“ဝုန်း...”
“ကျီ”
“ဒုံးးးးးး”
အိမ်ရှေ့မှာ အဲဒီလိုအသံကြားရင် ပြေးမကြည့်ဘဲ ဆိုင်ကယ်တိုက်ပြီဆိုတာကို တပ်အပ်ပြောနိုင်ပါတယ်။ တာချီလိတ်မှာ ဘာများသလဲ မေးရင် (၁) ဆိုင်ကယ်များတယ်၊ (၂) ချိုင့်ခွက်များတယ်၊ (၃)... များတယ်။
တာချီလိတ်မြို့က အိမ်တိုင်းမှာ အနည်းဆုံးတော့ ဆိုင်ကယ်တစ်စီးစီရှိကြတယ်။ ချမ်းသာတဲ့အိမ်တွေမှာတော့ လူစေ့ပေါက် ဆိုင်ကယ်ရှိသလား ထင်ရလောက်အောင် တာချီလိတ်မြို့မှာ ဆိုင်ကယ်များပါတယ်။ ဆိုင်ကယ်တွေကလည်း အမျိုးမျိုးရှိတယ်။ ဓာတ်အားသွင်းစီးကြတဲ့ စက်ဘီးလိုလို၊ ဆိုင်ကယ်လိုလိုဟာမျိုး၊ သုံးဘီးဆိုင်ကယ်၊ တက္ကစီဆိုင်ကယ် စတာတွေနဲ့ တာချီလိတ်ရဲ့ ချိုင့်ခွက်များတဲ့ မင်းလမ်းပေါ်မှာ ဆိုင်ကယ်တွေက နေ့နေ့ညည ဥဒဟိုသွားလာနေကြတယ်။
ဆိုင်ကယ်များတဲ့ တာချီလိတ်မြို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းရှိသလားလို့မေးရင် ရှိတယ်လို့ဖြေပါတယ်။ ကြာကြာတစ်ခါ လမ်းဆုံလမ်းခွမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေကို စစ်ဆေးပြီး ဒဏ်ငွေဆောင်စေတာကလွဲလို့ လူလိုင်စင်၊ ဆိုင်ကယ်လိုင်စင်တွေ စစ်ဆေးတာ မရှိခဲ့ဖူးပါဘူး။ ရှိခဲ့ရင်လည်း အချင်းချင်း ခေါင်းပုတ်ပြပြီး ရှောင်လွှဲသွားကြတာများတယ်။ ကြာကြာမှတစ်ခါ စစ်ဆေးမှုတွေရှိတာကြောင့် တာချီလိတ်မှာ ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းကြတဲ့လူတွေများတယ်။ တာချီလိတ်နေက ပူပြင်းတာကြောင့် ဆိုင်ကယ်ဦးထုပ်အစား ထီးဆောင်းကြတယ်။ ထီးတစ်ဘက်နဲ့ ချိုင့်ခွက်များတဲ့လမ်းမှာ ဆိုင်ကယ်တွေက ဘယ်ယိုင်ညာယိုင်.... ဒီကြားထဲ ဆိုင်ကယ်စီးရင်း ဖုန်းလေးနဲ့ရှက်ကို့ရှက်ကန်း စကားလေးပြောကြတော့....

တောင်ကြီးမှာလည်း ဆိုင်ကယ်များပါတယ်။ တောင်ကြီးတင်မကပါဘူး.. မြန်မာပြည်အနှံ့ နေရာတကာ ဆိုင်ကယ်ပေါပါတယ်။ ဆိုင်ကယ်က လမ်းဆိုး၊ လမ်းကောင်း၊ သွားရလာရတာလည်း အဆင်ပြေ မြန်ဆန်တာကြောင့် အိမ်တိုင်းလိုလိုမှာ ဆိုင်ကယ်ရှိကြတယ်။
တောင်ကြီးမှာ ဟိုးအရင်ကျွန်မတို့ ကျောင်းတက်ကတည်းက မကြာခဏဆိုသလို ဆပ်ပလိုင်းချက်တွေရှိတယ်။ မင်းလမ်းတစ်လျှောက် ယာဉ်ထိန်းရဲတွေရှိတယ်။ ဦးထုပ်စစ်တဲ့အပြင်၊ လူလိုင်စင်၊ ဆိုင်ကယ်လိုင်စင် စစ်တယ်။ စစ်ပေမယ့်လည်း တစ်ခါခါ ဘောင်အတွင်းမှာ မနေချင်ကြတဲ့ လူငယ်တစ်ချို့က ဦးထုပ်မပါဘဲ စီးတယ်၊ သုံးယောက်တွဲစီးတယ်။ ယာဉ်ထိန်းရဲလိုက်ဖမ်းရင် လူပြတ်တဲ့ဘက်မောင်းပြေးတယ်။ လူပြတ်တဲ့ဘက်ဆိုတော့ ယာဉ်ထိန်းရဲပေါက်စတွေက ဆက်မလိုက်ရဲတော့ဘူး။
ဒီတစ်ခေါက် တောင်ကြီးပြန်တော့ ယာဉ်ထိန်းရဲတွေ အရင်ကထက်ပိုများလာတာကို သတိထားမိတယ်။ ဆိုင်ကယ်တွေကလည်း အရင်ကထက် များလာလို့ဖြစ်မယ်။ လမ်းဆုံလမ်းထောင့်၊ ရပ်ကွက်တစ်ချို့မှာ ယာဉ်စည်းကမ်း မလိုက်နာသူတွေကို စောင့်ဖမ်းနေတာ တွေ့ခဲ့ရတယ်။ ယာဉ်ထိန်းရဲတွေ များလာလို့ပဲလား! လူတွေကပဲ ယာဉ်စည်းကမ်းလိုက်နာကြလို့လား! ဒါမှမဟုတ် ပေးတဲ့အပြစ်တွေကိုက ကြီးလေးနေလို့လားမသိဘူး.. တောင်ကြီးမှာ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းလာကြတယ်။ ပေးတဲ့အပြစ်ကိုလည်း ကြည့်လေ... ဦးထုပ်မပါရင် လူကို အချုပ် (၇)ရက်ချပြီး ဆိုင်ကယ်ကို တစ်လသိမ်းသတဲ့...
“ဝုန်း...”
“ကျီ”
“ဒုံးးးးးး”
တာချီလိတ်မြို့မှာ ဒီလိုအသံကြားရင် ပြေးမကြည့်နဲ့ တွေးကြည့်ရင် ပိုမှန်လိမ့်မယ်။ ဆိုင်ကယ်အချင်းချင်း တိုက်လို့၊ ဆိုင်ကယ်နဲ့ ပလက်ဖောင်းတိုက်လို့၊ ဆိုင်ကယ်နဲ့ စက်ဘီးတိုက်လို့... တာချီလိတ်မှာ ဘာများသလဲမေးရင် ထီးဆောင်းပြီး ဆိုင်ကယ်စီးတဲ့လူများတယ်၊ ဖုန်းပြောရင်း ဆိုင်ကယ်စီးတဲ့လူ များတယ်ဆိုရင် ပိုမှန်လိမ့်မယ်။
နိုင်းနိုင်းစနေ