Thursday, December 31, 2009

ကင်း(မ်)ချီ အဆက်


မလိမ်ညာပါဘူး.. အရိုးသားဆုံး ပြောပါရစေ... ဒါမိနစ်ပိုင်းကလေးကမှ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးပါ။ စိတ်ချလက်ချ ယုံယုံကြည်ကြည်သုံးဆောင်ပါ။ မှန်မှန်ကန်ကန် အရသာတွေ့သွားပါလိမ့်မယ် :D

မုန်ညင်းကို အထပ်ထပ်လုပ်ပြီး ဒီလို ညီညီညာညာလေး လှီးလိုက်ပါတယ်။ အပေါ်မှာ နှမ်းလှော်လေး နည်းနည်းဖြူးလိုက်ရင် ဆိုင်ကရောင်းတဲ့ ကင်း(မ်)ချီထက် ပိုလှသွားပါလိမ့်မယ်။ ကင်း(မ်)ချီကို ပါးပါးလှီးပြီး ကြက်ဥထမင်းကြော်ထဲ ထည့်ကြော်စားနိုင်သလို ဟင်းရည်နဲ့ ကင်း(မ်)ချီဟောပေါ့လည်း ချက်စားနိုင်ပါတယ်။ ဒီအတိုင်းစားလည်း အရသာရှိတာမို့ ကင်း(မ်)ချီအကြောင်း ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ ဒီမှာတင် တစ်စခန်းရပ်လိုက်ပါတယ်။ (ကင်း(မ်)ချီပျက်သွားပြီလို့ ပြောတဲ့သူကို ပိုယုံအောင် ပုံနှစ်ပုံရိုက်တင်လိုက်ပါတယ် :P)

နိုင်းနိုင်းစနေ


Share/Bookmark

၂ဝဝ၉ ----> ၂ဝ၁ဝ


ဘာမှလည်း ထွေထွေထူးထူး မလုပ်ခဲ့ပါဘူး
ဒါနဲ့တင် အပြောင်းအလဲပေးပါလို့
အော်နေသူပါ

ပြက္ခဒိန်တွေ
တစ်ရွက်ပြီးတစ်ရွက်ကြွေတယ်
၂ဝဝ၉ သစ်ပင်ကြီး
ရာသီကုန်လို့ ခုတ်လဲခံရတယ်
ဘာအပွင့်မှ ဝေဝေဆာဆာ မပွင့်ခဲ့ဖူးသလို
ဘာအသီးမှလည်း ချိုချိုမြိန်မြိန် မသီးခဲ့ပါဘူး။

ဒါနဲ့တင် ၂ဝ၁ဝမှာ
အပြောင်းအလဲပေးပါလို့
ဘဝကူးကောင်းအောင် အော်နေခဲ့တယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, December 30, 2009

ပင်စိမ်းသီးနမ့်ဖစ်ထောင်း



အခုတစ်လော စားစရာတွေပဲတင်ဖြစ်နေတယ်။ မရည်ရွယ်ပါဘူး စားရဖို့ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ အစ်မတို့မိသားစု အလှူတစ်ခုလုပ်ဖြစ်လို့ တစ်ခုခုကူဖို့ ကျွန်မလည်း မနက်အစောကြီး ဘုန်းကြီးကျောင်းကို ရောက်သွားခဲ့တယ်။ ရှမ်းဘုန်းကြီးကျောင်းဆိုတော့ လာကူတဲ့လူတွေက ရှမ်းတွေချည်းပဲ။ ချက်တဲ့ဟင်းတွေကလည်း ရှမ်းဟင်းတွေချည်းပါပဲ။ ရှမ်းတွေကြားမှာ ရှမ်းအင်္ကျီဝတ်ပြီး ရှမ်းစကားမတတ်တဲ့ကျွန်မ ဟိုကူ၊ ဒီဆေးနဲ့ ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို ရှမ်းတွေဆီက သင်ယူခဲ့ပါတယ်။

ဒီလိုချမ်းအေးတဲ့ ဆောင်းရာသီက ပင်စိမ်းသီးရာသီဖြစ်တယ်။ ပင်စိမ်းသီးကို မန္တလေးဖက်က မတ်ခေါက်သီးလို့ခေါ်တယ်လို့ သိရပါတယ်။ ပင်စိမ်းသီးက ချဉ်ဖန်ဖန်အရသာရှိပြီး အစိမ်းစားလို့ရသလို၊ အချဉ်တည်စား၊ ယိုထိုးစားလို့လည်းရပါတယ်။ ခုတော့ ပင်စိမ်းသီးကို နမ့်ဖစ်အနေနဲ့လည်း ထောင်းစားနိုင်ပါသတဲ့...

ပင်စိမ်းသီးနမ့်ဖစ်ထောင်းက လုပ်ရတာ သိပ်မခက်ခဲပါဘူး။ လိုအပ်တဲ့ပစ္စည်းတွေက - ပင်စိမ်းသီး၊ ရှမ်းပဲပုပ်၊ ငရုတ်သီးအစိမ်း/အနီ၊ ကြက်သွန်ဖြူ/နီ၊ နံနံပင်၊ ကြက်သွန်ဖြူမြိတ် (ကြက်သွန်(နီ)မြိတ် မဟုတ်ပါ)တွေပဲ ဖြစ်ပါတယ်။


ပထမဦးဆုံး ပင်စိမ်းသီးတွေကို အခွံခွါပြီးပြုပ်ရပါတယ်။ အဖန်ရည်တွေ ထွက်သွားအောင် ခပ်နူးနူးလေး ပြုပ်လိုက်ပါတယ်။


ပြုပ်လို့ရလာတဲ့ ပင်စိမ်းသီးကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှမ်းပဲပုပ်နဲ့ ရောထောင်းလိုက်ပါတယ်။ (ငရုတ်သီး၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အရင်မီးဖုတ်ရမှာဖြစ်ပြီး ရှမ်းပဲပုပ်ကို မီးကင်ရမှာဖြစ်ပါတယ်) မီးဖုတ်ထားတဲ့ ငရုတ်သီးပွ အစိမ်းရောင်က ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို ပိုမွှေးစေသလို ငရုတ်သီးအနီရောင်က အရောင်လှစေပါတယ်။


ထောင်းလို့ရလာတဲ့ အစာတွေကို ပန်းကန်တစ်လုံးထဲထည့်ပြီး သေးသေးစင်းထားတဲ့ နံနံပင်နဲ့ ကြက်သွန်ဖြူမြိတ်တွေထည့် ဆား၊ အချိုမှုန့်နဲ့ ရေအနည်းငယ်ထည့်ပြီး ရောနှယ်လိုက်ရင် ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို ရပါပြီ။


ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို မုန်ညင်းပြုပ်၊ ဇလပ်ရွက်၊ သခွါးသီးတွေနဲ့လည်း တို့စားနိုင်ပါတယ်။ ပင်စိမ်းသီးအစား ဂွေးသီး(ရေနဲ့အရင်ပြုပ်ပါ)၊ ခရမ်းသီး(မီးဖုတ်ပါ)တွေကိုလည်း ဒီနည်းအတိုင်း လုပ်စားနိုင်ပါတယ်။

အရသာ ချဉ်ချဉ်စပ်စပ် ပင်စိမ်းသီးနမ့်ဖစ်ထောင်းက ထမင်းပိုမြိန်စေသလို ခံတွင်းလည်း ရှင်းစေပါတယ်။ အဆီအအိမ့်စားရမှာ ငြီးငွေ့နေသူတွေ လွယ်ကူတဲ့ ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို လက်တည့်စမ်း လုပ်စားနိုင်ပါပြီ။

အစားသည် လူတိုင်းနှင့်တည့်၏။

ပင်စိမ်းသီးပိုးထိုး~~~ တောင်ကြီးသူမ ရအောင်ပိုးဟေ့ ~~~ ရအောင်ပိုး
ပင်စိမ်းသီးအညှာချွေချ ~~~ တောင်ကြီးသူမ ငါနဲ့ရဟေ့ ~~~ ငါနဲ့ရ
ပင်စိမ်းသီးနေစာလောင် ~~ မိန်းမလက်ဆောင် ပေးရအောင်ဟေ့ ~~ ပေးရအောင်
အယ်~~ အယ် ~~ ပင်စိမ်းသီး နမ့်ဖစ်ထောင်း ~~~~

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, December 29, 2009

အိမ်ထောင်ရေးမည်သော ဖိနပ်တစ်စုံ


ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်းဖြစ်နိုင်တယ်။ ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ် အဓိက,က ခြေထောက်နဲ့တော်ဖို့၊ ကိုက်ညီဖို့ဖြစ်ပြီး ဘယ်လို အိမ်ထောင်ရေးမျိုးဖြစ်ဖြစ် အဓိက,က စည်းချက်ညီဖို့နဲ့ သဟဇာတဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။

ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။

ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ တာရှည်ခိုင်မြဲစေပါတယ်။

ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့ ဒီလိုဖိနပ်မျိုးက စီးလို့အသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။

စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက် ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့် စီးပွါးရေးပြေးလမ်းက ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။

အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့ အိမ်ထောင်ရေးက ခုံမြင့်ဖိနပ်ဖြစ်တယ်။ ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့် ကြည့်ရတာထူးခြားတယ်။

အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးက ညအိပ်ဖိနပ်နဲ့တယ်။ ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။ ချွတ်ရတာလည်း လွယ်ကူတယ်။ ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။ အပြင်စီးထွက်ရင် လူပြောစရာဖြစ်တယ်။

ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။ ရာသီမရွေး စီးလို့ရတယ်။ ခံစားချက်တွေ ပူနွေးစေတဲ့နွေရာသီမှာ ခြေထောက်ကို အေးမြစေတဲ့လွှာချင်းဖိနပ်ကို စီးထားနိုင်ပြီး ခံစားချက်တွေ အေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။

ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။ စီးလို့ကောင်းတယ်၊ လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် အပြင်စီးထွက်လို့မရဘူး၊ လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့ မဖြစ်ဘူး။

ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့ ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့ ဖိနပ်မျိုးနဲ့တူတယ်။ ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။ စီးလိုက်တာနဲ့ စီးရအဆင်မပြေဘဲ ခြေထောက်နာတတ်တယ်။

အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။ ကြီးလေးပြီး ရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း ခြေကြော၊ ခြေရိုးတွေကို နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။

အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက စီးလို့ကောင်းတဲ့ ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က ခြေထောက်ရဲ့အတိုင်းအတာနဲ့ ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။ ဘယ်လိုခြေထောက်မျိုးက ဘယ်လိုဖိနပ်မျိုး စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။

သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။ ဒါပေမယ့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တိုင်းလှပရမယ်လို့ မဟုတ်ပါဘူး။ ဖိနပ်စီးရတာ အဆင်ပြေမပြေ စီးတဲ့ခြေထောက်ကပဲသိပါတယ်။ ခရီးဝေးသွားရင် ဖိနပ်စီးမှားမှာကို လူတိုင်းကြောက်ကြတယ်။ အိမ်ထောင်ပြုရင် လူတိုင်းအနိုင်ကျင့်ခံရမှာကို ကြောက်ကြတယ်။ ဖိနပ်က ခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ မပါးခင်၊ ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို ပြောင်းလဲသင့်ပါတယ်။

ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ ကိုယ့်ကိုနာကျင်အောင် လုပ်တာနဲ့တူတယ်။ သူတစ်ပါးက ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကို တွေ့မြင်နိုင်တယ်ဆိုပေမယ့် စီးထားတဲ့ကိုယ့်ခြေထောက် နာကျင်တာကို ကိုယ်ပဲသိပါတယ်။ ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။ ဒါပေမယ့် တချို့က တန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။

ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။ နှင်းတောကြားမှာ နှင်းဖိနပ်ရှည်ကို စီးရတယ်။ ခရီးဝေးသွားရင် ခရီးသွားဖိနပ်ကို စီးရတယ်။ လောကကြီးမှာ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်တွေအများကြီး ကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။ ခြေထောက်က တစ်စုံပဲရှိတာမို့ ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး အရွေးမမှားစေချင်ပါဘူး။

အသက်အရွယ် အကန့်အသတ်တစ်ခုထိ ခြေထောက်တွေ ရှည်လျားကြီးထွားနိုင်ပါတယ်။ ဒါပေမယ့် ဖိနပ်တွေက မပြောင်းလဲပါဘူး။ ခြေထောက်နဲ့ဖိနပ် ဘယ်အရာက အင်အားကြီးသလဲ? ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။ ဖိနပ်ရိအောင်၊ ပွန်းအောင် ခြေထောက်ကပဲ လုပ်နိုင်ခဲ့ပါတယ်။

အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့ အချိန်က ကျွန်မတို့ ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့သင့်လျော်တဲ့ ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။ ခြေထောက်တစ်ဖက်က ယောက်ျားဆိုရင်၊ နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။ ဖိနပ်က အဲဒီခြေထောက်နှစ်ဖက်ကို တစ်စုံဖြစ်အောင် အတူတကွ ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့ ဘဝခရီးဆုံးခန်းတိုင်ထိ လျှောက်လှမ်းကြရပါတယ်။

ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

မူရင်း--- http://health.nmgnews.com.cn or google search

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, December 28, 2009

ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ


အသက်ကြီးလာလေ ပျော်ရွှင်ခြင်းက ရှားပါလေပါပဲ။ ပြီးတော့ ပျော်ရွှင်တယ်၊ မပျော်ရွှင်ဘူးဆိုတာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်နဲ့ တိုက်ရိုက်ပတ်သက်နေပြီး သူပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာနဲ့ လုံးဝမဆိုင်ကြောင်းကို တဖြည်းဖြည်းသိလာခဲ့ရတယ်။

"ပျော်ရွှင်ခြင်းက ဆုတောင်းပြီးရလာတာ မဟုတ်သလို မမျှော်လင့်ဘဲ တွေ့ဆုံပြီးရလာတာလည်း မဟုတ်ပါဘူး" ဆိုတဲ့အပြောက ဟုတ်သလိုလိုရှိခဲ့ပါတယ်။

ပျော်ရွှင်ခြင်းဆိုတာ ရင်ထဲက စိတ်ကူးအိပ်မက်ရဲ့မျိုးစေ့လေးပါ။ ဘဝတစ်ခုလုံးရဲ့ ပြင်းပျတဲ့ဆန္ဒနဲ့ ရေလောင်းပေါင်းသင်ပေးမှ ပျော်ရွှင်တဲ့အသီးအပွင့်တွေ ဖူးပွင့်လာမှာဖြစ်တယ်။

ဘဝပြင်းပျတဲ့ဆန္ဒ မရှိသူက ပျော်ရွှင်ခြင်းနဲ့တွေ့ဆုံဖို့ အင်အားလုံလောက်မှာ မဟုတ်ပါဘူး။

ပျော်ရွှင်ခြင်းကို လူတိုင်းခက်ခက်ခဲခဲ ရှာဖွေကြတယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ့်ရင်ခွင့်ထောင့်တစ်နေရာမှာ နဂိုကတည်းက ရှိနှင့်နေပြီးသားပါ။

ဆင်းရဲတဲ့မိသားစုကနေ ပေါက်ပွါးလာခဲ့သူ ကျွန်တော့်အတွက် ငယ်ငယ်လေးတည်းက မိဘတွေ ဘယ်လောက်ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရသလဲဆိုတာ မျက်မြင်ကိုယ်တွေ့ပါ။ ငွေကြေးမပြည့်စုံတဲ့ အိမ်ထောင်ရေးမှာ ဝမ်းနည်းခြင်းတွေပဲရှိမယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ဒါကြောင့် လုံလောက်တဲ့ငွေကြေးရှိမှ ပျော်ရွှင်ခြင်းရှိမယ်လို့ ထင်မှတ်မှားခဲ့တယ်။

လူတစ်ယောက် ဒါမှမဟုတ် အိမ်ထောင်တစ်စုမှာ ငွေကြေးတွေ ဘယ်လောက်စုဆောင်းရမှ၊ ဥစ္စာတွေ ဘယ်လောက်ပိုင်ဆိုင်မှ လုံလောက်တယ်လို့ ထင်ပါသလဲ?

လွန်ခဲ့တဲ့နှစ်က လခကောင်း၊ အလုပ်ကောင်းတဲ့ Micro-soft ဆော့ဝဲလ်ကုမ္ပဏီကနေ အလုပ်ထွက်ဖို့စီစဉ်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ဒီလိုကြီးလေးတဲ့မေးခွန်းကို မေးမိတယ်။ အမေက အလွယ်တကူ ကျွန်တော့်ကိုအဖြေပေးပါတယ်။

"အမေတို့မှာ မိသားစုသုံးယောက်ပဲရှိတာ တစ်လကို နှစ်သောင်းငါးထောင်(ထိုင်ဝမ်ငွေ)နဲ့ပဲ အသားငါးတွေ နပ်တိုင်းစားနိုင်ပါတယ်"

ဒုတိယကမ္ဘာစစ်ကို ကြုံခဲ့ဖူးတဲ့အမေအတွက် ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်လင်ယောက်ျား၊ ကိုယ့်သားသမီးနဲ့အတူ သိုက်သိုက်ဝန်းဝန်း နေရဖို့ပါပဲ။ တစ်မိသားစုလုံး အသားငါးတွေနဲ့နပ်တိုင်း ဝဝလင်လင်စားနိုင်ရုံနဲ့တင် ပျော်ရွှင်ခြင်းကို အလွယ်တကူရနိုင်ခဲ့ပါတယ်။

အမေရဲ့အဖြေက တွေဝေနေတဲ့ ကျွန်တော့်စိတ်ကို တိုက်ရိုက်ထိမှန်ခဲ့တယ်။ အဲဒီနောက် ငွေကြေးရဲ့ကျေးကျွန်ဘဝကနေ ကျွန်တော်လွတ်မြောက်ခဲ့ပြီး "ကိုယ်လုပ်ချင်တာလုပ်ဖို့" အခွင့်ရခဲ့တယ်။

ကိုယ်ပိုင်ရုံးခန်းလေးတစ်ခု ဖွင့်ပြီး နှစ်အနည်းငယ်အကြာမှာ ကျွန်တော့်စိတ်ကူးတချို့ကို အကောင်အထည် ဖော်ခဲ့တယ်။ ဒါပေမယ့် အမေရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်သွားခဲ့ရလို့ သွားလာလှုပ်ရှားမှုမှာ အခက်အခဲကြုံခဲ့ရတယ်။ ပျော်ရွှင်နေတဲ့မိသားစုမှာ ကြီးမားတဲ့ထိခိုက်မှုကြုံခဲ့ရတယ်။ မိသားစုအားလုံး တက်ညီလက်ညီ ကြံ့ကြံ့ခံပြီး နောက်တစ်ကြိမ် ထရပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အမေဘဝရဲ့ အခက်အခဲဆုံးအချိန်ကို အဖော်လုပ်ဖြတ်သန်းခဲ့ကြတယ်။

အဖေက "နပ်စ်" နေရာမှာသရုပ်ဆောင်ပြီး အမေကိုပြုစုတယ်။ တစ်အိုးတစ်အိမ် ထူထောင်သွားကြပြီဖြစ်တဲ့ အစ်မနှစ်ယောက်လည်း မကြာခဏပြန်လာပြီး "ဆေးကျောသုတ်သင်သူ" "အဟာရစပ်သူ"အဖြစ် ရှိနေခဲ့ကြတယ်။ ကျွန်တော်က "ဒါရိုက်ဘာနဲ့ အကူ"အဖြစ် တာဝန်ယူခဲ့တယ်။

ဒီအတွက် ပျော်ရွှင်ခြင်းက ကျွန်တော်တို့နဲ့ ဝေးမသွားတဲ့အပြင် ကျွန်တော်တို့မိသားစုအားလုံးကို တစ်စုတစ်စည်းတည်း ရှိစေခဲ့တယ်။

ပျော်ရွှင်ဖို့အတွက် ငွေကြေးတွေ မလိုအပ်ဘူးဆိုပေမယ့် အခြေခံစားဝတ်နေရေးအတွက်တော့ ငွေတွေလိုအပ်ပါတယ်။ ဒါပေမယ့် ပိုလျံတဲ့ငွေကြေးတွေက အသုံးမတတ်ရင် အကျိုးမပေးသလို ကျန်းမာရေး၊ ပျော်ရွှင်ခြင်းတွေကိုလည်း ဝယ်ယူလို့ မရနိုင်ခဲ့ပါဘူး။

နှစ်အတော်ကြာ ခရီးသွားခဲ့တဲ့ အတွေ့အကြုံကြောင့် ရိုးရှင်းတဲ့ပျော်ရွှင်ခြင်းတချို့ကို ကျွန်တော်တွေ့မြင် ခံစားခွင့်ရခဲ့တယ်။

ထိုင်းနိုင်ငံက ကလေးတွေ ဆင်စီးပြီး ဘောလုံးကန်ကြတယ်။

တီဘက် Turpanကရွာသားတွေ သူတို့ကိုယ်တိုင် စပျစ်သီးတွေစိုက်ပြီး ကမ္ဘာပေါ်ကအမွှေးဆုံး စပျစ်ဝိုင်ကို သောက်နေကြတယ်။

အရှေ့ဥရောပပိုလို(Polo)က ပင်လယ်မြို့တစ်မြို့ဖြစ်တဲ့ Latviaမြို့လမ်းမပေါ်မှာ အမျိုးသမီးတစ်သိုက် ပယင်းလက်ဝတ်လက်စားတွေ ဝယ်နေတာကို ကျွန်တော်တွေ့ခဲ့တယ်။ တစ်ရာလောက်ပဲ တန်ဖိုးရှိတဲ့ပစ္စည်းကို သူတို့ကြည့်ရတာ အဖိုးတန်ရတနာကို ဝယ်ယူနေရသလို ဝမ်းသာပျော်ရွှင်နေခဲ့ကြတယ်။

သူတို့ရဲ့ ရိုးသားတဲ့အပြုအမှုမှာ ပျော်ရွှင်ခြင်းတွေကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်။

ပျော်ရွှင်ဖို့အတွက် ဘဝရဲ့အခြေခံလိုအပ်ချက်တွေအပြင် ရောင့်ရဲတတ်ဖို့နဲ့ ကျေးဇူးသိတတ်တဲ့စိတ်လည်း လိုပါသေးတယ်။ ဒါတွေဟာ ပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးနိုင်တယ်။ တချို့အတွက် ငွေကြေးဥစ္စာပြည့်စုံပေမယ့် ဒါတွေကို ဝယ်ယူလို့ မရနိုင်ခဲ့ပါဘူး။

ပျော်ရွှင်ခြင်းဆိုတာ အတွင်းစိတ်ထဲမှာရှိတဲ့ ခံစားချက်ဖြစ်တယ်။ ကိုယ့်စိတ်ထဲက ရှာယူရမှာဖြစ်ပြီး တစ်ခြားလူဆီကနေ ငှါးယူလို့ရတာမျိုး မဟုတ်ပါဘူး။ ရခဲ့ရင်လည်း ခဏတာပျော်ရွှင်မှုမျိုး ဖြစ်ပါလိမ့်မယ်။

ပျော်ရွှင်ခြင်းက ကိုယ့်ကိုချစ်တဲ့လူဆီကနေ ရလာတာဖြစ်တယ်လို့ လူအများကထင်ခဲ့ကြတယ်။ ဒါက အန္တရာယ်ရှိတဲ့ ထင်မြင်ချက်မျိုးဖြစ်တယ်။

တကယ်လို့ ကိုယ်ကိုယ်တိုင်က ပျော်ရွှင်ခြင်းကို မခံစားတတ်၊ မထိန်းချုပ်တတ်ပါဘဲ တခြားလူဆီက ပျော်ရွှင်ခြင်းကို တောင့်တတာဟာ မတရားသလို သူ့အတွက်လည်းဝန်ပိုစေပါတယ်။ တစ်နည်းပြောရရင် ကိုယ့်ကိုချစ်တဲ့လူကို "ငါ့ကို ပျော်ရွှင်ခြင်းတွေပေး" ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းပိုးထားစေတာနဲ့ မခြားပါဘူး။

အချင်းချင်းချစ်ကြသူနှစ်ဦး ပျော်ရွှင်တယ်၊ မပျော်ရွှင်ဘူးဆိုတာကို သူတို့နှစ်ဦးမှာ ပျော်ရွှင်ခြင်းကိုယ်စီ ရှိသလားဆိုတာနဲ့ ဆုံးဖြတ်ရလိမ့်မယ်။ ကိုယ်တိုင်က ပျော်ရွှင်နေသူဖြစ်မှ တဖက်သားအတွက် ပျော်ရွှင်ခြင်းတွေ ပေးနိုင်မှာဖြစ်တယ်။

ပျော်ရွှင်ခြင်းကို တခြားလူစီကနေ ကျွန်တော်တို့တောင်းယူလို့ မရနိုင်ပေမယ့် ပျော်ရွှင်ခြင်းကို လူတွေနဲ့ရက်ရက်ရောရော မျှဝေခံစားနိုင်ပါတယ်။ ပြီးတော့ တခြားလူကို ပေးကမ်းနိုင်ပါတယ်။ အံ့သြစရာကောင်းတာက မျှဝေလိုက်လို့၊ ပေးကမ်းလိုက်လို့ ကျွန်တော်တို့မှာ ပျော်ရွှင်ခြင်းတွေ ဆုံးရှုံးသွားတာမျိုး မရှိခဲ့ပါဘူး။ ကိုယ်ဝေမျှလိုက်တဲ့ ပျော်ရွှင်ခြင်းကများလေ ကိုယ့်ပြန်ရတဲ့ပျော်ရွှင်ခြင်းက များလေဆိုတာကို တအံ့တသြတွေ့ပါလိမ့်မယ်။

ပျော်ရွှင်ခြင်းဆိုတာ လူတိုင်းရဲ့ရင်ထဲက ခပ်လို့မကုန်နိုင်တဲ့ တွင်းရေလေးတစ်ခုဖြစ်တယ်။

စီးဆင်းတာများလေ၊ ခပ်ယူတာများလေ မပြတ်လျံထွက်လေဖြစ်ပြီး လှုပ်ရှားလေးတက်ကြွလေ၊ ပေးလေများလေဖြစ်တဲ့ တွင်းရေဖြစ်တယ်။

ဒါဟာ ဘဝကိုမယုတ်လျော့စေတဲ့ အင်အား၊ သံလိုက်စက်ကွင်းကြီးဖြစ်တယ်။ အင်အားများများသုံးပြီး ထုတ်လွတ်လေ စက်ကွင်း ကျယ်ပြန့်လေ၊ ကိုယ်နဲ့ ပျော်ရွှင်ခြင်း အသွင်အပြင်တူသူကို ဆွဲငင်ပေးလေဖြစ်တယ်။ ပျော်ရွှင်ခြင်းကို မခံစားတတ်သူအတွက် စက်ကွင်းကလည်း သေးငယ်နေမှာဖြစ်ပါတယ်။

မူရင်း--- google search or
抓住你要的幸福

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

Sunday, December 27, 2009

ကင်း(မ်)ချီ


ဟိုရက်တွေမှာ ညီမငယ်တစ်ယောက် ကျွန်မဆီအီးမေးလ်ပို့လာပါတယ်။ အီးမေးလ်ထဲမှာ သူကိုးရီးယားကင်း(မ်)ချီ ထမင်းသုပ်ကို ဘယ်လိုစားချင်ကြောင်း၊ ဝယ်စားတော့လဲ ဈေးကြီးလို့ ခဏခဏမဝယ်စားနိုင်ကြောင်း၊ ဖြစ်နိုင်ရင် ကင်း(မ်)ချီလုပ်နည်းလေး ပြောပြပေးဖို့ ရေးထားပါတယ်။ သူ့ကြည့်ရတာ တော်တော်စားချင်ပုံပါပဲ။ အီးမေးလ်မှာလည်း သရေတွေပေလို့:P သွားရေတယိုယိုနဲ့ ရေးထားပုံရတယ်။ ပြီးတော့ ကျွန်မပါသရေယိုအောင် ထမင်းသုပ်ရဲ့ ပုံလေးကိုပါ တွဲပို့လိုက်သေးတယ်။

ကင်း(မ်)ချီလုပ်နည်းလေးဆိုလို့ ကျွန်မလည်း တတ်တဲ့ပညာမနေသာမဟုတ်ဘဲ ဟိုးအရင် ဂျပန်စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးတုန်းက မတတ်တခေါက်တတ်ခဲ့တဲ့ ကင်း(မ်)ချီကို မှတ်မိသလောက် ပြန်လုပ်ကြည့်လိုက်ပါတယ်။ နောက်ဆုံးအကြိမ် ကျွန်မ ကင်း(မ်)ချီလုပ်ခဲ့တဲ့အချိန်က ၂ဝဝ၇ခုနှစ်မှာပါ။ ကျွန်မ အခုလုပ်တဲ့ကင်း(မ်)ချီက ကိုးရီးယားနည်းနဲ့ တူချင်မှတူပါလိမ့်မယ်။ ဒါပေမယ့် ကင်း(မ်)ချီလုပ်တဲ့ အဓိကလိုအပ်တဲ့ အစာပလာတွေကတော့ သိပ်မကွာခြားပါဘူး။

ကျွန်မလုပ်တဲ့လုပ်နည်းကို လွယ်ကူအောင်ရေးထားပါတယ်။ ရေးထားတာတွေ များနေပေမယ့် တကယ်လက်တွေ့လုပ်တဲ့အချိန်မှာ မြန်ဆန်လွယ်ကူပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကို ချိန်တွယ်ပြီး ဘယ်ဟာ ဘယ်နှစ်ကျပ်သားလို့တော့ ပြောမပြတတ်ပါဘူး။ အိမ်မှာနေ့စဉ်ထမင်းဟင်း ချက်စားသလိုပဲ အားလုံးကို လက်ဆနဲ့ခန့်မှန်းလုပ်လိုက်ပါတယ်။


(၁) ပထမဦးဆုံး
ကင်း(မ်)ချီမလုပ်ခင် ရှေ့တစ်ညမှာ မုန်ညင်းဖြူကိုနှစ်ခြမ်းခွဲ နွမ်းသွားအောင် အရွက်တွေထဲ ဆားထည့်နယ်ပြီး ကျင်းထားလိုက်ပါတယ်။

(၂)နောက်တစ်နေ့ မုန်ညင်းနွမ်းသွားရင် ရေဆေးပြီး စစ်ထားလိုက်ပါတယ်။ (ရေစင်အောင် စစ်ပေးပါ။ ရေမစင်ရင် အချဉ်မြန်ပါတယ်။ မုန်ညင်းကိုတစ်ခုခုအုပ်ပြီး အပေါ်မှာအလေးနဲ့ဖိပြီး စစ်နိုင်ပါတယ်)

(၃) ပြီးရင် ကင်း(မ်)ချီထဲထည့်ဖို့ အစာပလာတွေဖြစ်တဲ့ မုန်လာဥ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပန်းသီး၊ ဂျုးရွက်တွေကို ပြင်ဆင်ပါတယ်။

(က) မုန်လာဥကို အမျှင်မျှင်ဖြစ်အောင် လှီးလိုက်တယ်။

(ခ) ကြက်သွန်ဖြူ၊ ဂျင်း၊ ပန်းသီးကို ညက်ညက်ကျိတ်လိုက်တယ်။

(ဂ) ဂျူးရွက်ကို တစ်လက်မအရှည် လှီးလိုက်တယ်။ (ဒီနေ့ဂျူးရွက်ဝယ်မရလို့ ကျွန်မက ကြက်သွန်ဖြူမြိတ်ကို သုံးလိုက်ပါတယ်)

(ဃ) ပြီးရင် အားလုံးကို ဇလုံတစ်ခုထဲထည့်ပြီး ဆား၊ သကြား၊ ပျားရည်(အနည်းငယ်)၊ ဘီယာ၊ ငရုတ်သီးမှုန့် (ကိုးရီးယား ငရုတ်သီးမှုန့်ရရင် ပိုကောင်းပါတယ်။ ငရုတ်သီးအရောင်လှရင် လုပ်ထွက်လာတဲ့ကင်း(မ်)ချီက နီရဲပြီး ပိုစားချင်စဖွယ်ဖြစ်ပါတယ်) တွေထည့်ပြီး ရောနယ်လိုက်ပါတယ်။

(င) ရလာတဲ့အစာပလာကို ရေစစ်ထားတဲ့ မုန်ညင်းဖြူထဲ တစ်လွှာချင်း၊ တစ်လွှာချင်းထည့်လိုက်ပါတယ်။

ပြီးရင် ဗူးတစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါတယ်။ (၃)ရက်မြောက်တဲ့နေ့မှ ကျွန်မရဲ့ကင်း(မ်)ချီ စားရမရ ကြည့်ရအောင်.. :D

ကင်း(မ်)ချီထဲ ကြက်သွန်ဖြူ၊ ဂျင်း၊ ပန်းသီးနဲ့ ပျားရည်တွေပါတာကြောင့် အနံ့ပိုမွှေးပြီး အရသာပိုကောင်းစေပါတယ်။ အချို၊ အငန်၊ အစပ်ကို ကိုယ်နှစ်သက်သလို လိုတိုးပိုလျော့ထည့်ပြီး ကိုးရီးယားကင်း(မ်)ချီကို အလွယ်တကူလုပ်စားနိုင်ပါပြီ။ တကယ့် ဂျပန်၊ ကိုးရီးယားကင်း(မ်)ချီ လုပ်နည်းတွေကို youtube မှာ အလွယ်တကူ ရှာဖွေသင်ယူနိုင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, December 26, 2009

အောင်မြင်သူတို့ရဲ့စကား


(၁)လူတစ်ယောက်ရဲ့ အပြောင်းအလဲက ဘုရားပေးတဲ့အခွင့်အရေးကို စောင့်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်စေ့ဆော် တိုက်တွန်းမှုကြောင့် ဖြစ်လာတာဖြစ်တယ်။

(၂)အဆိုးဝါးဆုံး ဒုက္ခအခက်အခဲနဲ့ ရင်ဆိုင်ရလေ ကိုယ့်လက်ထဲမှာ အကောင်းဆုံးအမဲလိုက်သေနတ်ကို ဆုပ်ကိုင်ထားတယ်လို့ ယုံကြည်ရလေဖြစ်တယ်။

(၃)ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်တစ်ကြိမ်ခွင့်လွတ်တာဟာ နောက်တစ်ကြိမ် အမှားကြီးကြီးလုပ်ဖို့အတွက် အခွင့်ပေးလိုက်တာနဲ့ အတူတူပဲ။

(၄) စကားအပြောအဆိုကလည်း အောင်မြင်ဖို့အတွက် အရင်းအနှီးတစ်ခုလို့ သင် သင်ယူတတ်မြောက်တဲ့နေ့မှာ အောင်မြင်ဖို့က လူတွေထင်သလို မခက်ခဲဘူးဆိုတာကို သင်နားလည်လာပါလိမ့်မယ်။

(၅)မနက်ကညအထိ တစ်နေ့တာ ကိုယ်ဘာလုပ်ခဲ့သလဲဆိုတာကို ကိုယ့်ကိုယ်မေးကြည့်ခြင်းအားဖြင့် နောက်တစ်ရက်အတွက် တက်ကြွလှုပ်ရှားမှုမျိုးကို သင်တွေ့လာပါလိမ့်မယ်။

(၆) လူအများရဲ့ ကျရှုံးခြင်းလမ်းစ သူတစ်ပါးကိုယုံကြည်ပြီး ကိုယ့်ကိုယ်လက်လွတ်ခြင်းဖြစ်တယ်။

(၇)အောင်မြင်ခြင်းရဲ့အချက်က သော့အိမ်ကိုသော့တံနဲ့ ဖွင့်တာနဲ့အတူတူပါပဲ။ တိတိကျကျ မထည့်သွင်းရင်နိုင်ခဲ့ရင် အောင်မြင်ခြင်းတံခါးကို သင်ဖွင့်နိုင်မှာမဟုတ်ဘူး။

(၈) လေလုံးထွားကြွားဝါခြင်းကို ကိုယ့်လုပ်နိုင်စွမ်းနဲ့ သက်သေပြအနိုင်ယူပါ။

(၉) လက်လွတ်ခြင်းကို နားမလည်တာက ခေါင်းမာတာပဲ။
ဇွဲလုံ့လမရှိတာက ရည်မှန်းချက်ပန်းတိုင်ကို ဆုံးရှုံးတာပဲ။
ဒါပေမယ့် အသိဥာဏ်ရှိတဲ့လုပ်နည်းက လုံ့လထုတ်စရာမလိုတဲ့ အချို့အရာတွေကို လက်လွတ်တတ်ရမယ်။

(၁ဝ)ဘယ်လိုလမ်းမျိုးမဆို ကိုယ်တိုင်လျှောက်လှမ်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးအိပ်မက်ကို စောင့်ပြီးဖြစ်လာတာမျိုး မဟုတ်ဘူး။ အဲဒီလမ်းတွေအတွက် မှန်ကန်တိကျတဲ့ ပထမခြေတစ်လှမ်းက အရေးပါဆုံးပါပဲ။

(၁၁)ဘယ်လိုအောင်မြင်မှုမျိုးကမှ အလွယ်တကူ ဖြစ်လာတာမဟုတ်ဘူး။ သင်ရွေးတဲ့တောင်ထိပ်ကို သင်ရောက်အောင် တက်ရဲလေလေ အောင်မြင်မှုက သင်နဲ့နီးလေလေဖြစ်တယ်။

(၁၂)လေထဲဝဲပျံတဲ့ လင်းယုန်ငှက်တွေက လူတွေကို ရဲစွမ်းသတ္တိ၊ အမြင်နဲ့ဖျတ်လပ်လှုပ်ရှားမှုက အောင်မြင်ခြင်းရဲ့ အဓိကလိုအပ်ချက်လို့ ဖော်ပြနေခဲ့ပါတယ်။

(၁၃)မိမိအားနည်းချက်ကို မပြတ်စဉ်းစားဆင်ခြင်ခြင်းက ကိုယ့်ကိုအောင်မြင်စေတဲ့ အကျင့်ကောင်းတွေ ရယူနိုင်ဖို့ပဲဖြစ်တယ်။ ဒါပေမယ့် ဒီအချက်ကို လူအများက မလုပ်ဆောင်နိုင်ခဲ့လို့ နောက်ဆုံးမှာ ပျော့ညံ့သူတွေဖြစ်ခဲ့ရတယ်။

(၁၄) ရှေ့သို့နောက်တစ်လှမ်း ဆက်လှမ်းခြင်းက ကိုယ့်အတွက်ပိုတိုးတက် အောင်မြင်ဖို့ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ် လက်ရှိအောင်မြင်တဲ့ကုတင်ပေါ်မှာ လဲလျောင်းအိပ်ပျော်မသွားပါစေနဲ့။

(၁၅)ငွေကြေးတွေကို မိတ်ဆွေလို၊ သူစိမ်းလိုဆက်ဆံတတ်ပါစေ။ တကယ်လို့ ငွေကြေးကြောင့် ကိုယ့်ကိုစိတ်ထိခိုက်စေတာဟာ လူ့ဘဝကို ကျဉ်းမြောင်းစေတာနဲ့ အတူတူပါပဲ။ တကယ်လို့ ငြိမ်သက်အေးချမ်းတဲ့စိတ်နဲ့ ဆက်ဆံခဲ့ရင် သင့်ဘဝဟာ နဂိုကတည်းက ငွေကြေးပိုင်ဆိုင်ထားတာနဲ့ မခြားတော့ပါဘူး။

အမေရိကန်က အောင်မြင်သူတို့ရဲ့ဆောင်ပုဒ်လို့ ဖတ်ရပါတယ်။ အောင်မြင်မှုပန်းတိုင်ဆီ ခြေစလှမ်းနေကြသူတွေ၊ လှမ်းဖို့ ပြင်ဆင်နေကြသူတွေအတွက် ခွန်အားတစ်ရပ်ပါ။ ဘာသာပြန် မျှဝေလိုက်ပါတယ်။

မူရင်း--- http://www.91mba.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, December 25, 2009

ကိုယ့်လမ်းကိုယ်လျှောက်...


အမေရိကန် အောင်မြင်ရေးဆရာ Marden က အခုလို ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

Franklin Delano Roosevelt သမ္မတဖြစ်တုန်းက သူ့အမျိုးသမီးရဲ့ မိတ်ဆွေတစ်ဦးကို ကျွန်တော်သွားတွေ့ခဲ့ရတယ်။ ဝါရှင်တန်အိမ်ဖြူတော်မှာ သမ္မတကတော်က ကျွန်တော့်ကိုဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်တစ်ညတည်းရမှာဖြစ်တယ်။ ကျွန်တော့်ဘေးအခန်းက သမ္မတလင်ကွန်းတည်းခဲ့ဖူးတဲ့ အခန်းလို့ သိရပါတယ်။ ကျွန်တော်အံ့သြဝမ်းသာမိတယ်။ ဝမ်းသာလွန်းလို့ ကိုယ့်ကိုယ်မယုံနိုင်အောင်ဖြစ်မိတယ်။ အဲဒီနေ့ညက ကျွန်တော်လုံးဝ အိပ်မပျော်ခဲ့ဘူး။ အိမ်ဖြူတော်ကစာရွက်နဲ့ ကျွန်တော့်အမေ၊ ကျွန်တော့်မိတ်ဆွေတွေကို ကျွန်တော်စာရေးခဲ့တယ်။

ငယ်ငယ်တုန်းက ကျွန်တော်ဟာ နယူးကားဂိတ်အနီးအနားက ညစ်ပတ်ပေရေတဲ့ လမ်းကြားတွေမှာ ဆော့ကစားခဲ့ဖူးတယ်။

"Marden... မင်း ဒီကိုရောက်လာခဲ့ပြီ" လို့ ကျွန်တော့်ကိုကျွန်တော် ပြောတယ်။

နောက်တစ်နေ့မနက်မှာ အောက်ထပ်ဆင်းပြီး ကျွန်တော်မနက်စာစားခဲ့တယ်။ သမ္မတကတော်လည်း ရှိနေခဲ့တယ်။ သူက လှပတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူ့မျက်လုံးက အမြဲပြုံးရယ်ပြီး ဆွဲဆောင်မှုရှိတယ်။ ပန်းကန်ထဲက ကြက်ဥကြော်ကို ကျွန်တော်စားနေခဲ့တယ်။ အဲဒီနောက် ပန်းကန်အပြည့်ထည့်ထားတဲ့ ဆားမွန်ငါး(Salmon)တွေ ရောက်လာခဲ့တယ်။ ကျွန်တော်က ဘာမဆိုစားသူပါ။ ဒါပေမယ့် ဆားမွန်ငါးကိုတော့ နည်းနည်းမှမကြိုက်ခဲ့ဘူး။ ငါးတွေကိုကြည့်ပြီး ကျွန်တော်ကြောက်ရွံ့မိတယ်။

သမ္မတကတော်က ကျွန်တော်ကို ပြုံးပြုံးလေးနဲ့ "Franklinက ဆားမွန်ငါးတွေကို သိပ်ကြိုက်တယ်" လို့ပြောတယ်။

ကျွန်တော်တစ်ချက် စဉ်းစားလိုက်တယ်။

"ငါက ဘာမို့လဲ?"


"ဆားမွန်ငါးစားဖို့ ငါဘာကြောင့်ငြင်းရမလဲ? သမ္မတတောင် အရမ်းစားကောင်းတယ်လို့ ထင်တဲ့အရာကို ငါကဘာဖြစ်လို့ စားကောင်းတယ်လို့ မထင်ရမှာလဲ?"

အဲဒီလိုနဲ့ ငါးတွေကိုလှီးပြီး ကြက်ဥကြော်နဲ့ ကျွန်တော်စားလိုက်တယ်။ နောက်တော့ အဲဒီညနေမှာ ကျွန်တော်နေလို့ထိုင်လို့ မကောင်းခဲ့ဘူး။ ညရောက်တဲ့အထိ ကျွန်တော်အန်ချင်နေခဲ့တယ်။

ကျွန်တော်ပြောတဲ့ ဒီပုံပြင်က ဘာအဓိပ္ပါယ်ရှိသလဲ?

ရိုးရိုးလေးပါပဲ... ကျွန်တော်စိတ်ကို ကျွန်တော်သစ္စာဖောက်လိုက်တာဖြစ်တယ်။

ဆားမွန်ငါးကို ကျွန်တော်မစားချင်ရင် စားစရာမလိုဘူး။ ဒါပေမယ့် သမ္မတကို ရိုသေလေးစားမှုပြချင်လို့ ကျွန်တော်စားလိုက်တယ်။ ကျွန်တော့်စိတ်ကို ကျွန်တော်သစ္စာဖောက်လိုက်တယ်။ ဒါဟာ အပြစ်သေးလေးတစ်ခုမို့ ဆိုးကျိုးလည်းသေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ ပျောက်သွားခဲ့တယ်။

ဒါပေမယ့် ဒီသဘောတရားကလည်း အောင်မြင်တဲ့လမ်းမှာတွေ့နိုင်တဲ့ ထောင်ချောက်တစ်ခုပဲဖြစ်တယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အယူအဆတစ်ခုလုံးကို ပြောင်းလဲစေတာဖြစ်တယ်။ သမ္မတလုပ်သလို ငါလုပ်မယ်ဆိုတဲ့ မလိုအပ်တဲ့ရူးမိုက်ယှဉ်ပြိုင်မှုက ကျွန်တော့်ထင်မြင်ချက်၊ (self-image) အယူအဆကို ယုတ်လျော့စေခဲ့တယ်။

တစ်နည်းပြောရရင် ကိုယ့်ခံယူချက်ကို ကိုယ့်စိတ်ကူး၊ ကိုယ့်အယူအဆနဲ့ အကောင်းဆုံးပြုလုပ်တာပဲဖြစ်တယ်။

ဆင်းရဲသားတစ်ဦးရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေက ရှင်ဘုရင်ထက် ပိုသန်မာကြံ့ခိုင်ခဲ့ရင် သူဟာ ရှင်ဘုရင်ထက် ပိုအောင်အောင်မြင်မြင် ရှင်သန်နိုင်တယ်။ အသက်အရွယ်၊ ဆင်းရဲချမ်းသာမရွေး ကျွန်တော်တို့ဟာ အောင်မြင်ခြင်းအရသာကို မြည်းစမ်းနိုင်တယ်။ အဲဒီအတွက် ကိုယ့်ထင်မြင်ယူဆချက်၊ ကိုယ့်ဆန္ဒကို ရှင်းရှင်းလင်းလင်း သိဖို့လိုလိမ့်မယ်။

"ကိုယ့်လမ်းကိုယ်လျှောက်မယ် ပြောချင်တဲ့လူပြောပါစေ" ဆိုတဲ့ အီတလီကဗျာဆရာ Dante Alighieriရဲ့ စကားတစ်ခွန်းက ကျွန်တော်တို့နဲ့ မစိမ်းခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပြီလား?

(၁၉၃၃)ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင် Fred Astaireက Metro-Goldwyn-Mayer, Inc. ရုပ်ရှင်ကုမ္ပဏီမှာ ပထမဆုံးအကြိမ် အစမ်းသရုပ်ဆောင်ဝင်ခဲ့တယ်။ အဲဒီမှာရှိတဲ့ဒါရိုက်တာက စာရွက်ပေါ်မှာ "သရုပ်ဆောင်ပညာကို မတတ်သူ၊ အကအကြောင်း နားမလည်သူ" လို့ ရေးပြီး သူ့ကိုဝေဖန်ခဲ့တယ်။ နောက်ပိုင်းမှာ Fredက အဲဒီစာရွက်ကို ဘောင်သွင်းပြီး Beverly Hills က သူ့နေအိမ်မှာ ချိတ်ဆွဲထားခဲ့တယ်။

အမေရိကန် ဘောလုံးနည်းပြ Vince. Rembadi ဟာ အရင်က "ဘောလုံးအကြောင်း နားမလည်သူ၊ တိုက်ခိုက်ဖို့စွမ်းရည်နည်းသူ" လို့ အဝေဖန်ခံခဲ့ရတယ်။

ဒဿဗေဒပညာရှင် ဆိုကရေးတီးကို လူတွေက "လူငယ်တွေရဲ့အတွေးကို ကျဆုံးအောင် ဖျက်ဆီးသူ" လို့ အပြောခံခဲ့ရတယ်။

Peter Daniel (၄)တန်းတုန်းက ဆရာမPhilipရဲ့အဆူအဆဲကို ခံခဲ့ရတယ်။ "ပီတာ.. မင်းဦးနှောက်က မကောင်းဘူး။ စာလည်းမလိုက်နိုင်ဘူး။ မင်းကိုတော့ တိုးတက်အောင်မြင်ဖို့ လမ်းမမြင်ဘူး"

အသက်(၂၆)နှစ်အထိ စာတချို့ကို ပီတာမဆိုတတ်ခဲ့သေးဘူး။ တစ်ခါက သူငယ်ချင်းတစ်ယောက်က သူ့ကို Napoleon Hill ရေးသားထားတဲ့ "Think and Grow Rich" ဆိုတဲ့စာအုပ်ကို ရွတ်ဆိုပြခဲ့တယ်။ အခုချိန်မှာပီတာဟာ အရင်က သူအမြဲရန်ဖြစ်ခဲ့ဖူးတဲ့လမ်းကို ဝယ်ယူခဲ့ပြီး "Mrs. Phillips, you are wrong" ဆိုတဲ့စာအုပ်တစ်အုပ်ကို ထုတ်ဝေနိုင်ခဲ့တယ်။

Little Women စာအုပ်ရေးတဲ့ ဆရာမLouisa May Alcott (1832 – 1888) ကို သူ့အိမ်က အိမ်ဖော် ဒါမှမဟုတ် အပ်ချုပ်သမလုပ်ဖို့ မျှော်လင့်ခဲ့တယ်။

Beethoven တယောတီးသင်တုန်းက ပါးနပ်ကျွမ်းကျင်မှု မရှိခဲ့ဘူး။ ဒါကြောင့် ကိုယ်ရေးတဲ့သံစဉ်ကိုပဲ သူတီးခဲ့တယ်။ အပြောင်းအလဲလည်း မလုပ်ရဲတာကြောင့် ဆရာကသူ့ကို ဂီတနဲ့မအပ်စပ်သူလို့ပြောခဲ့တယ်။

ပြဇာတ်အဆိုတော် Karusselရဲ့ ချိုသာတဲ့အသံက ကမ္ဘာအနှံ့ပြန့်ခဲ့ဖူးတယ်။ သူ့မိဘတွေက သူ့ကိုအင်ဂျင်နီယာတစ်ဦး ဖြစ်စေချင်ခဲ့သလို သူ့ဆရာက သူ့အသံဟာအက်ရှတဲ့အတွက် သီချင်းဆိုဖို့ မသင့်လျော်ဘူးလို့ပြောခဲ့တယ်။

"The Origin of species" ရေးခဲ့တဲ့ဒါဝင်ကို ငယ်စဉ်ချိန်မှာ သူ့ဖခင်က "လုပ်သင့်တာကိုမလုပ်ဘဲ တစ်ချိန်လုံး အမဲလိုက်၊ ခွေးဖမ်း၊ ကြွက်ဖမ်းလုပ်နေရသလား"လို့ အမြဲဆူပူခဲ့တယ်။ သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ဒါဝင်က "ငယ်ငယ်တုန်းက ဆရာတွေနဲ့ လူကြီးတွေက ကျွန်တော်ဟာအဖြစ်မရှိသူ အသိဥာဏ်နည်းနည်းမှ မရှိသူလို့ပြောခဲ့တယ်" လို့ရေးခဲ့တယ်။

Auguste Rodinရဲ့ဖခင်က သူ့မှာ တုံးအတဲ့သားတစ်ယောက်ရှိတယ်လို့ အမြဲတမ်း စိတ်ပျက်လက်ပျက် ညည်းညူခဲ့တယ်။ ဆရာတွေရဲ့အကြည့်မှာ Rodinရဲ့ အနာဂတ်ဟာ မည်းမှောင်နေတယ်။ အနုပညာကျောင်းကို သုံးကြိမ်တိတိဖြေခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဦးလေးဖြစ်သူကသူ့ကို "ကယ်တင်ဖို့ ဆေးမရှိတဲ့တုံးအသူ"လို့ ပြောခဲ့တယ်။

"စစ်နဲ့ငြိမ်းချမ်းရေး" စာအုပ်ကိုရေးခဲ့တဲ့ လီယိုတော်စတွိုင်း တက္ကသိုလ်တက်စဉ်က စာမလိုက်နိုင်လို့ ကျောင်းထုတ်ခံခဲ့ရတယ်။ ဆရာကသူ့ကို "စာသင်ဖို့ ဦးနှောက်မပါခဲ့သူ၊ သင်ယူဖို့ဝါသနာမပါသူ" လို့ဆိုခဲ့တယ်။

တကယ်လို့ ဒီလူတွေဟာ "ကိုယ့်လမ်းကိုယ်လျှောက်သူတွေ" မဟုတ်ခဲ့ရင်၊ သူတစ်ပါးရဲ့ဝေဖန်ကဲ့ရဲ့တာကို ဂရုစိုက်ခဲ့ရင် ကိုယ်ပိုင်အောင်မြင်မှုကို သူတို့ဆွတ်ခူးနိုင်ခဲ့မှာ မဟုတ်ပါဘူး။

ဒါကြောင့် တကယ့်အောင်မြင်တဲ့ဘဝက အောင်မြင်မှုအကြီးအသေးနဲ့ မဆိုင်ပါဘူး။ တကယ်ကြိုးစားပြီး ကိုယ့်ထင်မြင်ချက်၊ အယူအဆအတိုင်း လုပ်ဆောင်ခဲ့သလား? ကိုယ်ရွေးတဲ့လမ်း၊ ကိုယ်ပိုင်လမ်းကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းခဲ့တာနဲ့ပဲ ဆိုင်ပါလိမ့်မယ်။

မူရင်း-- J Man (丁滿)ပြုစုတဲ့ The Secret of success inspiring စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, December 24, 2009

Magi ရဲ့လက်ဆောင်



(၁)ဒေါ်လာနဲ့(၈၇)ပြား ဒါအကုန်ပါပဲ။ ဒါတောင်ပြား(၆ဝ)က တစ်ပြားပြားစေ့တွေဖြစ်နေတယ်။ ဒီပိုက်ဆံတွေကို ကုန်စုံဆိုင်သူဌေး၊ ဟင်းရွက်သည်နဲ့ အသားရောင်းသူတွေဆီကနေ တစ်ပြား၊ နှစ်ပြားစ မျက်နှာပြောင်တိုက်ပြီး ချွေတာစုထားတာဖြစ်တယ်။ ပိုက်ဆံတွေကို သုံးကြိမ်တိတိ Dellaရေတွက်ခဲ့လည်း (၁)ဒေါ်လာနဲ့(၈၇)ပြားပဲ ဖြစ်နေတယ်။ မနက်ဖြန်ဆိုရင်ပဲ ခရစ္စမတ်ရောက်ပြီ။

စုတ်ပြတ်နေတဲ့ ကုတင်သေးလေးပေါ်မှောက်ချပြီး ငိုရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါကြောင့် Della ငိုခဲ့တယ်။ ဒါပေမယ့် ဘဝဆိုတာ ငိုကြွေးခြင်း၊ ရှိုက်ခြင်း၊ ပြုံးခြင်းဆိုတဲ့ ခံစားချက်တွေရှိပေမယ့် ရှိုက်ခြင်းက ပိုလွန်ကဲနေခဲ့တယ်။

ရှိုက်နေတဲ့ကြားက ဒီအိမ်ရှင်မ တဖြေးဖြေး ငြိမ်သက်သွားတဲ့အခါ အိမ်ကို အရင်ကြည့်လိုက်ကြပါ။ အိမ်က တစ်ပတ်ကို (၈)ဒေါ်လာပေးရတဲ့ ပရိဘောကပါအိမ်ဖြစ်တယ်။ ဒါပေမယ့် ဒါဟာသူတောင်းစားအိမ်နဲ့မခြားဘူး ဆိုတဲ့အသုံးထက် တစ်ခြားစကားလုံးနဲ့ ဖော်ပြဖို့ခဲယဉ်းခဲ့တယ်။

အိမ်အောက်ထပ်မှာ စာထည့်ပုံးတစ်ခုရှိခဲ့ပေမယ့် ဘယ်သူ့မှ စာမလာထည့်ခဲ့ဖူးဘူး။ လူခေါ်ဘဲလ်တစ်ခု ရှိတယ်ဆိုပေမယ့် ဘယ်သူမှ လာမနှိပ်ခဲ့ဖူးဘူး။ "Mr. James Dillingham Young" လို့ရေးထားတဲ့ နာမည်ကတ်တစ်ခုက အဲဒီမှာရှိနေခဲ့တယ်။

"Dillingham" ဆိုတဲ့နာမည်ကို အိမ်ကြီးရှင် အောင်မြင်ကြီးပွါးတုန်းက ရေးကပ်ထားတာဖြစ်တယ်။ အဲဒီတုန်းက တစ်ပတ်ကို ဒေါ်လာ(၃ဝ) ဝင်ငွေရှိခဲ့တယ်။ အခုတော့ ဒေါ်လာ(၂ဝ)အထိ လျော့ကျခဲ့ရလို့ "Dillingham" ဆိုတဲ့နာမည်လည်း မှုန်ဝါးဝါးဖြစ်သွားခဲ့တယ်။ "D"ကိုပဲအမှန်ယူပြီး အတိုချုံ့လိုက်ဖို့ သူတို့အသေချာ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် "Mr. James Dillingham Young" အိမ်ပြန်ရောက်တိုင်း အခန်းထဲဝင်တာနဲ့ အခုပဲစာဖတ်သူတွေကို မိတ်ဆက်ပေးခဲ့တဲ့ Della (Mrs. James Dillingham Young) က သူ့ကို "Jim" လို့ခေါ်ပြီး ဖက်လဲတကင်း ပွေ့ဖက်တတ်တယ်။ ဒါကြောင့် ဒီနာမည်ဟာ အကောင်းဆုံးပဲလို့ ထင်ခဲ့ကြတယ်။

ငိုကြွေးပြီးနောက် Dellaက ပါးပြင်ပေါ်ပေါင်ဒါတွေပုတ်ပြီး ပြတင်းပေါက်ရှေ့ရပ်လိုက်တယ်။ မှုန်ဝါးဝါးခြံနောက်က မီးခိုးရောင်စည်းရိုးပေါ်မှာ လမ်းလျှောက်နေတဲ့ မီးခိုးရောင်ကြောင်တစ်ကောင်ကို တွေဝေငေးမော ကြည့်နေခဲ့တယ်။ မနက်ဖြန်ဆိုရင်ပဲ ခရစ္စမတ်ရောက်ပြီ။ သူ့ဆီမှာရှိတဲ့ (၁)ဒေါ်လာ(၈၇)ပြားနဲ့ "Jim" ကို လက်ဆောင်ဝယ်ပေးရမယ်။ လအတန်ကြာ သူကြိုးပမ်းစုဆောင်းခဲ့တဲ့ ငွေကြေးက ဒီလောက်ပဲရှိခဲ့တယ်။ တစ်ပတ်ဒေါ်လာ(၂ဝ)သုံးဖို့က မဖြစ်နိုင်ခဲ့ဘူး။ အသုံးစရိတ်က ခန့်မှန်းထားတာထက်များခဲ့တယ်။ (၁)ဒေါ်လာ(၈၇)ပြားနဲ့ပဲ Jim ကို လက်ဆောင်ဝယ်ပေးရတော့မယ်။ ပျော်စရာကောင်းတဲ့ သူ့အချိန်တွေကို အသုံးပြုပြီး Jimအတွက် လက်ဆောင်ကောင်းတစ်ခု ဝယ်ပေးဖို့ သူကြိုးစားခဲ့တယ်။ ကောင်းမွန်ပြီး အဖိုးတန်၊ ရှားပါးတဲ့လက်ဆောင်တစ်ခု-- အနည်းဆုံးတော့ Jim မှာရှိတဲ့ ပစ္စည်းတစ်ခုခုနဲ့ လိုက်ဖက်မယ့် လက်ဆောင်မျိုးဖြစ်ရမယ်။

အခန်းရဲ့ ပြတင်းပေါက်နှစ်ခုကြားမှာ နံရံကပ်မှန်တစ်ချပ်ရှိတယ်။ တစ်ပတ်(၈)ဒေါ်လာပေးရတဲ့ အခန်းရဲ့ နံရံကပ်မှန်လည်းဖြစ်ချင်ဖြစ်မယ်။ သွက်လက်သေးငယ်တဲ့ လူတစ်ယောက်က သူ့ကိုယ်သူ အလျားလိုက်မြင်ရတဲ့အရိပ်မှာ ဂရုတစိုက်ကြည့်မိခဲ့ရင် သူ့ရုပ်ရည်အတွက် တိကျတဲ့ထင်မြင်ချက်တစ်ခုတော့ ရမယ်ထင်ပါတယ်။ Della က ခန္ဓာသေးသွယ်သူပါ။ ဒီလို အနုပညာကို သူနားလည်ထားပြီးဖြစ်တယ်။

ရုတ်တရက် ပြတင်းပေါက်ကနေ ချာခနဲသူလှည့်ပြီး မှန်ရှေ့မှာရပ်လိုက်တယ်။ သူမျက်လုံးတွေက အရောင်တောက်နေတယ်။ ဒါပေမယ့် စက္ကန့်(၂ဝ)အတွင်း သူ့မျက်နှာဖျော့တော့သွားတယ်။ ဆံပင်တွေကို ကပျာကယာ သူဖြည်ချလိုက်တယ်။ အကုန်လုံးဖြည်ချလိုက်တယ်။

အခုလက်ရှိ James Dillingham Young တို့လင်မယားမှာ ဂုဏ်ယူဝင့်ကြွားစရာ ပစ္စည်းတစ်ခုစီရှိခဲ့ကြတယ်။ တစ်ခုက ဘိုးဘွားစဉ်ဆက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ Jimရဲ့ ရွှေနာရီနဲ့ နောက်တစ်ခုက Dellaရဲ့ ဆံကေသာဖြစ်တယ်။ တကယ်လို့ Sheba ဘုရင်မလည်း မျက်နှာချင်းဆိုင်က တိုက်မှာနေခဲ့ရင် တစ်နေ့နေ့မှာ Della က သူ့ဆံပင်တွေကို ပြတင်းပေါက်မှာ ဖြန့်လှန်းထားလိုက်မယ်။ သူ့ဆံပင်ကြောင့် ဘုရင်မရဲ့ အဖိုးတန်လက်ဝတ်ရတနာတွေ တန်ဖိုးလျော့သွားဖို့ဖြစ်တယ်။ ဘုရင် Solomonသာ သူ့ရတနာတွေရဲ့ တံခါးစောင့်ဖြစ်ခဲ့ရင် သူ့ရှေ့ရောက်တာနဲ့ Jim က သူ့ရွှေနာရီကို ထုတ်ပြခဲ့ရင် ဘုရင် Solomon မနာလိုဖြစ်မှာ သေချာတယ်။

လက်ရှိမှာတော့ Della က လှပတဲ့ဆံပင်တွေကို သူ့ပတ်ပတ်လည်မှာ ဖြန့်ခင်းထားတယ်။ ဆံပင်က အရောင်လက်လက်နဲ့ လှိုင်းတွေထလို့ အညိုရောင်ရေတံခွန်နဲ့ တူနေခဲ့တယ်။ သူ့ဆံပင်တွေက သူ့အတွက်ဝတ်ရုံရှည်တစ်ခုလို ဒူးဆစ်အထိရှည်လျားခဲ့တယ်။ အဲဒီနောက် ကတုန်ကရင်နဲ့ ဆံပင်တွေကို သူအလျှင်အမြန်ဖြီးသင်လိုက်တယ်။ ပြီးတော့ နေရာမှာတင် မလှုပ်မယှက်နဲ့ တစ်မိနစ်လောက် ရပ်နေလိုက်တယ်။

ဟောင်းနွမ်းစုတ်ပြတ်တဲ့ အနီရောင်ကြမ်းခင်းပေါ် မျက်ရည်တွေ တစ်စက်၊ နှစ်စက် စီးကျသွားခဲ့တယ်။

အညိုရောင် အနွေးထည်ဟောင်းကို ဝတ်ပြီး အညိုရောင်ဦးထုပ်ဟောင်းကို သူဆောင်းလိုက်တယ်။ မျက်လုံးအိမ်စပ်မှာ လက်လက်ထနေတဲ့ မျက်ရည်တွေနဲ့ ဂါဝန်ကိုမပြီး အခန်းထဲကနေ လမ်းမပေါ် သူထွက်လာခဲ့တယ်။

"Mrs. Sofronie ဆံပင်အမျိုးမျိုးရောင်းဝယ်သည်" ဆိုတဲ့ ဆိုင်းပုဒ်တစ်ခုရှေ့မှာ သူရပ်လိုက်တယ်။ လှေကားပေါ် သူပြေးတက်ခဲ့လို့ ပင့်သက်တွေဖိုလှိုက်နေတယ်။ ဆိုင်ပိုင်ရှင်က အဝလွန်ပြီး ဖြူရော်လွန်းနေတယ်။ နှင်းခဲတွေလို အေးစက်နေတယ်။ "Sofronie" ဆိုတဲ့ နာမည်နဲ့ လုံးဝမလိုက်ဖက်လှဘူး။

"ကျွန်မရဲ့ ဆံပင်တွေကို ဝယ်မှာလား" Della က မေးတယ်

"ဝယ်တယ်။ ဦးထုပ်ကိုချွတ်လိုက်ပါ.. မင်းဆံပင်တွေကို ငါကြည့်ဦးမယ်"

အညိုရောင်ရေတံခွန်က ဖွားခနဲကျလာတယ်။

"ဒေါ်လာ(၂ဝ)" ဆိုင်ရှင်က တစ်ဖက်ကပြောရင်း တစ်ဖက်က သူ့ဆံပင်တွေကို ကောက်ကိုင်လိုက်တယ်။

"ကျွန်မကို ပိုက်ဆံမြန်မြန်ပေးပါ" Della က ပြောတယ်။

ဟော... အဲဒီနာက် နှစ်နာရီဆိုတဲ့အချိန်က အတောင်ပေါက်သလို ပျော်ပျော်ရွှင်ရွှင် ပျံသန်းသွားခဲ့တယ်။ ဒီလို စဉ်းလဲတဲ့အသုံးအနှုန်းကို ဂရုမစိုက်ပါနဲ့။ Della တစ်ယောက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ Jimအတွက် လက်ဆောင်ကိုရှာဖွေနေခဲ့တယ်။

နောက်ဆုံးတော့ တစ်ခြားလူအတွက်မဟုတ်ဘဲ Jimအတွက် အထူးပြုလုပ်ထားတဲ့ လက်ဆောင်ကို သူတွေ့ခဲ့တယ်။ အဲဒီပစ္စည်းလေးကို ဆိုင်တွေတိုင်းမှာ သူရှာမတွေ့ခဲ့တယ်။ ပစ္စည်းက ရွှေဖြူနဲ့လုပ်ထားတဲ့ ရိုးရိုးနာရီကြိုးလေးတစ်ချောင်းဖြစ်တယ်။ ပန်းတွေထွင်ထားသေးတယ်။ တစ်ခြား အရည်အသွေးရှိတဲ့ပစ္စည်းလို အပေါ်ယံအဆင်တန်ဆာနဲ့ မွမ်းမံအလှပြထားတာမျိုး မဟုတ်ဘူး။ နာရီကြိုးလေးက ရွှေနာရီနဲ့ လိုက်ဖက်လိမ့်မယ်။ နာရီကြိုးကိုတွေ့တာနဲ့ Jimအတွက်ပဲဖြစ်ရမယ်ဆိုတာကို Della သိခဲ့တယ်။ ကြိုးက Jim အတိုင်း တည်ငြိမ်ပြီး အဖိုးတန်တယ်။ (၂၁)ဒေါ်လာနဲ့ ကြိုးကိုသူဝယ်ပြီး အိမ်ကိုခပ်သုတ်သုတ်ပြန်ခဲ့တယ်။ ပိုက်ဆံက (၈၇)ပြားသာ ကျန်တော့တယ်။ ရွှေနာရီကို ဒီကြိုးတပ်လိုက်ပြီးရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် Jimက နာရီလေးကို ရှက်ကိုးရှက်ကန်း ထုတ်စရာမလိုဘဲ အချိန်ကြည့်လို့ရနိုင်ပါပြီ။

နာရီက ဘယ်လောက်ပဲအဖိုးတန်ခန့်ညားလည်း သားရေအိတ်ဟောင်းနဲ့ပဲ ထည့်ခဲ့ရလို့ တစ်ခါတလေအချိန်ကို Jimခိုးကြောင်ခိုးဝှက်ကြည့်ခဲ့ရတယ်။

အိမ်ပြန်ရောက်ပြီးနောက် သူ့ရဲ့စိတ်လှုပ်ရှားပျော်ရွှင်မှုက လိမ္မာဆင်ခြင်တဲ့အသွင် ပြောင်းသွားတယ်။ ဂက်စ်ကိုထွန်းညှိပြီး ဆံပင်ကောက်တံနဲ့ ချစ်စိတ်ကြောင့်ပျက်စီးသွားတဲ့ အရာကို ပြုပြင်နေခဲ့တယ်။ ဒါဟာ ကြီးမားတဲ့ ဝတ္တရားတစ်ခုဖြစ်တယ်။ ချစ်လှစွာသော မိတ်ဆွေတို့--- ဒါဟာ ကြီးမားမြင့်မြတ်တဲ့ ဝတ္တရားတစ်ခုဖြစ်တယ်။

မိနစ်(၄ဝ)အတွင်းမှာ သူ့ခေါင်းကဆံပင်တွေ ခေါင်းသားနဲ့တစ်ထပ်တည်းကပ်ပြီး တွန့်လိမ်နေတယ်။ ကျောင်းပြေးတဲ့ ကောင်လေးတစ်ယောက်နဲ့ တူနေခဲ့တယ်။ မှန်ထဲကနေ သူ့ကိုယ်သူ ဟိုလှည့်ဒီလှည့် ဂရုတစိုက်ကြည့်နေခဲ့တယ်။

"တကယ်လို့ Jimက ငါ့ကိုတစ်ချက်ကြည့်ပြီး မသတ်ခဲ့ရင်" သူ့ကိုယ်သူ ရေရွတ်လိုက်တယ်။ "နောက်တစ်ခေါက်ကြည့်ပြီး ငါဟာ Coneyကျွန်းက သီချင်းသည်နဲ့တူတယ်လို့ ပြောလိမ့်မယ်။ ဒါပေမယ့် ငါဘာလုပ်ရမလဲ-- ဟင်း! (၁)ဒေါ်လာနဲ့(၈၇)ပြားပဲရှိခဲ့တာ ငါဘာလုပ်နိုင်မလဲ?"

(၇)နာရီထိုးချိန်မှာ သူကော်ဖီကျိုပြီး အသားတွေအသင့်ကြော်နိုင်အော် ဒယ်အိုးကို မီးဖိုပေါ်တင်ထားလိုက်တယ်။

Jim ကအချိန်မှန် ပြန်လာလေ့ရှိတယ်။ Della က နာရီကြိုးကို လက်ဖဝါးထဲထည့်ထားပြီး တခါးဝနဲ့အနီးဆုံး စားပွဲထောင့်ပေါ် ထိုင်နေလိုက်တယ်။ တအောင့်နေတော့ လှေကားထစ်ကခြေသံကို သူကြားလိုက်တယ်။ စိတ်လှုပ်ရှားလွန်းလို့ သူ့မျက်နှာတွေ အရောင်လွင့်နေခဲ့တယ်။ နေ့တစ်နေ့ရဲ့ ရိုးရှင်းတဲ့ကိစ္စတချို့ကို နှုတ်ဆိတ်ဆုတောင်းတတ်တဲ့အကျင့် သူ့မှာရှိတယ်။ အခုချိန်မှာ သူတိုးတိုးလေး ဆုတောင်းမိတယ်။

"ဘုရားသခင်.... တပည့်တော် လှပနေသေးတယ်လို့ သူထင်ပါစေ"

တံခါးဖွင့်ပြီး Jim ဝင်လာတယ်။ ပြီးတော့ တံခါးကိုပြန်ပိတ်လိုက်တယ်။ Jimက ပိန်သေးပြီး အရမ်းတည်ကြည်တယ်။ သနားစရာ သူငယ်လေးပါပဲ။ အခုမှ အသက်(၂၂)ပဲရှိသေးပေမယ့် ကြီးလေးတဲ့ အိမ်ထောင်တာဝန်ကို သူထမ်းထားရတယ်။ အနွေးထည်အသစ် သူလိုအပ်သလို လက်အိတ်လေးတောင် သူမရှိခဲ့ဘူး။

အခန်းရဲ့တံခါးဘေးမှာ Jimရပ်နေတယ်။ တောကြက်ကို အနံ့ရသွားတဲ့ အမဲလိုက်ခွေးလို မလှုပ်မယှက်ရပ်နေတယ်။ သူ့မျက်လုံးနှစ်လုံးက Della ကိုယ်ပေါ်ကနေ မရွှေ့ဘူး။ အဲဒီအကြည့်ကို Della နားမလည်လောက်အောင် ကြက်သီးမွှေးညှင်းတွေ ထစေခဲ့တယ်။ ဒေါသထွက်တာလဲ မဟုတ်သလို အံ့သြတာလဲ မဟုတ်ဘူး။ မကျေနပ်တာလဲ မဟုတ်သလို ကြောက်ရွံ့တာလဲ မဟုတ်ဘူး။ သူခန့်မှန်းထားတဲ့ စိတ်ထိခိုက်လှုပ်ရှားတဲ့အကြည့်မျိုး တစ်ခုမှမဟုတ်ခဲ့ဘူး။ ဒီလိုပဲ Della ကို စူးစိုက်ပြီးကြည့်နေခဲ့တယ်။

Dellaက ခါးလေးတစ်ချက်တွန့် စားပွဲပေါ်ကခုန်ချပြီး သူ့ဆီလျှောက်သွားလိုက်တယ်။

"ချစ်တဲ့ Jim" သူခေါ်လိုက်တယ်။

"ငါ့ကိုအဲဒီလို စိုက်မကြည့်ပါနဲ့။ ငါဆံပင်တွေ ဖြတ်ရောင်းလိုက်တယ်။ နင့်ကိုသာ လက်ဆောင်တစ်ခုမပေးရရင် ဒီခရစ္စမတ်ကို ငါဘယ်လိုမှ ဖြတ်သန်းလို့ရမှာမဟုတ်ဘူး။ ဆံပင်တွေက ပြန်ရှည်တတ်တာမို့ နင်စိတ်မဆိုးဘူး မဟုတ်လား? ငါဒီလိုမလုပ်လို့ မဖြစ်ခဲ့လို့ပါ။ ငါ့ဆံပင်တွေက အရှည်မြန်ပါတယ်။ "Merry Christmas!" လို့ ကောင်းချီးပေးရအောင် Jim။ ငါတို့ပျော်ရွှင်ပါစေ။ နင့်အတွက် ဘယ်လောက်လှပ၊ ဘယ်လောက်ကောင်းတဲ့ပစ္စည်းကို ငါဝယ်ခဲ့သလဲဆိုတာ နင်မှန်းတောင်မမှန်းနိုင်ဘူး မဟုတ်လား!"

"နင် ဆံပင်တွေကို ဖြတ်ပစ်လိုက်ပြီ! " အားယူပြီး Jimကမေးတယ်။ မျက်စိရှေ့မှာ မြင်နေရတဲ့အရာကို သူဘယ်လိုအကြံထုတ် စဉ်းစားခဲ့လည်း နားမလည်ဖြစ်နေခဲ့တယ်။

"ဖြတ်ပြီး ရောင်းလိုက်တယ်" Dellaက ပြောတယ်။

"ဘယ်လိုပဲဖြစ်ဖြစ် အရင်ကလိုပဲ ငါ့ကိုနင်ကြိုက်တယ်မဟုတ်လား! ဆံပင်ရှည်မရှိလဲ ငါကငါပဲ မဟုတ်လား? "

Jim က အခန်းကို ကျီးကန်းတောင်းမှောက် ဝေ့ပတ်ကြည့်လိုက်တယ်။

"နင့်ဆံပင်တွေ မရှိတော့ဘူးလို့ နင်ပြောနေတာလား?" လူအတစ်ယောက်လို Jim ထပ်မေးနေပြန်တယ်။

"ရှာမနေနဲ့ ... နင့်ကိုပြောပြမယ်။ ဆံပင်တွေကို ငါရောင်းလိုက်ပြီ--- ရောင်းပစ်လိုက်ပြီ။ မရှိတော့ဘူး။ ဒီညက ခရစ္စမတ်အကြိုည.. လူကောင်းလေးရဲ့..။ ငါ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံပါ။ ဒါတွေက နင့်အတွက်ပါ။ ငါ့ဆံပင်တွေ ရေတွက်လို့ ရနိုင်လောက်တယ်" Della က ပြောတယ်။ အဲဒီနောက် ရုတ်တရက် သူသိမ်မွေ့လာပြီး "ဒါပေမယ့် နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းတွေ ဘယ်သူမှမရေတွက်နိုင်ဘူး။ အသားတွေ လုပ်လိုက်ရတော့မလား Jim?"

Jim က မေ့နေရာက လန့်နိုးလာတဲ့သူတစ်ယောက်လို Dellaကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဆွဲပွေ့ထားလိုက်တယ်။

ဒီအချိန်မှာ သိပ်မလောနဲ့.... အချိန်(၁ဝ)စက္ကန့်လောက်ယူပြီး သိပ်အရေးမကြီးတဲ့ ကိစ္စတချို့ကို တစ်ခြားရှုထောင့်ကနေ ကျွန်တော်တို့ကြည့်ရအောင်... အိမ်လခ တစ်ပတ်မှာ(၈)ဒေါ်လာ ဒါမှမဟုတ် တစ်နှစ်မှာ ဒေါ်လာတစ်သန်း --- ဒါဘာများကွာခြားလို့လဲ? သင်္ချာပညာရှင်နဲ့ အသိဥာဏ်ရှိသူက သင့်ကိုအဖြေမှားတွေ ပေးလိမ့်မယ်။ Magiက အဖိုးတန်လက်ဆောင်ကို သယ်ဆောင်လာခဲ့ပေမယ့် အဲဒီအရာက သူတို့ကြားမှာရှားပါးနေခဲ့တယ်။ ဒီလိုအခိုင်အမာတဲ့စကားကို အောက်မှာရှင်းပြပါလိမ့်မယ်။

Jimက အနွေးထည်အိတ်ကပ်ထဲ အထုပ်ကိုထုတ်ပြီး စားပွဲခုံပေါ်ပစ်တင်လိုက်တယ်။

"ငါ့ကို အထင်မမှားနဲ့ Della၊ ဆံပင်ပဲညှပ်ညှပ် မျက်နှာပဲပြင်ပြင် ဒါမှမဟုတ် ခေါင်းပှဲေလျှာ်လျှော် ဒီကမ္ဘာပေါ်မှာ ဘယ်အရာကမှ ဇနီးအပေါ်ထားတဲ့ ငါ့ချစ်ခြင်းကို လျော့နည်းစေမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီအိတ်ထဲကအရာကို မြင်တာနဲ့ ခုနားက ငါဘာကြောင့် ကြောင်တီးကြောင်တောင် ဖြစ်ခဲ့သလဲဆိုတာကို နင်သဘောပေါက်လိမ့်မယ်"

ဖြူဖွေးတဲ့ လက်ညှိုးလေးနဲ့ ချည်ထားတဲ့ကြိုးကိုဖြည်ပြီး စက္ကူထုပ်ကို သူသွက်သွက်လက်လက် ဆွဲဖြည်လိုက်တယ်။ တစ်ဆက်တည်းမှာ အံ့သြဝမ်းသာတဲ့အသံက... အလို! မိန်းမတစ်ယောက်ရဲ့ မချုပ်တည်းနိုင်တဲ့ မျက်ရည်နဲ့ ငိုရှိုက်သံအသွင်ကို ရုတ်တရက်ပြောင်းသွားခဲ့ပြီး အရှင်သခင်ယောက်ျားရဲ့ နှစ်သိမ့်မှုကို လိုအပ်ခဲ့တယ်။

စားပွဲခုံပေါ်က ခေါင်းဘီး--- ခေါင်းဘီးတစ်စုံ၊ ဘေးသုံး၊ နောက်သုံး၊ အစုံညီခေါင်းဘီးတစ်စုံက စားပွဲပေါ်မှာရှိနေခဲ့တယ်။ အဲဒီခေါင်းဘီးက ဟိုးအရင် Broadwayက ဘီရိုတစ်ခုမှာ Dellaမြင်ခဲ့ပြီး အရမ်းလိုချင်ခဲ့တဲ့ အရာဖြစ်တယ်။ ဒီလှပတဲ့ဘီးတွေက လိပ်ခွံစစ်စစ်တွေနဲ့ လုပ်ထားတာဖြစ်ပြီး ရတနာတွေနဲ့ အနားကွပ်ထားတယ်။ ဘီးရောင်က သူဖြတ်လိုက်တဲ့ သူ့ဆံပင်အရောင်နဲ့ အရမ်းလိုက်ဖက်တယ်။ ဒီခေါင်းဘီးအစုံက တန်ဖိုးကြီးမှန်း သူသိတယ်။ လိုချင်တောင့်တခဲ့ပေမယ့် ပိုင်ဆိုင်ရမယ်လို့ တစ်ခါမှ မမျှော်လင့်ရဲခဲ့ဘူး။ အခုတော့ သူ့အတွက်ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် ဒီလိုအဖိုးတန်ဘီးကို ပန်ဆင်ခွင့်ရဖို့ မျှော်လင့်ခဲ့တဲ့ လှပတဲ့ဆံပင်က မရှိခဲ့တော့ပါဘူး။

ဒါပေမယ့် ဘီးကို သူ့ရင်ခွင်မှာ ထည့်ထားလိုက်တယ်။ တအောင့်ကြာမှာ မျက်ရည်တွေဝေဝါးနေတဲ့ မျက်လုံးအစုံနဲ့ ပြုံးရယ်ပြီးပြောလိုက်တယ်။

"ငါ့ဆံပင်တွေ အရှည်မြန်တယ် Jim!"

အဲဒီနောက် Della ဟာ အပူထိသွားတဲ့ ကြောင်တစ်ကောင်လို ထခုန်ပြီးအော်တယ်။

"အော်! အော်!"

သူရဲ့လှပတဲ့လက်ဆောင်ကို Jim မတွေ့ရသေးဘူး။ လက်ဝါးကို ခပ်မြန်မြန်လေးဖြန့်ပြီး Jim ရှေ့ဆန့်လိုက်တယ်။ ဒြပ်မဲ့အဖိုးတန်ပစ္စည်းပေါ်မှာ Della ရဲ့ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ လင်းလက်နေခဲ့တယ်။

"လှတယ်မဟုတ်လား! Jim? မြို့အနှံ့ရှာခဲ့ပြီးမှ ရလာတာ။ နောက်ဆိုရင် နင်နေ့တိုင်း အချိန်ကို တစ်ရာခါကြည့်လို့ရပြီ။ ငါ့ကိုနာရီလေးပေး.. နာရီနဲ့တွဲထားတဲ့ပုံကို ငါကြည့်ချင်လို့ပါ"

Della ပြောသလို Jimမလုပ်တဲ့အပြင် ကုလားထိုင်ပေါ် လဲအိပ်လိုက်တယ်။ လက်နှစ်ဖက်ကို ခေါင်းအောက်ထိုးထည့်ပြီး ပြုံးနေခဲ့တယ်။

"Della.. ခရစ္စမတ်လက်ဆောင်ကို တစ်နေရာမှာထားပြီး ငါတို့သိမ်းထားလိုက်ရအောင်။ အဖိုးတန်ကောင်းလွန်းလို့ အခုချိန်မှာ အသုံးမလိုသေးဘူး။ ရွှေနာရီကို ငါရောင်းလိုက်တယ်။ ရောင်းရတဲ့ပိုက်ဆံနဲ့ နင့်အတွက် ခေါင်းဘီးဝယ်လိုက်တယ်။ ကဲ...အခု အသားတွေ သွားလုပ်တော့"

********

စာဖတ်သူတွေ သိတဲ့အတိုင်း Magiက ပညာရှိဖြစ်တယ်။ ဥာဏ်အမြော်အမြင်ကြီးမားတဲ့ ပညာရှိတွေဖြစ်တယ်။ သူတို့က လက်ဆောင်တွေကိုယူလာပြီး မြင်းတင်းကုတ်မှာ မွေးဖွားခဲ့တဲ့ Jesusကို ပေးခဲ့တယ်။ ခရစ္စမတ်လက်ဆောင်ပေးတဲ့ ဓလေ့ကိုထွင်ခဲ့ကြတယ်။ သူတို့ကပညာရှိတွေဖြစ်လို့ သူတို့ရဲ့ လက်ဆောင်ကလည်း အမြော်အမြင်ရှိတဲ့ လက်ဆောင်တွေဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုဘူး။ တကယ်လို့ ပစ္စည်းနှစ်ခုတူညီခဲ့ရင် အဲဒီပစ္စည်းတွေမှာ လဲလှယ်နိုင်တဲ့ အခွင့်အရေးလည်းရှိခဲ့တယ်။

ဒီနေရာမှာ တိုက်ခန်းမှာနေကြတဲ့
လူနှံ့လူအလေး နှစ်ယောက်အကြောင်းကို ကျွန်တော်ခပ်တုံးတုံး မိတ်ဆက်ထားပြီဖြစ်တယ်။ သူတို့နှစ်ယောက်ဟာ အသိဥာဏ်နည်းစွာ တစ်ဖက်သားအတွက် သူတို့အိမ်မှာရှိတဲ့ အဖိုးတန်ဆုံးအရာကို စတေးခဲ့တယ်။ ဒါပေမယ့် အခုခေတ်မှာ ထက်မြက်ဥာဏ်ရှိတဲ့ လူတွေကို ကျွန်တော်တို့နောက်ဆုံး စကားတစ်ခွန်းပြောချင်ပါတယ်။

လက်ဆောင်ပေးတဲ့ လူနှစ်ယောက်က အထက်မြက်ဆုံးဖြစ်တယ်။
လက်ဆောင်ပေးပြီး လက်ဆောင်ပြန်လက်ခံသူ လူနှစ်ယောက်ကလည်း အထက်မြက်ဆုံးဖြစ်တယ်။
ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က အထက်မြက်ဆုံးဖြစ်တယ်။ သူတို့က Magi ဖြစ်တယ်။

Magi(n) (Singular Magus) ပညာရှိကြီးများ။ (ခရစ်တော်ဖွားမြင်ပြီးနောက် အရှေ့တိုင်းမှ ရောက်လာပြီးလျှင် ခရစ်တော်သူငယ်ကို ဖူးမြော်သော ပညာရှိကြီးသုံးဦး) -- တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓါန်

မူရင်းရေးသားသူ---O. Henry The Gift Of The Magi or 欧.亨利-- 麦琪的礼物

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ကမ္ဘာ့ပထမဆုံး ခရစ္စမတ်ကတ်



ကမ္ဘာ့ပထမဆုံး ခရစ္စမတ်ကတ်ကို (၁၈၄၃)ခုနှစ်မှာ အင်္ဂလိပ်လူမျိုး ဆာ Henry Cole အကြံပေးပြီး John Callcott Horsleyကဒီဇိုင်းထွင် ရေးဆွဲခဲ့တာဖြစ်တယ်။ ကတ်ပေါ်မှာ မျိုးဆက်သုံးဆက်ပါတဲ့ Royal မိသားစုတွေက ဝိုင်ခွက်တွေကိုင်မြှောက်ပြီး ခရစ္စမတ်ကို ကြိုဆိုနေတဲ့ပုံဖြစ်တယ်။ ပုံထဲမှာ ကလေးတစ်ယောက် ဝိုင်သောက်နေတဲ့ ပုံပါတဲ့အတွက် အငြင်းပွါးမှုတွေရှိခဲ့ကြတယ်။ ဒါပေမယ့် စိတ်ကူးကောင်းမွန်ခဲ့ပါတယ်။ Cole က လွန်ခဲ့တဲ့သုံးနှစ်(၁၈၄ဝ)ခုနှစ်မှာ ဈေးလျော့ဝန်ဆောင်ခဲ့တဲ့ Pennyစာတိုက် (Penny Post)အတွက် ကတ်(၁ဝဝဝ) ပုံနှိပ်ပေးခဲ့တယ်။ တစ်ကတ်ကို (one Shilling)နဲ့ ရောင်းချခဲ့တယ်။ ဒီလိုနဲ့ ကမ္ဘာ့ပထမဆုံး ခရစ္စမတ်ကတ် မွေးဖွားခဲ့တာဖြစ်တယ်။

(၂ဝဝ၅)ခုနှစ် ဒီဇင်ဘာလမှာ အဲဒီခေတ်ကရောင်းခဲ့တဲ့ ကတ်တစ်ထောင်ထဲက တစ်ကတ်ကို လေလံတင်ရောင်းချပွဲမှာ စတာလင်ပေါင် (၉ဝဝဝ)နီးနီး တန်ဖိုးရခဲ့ပါတယ်။

အားလုံး မယ်ရီခရစ္စမတ်ပါလို့.....

Ref : http://en.wikipedia.org/wiki/Christmas_card

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, December 23, 2009

ရီလက်စ်


၁) X ကို ရှာပါ။
pictures source : www.ck101.com


၂) A(-3,6), B (-1,-1) , C (3,2) ဖြစ်ခဲ့လျှင် တြိဂံABC ၏ ဧရိယာကိုရှာပါ။

အဖြေ=== ဒီလောက်ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။


၃) အောက်ပါကိန်းကို ဖြန့်ပါ။



နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, December 22, 2009

အမေ့လက်ရေး



Synergy Publication စာအုပ်ထုတ်ဝေရေးကနေ ထုတ်သွားမယ့် စာအုပ်မျက်နှာဖုံးလေးပါ။ အားလုံးအဆင်ပြေခဲ့ရင် ဇန်နဝါရီလလယ် ဒါမှမဟုတ် ဇန်နဝါရီလကုန်မှာထွက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ အစက ဒီစာအုပ်ကို မိုးလှိုင်ညစီစဉ်ပြီး ထုတ်ဝေမလို့ပါပဲ။ သူကလည်း အလုပ်တစ်ဖက်နဲ့ အရှုပ်တွေလုပ်နေတာမို့ ရန်အောင်မိတ်ဆက်ပေးတဲ့ ထုတ်ဝေသူအသစ်နဲ့ လုပ်ဖြစ်လိုက်တယ်။

ဒီစာအုပ်ထဲမှာ ဘလော့ပေါ်တင်ပြီးသားတွေဖြစ်တဲ့ အမေနဲ့ပတ်သက်တဲ့စာ(၂၁)ပုဒ်နဲ့ ဟိုးအရင်တစ်ခါက စာဖတ်သူတွေဆီကနေ ကျွန်မတောင်းထားတဲ့ကော်မန့် "အမေ့အတွက်စကား"တွေ ပါပါလိမ့်မယ်။ စာမျက်နှာ(၁၁ဝ)ရှိတယ်လို့တော့ ပြောပါတယ်။

ဒီစာအုပ်ထုတ်ဖြစ်အောင် ဝိုင်းဝန်းကူညီခဲ့ကြတဲ့ မိုးလှိုင်ညနဲ့ရန်အောင်ကို ကျေးဇူးတင်ချင်ပါတယ်။ ထုတ်ဖြစ်အောင် တိုက်တွန်းကြသူတွေ၊ အဓိက,က စာအုပ်ထုတ်ရဲအောင် အားပေးဖတ်ရှုခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်။ စာအုပ်ထွက်တဲ့အခါလည်း အားပေးကြပါအုန်းလို့း) စာတွေက အဟောင်းတွေဆိုပေမယ့် အမှတ်တရ သိမ်းထားချင်လို့ပဲဖြစ်ဖြစ်၊ နောက်လုပ်မယ့်စာအုပ်တွေကို ထုတ်ဝေသူက ထပ်ထုတ်ရဲအောင်ဖြစ်ဖြစ်၊ အမေအလွမ်းပြေဖြစ်ဖြစ် ဝယ်ယူအားပေးကြပါလို့....း)

အဟောင်းဆိုပေမယ့် အမေရေးတဲ့စာတွေဖတ်ပြီး ရင်ထဲစွဲငြိကျန်ခဲ့သလို "အမေ့လက်ရေး" စာအုပ်ကလည်း အမေ့ကိုချစ်တဲ့ သားသမီးတိုင်းရဲ့ရင်ထဲမှာ တစ်ခုခုထင်ကျန်ရစ်စေခဲ့မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ အားလုံးအတွက် အမှတ်တရ နှစ်သစ်လက်ဆောင်ပါ...း)

Synergy Publication
အမှတ်(၉၄)
၃၉ လမ်း တတိယထပ်
ကျောက်တံတားမြို့နယ်
ဖုန်း- ၂၅၄၁၂၇
ဝ၉-၅ဝ၃၃၉၄၁

နိုင်းနိုင်းစနေ



Share/Bookmark

ဘဝဟာသစည်းမျဉ်း


Murphy's Lawsကို လူတိုင်းကြားဖူးကြပေမယ့် ဘယ်ကဘယ်လို စခဲ့တယ်ဆိုတာကိုတော့ သိသူနည်းကြပါတယ်။

Murphy's Laws ဆိုတာဘာလဲ? ဘယ်သူစထွင်ခဲ့တာလဲ? Murphy's Laws ရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ?

Murphy's Laws ဆိုတာ လုပ်ခဲ့မိတဲ့အမှားထဲကနေ လူ့ဘဝရဲ့ အရာရာအဆင်မပြေတတ်မှုကို ရေးထားတဲ့ ဟာသစည်းမျဉ်းတွေပဲဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို Murphy's Lawsရဲ့ ပထမဆုံးအချက်ဖြစ်တဲ့ "မှားနိုင်မယ့်အရာက မှားကိုမှားမှာပဲ" "Anything that can go wrong will go wrong." ဆိုတာကနေ ပြန့်ပွါးလာတာဖြစ်တယ်။

ရှေးယခင်ကတည်းက Murphy's Laws ကို အသုံးပြုသူတွေရှိခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဥပမာ-

I never had a slice of bread,
Particularly large and wide,
That did not fall upon the floor,
And always on the buttered side.

(ပေါင်မုန့်အောက်ပြုတ်ကျတဲ့အချိန် ခရမ်ပါတဲ့ဖက်က အမြဲအောက်ရောက်နေတယ်။)

Murphy's Laws က (၁၉၄၉)ခုနှစ်မှာ စတင်ခဲ့ပြီး Edward A. Murphy (၁၉၁၇ ခုနှစ်တွင်မွေးဖွား)ရဲ့နာမည်နဲ့ အမည်ပေးခဲ့တာဖြစ်တယ်။ Murphy က Edwardလေကြောင်းအခြေချစခန်းက အင်ဂျင်နီယာဖြစ်ပြီး လူတွေရဲ့ အလျှင်ခံနိုင်ရည်စွမ်းအားကို စမ်းသပ်စစ်ဆေးသူဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေက အလျှင်တိုင်းကိရိယာကို အမြဲပြောင်းပြန်ထားတိုင်းတဲ့အတွက် Murphy က အခုလို မှတ်ချက်ချလိုက်တာဖြစ်တယ်။

ဒီလိုအသုံးအနှုန်းတွေဟာ သတင်းစာရှင်းလင်းပွဲတွေမှာလည်း သုံးသူတွေရှိခဲ့တာကြောင့် လူတွေကြားထ ပြန့်နှံ့ခဲ့တယ်။ နောက်ပိုင်း စည်းမျဉ်းအသစ်တွေ ထပ်တိုးခဲ့ပြီး (၁၉၅၈)ခုနှစ်မှာ Murphy's Laws ဆိုပြီး Webster's Dictionaryမှာ ဖော်ပြခံခဲ့ရတယ်။

Murphy ကိုယ်တိုင်က Murphy's Laws ကို ထုတ်ဖော်သုံးစွဲခဲ့တာ မဟုတ်ပါဘူး။ အခုခေတ်မှာ Murphy's Lawsကို ပုံစံအမျိုးမျိုးနဲ့ အသေးစိတ် ခွဲထုတ်လိုက်တဲ့စည်းမျဉ်းတွေ အများကြီးရှိခဲ့ပါတယ်။ Murphy ကိုယ်တိုင်ကနေ မိသားစု၊ အလုပ်အကိုင်၊ အစိုးရ.. စတဲ့မတူတဲ့နယ်ပယ် အသီးသီးထိပြန့်နှံ့သွားခဲ့ပြီး လူတွေက သူတို့နဲ့သင့်လျော်လိုက်ဖက်တဲ့ Murphy's Laws ကို ကိုယ်တိုင်ထုတ်လာခဲ့ကြတာဖြစ်တယ်။

အောက်က Murphy's Laws တချို့ဖြစ်ပါတယ်။

Murphy's ဥပဒေ --- မှားနိုင်မယ်ထင်တဲ့အရာက မှားကိုမှားမှာပဲ။
Murphy's ဒဿန ---- ပြုံးပါ၊ ရယ်ပါ၊ မနက်ဖြန်ဟာ ဒီနေ့ထက် ကောင်းချင်မှကောင်းလိမ့်မယ်။
Murphy's အညွှန်း ---- ပစ္စည်းကောင်းတွေက တာရှည်အသုံးမခံဘူး။

အစ
အစကောင်းတိုင်း အဆုံးမကောင်းနိုင်ပါ။

ဆိုးတဲ့အစက နောက်ဆုံးမှာ ပိုပိုဆိုးသွားတတ်တယ်။

လူ
ငွေကြေး အကျပ်အတည်းဖြစ်နေတဲ့ သူငယ်ချင်းကို သင်ကူညီလိုက်ရင် သင့်ကို သူသတိရနေလိမ့်မယ်။ (နောက်တစ်ခေါက် ငွေအကျပ်အတည်းဖြစ်တဲ့အချိန်မှာပါ)

ခေါင်းဆောင်
အမြင့်ဆုံးမှာနေတဲ့ လူတုံးလူအတစ်ယောက်က တောင်ထိပ်ပေါ်ရောက်သွားတဲ့ လူတစ်ယောက်နဲ့တူတယ်။ အောက်ကလူတွေကို သူသေးသေးပဲ (အထင်သေး၊ အမြင်သေး) မြင်ရသလို အောက်ကလူတွေကလည်း သူ့ကို သေးသေးလေးပဲမြင်တယ်။

အသိဥာဏ်နဲ့ တုံးအ,ခြင်းကြား
လုပ်နိုင်သူ ---- လုပ်ခွင့်ပေးလိုက်ပါ။
မလုပ်နိုင်သူ ----- ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးလိုက်ပါ။
မလုပ်တတ်သူ ---- ဆုံးမလိုက်ပါ။

အချစ်
သင်တစ်ဇွတ်ထိုး ပေးပို့လိုက်တဲ့ ရည်းစားစာက ပေးပို့တဲ့ လိပ်စာအကွာအဝေးနဲ့အညီ သင့်နောင်တရချိန်က ရှည်လိမ့်မယ်။

စောရောက်ခြင်းနှင့် နောက်ကျရောက်ခြင်း
သင်စောစောရောက်တဲ့နေ့---- အစည်းအဝေးမလုပ်ဖြစ်ဘူး။
သင်အချိန်မှန်ရောက်တဲ့နေ့ ---- ခဏလောက်တော့ စောင့်ရဦးမယ်။
သင်နောက်ကျတဲ့နေ့----- သင် နောက်ကျပါပြီ။

အရည်အသွေး အာမခံမှု
ရက်(၆ဝ) အာမခံတဲ့ပစ္စည်းက (၆၁)ရက်ရောက်တာနဲ့ လုံးဝပျက်တယ်။

ပစ္စည်း
အသုံးမဝင်ဘဲ အချိန်အကြာကြီးသိမ်းထားတဲ့ ပစ္စည်းကိုပစ်ထုတ်လိုက်တယ်။
ပစ်ထုတ်ပြီးနောက် အဲဒီပစ္စည်းကို သင်အသုံးလိုလာပါလိမ့်မယ်။

ရှာဖွေ
ပစ္စည်းမပစ်ခင် နေရာအရင်ရွေးပါ။ ကိုယ်ပြန်ရှာရင် ထပ်တွေ့နိုင်မယ့် နေရာကိုရွေးပါ။
ဒါမှမဟုတ်ရင် အလိုမရှိတဲ့ပစ္စည်းတွေပဲ သင်ရှာတွေ့နေလိမ့်မယ်။

အကောင်းဆုံးအခန်း
သင်ပေါက်ပေါက်ထွက်ဝယ်တဲ့အချိန် ပိတ်ကားပေါ်မှာ အကောင်းဆုံးအခန်း ပြနေတဲ့အချိန်ဖြစ်တယ်။

တန်းစီ
သင်ဝင်စီမထားတဲ့ အခြားအတန်းက ပိုမြန်နေတယ်။
အဲဒီအတန်းထဲ သင်ပြောင်းစီရင် သင်ရပ်ခဲ့တဲ့အတန်းက ပိုမြန်နေတယ်။
အချိန်ကြာကြာ သင်ရပ်လေ သင့်ကိုယ်သင် ငါဒီအတန်းစီမိတာ မှားပြီလို့ ထင်လေလေပါပဲ။

အဖော်
လူမသိစေချင်တဲ့ အဖော်နဲ့ သင်အပြင်ထွက်တယ်။
လူတွေကို မတွေ့စေချင်လေလေ ရင်းနှီးတဲ့လူနဲ့ တိုးလေလေ။

ဆက်စပ်မှု
တစ်မိနစ်ဘယ်လောက်ကြာလဲ?
ဒါက သင်ဟာအိမ်သာထဲမှာ ထိုင်နေသူလား?
အိမ်သာအပြင်မှာ ရပ်စောင့်နေသူလားဆိုတာနဲ့ ဆက်စပ်ရလိမ့်မယ်။

ဖုန်းနံပါတ်အမှား
ဖုန်းနံပါတ်အမှား နှိပ်မိတိုင်း ဖုန်းကိုင်တဲ့လူ ရှိကိုရှိတယ်။

Murphy's Laws ကို ဆက်ဖတ်ချင်သူများ ဒီနေရာမှာ Top Ten Murphy's Laws ဖတ်နိုင်ပါတယ်။

မူရင်း--- google search (幽默的人生規則)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ရှမ်းခေါက်ဆင့်



ကျွန်မရဲ့ချော့စားနည်းက တော်တော်လေးအသုံးဝင်သွားတယ်--ဟီး.... ဒီမနက်အစောကြီး မယ့်ထောက်က "ခေါက်ဆင့်" လုပ်ကျွေးပါတယ်။
ခေါက်ဆင့်ဆိုတာ ရှမ်းမုန့်တီချက်ဖြစ်ပြီး တာချီလိတ်မြို့ရဲ့ နေရာအနှံ့မှာ ဒီအစားအစာကို ဝယ်စားနိုင်ပါတယ်။


ခေါက်ဆင့်အတွက် မိန်းအစာကို ကြက်သားသို့မဟုတ် ငါးတွေနဲ့လုပ်နိုင်ပါတယ်။ ပုံမှာမြင်ရတဲ့အစာက ငါးနဲ့လုပ်ထားတာဖြစ်တယ်။ ပထမဦးဆုံး ငါးကိုပြုပ်၊ ငါးသားတွေခွါပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ (ငါးပိ၊ ပဲပုပ် အနည်းငယ်)တွေနဲ့ ဆီပြန်ချက်လိုက်ပါတယ်။ ကြက်သားဆီပြန်ဟင်း ချက်သလိုပါပဲ။


ဒါကတွေ ခေါက်ဆင့်ထဲထည့်စားတဲ့ အရာတွေပါ။ ရွှေပဲရွက်၊ မုန့်လာထုပ်၊ နံနံပင်၊ မုန်ညင်းချဉ်၊ ကြက်သွန်ဆီ၊ မုန့်တီ... မုန့်တီနဲ့ရွှေပဲရွက်ကို ရေနွေးဖျော၊ ငါးဆီပြန်၊ အစာပလာတွေထည့် အပေါ့အငန်မြည်းပြီး လိုအပ်တာထည့်စားနိုင်ပါတယ်။ ခေါက်ဆင့်က ဝက်ခေါက်ကြော်နဲ့ အင်မတန်လိုက်ဖက်ပါတယ်။ အိမ်မှာချက်စားတယ်ဆိုတော့ ဆိုင်မှာထက် ဖောဖောသီသီစားလို့ရပါတယ်။ ဆိုင်မှာရောင်းတဲ့ ခေါက်ဆင့်တွေက ပဲပုပ်မှုန့်တွေ ထည့်ထည့်စားတာကို တွေ့ရပါတယ်။

မိုးအုံ့အုံ့ဆောင်းတွင်းမနက်မှာ ခေါက်ဆင့်ပူပူနွေးနွေးလေးက ဗိုက်ကိုပြည့်စေသလို မယ့်ထောက်ရဲ့ စေတနာကလည်း မိသားစုတိုင်းကို နွေးထွေးစေခဲ့ပါတယ်။.... အေ့ (ဆောရီး.. :D)

နိုင်းနိုင်းစနေ


Share/Bookmark

Monday, December 21, 2009

မယ့်ထောက်ရဲ့ဆီထမင်း


တနင်္ဂနွေနေ့က ဆီထမင်းလုပ်စားဖြစ်တယ်။ မယ့်ထောက် (ကျွန်မအစ်မရဲ့ယောက္ခမ)က လုပ်တော့ မယ့်ထောက်ရဲ့ဆီထမင်းဖြစ်သွားပါတယ်။

ဒေသမတူတဲ့ နေရပ်က ဆီထမင်းတော်တော်များများကို ကျွန်မမြည်းဖူးပါတယ်။ ရှမ်းလုပ်လို့ ရှမ်းဆီထမင်း၊ ဗမာလုပ်လို့ ဗမာဆီထမင်းဆိုပေမယ့် ဆီထမင်းတွေက အရသာအတူတူပါပဲ။ ထားဝယ်မှာစားခဲ့တဲ့ ထားဝယ်ဆီထမင်း၊ ရွှေပုဇွန်မှာစားတဲ့ ရွှေပုဇွန်ဆီထမင်း (ကျွန်မအထင်)အကုန်တူပါတယ်။ အစာပလာတွေ သိပ်များများစားစား ထည့်စရာမလိုတာကြောင့် လုပ်နည်းတွေလည်း သိပ်ကွာမယ်မထင်ပါဘူး။

ကျွန်မသိသလောက် လုပ်နည်းက-- ပထမဆုံးကောက်ညှင်းဆန်ကို ရှေ့တစ်ညမှာ ရေစိမ်ထားလိုက်တယ်။ လုပ်မယ့်ရက်မှာ ဆယ်ယူဆေးကြောပြီး ဆနွင်းမှုန့်နဲ့နယ်ပြီး ပေါင်းလိုက်တယ်။ ကျက်ပြီဆိုရင် ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်ဆီကျက်နဲ့နယ်ပြီး အိုးထဲထည့်နှပ်ထားလိုက်တယ်။ ပြီးရင်ဆီထမင်းနဲ့ တွဲဖက်စားကြတဲ့ ငါးခြောက်ဖုတ်တို့၊ ကြက်သားဆီပြန်တို့နဲ့ တွဲဖက်စားလိုက်ရုံပဲ... ဆီထမင်းက အဲဒီလောက်လွယ်ပါတယ်။


ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ လွယ်တဲ့အစားအစာတွေလုပ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ တပျော်တပါး လက်ဆုံစားရတဲ့အချိန်က ဘာနဲ့မှ လဲလို့မရနိုင်အောင် တန်ဖိုးရှိလှပါတယ်။ အသက်(၇ဝ)နီးပြီဖြစ်ပေမယ့် သွက်လက်နေသေးတဲ့ မယ့်ထောက်က သူစိတ်ကူးရတဲ့အချိန် မကြာခဏစားစရာတွေလုပ်ပြီး မိသားစုတွေနဲ့ ဝေမျှတတ်ပါတယ်။ မယ့်ထောက်ဟာ အရင်တုန်းက ခေါက်ဆွဲဆိုင်ဖွင့်ဖူးပြီး သူ့ခေါက်ဆွဲက တာချီလိတ်မှာ စားကောင်းတဲ့စာရင်းထဲ ပါခဲ့တာကြောင့် သူ့လက်ရာကို အထူးတလည် ပြောစရာမလိုတော့ပါဘူး။

စားစရာတွေ မယ့်ထောက်လုပ်တိုင်း ကျွန်မက(မကူဘဲ) ဘေးကနေပြီး ဓာတ်ပုံရိုက်သူပါ။ မယ့်ထောက်ကြောင့် အရင်က စားဖူးပြီး လုပ်နည်းမသိတဲ့စားစရာတွေ တော်တော်များများ သင်ယူခဲ့ရပါတယ်။ ဥပမာ- ရှမ်းဝက်သားချဉ်မုန့်ဖက်ထုပ်၊ နမ့်ဖစ်ထောင်း.. လုပ်နည်းတွေကို မယ့်ထောက်ဆီက ကျွန်မသင်ယူတော့ မယ့်ထောက်သား အငယ်တစ်ယောက်က ပြောပါတယ်။ လုပ်နည်းတူလည်း အရသာကတော့ ကွာမယ်၊ ငါ့အမေလက်ရာ ဘယ်သူမှမမီဘူးတဲ့။ (ဒါက လူအိုတွေကိုချော့စားတဲ့ နည်းတစ်မျိုးလို့မြင်ပါတယ်း) မယ့်ထောက်ကြောင့် ကျွန်မရဲ့ဘလော့ "စားမယ်၊ ဝါးမယ်"မှာ ပို့စ်တွေတက်ခဲ့ရပါတယ်။ မယ့်ထောက် ဒီထက်အသက်ရှည်ပြီး များများလုပ်ကျွေးနိုင်ပါစေလို့ (ဒါလည်း ချော့စားနည်းတစ်မျိုးဖြစ်ပါတယ် :D)

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, December 20, 2009

ကျွန်တော်နားမလည်တဲ့ကဗျာတစ်ပုဒ် - အဖေ


(၁)
ကျွန်တော်ရဲ့ လူလားမြောက်တဲ့အရွယ် ဘယ်တုန်းကစခဲ့သလဲ?

အမေနဲ့ကျွန်တော့်ကို ဦးခင်ဇော်ထားခဲ့တဲ့နေ့က စခဲ့တယ်ထင်ပါတယ်။ ဦးခင်ဇော်က ကျွန်တော်ရဲ့အဖေပါ။ မှတ်မိစအရွယ်တည်းက သူ့ကို "အဖေ"လို့ ကျွန်တော်မခေါ်ခဲ့ဖူးဘူး။ ဦးခင်ဇော်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ခံစားချက်ကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ညွှန်းလို့ရတယ်။ အဲဒီစကားလုံးက ကျွန်တော့်ရိုးတွင်းချဉ်ဆီထဲ၊ အသွေးသားထဲ စိမ့်ဝင်နေတဲ့ စကားလုံးဖြစ်တယ်။---- "မုန်းတယ်"

ကျွန်တော် မူလတန်းစတက်တဲ့နှစ်မှာ သူ့ရဲ့ရည်းစားဦးနဲ့ ဦးခင်ဇော်ပြန်ဆုံတယ်။ အဲဒီအချိန်ကစ ဦးခင်ဇော်ဟာ ကျွန်တော်တို့အိမ်မှာ ညမကူးခဲ့တော့ဘူး။

ချမ်းအေးတဲ့ညတစ်ညမှာ တံခါးခေါက်သံကြောင့် အိပ်ပျော်ရာကနေ ကျွန်တော်နိုးလာခဲ့တယ်။ ဧည့်ခန်းထဲမှာ တစ်ယောက်ယောက်နဲ့ အမေစကားပြောနေတဲ့အသံကို ကျွန်တော်ကြားလိုက်မိတယ်။ လန့်နိုးသွားတဲ့ကျွန်တော် ကုတင်ပေါ်ကဆင်းပြီး တံခါးကြားကနေ အပြင်ကိုချောင်းကြည့်တော့ ဦးခင်ဇော်ကိုတွေ့တယ်။

"တောင်းပန်ပါတယ်"

ဦးခင်ဇော်ပြောတဲ့စကားကို အကြာကြီးနေပြီးမှ အမေက "ကွာရှင်းဖို့ကိစ္စ ရှင်မပြောခဲ့တာ နှစ်တော်တော်ကြာနေပြီပဲ။ ဘာဖြစ်လို့ ခုတော့ရုတ်တရက်ကြီး ပြန်ပြောရတာလဲ! ကျွန်မကို ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်မဆုံးဖြတ်ပေးပါ့မယ်"

အမေ့စကားကြောင့် ဦးခင်ဇော် တစ်လှည့်နှုတ်ဆိတ်သွားတယ်။ ပြီးမှ လုံးထွေးစုပုံထားတဲ့ လေတွေကို ပါးစပ်ထဲကနေ ရှည်ရှည်လျားလျား မှုတ်ထုတ်ရင်း "သူ့မှာကိုယ်ဝန်ရှိနေပြီ။ သူအသက် (၄ဝ)နီးနေပြီ။ ဒါဟာ သူ့အတွက် နောက်ဆုံးအခွင့်အရေးပဲ"

တစ်ပတ်ကြာပြီးနောက် ညထမင်းစားဝိုင်းမှာ အမေက ဘာမှမဖြစ်သလိုနဲ့ ကျွန်တော့်ကိုပြောတယ်။

"သားအဖေနဲ့ အမေကွာရှင်းလိုက်ပြီ။ ဒီလိုလည်း ကောင်းပါတယ်။ ဒီနေ့ကစပြီး သားလူကြီးဖြစ်သွားပြီ။ ဒီအိမ်က တစ်ဦးတည်းသော ယောက်ျားသားဖြစ်သွားပြီနော်"

အမေမျှော်လင့်ထားသလို သန်မာကြံ့ခိုင်ပြီး ရင့်ကျက်တဲ့ပုံစံမျိုး ကျွန်တော့်မှာ မရှိခဲ့ဘူး။ ဒါပေမယ့် လူအများသတ်မှတ်ထားတဲ့ လိမ္မာတဲ့ကလေးတစ်ယောက်ကနေ လူဆိုးတစ်ယောက်အဖြစ် ကျွန်တော်ပြောင်းသွားခဲ့တယ်။ ကျောင်းသွားဖို့ ငြီးငွေ့ခဲ့သလို အိမ်ကိုလည်း ကျွန်တော်မပြန်ချင်ခဲ့ဘူး။ တွေးတောဖို့ကိုတောင် ကျွန်တော်ပျင်းသွားခဲ့တယ်။ ကျွန်တော်လုပ်တဲ့ တစ်ခုတည်းသောအလုပ်က ကွန်ပြူတာဂိမ်း ကစားတာပဲဖြစ်တယ်။ အဲဒီနှစ်က ကျွန်တော်အသက် (၁၅)နှစ်၊ အထက်တန်း စတက်တဲ့နှစ်....

အရင်က အမေ့အကြည့်ထဲမှာ ကျွန်တော်ဟာ လိမ္မာယဉ်ကျေးတဲ့သား၊ အိမ်အလုပ်ကူလုပ်တဲ့သား၊ ပညာလိုလားတဲ့သား၊ သူ့မျှော်လင့်ချက်၊ ရပ်တည်ချက်တွေ အလုံးစုံမှီခိုနိုင်မယ့်သားလို့ ထင်ခဲ့တယ်။ အခုတော့ .. ?

"သား... ဘယ်လိုဖြစ်သွားရတာလဲ?" အမေက မျက်ရည်ရွှဲလဲနဲ့ ကျွန်တော့်ကိုမေးတယ်။

"ဘာမှမဖြစ်ဘူး အမေ... သား လူလားမြောက်ခဲ့လို့ ဖြစ်မယ်"

(၂)
ကျွန်တော့်အကြောင်းကို ဦးခင်ဇော်လည်းကြားတယ်။ "အဲဒီလူ" ကို ကျွန်တော်လုံးဝ မမြင်ချင်ဘူးလို့ အမေကို ကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားလို့ လစဉ်လတိုင်း အိမ်တိုင်ရာရောက်ပို့ပေးတတ်တဲ့ ကျွန်တော်အတွက် ထောက်ပံ့ကြေးတွေကို ဘဏ်ကနေပဲ ဦးခင်ဇော်လွှဲပေးတော့တယ်။

ဒါပေမယ့် ကျောင်းဆင်းတိုင်း ကျောင်းတံခါးဝမှာ ကျွန်တော့်ကိုလာရှာတတ်တဲ့ ဦးခင်ဇော်ကိုတွေ့ရင် မျက်နှာထားတင်းပြီး ကျွန်တော် မမြင်ချင်ဟန်ဆောင်လုပ်ပစ်တယ်။ ဦးခင်ဇော်က ကျွန်တော့်ကို အမြဲလာရှာပေမယ့် စကားတစ်ခွန်းမှတော့ လာမပြောဘူး။ အစပထမတော့ ဦးခင်ဇော်က မိဘလူကြီးတစ်ယောက်အနေနဲ့ ကျွန်တော်ကို သွန်သင်ဆုံးမတယ်၊ နောက်ပိုင်း ကိုယ်လုပ်ခဲ့တဲ့အပြစ်အတွက် နေမထိထိုင်မသာဖြစ်တယ်၊ နောက်ဆုံး ရင်ထဲချုပ်တည်းထားရတဲ့ စိတ်အားငယ်မှုတွေဖြစ်ခဲ့တယ်။

အဲဒီအားငယ်မှုတွေ ပေါက်ကွဲတဲ့နေ့တစ်နေ့ ကျွန်တော်တို့ကြုံခဲ့တယ်။ အဲဒီနေ့က အောင်စာရင်း ထွက်တဲ့နေ့ဖြစ်တယ်။ ကျွန်တော်စာမေးပွဲကျကြောင်း အမေကို ကျောင်းက အကြောင်းကြားစာပို့ခဲ့တယ်။ တစ်နေ့ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပြီးသားမို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ အမေပြန်လာရင် အဆင်သင့်ဆူနိုင်အောင် ဧည့်ခန်းထဲမှာ ကျွန်တော်ထိုင်စောင့်နေခဲ့တယ်။ အမေပြန်ရောက်တော့ ငိုငိုယိုယိုနဲ့ ကျွန်တော့်ကိုဆူတယ်။ ရိုက်လည်းရိုက်တယ်။ အဲဒီအချိန်မှာ ဦးခင်ဇော်ရောက်လာခဲ့တယ်။

"တောင်းပန်ပါတယ်"

ဝင်ဝင်လာချင်း ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့ စကားတစ်ခွန်းကို ဦးခင်ဇော်ကပြောတယ်။

"ကျောင်းဆရာရဲ့သား စာမေးပွဲကျလို့ အရှက်ရသွားတာပေါ့ ဟုတ်လား!"

ဦးခင်ဇော်ရဲ့ခံစားချက်ကို ကျွန်တော်လှောင်လိုက်တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မျက်နှာကြောတွေ တင်းမာလာတဲ့ ဦးခင်ဇော်ကို ကျွန်တော်ကြောက်မနေခဲ့ဘူး။ ကျွန်တော်က နည်းနည်းပိန်တယ်ဆိုပေမယ့် အရပ်ကတော့ သူ့အရပ်နဲ့မတိမ်းမယိမ်းပဲ။ ဒါပေမယ့် ကျွန်တော့်အားက သူ့ကိုရှုံးမှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်။

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဦးခင်ဇော်ရဲ့လက်တွေ တဖြေးဖြေး ဖြေလျော့လာတယ်။ ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်ပြီး နေရာကနေချာခနဲ သူလှည့်ထွက်သွားခဲ့တယ်။ တံခါးဝနားရောက်တော့ နောက်လှည့်ပြီး....

"မင်းအကြည့်မှာ ငါဟာ ဘာပဲဖြစ်နေဖြစ်နေ
ငါဂရုမစိုက်ဘူး။ ဒီလောကကြီးမှာ မိန်းမနှစ်ယောက်ကတော့ ငါ့ကိုချစ်နေတုန်းပဲ။ ငါ့ကိုသူတို့ချစ်တာ ငါတော်လို့။ ငါအသုံးမကျတာက သူတို့နှစ်ယောက်ချစ်ခင်အောင် ငါမလုပ်နိုင်ခဲ့တာပဲရှိတယ်။ ဒါပေမယ့် မင်းကိုယ်မင်းကြည့်စမ်း။ ငါ့တစ်ဝက်တောင် မရှိဘူး။ ငါတက်ခဲ့တဲ့ တက္ကသိုလ်ကို မင်းရအောင်တက်နိုင်လား? မိန်းမတွေ မင်းကိုချစ်နိုင်လား? အခုအချိန်မှာ မင်းက ငါ့ကိုအဖေလို့ မသတ်မှတ်ချင်ဘူး။ ငါက ပိုပြီးတောင် မင်းကို သားလို့မသတ်မှတ်ချင်ဘူး သိလား!"

တံခါးကို ဝုန်းကနဲဆွဲပိတ်ပြီး ဦးခင်ဇော်ထွက်သွားခဲ့တယ်။ အဲဒီနေ့ကစ ကျွန်တော်ရဲ့ရူးရူးသွပ်သွပ် လူလားမြောက်ခြင်းက ဘုမသိဘမသိနဲ့ အချိန်စောပြီး ပြီးဆုံးသွားခဲ့တယ်။

(၂)နှစ်နေပြီးနောက် သတ်မှတ်ထားတဲ့အမှတ်ထက် အမှတ်(၂ဝ)ကျော်ပိုပြီး ဦးခင်ဇော်တက်ခဲ့တဲ့ တက္ကသိုလ်ကို ကျွန်တော်ရောက်ခဲ့တယ်။ ကျောင်းအပ်တဲ့နေ့မှာ ဦးခင်ဇော်ရောက်လာပြန်တယ်။ သူမပြောခင် ကျွန်တော်အရင်ဆုံး စကားစတယ်။ အဲဒီစကားအတွက် ကျွန်တော်ရက်အတော်ကြာလေ့ကျင့်ခဲ့တယ်။

"ဘဝင်မမြင့်နဲ့။ ခင်ဗျားပြောခဲ့တဲ့စကားကြောင့် ကျွန်တော်ကြိုးစားပြီး ဒီတက္ကသိုလ်ကို ရောက်ခဲ့တယ်လို့ မထင်နဲ့။ ကျွန်တော် တက္ကသိုလ်ရောက်တာ ကျွန်တော်ကြီးပြင်းချင်လို့၊ ခင်ဗျားနဲ့ လုံးဝမပတ်သက်ချင်လို့၊ ကျွန်တော် (၁၈)နှစ်ပြည့်ပြီ။ မနက်ဖြန်ကစ ခင်ဗျားရဲ့အထောက်အပံ့ တစ်ပြားတစ်ချပ်မှ အမေနဲ့ကျွန်တော် မလိုတော့ဘူး။ ကျွန်တော်ကျောင်းလခနဲ့ ကျွန်တော်အသုံးစရိတ်ကို ကျွန်တော်ကိုယ်တိုင်ရှာမယ်။ နောက်ဘယ်တော့မှ ကျွန်တော်တို့ကို မနှောင့်ယှက်ပါနဲ့တော့"

မျက်စိကို ဖွင့်ချည်မှိတ်ချည်နဲ့ ဦးခင်ဇော်နာကျင်နေခဲ့တယ်။ ငွေစုစာအုပ်တစ်အုပ်ထားခဲ့ပြီး ဦးခင်ဇော်ထွက်သွားခဲ့တယ်။ သူ့နောက်ကျောပုံရိပ်က ချိနဲ့လို့၊ ခြေလှမ်းတွေက ယိမ်းယိုင်လို့... ငွေစုစာအုပ်ကို ကျွန်တော်ဆွဲဖြဲပစ်လိုက်တယ်။

ကျောင်းတက်ရင်း ချေးငွေ(Student Loans)ရအောင် ကျွန်တော်လျှောက်လွှာတင်ခဲ့တယ်။ ပညာသင်ဆုရအောင် ကျွန်တော်ကြိုးစားခဲ့တယ်။ ကျောင်းအားရက်မှာ အလုပ်နှစ်ခုလုပ်ခဲ့တယ်။ ကျွန်တော်ရဲ့ လက်ရှိအခြေအနေကို "အသည်းအသန်" ဆိုတဲ့စကားလုံးနဲ့ တင်စားရလိမ့်မယ်။ ပင်ပန်းပေမယ့် ကျွန်တော်နောင်တမရခဲ့ဘူး။

ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ်တွေ တစ်နေ့နဲ့တစ်နေ့ မတူခဲ့တော့ဘူး။ ကြီးကြီးမားမား ရောဂါရှိတယ်လို့ ပြောမရပေမယ့် ဆီးအောင့်ပြီး မကြာခဏဆီးသွားတတ်တယ်။ အပေါ့သွားချင်ပေမယ့် အိမ်သာရောက်ရင် ဆီးမရှိဖြစ်တတ်တယ်။ ခန္ဓာကိုယ်နွမ်းလျတယ်လို့ မကြာခဏခံစားရတယ်။ အဆိုးဆုံးက ဒူးတွေအားပျော့ပြီး ထိုင်မရ ထမရဖြစ်တတ်တယ်။ အရင်တုန်းက ဦးခင်ဇော်ရဲ့ ဒူးနဲ့လက်တွေတုန်ပြီး မထိန်းချုပ်နိုင်သလိုပေါ့။

အမေက ကျွန်တော့်ကိုဆေးရုံခေါ်ပြီး စစ်ဆေးခိုင်းတယ်။ ကျောက်ကပ်အထူးကုမှာ ကျွန်တော့်အသက်အရွယ်လို ငယ်ရွယ်တဲ့လူမရှိဘူး။ ကျွန်တော်ရှက်လို့ စစ်ဆေးပြီး ဆေးရုံရှေ့ပန်းခြံမှာ အမေကိုထိုင်စောင့်နေလိုက်တယ်။ စစ်ဆေးထားတဲ့ အဖြေလွှာကိုကိုင်ပြီး မျက်နှာပေါ်က စိုးရိမ်စိတ်ကို ဖုံးဖိမထားနိုင်တဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော့်စိတ်လည်း လှုပ်ရှားလာမိတယ်။

"တော်သေးတယ်။ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်တာမျိုးတော့မဟုတ်ဘူး။ ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုဖြစ်တယ်လို့ ဆရာဝန်ကပြောတယ်။ ဒါပေမယ့် စိတ်ချွတ်ယွင်းမှုက ပိုဆိုးတယ်၊ ကုရခက်တယ်လို့ သားဖေဖေကပြောတယ်"

"သားနေမကောင်းတာကို ဘာဖြစ်လို့ အဲဒီလူကြီးကို ပြောပြရတာလဲ?"

ကျွန်တော်ဒေါသတကြီးအော်တော့ အမေ့ပါးစပ် တစ်ခုခုပြောဖို့ တစ်ဆတ်ဆတ်တုန်သွားတယ်။ ဒါပေမယ့် စကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး။

နောက်တော့ အမေ့စေတနာကို ကျွန်တော်နားလည်ခဲ့တယ်။ စိတ်ရောဂါဆရာဝန်ရဲ့ ကုသခက တစ်နာရီကို (၂ဝဝ) လို့ဆိုပါတယ်။ ကျွန်တော့်ကိုကုတဲ့ ဆရာဝန်က သဘောကောင်းတယ်။ ကျွန်တော်ရဲ့ ရောဂါကို "စိုးရိမ်ကြောင့်ကြတဲ့ရောဂါ" လို့ဆိုတယ်။ စိုးရိမ်ကြောင့်ကြစိတ်များလို့ ဆီးပူဆီးနာဖြစ်ပြီး အင်အားတွေ ယုတ်လျော့ကုန်တယ်လို့ဆိုတယ်။ ရောဂါအစက ကျွန်တော်နဲ့အဖေရဲ့ ဆက်ဆံရေးနဲ့ဆိုင်တယ်လို့ ဆရာဝန်ကပြောတယ်။ ကိုယ့်ကိုယ်အပြစ်ရှိတယ်လို့ မြင်ပြီး စိုးရိမ်မှုတွေများနေလို့ လို့ဆိုတယ်။

ကျွန်တော်ရဲ့ အမြင်အာရုံမှာ ဦးခင်ဇော်ရဲ့ နောက်ကျောပုံရိပ်ကို မြင်ယောင်လာမိတယ်။

(၃)
တကယ်လို့ အဲဒီစိတ်ရောဂါဆရာဝန်ရဲ့ ပြောချက်အရဆိုရင် ကျွန်တော့်ခန္ဓာမကျန်းမာတာက ကျွန်တော့်စိုးရိမ်စိတ်ကြောင့်၊ ကျွန်တော့်စိုးရိမ်စိတ်က ဦးခင်ဇော်အပေါ်ပြုမူခဲ့တဲ့ ကိုယ့်အပြုအမူအတွက် ကျွန်တော့်မသိစိတ်က အပြစ်တစ်ခုလိုမြင်နေခဲ့လို့ဖြစ်တယ်။ ဒါကိုဖျောက်နိုင်မှ စိုးရိမ်ကြောင့်ကျစိတ်က ပျောက်သွားနိုင်မယ်၊ ခန္ဓာကိုယ်ကျန်းမာလာနိုင်မယ်လို့ ဆရာဝန်ကပြောပါတယ်။

ဒါပေမယ့် ထင်မှတ်မထားတဲ့အဖြစ်တစ်ခုက ကျွန်တော့်ရဲ့စိတ်ကို ဖျောက်ဖျက်ပေးဖို့ အခွင့်အရေးပေးခဲ့တယ်။ ဦးခင်ဇော် ဖျားပါပြီ။ ဖျားတာမှ ရိုးရိုးဖျားတာမဟုတ်ဘဲ ဆီးချုပ်ရောဂါ(Uremia)လို့ဆိုတယ်။ ဒါကိုကုသဖို့အတွက် နည်းတစ်နည်းပဲရှိခဲ့တယ်။ ကျောက်ကပ်အစားထိုးရမယ်တဲ့.....

ဘယ်သူက သူ့ကိုကျောက်ကပ်လှူမှာလဲ? သူက ထီးထီးနေခဲ့သူ၊ သူရဲ့ရည်းစားဦး.. မဟုတ်သေးဘူး.. အခုသူရဲ့လက်ရှိ ဇနီးမယားလို့ပြောရင် ပိုမှန်မယ်။ သူ့ဇနီးက လှူဖို့စိတ်ရှိပေမယ့် အမျိုးအစားမတူလို့ လှူမရဖြစ်နေခဲ့တယ်။

ဒီသတင်းကို အမေက ကျွန်တော့်ကိုပြောပြတယ်။ အမေကို ကျွန်တော်စိုက်ကြည့်ပြီး

"အမေ... သူ့အတွက် ကျောက်ကပ်လှူဖို့ အမေစိတ်ကူးနေတာလား" လို့မေးတယ်။ အမေဘာမှ မပြောဘူး။ ကျွန်တော်ကိုပဲကြည့်နေတယ်။ အမေရဲ့အကြည့်က နက်နဲလွန်းတယ်။ ကျွန်တော်ခန့်မှန်းမတတ်ခဲ့ဘူး။

"အမေ.. သွားမလှူနဲ့နော်။ အမေသူ့ကို မုန်းသင့်တယ်။ လှူမယ့်လှူ ကျွန်တော်ပဲ သွားလှူသင့်တယ်"

ရင်ထဲမှာ စူးစူးနစ်နစ်၊ နာနာကျင်ကျင်နဲ့ ကျွန်တော်ပြောမိတယ်။ အမေ့မျက်လုံးထဲ အံ့သြဝမ်းသာတဲ့အရိပ် လက်ခနဲထတောက်သွားပြီး "တကယ်လား? သား သွားမှာလား?" လို့မေးတယ်။

ဟုတ်ပါတယ်။ အံ့သြဝမ်းသာမှုတစ်ခုပါပဲ။ ကျွန်တော့်စိတ်တွေ ရှုပ်ထွေးနေမိတယ်။ အမေဟာအခုချိန်ထိ သူ့အပေါ်သစ္စာမဲ့ခဲ့တဲ့ ယောက်ျားကို ချစ်နေတုန်းပဲ။ သူနဲ့အတူနေတဲ့ သားထက်တောင် အချစ်ပိုခဲ့သေးတယ်။

မခွဲစိတ်ခင် ဦးခင်ဇော်တစ်ယောက် တခြားကုတင်ပေါ်မှာ ကျွန်တော်နဲ့ယှဉ်ပြီး လဲလျောင်းနေတယ်။

"သား..." အသံတိုးတိုးလေးနဲ့ ကျွန်တော့်ကို လှမ်းအော်တဲ့သူ့အသံက ဆို့ဆို့နင့်နင့်....

ကျွန်တော့်နှလုံးသားတွေ နာကျင်လိုက်တာ.. မျက်စိတွေလည်း ယောင်အန်းလို့... ဒါပေမယ့် ကျွန်တော်ကြိတ်မှိတ်ပြီး တစ်ဖက်လှည့်လိုက်တယ်။ သူ့ကို လုံးဝမကြည့်ခဲ့ဘူး။

ဒါဟာ အကြွေးဆပ်နေတာလို့ ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးတယ်။ ကျွန်တော့်ကို အသွေးအသားတွေ ပေးခဲ့တဲ့ ဒီလူကြီးအတွက် ကျွန်တော့်အသွေးအသားကို ပြန်ပေးဆပ်နေတယ်လို့ပဲ ထင်လိုက်တယ်။ ပေးပြီးရင် ကျွန်တော်လွတ်လပ်ပြီ၊ စိတ်ဖြေလျော့နိုင်ပြီလို့ ထင်ခဲ့တယ်။

စိတ်ရောဂါဆရာဝန်ရဲ့ သုံးသပ်ချက်တွေ မှန်ကန်ခဲ့တယ်။ ခွဲစိတ်ပြီးနောက် ကျောက်ကပ်တစ်ခြမ်း လျော့သွားတယ်ဆိုပေမယ့် ကျွန်တော့်စိတ်တွေ နေလို့ထိုင်လို့ကောင်းခဲ့တယ်။ အပြစ်ရှိတယ်လို့ ကိုယ့်ကိုယ်ထင်ထားတဲ့အရာတွေ တဖြည်းဖြည်း ပျောက်ကွယ်ကုန်တယ်။ ဒါကလည်း ကျောင်းဆောင်မနေဘဲ အိမ်မှာအမေနဲ့ အတူနေတာနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ နောက်ပြီး ဆရာဝန်ပေးတဲ့ဆေးတွေ ကျွန်တော်မှန်မှန်သောက်ခဲ့လို့ဖြစ်မယ်။

စစစစစစစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစ

ဘွဲ့ရပြီးနောက် ကုမ္ပဏီတစ်ခုမှာ ကျွန်တော်လျောလျောရှူရှူ အလုပ်ရခဲ့တယ်။ အလုပ်စတက်တဲ့နေ့က ဝန်ထမ်းအသစ်တွေ ဆေးစစ်ရတယ်။ စစ်ဆေးခန်းမှာ ဆရာဝန်က "ခင်ဗျား ကျောက်ကပ်ပြောင်းရွှေ့ခွဲစိတ်ဖူးတာလား?" လို့ ကျွန်တော့်ကိုမေးတယ်။

ဆရာဝန်အမေးကို ကျွန်တော် "အင်း" တစ်လုံးနဲ့ ပြန်ဖြေလိုက်တယ်။

"ခင်ဗျား ကျန်းမာတာမြန်သားပဲ။ Anti-rejectionဆေးတွေလည်း သိပ်သောက်စရာ မလိုတော့ဘူး။ ခင်ဗျားကိုယ်ပေါ် ပြောင်းရွှေ့လာတဲ့ ကျောက်ကပ်တစ်ခြမ်းက လုပ်ဆောင်မှုအရမ်းကောင်းတယ်။ ကြည့်ရတာ သွေးတော်သားစပ်သူရဲ့ကျောက်ကပ်ဖြစ်ရမယ်"

ဆေးရုံကနေ ကျွန်တော်ဘယ်လိုထွက်လာခဲ့မှန်း ကျွန်တော်မမှတ်မိတော့ဘူး။

အိမ်ရောက်တာနဲ့ ကုတင်ခေါင်းရင်းမှာ အမေဝှက်ထားတဲ့ သားရေသေတ္တာကို ကျွန်တော်ဖွင့်ကြည့်မိတယ်။ သေတ္တာထဲမှာ ခွါထားတဲ့ ဆေးတံဆိပ်တွေ၊ ဆေးအညွန်းတွေ အများကြီး.. တကယ်တော့ အမေက Anti-rejection ဆေးတံဆိပ်တွေကိုခွါပြီး စိတ်ကျဆေးတံဆိပ်တွေ ပြန်ကပ်ခဲ့တာဖြစ်တယ်။ ဆေးတွေကြားထဲမှာ သဘောတူခွဲစိတ်စာချုပ်ကို ကျွန်တော်တွေ့လိုက်တယ်။ ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့စာချုပ်၊ လွန်ခဲ့တဲ့ (၂)နှစ်က ကျောက်ကပ်လှူဖို့ ခွဲစိတ်ခဲ့တဲ့စာချုပ်ဖြစ်တယ်။

စာချုပ်ပေါ်မှာ ဦးခင်ဇော်က သူ့ရဲ့ကျန်းမာတဲ့ ကျောက်ကပ်တစ်ခြမ်းကို သူ့သားအတွက် ပေးလှူတယ်လို့ ရေးထားတယ်။ အောက်တစ်နေရာမှာ သူ့လက်မှတ်နဲ့ ကျွန်တော့်နာမည်ပေါ်မှာက အမေလက်မှတ်.....

ကျွန်တော့် မျက်လုံးအိမ်ကမျက်ရည်တွေ
ရုတ်တရက် ပါးပြင်ပေါ် တရဟောစီးကျလာခဲ့တယ်။

အဲဒီနေ့က ကျွန်တော်အသက် (၂၂)နှစ်ပြည့်တဲ့နေ့ဖြစ်တယ်။

ပြီးပါပြီ....


မူရင်းရေးသားသူ -- Qian Bei (
千北) 父爱,一首我没有读懂的诗

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark