လူဝင်စားဆိုတာကို ကျွန်မ သိပ်အယုံအကြည်မရှိပေမယ့် ဂမ္ဘီရ၊ ဖြစ်ရပ်ဆန်းကြယ်စတဲ့ စာအုပ်တွေကိုတော့ ကျွန်မတော်တော်ဖတ်ဖြစ်ခဲ့တယ်။ ဖြစ်ရပ်မှန်စာအုပ်တွေက ကျွန်မစာပိုဖတ်ဖြစ်အောင် ဆွဲဆောင်ခဲ့တယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ စာအုပ်ထဲမှာဖတ်ဖူးတဲ့ လူဝင်စားအကြောင်းတွေကို သိပ်မယုံကြည်ခဲ့ပေမယ့် ကျွန်မတို့မိသားစုကြုံလာခဲ့တဲ့ လူဝင်စားကိုတော့ ကျွန်မနည်းနည်း ယုံကြည်ခဲ့မိတယ်။ ဒါကလည်း ကျွန်မရဲ့ စိတ်အစွဲကြောင့် ဖြစ်မယ်ထင်ပါတယ်။
ကျွန်မအစ်မရဲ့ ပြောပြချက်အရ ကျွန်မအမေဆုံးပြီး နှစ်ဝက်အကြာ ညတစ်ညမှာ သူအိပ်မက်တစ်ခု မက်ခဲ့တယ်လို့ဆိုတယ်။ အဲဒီအိပ်မက်ထဲမှာ အမေဟာ အဝတ်သေတ္တာတစ်လုံးနဲ့ ထီးတစ်ချောင်းကိုင်ပြီး အိမ်ရှေ့တံခါးဝမှာ လာရပ်နေခဲ့တယ်။ အစ်မကတံခါးဖွင့်ပြီး "အမေဘယ်သွားမလို့လဲ"လို့မေးတော့ အမေက "နင့်သားလေးက ဆိုးလိုက်တာ.. အိမ်ဖော်တွေကလည်း မမြဲဘူး။ နင်တို့အိမ်မှာ ငါနေဖို့ လာခဲ့တာ"လို့ ပြောတယ်။ အစ်မကလည်း "အမေလာနေတော့ ကောင်းတာပေါ့" ဆိုပြီး တံခါးဖွင့်ပေးလိုက်တယ်။ အဲဒီနောက် နောက်တစ်ရက်မှာ အစ်မမှာကိုယ်ဝန်ရှိလာခဲ့တယ်လို့ ဆိုတယ်။
အဲဒီတုန်းက အစ်မရဲ့သားက(၁)နှစ်ကျော်အရွယ်မို့ ယောက်ျားလေးသဘာဝ အရမ်းဆိုးခဲ့တယ်။ ဆိုးလွန်းလို့ ကလေးထိန်းတွေက သူ့ဒဏ်မခံနိုင်ကြဘဲ မကြာခဏအသစ်ပြောင်းနေရတယ်။ အစ်မကိုယ်ဝန်ရှိပြီး ကလေးမွေးတော့ မိန်းကလေးမွေးတယ်။ အဲဒီသမီးလေးက လုံးဝမဆိုး၊ မငိုတတ်ခဲ့ဘူး။ ထားတဲ့နေရာမှာပဲ ဆိတ်ဆိတ်ငြိမ်ငြိမ်လေးနဲ့ နေတတ်တယ်။ စကားပြောတတ်စအရွယ်မှာတော့ "ငါ့အိမ်ပြန်မယ်၊ ငါ့ရွာပြန်မယ်၊ ငါလယ်တွေအများကြီးရှိတယ်" လို့ ပြောနေတတ်တယ်။ နောက်ပြီး အမေဆုံးတုန်းက အင်္ကျီအပန်းရောင်နဲ့မို့ ဒီသမီးလေးလည်း သိတတ်စအရွယ်တည်းက ဘာမဆိုအပန်းရောင်ပဲ ကြိုက်ခဲ့တယ်လို့ဆိုတယ်။ အဲဒီလောက် အခြေအနေထိတော့ လူဝင်စားဆိုတာကို ကျွန်မ မယုံကြည်သေးဘူး။ ဆုံးသွားတဲ့အမေကို အစ်မစိတ်စွဲပြီး စိတ်ကူးယဉ်နေတယ်လို့ပဲ ထင်ခဲ့တယ်။
ကျွန်မညီမအငယ်ဆုံးက ဗေဒင်ဝါသနာပါသူပါ။ ဘယ်နေရာမှာ အကြားအမြင်ဆရာရှိတယ်၊ ဘယ်ဗေဒင်ဆရာက မှန်တယ်ဆိုရင် ဘယ်လောက်ခရီးဝေးဝေး အရောက်သွားမေးတတ်သူဖြစ်တယ်။ ဟိုတစ်လောကလည်း အင်းလေးဘက်မှာ အကြားအမြင်ဆရာမ တစ်ဦးရှိတယ်ဆိုတာနဲ့ သူရောက်သွားခဲ့တယ်။ အဲဒီအကြားအမြင်ဆရာမက မျက်မမြင် အပျိုကြီးတစ်ဦးဖြစ်ပြီး မိန်းမသဘာဝဖြစ်တဲ့အချိန်၊ လပြည့်၊ လကွယ်တွေမှာ မဟောဘူးလို့ဆိုတယ်။ ဥဒေါင်းတောင်သွားတဲ့ဘက် အင်းလေးရွာထဲအထိ ဝေးခဲ့ခရီးကို ဆရာမနဲ့ဆုံရဖို့ သူနှစ်ခေါက်တောင် သွားခဲ့တယ်။
ညီမလေးသွားမေးတော့ အကြားအမြင်ဆရာမက ဟောတဲ့အချိန် သူ့လက်ကောက်ဝတ်ကိုပဲ ကိုင်ပြီး ဘယ်ကလာတယ်၊ ဘာနာမည်ခေါ်လဲလို့ တစ်ခွန်းမှမမေးခဲ့ဘူးလို့ ညီမလေးကပြောပြတယ်။ အဲဒီနေ့က "ကျွန်မအမေဘယ်ရောက်နေလဲ"လို့ သူစမေးတော့ ဆရာမက အကြာကြီးအာရုံစိုက်ပြီးမှ မောပန်းတဲ့အသံနဲ့ "တာချီလိတ်မှာ"လို့ ဖြေခဲ့တယ်။ ကျွန်မတို့အမေကို တာချီလိတ်မှာ မြုပ်ထားတာကြောင့် အမေရဲ့ဝိညာဉ်က တာချီလိတ်ကနေ အင်းလေးအထိ ခရီးဝေးကြီးခေါ်ခဲ့ရတဲ့အတွက် သူမောပန်းတဲ့အကြောင်း ဆရာမကပြောပါတယ်။ ညီမလေးက ဆက်ပြီး "ဘယ်သူ့အိမ်မှာလဲ" လို့မေးတော့ ဆရာမက ကျွန်မအစ်မရဲ့နာမည်ကို ပြောတယ်လို့ဆိုတယ်။ နောက်ပြီး "ငါ အဲဒီမှာ မနေချင်ဘူး။ အားလီက ခဏခဏဆဲတယ်" လို့ပြောတယ်။ တကယ်လည်း ကျွန်မအစ်မက နည်းနည်း ဆူပူပူလုပ်တတ်သူပါ။
ညီမလေးက "အဖေနဲ့ တွေ့သေးလား"လို့ သေဆုံးသွားပြီဖြစ်တဲ့ ကျွန်မအဖေကိုလည်းမေးတော့ အမေဝိညာဉ်ဝင်နေတယ်လို့ဆိုတဲ့ ဆရာမက "တစ်ခါတလေတော့ တွေ့တယ်" လို့ဖြေတယ်။ ကြည့်ရတာ အဖေနဲ့အမေကို ကျွန်မတို့ခွဲမြုပ်ထားခဲ့လို့ ဖြစ်မယ်ထင်ပါတယ်။ "အဖေနာမည်က ဘာလဲ" လို့ ညီမလေးက ကျွန်မအမေဝိညာဉ်ဝင်နေမှန်း ပိုသေချာအောင်မေးတော့ "လူး... လူး.." ဆိုပြီး အဖေ့နာမည်ကို အဖျားဆွတ်ခေါ်ပြခဲ့တယ်။
"ဒီဘဝမှာ အမေနာမည်က ဘာလဲ" လို့ ထပ်မေးတော့ "ဖူး...ဖူး"လို့ ပြောခဲ့တယ်။ တကယ်လည်း အစ်မသမီးလေးရဲ့ နာမည်က "နန်းခမ်းဖူးဖူး"ဖြစ်တယ်။
"ဟိုကောင်လေးတစ်ယောက် အိမ်သိပ်မကပ်ဘူးနော်။ ဘယ်တွေသွားနေလဲ"လို့ ဆရာမ(အမေ)က ကျွန်မညီမလေးကို မေးတယ်။ ဟိုကောင်လေးဆိုတာ ကျွန်မမောင်လေးအငယ်ဆုံးကို ပြောတာဖြစ်ပြီး အမေဆုံးကတည်းက မောင်လေးဟာအိမ်မှာမနေဘဲ ရန်ကုန်ကအဒေါ်အိမ်မှာ သွားနေခဲ့လို့ဖြစ်တယ်။ အမေဆုံးတုန်းက မောင်လေး(၁၄)နှစ်ပဲရှိပါသေးတာမို့ မောင်လေးကို အမေစိတ်ချဟန် မတူခဲ့ဘူး။
"တစ်ခြားသမီးတွေကို ဘာလို့မမေးတာလဲ"လို့ ညီမလေးကမေးတော့ အမေက "အချိန်ကြာပြီဆိုတော့ ငါသိပ်မမှတ်မိတော့ဘူး။ အရင်ဘဝကိုလည်း သံယောဇဉ်မထားတော့ဘူး" လို့ဖြေတယ်။ အရင်ဘဝကို တမ်းတမနေဘဲ ဘဝသစ်တစ်ခုမှာပဲ အမေပျော်နေပုံရတယ်။
အဲဒီလို ညီမလေးက ကျွန်မကိုပြောပြတော့ လူဝင်စားဆိုတာကို ကျွန်မယုံကြည်ချင်သလိုလို ဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြားအမြင်ဆရာမကို ညီမလေးသွားမေးခဲ့တဲ့အချိန်က အစ်မသမီးလေး နေမကောင်းတဲ့အချိန်နဲ့ သွားတိုက်ဆိုင်နေလို့ဖြစ်တယ်။ ဝိညာဉ်အခေါ်ခံရလို့ လိပ်ပြာညံ့သွားတာလားလို့ ကျွန်မတွေးမိပြီး ညီမလေးကိုနောက်တစ်ခါ ဗေဒင်ဘယ်လောက်မှန်မှန် အမေအကြောင်းမမေးဖို့ မှာဖြစ်ခဲ့တယ်။
အစ်မသမီးလေးကို တစ်ခါတလေ ကျွန်မသွေးထိုးစမ်းပြီး အမေအကြောင်းတွေ မေးကြည့်တတ်တယ်။ လူဝင်စားဆိုတာကို ကျွန်မစိတ်ချလက်ချ ယုံကြည်ချင်လို့ပါ။ ဒါပေမယ့် အသက်အရွယ်ကြီးလာတာနဲ့အမျှ အရင်ဘဝရဲ့မှတ်ဥာဏ်တွေ တဖြေးဖြေး လျော့သွားခဲ့လို့ထင်တယ်။ ငယ်ငယ်တုန်းကလောက် သူဘာမှ ပြန်မပြောနိုင်ခဲ့တော့ပါဘူး။ တူမလေးဟာ အမေဝင်စားတာပဲဖြစ်ဖြစ်၊ အမေမဝင်စားတာပဲဖြစ်ဖြစ် ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သူ ရှင်သန်ကြီးထွားဖို့ပဲ ကျွန်မမျှော်လင့်ခဲ့ပါတယ်။

ရုပ်ချင်းဆင်တဲ့ အမေငယ်ငယ်ကပုံနဲ့ ဖူးဖူးပုံက လူဝင်စားဆိုတာ တကယ်ရှိကြောင်း ကျွန်မကို ပိုကြည်စေခဲ့သလား မပြောတတ်ပါဘူး.. ဒါကလည်း ကျွန်မရဲ့စိတ်အစွဲကြောင့် ဖြစ်မယ်ထင်ပါတယ်။
နိုင်းနိုင်းစနေ

ရုပ်ချင်းဆင်တဲ့ အမေငယ်ငယ်ကပုံနဲ့ ဖူးဖူးပုံက လူဝင်စားဆိုတာ တကယ်ရှိကြောင်း ကျွန်မကို ပိုကြည်စေခဲ့သလား မပြောတတ်ပါဘူး.. ဒါကလည်း ကျွန်မရဲ့စိတ်အစွဲကြောင့် ဖြစ်မယ်ထင်ပါတယ်။နိုင်းနိုင်းစနေ

18 comments:
စိတ်ဝင်စားလိုက်တာ။ အင်းလေးကို ကိုယ်တိုင်တောင် သွားမေးလိုက်ချင်တယ်။
စိတ်ဝင်စားစရာပဲ။ ကျွန်တော့်အဖေကိုလည်း လူဝင်စားဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ဘာလို့လဲဆိုတော့ ငယ်ငယ်လေးကတည်းက အရင်ဘ၀မှာဖြစ်ခဲ့တာတွေကို ပြန်ပြန်ပြောပြလို့ပါ။ ပြောတာတွေ အားလုံးကလည်း မှန်နေတယ်လေ။
မမရေ
ပူးတေလဲ လူဝင်စားတယ်ဆိုတာကို ယုံတယ်။ တကယ်မြင်ဖူးတယ်။ ညကလဲ အိပ်မက်မက်တယ်။ ၂၀၀၄ ထဲက ဆုံးသွားတဲ့ ပူးတေအန်းကုန်းက ပူးတေရှေ့ က နဲနဲဆောပြီး အိမ်ထောင်ကျတဲ့ ပူးတေတို့ ဝမ်းကွဲအစ်မအိမ်ကို သွားတယ်တဲ့။
ပူးတေက ပူးတေတို့အိမ်မှာ လာနေပါဆိုတာကို လုံးဝကိုခေါ်မရဘူးတဲ့။ နင်တို့နဲ့ ငါမနေချင်ဘူး။ နိုင်ငံခြားမှာ သူမနေချင်ဘူးတဲ့။ အန်းကုန်းက တကိုယ်လုံးသွေးတွေနဲ့။ ကလေးတွေ မွေးခါစ သွေးတွေပေနေတဲ့ ပုံစံမျိုးနဲ့။
ပူးတေဒီညမှ ဖုန်းဆက်ကြည့်ရဦးမယ်။ အဲဒီအစ်မမှာ ကိုယ်ဝန်များရှိနေပီလားမသိဘူး။
လက်ရှိလဲ ပူးတေမောင်ဝမ်းကွဲလေးက လူဝင်စားလေးပဲ။ သူ့အဖေဘက်က အဆိုးဆုံးအစ်ကိုကြီးဝင်စားတာတဲ့။ ငယ်ငယ်ကဆို မမေးပဲနဲ့ သူ့ဘဝဟောင်းက အကြောင်းတွေ အရမ်းပြောတယ်။ ငါ့မိန်းမအိမ်သွားမယ်တဲ့။ သူက ညောင်တုန်းက လာတာတဲ့။ ခုတော့ သူလဲ ၃တန်းရှိနေပီ။ နဲနဲရှက်တတ်တော့ သိပ်မပြောတော့တာထင်တယ်။
တချို့တွေက အရမ်းဘဝနီးနီးမှာ လူလာပြန်ဖြစ်တတ်ကြပါတယ်။
ခုလဲ မမတူမလေးနဲ့ အမေရဲ့ မျက်နှာပေါက်က တပုံထဲပဲနော်။
သူတို့တိုက်ဆိုင်တာလေးတွေ ရှိရင်ပြောပါလိမ့်မယ်။
စိတ်ဝင်စားစရာကောင်းတရ်....အမ
Ma 99,,
very intersted in this post..
could u please let me know detail address of that astrologer, I also like to ask where is my Daddy is.
tks,
M
ကျေးဇူးညီမရေ။ အစ်မလဲ တူလေးကို အဖေ၀င်စားတယ်ပြောကြတော့ တခါလောက် သွားကြည့်ရဦးမယ်။ ဟုတ်ခဲ့ရင် ကြွေးဆပ်မလို့။ လိပ်ပြာခေါ်ခရတာ ဟုတ်တယ်နော်။ အစ်မလဲ ဗမာပြည်မှာ အသက်သုံးဆယ်ကျော်မှ လိပ်ပြာတစ်ခါ အခေါ်ခံရဖူးတယ်။ခေါ်နိုင်မဲ့သူကိုသွားပြောလိုက်ရတယ်။ နောက်မလုပ်ပါနဲ့လို့။ချစ်ရင်လဲ လုပ်နိုင်တယ်လေ။ အခေါ်ခံရတာပင်ပန်းတယ်။
အစ်မပို့စ်ထဲက ဓာတ်ပုံနှစ်ပုံကိုက တော်တော်လေးကိုဆင်နေတာ ထူးဆန်းပါတယ်။
အပြင်မှာ မကြုံဖူးပေမယ့် လူဝင်စားတကယ်ရှိမယ်လို့ ကျွန်တော်ကတော့ ယုံပါတယ် ...
အမနိုင်းနိုင်း စိတ်ဝင်စားဖို့ကောင်းတယ်နော်။
ကျနော်တို့ဘက်လဲ ဒီလိုတွေ မကြာခဏကြုံတွေ့ရတတ်တယ်။
ကျနော်အမေတောင် ကျနော့်အစ်ကိုရဲ့  ဇနီးဆီမှ ၀င်စားပြီး အခုဆို အသက်တောင် ၇ နှစ်လောက်ရှိပြီထင်တယ်။ ဒါပေမဲ့ ထူးခြားတာက ယောက်ျားလေးအဖြစ် မွေးဖွားခဲ့တာ။
သူငယ်တုန်းကတော့ ခဏခဏ အတိတ်ဘ၀အကြောင်းကို ပြောတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ သိပ်မပြောတော့ဘူး။
တိုက်ဆိုင်မှုတွေ များလား မသိပါဘူး အမ။
မစနေရေ...တကယ်တော့ ဒီဘဝက ရုပ်နာမ်တွေက သေပြီဆိုတာနဲ့ ချုပ်ငြိမ်းသွားခဲ့ပြီး နောက်ဘဝ အတွက် ရုပ်နာမ် အသစ် ဖြစ်ပေါ်ပါတယ်။ သေခါနီးမှာ လက်ရှိဘဝ နဲ့ မိသားစု ကိုသိတ်အမှတ်ရခဲ့ရင်၊ သူ့မှာ လူပြန်ဖြစ်ဖို့ လုံလောက်တဲ့ ကုသိုလ်ကံ ရှိခဲ့မယ်ဆိုရင် အဲဒိလို ဖြစ်တတ်တယ် လို့ ကြားဖူးပါတယ်...။ တချို့ဆို အံ့ဩစရာ ကောင်းလောက်အောင်ကို အကုန် မှတ်မိ နေတတ်ကြတယ်...:D
ုဖြစ်နိုင်ပါတယ် ... စိတ်နယ်လွန်ဖြစ်ရပ်တွေအတွက် သေချာ သက်သေပြနိုင်ဘို့တော့ မလွယ်ဘူးးပေါ့ ....
ဘာဘဲဖြစ်ဖြစ် ကိုယ့်ကလေးက အရင်ဘဝက ကိုယ့်အမေ ဖြစ်ခဲ့တော့ နဲနဲတော့ ကသိကအောက်နိုင်မှာဘဲနော် :P
စကားမစပ်ဟိုးးအပေါ်ဆုံးးကရေးတဲ့ အမည်မသိက မိန်းကလေးဖြစ်ရမယ် .. ဗေဒင်တို့ အကြားအမြင်တို့ဆို သူတို့တွေ ရှေ့ဆုံးးကဘဲ ... >:(
ကိုယ်တွေ့မှ ယုံတတ်ကြတာ အမှန်ပါပဲဗျ။
ဒါပေမဲ့ လူဝင်စားဆိုတာ တကယ်ကို ရှိပါတယ်။
ဘုရားဟောတွေမှာလည်း ပါတယ်လေ။
လူ့ဦးခေါင်းခွံကို ကိုင်ကြည့်ပြီး ဘယ်ဘဝရောက်နေပြီ.။
သူကတော့ ဘယ်ဘဝက ဘယ်သူ ဖြစ်ပါတယ် ဆိုတာ တကယ်ကို ရှိလို့ ဘုရားက ဟောခဲ့တာပါ။
ဝေးဝေး မကြည့်နဲ့ မနိုင်းရေ..။
( ကျွန်တော်ပဲလေ။ )
နောက်မှ တိုးတိုးတိတ်တိတ်ပြောပြမယ်..ဟီး။
ဘယ်သူ့မှ ပြန်မပြောပြကြေး..။
ကြက်သီးတောင်ထတယ်.. တူတာမှ ချွတ်စွတ်။ မနိုင်း ယုံချင်လည်းယုံချင်စရာပဲနော်။ ဒါတွေကို တကယ်မရှိဘူးလို့ ပြောလို့မရပါ။ အပေါ်က တီတီချစ်ကြည်အေးပြောတာတော့ နည်းနည်းပိုစိတ်ဝင်စားသွားပြီ။ ဘယ်လို အကုန်မှတ်မိတာပါလိမ့်.. ကိုယ်တွေ့များဆို ဝေငှဖို့ အကြံပြုချင်ပါတယ်။
လူတိုင်းတစ်ခုခုတော့ဝင်စားကြတာပါပဲ၊
လူလိုကျင့်ကြံပြောဆိုနေထိုင်ရင်လူဝင်စားပေါ့၊
အမရေ
လူဝင်စားကို စိတ်လဲဝင်စားတယ် ၊ ယုံလဲယုံကြည်ပါတယ်။ တူလေးနှစ်ယောက်စလုံးကလဲ လူဝင်စားတွေပါ။ မွေးတော့ ပါးမှာအမှတ်တောင်ပါလာသေးတယ်။
to min စကားမစပ်ဟိုးးအပေါ်ဆုံးးကရေးတဲ့ အမည်မသိက မိန်းကလေးဖြစ်ရမယ် .. ဗေဒင်တို့ အကြားအမြင်တို့ဆို သူတို့တွေ ရှေ့ဆုံးးကဘဲ ... >:(
မောင်မင်းက ဘာကိုကြည့်ပြီး ဂလိုပြောတာတုံး ဒါဆိုရင် အကြားအမြင်ဟောတဲ့လူတွေကလဲ ယောက်ျားတွေမှ တပုံကြီးလေ ဒါကကျတော့ရော ဟွင့်
စိတ်ဝင်စားသူတွေ သွားမေးရအောင်လို့ ညီမလေးကို ကျွန်မဖုန်းဆက်ဖြစ်တဲ့အခါ အကြားအမြင်ဆရာမ လိပ်စာကို သေချာမေးထားလိုက်ပါမယ်..
အားလုံး ကျေးဇူးးးး
မှန်ပါတယ် ဟိုးအပေါ်ဆုံးက ရေးသူဟာ မိန်းကလေးဆိုတာ။
ကျွန်တော်ကတော့ ကွန်မြူနစ်သူပုန်ဦးလေးအဖြစ်က ပြန်လည်ဝင်စားသူလို့  အမေတို့ က ပြောပါတယ်။ ဟိုဘ၀ကလဲ အဖေနဲ့ မတည့်ဘူး။ အခုဘ၀မှာလဲ အဖေနဲ့ မတည့်ဘူး။ ဟိုဘ၀ကလဲ နိုင်ငံရေးလုပ်ပြီး ခေါင်းမာလွန်းလို့ ၊ လူပုံလည်မှာ သေနတ်နဲ့ ပစ်ခံရပြီးသေသလို၊ ဒီဘ၀မှာလဲ............ဆက်ပြောလို့  မဖြစ်တော့ဘူး။ ပေါ်ကုန်တော့မယ်။ အဟီး
အမရေ..အင်းလေးကအဲဒီလိပ်စာလေးသိချင်ပါတယ် ..ကူညီပါနော် ..
Post a Comment