေရဲ့ သြဘာ၊ ညာသံတွေက ဟောပြောသူကို အင်အားဖြစ် အားတက်စေတယ်။ တကယ်လို့ ပရိသတ်မရှိတဲ့ ဒါမှမဟုတ် ပရိသတ် ၃, ၄ ဦးသာရှိတဲ့ ဟောပြောပွဲမှာ ဟောပြောသူဘယ်လိုမှ အင်အားထုတ် မဟောနိုင်ပါဘူး။

တစ်ခြားလူနဲ့ အမြဲပူးတွဲဆောင်ရွက်ခြင်းဖြင့် ကိုယ်ရဲ့အင်အားသစ်ကို သတိပြုမိနိုင်တယ်။ တကယ်လို့ မပူးတွဲခဲ့ရင် ကိုယ့်ရဲ့တိမ်ငြုပ်နေတဲ့ အင်အားတွေ ဘယ်လိုမှထုတ်ဖော် ပြသနိုင်မှာမဟုတ်ဘူး။

ဘယ်သူပဲဖြစ်ဖြစ် ဂရုတစိုက် နားထောင်တတ်ခဲ့ရင် အပေါင်းအဖော်ရဲ့ ရင်တွင်းလျှို့ဝှက်ချက်တွေကို သိနိုင်ပါတယ်။ အဲဒီအချက်တွေက တစ်ခါမှကိုယ်မသိ၊ မကြုံခဲ့ဖူးတာလည်း ဖြစ်နိုင်တယ်။ ဒါတွေကို အတွေ့အကြုံအဖြစ် ယူတတ်ခဲ့ရင် ကိုယ့်အတွက် အကျိုးရှိနိုင်ပါတယ်။ ဘယ်သူကမှ ထီးထီးနေတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အင်အားထုတ်ပြနိုင်မှာ မဟုတ်ဘူး။ တစ်ပါးသူတွေကမှ ကိုယ့်အင်အားတွေ ထုတ်ပြနိုင်ဖို့ ဖေးမသူတွေဖြစ်ခဲ့တယ်။

ကိုယ့်အောင်မြင်မှု တစ်ပိုင်းတစ်စက သူတစ်ပါးရဲ့ အကျိုးကြောင့်ဖြစ်တယ်။ သူတို့ကကိုယ့်ကို ကာလိုက်ကာ နောက်ကွယ်ကနေပြီး မသိမသာ မျှော်လင့်ချက်တွေပေးတယ်၊ အမြဲအားပေး၊ ကူညီတယ်။ စိတ်ဓာတ်အင်အား၊ နှစ်သိမ့်မှုတွေ အမြဲပေးတယ်။ ဒါတွေကို လူနည်းစုတွေကပဲ ခံစားနားလည်တတ်ခဲ့တယ်။

လူတစ်ယောက်ရဲ့ အသိဥာဏ်၊ ဘဝကြီးပြင်းဖို့က ကိုယ့်ခန္ဓာကိုယ်ဆီက အဟာရတွေ စုတ်ယူရုံတင်မက ပြင်ပအဖက်ဖက်က အဟာရတွေပါ စုတ်ယူဖို့လိုတယ်။ တစ်ချို့အဟာရတွေကို ကိုယ်တို့ သတိမမှုမိတတ်ကြဘူး။ ဥပမာ- နားနဲ့မျက်စိက ပြင်ပကအသံနဲ့ အလင်းကို လက်ခံရရှိစေတယ်။

ကျောင်းပညာရေးတစ်ချို့ရဲ့တန်ဖိုးက ကျောင်းသားနဲ့ဆရာကြား အပြန်အလှန် နှီးနှောသင်ယူခြင်းကနေ ရလာခဲ့တယ်။ ဒီလိုသင်ယူဖလှယ်မှုတွေက ကျောင်းသားတွေရဲ့ တွေးတောမှုကို ပိုထက်မြက်စေတယ်။ အာသီသတွေ ရုန်းထစေတယ်။ အင်အားတွေ ပိုဖြစ်ထွန်းစေတယ်။ အဓိကက ဒီလိုသင်ယူဖလှယ်မှုက သူတို့ရဲ့ အနာဂတ်ကို မျှော်လင့်ချက်အသစ်၊ စဉ်းစားတွေးခေါ်မှုအသစ်တွေ ဖြစ်ပေါ်စေတယ်။ စာအုပ်ထဲက အသိဥာဏ်တွေကလည်း တန်ဖိုးရှိတယ်ဆိုပေမယ့် ကျောင်းသားအချင်းချင်း၊ ကျောင်းသားနဲ့ဆရာကြားက ဆက်ဆံမှုတွေကလည်း သူတို့ကို အသိဥာဏ်တိုးစေပါတယ်။

လူတစ်ယောက်မှာ ဘယ်လောက်ပဲ အသိဥာဏ်ကြွယ်နေပါစေ၊ ဘယ်လောက်ပဲ အောင်မြင်နေပါစေ လူတွေနဲ့ မပေါင်းသင်း၊ မဆက်ဆံဘူး၊ တစ်ခြားလူအပေါ် ကိုယ်ချင်းစာတရားမထားဘူး၊ တစ်ခြားလူရဲ့ အခက်အခဲကို လျစ်လျူရှုမယ်၊ မကူညီတတ်ဘူး၊ နောက်ပြီး တစ်ခြားလူနာကျင်ဝမ်းနည်း၊ ပျော်ရွှင်တာကို မမျှဝေ ခံစားပေးဘူးဆိုရင် သူ့ဘဝက အထီးကျန်သွားလိမ့်မယ်၊ ဘဝမှာ အသက်ရှင်ရတာ အဓိပ္ပါယ်မဲ့သွားလိမ့်မယ်။

ကိုယ့်ထက်အသိဥာဏ်ကြွယ်သူ၊ အတွေ့အကြုံပေါများသူနဲ့ ပေါင်းသင်းဆက်ဆံခြင်းဖြင့် ကိုယ့်ရဲ့လူနေမှု၊ ကိုယ့်ကျင့်တရား၊ အသိဥာဏ်တွေကို တိုးတက်စေတယ်။ ဆင်ခြင်တွေးခေါ်မှုတွေ ပိုနက်နဲစေတယ်။ ဒါတွေဟာ ကိုယ်ရဲ့နေ့စဉ် နေထိုင်မှု၊ အလုပ်အကိုင်တွေအတွက် အထောက်အကူဖြစ်စေပါတယ်။ စိတ်ဓာတ်ယုတ်ညံ့သူနဲ့ ပေါင်းသင်းခြင်းဖြင့် ကိုယ့်အသိဥာဏ်၊ ကိုယ့်လုပ်ရည်ကိုင်ရည်ကို ယုတ်ညံ့သွားစေနိုင်သလို အတွေးအခေါ်တွေလည်း ထိုးဆင်းသွားတတ်ပါတယ်။

စိတ်၊ စိတ်ချင်းဖြစ်ပေါ်လာတဲ့ အင်အားကို ဘယ်အရမှအံတုလို့ မရနိုင်ပါဘူး။ ဒီအင်အားက စိတ်ဓာတ်တက်ကြွမှု၊ ဆန်းသစ်ထီထွင်မှုနဲ့ ဖျက်ဆီးမှုတွေမှာ များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အပေါင်းအဖော်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပြောဆိုပေါင်းသင်းဆက်ဆံပြီး၊ ကိုယ့်ထက်အသိပညာ၊ အတွေ့အကြုံရှိသူတွေကို ချည်းကပ်ခြင်းဖြင့် ကိုယ့်အသိဥာဏ်၊ ကိုယ့်တန်ဖိုးကို မြှင့်တင်နိုင်ပါတယ်။

မူရင်း .. google search or
交友的巨大效益

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

သိန်းစွန်ငှက်တို့အပြန်လမ်း

ပိုင်စိုးဝေ
နောက်ဆုံးအခေါက်ပါပဲ
ကျွန်တော် ရွာကိုပြန်လာခဲ့ပါတယ်
အမေ ။
ရွာဆိုတာ .........
တမာ ထနောင်း ရှားစောင်း ပြာဿဒ်
သန်း ဒဟတ်ပင်တွေနဲ့ ၊
မိုးနှံချုံပုတ် ၊ ရှားပင်ငုတ်တို နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေကြားက တဲကလေးတစ်လုံးပါ ။
အဲဒီတဲကလေးထဲ အမေ လဲလျောင်းနေပေါ့။
အမေ .... ကျွန်တော်ရောက်လာပြီ အမေ ။
အမေ့ခြေအစုံကိုပွေ့ဖက် အသံမထွက်ဘဲ ကျွန်တော်ငိုတယ် ။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ ... ... ... ... ။

ကျွန်တော့်ကို စကားမပြောချင်လို့
အမေ့သွားတွေ တင်းတင်းစေ့ထားသလား
ကျွန်တော့်ကို မမြင်ချင်လို့အမေ့မျက်လုံးတွေ မှိတ်ထားသလား
ထကြည့်ပါဦး စကားပြောပါဦး အမေရယ် ။

ဟော .. အမေ .....အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းစိမ်းညို့ညို့နဲ့
ဇရပ်အိုအို ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်းချိုင်းဆိုတဲ့နေရာကို ပို့ကြတော့မလို့တဲ့ ။

လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့အလောင်းကို ခေါင်းထဲထည့်ကြပေါ့
ကြေးစည်ကိုရိုက်နှက်ကြပေါ့ ။

ကျွန်တော်မငိုပါဘူး အမေ
ငိုလို့မရတော့ဘူး အမေ
အမေ့မြေး ကလေးလေးတွေ
ကျွန်တော့် တူနဲ့တူမလေးတွေ
သူတို့ငိုပါစေ ။

အမေ့သား သူတို့ရဲ့အဖေကျွန်တော့်အကိုကြီး
အမေ့သမီး သူတို့ရဲ့အမေ ကျွန်တော့်အစ်မ ၊
သူတို့မောင်နှမ အမေ့အရင် စောစောစီးစီး
ဟောသည်လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး ဟောသည်ကလေးလေးတွေ
အမေ့အတွက် သူတို့ငိုပါစေ ။
အမေ့အတွက်သူတို့မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ ။

ကျွန်တော်ကတော့ နွေဦးရက်တွေအကြောင်း
သီချင်းမဆိုနိုင်တဲ့ ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ တမ်းတပူဆွေးခဲ့သူပါ အမေ ။
'' အမေ ......နေကောင်းပါစေ။
အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့်ကိုယ်
ဖြစ်ရပါလို၏ ''

ညအိပ်ရာဝင် ၊ ရင်ထဲလှုပ်ခတ် ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ဆုတောင်းသံများကြား
ရှည်လျှားလွန်းတဲ့ ညတွေသာ ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ ။

မနေ့ကတော့'' အမေ့ဆုံးပြီ ၊ အမြန်လာ '' တဲ့ ။
ကုသိုလ်ကြမ္မာ ၊ နုံချာလို့လား ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ ။
အမေကမွေးပေမယ့် အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာအသုံးကျတော့မှာလဲ ။

အဲသည်လို နောင်တ တရားတွေက နှလုံးသားကိုကုတ်ခြစ်
ဘဝ ဆိုတာကိုလည်း မကျေမနပ်ဖြစ်မိပေါ့။

ကျွန်တော် မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့အတူ အမေကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေသူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့ ။

ဟော .......
နီညိုညိုကျောက်တုန်းတွေကြားက
ရထားတစ်စင်းဟာ အဝေးကို ထွက်သွားပြီ ။
ဟိုး .... လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်
သည်ရွာက လူငယ် ကျေးတောသားတစ်ယောက်
သည်ရွာကိုပြန်ရောက်မလာ ရထားဟာသူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့။

သူနဲ့သူစီးသွားတဲ့ ရထားအကြောင်း
လူတွေ မေ့ကြပေါ့ ။
ပြောဆိုအမှတ်ရသူ တစုံတစ်ယောက်မျှ မရှိတော့ ။

အဲသည်လူငယ်ဟာ
အခု အမေ့အလောင်း အမေ့ခေါင်းကို
ဖက်ဖက်ပြီး ငိုနေတဲ့ ကျွန်တော်ပဲပေါ့အမေ ..... ။
ဟောသည်ယာခင်းတွေကြား
အမေ နေ့တိုင်းလှုပ်ရှားခဲ့တာ
ကျွန်တော် မမြင်နိုင်ခဲ့ဘူး ။

အမေ့သမီး ကျွန်တော့်အစ်မရဲ့ ယောက်ျားက
ထန်းရည်သမား ၊ ထန်းရည်ချိုး ။

အမေ့သား ကျွန်တော့်အကိုကြီးရဲ့ မိန်းမက
မီးယပ်ကျိုး၊ မျက်စိတစ်ဘက်ကွယ် ။
သူတို့တစ်တွေနဲ့ ကျန်ရစ်ခဲ့တဲ့
အမေ့မြေး ကလေးတွေနဲ့အတူ
ထန်းလျက်ကျို ၊ ထင်းခွေရေခပ်
ငတ်မသေဖို့ အမေရုန်းကန်ခဲ့တဲ့နေ့တွေမှာ
ကျွန်တော်သာ ဟိုအဝေးမှာပေါ့ ။

ဟိုတနှစ်က တရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာထဲကိုပြန်မရောက် အိမ်ပြန်မဆောက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ် ။

အမေရေ ........
အမေရေ ........
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့ ။

ဟိုး အနောက်တောင်တောတန်းက
ထန်းပင်ရိပ်ဖျားမှာ နေလုံးဟာ တဖြည်းဖြည်းညိုခဲ့ပေါ့ ။
တောင်သူဓလေ့ ယာမီးငွေ့တွေ လွင့်တက်လာပေါ့။
ဟိုတောင်ကမူကမ်းပါးမှာ မြက်စားနေတဲ့ နွားမတွေက
အမေ့ကို နှုတ်ဆက်နေကြသလား ။

သိန်းစွန်ငှက်အပြန်လမ်းမှာ
ကျီးကန်းတွေ ကသုတ်ကရက်နဲ့
ရွာဘက်ဆီ ပျံပြေးကြပေါ့ ။

နေညိုချိန် အိမ်အပြန်လမ်းမှာ
တောတန်းလျှိုမြောင် ဟို အနောက်တောင်ထဲ
မှောင်မည်းမည်းက ကျွန်တော့်ဘဝကို မဝါးမျိုမီ
ကလေးဘဝအရွယ်
ငယ်ငယ်တုန်းကလေ
တောင်ရိပ်တောင်ကြား သစ်ပင်ဖျားမှာ
မားမားရပ်နေ တစ္ဆေတွေလား ။

အမေရေ တစ္ဆေဆို ကျွန်တော်ကြောက်လှချည့် ။
တညသား ပျူစောထီးဆိုလား ရဲဘော်ဖြူဆိုလား
တံခါးကို တအားခေါက် နွားကောက်စမ်း မြန်မြန်လုပ်
သေနတ်တွေ ထုတ်ချိန်ပြီး အခိုင်အခံ့လှည်းတစ်စင်း
နွားပြာညို တစ်ရှဉ်းနဲ့အတူ
'' လှည်းမောင်းပို့ဆိုပြီး '' အဖေ့ကိုခေါ်သွား
ရွာအနောက်ဘက်တောအုပ်ကြားက
သေနတ်သံတစ်ချက်ကြားလိုက်ရ။

အဖေရေ ......
အဖေရေ .......

ကျွန်တော်တို့ မိသားစုဘဝ ရာဇဝင်ကို ဖြတ်သန်းရတဲ့ညပေါ့။

လွတ်လပ်ရေးပြီးခါစ သူခိုးဓားပြတွေ
တန်ခိုးပြလို့ကောင်းဆဲ ခေတ်ကြီးထဲ လူဖြစ်ခဲ့ရတဲ့
ကျွန်တော် အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း ရွာတောင်စောင်း နဘူးချုံထဲ
ညတိုင်းပဲအိပ်ခဲ့ရတယ်
ဟုတ်လား အမေ ။

စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြားအမေတွေရယ်
အမေတွေ အားလုံး ကလေးတွေ ကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ ၊ ပုန်းကြအောင်းကြနဲ့
တချို့ သားသေ ၊ တချို့လင် ဆုံး
စစ်ဆိုတာကြီးကို
မုန်းခဲ့တယ် မဟုတ်လားအမေ ။

အဖေမရှိတဲ့နောက်
အမေရယ် အကိုကြီးရယ် ၊ အမရယ်
ကျွန်တော်ရယ်လေ လောကကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့ ။

အရွယ်ရောက်ခါစ အစ်ကိုကြီး
ထန်းလှီးသင်ရပေါ့ ။

အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမယ့်
ကျွန်တော့်တို့အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့ ။

ကျွန်တော်ကတော့
သျှောင်တစ်စောင်းနဲ့ ဘုန်းကြီးကျောင်သား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး ဆိတ် နွားကျောင်း ။

ကျွန်တော်တို့တစ်တွေ
ဟိုသပြေပင်တောင် စောင်းဆီက
လက်ပြဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ် ပတတ်တူး
ဟင်းရွက်ခူး ယုန်ရှာ
တောင်ယာလုပ်သူ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ ထန်းတက်သူတွေ
နေကပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပါးဆိုတဲ့ တောင်တော်မြတ်ကြိးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ယာတောတွေကြား ။
အစ်ကိုယ်ကြီးက ထန်းလှီး
ကျွန်တော်က ထန်းရည်အိုးသယ်
အမေရယ် အစ်မရယ်က
ထန်းလျက်ကျို ရက်ကန်းခတ် ထင်းခွေ
တစ်ခါတလေ မြေပဲကောက်
တစ်ခါတစ်လေ ဝါစိုက်
တောအလိုက်လုပ်ငန်းစုံပေါ့ ။


'' မြို့ရွာနိဂုံး ၊ ပျက်ပြုန်းစေအောင်
ဓားပြကြီးကြီး မိုက်သီးအခေါင်
မီးနှင့်မြိုက်လို့ ၊ တိုက်ခိုက်ပူလောင်
ဝ သ လ ၊ မှတ်ကြ သူယုတ်ကောင် ''
'' ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့မောင်ယာ မလုပ်တယ်
ဝါးခုတ်တဲ့တောင် ''
အဲသည်လို အကိုကြီး တတ်တဲ့
ကဗျာတွေ ၊ သံပေါက်တွေ
ကျွန်တော့်မှာ အမွေရခဲ့ပေါ့ ။

'' နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့သည်အချိန်
ဆီးမီးကွယ်မှန်အိမ်နဲ့ ........ ''
အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲ မှာ အမြစ်တွယ်ခဲ့ရပေါ့ ။

အမေရေ .......
ကြေးစည်ကိုရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့ ။

အမေခေါင်းချခဲ့တဲ့
တဲကလေးဟာ
အမေ့ရွာနဲ့ အလှမ်းဝေးပေမယ့်
သည်တောသည်တောင်ကြား
အမေကို
တစ်ယောက်တည်း မထားရက်ပါဘူး အမေ ။

အမေ့အမေ ကျွန်တော် အဘွား
ကျွန်တော်အဘွားရဲ့ အမေ့အမေ စတဲ့
ဆွေမျိုးတော်စပ်သူရော မတော်သူပါ
တစ်ရွာလုံးနောက်ဆုံး စုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျွန်တော်တို့ ပို့မှာပေါ့ ။

လမ်းက ကြမ်းလိုက်တာအမေ
တောင်ကမူကျတ်တီးကြား
နှစ်တွေများစွာရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းပေါ်မှာ
အမေ့ခေါင်းဟာ ၊ လှုပ်ယမ်းလှချည့်
ဖြည်းဖြည်း ... ဖြည်းဖြည်း ........
ဆူးကိုင်းတွေဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။

ဟိုသုဿာန်ကိုရောက်တဲ့ခါ
ဘုန်းကြီးတွေက
သရဏဂုံကို ရွတ်ဖတ်
ကျွန်တော့်လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိလားပါစေလို့
ကျွန်တော် အမျှဝေမယ်
ကျွန်တော့် ကိုယ်ပေါ်မှာ
ဖုန်တွေပေကပ်
ညစ်ပတ်နေမလားဘဲ။

မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင်တစ်လမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ ။

ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားဘဲ။

ဟိုသုဿာန်ကိုရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့ အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျွန်တော့်ကိုကြည့်ပြီး
အံ့သြနေလိမ့်မယ် ။

ညရောက်တဲ့ အခါ
ဦးလေးဘယ်နေ့ ပြန်မှာလဲ
တစ်နှစ်တစ်ခါ ပြန်လာပါနော်
ကျွန်တော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီမရှိတော့ဘူး ။
ဟောဒီအငယ်မ
မနှစ်က နှစ်တန်းကျတယ်
ငါ့မောင်ရယ်
ဟောဒီကျန်နေတဲ့
မျက်စိတစ်ဘက်ကလည်း
ဆရာဝန်က ခွဲရမယ်တဲ့
အစ်မလည်း ကြောက်တတ်လို့
ဆေးရုံကို
နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ ... စတဲ့ စကားလုံးတွေကြား
ကျွန်တော် ဘာများ
တာဝန်ယူနိုင်မလဲ
မင်းတို့အတွက် ၊ ငါ့အတွက်
အနှစ်သုံးဆယ်လုံးလုံး
ဦးလေးစဉ်းစားနေတုန်းပဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါပဲကွယ် ။

တစ်စုံတစ်ရာ
ကတိတွေပေးထားပစ်ခဲ့ပြီး
နံနက်ခင်းတစ်ခုမှာ
ငှက်တစ်ကောင်လို ပျံပြေးသွားမယ်။

ဟိုတစ်ခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုး
'' ဟောသည်ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျွန်တော်ကဗျာဆရာ လုပ်ရမယ်