Thursday, October 15, 2009

ရွာခြံ


အရင်လ တောင်ကြီးပြန် ရွာပြန်တုန်းက ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ အဲဒီတုန်းက မိုးတွင်းဆိုတော့ လယ်တွေခြံတွေထဲက မြင်သမျှအရာအားလုံးက စိမ်းစိမ်းစိုစို၊ ပြောင်းဖူးခုတ်ပြီးချိန်မို့ ခြံထဲမှာ မုန်ညှင်းပင်လေးတွေ ပျိုးထားကြပြီ။ မုန်ညှင်းပင်တွေ အနေတော်ကြီးလာရင် အသင့်လုပ်ထားတဲ့ မြေကွက်လပ်ဆီ ပြောင်းစိုက်ကြရပြီ။ ခြံထဲရောက်တိုင်း နေပူကြီးထဲမှာ ခမောက်လေးဆောင်းပြီး တစ်ကုပ်ကုပ် အလုပ်လုပ်တတ်ခဲ့တဲ့ အမေ့ပုံရိပ်ကို မြင်ယောင်စေတယ်...

ခုတ်ပြီးသား ပြောင်းဖူးရိုးခြောက်တွေ ဒီလိုစုပုံထားတာကလည်း ရှုခင်းတစ်မျိုးလို့ဆိုရမယ်။ ပြောင်းဖူးကတစ်ပင်လုံး အသုံးဝင်လှတယ်။ ပြောင်းဖူးမသီးခင် လူတွေက ပြောင်းဖူးပင်အောက်ခြေက အရွက်တွေကို ခူးခူးပြီး နွားကျွေးကြတယ်။ ပြောင်းဖူးသီးတွေ ရင့်မှည့်လာပြီဆို ပြောင်းဖူးခွံကို ဆေးပေါ့လိပ်အတွက် သုံးကြပြီး ပြောင်းဖူးကိုတော့ ကုန်ကြမ်း၊ ကုန်ချောအဖြစ်နဲ့ လူ၊ တိရစ္ဆာန်တွေအတွက် အစာလုပ်ကြတယ်။ အစေ့ထွင်ပြီးသား ပြောင်းဖူးအူတိုင်ကိုတော့ (ရွာမှာ)ထင်းအဖြစ် သုံးကြတယ်။ ခြောက်သွားတဲ့ ပြောင်းဖူးပင်တွေကိုတော့ အခုလိုစုပုံ မီးရှို့ပြီး လယ်၊ ခြံတွေအတွက် မြေသြဇာလုပ်ကြတယ်။ ပြောင်းဖူးအမွေးကိုလည်း တချို့က အခြောက်ခံပြီး ဆေးမီးတိုအနေနဲ့ ပြုတ်သောက်ကြတယ်။

ဒါကတော့ ကျွန်မတို့အင်းသားအခေါ် ရေခလောက်ပေါ့။ (မမြင်ဖူးဘူးဆိုလို့..) ဗမာလိုတော့ ဘယ်လိုခေါ်တယ် မသိပါဘူး။ စီးနေတဲ့ချောင်းကိုပိတ်ပြီး ဝါးလုံး ဒါမှမဟုတ် ဝါးခြမ်း၊ သံပိုက်တွေနဲ့ အခုလိုထိုးပြီး ရေစီးစေတဲ့အရာပေါ့။ စီးကျတဲ့ရေအောက်မှာ ကျွန်မတို့ အဝတ်လျှော်၊ ရေချိုးကြတယ်။ ကျွန်မတို့ငယ်ငယ်က ရေချောင်းသေးတွေမှာ ငှက်ပျောပင်ကိုခွါပြီး ရေခလောက်အသေးစားလုပ် ကစားခဲ့ကြတယ်။ အရင်အဘိုးရှိတုန်းက ရေခလောက်ဟာ အခုလို ပုံမှာမြင်ရတဲ့အတိုင်း မသပ်မရပ် အသေးစားလေးမဟုတ်ခဲ့ဘူး။ အဲဒီတုန်းက ရေခလောက်က ကျယ်ကျယ်ဝန်းဝန်း၊ အဝတ်လျှော်၊ ရေချိုးဖို့ သစ်တုံးကြီးတွေ စီစီရီရီနဲ့ သံပိုက်လုံးကြီးထဲက ရေတွေတစ်ဝေါဝေါ စီးကျခဲ့တာပေါ့။ ခုတော့ အရာအားလုံးက သင်္ခါရတရားဖြစ်သွားခဲ့ပါပြီ။

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, October 14, 2009

အဖိုးရှိဆုံးအရာ အခမဲ့


ဒီလောကမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ အခမဲ့တွေဆိုတာ ယုံနိုင်မလား?

နေရောင်ခြည်... အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်မတို့သုံးစွဲခဲ့တဲ့ နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။

လေ.... အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။ ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက် တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့ လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။

မိသားစုသံယောဇဉ်..
အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။ ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ “ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ် လွှမ်းခြုံနေမှာဖြစ်တယ်။

သူငယ်ချင်းသံယောဇဉ်.... အခမဲ့ဖြစ်တယ်။ ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊ ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊ ပုခုံးတစ်ဖက်ကို ငှားပေးသူ၊ ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို ငွေပေးချေစရာ မလိုခဲ့ပါဘူး။

ချစ်ခြင်းမေတ္တာ.... အခမဲ့ဖြစ်တယ်။ ပြင်းပြတဲ့ ခံစားချက်၊ တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ မိုးလေသမျှ သည်းထန်တဲ့ချစ်ခြင်း၊ အနှိုင်းမဲ့ တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက ယုံကြည်ကိုးစားသူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူလို့ မရနိုင်ပါဘူး။ ဘာနဲ့မှလည်း အဖိုးမဖြတ်နိုင်ပါဘူး။

ပန်းတိုင်... အခမဲ့ဖြစ်တယ်။ ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ဖြစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ် ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ ပန်းတိုင်တွေထားခွင့်ရှိကြတယ်။ အဲဒီပန်းတိုင်က ကြီးမားမြင့်မြတ်နိုင်သလို ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဆန္ဒရှိသလို ပိုင်ဆိုင်နိုင်ပါတယ်။

နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်.... စတာတွေလည်း ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင် အလိုရှိတဲ့အတိုင်း ရနိုင်မှာဖြစ်တယ်။

ဘုရားသခင်၊ လောကကြီးကို မတရားဘူးလို့ ကျိန်ဆဲမနေပါနဲ့... ဘုရားသခင်က လူသားတိုင်းအပေါ် မျှတခဲ့ပါတယ်။ လူသားတိုင်းအပေါ် အဖိုးတန်ဆုံးအရာတွေကို အခမဲ့ ညီတူညီမျှ ခွဲဝေပေးခဲ့တယ်။ အဲဒီအဖိုးတန်အရာတွေကို ကိုယ်ဘယ်လို တန်ဖိုးရှိရှိ အသုံးချနိုင်မလဲဆိုတဲ့အပေါ်ပဲ မှုတည်ခဲ့ပါတယ်။

မူရင်း--- အဖိုးရှိဆုံးအရာ အခမဲ့ (
最珍贵的东西是免费的) http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, October 13, 2009

ပတ်ဝန်းကျင်ကြောင့် မပြောင်းလဲစေချင်


အိမ်ထောင်မကျခင်က ဆိုကရေးတီးဟာ မိတ်ဆွေတွေနဲ့ အခန်းကျဉ်းတစ်ခုမှာ အတူနေခဲ့ကြတယ်။ အခန်းကျဉ်းပေမယ့် ဆိုကရေးတီးက နေ့နေ့ညည သူ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တယ်။

မိတ်ဆွေတစ်ဦးက “ကိုယ်လှည့်စရာမရှိအောင် ကျပ်ညှပ်တဲ့အခန်းကျဉ်းထဲမှာ ပျော်အောင် ဘယ်လိုနေသလဲ” လို့ မေးခဲ့တယ်။


“မိတ်ဆွေတွေနဲ့ အတူနေရတော့ အချိန်မရွေး အတွေးအခေါ်၊ ခံစားချက်တွေမျှဝေနိုင်တယ်။ ဒါဟာ ပျော်စရာကောင်းတဲ့အရာတွေပဲ မဟုတ်လား” လို့ ဆိုကရေးတီးက ပြန်ဖြေတယ်။

အဲဒီနောက် မိတ်ဆွေတွေ အသီးသီး အိမ်ထောင်ကျကုန်ပြီး အိမ်ကထွက်သွားခဲ့ကြတယ်။ နောက်ဆုံး အခန်းကျဉ်းထဲမှာ ဆိုကရေးတီးတစ်ဦးပဲ ကျန်ခဲ့တယ်။ ဒါပေမယ့် နေ့ရက်တွေကို သူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တယ်။

“တစ်ယောက်တည်း အထီးကျန်နေတာတောင် ပျော်အောင်ဘယ်လိုနေသလဲ” လို့ အဲဒီမိတ်ဆွေက မေးတော့

“ကျွန်တော့်မှာ စာအုပ်တွေအများကြီးရှိတယ်။ စာအုပ်တစ်အုပ်က ကျွန်တော့်အတွက် ဆရာတစ်ဦးပဲ။ ဒီလောက်ဆရာအများကြီးနဲ့ အတူနေရပြီး သူတို့ပြောဆိုသမျှ လိုက်မှတ်ရတာ ပျော်စရာကောင်းပါတယ်” လို့ ဆိုကရေးတီးက ဖြေခဲ့တယ်။

နှစ်အနည်းငယ်ကြာပြီးနောက် ဆိုကရေးတီးလည်း အိမ်ထောင်ကျသွားခဲ့တယ်။ အိမ်ထောင်ကျပြီး အိမ်ကြီးတစ်အိမ်ထဲ သူတို့ပြောင်းရွေ့ခဲ့ကြတယ်။ အိမ်ကြီးက (၇)ထပ်ရှိပြီး သူတို့ကအောက်ထပ်မှာနေကြတယ်။ အောက်ထပ်က အညစ်ပတ်ဆုံး၊ အဆူဆုံး၊ မလုံခြုံဆုံးဖြစ်တဲ့အပြင် အပေါ်က အညစ်အကြေး၊ အမှိုက် စတာတွေ မကြာခဏ အပစ်ချခံရတယ်။ ဒါတောင်ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့ ဆိုကရေးတီးကိုမြင်တော့ မိတ်ဆွေက “ဒီလိုအခန်းမျိုးမှာတောင် ပျော်ရွှင်အောင် ဘယ်လိုနေနိုင်သလဲ” လို့ မေးပြန်တယ်။

“အောက်ဆုံးထပ်က အဆင်ပြေတယ်။ ဝင်လိုက်တာနဲ့ အိမ်ပဲ၊ ပစ္စည်းအတင်အချ လွယ်ကူတယ်။ မိတ်ဆွေတွေလာရင်လည်း ရှာရလွယ်တယ်။ တစ်ထပ်တစ်ထပ်သွားပြီး ရှာနေစရာမလိုတော့ဘူး။ ကျွန်တော်အနှစ်သက်ဆုံးက အိမ်ရှေ့မြေလွတ်မှာ ပန်းတွေ၊ စားပင်တွေ စိုက်ရတာကိုပဲ.. အဲဒီလိုပျော်ရွှင်မှုက ဘာနဲ့မှ နှိုင်းပြလို့ မရဘူးဗျာ”

အိမ်အောက်ထပ်မှာ ဆိုကရေးတီးတို့ တစ်နှစ်ကြာနေပြီးနောက် အိမ်အပေါ်ဆုံးထပ်(၇)ထပ်ကို ပြောင်းခဲ့ရတယ်။ အကြောင်းက အသစ်ပြောင်းလာတဲ့ သူ့မိတ်ဆွေမှာ သက်ကြီးရွယ်အိုတစ်ဦးပါပြီး အပေါ်ထပ်ထိ တက်ဖို့၊ ဆင်းဖို့ အဆင်မပြေလို့ဖြစ်တယ်။ အပေါ်ဆုံးထပ် ပြောင်းခဲ့လည်း နေ့ရက်တွေကို သူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ဖြစ်တယ်။ ဒါကို မိတ်ဆွေက ဘယ်လိုကြောင့် ပျော်ရွှင်နိုင်သလဲလို့ မေးပြန်တယ်။

“အပေါ်ဆုံးထပ်ဆိုတော့ ကောင်းတာပေါ့။ လှေကားတက်တက်ဆင်းဆင်း ကျန်းမာရေးအတွက် ကောင်းတယ်။ အလင်းရောင်ကောင်းတော့ စာဖတ်တဲ့အခါ မျက်စိမထိတော့ဘူး။ နေ့နေ့ ညည တိတ်ဆိတ်နေတယ်။ ကိုယ့်ကိုနှောင့်ယှက်တဲ့လူ မရှိတော့ဘူးပေါ့”

နောက်ဆုံး မိတ်ဆွေက ဆိုကရေးတီးရဲ့တပည့် ပလေတိုကိုတွေ့တော့ “မင်းရဲ့ဆရာ ဆိုကရေးတီးက သူနေတဲ့ပတ်ဝန်းကျင်၊ နေရာတွေက မကောင်းပေမယ့် အမြဲပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်နော်” လို့ ပြောတော့ ပလေတိုက “တကယ်တော့ လူတစ်ယောက်ရဲ့ ခံစားမှုအာရုံ(mood)ကို အဆုံးအဖြတ်ပေးတာက ပတ်ဝန်းကျင်မဟုတ်ဘူး။ သူ့ရဲ့စိတ်ပဲဖြစ်တယ်” လို့ ပြောခဲ့တယ်။

original from : 心境之花 http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

အိမ်ထောင်ရေးဆိုတဲ့ ကားတစ်စီး


လက်ထပ်ပြီး သိပ်မကြာသေးတဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ မကြာခဏရန်ဖြစ်လေ့ရှိတယ်။ ရန်ဖြစ်တိုင်း တစ်ယောက်ကိုတစ်ယောက် အနိုင်မခံ အရှုံးမပေးကြတာကြောင့် နှစ်ဦးနှစ်ဖက်လုံး နာကျင်ထိခိုက်ကြရတယ်။ ရုံးပိတ်ရက်တစ်ရက်မှာ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ကြပြန်တယ်။ ဒီတစ်ခေါက်တော့ ဇနီးလုပ်သူက မခံမရပ်နိုင်ဖြစ်ပြီး ကွာရှင်းဖို့ ရှေ့နေတစ်ဦးဆီရောက်လာခဲ့တယ်။

“ကျွန်မရဲ့ အိမ်ထောင်ရေး အဆင်မပြေဘူး.. ကျွန်မဘယ်လိုလုပ်ရမလဲ”

အမျိုးသမီးရှင်းပြတာကို နားထောင်ပြီး ရှေ့နေကမဖြေခင် မေးခွန်းတစ်ခုထုတ်လိုက်တယ်။

“ကုန်အပြည့်တင်ထားတဲ့ ကုန်ကားတစ်စီးက တံတားတစ်ခုကို ဖြတ်မယ်ဆိုပါစို့.. ကားပေါ်မှာရှိတဲ့ ကုန်တွေက တံတားဘောင်ထက် နည်းနည်းမြင့်နေတယ်။ ကားပေါ်ကကုန်ကိုမချဘဲ တံတားကလွတ်အောင် ဘယ်လိုမောင်းမလဲ?”

အမျိုးသမီးက ရှေ့နေရဲ့အမေးကို အတန်ကြာစဉ်းစားပေမယ့် အဖြေမထွက်ခဲ့ဘူး။ နောက်ဆုံး ရှေ့နေရဲ့ အရိပ်အမြွက်ကြောင့် “ဘီးကို လေနည်းနည်းလျော့လိုက်မယ်” လို့ သူဖြေခဲ့တယ်။

“သိပ်မှန်တာပေါ့... ဘီးကို လေလျော့လိုက်ရင် ကားနိမ့်သွားလိမ့်မယ်။ ဒါမှ တံတားကို ဖြတ်လို့ရမယ်။ ဒီလိုပဲ... အိမ်ထောင်ရေးအပေါ်ထားတဲ့ ကိုယ်တောင်းဆိုမှုတွေ အရမ်းမြင့်နေသလား! အိမ်ထောင်ရေးဆိုတဲ့ ဒီကားကြီး အလွယ်တကူမောင်းနှင်နိုင်ဖို့ ကိုယ့်ရဲ့လေ (စိတ်)ကိုလည်း လျော့သင့်တယ်မဟုတ်လား!”

ရှေ့နေပြောတာကို နားထောင်ပြီး အမျိုးသမီးက “ဟုတ်ကဲ့.. ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မသိပါပြီ” ဆိုပြီး ပြန်သွားခဲ့တယ်။ အဲဒီနောက်ပိုင်း အိမ်ထောင်ရေးအပေါ်ထားသင့်တဲ့ လျှို့ဝှက်ချက်တချို့ကို သူမရှာတွေ့ခဲ့တယ်။ ခွင့်လွတ်သည်းခံတာတွေ၊ လေးစားမြတ်နိုးမှုတွေ၊ အနိုင်မယူ နောက်ဆုတ်တတ်မှုတွေနဲ့ မိမိစိတ်ကို လျော့ချတတ်မှုတွေကြောင့် သူတို့ရဲ့ အိမ်ထောင်ရေးဟာ တဖြေးဖြေး ရန်လိုမှုတွေနည်းလာပြီး ပျော်ရွှင်မှုတွေ များလာခဲ့တယ်။

တကယ်တော့ အိမ်ထောင်ရေးက ကားတစ်စီးနဲ့တူတယ်။ အဲဒီကားပေါ်မှာ ကျွန်မတို့ဘဝရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေကို တင်ဆောင်ထားတယ်။ ကားက ကုန်အပြည့်နဲ့ ရှေ့ကိုမောင်းနှင်နေစဉ်မှာ ကျွန်မတို့က ဘီးကို လေဖြည့်ပေးတတ်ရမယ်။ ဒါမှ ကားက ရှေ့ကိုအလွယ်တကူသွားနိုင်မယ်။ ထို့အတူ အခက်အခဲ၊ အတားအဆီးဖြစ်တဲ့ တံတား၊ လိုဏ်ခေါင်းတွေနဲ့ တွေ့တဲ့အခါ ကျွန်မတို့က ဘီးလေကို လျော့ပေးတတ်ရမယ်။ ဒါမှ အိမ်ထောင်ရေးဆိုတဲ့ကားကြီးက ဘဝရဲ့အတားအဆီး၊ အခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာဖြစ်တယ်။

အသေအချာစဉ်းစားကြည့်ရင် အိမ်ထောင်ရေးတင်မကပါဘူး... လူ့ဘဝရဲ့ အရာအားလုံးမှာလည်း အခက်အခဲ၊ အတားအဆီးတွေ ရှိနိုင်တယ်။ လူအချင်းချင်းဆက်ဆံရာမှာလည်း တစ်ယောက်ကိုတစ်ယောက် အလျော့မပေးဘဲ တင်းခံကြရင် နောက်ဆုံးမှာ နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရကြရတယ်။ အချင်းချင်း စိတ်(လေ)လေး နည်းနည်းလျော့ခဲ့ကြရင် အရာအားလုံးက အဆင်ပြေပြီး ဘဝရဲ့ဘီးလုံးက ရှေ့ကို ရှောရှောရှူရှူနဲ့ ဆက်လှိမ့်နိုင်မှာဖြစ်ပါတယ်။

original from : အိမ်ထောင်ရေးဆိုတဲ့ ကားတစ်စီး 婚姻就像一辆车 http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, October 11, 2009

အိန္ဒိယမှ မောင်ပုလေး


အရပ် (၁ဝဝ) စင်တီမီတာ (၃.၂၈ပေ)သာရှိပေမယ့် ကမ္ဘာ့လက်မောင်းအားပြိုင်ပွဲမှာ ကိုယ့်ထက်အရပ် နှစ်ဆမြင့်သူကို သူအနိုင်ယူဗိုလ်စွဲသွားနိုင်ခဲ့တယ်။ သူကတော့ အိန္ဒိယနိုင်ငံ Kerala က လက်မောင်းအားချန်ပီယံ Jobe Matthew ပဲဖြစ်ပါတယ်။

Jobe ဟာ ငယ်စဉ်ကတည်းက Syndrome ချွတ်ယွင်းချက်ကြောင်း ပေါင်တံနှစ်ဖက်လုံး ဖွံ့ဖြိုးမှုနည်းခဲ့ရသလို
အရပ်လည်း (၃)ပေကျော်လောက်ပဲရှိခဲ့တယ်။ ဒါပေမယ့် သူ့ပုခုံးဖွံ့ဖြိုးမှုအားက ကြောက်ခမန်းလိလိဖြစ်ခဲ့တယ်။ ဓာတ်ပုံနဲ့ ဗွီဒီယို သတင်းအထောက်အထားအရ Jobeဟာ သူ့လက်နှစ်ဖက်နဲ့ ကြီးလေးတဲ့အရာဝတ္ထုတွေကို အသာလေး မ,ယူနိုင်တာကို တွေ့ခဲ့ရတယ်။

ခုလက်ရှိအချိန်ထိ Jobe ဟာ ကမ္ဘာ့လက်မောင်းအားပြိုင်ပွဲမှာ (၅)ကြိမ်တိုင်တိုင် ပါဝင်နိုင်ခဲ့ပြီး ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်တယ်။ ၂ဝဝ၅ခုနှစ် ဂျပန်နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ Jobe ဟာ သူတစ်ဦးတည်း ကြေးဆု(၃)ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ပရိသတ်ရဲ့အသိအမှတ်ပြုခြင်းကိုခံခဲ့ရတယ်။ (၃)နှစ်နောက်ပိုင်း စပိန်မှာကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ သာမန်အဖွဲ့မှာ ရွှေတံဆိပ်ဆုနဲ့ မသန်မစွမ်းအဖွဲ့မှာ ငွေတံဆိပ်ဆုကို ရရှိခဲ့တယ်။

"မိသားစုတွေ ကျွန်တော့်ကို အားပေးကူညီခဲ့တယ်"

အောင်မြင်တဲ့လမ်းပေါ် ဖြေးဖြေးမှန်မှန်လျှောက်လှမ်းနေတဲ့ Jobe က အခုလို ပြောသွားခဲ့ပါတယ်။

"ကျွန်တော်တို့အိမ်က တောင်ထိပ်ပေါ်မှာရှိတယ်။ မသန်မစွမ်းသူတစ်ယောက်အတွက် ဘယ်နေရာသွားသွား ခက်ခဲတာချည်းပဲ။ မီတာ(၄ဝဝ)လောက်သွားပြီးမှ လမ်းမပေါ်ကိုရောက်တယ်။ ကျောင်းစတက်တဲ့နှစ်မှာ အမေက ကျွန်တော်ကို အမြဲလိုက်ပို့ခဲ့တယ်"

ကျောင်းမှာ တစ်ခြားကလေးတွေ ဆော့ကစားတာကိုပဲ ဘေးမှာနေပြီး သူရပ်ကြည့်ခဲ့ရတယ်။

"ကျွန်တော်အရမ်း ခံစားခဲ့ရတယ်... ဒါပေမယ့် ဘယ်သူ့ကိုမှ ကျွန်တော်အပြစ်မတင်ခဲ့ပါဘူး။ ပြိုင်ပွဲတွေမှာ မသန်စွမ်းသူတွေ မပါဝင်နိုင်ဘူးလို့ သူတို့ထင်ခဲ့တယ်။ မလုပ်နိုင်တာကို ကျွန်တော်မတွေးခဲ့ဘူး။ လုပ်နိုင်တာကိုပဲ ကျွန်တော်အတတ်နိုင်ဆုံး လုပ်ခဲ့တယ်"

ဒီလိုနဲ့ ဘော်လီဘော၊ ကြက်တောင်စတဲ့ အားကစားတွေကို သူစလုပ်ခဲ့တယ်။ အဲဒီအပြင် ကိုယ်ကာယကြံ့ခိုင်ရေးတွေ လုပ်ခဲ့တယ်။

"ဒီတစ်သက် ကျွန်တော်ဘောလုံးမကန်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့် ကျွန်တော်နဲ့သင့်တော်မယ့် အားကစားတစ်ခုကို ကျွန်တော်ရွေးခဲ့တယ်။ ဒီလက်မောင်းအားပြိုင်ပွဲက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်"

ကိုယ်ခန္ဓာမသန်စွမ်းပေမယ့် တစ်ခြားလူထက်ပျော့ညံ့တယ်လို့ သူ့ကိုယ်သူ Jobe မထင်ခဲ့ဘူး။

"မွေးလာကတည်းက ကျွန်တော်ပေါင်တံတွေ သေးငယ်ခဲ့တယ်။ ၆ဝ% လောက်က ဖွံ့ဖြိုးမှုမရှိခဲ့ဘူး။ ဒါပေမယ့် လူတိုင်းမှာ ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ အတိုင်းအတာတစ်ခုထိ ရှိခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် မသန်စွမ်းသူလို့ ဘယ်တော့မှမထင်ခဲ့ဘူး"

အဖက်ဖက်က တိုက်ခိုက်မှုတွေ ရင်ဆိုင်နိုင်ဖို့ တစ်နေ့တစ်နာရီကြာ ကာယလေ့ကျင့်ခန်းတွေ သူလုပ်ခဲ့သလို မြစ်ချောင်းထဲမှာ ရေကူးကျင့်ခဲ့တယ်။ စိတ်ကြိုက်လေ့ကျင့်ပြီးမှ ကျန်တဲ့အချိန်ကို (၂၅)နှစ်အရွယ် အကပညာသည် ချစ်ဇနီးနဲ့ (၂)လအရွယ် သားလေးအပေါ်မှာ နွေးနွေးထွေးထွေး ကုန်လွန်ခဲ့တယ်။

အခုချိန်မှာ Jobeဟာ တောင်တက်လေ့ကျင့်မှုတွေ အပြင်းအထန်လေ့ကျင့်နေပြီး ပန်းတိုင်သစ်တစ်ခုရောက်ဖို့ ကြိုးစားနေခဲ့တယ်။ ဟိမဝန္တာတောင်နဲ့ နယူးဇီလန်က (Low peak) သိပ်မမြင့်တဲ့ တောင်ထိပ်တချို့ပေါ် အောင်မြင်စွာ တက်ရောက်နိုင်ပြီးနောက် သူရဲ့နောက်ပန်းတိုင်တစ်ခုက ဧဝရတ်တောင်လို့ဆိုပါတယ်။

"(၈)နှစ်လောက် အချိန်ယူပြင်ဆင်ရမယ် ထင်ပါတယ်။ အောင်မြင်မှုတစ်ချို့ကိုရပြီးနောက် ကျွန်တော့်ကိုကျွန်တော် ယုံကြည်မှုပိုရှိခဲ့တယ်။ ကျွန်တော်လုပ်နိုင်တယ်လို့... "

အိန္ဒိယလက်မောင်းအားချန်ပီယံ (印度臂力王) http://www.cjr.org.cn

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, October 10, 2009

A thirst for success


လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရှေးဟောင်းသုတေသန ပညာရှင်တချို့ဟာ အီဂျစ်သင်္ချိုင်းဂူဟောင်းတွေကို တူးဖော်ခဲ့ကြတယ်။ တစ်နေ့မှာ ဂူဟောင်းတွေကိုတူးဖော်ရင်း သစ်သားကြားမှာ မျိုးစေ့တချို့ကိုတွေ့ခဲ့ကြတယ်။ ပညာရှင်တွေက မျိုးစေ့တွေကို ဂရုတစိုက် စိုက်ပျိုးကြည့်တော့ နှစ်ပေါင်း (၃ဝဝဝ)ကျော်ကတည်းက ရှိခဲ့တဲ့မျိုးစေ့တွေဟာ အညှောင့်ပေါက်ပြီး အညွှန့်တလူလူနဲ့ ရှင်သန်လာတာကို တွေ့ခဲ့ရတယ်။

လူတချို့ဟာ သူတို့ရဲ့(Potential) လုပ်နိုင်၊ ဖြစ်နိုင်စွမ်းကိုမသိခဲ့ခင်မှာ ကျရှုံးခြင်း၊ မျှော်လင့်မဲ့ခြင်းတွေနဲ့ အမှောင်ထဲမှာ တစ်သက်လုံး အပိတ်လှောင်ခံခဲ့သလား?

ရင်ထဲက မျှော်လင့်ခြင်းမျိုးစေ့ကို ရှင်သန်အောင်ပြုစုပြီး ဆင်းရဲဒုက္ခ၊ ကံမကောင်းခြင်း
စတဲ့ သံတံတိုင်းကို ထိုးဖောက်ခဲ့ကြသလား?

၁၉၈၄ ခုနှစ် မေလ ၂၃ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ပုံပြင်လေးက
သင့်ကို တစ်ခုခု သယ်ဆောင်ပေးလာပါလိမ့်မယ်။

Mary Lewisဟာ ငယ်စဉ်အခါက စာအရေးအဖတ်အဆိုတွေကို မတတ်ခဲ့ဘူး။ သူ့ရဲ့အသိဥာဏ်တွေ နှေးကွေးနေတယ်လို့ ဆရာတွေက ဆိုခဲ့တယ်။ အရွယ်ရောက်လာတဲ့ Maryဟာ "ကုစရာဆေးမရှိသူ"လို့ ကင်ပွန်းတပ်ခံရပြီး လေ့ကျင့်ရေးကျောင်းကို (၂)နှစ်ကြာ အပို့ခံခဲ့ရတယ်။ အကျဉ်းကျသလို နေထိုင်ခဲ့ရတဲ့ လေ့ကျင့်ရေးကျောင်းမှာ နေထိုင်ရင်း Maryကြိုးစားခဲ့တယ်။ တစ်နေ့ကို (၁၆)နာရီကြာ စာတွေကို ကျက်မှတ်ခဲ့တယ်။ သူ့ကြိုးစားမှုကြောင့် အသိဥာဏ်တုံ့နှေးတယ်လို့ ဆရာတွေထင်ခဲ့တဲ့ Mary တစ်ယောက် အထက်တန်းအောင်မြင်သွားခဲ့တယ်။

ဒါပေမယ့် ကံကြမ္မာက Mary ကို မျက်နှာသာမပေးခဲ့ဘူး။ လေ့ကျင့်ရေးကျောင်းက ခွါပြီးနောက် Maryဟာ မင်္ဂလာမဆောင်ဘဲ ကိုယ်ဝန်ရခဲ့တယ်။ နောက်(၂)နှစ်အကြာ ကိုယ်ဝန်ထပ်ရခဲ့ပြန်တယ်။ အဖက်ဖက်က ထိုးနှက်ချက်ကြောင့် Maryဟာ ခက်ခက်ခဲခဲရလာခဲ့တဲ့ အရေးအဖတ်ပညာကို လက်လွတ်ရမလို ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဖခင်ရဲ့အားပေးကူညီမှုအောက်မှာ အသစ်တစ်ဖန် သူပြန်လည်ရပ်တည်လာနိုင်ခဲ့ပြီး ဆုံးရှုံးမှုတွေကို အစားပြန်ထိုးနိုင်ခဲ့တယ်။

အကျပ်အတည်းများစွာထဲကနေ Maryဟာ အလှူဒါနတွေ ပြုလုပ်ခဲ့တယ်။ မလောက်ငတဲ့ဝင်ငွေနဲ့ ကလေး (၇)ယောက်ကို သူမွေးစားခဲ့တယ်။ ဒီကြားထဲ Community Schoolမှာ ပညာတွေဆည်းပူးခဲ့တယ်။ နောက်ဆုံး Albany Medical College မှာ ဆေးပညာကို သူသင်ကြားခွင့်ရခဲ့တယ်။

၁၉၈၄ခုနှစ် နွေဦးကာလ Oregonမှာ အိမ်ထောင်ကျနေပြီဖြစ်တဲ့ Mary Lewis တစ်ယောက် ဘွဲ့နှင်းသဘင်ခန်းမထဲ ဂုဏ်ယူစွာ တက်ရောက်နိုင်ခဲ့တယ်။ ယုံကြည်မှု၊ ကြံ့ခိုင်မှုတွေနဲ့ လဲယူခဲ့တဲ့ ဘွဲ့လက်မှတ်ကို သူကမ်းယူလိုက်စဉ်မှာ Mary ရဲ့ ရင်တွင်းခံစားချက်ကို ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြဘူး။

ဒီနေရာမှာ... ဒီကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ ဝေးလံတဲ့အိပ်မက်ကို ဇွဲလုံလအပြည့်နဲ့ အရယူနိုင်ခဲ့တဲ့ လူတစ်ယောက်ရပ်နေတယ်၊ ကျွန်တော်တို့သာမန်လူတွေကို ကျော်လွှားနိုင်ခဲ့တဲ့ အသိဥာဏ် တုံ့နှေးသူတစ်ယောက် ရပ်နေခဲ့တယ်ဆိုတာကို အဲဒီဘွဲ့လက်မှတ်က တစ်လောကလုံးကို သက်သေပြနေသလိုပါပဲ.. အဲဒီရပ်နေတဲ့ လူက Dr. Mary Lewis ပဲဖြစ်ပါတယ်။

မူရင်းရေးသားသူ --
James Yi Kena (詹姆斯·伊·科纳) or google search

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, October 09, 2009

အကြင်နာအင်အား


လွန်ခဲ့တဲ့ (၂၅)နှစ်ခန့်က တက္ကသိုလ်ဆရာတစ်ဦးဟာ ကျောင်းသားတစ်ချို့ကိုခေါ်ပြီး Baltimore ဒေသက ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းရဲသားကလေး အယောက်(၂ဝဝ)ရဲ့ နောက်ခံသမိုင်းကို သွားရောက်ဆန်းစစ်စေခဲ့တယ်။ အဲဒီလိုလေ့လာဆန်းစစ်ပြီး နောင်တစ်ချိန်မှာ ပြောင်းလဲလာနိုင်မယ့် သူတို့ရဲ့အနာဂတ်ကို ခန့်မှန်းစေခဲ့တယ်။ ကျောင်းသားတွေဟာ သွားရောက်လေ့လာပြီးနောက် "အောင်မြင်နိုင်တဲ့ အခွင့်အရေး လုံးဝမတွေ့ခဲ့ဘူး" ဆိုတဲ့ တူညီတဲ့အဖြေတစ်ခုကိုပဲ ပေးခဲ့တယ်။

(၂၅)နှစ်လွန်မြောက်ပြီးနောက် အခြားတက္ကသိုလ်ဆရာတစ်ဦးက ဒီဆန်းစစ်ချက်ကို သတိပြုမိခဲ့တယ်။ ပြီးတော့ သူ့ကျောင်းသားတွေကိုခေါ်ပြီး (၂၅)နှစ်နောက်ပိုင်းမှာ ဒီကလေးအယောက်(၂ဝဝ)ရဲ့ တိုးတက်ပြောင်းလဲမှုကို သွားရောက်လေ့လာစေခဲ့တယ်။ လေ့လာချက်အရ တနယ်တကျေးပြောင်းသွားတဲ့၊ သေဆုံးသွားတဲ့ အယောက်(၂ဝ)ကလွဲလို့ ကျန်(၁၈ဝ)ယောက်ထဲက အယောက်(၁၇၆)ယောက်ဟာ ဆရာဝန်၊ ရှေ့နေ၊ ကုန်သည်.. စတာတွေနဲ့ အောင်မြင်နေတာကို တွေ့ခဲ့ရတယ်။

ဒီအဖြစ်ကို တက္ကသိုလ်ဆရာကအရမ်း အံ့သြပြီး နက်နက်နဲနဲစစ်ဆေးဖို့ အဲဒီဒေသကို သွားရောက်ခဲ့တယ်။ အဆန်းစစ်ခံခဲ့ရဖူးတဲ့ လူငယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး "ဒီကနေ့ သင်အောင်မြင်လာရတဲ့ အကြောင်းရင်းက ဘာလဲ?" လို့ မေးမြန်းခဲ့တယ်။ လူငယ်တိုင်းရဲ့အဖြေက "ဆရာမကောင်းတစ်ဦးနဲ့ ဆုံခဲ့လို့" ဆိုတာပဲဖြစ်တယ်။

လူငယ်တို့ညွှန်းတဲ့ ဆရာမကောင်းဆိုသူက အသက်ရှင်နေတုန်းဖြစ်တယ်။ အသက်အရွယ် အိုမင်းခဲ့ပေမယ့် ကျန်းမာဆဲဖြစ်တယ်။ တက္ကသိုလ်ဆရာက အဲဒီဆရာမနဲ့ သွားရောက်တွေ့ဆုံပြီး ဒီလိုဆင်းရဲသား လူငယ်လေးတွေရဲ့ အနာဂတ်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကို မေးမြန်းခဲ့တယ်။

မျက်ဝန်းမှာ ကရုဏာကြင်နာမှုတွေအပြည့်နဲ့ ယှက်သန်းနေတဲ့ ဆရာမက တက္ကသိုလ်ဆရာရဲ့အမေးကို အပြုံးနဲ့ ရိုးရိုးလေး ဖြေခဲ့ပါတယ်။

"တကယ်တော့ ဘာထွေထွေထူးထူးမှ မရှိခဲ့ပါဘူး။ ဒီကလေးတွေကို ကျွန်မချစ်ခဲ့လို့ပါ"

နေရာတိုင်းကို သင့်မေတ္တာတွေ ကြဲဖြန့်ပါ။ ဒီလိုပြန့်ကျဲဖို့ သင့်မိသားစုကနေ စပါ။ သားသမီး၊ ကြင်သူ... နောက်ပြီး အိမ်နီးချင်းတွေကို သင့်မေတ္တာတွေ ဖြန့်ဝေပါ။ သင့်အနား ချဉ်းကပ်လာသူတိုင်းကို နွေဦးရဲ့လေနုလို ခံစားရပါစေ။ တစ်ခြားလူအတွက် ဂရုစိုက်ကြင်နာတဲ့ အကြည့်လေး၊ လန်းဆန်းတဲ့ အပြုံးတစ်ပွင့်၊ နွေးထွေးတဲ့ပွေ့ဖက်မှုလေးတစ်ခု ပေးပါ။ ဘုရားသခင်ရဲ့ ကရုဏာတရားကို သူတို့ခံစားရပါစေ..... Mother Teresa

မူရင်းရေးသားသူ - Eric Bute Wosi (
艾瑞克·布特渥斯) or google search

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, October 07, 2009

ကြော်ငြာ (၇၆)


အရမ်းချစ်စရာကောင်းတဲ့ ကြော်ငြာလေးပါ..
သရုပ်ဖော်ပုံလေးတွေကြောင့် အထွေအထူး ပြောနေစရာမလိုပါဘူးး)


တစ်ခါခါ ဘာသာပြန်တဲ့အချိန် ဒီလိုတိုက်ရိုက်ဘာသာပြန်မိမှာကို စိုးရိမ်ခဲ့မိတယ်
တစ်ခါသုံးပစ္စည်း (
Disposable supplies)ကို တိုက်ရိုက်ဘာသာပြန်လိုက်တော့...


SPA ကြော်ငြာတဲ့.. ညောင်းညာကိုက်ခဲတဲ့အချိန်၊ အပန်းဖြေချင်တဲ့အချိန် SPA တော့ လုပ်ချင်ပါရဲ့
အဲလို.. ဓာတ်လှေကားထိပ်မှာ လူတိုင်းရဲ့ အနင်းကိုတော့ ခံချင်ဘူး

သူတို့က သူတို့ရဲ့ ကုန်ပစ္စည်းကို ကြော်ငြာပါတယ်
ကျွန်မက သူတို့ရဲ့ အိုင်ဒီယာကို မျှဝေပါတယ်

နိုင်းနိုင်းစနေ



Share/Bookmark

အောင်မြင်သူရဲ့လမ်း


အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ကမ္ဘာကျော်လူအယောက်(၁ဝဝ)ကို ပညာရှင်တချို့က လေ့လာဆန်းစစ်ကြည့်ရာမှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကို တွေ့ခဲ့တယ်။ အဲဒီဖြစ်စဉ်မှာ သူတို့ရဲ့အောင်မြင်မှု အတွေ့အကြုံက သာမန်အောင်မြင်မှုနည်းလမ်းတွေလို မဟုတ်တဲ့အပြင် အသက်အရွယ်၊ အချိန်တွေကလည်း သူတို့ကို ကန့်သတ်မထားနိုင်ခဲ့ကြဘူး။

အဲဒီပညာရှင်တွေထဲမှာ Mozart၊ Chopin၊ Edison၊ Austen၊ Ford၊ Churchill နဲ့ Eubie Blakeတို့ ပါဝင်ကြတယ်။

(၃)နှစ်အရွယ်မှာ Mozartဟာ စန္ဒရားကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်တတ်တဲ့အပြင် တစ်ခါသာနားထောင်ဖူးတဲ့ တေးသီချင်းကို မှတ်မိနိုင်စွမ်းရှိခဲ့တယ်။

(၇)နှစ်အရွယ်မှာ Chopinဟာ G Minor Polonez အကတေးဂီတကို ဖန်တီးနိုင်ခဲ့တယ်။

Edisonဟာ (၁ဝ)နှစ်အရွယ်မှာ ဖခင်ရဲ့မြေအောက်ခန်းမှာ စမ်းသပ်ခန်းတစ်ခုပြုလုပ်ပြီး ကမ္ဘာ့အကြီးမားဆုံး ထီထွင်မှုကို ပြုလုပ်ခဲ့တယ်။

Jane Austen
ဟာ (၂၁)နှစ်အရွယ်မှာ ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့ “Pride and Prejudice” ကို ထုတ်ဝေနိုင်ခဲ့တယ်။

(၅ဝ)နှစ်အရွယ်မှာ Fordက “Assembly line”ကို အသုံးပြုပြီး ကားပေါင်းများစွာကို ထုတ်လုပ်နိုင်ခဲ့ပြီး ကားတွေကို အဖိုးချိုသာစွာ ရောင်းချနိုင်ခဲ့လို့ လူတန်းစားပေါင်းများစွာ ကားတွေကို ဝယ်ယူနိုင်ခဲ့တယ်။

Churchillဟာ (၈၁)နှစ်အရွယ်မှာ ရာထူးမှနှုတ်ထွက်ပြီး ပန်းချီပညာကို စတင်ဆည်းပူးခဲ့တယ်။ နောက်ဆုံးမှာ အောင်မြင်စွာနဲ့ ကိုယ်ပိုင်ပန်းချီကားတွေကို ခင်းကျင်းပြသနိုင်ခဲ့တယ်။

အသက်(၁ဝဝ)နီးနီး နေထိုင်ခဲ့တဲ့ စန္ဒရားပညာရှင်၊ တေးရေးဆရာ Eubie Blakeက တစ်ကိုယ်တော် ဂီတဖျော်ဖြေရေးပွဲကို ကျင်းပခဲ့တယ်။ မကွယ်လွန်ခင် (၅)ရက်အလိုမှာ Eubie Blakeက “ဒီလောက်အသက်အရွယ်ထိ ကျွန်တော်အသက်ရှင်ခဲ့မယ်လို့ အစကကြိုသိခဲ့ရင် ဒီ့ထက်ကျွန်တော် ပိုကြိုးစားမိမှာပါ” လို့ ပြောခဲ့တယ်။

လူအများက ငယ်ရွယ်နုပျိုချိန်မှာ စိတ်ဓာတ်ခွန်အားတက်ကြွပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီ အားကြိုးမာန်တက် ချီတက်ခဲ့ကြတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ခွန်အားတွေ ယုတ်လျော့လာတဲ့အချိန်၊ စိတ်အလို မလိုက်နိုင်တဲ့အချိန်၊ လက်လျှော့ပြီး အတည်တကျနေနိုင်မယ့်လမ်းကိုပဲ ရွေးခဲ့ကြတယ်။ တကယ်တမ်းတော့ လူတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ အသက်အရွယ်၊ အချိန်ရာသီတွေနဲ့ ကန့်သတ်မထားခဲ့ပါဘူး။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အောင်မြင်မှုပန်းတိုင်ဆီအရောက် ချီတက်နိုင်ကြပါတယ်။ အဓိက,က စိတ်ဓာတ်ပါပဲ.. စိတ်သာသေသွားရင် အရာအားလုံးနဲ့ ဝေးသွားပါလိမ့်မယ်။

မူရင်း --Yin Zhong Tain(雲中天) စုစည်းတဲ့ ပုံပြင် (၃ဝဝ) စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, October 06, 2009

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်


လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲ နာကျင်မွန်းကျပ်နေတယ်။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”

“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”

“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်”

အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့် ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်”

လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”

မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။

“ဘယ်သွားမလို့လဲ.. ကောင်လေး”

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်”

လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့….

မူရင်း--He
Yue-Qing (何躍青) ပြုစုတဲ့ အာဟာရကြက်ပေါင်းရည် စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, October 05, 2009

ယမ်းဘီလူး

မင်းခိုက်စိုးစန်
(၁)
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ , ဘဝဆိုတာကြီးများ
နားလည်အောင် ကြိုးစားရပလားဆိုရင်...

(၂)
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၃)
ငှက်တွေတောင်
နံနက်ခင်းကို မှတ်မိနေကြပေါ့...။
ဂန္တ၀င်မြောက်ပါသကွဲ့
...သံတိုမယ်န နည်းနည်း
...ရေခဲတုံး နည်းနည်း
...ပြီးတော့ ရောင်စုံခဲတံတွေ
ငါတို့ခေါင်းထဲ ထိုးထည့်နေတာ...
စိတ်ညစ်နေလား ကလေးရေ...
ကိုယ်ဆွဲတဲ့ ပန်းချီကား
ကိုယ်ပဲ လက်မှတ်ရေးထိုးရမှာ...
ပန်းချီကားဘက်ကတောင် 'နာ'တယ်။
(ဒါ့ထက် သိမ်ငယ်စရာ)
ဘာဆိုဘာမှ မရှိတော့ပါဘူး)
ဟောဒီအရူးက
နံနက်ခင်းကို စုဘူးထဲထည့်ထားပြီး
အ၀ကျဉ်းကျဉ်းကလေးကနေ ချောင်းချောင်းကြည့်
ဘယ်တော့မှ မမှတ်မိနိုင်ပုံလေ...။
ဂန္တ၀င်မြောက်ပါသကွဲ့
ငါ့ရဲ့ စုဘူးထဲက နံနက်ခင်း
ငါ့ ပန်းချီကားထဲမှာ အလိုလို လင်းပနေလိုက်ပုံ!!!
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ,ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...

(၄)
'သူမ'နဲ့ 'သ'ူနဲ့
နှစ်ယောက်ချင်း ဆံပင်တွေကို ချည်နှောင်ကြ
ကိုယ့်ရင်ဘတ်ကိုယ်...ကြိုးတပ်လို့
ကိုယ့်ဘာသာကိုယ် တယောထိုးပစ်
စကားလုံးအသစ်တွေ ဖောဖောသီသီသုံးပြီး
တို့ နားမလည်တဲ့ အရာတွေအားလုံးကို
အဲဒီ အမှိုက်ပုံးထဲ တွန်းချဘို့ ကြိုးစား...
ကလေးရေ...
ဒါ...မရိုးသားမှုပါကွဲ့
အဲဒါကို... ချစ်ကြ! ချစ်ကြ! ချစ်ကြ!
ကိုယ့် ပွဲကြည့်စင် ကိုယ်ဆောက်ပြီး
'အထူးတန်းမှာထိုင်သူ'လို့ နာမည်တပ်
မြင့်မြတ်စွာ အောက်တန်းကျနေလိုက်ပုံများ
ရေစုပ်ဝဲကြီးများတောင် ဖြစ်လို့!!!
ကလေးရေ...
ရေဆန်ကို ဖြောင့်ဖြောင့်ကူးနေလို့ကတော့
မင်း...အဲဒီ ဝဲက
လွတ်မှ လွတ်ပါ့မလားကွယ်...။
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၅)
လက်ဖက်ရည်ခွက်ထဲ
ကျပြီးသေနေတဲ့ ယင်ကောင်ဟာ...ငါပါပဲ
၂၆ နှစ်လုံးလုံး ညစ်ပတ်
ပန်းကန်ထဲမှာတောင်
ရောဂါပိုးမွှားတွေ ကပ်ညိကျန်နေခဲ့လောက်တဲ့
(ဆေးရုံတစ်ရုံလောက် များမှာပ
...ကုသဗေဒ များသလောက်
...ရောဂါပိုးမွှား များပုံတွေ)
ငါ...၊ ငါ့ မဟာမိတ်...၊ ငါ့ ရန်သူ...
အားလုံး... နာတာရှည် ရောဂါသည်ချင်း အတူတူပါပဲ။
ငါတို့တွေ...ကိုယ့်ကိုကိုယ် မှတ်မိကြပြီလေ!
(ငှက်တွေ...နံနက်ခင်းကို
ရင်းရင်းနှီးနှီး မှတ်မိပုံမျိုး?)
ငါတို့ မသိတာတွေ... များ
ပြီးတော့ ... သိသွားမှာပ။
သိအောင် ဘ၀ကို စာမေးပွဲစစ်ကြ။
ပြီးတော့...
ရလာသမျှ အမှတ်စာရင်းတွေကို
ခြေစုံပစ်ပြီး ယုံလိုက်!!!
ဒါပဲ။ ဒါဟာ ယေဘုယျပဲ။
လိမ်လိုက်ကြ!
စိတ်ညစ်နေမလား... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၆)
မနေ့ကတင် ချုံးချုံးကျသွားခဲ့...
...မော်တော်ကားတစ်စင်းမှာ
ငါ့ ဖောင်းလိုက်ပိန်လိုက် အဆုတ်ကြီးကို တပ်ဆင်
... မောင်းနှင်ပစ်လိုက်တာ ... ... ...။
ပျက်နေတာများ ကောင်းသွားမလားဆိုရင်
ငါတို့ရဲ့ စိတ်ဓာတ်တွေ...
ဟောဗားယာဉ်လို ပျံသန်းသွားတတ်လိုက်ကြတာ...
မုတ်သုန်လေထက်တောင်မှ
ပေါ့ပါးနေသေးရဲ့။
ဒီလိုပဲ...
ပျံသန်းလိုက်၊ နားနေလိုက်နဲ့
ဆောင့်ကြီး အောင့်ကြီး ဖွာလိုက်တဲ့ ဆေးလိပ်လို
... တိုဝင်သွား!
အင်းပေါ့လေ...
ငါတို့ရဲ့ စိတ်တွေ မီးဖွားရဲရဲ
အစီခံ ဘယ်တော့ရောက်မလဲ???
... သတ္တိရှိရှိ ကြောက်လန့်နေ...
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ, ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...
အား!!!
ကွယ်လွန်သူတို့ရေ...
ငါတို့ရဲ့ ဆံပင်တွေနဲ့
လွမ်းသူ့ပန်းခွေတစ်ခွေ ယက်ပို့လိုက်ပါရဲ့...
ကော့ပါးနီးကပ်(စ်)ကတော့
ကမ္ဘာကို တစ်ပါတ်ပြီးတစ်ပါတ် လည်စေခဲ့ပြီ...
ဟောဒီ ငတိတွေမှာသာ
အ၀ါရောင် ချွဲပျစ်ပျစ်နဲ့
နေမကောင်းဖြစ်လို့ ကျန်ခဲ့တုန်း...
ခက်တယ်... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(ရ)
တေ့ဆက် ဆက်ထားတဲ့ အဟောင်းအနွင်းတွေကြားမှာ
လှေခါးတစ်ခုလို ငါငြီးငွေ့နေခဲ့။
... ... ...
ငါတို့ ဘာတွေကို ယူလာခဲ့သလဲ???
ငါတို့ ဘာတွေကို ထားခဲ့မှာလဲ???
တို့ မသိဘူး။
ပြန်သတိရမိ။
ငယ်ငယ်တုန်းက ကြုံးဝါးခဲ့ဘူးတာ...
"ကမ္ဘာလုံးကို အံစာတုံးလို ခေါက်ပြလိုက်မယ်!
မီးတောက်ကို ဘယ်သူ ဇောက်ထိုးထားလို့ ရမှာလ!!!"
ဒါနဲ့ပဲ...
ကုန်သည်လေထဲ
ငှက်တွေ ရင်ကော့ တိုးဝင်နေပုံ...
ငါ...
ယုံယုံကြည်ကြည်ကြီး ငေးကြည့်နေဖြစ်ပြန်ရော...

(၈)
ကလေးရေ...
ချိန်ခွင် တစ်ဖက်တစ်ချက်ဆီမှာ
မင်းနဲ့ငါ... ၀င်ထိုင်ကြမယ်
ပြီးတော့... မင်းနဲ့ငါ ခွဲခွါကြမယ်
ပြီးတော့... နောက် ဆယ်နှစ်ကြာတဲ့အခါ
မင်းနဲ့ငါ ပြန်ဆုံကြမယ်လေ...
ပြီးတော့... လိုအပ်ပစ်လိုက်ကြမယ်!!!
ကွန်ပါဘူး အသစ်ကျပ်ချွတ်လို သပ်ယပ်မှုမျိုးနဲ့
ငါတို့ဟာ (အဲဒီအခါ)
ကမ္ဘာကြီးတစ်ခုလုံးကို လိုအပ်ပစ်လိုက်ကြတာပေါ့!!!
ယုံတယ်မဟုတ်လား
တစ်ခြားလူ မဟုတ်ပါဘူး
ငါပါ... ငါပါ... ငါပါကွဲ့...
နတ်ရေကန်ထဲ ပစ်ချခံခဲ့ရတာ မဟုတ်ပါဘူး
ခြေစစ်ပွဲမှာတောင်
ပယ်နယ်တီ ဆယ်ခါ ကန်ခဲ့ရတဲ့ ကောင်ပါကွဲ့...။
ဟေ့ ... လာ!!!
မျက်လုံးနဲ့ မေးရိုးတွေမှာ
သေချာမှုတစ်ခုရဲ့ မာနနဲ့ မီးလျှံတွေ တောက်ပ
ဒဿမ ရှာမရတော့အထိ
ငါတို့ ချွန်...မြ...ပစ်...လိုက်...ကြ...ရ...အောင်!!!

(၉)
စကြာဝဠာကြီးထဲမှာ...
'လူ'လာဖြစ်ကြတဲ့
(ကောင်လေးနဲ့ ကောင်မလေး)
အဲဒီ သေးသေးကွေးကွေးလေး နှစ်ယောက်ဟာ...
ဘာဆို ဘာကိုမှ မကြောက်တတ်ကြပါဘူး။
... ... ...
ကလေးရေ...
ကျောက်တောင်ကြီးတွေကိုတောင်မှ
ဖြိုချပစ်လိုက်နိုင်တဲ့
အဲဒီ 'ဒိုင်းနမိုက်'ဆိုတာလဲ
အထုပ်သေးသေးလေးတွေပဲ မဟုတ်လားကွယ်။

မင်းခိုက်စိုးစန်

(လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကဗျာပေးပို့ခဲ့တဲ့ kcnc ကို ကျေးဇူးတင်ပါတယ်)


Share/Bookmark

Sunday, October 04, 2009

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ


(၁)
အောက်ကစာက အင်္ဂလန်နိုင်ငံ Westminsterမှာ မြေမြှုလ်သဂြိင်္ုဟ်ထားတဲ့ အင်္ဂလန် ခရစ်ယာန်အသင်းရဲ့ အကြီးအကဲအုတ်ဂူမှာ ရေးထိုးထားတဲ့စာဖြစ်ပါတယ်။ စာက အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျွန်တော်ငယ်ရွယ်စဉ်က ကျန်းမာသန်စွမ်းပြီး ရည်ရွယ်ချက်ကြီးမားသူဖြစ်တယ်။ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အိပ်မက်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲချင်စိတ်ရှိခဲ့တယ်။ ဒါပေမယ့် အသက်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ စာပေဗဟုသုတတွေ တိုးလာတာနဲ့အညီ ကမ္ဘာကြီးကိုပြောင်းလဲဖို့ ကျွန်တော်မစွမ်းနိုင်ဘူးဆိုတာကို သိလာခဲ့တယ်။ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင် နိုင်ငံကိုပြောင်းလဲမယ်ဆိုပြီး ကျွန်တော့်အိပ်မက်ကို ကျွန်တော်ချုံ့လိုက်တယ်။ ဒါပေမယ့် ဒီစိတ်ကူးအိပ်မက်ကလည်း ကြီးလွန်းခဲ့ပြန်တယ်။

လူလတ်ပိုင်းအရွယ်ရောက်တော့ မတတ်သာတဲ့အဆုံးမှာ ကိုယ့်မိသားစုကိုပဲ ပြောင်းလဲဖို့ ကျွန်တော်စိတ်ကူးလိုက်တယ်။ ဒါပေမယ့် လူတိုင်းကို ကျွန်တော်မပြောင်းလဲနိုင်ခဲ့ဘူး။ သူတို့က သူတို့ပင်ကိုယ်စရိုက်အတိုင်း ရှိနေခဲ့တယ်။

တဖြည်းဖြည်း အိုမင်းလာခဲ့မှ သူတစ်ပါးကို မပြောင်းလဲခင် ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲပြီး ကိုယ့်ပြောင်းလဲမှုနဲ့ မိသားစုကို အကျိုးသက်ရောက်စေမယ်ဆိုတဲ့ ကိစ္စတချို့ကို ကျွန်တော် သဘောပေါက်နားလည်ခဲ့ရတယ်။

တကယ်လို့ မိသားစုဝင်ရဲ့ စံနမှုနာအဖြစ် ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲနိုင်ခဲ့ရင် နောက်တစ်လှမ်းမှာ နိုင်ငံတိုးတက်ပြောင်းလဲဖို့ ကိုယ်လုပ်နိုင်မယ်၊ နောက်ဆုံး ကမ္ဘာကြီးတစ်ခုလုံးကိုလည်း ပြောင်းလဲနိုင်လိမ့်မယ်ဆိုတာ ဘယ်သူသိခဲ့မလဲ?

လူတစ်ဦးရဲ့ အောင်မြင်ခြင်းဟာ ကိုယ့်ကိုယ်ကိုအောင်နိုင်ခြင်းပါပဲ--- Andreyev

ငယ်ရွယ်၊ လွတ်လပ်
အကန့်သတ်မဲ့စိတ်ကူးနဲ့
ငါ့ရဲ့အိပ်မက်ထဲမှာ
``ကမ္ဘာကြီးကို ပြောင်းပစ်မယ်´´ ။
- အသက်ကလေးရလာ
`ပညာ´ဆိုတာ နည်းနည်းသိ
ပြန်ကြည့်လိုက်တော့မှာ
``ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ . . .´´ ။
- အိပ်မက်ကို ဈေးဆစ်
ငါချစ်တဲ့ငါ့တိုင်းပြည်
တစ်ခုခုဖြစ်ရမည်ပေါ့
သည်တစ်ခါလည်း
``တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ . . .´´ ။
-ဘ၀ရဲ့ဆည်းဆာချိန်
အိပ်မက်တွေ အရှိန်ကုန်စ
ဇနီးမယား သမီးသားအတွက်
ပေးဆပ်ဖို့ ကြိုးစားဆဲ
သူတို့လည်း သူတို့ဘာသာ
``မိသားစုဟာ ဒီအတိုင်းပါပဲ . . .´´ ။
-သေရာညောင်စောင်း
လဲလျောင်းချိန်ရောက်တော့မှ
ငါ သိရပြီ (ပထမဦးဆုံးအကြိမ်ပါ)
``ငါဟာ ငါပဲ၊ ဘာမှ မပြောင်းလဲ . . .´´ ။

ကျော်ဝင်း နှစ်ဆယ့်တစ်ရာစု သားရွှေဥ
(SEAN COVEY – THE 7 HABITS OF HIGHLY EFFECTIVE TEENS) ထဲမှ

တော်ကီဘလော့မှ ကူးယူပါသည်။

(၂)
ကျွန်မတို့ ရပ်ကွက်ထဲက (၅)လမ်း စာတိုက်နားမှာ တောင်းရမ်းနေတဲ့ သူတောင်းစား အဘွားအိုတစ်ဦးရှိတယ်။ အဘွားအိုက သွားတွေ လုံးဝမရှိတော့သလို အဝတ်အစားတွေကလည်း ညစ်တီးညစ်ပတ်နဲ့ ကျင်ငယ်နံ့ တဟောင်ဟောင်ဖြစ်နေခဲ့တယ်။ အဝေးကနေတောင် သူ့ဆီကအနံ့အသက်ကို ရနေတတ်တယ်။ အဘွားအိုဟာ စာတိုက်ဖုန်းရုံဘေးမှာ အိပ်တတ်ပြီး မအိပ်ဘဲနိုးနေတဲ့အချိန်ဆိုရင် ပါးစပ်ကတစ်ခုခုကို တွတ်တွတ် ရွတ်နေတတ်တယ်။

စာတိုက်က ညနေ(၆)နာရီပိတ်တဲ့အတွက် အဘွားအိုမှာ တောင်းရမ်းစရာမရှိဘဲ ဖုန်းရုံဘေးမှာ ငုတ်တုတ်ထိုင်ပြီး ပါးစပ်လေးဟလို့ တစ်ယောက်တည်း စကားပြောနေတတ်တယ်။

Thanksgiving ညက ကျွန်မတို့အိမ်မှာ စားစရာတွေ တော်တော်ပိုလျှံခဲ့တယ်။ စားစရာတွေကိုထုပ်ပိုးပြီး (၅)လမ်းဘက်ကို ကျွန်မတစ်ယောက်တည်း ကားမောင်းပြီး ထွက်လာခဲ့တယ်။

ညက အေးစက်လွန်းနေခဲ့တယ်။ ညလေပြင်းတချို့က သစ်ရွက်တွေကို အလိပ်လိုက်သယ်ယူသွားခဲ့တယ်။ လမ်းပေါ်မှာ လူသူကင်းရှင်းနေခဲ့တယ်။ ကံဆိုးသူတချို့တလေက နွေးထွေးတဲ့နေရာတစ်ခုကို အသဲအသန်လိုက်ရှာနေကြတယ်။ အဘွားအိုကို ကျွန်မရှာတွေ့နိုင်မယ်ဆိုတာ ကျွန်မသိနေတယ်။

အဘွားအိုက သူ့နဂိုပုံစံအတိုင်း နွေရာသီဝတ်စုံကို ဝတ်ထားဆဲဖြစ်တယ်။ ခန္ဓာကိုယ်ကို ကွေးညွတ်ပြီး စောင်အိုထဲ သူတိုးဝင်နေခဲ့တယ်။ လက်တစ်ဘက်က သူ့အဖိုးတန်ပစ္စည်း တွန်းလှည်းစုတ်ကို တင်းတင်းလေး ဆုပ်ကိုင်ထားပြီး စာတိုက်ဘေးက သံဇကာနံရံမှာ ခွေခွေလေးထိုင်နေခဲ့တယ်။

"အကာအကွယ်ရှိတဲ့ နေရာကို သူဘာလို့ မရှာခဲ့ပါလိမ့်"

ကျွန်မစိတ်ထဲ မွန်းကျပ်နေမိတယ်။ အကာအကွယ်တစ်နေရာမှာ ခိုအောင်းဖို့တောင် မသိနိုင်လောက်အောင် အဘွားအိုရဲ့ စိတ်အာရုံတွေက ပျက်ပြားခဲ့ပြီလား? ကားကို လမ်းဘေးမှာထိုးရပ်ပြီး ကားမှန်ကိုချရင်း ကျွန်မအော်လိုက်တယ်။

"အဘွား.. အဘွား... ဒီမှာ ယူမလား........."

ပြောလက်စ စကားကို ကျွန်မခဏရပ်လိုက်တယ်။ ကျွန်မမျက်စိရှေ့မှာမြင်ရတဲ့ အဘွားအိုက အရင်ကသူတောင်းစာ အဘွားအိုနဲ့ မတူနေသလိုပဲ!

"အဘွား.. အဘွား... ကျွန်မ အစာတချို့ယူလာတယ်။ ကြက်ဆင်နဲ့ ပန်းသီးယိုတွေပါတယ်"

စောင်ထဲကနေ ကျွန်မကို သူလှမ်းကြည့်တယ်။ ပြီးတော့ အောက်သွားနှစ်ချောင်းသာရှိတော့တဲ့ ပါးစပ်နဲ့ ကျွန်မကို စကားတစ်ခွန်းချင်း ရှင်းရှင်းလင်းလင်း ပြန်ပြောခဲ့တယ်။

"စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခု ငါဗိုက်ပြည့်နေတယ်။ ဒီအစာကို တကယ့်လိုအပ်နေတဲ့လူတွေအတွက် ပေးလိုက်ပါ"

အဘွားအိုရဲ့ စကားက ရှင်းလင်းပြတ်သားနေတယ်။ ပုံစံက တည်တည်ငြိမ်ငြိမ် သူ့စကားမှာ ကြင်နာမှုတွေ ပါနေခဲ့တယ်။ စိတ်အာရုံပျက်ပြားနေတဲ့ ပုံစံမျိုး သူ့ဆီမှာ လုံးဝ မတွေ့ခဲ့ဘူး။ ပြောပြီးတာနဲ့ စောင်ထဲ သူ့ခေါင်းတိုးဝင်သွားတယ်။ ကျွန်မတစ်ယောက်တည်း နေရာမှာတင် ငေးကြောင်ပြီး ကျန်နေခဲ့တယ်။

လူတိုင်း ပျော်ရွှင်ခြင်းကို တောင့်တကြတယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းကိုရဖို့ နည်းတစ်နည်းပဲရှိတယ်။ အရှင်းဆုံးပြောရရင် ကိုယ့်စိတ်ခံစားချက်ကို အရင်ပြုပြင်ဖို့ပဲဖြစ်တယ်။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းဆိုတာ ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်း အနည်းအများ၊ ရာထူးအနိမ့်အမြင့်၊ အလုပ်အကိုင် အဆင့်အတန်းနဲ့ မဆိုင်ပါဘူး။ ---Dale Carnegie

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

သီတင်းကျွတ်လပြည့်ည


သီတင်းကျွတ်လပြည့်ည ... ရွှေတိဂုံရင်ပြင်ပေါ်ရောက်ဖြစ်တယ်။

ကျွန်မတို့ရောက်တဲ့အချိန် ညနေ(၅)နာရီကျော် ဘုရားတည်ရာ တောင်ကုန်းထိပ်မှာ ပွဲခင်းက စနေပြီ။

မီးရောင်တွေနဲ့အပြိုင် လမင်းကြီးလည်း ထိန်ထိန်သာလို့...

မီးရောင်၊ လရောင်နဲ့ ပဌာန်းရွတ်သံတွေက သီတင်းကျွတ်လပြည့်ညကို ပိုသက်ဝင်စေခဲ့တယ်

ညနက်လေ ဘုရားဖူးသူတွေများလေ ရင်ပြင်တစ်ခုလုံးနဲ့
ဘုရားတည်ထားတဲ့ တောင်ကုန်းတစ်ခုလုံးက ညနက်လေ ကြက်ပျံမကျလေပါပဲ..


နိုင်းနိုင်းစနေ


Share/Bookmark

Saturday, October 03, 2009

ကျိန်စာလေလား! နတ်ဘီးလူးဒဏ်လား!


အချိန်ကား ၁၉၈၅ခုနှစ်

အဲဒီခေတ်ကာလက ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဟိုပုံး- ဘန်းရင်- ဆီဆိုင် စတဲ့မြို့ရွာတွေဟာ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အပြင် နယ်မြေမငြိမ်မသက် ဖြစ်နေတဲ့အချိန်ဖြစ်တယ်။ တချို့တောရွာတွေက ကားလမ်းမရှိဘဲ လူသူအရောက်အပေါက် နည်းလောက်အောင် ဝေးသီခေါင်လွန်းခဲ့တယ်။ အဲဒီဒေသမှာ ပအိုဝ့်၊ ရှမ်းလူမျိုးတွေ အများစုနေထိုင်ကြပြီး လယ်၊ တောင်ယာစတဲ့ အသက်မွေးဝမ်းမှုတွေပြုကြတယ်။

အဲဒီအချိန်တုန်းက ကျွန်တော်ဟာ တပ်သားဘဝနဲ့ တပ်ဖွဲ့နောက်လိုက်ပြီး အဲဒီဒေသတစ်လျောက် လှည့်လည် စစ်ဆင်ရေးဆင်းခဲ့တယ်။ အဲဒီလိုလှည့်လည်ရင်း ကျွန်တော်တို့တပ်ဖွဲ့ဟာ လူသူအရောက်အပေါက်နည်းပြီး ဘန်းရင်နဲ့ အတန်ငယ်အလှမ်းဝေးတဲ့ "ဝမ်မတ်ရွာ"ကို ရောက်လာခဲ့တယ်။ ဝမ်မတ်ရွာဟာ လွင်ပြင်ကျယ်တစ်ခုပေါ်မှာ တည်ရှိပြီး ရွာကို လယ်တွေကပတ်လည် ဝန်းရံထားပါတယ်။ ရွာနဲ့မနီးမဝေးမှာ ပွန်ချောင်းလို့ခေါ်တဲ့ ချောင်းငယ်တစ်ချောင်းက (၁၂)ရာသီလုံး တသွင်သွင်စီးဆင်းနေခဲ့တယ်။

ရွာက သာသာယာယာနဲ့ နေချင်စဖွယ်ဆိုပေမယ့် အခုမှအသစ်တည်ထားပုံရပြီး ရွာသစ်ရဲ့မြောက်အရပ်မှာ ရွာဟောင်းတစ်ခုရှိနေတာကို တွေ့ခဲ့ရတယ်။ ရွာဟောင်းက မီးလောင်ပြီးစ တစပြင်လို အိမ်တိုင်တွေ ထိုးထိုးထောင်ထောင်နဲ့ ပျက်စီးယိုယွင်းနေခဲ့တယ်။ ရွာဟောင်းဘေးမှာ အရင်ကစခန်းချဟန်တူခဲ့တဲ့ တပ်နေရာဟောင်းတစ်ခုပဲ မပျက်မစီးရှိနေခဲ့တယ်။

ဝမ်မတ်ရွာမှာ ကျွန်တော်တို့ ခေတ္တစခန်းချရပ်နားဖို့ ဆုံးဖြတ်ပြီး ရွာထဲကလူတချို့နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်။ ရွာထဲအသွားလမ်းမှာ စာသင်ကျောင်းတစ်ကျောင်းကို တွေ့ခဲ့ပြီး ကျောင်းသား၊ ဆရာတွေ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ နောက်မှသိရတာက သူပုန်တွေက မြန်မာစာသင်ခွင့်မပေးလို့ တစ်ဦးတည်းရှိတဲ့ ကျောင်းဆရာက မြို့ပြန်ပြေးသွားတယ်လို့ ဆိုပါတယ်။

အရင်တပ်ဟောင်းမှာ စခန်းချရပ်နားမယ်လို့ တပ်ရင်းမှူးကပြောတော့ ရွာသားတွေက ရွာဟောင်းမှာ ဘီလူးရှိကြောင်း၊ အဲဒီမှာနေရင် လူတွေ မကြာခဏသေကြောင်း ပြောပြီး ရွာသစ်မှာပဲ စခန်းချဖို့ပြောပါတယ်။ တပ်ရင်းမှူးက နိုင်ငံခြားကနေ ပူပူနွေးနွေး ပညာတော်သင်ပြန်လာစမို့ ဘီလူးရှိကြောင်း၊ နတ်ကြီးကြောင်းကို အယုံအကြည်မရှိခဲ့ဘူး။ ရွာပြင်က တပ်ဟောင်းမှာပဲ စခန်းချဖို့ စီစဉ်ခဲ့တယ်။

ကျွန်တော်လည်း နေ့လယ်နေ့ခင်းဘက် ဆရာမရှိတဲ့ကျောင်းမှာ ကလေးတွေကို စာသင်ပေးဖို့ တပ်ရင်းမှူးဆီ တင်ပြခွင့်တောင်းခဲ့တယ်။ ခွင့်ပြုချက်ရပြီးနောက် နေ့ခင်းဘက်မှာ ကလေးတွေကို စာသင်ပေးပြီး ညဘက်မှာ ကျွန်တော်စခန်းပြန်အိပ်ခဲ့တယ်။ ရွာထဲဝင်ထွက်ဖန်များနဲ့အမျှ ရွာသူရွာသားတွေနဲ့ ကျွန်တော် ခင်မင်ရင်းနှီးလာခဲ့တယ်။ ကျွန်တော့်ကို တူသားလို ချစ်ခင်တဲ့ အဘိုးအိုတစ်ဦးက ရွာမှာပဲ အိပ်ဖို့၊ ရွာဟောင်းမှာမအိပ်ဖို့ မကြာခဏ ပြောဆိုခဲ့တယ်။ ဒါပေမယ့် တပ်အမိန့်၊ တပ်စည်းကမ်းအတိုင်း ကျွန်တော်လိုက်နာခဲ့ရတယ်။

တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလား! ရွာဟောင်းမှာ တကယ်ပဲ ဘီးလူးရှိခဲ့သလား မပြောတတ်ပါဘူး။ တစ်ညနေမှာ ရဲဘော်တစ်ဦး နေထိုင်မကောင်းဖြစ်ခဲ့တယ်။ ရိုးရိုးတန်းတန်း ဖျားနာတာလေးမို့ ရှိတဲ့ဆေးနဲ့ပဲ ကုသခဲ့တယ်။ ဒါပေမယ့် နောက်တစ်နေ့မနက်မှာ ဘာမှမသေချာ မရေရာတဲ့အဖြေနဲ့ အဲဒီရဲဘော် သေဆုံးသွားခဲ့တယ်။ တပ်ရဲ့ထုံးစံအတိုင်း သေနတ်ဖောက်၊ အလေးပြုဂုဏ်ပြုပြီး မြေမြှုပ်သင်္ဂြိုလ်လိုက်ကြတယ်။ ရွာဘက် ကျွန်တော်စာသင်သွားတော့ အဘိုးအိုက သေနတ်ဖောက်သံ ကြားခဲ့လို့ထင်တယ်... "လူသေပြီ မဟုတ်လား" လို့ ကျွန်တော့်ကိုမေးတယ်။ ကျွန်တော်ကလည်း ဟုတ်မှန်ကြောင်း ပြောပြပါတယ်။ အဘိုးအိုက နောက်ရက်တွေမှာ လူဆက်တိုက်သေဆုံးတော့မယ့်အကြောင်း ကျွန်တော့်ကိုပြောပြတယ်။ တိုက်ဆိုင်မှုပဲလား! အဘိုးအိုပြောတဲ့အဖြစ်တွေက အမှန်ပဲလား! ကျွန်တော်ဝေခွဲမတတ်ခဲ့ပါဘူး။

အဲဒီလိုနဲ့ နောက်ထပ်တိုက်ဆိုင်မှုတစ်ခုကို ကျွန်တော်တို့ ကြုံခဲ့ရပြန်တယ်။ တစ်ခြားတပ်တစ်တပ်က အရာရှိနှစ်ဦး စကားများကြလို့ ကျွန်တော်တို့စခန်းမှာ ခေတ္တချုပ်နှောင်ထားဖို့ ရောက်လာခဲ့တယ်။ သူတို့နှစ်ဦးကို အခန်းတစ်ခုမှာ ပိတ်လှောင်ထားပြီး ထမင်းကို မနက်တစ်ယောက်စာ၊ ညနေတစ်ယောက်စာ အလှည့်ကျ ပြောင်းကျွေးခဲ့တယ်။ အလှည့်ကျကျွေးရခြင်းက ထမင်းတစ်ပန်းကန်ကို သူတို့အချင်းချင်း ခွဲဝေမျှစားပြီး ပြန်လည်သင့်မြတ်ဖို့ဖြစ်တယ်။ ဒါပေမယ့် နောက်တစ်နေ့မနက်မှာ အရာရှိနှစ်ဦးဟာ တစ်ယောက်လည်ပင်းကို တစ်ယောက်ညှစ်ပြီး ထိုင်ရက်သေဆုံးနေတာကို တွေ့ခဲ့ရတယ်။ တိုက်ဆိုင်မှုလေလား! အဝေမတည့်လို့ ခိုက်ရန်ဖြစ်တဲ့ မတော်တဆလေလား! ကျွန်တော်ဘာမှ တွေးမတတ်ခဲ့ပါဘူး။ ရွာသွားတိုင်း အဘိုးအိုက ကျွန်တော်ကို "သေပြန်ပြီလား? သေပြန်ပြီလား"နဲ့ မေးနေခဲ့ပါတယ်။

သုံးဦးမြောက်သေဆုံးပြီးနောက် အဲဒီစခန်းမှာ ကျွန်တော်တို့ စိတ်တထင့်ထင့်ဖြစ်နေခဲ့တယ်။ ဗုဒ္ဓဘာသာပီပီ ယုံကြည်ကိုးကွယ်မှုကို ဦးထိပ်ထားပြီး မနက်ဖြန်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်တားဆီးချင်ခဲ့ကြတယ်။ ဒါပေမယ့် တပ်ရင်းမှူးက ဒါဟာတိုက်ဆိုင်မှုဆိုပြီး အယုံအကြည် မရှိခဲ့ပါဘူး။

အဲဒီနေ့က ရှေ့တန်းက ပြန်လာတဲ့ရဲဘော်တစ်ယောက် ခြေထောက်မိုင်းထိပြီး မြို့ဆေးရုံကိုသွားဖို့ ကျွန်တော်တို့စခန်းမှာ ခရီးတစ်ထောက်နားပါတယ်။ မိုင်းထိတယ်ဆိုပေမယ့် အသက်သေဆုံးလောက်အောင် အခြေအနေမဆိုးခဲ့ပါဘူး။ ဒါပေမယ့် အဲဒီညမှာပဲ မိုင်းထိတဲ့ရဲဘော် ကွယ်လွန်သွားခဲ့ရတယ်။ ဘာကို ယုံကြည်ရမှန်း ကျွန်တော်နားမလည်ခဲ့တော့ဘူး။ စိတ်မကောင်းရုံက လွဲရင် ကျွန်တော်ဘာမှ မတတ်နိုင်ခဲ့ဘူး။

နောက်တစ်နေ့ ရွာရောက်တော့ အဘိုးအိုက ဒီညလည်း လူတစ်ယောက် သေနိုင်ကြောင်း၊ ဒီည ရွာမှာလာအိပ်ဖို့ ကျွန်တော့်ကို အတန်တန် သတိပေးပါတယ်။

"ကျောင်းဆရာ.. ဒီတစ်ညတည်းပါ။ အဘတို့အိမ်မှာ ဒီတစ်ညပဲ မဖြစ်မနေလာအိပ်ပါ"

ရှေ့မှာ မရေရာတဲ့သေဆုံးမှုနဲ့ လူတွေသေခဲ့ကြတဲ့အတွက် ကျွန်တော်လည်း စိတ်ချောက်ချားခဲ့မိတယ်။ ဒီည ဘယ်သူ့အလှည့်လဲဆိုတဲ့ စိုးရိမ်မှုက ကျွန်တော့်စိတ်ထဲ ဝင်ရောက်လာခဲ့တယ်။ အဲဒီညမှာ အရာရှိဆီကနေ ရွာက ချစ်သူနဲ့ချိန်းထားလို့ ခွင့်တစ်ညပေးဖို့ ကျွန်တော်တောင်းခဲ့မိတယ်။ စခန်းရဲ့ပြင်ပမှာ အိပ်ဖို့ အရာရှိက ခွင့်မပြုခဲ့ဘူး။ ချစ်သူနဲ့ချိန်းတွေ့ပြီးရင် စခန်းမှာပဲ ပြန်လာအိပ်ဖို့ အတန်တန်မှာပြီး ကျွန်တော့်ကို ရွာထဲသွားဖို့ ခွင့်ပြုခဲ့တယ်။

အဲဒီညက အဘိုးအိုရဲ့ အိမ်နောက်ဖေး စပါးကျီမှာ ကျွန်တော်အိပ်ခဲ့တယ်။ ညသန်းခေါင်အရောက်မှာ တဒုန်းဒုန်းတံခါးထုသံကြောင့် ကျွန်တော်လန့်နိုးလာခဲ့တယ်။ မငြိမ်မသက်ကာလမို့ ရွာထဲသူပုန်တွေ ဝင်စီးပြီလားဆိုတဲ့အတွေးနဲ့ ထရံပေါက်ကနေ ကျွန်တော်ချောင်းကြည့်လိုက်တယ်။ ကျွန်တော့်နာမည် ခေါ်သံကြောင့် အသေချာကြည့်လိုက်တော့ တပ်က အရာရှိဖြစ်နေခဲ့တယ်။ ကျွန်တော့်ကိုတွေ့တာနဲ့ အရာရှိက အရေးကြီးတဲ့အကြောင်း၊ စခန်းကိုချက်ချင်းလိုက်ခဲ့ဖို့ ခေါ်တယ်။ ရေးကြီးသုတ်ပျာ အရာရှိပုံစံကြောင့် စခန်းမှာ တစ်ခုခုဖြစ်ပြီဆိုတာကို ကျွန်တော်သိလိုက်တယ်။ စခန်းကိုရောက်သွားချိန်မှာ ကင်းစောင့်ရဲဘော်တစ်ဦးက ကိုယ့်သေနတ်နဲ့ကိုယ် မေးအောက်မှာထောက်ပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို စိတ်မကောင်းစွာ တွေ့လိုက်ရတယ်။

ကျိန်စာလေလား! နတ်ဘီလူးတို့ရဲ့ ဂယက်လေလား! တိုက်ဆိုင်မှုလား! မတော်တဆမှုလား! လူငါးယောက်သေဆုံးပြီးတဲ့အထိ အဖြေတစ်ခုကို ကျွန်တော်တို့ တိတိကျကျ မရခဲ့ဘူး။ နောက်ဆုံး အယုံအကြည်မရှိတဲ့ တပ်ရင်းမှူးကို ပြောဆိုတောင်းပန်ပြီး စခန်းကနေ ကျွန်တော်တို့ ပြောင်းရွှေ့ခဲ့ကြတယ်။ မမြင်နိုင်တဲ့အရာတွေ၊ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့အရာတွေနဲ့ ယုံကြည်ကိုးကွယ်မှုတချို့က ကျွန်တော်တို့ လောကမှာရှိနေခဲ့တယ်ဆိုတာ ဒီအဖြစ်အပျက် ကြုံပြီးနောက်ပိုင်း ကျွန်တော်ပိုယုံကြည်ခဲ့ပါတယ်။

ကိုယ်တွေ့ဖြစ်ရပ်မှန်တစ်ခုကို ပြောပြခဲ့တဲ့ အငြိမ်းစားတစ်ဦးအား ကျေးဇူးတင်လျှက်

နိုင်းနိုင်းစနေ


Share/Bookmark

Friday, October 02, 2009

သူစိမ်းတစ်ယောက်ရဲ့ ကရုဏာ


အရင်က ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်သူဖြစ်တယ်။ ဘယ်လိုဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် ကျွန်မဆန္ဒ၊ ကျွန်မရလိုမှုကို ရှေ့တန်းတင်ခဲ့တယ်။ ဒါပေမယ့် သာမန်အတွေ့အကြုံတစ်ခုက ကျွန်မဘဝကို တကယ်ပဲ တခဏအတွင်းမှာ ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီအတွေ့အကြုံကို ကျွန်မဘဝတစ်သက်တာလုံး စွဲစွဲမြဲမြဲ မှတ်ယူခဲ့ပါတယ်။

အဲဒီနေ့ နေ့လယ်ရုံးဆင်းချိန်မှာ နေ့လယ်စာစားဖို့ ရုံးအောက်ကို ကျွန်မဆင်းခဲ့တယ်။ လမ်းမှာလမ်းဘေး အနုပညာသည်တစ်ဦးကို တွေ့ခဲ့တယ်။ ဒါက သိပ်ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ လူတချို့က ဒီလိုနေ့လယ်ရုံးဆင်း လူများတဲ့အချိန်ကိုရွေးပြီး အနုပညာပြစားကြတယ်။

သူ့ရှေ့ကို ကျွန်မဖြတ်တဲ့အချိန်
ကျွန်မလက်ထဲမှာ ငွေအကြွေတချို့ ဆုပ်ကိုင်ထားတယ်။ စိတ်ထဲမှာလည်း ဒီအနုပညာသည်က ငွေတွေကိုယူပြီး ဆေး ဒါမှမဟုတ် အရက်အတွက် အာသာဖြေဖို့ဖြစ်မယ်လို့ ထင်မိတယ်။ တကယ်တမ်းလည်း သူ့ပုံစံက ငယ်ရွယ်ပေမယ့် ဝတ်စားပုံက ပိုသီပတ်သီနဲ့ ပေရေညစ်ပတ်နေတယ်။

ဒီလိုတွေးမိပြီး ရုတ်တရက် ကျွန်မရပ်လိုက်တယ်။ ကိုယ့်ကိုယ် ဒီလိုအတွေးဝင်မိတာကိုလည်း အံ့သြတုန်လှုပ်မိတယ်။ ကျွန်မကရော ငွေတွေကို ဘယ်နေရာမှာ သုံးဖြုန်းသလဲ? ဒီငွေတွေနဲ့ ကိုကာကိုလာ ဒါမှမဟုတ် ချောကလက်ဝယ်ပြီး အာသာဖြေဖို့ပဲ မဟုတ်လား! ကျွန်မက ဘာအတွက်နဲ့ သူ့ထက်တစ်ဆင့် မြင့်ချင်နေရပါလိမ့်?

ခြေအစုံကို ကျွန်မရပ်လိုက်ပြီး အကြွေတွေအားလုံး သူ့ဦးထုပ်ထဲ ထည့်လိုက်တယ်။ ကျွန်မကို သူပြုံးပြတယ်။ သူဖြေဖျော်နေတာကို ခဏရပ်ကြည့်ရင်း တစ်ကိုယ်ကောင်းဆန်စိတ်က ကျွန်မရင်ထဲ ဝင်ရောက်လာပြန်တယ်။ ပြုံးပြတာထက် တစ်ခုခုကို ကျွန်မပိုမျှော်လင့်ခဲ့တယ်။ ဥပမာ- သူ့ဆီက စိတ်လှုပ်ရှားသွားတာမျိုး ဒါမှမဟုတ် ပျော်ရွှင်သွားတာမျိုးပေါ့။ ဒါပေမယ့် ဘာမှပြန်မရလိုက်လို့ သူ့ကိုတစ်ချက်ပြုံးပြပြီး နေရာကနေ ကျွန်မထွက်လာခဲ့တယ်။ ဒါဟာ ငွေကြေးဖြုန်းတီးနေတာနဲ့ အတူတူပဲမို့ ဒီလိုလုပ်ရပ်မျိုးကို ကျွန်မတစ်ခါမှ မလုပ်ခဲ့မိဖူးဘူး။

အဲဒီနေ့ ရုံးဆင်းချိန်မှာ ဘူတာရုံဖက် ကျွန်မခြေဦးလှည့်မယ်ပြင်တော့ နေ့လယ်ကတွေ့ခဲ့တဲ့ အနုပညာသည်ကို တွေ့ပြန်တယ်။ သူလည်း သူ့ပစ္စည်းတွေကိုသိမ်းပြီး ဦးထုပ်ကိုကောက်ယူနေတယ်။ ဦးထုပ်ထဲက လူတွေပေးကမ်းထားတဲ့ ငွေတွေကို ပလပ်စတစ်အိတ်တစ်ခုထဲ သွန်ထည့်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ထဲ သူသွားဝင်သွားခဲ့တယ်။ အဲဒီနောက် ဆိုင်ကောင်တာဆီ တည့်တည့်မတ်မတ်သွားပြီး ငွေတွေကို ကောင်တာပေါ်တင်ထားတဲ့ မီးဘေးအလှူခံပုံးထဲ အကုန်လုံးသွန်ထည့်လိုက်တယ်။ တကယ်တော့ သူဟာ ဘာဆေး၊ အရက်မှ စွဲနေသူမဟုတ်ပါဘူး.. သူက သူတတ်တဲ့အနုပညာနဲ့ အလှူခံနေရုံသက်သက်ပါ။

ကျွန်မဟာ ကိုယ့်ကိုယ်ကို တော်တော်တစ်ကိုယ်ကောင်းဆန်တယ်လို့ ခံစားမိတယ်။ ဒီအလုပ်ကို ကျွန်မကိုယ်တိုင် လွယ်လွယ်ကူကူ လုပ်နိုင်ပါရက်နဲ့ ကိုယ့်ငွေတွေကိုလှူဖို့ တစ်ခြားလူကို ကျွန်မခိုင်းစေခဲ့တယ်။

အခုတော့ ငွေအကြွေတွေကို အလှူခံပုံးထဲ ကျွန်မကိုယ်တိုင်ထည့်ပြီး တစ်နေ့တာပျော်ရွှင်မှုနဲ့ လဲယူနိုင်ခဲ့ပါပြီ။ ဒီတစ်ခါတော့ ပေးဆပ်စွန့်ကြဲတဲ့အစွဲကို ကျွန်မစွဲလမ်းနေပြီလို့ သင်တို့ပြောနိုင်ပါပြီ။


၂ဝဝ၉ ခုနှစ် စက်တင်ဘာလထုတ် ဟောင်ကောင် readers digest စာမျက်နှာ(၁၅)မှ Amy Taylor ရေးသားတဲ့ Kindness of Stranger ကို ဘာသာပြန်ခံစားသည်။

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, October 01, 2009

အဖြေအားလုံး (၁ဝ၇)


၁) လက်ရှိအသက်ရှင်နေတဲ့ ကမ္ဘာ့အကြီးဆုံး Great Dane ခွေးရဲ့ အရပ်က (၁ဝ၇)စင်တီမီတာဖြစ်တယ်။

၂)
(၂ဝ၁ဝ)ခုနှစ် ရောက်တဲ့အချိန် ဂျပန်နိုင်ငံမှာ ဆဲလ်လူလာဖုန်းသုံးသူ လူပေါင်းသန်းပေါင်း (၁.ဝ၇)ကျော် ရှိသွားမှာဖြစ်ပါတယ်။


၃) တရုတ်အမျိုးသမီးတစ်ဦးဟာ နုပျိုစဉ်မှာ အိမ်ထောင်ပြုရမှာကြောက်ပြီး အသက်(၁ဝ၇)နှစ်ရောက်မှ အိမ်ထောင်ဘက်ကို စရှာခဲ့တယ်။

၎) နက်(စ်)တန်(Nestle)ကုမ္ပဏီရဲ့ ပြောကြားချက်အရ Kit Katတံဆိပ် ချောကလက်တစ်တောင့်မှာ ကယ်လိုရီပေါင်း (၁ဝ၇)ရှိတယ်။

၅) ဒီနှစ်မှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ ရုပ်ရှင်ကား “Twilight” ကားထဲမှာ “Robert Pattinson” က အသက်(၁ဝ၇)နှစ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင် “Edward Cullen” အဖြစ် သရုပ်ဆောင်ခဲ့တယ်။

၆) လူတွေထီထွင်ခဲ့တဲ့ အဏှမြူဓာတ်သွင်း “Bohrium” မှာ အနုမြူနဲ့သက်ဆိုင်တဲ့ (Atomic) နံပါတ်စဉ်(၁ဝ၇) ရှိတယ်။

၇) တကယ်လို့ သင်ဟာ ဟန်ဂေရီမှာ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် (၁ဝ၇)ဂဏန်းကောက်လှည့်ပြီး ရဲဌာနကို အကြောင်းကြား၊ တိုင်ကြားနိုင်ပါတယ်။

၈) “X-Men Origins: Wolverine” ဇာတ်ကားရဲ့အရှည်က (၁ဝ၇) မိနစ်ဖြစ်ပါတယ်။

၂ဝဝ၉ ခုနှစ် စက်တင်ဘာလထုတ် ဟောင်ကောင် readers digest စာမျက်နှာ(၁၃)မှ ကောက်နှုတ်ပါသည်။

နိုင်းနိုင်းစနေ



Share/Bookmark