အိန်ဂျယ်လ် လူ့ပြည်ရောက်တုန်းက ပင်စီပန်းကိုနမ်းရှုံ့ခဲ့တယ်။ (၃)ကြိမ်နမ်းခဲ့လို့ အိန်ဂျယ်လ်ရဲ့ပုံက ပင်စီပန်းမှာ ထင်ကျန်နေခဲ့ပြီး အရောင်သုံးမျိုးဖြစ်ခဲ့တယ်လို့ ဆိုတယ်။ ဒါကြောင့် ပင်စီပန်းကို တွေ့မိသူတိုင်းက ပျော်ရွှင်တဲ့အဆုံးသတ်ကို ရနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပင်စီပန်းကို ကျွန်တော်အရမ်းတွေ့ချင်ခဲ့တယ်။ ပင်စီပန်းရှိတဲ့နေရာကို ကျွန်တော်အရောက်သွားပြီး ကျွန်တော်ဟာ ကျိန်စာသင့်ထားသူ ဟုတ်မဟုတ်၊ ပျော်ရွှင်ခြင်းကို ရနိုင်မရနိုင်ဆိုတာကို စမ်းကြည့်ချင်ခဲ့တယ်။
"ယုန်ကလေး"..... သူ့ကို ယုန်ကလေးလို့ ကျွန်တော်နာမည်ပေးခဲ့တယ်။ သူဟာ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတဲ့ မှော်ဆရာမလေးဖြစ်တယ်။ နာကျင်ကြေကွဲတယ်ဆိုတာ ဘာမှန်း သူသိပုံမရဘူးလို့ ကျွန်တော်ထင်တယ်။ တစ်ခါတလေမှာ သူငိုတယ်။ တစ်ခါတလေမှာ သူစိတ်လက် မကြည်မသာဖြစ်တယ်။ ဒါပေမယ့် တရေးနိုးလာတာနဲ့ အဲဒီစိတ်ညစ်စရာတွေကို သူလုံးဝ အမှတ်မရတော့ဘူး။ ပျော်ရွှင်ခြင်းက သူ့ရဲ့မူပိုင်ဖြစ်ခဲ့တယ်။
ကျွန်တော်ကပဲ သူ့ထက်ငယ်သလိုလိုနဲ့ ကျွန်တော့်ကို "ကောင်ကလေး" လို့ သူခေါ်တတ်တယ်။ တစ်ခါက အသက်ဥာဏ်စမ်းပုစ္ဆာတစ်ပုဒ်ကို ကျွန်တော်တို့ဝင်စမ်းတော့ ကျွန်တော့်အသက်က သူ့ထက်(၁၆)နှစ်တိတိ ကြီးနေခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ကို "ကောင်ကလေး"လို့ပဲ သူခေါ်ခဲ့တယ်။ ဘာကြောင့် သူဒီလိုခေါ်တယ်ဆိုတာကို ကျွန်တော်နားမလည်ပေမယ့် ကျွန်တော်နှစ်သက်ခဲ့တယ်။ သူလည်း နှစ်နှစ်လိုလိုခေါ်ခဲ့တယ်။
ညည ကျွန်တော်အိပ်မရမှန်း သူသိတယ်။ ညရောက်ရင် ကျွန်တော်စိတ်တွေထိုင်းမှိုင်းတတ်မှန်း သူသိတယ်။ ဒါကြောင့်ညတိုင်း ကျွန်တော့်ကို သူအဖော်လုပ်ပေးတယ်။ ပျော်စရာပုံပြင်လေးတွေပြောပြီး အေးစက်နေတဲ့ ကျွန်တော့်စိတ်ဝိညာဉ်ကို နွေးထွေးစေခဲ့တယ်။ ကျွန်တော့်ဒိုင်ယာရီထဲမှာ ကျွန်တော်ဒီလိုရေးခဲ့ဖူးတယ်။
"ငါ့အတွက် နည်းနည်းလေးသာကျန်တော့တဲ့ ပျော်ရွှင်ခြင်းကို ငါအမိအရ ဖမ်းဆုပ်ထားချင်မိတယ်။ ရေနစ်နေသူတစ်ယောက် လက်ထဲက ကောက်ရိုးတစ်မျှင်ကို တင်းတင်းဆုပ်ကိုင်ထားသလိုမျိုးပေါ့"
ဒါကို သူဖတ်ပြီး ကျွန်တော်ကိုပြောတယ်။
"ကောင်ကလေး... ငါအရမ်းကြောက်တယ်။ ငါဟာ နင်ဖမ်းဆုပ်မိထားတဲ့ ကောက်ရိုးတစ်မျှင်ဆိုပေမယ့် နင်ရေထဲနစ်သွားမှာကို ငါကြောက်ခဲ့တယ်"
"ယုန်ကလေး.. နင်က အဲဒီကောက်ရိုးတစ်မျှင် မဟုတ်ခဲ့ဘူး။ နင်က သစ်ရွက်လှေလေးတစ်စင်းပါ။ ငါ့ကို ကျယ်ပြန့်တဲ့ နာကျင်ခြင်းရေမျက်နှာပြင်ကနေ ကယ်ယူပြီး ပျော်ရွှင်ခြင်းကျွန်းကို အရောက်ပို့ခဲ့သူပါ"
အဲဒီအချိန်ကစပြီး ကျွန်တော့်စာတွေထဲမှာ နွေးထွေးမှုတွေပိုခဲ့တယ်။ ကျွန်တော့်ဘဝက အထီးကျန်ခြင်းနဲ့ပဲ ပြီးဆုံးသွားလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။
"ကျွန်တော့်နှလုံးသားတွေ ထုံကျင်သွားပြီ၊ ပျော်ရွှင်ခြင်းက ကျွန်တော့်အတွက် မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းမှော်ဆရာမလေးနဲ့ ကျွန်တော်ဆုံခဲ့တယ်။ သူ့ကိုယ်ပေါ်က ထူးဆန်းမှုတွေ တဖြေးဖြေး ကျွန်တော့်ဆီကူးလာခဲ့တယ်။ မပြုံးဖြစ်တာကြာပြီးဖြစ်တဲ့ အပြုံးတွေ ကျွန်တော့်မျက်နှာပေါ် ပြန်ထင်ဟပ်လာခဲ့တယ်"
"နင့်ဆောင်းပါးတွေဖတ်ပြီးတိုင်း ဒီကလေးက အရမ်း....။ သူ့ကို ငါကယ်ချင်တယ်။ သူ့ကို ငါကယ်မယ်!ဆိုတဲ့ ခံစားချက်မျိုး ဖြစ်မိတယ်" လို့ ကျွန်တော့်ကို သူပြောခဲ့ဖူးတယ်။
"ကြေကွဲဝမ်းနည်းစရာတွေ မရေးပါနဲ့တော့လား! ပျော်စရာလေးတွေလည်း ရေးပါလား?" လို့ ကျွန်တော့်ကို သူပြောခဲ့ဖူးတယ်။
"ပျော်စရာတွေကို ငါရေးမထွက်တော့ဘူး"
"ပုံပြင်လေးတွေလည်း ရေးကြည့်လို့ရတယ်လေ!"
"ငါ ဖွဲ့နွဲ့အားနည်းတယ်။ ရေးရင်လည်း ငါ့အကြောင်းပဲ ငါရေးတတ်တယ်။ ငါ မရေးချင်ဘူးကွာ"
ဒါပေမယ့် နောက်ဆုံးမှာ သူ့ရဲ့တိုက်တွန်းချက်ကြောင့် ရှိသမျှဥာဏ်အားတွေကို ညစ်ထုတ်ပြီး "Teddyဝက်ဝံရဲ့လက်စွပ်"ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရေးဖြစ်ခဲ့တယ်။ အစကတော့ ဝတ္ထုလတ်အဖြစ်ရေးမလို့ပါပဲ။ ရေးရင်းရေးရင်း ပျင်းလာတာနဲ့ ဇာတ်သိမ်းလို ပြီးစလွယ်သိမ်းပြီး အဆုံးသတ်ပစ်ခဲ့တယ်။ ကျွန်တော်ဟာ သူပြောတဲ့စကားတစ်ခွန်း၊ သူလုပ်စေချင်တဲ့ကိစ္စတစ်ခုကို နှစ်နှစ်လိုလို လိုက်လုပ်တတ်ခဲ့ကြောင်း နောက်ပိုင်းမှာ ကိုယ့်ကိုယ်သတိထားလာခဲ့မိတယ်။
သူဟာ ကျွန်တော့်ရင်ဘတ်ထဲက သံချေးတက်နေတဲ့သော့ကို တဖြေးဖြေးဆွဲဖွင့်ခဲ့သူဖြစ်တယ်။
"တောင်ဂတုံးပေါ် ပန်းတွေပွင့်နေတာကို ငါမြင်ချင်တယ်။ ကောင်းကင်ပေါ်ကတိမ်တွေ အထီးမကျန်တာကို ငါမြင်ချင်တယ်။ နှင်းတွေ ဝဲပျံတာကို ငါမြင်ချင်တယ်။ ဒီလိုအချိန်ရောက်မှ ငါ့ရင်ဘတ်ကိုခတ်ထားတဲ့သော့ အဖွင့်ခံရပြီလို့ ငါပြောနိုင်မယ်။ အဲဒီအချိန်ကျမှ နင့်ကိုငါလွတ်လွတ်လပ်လပ် ချစ်လို့ရမယ်။ နင်ဟာ ငါကိုလွတ်လပ်စေမယ့် သော့တံဖြစ်လိမ့်မယ်။ ငါ လွတ်လွတ်လပ်လပ်သီဆိုတဲ့ တေးသံကို နင်ကြားချင်ခဲ့ရင် ငါ့ကိုယ်ပေါ်ကသော့ကို နင်ကြိုးစားပြီးဖွင့်ပေးပါ။ နင့်ကိုငါစောင့်နေမယ်။ လွတ်လပ်တာနဲ့ နင့်ကိုခေါ်ပြီး တောင်ဂတုံးပေါ်က ပန်းတွေကိုသွားကြည့်မယ်၊ အထီးမကျန်တဲ့ တိမ်ပွင့်တွေသွားကြည့်မယ်၊ နှင်းတွေသွားကြည့်မယ်"လို့ တစ်ချိန်က သူ့ကိုကျွန်တော်ပြောခဲ့ဖူးတယ်။
သူ့အတွေးတွေက ရိုးစင်းခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းရဲ့စကားနဲ့ပြောရရင် သူဟာ ထာဝရမကြီးပြင်းတတ်တဲ့ ကလေးမတစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် ဒီကလေးမလေးက ကျွန်တော့်ကို ခွင့်လွတ်နားလည်မှုတွေ ပေးခဲ့တယ်။ အထီးကျန်ချောက်ကမ်းပါးထဲကနေ ကျွန်တော့်ကို အကြိမ်ကြိမ် ဆွဲထုတ်ကယ်တင်ခဲ့တယ်။ ကျွန်တော် ဝမ်းနည်းကြေကွဲချိန်မှာ သူက စိတ်ကြည်နူးစရာတွေ တစ်ခုပြီးတစ်ခု ကြိုးစားပြောပြခဲ့တယ်။ ကျွန်တော်အိပ်မရချိန်မှာ သူကအိပ်ချင်စိတ်ကိုမြိုသိပ်ပြီး ကျွန်တော့်ကိုအဖော်ပြုပေးခဲ့တယ်။ ကျွန်တော်အိပ်သွားမှ သူအိပ်တတ်တယ်။ ကျွန်တော်ပျော်အောင် ကျွန်တော့်အပါးမှာ သူအမြဲအဖော်ပြုပေးတာကို ကျွန်တော်နှစ်သက်ခဲ့တယ်။ ကျွန်တော့်အနား သူရှိနေရင် ကျွန်တော့်စိတ်က နွေးထွေးလို့.....
ရာဇဝင်ထဲက ပင်စီပန်းကို ကျွန်တော်ရှာတွေ့ခဲ့ပါပြီ။ သူဟာ ကျွန်တော့်ရဲ့ပင်စီပန်းလေးပဲဖြစ်ပါတယ်။
မူရင်း-- http://www.jj59.com
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

4 comments:
ပန်းလေးနဲ့အတူ ဘာသာပြန်လေးက ဖတ်လို့ကောင်းတယ်ဗျာ...
"နင့်ဆောင်းပါးတွေဖတ်ပြီးတိုင်း ဒီကလေးက အရမ်း....။ သူ့ကို ငါကယ်ချင်တယ်။ သူ့ကို ငါကယ်မယ်!ဆိုတဲ့ ခံစားချက်မျိုး ဖြစ်မိတယ်"
:'( :'( :'(
ဒါပေမယ့် လမင်းကို တပ်မက်မြတ်နိုးကာ ပင်စီပန်းကို မျက်နှာလွှဲနေသူအတွက် ပျော်ရွှင်ခြင်းတွေ ပေးဖို့ ပန်းမှာ ကြိုးစားနိုင်တဲ့ အခွင့်အရေးရှိရဲ့လား။
ဒီလိုနဲ့ ကျောခိုင်းနေသူကို
နေကောင်းပျော်ရွှင်ပါစေ။လို့ပဲ ဆုတောင်းနိုင်တဲ့ ပန်းတွေရှိတယ်။
သူဟာ ကျွန်တော့်ရင်ဘတ်ထဲက သံချေးတက်နေတဲ့သော့ကို တဖြေးဖြေးဆွဲဖွင့်ခဲ့သူဖြစ်တယ်။ - - - - - -
ကောင်းလိုက်တာစနေရယ်-စကားအသုံးအနှံးတွေကလန်
ထွက်နေတာဘဲ-အရမ်းကိုသဘောကျတယ်ဗျာ-
လမင်းကို ငေးရင်း ပင်စီပန်းကို လှစ်လျူမရှုပေမယ့် ဘယ်အချိန်ဖြစ်ဖြစ် လွယ်လင့်တကူ ရနိုင်မယ်မှန်းသိလို့ အရင်လို ပင်စီပန်းကို မြတ်နိုးတပ်မက်မှုတွေ လျှော့နည်း သွားခဲ့ရင်.... ပင်စီပန်းမှာ အိန်ဂျယ်လ်ရဲ့အနမ်းရာ သုံးခု အပြင် .. တစ်ခုခုရှိလာနိုင်တယ်နော်..
လေစားလျှက်
အိ
Post a Comment