Sunday, August 30, 2009

မိမိကိုယ်ကိုယ် ယုံကြည်မှု


သူ့ဖခင်က နိုင်ငံတကာ လှည့်လည်သွားလာနေတဲ့ သဘောင်္သားတစ်ဦးဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖခင်နဲ့အတူ ဆိပ်ကမ်းမြို့တော်တော်များများကို သူရောက်ဖူးခဲ့တယ်။

တစ်နှစ်မှာ ဖခင်က သူ့ကိုခေါ်ပြီး Vincent van Gogh နေခဲ့ဖူးတဲ့ နေအိမ်ကို သွားရောက်ကြည့်ရှုခဲ့တယ်။ ဗင်ဂိုးသုံးခဲ့ဖူးတဲ့ သစ်သားကုတင်နဲ့ ထိပ်အက်နေတဲ့ဖိနပ်ကိုတွေ့တော့ ဖခင်ကို သူတအံ့တသြမေးခဲ့တယ်။

"ဖေဖေ.. ဗင်ဂိုးက သူကြွယ်တစ်ဦးမဟုတ်လား?"

"ဗင်ဂိုးက မိန်းမတောင်မယူနိုင်ခဲ့တဲ့ ဆင်းရဲသားတစ်ဦးဖြစ်တယ်" လို့ သူ့အမေးကို ဖခင်ကပြန်ဖြေခဲ့တယ်။

နောက်တစ်နှစ်မှာ ဖခင်နဲ့အတူ ဒိန်းမတ်နိုင်ငံကို သူရောက်လာခဲ့တယ်။ အန်ဒါဆင်ရဲ့ အမှတ်တရနေအိမ်ကို သွားရောက်ကြည့်ရှုပြီး နားမလည်စွာနဲ့ ဖခင်ကိုသူမေးခဲ့ပြန်တယ်။

"ဖေဖေ.. အန်ဒါဆင်က နန်းတော်ထဲမှာနေတာ မဟုတ်လား"

"အန်ဒါဆင်က ဖိနပ်ချုပ်သမားတစ်ဦးရဲ့ သားဖြစ်တယ်။ သူ့ဘဝကို ဒီအိမ်ငယ်လေးထဲမှာပဲ ဖြတ်သန်းခဲ့တယ်"

အနှစ်(၂ဝ)ကြာပြီးနောက် သူက သူ့ငယ်ဘဝကို ဒီလိုပြန်ပြောင်းပြောပြခဲ့တယ်။

"ကျွန်တော်ငယ်ငယ်တုန်းက အိမ်မှာအရမ်းဆင်းရဲတယ်။ မိဘတွေက ကာယအားစိုက်ထုတ်ပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြတယ်။ ကျွန်တော့်လို လူမည်းတစ်ဦးက ဘာထွက်ပေါက်၊ ဘာလူရာမှ မဝင်နိုင်ဘူးထင်တယ်လို့ ကျွန်တော်မကြာခဏတွေးခဲ့တယ်။ ဖခင်က ကျွန်တော်ကို ဗင်ဂိုးနဲ့အန်ဒါဆင်တို့နဲ့ ရင်းနှီးစေခဲ့တယ်။ ဘုရားသခင်က အားလုံးကို တန်းတူဆက်ဆံကြောင်း သူတို့နှစ်ဦးကြောင့် ကျွန်တော်သိခဲ့ရတယ်"

သူကတော့ အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး Pulitzer Prize ချီးမြှင့်ခြင်းခံခဲ့ရတဲ့ လူမည်းသတင်းထောက် Prague (伊爾‧布拉格)ပဲ ဖြစ်ပါတယ်။ (နာမည်မှားကောင်း မှားနိုင်ပါသည်)

မွေးဖွားရာဒေသ၊ ပတ်ဝန်းကျင် အနိမ့်အမြင့်နောက်လိုက်ပြီး ဘုရားသခင်က ကျွန်မတို့ကို မခွဲခြားခဲ့ပါဘူး။ ဆင်းရဲနုံချာတဲ့ မိသားစုက ပေါက်ဖွားခဲ့လည်း လူ့ဘဝရဲ့ အောင်မြင်မှုသရဖူကို ဆောင်းနိုင်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လင်ကွန်းပါဝင်ဖို့ ပြင်ဆင်ချိန်မှာ တစ်ခြားပါဝင် ရွေးကောက်ကြမယ့် အဖွဲ့ဝင်တွေက အားတုံ့အားနာဖြစ်ခဲ့ကြတယ်။ အကြောင်းက လင်ကွန်းရဲ့ဖခင်က ဖိနပ်ချုပ်သမားတစ်ဦး ဖြစ်နေခဲ့လို့ဖြစ်တယ်။ အဲဒီခေတ်တုန်းက ပါဝင်ကြမယ့်အဖွဲ့ဝင်တွေက သူတို့ဟာ အထက်တန်းလွှာ ပညာတတ် လူတန်းစားဖြစ်နေခဲ့လို့ သမ္မတဝင်ရွေးသူဟာ အဆင့်အတန်းနိမ့်တဲ့ ဖိနပ်ချုပ်သမားတစ်ဦးရဲ့သား ဖြစ်တယ်ဆိုတဲ့အဖြစ်ကို နည်းနည်းမှ သည်းမခံနိုင်ဖြစ်ခဲ့ကြတယ်။

ဒါကြောင့် ပထမဆုံးအကြိမ် လင်ကွန်းစင်ပေါ်တက် ဟောပြောစဉ်မှာ မာန်တက်နေတဲ့ အဖွဲ့ဝင်တစ်ဦးက လင်ကွန်းကို အခုလို ပြောဆိုကဲ့ရဲ့ခဲ့တယ်။

"မစ္စတာလင်ကွန်း.. မဟောပြောခင် ခင်ဗျားဟာ ဖိနပ်ချုပ်သမားတစ်ဦးရဲ့သားဆိုတာကို မမေ့ဖို့ ကျွန်တော်သတိပေးချင်ပါတယ်"

အဖွဲ့ဝင်ရဲ့စကားကြောင့် စင်အောက်ကလူတွေ ဝါးလုံးကွဲမတတ် ရယ်မောလှောင်ပြောင်ခဲ့ကြတယ်။ အဲဒီအတွက် လင်ကွန်း ဒေါသမထွက်ခဲ့ပါဘူး။ ပရိသတ်အားလုံးကို အေးဆေးတည်ငြိမ်တဲ့ အသံနဲ့ ဒီလိုပြောခဲ့ပါတယ်။

"ခင်ဗျားကို ကျွန်တော်အရမ်းကျေးဇူးတင်တယ်။ ခင်ဗျားရဲ့ သတိပေးစကားကြောင့် ကွယ်လွန်သွားတဲ့ ဖခင်ကို ကျွန်တော် သတိရလိုက်မိလို့ပါပဲ။ ခင်ဗျားရဲ့သတိပေးစကားကို ကျွန်တော်တစ်သက်လုံး မှတ်ထားပါမယ်။ ကျွန်တော်က ဖိနပ်ချုပ်သမားရဲ့သားဖြစ်တယ်။ ကျွန်တော်သမ္မတဖြစ်ခဲ့သည့်တိုင် ဖခင်ဖိနပ်ချုပ်သမားလောက် ကျွန်တော် ထက်မြက်မှာမဟုတ်ဘူး"

လင်ကွန်းက ပြောပြောဆိုဆို တဆက်တည်းမှာ မာန်တက်တဲ့အဖွဲ့ဝင်ဖက် လှည့်ပြီး "ကျွန်တော်သိရသလောက်တော့ ကျွန်တော့်ဖခင်က ခင်ဗျားတို့မိသားစုအတွက် အမြဲဖိနပ်ချုပ်ခဲ့ရတယ်။ တကယ်လို့ ဖိနပ်တွေ ခင်ဗျားခြေထောက်နဲ့ မတော်ခဲ့ရင် ကျွန်တော်ပြန်ပြင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်လက်ရာက ကျွန်တော့်ဖခင်လက်ရာလောက် သေသပ်မှာမဟုတ်သလို ဖခင်လိုကြီးမြတ်မှာလည်း မဟုတ်ဘူး။ သူ့လက်ရာက ဘယ်သူ့မှ မယှဉ်နိုင်တဲ့လက်ရာဖြစ်တယ်" လို့ပြောခဲ့တယ်။ လင်ကွန်းစကားအဆုံးမှာ လှောင်ရယ်ခဲ့တဲ့ ရယ်မောသံတွေက လက်ခုပ်သံအဖြစ် ပြောင်းလဲသွားခဲ့တယ်။

သမ္မတဖြစ်ပြီးနောက် လင်ကွန်းဟာ အာဏာအလွဲသုံးစားလုပ်ပြီး ထည်ဝါတဲ့နေအိမ်မှာ အခန့်သား စံမြန်းမနေခဲ့ပါဘူး။ ဆင်းရဲနုံချာခဲ့ဖူးတဲ့ ဘဝကြောင့် ပြည်သူတွေရဲ့ဘဝကို သူပိုနားလည်ခဲ့တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။

မွေးဖွားရာဒေသ၊ နိုင်ငံ စတာတွေကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ ဒါပေမယ့် လူ့ဘဝကို ပိုတန်ဖိုးရှိဖို့ ရွေးခွင့်တော့ ကျွန်မတို့မှာရှိခဲ့ပါတယ်။ ဆင်းရဲခြင်းက အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ကို ခွန်အားနဲ့ ရဲစွမ်းသတ္တိတွေ ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဆင်းရဲတဲ့မိသားစုက သင်မွေးဖွားခဲ့ရင် ဝမ်းမနည်းပါနဲ့။ ဒါဟာ သင်ပိုကြံ့ခိုင်နိုင်ဖို့ ဘုရားသခင်ကပေးသနားတဲ့ ဆုလာဘ်လို့ ခံယူလိုက်ပါ။ ဒါမှ ပိုကောင်းတဲ့ မနက်ဖြန်တွေက သင့်ကို ဆီးကြိုနေမှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူကမှ အောင်မြင်မှုသရဖူကို ဆောင်းနိုင်မှာဖြစ်တယ်။

မူရင်းရေးသားသူနာမည် မပါတဲ့ Lao Hu (老狐)ပြုစုတဲ့ "မရှုံးနိမ့်တဲ့အောက်ခြေမျဉ်း"စာအုပ်ထဲက ဖတ်ရတာကို မျှဝေပါသည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, August 28, 2009

အန်ဒါဆင်ရဲ့ ဘဝဇာတ်ကြောင်း


၂ဝဝ၅ခုနှစ် ဧပြီလ ၂ရက်နေ့မှာ ဒဏ္ဍာရီပုံပြင်တွေနဲ့ နာမည်ကျော်ခဲ့တဲ့ ဒိန်းမတ်စာရေးဆရာ အန်ဒါဆင် (Hans Christian Andersen) အသက် (၂ဝဝ)ပြည့်ခဲ့ပြီးဖြစ်တယ်။ အဲဒီနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ ကလေးသူငယ်တွေကို လှုပ်ကိုင်နိုင်စွမ်းရှိခဲ့တဲ့ စာရေးဆရာကို အောက်မေ့တမ်းတတဲ့အနေနဲ့ နိုင်ငံတစ်ဝှမ်းလုံးက အထိမ်းအမှတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြတယ်။

ကမ္ဘာ့အရပ်ရပ်က ကလေးအများစုဟာ အန်ဒါဆင်ရဲ့ပုံပြင်ကိုဖတ်လာခဲ့ကြတာ အခုဆိုရင် ရာစုနှစ်စုတိုင်ခဲ့ပါပြီ။ အန်ဒါဆင်ဟာ ကွယ်လွန်ချိန်အထိ ဒဏ္ဍာရီပုံပြင်ပေါင်း (၁၇ဝ)ပုဒ်ရေးသားခဲ့ပြီး အဲဒီပုံပြင်တွေကို ဘာသာစကားပေါင်း (၁၄ဝ)ကျော် ဘာသာပြန်ခဲ့ပြီးဖြစ်တယ်။ ဒါတင်မက ရုပ်ရှင်၊ ပြဇာတ်၊ ဗီဒီယို၊ ကာတွန်းရုပ်ရှင်နဲ့ အကတွေအဖြစ် ထုတ်လုပ်ရိုက်ကူးခဲ့ပြီး အန်ဒါဆင်ရဲ့ တီထွင်မှုကို ကမ္ဘာ့သမိုင်းမှာ တန်ဖိုးရှိရှိ၊ ထာဝရတည်တံ့စေခဲ့တယ်။

(၁) အန်ဒါဆင်အပေါ်သက်ရောက်ခဲ့တဲ့ မိသားစု၊ ကလေးဘဝနဲ့ ခေတ်အချိန်အခါ

အန်ဒါဆင်ကို ၁၈ဝ၅ ခုနှစ် ဧပြီလ ၂ရက်နေ့မှာ ဒိန်းမတ်နိုင်ငံ Odense မြို့မှာနေထိုင်တဲ့ ဆင်းရဲသားမိသားစုက မွေးဖွားခဲ့တယ်။ ဖခင်ဖြစ်သူက Hansလို့ခေါ်တဲ့ ဖိနပ်ပြင်သမားတစ်ဦးဖြစ်ပြီး လူရာဝင်သူမဟုတ်ခဲ့သလို ပညာတတ်သူလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ပြဇာတ်၊ ပုံပြင်တွေ အတော်များများကို သိသူဖြစ်တယ်။ ဒါကြောင့် အသက် (၅)နှစ်, (၆)နှစ်သာရှိသေးတဲ့ အန်ဒါဆင်ကို သူသိတဲ့ပြဇာတ် ဇာတ်လမ်းတွေ အမြဲပြောပြခဲ့တယ်။ ဒိန်းမတ်နာမည်ကြီးပြဇာတ်ဆရာ Holbergရဲ့ (ရှိတ်စပီးယားအကြောင်းလည်း ပြောကောင်းပြောလိမ့်မယ်) ဇာတ်လမ်းတွေကို အမြဲပြောပြခဲ့တယ်။

ဖခင်က အန်ဒါဆင်အတွက် သစ်သားရုပ်တွေ လုပ်ပေးတဲ့အပြင် စားပွဲခုံတွေဆက်ပြီး ဇာတ်စင်လုပ်ပေးခဲ့တယ်။ အားလပ်ချိန်မှာ အန်ဒါဆင်နဲ့အတူ လမ်းလျှောက်ထွက်ပြီး ရောက်ရာဒေသက အဖြစ်အပျက်တွေကို ပြောပြတတ်ခဲ့တယ်။ အဘွားဖြစ်သူကလည်း အန်ဒါဆင်ကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး အန်ဒါဆင်ရဲ့ အရင်းနှီးဆုံးသူဖြစ်ခဲ့တယ်။ အဘွားက အန်ဒါဆင်ကို ရိုးရာဓလေ့ပုံပြင်၊ ရာဇဝင်၊ ဘာသာရေးပုံပြင်တွေ အမြဲပြောပြလေ့ရှိခဲ့တယ်။ အန်ဒါဆင်ရဲ့ မိခင်ကလည်း စိတ်သဘောထား နူးညံ့သိမ်မွေ့သူဖြစ်တယ်။ အန်ဒါဆင်ဟာ ငယ်စဉ်တည်းက ပုဂ္ဂလိကကျောင်းနှစ်ကျောင်းနဲ့ ဆင်းရဲသားကျောင်းတစ်ကျောင်းမှာပဲ ပညာသင်ခဲ့ဖူးတယ်။

၁၉ ရာစုနှစ်ဦးပိုင်းကာလမှာ ဥရောပဟာ နှစ်ခြမ်းကွဲနေခဲ့တယ်။ တစ်ခြမ်းက နပိုလီယံဦးဆောင်တဲ့ ပြင်သစ်နိုင်ငံ (နိုင်ငံအနည်းစု) ဖြစ်ပြီး ကျန်တစ်ခြမ်းက အင်္ဂလန်ဦးဆောင်တဲ့ နိုင်ငံအများစုဖြစ်တယ်။ ဒိန်းမတ်နိုင်ငံက နပိုလီယံအခြမ်းမှာ ပါဝင်ခဲ့တယ်။ ၁၈ဝ၈ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံက အင်္ဂလန်အခြမ်းမှာရှိတဲ့ ဆွီဒင်နိုင်ငံကို စစ်ကြေညာခဲ့တယ်။ ၁၈၁၂ခုနှစ်မှာ အန်ဒါဆင်ရဲ့ဖခင်ဟာ လယ်သမားတစ်ဦးရဲ့သားကိုယ်စား စစ်ထဲဝင်ရောက်ခဲ့တယ်။ စစ်တပ်တစ်နေရာမှာ တာဝန်ထမ်းဆောင်ခွင့်ရအောင် ဒါမှမဟုတ် ငွေကြေးရအောင် ဝင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ၁၈၁၄ခုနှစ် စစ်ပြီးဆုံးချိန်ထိ Hansဟာ စစ်မြေပြင်ကို မရောက်ခဲ့တဲ့အပြင် နာမကျန်းဖြစ်ပြီး အိမ်ပြန်ခဲ့ရတယ်။ နောင်(၂)နှစ်အကြာမှာ Hans ကွယ်လွန်သွားခဲ့ရတယ်။ ခင်ပွန်းကွယ်လွန်ပြီးနောက် အန်ဒါဆင်ရဲ့မိခင်ဟာ မိသားစုစားဝတ်နေရေးအတွက် အဝတ်လိုက်လျှော်ခဲ့တယ်။ အန်ဒါဆင်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင်၊ မိခင်အိမ်မှာမရှိခိုက် မပျင်းရလေအောင် အထည်စက်ရုံနဲ့ ဆေးလိပ်စက်ရုံမှာ ဝင်ရောက်အလုပ်လုပ်ခဲ့တယ်။ အလုပ်ဝင်ပြီး ရက်အနည်းငယ်မှာ ကျောင်းပြန်တက်ခဲ့ရတယ်။

၁၈၁၆ခုနှစ်မှာ အန်ဒါဆင်ရဲ့မိခင် နောက်အိမ်ထောင်ပြုခဲ့တယ်။ ပထွေးကလည်း ဖိနပ်ပြင်သမားတစ်ဦး ဖြစ်တာမို့ အိမ်ထောင်အသစ်က ဆင်းရဲမြဲဆင်းရဲခဲ့တယ်။ အန်ဒါဆင်ရဲ့မိခင်ဟာ မြစ်ချောင်းဘေးမှာ အဝတ်လျှော်ရတဲ့ အအေးဒဏ်ကို ခံနိုင်အောင် အရက်စသောက်ရာက တဖြည်းဖြည်းအရက်စွဲလာခဲ့တယ်။

၁၉ရာစုနှစ်ဦးပိုင်းမှာ Odenseမြို့ဟာ ဒိန်းမတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး စာပေအနုပညာ အလွန်ထွန်းကားခဲ့တယ်။ မြို့တော် Copenhagen ပြီးရင် ပြဇာတ်တွေ ထွန်းကားတဲ့မြို့ဖြစ်တဲ့အတွက် Copenhagenမြို့ဇာတ်ရုံက ပြဇာတ်ဝိုင်းတွေ Odenseမြို့ဆီကို မကြာခဏလာရောက်ကပြခဲ့တယ်။ အန်ဒါဆင်ဟာ ပြဇာတ်ကြော်ငြာလက်ကမ်းစာစောင် ဖြန့်ဝေသူနဲ့ ခင်မင်ရင်းနှီးခဲ့လို့ ပြဇာတ်တွေ မကြာခဏ အခမဲ့ကြည့်ခွင့်ရခဲ့တယ်။

ဒီလိုအနုပညာယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုတွေက ငယ်စဉ်ကတည်းက အာရုံထိခိုက်လှုပ်ရှားလွယ်ပြီး လိမ္မာပါးနပ်တဲ့ အန်ဒါဆင်ကို ပိုစိတ်ကူးယဉ်ဆန်စေခဲ့တယ်။

(၂) ကျင်လည်ခဲ့ရတဲ့ အန်ဒါဆင်ရဲ့ ငယ်စဉ်ဘဝ

၁၈၁၉ခုနှစ်မှာ အသက်(၁၄)နှစ်ပြည့်ပြီဖြစ်တဲ့ အန်ဒါဆင်ဟာ ဘုရားကျောင်းသွားပြီး ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ အဆုံးအမကို ခံယူရမယ့်အရွယ်ဖြစ်တယ်။ ဒီလိုခံယူပွဲမှာ ဓလေ့ထုံးစံအရ အန်ဒါဆင်ဟာ ဆင်းရဲသားကလေးတွေနဲ့ အတူနေရမှာဖြစ်တယ်။ ဒါပေမယ့် အန်ဒါဆင်ရဲ့ အသနားခံတောင်းဆိုမှုကြောင့် သူဌေးသားတွေနဲ့ အတူနေဖို့ဖာသာက သဘောတူခဲ့တယ်။

ဒီလိုနဲ့ ၁၈၁၉ခုနှစ် ဧပြီလ (၁၈)ရက်နေ့မှာ သူဌေးသားတွေနဲ့အတူ ဘုရားသခင်ရဲ့ဆုံးမသြဝါဒပွဲကို အန်ဒါဆင်တက်ရောက်ခဲ့တယ်။ ဒါဟာသူ့ဘဝမှာ ပထမဆုံးအကြိမ် ဘွတ်ဖိနပ်(Boots)စီးတဲ့နေ့ဖြစ်တယ်။ ဘုရားကျောင်းမှာနေထိုင်ရင်း အန်ဒါဆင်ဟာ ဖာသာပြောဆိုဆုံးမတဲ့ စကားတွေထက် သူစီးထားတဲ့ ဘွတ်ဖိနပ်အကြောင်းကိုပဲ တွေးနေခဲ့တယ်။

(၁၄)နှစ်အရွယ် ဆင်းရဲသား သားသမီးတွေက အလုပ်စလုပ်ရမယ့်အရွယ်ဖြစ်တာကြောင့် အန်ဒါဆင်ကို သိပ်စိတ်ကူးမယဉ်ဖို့၊ အပ်ချုပ်ပညာသွားသင်ဖို့ သူ့မိခင်ကပြောခဲ့တယ်။ အပ်ချုပ်ပညာတတ်ရင် ထမင်းတစ်လုတ်အတွက် မပူရဘူးလို့ မိခင်က တွေးထင်ခဲ့တယ်။ ဒါပေမယ့် အဘွားကသူ့ကို ကျောင်းဆက်နေစေချင်ခဲ့တယ်။ ဒါမှနောင်တစ်ချိန် "လူရာဝင်" မှာဖြစ်တယ်လို့ ဆိုခဲ့တယ်။

အန်ဒါဆင်ရဲ့ ရည်ရွယ်ချက်က ဒီ့ထက်ကြီးမားခဲ့ပါတယ်။ မြို့တော်Copenhagenကိုသွားပြီး သူရဲ့ပြဇာတ်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တယ်။ ပြဇာတ်ထဲကနေ ကိုယ့်အနာဂတ်ကိုရှာဖို့ သူဆုံးဖြတ်ခဲ့တယ်။ သူရဲ့ခခယယတောင်းဆိုမှုကို နောက်ဆုံးမှာ မိခင်က သဘောတူ လက်ခံလိုက်တယ်ဆိုရင်ပဲ အန်ဒါဆင်ဟာ ပြဇာတ်လောကနဲ့ ခင်မင်ရင်းနှီးနေတဲ့ စာအုပ်ဆိုင်ပိုင်ရှင် Iversen ကိုသွားတွေ့ပြီး ထောက်ခံအားပေးတဲ့စာ တစ်စောင်ရေးပေးဖို့ တောင်းဆိုခဲ့တယ်။ Iversen က သူ့သူငယ်ချင်း ဘဲလေးအကဆရာမ Sharဆီ အန်ဒါဆင်အတွက် စာတစ်စောင်ရေးပေးခဲ့တယ်။

စင်တင်ဘာလဆန်းပိုင်းမှာ အန်ဒါဆင်ဟာ သြဝါဒခံယူပွဲမှာ ဝတ်ခဲ့တဲ့အင်္ကျီ၊ ဘွတ်ဖိနပ်နဲ့ ခရီးထွက်ခဲ့တယ်။ မိခင်နဲ့အဘွားက မြို့ပြင်အထိ သူ့ကိုလိုက်ပို့ခဲ့တယ်။ စာပို့ကားနဲ့ အန်ဒါဆင်တစ်ယောက် မွေးရပ်မြေ Odenseမြို့ကနေ ထွက်ခွါလာခဲ့တယ်။

အန်ဒါဆင်ဟာ
Copenhagenကို ရောက်ရောက်ချင်း ဆရာမ Sharကိုရှာပြီး သူ့ကိုယ်သူမိတ်ဆက်ပြီး ကပြခဲ့တယ်။ ဒါပေမယ့် သူ့အက,က ဆရာမကိုထိတ်လန့်စေခဲ့တယ်။ အန်ဒါဆင်ဟာ အရပ်ပိန်ပိန်ရှည်ရှည်နဲ့ အရုပ်ဆိုးတဲ့အပြင် သူငယ်နာရောဂါပါ စွဲကပ်နေသူဖြစ်တယ်။ ဆရာမက အန်ဒါဆင်ကို စိတ်မနှံ့သူဆိုပြီး မောင်းထုတ်ခဲ့တယ်။

ဆရာမ Sharအိမ်က ထွက်လာခဲ့တဲ့အန်ဒါဆင်ဟာ ပြဇာတ်ရုံ (Royal Theater) တာဝန်ခံ Chlsteinကို သွားရောက်ရှာဖွေခဲ့လည်း အထက်ကအတိုင်း မောင်းထုတ်ခံခဲ့ရပြန်တယ်။ Chlsteinက အန်ဒါဆင်ကို အလွန်ပိန်တဲ့လူ၊ "လူယဉ်ကျေးကိုပဲ ကျွန်တော်အလိုရှိတယ်" လို့ပြောခဲ့တယ်။

ဒီလိုအခက်အခဲတွေ ကြုံခဲ့သည့်တိုင် အန်ဒါဆင်ဟာ ပြဇာတ်ကြည့်ဖို့ မမေ့ခဲ့ဘူး။ ရှိသမျှငွေကြေးနဲ့ လက်မှတ်ဝယ်ပြီး ပြဇာတ်တွေကြည့်ခဲ့လို့ နောက်ဆုံးမှာ ငွေတစ်ပြားသာ သူ့ဆီမှာကျန်ခဲ့တော့တယ်။ Odenseမြို့ကိုပြန်ဖို့ သူလုံးဝ မစဉ်းစားခဲ့ဘူး။ တကယ်လို့ပြန်ခဲ့ရင် သူ့စိတ်ကူးအိပ်မက်တွေ စွန့်ပစ်ခံရပြီး အပ်ချုပ်စက်ရှေ့မှာပဲ သူထိုင်ရတော့မှာဖြစ်တယ်။ ဒါကြောင့် အချိန်ပိုင်းအလုပ်ရှာဖို့ သူအကြံထုတ်ခဲ့တယ်။ သတင်းစာတစ်စောင်မှာ လက်သမားအလိုရှိသည်ဆိုတဲ့ ကြော်ငြာကြောင့် လက်သမားအလုပ်ကို သူဝင်လုပ်ခဲ့ပေမယ့် ဒုတိယရက်မှာ အလုပ်ကထွက်ခဲ့တယ်။

ပြဿနာအခက်အခဲကြားမှာ အန်ဒါဆင်ဟာ အီတလီလူမျိုး တော်ဝင်ဂီတကျောင်းအုပ် Siboneyကို ရုတ်တရက် သတိရလိုက်တယ်။ ကျောင်းအုပ်နာမည်ကို သတင်းစာတစ်စောင်မှာ သူတွေ့ခဲ့ဖူးလို့ဖြစ်တယ်။ Siboneyကို တွေ့ဖို့ အန်ဒါဆင်ဆုံးဖြတ်လိုက်တယ်။

ဒီလိုဆုံးဖြတ်ချက်က အန်ဒါဆင်ဘဝကို အပြောင်းလဲကြီး ပြောင်းလဲစေတဲ့ လမ်းစဖြစ်ခဲ့တယ်။

ဆက်ပါဦးမည်...

ဖတ်မိတဲ့ ဒိန်းမတ်စာရေးဆရာ Hans Christian Andersenရဲ့အကြောင်းဖြစ်ပါတယ်။ A4 ဆိုက်ဒ်နဲ့ ၃ ရွက်လောက်ရှိတဲ့ စာရှည်ကြီးဖြစ်တဲ့အတွက် ဖတ်ရတာ ပျင်းကောင်းပျင်းပါလိမ့်မယ်။ အားလပ်ချိန်မှာ နည်းနည်းချင်းစီ ဘာသာပြန်သွားပါမယ်။ အားလုံးကျေးဇူးး)


Share/Bookmark

Wednesday, August 26, 2009

၂၇၊ ဝ၈၊ ၂ဝဝ၉


ပြန်မယ့်ရက်နီးတော့ အတူနေခဲ့ဖူးတဲ့ အခန်းဖော်လွင်လွင်က အတူလည်ကြရအောင်ဆိုတာနဲ့ နှစ်ယောက်သား အားတဲ့တစ်နေ့မှာ အပြင်ထွက်ခဲ့ကြတယ်။ သူနဲ့ကျွန်မက တစ်ခန်းထဲ အတူနေခဲ့ကြတယ်ဆိုပေမယ့် အတူနေတဲ့ ၇လ, ၈လအတွင်းမှာ အပြင်အတူထွက်လည်တာကို လက်ချိုးရေလို့ရပါတယ်။ ကျွန်မအိပ်ချိန်မှ သူပြန်လာ၊ သူအိပ်ချိန်မှာ ကျွန်မအလုပ်သွားဆိုတဲ့ မြို့ပြကြီးမှာလာဆုံခဲ့တဲ့ ကျွန်မတို့နှစ်ယောက် အတူထွက်လည်ဖို့မဆိုထားနဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့အချိန်တောင် နည်းခဲ့တယ်။

လွင်လွင်က ရန်ကုန်သူ.. သေးသေးညှက်ညှက်နဲ့။ ရန်ကုန်သူဆိုတဲ့အတိုင်း စကားပြောအရမ်းလှသလို ပြောလည်းပြောနိုင်တယ်။ သူ့မျက်နှာက စိတ်ညစ်လည်းပြုံး၊ ပျော်လည်းပြုံးတဲ့မျက်နှာထားမို့ ချစ်စရာအလွန်ကောင်းပါတယ်။ တစ်ဦးတည်းသော သူဌေးသမီးဆိုပေမယ့် အင်မတန်အလုပ်လုပ်နိုင်သူပါ။ မနက် (၂)နာရီမှ အိမ်ပြန်ရတဲ့အလုပ်ကို သူမို့မကြောက်မရွံ့လုပ်ခဲ့ပါတယ်။

အဲဒီလိုနဲ့ အားတဲ့တစ်နေ့မှာ ကျွန်မတို့နှစ်ယောက် အိမ်ကစောစောထွက်ခဲ့ကြတယ်။ လူအစည်ကားဆုံး oxford လမ်းတစ်ဝိုက်မှာ ဟိုဟိုဒီဒီ လျှောက်ငေးခဲ့ကြတယ်။ (ဈေးကြီးလွန်းလို့ ဘာမှမယ်မယ်ရရ မဝယ်ဖြစ်ခဲ့ပါဘူး) နာရီဆိုင်တစ်ဆိုင်ရောက်တော့ လွင်လွင်က အမှတ်တရဖြစ်အောင် နာရီဆင်တူလေးဝယ်မယ်လို့ အကြံပေးတာနဲ့ နာရီဆိုင်ဝင်ဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်မဆီလူတစ်ယောက် ဖုန်းဆက်လာပါတယ်။ သူလန်ဒန်ရောက်နေတဲ့အကြောင်း၊ ကျွန်မ မပြန်ခင် တွေ့ချင်ကြောင်းပြောတာနဲ့ နာရီဆိုင်မှာပဲ ကျွန်မတို့ စောင့်နေခဲ့တယ်။

ဖုန်းဆက်သူက ဘလော့ဂ်ဂါရှေးစာဆိုဖြစ်ပါတယ်။ တစ်ခါတလေ သူနဲ့အီးမေးလ်ချင်း ဆက်သွယ်ဖြစ်ပေမယ့် အပြင်မှာမဆုံခဲ့ဖူးသလို၊ ဓာတ်ပုံလည်း မမြင်ဖူးခဲ့သူပါ။ သူကတော့ ကျွန်မဆုံခဲ့ဖူးတဲ့ တစ်ဦးတည်းသော အင်္ဂလန်က ဘလော့ဂ်ဂါဖြစ်ပါတယ်။ (ချမ်းမြစိုး၊ စိုးမြတ်နန္ဒသက်လွင်၊ ချမ်းငြိမ်းတို့နဲ့ဆုံဖို့ ဆန္ဒရှိခဲ့ပေမယ့် ဆုံချိန်မကျခဲ့ပါဘူး)

ရှေးစာဆိုနဲ့တွေ့ပြီးနောက် သူက ကျွန်မတို့ရဲ့ ကင်မရာမင်းဖြစ်ခဲ့တယ်။ အဲဒီနောက် ကျွန်မတို့ ဟိုဟိုဒီဒီလျှောက်သွားခဲ့ကြတယ်။ သူတို့နှစ်ယောက်က ကျွန်မဝယ်စရာရှိတာ ဝယ်ရအောင် လိုက်ပို့ကြတာပါပဲ။ ကျွန်မကလည်း ဝယ်စရာငွေမလုံလောက်တာနဲ့ သူတို့သွားတဲ့နောက်ပဲ လိုက်ခဲ့တယ်။း)

ဒီလို အမှတ်တရလက်ဆောင်လေးတွေ ဝယ်တော့ ရှေးစာဆိုက "အမှတ်တရဖြစ်အောင် ကျွန်တော်နောက်ကနေ ပုံတွေလိုက်လိုက်ရိုက်ပေးမယ်" ဆိုလို့ ပဲမထုတ်ရတဲ့ ပုံတွေရိုက်ဖြစ်ခဲ့တယ်။

လည်ပတ်ပြီး အိမ်ရောက်တော့ လွင်လွင်က မုန့်ဟင်းခါးချက်ကျွေးပါတယ်။ မုန့်ဟင်းခါး၊ သာကူတွေအဝစားပြီး ညနေရထားနဲ့ ရှေးစာဆို သူ့မြို့ကိုပြန်သွားခဲ့တယ်။

အတူလျှောက်လည်ခဲ့တဲ့ အဲဒီနေ့က ဘာလိုလိုနဲ့ မျက်စိတစ်မှိတ်အတွင်းမှာ တစ်နှစ်ပြည့်သွားခဲ့တယ်။ အတူလည်ပတ်ခဲ့တဲ့ အမှတ်တရတွေက ခုထိလတ်ဆတ်နေတုန်းပါပဲ။
ခဏသာ တွေ့ဆုံခဲ့ကြတဲ့ တွေ့ဆုံမှုထဲမှာ ပျော်စရာအမှတ်တရတွေနဲ့ ပြည့်ခဲ့တယ်။ အင်္ဂလန်ရဲ့ အမှတ်တရတွေထဲက အမှတ်တရတစ်ခုအဖြစ် ကျန်ရှိခဲ့အောင် ဖန်တီးပေးခဲ့တဲ့ လွင်လွင်နဲ့ ရှေးစာဆိုကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။ မပြောင်းလဲတဲ့ ခင်မင်မှုတွေနဲ့ လူချင်းအပြင်မှာ ထပ်ဆုံခွင့်ရှိပါစေလို့ ဆုတောင်းလျှက်....

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, August 25, 2009

မှောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့ !


အောင်မြင်ခြင်းဆီ သွားတဲ့လမ်းပေါ်မှာ ပန်းပွင့်တွေကြဲမထားသလို နေရောင်ခြည်တွေလည်း ရှိနေမှာမဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒုက္ခအခက်အခဲစတဲ့ ချောက်ကမ်းပါးတွေသာ ပြည့်နှက်နေမှာဖြစ်တယ်။ စာပေနိုဘယ်လ်ဆုရ အမေရိကန်စာရေးဆရာ Ernest Miller Hemingway ဟာ လက်ဝှေ့သမား၊ မုဆိုး၊ တံငါသည်နဲ့ သတင်းထောက် လုပ်ခဲ့ဖူးတယ်။ လက်ဝှေ့သင်စမှာ သွေးထွက်သံယို အထိုးအကြိတ်ပေါင်းများစွာကို သူခံခဲ့ရတယ်။ စစ်မြေပြင်မှာ ဗုံးဒဏ်ကြောင့် သူ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်ပေါင်း (၂ဝဝ) ကျော်ရှိခဲ့တဲ့အပြင် ဒူးခေါင်းမှာလည်း စတီးရိုးတပ်ဆင်ခဲ့ရတယ်။

(၄) လကြာမျှ သူပင်ပင်ပန်းပန်းရေးခဲ့တဲ့ စာမူကို “ပယ်” ဆိုတဲ့ စကားလုံးနဲ့ လဲခဲ့ရတယ်။ ဒါပေမယ့် Hemingway က စကားတစ်ခွန်းပြောခဲ့ပါတယ်။

“လဲကျတဲ့နေရာမှာပဲ လှဲမနေဖို့၊ အမြဲတမ်း အသင့်အနေအထားမှာရှိဖို့၊ နွားသိုးတစ်ကောင်လို အရှိန်ပြင်းပြင်းနဲ့ အမြန်ထိုးတက်ဖို့ လက်ဝှေ့ပညာက ကျွန်တော်ကိုသင်ခဲ့ပါတယ်”

ဒီလိုကြံ့ခိုင်တဲ့စိတ်ဓာတ်၊ အကျင့်စရိုက်ကြောင့် “အဘိုးအိုနဲ့ပင်လယ်”ဆိုတဲ့ ကမ္ဘာကျော် နာမည်ရစာအုပ်တစ်အုပ်ကို သူရေးနိုင်ခဲ့တာဖြစ်တယ်။

ဓာတုဗေဒနိုဘယ်လ်ဆုရ ဆွီဒင်သိပ္ပံပညာရှင် Svante August Arrhenius က ionic theoryကို တီထွင်ချိန်အတွင်းမှာ အခက်အခဲ၊ အတားအဆီးမျိုးစုံကို ခံခဲ့ရတယ်။ ထောင်ပေါင်းများစွာ စမ်းသပ်ပြီးရလာတဲ့ သူ့အဖြေလွှာကို ပါမောက္ခတစ်ချို့က “ရိုးစင်းတဲ့စိတ်ကူးယဉ်ခြင်း” လို့ ဝေဖန်ခဲ့သလို ရလဒ်ကလည်း အဆင့်(၃)နေရာမှာသာရှိခဲ့တယ်။ ၃နှစ်အကြာမှာ သူ့ထီထွင်မှုကို အသိအမှတ်ပြု ခံခဲ့ရလည်း ဝေဖန်ပြစ်တင်သံတွေက စဲမသွားခဲ့ဘူး။ (၁ဝ)နှစ်အကြာမှ ပါမောက္ခရာထူးကိုရပြီး Stockholm တက္ကသိုလ်က ကျောင်းအုပ်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။

ဓာတုပညာရှင်တစ်ဦးက အခုလိုပြောခဲ့ပါတယ်။

“သိပ္ပံပညာရပ်ရဲ့ အောင်မြင်မှုက အပျင်းကြီးတဲ့ နတ်သမီးတစ်ပါးနဲ့တူတယ်။ သင်တစ်ချက်ပဲ ခေါက်တဲ့တံခါးကို အပျင်းကြီးပြီး သူလာမဖွင့်ပေးဘူး။ အဆက်အပြတ်ခေါက်ပေးမှ မဖြစ်မနေ တံခါးကို သူဖွင့်ရတော့တယ်”

အခက်အခဲ၊ အတားအဆီးတွေကို မကြောက်ဘဲ တံခါးကို ဇွဲရှိရှိခေါက်ပေးမှ အောင်မြင်ခြင်းတံခါးကို နတ်သမီးက ဖွင့်ပေးပြီး ကိုယ့်ကိုလက်ခံမှာဖြစ်တယ်။ “ဆုံးရှုံးခြင်း၊ ကျဆုံးခြင်း” လို့ အမြဲတမ်းထင်မြင်နေတဲ့ အရာက တကယ်တမ်းတော့ “ခဏတဖြုတ် အခက်အခဲ” တွေသာဖြစ်တယ်။

အခက်အခဲကို ရှုံးနိမ့်ခြင်းလို့ လက်ခံယူဆလိုက်ရင် အခက်အခဲတွေက ဖျက်ဆီးတဲ့အင်အားအသွင်ကို ဆောင်သွားလိမ့်မယ်။ တကယ်လို့ အခက်အခဲတွေကို သင်ဆရာ၊ မြင်ဆရာအဖြစ် သတ်မှတ်ခဲ့ရင် ဒါဟာ အောင်မြင်တဲ့လမ်းစပဲဖြစ်တယ်။ ဒီလို ခဏတဖြုတ် အခက်အခဲတွေက ကိုယ့်ကိုယ် မားမားရပ်တည်နိုင်ဖို့၊ အကောင်းဆုံးဘက်ကို ဦးတည်ရှေ့ဆက်ဖို့ ကိုယ့်ကြိုးစားမှုကို လမ်းညွှန်ပေးတဲ့ အရာပဲဖြစ်တယ်။

ဘဝတစ်လျှောက်မှာ အမှားမလုပ်ခဲ့ဖူးဘူးလို့ ဘယ်သူပြောရဲခဲ့သလဲ?

မြင့်မြတ်တဲ့စစ်သူကြီး နပိုလီယံတောင်မှ အရေးပါတဲ့ စစ်ပွဲတွေမှာ သုံးပုံတစ်ပုံကို ဆုံးရှုံးခဲ့သေးတယ်။ ကိုယ့်ရဲ့ အမှားတွေက နပိုလီယံလောက် ရှိချင်မှရှိမယ်။ ဒါပေမယ့် ဒါကိုဘယ်သူသိနိုင်မလဲ? အဓိက သေသေချာချာ မှတ်ထားရမှာက “မှောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့ ! ” ဆိုတာကိုပါပဲ။

ရှိတ်စပီးယားရဲ့ နာမည်ကျော်စာတွေကို သင်ဖတ်နေချိန်မှာ သူ့ရဲ့နာမည်ရ အဆိုအမိန့်တစ်ချို့ကြောင့် သင်ခံစားသက်ဝင်မိလိမ့်မယ်။ ဒါမှမဟုတ် သူ့ရဲ့နာမည်အကြီးဆုံး အဆိုအမိန့်တစ်ခုကို သင်မှတ်မိရင် မှတ်မိလိမ့်မယ်။ အဲဒီစာက “ထက်မြက်သူတွေက နေရာမှာတင်ထိုင်ပြီး သူတို့ ဆုံးရှုံးနစ်နာခဲ့တာတွေကို တွေးပြီး ဝမ်းနည်းကြေကွဲနေမှာ မဟုတ်ဘူး။ အဲဒီထိခိုက်ဝမ်းနည်းမှုကို ဘယ်လိုဖာထေးရမလဲဆိုတဲ့နည်းကိုပဲ သူတို့ရှာကြမှာဖြစ်တယ်”

ရှိတ်စပီးယားရဲ့ စကားအတိုင်း လုပ်ဆောင်ခဲ့ရင် အခက်အခဲဒုက္ခတွေကို အောင်နိုင်မှာဖြစ်တယ်။ ဒီလို အခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်တဲ့ သဘောထားတွေကို ရှေးလူကြီးတွေရဲ့ အတွေ့အကြုံ၊ စကားတွေမှာ တွေ့ရတဲ့အပြင် စာပေအများစုမှာလည်း ဖော်ပြပါရှိပါတယ်။ ရုပ်ရှင်တွေမှာလည်း ဆန့်ကျင်ဖက်တွေကို ခိုင်းနှိုင်းပြသတဲ့ ဇာတ်ကားတွေများခဲ့ပါတယ်။

နာမည်ကြီးသရုပ်ဆောင် Meryl Streep ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရ “Sophie's Choice” ဇာတ်ကားက Oswy စခန်းက ထွက်လာတဲ့ ပိုလန်အမျိုးသမီးတစ်ဦးရဲ့ အကြောင်းဖြစ်တယ်။ ဇာတ်လမ်းအစမှာ Sophieက အမေရိကန်ကို ရောက်နေပြီဆိုပေမယ့် အိပ်မက်ဆိုးတွေက အရိပ်ပမာ သူ့နောက်မှာ လိုက်နေခဲ့တယ်။ သူချစ်တဲ့သူ၊ သူ့မိဘ၊ ခင်ပွန်း၊ သားသမီးတွေ အားလုံးသေဆုံးခဲ့ပြီး သူတစ်ယောက်တည်း ရှင်ကျန်ခဲ့တာမို့ သူ့ကိုယ်သူ ခွင့်မလွတ်နိုင်ဖြစ်ခဲ့တယ်။ Sophieဟာ ငယ်ရွယ်စဉ်မှာ ကိုယ့်ကိုယ်ကို လုံးဝပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါစေလို့ ဘုရားသခင်ထံ နေ့တိုင်းဆုတောင်းခဲ့ပေမယ့် ခေတ်ကာလရဲ့ မတည်ငြိမ်တဲ့ ဝဲဂယက်ထဲမှာ သူ့ဘဝတစ်ဝဲဝဲလည်ခဲ့ရတယ်။

သူလေးစားချစ်ခင်ရတဲ့ ဖခင်က နာဇီလူမျိုးတို့ရဲ့ လူမျိုးခွဲခြားရေးဝါဒမှာ ယုံကြည်သက်ဝင်၊ ကိုးကွယ်သူဖြစ်ခဲ့တယ်။ သူ့ခင်ပွန်းကို ဂျာမဏီစစ်ဗိုလ်တစ်ဦးက သတ်ဖြတ်ခဲ့တယ်။ စခန်းမှာ ဂျာမဏီလူမျိုးတစ်ဦးက သားနဲ့ သမီးထဲက တစ်ဦးဦးကိုရွေးချယ်ဖို့ သူ့ကိုအခွင့်အရေးပေးခဲ့တယ်။ (အရွေးမခံရသူက အဆိပ်ငွေ့နဲ့ အသတ်ခံရမှာ ဖြစ်ပါတယ်) “သမီးကို ခေါ်ဆောင်သွားပါ” လို့ Sophieက မျှော်လင့်ချက်မဲ့ ပြောခဲ့တယ်။ နောက်ဆုံး Sophieက သူဟာ အချစ်၊ မိသားစု၊ သားသမီးတွေနဲ့ မထိုက်တန်သူဆိုပြီး သေလမ်းကိုရွေးခဲ့တယ်။

“တိုင်တန်းနစ်” ဇာတ်ကားမှာ အထက်ကဇာတ်ကားရဲ့ ဆန့်ကျင်ဖက်သဘောမျိုးကို တွေ့ရပြန်တယ်။ ကြီးမားတဲ့အခက်အခဲကို ဖြတ်ကျော်ပြီး ချစ်သူပါလက်လွှတ်ဆုံးရှုံးခဲ့တဲ့ ရိုစ့်ဟာ အသစ်တဖန် ရှင်သန်ခြင်းကိုရွေးခဲ့တယ်။

“မှောက်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့! ” ဆိုတဲ့စကားက ရိုးကောင်းရိုးနေလိမ့်မယ်။ ဒါပေမယ့် အဲဒီစကားထဲမှာ လူတွေရဲ့မြင့်မြတ်တဲ့ အသိဥာဏ်နဲ့ အတွေ့အကြုံတွေပါနေခဲ့တယ်။ နာကျင်ခြင်း၊ ကံမကောင်းခြင်းစတဲ့ အတိတ်ကိုသာ တူးဆွနေသူတွေက မျှော်လင့်ချက်တွေ ပြည့်ဝတဲ့၊ ကျန်းမာသန်စွမ်းတဲ့ မနက်ဖြန်ကို လက်လွှတ်သွားနိုင်တယ်။ ဒါကြောင့် အတိတ်မှာပဲ ရှင်သန်မနေသင့်ဘဲ လူ့ဘဝမှာ ပစ္စုပ္ပန်နဲ့အနာဂတ်သာလျှင် အရေးကြီးကြောင်း သိနားလည်သင့်ပါတယ်။

မူရင်း--- 丁滿 (D Men) ပြုစုတဲ့ The Secret of success inspiring စာအုပ်ထဲကဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, August 24, 2009

သင်္ချာနဲ့လောဂျစ်


တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့ မယ်သီလရှင်တို့ရှိကြတယ်။ မယ်သီလရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။

သင်္ချား နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့ စက္ကန့် ၃ဝရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး?

လောဂျစ်း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။

သင်္ချား ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ?

လောဂျစ်း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်..

သင်္ချား မရတော့ဘူးထင်တယ်။

လောဂျစ်း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။

သင်္ချား ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း ငါတို့ကို သူမီနိုင်တယ်။

လောဂျစ်း တစ်ခုတည်းသော ယုတ္တိတန်တဲ့နည်းက ငါတို့လမ်းခွဲပြီး ပြေးကြဖို့ပဲ။ နင်ဟိုဖက်ကသွား၊ ငါဒီဖက်ကသွားမယ်။ နှစ်ယောက်လုံးကို သူဖမ်းမှာတော့ မဟုတ်ဘူး။

ဒီလိုနဲ့ မင်္သကာစရာယောက်ျားက လောဂျစ်နောက် ဆက်လိုက်သွားခဲ့တယ်။ သင်္ချာကကျောင်းကို ချောချောမောမော ရောက်သွားခဲ့ပေမယ့် လောဂျစ်ကို စိတ်ပူနေခဲ့တယ်။ ခဏကြာတော့ ကျောင်းပေါက်ဝကို လောဂျစ်ရောက်လာခဲ့တယ်။

သင်္ချား အိုး.. ဘုရားသခင် ကျေးဇူးတင်လိုက်တာ နင်ပြန်လာပြီ! ဘာတွေဖြစ်ခဲ့လဲ ငါ့ကို မြန်မြန်ပြောပါဦး!

လောဂျစ်း အင်း... နှစ်ယောက်လုံးနောက် သူမလိုက်နိုင်တော့ ငါ့နောက်ကို ယုတ္တိရှိရှိ သူလိုက်ခဲ့တယ်။

သင်္ချား အဲဒီနောက် ဘာဖြစ်လဲ!

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ အားကုန်ပြေးတယ်။ သူအားကုန်လိုက်တယ်။

သင်္ချား ပြီးတော့ရော?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို သူဖမ်းမိသွားတယ်။

သင်္ချား ဘုရားသခင်! နင့်ကို သူဘာလုပ်လိုက်လဲ?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုက ငါ ဂါဝန် မ,လိုက်တယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီလူရော!

လောဂျစ်း သူလဲ ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တယ်။ သူ သူ့ဘောင်းဘီကိုဆွဲချတယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီနောက်?

လောဂျစ်း အဲဒီနောက်.... ဂါဝန်မ,ထားတဲ့ သီလရှင်တစ်ယောက်က ဘောင်းဘီဆွဲချထားတဲ့ ယောက်ျားတစ်ယောက်ထက် ပိုအပြေးမြန်ခဲ့တယ်လေ။ ကဲ ယုတ္တိမတန်ဘူးလား! ခုနားက နင် လျှောက်တွေးနေတယ် မဟုတ်လား! "အာမင်" လို့ မြန်မြန်ရွတ်လိုက်...

youthwant.com.tw မှာ ဖတ်ရတဲ့ ဟာသတစ်ပုဒ် မျှဝေပါသည်။ အာမင်....

နိုင်းနိုင်းစနေ


Share/Bookmark

ပျော်စရာသင်္ချာ


3 x 37 = 111
6 x 37 = 222
9 x 37 = 333
12 x 37 = 444
15 x 37 = 555
18 x 37 = 666
21 x 37 = 777
24 x 37 = 888
27 x 37 = 999

Nice one:
111,111,111 x 111,111,111 = 12,345,678,987,654,321

Trapeze:
0x 9 + 1 = 1
1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9+10 = 1111111111

another Trapeze:
1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321

and another one:

0x 9 + 8 = 8
9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888
987654321 x 9 - 1 = 8888888888
9876543210 x 9 - 2 = 88888888888

အင်တာနက်ပေါ်တွေ့တဲ့ စိတ်ဝင်စားစရာ သင်္ချာလေး မျှဝေပါတယ်။ ကျွန်မက ဒီအရွယ်ထိ သင်လေချာလေပဲ...

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, August 23, 2009

ခြားနားချက်


အကောင်းမြင်သူနဲ့ အဆိုးမြင်သူတို့ဟာ မေးခွန်း(၃)ခုကို ငြင်းခုန်နေကြတယ်။ မေးခွန်းတွေက-

(၁) မျှော်လင့်ချက်ဆိုတာ ဘာလဲ?

အဆိုးမြင်သူ
မျှော်လင့်ချက်ဆိုတာ မိုးကုတ်စက်ဝိုင်းဖြစ်တယ်။ မြင်ပေမယ့် အရောက်မသွားနိုင်ခဲ့ဘူး။


အကောင်းမြင်သူ
မျှော်လင့်ချက်ဆိုတာ လမ်းပြကြယ်ဖြစ်တယ်။ အရှေ့မှာ အလင်းတန်းရှိကြောင်း လူတွေကို
လမ်းညွှန်နေတယ်။

(၂) လေဆိုတာ ဘာလဲ?

အဆိုးမြင်သူ
လှိုင်းတွေပိုခက်ထန်အောင် ကူညီသူ.. ကိုယ့်ကိုပင်လယ်အောက် နစ်မြှုပ်ပစ်နိုင်တယ်။


အကောင်းမြင်သူ
ရွက်တိုင်ရဲ့ကူဖော်လောင်ဖက်.. အောင်မြင်တဲ့ကမ်းကို ကပ်ဖို့ ကူညီသူဖြစ်တယ်။


(၃) ဘဝဆိုတာ ပန်းပွင့်လား?

အဆိုးမြင်သူ
ပန်းပွင့်ဖြစ်တော့ ဘာထူးလဲ! ပွင့်ပြီး ကြွေသွားတာပဲ မဟုတ်လား!


အကောင်းမြင်သူ
ဟင့်အင်း.. ပွင့်ပြီး ချိုမြိန်တဲ့အသီးတွေ ချန်ထားခဲ့နိုင်တယ်။


နှစ်ဦးသား အငြင်းအခုန်ဖြစ်နေဆဲမှာ ရုတ်တရက် ကောင်းကင်ပေါ်က အသံတစ်သံလွှင့်လာပြီး သူတို့ကို မေးခွန်း (၃)ခု မေးခဲ့ပြန်တယ်။ မေးခွန်းတွေက-

(၁) ရှေ့တည့်တည့်သွားရင် ဘာဖြစ်နိုင်မလဲ?

အဆိုးမြင်သူ... ချောက်နက်ကမ်းပါးတွေ တွေ့နိုင်တယ်။
အကောင်းမြင်သူ.... ပန်းပေါင်းစုံဖူးပွင့်တာ တွေ့နိုင်တယ်။

(၂) မိုးဦးရာသီ ကောင်းသလား?

အဆိုးမြင်သူ... မကောင်းပါ။ မြက်ရိုင်းများ ပိုမိုရှင်သန်နိုင်ပါတယ်။
အကောင်းမြင်သူ.... ကောင်းပါတယ်။ ပန်းတွေ ပိုလှပဖူးပွင့်နိုင်ကြတယ်။

(၃) တကယ်လို့ သင့်ကို မြေရိုင်းတစ်ခင်းပေးခဲ့ရင် သင်ဘာလုပ်မလဲ?

အဆိုးမြင်သူ..... သင်္ချိုင်းဆောက်မယ်။
အကောင်းမြင်သူ.... သစ်စိမ်းပင်တွေ အပြည့်စိုက်မယ်။

အဲဒီလို သူတစ်ခွန်း ငါတစ်ခွန်းနဲ့ ငြင်းခုန်ခဲ့ကြပြီး ကောင်းကင်ပေါ်က မေးခွန်းထုတ်သူဟာ ဘုရားသခင်မှန်း သူတို့မသိခဲ့ကြဘူး။ သူတို့ဖြေဆိုတဲ့အတိုင်း ဘုရားသခင်က သူတို့ကို ဆုလာဒ်တွေပေးခဲ့ကြတယ်။

အကောင်းမြင်သူကို ရဲစွမ်းသတ္တိပေးပြီး အဆိုးမြင်သူကို မျက်ရည်တွေပေးခဲ့တယ်။
သင်ရော! ရဲစွမ်းသတ္တိကို ရချင်သလား? မျက်ရည်ကိုပဲ ယူချင်သလား?

မူရင်း--- 乐观者与悲观者差别 (အကောင်းမြင်သူနှင့် အဆိုးမြင်သူတို့၏ ခြားနားချက်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ရဲစွမ်းသတ္တိ ဘယ်ဆီကလာ!


ကနေဒါ Montreal တက္ကသိုလ်က စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ နောင်တစ်ခေတ် မျိုးဆက်သစ်တွေရဲ့ အကျင့်စရိုက်က မျိုးရိုးဗီဇနဲ့ဆိုင်တယ်ဆိုတာထက် မိခင်ရဲ့အကျင့်စာရိတ္တနဲ့ ပိုနီးစပ်လိမ့်မယ်လို့ ဆိုပါတယ်။ ဆန်းစစ်ချက်ရလဒ်က ကြွက်တွေနဲ့ လေ့လာဆန်းစစ်ထားတာ ဖြစ်ပါတယ်။ ကြွက်တစ်ကောင်ရဲ့ စရိုက်လက္ခဏာက အမိဝမ်းမှကျွတ်ပြီးစ ကာလက မိခင်ရဲ့စိတ်သဘောထား၊ စရိုက်တွေနဲ့ သက်ဆိုင်နေပါတယ်။ မိခင်ရဲ့ ဂရုစိုက်မှုပိုရတဲ့ (လျှာဖြင့်လျှက်ခြင်း၊ အစာကျွေးခြင်း) ကြွက်ကလေးတွေက အရွယ်ရောက်ချိန်မှာ ပိုရဲရင့်၊ ပိုသတ္တိရှိကြောင်း သံသယကင်းစွာ လေ့လာတွေ့ရှိခဲ့ကြတယ်။

လူတွေရဲ့ယုံကြည်မှုနဲ့ ပိုကောင်းတဲ့ သက်သေပြချက်တွေရအောင် စိတ်ပညာရှင်တွေက ကြွက်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့်ကို လေ့လာခဲ့ကြတယ်။ မွေးစားမိခင်ဖြစ်လင့်ကစား ဂရုတစိုက် ပြုစုပျိုးထောင်မှုရတဲ့ ကြွက်ကလေးတွေရဲ့ ရဲရင့်မှု၊ ပတ်ဝန်းကျင်သင့်လျှော်မှုတွေက မိခင်ရင်းနဲ့အတူနေပြီး ဂရုစိုက် ပြုစုပျိုးထောင်မှုကင်းမဲ့တဲ့ ကြွက်တွေထက် ပိုကောင်းနေတာကို တွေ့ရှိခဲ့ကြတယ်။

စိတ်ပညာရှင် Micheline Mini က "ရဲစွမ်းသတ္တိက မျိုးရိုးဗီဇကနေ ပေါက်ဖွားလာတာမဟုတ်ဘူး။ မိခင်ရဲ့ ဂရုစိုက်ပျိုးထောင်မှုကနေ လာတာဖြစ်တယ်။ ကြွက်တင်မက လူတွေကိုပါ သဘာဝတရားက တန်းတူညီမျှ ဆက်ဆံခဲ့ပါတယ်"

မူရင်း---- 勇气从何而来 (ရဲစွမ်းသတ္တိ ဘယ်ဆီကလာ!)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

မတူထူးတဲ့ဓာတ်ပုံ


ဤကား အက်ဒီဆင်၏ အပြောင်မြောက်ဆုံး လက်ရာဖြစ်သည်။

ဤကား ချာလီချက်ပလင်၏ ထိုင်ခုံဖြစ်သည်။

ဤကား အီစတာ(
Easter)၏ ရောင်စုံကြက်ဥဖြစ်သည်။

ဤကား ပင့်ကူလူသား၏ မနက်စာဖြစ်သည်။

ဤကား အချစ်၏ အစိုင်အခဲဖြစ်သည်။

ဤကား ဘီလ်ကိတ်၏ အစာညှပ်ပေါင်မုန့်ဖြစ်သည်။

ဤကား တိုင်တန်းနစ်၏ လက်မှတ်ဖြစ်သည်။

ဤကား နိုင်းနိုင်းစနေ၏ ပုံတူတည်း :P
(ဤပုံမှလွဲ၍ ကျန်ပုံများအားလုံး အင်တာနက်ပေါ်က ဖြစ်ပါသည်)

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, August 22, 2009

သူတို့ပြောတဲ့အချစ်


"ဘယ်လောက်ကောင်းတဲ့အရာပဲဖြစ်ဖြစ် တစ်နေ့တော့ ပျောက်ကွယ်ရလိမ့်မယ်။
ဘယ်လောက် နက်ရှိုင်းတဲ့မှတ်ဥာဏ်ပဲဖြစ်ဖြစ် မေ့လျော့တဲ့တစ်နေ့တော့ ရှိလိမ့်မယ်။
ဘယ်လောက် ချစ်တဲ့သူပဲဖြစ်ဖြစ် ဝေးရတဲ့တစ်နေ့တော့ ရှိလိမ့်မယ်။
ဘယ်လောက် လှတဲ့အိပ်မက်ပဲဖြစ်ဖြစ် နိုးထတဲ့တစ်ရက်တော့ရှိလိမ့်မယ်။
လက်လွှတ်သင့်တဲ့အရာတွေကို ထိမ်ချန်မထားနဲ့။
တန်ဖိုးထားသင့်တဲ့အရာတွေကို လက်မလွှတ်စေနဲ့။

တစ်ဦးကိုတစ်ဦး ထိခိုက်ခဲ့ဖူးလို့ လမ်းခွဲပြီးနောက် သူငယ်ချင်းဆိုတာ မဖြစ်လာနိုင်တော့သလို
တစ်ဦးကိုတစ်ဦး ချစ်ခဲ့ဖူးလို့ ရန်သူဆိုတာလည်း ဖြစ်မလာနိုင်ခဲ့ဘူး" (ရှိတ်စပီးယား)

"နင်ငါ့ကိုစိတ်ဝင်စားတဲ့အချိန် ငါနင့်ကိုစိတ်မဝင်စားဘူး
နင်ငါ့ကိုချစ်တဲ့အချိန် ငါနင့်ကိုစိတ်ဝင်စားမိတယ်
နင်ငါ့ကိုခွဲသွားတဲ့အချိန်ကျမှ ငါနင့်ကိုချစ်မိတယ်
နင့်ခြေလှမ်းကပဲ မြန်တာလား! ငါကပဲ နင့်ကို အမီမလိုက်နိုင်တာလား!
နိုးဝါးရဲ့လှေကြီးနဲ့ (Noah's Ark) ငါတို့လွှဲခဲ့ကြတယ်
တိုင်တန်းနစ်နဲ့ ငါတို့လွှဲခဲ့ကြတယ်
ရင်ဖိုတာနဲ့ရော ရင်မဖိုတာနဲ့ရော ငါတို့လွှဲခဲ့ကြတယ်
ငါတို့ဟာ လွှဲပြီးရင်းလွှဲခဲ့ကြတယ်
အထီးကျန်ဆန်မှုတွေ ဘယ်အရပ်ကနေ ငါ့ဆီလာခဲ့မှန်း ငါမသိဘူး
ဒါပေမယ့် ငါအထီးကျန်ခဲ့တယ်။
နင်လဲအထီးကျန်ခဲ့တယ်။
ကမ္ဘာပေါ်ရှိရှိသမျှ လူတွေ အထီးကျန်ကြတယ်။
အထီးကျန်တာခြင်း မတူတာလေးတစ်ခုနဲ့ပေါ့" ဂျေမီ(Jummy)

ယောက်ျားလေးငိုတာ သူတကယ်ချစ်ခဲ့လို့..
မိန်းကလေးငိုတာ သူတကယ်လက်လွှတ်ခဲ့ရလို့....

မိန်းကလေးဆိုတာ ချစ်ဖို့... လိမ်ဖို့မဟုတ်ဘူး။ တကယ်လို့ သူ့အတွက် သတိုးသမီးဝတ်စုံ ဝတ်မပေးနိုင်ရင် ကိုယ့်လက်ကို မှီဖို့ပြင်နေတဲ့ သူ့လက်အစုံကို လွှတ်လိုက်ပါ။

တကယ်လို့ သူ့ကို ကိုယ်မချစ်တော့ရင် လက်လွှတ်လိုက်ပါ။
သူ့ကိုတစ်ခြားလူချစ်ဖို့ အခွင့်အရေးရှိပါစေ။
တကယ်လို့ ကိုယ့်ကို သူမချစ်တော့ရင် လွတ်လမ်းပေးလိုက်ပါ။
ကိုယ့်ကို တစ်ခြားလူချစ်ဖို့ အခွင့်အရေးရှိပါစေ။
တစ်ချို့အရာတွေကို ကိုယ်ဘယ်လောက်ကြိုက်ကြိုက် ကိုယ့်အတွက် ဖြစ်မလာနိုင်သလို
တစ်ချို့အရာတွေကို ကိုယ်ဘယ်လောက်စွဲလမ်းစွဲလမ်း ဆုံးရှုံးဖို့အတွက် ကံကြမ္မာက ဖန်တီးခဲ့ပြီးဖြစ်တယ်။
(梓色心晴)
(Zi Shai Xin Chin)

တစ်ချိန်ချိန်မှာ အချစ်ကိုရော နင့်ကိုရော လုံးဝမေ့သွားမယ်လို့ ငါထင်ခဲ့မိတယ်။
ဒါပေမယ့် မမျှော်လင့်တဲ့တစ်နေ့မှာ သီချင်းဟောင်းတစ်ပုဒ်ကို ငါကြားမိတဲ့အခါ
ငါ့မျက်ရည်တွေ စီးကျလာခဲ့တယ်။
အဲဒီသီချင်းက ငါတို့အတူ နားထောင်ခဲ့ဖူးတဲ့သီချင်း ဖြစ်နေလို့ပါပဲ။
(雪小禅) (Xue Xiao Chan)

အင်တာနက်ပေါ်က
"သူတို့ပြောတဲ့အချစ်" ကို ရှာဖွေဘာသာပြန်ပါသည်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, August 21, 2009

မမြင်ကွယ်ရာကချစ်ခြင်း


အိုမင်းရင့်ရော်နေတဲ့ အမေမှာ သွားတွေမရှိတော့ပါဘူး။ ဒါကို သားက ကားမောင်းပြီး သွားဆေးခန်းလိုက်ပို့ခဲ့တယ်။ သားက စီးပွါးရေးသမား သူဌေးတစ်ဦးဖြစ်တယ်။ ဆေးခန်းရောက်တာနဲ့ သားက ကားပေါ်ကဆင်းပြီး ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ အမေက သွားအသစ်လဲဖို့ ဆရာဝန်ကို ကုန်ကျစရိတ်မေးနေခဲ့တယ်။ ကုန်ကျစရိတ်တွေက ရာဂဏန်းကနေ သောင်းဂဏန်းထိရှိကြောင်း ဆရာဝန်က ရှင်းပြပြီး အမေကို အကောင်းဆုံး သွားအသစ်တစ်စုံလဲသင့်ကြောင်း အကြံပေးခဲ့တယ်။ ဒါပေမယ့် အပေါဆုံးသွားပဲ လဲဖို့ အမေဆုံးဖြတ်လိုက်တယ်။ အပေါဆုံးသွားတွေက ကျိုးပဲ့လွယ်ကြောင်း၊ အမေအသက်အရွယ်နဲ့ အတော်အသင့်ကောင်းတဲ့ သွားနဲ့ပဲလဲဖို့သင့်ကြောင်း ဆရာဝန်က အကြံပေးရင်း ဖုန်းဆက်နေတဲ့သားကို စစ်ကူတောင်းဖို့ လှမ်းကြည့်လိုက်တယ်။ သားက တစ်နေရာမှာရပ်ပြီး အမေကြိုက်တဲ့ သွားလဲပါစေဆိုတဲ့ သဘောမျိုးနဲ့ ဖုန်းကိုပဲ အဆက်မပြတ် ပြောနေခဲ့တယ်။

နောက်ဆုံး အပေါဆုံးသွားကိုပဲသုံးဖို့ အမေရွေးလိုက်တယ်။ ဆရာဝန်နဲ့ ဈေးဆစ်ပြီးနောက် အမေက ခါးဝတ်စကနေ အထုပ်တစ်ထုပ် ဆွဲထုတ်ပြီး အထပ်ထပ်ဖြေနေခဲ့တယ်။ ပြီးတော့ ဆရာဝန်ကို စရံငွေတစ်ချို့လှမ်းပေးပြီး နောက်တစ်ပတ်အတွက် သွားအသစ်လဲမယ့်ရက်ချိန်းကို ယူလိုက်တယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက် ဆေးခန်းက ထွက်လာခဲ့ကြတယ်။ ဆေးခန်းက ထွက်ခဲ့တယ်ဆိုရင်ပဲ ဆေးခန်းထဲရှိတဲ့လူတွေက သားအမိနှစ်ယောက်ကို စဝေဖန်တော့တယ်။ သားက အမေအိုကို ဂရုမစိုက်ဘူး၊ မစောင့်ရှောက်ဘူးဆိုပြီး ဝေဖန်ခဲ့ကြတယ်။

ဝေဖန်သံမဆုံးခင်မှာ ဆေးခန်းတံခါးဖွင့်ပြီး အမေအိုရဲ့သားဖြစ်သူ ပြန်ဝင်လာပါတယ်။ သားကဆရာဝန်ဆီ တန်းသွားပြီး "ဆရာ.. ကျွန်တော့်အမေအတွက် အကောင်းဆုံးသွားနဲ့ပဲ လဲပေးလိုက်ပါ၊ ကုန်ကျစရိတ် ကျွန်တော်ပေးပါမယ်။ ကျွန်တော့်အမေက အရမ်းချွေတာတတ်သူဆိုတော့ ဒီအကြောင်း အမေကို ပြောမပြပါနဲ့နော်။ သူသိရင် သွားမလဲမှာစိုးလို့ပါ" လို့ ပြောလိုက်တယ်။

တကယ်တော့ တစ်ချို့ချစ်ခြင်းက ကွယ်ရာကနေပဲ ပေးဆပ်သင့်ခဲ့ပါတယ်။

မူရင်းရေးသားသူ --
Huang Guo Qing (黄国庆) 爱需要悄悄进行

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Thursday, August 20, 2009

တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး....


အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ လေးစားကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့ တောလိုက်ထွက်ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက သေနတ်နဲ့ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေးသွားခဲ့တယ်။ အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင် အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။

သခင်ရဲ့ အပြစ်စကားကို ကြားတော့ ခွေးက တတ်နိုင်သလောက်ကြိုးစားခဲ့တာတောင် အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။

သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ ဝိုင်းမေးကြတယ်။

"ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"

"ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့ ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"

ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။

Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း သောင်းဂဏန်းထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့ ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို ကလေးငယ်တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့ မှတ်ဥာဏ်ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ တအံ့တသြမေးခဲ့တယ်။

"ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"

"ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။

နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Softwareကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။

လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊ လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို သိပ္ပံပညာရှင်တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့ လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက် တတ်နိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က
အိပ်မောကျနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊ ထီထွင်ချင်တယ်ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။ အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။

မူရင်း --- 尽力而为还不够

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

စာမူအကြောင်းပြောမလို့....


အစ်မ . . . ယခုအပတ်ထုတ်လိုက်တဲ့ Popular News နံပါတ် 29၊ အတွဲ 1၊ သြဂုတ်20 မှာ ထုတ်လိုက်တဲ့ ဂျာနယ်မှာ အစ်မကျွန်တော်တို့ကို ဟက်ပီးတိုင်းမ်းမှာသုံးဖို့ ဇူလိုင် 23 ရက်နေ့က ပေးထားတဲ့ ---- တစ်ကြိမ်အောင်မြင်ရင်ရပြီ ----- စာမူကို ပုံနှိပ်ဖော်ပြထားတာတွေ့ရပါတယ်။

စာရေးဆရာနာမည်ဖော်ပြထားခြင်း မရှိပါဘူး။ အစ်မ ကျွန်တော်တို့ကို ပေးလိုက်တဲ့ စာမူနဲ့ ပထမစာကြောင်းကို ဒုတိယနေရာကို ပို့ထားတာက လွဲရင် ကျန်တာအကုန်အတူတူပါပဲ။

သူတို့ကအောက်မှာ မှတ်ချက်ဖော်ပြထားပါတယ်။

မှတ်ချက် ။ ။ ဂျာနယ်တိုက်၏ mail box သို့ရောက်လာသော forwarded mail တစ်စောင်ကို ၀ီကီပီးဒီးယားအွန်လိုင်းစွယ်စုံကျမ်းနှင့် ညှိနှိုင်းပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ မည်သူက စတင်ရေးသားခဲ့သည်ကို အင်တာနက်တွင် ရှာဖွေကြည့်ရှုသော်လည်း ယခုစာစုကို တင်ထားသော ဆိုက်များမှာ အတော်ပင် များပြားလှပါသဖြင့် မည်သူက စတင်ခဲ့သည်ကို မခန့်မှန်းနိုင်ပါ။ အကယ်ရွေ့ စတင်ရေးသားသူသည် ယခုဖော်ပြထားသော စာစုတို့ကို ဖတ်မိပါက အထောက်အထားပြသရွေ စာမူခထုတ်ယူနိုင်ပါကြောင်း။

ဆိုပြီး မှတ်ချက်ဖော်ပြထားပါတယ်။

ကျွန်တော်တို့စာစောင်က တစ်လတစ်ကြိမ်ထုတ်ဆိုတော့ အဲဒီစာမူကိုသုံးမည့် နောက်လအတွက် ရုံးတင်ထားပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဂျာနယ်က တစ်ပတ်ကို တစ်ကြိမ်ထုတ်ပါ။ သူတို့အနေနဲ့ ဒီလို ယူယူသုံးမယ်ဆိုရင် ကျွန်တော်တို့က တစ်လတစ်ကြိမ်ဆိုတော့ အခု အဲဒီ ရုံးတင်ထားတဲ့ စာမူကို ပြန်ဖြုတ်ပြီး အစ်မ ပေးထားတဲ့နောက်တစ်ပုဒ် ဖြစ်နိုင် . . . မဖြစ်နိုင် ကို ပြောင်းတင်မလို့ လုပ်နေပါတယ်။

ဒါပေမဲ့ သူတို့အနေနဲ့ နောက်တစ်ကြိမ် အခြားစာမူများကို ဖော်ပြမယ့်သဘောရှိပါတယ်။ အဲဒါ အစ်မ သဘောထားဘယ်လိုရှိလဲဆိုတာ စာပြန်ပေးပါ . .

ကျွန်မလည်း မပြောတတ်တော့ဘူး။ လစဉ်ထုတ် Happy Time ကလေးရုပ်စုံစာစောင်မှာ ကလေးတွေနဲ့ သင့်တော်တဲ့စာတွေကို ကျွန်မအမြဲရေးပို့ဖြစ်ပါတယ်။ မပို့ခင် ထုံးစံအတိုင်း ဘလော့ဂ်မှာ အရင်တင်လေ့ရှိတယ်။ ခုက အဲလိုမျိုးကြီးဆိုတော့ ကျွန်မလဲ မပြောတတ်တော့ဘူး။ အားလည်းနာတယ်.. ခင်လည်းခင်တယ် ဒါပဲပြောတတ်တော့တယ်း)

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, August 19, 2009

မိုင်းလားသို့တစ်ခေါက်


ဒီလိုရာသီဥတု သာယာတဲ့နေ့တစ်နေ့မှာ (အလုပ်ကိစ္စနဲ့)
မြန်မာ-တရုတ်နယ်စပ်က မိုင်းလားမြို့ကို ခရီးထွက်ဖြစ်တယ်

အချိန်တွေပြောင်း နာရီတွေဟောင်းသွားပေမယ့်
ဒီရှုခင်း ဒီမြင်ကွင်းက ပြောင်းလဲမသွားခဲ့ဘူး။
ရာသီအလိုက် အရောင်အမျိုးမျိုးနဲ့
လောကကြီးကို အလှဆင်နေခဲ့တယ်။

တည်းခိုတဲ့အခန်းကနေ လှမ်းမြင်ရတဲ့ မိုင်းလားမြို့က
ဘုန်းကြီးကျောင်းတစ်ကျောင်း

တောင်ယာစပါးတွေ ပန်ပြီး လှပနေတဲ့ တောင်ကတုံး

ကျိုင်းတုံအပြန် မပါမဖြစ်တဲ့ ပင်စိမ်းသီး၊ ထိုဟူးချဉ်၊ မုန်ညှင်းချဉ်တွေနဲ့
နာမည်ကြီးတဲ့ လွိုင်ပန်ကွဲက ဆိုင်တစ်ဆိုင်

မိုင်းလားမှာ စားဖြစ်ခဲ့တဲ့ တရုတ်ပြည် ဟူနန်ဟင်းတစ်ချို့
တရုတ်ဆိုရိုးစကားတစ်ခုမှ
စီချွမ်းမြို့သူမြို့သားတွေက (ငရုတ်သီး) အစပ်ကို မကြောက်ဘူး
ဟူနန်မြို့သူမြို့သားတွေက မစပ်မှာကို စိုးတယ် လို့ဆိုပါတယ်
ဒါကြောင့် စားခဲ့တဲ့ ဟူနန်ဟင်းတိုင်း ငရုတ်သီးတွေချည်းပဲ
လောလောနဲ့သွားတဲ့ခရီးမို့ လောလောပဲ ရေးလိုက်ပါတယ်

တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်(၃)
တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်(၂)
တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်(၁)
တရုတ်နယ်စပ် မိုင်းလားသို့ အလည်တစ်ခေါက်

နိုင်းနိုင်းစနေ


Share/Bookmark

Monday, August 17, 2009

A Father's Prayer (သို့) Douglas MacArthur


Douglas MacArthur က ၂ဝရာစုက အမေရိကန်နာမည်ကြီး စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်တယ်။ သူ့ဖခင်ကလည်း နာမည်ကြီး စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်တယ်။ MacArthurဟာ ငယ်စဉ်ကတည်းက ဖခင်တာဝန်ကျရာ အမေရိကန်အနောက်ပိုင်းကို လိုက်ပါသွားခဲ့တယ်။ အဲဒီဒေသက အင်းဒီးယန်းလူနီမျိုးတွေ (Red Indian) လှုပ်ရှားသွားလာတဲ့ လွင်ပြင်ခေါင်ကြီးဖြစ်တယ်။ ရာသီဥတုပူပြင်းပြီး နေရာအနှံ့ သဲတွေ ဖုံးလွှမ်းတဲ့နေရာဖြစ်တယ်။

ငယ်စဉ်ကတည်းက ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ MacArthur ဟာ သန်မာထွားကျိုင်းပြီး စိတ်ဓာတ်တွေကြံ့ခံခဲ့တယ်။ ဥပမာ- စစ်သားတွေနဲ့ ညနေပိုင်း အလံသိမ်းအခမ်းအနားမှာ သူပါဝင်ခဲ့တယ်။ အဲဒီဒေသကို သူရောက်စက အင်းဒီးယန်းလူနီတွေရဲ့ နားကွဲမတတ်ကြားရတဲ့ ဗုံသံ၊ မြင်းသံတွေကို သူမခံနိုင်ခဲ့ဘူး။ (၅)နှစ်သာ ရှိသေးတဲ့အတွက် အဲဒီအသံတွေကြောင့် သူထိတ်လန့်ငိုကြွေးခဲ့ရတယ်။ သူ့ကို အသည်းငယ်သူလို့ ဖခင်ကကျီစားခဲ့တယ်။


"ဖေဖေကရော ဘာဖြစ်လို့ နိုင်ငံတော်အလံကိုကြည့်ပြီး မျက်ရည်ကျရသလဲ?"

မိခင်ကို သူမေးခွန်းတစ်ချို့မေးခဲ့တယ်။

"ယောက်ျားပီသသူတစ်ဦးဟာ မာန်မာန၊ ဂုဏ်သိက္ခာအတွက်နဲ့ မျက်ရည်ကျလို့ရတယ်။ ကြောက်ရွံ့၊ ထိတ်လန့်အားငယ်မှုအတွက်နဲ့ လုံးဝမျက်ရည်ကျလို့ မရဘူး" လို့ မိခင်ပြန်ဖြေတဲ့စကားကို သူ့နှလုံးအိမ်ထဲ စွဲစွဲမြဲမြဲမှတ်သားခဲ့ပြီး "မကြောက်ရွံ့သူ" ဖြစ်ဖို့ သံဓိဌာန်ချခဲ့တယ်။

၁၈၉၈ ခုနှစ်မှာ MacArthur ဟာ ထူးကဲတဲ့အဆင့်နဲ့ အမေရိကန်ဗိုလ်သင်တန်းကျောင်း "The United States Military Academy at West Point"ကို တက်ရောက်ခွင့်ရခဲ့တယ်။ ကျောင်းနေစဉ်အတောအတွင်းမှာ MacArthur ဟာ စာတော်တဲ့ကျောင်းသားဖြစ်ရုံမက အားကစားမှာလည်း ထူးချွန်ခဲ့တယ်။ အထူးသဖြင့် ဘေ့စ်ဘောနဲ့ ဘောလုံးမှာ သူထူးချွန်ခဲ့တယ်။

ကျောင်းဝင်စမှာ တတိယနှစ်ကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကိုခံရပြီး မူးလဲသွားသည့်တိုင် (ကျောင်းသားဟောင်းတွေက ကျောင်းသားသစ်တွေကို ပုံစံအမျိုးမျိုးနဲ့ အနိုင်ကျင့်တတ်တယ်) သူအံကြိတ်ပြီးခံခဲ့တယ်။ ဘာအတိုင်အတောမှ သူမလုပ်ခဲ့ဘူး။ အစစ်ဆေးခံရမှ အနိုင်ကျင့်ခံရကြောင်းကို သူဖွင့်ဟတယ်။ သူထုတ်ဖော်လိုက်ရင် အနိုင်ကျင့်သူတွေ ကျောင်းထုတ်ခံရမယ်ဆိုတာသိလို့ သူမပြောခဲ့တာဖြစ်တယ်။ ဒီလို ပြတ်သား၊ ဖြောင့်မှန်တဲ့ ကိုယ်ချင်းစာစိတ်ရှိခဲ့လို့ နောက်ပိုင်းမှာ အောင်မြင်တဲ့လမ်းကို သူလျှောက်ခဲ့ရတယ်။ ၁၉ဝ၃ခုနှစ်မှာ ပထမအဆင့်နဲ့ Military Academy at West Point ကနေ MacArthur အောင်မြင်ခဲ့တယ်။


ပထမကမ္ဘာစစ်မှာ MacArthur ဟာ Rainbow Force အဖွဲ့ရဲ့ကြီးကြပ်သူဖြစ်ခဲ့တယ်။ ပြင်သစ်နဲ့ ဂျာမဏီစစ်ပွဲအတွင်းမှာ ဦးဆောင်ညွှန်ကြားမှုကောင်းခဲ့လို့ စစ်ပွဲတွေအောင်နိုင်ခဲ့ပြီး ဆုတံဆိပ်အကြိမ်ကြိမ် ရခဲ့တယ်။ စစ်ပွဲပြီးဆုံးချိန်မှာ သူ့ရာထူးက တပ်မဟာမှူး (Brigadier General) အဆင့်ကို ရောက်နေခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် စစ်ပွဲပြီးလို့ပြည်တော်ပြန်ချိန်မှာ လစာမြင့်တဲ့အလုပ်ကို သူငြင်းပယ်ခဲ့ပြီး မိခင်ကျောင်း Military Academy at West Point ကိုပြန်ပြီး ကျောင်းအုပ်လုပ်ခဲ့တယ်။ အဲဒီနောက် ဖိလစ်ပိုင်မှာသွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၃ဝခုနှစ်မှာ Hoover သမ္မတက သူ့ကို စစ်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တယ်။

၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်စတင်ချိန်မှာ MacArthurဟာ အမေရိကန်စစ်တပ်ရဲ့ Commander-in-Chief အဖြစ် ရာထူးခန့်အပ်ခံရပြန်တယ်။

MacArthur ရဲ့တစ်သက်ဟာ အနိုင်မခံ အရှုံးမပေးဘဲ ကြံ့ခိုင်ခဲ့တယ်လို့ဆိုရမယ်။ တပည့်တွေကို ဆိုဆုံးမရာမှာလည်း မှန်ကန်ဖြောင့်မတ်ခဲ့တယ်။ သူ့ရဲ့နာမည်ကျော်စာဖြစ်တဲ့ "A Father's Prayer" မှာ သူဒီလိုရေးခဲ့ပါတယ်။

Build me a son, O Lord, who will be strong enough to know when he is weak, and brave enough to face himself when he is afraid; one who will be proud and unbending in honest defeat, and humble and gentle in victory.

"ဘုရားသခင်... ကျွန်ုပ်သားတော်ကို ပုံသွင်းပါ။
ကိုယ့်အားနည်းချက်ကို သိနိုင်တဲ့အထိ သူသန်မာကြံ့ခိုင်ပါစေ။
ကြောက်ရွံ့မှုကို ရင်ဆိုင်နိုင်တဲ့အထိ သူသတ္တိရှိပါစေ။
မှန်ကန်တဲ့ ကျရှုံးမှုအောက်မှာ စိတ်ပျက်အားမလျော့သွားပါစေနဲ့။
အောင်ပွဲခံစဉ်မှာ မာန်မာနမရှိဘဲ သိမ်မွေ့နူးညံ့ပါစေ။

Build me a son whose wishbone will not be where his backbone should be; a son who will know Thee and that to know himself is the foundation stone of knowledge.

ကျွန်ုပ်သားတော်ကို ပုံသွင်းပါ။
စိတ်ကူးသာရှိပြီး လက်တွေ့မရှိသူ မဖြစ်ပါစေနဲ့။
သင့်ကို သိနားလည်အောင် လမ်းညွှန်သလို တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကို သိမြင်ခြင်းက အသိဥာဏ်ရဲ့အုတ်မြစ်ဆိုတာ သူသိပါစေ။

Lead him I pray, not in the path of ease and comfort, but under the stress and spur of difficulties and challenge. Here let him learn to stand up in the storm; here let him learn compassion for those who fail.

သူ့အတွက် ကျွန်ုပ်ဆုတောင်းပါရစေ။
ဖိအား၊ အခက်အခဲ၊ စိန်ခေါ်မှုတွေမဟုတ်တဲ့ သက်တောင့်လွယ်ကူတဲ့နည်းကို မတောင့်တဖို့ သူ့ကိုလမ်းညွန်ပါ။
လေပြင်းမုန်တိုင်းကြားမှာ မားမားရပ်နိုင်ဖို့၊ ကျရှုံးသူတွေကို သနားကရုဏာတက်တတ်ဖို့ သင်ယူပါစေ။

Build me a son whose heart will be clear, whose goal will be high; a son who will master himself before he seeks to master other men; one who will learn to laugh, yet never forget how to weep; one who will reach into the future, yet never forget the past.

စိတ်လက်ကြည်လင်ပြီး ရည်ရွယ်ချက်ကြီးမားဖို့ ကျွန်ုပ်သားတော်ကို လမ်းညွှန်ပုံသွင်းပါ။
တစ်ခြားသူကို အမိန့်ပေး မစေခိုင်းခင် ကိုယ့်ကိုယ်အရင် မောင်းနှင်တတ်ဖို့ သူသိပါစေ။
အတိတ်က သင်ခန်းစာကို မမေ့သလို အနာဂတ်ရဲ့စိတ်ကူးအိပ်မက်ကိုလည်း အကောင်အထည်ဖော်နိုင်ပါစေ။

And after all these things are his, add, I pray, enough of a sense of humor, so that he may always be serious, yet never take himself too seriously. Give him humility, so that he may always remember the simplicity of true greatness, the open mind of true wisdom, the meekness of true strength.

Then, I, his father, will dare to whisper, have not lived in vain.

အထက်ကအရာတွေ သူပိုင်ဆိုင်သည့်တိုင် ကျွန်ုပ်ဆုတောင်းပါဦးမည်။
ကိုယ့်ကို လွန်ကဲစိုးရိမ်မနေဘဲ လေးနက်တည်ကြည်အောင် သူ့အား ဟာသဥာဏ်နှင့် ပြည့်စုံပါစေ။ ရိုးသားတဲ့ကြီးမြတ်မှု၊ ပွင့်လင်းတဲ့အသိဥာဏ်၊ သိမ်မွေ့နူးညံ့တဲ့အင်အားကို နားလည်တတ်ဖို့ ကိုယ်ကိုနှိမ့်ချတတ်ပါစေ။ ဒါမှ ဖခင်ဖြစ်တဲ့ကျွန်ုပ် ရှင်သန်ရတာ အချည်းနှီးမဖြစ်ခဲ့ဘူးလို့ အသံနှိမ့်ပြောရဲခဲ့ပါတယ်"

MacArthurဟာ သားအတွက် ဘုရားသခင်ထံ ဆုတောင်းချိန်မှာ ကြီးမားတဲ့အောင်မြင်မှုရဖို့ ဆုမတောင်းခဲ့ပါဘူး။ အခက်အခဲ၊ စိန်ခေါ်မှုကြားက လွတ်ရုန်းတတ်ဖို့နဲ့ ကိုယ့်ကိုယ်ချိုးနှိမ်ပြီး ဟာသဥာဏ်နဲ့ အရာရာကို ရင်ဆိုင်တတ်ဖို့ပဲ ဆုတောင်းမျှော်လင့်ခဲ့ပါတယ်။

မူရင်း... The secret of success inspiring ( D-Man ပြုစုတဲ့ ဝယ်ခဲ့တဲ့စာအုပ်ထဲက ဖြစ်ပါတယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, August 16, 2009

ငှက်နဲ့ငါးတို့ရဲ့အချစ်


ဟိုးရှေးရှေးတုန်းက ငါးတစ်ကောင်နဲ့ ငှက်တစ်ကောင် ချစ်ကြိုက်ခဲ့ကြတယ်။ ဒါပေမယ့် ဘုရားသခင်က သူတို့ကို ထာဝရချစ်သူမဖြစ်နိုင်ဘူး၊ သူငယ်ချင်းတောင် လုပ်ဖို့မသင့်ဘူးလို့ ပြောခဲ့တယ်။ ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လိုပဲချစ်ချစ် ဒီတစ်သက်မှာ သူတို့နှစ်ယောက် အတူပေါင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ခဲ့ဘူး။

ပင်လယ်ရေနဲ့ ဝန်းရံခံထားရတာကို ငါးမနှစ်သက်ခဲ့ဘူး။ ကောင်းကင်အမြင့်ပေါ် လွတ်လွတ်လပ်လပ် နေရတဲ့ခံစားမှုမျိုးကို သူတောင့်တခဲ့တယ်။ ကျယ်ပြန့်တဲ့ ကောင်းကင်မှာ ပျံဝဲရတာကို ငှက်ကမကြိုက်ခဲ့ဘူး။ ရေထဲလမ်းလျှောက်ပြီး ပင်လယ်ရေစွတ်စိုတာကို သူလိုချင်ခဲ့တယ်။

ငါးက ကြိုးစားပြီး ရေပေါ်ခုန်တက်တယ်။ သူတောင့်တတဲ့ ကောင်းကင်ပြာထက် ခုန်တက်တယ်။ ငှက်က ပင်လယ်ထဲ အရှိန်နဲ့ထိုးဆင်းတယ်။ ရေနဲ့ပိုရင်းနှီးတဲ့ ခံစားမှုမျိုးရအောင် ထိုးဆင်းတယ်။ ငါးက တစ်ကြိမ်ပြီးတစ်ကြိမ် ခုန်တယ်။ ဒါပေမယ့် ရေပေါ်ရောက်တာနဲ့ ပြန်ပြန်ပြုတ်ကျတယ်။ တစ်ခါက ကမ်းပေါ်ပြုတ်ကျခဲ့လို့ ဒီရေကြောင့် ပင်လယ်ထဲသူပြန်ရောက်သွားခဲ့တယ်။

ငှက်က ရေနဲ့နီးအောင် အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမယ့် ငှက်မွေးတွေက ရေထိတာနဲ့ စိုခဲ့ရတယ်။ သူငယ်ချင်းရဲ့ အကူအညီကြောင့် အန္တရာယ်က သူလွတ်ခဲ့တာလည်း အကြိမ်မနည်းခဲ့ဘူး။

ငါး လက်မလွတ်ခဲ့ဘူး။ ကောင်းကင်က သူ့ကိုလက်ပြညှို့ငင်နေတယ်လို့ သူထင်တယ်။
ငှက်လည်း လက်မလွတ်ခဲ့ဘူး။ ပင်လယ်ကမှ သူရဲ့နားခိုရာလို့ ထင်နေခဲ့တယ်။
ဒီလိုနဲ့ နီးစပ်ဖို့ သူတို့မပြတ်ကြိုးစားခဲ့တယ်။
ဒါပေမယ့် သူတို့ကနီးစပ်ဖို့ ကြိုးစားလေ၊ သေဆုံးဖို့နီးလေဖြစ်ခဲ့တယ်။


ငါးက ငှက်ကိုပြောတယ်....
"ကောင်းကင်ဟာ နင့်အတွက်ပါ။ ကောင်းကင်ပေါ်မှာပဲ နင်ပျံဝဲသင့်တယ်"


ငှက်က ငါးကိုပြောတယ်...
"ပင်လယ်ဟာ နင့်အတွက်ပါ။ ပင်လယ်ထဲမှာပဲ နင်ကူးခတ်သင့်တယ်"


"တကယ်လို့ ငှက်နဲ့ငါး ချစ်လို့ရတယ်ဆိုရင် ငါတို့ရဲ့အသိုက်ကို ဘယ်မှာလုပ်မလဲ"

ငါးက မျက်ရည်အဝဲသားနဲ့ပြောတော့
ငှက်က .....
"အင်း.. နင့်ကိုငါ အဖြေပေးမယ်" ဆိုပြီး နောက်ဆုံးအကြိမ်အဖြင့် ကောင်းကင်အမြင့်ပေါ် ပျံတက်သွားလိုက်တယ်။


ပြီးတော့ ပင်လယ်ပြင်ဆီ ထိုးဆင်းလိုက်တယ်။
သြော်... ငါးရှိရာဆီ ထိုးဆင်းသွားတယ်ဆိုရင် ပိုမှန်လိမ့်မယ်။
အဲဒီတခဏ ငါးက ပင်လယ်ထက်ဆီ အရှိန်နဲ့ခုန်တက်လိုက်တယ်။
သြော်... ငှက်ကို ကြိုဆိုဖို့ဆိုရင် ပိုမှန်လိမ့်မယ်။
ငှက်နဲ့ငါး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်မိကြတဲ့တခဏ အရာအားလုံး ရပ်တန့်သွားခဲ့တယ်။

ဒီအဖြစ်အပျက်က ဘယ်နှစ်ရာစုက ဖြစ်ပျက်ခဲ့မှန်း လူတွေမသိခဲ့ကြဘူး။
ပြတိုက်တစ်ခုမှာ ငှက်နဲ့ငါး ပွေ့ဖက်နေတဲ့ ရုပ်ကြွင်းကို ချစ်သူနှစ်ဦးရပ်ကြည့်နေတယ်။
ဒီလိုရူးသွပ်တဲ့အချစ်က ငှက်နဲ့ငါးကို နာကျင်စေခဲ့တယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုထဲမှာ ပျော်ရွှင်ခြင်း တစိတ်တဒေသပါခဲ့တယ်။

တကယ်လည်း သူတို့ပျော်ရွှင်ခဲ့ပါတယ်။
လူအများရဲ့ရင်ထဲမှာ သူတို့ဟာသိပ်ချစ်ကြသူအဖြစ် ထင်ကျန်ခဲ့လို့ပါပဲ...

မူရင်း...
飞鸟与鱼的痴恋

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, August 15, 2009

ဒီမိုးနဲ့ ပေါက်ကရအသီးတွေ


ဘာအသီးတွေလဲ မသိဘူး.. ကျွန်မတော့ အသီးဆိုရင် အကုန်စားတာပဲ။ မစားဖူးတဲ့အသီးဆို ပိုစားကြည့်ချင်တယ်။ အပေါ်က အဝါသီးက ပုံထဲကအတိုင်းပဲ။ ခွါလိုက်ရင် အစေးဖြူဖြူလေးတွေ ထွက်လာတယ်။ အသားကပျော့အိအိနဲ့ အမွှာအမွှာလေးတွေ.. နာမည်မခေါ်တတ်ဘူး ဒါပေမယ့် စားလို့ကောင်းတယ်။

ဒီအသီးကို တစ်ချို့က ရေငန်းသီးလို့ ပြောတာပဲ။ ပုံစံက ဘဲငန်းနဲ့တူနေလို့တဲ့။ ကျွန်မက ဒီရောက်မှစားဖူး၊ မြင်ဖူးတယ်။ အခွံက ကြမ်းရှရှနဲ့ မြွေရေခွံနဲ့တူတယ်။ အထဲအသားက ပုံထဲမြင်တဲ့အတိုင်း အဝါရောင်ဖြစ်ပြီး အနံ့ကချဉ်စုပ်ချဉ်စုပ်နဲ့ အရသာက ချဉ်ချိုချိုလေး... တစ်မျိုးပဲ ပြောမပြတတ်ဘူး။ စားလို့တော့ ကောင်းတယ်။

ဒီအသီးကိုတော့ လူတိုင်းမြင်ဖူးကြမယ် ထင်ပါတယ်။ ကျွန်မတို့က ကျွဲဂျိုသီးလို့ခေါ်တယ်။ ပုံစံက ကျွဲဂျိုနဲ့တူနေလို့လေ။ သူကတော့ ပြုတ်ပြီးမှစားရတယ်။ အထဲအသားက အဖြူရောင်ပါ။ ဒီမှာရောင်းတာ မမြင်ဖူးဘူး။ တောင်ကြီးမှာတော့ ပေါတယ်။ ဈေးထဲမှာ အင်းသားတွေ နို့ဆီဗူးနဲ့ ချိန်ရောင်းကြတယ်။ တူမလေးကိုကျွေးတော့ အရောင်မည်းနေလို့ မစားရဲဘူးတဲ့။ အရောင်မည်းရင် အသီးကရင့်ပြီးမာတယ်။ အရသာက စိမ့်စိမ့်လေးပဲ။ တစ်ချို့က ခွါပြီး ဆီ၊ ဆားနဲ့တို့စားကြတယ်။ ဒညှင်းသီးလိုပေါ့...

တစ်နေ့က ဒီတောင်ထိပ်ရောက်သွားသေးတယ်။ မိုးတွင်းဆိုတော့ မြင်မြင်သမျှအားလုံး စိမ်းစိမ်းစိုစိုလေးပဲ။ လေကတဖြူးဖြူးမို့ အရမ်းပူတဲ့ တာချီလိတ်နဲ့ ဘာမှမဆိုင်သလိုပဲ။ တောထဲတောင်ထဲ နေချင်တယ်ဆိုတဲ့ သူတွေကိုတောင် သတိရလိုက်သေးတယ်း) အစီအစဉ်မရှိဘဲ သွားလိုက်တာဆိုတော့ လူများကင်မရာနဲ့ ငှါးရိုက်ခဲ့ရတယ်။

အဲဒီတောင်မှာပဲ လူတစ်ယောက် ဖမ်းလာတဲ့ သားပေါက်လေးပေါ့။ ဘာသားပေါက်လဲ မသိဘူး။ ရှဥ့်လို့ ကျွန်မပြောတော့ သူတို့က မြေခွေးတဲ့။ သနားစရာလေး.. တောထဲပြန်ပို့လိုက်ပြီလို့တော့ ပြောတာပဲ...

ဟိုရောက်ဒီရောက်.. ဟိုစား ဒီစား ပေါက်ကရတွေပါ။ ပေါက်ကရတွေရေးနေတုန်း ခြင်ကိုက်လွန်းလို့ တူမလေးကို မီးခြစ်ယူခိုင်းတော့ သူက သူ့အမေကို "မာမား.. မာမား.. နိုင်းနိုင်းစနေက မီးခြစ်ပေးအုန်းတဲ့"။ ဒီခေတ်ကလေးတွေ မလွယ်ဘူး.. နိုင်းနိုင်းစနေကို သိသွားကြပြီ.. ဟား... ဟား


နိုင်းနိုင်းစနေ


Share/Bookmark

Friday, August 14, 2009

ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့တဲ့ ဆင်းရဲဒုက္ခ


Orison Swett Marden က ဒီလိုပြောခဲ့ဖူးပါတယ်။

"မွေးဖွားရာ ပတ်ဝန်းကျင်၊ နေရာဒေသက အရာရာကို ဆုံးဖြတ်နိုင်ခွင့်မရှိဘူး။ ဘယ်လိုပတ်ဝန်းကျင်မှာပဲ မွေးဖွားခဲ့ပါစေ... ဆင်းရဲဒုက္ခကို ကျော်လွှားနိုင်မှ ကြီးမြတ်တဲ့ အောင်မြင်မှုကိုရမှာဖြစ်တယ်။ သူဌေးသားသမီးတိုင်း ကံကောင်းတယ်လို့ မထင်ကြနဲ့။ တစ်ချို့သူဌေးသားတွေက ငွေကြေးရဲ့ ကျေးကျွန်ဖြစ်ကြရတယ်။ ဥစ္စာပစ္စည်းတွေရဲ့ ဖြားယောင်းမှုကို သူတို့မတွန်းလှန်နိုင်ခဲ့လို့ ဒုက္ခတွင်းနက်ထဲ ကျခဲ့ကြတယ်။ စည်းစိမ်ချမ်းသာမှုနဲ့ ပျော်ပါးကြီးပြင်းလာတဲ့ ကလေးတွေက ဆင်းရဲတွင်းက ကြီးပြင်းရုန်းထလာကြတဲ့ ကလေးတွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ခဲ့ဘူး။ ဆင်းရဲသားကလေးတွေ အထူးသဖြင့် ဆင်းရဲလွန်းလို့ ကျောင်းနေဖို့အခွင့်အရေးတောင် မရှိကြတဲ့ကလေးတွေက အရွယ်ရောက်ပြီးနောက် အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်လာတယ်။ ....... ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးမှာ ချမ်းသာကြွယ်ဝတဲ့ အမွေကို ဆက်ခံနိုင်စွမ်းရှိတယ်"

အမေရိကန်က နာမည်ရှိသူတို့ရဲ့ ကြိုးစားရုန်းကန်တဲ့သမိုင်းကို ပြန်လှန်ကြည့်ရင် အောင်မြင်သူအများစုက ဆင်းရဲသားမိသားစု ကလေးတွေဖြစ်တယ်။

Andrew Carnegie က ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံကဖြစ်တယ်။ Carnegie လုပ်ငန်းစဝင်စ အလုပ်က ဘွိုင်လာအိုးလုပ်သားဖြစ်တယ်။

Fordက လယ်သမားမိသားစုက ပေါက်ဖွားခဲ့သူဖြစ်တယ်။ ဖခင်က Fordကို လယ်သမားတစ်ဦးဖြစ်ဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် တစ်ပြားတစ်ချပ်မှမပါဘဲ မြို့ပေါ်တက် သူအလုပ်ရှာခဲ့တယ်။

HP (Hewlett-Packard Company) ကုမ္ပဏီကို William Hewlett နဲ့ David Packard တို့တည်ထောင်စက သူတို့ရဲ့ရင်းနှီးမြှုပ်နှံငွေက ၅၃၈ ဒေါ်လာဖြစ်ပြီး ကုမ္ပဏီတည်နေရာက သူတို့ရဲ့ကားဂိုဒေါင်မှာဖြစ်တယ်။

အသက်မွေးဝမ်းကျောင်းထဲမှာ သတင်းစာရောင်းတဲ့အလုပ်က စားသာတဲ့အလုပ် မဟုတ်ခဲ့ဘူး။ ဒီအလုပ်ကို လူတစ်ချို့က စားဝတ်နေရေး ဖူလုံဖို့ မျှော်ကိုးခဲ့တယ်။ အမေရိကန်က လူအများလေးစားတဲ့ Edisonကလည်း ငယ်စဉ်ကတည်းက သတင်းစာရောင်းသူဖြစ်ခဲ့တယ်။ (၁ဝ)နှစ် အရွယ်တည်းက Edisonဟာ ဓာတုစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ တစ်ခါကရထားပေါ်မှာ သတင်းစာရောင်းရင်း စမ်းသပ်မှုတစ်ခုကို သူလုပ်ခဲ့တယ်။ အရှိန်နဲ့ရထားကွေ့ချိန်မှာ သူစမ်းသပ်နေတဲ့ အက်စစ်တွေဖိတ်ကျ လွှင့်စင်ပြီး အနံ့ဆိုးတွေထွက်ခဲ့တယ်။ လူတွေရဲ့ ပြစ်တင်ဆဲဆိုတာကို ခံရတဲ့အပြင် ရထားတွဲခေါင်းဆောင်ရဲ့ လက်ဖဝါးဒဏ်နဲ့အတူ ရထားပေါ်က သူမောင်းချခံခဲ့ရတယ်။

ကျွန်ရောင်းဝယ်ရေးစနစ်ကို ချေဖျက်ခဲ့တဲ့ အမေရိကန် (၁၆)ဦးမြောက် သမ္မတလင်ကွန်းဟာ ငယ်စဉ်တည်းက မီးလင်းဖိုရဲ့အလင်းနဲ့ စာတွေကျက်မှတ်ခဲ့ရတယ်။ စာအုပ်တွေဝယ်ယူဖို့အတွက် ကီလိုမီတာ(၇ဝ)နီးပါး သူလမ်းလျှောက်ခဲ့ရတယ်။ ဘာအမွေစားအမွေခံမှ သူမရခဲ့သလို ဘယ်လိုကံကောင်းမှုမျိုးနဲ့မှ သူမကြုံခဲ့ဖူးပါဘူး။ ဒါပေမယ့် သူအောင်မြင်ခဲ့တယ်၊ ရှေ့ဆက်တဲ့သူ့လမ်းတွေ ထွန်းတောက်ခဲ့ရတာက သူရဲ့မဆုတ်မနစ် ကြိုးစားမှုနဲ့ ဖြောင့်မှန်မှုကြောင့်ဖြစ်တယ်။

(၁၇)ဦးမြောက် အမေရိကန်သမ္မတ Andrew Johnson ဟာ ငယ်စဉ်တည်းက အဝတ်ချုပ်ဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ သူဟာ ကျောင်းလဲကောင်းကောင်း တက်ခဲ့ဖူးသူမဟုတ်ဘူး။ ဒါပေမယ့် သစ်သားအိမ်လေးထဲမှာနေပြီး စာမသင်ခဲ့ဖူးတဲ့၊ ဘာအခြေအမြစ်မှ မရှိသူတစ်ဦးက အမေရိကန် ပြည်တွင်းစစ်အတောအတွင်းမှာ သမ္မတဖြစ်လာခဲ့တယ်။ သူရဲ့ပြည့်စုံတဲ့ အလေ့အကျင့်၊ အတွေ့အကြုံကြောင့် တစ်လောကလုံးကို အောင်နိုင်ခဲ့သူဖြစ်ပြီး ကျေးကျွန်ပေါင်း ၄သန်းကို လွတ်ငြိမ်းခွင့်ပေးခဲ့သူဖြစ်တယ်။

တစ်ခါက ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးရှိခဲ့တယ်။ ဖခင်သေဆုံးချိန် အခေါင်းဝယ်စရာ ပိုက်ဆံမရှိခဲ့လို့ အိမ်နီးချင်းတွေက ဝယ်ပေးခဲ့ရတယ်။ ဖခင်သေဆုံးပြီးနောက် မိခင်က ထီးစက်ရုံမှာ တစ်နေ့(၁ဝ)နာရီ အလုပ်ဝင်လုပ်ခဲ့ပြီး အလုပ်ဆင်း အိမ်ပြန်ချိန်မှာတောင် လုပ်စရာအလုပ်တွေ ယူလာတတ်ခဲ့သေးတယ်။

ဒီလိုအခြေအနေမှာ ကြီးပြင်းခဲ့တဲ့သူဟာ တစ်ခါက ဘုရားကျောင်းမှာကျင်းပတဲ့ ဟောပြောပွဲကို တက်ရောက်နားထောင်ခဲ့တယ်။ ဟောပြောပွဲက စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဟောပြောဆရာလုပ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ တစ်ခါသာကြုံခဲ့တဲ့ အတွေ့အကြုံက နောက်တစ်ချိန်မှာ အောင်မြင်ဖို့ သူ့အတွက်လမ်းစဖြစ်ခဲ့တယ်။ အသက် (၃ဝ) မှာ နယူးယောက်လွှတ်တော်အမတ်အဖြစ် သူဝင်ရွေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လွှတ်တော်အမတ်တစ်ဦးရဲ့ တာဝန်နဲ့ဝတ္တရားတွေအတွက် သူပြင်ဆင်ချိန်မရခဲ့ဘူး။

ပညာအဆင့်အတန်း နိမ့်ပါးခဲ့လို့ အလုပ်မှာ အခက်ခဲပေါင်းစုံ သူကြုံခဲ့ရတယ်။ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်၊ အမှုအခင်းတွေကို သူမဖတ်နိုင်ခဲ့ဘူး။ တစ်ချို့စာလုံးတွေကို သူနားမလည်ခဲ့ဘူး။ အဲဒီအတွက် သူနောင်တရ စိတ်ညစ်ခဲ့တယ်။ အလုပ်ကထွက်ဖို့အထိ သူစဉ်းစားခဲ့ပေမယ့် မိခင်ကြောင့် သူအလုပ်မထွက်ဖြစ်ခဲ့ဘူး။ အခက်အခဲကြောင့် နောက်မတွန့်ဖို့၊ နိမ့်ပါးတဲ့ ဗဟုသုတတွေအတွက် စိတ်မကောင်းမဖြစ်ဖို့ တစ်နေ့ကို စာ(၁၆)နာရီဖတ်ပြီး သူ့ကိုယ်သူ နှစ်သိမ့်သင်ကြားခဲ့တယ်။

ကျောင်းပညာ ကောင်းကောင်းမသင်ကြားခဲ့ရတဲ့ ငယ်ဘဝကို သူမေ့ပစ်ခဲ့တယ်။ (၁ဝ)နှစ်လွန်မြောက်ပြီးနောက် Smithဟာ နယူးယောက်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ သြဇာအာဏာရှိသူဖြစ်လာခဲ့တယ်။ နာမည်ကောင်း ဆုတံဆိပ်တွေ မကြာခဏရရှိသူဖြစ်ခဲ့ပြီး (၄)ကြိမ်ဆက်တိုက် နယူးယောက်စတိတ် အုပ်ချုပ်သူအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Oxford တက္ကသိုလ်၊ Colombia တက္ကသိုလ်စတဲ့ တက္ကသိုလ်ပေါင်း ခြောက်ခုက ဘွဲ့တံဆိပ်တွေကို ရရှိခဲ့တယ်။ အောက်ခြေနိုင်ငံရေးသမားဘဝကနေ တစ်နိုင်ငံလုံး လေးစားအားထားတဲ့ နိုင်ငံရေးသမားဖြစ်အောင် သူကြိုးစားခဲ့တယ်။

နယူးယောက်က ပြည်သူလူထု အကြိုက်နှစ်သက်ဆုံးသူအဖြစ် နယူးယောက်တိုင်းမ်မှာ ဖော်ပြခံခဲ့ရသူက Adam Smith ပဲဖြစ်ပါတယ်။

နှစ်ကြိမ်ဆက်တိုက် အမေရိကန်သမ္မတအဖြစ် အရွေးခံခဲ့ရတဲ့ Stephen Grover Cleveland ရဲ့ ငယ်ဘဝက သာမန် အရောင်းဆိုင်ဝန်ထမ်းဖြစ်တယ်။ သူ့ဝင်ငွေက တစ်နှစ်မှာ (၁ဝ)ဒေါ်လာဝန်းကျင်သာ ရှိခဲ့တယ်။ နောက်ပိုင်း သူ့အောင်မြင်မှုကို ခွဲခြမ်းစိတ်ဖြာရာမှာ Cleveland က "ဆင်းရဲခြင်းကဖြစ်လာတဲ့ အာသီသတွေဟာ တကယ့်ကိုအင်အားရှိခဲ့တယ်" လို့ ပြောခဲ့တယ်။

အထက်ကပြောခဲ့တဲ့လူတွေရဲ့ ဘဝအစက ဆင်းရဲခြင်းနဲ့ပဲ စခဲ့ကြတယ်။ ဒါပေမယ့် ကံတရားကို သူတို့အပြစ်မတင်ခဲ့ဘူး။ ဘဝကို မငြီးငြူခဲ့ဘူး။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်ချက်က ရှေ့ဆက်တိုးမယ့်သူတို့အတွက် ခွန်အားတွေဖြစ်ခဲ့တယ်။ နောက်ဆုံး လက်ဗလာနဲ့ စခဲ့တဲ့ဘဝကနေ အောင်မြင်မှုအလံကို ပိုင်ပိုင်နိုင်နိုင် သူတို့ ဆုပ်ကိုင်ထားနိုင်ခဲ့တယ်။

ကြီးမြတ်တဲ့ သူရဲကောင်းတွေ၊ အောင်မြင်သူတွေရဲ့ ဘဝအများစုက ဆင်းရဲသားဘဝက စခဲ့တယ်။ ကံတရားရဲ့ ထိုးနှက်ချက်အောက်မှာ ကြံ့ကြံ့ခံပြီး ခွန်အားတွေကို သူတို့စုခဲ့တယ်။

စပိန်စာရေးဆရာ Miguel de Cervantes ထောင်ထဲမှာ ရေးခဲ့တဲ့ Don Quijote de la Mancha စာအုပ်က နာမည်ကျော်စာအုပ်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဆင်းရဲလွန်းလို့ စာရေးဖို့စက္ကူတောင် မဝယ်နိုင်ခဲ့ဘဲ သားရေချပ်လေးပေါ်မှာ သူရေးခဲ့တာဖြစ်တယ်။ လူတစ်ချို့က သူဌေးတစ်ဦးကိုရှာပြီး သူ့ကိုကူညီဖို့ အကူအညီတောင်းခဲ့ပေမယ့် သူဌေးက "ဒီလိုလူကို ကူညီဖို့ ဘုရားသခင်က ကျွန်တော့်ကိုခွင့်မပြုခဲ့ဘူး။ သူဆင်းရဲနေမှ ဒီလောကကြီး ကြွယ်ဝမှာဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဆင်းရဲသားမိသားစု ဒါမှမဟုတ် ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာသူ လူငယ်တစ်ယောက်မှာ ခိုင်မြဲတဲ့ ရည်ရွယ်ချက်ပန်းတိုင် တစ်ခုရှိမယ်ဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို မတားနိုင်ခဲ့ပါဘူး။

ဆင်းရဲဒုက္ခက ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့နိုင်ခဲ့တယ်။ မိမိကိုယ်ကိုယ်ယုံကြည်သူ၊ သတ္တိရှိသူ၊ ဇွဲရှိသူတွေအတွက် ဆင်းရဲဒုက္ခက သူတို့ရဲ့အစွမ်းအစကို ပိုတောက်ပြောင်စေတယ်၊ ဘဝမီးအိမ်ကို ထွန်းညှိပေးတယ်၊ ရှေ့တိုးမယ့် ဆုံးဖြတ်ချက်နဲ့ ဇွဲလုံ့လကို မောင်းပေးတဲ့ နှင်တံဖြစ်ခဲ့တယ်။

Orison Swett Marden က "ဆင်းရဲဒုက္ခက အားကစားလေ့ကျင့်ခန်းက ကိရိယာတွေနဲ့တူတယ်။ ကျွန်တော်တို့ကို သန်မာအောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့်ဆင်းရဲခြင်းက ကျွန်တော်တို့ တာထွက်ကောင်းအောင် ကြိုးစားလေ့ကျင့်ပေးတဲ့ အကောင်းဆုံးကိရိယာဖြစ်တယ်" လို့ ပြောခဲ့တယ်။

"အခက်အခဲကြားက လွတ်အောင် ကျွန်တော်တို့ ကြိုးစားရုန်းကန်တာက ဆင်းရဲခြင်းရဲ့လွတ်လမ်းဖြစ်သလို အောင်မြင်သူဖြစ်ဖို့ အခြေခံနည်းတစ်ခုဖြစ်တယ်"

"တကယ်သတ္တိရှိသူက ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုခံရလေ ကြိုးစားရုန်းကန်လေဖြစ်တယ်။ အခက်အခဲကို ရင်ဆိုင်နိုင်သူ၊ အတားအဆီးကို လှောင်ရယ်နိုင်သူဖြစ်တယ်။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်တာခံရလေ သူ့စိတ်ဆန္ဒ၊ အရည်အချင်း၊ အင်အားနဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလေဖြစ်တယ်။ ဒီလိုလူမျိုးအတွက် ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို ဘယ်လိုကံကြမ္မာ၊ ဘယ်လိုအခက်အခဲကမှ တားဆီးထားနိုင်မှာ မဟုတ်ပါဘူး"

မူရင်း... The secret of success inspiring ( D-Man ပြုစုတဲ့ ဝယ်ခဲ့တဲ့စာအုပ်ထဲက ဖြစ်ပါတယ်။ ခုတစ်လော ဒီစာအုပ်ကိုပဲ ဖတ်ဖြစ်နေတယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, August 13, 2009

ကွက်လပ်လေး...


"ဆရာမ.. ဆရာမ"

ခေါ်သံကြောင့် စာသင်တာကို ခဏရပ်ပြီး တံခါးဝဆီ ကျွန်မလျှောက်သွားလိုက်တယ်။

"ဆရာမ.. ကျောင်းသားသစ်လာအပ်တယ်"

ရုံးခန်းတာဝန်ကျဆရာမက ပြောပြောဆိုဆို ကျောင်းသားသစ်ဆိုတဲ့ ကျောင်းသားကို ထားခဲ့ပြီး ထွက်သွားခဲ့တယ်။

"လာ..." တံခါးဝဘေးမှာ ခပ်ယို့ယို့ရပ်နေတဲ့ ကျောင်းသားသစ်ကို ကျွန်မပြုံးပြပြီးခေါ်လိုက်တယ်။ ဒါပေမယ့် ကျွန်မရဲ့အပြုံးက ပြည့်ပြည့်ဝဝ မပြုံးနိုင်ဘဲ လမ်းတစ်ဝက်မှာတင် ထိတ်ခနဲအသွင်ကို ပြောင်းသွားခဲ့တယ်။ ခေါင်းငုံ့ပြီး အခန်းထဲ တရိုတသေဝင်လာတဲ့ သူကိုကြည့်ပြီး တစ်ခြားကျောင်းသားတွေလည်း ကျွန်မလိုပဲ လန့်သွားပုံရတယ်။ သူ့အတွက် ထိုင်ခုံနေရာကို ကျွန်မရှာတော့ ကျောင်းသားတစ်ချို့က ကိုယ့်နေရာကို ချဲ့ပြီးထိုင်လိုက်ကြတယ်။ တစ်ချို့ကျောင်းသားရဲ့ မျက်နှာပေါ်မှာ ကိုယ့်ဘေးမှာမထိုင်ပါစေနဲ့ဆိုတဲ့ စိုးရိမ်မှုမျိုး ထင်ဟပ်နေခဲ့တယ်။ ကလေးပီပီ မနှစ်မြို့တာကို သူတို့ဟန်ဆောင်ထိန်းမထားတတ်ကြလို့ ရင်ထဲဖြစ်နေတဲ့ ဆန္ဒတွေက သူတို့မျက်နှာပေါ်မှာ အထင်းသားပေါ်နေခဲ့တယ်။ နောက်တော့ သူ့ကို ဘေးခုံဒုတိယတန်းနေရာမှာ ကျွန်မနေရာပေးလိုက်တယ်။

သူကြည့်ရတာ အသက် ၁ဝနှစ် ၁၁ နှစ်လောက်ရှိမယ်။ အသားလတ်လတ်၊ ဆံပင်က နီကြောင်ကြောင်၊ ဝတ်ထားတဲ့ အဝတ်အစားက ဟောင်းနွမ်းနေတဲ့အပြင် ဂျီးတွေနဲ့ ညစ်ပတ်နေတယ်။ ကျွန်မအခန်းက ကျောင်းသားလေးတွေက ဆင်းရဲချမ်းသာ၊ အဆင့်အတန်း ခွဲခြားတတ်တဲ့အရွယ် မဟုတ်သေးတာကြောင့် သူဒီလို ညစ်ပတ်ပေရေနေတာကို ကြည့်ပြီး ကြောက်ခဲ့ကြပုံမရပေမယ့် ကန်းနေတဲ့ သူ့မျက်လုံးတစ်ဖက်ကိုကြည့်ပြီး ကြောက်ခဲ့ကြပုံရတယ်။ တကယ်လည်း သူ့မျက်လုံးတစ်ဖက်က အတွင်းထဲချိုင့်ဝင်နေပြီး အောက်မျက်ခွံက နီနီရဲရဲနဲ့ အပြင်ကိုလှန်ထွက်နေတယ်။ ကြည့်ရတာ မျက်လုံးတစ်လုံးလုံး ထုတ်ထားပုံရပြီး နှာခေါင်းရိုးပါ ပြားချပ်နေခဲ့တယ်။

"နာမည် ဘယ်လိုခေါ်လဲ"

"အိုက်စိုင်းပါ ဆရာမ"

တစ်ခုတည်းရှိတဲ့ မျက်လုံးတစ်ဖက်နဲ့ ကျွန်မကိုကြည့်ပြီး သိမ်သိမ်ငယ်ငယ် သူပြန်ဖြေတယ်။

"ဘယ်မှာနေလဲ"

"လဲချားမှာနေပါတယ်"

"အော်.. အဝေးကြီးပဲ.. ဒီမှာ ဘယ်သူနဲ့နေလဲ? အဖေ၊ အမေရော"

ဆရာမပီပီ ကျောင်းသားတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို ကျွန်မမေးမိတယ်။

"အစ်ကိုနဲ့ နေပါတယ်။ အဖေ အမေ မရှိတော့ဘူး ဆရာမ"

မေးခွန်းတွေကို ကျွန်မဆက်မမေးခဲ့တော့ဘူး။ သူ့အဖြေတစ်ချို့နဲ့ ဟောင်းနွမ်းနေတဲ့ သူ့ပုံစံက ကျွန်မကို မေးခွန်းတွေ ဆက်မေးစရာမလိုအောင် သဘောပေါက်စေခဲ့ပါတယ်။ မိဘဆုံးလို့ ခိုကိုးရာမဲ့သူ့ကို အစ်ကိုက ခေါ်ယူထားပုံရတယ်။ ကြည့်ရုံနဲ့တင် ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာမှန်းသိတဲ့သူ့ကို ဘာလို့ဒီအသက်အရွယ်ရောက်မှ သူငယ်တန်းတက်ရတာလဲလို့ ကျွန်မ မမေးခဲ့မိတော့ဘူး။

စာသင်တိုင်း အိုက်စိုင်းကို ကျွန်မ မသိမသာကြည့်မိတယ်။ သင်သမျှစာကို တကုပ်ကုပ်နဲ့ သူလိုက်ရေး၊ လိုက်ဆိုတတ်တယ်ဆိုပေမယ့် သူ့ပုံစံက ငေးငေးငိုင်ငိုင်နဲ့ မတက်ကြွခဲ့ဘူး။ တစ်ခြားလူနဲ့မတူတဲ့ အသွင်အပြင်၊ အားနည်းချက်ကြောင့် သူသိမ်ငယ်နေပုံရတယ်။ ဒါကြောင့် တစ်ခြားကျောင်းသားတွေနဲ့ ဝင်ဆန့်လာအောင် သူ့ကို မကြာခဏနေရာ ရွေ့ပြောင်းပေးတယ်။ တစ်ခြားကျောင်းသားတွေနဲ့ အမှိုက်အတူ သွားသွန်ခိုင်းတယ်။ ကျိုးသွားတဲ့ ကျောင်းသားတွေရဲ့ခဲတံတွေ သူ့ကိုချွန်ခိုင်းတယ်။ တဖြေးဖြေး သူ့ကိုခပ်ရှိန်းရှိန်းဖြစ်နေတဲ့ ကျောင်းသားတွေ သူ့ကိုခေါ်ခေါ်ပြောပြော ရှိလာခဲ့တယ်။ ခင်မင်လာခဲ့တယ်။ ဒါပေမယ့် ညစ်ပေပေ သူ့ပုံစံက ပြောင်းလဲမသွားခဲ့ဘူး။

တစ်နေ့ မုန့်စားဆင်းချိန်မှာ သူမရေးတတ်တဲ့ စာလုံးတစ်လုံးကို ကျွန်မရေးသင်ပေးနေခဲ့တယ်။ သူနဲ့နီးနီးကပ်ကပ် ထိုင်မိမှ သူ့ဆီက ချဉ်စုပ်စုပ်အနံ့ကို ကျွန်မရှုမိတယ်။ စာရေးနေတဲ့ သူ့လက်တွေကို ကျွန်မသေချာကြည့်မိတယ်။ သူ့လက်မောင်းနှစ်ခုလုံး ဒဏ်ရာ၊ အမာရွတ်တွေနဲ့ ပြည့်နေခဲ့တယ်။

"ဒါ.. ဘာတွေလဲ အိုက်စိုင်း"

သူ့လက်ပေါ်က အမာရွတ်တွေကို ထိုးပြရင်း ကျွန်မမေးတယ်။

"ငယ်ငယ်တုန်းက အနာပေါက်တာ ဆရာမ"

"ဒါ အနာပေါက်တဲ့အရာနဲ့ မတူဘူးဘဲ။ ရှရာလိုလို၊ ကုတ်ရာလိုလိုနဲ့ ဘာဖြစ်ခဲ့တာလဲ"

ကျွန်မအမေးကို သူမဖြေခဲ့တော့ဘူး။ တစ်လုံးတည်းသာရှိတဲ့ မျက်လုံးနဲ့ ဟန်ဆောင်တာတွေကို သူဖုံးကွယ်ထားချင်ပုံရတယ်။ သူ့ကို ကျွန်မသေချာကြည့်မိတယ်။ နုငယ်တဲ့ သူ့မျက်နှာပေါ်မှာ အပြစ်ကင်းမှုအစား ကြောက်ရွံ့ထိတ်လန့်မှု၊ ဝမ်းနည်းအားငယ်မှုတွေ ပြည့်နေခဲ့တယ်။

"မျက်စိက ဘယ်လိုဖြစ်ရတာလဲ အိုက်စိုင်း"

ကွယ်နေတဲ့ မျက်လုံးပေါ်မှာ တွယ်ကပ်နေတဲ့မျက်ချေးကို တစ်ရှုးစက္ကူနဲ့ အသာအယာသုတ်ပေးရင်း ကျွန်မမေးလိုက်တယ်။ စာရေးတာကို ခဏရပ်ပြီး ကျွန်မကို သူစိုက်ကြည့်နေတယ်။ တစ်ခုခုကို ပြောမယ့်ဟန်ပြင်ပြီးမှ "မွေးကတည်းကဖြစ်တာ ဆရာမ" လို့ဖြေပြီး စာတွေပဲ သူကုန်းရေးနေခဲ့တယ်။

အဲဒီနေ့က ကျောင်းကိုကျွန်မစောစော ရောက်သွားခဲ့တယ်။ ဝရန်တာမှာ ကျောင်းသားတစ်ချို့ ဆော့ကစားနေကြတယ်။ အိုက်စိုင်းကိုတွေ့လို့ ကျွန်မလှမ်းခေါ်လိုက်တယ်။

"အိုက်စိုင်း .. ခဏလာခဲ့.. မနေ့က ဘာလို့ကျောင်းမတက်တာလဲ"

"နေမကောင်းလို့ ဆရာမ"

"ဘာဖြစ်လို့ နေမကောင်းတာလဲ? ပြစမ်း.. ဒါတွေက ဘာတွေလဲ?"

လက်မောင်းပေါ်မှာ နီနီရဲရဲ အရှိုးရာတွေကို ထိုးပြရင်း ကျွန်မမေးတယ်။

"ချော်လဲတာပါ.. ဆရာမ"

ဘယ်လိုမှ ယုံနိုင်စရာ မကောင်းတဲ့စကားလုံးတွေ အပြစ်ကင်းတဲ့ သူနှုတ်ခမ်းက ထွက်ကျလာခဲ့တယ်။

"ချော်လဲရင် ဒီလိုဖြစ်မလား? ပြစမ်း.. ပြစမ်း..."

သူ့ကျောကအင်္ကျီကို ကျွန်မလှန်ကြည့်လိုက်တယ်။ ကျောပေါ်မှာလဲ အရှိုးရာတွေ အစင်းလိုက် အစင်းလိုက်၊ တစ်ချို့အရာတွေက ညိုမဲနေခဲ့တယ်။ ခြေထောက်တွေပါ ကျွန်မလှန်ကြည့်လိုက်တယ်။ ခြေသလုံး၊ ပေါင်တွေမှာလည်း ညိုမဲနေတဲ့အစင်းရာတွေ အပ်ချစရာတောင် မရှိခဲ့ပါဘူး။

"ဘယ်သူရိုက်တာလဲ အိုက်စိုင်း.. ဆရာမကို ပြောပြ.. ဒါတွေက ချော်လဲတာနဲ့ မတူဘူး။ ဆရာမကို ပြောပြ"

"ဘယ်သူမှ မရိုက်ဘူး... တကယ်ချော်လဲတာပါ ဆရာမ"

တုန်ရီတဲ့အသံက လိမ်ညာနေတဲ့ သူ့စကားတွေကို ဖုံးမထားနိုင်ခဲ့ဘူး။

"ဆရာမကို အမှန်အတိုင်းပြောပြနော် အိုက်စိုင်း"

"သူ့အစ်ကို ရိုက်တာတဲ့ ဆရာမ.. သံကြိုးနဲ့ရိုက်တယ်လို့ ကျွန်တော့်ကို သူပြောပြတယ်"

"ဘာဖြစ်လို့ ရိုက်တာလဲ အိုက်စိုင်း"

"နေ့လယ်ထမင်း ပြန်မစားလို့တဲ့ ဆရာမ"

မဖြစ်နိုင်တဲ့ ဆင်ခြေစကားလုံးတွေ အိုက်စိုင်းနှုတ်ခမ်းက ထွက်ကျလာခဲ့ပြန်တယ်။ ထမင်းပြန်မစားတဲ့ ကလေးငယ်တစ်ယောက်ကို သံကြိုးနဲ့ရိုက်တဲ့ ရက်စက်မှုမျိုး မရှိလောက်ဘူးထင်ပါတယ်။

"ထမင်းပြန်မစားတာနဲ့ ဒီလိုရိုက်ရသလား?"

ဒဏ်ရာတွေကို ပွတ်သပ်ပေးရင်း ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ သူ့မျက်နှာကို လှမ်းကြည့်တော့ တစ်လုံးတည်းသာရှိတဲ့ မျက်လုံးမှာ မျက်ရည်တွေရစ်ဝဲနေခဲ့တယ်။ ငိုတာတောင် မျက်လုံးနှစ်ဖက်နဲ့ မျက်ရည်တွေ ဝဝလင်လင် စီးကျခွင့်မရတဲ့သူ့ဘဝမှာ ဆင်းရဲဒုက္ခတွေက အရိပ်လိုကပ်ငြိနေခဲ့တယ်။
အသက်အရွယ်နဲ့ မလိုက်အောင် မညှာမတာ ရက်ရက်စက်စက် ရိုက်နှက်ရအောင် သူဘာအမှားတွေ လုပ်ခဲ့လဲ? ဘယ်လိုအပြစ်တွေအတွက် သူ့ကို ဒီလိုဒဏ်ခတ်ရသလဲဆိုတာကို ကျွန်မ မသိခဲ့ပါဘူး။

ပြဿနာတစ်ခုရဲ့ အဖြေကိုကျွန်မရှာနေဆဲမှာ အိုက်စိုင်းတစ်ယောက် ကျောင်းလာမတက်ခဲ့တော့ပါဘူး။
ကျွန်မရင်ထဲမှာ သူနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ကွက်လပ်မဖြည့်နိုင်သေးခင်၊ သူ့ရင်ထဲ စိတ်အနာတရတွေကို ကျွန်မ ကုမပေးနိုင်သေးခင်၊ သူလိုအပ်နေတဲ့ နွေးထွေး၊ ကြင်နာမှုတွေ မဖြည့်ပေးနိုင်သေးခင်မှာ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ အိုက်စိုင်းထွက်သွားခဲ့ပါတယ်။ ခုတော့ သူထိုင်ခဲ့တဲ့ ထိုင်ခုံကွက်လပ်လေးကိုကြည့်ရင်း ဘယ်ဆီကိုရောက်နေမှန်း မသိတဲ့ အိုက်စိုင်းတစ်ယောက်ကို ကျွန်မသတိရနေမိတယ်။ အိုက်စိုင်းတစ်ယောက် နေကောင်းကျန်းမာပါစေလို့ပဲ ကျွန်မဆုတောင်းပေးနိုင်ခဲ့ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark