ဒုတိယကမ္ဘာစစ်ပြီးစ အီတလီမှာ စီးပွါးရေးကပ်ဆိုက်ခဲ့တယ်။ ဂျော့ခ်ျလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် က အလုပ်ထွက်ရှာပြီး အိမ်ရဲ့စားဝတ်နေရေးကို ကူညီဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကံကောင်းစွာနဲ့ ကုန်စုံဆိုင်တစ်ဆိုင်က ဝန်ထမ်းအလိုရှိကြောင်းတွေ့တာနဲ့ ဂျော့ခ်ျအလုပ်သွားလျှောက်ခဲ့တယ်။ ဒါပေမယ့် သူ့လိုပဲ အလုပ်လျှောက်တဲ့လူ (၈)ဦးရှိနေခဲ့တယ်။
ကုန်စုံဆိုင်သူဌေးက အလုပ်လျှောက်သူတွေကို ကြည့်ပြီး "မင်းတို့က လိမ္မာထက်မြက်သူတွေပါ။ ဒါပေမယ့် ဆိုင်မှာ ဝန်ထမ်းတစ်ဦးပဲ အလိုရှိခဲ့တယ်။ ဒီလိုလုပ်ရအောင် မင်းတို့ကို ပြိုင်ပွဲလေးတစ်ခုလုပ်ပေးမယ်။ နိုင်တဲ့သူ ဒီအလုပ်ကိုရမယ်" လို့ပြောပြီး လွယ်ကူတဲ့ကစားနည်းတစ်ခု လုပ်ပေးခဲ့တယ်။
ကစားနည်းက ဆိုင်အပြင်ဘက် တိုင်တစ်တိုင်မှာ အမှတ်တစ်ခုလုပ်ပြီး အဲဒီအမှတ်ကို ပေးထားတဲ့ဂေါ်လီ (၁ဝ)လုံးနဲ့ တစ်လှည့်စီ ပစ်ခိုင်းတာဖြစ်တယ်။ "ဒီမျဉ်းပေါ်ရပ်ပြီး တိုင်ပေါ်ကအမှတ်ကို အချက်ရေများများ ထိအောင်ပစ်နိုင်တဲ့သူ အလုပ်ရမယ်" လို့ သူဌေးကဆိုတယ်။
အဲဒီလိုနဲ့ တစ်နေတာကုန်သွားတယ် တစ်ယောက်မှ ထိအောင်မပစ်နိုင်ခဲ့ကြဘူး။ ဒါနဲ့ သူဌေးက သူတို့ကို နောက်တစ်ရက်မှ ထပ်လာပြီး ပြိုင်ဖို့ပြောခဲ့တယ်။ နောက်တစ်ရက်မှာ ဂျော့ခ်ျအပါအဝင် ကောင်လေး(၄)ယောက်ပဲ လာခဲ့တယ်။ ဒါကိုသူဌေးတွေ့တော့ "အင်း.. မင်းတို့မဆိုးဘူး။ ပြိုက်ဖက်ငါးယောက်ကို မပြိုင်ဘဲ နိုင်လိုက်ပြီ" လို့ပြောတယ်။
(၄)ယောက်သား ဂေါ်လီနဲ့တိုင်အမှတ်ကို ပစ်ကြပြန်တယ်။ ရှေ့ကသုံးယောက်လုံး ထိအောင်မပစ်နိုင်ခဲ့ကြဘူး။ ဂျော့ခ်ျအလှည့်ရောက်တော့ ဂျော့ခ်ျဟာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အမှတ်ကို သေချာကြည့်ပြီး ပစ်ခဲ့တယ်။ ဂေါ်လီ(၁ဝ)လုံးမှာ (၆)လုံးက အမှတ်ကိုထိအောင် ပစ်နိုင်ခဲ့လို့ အလုပ်ရသွားခဲ့တယ်။
ပြိုင်ပွဲဝင်သူတွေက ဂျော့ခ်ျကို "မင်း သိပ်ကံကောင်းတယ်" လို့ဆိုတယ်။ ဒါကို ဂျော့ခ်ျကအပြုံးနဲ့ "မနေ့ညတစ်ညလုံး ကျွန်တော်မအိပ်ဘဲ ဂေါ်လီပစ်ကျင့်နေခဲ့တယ်။ ဒါက ကျွန်တော် ကြိုတင်ပြင်ဆင်တဲ့ အကျိုးပဲဖြစ်မယ် ထင်ပါတယ်" လို့ ပြောလိုက်တယ်။
အောင်မြင်ခြင်းက ရုတ်တရက်ဖြစ်လာတာ မဟုတ်သလို ကံကြောင့်လည်း မဟုတ်ပါဘူး။ အခွင့်ကောင်း ရောက်မလာခင် ကြိုတင်ပြင်ဆင်ထားခြင်းပဲဖြစ်ပါတယ်။
မူရင်း-- http://share.youthwant.com.tw (誰能勝出)?
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

7 comments:
မစနေရေ ဖတ်ပြီး အားတွေရှိသွားသလိုပဲ ဟားးးးးးးးး
"အောင်မြင်ခြင်းက ရုတ်တရက်ဖြစ်လာတာ မဟုတ်သလို ကံကြောင့်လည်း မဟုတ်ပါဘူး။ အခွင့်ကောင်း ရောက်မလာခင် ကြိုတင်ပြင်ဆင်ထားခြင်းပဲဖြစ်ပါတယ်။"
အစ်မစနေရဲ့ ပို့စ် တစ်ခုတိုင်းမှာ တစ်ကြောင်းတော့ စိတ်ထဲ စွဲအောင် ပေးထားခဲ့တတ်တယ်...
နံပါတ်တစ်။ သဘောကျ ခေါင်းညိတ်ပြီး ပြုံးပြီး ပြန်သွားပါ၏။ နိုင်းနိုင်းညီမ ကိုယ်ကျမ်းမာ စိတ်ချမ်းသာပါစေ။ :) :)
ကောင်းလိုက်တဲ့ ပို့စ်လေး။ နောက်ဆုံးမှာ ယူစရာတစ်ခုကိုကျကျနနပေးသွားတယ်။
ကျေးဇူး မနိုင်းရေ အရာရာကို လုပ်တော့မယ်ဆို ကြိုတင်ပြင်ဆင်တတ်အောင် မွေးမြူရဦးမယ်း)
လေးစာလျက်
တောင်ပေါ်သား
ဒီပို့စ်ကပြောချင်တာလေး သိပ်မှန်ပါတယ်
"Luck is what happens when preparation meets opportunity.”
Seneca
CNL!
Post a Comment