မြို့ကြီးမှာမနေကြတဲ့ ရှမ်း၊ တရုတ်.. စတဲ့လူမျိုးတွေ ဗမာစကားကောင်းကောင်း မတတ်ကြဘူး။ တောင်ကြီး၊ မန္တလေးမှာနေကြတဲ့ တရုတ်တွေက ဗမာစကားကောင်းကောင်းပြောတတ်ပေမယ့် လားရှိုး၊ မူဆယ်ဘက်က လူငယ်ပိုင်းတွေတောင် ဗမာစကားကောင်းကောင်း မတတ်ကြဘူး။ ပြောတတ်တဲ့တချို့ကလည်း ပြောလိုက်ရင် ပြောင်းတီးပြောင်းပြန် ကိုယ့်စကားနဲ့တိုက်ရိုက် ဘာသာပြန်ပြီး ပြောကြသူတွေလည်းရှိတယ်။ လားရှိုးက ကျွန်မသူငယ်ချင်းတစ်ယောက် ဆယ်တန်းအောင်ပြီး ကွန်ပြူတာတက္ကသိုလ် အဆင့်မီတယ်သာပြောတယ် ဗမာစကားကို လည်လည်ဝယ်ဝယ် မပြောတတ်ဘူး။ စာဖတ်တတ်ပြီး အဓိပ္ပါယ်နားမလည်ဘူး။ တစ်ခါခါ သူတို့ထက် ဗမာစကားကိုပိုပြောနိုင်လို့ သူတို့ကြားမှာ မဆီမဆိုင် ကိုယ့်ကိုဂုဏ်ယူမိသေးတယ်။
ဗမာကျောင်းနေပြီး ဗမာစကားသေချာမပြောတတ်တဲ့ လူငယ်တွေ လားရှိုး၊ မူဆယ်၊ တာချီလိတ်ဘက်မှာရှိသလို လူကြီးတွေလည်းရှိတယ်။ လူကြီးတွေကသိတဲ့အတိုင်း မှတ်ဥာဏ်တွေက ကလေးတွေလောက် မကောင်းတဲ့အပြင် အသံကလည်း ဝဲနေသေးတယ်။ ဗမာစကားပြောတဲ့အခါ ရှမ်းဆိုရင် ရှမ်းသံဝဲပြီး တရုတ်ဆိုရင် တရုတ်သံ၊ ပအိုဝ့်ဆိုရင် ပအိုဝ့်သံတွေဝဲနေတတ်သေးတယ်။ အဲဒီဘက်ပိုင်း ရောက်ဖူးတဲ့သူတွေ သိကြမှာပါ။
အဲဒီလိုဝဲပြီး ဗမာစကားမပီကလာ ပြောတတ်တဲ့အထဲမှာ ကျွန်မအဘိုးလည်းပါတယ်။ အဘိုးက မနက်အစောကြီးထတတ်တယ်။ သူထရင် တစ်အိမ်လုံးကို ခေါ်နှိုးတတ်တယ်။ အဲဒီမှာ ညရောက်ရင် သူကအလုပ်သမားတွေကို အရင်မှာထားတတ်တယ်။ မနက် (၅)နာရီနှိုးမယ်နော်.. စောစောထပေါ့။ ဒါကို ဗမာလိုပြောတော့ "စောစောထ မနက်ငါးနာရီ ငါလာ-ိုးမယ်"တဲ့။ "နှိုး" လို့ ဘယ်လိုသင်ပေး သင်ပေး လူအိုဆိုတော့လည်း သင်တုန်းခဏပါပဲ။ နောက်တော့လည်း ငါလာ-ိုးမယ်လို့ ပြန်ဖြစ်သွားရော...
အဲဒီလို ကျွန်မအဘိုးက မပီကလာနဲ့ မတတ်တဲ့ကြားထဲ ဗမာစကားပြောရင် မတတ်တဲ့စကားလုံးကို တရုတ်လိုညှပ်ပြောလိုက်၊ ရှမ်းလိုညှပ်ပြောလိုက်နဲ့ လုပ်တတ်သေးတယ်။ မတတ်ရင် မပြောနဲ့ဆိုတော့လည်း စိတ်မြန်လက်မြန်မို့ လူများမပြောခင် သူကဦးအောင်ပြောချင်သေးတယ်။ တစ်ခါကလည်း ဈေးထဲတံမြက်စည်းသွားဝယ်တော့ တံမြက်စည်းရောင်းတဲ့ အဒေါ်ကြီးကို "အစ်မ.. စောက်ပါဘယ်လောက်ရောင်းလဲ"တဲ့။ ဟိုက နားမရှင်းလို့ ထပ်မေးတော့လည်း "အစ်မ.. စောက်ပါဘယ်လောက်ရောင်းလဲ"လို့ ထပ်ပြောတယ်။။ "ဟဲ့.. အဘိုးကြီး သေခါနီးနေတာတောင် ဘာလာမေးနေလဲ" လို့ အဒေါ်ကြီးစိတ်တိုပြီးထအော်မှ ကျွန်မတို့က "စောက်ပါဆိုတာ တရုတ်လို "တံမြက်စည်း"ကိုခေါ်တာ"လို့ အမြန်ရှင်းပြလိုက်ရတယ်။
အဲဒီလို သူ့ဘာသာစကားနဲ့ ကိုယ့်ဘာသာစကား အလွဲလွဲအချော်ချော် ဖြစ်တဲ့အခါလည်း ရှိတတ်သေးတယ်။ ဒီတာချီလိတ်ဘက်မှာဆိုရင် မြန်မာကျောင်း(၄)၊(၅)တန်းရောက်ပြီး ဗမာစကားကောင်းကောင်း မပြောတတ်တဲ့ ရှမ်းကလေးတွေ တော်တော်များတာတွေ့ရတယ်။ တချို့က ယိုးဒယားကျောင်းပဲတက်တော့ ဗမာစကားကို ထမင်းစား၊ ရေသောက်လောက်တောင် မပြောတတ်ကြဘူး။
ဒီဘက်မှာက မယ်သီလရှင်တွေ မရှိသလောက်ရှားတယ်။ ကျွန်မတို့တောင်ကြီးဘက်ကလို အလှူခံတဲ့သီလရှင်တွေ ဒီမှာမတွေ့ရဘူး။ သီလရှင်တွေအုပ်စုလိုက် အလှူခံတာကိုပဲ ကြာကြာမှတစ်ခါ တွေ့ရတတ်တယ်။ တစ်ခါက သီလရှင်တွေ အုပ်စုလိုက်အလှူခံနေတာကို ကျောင်းသူတစ်ယောက်ကတွေ့တော့ ကျွန်မကိုမေးတယ်။ "ကတုံးတုံးပြီး အဲဒီလိုဝတ်ထားတာ ဘာလူမျိုးလဲ"တဲ့။ မသိလို့မေးတယ်ဆိုတော့ ကျွန်မလည်းရှင်းပြပါတယ်။ "အဲတာလူမျိုးမဟုတ်ဘူး.. မယ်သီလရှင်လို့ခေါ်တယ်"လို့..." ဒါနဲ့ မယ်သီလရှင်ဆိုတာ ဘာလဲ"တဲ့။ "ဘုန်းကြီးလိုပဲ ယောက်ျားဆိုရင် ဘုန်းကြီး၊ မိန်းမဆိုရင် မယ်သီလရှင်လို့ခေါ်တယ်"လို့ ကလေးနားလည်လွယ်အောင် ကျွန်မပြောပြလိုက်တယ်။ တအောင့်နေတော့ သီလရှင်တွေအလှူခံပြီး လှည့်ပြန်လာတော့ ကျောင်းသူတစ်ယောက်က မေးပြန်တယ်။ "အဲဒါ ဘာလူမျိုးလဲ"ပေါ့။ ကျွန်မပြောပြထားတဲ့ ကျောင်းသူက သူမှတ်မိသလောက် အလောတကြီးပြန်ဖြေပါတယ်။ "အဲတာ ဘုန်းကြီးမတွေ"တဲ့။ ကျွန်မမှာ ရယ်အားထက်ငိုအားသန်ခဲ့ရတယ်...
အဲဒီလို ကိုယ့်ဘာသာစကားနဲ့ကိုယ်မှတ်ပြီး ပြောတဲ့အထဲမှာ ကျွန်မတူမလည်းပါတယ်။ သူတို့က ဒီမှာကြီးပြင်းသူတွေ ပြီးတော့ ယိုးဒယားကျောင်းပဲ တက်သူတွေဆိုတော့ ထုံးစံအတိုင်း ရှမ်းနဲ့ယိုးဒယားစကားပဲ သူတို့လည်လည်ဝယ်ဝယ်တတ်တယ်။ တစ်ခါက တူမတစ်ယောက်ကို အဒေါ်က သူတို့အိမ်နောက်ကကြက်ဆိုင်မှာ ကြက်တစ်ကောင်သွားဝယ်ခိုင်းတယ်။ ကြက်ဖဝယ်ခဲ့နော်လို့လည်း သေချာမှာလိုက်တယ်။ ကြက်မဆိုတာလောက်ပဲ သူသိတယ်.. ကြက်ဖဆိုတာ ကြက်ထီး၊ ကြက်ထီးဆိုတာ ကြက်ဖမှန်းသူမသိဘူး။ ရောင်းတဲ့ဆိုင်ရောက်တော့ မပီကလာဗမာစကားနဲ့ သူပြောပါတယ်။ "အဒေါ်.. ကြက်ယောက်ျားတစ်ကောင်ပေး"တဲ့...
ဒီမှာရာသီဥတု စပြောင်းပါပြီ.. နေ့လယ်နေ့ခင်းဆိုရင် ပူလာပါပြီ။ ရာသီဥတုပူရင် ကျွန်မဦးနှောက်နာတတ်ပါတယ်.. ဦးနှောက်နာနာနဲ့ ပေါက်ကရတွေ လျှောက်ရေးမိပါတယ်။ ဖတ်မိခဲ့ရင် သည်းခံကြပါ...
နိုင်းနိုင်းစနေ

26 comments:
အမ ဦးနှောက်နာတယ် ဆိုတာ ဘာလဲဟင်။
အမလဲ သူတို့တွေနဲ့နေတော့ သူတို့လို ဖြစ် သွားပီလား :P
ရှမ်းတရုတ်တွေ မြန်မာစကား ပြောင်းပြန် ပြောတာ ကြုံဖူးတယ် :)
ဦးနှောက်နာတယ်ဆိုတာ ဘာလဲဟင်
ခေါင်းကိုက်တာကို ပြောတာလား
ဘာသာစကား မတူကြတာလေးတွေက တစ်ခါတလေ ရယ်စရာလေးတွေ ဖြစ်ရတယ်နော်..
မနိုင်းနိုင်း ဒီပို့စ် ကို ဖတ်ပြီး ရင်ထဲမှာ နင့် သလို ခံစား ရတယ် အကြောင်း မြန်မာ တိုင်းရင်းသား တွေက မြန်မာစကားထက် ယိုးဒယားစကား၊ တရုတ် စကား ကို ပိုတက် နေတယ် ဆိုလို့ ပါ...
ဒီပို့စ်လေးကိုတော့ သဘောကျသွားပြီး မနိုင်းရေ့၊ များများရေးနိုင်ပါစေဗျား၊ အားပေးလျှက်ပါ။
မောင်းမကန်သား
ဒီပို့စ်ဖတ်ရတာ စိတ်မကောင်းဘူး :( ဗိုလ်ချုပ်အောင်ဆန်းကိုတောင် သွားပြီးအားနာမိတယ်
header ပုံက လန်းတယ် အစ်မရေ.. :)
“ဘုန်းကြီးမ”နဲ့ “ကြက်ယောက်ကျား”ကိုတော်တော်သဘောကျသွားတယ်.. အစ်မရေ..
ကလောဘက်က ပအို့ကလေးတွေကိုသွားသတိရမိတယ်...
滿不錯的啦 是一則令人莞爾的故事
同樣是中國人 不同省份的 講方言的時候 也會發生類似的笑話 謝謝你的分享囉
加油!!!
ဟား၂၂... ဦးနှောက်နာတယ်တဲ့ လုပ်ချလိုက်ပြန်ပီ...ခေါင်းကိုက်တယ်လို့ပြောချင်တာထင်တယ်...
M
ဟားဟား....ရီရတယ်။
ဘ၀ အမောပြေလေးတွေပေါ့ :)
ငိုအားထက် ရယ်အားသန် ဟုတ်ဘူးလား။ မသိလို့ နော်။
မ ၉၉ေ၇
လာဖတ်နေပေမဲ့အခုမှေ၇းဖြစ်ပါတယ်။
အခုဖတ်ပြီးSmileသွာ;၇လို့ကျေးဇူးပါ ။
:0
ဦးနှောက်နာတယ်ဆိုတာ တူမလေးပြောတဲ့ ခေါင်းကိုက်တာကိုပြောတာပါ...
ကြီးလာရင်တော့ တချို့တွေက ဗမာစကားကို တဖြေးဖြေးတတ်သွားကြတယ်။ အသက်ကြီးပြီး မတတ်တဲ့လူတွေလည်း အများကြီးပေါ့...
ဝေရေ.. အခွင့်ကြုံရင် တစ်ခါလောက်လာကြည့်ပါ..
အသေးစိတ်လိုက်ကြည့်ရင် ဗမာစကားမတတ်တာထက် ရင်နင့်စရာတွေက အများကြီး..
ငိုအားထက်ရယ်အားသန်က အမှန်ဖြစ်မယ်ထင်ပါတယ်။ သူတို့စကားကြားပြီး ရယ်မယ့်အစား ငိုချင်သွားလို့ ကျွန်မရယ်အားထက် ငိုအားသန်သွားရတာပါ...
အားလုံးးးးးးးကျေးဇူးးးးးးးး)
မနိုင်းရေ..
ပြုံးရွှင်စွာ ဖတ်သွားပါတယ်..
ဒီလို ရယ်ရွှင်ပြုံးစရာ အဖြစ်တွေက ဘဝအမောကို တကယ်ပြေစေပါတယ်..။
ရယ်လိုက်ရလို့ ကျေးဇူး..း))
ကျနော်လည်း တွေ့ဖူးသေးတယ်.. ကချင်တိုင်းရင်းသားတစ်ယောက်ပေါ့..
ဘယ်သွားမလို့လဲလို့မေးတာကို အသုဘအိမ်သွားမလို့ ဆိုတာ မပြောတတ်တော့ “လူသေအိမ်သွားမလို့” တဲ့.. ပြောပုံက..း)) ချစ်စရာပြုံးစရာလေးတွေပေါ့..။း)
ပြောသာပြောရတာ ကျနော်လည်း ခပ်ဝဲဝဲထဲကပဲဗျ..း))
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
ဟုတ်တယ်နော်...သူတို့စကားဝဲတာလေးက အဲဒီမှာနေတဲ့သူလောက်ပဲ နားလည်ကြတာ..။
ခင်မင်စွာဖြင့်
မိုးငွေ့
ညီမသူငယ်ချင်းရှမ်းတရုတ်တွေရှိတယ်..သူတို့စကားပြောလို့သတိထားကြည့်မိတယ်..ဥပမာ အလုပ်ကူလုပ်တယ်လို့ပြောရင် ..သူတို့က လုပ်ကူတယ်တဲ့..ထမင်းအတူတူစားရင်လဲ စားကူပေးတယ်တဲ့(အဟီး စာကူပေးတာတော့မဟုတ်ဘူး..) ။ မဝေပြောသလို မြန်မာတိုင်းရင်းသားတွေမြန်မာစကားထက် ယိုးဒယားတရုတ်ပိုတတ်တယ်ဆိုတာ အမေရိကားရောက်သွားတဲ့ မြန်မာကလေးတွေ မြန်မာဆိုတာလုံးဝမေ့တာထက်စာရင်တော်ပါသေးတယ်အမရယ်။ ညီမတို့တောင် ရန်ကုန်နေပြီး တရုတ်တွေများလာလို့ တရုတ်စကားကို အသက်ကြီးမှ ထသင်နေရသေးတာပဲလေ . Globalization ကြောင့်ဆိုပြီး တရားနဲ့သာဖြေပါတော့။
:)
အိမ်မှာ အဖိုးနဲ့ အဖွားက ဖုန်းလာရင် ခေါ်ပေရမယ့်အိမ်ကနဲနဲလှမ်းရင် နောက်နာရီတဝက်နေမှ ပြန်ခေါ်လို့ပြောတတ်ပါတယ်။ နာရီတဝက်ဆိုတော့ တဖက်ကလူက နောက်၆နာရီကြာမှပြန်ခေါ်ရမလားပေါ့။ ဘာလဲနာရီတဝက်။ မိနစ်၃၀ကို ပစ္စည်းတွေကို တဝက်ဝက်သလို နာရီတဝက်လို့ပြောပါတယ်။ ပီးတော့ ပူးတေတို့က ကလေးတွေကိုဆိုရင် ငိုလာတဲ့အထိစတတ်ပါတယ်။ ပူးတေတို့ အဖိုးတွေ အဖွားတွေက ကလေးကို ဘယ်တော့မှ အငိုမခံပါဘူး။ အဲဒါဆိုရင် ပူးတေအဖိုးက မင်းကောင်ကွာ ကလေးကို အီအောင်မလုပ်ဖူး။ ငိုအောင်လုပ်တယ်တဲ့။ ပူးတေတို့ကလဲ ဒါဆို ကလေးအီအောင် ဝက်သားကျွေးလိုက်မယ်လို့။ အမှန်က အဖိုးပြောချင်တာက ကလေးကို ရီအောင်မလုပ်ဘူး ငိုအောင်ပဲလုပ်တယ်လို့ပြောချင်တာပါ။
:D
ဘာသာစကားနဲ့ တိုက်ဆိုင်လို့ အိမ်ကအကြောင်းလေးတွေပြောပြတာပါ။ ခုထိ တခါတလေ ပူးတေတို့အိမ်က အသုံးနှူန်းတွေကို သူများတွေ နာမလည်တာတွေရှိသေးတယ်။
:)
ဓလေ့လေးတွေကို စိတ်ဝင်စားဖွယ် သိခွင့်ရလိုက်ပါတယ်။
ကျေးဇူးပါ မနိုင်း။
မြသွေးနီ
ကိုယ်တိုင်လည်း တိုင်းရင်းသူဖြစ်တဲ့ အတွက် အဲဒီလို ဘာသာစကား ကွဲပြားတဲ့ အဖြစ် ၊ လေသံဝဲတဲ့ အဖြစ်တွေကို ကြုံနေရတာမို့ နားလည်နိုင်ပါတယ်.. နေထိုင်ရာ ဒေသ မတူရင် စကားပြောတဲ့ လေယူ လေသိမ်းကလဲ ကွဲပြားသွားတာပါဘဲ... ဘာဘဲဖြစ်ဖြစ် သူ့ဟာနဲ့ သူတော့ ချစ်စရာကောင်းကြပါတယ်..
အမရေ
ဦးနှောက်နာပေမယ့် ပို့ စ်အသစ်တွေတော့ အမြဲတင်ပါနော်
အညာသားတွေ စကားအသုံးအနှုန်းနဲ့ မြေလတ်သား၊ အောက်သားတွေ ကွဲသလိုပေါ့။ ငိုစရာတော့ မဟုတ်ပါဘူး။ ချစ်စရာပါ။
တိုင်းရင်းသားတွေ ဒီလိုသုံးတဲ့ စကားတွေက မြန်မာစကားသစ်လဲ ဖြစ်သွားနိုင်တာပဲ။ ဒီစကားကိုရော ဒီနိုင်ငံကိုရော သူတို့ တန်းတူပိုင်တယ်လေ။ သူတို့ လွယ်သလို သုံးမှာပေါ့။
ဒီခေတ်မှာ ကိုယ့်နှမကိုယ် ညီမလေးလို့ ခေါ်တာ စာရေးဆရာမကြီး တစ်ယောက်က မကြိုက်လို့ ဆောင်းပါးမှာ ရေးဖူးတယ်။ ညီမဆိုတာ မိန်းကလေး ညီအစ်မချင်းမှ သုံးရတာ၊ ယောက်ျားလေးက သုံးရင် မိန်းမရှာလား ထင်စရာ ဖြစ်မယ်ဆိုပြီး။ ဒါပေမယ့် ဒီခေတ်မှာ ကိုယ့်ထက်ငယ်ရင် ညီမပဲ သုံးကြတာ ထုံးစံ ဖြစ်သွားပြီပဲ။ ယောက်ျားလေး ကိုယ့်ထက်ကြီးရင်လဲ မိန်းမလေးက မောင်ကြီး မခေါ်ဘဲ အစ်ကိုခေါ်တာ ရိုးသွားပြီပဲ။
မြစ်ကြီးနားမှာကျောင်းတက်တုန်းကပေါ့၊တိုင်းရင်းသား ကျောင်းသားတစ်ယောက်ကိုဆရာမက မိဘတွေ့ဖို့ လို အပ်လို့ခေါ်ခိုင်းပါတယ်။ ကျောင်းသားသူ့ အဖေကိုခေါ် ခဲ့ပါတယ်။ဆရာမဆီကိုရိုရိုကျိုးကျိုး လှမ်းလာတယ် ပြီးတော့ ဟေ့ကောင်ဆရာမ.. ငါပြောတဲ့ အဖေဆိုတာ ဒီကောင်ပဲဆိုပြီး လေးလေးစားစားပြောရှာတယ်...
ဟဟ.. မမရေ..
တကယ်ရီရတယ်နော်.. comment တွေ ဖတ်ရတာလည်း ရီရတယ်..
simpleရဲ့comment ဆို အရမ်းရီဖို့ကောင်းတာပဲ ..
ကျေးဇူးပါမမ..
လေးစားစွာဖြင့်
အိ
မနိုင်းရေ..
ကော်မန့်တွေမှာ မျှဝေကြတာလေးတွေလည်း ပြုံးစရာ မှတ်သားစရာလေး ဆိုတော့ ကျနော် သိထားတာလေး တစ်ခုလည်း ထပ်ပြီး မျှဝေချင်လို့..
မနိုင်းတို့ဖက်က အင်းသားတစ်ယောက်ပြောပြတဲ့ ရယ်စရာ အဖြစ်အပျက်ပါပဲ..
ကျောင်းမှာတဲ့ Assembly တန်းစီကြတာတဲ့ အင်းသားတစ်ယောက်က အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုဖို့ အရှေ့ထွက်ပြီး တိုင်ပေးတယ် တဲ့.. သူ့အော်ပုံက..
အားလုံးးး ခြေမနှစ်ချောင်းပူးးးး
(အားလုံး သတိ.. ဆိုတာ သူတို့ အသုံးက ခြေမနှစ်ချောင်းပူး တဲ့..) ပြီးတော့
ကျရှုံးလေပီသော လူခဲ ကိုးဦအား ခေါင်း ညိတ်
အားလုံး ခေါင်းတွေ ငုံ့ပြီး ငြိမ်နေတယ် တဲ့.. ခဏလေးနေတော့..
ခေါင်းးးး မော့ တဲ့း)
အလေးပြုဆိုတာ သူတို့ အသုံးက ခေါင်းညိတ် တဲ့
ခေါင်းမော့ ဆိုတာကတော့ နေမြဲ လုပ်ခိုင်းတာပေါ့..း))
လူခဲ ကိုးဦး ဆိုတာကတော့ အာဇာနည်ခေါင်းဆောင် ကိုးဦးကို ဆိုလိုတာ တဲ့..
ဘာရယ်မဟုတ်.. မျှဝေလိုက်ပါတယ်..း))
ပျော်ရွှင်ပါစေ..
ခင်မင်စွာ
Post a Comment