Monday, November 30, 2009

ကြော်ငြာ (၇၇)


ဒီလို ရှည်လျားနက်မှောင်တဲ့ ဆံပင်ကို Pantene တံဆိပ် ခေါင်းလျှော်ရည်ကမှ လုပ်ဆောင်ပေးနိုင်ပါသတဲ့...

ပလင်တာကြော်ငြာ

hair salon ကြော်ငြာ

Pizza ကြော်ငြာ

ကစားကွင်းကြော်ငြာ

စက်လှေကားကို အသုံးပြုပြီး ကြော်ငြာထားတာဖြစ်ပါတယ်။ သူတို့က သူတို့ကုန်ပစ္စည်းကို ကြော်ငြာပါတယ်။ ကျွန်မက သူတို့ရဲ့ အိုင်ဒီယာကို မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, November 29, 2009

ရိုးရာမင်္ဂလာပွဲ


ဘယ်အရာမဆို ကိုယ်တိုင်တွေ့ကြုံခံစားဖူးမှ ပိုနားလည်တယ်ဆိုတဲ့ စကားက အရမ်းမှန်ပါတယ်။ အရင်တုန်းက ဘာသိဘာသာနေခဲ့တဲ့အရာတွေ ကိုယ်တိုင်လုပ်ကိုင်ကြည့်မှ နက်နက်နဲနဲ နားလည်လာရတယ်။ သိလာရတယ်။

"မင်္ဂလာဆောင်" တဲ့.. အရင်က ကိုယ်တိုင်တစ်ခါမှ မင်္ဂလာမဆောင်ဖူးတော့ ဓလေ့ထုံးစံတွေက ဒီလောက်ရှုပ်ထွေးမယ်မှန်း မသိခဲ့ဘူး။ ကိုယ်တိုင်ကြုံမှပဲ မသိခဲ့၊ မမြင်ခဲ့ဖူးတဲ့ ရိုးရာဓလေ့တွေကို ပိုသိ၊ ပိုမြင်လာခဲ့ရတယ်။

ကျွန်မတို့(လားဟူ)လူမျိုးမှာ တစ်ခြားလူမျိုးတွေအတိုင်း သတိုးသားက သတိုးသမီးကို သွားတင်တောင်းဖို့ အရင်ဆုံး ရက်ကောင်းရက်မြတ်ကို ရွေးချယ်ရပါတယ်။ ရက်ကောင်းရွေးချယ်ပြီး ဘယ်နေ့မှာ လာတောင်းမယ်ဆိုတဲ့အကြောင်း သတိုးသမီးအိမ်ကို ပန်းခြင်း၊ လက်ဆောင်တွေနဲ့သွားပြီး လူကြီးမိဘတွေကို အရင်အသိသွားပေးရပါတယ်။ သတိုးသမီးအိမ်က အဲဒီလက်ဆောင်တွေကို လက်ခံထားရပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် သတိုးသားနဲ့ သတိုးသမီး မင်္ဂလာမဆောင်ဖြစ်ခဲ့ရင် အဲဒီပန်းခြင်းကို သတိုးသားဖက် ပြန်ပေးရပါတယ်။

သတိုးသမီးကို သွားတောင်းတဲ့ရက်မှာ ပထမဆုံး သတိုးသားဖက် ပြင်ဆင်ရတဲ့အရာတွေက ကန်တော့ပုံသဏ္ဍာန် စက္ကူအနီထဲထည့်ထားတဲ့ လက်ဖက်ခြောက်ထုပ်နဲ့ ဆားထုပ်တွေဖြစ်တယ်။ အဲဒီအထုပ်တွေဟာ စုံဂဏန်းပဲဖြစ်ရပါမယ်။ ဥပမာ - လက်ဖက်ခြောက် ၄ထုပ်၊ ဆား ၄ထုပ်..

လက်ဖက်ခြောက်၊ ဆားတွေအပြင် သတိုးသားဖက်က တတ်နိုင်ရင်တတ်နိုင်သလောက် မုန့်ပုံး၊ ကိုလာ၊ နို့ဆီဗူး၊ ချိုချဉ်၊ အချိုရည် .. စတဲ့ လက်ဆောင်ပစ္စည်းတွေကို ဝယ်ရပါတယ်။ ပြီးတော့ အဲဒီလက်ဆောင်တစ်ခုစီကို စက္ကူအနီနဲ့ ပတ်ထားရပါတယ်။ အဲဒီအပြင် တတ်နိုင်ရင် တတ်နိုင်သလောက် သတိုးသမီးအတွက် အဝတ်အစား၊ အသုံးအဆောင်၊ ခန်းဝင်ပစ္စည်းတွေကိုလည်း ဝယ်ရပါတယ်။ ပစ္စည်းအားလုံးကို စက္ကူနီနဲ့ ကပ်ထားရပါတယ်။ ပစ္စည်းအားလုံးက စုံဖြစ်ရပါတယ်။

သတိုးသမီးဖက်ကလည်း တတ်နိုင်သလောက် ကိုယ့်အတွက် အဝတ်အစားတွေ ဝယ်ရပါတယ်။ အရင်ခေတ်တုန်းကတော့ ကိုယ်ဝတ်မယ့်အဝတ်အစား၊ အိပ်ယာစောင်ခင်း၊ ဖိနပ်တွေကို သတိုးသမီးက ကိုယ်တိုင်ချုပ်လုပ်ရတယ်လို့ ဆိုပါတယ်။ အခုခေတ်မှာတော့ ရယ်ဒီမိတ်တွေ အဆင်သင့် ရှိနေတာကတစ်ကြောင်း၊ ရိုးရာဓလေ့တွေကလည်း ခေတ်ရေစီးနဲ့အပြိုင် ပြောင်းလဲနေတာကတစ်ကြောင်း အရင်ကလောက် အယူတွေမရှိတော့ပါဘူး။ (နို့မဟုတ်ရင် အပ်မချုပ်တတ်သူတွေ ယောက်ျားမရဘဲ နေပါအုန်းမယ် :p)

သတိုးသမီးဖက်က ဝယ်ထားတဲ့ အဝတ်အစား၊ အသုံးအဆောင်အားလုံးကို မင်္ဂလာမဆောင်ခင် ရှေ့တစ်ညမှာ သတို့သမီးအမေက (အမေမရှိရင် အဒေါ်) သေတ္တာထဲ ထည့်ပေးပါတယ်။ သေတ္တာထဲ အဝတ်အစားမထည့်ခင် စပါး၊ နေကြာစေ့၊ ငွေပြား၊ ထင်းရှုးဆီ၊ တူနှစ်စုံ၊ ပန်းကန်လုံးနှစ်စုံ၊ စက္ကူနီပတ်ထားတဲ့ ငွေစက္ကူတွေကို သေတ္တာလေးထောင့်မှာ ထည့်ပေးပြီး ပါးစပ်ကလည်း ကလေးမြန်မြန်ရဖို့၊ မြေးမြစ်တွေနဲ့ ပျော်ရွှင်နိုင်ဖို့ ဆုတောင်းပေးရပါတယ်။ စပါး၊ နေကြာစေ့၊ ငွေပြားတွေရဲ့ အဓိပ္ပါယ်က သားသမီးမြန်မြန် ထွန်းကားဖို့ပဲဖြစ်ပါတယ်။ အားလုံးထည့်ပြီးရင် သေတ္တာကို လုံးဝမဖွင့်ရတော့ပါဘူး။

အဲဒီနောက် စပါး၊ နေကြာစေ့၊ ငွေပြားစတဲ့ပစ္စည်းတွေကို အစနီနဲ့ချုပ်ထားတဲ့ အိတ်လေးထဲထည့်ပြီး ခန်းဝင်ပစ္စည်းဖြစ်တဲ့ စောင်ရဲ့လေးထောင့်မှာ တွဲချီချုပ်ပေးရပါတယ်။ အဓိပ္ပါယ်ကတော့ ရှေ့ကတောင်းခဲ့တဲ့ ဆုတွေအတိုင်းပါပဲ။

သတိုးသားဖက်က သတိုးသမီးကို လာတင်တောင်းတဲ့မနက်မှာ တင်တောင်းမယ့် လက်ဆောင်ပစ္စည်းတွေနဲ့အတူ တင်တောင်းမယ့် ရွှေ၊ ငွေတွေကို ဘန်းတွေနဲ့ထည့်ယူလာရပါတယ်။ တကယ်လို့ တင်တောင်းတဲ့ပစ္စည်းတွေထဲမှာ အသား (ဥပမာ- ကြက်၊ ဝက်) ပါခဲ့ရင် အသားထည့်တဲ့ဘန်းထဲမှာ တူတစ်စုံ၊ ထင်းရှုးဆီစအနည်းငယ်၊ ကြက်သွန်ဖြူပင်တွေ စုစည်းပြီး ထည့်ထားရပါတယ်။ (အဲဒီပစ္စည်းတွေရဲ့ အခေါ်အဝေါ်အသံထွက်နဲ့ အဓိပ္ပါယ်ကောက်ယူကြလို့ဖြစ်ပါတယ်)

မနက်ပိုင်းမှာ သတိုးသမီးက အိမ်မှာအလှပြင်ပြီး သတိုးသားအလာကို ထိုင်စောင့်နေရပါတယ်။ အိမ်သူအိမ်သားတွေက သတိုးသားဖက်ကဆွေမျိုးတွေကို အစားအစာတွေနဲ့ တည့်ခင်းဧည့်ခံဖို့ အလုပ်ရှုပ်ကြပါတယ်။ သတိုးသားခြံရှေ့ရောက်ပြီဆိုတာနဲ့ သတိုးသမီးက ထိုင်နေရာက ထရပ်ရပါတယ်။ နောင်နောက်မှာ ကိုယ့်ကို မနိမ့်အောင်ဆိုတဲ့ အယူအဆပါတဲ့။ သတိုးသားက ခြံဝမှာစောင့်နေတဲ့ လူကြီး၊ ကလေးငယ်တွေရဲ့ ကြိုးတားတာတွေကို အန်းပေါင်းပေးပြီး ဖြတ်ရပါတယ်။ အဲဒီနောက် နှစ်ဖက်လူကြီးက မင်္ဂလာကိစ္စတွေကို ပြောဆိုရပါတယ်။ (တကယ်ဆို ပန်းခြင်းလာပေးတဲ့နေ့ကတည်းက တင်တောင်းမယ့်ကိစ္စ၊ တင်တောင်းမယ့်ပစ္စည်းတွေကို နှစ်ဖက်လုံး အရိပ်အမြွက်ပြောဆိုပြီးသားမို့ ထွေထွေထူးထူးတော့ ပြောစရာမရှိတော့ပါဘူး)

သတိုးသမီးဖက်က တင်တောင်းတာကို သဘောတူပြီဆိုမှ သတိုးသားက သတိုးသမီးရဲ့ အခန်းထဲဝင်ပြီး ခေါ်ထုတ်ရပါတယ်။ အဲဒီနောက် သတိုးသားနဲ့ သတိုးသမီးက နေအိမ်ဘုရားစင်မှာ ဆီမီးပူဇော်ကန်တော့ ရပါတယ်။ (ဘုရားစင်ရှိရင် ဘုရားစင်၊ နတ်စင်ရှိရင် နတ်စင်)

ကန်တော့ပြီးရင် သတိုးသမီးရဲ့အဖေက (အဖေမရှိရင် ဦးလေး) သတိုးသားရဲ့ ဘယ်လက်မောင်းမှာ ပန်းပွင့်နီတစ်ပွင့် တပ်ဆင်ပေးရပါတယ်။

ပြီးရင် သတိုးသမီးဖက်က မိဘဆွေမျိုးသားချင်း၊ ညီအစ်ကို မောင်နှမတွေကိုခေါ်ပြီး သတိုးသားကို မိတ်ဆက်ပေးရပါတယ်။ မိတ်ဆက်ပေးရာမှာလည်း ဒီအတိုင်း ရိုးရိုး မိတ်ဆက်မပေးရပါဘူး။ အရက်ခွက်လေးကမ်းပြီး ဒါက အဖေပါ။ ဒါကအမေပါ။ ဒါက ဦးလေးပါ လို့ဆိုပြီး မိတ်ဆက်ပေးရပါတယ်။ သတိုးသားက အဖေ၊ အမေ၊ ဦးလေးလို့ ပါးစပ်က လိုက်ခေါ်ရပါတယ်။ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တို့က သတိုးသား၊ သတိုးသမီးကမ်းတဲ့အရက်ကို မဖြစ်စလောက်လေးသောက်ပြီး ငွေတန်ငွေ၊ ရွှေတန်ရွှေ လက်ဖွဲ့တွေနဲ့အတူ အိုအောင်မင်းအောင်းပေါင်းဖို့ ဆုတွေပေးကြပါတယ်။ သတိုးသား၊ သတိုးသမီးဖက်ကလည်း ကျေးဇူးတင်တဲ့အနေနဲ့ လူကြီးမိဘတွေကို လက်ဆောင်တစ်ခုခု ပြန်ပေးကြပါတယ်။ ကိုယ့်ထက်အကြီးတွေကို အရက်၊ လက်ဆောင်နဲ့ မိတ်ဆက်ပေးပြီးနောက် ကိုယ့်ထက်အငယ်ကို မိတ်ဆက်ပေးရပါတယ်။ အငယ်တွေကို မိတ်ဆက်ရာမှာ အရက်မပါတော့သလို သူတို့ကလည်း လက်ဖွဲ့ပေးစရာမလိုပါဘူး။ ကိုယ့်ဖက်ကပဲ သူတို့ကို အန်ပေါင်းပေးရပါတယ်။

ဆွေမျိုးအားလုံးကို မိတ်ဆက်ပေးပြီးရင်၊ သတိုးသမီးဖက် မိဘလူကြီးတွေက သတိုးသားကို မှာစရာရှိတာမှာပြီးရင် (လင်ဝတ္တရားကျေပွန်ဖို့၊ ခွင့်လွတ်သည်းခံဖို့၊ မယားမှတ်မှတ်ပေါင်းသင်းဖို့) သတိုးသမီးကို သတိုးသားက ခေါ်ထုတ်သွားနိုင်ပါပြီ။ သတိုးသမီးဖက်က သတိုးသားတင်တောင်းတဲ့ လက်ဆောင်ပစ္စည်းတွေကို တချို့ယူပြီး တချို့ကိုပြန်ထည့်ပေးကြတယ်။ လက်ဖက်ခြောက်ထုပ်နဲ့ ဆားထုပ်တစ်ဝက်ကို အိမ်ဘုရားစင်မှာ တင်ထားခဲ့ရပါတယ်။ သတိုးသမီးဖက်ကလည်း ဝယ်ထားတဲ့ ပစ္စည်းအသစ်မှန်သမျှ သတိုးသားအိမ်ဖက်ကို အကုန်သယ်ထုတ်သွားရပါတယ်။ အိမ်ထဲကမထွက်ခင် သတိုးသမီးက အလှပြင်နေတဲ့အချိန်မှာပဲ မှန်သေးတစ်ချပ်နဲ့ ဆားထုပ်လေးတစ်ထုပ်ကို ကိုယ့်အင်္ကျီထဲ ကြိုထည့်ထားရပါတယ်။ မင်္ဂလာယူတဲ့အချိန်မှာ အနှောင့်အယှက်တွေ ပေါ်တတ်လို့၊ မင်္ဂလာဆောင်ချိန်မှာ သတိုးသမီးရဲ့လိပ်ပြာက အရမ်းလှနေပြီး မကောင်းဆိုးဝါးတွေ နှောင့်ယှက်မှာစိုးလို့ မှန်နဲ့ဆားကို ထည့်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။

သတိုးသားနဲ့ သတိုးသမီး အိမ်ထဲကထွက်တာနဲ့ တစ်ပြိုက်နက် သတိုးသမီးရဲ့ မောင်က သတိုးသမီးကို ထီးအနီနဲ့ စကောဆောင်းပြီး ကားအထိလိုက်ပို့ ပေးရပါတယ်။ မကောင်းဆိုးဝါးတွေရဲ့ရန်က ကာကွယ်တဲ့ အယူနဲ့ဖြစ်ပါတယ်။ သတိုးသားဖက်ကလည်း သတိုးသမီးမိဘကို အန်ပေါင်းတစ်ခုပေးခဲ့ရပါတယ်။ အကြောင်းက သူတို့ရဲ့ စီးပွါးရေး၊ လာဘ်လာဘတွေ သတိုးသားနဲ့ လိုက်ပါမသွားဖို့ဖြစ်တယ်။ သတိုးသမီးဖက်ကလည်း သတိုးသမီးကို ခေါ်ထုတ်သွားပြီးနောက် ပန်းပွင့်ပုံဖော်ထားတဲ့ အစနီကြီးကို အိမ်ရှေ့တံခါးဝမှာ ချိတ်ဆွဲလိုက်ရပါတယ်။

သတို့သားအိမ်ရောက်ရင်လည်း သူတို့ရဲ့ထုံးစံအတိုင်း နတ်၊ ဘုရားတွေကို ပူဇော်ကန်တော့ရပါတယ်။ ပြီးတော့ လူကြီးတွေကို ကန်တော့ရပါတယ်။ အားလုံးကန်တော့ပြီးရင် ညနေမင်္ဂလာဧည့်ခံပွဲအတွက် ပြင်ဆင်ရုံပဲကျန်ပါတော့တယ်။

မင်္ဂလာခန်းဝင်ပစ္စည်း ခင်းကျင်းချိန်မှာလည်း မိဘအစုံအလင်ရှိပြီး သားရောသမီးရောရှိတဲ့ လူတွေကပဲ ခင်းကျင်းပေးရပါတယ်။ ခင်းကျင်းပေးပြီးရင် ခင်းထားတဲ့ ကုတင်ပေါ် ယောက်ျားလေး၊ မိန်းကလေးတွေကို အရင်တက်လှိမ့်စေရပါတယ်။ ပြီးရင် ခင်းကျင်းထားတဲ့ ကုတင်ပေါ် ဘယ်သူမှ မထိုင်ရတော့ပါဘူး။ ဧည့်ခံပွဲပြီးလို့ အိပ်ခန်းထဲ သတိုးသား၊ သတိုးသမီးပြန်ရောက်ရင် မိဘသားသမီး အစုံအလင်ရှိတဲ့လူတွေကပဲ သူတို့ကို အချိုရည်တိုက်ရပါတယ်။ များသောအားဖြင့် အချိုရည်က ဆီးသီး၊ ကျောက်ပွင့်နဲ့ သကြားတွေချက်ထားတဲ့ အရာဖြစ်တယ်။ ညားခါစဇနီးမောင်နှံအတွက် ချိုမြိန်ခြင်းပါတဲ့။

မိန်းကလေးဆိုတာ တစ်သက်မှာတစ်ခါသာ မင်္ဂလာဆောင်ရတာမို့ သတိုးသမီးဖက်က အဲဒီလိုနေ့မျိုးကို အမှားအယွင်းမရှိ၊ အနှောင့်အယှက်မရှိ သတိထားပြီး ပြုလုပ်ကြရပါတယ်။ အရင်ခေတ်တွေကတော့ နှစ်နဲ့ လနဲ့ချီပြီး မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြရတယ်လို့ ဆိုပါတယ်။ မင်္ဂလာရက်နီးရင် သတိုးသမီးကို လူကြီးမိဘတွေက အပြင်သိပ်မလွတ်တော့ပါဘူး။ အဲဒီအချိန်တွေက သတိုးသမီးရဲ့ လိပ်ပြာအရမ်းညံ့တဲ့အချိန်မို့ မတော်တဆမှုတွေ ဖြစ်တတ်လို့ဆိုပါတယ်။

မင်္ဂလာဆောင်ပြီး (၃)ရက်မြောက်နေ့မှာ သတိုးသမီးက မိဘအိမ် ပြန်ကန်တော့ရပါတယ်။ တကယ်တော့ သတိုးသမီးရဲ့ အဝတ်အစားဟောင်း၊ အသုံးအဆောင် ပစ္စည်းဟောင်းတွေ ပြန်ယူတာပါပဲ။ အရင်ခေတ်က သတိုးသမီးတွေဟာ သုံးလတိတိ အဝတ်အစားအသစ်နဲ့ပဲ နေရတယ်လို့ဆိုပါတယ်။ ဒီခေတ်မှာတော့ (၃)ရက်ထဲနဲ့ ပြီးသွားတာများပါတယ်။

"ဈေးသုံးလည်း မလွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့" တဲ့။ ဒီခေတ်မှာ အစစအရာရာ ဈေးကြီးတာကြောင့် ဈေးသုံးရတာတော့ တကယ်မလွယ်လှပါဘူး။ လူတိုင်းက ကိုယ့်ရိုးရာ၊ ကိုယ့်ဓလေ့ကို ရိုသေလေးစားကြတာချည်းပါပဲ။ မှတ်မိသလောက်၊ သိတတ်သလောက်တော့ လုပ်သွားကြမှာပဲ။ ဘယ်လို အယူပဲရှိရှိ၊ ဘယ်လိုဓလေ့ပဲဖြစ်ပါစေ အဓိက,က ယူပြီးတဲ့ ဇနီးမောင်နှံနှစ်ဦးလုံး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပေါင်းနဲ့ ချစ်ချစ်ခင်ခင် ရိုးမြေကျ သက်ဆုံးထိတိုင် ပေါင်းသင်းနိုင်ကြဖို့ပဲ မဟုတ်ပါလား...

နိုင်းနိုင်းစနေ



Share/Bookmark

Saturday, November 28, 2009

ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ


လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ --
He Quan- Feng (何權峰) (စိတ်ပညာ)

(微笑,當生命陷落時 總數是一樣的) (ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

၉၉စနေ တောက် ကွန်း


blogspot.comကို မြန်မာပြည်က ဘန်းထားတဲ့အတွက် ကျော်ရခွရအဆင်ပြေအောင် မိုးလှိုင်ညက nineninesanay.netဆိုပြီး တစ်နှစ်စာ လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ တစ်ပြိုင်ထဲမှာလဲ စာဖတ်သူတစ်ယောက်(weenyin)က မှတ်ရလွယ်အောင်ဆိုပြီး 99sanay.comကို နှစ်နှစ်စာ လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။

လက်ရှိ blogspot.comကို မင်းယွန်းသစ် အကူအညီနဲ့ 99sanay.comလို့ ပြောင်းထားလိုက်ပါတယ်။ အရင်လိပ်စာဖြစ်တဲ့ http://nineninesanay.blogspot.comနဲ့ ဘလော့ဆက်ဖတ်နိုင်သလို အခုဒိုမိန်းအသစ်ဖြစ်တဲ့ http://www.99sanay.com နဲ့လည်း ဖတ်ရှုနိုင်ပါပြီ။ ဒိုမိန်းဝယ်ပေးကြတဲ့ မိုးလှိုင်ညနဲ့ weenyinကို အထူးကျေးဇူးတင်သလို ပြောင်းလဲတပ်ဆင်ပေးတဲ့ မင်းယွန်းသစ်ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။း)

(99sanay.com ကိုပြောင်းလိုက်တာ အရင်ကွန့်မန့်ဟောင်းတွေ ဘယ်ရောက်ကုန်လဲ မသိဘူး :O )

နိုင်းနိုင်းစနေ


Share/Bookmark

Friday, November 27, 2009

မောင်


အိပ်မပျော်ရက်ည အတူဖြတ်သန်း
ခံစားမှုတွေဝေမျှ
နှလုံးသားချင်း နီးဖူးခဲ့

"တအားချစ်တယ် မခွဲနိုင်ဘူးကွယ်"
မောင့်အသံတွေ အနမ်းတွေကြား
ရင်ခုန်စွာ ကြည်နူးဖူးခဲ့

ဂီတာအိုတီး တေးသီချော့တဲ့
ဖုန်းတစ်ဖက်က မောင်အသံကြား
မျက်ရည်ဝဲရင်း သာယာဖူးခဲ့

ထာဝရမဝေး စိတ်ကူးအတွေးနဲ့
တွေ့ဆုံချိန်ကို လက်ချိုးရေရင်း
မောင့်ကို တမ်းတလွမ်းဆွတ်ဖူးခဲ့

နိုင်းနိုင်းစနေ

ဟီး.. ဟိုတုန်းက ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။ ဟိုရှာဒီရှာလုပ်ရင်း ထွက်လာတယ်။ အဲတုန်းက အဲလိုလည်း ရေးခဲ့ဖူးတာပဲနော်.. ခုနေပြန်ဖတ်ကြည့်တော့ ရီချင်စရာကြီး.. :P


Share/Bookmark

ဘကံရဲ့လိပ်ပြာ


"ဘကံ"ကို မိန်းကလေးနဲ့တူတယ်လို့ လူတွေကပြောကြတယ်။ ပန်းနုရောင် ဘကံရဲ့မျက်နှာပြင်ပေါ်မှာ အဝါရောင်မွှေးညင်းလေးတွေ ပေါက်နေတယ်။ ရယ်လိုက်ရင် ဘကံရဲ့မျက်လုံးတွေက လေးသဏ္ဍာန် ကွေးညွှတ်သွားတတ်တယ်။

မွန်ဂိုရီးယားအရှေ့ပိုင်း Kharchinက ရွာတစ်ရွာမှာ ဘကံတို့ မိသားစုနေတယ်။ နွေဦးနဲ့ဆောင်းမှာ အဲဒီနေရာက အေးစက်လွန်းလို့ နွေရာသီရောက်မှ မြက်ခင်းစိမ်းကို တွေ့ရလေ့ရှိတယ်။ မြက်ခင်းစိမ်းပြင်ကြီးပေါ်မှာ ပွင့်လွှာ(၆)ချပ်ပါတဲ့ အဝါရောင်ပန်းတွေ အရင်ဆုံးပွင့်ကြတယ်။ ပွင့်လွှာ (၆)ချပ်စလုံး မြေမှာကပ်ပြီး ဖူးပွင့်နေတဲ့ အဲဒီအဝါရောင်ပန်းက မြင်းတွေနင်းမိလည်း မသေတတ်ကြဘူး။

ခေါင်းလောင်းသစ်ခွတွေက Cornflowerတွေ ညှိုးနွမ်းသွားမှ စပွင့်တယ်။ ဒီလိုရာသီရောက်ရင် ဘကံက လူကြီးတွေထက် ပိုအလုပ်ရှုပ်နေတတ်တယ်။ သစ်ခွပန်းတစ်ပွင့်ကို ခူးလိုက် လေးငါးလှမ်းပြေးပြီး တစ်ခြားပန်းခူးဖို့ ထိုင်ချလိုက်နဲ့ အဲဒီတုန်းက ဘကံရှိလှ သုံးလေးနှစ်ပေါ့။ အခွဲပါတဲ့ ဘောင်းဘီလေးနဲ့ ဘကံရဲ့ဖင်နှစ်ခြမ်းက အမြဲပေါ်နေတတ်တယ်။

"ဘကံက မိန်းကလေးပဲဖြစ်ရမှာ ဘယ်နှယ့်ယောက်ျားလေးဖြစ်နေရတာလဲ" လို့ အမေကပြောတယ်။

အမေကဘကံကို ပန်းတွေမခူးရဘူး၊ ပန်းကလေးတွေ နာတတ်တယ် လို့ပြောတော့ ပန်းကိုအမြစ်ကနေတူး ရေနည်းနည်းလောင်းပြီး တစ်ခြားနေရာကို ဘကံသယ်သွားတတ်တယ်။ သူသယ်သွားတဲ့နေရာက သေတ္တာထဲဖြစ်မယ်၊ ဦးလေးရဲ့ ဆေးလိပ်ဘူးထဲဖြစ်မယ်။ လေဒီယိုနောက်ဖြစ်မယ်၊ နောက်ပြီး ဘွတ်ဖိနပ်တွေထဲဖြစ်မယ်။ ဆောင်းရောက်မှ အိမ်ထဲမှာ လက်အရာတွေနဲ့ ခြောက်ပြီးအက်နေတဲ့ မြေစိုင်မြေခဲတွေ၊ ဆေးလိပ်ဖက်လို နွမ်းခြောက်နေတဲ့ ပန်းတချို့ကို တွေ့ရတတ်တယ်။

အဖေက ရထားတိုက်ပြီး ဆုံးသွားခဲ့လို့ အမေနဲ့ပဲ ဘကံနေတယ်။ အမေပြောင်းဖူးခုတ်ရင် အမေ့မောင် ဦးလေးက လာလာကူတတ်တယ်။ ဦးလေးက တစ်ကိုယ်ရေသမားဖြစ်ပြီး သူ့မှာ ၃နှစ်အရွယ် အဖြူရောင်မြင်းတစ်ကောင်ပဲရှိတယ်။ အမေဆုံးပြီးနောက် ဦးလေးက ဘကံနဲ့အတူလာနေတယ်။

အမေ ဘာရောဂါရသလဲ ဘကံမသိဘူး။ တကယ်လည်း "ရောဂါ" ဆိုတာကို ဘကံနားမလည်ခဲ့ဘူး။ ဘာအလုပ်မှမလုပ်ဘဲ စင်ပေါ်မှာ အမေလဲနေခဲ့တယ်။ နဖူးပေါ်မှာ အထပ်ထပ်ခေါက်ထားတဲ့အပြာရောင် အဝတ်စိုကိုတင်ထားတယ်။ တစ်ခါမှ မမြင်ဖူးတဲ့လူတွေ၊ ရယ်ချင်စရာ အနီရောင်အနွေးထည် ဝတ်ထားတဲ့ အသက်(၈ဝ)အဘွားကြီးရော၊ မီးရထားဝတ်စုံဟောင်း ဝတ်ထားတဲ့ လူကြီးရော၊ လက်ညှိုးမှာ အဖြူရောင်ပတ်တီးအပြည့်စည်းထားတဲ့ လူရော... လူတွေအများကြီး အမေကိုလာကြည့်ကြတယ်။ လူကြည့်တဲ့လူတွေက မုန့်တချို့နဲ့ ကိုယ်တိုင်စိုက်ထားတဲ့ ခရမ်းချဉ်သီးတွေ ယူလာကြတယ်။ တချို့ကအဆိုတော် Siqinbilige ရဲ့ခွေတွေယူလာကြတယ်။ ဒါတွေကို အမေ မမြင်ချင်ဟန်ဆောင်တယ်။ ခါတိုင်းဆိုရင် ဒီလိုလက်ဆောင်တွေမဆိုထားနဲ့ ကော်နဲ့လုပ်ထားတဲ့ အစိမ်းရောင်ဆံညှပ်ကိုတောင် နှစ်သက်လွန်းလို့ အမေလက်ကမချ ဖြစ်နေတတ်တယ်။

"ဘကံ... မုန့်တွေယူစား"

အမေက နတ်သမီးပုံပါတဲ့ မုန့်ပုံးကို လက်ညှိုးထိုးပြီးပြောတယ်။ ပြောပြီးတာနဲ့ မျက်လုံးမှိတ်သွားတယ်။ သူ့ကိုလာကြည့်တဲ့လူတွေ ဘယ်အချိန်လာတယ်၊ ဘယ်အချိန်ပြန်တယ်၊ ဘယ်လောက်ကြာကြာ သူ့ကိုငေးကြည့်နေခဲ့တယ်ဆိုတာကို အမေဂရုမစိုက်နိုင်တော့ဘူး။ အနီရောင်စင်အောက်က ထိုင်ခုံပေါ်ထိုင်ပြီး နွယ်မြက်တွေနဲ့ ကျစ်ဆံမြီးကျစ်ရင်း လူကြီးတွေပြောတဲ့စကားကို ဘကံနားထောင်နေတတ်တယ်။ ဒါပေမယ့် သူနားမလည်ခဲ့ဘူး။ တစ်ခါခါ အမေကဦးလေးနဲ့စကားပြောဖို့ ဘကံကို အိမ်ပြင်ထွက်ခိုင်းတတ်တယ်။ ဘကံခိုးနားထောင်တဲ့အခါ အမေရဲ့ငိုသံကိုကြားရပြီး ဦးလေးဆီက ဘာစကားမှထွက်မလာခဲ့ဘူး။ ဒါကပဲ "ရောဂါ" လား?

ညအချိန် အမေ့ဘေးမှာ ဘကံလဲနေတယ်။ အမေကဘကံရဲ့ခေါင်းကို ပွတ်သပ်နေတယ်။ ဘကံရဲ့ နားရွက်၊ နှာခေါင်းကိုကြည့်လိုက် ဘကံရဲ့လက်တုတ်တုတ်ကို ဆုပ်ကိုင်လိုက်နဲ့....

"ဘကံ... မေမေသွားရတော့မယ်"

"ဘယ်ကိုသွားမလဲ?"

"မေမေသွားပြီး ပြန်လာတော့မှာ မဟုတ်ဘူး"

ဘကံ ဆတ်ခနဲ့ ထထိုင်လိုက်တယ်။

"ဘကံ... တစ်နေ့မှာ လူတိုင်းခရီးဝေးတစ်နေရာကို သွားကြရတယ်။ ဘကံဖေဖေလဲ အဲဒီလိုပဲလေ"

"ဒါဆို.. ဘယ်နေရာကို သွားမှာလဲ?"

"ဘကံက ဘယ်မှမသွားဘူး။ ဦးလေးနဲ့အတူ နေရမယ်။ မေမေသွားပြီးနောက် နွေရာသီရောက်တိုင်း လိပ်ပြာအဖြစ်နဲ့ ဘကံကိုပြန်လာကြည့်မယ်"

လိပ်ပြာအဖြစ်နဲ့! အမေဒီလောက်တန်ခိုးရှိသလား! ဘာဖြစ်လို့ အရင်ကဒီအကြောင်း သူမပြောခဲ့ပါလိမ့်?

"တစ်ခြားလူတွေကို သားပြောပြလို့ရမလား?"

ဘကံရဲ့အမေးကို အမေကခေါင်းခါပြပြီး "တစ်နေ့မှာ ရွာထဲကလူတွေ မေမေတို့အိမ်ကိုလာကြမယ်။ မေမေကို သူတို့ထမ်းသွားကြလိုက်မယ်။ အဲဒီအချိန်မှာ မေမေစကားပြောတော့မှာမဟုတ်ဘူး၊ မျက်စိလည်းဖွင့်မှာ မဟုတ်ဘူး။ ဘကံမငိုနဲ့နော်.. မေမေကိုလည်း မခေါ်နဲ့နော်။ မေမေ လိပ်ပြာအဖြစ်နဲ့ ပြန်လာခဲ့မယ်"

"လိပ်ပြာဖြစ်တာနဲ့ စကားပြောလို့ မရတော့ဘူးလား မေမေ?"

လဲနေရာက အမေခေါင်းညိတ်ပြတယ်။ မျက်ထောင့်က မျက်ရည်တွေ နားရွက်ထိ စီးဆင်းသွားခဲ့တယ်။

အမေပြောတာ အရမ်းမှန်တယ်။ တစ်နေ့မှာ အိမ်ကိုလူတွေအများကြီးလာကြတယ်။ ဘေးအိမ်အဘွားက ဘကံကို အနောက်အိမ်ခေါ်သွားပြီး ဖက်ထားတယ်။ လူတချို့ အမေကိုထမ်းထုတ်သွားကြတယ်။ အိမ်ပြင်ရောက်တော့ လူတစ်ယောက်က အမေ့မျက်နှာပေါ်က ဇာပုဝါကို လှန်လိုက်တယ်။ အမေ့မျက်နှာ ဖြူဆွတ်နေတာပဲ။ လူတွေအလုပ်ရှုပ်နေကြတယ်။ မိုးစီးဖိနပ်ကြောင့် နေရာတိုင်းမှာ ရွံ့တွေချည်းပဲ။ ဦးလေးက ဒူးထောက်ရင်း တုန်ခါနေတဲ့ ဘကံရဲ့ပုခုံးကို ဆုပ်ကိုင်ထားတယ်။

အဲဒီအချိန်ကစပြီး ဘကံနေတဲ့ရွာ မိုးခေါင်ခဲ့တယ်။ လယ်သမားတွေက ဒီနှစ်မိုးခေါင်ရင် နောက်နှစ်ခေါင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် နှစ်တိုင်းလိုလို မိုးခေါင်ခဲ့တယ်။ စိုက်တဲ့မျိုးစေ့တွေ မိုးမရကြဘူး။ မြက်တွေမပေါက်လို့ ဆိတ်ကျောင်းသမားတွေက ဆိတ်ကို အဝေးကြီးမှာ စားကျက်သွားလွတ်ကြတယ်။ ဒါပေမယ့် ဆိတ်တွေအစာမဝကြဘူး။ မြက်နည်းတော့ သဲတွေများလာတယ်။ လူတွေက သဲတွင်းတွေတူးပြီး စိုနေတဲ့သဲတွေကို မြက်ခင်းကောင်းတဲ့ထိ သယ်သွားကြတယ်။

ပန်းတွေဖူးပွင့်တာကို ဘကံသိပ်မတွေ့ရတော့ဘူး။ အရင်က ကွင်းပြင်တစ်ခုလုံး စိမ်းစိုနေတတ်တယ်။ မိုးရွာပြီးနောက် မှိုတွေပေါက်လာတတ်တယ်။ ပန်းတွေပွင့်လာတတ်တယ်။ ခုတော့ သဲပြင်ဖြစ်နေတဲ့ ကွင်းပြင်မှာ လိပ်ပြာတွေလည်း မတွေ့ရတော့ဘူး။ အရင်နွေရာသီမှာ လိပ်ပြာတွေက စက္ကူစတွေ လေတိုက်ခံရတဲ့အတိုင်း ပတ်ဝန်းကျင်တစ်ခုလုံး ဟိုဒီပျံဝဲနေတတ်တယ်။ အမေလိပ်ပြာဖြစ်ပြီးနောက် ဘကံနေတဲ့ရွာကို ပျံသန်းလာဖို့ အချိန်ဘယ်လောက်ယူရမလဲ? လမ်းခုလပ်မှာ မောရင်း နားရဦးမယ်။ ချောင်းထဲက တိမ်တွေကိုမြင်ရင် တကယ့်တိမ်တွေထင်ပြီး သွားအိပ်စက်မိပြီး ရေနောက်လိုက်ပါသွားပြီလား?

အဲဒီနှစ်က နှစ်သစ်ကူးပြီးနောက် ဦးလေးရဲ့မြင်းလှည်းပေါ်မှာ ဘကံထိုင်ပြီး မြေသြဇာတွေ သွားတင်ခဲ့တယ်။ ချောင်းဘေးရေတွင်းမှာ လိပ်ပြာတစ်ကောင်ကို ဘကံတွေ့တော့ မြင်းလှည်းပေါ်က ခုန်ဆင်းပြီး ခရမ်းရောင်လိပ်ပြာနောက် အပြေးလိုက်ခဲ့တယ်။ အဲဒီတုန်းက သူ(၁ဝ)နှစ်လောက်ရှိပြီ။

ဦးလေးက "ဘကံ.. ဘကံ" လို့ လှမ်းခေါ်ပေမယ့် ခေါ်သံတွေ တဖြေးဖြေးဝေးသွားခဲ့တယ်။ လိပ်ပြာက ကုန်းမို့မို့လေးကိုဖြတ်ပြီး ယူကလစ်တောကို ဖြတ်တယ်။ လိပ်ပြာက ခဏနေပျောက်လိုက် ခဏနေ ဘကံမျက်စိရှေ့မှာ ပေါ်လာလိုက်နဲ့ အဝေးကနေ လာခဲ့ဟန်တူတယ်။ ဘကံ ပြေးမလိုက်တော့ဘူး။ အဝေးကို သစ်ရွက်တစ်ရွက်လို ဝဲပျံသွားတဲ့ လိပ်ပြာကို ရပ်ကြည့်နေခဲ့မိတယ်။

နောက်တော့ ဘကံတို့တူဝရီးနှစ်ယောက် "နိုက်မန်တာလ"ကို ပြောင်းရွေ့ခဲ့တယ်။ ဦးလေးက လူများသူရင်းငှား ဝင်လုပ်တယ်။ အဲဒီအချိန် ဘကံ(၃)တန်း တက်နေပြီဖြစ်တယ်။

အဲဒီကကျောင်းတွေအားလုံး အုတ်နီတွေနဲ့ဆောက်ထားတယ်။ ကျောင်းရှေ့မှာ အလံတိုင်တစ်ခုရှိတယ်။ ကျောင်းက အကောင်းစားမှန်တွေနဲ့မို့ ဆောင်းတွင်းမှာမအေးတော့ဘူး။ ကျောင်းမှာ ဆံပင်အဝါရောင်နဲ့ ဟောင်ကောင်ကလာတဲ့ လုပ်အားပေးဆရာမတစ်ဦးရှိတယ်။ ဆရာမက ကျောင်းသားလေးတွေကိုခေါ်ပြီး တောအုပ်မှာ သီချင်းသွားဆိုတတ်တယ်။ ညအချိန် မီးတွေထွန်းပြီး ပုံပြောပြတတ်တယ်။ ကျောင်းသားတိုင်းက ဆရာမကိုရော ဆရာမအိတ်ထဲက ပစ္စည်းကောင်းတွေကိုရော နှစ်သက်ကြတယ်။ အိတ်ထဲက ပစ္စည်းကောင်းတွေက သေနတ်ထမ်းထားတဲ့ ကော်ရုပ်စစ်သား၊ လက်သည်းနီ၊ မစ်ကီမောက်စ်သော့ချိတ်၊ ပီကေ၊ အရောင်လက်နေတဲ့ မျက်မှန်နဲ့ သမင်ပုံတွေဖြစ်တယ်။ ဆရာမက ဒီလိုပစ္စည်းတွေကို တစ်ခြားအိတ်တစ်ခုထဲထည့်ပြီး လွယ်ထားတတ်တယ်။ လိမ္မာယဉ်ကျေးတဲ့လူ၊ တော်တဲ့လူ၊ ဥပမာ... အင်္ဂလိပ်စကားလုံးတွေကို အသံကျယ်ကြီးနဲ့ ရွတ်ဆိုတတ်သူကို အိတ်ထဲကပစ္စည်းတစ်ခုခုနဲ့ ဆုချတတ်တယ်။

တစ်နေ့ညနေမှာ ဆရာမက ပန်းချီကားတစ်ချပ်ယူလာပြီး ကျောက်သင်ပုန်းပေါ် ကပ်လိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို "ဒါ ဘာပုံလဲ" လို့မေးတယ်။

ကျောင်းသားတွေက "လိပ်ပြာပါ ဆရာမ" လို့ ဖြေကြတယ်။

ပုံထဲမှာ လိပ်ပြာက အဝါရောင်ပေါ် အမည်းရောင်အနားပါတဲ့ အတောင်ကိုဖြန့်ကားထားတယ်။ လိပ်ပြာရဲ့ အာရုံမျှင်တွေကလည်း အမည်းရောင်ဖြစ်တယ်။

"ဒါက ဘာလဲ?"

"ပိုးလောက်လန်းပါ ဆရာမ"

"မှန်တယ်... ဒါလေးရော?"

ဆရာမက သစ်အယ်စေ့သဏ္ဍာန် ချွန်ချွန်အရာတစ်ခုကို လက်ညှိုးထိုးပြီးမေးတယ်။

"ဒါကို ပိုးတုံးလုံးလို့ခေါ်တယ်။ တပည့်တို့မြင်ကြရတဲ့ လှပတဲ့လိပ်ပြာလေးတွေက ဒီပိုးတုံးလုံးကနေ ဖြစ်သွားကြတာ။ ပိုးလောက်လန်းနဲ့ ပိုးတုံးလုံးကို ရုပ်ဆိုးတယ်လို့ မထင်ကြနဲ့နော်။ သူတို့တွေဟာ လိပ်ပြာဖြစ်ပြီးနောက်......"

"ဆရာမ လိမ်တယ်"

ဘကံက စိတ်ဆိုးမာန်ဆိုးနဲ့ ထရပ်ပြီးအော်တယ်။ တခဏလောက် ဆရာမငေးကြောင်သွားပြီး

"ဘကံ... တစ်ခုခုမပြောခင် လက်အရင်ထောင်ပြီး ခွင့်တောင်းရမယ် သိလား"

ှုနှုတ်ခမ်းကို တစ်ချက်ကိုက်ပြီး ဘကံထိုင်ချလိုက်တယ်။

"ပိုးတုံးလုံးက ဘယ်အချိန်မှာ လိပ်ပြာဖြစ်သွားသလဲသိလား? နွေဦးအချိန် လောကတစ်ခုလုံး......"

စတိတ်စင်ပေါ် ဘကံပြေးတက်ပြီး ဆရာမလက်မောင်းကို ကိုက်ထားလိုက်တယ်။

"အား...." ဆရာမက ငယ်သံပါအောင်အော်တယ်။ စာသင်ခန်းတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။

ကျောင်းသားတစ်ယောက် ရိုက်လိုက်တဲ့ လက်ဖဝါးချက်ကြောင့် ကိုက်ထားတဲ့လက်ကို ဘကံလွတ်လိုက်တယ်။ ဆရာမရဲ့လက်မှာ သွေးစို့နေတဲ့ သွားရာတွေက အထင်းသားပေါ်နေတယ်။ ကျောက်သင်ပုန်းပေါ် ချိတ်ထားတဲ့ ပန်းချီကားကို ဘကံဆွဲဖြုတ်ဆုတ်ဖြဲပြီး ခြေထောက်နဲ့ နင်းချေပစ်လိုက်တယ်။ ဘကံရဲ့ နှာခေါင်းမှာ သွေးတွေထွက်နေတယ်။ သူ့ကိုရိုက်တဲ့ကျောင်းသားရဲ့ အင်္ကျီပေါ်ကကြယ်သီးတွေ မရှိတော့ဘူး။ ထိတ်လန့်သွားတဲ့ ကျောင်းသူတချို့က တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတယ်။

"မင်း ရူးနေလား?"

ကျောင်းအုပ်ကြီးရောက်လာပြီး ဘကံနဖူးကို လက်ညှိုးထိုးပြီးအော်တယ်။ နေရာမှာတင် ဘကံနောက်ပစ်လဲကျသွားတယ်။ ဆရာကြီးက ဘကံကို ဆွဲထူပြီး လက်ညှိုးနဲ့ထပ်တိုးတယ်။

"မင်း ရူးနေပြီ"... ဘကံနောက်ပစ်ကျသွားပြန်တယ်။

ကျောင်းအုပ်ကြီးက ဆရာမကို အရယ်နဲ့လျှော်ကြေးပေးတယ်။ လက်ပေါ်က အနာကို ပါးစပ်နဲ့မှုတ်ပေးတယ်။ ဦးလေးကလည်း ဆရာမကို အားနာနာနဲ့ ရယ်ပြတယ်။ ပြီးတော့ ဆိတ်တစ်ကောင် လက်ဆောင်ပေးတယ်။ ဘကံကို ဘာခွေးရူးကမှ မကိုက်ခဲ့ဖူးတဲ့အကြောင်း ကျောင်းအုပ်ကြီးက စုံစမ်းပြီး ဆရာမကို စိတ်မပူဖို့ပြောတယ်။ အဲဒီနောက် ဘကံကျောင်းထုတ်ခံရတယ်။

တစ်ညနေမှာ ဘကံအိမ်ကို အိတ်ကြီးလွယ်ပြီး ဆရာမရောက်လာခဲ့တယ်။ ဘကံနဲ့ပြောစရာရှိလို့ဆိုပြီး ဦးလေးကို အပြင်ထွက်ခိုင်းခဲ့တယ်။

"သား.. သားစိတ်ထဲမှာ တစ်ခုခုဖြစ်နေလား? ဆရာမကို ပြောပြပါနော်"

ဆရာမက ဒူးထောက်ထိုင်ချပြီး ပတ်တီးစည်းထားတဲ့လက်နဲ့ ဘကံပါးကိုကိုင်ပြီး မေးတယ်။

လိပ်ပြာ! အဝေးကနေ လိပ်ပြာပျံလာခဲ့တယ်။ အဘွားနေတဲ့ Xilin Gol Meng မြက်ခင်းပြင်ကလည်း ဖြစ်နိုင်တယ်။ ပြီးတော့ "ဇာရိလန်" လို့ခေါ်တဲ့ ပန်းဝတ်ရည်နဲ့ မျက်နှာသစ်မယ်၊ ရေသောက်မယ်။ နေဝင်ပြီးနောက် ဆက်ပျံသန်းမယ်။ ကြယ်ရောင်တွေအောက်မှာ လိပ်ပြာလေးဟာ မီးစုန်းတစ်ခုလို ဖြူရင်လည်းဖြူမယ်၊ ခရမ်းရောင်လည်းဖြစ်နိုင်တယ်.....

"လိပ်ပြာက သားကို ဘာသတိရစေသလဲ?"

ဆရာမအမေးကို ဘကံခေါင်းခါပြတယ်။ ဆရာမက သက်ပြင်းတစ်ချက်ချရင်း အိတ်ထဲကနေ အဖြူရောင် ဘွတ်ဖိနပ်တစ်ရံကိုယူပြီး ဘကံကိုပေးလိုက်တယ်။

ဘကံ ခေါင်းခါပြတယ်။ သူ့ကော်ဖိနပ်က အဝါရောင်က ထိပ်ကွဲနေပြီဖြစ်လို့ အထဲကအဝတ်စကိုတောင် မြင်နေရပြီ။ ဖိနပ်ကြိုးမရှိလို့ ဂုန်နီကြိုးနဲ့ ဘကံချည်ထားတယ်။ ဖိနပ်အသစ်ကို ဆရာမက စင်ပေါ်တင်ထားလိုက်တယ်။ ဘကံက ယူပြီး ဆရာမအိတ်ထဲ ထိုးထည့်ပစ်လိုက်တယ်။

အိမ်ထဲကထွက်တာနဲ့ ဆရာမကို အားနာနာနဲ့ ရယ်ပြနေတဲ့ ဦးလေးကိုတွေ့တယ်။ ဆရာမက ဘကံကို တစ်ချက်ပြန်ကြည့်ပြီး ပြောတယ်။

"လိပ်ပြာဆိုတာ အရမ်းလှတယ် ဘကံ။ ဆရာမကြောင့် သားမထိခိုက် မကြေကွဲမိပါစေနဲ့။ ကျောင်းပြန်တက်ပါ ဘကံ"

ဘကံ ကျောင်းပြန်ရောက်လာခဲ့တယ်။

အလယ်တန်းတက်တဲ့အချိန် ဘကံနာမည်ကြီးလာခဲ့တယ်။ အလယ်တန်း သင်္ချာပြိုင်ပွဲမှာ ဘကံ တတိယရတယ်။ Run Run Shaw ပညာသင်ဆုကို ချီးမြှင့်ခံခဲ့ရတယ်။

နွေရာသီကျောင်းပိတ်ရက်မှာ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး ထက်မြက်တဲ့ကျောင်းသားတွေကို Qingdao ဖက် လေ့လာရေးထွက်ခဲ့ကြတယ်။ အဲဒီထဲမှာ ဘကံလည်းပါတယ်။ Qingdao က နေရာကောင်းဖြစ်တယ်။ အိမ်တွေ တောင်ထိပ်ကနေ တောင်အောက်အထိ ဆောက်ထားကြတယ်။ ခေါင်မိုးတွေက အနီရောင်ဖြစ်ပြီး ဂျုံမှုန်တွေဖြန့်ခင်းထားသလို ကမ်းခြေသဲတွေက ဖြူဖွေးနေတယ်။

လေ့လာရေးနောက်ဆုံးရက်က Huang Hai College ကို လည်ပတ်ဖို့ဖြစ်တယ်။ ကောလိပ်ရဲ့နံရံမှာ အစိမ်းရောင်နွယ်ပင်တွေနဲ့ ပြည့်နေတယ်။ မြေပေါ်မှာလည်း မြက်တွေနဲ့ မွန်ဂိုရီးယားက မြက်ခင်းစိမ်းထက် ပိုစိမ်းနေတယ်။ စားသောက်ခန်းထဲမှာ ကုလားထိုင်တွေကို တစ်သတ်မှတ်တည်းထားတယ်။ ခုံတွေကို တင်ပါးနဲ့ပွတ်ကြည့်လည်း အသံမထွက်တတ်ဘူး။ အစားအသောက် စားချင်တာတွေကို ကိုယ်တိုင်ယူရတယ်။ ကြက်တောင်ပံကြော်၊ ပုဇွန်ကြော်တွေလည်း ယူစားလို့ရတယ်။ စားပြီးရင် သံပန်းကန်ကို အနီရောင်ကော်ပုံးထဲ ထည့်လိုက်ရုံပဲ။

ထမင်းစားပြီးနောက် ကျောင်းသားတွေက သတ္တဝါပြတိုက်ကို သွားရောက်ကြည့်ရှုကြတယ်။

လှေသဏ္ဍာန် ဝေလငါးရိုးတွေ၊ ဆင်ရိုင်းရဲ့ အစွယ်တွေ၊ ဇီးကွက်နဲ့ မြေခွေးတို့ရဲ့ ရုပ်ကြွတွေ.. ဒီနေရာက တိရစ္ဆာန်ရုံတစ်ခုနဲ့ တူတယ်လို့ ဘကံထင်နေမိတယ်။ ရောင်စုံခြယ်ထားတယ်လို့ ထင်ရတဲ့ ငါးတွေက နေရာကမရွေ့ဘဲ ရပ်ကြည့်နေတဲ့ ဘကံရှေ့မှာ ခေါက်တုန့်ခေါက်ပြန် ကူးခတ်နေကြတယ်။ အဲဒီနောက် ပိုးမွှားတွေ ထည့်ထားတဲ့အခန်းထဲ သူတို့ရောက်လာခဲ့ကြတယ်။

လိပ်ပြာတွေ! မှန်ဘောင်တစ်ခုထဲမှာ လိပ်ပြာတွေအပြည့်ထည့်ထားတယ်။ တချို့လိပ်ပြာက သစ်ရွက်ကြီးတွေလို ကြီးမားပြီး တချို့က ကြယ်သီးလောက် သေးငယ်ကြတယ်။ တချို့လိပ်ပြာရဲ့ အတောင်ပံပေါ်မှာ ဝိုင်းစက်စက် မျည်လုံးနှစ်လုံးပါတယ်။ ဘကံရင်တွေ ထိန်းမရသိမ်းမရ ခုန်နေမိတယ်။ ရှင်းလင်းပြောကြားနေတဲ့ ဆရာမက တုတ်တစ်ချောင်းကိုင်ပြီး စစ်ဆောင်ပနားက မီးခိုးရောင်လိပ်ပြာအကြောင်း၊ မက်ဆီကိုက အစက်အပြောက်ပါတဲ့ လိပ်ပြာအကြောင်း၊ ဇာမဏီမျက်လုံးနဲ့လိပ်ပြာအကြောင်းကို ရှင်းပြနေခဲ့တယ်။ ဘကံ အခန်းထဲက ထွက်လာပြီး နံရံပေါ် မှီနေလိုက်တယ်။

လိပ်ပြာတွေ ဘာဖြစ်လို့ ဒီရောက်လာခဲ့တာလဲ? Qingdao မှာ ပင်လယ်ရှိလို့လား? ဘကံနေခဲ့တဲ့ရွာနဲ့ နိုက်မန်တာလမှာ လိပ်ပြာတွေမတွေ့တာ နှစ်အတော်ကြာခဲ့ပြီ။ လိပ်ပြာတွေ လမ်းမှားပြီး ပင်လယ်ဖက်ကို ပျံခဲ့တယ်။ အဲဒီနောက် ရှေ့ဆက်မပျံနိုင်ဘဲ ကျောက်ဆောင်ပေါ်ပြုတ်ကျပြီး ကျောက်ပန်းပွင့်တွေ ဖြစ်ခဲ့ပြီလား?

ပြတိုက်ထဲကထွက်လာတဲ့ ကျောင်းသားတွေ ဘကံကို သတိမထားမိခဲ့ကြဘူး။ ဘကံက တုတ်ကိုင်ထားတဲ့ ဆရာမရှေ့သွားပြီး အလေးတစ်ချက်ပြုလိုက်တယ်။ ဆရာမက ခေါင်းညိတ်ပြပြီး zhelimumeng စာတမ်းပါတဲ့ ဦးထုပ်အနီရောင်ကို ဆောင်းထားတဲ့ ဘကံကို ကြည့်မိတယ်။

အိတ်ထဲက ပိုက်ဆံနဲ့အကြွေတွေကို ထုတ်ပြီး ဆရာမကို ဘကံ ကမ်းပေးလိုက်တယ်။

"ဆရာမ... ကျွန်တော်တစ်ခုတောင်းဆိုပါရစေ။ သူတို့ကို လွှတ်လိုက်ပါ။ မြက်ခင်းပြင်ဆီ ပျံသန်းသွားဖို့ သူတို့ကို လွှတ်ပေးပါ"

"ဘာကို လွှတ်ရမလဲ"

"လိပ်ပြာတွေကိုပါ ဆရာမ"

ဆရာမ တအံ့တသြ ရယ်မိတယ်။ နီရဲရောင်အမ်းနေပြီး မျက်ရည်စို့နေတဲ့ ဘကံမျက်နှာကိုမြင်တော့ ဆရာမ အရယ်ရပ်လိုက်တယ်။ ပြီးတော့ စကားတစ်ခွန်းမှမပြောဘဲ ဘကံလက်ကိုဆွဲထားလိုက်တယ်။

တခဏလောက် ဘကံ ဆွံအနေမိတယ်။ ပြီးမှ ရင်ထဲကစကားတွေကို တစ်လုံးမကျန် ပြောနေမိတယ်။

အမေကို လူတွေထမ်းထုတ်သွားကြတယ်။ အပြင်မှာ မိုးတွေရွာနေတယ်။ အဘွားက ဘကံမျက်စိကို အုပ်ထားတယ်။ လူတိုင်းနောက်ဆုံးမှာ နေရာတစ်နေရာကို သွားကြရမယ်ဟုတ်လား? နောက်ပြီး သူတို့ တစ်ခုခုဖြစ်သွားကြမယ်ဟုတ်လား?

ဆရာမက လက်ကိုင်ပုဝါနဲ့ မျက်ရည်တွေကိုသုတ်ရင်း ဘကံကို စကားဆုံးအောင်ပြောစေတယ်။ ပြီးမှ အိတ်ထဲက ဗူးတစ်ခုကိုထုတ်ပြီး

"သားနာမည် ဘယ်လိုခေါ်လဲ"

"ဘကံပါ"

"ဒါ သားအတွက် လက်ဆောင်ပါ"

ဆရာမက ပြောပြောဆိုဆို ဖန်အကြည်လေးထဲထည့်ထားတဲ့ ရွှေရောင်နဲ့ခရမ်းရောင် ရောစပ်ထားတဲ့ လိပ်ပြာလှလေးတစ်ကောင်... လိပ်ပြာကို သစ်သားဗူးထဲထည့်ပြီး ဆရာမက ဘကံကို လှမ်းပေးတယ်။ ဆရာမရဲ့ မျက်ဝန်းတွေက နီရဲနေတယ်။ နှာခေါင်းဖျားလည်း နီနေပါတယ်။

"လှပတဲ့အရာတွေက ဘယ်တော့မှ မပျောက်ပျက်သွားတတ်ဘူး။ ဒီဘဝမှာလည်း အတူတူပဲ။ နောင်ဘဝမှာလဲ အတူတူပဲ။ အဲဒီအရာကို ဆရာမတို့ကယုံကြည်ရမယ်။ လက်ခံနိုင်စွမ်းလည်းရှိရမယ်။ ဒါက ဘကံရဲ့ လိပ်ပြာလေးပေါ့"

"ဘကံ... မင်းဘယ်မှာလဲ? ကားထွက်တော့မယ်"

ကားပြတင်းပေါက်နေ အသံတစ်ခု လွှင့်ဝဲလာခဲ့တယ်။


မူရင်းစာရေးဆရာ - မွန်ဂိုရီးယားမှ 鲍尔吉·原野 ( 巴甘的蝴蝶 ဘကံရဲ့လိပ်ပြာ)

စိတ်ဝင်စားရင် ဒီထဲမှာ မူရင်းစာကို လေဒီယိုအသံလွှင့်အနေနဲ့လည်း နားထောင်နိုင်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, November 26, 2009

ကျွန်မထောပတ်သီး ကြိုက်ပါသည်


ထောပတ်သီးရဲ့ နဂိုမူလ ပေါက်ရောက်ရာနေရာက အမေရိကန်အလယ်ပိုင်းနဲ့ မက်ဆီကိုနိုင်ငံကဖြစ်ပြီး ထောပတ်ပင်တစ်ပင်မှာ မီတာ၂ဝထိ မြင့်မားနိုင်ပါတယ်။ ထောပတ်ပင်ရဲ့ အရွက်က ၁၂~၂၅ စင်တီမီတာထိ ရှိနိုင်ပြီး စိမ်းဝါရောင် ပန်းပွင့်လေးတွေ ပွင့်ပါတယ်။ ပန်းပွင့်တွေက အလွန်သေးငယ်ပြီး ဝ.၅~ ၁ စင်တီမီတာလောက်ပဲ ရှိပါတယ်။ အရွယ်ရောက် ထောပတ်ပင်တစ်ပင်က တစ်နှစ်မှာ ထောပတ်သီးအလုံးရေ ၁၂ဝထိ သီးနိုင်ပါတယ်။

ရင့်မှည့်ပြီဖြစ်တဲ့ ထောပတ်သီးတစ်လုံးရဲ့အသားဟာ နူးညံ့ပြီး အနံ့အရသာနဲ့ ပြည့်စုံပါတယ်။ ထောပတ်သီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အဆီဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ အဆီဓာတ်တွေများလွန်းတဲ့အတွက် တချို့က ထောပတ်သီးကို မကြိုက်ကြပါဘူး။ ထောပတ်သီးထဲမှာ တစ်ခြားပါဝင်တဲ့ (Fiber,Folate,Magnesium,Acid)တွေက ခန္ဓာကိုယ်မှာရှိတဲ့ ပိုလျှံ ကိုလက်စထရောတွေကို ဖယ်ရှားပေးသလို နှလုံးရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။ Fiber(အမျှင်)ကြောင့် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အပေါ်က စာတွေက အင်တာနက်မှာဖတ်ရတဲ့ ထောပတ်သီးအကြောင်းလေးပါ။ ဒီလိုဆောင်းရာသီ ရောက်ပြီဆိုရင် ကျွန်မတို့တောင်ကြီးမှာ ထောပတ်သီး လှိုင်လှိုင်ထွက်ပါပြီ။ ထောပတ်သီးက အမျိုးအစားများတယ်ဆိုပေမယ့် တောင်ကြီးမှာ အခွံအညိုရောင်နဲ့ အစိမ်းရောင်ကို အများဆုံး တွေ့ရလေ့ရှိတယ်။ အစိမ်းရောင်မှာ ဘဲဥပုံနဲ့ ရှည်မျှောမျှောပုံဆိုပြီး ရှိပါသေးတယ်။ တောတောင်ရေမြေ ရာသီဥတုနဲ့လိုက်ပြီး အမျိုးအစားတွေ ကွဲပြားသွားတယ်လို့ထင်ပါတယ်။

ထောပတ်သီးတိုင်းက စားလို့ကောင်းတာ မဟုတ်ပါဘူး။ တချို့က အမျှင်များပြီး တချို့က အသားမစီးဘဲ ပေါ့ရွတ်ရွတ်ဖြစ်တတ်ပါတယ်။
အရင်က ကျွန်မတို့တောင်ကြီးအိမ်မှာ ထောပတ်သီးပင်သုံးပင်ရှိပြီး အမျှင်များတဲ့ ထောပတ်သီးကို ကျွန်မတို့က ခြေလက်လိမ်းကြပါတယ်။ ထောပတ်သီးမှာ အဆီဓာတ်များတဲ့အတွက် ဆောင်းတွင်းအသားပတ်ချိန်မှာ အလှဆီအစား လိမ်းကြတာဖြစ်တယ်။ အမျိုးမကောင်းတဲ့ တချို့ထောပတ်သီးက မှည့်တာနဲ့ အထဲကအသားတွေ ညိုမည်းသွားတတ်တယ်။ ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီးရင် မညိုမည်းအောင် သံပရာသီး သုတ်လိမ်းပေးနိုင်တယ်လို့ ဖတ်ရဖူးပါတယ်။

ထောပတ်သီးကို သကြား ဒါမှမဟုတ် နို့ဆီနဲ့ပေါက်ပြီး စားနိုင်သလို ဖျော်ရည်အနေနဲ့ ဖျော်သောက်နိုင်ပါတယ်။ ကျွန်မတွေ့ဖူးတဲ့ အနောက်တိုင်း အစားအစာတစ်ချို့မှာတော့(salad) ထောပတ်သီးမမှည့်တမှည့်ကို ထည့်သုပ်စားကြပါတယ်။ တချို့ထောပတ်သီးက သကြားတွေ ထည့်စရာမလိုအောင် ချိုစိမ့်နေတတ်တယ်။ အင်္ဂလန်မှာ ကျွန်မဝယ်စားဖူးတဲ့ ထောပတ်သီးက ကြက်ဥလုံးလောက်ပဲရှိပြီး သကြားတွေ ထည့်စားစရာမလိုပါဘူး။ ထောပတ်သီးခွံကို ခွါပြီး ဒီအတိုင်း ကိုက်ကိုက်စားတတ်တဲ့ ကျွန်မကို အခန်းဖော်ရန်ကုန်သူက အံ့သြခဲ့တယ်။ အဲဒီလောက်ထိ ကျွန်မထောပတ်သီး ကြိုက်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, November 25, 2009

အင်တာနက်ပေါ်က ဟိုဟာဒီဟာ


တရုတ်ပြည် စုကျို့ပြည်နယ်က ပညာရှင် (၈)ဦးတို့ပူးပေါင်းပြီး ဒေါင်းမွေးနဲ့ နှစ်လကြာပြုလုပ်ခဲ့တဲ့ မင်္ဂလာဝတ်စုံဖြစ်ပါတယ်။ အဲဒီဝတ်စုံကို နမ်ကျင်း မင်္ဂလာဝတ်စုံ ခင်းကျင်းပြသပွဲမှာ ပြသခဲ့ကြတယ်။ ဒေါင်းမွေးပေါင်း (၂ဝဝ၉) ပင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။


နိုဝင်ဘာလ (၁၃)ရက် ကွေ့ဂျိုပြည်နယ်က မြို့တစ်မြို့မှာ တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ မြောင်လူမျိုးတို့ရဲ့ ပျော်ရွှင်ပွဲတွေထဲမှာ ငရုတ်သီးစားပြိုင်ပွဲလည်း ပါဝင်တယ်။

ငရုတ်သီးစားပြိုင်ပွဲ ဝင်နေကြသူနှစ်ဦး

ဓာတ်ပုံဆရာ Carl Warner နဲ့ ပုံသွင်းဆရာ ၅ဦးတို့ဟာ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး မတူတဲ့အသီးအရွက် (၂၆)မျိုးနဲ့ အင်္ဂလန်က နာမည်ကြီးရှုခင်းအဆောက်အအုံ့ တစ်ချို့ကို (၃)ပတ်အချိန်ယူပြီး ပြုလုပ်ခဲ့တယ်။

သိမ်းစ်မြစ်ကမ်းတစ်နေရာ

ပဲသီး၊ နတ်နတ်သီး၊ တရုတ်နံနံ၊ ပန်းမုန်လာ စတာတွေနဲ့လုပ်ထားတဲ့ နာမည်ကြီး လန်ဒန်တံတား

မုန်လာဥနီ၊ ပန်းမုန်လာ၊ သံပရာသီး စတာတွေနဲ့ လုပ်ထားတဲ့ London eye

၂၄ဝ မီတာစတုရန်း ကျယ်ဝန်းတဲ့ ကမ္ဘာ့အကြီးဆုံး မိုနာလီဇာပုံတူ ပန်းချီကားတစ်ချပ်ကို အင်္ဂလန်နိုင်ငံ Wrexhamမှာ ပြသခဲ့ပါတယ်။

၂ဝဝ၉ခုနှစ် နိုဝင်ဘာလ ၂ဝရက် အင်္ဂလန် Boltonမှာနေတဲ့ ပေါင်မုန့်ဖုတ်ဆရာ Steve Bostock ဟာ သမီးငယ်နှစ်ဦးကိုချော့ဖို့ ပေါင်မုန့်ဖုတ်ခဲ့တယ်။ သူဖုတ်တဲ့ပေါင်မုန့်က အရင်အင်္ဂလန် X-Factor မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အမွှာနှစ်ဦးရဲ့ ပုံစံဖြစ်တယ်။ ဒီလိုပုံစံပေါင်မုန့်မျိုးကို Steve Bostock ရဲ့ဆိုင်မှာ ဝယ်ယူနိုင်ပြီဖြစ်တယ်။

ပုံအားလုံးကို http://www.youthwant.com.tw မှ ကူးယူဖော်ပြပါသည်။

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, November 24, 2009

စားပါ ဝါးပါ


ရန်ကုန်သွားမယ့် တောင်ကြီးကားတွေ အောင်ဘန်းမှာ အမြဲနားတယ်။ ဒီနေရာမှာက လက်ဖက်ခြောက်၊ အာလူးကြော်၊ လိမ္မော်သီး၊ ထောပတ်သီး၊ ရှားပါးသစ်ခွတွေ လက်ဆောင်အဖြစ် ဝယ်ယူနိုင်တယ်လေ...

ရန်ကုန်တစ်နေရာမှာ ပန်းခိုင်လိုထိုးပြီးရောင်းတဲ့ ဂွေးသီး

ရန်ကုန်မှာတွေ့တဲ့ မြေအိုးထဲထည့်ရောင်းတဲ့ ဒိန်ချဉ်
ဒီတစ်ခေါက်ရန်ကုန်ရောက်မှ တွေ့တယ်.. ဒိန်ချဉ်ကြိုက်ပေမယ့် ပေးမစားလို့ မစားခဲ့ရဘူး..

ဟိုး.. သာကေတဖက် အမျိုးတွေဆီသွားလည်တော့ သာကေတမှာရှိတဲ့ ရွှေပုဇွန်ဆိုင်မှာ ဝင်စားခဲ့တဲ့ မနက်စာ ကောက်ညှင်းဆီဆမ်းနဲ့ ငါးခြောက်ဖုတ်တဲ့

ဒါက ကျွန်မမှာတဲ့ ကော်ပြန့်စိမ်း

ကော်ရည်ခေါက်ဆွဲတဲ့... ငပိပါ ပါတယ်။ နမ်းပဲနမ်းကြည့်ပြီး ကျွန်မ မမြည်းကြည့်ခဲ့မိဘူး...

ကျွန်မကမနက်စာကို ဒီလိုအစာမျိုးတွေထက် အသီးတစ်မျိုးမျိုးနဲ့ ပိုကျေနပ်တတ်သူပါ။ ခုတော့.. လူများကျွေးတယ်ဆိုတော့လည်း ချေးများမနေတော့ပါဘူး... စားခဲ့ပါတယ်...

သာကေတ ရွှေပုဇွန်က အသစ်ဖွင့်ထားတဲ့ဆိုင်လို့ ပြောပါတယ်။ ဆိုင်အခင်းအကျင်းက မြို့တွင်း ပူပူလောင်လောင် ဆူဆူညံညံ မနေချင်သူတွေအတွက် သင့်တော်တဲ့နေရာလေးပါ။ သစ်ပင်တွေနဲ့ ရေကန်ပါတဲ့ ပန်းခြံလေးတစ်ခုပါပြီး အေးအေးလူလူရှိလှတယ်။ ရေကန်မှာက ရောင်စုံငါးတွေနဲ့ ရေပန်းလေးတွေပါ ပါပါတယ်။

နိုင်းနိုင်းစနေ



Share/Bookmark

Monday, November 23, 2009

တွေးတွေးပြီးရယ်


(၁)
တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်သတဲ့။

မိန်းကလေး .... ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။ တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
တက္ကစီသမား .... ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
မိန်းကလေး ... အဖြူရောင်အင်္ကျီနဲ့ အပြာရောင်စကပ်ပါ
တက္ကစီသမား ... ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
မိန်းကလေး... ဒူးအထိပါ
တက္ကစီသမား... =!=

(၂)
ဆရာဝန်က ညည အိပ်မပျော်တဲ့ မောင်မောင်ကို တစ်ကနေ တစ်ထောင်အထိရေပြီး အိပ်ကြည့်ပါလို့ အကြံပေးတယ်။ နောက်တစ်ရက်မှာ မျက်ကွင်းညိုကြီးနဲ့ ဆေးခန်းကို မောင်မောင်ပြန်ရောက်လာတယ်။

ဆရာဝန်.... ဘယ်လိုဖြစ်တာလဲ?

မောင်မောင်... ညက ကျွန်တော် ၇၅ဝအထိပဲရေပြီး ဆက်မရေနိုင်တော့လို့ ကော်ဖီတစ်ခွက် ထသောက်ပြီး တစ်ထောင်အထိ ရေလိုက်တယ်။

(၃)
သားသမီးတွေက အမေများနေ့ကိုပဲ အမှတ်ရကြပြီး အဖေများနေ့ကို မေ့နေကြလို့ ဖခင်တစ်ဦးက စိတ်ပျက်အားငယ်နေမိတယ်။ တစ်ခါက ၈ ရက် ၈ လ အဖေများနေ့မှာ ဖခင်က အိမ်သားတွေနဲ့ ညနေစာအတူစားနေတယ်။ အဲဒီအချိန်မှာ သားငယ်က ရုတ်တရက်ထပြီး ရေခဲသေတ္တာကို သွားဖွင့်တယ်။ ရေခဲသေတ္တာထဲ တစ်ခုခုယူဟန်နဲ့ အဖေကို လှမ်းမေးလိုက်တယ်။

သား.... ဖေဖေ .. ဒီနေ့ ဘာနေ့လဲ သိလား?

ဖခင်ရင်ထဲ ထိတ်ခနဲ့ဝမ်းသာသွားတယ်။ အဖေများနေ့မှာ သူ့ကိုတစ်ခုခု အံ့သြအောင် သားလုပ်တော့မယ်အထင်နဲ့ အားရဝမ်းသာ.. "ဒီနေ့ ၈ ရက် ၈ လလေ" လို့ ပြန်ပြောလိုက်တယ်။

သားဆီက စိတ်ပျက်လက်ပျက် ပြန်ကြားလိုက်ရတဲ့ အသံက "ဟာကွာ.... ဒီနွားနို့ ဒိတ်လွန်သွားပြီ" ဟူတည်း။

ဖတ်ရသော အင်တာနက်ပေါ်က ဟာသများကို ဘာသာပြန်စုစည်းတင်ပြသည်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, November 22, 2009

စကားဆုံးအောင်ပြောခွင့်ပေးပါ


ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

ငါးနှစ်အရွယ် သားငယ်ကို မိခင်ဖြစ်သူက "သား.. သားနဲ့မေမေတို့ အပြင်ထွက်လည်ကြတဲ့အချိန် မေမေတို့ ရေအရမ်းငတ်ပြီး ရေဗူးလဲမပါခဲ့ဘူးဆိုပါစို့။ ဒါပေမယ့် သားလွယ်အိတ်ထဲမှာ ပန်းသီးနှစ်လုံး ရှိနေခဲ့တယ်ဆိုရင် သားဘာလုပ်မလဲ?" လို့ မေးခဲ့တယ်။

"ပန်းသီးနှစ်လုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ်" သားက ခေါင်းလေးစောင်းပြီး စဉ်းစားရင်း ပြန်ဖြေတယ်။

သားအဖြေက မိခင်ဖြစ်သူကို မျှော်လင့်ချက်မဲ့စေတယ်ဆိုတာကို မပြောလည်း သိကြပါလိမ့်မယ်။ မိခင်က တစ်ခြားမိဘတွေလို သားကိုအပြစ်တင်စကားပြောမယ်၊ နောက်ပြီး သားကို ဘယ်လိုလုပ်သင့်တယ်လို့ ပြောဆိုဆုံးမမယ်လို့ စိတ်ကူးပြီး စကားစဖို့ပြင်တယ်။ ဒါပေမယ့် စကားမစခင် မိခင်ကရုတ်တရက် အကြံပြောင်းသွားပြီး သားမျက်နှာကို ပွတ်သပ်ရင်း ပြန်မေးတယ်။

"သား... သားဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ မေမေကိုပြောပြနိုင်မလား?"

"ဟို.. ဟို အချိုဆုံးတစ်လုံး မေမေ့ကိုပေးမလို့ပါ" သားက မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်နဲ့ အပြစ်ကင်းကင်း ပြန်ဖြေတယ်။

မိခင်ရဲ့မျက်လုံးအိမ်ထဲမှာ ဝမ်းသာတဲ့မျက်ရည်တွေ လက်ခနဲ့ထသွားခဲ့တယ်။

အဲဒီမိခင်ကို ကံကောင်းတဲ့မိခင်လို့ မြင်မိတယ်။ ဘာဖြစ်လဲဆိုတော့ သူ့ရဲ့ယုံကြည်ခွင့်လွတ်စိတ်နဲ့ သားရဲ့အချစ်ကို ခံစားခဲ့မိလို့ဖြစ်တယ်။ သားကိုလည်း ကံကောင်းသူအဖြစ် မြင်မိတယ်။ စကားကို ဆုံးအောင်ပြောခွင့်ပေးတဲ့ မိခင်ကြောင့် သူ့ရင်ထဲက ရိုးသားမှုတွေကို ထုတ်ဖော်ခွင့်ရခဲ့လို့ဖြစ်တယ်။

http://www.duwenzhang.com 让孩子把话说完

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, November 21, 2009

လင်းလက်တဲ့ ချစ်မီးအိမ်


မိဘနှစ်ပါးရဲ့ တစ်ဦးအပေါ်တစ်ဦးထားတတ်ကြတဲ့ ချစ်ခြင်းမေတ္တာမျိုးကို ငယ်ငယ်လေးတည်းက သူလေးစားအားကျခဲ့တယ်။ အဖေက သူတို့မြို့မှာ နာမည်ကြီးပန်းချီဆရာတစ်ဦးဖြစ်ပြီး ပန်းချီပြပွဲတွေ ကြိမ်ပေါင်းများစွာ ကျင်းပခဲ့ဖူးသူဖြစ်တယ်။ အမေ့အပေါ် အသေးအဖွဲ့ကအစ ဂရုစိုက်တတ်တဲ့အဖေရဲ့ ချစ်ခင်မြတ်နိုးမှုကို သူနှိုင်းမပြတတ်ခဲ့ဘူး။ အဖေ့လိုမြင့်မြတ်တဲ့ ယောက်ျားတစ်ဦးရဲ့ ချစ်ခြင်းကိုပိုင်ဆိုင်ထားရလို့ အမေကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအမျိုးသမီးလို့ သူမကြာခဏ တွေးထင်မိတယ်။

ငယ်စဉ်ကတည်းက ပန်းချီပညာအတူ ဆည်းပူးခဲ့တဲ့ အဖေနဲ့အမေဟာ အမြဲတမ်းနှစ်ယောက်အတူ ပန်းချီဆွဲလေ့ရှိတယ်။ ပန်းချီဆွဲတဲ့အချိန် သူတို့မှာ တူညီတဲ့အကျင့်တစ်ခု ရှိကြတယ်။ အဲဒါက ပန်းချီစဆွဲတဲ့အချိန် အဖေက ကင်းဘတ်စပေါ်မှာ ဆေးရောင်ဖျော့လေးနဲ့ အရစ်အကြောင်းတွေ အရင်ရေးဆွဲတတ်တယ်။ ပြီးမှ အမေက အဖေဆွဲထားတဲ့ ပန်းချီကားပေါ် ဆေးရောင်စုံတွေ ခြယ်မှုန်းတတ်တယ်။ နောက်ဆုံးမှာ ပန်းချီကားက သူတို့နှစ်ဦးရဲ့ချစ်ခြင်းတွေ ရောစပ်ဖွဲ့သီထားသလိုပဲ ဆေးရောင်စုံတွေနဲ့ သက်ဝင်လှပနေတတ်တယ်။

သူတဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ ဘဝလက်တွဲဖော်ရှာပြီး နောက်ဆုံးမှာ သူအိမ်ထောင်ပြုခဲ့တယ်။

အိမ်ထောင်ပြုပြီးမှ ခင်ပွန်းသည်နဲ့ သူ့ဘဝနေထိုင်မှုတွေ လုံးဝခြားနားကြောင်း သူသိခဲ့ရတယ်။
ခင်ပွန်းနဲ့သူဟာ အကြိုက်မတူသလို အလုပ်ကိုယ်စီနဲ့ နှစ်ယောက်အတူနေချိန်တွေလည်း နည်းခဲ့တယ်။ ဗလာအပြည့် တင်ဆောင်ထားတဲ့ရထားတစ်စီး သူ့ဘဝထဲ ခေါက်တုန့်ခေါက်ပြန် မောင်းနှင်နေသလိုပဲ။ အရင်က ချစ်ခဲ့ဖူးတဲ့အချစ်တွေဟာ စက္ကန့်ပိုင်းလေးပဲ လင်းလက်ပြီးနောက် မည်းညစ်ညစ် မီးခိုးခေါင်းတိုင်ထဲ ကျပျောက်သွားခဲ့သလို အစအနလုံးဝ သူရှာမရခဲ့တော့ဘူး။

အိမ်ထောင်သက် (၂)နှစ်အကြာမှာ ခင်ပွန်းရဲ့အလုပ်တချို့ အခက်အခဲ ကြုံခဲ့ရတယ်။ စိတ်ပျက်အားငယ်နေတဲ့ ခင်ပွန်းကို မနှစ်သိမ့်ခဲ့တဲ့အပြင် သူ့ကိုယ်သူ မိခင်နဲ့နှိုင်းယှဉ်ကြည့်ပြီး သူဟာ အိမ်ထောင်ရေးပျော်ရွှင်မှုတွေ မရခဲ့သူအဖြစ် သတ်မှတ်မိတယ်။ စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့ အိမ်ထောင်ဖက်ကို မရခဲ့တဲ့အပြင် ယောက်ျားဖြစ်သူရဲ့ အသုံးမကျမှုကိုလည်း ခံရပြန်တယ်လို့ သူထင်ခဲ့တယ်။

ခင်ပွန်းဖြစ်သူနဲ့ စကားများငြင်းခုန်ပြီးနောက် မိဘအိမ်ကို သူပြန်ခဲ့တယ်။ အဲဒီအချိန်က အမေဆုံးတာ တစ်နှစ်ကျော်နေပြီဖြစ်တယ်။ ခင်ပွန်းနဲ့ ဖြစ်ပျက်ခဲ့သမျှအကြောင်းအားလုံး အဖေကို သူပြောပြနေခဲ့တယ်။ အဖေ့လိုချစ်ခြင်းမျိုးတွေ သူဘာကြောင့် မပိုင်ဆိုင်နိုင်သလဲလို့ အဖေကို အားတုံ့အားနာ သူမေးမိတယ်။

အိုမင်းနေပြီဖြစ်တဲ့ အဖေက သူ့အမေးကို ချက်ချင်းမဖြေခဲ့ဘဲ သူ့ရှေ့မှာ ပန်းချီကားတစ်ချပ် ဆွဲဖို့ ပြင်ဆင်ခဲ့တယ်။ အမေဆုံးပြီးကတည်းက ပန်းချီလုံးဝမဆွဲတော့တဲ့ အဖေရဲ့ အပြုအမှုကို သူအံ့သြသွားမိတယ်။

(၁ဝ)မိနစ်အကြာမှာ အဖေက ဆွဲထားတဲ့ပန်းချီကားကို ပြတယ်။ ပန်းချီက ဆေးရောင်တစ်မျိုးနဲ့ပဲ ဆွဲထားတဲ့ပန်းချီဖြစ်တယ်။ ပန်းချီကားတစ်ချပ်လုံးကို ရင့်တန်ရင့်၊ ဖျော့တန်ဖျော့နဲ့ တည်ငြိမ်တဲ့အပြာရောင်ကို သုံးပြီး ခြယ်မှုန်းထားတယ်။ ပန်းချီကားရဲ့ အလယ်တစ်နေရာမှာ ပင်လယ်နက်ထဲကျက်စားတဲ့ ငါးတစ်ကောင်ကိုဆွဲထားပြီး ငါးဦးခေါင်းမှာ အပြာရောင်အလင်းလေး လင်းလက်နေတဲ့ မီးအိမ်လေးတစ်အိမ်ပါရှိတယ်။

အဖေက သူ့ဘဝတစ်လျှောက်လုံး အရောင်တစ်မျိုးနဲ့ပဲ ပန်းချီဆွဲခဲ့ကြောင်း သူ့ကိုပြောပြတယ်။

တကယ်တော့ အဖေဟာ ငယ်ရွယ်စဉ်ကတည်းက အရောင်ကန်း (colorblind) ဝေဒနာကို ခံစားခဲ့ရပြီး သူ့အမြင်မှာ ရှိရှိသမျှအရာအားလုံးကို အရောင်တစ်ရောင်ထဲအဖြစ်ပဲ မြင်ခဲ့တယ်။ ငယ်ငယ်လေးကတည်းက အဖေနဲ့အတူ ပန်းချီဆွဲသင်ခဲ့တဲ့အမေက ဒီ့အတွက်နဲ့ အဖေ့ကို ပန်းချီဆွဲတဲ့အတတ် လက်မလွတ်စေခဲ့ဘူး။ အဖေဆွဲပြီးတဲ့ အရောင်တစ်ရောင်ပန်းချီကားချပ်ပေါ်မှာ အမေက အရောင်တွေထပ်ခြယ်မှုန်းခဲ့တယ်။ လှပတဲ့ရောင်စုံ ၊ ပြောင်မြောက်တဲ့လက်ရာနဲ့ အဖေ့ကိုနာမည်ကြီး ပန်းချီဆရာတစ်ဦးဖြစ်အောင် စွမ်းဆောင်ခဲ့တယ်။

"ဒါကြောင့် ဘဝတစ်လျှောက်လုံး တကယ့်ပျော်ရွှင်ခဲ့သူက သမီးအမေမဟုတ်ခဲ့ဘူး။ သမီးအမေရဲ့ အနစ်နာခံအချစ်တွေနဲ့ တကယ်ပျော်ရွှင်ခဲ့သူက အဖေဖြစ်တယ်"

အဖေက ပန်းချီကားကို သူ့လက်ထဲထည့်ပေးပြီး ခင်ပွန်းဆီပြန်ဖို့ ပြောတယ်။ အဲဒီအချိန်ကစပြီး ဧည့်ခန်းမှာချိတ်ဆွဲထားတဲ့ ပန်းချီကားကိုကြည့်ရင်း အဖေပြောခဲ့ဖူးတဲ့ ပင်လယ်နက်ထဲက ငါးတစ်မျိုးအကြောင်းကို သူအမှတ်ရနေတတ်တယ်။

ကမ္ဘာပေါ်မှာ အနက်ဆုံးဖြစ်တဲ့ Mariana Trench ရဲ့အနက်ရှိုင်းဆုံးနေရာမှာရှိတဲ့ ပင်လယ်ရေက အရမ်းအေးတယ်။ အေးလွန်းလို့ ဘယ်ရေသတ္တဝါမှ မရှင်သန်နိုင်ခဲ့ဘူး။ ဒါပေမယ့် အဲဒီလိုရေနက်နေရာမှာ Monkfishလို့ခေါ်တဲ့ ငါးတစ်မျိုးက ပျော်ပျော်ကြီး ကျင်လည်ကျက်စားပြီး မျိုးပွားခဲ့တယ်။ Monkfishတွေဟာ ကြီးလေလေ ရှေ့ကလမ်းကိုတောင် မမြင်ရအောင် ကန်းလေလေဖြစ်တယ်။ ဒါပေမယ့် သူတို့ကိုယ်ထဲ အချစ်တွေဖြစ်ပွါးလာတာနဲ့ သူတို့ရဲ့ ဦးခေါင်းထိပ်မှာရှိတဲ့ မီးအိမ်ဟာ လင်းလက်လာတတ်တယ်။ အဲဒီမီးရောင်နဲ့ လမ်းတွေကို သူတို့တွေ့မြင်ရပြီး ပင်လယ်နက်ထဲမှာ ပျော်ပျော်ကြီးရှင်သန်နိုင်ခဲ့ကြတယ်။

တကယ်တော့အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူအတွက် အမှောင်ထဲမှာ လင်းလက်တောက်ပတဲ့ မီးအိမ်ငယ်လေးတစ်လုံး ဆိုတာကို နောက်ဆုံးမှာ သူသဘောပေါက်နားလည်ခဲ့တယ်။

မူရင်း - http://www.duwenzhang.com (or) 马里亚纳海的爱情灯

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, November 20, 2009

ညံ့ဖျင်းသူ လုံးဝမရှိ


ကြည်နူးစရာ ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

ဂျပန်မှာရှိတဲ့ ကောင်မလေးတစ်ဦးဟာ အမြဲတမ်း အားငယ်၊ သိမ်ငယ်နေတတ်သတဲ့။ အကြောင်းက သူ့အသံဟာ အက်ရှပြီး နားထောင်ရ ဆိုးလွန်းတဲ့အတွက်ကြောင့် ဖြစ်တယ်။ နားဝင်ဆိုးလွန်းလို့ သူနဲ့ပေါင်းဖော်တဲ့ သူငယ်ချင်းတွေ မရှိသလောက်ဖြစ်ခဲ့ပြီး လူအများရဲ့ ကဲ့ရဲ့လှောင်ပြောင်တာကို ခံခဲ့ရတယ်။

ဒီ့အတွက် သူအရမ်းဝမ်းနည်းခဲ့ရတယ်။ သူ့ကိုယ်သူ ညံ့ဖျင်းသူ၊ အရည်အသွေးမမီသူ တစ်ယောက်အဖြစ် သတ်မှတ်ပြီး ဘုရားသခင်ကို မတရားဘူးလို့ ထင်နေခဲ့တယ်။ နောက်ဆုံး ပြဇာတ်တစ်ခုမှာ ဝင်ရောက်သရုပ်ဆောင်ရင်း သူ့ကိုသူ ယုံကြည်လေးစားမှုတွေ သူရှာခဲ့တယ်။

အဲဒီအချိန်မှာ ဂျပန်ကာတွန်းပညာရှင် Hiroshi Fujimotoရဲ့ ကာတွန်းဇာတ်ကောင်ဖြစ်တဲ့ Doraemon အရမ်းနာမည်ကြီး လူကြိုက်များနေတဲ့အချိန်ဖြစ်တယ်။ Doraemon ကို ကာတွန်းရုပ်ရှင်အဖြစ်ရိုက်ဖို့ စီစဉ်နေချိန်မှာ နားဝင်ဆိုးတဲ့ ကောင်မလေးအသံကို ကာတွန်းဆရာ ရုတ်တရက် ကြားသွားခဲ့တယ်။ ဒါနဲ့ ကောင်မလေးကို အသံစမ်းဖို့ ခေါ်ယူခဲ့တယ်။ ကောင်မလေးအရမ်း အံ့သြသွားခဲ့တယ်။ လူအများကြားမှာ ရှက်ရွံ့စရာကောင်းတယ်လို့ သူထင်ခဲ့တဲ့ သူ့အသံကို လူတစ်ချို့က နှစ်သက်ခဲ့လို့ဖြစ်တယ်။ နောက်ဆုံးမှာ အဲဒီကာတွန်းရုပ်ရှင်နဲ့ပဲ ထင်မှတ်မထားတဲ့ အောင်မြင်မှုကို သူရခဲ့တယ်။ အက်ရှရှသူ့အသံကို နားဝင်မချိုဘူးလို့ လှောင်ပြောင်ခဲ့သူတွေရဲ့ အမြင်ဆိုးကို သူရိုက်ချိုးပစ်နိုင်ခဲ့တယ်။

အဲဒီကောင်မလေးက တစ်ခြားသူမဟုတ်ပါဘူး။ အခုနာမည်ကြီးနေတဲ့ ကာတွန်းရုပ်ရှင်ထဲက ကြောင်စက်ရုပ် (robotic cat) Doraemonရဲ့ ဂျပန်အသံပိုင်ရှင်ပဲဖြစ်တယ်။ တစ်ချိန်က သူ့ကိုသိမ်ငယ်စေခဲ့၊ ယုံကြည်မှုမဲ့စေခဲ့ပြီး မိတ်ဆွေသူငယ်ချင်း နည်းပါးစေခဲ့တဲ့ "အသံဆိုး"က အခုချိန်မှာ Doraemon ကာတွန်းရုပ်ရှင်နဲ့အတူ ကမ္ဘာ့အနှံ့ကို ပျံ့လွှင့်နေခဲ့ပြီဖြစ်တယ်။ လူငယ်အများရဲ့ စိတ်ဝင်တစား နားထောင်မှုကို ခံရတဲ့အသံ၊ အတုယူပြောဆိုခံရတဲ့ နားဝင်ချိုသံဖြစ်ခဲ့ပါတယ်။

တစ်ချိန်က စိတ်ပျက်ဝမ်းနည်းခဲ့ဖူးတဲ့ အသံကို ဒီကနေ့မှာ သူဂုဏ်ယူ ဝမ်းသာနေမိတယ်။ သူ့ကိုယ်သူလည်း ဘုရားသခင် စွန့်ပစ်ထားတဲ့ အရည်အသွေးမမီသူ၊ ညံ့ဖျင်းသူလို့ ထင်မှတ်မထားခဲ့တော့ဘူး။

ဘုရားသခင်က အရာရာကို ပြီးမြောက်စေသူလား?
ပြီးမြောက်စေသူလို့ အခိုင်အမာဖြေချင်ပါတယ်။

ဒီလိုဆိုရင် ပြီးမြောက်စေသူတန်ခိုးရှင်က အရည်အသွေးမမီသူ၊ ညံ့ဖျင်းသူတွေကို ဖန်ဆင်းခဲ့မလား?
လုံးဝ ဖန်ဆင်းခဲ့မှာ မဟုတ်ပါဘူး။

ဒါကို လော့ဂျစ်ဆန်ဆန် အဓိပ္ပါယ်ကောက်ယူကြည့်တဲ့အခါ ကျွန်မတို့ကို ဘုရားသခင်က ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် ကျွန်မတို့မှာ "အရည်အသွေးမမီသူ" ဆိုတာ မရှိနိုင်ခဲ့ဘူး။ အရာရာကို ပြီးမြောက်စေသူ တန်ခိုးရှင်က ညံ့ဖျင်းသူတွေကို ဖန်ဆင်းခဲ့မှာမဟုတ်သလို ဖန်ဆင်းနိုင်ခဲ့မှာလည်း မဟုတ်ပါဘူး။

လောကကြီးမှာရှိတဲ့ သစ်ပင်တစ်ပင်ကအစ၊ ငှက်တစ်ကောင်၊ လူတစ်ဦး... စတဲ့အရာအားလုံးကို ဘုရားသခင်က ပြောင်မြောက်တဲ့လက်ရာနဲ့ ဖန်ဆင်းခဲ့ပြီး အရာဝတ္ထုတစ်ခုတိုင်း၊ လူတစ်ဦးတိုင်းကို သူ့တန်ဖိုး၊ သူ့အရည်အသွေး၊ မတူတဲ့ လုပ်ရည်ကိုင်ရည်တွေကို ထည့်သွင်းထားပေးခဲ့ပြီဖြစ်တယ်။

ဒါကြောင့် ကိုယ်ဟာ သူတစ်ပါးထက် ညံ့ဖျင်းသူ၊ ဥာဏ်ရည်မမီသူ၊ အရည်အချင်းမရှိသူလို့ စိတ်ပျက်အားငယ်မနေပါနဲ့ဘုရားသခင်က ဘယ်တော့မှ အဲဒီလို ညံ့ဖျင်းသူတွေကို ဖန်ဆင်းခဲ့မှာမဟုတ်ပါဘူး။ လူတိုင်းကို ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေးတွေ ထည့်ပေးပြီးသားပါ။ ကိုယ့်ကိုယ် ညံ့ဖျင်းသူလို့ ထင်နေသူတွေက ဘုရားသခင် ထည့်သွင်းပေးခဲ့တဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်တွေကို စပြီး အသုံးမပြုသေးတာ တစ်ခုပါပဲ။

original from : google search or 上帝的手中沒有失敗品

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, November 19, 2009

ကျွန်မရောက်ခဲ့တဲ့ ထားဝယ်မြို့


တစ်ပတ်ကျော်ကြာ ကျွန်မနေခဲ့တဲ့ ထားဝယ်မြို့အကြောင်း ကျွန်မသိမြင်ကြားခဲ့ရသမျှကို မျှဝေချင်ပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း ထားဝယ်မြို့က မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီကမ်းရိုးတန်းပေါ်မှာ တည်ရှိတဲ့ မြို့လေးတစ်မြို့ဖြစ်ပြီး အရင်က တနသာင်္ရီတိုင်းရဲ့မြို့တော်ဖြစ်ခဲ့ဖူးပါတယ်။ (အခုတော့ မြိတ်မြို့က မြို့တော်ဖြစ်သွားပြီလို့ ဆိုပါတယ်) ထားဝယ်မြို့ကို တောင်တွေနဲ့ လေးဖက်လေးတန် ဝန်းရံထားတယ်ဆိုပေမယ့် အပူပိုင်းဒေသ၊ ပင်လယ်ကမ်းခြေနဲ့ နီးတဲ့အတွက် ရာသီဥတုက ပူအိုက်စွတ်စိုပါတယ်။ ကျွန်မရောက်ခဲ့တဲ့ နိုဝင်ဘာလမှာတောင် ထားဝယ်က ရန်ကုန်နီးနီး ပူနေဆဲဖြစ်တယ်။

ပင်လယ်နဲ့နီးတာမို့ ထားဝယ်မြို့က ဆောင်းဝင်ရင် အရှေ့လေအရမ်းတိုက်တယ်လို့ ဆိုပါတယ်။ လေတော်တော်ကြမ်းတဲ့အတွက် ဆောင်းရောက်ရင် (ကျွန်မတို့ဖက်က နွေရာသီလို) မီးဘေးအန္တရာယ် အမြဲ ကြုံရတယ်လို့ဆိုတယ်။ ဒါကြောင့် ချက်ပြုတ်ပြီး မီးကြွင်းမီးကျန်မထားဖို့၊ မီးဘေးအန္တရာယ်ကာကွယ်ဖို့ ညနေညခင်းတွေမှာ လော်စပီကာနဲ့ ဆော်သြနေတာကို တွေ့ခဲ့ရတယ်။

ထားဝယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသား၊ လူမျိုးကွဲတွေအားလုံး ထားဝယ်စကားကိုပဲ သုံးနှုန်းပြောဆိုကြတာ တွေ့ခဲ့တယ်။ ဗမာစကားကိုတော့ လိုအပ်မှပြောကြတယ်။ ထားဝယ်မှာပဲ ကြီးပြင်းခဲ့သူတွေပြောတဲ့ ဗမာစကားက တော်တော်လေးဝဲတာကို တွေ့ခဲ့တယ်။ ထားဝယ်စကားက အင်းသားစကားနဲ့ တော်တော်ဆင်တာမို့ ကျွန်မအတွက် သိပ်ပြဿနာ မရှိခဲ့ပါဘူး။

ပင်လယ်နဲ့နီးတဲ့အတွက် ဆားငန်ရည်နဲ့ အပူပိုင်းဒေသကိုကြိုက်တဲ့ အုန်းပင်၊ ထန်းပင်၊ ဂွမ်းပင်နဲ့ ဓနိပင်တွေကို ထားဝယ်မြို့ ပတ်ဝန်းကျင်အနှံ့မှာ တွေ့ခဲ့ရတယ်။ ဒါ့အပြင် သီဟိုပင်၊ ကြက်ပေါင်ပင်တွေကိုလည်း တွေ့ခဲ့တယ်။ "ထားဝယ်မြို့သည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သည်" ဆိုတဲ့ ဆိုင်းပုဒ်ကိုလည်း လမ်းဘေးတစ်နေရာမှာ တွေ့ခဲ့ပါတယ်။

ထားဝယ်မှာ မြို့မဈေးနဲ့ ကမ်းနားဈေးဆိုပြီး ဈေးနှစ်ဈေးရှိပါတယ်။ မြို့မဈေးက မြို့လယ်မှာရှိပြီး ကမ်းနားဈေးက ထားဝယ်မြစ်ဘေးမှာရှိပါတယ်။ ကမ်းနားဈေးက ရေထွက်ပစ္စည်းတွေဖြစ်တဲ့ ငါး၊ ပုစွန်တွေကို အဓိကထား ဖြန့်ဖြူးရောင်းချတဲ့ နေရာဖြစ်တယ်။

ကမ်းနားဈေးမှာ ကျွန်မမမြင်ဖူးတဲ့ အမည်မသိငါးကြီးတွေအပြင် ငါးခြောက်၊ ပုစွန်ခြောက်၊ ထားဝယ်ငါးချဉ်တွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်ယူနိုင်ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံပီပီ ထားဝယ်မြို့နဲ့ အနီးဝန်းကျင်မှာ ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်း တော်တော်များများကို တွေ့ခဲ့ရတယ်။ ကျွန်မတို့ရောက်တဲ့အချိန် ထားဝယ်မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အနှစ်(၁ဝဝ)ပြည့် ကျင်းပတဲ့အချိန်ဖြစ်တယ်။

နေ့ဖက်မှာ နှစ်ဆယ့်ရှစ်ဆူသော ဘုရားတွေကို ကျောင်းဝင်းတစ်ခုထဲမှာထားပြီး ဘုရားပွဲကျင်းပပါတယ်။ လပြည့်ညရောက်မှ ဘုရားနှစ်ဆယ့်ရှစ်ဆူကို အလှယာဉ်ပေါ်တင်ပြီး အပေါ်အောက် အဖြူရောင် ဝတ်ဆင်ထားကြတဲ့ ကျောင်းသား၊ အရပ်သားတွေနဲ့ ထားဝယ်တစ်မြို့လုံးကို ညလုံးပေါက် လမ်းလျှောက်လှည့်လည် ပူဇော်ကြပါတယ်။ ဘုရားကြွရာ လမ်းဘေးဝဲယာတွေမှာ ယုံကြည်ကိုးကွယ်သူတွေနဲ့ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်မြို့ရွာက ဘုရားဖူးသူတွေနဲ့ လပြည့်ညမှာ နှစ်ကျိပ်ရှစ်ဆူ အနှစ်(၁ဝဝ)ပြည့် ဘုရားပွဲက ကျိတ်ကျိတ်တိုး စည်ကားခဲ့ပါတယ်။

ရှေးဟောင်းသမိုင်းဝင် ဘုရားတွေက ထားဝယ်မြို့ ပတ်ဝန်းကျင်မှာ အများအပြားရှိနေခဲ့ပါတယ်။ ပုံထဲက ဘုရားတော်တော်များများကို ကျွန်မတို့ သွားရောက်ဖူးမြော်ခွင့်ရခဲ့တယ်။

ထားဝယ်မြို့ရဲ့ နာမည်ကြီးဘုရားတစ်ဆူဖြစ်တဲ့ ရှင်မုထ္တီးဘုရားဖြစ်ပါတယ်။ ဘုရားကျောင်း တော်တော်များများမှာ ဘုရားရာဇဝင်တွေကို ပုံနှင့်တကွ ရေးသားမှတ်တမ်းတင်ထားတာကို တွေ့ခဲ့ရတယ်။ ပုံမှာတွေ့ရတာက ရူးသွပ်ခြင်းကို ပျောက်စေတဲ့ သစ္စာတော်ဆေးအိုးဖြစ်ပါတယ်။

ထားဝယ်မှာနေထိုင်ကြသူအများက ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်ယုံကြည်ကြသလို တရုတ် နတ်ဘုရားတွေကိုလည်း ကိုးကွယ်ကြတယ်။ ကျွန်မတို့ရောက်တုန်းက ထားဝယ်မှာရှိတဲ့ စောစီကုန်းပူဇော်ပသပွဲနဲ့ ဘုရားကျောင်းဖွင့်ပွဲ ကြုံခဲ့ပါတယ်။

ပထမဦးဆုံး စောစီကုန်းကျောင်းထဲမှာရှိတဲ့ ခြင်္သေ့နဲ့နဂါးကို မျက်စိဖွင့်ပွဲ ပြုလုပ်ပြီး ခြင်္သေ့အက၊ နဂါးအကနဲ့ စောစီကုန်းနတ်မင်းတွေကို ပူဇော်ခဲ့ကြတယ်။

နတ်ဘုရားတွေကို ထမ်းစင်နဲ့ထမ်းပြီး တစ်မြို့လုံး လှည့်လည်အပူဇော်ခံခဲ့ပါတယ်။ နတ်ဘုရားရုပ်တု ထည့်ထားတဲ့ထမ်းစင်က လှည့်လည်အပူဇော်ခံရာမှာ တစ်လမ်းလုံး ဘယ်ညာယိမ်းခါနေတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ပါတယ်။ နတ်တွေက အရမ်းတန်ခိုးကြီးတယ်လို့ ဆိုပါတယ်။ နတ်အသီးသီးက လူကိုယ်ခန္ဓာထဲ ဝင်ပူးပြီး ရောဂါရှိသူ၊ မကျန်းမာသူတွေကို ဆေးကုသပေးတယ်လို့ ဆိုတယ်။

ကျားနတ်ဝင်နေသူတစ်ဦး

တစ်မူးရှိလို့ တစ်ပဲလှူတဲ့... ရှမ်းတောင်သူတွေမှ မဟုတ်ပါဘူး။ မြန်မာလူမျိုးတိုင်းက ရောက်ရာအရပ်မှာ အလှူရေစက် လက်နဲ့မခွါခဲ့ကြပါဘူး။ အခုလည်း အမေရိကန်ရောက် ထားဝယ်လူငယ်တွေရဲ့ အလှူတစ်ခုကို အလှူရှင်တွေကိုယ်စား မိဘအုပ်ထိန်းသူတွေက သီလရှင်ကျောင်းတစ်ကျောင်းမှာ (ကျောင်းနာမည်မေ့နေတယ်) ပြုလုပ်ပေးခဲ့သလို ဆောက်လက်စ အာယုဒါန ဆေးရုံတော်မှာလည်း ပြုလုပ်ခဲ့ပါတယ်။ (သီလရှင်ကျောင်းမှာ လုပ်တဲ့အလှူက ထားဝယ်လူငယ်တွေရဲ့ (၆)ကြိမ်မြောက်အလှူ ဖြစ်ပါတယ်)

မောင်းမကန်သွားတဲ့ဖက် မြို့ပြင်တစ်နေရာမှာ ထားဝယ်တက္ကသိုလ်တည်ရှိပါတယ်။ ခါးကျော်ကျော် မြက်ရိုင်းတွေကြားမှာ တက္ကသိုလ်ကို ခမ်းနားထည်ဝါအောင် ဆောက်ထားပေမယ့် (ကျောင်းပိတ်ရက်မို့ထင်) လူတစ်ဦးတစ်ယောက်မှ မတွေ့ခဲ့မိပါဘူး။

ထားဝယ်မှာ ရှင်မတောင်သနပ်ခါးတုံးနဲ့ သနပ်ခါးသွေးလိမ်းကြတာ နည်းပါတယ်။ ကသစ်ဖုတွေသာ သွေးလိမ်းကြတာကြောင့် ဈေးထဲမှာ ကသစ်ဖုတွေ ဒီလိုပုံရောင်းနေတာ တွေ့ခဲ့တယ်။ ဆေးဖက်ဝင် ကသစ်ဖုပဲ လိမ်းကြလို့လား၊ ရေမြေကောင်းလို့ပဲလားမသိ ထားဝယ်သူတွေရဲ့ အသားအရည်က အိစက်ချောမွတ် လှပနေပါတယ်။

ထားဝယ်မြို့က ဖုန်တစ်ထောင်းထောင်း လမ်းဆိုးတွေနဲ့ ပူပြင်းလှပတယ်ဆိုပေမယ့် အစားပုပ်သူပီသတဲ့ကျွန်မ ထားဝယ်အစားအစာကို စိတ်အဝင်စားဆုံးဖြစ်ခဲ့တယ်။ ဒေသကွဲတွေမှာ သူ့ဒေသအလိုက် ရိုးရာအစားအစာတွေက ရှိစမြဲဖြစ်တယ်။

ထားဝယ်မြို့ရဲ့ နာမည်ကြီး ရိုးရာအစားအစာတစ်ခုက မုန့်လက်သုပ်လို့ ဆိုပါတယ်။ မုန့်လက်သုပ်ဆိုလို့ အသုပ်လို့တော့ မထင်လိုက်ပါနဲ့... ကျွန်မတို့ စားနေကြ အာပူလျှာပူလို ပုံစံဖြစ်တယ်။ မုန့်လက်သုပ်က ဓနိရည်နဲ့ချက်ထားကြောင့် ချဉ်စပ်စပ် အရသာရှိတယ်။ ငါးအသား၊ ငါးဥတွေနဲ့ ရှမ်းနံနံနိုင်နိုင်ထည့်ပြီး စားရတဲ့ မုန့်လက်သုပ်ကို တစ်ခြားအစာတွေထက် ကျွန်မပိုကြိုက်မိပါတယ်။

ထားဝယ်မှာ ထားဝယ်မုန့်ဟင်းခါးနဲ့ ရန်ကုန်မုန့်ဟင်းခါးဆိုပြီး မုန့်ဟင်းခါးနှစ်မျိုးရှိပါတယ်။ ထားဝယ်မုန့်ဟင်းခါးက မုန့်ဖတ်များပြီး ဟင်းရည်နည်းနည်းနဲ့ စားကြသလို မုန့်ဟင်းခါးထဲ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ထည့်ပြီး စားကြပါသေးတယ်။ မုန့်ဟင်းခါးထဲထည့်တဲ့ ငှက်ပျောအူကို နုတဲ့ငှက်ပျောခေါက်ကိုမယူဘဲ အလယ်အူတိုင်ကိုပဲ ဆီပြန်ဟင်းလို ချက်ထားပါတယ်။ မုန့်ဖတ်ထည့်၊ ဟင်းရည်နည်းနည်းထည့်ပြီး ငှက်ပျောအူတိုင်ဆီချက်ကို အပေါ်မှာထည့်ပေးပါတယ်။ ထားဝယ်မုန့်ဟင်းခါးထဲမှာ ဘာအကြော်မှ ထည့်မစားကြပါဘူး။ ဟင်းရည်နည်းတဲ့အတွက် အသုပ်နဲ့တူနေပါတယ်။ နဂိုကတည်းက မုန့်ဟင်းခါးသိပ်မကြိုက်တဲ့ ကျွန်မအတွက် ထားဝယ်မုန့်ဟင်းခါးကို စားဖူးရုံပဲ စားခဲ့ပါတယ်။ (ပုံရိုက်ဖို့တောင် မေ့သွားတယ်)

ထားဝယ်ရိုးရာမုန့်တချို့ကို ဘုရားဖူးအသွားမှာ စားခဲ့ရတယ်။ ပုံထဲမြင်ရတာက မုန့်သပေါင်းလို့ခေါ်တဲ့ မုန့်ဖြစ်တယ်။ ကောက်ညှင်းမှုန့်ကို နှမ်း၊ အုန်းနို့နဲ့နယ် ဓနိဖက်နဲ့ထုပ်ပြီး ဖုတ်ထားတာဖြစ်တယ်။ ဓနိနံ့သင်းသင်းလေးနဲ့ စားလို့တော်တော်ကောင်းပါတယ်။ လတ်လတ်ဆတ်ဆတ် နွားနို့စစ်စစ်နဲ့ အင်မတန် လိုက်ဖက်ပါတယ်။

ဒါက မုန့်ဆီကြော်(ထားဝယ်အခေါ် ဒိုခွါ)နဲ့ ကောက်ညှင်းဆနွင်းမကင်းလို့ ဆိုပါတယ်။ မုန့်ဆီကြော်ထဲမှာ အုန်းသီးတွေထည့်ထားပါတယ်။ ဆီတွေရွဲနေတာမို့ ကျွန်မ မစားခဲ့ပါဘူး။ အုန်းပင်တွေ ပေါတဲ့အတွက်ကြောင့်လား ထားဝယ်မုန့်တော်တော်များများမှာ အုန်းသီးတွေပါနေတတ်တယ်။ အပူများတဲ့အတွက် အုန်းသီး၊ အုန်းနို့ပါတဲ့ တစ်ခြားရိုးရာမုန့်တွေကို ကျွန်မ မစားခဲ့ရပါဘူး။

ပင်လယ်နဲ့နီးတာမို့ ထားဝယ်မြို့မှာ ပင်လယ်စာကို လတ်လတ်ဆတ်ဆတ် ဈေးနှုန်းချိုချိုနဲ့ ဝယ်စားနိုင်ပေမယ့် ဟင်းသီးဟင်းရွက် ရှားပါတယ်။ ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းပေမယ့် စုံစုံလင်လင် မတွေ့ခဲ့ရပါဘူး။ ဒေသထွက် ကန်စွန်း၊ချဉ်ပေါင်နဲ့ ပဲတောင့်ရှည်တွေပဲ တွေ့ခဲ့ရတယ်။ ပင်လယ်နဲ့နီးလို့လား မသိပါဘူး... ထားဝယ်အစားအစာတွေက ရှမ်းပြည်သူကျွန်မအတွက် တော်တော်လေး ငန်ပါတယ်။

ဘာပဲဖြစ်ဖြစ် မရောက်ဖူးတဲ့ဒေသ၊ မစားဖူးတဲ့ အစားအစာတွေနဲ့ မကြားမမြင်ဖူးတာတွေကို ကြားသိခံစားခဲ့ရတဲ့ ထားဝယ်မြို့ကို ဒီနေရာမှာချရေးပြီး ကျွန်မလို မရောက်ခဲ့ဖူးသူတွေအတွက် ဝေမျှရင်း အမှတ်တရ သိမ်းထားလိုက်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark