Sunday, February 07, 2010

ပန်းရောင်ကမာကောင်ရဲ့ ရာဇဝင်


"ကောင်လေး... ကမာကောင်ရဲ့ ရာဇဝင်ကိုသိလား? ကြားဖူးတာတစ်ခုက ပန်းရောင်ကမာကောင်ရဲ့ ဆက်နေတဲ့အခွံနှစ်ခုကို ချစ်သူနှစ်ယောက် ပင်လယ်ထဲအတူပစ်ချခဲ့ရင် အဲဒီချစ်သူနှစ်ဦး ရာသက်ပန်ပေါင်းရတယ်တဲ့"

"အူကြောင်ကြောင်နဲ့ ကောင်မလေးရယ်! ဒီလိုရာဇဝင်ကိုလည်း ယုံသတဲ့လား! စိတ်ချပါ... ဒီလိုကမာကောင်မရှိလဲ ငါတို့နှစ်ယောက် ရာသက်ပန်ပေါင်းရမှာပါ။ ပေါင်းရအောင်လဲ ငါကြိုးစားမယ်။ နင်အတွေးမများနဲ့နော် ကောင်မလေး!"

"အင်း... ငါတို့ ကမာကောင် မလိုပါဘူးနော် ကောင်လေး"

ကောင်လေးရဲ့အပြောကို ကောင်မလေးက ခပ်ပြုံးပြုံးပြန်ဖြေတယ်။

*****************

လအနည်းငယ်အကြာမှာ ကောင်မလေးပျောက်သွားခဲ့တယ်။ ဖုန်းလည်း ဆက်သွယ်လို့မရ၊ အိမ်လည်း သော့ခတ်လို့ ကောင်မလေးတစ်ယောက် ခြေရာဖျောက်သွားခဲ့တယ်။ ကောင်မလေးကို ကောင်လေး အတတ်နိုင်ဆုံး လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။ သူ့ကို ကောင်မလေး လှည့်စားလိမ်ညာသွားပြီလို့ ကောင်လေးမျှော်လင့်ချက်မဲ့ ထင်ခဲ့တယ်။ မကြာပါဘူး.... ကောင်မလေးကို လွမ်းတဲ့စိတ်နဲ့ ကောင်လေးပေတေခဲ့တယ်။ အရက်သောက်တယ်၊ ရန်ဖြစ်တယ်။

*****************

"သူ့ကို မပြောပြတာကို နင်နောင်တမရဘူးလား?"

ကောင်မလေးရဲ့ သူငယ်ချင်းက ကောင်မလေးကိုမေးတယ်။

"အင်း... မရပါဘူး။ ငါ့မှာရောဂါရှိကြောင်း သူ့ကိုမသိစေချင်ဘူးလေ.. ဒါကြောင့် ငါပုန်းရှောင်နေတာ"

"သူငိုမှာစိုးလို့လား? သူစိတ်မကောင်းမှာ စိုးလို့လား?"

"အင်း... " သူငယ်ချင်းရဲ့အမေးကို ကောင်မလေးခေါင်းညိတ်ရုံသာ အဖြေပေးနိုင်ခဲ့တယ်။

"နင်မရှိတော့မှ သူ့ကို ငါပြောပြရမလား?"

ဒီအမေးကို ကောင်မလေးဖြေနိုင်စွမ်း မရှိခဲ့ဘူး။ သူငယ်ချင်းကို ဗွီဒီယိုရိုက်စက်ယူခိုင်းပြီး သူ့ကို ဗွီဒီယိုရိုက်စေခဲ့တယ်။

"ရိုက်ပြီးရင် ဒီခွေသူ့ကို ပေးပေးပါနော်"

*****************

ကောင်လေးရဲ့မွေးနေ့မှာ ကောင်မလေးရဲ့သူငယ်ချင်းရောက်လာခဲ့တယ်။

"ရော့... ဒါ နင့်အတွက်"

"ငါ့မွေးနေ့ လက်ဆောင်လား! နင်ကလဲ အားနာစရာဟာ၊ ငါ့ကို နောက်ဖို့တော့မဟုတ်ပါဘူးနော်"

"ဒီခွေကို နင်ကြည့်ပြီးရင် သိလိမ့်မယ်"

ကောင်မလေးရဲ့သူငယ်ချင်းက မျက်ရည်အဝဲသားနဲ့ ပြောတယ်။

သူငယ်ချင်းရဲ့အပြုအမှုကြောင့် ကောင်လေးတစ်ချက်မှင်သက်သွားတယ်။ အိမ်ရောက်ရောက်ချင်း အခွေကို သူဖွင့်ကြည့်တယ်။ ခွေထဲမှာ ကောင်မလေးရဲ့ အရိပ်ကိုမြင်တယ်။ လူနာကုတင်ပေါ်မှာ ကောင်မလေး ခပ်ပြုံးပြုံးထိုင်ရင်း စကားစတယ်။

"ကမာကောင်ရဲ့ ရာဇဝင်ကို မှတ်မိသေးလား ကောင်လေး? ပန်းရောင်ကမာကောင်ကို ငါသွားရှာသေးတယ်။ ရှာလို့လည်း မတွေ့ခဲ့ပါဘူး။ ငါ့ကို အူကြောင်ကြောင်နဲ့ဆိုပြီး နင်ပြောဦးမလား? ပန်းရောင်ကမာကောင်ကို ငါအရမ်းရှာတွေ့ချင်တယ်။ နင်နဲ့ငါ ရာသက်ပန်အတူနေချင်လို့ပါ.... "

သက်ပြင်းခပ်တိုးတိုးလေးတစ်ချက် ကောင်လေးချမိတယ်။ အခွေထဲက ကောင်မလေးရဲ့ဆို့နင့်သံက လွှင့်ပျံလာပြန်တယ်။

"ငါရှောင်ပုန်းနေလို့ ငါ့ကို နင်အရမ်းမုန်းမိမှာပဲနော်။ နင့်ကိုငါ လှည့်စားသွားပြီလို့ နင်ထင်နေမှာပဲ။ ငါဘာဖြစ်လို့ ကမာကောင် သွားရှာခဲ့လဲ နင်သိလားကောင်လေး! နင်နဲ့ ရာသက်ပန်အတူနေဖို့ ငါ့မှာ ကိုယ်ပိုင်အင်အား မရှိလို့ပါကောင်လေး..

ငါ အစာအိမ်ကင်ဆာရောဂါ ခံစားနေရတယ် ကောင်လေး! နှစ်ဝက်တောင် အသက်မရှင်နိုင်တော့ဘူးလို့ ဆရာဝန်ကပြောတယ်။ ဒါကြောင့် နင့်ကိုငါ ရှောင်ပုန်းခဲ့တယ် ကောင်လေးရယ်။ နင့်ကိုငါ ပြောမပြတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ငါ့သူငယ်ချင်းက ငါမရှိတော့တဲ့နောက် နင့်ကိုသွားပြောပြမှာပဲ။ အဲဒီအချိန်ကျရင် သူ့စကားကို နင်ယုံမှာမဟုတ်ဘူး။ ဒါကြောင့် ငါခွေရိုက်ပြီးထည့်ပေးလိုက်တယ်။ နင့်အတွက် ငါ့ရဲ့နောက်ဆုံးစကားတွေပေါ့။ ဒီခွေကို နင်လက်ခံရရှိတဲ့အချိန် ငါ့အတွက် အချိန်ဘယ်လောက်မှ ကျန်တော့မှာမဟုတ်ဘူး။

"နင့်ကို ငါချစ်တယ်" ငါပြောခဲ့ပါရစေ.... အခုချိန်မှာ ငါဟာ ပန်းရောင်ကမာကောင်ကို အရမ်းလိုအပ်နေပါတယ် ကောင်လေးရယ်.."

ကောင်မလေးရဲ့ ကြေကြေကွဲကွဲအသံကြောင့် ကောင်လေးမျက်ရည်တွေ စိုတက်လာတယ်။ မျက်ရည်တွေပြည့်နေတဲ့ အကြည့်တွေကြားမှာ ကောင်မလေးရဲ့ပုံရိပ်ကို မှုန်ဝါးဝါးသာမြင်ရပြီး တိုးညင်းတဲ့အသံကိုပဲ ကောင်လေးကြားနေရတယ်။

"ကောင်လေး.... နင့်ကိုငါအရမ်းချစ်တယ်... ငါနှုတ်ဆက်ခဲ့ပါတယ်"

မျက်လုံးအိမ်မှာ ပြည့်နေတဲ့မျက်ရည်တွေက ကောင်လေးပါးပြင်ထက် တရဟောစီးကျလာခဲ့တယ်။

"ငါ မငိုခဲ့တာ တော်တော်ကြာပြီ ကောင်မလေးရဲ့..."

ခွေကိုစက်ထဲကထုတ်ပြီး ရင်ခွင်ထဲတင်းတင်းပွေ့ထားရင်း ကောင်လေးပြောတယ်။

"နင့်ကိုလဲ ငါအရမ်းချစ်တယ် ကောင်မလေးရယ်..."

**************

ရက်အနည်းငယ်အကြာမှာ ကောင်မလေးရဲ့သူငယ်ချင်းက ကောင်လေးကို သွားခေါ်ခဲ့တယ်။

"နင်တကယ်ပဲ ပန်းရောင်ကမာကောင်ကို ရှာတွေ့ခဲ့တာလား!"

"အင်း... ဟုတ်တယ်။ ဘယ်တော့မှ သူ့သူငယ်ချင်းတွေ သူ့ကိုဝင်တွေ့ခွင့်ပေးမလဲ?"

"အင်း.. အခုရပြီထင်တယ်.. လာ"

ကောင်မလေးရဲ့ အသုဘအခမ်းအနားထဲ ဝင်ပြီး ကောင်မလေးကို သူတို့ဝင်တွေ့ခဲ့တယ်။

ကောင်မလေးကိုတွေ့တော့ ကောင်လေးက "နင် မကောင်းဘူး... ငါ့ထက်အရင်ထွက်သွားခဲ့တယ်။ ပန်းရောင်ကမာကောင်ကို ငါရအောင်ရှာခဲ့တယ် ကောင်မလေး။ အခွံတစ်ခြမ်းကို ငါပင်လယ်ထဲ ပစ်လိုက်ပြီ။ ဒီအခွံတစ်ခြမ်းက နင့်အတွက်...."

ကောင်လေးက ပြောပြောဆိုဆို အခွံတစ်ခြမ်းကို မီးထဲပစ်ထည့်လိုက်တယ်။

"နင်လည်း ဒီအခွံကို ပင်လယ်ထဲပစ်လိုက်နော်။ ဒါမှနောင်ဘဝမှာ ငါတို့အတူတူ ထာဝရနေကြရမှာ"

သူ့အတွက် ကောင်မလေးထားခဲ့တဲ့ ဆွဲကြိုးကို ကောင်လေးနမ်းရှုံ့လိုက်ပြီး

"ဒီဆွဲကြိုးကို ငါတစ်သက်လုံးသိမ်းထားမယ်။ နင့်ကို ပန်းရောင်ကမာကောင်ပေးလို့ ပြန်ရတဲ့လက်ဆောင်အဖြင့် ငါ တစ်သက်လုံးသိမ်းထားမယ်။ နင်လည်း နင့်လက်ထဲက လက်စွပ်ကို ဘယ်တော့မှ မချွတ်နဲ့နော်... နင့်ကို ငါချစ်တယ် ကောင်မလေး.... ပန်းရောင်ကမာကောင်ရဲ့ ရာဇဝင်ကိုလည်း ငါဘယ်တော့မှ မမေ့ပါဘူး။ နောင်ဘဝမှာ ငါတို့ရာသက်ပန် ပေါင်းဖက်ကြမယ် ကောင်မလေးရယ်...."

ပန်းရောင်ကမာကောင်ကို မြင်ဖူးပါသလား! ပန်းရောင်ကမာကောင်ရဲ့ ရာဇဝင်ကို ကြားဖူးပါသလား! မမြင်ဖူး၊ မကြားဖူးလည်း ချစ်သူတိုင်း ရာသက်ပန်ပေါင်းဖက်နိုင်ပါစေ...

မူရင်း-- google search or 貝殼ㄉ傳說

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

5 comments:

သူရဲကောင်းကြယ် said...

ပန်းကောင်ကမာကောင်လေးကို မတွေ့ဖူးပေမဲ့
ဒီဇာတ်လမ်းထဲက ဆို့နင့်ဖွယ် အချစ်ဇာတ်လမ်းလေးကတော့ ချစ်သူများနေ့မှာ
ကိုယ့်ချစ်သူကို အလေးနက်ဆုံးကတိတွေ ပေးဖို့
တွန်းအားပေးနိုင်ခဲ့ပါတယ်။

ကိုဇော် said...

ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် မနိုင်း။
ဒါပေမဲ့ ဒီလို စာတွေက လူတွေရဲ့ စိတ်ဓါတ်ကို ပျက်ပြားစေသလားပဲ။
ထုံးစံ ဆိုတာ ၊ ဆိုရိုး ဆိုတာ လူတွေက စလုပ်ခဲ့တာ ဆိုတော့ ဒီလို စိတ်ကူးတွေကို တကယ်သာ ထင်သွားရင် ...................... ရင်လေးမိလို့ပါ။

ခင်မင်စွာဖြင့်
ကိုဇော်

mgpyone said...

so touch .. :)

နိုင်းနိုင်းစနေ said...

ဟုတ်ကဲ့... နောက်ဆို ဆင်ခြင်ပါ့မယ် ကိုဇော်း)
ဂျပန်တွေမှာ ဒါမျိုးတွေအရမ်းများတယ်နော်...
ဒုတိယအင်္ကျီကြယ်သီးပေးရင် တစ်သက်လုံးချစ်ရတယ်ဆိုလား ရှိသေးတယ်...
မြန်မာမှာက ဒါမျိုးတွေမရှိတော့ ရင်လေးမိမယ်ဆိုလဲ လေးစရာပဲ... ကျွန်မဆင်ခြင်ပါ့မယ်.. ကျေးဇူး

David Blain said...

အားပေးနေဆဲပါ မနိုင်းရေ....