Friday, January 01, 2010

အမေဆိုတာ နှစ်၊ လ၊ ရာသီ


အိမ်ပြန်တဲ့အခေါက်တိုင်း အမေရဲ့ နက်နဲတဲ့မေတ္တာတရားတွေကို အနက်ကောက်ဆိုနိုင်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ အမေရဲ့ စကားတစ်ခွန်းတိုင်း၊ အကြည့်တစ်ချက်တိုင်းက ကျွန်မကို ခံစားချက်ပေါင်းများစွာ ပေးနိုင်ခဲ့တယ်။

ဒီဇင်ဘာကျောင်းပိတ်ရက်နီးတိုင်း ကျွန်မဆီ အမေ တစ်ရက်ခြားတစ်ခါ ဖုန်းဆက်ပြီး မနှစ်ကပိတ်ခဲ့တဲ့ ကျောင်းပိတ်ချိန်ကို မေးနေတတ်ခဲ့တယ်။ တိကျတဲ့ ကျောင်းပိတ်ရက်ချိန် ပေးလိုက်မှ အမေစိတ်ချသွားသလိုမျိုး ကျွန်မရဲ့အိမ်အပြန်လမ်း ဖြောင့်ဖြူးဖို့ ဆုတောင်းပေးနေတတ်တယ်။ ဒီလိုသာမန်ကိစ္စလေးကို မင်ကုန်ခံ ရေးပြစရာမလိုပေမယ့် ကျွန်မအိမ်ပြန်မရောက်ခင် ရှေ့တစ်ရက်မှာ အမေအအေးမိမလို ဖြစ်သွားကြောင်းကို အဖေပြောပြမှ ကျွန်မသိခဲ့ရတယ်။

ကျွန်မပြန်မယ့်ရက် မတိုင်ခင်ကတည်းက
အမေဟာ အိမ်ရှေ့ထွက်မျှော်နေတတ်ပြီး ခြေသံကြားတာနဲ့ တံခါးထ,ထ ဖွင့်နေခဲ့လို့ဖြစ်တယ်။ ကျွန်မရဲ့အရိပ်အယောင်ကို မတွေ့ခဲ့လည်း အမေဇွဲမလျော့ခဲ့ဘူး။ တစ်ရက်ရောက်နိုး၊ နှစ်ရက်ရောက်နိုးနဲ့ ကျွန်မအပြန်ကို အမေစောင့်နေခဲ့တယ်။ အဲဒီအချိန်က ချမ်းအေးတဲ့အပြင် အရိုးထိအေးစေတဲ့ နှင်းမွှားလေးပါကျခဲ့တာကြောင့် အအေးကြောက်တဲ့အမေ အအေးမိမတတ်ဖြစ်ခဲ့ရတယ်။ အဖေပြောပြတာတွေ နားထောင်ပြီး ကျွန်မဆွံအခဲ့ရတယ်။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုစကားလုံးမျိုး ကျွန်မထုတ်ဖော်ပြောသင့်သလဲ? မီးဖိုထဲမှာ အလုပ်ရှုပ်နေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်မရုတ်တရက် ခံစားမိလိုက်တယ်။ "အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်"

မှန်ပါတယ်... အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
မျိုးစေ့ပင်ပေါက်ကနေ သစ်ပင်ကြီးအထိဖြစ်ခဲ့တဲ့ရာသီ
မြစ်ချောင်းကနေ ပင်လယ်ကြီးထဲထိ စီးဆင်းခဲ့တဲ့ရာသီ
ကန္တာရကနေ အိုအေစစ်အထိ အရောက်သွားခဲ့တဲ့ရာသီ
ဆင်းရဲဒုက္ခကနေ ပျော်ရွှင်ခြင်းနေ့ရက်ဆီ အရောက်လှမ်းခဲ့တဲ့ရာသီ

ဒီလိုရာသီထဲမှာ ဘယ်လိုလေးနက်တဲ့ အကြောင်းအရာတွေပါမလဲ? ဘယ်လောက်ပါမလဲ?

ကြီးမြတ်ထက်မြက်တဲ့ ကဗျာဆရာကတောင် အဲဒီအရာတွေကို ကဗျာတစ်ပုဒ်အဖြစ် တင်စားပြနိုင်လိမ့်မှာ မဟုတ်သလို သာယာငြိမ့်ညောင်းအသံပိုင်ရှင် အနုပညာသည်လည်း ဖွဲ့သီဆိုပြတတ်မှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။ ကျွန်မသိတာတစ်ခုက ကုန်ဆုံးသွားတဲ့ရာသီတွေနဲ့အတူ ပျိုးပင်ပေါက်အရွယ်ကနေ ကလေးဘဝအဖြစ် ကျွန်မတဖြေးဖြေး ကြီးထွားခဲ့တယ်။ ကလေးဘဝကနေ မြီးကောက်ပေါက်အရွယ်၊ အဲဒီကမှ အပျိုအရွယ်အထိ ပန်းပွင့်ရာသီ၊ မိုးရာသီတွေကို ကျွန်မကျော်ဖြတ်ခဲ့တယ်။ ဒီလိုရာသီတွေက ကျွန်မကို မကြာခဏ အောင်းမေ့တမ်းတစေတယ်၊ တသက်လုံး အမှတ်ရ ကျေးဇူးတင်နေစေတယ်။

အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
သူဟာ လူ့လောကရဲ့ ဆင်းရဲဒုက္ခအများဆုံးကို ခါးစည်းခံသူ၊
မျက်ရည်တွေ အများဆုံးမျိုချသူ၊

မသိနားမလည်ခြင်းတွေကို အများဆုံး သည်းခံခွင့်လွတ်သူ၊
လေလွင့်စိတ်ဝိညာဉ်တွေကို ဖေးမကူညီသူ အမေ... ကြီးကျယ်မြင့်မြတ်တဲ့
အမေဖြစ်တယ်။

ငယ်ငယ်တုန်းက တစ်ခြားအိမ်က ကလေးတွေ မှောင်နက်မည်းမည်းထဲမှာ နွားကျောင်းဖို့ထချိန် အမေက ကျွန်မကိုကျောင်းတက်ဖို့နှိုးတယ်။ ကြီးပြင်းလို့ ကျွန်မသန်မာထွားကျိုင်းလာတဲ့အချိန် ကျွန်မအဖော်တွေက ကြီးလေးတဲ့ဝန်ထုပ်တွေ ထမ်းပိုးပြီး အလုပ်ထွက်ရှာကြတယ်။ အမေက ကျွန်မကို ပညာကောင်းကောင်းသင်ယူဖို့ မှာတယ်။ ဘွဲ့ရပြီး အမေ့ကို ကျေးဇူးဆပ်ချိန်ရောက်ခဲ့လည်း အမေက ကျွန်မကို ပညာဆက်သင်ဖို့ အားပေးကူညီခဲ့တယ်။

နှစ်၊ လ၊ ရာသီတွေရဲ့ ကုန်ဆုံးချိန်က အညှာတာကင်းမဲ့ခဲ့တယ်။ အမေရဲ့နူပျိုခြင်းတွေကို
မညှာမတာ တိုက်စားခဲ့တယ်။ အမေရဲ့နဖူးပေါ်မှာ အစင်းရာတွေ ထွင်းထုခဲ့တယ်။ ဒါဟာ ဘယ်လိုရာသီမျိုးပါလိမ့်? ဒီလိုရာသီမျိုးကို ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတလို့ ကျွန်မအနက်ကောက်ခဲ့ပါတယ်။

အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
ရာသီတွေက ပြောင်းပြန်မစီးဘူး။
ရာသီတွေမှာ အဆုံးသတ်အနား မရှိဘူး။
အမေရဲ့မေတ္တာကလည်း အဲဒီလို အဆုံးသတ်အနားမရှိဘဲ ကြီးမားကျယ်ပြန့်တယ်။
အမေဟာ တစ်ခါတလေမှာ ကြံတစ်ချောင်းဖြစ်တယ်။
ချိုမြတဲ့ ကြံရည်တွေကို သားသမီးတွေ စုပ်ယူစားသုံးပြီး အဖတ်တွေစွန့်ခဲ့လည်း သူမမူဘူး။
အမေဟာ တစ်ခါတလေမှာ မြင့်မားတဲ့တောင်တစ်တောင်ဖြစ်တယ်။
သန်မာကြံ့ခိုင်တဲ့ ပုခုံးနှစ်ဖက်နဲ့ သားသမီးတွေရဲ့နာကျင်ခြင်းတွေကို ကုစားပေးတယ်။

ကျွန်မအတွက်နဲ့ အမေအိမ်နှစ်ခါ ပြောင်းရွေ့ခဲ့တယ်။ တောရွာကနေ မြို့သစ်၊ မြို့သစ်ကနေ ပိုတိုးတက်တဲ့ မြို့ပေါ် ဒီလိုပြောင်းရွေ့တဲ့ အကြောင်းပြချက်က ကျွန်မရှေ့ရေးအတွက်၊ ကျွန်မ ပညာသင်ရ လွယ်ကူဖို့ပဲဖြစ်တယ်။ ဒီလို မိဘမေတ္တာက သားသမီးတွေကို ကယ်တင်တဲ့မေတ္တာမျိုးဖြစ်တယ်။ လူလိမ္မာကနေ အသိပညာရှိသူတစ်ယောက်အဖြစ် အမေလမ်းပြခေါ်ဆောင်ခဲ့တယ်။

အမေဟာ သားသမီးတွေရဲ့ ပုခက်
လမ်းပျောက်သူကို ရှေ့ဆောင်လမ်းပြ အလင်းပေးတဲ့ ဓူဝံကြယ်

သားသမီးတွေရဲ့ မအောင်မြင်ခြင်းက တောင်အမြင့်ကလှိမ့်ချလိုက်တဲ့ ကျောက်တုံးလိုပဲ ရှုံးနိမ့်ကျဆုံးနေပါစေ အမေက ခန္ဓာကိုယ်နဲ့ကာဆီးပြီး မေတ္တာတရားနဲ့ ဖေးမကူညီတယ်၊ ချောက်ကမ်းပါးထက်ကို တွဲခေါ်ပြီး အသစ်တဖန် တက်လှမ်းနိုင်ဖို့ အားပေးတယ်။

အဆုံးသတ်အနားမရှိတဲ့ အမေ့မေတ္တာက အမျိုးသမီးတွေရဲ့ ကယ်တင်ရှင်ဖြစ်တယ်။ အမေဟာ လောကီရဲ့ သွေးဆောင်ဖြားယောင်းမှုကြောင့်ဖြစ်ဖြစ်၊ ရှင်သန်ဖို့ ဂုဏ်သိက္ခာကို စွန့်ခဲ့ရတာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချုပ်ချယ်မှုနဲ့ ကာမရာဂလောဘလို့ အစွပ်စွဲခံရချိန်မှာပဲဖြစ်ဖြစ် သားသမီးတွေကို သူသတိရမိတတ်တယ်။ အဲဒီအချိန်မှာ အမေက သားသမီးတွေရဲ့ စံပြအဖြစ်၊ သားသမီးတွေ ကိုယ့်လိုမခံစားရအောင် အင်အားတွေပိုသုံးပြီး ပိုကြိုးစား၊ ပိုရိုးသားပြတတ်ခဲ့တယ်။

ကျွန်မက ကမ္ဘာပေါ်မှာ အထက်မြက်၊ အလိမ္မာဆုံးသမီး မဟုတ်ခဲ့ပေမယ့်
အမေက ကမ္ဘာပေါ်မှာ မေတ္တာတရားအကြီးဆုံး၊ ကျွန်မကိုနားလည်မှုအပေးဆုံးနဲ့ အလှပဆုံး မိခင်ဖြစ်ခဲ့ပါတယ်။

အမေက နှစ်၊ လ၊ ရာသီဖြစ်တယ်။
ရာသီတွေက အဆုံးမရှိတဲ့ သီချင်းလို... အမေ့မေတ္တာကလည်း အဆုံးမရှိခဲ့ပါဘူး။

အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။

ချစ်သဒ္ဓါဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။

ဆရာတော် ဦးကောဝိဒ (မဇ္ဈိမဂုဏ်ရည်)

"အမေ"ကဗျာကို အီးမေးလ်ပို့ပေးတဲ့ myomyo ကို ကျေးဇူးတင်ပါတယ်

မူရင်းရေးသားသူ-- Lu Sheng-Kuan (卢盛宽) (母亲是一种岁月)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

7 comments:

mama said...

happy new year 2010 all the best.
mama

Phannaywon said...

လေးစားရသောမမစနေ..ဆရာတော့်ကဗျာလေးကို
သိမ်းထားချင်ပါသဖြင့်..ကူးခွင့်ပြုပါခင်ဗျာ...

ုkoyaw said...

သိမ်းထားမယ်၊ ဖြန့်ဝေမယ်၊ ကျေးဇူးတင်ပါတယ်

myowinyee said...

အမေဆိုတာ...သားသမီးတွေကိုကာကွယ်ဖို့အတွက်... တံတိုင်းတစ်ခုလိုပါပဲ...သိပ်ကောင်းတဲ့ပို့စ်ပါပဲ....ကျေးဇူးပါ မစနေ...

GREENIRRAWADDY said...

အမဘလော့ဂ် လေးက တကယ့်ကို လူငယ်တွေအတွက်
လမ်းပြကြယ်တစ်ခုပဲဆိုတာ ကျွန်တော် ရဲရဲအာမခံရဲပါ တယ်။

Tin Zar said...

a yan ko kg par tae ma naing naiing
a mae ko ar di post lay so pya chin par tae
khay zu tin par tae
yours truely ,
tin zar

6060 said...

အစ်မရေ ...အမေ ကဗျာလေးတင်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။