Friday, July 31, 2009

တွေးတွေးပြီးရယ်


(၁)
"ဟလို.. FBI ကလားခင်ဗျား"

"ဟုတ်ကဲ့.. အမိန့်ရှိပါ"

"တွမ်တစ်ယောက် ထင်းထဲမှာ ဆေးခြောက်တွေ ဖွက်ထားကြောင်း သတင်းပေးချင်လို့ပါ"

"လိပ်စာပေးခဲ့ပါ။ ကျွန်တော်တို့ သွားရောက်စစ်ဆေးပါမယ်"

နောက်တစ်နေ့မှာ တွမ်တို့အိမ်ကို စစ်ဆေးရေးသမားတွေ သွားရောက်ခဲ့တယ်။ ထင်းထားတဲ့နေရာကို စစ်ဆေးပြီး ထင်းတွေအားလုံး ခွဲစစ်ခဲ့ပေမယ့် ဆေးခြောက်တွေ မတွေ့ခဲ့ဘူး။ တွမ်ကို ပြောဆိုဆုံးမပြီး စစ်ဆေးရေးသမားတွေ ထွက်ခွာသွားခဲ့ကြတယ်။

တအောင့်နေတော့ တွမ်ရဲ့ တယ်လီဖုန်းမြည်လာခဲ့တယ်။

"ဟေး... တွမ်.. FBI ကလူတွေ မင်းထင်းတွေ ခွဲပစ်လိုက်ပြီလား"

"ခွဲပြီးပြီ"

"ဒါဆိုရင် မင်းဖုန်းဆက်အလှည့်.. ငါ့အိမ်ရှေ့က မြေတွေလှန်ချင်လို့ကွ"

(၂)
သေနတ်နဲ့ အဆုံးစီရင်တော့မယ့် လူတစ်ယောက်ကို တရားသူကြီးက

"မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပါ" မေးလိုက်တယ်။ အကျဉ်းသား ပြန်ဖြေလိုက်တာက

"ကျည်ကာအင်္ကျီဝတ်ချင်တယ်" ဟူတည်း။

(၃)
အမေရိကန် အာကာသစခန်းတစ်နေရာမှာ ဖြစ်ပါတယ်။ ဗီနပ်ဂြိုလ်ဆီသွားကြမယ့် လူတွေကို လူတွေ့စစ်ဆေးခဲ့ကြတယ်။ ဗီနပ်ဂြိုလ်သွားမယ့်လူက တစ်ယောက်ထဲဖြစ်ပြီး သွားပြီးနောက် ကမ္ဘာမြေဆီပြန်လာလို့ မရတော့ပါဘူး။

ပထမဦးဆုံး အမေရိကန်က အင်ဂျင်နီယာတစ်ဦးကို လူတွေ့စစ်ဆေးခဲ့တယ်။ လိုချင်တဲ့ ဆုကြေးငွေမေးတဲ့အချိန်မှာ သူက "ဒေါ်လာ၁ဝသိန်း လိုချင်ပါတယ်။ ဒီငွေတွေကို ကျွန်တော်ရဲ့ မိခင်ကျောင်းအတွက် ကျွန်တော်လှူဒါန်းခဲ့ပါမယ်"

ဒုတိယတစ်ယောက်က အင်္ဂလန်က ဆရာဝန်ဖြစ်တယ်။

"ဒေါ်လာ သိန်း၂ဝ လိုချင်ပါတယ်။ တစ်ဝက်ကို ကျွန်တော့်မိသားစုအတွက် ချန်ထားပြီး တစ်ဝက်ကို ဆေးတက္ကသိုလ်အတွက် လှူခဲ့ချင်ပါတယ်"

တတိယတစ်ယောက်က xxxx နိုင်ငံက ကျောင်းသားဖြစ်ပါတယ်။

"ဒေါ်လာ သိန်း ၃ဝလိုချင်ပါတယ်"

တစ်ခြားလူထက် ပိုယူတဲ့ကျောင်းသားကို တွေ့ဆုံသူတွေက ဘာကြောင့်ပိုယူသလဲလို့ မေးတော့ ကျောင်းသားက

"ကျွန်တော့်ကို သိန်း၃ဝပေးခဲ့ရင် ခင်ဗျားကို ၁ဝသိန်းပေးမယ်၊ ကျွန်တော် ၁ဝသိန်းယူမယ်။ ကျန် ၁ဝသိန်းကို အမေရိကန် အင်ဂျင်နီယာကိုပေးပြီး ဂြိုလ်ပေါ်တက်ခိုင်းလိုက်မယ်"

youthwant ဖတ်ရတဲ့ ဟာသတွေဖြစ်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, July 29, 2009

ရင်နင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်


၁၉၉၃ ခုနှစ် စက်တင်ဘာလ

ပညာဆက်သင်ဖို့ သူ ဂျာမဏီရောက်ပြီး (၈)လအကြာမှာ ဇနီးဖြစ်သူတစ်ယောက် ညအလုပ်ပြန်လမ်းမှာ အနိုင်ကျင့် စော်ကားခံလိုက်ရတယ်။ သူလွန်လွန်ကျူးကျူး ခံစားခဲ့ရပေမယ့် သိတတ်မှုနဲ့ တာဝန်ကြောင့် ဇနီးကို သူမစွန့်လွတ်ရက်ခဲ့ဘူး။ ဒါပေမယ့် သူတို့နဲ့မတူတဲ့ ကလေးငယ်တစ်ယောက် ဇနီးမွေးဖွားလာမှာကိုတော့ သူစိုးရိမ်ခဲ့တယ်။ အဲဒီစိုးရိမ်မှုက သူ့ကို မလှုပ်ရှားနိုင်အောင် လအတော်ကြာ ရစ်ပတ်ချည်နှောင်ထားခဲ့တယ်။

စစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစ

မာစတာတက်နေဆဲမှာ ဇနီးဝေဝေနဲ့ ကျွန်တော်သိခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်အသက် (၃ဝ) စွန်းစွန်းဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ ဝေဝေက ကျွန်တော့်ထက် (၃)နှစ်ငယ်တယ်။ ဝေဝေက ရိုးသားကြိုးစားတဲ့ မိန်းကလေးဖြစ်ပြီး အိပ်ရာထက်လဲနေတဲ့ နာတာရှည်ဖခင်ကြောင့် အိမ်ထောင်ပြုနောက်ကျခဲ့တယ်။ ကျောင်းပြီးတော့ အဲဒီကျောင်းမှာပဲ ကျွန်တော်အလုပ်ဝင်ခဲ့တယ်။ အလုပ်သက်တမ်း (၃)လအကြာမှာ ဝေဝေနဲ့ကျွန်တော် လက်ထပ်ခဲ့ကြတယ်။ အသက်အရွယ်ကြောင့် ကလေးမြန်မြန်ယူဖို့ ကျွန်တော်မျှော်လင့်ခဲ့တယ်။

လက်ထပ်ပြီးနှစ်ဝက်အကြာမှာ ကျွန်တော်ရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် ဂျာမဏီသွားပြီး ပညာတစ်နှစ်ဆက်သင်ဖို့ အခွင့်အရေးရခဲ့တယ်။ ဒါကြောင့် သားသမီးယူမယ့်ကိစ္စကို နောက်ဆုတ်ခဲ့ရတယ်။

ပညာသင်နေတဲ့ အတောအတွင်း ဝေဝေ့ဆီ နှစ်ပတ်တစ်ခါ ကျွန်တော်စာရေးဖြစ်ခဲ့တယ်။ ဝေဝေရဲ့စာက ကျွန်တော်ထက် ပိုစိပ်ခဲ့တယ်။ ဒါပေမယ့် ၁၉၉၄ခုနှစ် ဇွန်လနောက်ပိုင်းမှာ ကျွန်တော့်ဆီ ဝေဝေစာမရေးခဲ့တော့ဘူး။ ဒီအချိန်မှာပဲ ပါမောက္ခ Jacquesက ကျွန်တော့်ကို နောက်ထပ်တစ်နှစ် ပညာဆက်သင်ပြီး ဇနီးကိုပါ တပါးထဲခေါ်ခဲ့ဖို့ အကြံပေးတယ်။ ဒီအကြံကို ကျွန်တော်အရမ်းဝမ်းသာမိတယ်။ ဝေဝေကို ချက်ချင်းဖုန်းခေါ်ပြီး ကျွန်တော်ပြောပြလိုက်တယ်။ ကျွန်တော်ဖုန်းကြောင့် ဝေဝေ အရမ်းအံ့သြသွားပုံရတယ်။

“ဝေဝေ.. ကိုယ်.. ဟန်စိန်ပါ”

ဝေဝေဘာမှ ပြန်မပြောဘဲ ရုတ်တရက် ငိုချလိုက်တယ်။ ရင်ထဲက တနင့်နင့်ရှိုက်သံတွေ ဖုန်းတစ်ဖက်ကနေ လွှင့်လာခဲ့တယ်။ ကျွန်တော့်စိတ် လေးသွားမိခဲ့တယ်။ ပြဿနာတစ်ခုခုဖြစ်ပြီလို့ ကျွန်တော်စိတ်က ကြိုသိလိုက်တယ်။

“ဘာဖြစ်တာလဲ ဝေဝေ.. ကိုယ့်ကို မြန်မြန်ပြောပါ”

ကျွန်တော်ဘယ်လိုမေးမေး ဝေဝေငိုပဲငိုနေခဲ့တယ်။ သူဂျာမဏီလာနိုင်တဲ့ကိစ္စ သူ့ကိုကျွန်တော် ပြောပြလိုက်တယ်။

“ဒီကိုလိုက်လာဖို့ မြန်မြန်လုပ်ပါနော် ဝေဝေ.. ကိုယ့်ဆီရောက်လာရင် အရာအားလုံး အဆင်ပြေသွားမယ် သိလား”

“ကို… ဝေ့ကို မေ့လိုက်ပါ။ ဝေ ဂျာမဏီမသွားဘူး။ ဝေ ကွာရှင်းမယ်”

ထင်မှတ်မထားတဲ့ စကားတွေ ဝေဝေပါးစပ်ကနေ ပြတ်တောင်းပြတ်တောင်း ခုန်ဆင်းလာခဲ့တယ်။

ကျွန်တော်ခေါင်းထဲ မူးခနဲ့၊ မိုက်ခနဲ့ ခံစားလိုက်မိတယ်။ ပထမဆုံး တွေးလိုက်တဲ့အတွေးက ဝေဝေ နောက်မီးလင်းနေပြီဆိုတာဖြစ်တယ်။ သူ့ကို အတင်းဓမ္မ ကျွန်တော်မေးမှ အကြာကြီး တိတ်ဆိတ်နေရာက ဝေဝေ စကားစတယ်။

“အဲဒီလိုပဲ သဘောထားလိုက်ပါ.. ဝေ တောင်းပန်ပါတယ်”

ဒီလိုစကားမျိုး ဝေဝေပြောနေချိန်မှာ ဘာဖြစ်လို့ ကျွန်တော်ရင်တွေ စူးစူးနစ်နစ် နာကျင်နေရသလဲ? ဝေဝေရဲ့ ကိုယ်ကျင့်တရားကို ကျွန်တော်ယုံကြည်တယ်။ ဝေဝေဟာ အထီးကျန်မှုကိုမခံနိုင်လို့ ဖောက်ပြန်တတ်တဲ့ မိန်းမမျိုးမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံကြည်တယ်။ အဖြစ်မှန်တွေ ပြောပြနိုင်ဖို့ ချက်ချင်း ကျွန်တော်သူ့ဆီ စာတစ်စောင်ရေးလိုက်တယ်။ နောက်တစ်ရက်မှာ သူ့ဆီကျွန်တော် ဖုန်းဆက်ပြန်တယ်။ ကျွန်တော်မှန်းသိတာနဲ့ သူချက်ချင်းဖုန်းချပစ်တယ်။ သူ့အစ်မဆီ ဖုန်းဆက်မေးတော့ အစ်မလည်း ငိုပဲငိုနေခဲ့တယ်။ ကွာရှင်းဖို့ကိစ္စ ဆုံးဖြတ်လိုက်ဖို့၊ ဝေဝေကို ထပ်မနှောင့်ယှက်ဖို့ အစ်မကပြောခဲ့တယ်။

သြဂုတ်လနောက်ပိုင်း ဝေဝေကို ဆက်သွယ်တဲ့ကိစ္စ ကျွန်တော်လက်လွတ်လိုက်တယ်။ စိတ်ထဲမှာတော့ နာကျင်ခံစားနေတုန်းပဲ။ စက်တင်ဘာလမှာ နောက်ထပ်တစ်နှစ် ပညာဆက်သင့်မယ့် အခွင့်အရေးကို ကျွန်တော်လက်ခံလိုက်တယ်။ ဂျာမဏီမှာနေပြီး သင်ယူခြင်း၊ လေ့လာခြင်းကြားမှာ တစ်ရက်ပြီးတစ်ရက် ကျွန်တော် ဆိတ်ဆိတ်ငြိမ်ငြိမ် ဖြတ်ကျော်ခဲ့တယ်။

အလုပ်စဝင်ဖို့ (၃)လအလိုမှာ ကျွန်တော် ဆက်မအောင့်နိုင်ခဲ့တော့ဘူး။ ဂျာမဏီက ကိစ္စရပ်တွေကို အလျှင်အမြန်ဖြတ်ပြီး ကျွန်တော်အိမ်ပြန်ခဲ့တယ်။ အိမ်ရောက်တော့ ဘယ်သူမှ မရှိတာနဲ့ သူ့အစ်မအိမ်ဖက် ကျွန်တော်ထွက်လာခဲ့တယ်။ ကျွန်တော့်ကိုတွေ့တော့ အစ်မက အံ့သြဖို့တောင် အချိန်မရလိုက်ဘဲ မျက်ရည်တွေကသာ သွင်သွင်စီးနေခဲ့တယ်။

“အစ်မတို့ကို လုံးဝလာရှာတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ.. ဝေဝေ ကံမကောင်းခဲ့ဘူး။ သူ့ကို ငါ့မောင် မယူခဲ့ရင်လည်း အစ်မတို့ ဘာမှမပြောဘူး”

ကျွန်တော့်လက်မောင်းကို ဆွဲပြီး အစ်မကပြောတယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အစုံအလင်ကို အစ်မက မျက်ရည်တွေနဲ့ ကျွန်တော်ကိုစပြောပြခဲ့တယ်။

ကျွန်တော် နိုင်ငံခြားထွက်ပြီး (၈)လအကြာမှာ ဝေဝေတစ်ယောက် ညအလုပ်ကအပြန် လူဆိုး(၃)ယောက်နဲ့တွေ့ပြီး မတရား စော်ကားခံခဲ့ရတယ်။ တစ်လအကြာမှာ သူကိုယ်ဝန်ရှိနေပြီဆိုတာကို ဝေဝေ အထိတ်တလန့် သိလိုက်ရတယ်။ အစော်ကားခံရလို့ ထိခိုက်နာကျင်တဲ့စိတ် အနယ်မထိုင်ခင်မှာ ဒုတိယအကြိမ် ဝေဝေ ထိုးနှက်ခံလိုက်ရပြန်တယ်။ အစော်ကားခံပြီး ရလာတဲ့ကိုယ်ဝန်က ဝေဝေ့ကို ပိုထိခိုက်နာကျင်စေခဲ့တယ်။ ဆေးရုံသွားပြီး ကလေးဖျက်ချဖို့ ကြိုးစားခဲ့ပေမယ့် ဝေဝေ့မှာ မွေးရာပါအခြေအနေကြောင့် ကလေးဖျက်ချဖို့ မဖြစ်နိုင်ကြောင်း၊ ကလေးမွေးခဲ့ဖူးလည်း မရကြောင်း ဆရာဝန်က ပြောခဲ့တယ်။

ဆေးရုံကပြန်ရောက်တဲ့နေ့မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ဝေဝေကြိုးစားခဲ့တယ်။ ကံကောင်းတာက အဲဒီနေ့မှာ ဝေဝေ့အစ်မက ဘာအာရုံရခဲ့သလဲ မသိဘူး ဝေဝေကို လာကြည့်တဲ့အချိန်နဲ့ တိုးခဲ့လို့ အသက်တစ်ချောင်း မဆုံးရှုံးခဲ့ဘူး။ အသက်လုကယ်တင်ခဲ့သည့်တိုင် ဝေဝေ စိတ်အခြေအနေတွေ မှုမမှန်ခဲ့ဘူး။ ကျွန်တော့်နာမည်ကို ကြားရင်ပိုဆိုးပြီး သေမယ်ကြေမယ်နဲ့ ငိုယိုသောင်းကျန်းနေခဲ့တယ်။ ကိုယ်ဝန် (၇)လရောက်မှ သူ့အခြေအနေတွေ တဖြေးဖြေး တည်ငြိမ်လာခဲ့တယ်။ ဝေဝေ့အစ်မပြောတာကို နားထောင်ရင်း ကျွန်တော့်မျက်ရည်တွေ အဆက်မပြတ် စီးဆင်းနေခဲ့တယ်။ နှလုံးသားကလည်း ဓားနဲ့အမွှမ်းခံထားရသလို စူးရှနာကျင်နေခဲ့တယ်။

အလျှင်စလိုကြားမှာ အိမ်ဝရန်တာပေါ်က ဟိုတစ်စ၊ ဒီတစ်စ ချိတ်ဆွဲထားတဲ့ ကလေးအနှီးမျိုးစုံကို အခုမှ ကျွန်တော်သတိထားခဲ့မိတယ်။ ဝေဝေအခန်းထဲ စဝင်လိုက်တဲ့ တခဏမှာ ကျွန်တော့်မြင်ကွင်းထဲ ပထမဆုံးပြေးဝင်လာတာက “အဲဒီအရာ” ဖြစ်တယ်။ နှစ်လသားအရွယ် ကလေးလေးတစ်ယောက် မျက်စိကိုစုံမှိတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တယ်။ ကလေးကို ကျွန်တော်စူးစူးစိုက်စိုက် ကြည့်လိုက်မိတယ်။ ကျွန်တော့်ဦးနှောက်တစ်ခုလုံး ဗြောင်းဆန်ရှုတ်ထွေးနေခဲ့တယ်။ ကလေးရဲ့ နှာတံကပြားပြီး ကျွန်တော်တို့နဲ့ လုံးဝမတူခဲ့ဘူး။ လက်သီးကို ကျစ်ကျစ်ပါအောင် ရုတ်တရက် ကျွန်တော်ဆုပ်လိုက်မိတယ်။ မျက်ရည်တွေက ကျွန်တော့်မျက်လုံးအိမ်ထဲကနေ ပန်းထွက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ အခန်းထဲ ဝေဝေဝင်လာခဲ့တယ်။ ကျွန်တော့်ကိုတွေ့တာနဲ့ နေရာမှာတင် မလှုပ်မယှက် သူရပ်နေခဲ့တယ်။ ခါးသီးခြင်း၊ အားနာခြင်း၊ နာကျင်ခြင်းတွေက သူ့မျက်ဝန်းအိမ်ထဲမှာ ပြည့်နှက်နေခဲ့တယ်။

(၂) နှစ်ကြာခွဲခွါခဲ့တဲ့ ခွဲခွါခြင်းမျိုးက ဒီလိုနည်းနဲ့ ပြန်ဆုံတွေ့ခဲ့မယ်လို့ ဘယ်သူမှ ထင်မှတ်မထားခဲ့ဘူး။ ရှေ့တိုးပြီး နွမ်းလျတဲ့ခန္ဓာနဲ့ သူ့ကိုပွေ့ဖက်ဖို့ စိတ်ကူးလိုက်ပေမယ့် ကျွန်တော့်ကို သူရှောင်လိုက်ပြီး တိုးလျှိုးတောင်းပန်တဲ့မျက်လုံးနဲ့ ကျွန်တော့်ကို ကြည့်နေခဲ့တယ်။ သူ့လက်ကိုပြန်ဆွဲပြီး သူ့ခေါင်းအစုံကို ကျွန်တော့်ရင်ခွင်ထက်မှာ ကပ်ထားလိုက်တယ်။

“ကိုယ့်အမှားတွေပါ ဝေ… ဝေ့ကို ကိုယ်မကာကွယ်၊ မစောင့်ရှောက်နိုင်ခဲ့ဘူး။ ကိုယ်နဲ့ပြန်လိုက်ခဲ့ပါဝေ.. ကိုယ်တောင်းပန်ပါတယ်”

ဝေ့ဆီက ရှိုက်သံကို ကျွန်တော်ကြားလိုက်မိတယ်။ စစချင်းမှာ အသံတိုးပေမယ့် တဖြေးဖြေး သူတစ်ကိုယ်လုံး တစ်သိမ့်သိမ့်တုန်လာပြီး မာတင်းတဲ့ လက်မောင်းနှစ်ဖက်နဲ့ ကျွန်တော့်ခါးကို ပွေ့ဖက်လာခဲ့တယ်။ နောက်ဆုံးမှာ သူ့ရင်ထဲက နာကျင်ခြင်းတွေ ဆည်ပြိုသလို ပြိုကျလာခဲ့တယ်။ ကျွန်တော့်ကို ခပ်တင်းတင်းပြန်ဖက်ပြီး မျက်ရည်တွေနဲ့ ကျွန်တော့်ရင်ဘတ်ကို အားကုန်သွန်းလောင်းလိုက်တော့တယ်။

ကလေးရဲ့နောက်ကြောင်းက ကျွန်တော့်ရင်ထဲမှာ ဖြည်လို့မရတဲ့ အစိုင်အခဲတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် အပြစ်ကင်းပြုံးရယ်နေတဲ့ ကလေးမျက်နှာကို ကျွန်တော် ဥပေက္ခာမပြုနိုင်ခဲ့ဘူး။ ဂျာမဏီက ပြန်လာပြီးနောက် အခန်းသုံးခန်းပါတဲ့ အိမ်တစ်လုံး ကျွန်တော်ရခဲ့တယ်။ တစ်လနေပြီးနောက် ကျွန်တော်နဲ့အတူ ကျောင်းဝင်းထဲက အိမ်သစ်ဆီ ဝေဝေလိုက်ပါခဲ့တယ်။ ဝေဝေနဲ့အတူပါလာတဲ့ ကလေးငယ်ကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ သံသယအတွေး၊ ရှုတ်ထွေးတဲ့အကြည့်ကို ကျွန်တော်ခံခဲ့ရတယ်။ ရှက်ရွံ့ပြီး နေမသိ ထိုင်မသာဖြစ်ခဲ့လို့ လူတွေကို အတတ်နိုင်ဆုံး ကျွန်တော်ရှောင်ခဲ့တယ်။ ရင်းနှီးတဲ့လူတွေနဲ့ တိုးမှာစိုးလို့ လမ်းလျှောက်တာတောင် ခေါင်းငုံ့ပြီး ကျွန်တော်လျှောက်ခဲ့ရတယ်။

ကလေးငယ် တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့တယ်။ ကိုယ့်ရင်သွေးမို့ ဝေဝေက မိခင်ပီသစွာ ကလေးငယ်ကို ပြုစုစောင့်ရှောက်ခဲ့တယ်။ ကလေးငယ်ကို ကျွန်တော်မကြည့်ချင်ခဲ့ဘူး။ အချိန်တွေတစ်ရွေ့ရွေ့ ပြောင်းလဲခဲ့သလို ကလေးအပေါ်ထားတဲ့ ကျွန်တော်ရဲ့ မုန်းတီးခြင်းက တဖြေးဖြေး လေးလာခဲ့တယ်။ ကလေးကို “ငယ်ငယ်" လို့ ဝေဝေက နာမည်ပေးခဲ့တယ်။ ကလေးအပေါ်ထားတဲ့ ဝေဝေ့မေတ္တာကို ကျွန်တော်ခန့်မှန်းနိုင်ခဲ့ပါတယ်။

မျက်စိတမှိတ်အတွင်းမှာ ကလေးငယ် (၃)နှစ်ပြည့်သွားခဲ့တယ်။

ကျွန်တော့်ကို ဖေဖေလို့ သူခေါ်ခဲ့ပေမယ့် ပြန်ထူးရတာကို ကျွန်တော်မနှစ်မြိုခဲ့ဘူး။ ကျွန်တော်က သူ့ကိုမချစ်တဲ့လူတစ်ယောက်ဆိုတာကို သူလည်း ခံစားမိမယ်ထင်ပါတယ်။ ကျွန်တော့်ကို သူကြောက်ခဲ့တယ်။ ကျွန်တော့်ကို သူအမြဲ ကြောက်ရွံ့ထိတ်လန့်နေတာကို ကျွန်တော် တဖြေးဖြေး သတိထားလာခဲ့မိတယ်။ ဝေဝေလုပ်ပေးနိုင်တဲ့ ကိစ္စမျိုးဆိုရင် ကျွန်တော့်ကို သူလုံးဝလာမရှာခဲ့ဘူး။

ကျွန်တော့်ကို ဖေဖေလို့ခေါ်လိုက်တိုင်း ကျွန်တော်ရင်တွေ နာကျင်လာမိတယ်။ အလုပ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စမ်းသပ်ခန်းထဲမှာပဲ ကျွန်တော်အချိန်ဖြန်းခဲ့တယ်။ ဒါပေမယ့် ခက်တာက ကျွန်တော့်လုပ်ရည်ကိုင်ရည်တွေ အရင်ကလောက် တိုးတက်မှုမရှိခဲ့ဘူး။

အဲဒီနှစ် နိုဝင်ဘာလ နေ့တစ်နေ့မှာ ဝေဝေ အိပ်ရာထနောက်ကျခဲ့တယ်။ ကျွန်တော့်ကိုခေါ်ပြီး ငယ်ငယ်ကို မူကြိုပို့ဖို့ပြောတယ်။ အင်္ကျီစကိုဆွဲပြီး ဝေဝေ့နောက်ကနေ ကျွန်တော့်ကို ငယ်ငယ်ချောင်းကြည့်နေခဲ့တယ်။ ကျွန်တော် မသိမသာမျက်မှောင်ကြုတ်လိုက်တာကို ငယ်ငယ်က တွေ့ဖြစ်အောင်တွေ့ပြီး မျက်ရည်အဝဲသားနဲ့ ချက်ချင်းခေါင်းငုံ့ပစ်လိုက်တယ်။ ဒါကို ဝေဝေသတိထားမိပြီး သက်ပြင်းခပ်တိုးတိုးချရင်း ငယ်ငယ်ကို ကောက်ချီလိုက်တယ်။

“ဝေပဲ လိုက်ပို့ပေးလိုက်ပါ့မယ်”

ပြောပြောဆိုဆို ဝေကတံခါးဖွင့်ပြီး လှေကားပေါ်က ဆင်းသွားခဲ့တယ်။ ပါးစပ်ဟပြီး တစ်ခုခုပြောဖို့ ကြံရွယ်ခဲ့ပေမယ့် ကျွန်တော့်ဆီက ဘာသံမှထွက်မလာခဲ့ဘူး။ ငယ်ငယ်က ဝေဝေ့ပုခုံးပေါ်မှာ လက်ညှိုးကို ပါးစပ်ထဲငုံ့ထားပြီး မှေးလိုက်ပါရင်း ကျွန်တော့်ကို တိတ်တဆိတ်ကြည့်နေခဲ့တယ်။ အဲဒီတခဏ ကျွန်တော်လက်မြှောက်ပြီး ဝေ့ရမ်းလိုက်မိတယ်။ မထင်မှတ်တဲ့ ကျွန်တော်ရဲ့ သေးငယ်တဲ့အပြုအမှုလေးက ငယ်ငယ့်ကို ကြီးမားတဲ့ဝမ်းသာမှုပေးခဲ့တယ်။ ကျွန်တော့်ကို သူ့လက်ကလေးနဲ့ ပြန်ဝေ့ရမ်းပြပြီး အော်နေခဲ့တယ်။

“ တာ့တာ.. ဖေဖေ.. တာ့တာ”

အဲဒီနေ့က တစ်နေ့လုံး ငယ်ငယ်ရဲ့အသံကိုပဲ ကျွန်တော်ကြားယောင်နေမိတယ်။ ညနေ အလုပ်စောစောဆင်းပြီး မူကြိုကျောင်းဖက် ကျွန်တော်ရောက်လာခဲ့တယ်။ ငယ်ငယ့်အခန်းကို မေးမြန်းစုံးစမ်းပြီး ၃ထပ်ဆောင်နား ကျွန်တော်ရောက်လာခဲ့တယ်။ ပြတင်းပေါက်ကနေ စာသင်ခန်းထဲ ကျွန်တော်လှမ်းမျှော်ကြည့်လိုက်တယ်။ ငယ်ငယ်က ဂရုတစိုက်နဲ့ စာတွေလိုက်ရေးမှတ်နေခဲ့တယ်။ မျက်နှာစိမ်းကျွန်တော့်ကို ဆရာမက ဘယ်ကလေးရဲ့ အုပ်ထိန်းသူလဲလို့ မေးလာတယ်။ ကျွန်တော်အသံကြောင့် ငယ်ငယ် ခေါင်းထောင်ကြည့်လိုက်တယ်။ ပြီးတော့ မယုံနိုင်တဲ့အကြည့်နဲ့ ကျွန်တော့်ကို ကြည့်နေခဲ့တယ်။ သူ့နာမည်ကို ဆရာမခေါ်မှ ဝမ်းသာအားရ ကျွန်တော့်ဆီပြေးလာခဲ့တယ်။

အဲဒီည ဝေဝေပြန်ရောက်တော့ ငယ်ငယ့်ကို တအံ့တသြမေးနေခဲ့တယ်။

“ဖေဖေ လာကြိုတယ်ဟုတ်လား သမီးလေး! ”

ကျွန်တော့်ကိုကြည့်ပြီး ငယ်ငယ် အဆက်မပြတ် ခေါင်းညိတ်နေခဲ့တယ်။

“သမီးဖေဖေ သဘောကောင်းလား”

“ကောင်းတယ် မေမေ”

ကျွန်တော်ဘာမှ ဝင်မပြောဖြစ်ပေမယ့် ငယ်ငယ်ကို ကောင်းကောင်းဂရုစိုက်ရမယ်ဆိုတာကို ကျွန်တော့်ရင်ထဲမှာ သိနေခဲ့တယ်။ သူက အပြစ်မဲ့တဲ့ ကလေးလေးတစ်ယောက်ဖြစ်တယ်။

“ကလေးမှာ အပြစ်မရှိဘူး”

သေးသိမ်တဲ့ခံစားချက်ကို အောင်နိုင်တဲ့စကားတစ်ခွန်း ကျွန်တော့်နှလုံးသားထဲကနေ ထွက်ကျလာခဲ့တယ်။

၁၉၉၈ခုနှစ် နွေရာသီမှာ ဝေဝေဆေးရုံသွားပြီး စမ်းသပ်ခဲ့တယ်။ ကိုယ်ဝန်ထပ်ဆောင်နိုင်ပြီလို့ ဆရာဝန်ပြောခဲ့တဲ့စကား ကျွန်တော့်ကို ဝေဝေပြောပြခဲ့တယ်။ ကျွန်တော်အရမ်းဝမ်းသာမိတယ်။ ဝေဝေက ငယ်ငယ်ကို ကလေးထပ်ယူမယ့်အကြောင်း ပြောပြတော့ ငယ်ငယ်လည်း သဘောတူဝမ်းသာခဲ့တယ်။

ငယ်ငယ်က (၄)နှစ်ပြည့်ပြီး သူ့အပေါ် ကျွန်တော် နွေးထွေးလာခဲ့တယ်ဆိုပေမယ့် သူ့နောက်ကြောင်းက ကျွန်တော့်ရင်ဝမှာပိနေတဲ့ ကျောက်တုံးကြီးတစ်တုံး ဖြစ်နေခဲ့သေးတယ်။ ကျွန်တော့်လိုဖခင်မျိုးကြောင့် သူလိမ်မာ၊ သိတတ်တယ်ဆိုပေမယ့် အမှားလုပ်တတ်တဲ့ ကလေးသဘာဝကို သူမလွန်ဆန်နိုင်ခဲ့ဘူး။ သူအမှားတစ်ခုခု လုပ်မိတိုင်း ကျွန်တော်သည်းမခံနိုင်အောင် ဖြစ်ခဲ့တယ်။ ဒေါသတွေထွက်ခဲ့တယ်။ သူ့ကို ခွင့်မလွတ်နိုင်ဖြစ်ခဲ့တယ်။ စိတ်ပြေတဲ့အချိန် ကျွန်တော်ပိုနာကျင် ခံစားခဲ့ရတယ်။ ကလေးကိုပဲ ကျွန်တော်ထိခိုက်နာကျင်စေတာ မဟုတ်ဘဲ ဝေဝေကိုပါ နာကျင်စေခဲ့တယ်ဆိုတာကို ကျွန်တော်သိတယ်။

အဲဒီအချိန် အတောအတွင်းမှာပဲ ဂျာမဏီကပါမောက္ခJacques ကျွန်တော်တို့ကျောင်းမှာ ဟောပြောပွဲ တစ်ခုလာလုပ်ခဲ့တယ်။ ဆရာ့ကိုတွေ့တာနဲ့ ကျွန်တော်ရင်ထဲ ခံစားနေရတဲ့ အကြိတ်အခဲတွေကို ရင်ဖွင့်ပြောပြလိုက်တယ်။ ဆရာက တစ်နယ်တစ်ကျေးကလာသူ၊ ကိစ္စပြီးရင် ကိုယ့်နေရပ်ကို ပြန်မယ့်သူဖြစ်တဲ့အတွက် ကျွန်တော့်သတင်း၊ အတင်းတွေ ကျန်ခဲ့မှာမဟုတ်သလို ဆရာ့ကို ယုံကြည်ပြီး ဂျာမဏီမှာ ပညာသင်စဉ်က ကျွန်တော့်က ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကြောင့်လည်း ပါပါတယ်။ ဆရာက ကျွန်တော့်အဖြစ်ကို ငြိမ်ငြိမ်သက်သက် နားထောင်ပေးခဲ့တယ်။ ဖွင့်ပြောလိုက်ရလို့ ကျွန်တော်ရင်တွေ ပေါ့သွားသလို ခံစားမိတယ်။

စကားတွေပြောပြီး ကျွန်တော်အေးဆေး တည်ငြိမ်သွားတဲ့နောက်မှာ Jacquesက ကျွန်တော့်အနားတိုးကပ်ပြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်တယ်။

“ဟန်စိန်… မင်းကို တကယ့်အဖြစ်အပျက်တစ်ခု ဆရာပြောပြမယ်”

အဖြစ်အပျက်က ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျာမဏီနိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့ ကိစ္စဖြစ်တယ်။

နာဇီသစ္စာဖောက်တစ်ယောက် (နာဇီလက်ကိုင်တုတ်) သေမိန့်ပေးပြီးတဲ့နောက်မှာ သူ့ဇနီးက ပတ်ဝန်းကျင်ရဲ့ အကဲ့ရဲ့ဝေဖန်တာကို မခံနိုင်လို့ ကိုယ့်နေအိမ်ပြတင်းပေါက်မှာ ကြိုးဆွဲချသေခဲ့တယ်။ နောက်တစ်နေ့မနက်မှာ (၂)နှစ်သား ကလေးငယ်တစ်ယောက် လက်ကိုဆန့်တန်းပြီး ပြတင်းပေါက်ဘောင်ကနေ သေနေတဲ့ မိခင်ဆီတွားသွားနေတာကို အိမ်နီးနားချင်းတွေ တွေ့ခဲ့ကြတယ်။ ရင်နင့်စရာ အဖြစ်အပျက်တစ်ခုက မကြာမီ ဖြစ်ပွါးတော့မှာဖြစ်တယ်။ ရပ်ကြည့်နေသူတွေအားလုံး အသက်ကို အောင့်ထားကြတယ်။ အဲဒီအချိန်မှာ “အန်နာ” လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးက ဘာကိုမှ ဂရုမစိုက်ဘဲ အပေါ်ထပ်ကို တဟုန်ထိုးပြေးတက်ပြီး ကလေးငယ်ကို ကယ်လိုက်တယ်။ အဲဒီနောက် ကလေးကိုသူမွေးစားလိုက်တယ်။

ဂျူးလူမျိုးတွေကို ကူညီခဲ့ဖူးတဲ့ အန်နာရဲ့ယောက်ျားကို ကလေးငယ်ရဲ့ဖခင်က သတ်ဖြတ်ခဲ့ဖူးတယ်။ ကိုယ့်ယောက်ျားကိုသတ်တဲ့ လူသတ်သမားရဲ့ကလေးကို ခေါ်ယူမွေးစားထားတဲ့ အန်နာကို လူတွေနားမလည်ခဲ့ကြဘူး။ ကလေးကို မိဘမဲ့ကျောင်းပို့ဖို့၊ ဒါမှမဟုတ် စွန့်ပစ်လိုက်ဖို့ အကြံပေးကြပေမယ့် အန်နာလက်မခံခဲ့ဘူး။ လူတစ်ချို့က အန်နာရဲ့အိမ်ကို ခဲနဲ့ပေါက်ပြီးဆဲဆိုခဲ့ကြတယ်။ အန်နာရဲ့ ကလေးတွေကလည်း ကိုယ့်မိခင်ရဲ့လုပ်ရပ်ကို နားမလည်ခဲ့ကြဘူး။ လူတွေရဲ့ အပြစ်တင်သံတွေကို အန်နာဂရုမစိုက်ခဲ့ဘူး။ ကလေးငယ်ကို ရင်ခွင်ထဲ အမြဲထွေးပွေ့ထားခဲ့တယ်။ အန်နာဆီက အများဆုံး ကြားရတဲ့စကား “ချစ်စရာ့ ကလေးငယ်လေးရေ.. နင်ဟာ အိန်ဂျယ်လေး” ဆိုတာပဲဖြစ်တယ်။

ကလေးငယ် တဖြေးဖြေးကြီးပြင်းလာခဲ့တယ်။ အိမ်နီးချင်းလူတွေက သိပ်မခွဲခြား ဆက်ဆံတော့ပေမယ့် တစ်ချို့လူတွေက သူ့ကို နာဇီမိစ္ဆာလို့ ခေါ်နေဆဲပါပဲ။ သက်တူရွယ်တူ ကလေးငယ်တွေက သူနဲ့ ဆော့မကစားရဲခဲ့ကြဘူး။ ဒါကြောင့် သူ့နေထိုင်စရိုက်တွေက တစ်ခြားလူနဲ့မတူဘဲ ခြားနားခဲ့ရတယ်။ တစ်ခြားလူ ပိုင်ဆိုင်တဲ့ပစ္စည်းကို သူမကြာခဏဖျက်ဆီးခဲ့တယ်။ တစ်နေ့မှာ ကလေးတစ်ယောက်ရဲ့ နံရိုးကိုရိုက်ချိုးခဲ့လို့ အိမ်နီးချင်းတွေက အန်နာကို အသိမပေးဘဲ မြို့နဲ့ဆယ်မိုင်ခန့်ဝေးတဲ့ ပြုပြင်ရေးသင်တန်းကျောင်းကို ပို့လိုက်ကြတယ်။ လဝက်ကြာမှ ရူးသွပ်မတတ်ဖြစ်နေတဲ့ အန်နာ သူ့ကိုရှာတွေ့ခဲ့တယ်။ အမြက်ဒေါသခက်ထန်နေတဲ့ အိမ်နီးချင်းတွေရဲ့ရန်ကို အန်နာနဲ့သူ ခံခဲ့ရတယ်။ အန်နာက သူ့ကိုတင်းတင်း ပွေ့ဖက်ကာကွယ်ထားရင်း “ကလေးမှာ အပြစ်မရှိဘူး.. ကလေးက အပြစ်မဲ့တယ်” လို့ပဲ တတွတ်တွတ် ရွတ်နေခဲ့တယ်။

အဲဒီအချိန်ကျမှ အဖြစ်မှန်ကို ကလေးငယ်သိခဲ့ရတယ်။ သူငိုကြွေးမိတယ်။ သူနာကျည်းမိတယ်။ ဒီအတွက် အကောင်းဆုံးပေးဆပ်ခြင်းက တစ်ခြားလူတွေကို ကူညီခြင်းပဲလို့ အန်နာကသူ့ကို ပြောပြတယ်။ အဲဒီနောက်ပိုင်း သူကြိုးစားခဲ့တယ်။ အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ လူတွေကို အတတ်နိုင်ဆုံး သူကူညီစောင့်ရှောက်ခဲ့တယ်။ သူအလယ်တန်းအောင်တဲ့အချိန်မှာ လူတွေဆီကနေ အကောင်းဆုံး လက်ဆောင်ကို သူရခဲ့တယ်။

“အိမ်နီးချင်းတွေက သူ့ဆုပေးပွဲကို တက်ရောက်ချီးမြင့်ခဲ့ကြတယ်။ အဲဒီကလေးက ကျွန်တော်ပါပဲ”

စကားအဆုံး ဆရာရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်လျှံနေခဲ့တယ်။

“ကလေးမှာအပြစ်မရှိဘူး.. ဟန်စိန်.. ဒီကိစ္စနဲ့ ကလေးဘဝ၊ ခင်ဗျားဘဝကိုပါ ခင်ဗျား မဖျက်ဆီးသင့်ဘူး”

ပါမောက္ခ Jacquesရဲ့လက်တွေ ပိုနွေးထွေးနေတယ်လို့ ကျွန်တော်ခံစားမိတယ်။ ကျွန်တော့်နားကို ကျွန်တော်မယုံကြည်နိုင်အောင် ဖြစ်ခဲ့တယ်။

“အမေရဲ့ ကျေးဇူးတွေပြန်ဆပ်ဖို့ အိမ်ထောင်ကျပြီးနောက် လူသတ်သမားတစ်ယောက်ရဲ့ သမီးကို ကျွန်တော်မွေးစားခဲ့တယ်။ ဒီအတွက် အန်နာလည်း ဝမ်းသာနေခဲ့တယ်။ အန်နာကပြောတယ်… သက်ရှိအားလုံး လေးစားမြတ်နိုးခြင်းကို ခံထိုက်တယ်။ ကလေးမှာ အပြစ်မရှိဘူးတဲ့”

Jacquesရဲ့စကားကို နားထောင်ပြီး ကျွန်တော်ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့တယ်။ သူ့မှာ သမီးနဲ့ သားနှစ်ယောက်ရှိတယ်။ ကျွန်တော်မှတ်ဥာဏ်ထဲမှာ သမီးကိုသားနှစ်ယောက်ထက် သူတို့လင်မယားနှစ်ယောက် ပိုချစ်ခဲ့ကြတယ်။ သမီးကလည်း အစ်ကိုတွေထက် သူတို့နဲ့ပိုရင်းနှီးခဲ့တယ်။

“သမီးရော… သူ့နောက်ကြောင်းတွေကို သိလား” ကျွန်တော်မရဲတရဲ မေးလိုက်မိတယ်။

“သူ့အမေရှိသေးတယ်။ ဒါပေမယ့် အေအိုင်ဒီအက်စ်နဲ့ မကြာခင်သေဆုံးရတော့မယ်။ သူ့အမေဆီ ကျွန်တော်တို့ မကြာခဏရောက်ပါတယ်”

ကျွန်တော်ခေါင်းငုံ့ချလိုက်မိတယ်။ အမည်မသိတဲ့ ဝေဒနာတစ်ခု ရင်ထဲတင်းကျပ်လာခဲ့တယ်။ ကြီးကြီးမားမား ထိခိုက်နာကျင်ပြီးတဲ့နောက် လူတွေရဲ့မေတ္တာတရားက ဒီလိုလုံးဝ လှပပြည့်စုံသွားလိမ့်မယ်၊ ဒီလိုခံစားချက်တွေ ပေးလိမ့်မယ်လို့ ကျွန်တော် တွေးထင်မထားခဲ့မိဘူး။

အဲဒီနေ့ညမှာ ဝေဝေကို ကျွန်တော်ပြောခဲ့တယ်။

“ဝေ… ကိုယ်တို့လဲ အသက်ကြီးပြီ .. ဝေ့ ကျန်းမာရေးကလည်း မကောင်းဘူး။ ကလေးမွေးရင် အသက် အန္တရာယ် ထိခိုက်နိုင်သေးတယ်။ ဒါကြောင့် ကိုယ်တို့ ကလေးမယူတော့ဘူးနော်”

ဝေခွဲမရတဲ့ အကြည့်နဲ့ ကျွန်တော့်ကို ဝေဝေကြည့်နေခဲ့တယ်။ ဝေဝေ့ကို ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ကျွန်တော်ပြောပြလိုက်တယ်။

၁၉၉၉ခုနှစ် ဆောင်းရာသီ….

ငယ်ငယ်အတွက် ပိုသင့်လျှော်တဲ့ ပတ်ဝန်းကျင်သစ်တစ်ခု တောင်အရပ်က ကျောင်းတစ်ကျောင်းဆီ ကျွန်တော်တို့ပြောင်းရွေ့လာခဲ့တယ်။ ကင်းမဲ့နေတာကြာပြီဖြစ်တဲ့ မိသားစု ဆည်းလည်းသံလေး ပြန်လည်လှုပ်ရှား သက်ဝင်လာခဲ့တယ်။ ကျွန်တော့်အလုပ်တွေ ပိုအဆင်ပြေလာခဲ့တယ်။

နနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန

ဒီဖြစ်ရပ်မှန်ဇာတ်လမ်းက ဖတ်ရသူကို ရင်ထဲဆိုနင့်စေခဲ့တယ်။ ဒီဇာတ်လမ်းက စိတ်သဘောထား သေးသိမ်တဲ့လူတွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။ တကယ်လို့ ဒီလိုအဖြစ်မျိုး တစ်နေ့ကိုယ်ကြုံခဲ့ရင်၊ ကံကြမ္မာက ဒီလိုရက်စက်တဲ့ အဖြစ်အပျက်မျိုး တစ်နေ့ကိုယ့်အပေါ် ကျရောက်စေခဲ့ရင် နေရောင်ခြည် အလင်းတန်းရှိရာ ကိုယ် လက်ဆန့်တန်း ဆီးကြိုနိုင်မလား?

မှတ်ချက်။ ဇာတ်လမ်းတင်ဆက်သည့် ကာယာကံရှင်အမျိုးသား၊ အသက် (၅ဝ)နီးပါး... တောင်ပိုင်း တက္ကသိုလ်တစ်ခုမှာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်။ အစစ်မှန်ဆုံး ရိုးသားမှုတစ်ခုနဲ့ လူ့ဘဝရဲ့ အနာကျင်ဆုံးအဖြစ်ထဲကနေ သူရုန်းထခဲ့တယ်။ ဒီဇာတ်လမ်းဟာ စိတ်ဝိညာဉ်အတွက် ရည်ညွှန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ဒီဇာတ်လမ်းကို ဖတ်မိသူတိုင်း စိတ်ဝိညာဉ်ကို ဆေးကြောခံလိုက်ရတယ်။ ဒါမှလူတွေအပေါ် ကိုယ်ချင်းစာတရားရှိမယ်။ ယုံကြည်မှု၊ မျှော်လင့်ချက်နဲ့ ပျော်ရွှင်ခြင်းတွေ တိုးမှာဖြစ်တယ်။

ဖတ်ရလွယ်ကူအောင် ဇာတ်ဆောင်၏နာမည်များကို အနီးဆုံးအသံထွက်ဖြင့် ယူငင်သုံးစွဲထားပါသည်။

文欣 = ဝေဝေ
漢生 = ဟန်စိန်
點點 = ငယ်ငယ်

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, July 28, 2009

အခုပဲ လုပ်လိုက်ပါ...


အရွယ်ရောက်သင်တန်းသားတွေကို “ခွင့်မလွတ်နိုင်တဲ့ ကိစ္စတစ်ခု” ကျွန်တော်လုပ်ခဲ့တယ်။ သင်တန်းသားအားလုံးကို မိသားစုလေ့ကျင့်ခန်းတစ်ခု ကျွန်တော်လုပ်စေခဲ့တယ်။ လေ့ကျင့်ခန်းက “တစ်ပတ်အတွင်း ကိုယ်ချစ်တဲ့သူကို ကိုယ်ချစ်တဲ့အကြောင်း ပြောပြဖို့ဖြစ်ပြီး အဲဒီလူက ကိုယ်တစ်ခါမှ ချစ်တယ်လို့ မပြောဖူးတဲ့လူ ဒါမှမဟုတ် ချစ်တယ်လို့ ကိုယ်ပြောတာကို မကြားဖူးတာ ကြာပြီဖြစ်တဲ့လူဖြစ်ရမယ်”

ဒီလိုလေ့ကျင့်ခန်းမျိုးက အခက်ခဲကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် သင်တန်းသား အများစုက (၃၅)နှစ်ကျော်သူတွေဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ မရတဲ့ခေတ်မှာ ကြီးပြင်းလာသူတွေဖြစ်တယ်။ အဲဒီတုန်းက ခံစားချက်တွေ ထုတ်ပြလို့မရ၊ ငိုကြွေးလို့ မရဆိုတာတွေက အဆိုးဆုံးဖြစ်တယ်။ ဒါကြောင့် တစ်ချို့လူတွေအတွက် ဒါဟာ ခက်ခဲတဲ့ မိသားစုလေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်နိုင်တယ်။

တစ်ပတ်ကျော်လွန်ပြီးနောက် သင်တန်းသားတွေကို လေ့ကျင့်ခန်းနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ကျွန်တော်မေးခဲ့တယ်။ ခါတိုင်းလိုပဲ အမျိုးသမီးတစ်ဦးဦး အရင်ထပြောပါစေလို့ ကျွန်တော်မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အမျိုးသားတစ်ဦးက အရင်ဦးဆုံး လက်မြောက်လိုက်တယ်။ သူ့ကြည့်ရတာ နက်နက်နဲနဲခံစားပြီး ကြောက်ရွံ့နေသလိုပါပဲ။

ထိုင်နေရာက ထပြီး သူစကားစပြောတယ်။

“Dennis.. အရင်တစ်ပတ်က ဒီလိုလေ့ကျင့်ခန်းမျိုးပေးလို့ ခင်ဗျားကိုကျွန်တော် ဒေါသထွက်ခဲ့မိတယ်။ ကျွန်တော့်မှာ ဒီလိုစကားမျိုးပြောဖို့ လူမရှိဘူးလို့လဲ ထင်ခဲ့တယ်။ နောက်ပြီး လူတွေရဲ့အတွင်းရေးကို လုပ်ခိုင်းရအောင် ခင်ဗျားက ဘာကောင်မို့လဲလို့ ထင်မိတယ်။ ဒါပေမယ့် အဲဒီနေ့ အပြန်လမ်းမှာ ကားမောင်းရင်း ကျွန်တော့်အသိက ကျွန်တော့်ကို စကားပြောနေခဲ့တယ်။ “ချစ်တယ်” ဆိုတဲ့စကား ဘယ်သူ့ကိုပြောရမယ်ဆိုတာ ကျွန်တော်သိကိုသိတယ်လို့ ပြောနေခဲ့တယ်။

လွန်ခဲ့တဲ့ (၅)နှစ်ကစပြီး အဖေနဲ့ကျွန်တော့်ဆက်ဆံရေး ဆိုးဝါးခဲ့တယ်။ ဒီနေ့အထိ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု မရခဲ့ကြသေးဘူး။ မိသားစုစုံညီ တက်ရောက်ရတဲ့ ခရစ္စမတ် ပွဲတွေကလွဲလို့ ကျန်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းမဆိုင်မိဖို့ ကျွန်တော်တို့ ကြိုးစားရှောင်ခဲ့ကြတယ်။ အခေါ်အပြောလည်း မရှိခဲ့ကြဘူး။ ဒါကြောင့် အဲဒီနေ့ည အိမ်ပြန်ရောက်တာနဲ့ အဖေ့ကို ကျွန်တော်ချစ်တဲ့အကြောင်း ပြောပြမယ်လို့ ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့တယ်”


“ပြောရရင်တော့ သိပ်အံ့သြစရာကောင်းတယ်။ အဲဒီလို ဆုံးဖြတ်ချက်ချပြီးနောက် ကျွန်တော့်ရင်တွေ ပေါ့သွားခဲ့တယ်”

“အိမ်ရောက်တာနဲ့ အိမ်ထဲအပြေးဝင်ပြီး မိန်းမကို ဒီအကြောင်းပြောပြလိုက်တယ်။ သူအိပ်ပျော်နေပြီဆိုပေမယ့် ကျွန်တော်လှုပ်နိုးပြီး ပြောလိုက်တယ်။ ကျွန်တော့်စကားကို နားထောင်ပြီး ရုတ်တရက် ကျွန်တော့်ကို သူထဖက်တယ်။ အိမ်ထောင်တစ်သက်မှာ ကျွန်တော်မျက်ရည်ကျတာကို သူပထမဆုံးအကြိမ် တွေ့ဖူးတာလည်းဖြစ်တယ်။ အဲဒီညက ကျွန်တော်တို့ ကော်ဖီအတူတူသောက်ပြီး စကားတွေအများကြီး ပြောခဲ့ကြတယ်။ ရင်ထဲမှာ ကြည်နူးခံစားမိတယ်"

“နောက်တစ်နေ့မနက်မှာ ကျွန်တော်လန်းလန်းဆန်းဆန်း နိုးထလာခဲ့တယ်။ စိတ်တွေလှုပ်ရှားခဲ့လို့ ညက ကျွန်တော်ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး။ မနက်အစောကြီး ရုံးခန်းကို ကျွန်တော်ရောက်ခဲ့တယ်။ နှစ်နာရီအတွင်းမှာ ကျွန်တော်လုပ်လိုက်တဲ့အလုပ်က ရှေ့ရက်ကလုပ်ခဲ့တဲ့ အလုပ်ထက်တောင် များနေခဲ့တယ်”

“(၉)နာရီထိုးတော့ အဖေ့ကို ကျွန်တော်ဖုန်းဆက်လိုက်တယ်။ “အဖေ ဒီနေ့ရုံးဆင်းရင် ကျွန်တော်လာခဲ့လို့ ရမလား? ကျွန်တော်ပြောစရာရှိလို့ပါ” ဆိုတော့ အဖေက ဖုန်းတစ်ဖက်ကနေ မာထန်ထန်အသံနဲ့ “ဘာကိစ္စရှိပြန်တာလဲ?” လို့ မေးတယ်။ အဖေ့အချိန်တွေ မကုန်စေရဘူးလို့ ကျွန်တော်ဂတိပေးမှ အဖေ့ကသူ့ကိုတွေ့ဖို့ ခွင့်ပေးတယ်”

“ညနေ (၅)နာရီခွဲမှာ အဖေ့အိမ်ကို ကျွန်တော်ရောက်လာခဲ့တယ်။ ဘဲလ်ကို နှိပ်နေတဲ့အချိန် အဖေတံခါးလာဖွင့်ပါစေလို့ ကျွန်တော်တိတ်တိတ်လေး ဆုတောင်းမိတယ်။ ကျွန်တော်က ပျော့ညံ့သူဆိုတော့ အမေလာဖွင့်ရင် အမေ့ကို စစ်ကူတောင်းမိမှာစိုးလို့ဖြစ်တယ်။ ကံကောင်းပါတယ်.. အဖေတံခါးလာဖွင့်ခဲ့တယ်”

“ကျွန်တော်အချိန်တွေ ဖြုန်းမနေချင်တော့ဘူး။ အိမ်ထဲရောက်တာနဲ့ အဖေ့ကို ကျွန်တော်စကားစပြောတယ်။ “အဖေ… အဖေ့ကိုချစ်တယ်လို့ ကျွန်တော်လာပြောတာပါ”။ ကျွန်တော်စကားကြောင့် အဖေ ရုတ်တရက်ပြောင်းလဲသွားတယ်။ ပျော့ပျောင်းနူးညံ့သွားတယ်။ မျက်နှာပေါ်က အစင်းကြောင်းတွေ ပျောက်သွားတယ်။ ပြီးတော့ မျက်ရည်တွေ စီးကျလာပြီး ကျွန်တော့်ကို ပွေ့ဖက်လိုက်တယ်”

“သားကိုလည်း အဖေချစ်တယ်။ ဒါပေမယ့် သားကို အဖေမပြောခဲ့ရဘူး”

ဒီလိုပွေ့ဖက်ထားတဲ့ တခဏအချိန်လေးက အရမ်းကိုတန်ဖိုးရှိခဲ့တယ်။ ကျွန်တော်လှုပ်တောင် မလှုပ်ချင်ခဲ့ဘူး။ အမေလည်း မျက်ရည်တွေနဲ့ ကျွန်တော်တို့ဖက် လျှောက်လာတယ်။ ခါးကိုညွှတ်ပြီး အမေ့ကို ကျွန်တော်နမ်းလိုက်တယ်။ အဖေ့ကိုတစ်ချက်ပြန်ဖက်ပြီး ကျွန်တော်ထွက်လာခဲ့တယ်။ ရင်ထဲမှာ ကြည်ကြည်နူးနူးလေး ခံစားမိတယ်။ ဒီလိုခံစားမှုမျိုးကို ကျွန်တော် မခံစားခဲ့ရတာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒါကို ကျွန်တော်အဓိက ပြောချင်တာမဟုတ်ဘူး။ အဲဒီကိစ္စပြီးပြီး နှစ်ရက်မြောက်တဲ့နေ့မှာ သူ့ဆီမှာ နှလုံးရောဂါရှိတယ်လို့ ကျွန်တော့်ကိုတစ်ခါမှ ပြောမပြခဲ့တဲ့အဖေ ရောဂါဖောက်ခဲ့တယ်။ ဆေးရုံပို့ခဲ့ပေမယ့် အသက်မမီတော့ဘူး။ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မျှော်လင့်မထားခဲ့မိဘူး”

“ဒါကြောင့် သင်တန်းသားအားလုံးကို ကျွန်တော်မှာချင်ပါတယ်။ လုပ်ရမယ်လို့ သိတဲ့အလုပ်တစ်ခုကို နောက်မကျစေနဲ့၊ မတွေဝေပါနဲ့။ တကယ်လို့ ကျွန်တော်သာ တွေဝေပြီး အဖေ့ကိုချစ်တဲ့အကြောင်း မပြောဖြစ်ခဲ့ရင် နောက်ဘယ်တော့မှ ပြောဖို့အခွင့်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အချိန်နဲ့လုပ်သင့်တာကို ချက်ချင်းလုပ်လိုက်ပါလို့ ပြောချင်ပါတယ်”

မူရင်းရေးသားသူ.. Dennis. E. (丹尼斯﹒E﹒馬諾寧) 現在就做

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, July 27, 2009

အတောင်ပံကျိုးတဲ့ လိပ်ပြာ


တစ်ခုသော တနင်္ဂနွေနေ့မှာ သမီးလေးက ကျွန်တော့်လက်ကိုတွဲပြီး ချောင်းဘေးက မြက်ခင်းပြင်မှာ လိပ်ပြာဖမ်းဖို့ခေါ်တယ်။

နွေဦးကာလမို့ ချောင်းဘေးမြက်ခင်းတွေက စိမ်းစိုလို့၊ အမျိုးစုံတဲ့ ပန်းတွေလည်း ရောင်စုံညီညီ ဖူးပွင့်လို့၊ မရေမတွက်နိုင်တဲ့ လိပ်ပြာတွေက ပန်းနဲ့မြက်ခင်းကြားမှာ ဟိုဒီဝဲပျံနေခဲ့ကြတယ်။ ဒီလိုလှပတဲ့ မြင်ကွင်းက ဆူညံပွက်လောရိုက်နေတဲ့ မြို့ပြနဲ့ မလိုက်ဖက်အောင် ကဗျာဆန်နေခဲ့တယ်။ လက်လေးကို ဝှေ့ရမ်းပြီး လိပ်ပြာလိုက်ဖမ်းနေတဲ့ သမီးလေးရဲ့ပုံစံက အရမ်းချစ်စရာ ကောင်းနေခဲ့တယ်။ ကျွန်တော့်မျက်စိထဲမှာ သမီးလေးက အဲဒီမြက်ခင်းထဲက အလှပဆုံး၊ အပြစ်အကင်းဆုံး လိပ်ပြာလေးတစ်ကောင် ဖြစ်နေခဲ့တယ်။

လိပ်ပြာက လှုပ်ရှားပြောင်းလဲလွယ်တဲ့ အကောင်ဖြစ်တဲ့အတွက် လွယ်လွယ်ကူကူနဲ့ ဖမ်းလို့မမိနိုင်ခဲ့ဘူး။ လိပ်ပြာနောက် အားသွန်ခွန်စိုက် ပြေးလွှားနေတဲ့ သမီးလေးကိုကြည့်ပြီး ကျွန်တော်ပြုံးမိတယ်။ အဲဒီနောက် သစ်ကိုင်းတစ်ခက်ကိုချိုးပြီး လိပ်ပြာတွေကြား ကျွန်တော်ဝှေ့ယမ်းလိုက်တယ်။ လိပ်ပြာတစ်ကောင် သစ်ကိုင်းနဲ့ရိုက်မိပြီး ပြုတ်ကျလာခဲ့တယ်။

"သမီးလေး.. ဒီမှာကြည့် လိပ်ပြာတစ်ကောင် ဖေဖေဖမ်းမိပြီ"

ကျွန်တော်ဆီ သမီးလေး အားရဝမ်းသာပြေးလာခဲ့တယ်။ လိပ်ပြာက မြက်ခင်းပြင်ပေါ်မှာ လူးလွန့်နေပေမယ့် ထပျံလို့ မရခဲ့ဘူး။ သစ်ကိုင်းနဲ့ရိုက်မိပြီး အတောင်ပံတစ်ဖက် ကျိုးသွားလို့ဖြစ်တယ်။ သမီးဒူးထောက်ပြီး ထိုင်ချလိုက်တယ်။ လိပ်ပြာကို လက်နှစ်ဖက်နဲ့ အသာအယာ ကောက်ယူလိုက်တယ်။ လိပ်ပြာက သမီးလေးရဲ့ လက်ဖဝါးထဲ မလှုပ်မယှက်ပါလာခဲ့တယ်။

"ကြိုက်လား သမီးလေး ! ဖေဖေ နောက်တစ်ကောင် ထပ်ဖမ်းပေးမယ်နော်"

ပြောပြောဆိုဆို လက်ထဲကသစ်ကိုင်းနဲ့ အနီးနားဝဲပျံလာတဲ့ လိပ်ပြာတစ်ကောင်ကို ချိန်ရွယ်လိုက်တယ်။

"ဖေဖေ... မလုပ်နဲ့..."

ခပ်စူးစူးနဲ့ အလောတကြီးအော်လိုက်တဲ့ သမီးလေးအသံကြောင့် ကျွန်တော့်လက်တွန့်သွားခဲ့တယ်။ သမီးလေးကို သေချာကြည့်မိတော့ သမီးလေးရဲ့မျက်လုံးမှာ မျက်ရည်တွေဝဲနေတာကို တွေ့လိုက်တယ်။

"ဘယ်လိုဖြစ်တာလဲ သမီးလေး" နားမလည်စွာနဲ့ ကျွန်တော်မေးတော့

"ဖေဖေကြောင့် လိပ်ပြာလေးနာကျင်သွားပြီ"

"ဖေဖေ့ကို လိပ်ပြာဖမ်းဖို့ ခေါ်လာတာမဟုတ်လား"

"သမီးလိုချင်တာက နာကျင်ထိခိုက်မှုမရှိတဲ့ လိပ်ပြာတွေပါ။ သူတို့နဲ့ သမီးအတူတူ ဆော့ကစားမယ်၊ ပြီးရင် သူတို့ကို သမီးလွတ်လိုက်မယ်"

ရုတ်တရက် ကျွန်တော်ဘာပြောရမှန်း မသိတော့ဘူး။ လက်ထဲက သစ်ကိုင်းလည်း အလိုအလျှောက် လွတ်ကျသွားခဲ့တယ်။ သမီးငယ်ရဲ့ မျက်ရည်ထဲကနေ လူကြီးတွေရဲ့ ရက်စက်တတ်မှုကို ပထမဆုံးအကြိမ် ကျွန်တော်တွေ့မြင်လိုက်ရတယ်။

ဒါဟာ လျစ်လျူရှူခံထားတဲ့ နာကျင်ရက်စက်မှုမျိုး၊ ဒါဟာဖြစ်ရိုးဖြစ်စဉ် အကျင့်တစ်ခုလို့ ထင်မြင်ထားတဲ့ နာကျင်ရက်စက်မှုမျိုးဖြစ်တယ်။

ဒါပေမယ့် ကျွန်တော့်သမီးလေးမှာ သဘာဝတရားနဲ့ ထိတွေ့ခံစားချင်တဲ့ ရိုးသားတဲ့စိတ်ပဲရှိခဲ့တယ်။ သူ့ရင်ထဲမှာ လိပ်ပြာ၊ ပုစဉ်း၊ ပျား..... စတဲ့ သတ္တဝါတွေဟာ လူတွေရဲ့ သူငယ်ချင်းဆိုတာပဲ ရှိခဲ့တယ်။ သမီးလေးရဲ့ မျက်ရည်ထဲမှာ အသက်တစ်ခုက အသက်တစ်ခုကို ချစ်ခင်ရမယ်၊ ဂရုစိုက်ရမယ်၊ သဘာဝတရားကို အရိုးသားဆုံး ခံစားရမယ်ဆိုတဲ့ ခံစားချက်ပဲရှိခဲ့တယ်။

ကျွန်တော်ရှက်မိပါတယ်။ လိပ်ပြာတစ်ကောင် တောင်ပံကျိုးရတာ လူကြီးတစ်ယောက်ရဲ့ ရက်စက်မှု မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ?

မူရင်း...
胡炎(Hu Yan ) 我要的是沒有受傷的蝴蝶

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, July 26, 2009

အသက်သာကြီး၏ သို့သော်....


အသက်သာကြီး၏ သို့သော် ကျွန်မ မရင့်ကျက်သေးပါ
(ဟဲ့.. ဒီ စက်ဘီး ရှေ့မတိုးပါလား..)

အရပ်သာမြင့်၏ သို့သော် လိုချင်တာကို လှမ်းမမီသေးပါ
(လိုချင်ပါတယ် ပင်မြင့်ထက်က တော်ဝင်ပန်းကို)

ကျွတ်ကျွတ်ဝါး၍ စား၏ သို့သော် ကျွန်မအစာမကြေသေးပါ
(ဂဏန်းကို အခွံမခွါဘဲစားတာ ဘယ်ကြေမလဲ ! )

တကယ့်မြွေမ...
တစ်ခါတလေ အဲဒီမြွေထက်တောင် ရှည်တယ် (လျှာရှည်တာကို ပြောပါတယ်)

ဖြစ်နိုင်ရင် ကမ္ဘာကြီးကိုတောင် ထမ်းထားချင်တာ
(လေကြီးကြီးနဲ့ ပြောလိုက်တာ.. အအေးမိသွားရင် ဆောရီးနော်)

ပုံတွေမတင်ရင် အိပ်မပျော်ဘူးတဲ့.. (ကြွက်ခြောက်ဖို့မရှိတော့လို့)
အလိုက်သိတဲ့ ကလေးတစ်ချို့ တောင်းဆိုလို့.. (တကယ်လဲ ကိုယ်ကတင်ချင်နေတာ)
ပုံတစ်ချို့တင်လိုက်ပါတယ်။ (ဘယ်ခုနှစ်က ပုံတွေလဲလို့ မမေးပါနဲ့)
မျက်နှာမြင် ရိုက်ချင်ကြပါစေ..း)
ခင်တဲ့

နိုင်းနိုင်းစနေ


Share/Bookmark

ဝိုးတိုးဝါးတားထဲက ပျော်ရွှင်ခြင်း


(၁)
တစ်ခါက မျက်စိကောင်းတဲ့လူနဲ့ မျက်စိမှုန်သူနှစ်ယောက် ရေထဲမျောပါသွားခဲ့တယ်။ ကျယ်ပြန့်တဲ့မြစ်ပြင်မှာ
အသက်ရှင်နိုင်ဖို့အတွက် နှစ်ဦးသား အားသွန်ခွန်စိုက် ကူးခတ်ခဲ့ကြတယ်။ ဒါပေမယ့် မကြာပါဘူး.. သူတို့ ခြေကုန်လက်ပမ်း ကျသွားခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် သူတို့ဖက်မျောလာနေတဲ့ အဝေးကလှေတစ်စီးကို မျက်စိကောင်းသူက တွေ့မြင်သွားခဲ့တယ်။ မျက်စိမှုန်သူကလည်း မှုန်ဝါးဝါးကြားမှာ လှေကိုတွေ့ခဲ့လို့ နှစ်ဦးသား လှေဖက်ကိုဦးတည်ပြီး အားကုန်ကူးခတ်ကြပြန်တယ်။

ကူးရင်းသွားရင်း မျက်စိကောင်းသူက ရုတ်တရက် အကူးရပ်လိုက်တယ်။ အကြောင်းက လှေတစ်စီးလို့ သူထင်ခဲ့တဲ့အရာက လှေမဟုတ်ဘဲ သစ်ဆွေးတုံးတစ်တုံးဖြစ်နေလို့ ဖြစ်တယ်။ ဒါပေမယ့် မျက်စိမှုန်သူက သစ်ဆွေးတုံးမှန်း မသိခဲ့လို့ အကူးမရပ်ခဲ့ဘူး။ အနီးနားရောက်မှ လှေမဟုတ်ဘဲ သစ်ဆွေးတုံးမှန်းသိတဲ့အချိန် သူဟာ ကမ်းနဲ့အတော်နီးတဲ့နေရာနား ကူးခတ်ရောက်ရှိနေပြီဖြစ်တယ်။ မျက်စိကောင်းသူကတော့ ရေလယ်မှာ တစ်ဝဲဝဲလည်ရင်း နစ်မြှုပ်သေဆုံးသွားခဲ့ရတယ်။

(၂)
ကင်ဆာရောဂါ ဝေဒနာသည်နှစ်ဦးမှာ တစ်ဦးကနားပါးပြီး တစ်ဦးကနားထိုင်းတယ်။ နားပါးသူက ဆရာဝန်တွေ ဆွေးနွေးတိုင်ပင်နေတဲ့
သူ (၃)လသာ ခံမယ်ဆိုတဲ့အကြောင်းကို ကြားပြီး စိတ်ဓာတ်တွေကျခဲ့တယ်။ နောက်ဆုံး (၃)လတောင်မခံဘဲ သေသွားခဲ့တယ်။ နားထိုင်းသူက ဆရာဝန်တွေရဲ့ စကားကိုချောင်းနားထောင်ဖို့ မဆိုထားနဲ့ သူနဲ့ပြောချင်တဲ့ စကားကိုတောင် ခပ်ကျယ်ကျယ် အော်ပြောရတယ်။ နောက်ဆုံး သူဟာ (၃)လကျော်လွန်တဲ့အထိ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတယ်။

(၃)
အမေရိကန်က ရောဘတ်နဲ့ စတီဗင်ဆိုတဲ့ သူဌေးနှစ်ဦးမှာ အရွယ်အစားတူတဲ့ ကုမ္ပဏီသေးတစ်ခုစီ ပိုင်ဆိုင်ခဲ့ကြတယ်။
ရောဘတ်က တစ်ခြားလူထက် ဝေးဝေးမြင်တတ်ခဲ့ပြီး ဘယ်အရာကိုမဆို စိစစ်တွက်ချက်တတ်တယ်။ ၂ဝဝ၈ခုနှစ် အမေရိကန်ရဲ့ စီးပွါးပျက်ကိန်းကို သူကြိုတင်ခန့်မှန်းတွက်ချက်ပြီး ကုမ္ပဏီက ငွေတွေကို ခွဲခြမ်းမျှဝေခဲ့တယ်။ အဲဒီနောက် ကုမ္ပဏီကို ဖျက်သိမ်းပစ်ခဲ့တယ်။ ၂ဝဝ၈ စီးပွါးရေးကပ်ဆိုက်တဲ့နှစ်မှာ ကုမ္ပဏီပေါင်း ၃ဝ% ပြိုကွဲသွားနိုင်တာမို့ အကြွေးတွေ မကျန်အောင် သူဖျက်သိမ်းလိုက်တာ ဖြစ်တယ်။ ၃ဝ%ထဲမှာ သူ့ကုမ္ပဏီ အသေးလေးလည်းပါမယ်လို့ ခန့်မှန်းခဲ့လို့ဖြစ်တယ်။

စတီဗင်ကတော့ အတွက်အချက် မလည်ဝယ်တဲ့အပြင် အနည်းငယ် တုံးအသူလည်းဖြစ်တယ်။ အနာဂါတ်ကို လုံးဝကြိုတင်ခန့်မှန်းလို့ မရနိုင်ဘူးလို့ ထင်မှတ်ထားသူလည်းဖြစ်တယ်။ အနာဂါတ်အတွက် လှလှပပ ကြိုတင်ပြင်ဆင်ပြီး သူ့ရှေ့မှာ ချပြရင်တောင် ယုံမယ့်သူမဟုတ်ခဲ့ဘူး။ အနာဂါတ်က ကိုယ့်အနား တကယ့်မရောက်လာသေးလို့ လို့ သူမှတ်ယူခဲ့တယ်။ ကိုယ့်ကုမ္ပဏီတစ်ရက် အသက်ဆက်လို့ရရင် တစ်ရက်အသက်ဆက်မယ်၊ တစ်ရက်တောင့်ခံမယ်လို့ပဲ သူခံယူထားတယ်။ စီးပွါးရေး ကပ်ဆိုက်တဲ့နှစ်ကို သူ့ကုမ္ပဏီလေး ကံကောင်းထောက်မစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်။ အတွက်အချက်ကောင်းသူက ပြိုကွဲခဲ့ရပြီး အတွက်အချက် ညံ့သူက ရေရှည်တည်တံ့ခဲ့တယ်။

လူ့ဘဝထဲက တစ်ချို့ကိစ္စမှာ သိတာထက် မသိတာက ပိုကောင်းတယ်။ ထက်မြက်တာထက် မထက်မြက်တာက ပိုကောင်းတယ်။ လူတွေပြောတတ်ကြတဲ့ ဝိုးတိုးဝါးတား၊ မှုန်ဝါးဝါးဖြစ်တယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ်။ တစ်ခါတလေမှာ ပျော်ရွှင်ခြင်းတွေက အဲဒီမှုန်ဝါးဝါးတွေထဲမှာ ပုန်းအောင်းနေတတ်တယ်။ တစ်ချို့ကိစ္စက များများသိလေ များများစိတ်ဆင်းရဲလေ ဆိုသလို ကြည်ကြည်လင်လင် နိုးထလာတဲ့ တခဏမှာ အဲဒီပျော်ရွှင်ခြင်းတွေက အဝေးကို လွှင့်ထွက်သွားတတ်တယ်။

မူရင်း... http://www.atlaspost.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, July 25, 2009

ဘတ်စကက်ဘောနဲ့ ကောင်မလေး


ကျွန်မနာမည် Qian HongYan (钱红艳) လို့ခေါ်ပါတယ်။ အသက် (၇) နှစ်ရှိပါပြီ။ ကျွန်မ (၄)နှစ်အရွယ်တုန်းက သူငယ်ချင်းတွေနဲ့ အလုပ်လုပ်နေတဲ့ မေမေဆီ သော့တောင်းဖို့ မင်းလမ်းဖြတ်အကူးမှာ ကားတစ်စီး ကျွန်မကို တိုက်သွားခဲ့တယ်။ ကျွန်မသတိရလာတဲ့အချိန် ကျွန်မခြေထောက်နှစ်ချောင်းလုံး အေးစက်စက်ဖြစ်နေတာကို ခံစားခဲ့ရတယ်။ ကျွန်မကို ဖိနပ်စီးပေးဖို့ မေမေ့ကိုပြောတော့ မေမေက ဘာမှပြန်မပြောဘဲ ငိုနေခဲ့တယ်။ တကယ်ပဲ ဒီဘဝမှာ ကျွန်မဖိနပ်စီးလို့ မရတော့သလို ဘောင်းဘီလည်းဝတ်လို့ မရနိုင်ခဲ့တော့ပါဘူး။

ကျွန်မလမ်းလျှောက်ရာမှာ အသုံးပြုတဲ့ဖိနပ်က ဘတ်စကက်ဘောတစ်လုံး ဖြစ်တယ်။ ဒီနေ့ထိ ဘတ်စကက်ဘောပေါင်း (၆)လုံးကို ကျွန်မအသုံးပြုခဲ့ပြီးဖြစ်တယ်။ တစ်ချို့ စိတ်သဘောကောင်းတဲ့ ဦးဦး၊ ဒေါ်ဒေါ်တို့က ကျွန်မကို လာကြည့်ခဲ့ကြတယ်။ လာကြည့်တဲ့လူတွေက ကျွန်မအတွက် ချိုချဉ်၊ ဘီစကစ်တွေပေးကြတယ်။ အဲဒီအစားအစာတွေအစား ဘတ်စကက်ဘောတစ်လုံး၊ လွယ်အိတ်တစ်လုံးကိုပဲ ကျွန်မမျှော်လင့်ခဲ့ပါတယ်။ ကားမောင်းပြီး အမြန်သွားလာနေကြတဲ့ ဦးဦး၊ ဒေါ်ဒေါ်တို့ရေ.. ဦးတို့က လမ်းပေါ်မှာ ကားတွေနဲ့ ပြေးလွှားသွားလာနေတဲ့အချိန် ဘတ်စကက်ဘောတစ်လုံးနဲ့ တွားသွားနေရတဲ့ ကျွန်မကို သတိရပေးပါ။ တစ်ခြားလူတွေလိုပဲ ခြေနှစ်ချောင်းရဖို့ ကျွန်မနေ့တိုင်း မျှော်လင့်နေခဲ့ပါတယ်။

၂ဝဝဝခုနှစ် အောက်တိုဘာ ၂၁ ရက်....
Qian ဖေဖေနဲ့မေမေ ခြံထဲမှာ အလုပ်လုပ်နေခဲ့တယ်။ (၄)နှစ်ကလေး Qian က သူငယ်ချင်းတွေနဲ့ အတူဆော့ကစားနေခဲ့တယ်။ အဘိုးက "ဝေးဝေး မသွားနဲ့နော်" လို့ မှာခဲ့ပေမယ့် လူကြီးတွေ သတိမထားမိတဲ့ တခဏမှာ လမ်းလျှောက်ပြီး ထွက်သွားတဲ့ Qianတစ်ယောက် လမ်းလျှောက်ပြီး အိမ်ပြန်မလာနိုင်ခဲ့တော့ဘူး။

သူငယ်ချင်းရဲ့ မေမေဆီ သော့တောင်းဖို့ လမ်းဖြတ်အကူးမှာ ကုန်ကားကြီးတစ်စီး Qian တို့ကို တိုက်သွားခဲ့တယ်။ သူငယ်ချင်းက နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး Qian ရဲ့ ခြေထောက်နှစ်ဖက်က ဖြတ်ကြိတ်ခံခဲ့ရတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး မိနစ် (၂ဝ)အကြာမှာ Qianကို အရေးပေါ် ဆေးရုံပို့ခဲ့ကြတယ်။ ပေါင်ရင်းကနေ ခြေထောက်နှစ်ဖက်လုံး ကြေမွသွားပြီဖြစ်လို့ အသက်ကိုကယ်ချင်ရင် ခြေထောက်တွေကို ဖြတ်ပစ်ရမယ်လို့ ဆရာဝန်က ပြောခဲ့တယ်။ လမ်းလျှောက်သင်ပြီး လမ်းလျှောက်တတ်တာ ဘယ်နှနှစ်မှ မကြာသေးတဲ့ ကလေးငယ်တစ်ယောက်က ဘဝရဲ့လမ်းမရှည်ကြီးကို လျှောက်ဖို့ ခြေထောက်မရှိလို့ ဖြစ်ပါတော့မလား? Qianဖေဖေက အဖြစ်အပျက်တွေကို လက်မခံနိုင်အောင် ဖြစ်ခဲ့တယ်။ နှစ်ရက်လွန်ပြီးနောက် Qianကို ယူနန်ပြည်နယ် ကူမင်းဆေးရုံကို ပို့ခဲ့ကြပေမယ့် ကလေးအသက်ကို ကယ်ချင်ရင် ခြေထောက်တွေ ဖြတ်ပစ်ရမယ်ဆိုတဲ့အဖြေကိုပဲ ရခဲ့တယ်။ ရက်စက်တဲ့ ကယ်တင်နည်းနဲ့ မြင့်မားတဲ့ ကုန်ကျစရိတ်တွေကို ဆင်းရဲတဲ့ Qian တို့ မိသားစု မတတ်နိုင်ခဲ့ကြဘူး။ မျက်စိရှေ့က ဒုက္ခဝေဒနာ ခံစားနေရတဲ့ သမီးငယ် Qian ကိုလည်း မကြည့်ရက်ခဲ့ဘူး။

တတိယနေ့မှာ Qianကို ဆေးရုံကြီးတစ်ရုံဆီ ပို့လိုက်ပြန်တယ်။ သုံးရက်ကြာ ထုပ်စည်းထားခဲ့တဲ့ Qian ခြေထောက်က အဆမတန် ပျက်ဆီးနေခဲ့ပါပြီ။ ရက် (၅ဝ) ကျော်လွန်ပြီးနောက် အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့ပေမယ့် Qian က ခန္ဓာကိုယ်တစ်ပိုင်းသာရှိတော့တဲ့ မသန်စွမ်းသူဖြစ်ခဲ့ရတယ်။

ခြေနှစ်ချောင်းမဲ့ခဲ့တဲ့ Qianမှာ သာမန်လူတွေလို လှုပ်ရှားသွားလာဖို့ အခွင့်အရေးလည်း မဲ့ခဲ့ရတယ်။ ဆေးရုံဆင်းပြီး တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အရမ်းခံစားခဲ့ရတယ်လို့ Qian ဖေဖေက ပြောပါတယ်။ ငယ်ရွယ်တဲ့ Qianက သူ့ကိုယ့်သူ ခြေမရှိတဲ့ မသန်စွမ်းသူမှန်း နားမလည်ခဲ့ဘဲ မေမေ့ကို ဖိနပ်ဝယ်ပေးဖို့၊ ဘောင်းဘီစကပ်တွေ ဝယ်ပေးဖို့ မကြာခဏပူဆာခဲ့တယ်။ "သမီး မဝတ်နိုင်တော့ဘူး" လို့လည်း မပြောရက်ခဲ့လို့ Qian ကိုကျောပိုးပြီး မျက်ရည်ကျခဲ့ရတဲ့ ရက်တွေမနည်းခဲ့ဘူး။ အရင်က သွက်သွက်လက်လက်နဲ့ ဖော်ရွေတဲ့ Qian က အခင်းဖြစ်ပြီးနောက်ပိုင်းမှာ စကားနည်းသွားခဲ့သလို စိတ်တိုဒေါသဖြစ်လွယ်ခဲ့တယ်။ လူတွေရဲ့အကြည့်ကိုလည်း ပုန်းလျှိုးကွယ်လျှိုး လုပ်လာခဲ့သလို ထမင်းစားချိန်မှာလည်း စိတ်မထင်ရင် မထင်သလို ပန်းကန်တွေကို ပစ်ပေါက်ရိုက်ခွဲတတ်လာခဲ့တယ်။ သမီးလုပ်သမျှကို Qian ဖေဖေ၊ မေမေတို့က ဒီတိုင်းပဲ ထိုင်ကြည့်နိုင်ခဲ့တယ်။


စစချင်းမှာ Qian ရဲ့အောက်ပိုင်းကို သားရေနဲ့ထုပ်စည်းထားခဲ့လို့ Qian လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ခဲ့သလို အစာမကြေဖြစ်ပြီး မကြာခဏ ဝမ်းချုပ်ခဲ့ရတယ်။ တစ်နေ့မှာ အဘိုးက ဘတ်စကက်ဘောတစ်လုံးတွေ့ခဲ့ပြီး လျှပ်တစ်ပြက်အကြံနဲ့ ဘတ်စကက်ဘောကို နှစ်ခြမ်းခွဲပြီး Qian ကို ဘောလုံးထဲ "စိုက်" ထည့်လိုက်တယ်။ ပြီးတော့ Qian အတွက် သစ်သားလက်ကိုင်နှစ်ခု လုပ်ပေးလိုက်တယ်။ Qian က လက်ကိုင်နှစ်ခုကိုအားပြုပြီး ခန္ဓာကိုယ်ကို ရှေ့နောက်လှုပ်ရှားနိုင်အောင် ကြိုးစားခဲ့တယ်။ ဘတ်စကက်ဘောက စည်းထားစရာမလိုသလို မြေကြီးတွေလည်း မဝင်နိုင်ဘူး။ အဲဒီနောက်မှာတော့ ဘတ်စကက်ဘောဟာ Qian ရဲ့ ခြေထောက်တွေဖြစ်ခဲ့တယ်။

သွက်လက်ဖော်ရွေတဲ့ ကလေးငယ်တစ်ဦး၊ ဂါဝန်စကပ်လေးဝတ်ပြီး အပေါင်းဖော်တွေနဲ့ ပျော်ပါးဆော့ကစားရမယ့် ကလေးငယ်တစ်ယောက်ရဲ့ ဘဝက ဘတ်စကက်ဘောထဲမှာပဲ ထိုင်ပြီး တစ်ခြားကလေးတွေ ဆော့ကစားတာကိုပဲ ငေးမောကြည့်နေခဲ့ရတယ်။ အိမ်ပြင်ထွက်ဖို့ Qian အရမ်းကြောက်ခဲ့တယ်။ လူတွေရဲ့ ထူးဆန်းတဲ့မျက်လုံး အကြည့်ဒဏ်တွေနဲ့ သူ့ကို အမည်မသိ သတ္တဝါတစ်ကောင်အလား ဝိုင်းကြည့်ကြတဲ့ဒဏ်ကို သူထိတ်လန့်ခဲ့တယ်။ အပေါင်းဖော်တွေနဲ့ ဆော့ကစားချင်ပေမယ့် ဘယ်သူမှ သူနဲ့အတူ ဆော့မကစားချင်ခဲ့ကြဘူး။ Qian ဖေဖေက သမီးအထီးကျန်မှာ စိုးတာကြောင့် လေးဂွတစ်ခုလုပ်ပြီး သူ့လည်ပင်းမှာ ချိတ်ဆွဲပေးခဲ့တယ်။ ဒါပေမယ့် လေးဂွနဲ့ ငှက်တွေကို Qian မပစ်ခဲ့ဘူး။ သူ့လိုပဲ ငှက်ကလေးတွေ ထိခိုက်ဒဏ်ရာရသွားမှာကို စိုးရိမ်ခဲ့လို့ဖြစ်တယ်။

၂ဝဝ၃ခုနှစ် နွေရာသီမှာ Qian ကျောင်းတက်နိုင်ဖို့ လမ်းရဲအဖွဲ့အစည်းတွေက ကူညီခဲ့တယ်။ Qian ဖေဖေက Qian ကိုနေ့တိုင်း ကျောပိုးပြီး ကျောင်းပို့ခဲ့တယ်။ Qian ထိုင်တဲ့နေရာက စာသင်ခန်းရဲ့ ရှေ့ဆုံးနေရာမှာဖြစ်ပြီး ဖခင်က သူ့အတွက်ထိုင်ခုံကို အထူးစီမံ ပြုလုပ်ထားပေးခဲ့တယ်။ ကျောင်းတက်ချိန်မှာ Qianက ဘတ်စကက်ဘောကို ချွတ်ပြီး ထိုင်ခုံပေါ်ထိုင်တယ်။ ကျောင်းဆင်းချိန်မှာ တစ်ခြားကလေးတွေ ထွက်ဆော့ပေမယ့် Qianက နေရာမှာတင် ငြိမ်ငြိမ်လေး ထိုင်ကျန်နေခဲ့ရတယ်။ အပေါ့အပါးသွားချင်ရင် ဆရာမတစ်လှည့်၊ ကျောင်းသူတွေတစ်လှည့် သူ့ကိုချီပိုး သွားပေးကြတယ်။

ကျောင်းဆင်းချိန်မှာ ဖခင်က ကျောပိုးအိတ်တစ်လုံးနဲ့ သူ့ကိုလာကြိုခဲ့တယ်။ ကျောင်းရှေ့က ကွင်းပြင်ကျယ်ထဲက သစ်ပင်အောက်မှာ ကလေးငယ်တစ်ချို့ လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ပါးပါး ပြေးလွှားဆော့ကစားနေကြတယ်။ အဖေရဲ့ကျောကနေ ခုန်ချပြီး ကလေးငယ်တွေနဲ့အတူ သူဆော့ကစားချင်ခဲ့တယ်။ ဒါပေမယ့် အဖေရဲ့ လေးသွဲ့တဲ့ခြေလှမ်းနဲ့အတူ အဖေကျောပေါ်မှာပဲ ဆော့ကစားနေတဲ့ ကလေးအုပ်စုကို ဖြတ်ပြီး အဖေသယ်ဆောင်ရာနောက်ကိုပဲ သူငြိမ်ငြိမ်သက်သက် လိုက်ပါခဲ့ရတယ်။

တစ်ခါတလေ အဖေလာမကြိုနိုင်တဲ့ နေ့တွေမှာ သူတစ်ယောက်တည်း ဘတ်စကက်ဘောကို စီးပြီးပြန်ခဲ့ရတယ်။ ၃ဝဝ မီတာဝေးတဲ့ အကွာအဝေးကို နာရီအတော်ကြာ သူတွားပြန်ခဲ့ရတယ်။ ဘတ်စကက်ဘောထဲ နှစ်ရှည်ကြာ စိုက်ထားရတဲ့အတွက် သူ့တင်ပါးက ပွန်းပဲ့ရာနဲ့ အမြဲတမ်း သွေးခြည်ဥနေတတ်တယ်။ ၄နှစ်အတွင်းမှာ ဘတ်စကက်ဘောပေါင်း (၈) လုံးကို သူအသုံးပြုခဲ့ပြီးဖြစ်တယ်။

Qianရဲ့ မသန်စွမ်းမှုက Qianမိဘတွေအတွက် ကုသလို့မရတဲ့ ရင်တွင်းဒဏ်ရာဖြစ်ခဲ့တယ်။ မကြာခင် Qian (၉)နှစ် ပြည့်တော့မှာဖြစ်တယ်။ သူ့ခန္ဓာကိုယ်က တစ်နေ့တစ်ခြား ကြီးထွားဖွံ့ဖြိုးလာပြီဖြစ်တယ်။ သူ့ဘဝ ရှေ့ဆက်ရမယ့်လမ်းအတွက် ဘတ်စကက်ဘောက သူ့ကို သယ်ဆောင်သွားပေးနိုင်တော့မလား?

၂ဝဝ၄ ခုနှစ် ဇန္နဝါရီလ ၁၄ရက်နေ့မှာ ယူနန်ပြည်နယ်က လမ်းရဲတွေရဲ့ အကူအညီနဲ့ Qian တို့သားအဖ ပီကင်းကို ရောက်လာခဲ့ကြတယ်။ ဆေးရုံမှာ စစ်ဆေးကုသမှုတွေ ပြုလုပ်ပြီးနောက် ပထမဆုံးအကြိမ် Qian လက်တွန်းလှည်း စီးခဲ့ရတယ်။ ဒါပေမယ့် သူ့အသုံးအဆောင် သေတ္တာထဲမှာ ဘတ်စကက်ဘောနဲ့ သစ်သားလက်ကိုင်က ရှိနေမြဲဖြစ်တယ်။

မေလလယ်မှာ သူဝတ်ချင်တဲ့ စကပ်ကို Qian ဝတ်ဆင်ခွင့်ရခဲ့ပါတယ်

၂ဝဝ၇ ခုနှစ်မေလမှာ သတ္တအကြိမ် မသန်စွမ်းသူ အားကစားပြိုင်ပွဲကို ကူမင်းမြို့မှာ ကျင်းပခဲ့တယ်။ အဲဒီပြိုင်ပွဲမှာ Qian လည်းပါဝင်ခဲ့တယ်။ ခုချိန်မှာတော့ Qianဟာ နည်းပြတွေနဲ့ ၂ဝ၁၂ခုနှစ် လန်ဒန်မှာကျင်းပမယ့် မသန်းစွမ်းသူအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ ကြိုးစားနေပြီဖြစ်တယ်။

တစ်နာရီနီးနီး လေ့ကျင့်ရတဲ့ လေ့ကျင့်မှုမှာ Qian တစ်စက်မှ မညည်းခဲ့ဘူး။ သူ့မျက်လုံးက အားသွန်ခွန်စိုက် လေ့ကျင့်နေတဲ့ သူ့စိတ်ဓာတ်တစ်ချို့ကို လှစ်ဟပြနေခဲ့ပါတယ်။

http://www.duwenzhang.com/wenzhang/lizhiwenzhang/gushi/20080201/2296.html

http://news.sohu.com/20070903/n251920919_6.shtml

ဘတ်စကက်ဘောနဲ့ ကောင်မလေးအကြောင်းကို ဖော်ဝက်မေးလ်၊ ဝက်ဆိုဒ်၊ သတင်းစာတွေမှာ တွေ့ရ၊ ဖတ်ရပါလိမ့်မယ်။ သိပြီးသား၊ ဖတ်ပြီးသားဖြစ်ပေမယ့်လည်း ရေးလိုက်ပါတယ်။

နိုင်းနိုင်းစနေ



Share/Bookmark

Thursday, July 23, 2009

တစ်ကြိမ်အောင်မြင်ရင် ရပြီ


ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင်အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သဘောင်္မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။

၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးကရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။

၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ သူထိုးကြိတ်ခဲ့တယ်။

၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။

၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။

၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး အပြီးဝယ်ယူဖို့လုပ်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။

၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။

သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David Sanders Colonel Sanders (September 9, 1890 – December 16, 1980)ပဲ ဖြစ်ပါတယ်။

"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။

မူရင်းရေးသားသူ... Wang Jin Yao (汪金友) 一次成功就够了

http://en.wikipedia.org/wiki/Harland_Sanders

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

အလှူရှင်များစာရင်း (၁)


ဆယ်တန်းတက်မယ့် ကျွန်မတို့ရွာက ကလေးမလေးအတွက် ငွေလက်ခံရရှိထားတဲ့ အလှူရှင်များစာရင်း ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် ငွေလွှဲဖို့ အခက်အခဲဖြစ်သူများကို နားလည်ပေးပါတယ်။ ရင်ထဲမှာ ကူညီလိုတဲ့ စေတနာလေးရှိခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ တစ်ယောက်တစ်လက်နဲ့ တတ်နိုင်သလောက် ရေဝိုင်းလောင်းပေးကြတဲ့အတွက် ဒီပျိုးပင်လေး အဖူးအပွင့် ဝေဝေဆာဆာနဲ့ ရှင်သန်လာနိုင်မယ်ဆိုတာကို ယုံကြည်ရင်း...

စင်ကာပူမှ အလှူရှင်များစာရင်း--

၁) ကိုဇေယျာအောင် နှင့် မနန်းနန်းတင့် - S$ ၃ဝ
၂) ကိုမိုးအာကာ နှင့် မမျိုး - S$ ၁ဝဝ
၃) ရဲ နှင့် ဆု - S$ ၅ဝ
၎) ကိုဗညားသိန်း - S$ ၅ဝ
၅) ကိုမင်းမင်းဇော် -S$ ၅ဝ

စင်ကာပူက ညီမငယ် ဆုရဲ့ အကူအညီနဲ့ အပေါ်က အလှူရှင်တွေစီက ငွေပေါင်းကျပ် ၂၁၉၈ဝဝ ကို ကမ္ဘောဇဘဏ်ခွဲကနေ လက်ခံရရှိခဲ့ပါတယ်။

၆) မမီးငယ် (နယူးယော့ခ်) - $ ၂ဝ

မမီးငယ်ရဲ့ငွေကျပ်(၂၅ဝဝဝ)ကို သူ့အမျိုးအိမ်ရှိတဲ့ ပုန်းထွန်ရပ်ကွက်မှာ သွားရောက်ထုတ်ယူခဲ့ပါတယ်။ အောက်က အလှူရှင်တွေက ရန်ကုန်ကနေ လွှဲခဲ့တာတွေပါ။ ဒီနေ့ပဲ ကျွန်မကိုယ်တိုင်သွားရောက် ထုတ်ယူခဲ့ပါတယ်။

၇) ဦးခင်မောင်အေး (KMA) - ကျပ် တစ်သိန်း
၈) ကိုအောင်မင်းသန်း- ကျပ် တစ်သိန်း

(ကိုအောင်မင်းသန်းဆီက ကျပ်တစ်သိန်းကို ၂ဝရက်နေ့မှာ လက်ခံရရှိခဲ့ပါတယ်။ ကိုအောင်မင်းသန်းက လွှဲသူလား? ပေးပို့သူ ကာယကံရှင်လားဆိုတာ မသိရပါဘူး။ ငွေကို လမ်းမတော်ရန်ကုန်ဘဏ်ခွဲက လွှဲခဲ့တယ်လို့ သိရပါတယ်)

စာဖတ်သူတွေဆီက ငွေစုစုပေါင်းကျပ် ၄၄၄၈ဝဝ (လေးသိန်း လေးသောင်း လေးထောင် ရှစ်ရာကျပ်တိတိ) ကို ဒီနေ့ပဲ တောင်ကြီးက ကျွန်မအခင်ဆုံးသူငယ်ချင်း မတင်မေဆီ လွှဲလိုက်ပါတယ်။ ငွေတွေကို မတင်မေဆီမှာပဲ အပ်ထားပြီး ကလေးမကို တစ်လတစ်ကြိမ် ထုတ်ပေးဖို့မှာထားပါတယ်။ မတင်မေကတော့ ကျွန်မမှာစရာမလိုအောင် စာရင်းဇယားနဲ့အတိအကျ သူလုပ်ထားပါလိမ့်မယ်။ ဒီတစ်ခေါက် ရွာပြန်ဖြစ်မှ ရွာကကောင်မလေးနဲ့ စာရင်းတွေကို ဓာတ်ပုံရိုက်ပြီး တင်ပြပါဦးမယ်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ကောင်မလေးကိုယ်စား၊ သူ့မိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်။ လိုအပ်သူကို တတ်နိုင်သလောက် ကူညီလိုက်ရတဲ့ ကြည်နူးမှုက ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး။

(ဆုရေ.. ကျေးဇူး အထူးး)

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, July 22, 2009

တုန့်ပြန်မှုကို မျှော်လင့်သူ... အမေ


ချစ်လှစွာသော သမီးငယ်…
ချစ်သူမွေးနေ့အတွက် ဒီနေ့ ကျောင်းစောစောဆင်းပြီး လက်ဆောင်သွားဝယ်မယ်လို့ သမီးငယ် ပြောခဲ့တယ်နော်။ အမေ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ဘာလို့မေ့ခဲ့သလဲလို့ အမေမေးတော့ သမီးငယ်က စိတ်တိုတယ်။

“တစ်ခြားလူတွေရဲ့ မေမေက ဘယ်တော့မှ သားသမီးဆီက လက်ဆောင်ကို မမျှော်လင့်ကြဘူး။ အမေလို မကျေနပ်တာတွေ တတွတ်တွတ် ရွတ်ဖို့ဝေးလို့ သူတို့မေမေက သူတို့ကို ချစ်လို့တောင် မဝကြဘူး။ ချစ်သူနဲ့ မိသားစု နှိုင်းလို့ဘယ်ရမလဲ”

သမီးငယ်… ဒီအချိန်မှာ ဒါတွေကို သမီးငယ် နားလည်သေးမှာ မဟုတ်ဘူး။ မိခင်တစ်ဦးဟာ တော်ရုံစိတ်ဆင်းရဲမှုမျိုးကို မဖွင့်ဟတတ်ဘူး။ တစ်ယောက်တည်းပဲ ကျိတ်မှိတ်ခံတယ်။ သားသမီးတွေရဲ့ အပြုံးမျက်နှာပေါ်မှာ သူ့အပူအပင်တွေကို မလောင်းရက်ခဲ့ဘူး။ သမီးငယ်ပြောလို မေမေဟာ တစ်ခြားမိခင်တွေလို မြင့်မြတ်ရမယ်၊ ကိုယ်ချင်းစာတရား ရှိရမယ်တယ်ဆိုတဲ့ ဝေါဟာရကို မေမေတာဝန်မယူရဲဘူး သမီး။

ဘုရားသခင်က မေမေကို “မိခင်” ဆိုတဲ့အမည် ပေးလိုက်တာနဲ့ အမြဲတမ်း၊ အချိန်တိုင်း သတ္တိရှိရမယ်၊ ရဲရင့်ရမယ်၊ မြင့်မြတ်ရမယ်၊ ပေးဆပ်ရမယ်၊ နောင်တမဲ့ရမယ်လို့ မေမေ့ကို မတောင်းဆိုထားဘူး။ ဘုရားသခင်က မေမေကို အမျိုးသမီးတိုင်းမှာရှိတဲ့ အားငယ်တာ၊ ထိခိုက်လွယ်တာ၊ မာန်တက်တာ၊ တစ်ကိုယ်ကောင်းဆန်တာတွေပါ ပေးခဲ့တယ်။ ဒါကြောင့်
သမီးဖက်က ပေးဆပ်သင့်တာတွေ မပေးဘဲ မေမေဖက်ကချည်း အတိုင်းဆမဲ့ ပေးဆပ်ရမယ်လို့ သမီးမတောင်းဆိုသင့်ဘူး။

အားရက်တိုင်းမှာ သမီးငယ်က ကိုယ့်အတွက်နဲ့ အလုပ်များခဲ့တယ်။ “အချစ်” က သမီးဘဝဖြစ်ခဲ့တယ်။ ချစ်သူနဲ့ပြောခဲ့တဲ့ စကားတိုင်းကို သမီးစွဲမြဲမှတ်ထားပြီး တစ်ခါတလေမှာ အဲဒီစကားတွေနဲ့ အပူတွေကို သမီးရှာခဲ့တယ်။ သမီးစိတ်ထိခိုက်လို့ ပြောလိုက်တဲ့ စကားတွေက အမေ့ကိုလည်း စိတ်မချမ်းမြေ့စေဘူးဆိုတာ သမီးမေ့ခဲ့ပြီလား?

ကျောင်းပြေးပြီး ချစ်သူနဲ့ သမီးလျှောက်လည်တယ်။ ပြောမကုန်တဲ့ စကားတွေပြောတယ်။ ဒါပေမယ့် ဒီလိုအားရက်တိုလေးမှာ မေမေလည်း သမီးအဖော်ပြုတာကို လိုချင်တယ်ဆိုတာကို သမီးတစ်ခါမှ မတွေးခဲ့ဘူးနော်။ အင်တာနက်တက်မယ်၊ ချစ်သူနဲ့ဖုန်းပြောမယ်၊ သူငယ်ချင်းအိမ်သွားမယ်နဲ့ မေမေ့အတွက် သမီးရဲ့အချိန်တွေ ဘယ်လောက်ခွဲပေးခဲ့ပြီလဲ?

တစ်လကို ဖုန်းကြေးဘယ်လောက်ဆိုပြီး အမေကို မကျေမနပ်နဲ့ သမီးရွတ်ပြတတ်သေးတယ်။ အမေလည်း မကျေမနပ်ပြောရရင် အမေအတွက် သမီးဘယ်လောက် ကုန်ကျခဲ့ဖူးလဲ? ဖုန်းနဲ့ ရယ်ရွှင်စရာစာတိုလေးတွေပို့ပြီး ချစ်သူကို ပျော်ရွှင်အောင် သမီးလုပ်ခဲ့တယ်။ သမီးကိုလွမ်းနေမယ့် အမေအတွက် နှစ်သိမ့်တဲ့ စာတိုလေးတစ်ကြောင်း ရေးပို့ဖို့ သမီးသတိရခဲ့ရဲ့လား?

သမီးက ငယ်ငယ်လေးတည်းက အမေ့ကို အစောကြီး ထမင်းထချက်ခိုင်းပြီး၊ ဟင်းမကောင်းလို့ ထမင်းမစားဘဲ ငြင်းဆန်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်သူပါ။ ကျောင်းဆင်းချိန် အမေကိုလာကြိုဖို့ပြောပြီး သူငယ်ချင်းတွေနဲ့ နေဝင်မိုးချုပ်ထိ လျှောက်လည်ခဲ့တယ်။ ညအမှောင် လမ်းကြိုလမ်းကြားမကျန် သမီးနာမည်ကို တကြော်ကြော်အော်ပြီး အမေလိုက်ရှာခဲ့တာကို သမီးသိလား?

ညအိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက်ကို သမီးသောက်နေချိန်မှာ မေမေရဲ့အကြင်နာတွေကို သမီးသတိရရဲ့လား? နွားနို့ထည့်ပေးဖို့ မေမေမေ့သွားတဲ့ညက မေမေ့ကို သမီးစကားမပြောခဲ့ဘူးနော်။

စာမေးပွဲ မဖြေခင်မှာလည်း မေမေ့ကို မစာနာဘဲ ပြောသေးတယ်။

“ဒီတစ်ခေါက် သိပ်ဖြေနိုင်မှာ မဟုတ်ဘူး။ ကျွန်မအပေါ် မျှော်လင့်ချက် သိပ်မထားနဲ့” တဲ့။

ဒါပေမယ့် သမီးရယ်… သမီးအတွက် ဘယ်အရာမဆို အမေတာဝန်ယူရမယ်လို့ သမီးတောင်းဆိုခဲ့သလို သမီးကလည်း အမေကို အမှတ်ကောင်းလေးနဲ့ မတုန့်ပြန်သင့်ဘူးလား?

အချစ်မှာ နှစ်ဦးနှစ်ဖက် ညီမျှတဲ့ပေးဆပ်ခြင်းတွေ ရှိရမယ်လို့ ချစ်သူကို သမီးပြောခဲ့သလို တစ်သက်လုံး မခွဲမခွါတဲ့ မိသားစုမှာရော စိတ်တူညီမျှ ပေးဆပ်ခြင်းတွေ မရှိသင့်ဘူးလား သမီးငယ်.. ?

ချစ်သူအပေါ်ထားတဲ့ သမီးရဲ့ချစ်ခြင်းတွေ၊ ရူးသွပ်မှုတွေကို မေမေသဝန်တိုလို့ မဟုတ်ဘူးနော် သမီး။ ချစ်ခြင်းဆိုတာကလည်း ခံစားမှုအတွေ့အကြုံနဲ့ စိတ်အာဟာရတစ်မျိုးဆိုတာ မေမေသိတယ်။ မေမေမျှော်လင့်တာက ချစ်သူနဲ့သမီး အပြန်အလှန်ပေးဆပ်သလိုမျိုး ၂၂နှစ်ကြာ သမီးအပေါ် ပေးဆပ်ခဲ့တဲ့ အမေရဲ့သွေး၊ ချွေးတွေကိုလည်း သမီးသတိရစေချင်တယ်။ ချစ်သူကပေးတဲ့ ချစ်သက်တမ်းတစ်နှစ်ကို တစ်သက်လုံးနဲ့ လဲချင်ခဲ့တဲ့သမီး၊ သမီးအပေါ်မလျော့တဲ့အချစ်နဲ့ တစ်သက်လုံးချစ်ခဲ့တဲ့ အမေ့ကို သမီးရဲ့ တစ်နှစ်ဆိုတဲ့ ဂရုစိုက်ပြုစုမှုတွေ ပြန်မပေးသင့်ဘူးလားကွယ်? ခုတော့ သမီးဆီက ရလိုက်တဲ့ အရာတွေက မေမေပေးဆပ်ခဲ့တာနဲ့ မတန်ခဲ့ပေမယ့် မေမေကျေနပ်ခဲ့ပါတယ်။

မေမေ့မွေးနေ့မှာ သမီးဆီက ဘာလက်ဆောင်မှ မရခဲ့လည်း ဖုန်းဆက်ပြီး အဝေးက သမီးအသံကို အမေကြားပါရစေ။

မေမေစိတ်ပူပြီး ညညအိပ်မပျော်လည်း ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ့်အကြောင်း ဖုန်းဆက်ပြီး မေမေ့ကို အကြောင်းကြားပေးပါ။

စာထဲ သမီး စိတ်မဝင်စားခဲ့လည်း စာမေးပွဲကြေးသွင်းတဲ့အခါ မေမေ့ကိုတောင်းပန်စကား တစ်ခွန်းပြောဖို့ သတိရပေးပါ။

လုပ်အားခပိုက်ဆံတွေကို ချစ်သူအတွက် လက်ဆောင်ဝယ်ပေးခဲ့လည်း ပိုက်ဆံတစ်ပြားတစ်ချပ် ရှာရတာ အင်မတန်ပင်ပန်းကြောင်း အမေ့ကို စာတိုလေးတစ်ကြောင်း ပို့ဖို့မမေ့ပါနဲ့။

ဒီလိုပေးဆပ်မှုမျိုးက ဘယ်မိခင်မဆို လိုအပ်ပါတယ်။ စိတ်ထိခိုက် လှုပ်ရှားလွယ်တဲ့ မေမေကတော့ တစ်ခြားမိခင်တွေထက် ပိုခဲ့တယ်။ သားသမီးတိုင်းကို မိခင်ရဲ့ကောင်းကွက်တွေကို မှတ်ပြီး အမြဲတစေပေးဆပ်စေတာက ကြမ်းတမ်းတဲ့လုပ်ရပ်မှန်း မေမေသိတယ်။ သမီးအိမ်ထောင်ပြုပြီး သားသမီးရတဲ့အချိန် အဲဒီသားသမီးတွေရဲ့ အေးစက်စက် တုန့်ပြန်မှုနဲ့ လျစ်လျူရှူမှုကို ခံရတဲ့အချိန်၊ ချွေးထက်မက မျက်ရည်တွေကျမိချိန်မှ မေမေပြောတာတွေကို သမီးနားလည်လာမှာပါ သမီး။

မိခင်တွေလိုချင်တဲ့ သားသမီးတွေရဲ့ တုန့်ပြန်မှုဟာ သေးသိမ်လွန်းလှပါတယ်။ ဒီလိုနှိမ့်ချပြီး တောင်းဆိုတဲ့ မိခင်တစ်ဦးကို သမီးက စာအုပ်ထဲကမိခင်လောက် မမြင့်မြတ်ဘူး၊ တစ်ကိုယ်ကောင်းဆန်တယ်လို့ သမီးထင်ခဲ့တယ်။ ဒီလိုဆိုရင် သမီးငယ်.. ကိုယ်တိုင်ကရော ဘယ်လိုတွေ ပေးဆပ်တုန့်ပြန်ခဲ့သလဲကွယ်?

မူရင်း....
安宁 (An Ning) 母爱也期待回报

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, July 21, 2009

ခေါက်ဆွဲချပ်


ခေါက်ဆွဲချပ်.. ရှမ်းအခေါ်က ခေါက်ဆွဲခရပ် (သို့) ခေါက်ဆွဲနွိုင့်ပါတဲ့။ တောင်ကြီးမှာ ဒီလိုအစားမျိုးကို မစားခဲ့ဖူးဘူး။ တာချီလိတ်မှာတော့ နေရာတကာ တွေ့နေရတယ်။ လုပ်နည်းက ဆန်ခေါက်ဆွဲလုပ်သလိုမျိုး ဒါပေမယ့် ဒါက ခုလုပ်ခုစားနဲ့ အရသာကလည်း မဆိုးဘူး။ အရင်တုန်းကတော့ သူတို့လုပ်တာကို သွားသွားငေးပြီး ကိုယ်တိုင်မစားဘဲ အစ်မအတွက် ပါဆယ်ထုတ်ပြန်နေကျ.. ဒီတစ်ခေါက်တော့ တူမလေးနဲ့ ရွှေတိဂုံဘုရားနားက ခေါက်ဆွဲခရပ်ကို အဝစား၊ ဓာတ်ပုံတောင်းရိုက်ပြီး ပါဆယ်ပါ ထုတ်ပြန်လာလိုက်တယ်။


သူတို့လုပ်ပုံက အရည်ဖျော်ထားတဲ့ ဆန်မှုန့်ကို ပုံမှာမြင်ရတဲ့ သံခွက်ထဲ အရင်ထည့်လိုက်တယ်။ သံခွက်ထဲ ဆန်မှုန့်မထည့်ခင် ဆီအရင်စွတ်ပေးရတယ်။ အိုးမကပ်အောင် ထင်ပါတယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့အရသာ အစာပလာတွေထည့်တယ်။

အစာပလာတွေက ခေါက်ဆွဲထဲထည့်စားတာတွေပါပဲ။ ငရုတ်ဆီ၊ မြေပဲဆန်၊ ကြက်သွန်ဆီ၊ ငံပြာရည်၊ ဆား၊ ဟင်းချိုမှုန့်တွေပေါ့။ မုန်လာထုပ်၊ ဂျူးရွက်၊ နံနံပင် စတဲ့ အရွက်ကြိုက်ရင်အရွက်တွေ ကိုယ်တိုင်ထည့်လို့ရတယ်။ ကျွန်မက မထည့်တတ်တော့ ဆိုင်ရှင်ကိုပဲ ထည့်ခိုင်းရတယ်။ အစာတွေအကုန်ထည့်ပြီးရင် အဲဒီသံခွက်ကို ဆူနေတဲ့ရေနွေးအိုးထဲ ထည့်ပေါင်းလိုက်တယ်။ ရေဆူဆူပေါ်မှာ ပေါလောကြီးနဲ့ပေါ့။ ပြီးတော့ အဖုံးကို ဖုံးထားလိုက်တယ်။

၁ဝမိနစ်လောက်ကြာရင် ပုံမှာမြင်ရတဲ့အတိုင်း ပေါင်းပြီးသား ခေါက်ဆွဲကိုရပါတယ်။ ဆီတွေသိပ်မပါဘဲ အရွက်တွေနဲ့ လတ်လတ်ဆတ်ဆတ် စားလို့ကောင်းပါတယ်။ အရသာက ဆန်ခေါက်ဆွဲကို သုတ်စားသလိုမျိုး.. ဒါပေမယ့် သိပ်တော့မတူဘူး။

ဒါကတော့ အစာပလာမထည့်ဘဲ ဆန်မှုန့်ချည်းပေါင်းထားတဲ့ ခေါက်ဆွဲချပ် ဖြူဖြူကြီးပေါ့။ ဒါကို ကပ်ကျေးနဲ့ညှပ်ပြီး သုပ်စားခဲ့သေးတယ်။ အစာအရသာတွေက ဆန်မှုန့်ထဲ မဝင်လို့ပဲလား မသိဘူး။ ဒီလိုသုတ်စားတာကို ပေါင်းစားတာလောက် မကြိုက်ခဲ့ဘူး။ ဒီလိုအစာကို ရှမ်းမတွေက တအားစားကြတယ်။ အဆီအစိမ့်လည်းနည်း၊ အရွက် လတ်လတ်ဆတ်ဆတ်တွေနဲ့ ကျန်းမာရေးလည်း ညီညွှတ်တာကြောင့်မို့လား မသိ.. ရှမ်းမလေးတွေက လှလို့... :)

နိုင်းနိုင်းစနေ


Share/Bookmark

Monday, July 20, 2009

ရှာဖွေနေတဲ့ အကျင့်စရိုက်


အဲဒီတုန်းက ကျွန်မနုရွယ်စဉ်ခါပေါ့။ တစ်နေ့မှာ Vermont တောင်ပိုင်းက တောအုပ်တစ်နေရာမှာ ကျွန်မကားကို ရပ်ထားခဲ့မိတယ်။ အဲဒီအချိန်မှာ ဒေသခံ လယ်သမားတစ်ဦးက သူကားကိုနောက်ဆုတ်ရင်း ကျွန်မကားကို မတော်တဆ ပွတ်တိုက်သွားခဲ့မိတယ်။ ကျွန်မကားသွားယူတဲ့အချိန် ကားပြတင်းပေါ်မှာ စာရွက်တိုတစ်ရွက် ကပ်ထားတာကို တွေ့လိုက်တယ်။ စာရွက်ပေါ်မှာက "ခင်ဗျားကို ကျွန်တော်တို့စောင့်နေပါတယ်" ဆိုပြီး ဖုန်းနံပါတ်တစ်ခု ရေးထားတာတွေ့လိုက်တယ်။

လယ်သမားကို ကျွန်မဘယ်လိုသွားရှာပြီး ကားကိစ္စကို ဘယ်လိုဖြေရှင်းခဲ့သလဲ ဆိုတာကိုတော့ ကျွန်မသေချာ မမှတ်မိတော့ဘူး။ ဒါပေမယ့် ကျွန်မသေသေချာချာ မှတ်မိတာတစ်ခုက လယ်သမားကိုယ်တိုင် တာဝန်ယူဖြေရှင်းလိုက်တဲ့ ကိစ္စအပေါ် ကျေးဇူးအထူးတင်ကြောင်း ကျွန်မပြောကြားစဉ်မှာ လယ်သမားက ရိုးရိုးအေးအေးနဲ့ "ဒါ.. ကျွန်တော်တို့ရဲ့ အလုပ်လုပ်တဲ့ အကျင့်ပါ" ဆိုတဲ့ စကားတစ်ခွန်းပဲ ပြန်ပြောလိုက်တယ်။ လယ်သမားရဲ့ဇနီးက ကျွန်မတို့ပြောတဲ့သမျှကို ဘေးကနေ ပြုံးပြုံးလေးရပ်ပြီး နားထောင်နေခဲ့တယ်။


နှစ်တွေကြာခဲ့ပေမယ့် လယ်သမားရဲ့စကားသံ၊ မြင်ကွင်းတွေကို ကျွန်မသတိရနေတတ်တယ်။ ဒီနှစ်တွေအတွင်း ရိုးသားပြီး ကူညီရိုင်းပင်းတတ်တဲ့ လယ်သမားမိသားစု နေကောင်းကျန်းမာပါရဲ့လား? အဲဒီနေရာကို နောက်တစ်ခေါက် အရောက်သွားဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။

ကိုယ်တိုင်ဖုတ်ထားတဲ့ မုန့်တစ်ချို့နဲ့ Vermont တောင်ပိုင်းကို ကျွန်မ ကားမောင်းပြီးထွက်လာခဲ့တယ်။ မှတ်ဥာဏ်ထဲက အိမ်ငယ်လေးကို လမ်းတစ်လျှောက်ရှာရင်း ကားကိုခပ်မှန်မှန်လေး ကျွန်မမောင်းလာခဲ့တယ်။ တစ်နေရာရောက်ရင် ကားရပ်ပြီး လမ်းမှာတွေ့တဲ့ လူတွေကို ကျွန်မမှတ်မိသမျှ ပြောပြပြီးမေးခဲ့တယ်။ ပန်းသီးခြံဘေးနားမှာ ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ ဂူလေးတစ်ခုရှိတယ်။ ပြီးတော့ နေကြာခင်းကြီးတစ်ခင်းရှိတယ်။ အိမ်ရှေ့ပန်းခြံမှာ ပန်းပေါင်းစုံ စိုက်ပျိုးထားတယ်။ ကျွန်မအမေးကို လူတွေကရယ်ပြီး "ဒီနေရာရဲ့ ၃ပုံ၁ပုံလောက်က အဲဒီလိုပုံစံတွေချည်းပဲ။ နာမည်ပြောရင် ရှာရပိုလွယ်လိမ့်မယ်" လို့ ပြောခဲ့တယ်။

"လူတိုင်းက ဒီလိုပဲ လုပ်ကြမှာပဲ။ ဒါက ကျွန်မတို့ရဲ့ အလုပ်လုပ်တဲ့ အကျင့်လေ" မြင်းတွေကို အစာကျွေးနေတဲ့ အဘွားအိုက ကျွန်မပြောပြတာကို နားထောင်ပြီး ပြန်ဖြေတယ်။

အချိန်အတော်ကြာရှာပြီးနောက် စားသောက်ဆိုင်တစ်ဆိုင်ထဲ ကျွန်မ ကားမောင်းဝင်လိုက်တယ်။ စားသောက်ဆိုင်ဘေးမှာ စမ်းချောင်းလေးနဲ့ စမ်းချောင်းဘေးမှာ နာနတ်ခင်းကြီးတစ်ခင်း ရှိနေတာကို တွေ့ခဲ့တယ်။ လိုရာမရောက်၊ မျှော်လင့်သလို ဖြစ်မလာခဲ့တဲ့ ကျွန်မအတွက် ဒီလိုလှပတဲ့ရှုခင်းက ကျွန်မကို မစွဲဆောင်နိုင်ခဲ့ဘူး။

"ဆောရီးပဲ.. မိန်းကလေး.. ကျွန်တော်တစ်ခုလောက် အကူအညီတောင်းလို့ ရမလား?" အဲဒီအချိန်မှာ သူစိမ်းလင်မယားနှစ်ဦးက ကျွန်မကို လှမ်းခေါ်ရင်းပြောတယ်။ သူတို့ရဲ့ကားသော့ ကားထဲမှာကျန်ခဲ့လို့ ကျွန်မကို အကူအညီတောင်းတာဖြစ်တယ်။

"သော့ဖွင့်သမားကို ဖုန်းဆက်ပေးလို့ရမလား? ဒါမှမဟုတ် မိန်းကလေးကားနဲ့ မြို့လိုက်ခဲ့လို့ ရမလား?"

ကျွန်မစဉ်းစားလိုက်တယ်။ ပြီးတော့ သူတို့နဲ့အတူ မြို့ဖက်ကို ကျွန်မမောင်းလာခဲ့တယ်။ လမ်းတစ်လျှောက်မှာ ဇနီးဖြစ်သူက ခင်ပွန်းဟာ ရုက္ခဗေဒပညာရှင်ဖြစ်ကြောင်း၊ မြောက်အရပ်ကနေ တောင်အရပ်ထိ ရှားပါးသစ်ပင်တွေရှာဖွေဖို့ သူတို့ ရောက်လာတာဖြစ်ကြောင်း ပြောပြတယ်။

မြို့ကနေတစ်ဆင့် သော့ပြင်ဆရာကို စားသောက်ဆိုင်ထိ ကျွန်မခေါ်လာခဲ့တယ်။ သော့ပြင်သမား သော့ပြင်နေတုန်းမှာ သူတို့ဇနီးမောင်နှံနဲ့အတူ ကျွန်မယူဆောင်ခဲ့တဲ့ မုန့်တွေကို ဝေမျှစားခဲ့ကြတယ်။

"အခုလို ကူညီတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်" ရုက္ခဗေဒပညာရှင်က ပြောတယ်။

"ဒါ ကျွန်မတို့ရဲ့ အလုပ်လုပ်တဲ့အကျင့်ပါ" ပြုံးပြီး ကျွန်မပြန်ပြောဖြစ်တယ်။ သူတို့ကိုလည်း လွန်ခဲ့တဲ့နှစ်က ကျွန်မကြုံခဲ့သမျှကို ပြန်ပြောင်းပြောပြပြီး လယ်သမားကို ရှာမတွေ့လို့ စိတ်မကောင်းကြောင်း ပြောမိတယ်။

"ရှာနေတယ် ဟုတ်လား? ဒီဒေသက "အကျင့်" ကို မိန်းကလေးရှာတွေ့ခဲ့ပြီးပြီလေ.... "

ဇနီးဖြစ်သူက ကျွန်မပြောတာကို နားထောင်ပြီး စကားတစ်ခွန်း ကြားဖြတ်ပြောခဲ့တယ်။

မူရင်း... Laura Richard (劳拉里查德) (尋找)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, July 19, 2009

မထင်မှတ်တဲ့ အောင်မြင်မှု


တွမ်ဟာ စပိန်နိုင်ငံက သာမန် ကိတ်မုန့်လုပ်သားတစ်ဦးဖြစ်တယ်။ အပြောင်းအရွေ့များတဲ့ ခေတ်မှာ တစ်ချို့လူတွေလို အမေရိကန်ကို သူပြောင်းရွေ့လာခဲ့တယ်။

ဒါပေမယ့် အမေရိကန်က သူ့စိတ်ကူးထဲကလို ရွှေတွေပြန့်ကျဲနေတဲ့ နေရာမဟုတ်ခဲ့ဘူး။ စပိန်မှာ ကိတ်မုန့်ရောင်းတာနဲ့ အမေရိကန်မှာ ကိတ်မုန့်ရောင်းတာ ဘာမှမထူးခြားခဲ့ဘူး။

၁၉ဝ၄ ခုနှစ်မှာ အမေရိကန်က World's Fairပွဲတော်ကို ကျင်းပခဲ့တယ်။ တွမ်က ကိတ်မုန့်ဖုတ်ကိရိယာတွေ ယူပြီး ပွဲတော်ကျင်းပတဲ့နေရာမှာ ဆိုင်ဆောက်လိုက်တယ်။ ပွဲခင်းထဲမှာဆိုပေမယ့် တွမ်ရဲ့ကိတ်မုန့်တွေက ရောင်းမကောင်းခဲ့ဘူး။ ဒါပေမယ့် သူ့ဘေးက ရေခဲမုန့်သည်က အရမ်းရောင်းကောင်းနေခဲ့တယ်။ ရေခဲမုန့်ထည့်တဲ့ ပန်းကန်တွေက တခဏချင်းကုန်သွားခဲ့တယ်။ စိတ်သဘောထားကောင်းတဲ့ တွမ်က သူ့ရဲ့မုန့်တွေနဲ့ ကတော့ပုံလုပ်ပြီး ရေခဲမုန့် ထည့်စေခဲ့တယ်။ ဒီလိုရေခဲမုန့်က ပိုရောင်းကောင်းခဲ့လို့ ရေခဲမုန့်ရောင်းသူက တွမ်ဆီက မုန့်တွေအားလုံးယူခဲ့တယ်။ နောက်ဆုံး အဲဒီရေခဲမုန့်က ပွဲတော်မှာ အရောင်းရဆုံးမုန့်အဖြစ် စံချိန်တင်ခဲ့တယ်။

အဲဒီနောက်ပိုင်း ခေါက်မုန့်ပုံကတော့နဲ့ ထည့်တဲ့ ရေခဲမုန့်တွေ ခေတ်စားလာခဲ့တာ ဒီနေ့ထိတိုင်ပါပဲ။ တကယ်လို့ တွမ်သာ သဘောမကောင်းခဲ့ရင်၊ ရေခဲမုန့်သည်ဘေးမှာ မရောင်းခဲ့ရင် cone Ice cream ကို ကျွန်မတို့စားမိကြမယ် မထင်ဘူး။

ရေခဲမုန့်အဖြစ်လိုပဲ အာလူးချောင်းကြော်လည်း ဒီလိုဖြစ်လာခဲ့ပါတယ်။ အမေရိကန် Indians လူမျိုး ဂျွန်ဟာ စားသောက်ဆိုင်တစ်ဆိုင်က စားဖိုးမှူးတစ်ဦးဖြစ်တယ်။ တစ်နေ့မှာ စားသောက်ဆိုင်ထဲ ပြင်သစ်လူမျိုးတွေ လာရောက်စားသောက်ခဲ့တယ်။ ပြင်သစ်တွေက ဂျွန်လုပ်တဲ့ ဆီကြော်စာတွေဟာ အတုံးကြီးပြီး စားမကောင်းဘူး၊ မာတယ်လို့ ဝေဖန်ခဲ့လို့ ဂျွန်ကစိတ်တိုပြီး နောက်လုပ်မယ့်အာလူးကို ပါးပါးလှီး၊ တောက်တောက်စင်းပြီး ဆီအိုးထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ အဲဒီအာလူးကြော်တွေကို ပြင်သစ်တွေစားဖို့ ချလိုက်တယ်။ မထင်မှတ်ပါဘူး.. အဲဒီလို ကြော်ထားတဲ့ အာလူးကြော်ကို့ ပြင်သစ်တွေ ကြိုက်ခဲ့ကြတယ်။ နောက်တော့ အဲဒီလို အာလူးကြော်တွေ ခေတ်စားလာပြီး အခုချိန်မှာ မက်ဒေါနယ်၊ KFC စတဲ့ fast food တွေမှာ တွေ့နိုင်ပြီဖြစ်တယ်။

တစ်ခါတလေမှာ ဘဝထဲက မထင်မှတ်တာတွေ၊ မတော်တဆတွေက အောင်မြင်ဖို့အတွက် လမ်းစတွေဖြစ်ခဲ့တယ်။ အခွင့်အရေးက ကိုယ့်အတွက် စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ ရှိမနေတတ်ဘူး။ အခွင့်အရေးတွေက မထင်မှတ်တဲ့အချိန်မှာလည်း ဖြစ်လာတတ်တာပါပဲ။ ဒါကြောင့် မျှော်လင့်မထား၊ ထင်မှတ်မထားတဲ့ အခက်အခဲနဲ့ကြုံတဲ့အခါ စိတ်ပျက်ဝမ်းမနည်းပါနဲ့။ ဒါကလည်း ကိုယ့်အတွက် အောင်မြင်ဖို့ လမ်းစဖြစ်နိုင်တာပဲလေ။

မူရင်း... Yun Zhongtian (雲中天) ပြုစုသော ပုံပြင် ၃ဝဝ စာအုပ်ထဲမှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, July 18, 2009

တွေးတွေးပြီးရယ်


(၁)
လူတစ်ယောက်က ဆေးရုံသွားပြီး ညညအိပ်မရတဲ့အကြောင်း ဆရာဝန်ကို ဆွေးနွေးတိုင်ပင်တယ်။ ဆရာဝန်က ညအိပ်တဲ့အချိန် အိပ်ပျော်နိုင်ဖို့ တစ်ခုခုကို တတွတ်တွတ်ရွတ်ဆိုပြီးအိပ်ဖို့ အကြံပေးလိုက်တယ်။ ဒါပေမယ့် အရာမရောက်ခဲ့ဘဲ နောက်တစ်နေ့ မနက်မှာ ဆရာဝန်ဆီ သူပြန်ရောက်လာခဲ့တယ်။

ဒီတစ်ခါ ဆရာဝန်က သူ့ကိုနောက်အကြံတစ်ခု ပေးလိုက်တယ်။ ညရောက်တာနဲ့ အဲဒီလူက "ခြေညိုးတွေအိပ်ပါ... ခြေသလုံးအိပ်ပါ... ဒူးခေါင်းအိပ်ပါ..." နဲ့ မျက်စိအထိ သူ့ခန္ဓာကိုယ်အားလုံးကို တဖြေးဖြေး အိပ်မွေ့ချနေခဲ့တယ်။ အိပ်ပျော်ခါနီးမှာ ဝတ်လစ်စလစ်နဲ့ ညဝတ်အင်္ကျီဝတ်ပြီး ဝင်လာတဲ့မိန်းမကို တွေ့တော့ အဲဒီလူက သူခန္ဓာကိုယ်ကို ပုတ်ပြီး ပြောလိုက်တယ်။

"ထ.. ထ.. အားလုံး.. ထကြ" ဟူတည်း။

(၂)
သေသွားတဲ့ လူသုံးယောက်ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။

ပထမတစ်ယောက်
အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ ကပျာကယာ အိမ်ပေါ်ထပ်က ပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန် အပေါ်ထပ်ကနေ အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။ အဲဒီမှာ ကျွန်တော်သေသွားခဲ့တယ်။

ဒုတိယတစ်ယောက်
အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။ ကျွန်တော်ပြန်လာတာကို အံ့သြဝမ်းသာအောင်ဆိုပြီး ကျွန်တော့်မိန်းမကို ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ ကျွန်တော်ပြေးဝင်သွားတယ်။ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့ အဝတ်အစား မသပ်မရပ်နဲ့ ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း စိတ်တိုတိုနဲ့ အဝတ်ဘီရိုယူပြီး အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။

တတိယတစ်ယောက်
ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့ ကျွန်တော်ကြည်နူးနေတုန်း သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့ ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။ အဲဒီမှာ "ဝုန်း" ဆိုတဲ့အသံနဲ့အတူ ကျွန်တော်သေသွားခဲ့တာပါပဲ။

ရယ်ချင်သူများအတွက် အင်တာနက်ပေါ်က ဟာသများကို ဘာသာပြန်ဝေမျှသည်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, July 17, 2009

စွန့်လွှတ်ခြင်းကို ရွေးချယ်သူ


အပိုင်း(ခ)

သူနဲ့ကျွန်မ ချစ်သူသက်တမ်း (၂)လပြည့်တဲ့အချိန်မှာ တစ်ခြားကောင်မလေးတစ်ယောက်နဲ့ သူရှုတ်နေတယ်ဆိုတဲ့အကြောင်း ကျွန်မသိလိုက်ရတယ်။ ဒီလိုကိစ္စမျိုးကို ကျွန်မလုံးဝ လက်မခံနိုင်ခဲ့ဘူး။ ပြီးတော့ အဲဒီကောင်မလေးက ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်နေခဲ့တယ်။ ရုပ်ရှင်တွေထဲက ဒီလိုအပ်ကြောင်းထပ်တဲ့ ဇာတ်လမ်းမျိုး ကျွန်မကိုယ်တိုင် ကြုံရတဲ့အချိန် ကျွန်မဘာကိုမှ စဉ်းစားမနေဘဲ သူ့ကိုအဆက်ဖြတ်ပစ်လိုက်တယ်။ ဒီလိုယောက်ျားမျိုးက ကျွန်မကို စိတ်နှလုံးအော့နာစေသလို၊ သူ့အပေါ် စိတ်လှုပ်ရှားဖို့ ကျွန်မကိုဘယ်လိုမှ စွမ်းဆောင်မနိုင်ခဲ့တော့ဘူး။

တစ်ခါတလေမှာ ကိုယ့်ကိုကိုယ် မိန်းကလေးဖြစ်ရတာကို ဂုဏ်ယူမိတယ်။ မိန်းကလေးတွေက နူးညံ့သိမ်မွေ့တယ်။ လှပတယ်။ ဘုရားသခင်က ကျွန်မတို့ မိန်းကလေးတွေကို လှပတဲ့အရာတွေ အများကြီးပေးခဲ့တယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်ကိုကိုယ် မိန်းကလေးဖြစ်ရတာကို သနားမိတယ်။ ကျွန်မတို့က ရိုးသား၊ ရိုးအလွန်းတယ်။ အထူးသဖြင့် ယောက်ျားတွေနဲ့ ကြုံတဲ့အချိန်မှာဖြစ်တယ်။

ကျွန်မတို့ အိမ်ထောင်သက် (၃)နှစ်အထိ အစစအရာရာကို ခင်ပွန်းက တာဝန်ယူခဲ့သလို ကျွန်မကိုလည်း အရမ်းချစ်ခဲ့တယ်။ ဒါပေမယ့် သူ့အတွင်းရေးမှူးမနဲ့ သူဇာတ်လမ်းစခဲ့ပြီးနောက် အေးချမ်းတဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက မီးနီပြခဲ့တယ်။ မိသားစု၊ နှစ်ချီကြာချစ်ခဲ့တဲ့ အချစ်တွေနဲ့ အကြောင်းပြပြီး သူ့စိတ်ကိုဆွဲထားဖို့ ကျွန်မကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်မလုပ်သမျှက အချည်းနှီးသာ ဖြစ်ခဲ့တယ်။ မကြာခဏ ရန်ဖြစ်ငြင်းခုန်ပြီးနောက် အကျိုးအကြောင်းတစ်ရပ်ကို ကျွန်မတဖြေးဖြေး သဘောပေါက်နားလည်လာခဲ့တယ်။ အဲဒီအကြောင်းက "တကယ်လို့ မိန်းကလေးတွေက ကိုယ့်ကိုယ်ကို လေးစားရမှန်း နားမလည်ခဲ့ရင် တစ်သက်လုံး ယောက်ျားတွေရဲ့ ကစားစရာအရုပ် ဖြစ်သွားနိုင်တယ်။ အမြဲခွင့်လွတ်နေရင် နောက်ထပ်အမှားလုပ်ဖို့အတွက် သူတို့ဝန်လေးတော့မှာ မဟုတ်ဘူး။ ကျွန်မတို့ကိုလည်း ရှိတယ်လို့ သူတို့ဂရုစိုက်တော့မှာ မဟုတ်ဘူး"

ကွာရှင်းဖို့ သူ့ကို ကျွန်မဖက်က စပြီးတောင်းဆိုလိုက်တယ်။ တစ်ခုခုကို ဆုံးရှုံးသွားတဲ့ ပုံစံနဲ့ ငေးငိုင်သွားတဲ့ သူ့ကိုကြည့်ပြီး ကျေနပ်တဲ့ အောင်နိုင်မှုတစ်ခုကို ကျွန်မရလိုက်တယ်။ အတွင်းရေးမှူးနဲ့ သူ့ဇာတ်လမ်းအကြောင်း ကျွန်မကို စရှင်းပြတယ်။ ဒီမိသားစု၊ ဒီအိမ်ထောင်ရေးကို လက်လွတ်ဆုံးရှုံးဖို့ သူဘယ်တော့မှ မစဉ်းစားခဲ့ကြောင်း၊ အတွင်းရေးမှူးမနဲ့က စိတ်ပြေလက်ပျောက်ဖြစ်ခဲ့ကြောင်း ရှင်းပြတယ်။ အခုချိန်မှာ သူရဲ့အပိုစကားတွေ ဘာတစ်ခွန်းမှ ကျွန်မနားမထောင်ချင်ခဲ့ဘူး။ စိတ်ချမ်းသာ ပျော်ရွှင်မှုကိုပဲ ကျွန်မလိုလားခဲ့တယ်။

မိန်းကလေးတွေ ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် ရှင်သန်သင့်တယ်။ ကိုယ့်ကိုယ်ကို လေးစားသင့်တယ်။ ဒီလို ဘီးချော်တဲ့ယောက်ျားမျိုး၊ နောက်မီးလင်းတဲ့ ယောက်ျားမျိုးကို စွန့်ပစ်သင့်တဲ့အချိန်မှာ စွန့်ပစ်နိုင်ရမယ်။

(က) အမျိုးသမီး

သူနောက်မီးလင်းနေပြီလို့ ကျွန်မသိတဲ့တစ်နေ့ သူ့ပါးကို ခပ်နာနာလေး ကျွန်မရိုက်ပစ်လိုက်တယ်။ ဒါတောင် သူက ကျွန်မကို အရင်လို မနူးညံ့၊ မသိမ်မွေ့ဘဲ ရန်ရှာ၊ ရန်လိုတဲ့မိန်းမလို့ စွပ်စွဲခဲ့တယ်။ စာနာစိတ်မရှိတဲ့ ဒီလိုယောက်ျားမျိုးကို ကျွန်မဟားတိုက် ရယ်ပစ်လိုက်ချင်တယ်။ နောက်ဆုံးမှာ သူ့အမှားကို သူမတွေ့ဘဲ အားလုံးက ကျွန်မအမှားတွေ ဖြစ်ခဲ့ရတယ်။ ကျွန်မက ရန်လို၊ ရန်မှုတတ်တဲ့ မိန်းမကြမ်းဆိုရင် သိမ့်မွေ့နူးညံ့တဲ့ မိန်းမကို သူရှာနိုင်ဖို့ သူ့ကို ကျွန်မစွန့်လွှတ်လိုက်တယ်။

(ခ) အမျိုးသမီး

ယောက်ျားတစ်ယောက်မှာ ငွေရှိလား၊ ကားရှိလား၊ ကျောထောက်နောက်ခံကောင်းသလား ဆိုတာကို ကျွန်မနည်းနည်းမှ ဂရုမစိုက်ခဲ့ဘူး။ စိတ်ဝင်မစားခဲ့ဘူး။ သူနဲ့အတူ ဒိုးတူပေါင်ဖက် ကျွန်မကြိုးစားရုန်းကန်ရဲတယ်။ ဒါပေမယ့် ကျွန်မနှစ်နှစ်ကာကာ ချစ်တဲ့ယောက်ျားတစ်ယောက် နောက်မီးလင်းတာကိုတော့ ကျွန်မနည်းနည်းမှ သည်းမခံနိုင်ခဲ့ဘူး။ စိတ်ဓာတ်နဲ့ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်နဲ့ပဲဖြစ်ဖြစ် ဒီလိုယောက်ျားမျိုးအတွက် နောင်တမရတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကျွန်မပိုင်ပိုင်နိုင်နိုင် ချရဲတယ်။ အဲဒါက သူ့ကို စွန့်ပစ်ဖို့ပဲ။

အချစ်နဲ့အချစ်ကြားမှာ သဲတစ်ပွင့်တောင် အဝင်မခံဘူးတဲ့...
အချစ်ထဲက ယောက်ျားနဲ့မိန်းမတို့ဟာ သာမန်လူတွေပါ။ သာမန်လူတွေ အမှားလုပ်ရင် နောင်တရပြင်ဆင်နိုင်တဲ့ အခွင့်အရေးတစ်ခုတော့ ရှိသင့်သတဲ့။ နောင်တရ၊ စိတ်ပြန်လည်လာသူကို သင်လက်လွတ်မလား? ပြုပြင်ဖို့ အခွင့်အရေး ပေးမလား?

အပိုင်း(က)ကို မိန်းကလေး တော်တော်များများ မကြိုက်ကြဘူး။ ခြံကျော်တဲ့ လူတစ်ယောက်ကို ခွင့်လွှတ်နိုင်ဖို့ဆိုတာ တော်တော်လေး စိတ်သဘောထား ပြည့်ဝတဲ့ မိန်းကလေးမှ လုပ်နိုင်မယ်ထင်ပါတယ်။ ကျွန်မရဲ့ သဘောထားက အပိုင်း(က) ကွန်မန့်ထဲကအတိုင်း အဲလောက်မပြည့်ဝနိုင်ခဲ့ဘူး....း)

မူရင်း...
လန်ဒန်ထုတ် တရုတ်သတင်းစာ lgtes.com မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, July 16, 2009

ခွင့်လွှတ်ခြင်းကို ရွေးချယ်သူ


အပိုင်း (က)
(၁)
သူမ... ကျွန်မလောက် ရုပ်မချောဘူး။ ကျွန်မထက် ပညာအဆင့်အတန်း မမြင့်ဘူး။ ဒါပေမယ့် ချစ်သူက ကျွန်မနဲ့သူမကြားမှာ ၂ နှစ်ကြာလောက် လူးလားခေါက်ပြန် ကူးချည်သန်းချည် ပြုခဲ့တယ်။ တစ်နေ့မှာ ကျွန်မဆီ သူမရောက်လာပြီး နေရာလာလုခဲ့တယ်။ အဲဒီတခဏ ကျွန်မရဲ့နှလုံးသားတွေ သေလုလုဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ ချစ်သူက ကျွန်မကို အတင်းအဓမ္မ တောင်းပန်ပြီး သူမရဲ့ဖြားယောင်းသွေးဆောင်မှုကို သူခံခဲ့ရကြောင်း၊ နောက်ပိုင်း ဘယ်လိုခွါခွါ ခွါမရခဲ့ကြောင်း ရှင်းပြတယ်။

ဒီကမ္ဘာပေါ်မှာ ဒီလိုမျိုးမိန်းမတွေ ရှိတတ်မှန်း ကျွန်မယုံကြည်တယ်။ အမှားကြောင့် စိတ်ပြန်လည်လာတဲ့ ချစ်သူကို ကျွန်မရွေးချယ်ခဲ့ပါတယ်။ သူ့စိတ်က အမြဲတမ်းကျွန်မဆီမှာပဲ ရှိကောင်းရှိပါလိမ့်မယ်။ ယောက်ျားအများ ကျူးလွန်တတ်တဲ့ အမှားတစ်ခုကို သူကျူးလွန်မိချိန် ကျွန်မသာ သူ့ကိုလက်လွတ်ခဲ့မယ်ဆိုရင် ဒီတစ်သက် ကျွန်မနောင်တရလို့ ဆုံးတော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပြဿနာ ဖြေရှင်းပြီးနောက် ကျွန်မကို သူပိုချစ်၊ ပိုဂရုစိုက်လာခဲ့လို့ပါပဲ။ တစ်ခါတလေမှာ နောက်ဆုတ်ခဲ့တဲ့ ခြေလှမ်းလေးတစ်လှမ်းက ရှေ့တိုးဖို့ ခြေလှမ်းကြီးတစ်လှမ်း ဖြစ်ခဲ့တယ်။

(၂)
သူနဲ့ကျွန်မ အိမ်ထောင်သက် (၈)နှစ် ရှိခဲ့ပါပြီ။ အိမ်ထောင်သက် (၆)နှစ်ခွဲမှာ မပြေလည်မှုက ကျွန်မဖက်ခြေဦးလှည့်လာခဲ့တယ်။ ရုပ်ဖြောင့်တဲ့ ကျွန်မခင်ပွန်းဘေးမှာ ရုပ်စုံ၊ ရောင်စုံ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာ ကျွန်မအတွက် မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် သူမက ကျွန်မခင်ပွန်းကို ကောင်းကောင်းချုပ်ကိုင်နိုင်ခဲ့တယ်။ ကျွန်မအပေါ် ဆက်ဆံတဲ့ ခင်ပွန်းရဲ့ အပြုအမှုတွေ တဖြေးဖြေး အေးစက်လာခဲ့တယ်။ ကျွန်မနှလုံးသားကို နာကျင်စေခဲ့တယ်။ ခင်ပွန်းကို ဒီအကြောင်း အလျှင်စလို ကျွန်မဖက်က စပြီးမမေးရဲခဲ့ဘူး။ အိပ်ဆေးအကူနဲ့ ကျွန်မအိပ်ခဲ့ရတဲ့ညတွေ မရေမတွက်နိုင်ခဲ့ဘူး။ စိတ်ဓာတ်တွေ၊ မျှော်လင့်ချက်တွေ အကုန်လုံး လဲပြိုခဲ့ရတယ်။


တစ်နေ့မှာ ကလေးကစားစရာတွေ တပွေ့တစ်ပိုက်နဲ့ ရုတ်တရက် ခင်ပွန်းပြန်ရောက်လာခဲ့ပြီး ကျွန်မကို သူနဲ့သူမအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့တယ်။ ခွင့်လွတ်ခြင်းကို ကျွန်မရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ကျွန်မလိုချင်တဲ့ နောက်ဆုံးဇာတ်သိမ်းပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမက သူ့ထက်ချမ်းသာတဲ့လူကို ရွေးသွားခဲ့လို့ဖြစ်တယ်။ ကျွန်မရှေ့မှာ ကလေးတစ်ယောက်လို သူငိုကြွေးခဲ့တယ်။ သူ့ကြောင့် ကျွန်မရဲ့နှလုံးသား အစိပ်စိပ်အမွှာမွှာ ကွဲအက်ခဲ့ရသလို သူလည်းတစ်ခြားလူကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ပြီမဟုတ်လား...!

တစ်ခါတလေ သူမကို သူသတိရနေတတ်မယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ဒီအတွက် သူသင်ခန်းစာ ကောင်းကောင်းရခဲ့လို့ သူ့ကိုဆက်ပြီး ကျွန်မအပြစ်မဆိုခဲ့တော့ဘူး။ တစ်ဖက်လူက အလံဖြူပြ အရင်နုတ်ထွက်ခဲ့ပေမယ့် ဒီအိမ်ထောင်ရေးစစ်ပွဲမှာ ကျွန်မအနိုင်ရခဲ့ပြီဆိုတာကို ကျွန်မကောင်းကောင်း နားလည်လိုက်တယ်။ ခွင့်လွှတ်ခြင်းကို ကျွန်မရွေးချယ်ခဲ့ပြီလေ.......

(၃)
သူဘီးချော်နေပြီဆိုတာကို သူ့ကွန်ပြူတာ ချက်ရွန်းထဲကတစ်ဆင့် ကျွန်မသိခဲ့ရတယ်။ ချက်ရွန်းထဲက ကောင်မလေးတစ်ယောက်နဲ့ သူချစ်နေတာ (၁)နှစ်ကျော်ကြာခဲ့ပြီ။ ကျွန်မ ခံစားခဲ့ရတယ်၊ နာကျင်ခဲ့ရတယ်။ ဘဝထဲက တကယ်လက်တွေ့ အချစ်တစ်ခုက စိတ်ကူးယဉ်ကမ္ဘာ အင်တာနက်ထဲက အချစ်လောက် ဘာကြောင့် မလေးနက်ခဲ့သလဲ ဆိုတာကို ကျွန်မနားမလည်နိုင်ခဲ့ဘူး။ ဒါပေမယ့် နာကျင်ခြင်းက ကျွန်မကိုလှုပ်နိုးခဲ့ပါတယ်။ အင်တာနက်အချစ်က အင်တာနက်ပေါ်မှာပဲရှိခဲ့တယ်။ သူ့ဘေးမှာ တကယ်ရှိနေတာက ကျွန်မမို့ ဆင်ခြေတွေပေးပြီး သူ့ကိုကျွန်မ လက်မလွတ်ခဲ့မိဘူး။ ခွင့်လွှတ်
ခြင်းကို ကျွန်မရွေးချယ်ခဲ့ပါတယ်။

အချစ်နဲ့အချစ်ကြားမှာ သဲတစ်ပွင့်တောင် အဝင်မခံဘူးတဲ့...
အချစ်ထဲက ယောက်ျားနဲ့မိန်းမတို့ဟာ သာမန်လူတွေပါ။ သာမန်လူတွေ အမှားလုပ်ရင် နောင်တရပြင်ဆင်နိုင်တဲ့ အခွင့်အရေးတစ်ခုတော့ ရှိသင့်သတဲ့။ နောင်တရ၊ စိတ်ပြန်လည်လာသူကို သင်လက်လွတ်မလား? ပြုပြင်ဖို့ အခွင့်အရေး ပေးမလား?

မူရင်း... လန်ဒန်ထုတ် တရုတ်သတင်းစာ lgtes.com မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ကူညီပါရစေ


အဟမ်း... အားလုံးကို အကူအညီတစ်ခု တောင်းချင်ပါတယ်။ ဟို.. ကျွန်မရေးခဲ့တဲ့ နောင်အနှစ် (၂ဝ) ဆိုတဲ့ ပို့စ်မှာ ကျွန်မတို့အိမ်ဘေးက ကလေးမလေးတစ်ယောက် ကျောင်းမနေနိုင်တဲ့အကြောင်း ရေးဖူးတာကို မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီအတွက် ကူညီချင်ပါတယ်ဆိုတဲ့ အလှူရှင်တွေ ပေါ်လာခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ရေးခဲ့တဲ့ပို့စ်မှာ ကောင်မလေးကို (၁ဝ)တန်းလို့ ကျွန်မမှားရေးခဲ့မိပါတယ်။ တကယ်တော့ ကိုးတန်းပါ။ (ရွာခဏရောက်တုန်း ပျာယီးပျာယာမို့ ညီမလေးပြောတာကို သေချာမမှတ်ခဲ့မိတဲ့ ကျွန်မအမှားပါ) ကိုးတန်းတစ်နှစ်စာကို ကျွန်မထောက်ပံ့ခဲ့ပါတယ်။ ဒီနေ့ ရွာကညီမလေးဆီ ဖုန်းရတော့ အဲဒီကောင်မလေး ကိုးတန်းကို "အဆင့်၂" နဲ့ အောင်သွားတယ်လို့ သိရပါတယ်။ ခု (၁ဝ)တန်းတက်မယ်ဆိုတော့ ကျူရှင်လေးလဲ ယူချင်ပါတယ်။ ရွာနဲ့ (၃)မိုင်ခွဲဝေးတဲ့ ရွှေညောင်မြို့မှာ သွားတက်ရမှာကြောင့် အဆောင်ကြေးလည်း လိုတာမို့ တစ်လကို (၇)သောင်းဝန်းကျင် ကုန်ကျမယ်လို့ ညီမလေးကပြောပါတယ်။

"ကူညီပါရစေ"ဆိုတဲ့ လူတစ်ချို့အတွက် ဒါနလေးမြောက်အောင် ဒီပို့စ်ရေးပြီး ကျွန်မအကူအညီ တောင်းလိုက်ပါတယ်။ များများစားစားတော့ ထောက်ပံ့စရာမလိုပါဘူး။ ကူညီချင်တဲ့သူတိုင်း ဒါနလေးမြောက်အောင် တစ်ယောက်တစ်ထောင် (ဒေါ်လာပြောပါတယ်.. ဟား..ဟား.. နောက်တာနော်) ကျပ်ဆိုရင် လုံလောက်ပါပြီ။ ကျန်တာကို ကျွန်မယူပါ့မယ်.. အဲ.. တာဝန်ယူပါမယ်လို့ ပြောတာပါး)

ကူညီလိုသူများ မြန်မာပြည်ကဖြစ်ခဲ့ရင်... ကမ္ဘာဇဘဏ်နဲ့ ကျွန်မကိုဆက်သွယ်လို့ရသလို
ပြင်ပကဖြစ်ခဲ့ရင် ... ကျွန်မကိုမေးလ်ပို့ပါ။ ကျွန်မဘဏ်အကောင့်နံပါတ် ပေးပါမယ်..
nineninesanay@gmail.com

အခုလက်ခံရရှိတဲ့ အီးမေးလ်ထဲက အလှူရှင်တွေက စင်ကာပူကများတာမို့.. မောင်ငယ်တစ်ယောက်က စင်ကာပူက သူငယ်ချင်းတစ်ယောက်ယောက်ကို ကူညီမယ့်လူတွေရဲ့ ငွေတွေကိုစုပြီး တစ်ပြိုင်ထဲလွဲပေးတာက ပို့ကောင်းတယ်လို့ အကြံပေးပါတယ်။ ဒါကြောင့် အင်တာနက်မှာ အဆင်သင့်တွေ့တဲ့ စင်ကာပူက ညီမငယ်တစ်ယောက်ကို ကျွန်မအတင်းအဓမ္မ အကူအညီတောင်းလိုက်တယ်။

စင်ကာပူက ကူညီလိုသူများ ညီမငယ် ဟန်သီဆုနဲ့ ဆက်သွယ်နိုင်ပါတယ်လို့..
hanthisu09@gmail.com

အများကြီး ထောက်ပံ့စရာမလိုပါဘူး။ တစ်လကို (၇၅ဝဝဝ) နှုန်းနဲ့ မတ်ခ်ျလမှာစာမေးပွဲဖြေပြီမို့ (စာမေးပွဲအချိန်က စောချင်စောသွားနိုင်တယ်လို့ သိရပါတယ်) ကုန်ကျငွေက (၁ဝ)သိန်းတောင် မကျပါဘူး။ ခုဆို လှူမယ့်လူက (၁၅)ယောက်လောက်ရှိပြီမို့ တစ်ယောက်နည်းနည်းနဲ့ စေတနာရှိသလောက်လေးပဲ လိုပါတယ်။ ဒါကြောင့် ကူညီမယ်ဆိုပြီး တစ်ယောက်ထဲ (၁ဝ)သိန်းကြီး ပုံမပေးပါနဲ့လို့.. ဟီး..... :D

အတိအလင်း အကူအညီတောင်းတဲ့အတွက် အတိအလင်း ကျေးဇူးကြိုတင်ထားပါရစေ...း)

နိုင်းနိုင်းစနေ


Share/Bookmark