Tuesday, March 02, 2010

ပျော်ရွှင်တဲ့အပြုံးပွင့် ဖန်ဆင်းခြင်း


ရင်ထဲက လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာတဲ့အပြုံးက ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးဘာသာစကားဖြစ်တယ်။ အပြုံးက နေရောင်ခြည်နဲ့ပေါင်းကူးတံတားလို လူတိုင်းကို နွေးထွေးမှုနဲ့ ကြင်နာမှုတွေ ပေးနိုင်တယ်။ လူတိုင်းနဲ့ သင့်မြတ်ရင်းနှီးစေပြီး ပျော်ရွှင်ချမ်းမြေ့မှုကို ရစေတယ်။

လူတစ်ယောက်မှာ အရည်အချင်းနိမ့်မြင့်ရှိပေမယ့် သူ့မှာအရိုးခံတဲ့အပြုံးသာရှိခဲ့ရင် သူ့ဝန်ကျင်းကလူတွေကို ပျော်ရွှင်မှုတွေပေးနိုင်သလို သူနဲ့ပေါင်းသင်းသူတွေကိုလည်း လေးစားခံရတဲ့ခံစားမှုတွေ ဖြစ်ပေါ်စေပါတယ်။

အပြုံးနဲ့ခရီးဆက်သူတစ်ယောက်ဟာ လမ်းခရီးတလျှောက်မှာ ချစ်ခင်ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းဖော်တွေ တိုးလာစေနိုင်သလို ရှေ့ကိုပျော်ရွှင်စွာနဲ့ ခရီးဆက်နိုင်ပြီး ဘဝကိုပါ ပြောင်းလဲစေနိုင်ခဲ့ပါတယ်။

တစ်ရက်မှာ အရောင်းဝန်ထမ်း Booneဟာ ကာစတန်မာတစ်ယောက်ကို သွားတွေ့ဆုံခဲ့တယ်။ စဆွေးနွေးတာနဲ့ တစ်ဘက်လူက အရောင်းအဝယ်ကိစ္စကို ငြင်းဆန်ခဲ့တယ်။ Booneတစ်ယောက် စိတ်ညစ်ညစ်နဲ့ ကုမ္ပဏီပြန်လာပြီ မန်နေဂျာကို အကျိုးအကြောင်းပြောပြလိုက်တယ်။ မန်နေဂျာက စိတ်ရှည်ရှည်နဲ့ သူပြောသမျှကို နားထောင်ပြီး တအောင့်အကြာမှာ Booneကို "ခင်ဗျားနောက်တစ်ခေါက် ထပ်သွားကြည့်လိုက်... ခင်ဗျားရဲ့စိတ်သဘောထားကိုပြင်ဆင်ပြီး ထပ်သွားကြည့်ပါ။ အချိန်နဲ့အမျှ ပြုံးနေဖို့ ခင်ဗျားမမေ့ပါနဲ့။ ခင်ဗျားရဲ့ စိတ်ရင်းနဲ့အပြုံးကိုသုံးပြီး တစ်ဘက်သားကို ကိုင်လှုပ်ပါ။ ဒါမှ ကာစတန်မှာက ခင်ဗျားရဲ့ဖော်ရွေရင်းနှီးမှုကို တွေ့လိမ့်မယ်" လို့ပြောလိုက်တယ်။

နောက်တစ်နေ့မှာ Booneဟာ မန်နေဂျာပြောသလို အတတ်နိုင်ဆုံး ကိုယ့်ကိုတက်ကြွပျော်ရွှင်စေပြီး မျက်နှာပေါ်မှာ ခင်မင်ရင်းနှီးတဲ့အပြုံးတွေနဲ့ ကာစတန်မာကို သွားတွေ့ခဲ့ပြန်တယ်။ နောက်ဆုံးမှာ သူ့ဆီကအပျော်အပြုံးတွေ ကာစတန်မာဆီကူးဆက်ခဲ့ပြီး နှစ်ဦးသဘောတူ လုပ်ငန်းစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်။

အဲဒီနောက်ပိုင်း Booneက အပြုံးကို သူ့မိသားစုအပေါ်မှာ အသုံးပြုခဲ့တယ်။

အိမ်ထောင်သက်တမ်း (၁၈)နှစ်ရှိပြီဖြစ်တဲ့ Booneက များပြားလှတဲ့အလုပ်ကိစ္စတွေကြောင့် ချစ်ဇနီးအပေါ် ဝတ္တရားတွေ ပျက်ကွက်ခဲ့ဖူးတဲ့အပြင် ဇနီးအတွက် သူ့အပြုံးအရယ်လည်း နည်းခဲ့တယ်။ နောက်ပိုင်းမှာ Booneဟာ မနက်ထလာတာနဲ့ ပထမဆုံးအလုပ်ဖြစ်တဲ့ မှန်ကြည့်ပြီး ပြုံးရယ်တဲ့အလုပ်ကို လုပ်တယ်။ အဲဒီနောက် မနက်စာစားချိန်မှာ ဇနီးကိုပြုံးပြုံးရယ်ရယ်နဲ့ နှုတ်ဆက်တယ်။ ပထမတော့ ဇနီးက သူ့အပြုအမှုကို အံ့သြခဲ့သလို ဝမ်းလည်းသာခဲ့တယ်။ နှစ်ပတ်အကြာမှာ သူတို့အိမ်ထောင်ရေးက အရင်ကထက် ပိုပျော်ရွှင်နွေးထွေးလာတာကို Boone ခံစားမိလိုက်တယ်။

အဲဒီနောက် Booneဟာ အပြုံးတွေကို နေရာအနှံ့ကျဲဖြန့်ခဲ့တယ်။ အလုပ်သွားချိန်မှာ ဓာတ်လှေကားဂိတ်ဝစောင့်သူကို သူပြုံးပြတယ်။ စားသောက်ဆိုင်မှာ ထမင်းစားချိန် စားပွဲထိုးတွေကို သူပြုံးပြတယ်။ အလုပ်ချိန်မှာ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေကို သူပြုံးပြတယ်။ ဒါ့အပြင် လမ်းမှတွေ့တဲ့ သူစိမ်းတွေကိုလည်း ပြုံးပြနှုတ်ဆက်ဖို့ သူမမေ့ခဲ့ဘူး။ တခြားလူကို ပြုံးပြချိန်မှာ သူ့ဘေးပတ်ဝန်းကျင်လူတွေလည်း သူ့ကိုပြန်ပြုံးပြတတ်မှန်း Boone သတိထားခဲ့မိတယ်။ အဲဒီနောက် သူ့လုပ်ငန်းတွေ ပိုတိုးတက်လာခဲ့တယ်။ ပိုအောင်မြင်လာခဲ့တယ်။ အရိုးခံတဲ့အပြုံးတွေက သူ့လုပ်ငန်းတွေကို အောင်မြင်စေခဲ့သလို သူ့ကိုလည်း ပျော်ရွှင်မှုတွေပေးခဲ့တယ်။

လူတစ်ယောက်ဟာ အတွင်းစိတ်ကပြုံးနိုင်မှ သူ့ဝန်းကျင်ကလူတွေကို အပျော်တွေကူးဆက်စေမှာဖြစ်တယ်။

အပြုံးဟာ နွေရာသီရဲ့ လေနွေးလို လူ့စိတ်ကိုနွေးထွေးစေတယ်။
အပြုံးဟာ ဆောင်းရာသီရဲ့ နေရောင်ခြည်လို တင်းမာတဲ့လူ့စိတ်ကို ပျော့ပျောင်းစေတယ်။
အပြုံးဟာ အသံတိတ်ဘာသာစကားဖြစ်တယ်။
အပြုံးဟာ လှပတဲ့ကူးလူးဆက်ဆံရေးဖြစ်တယ်။
အပြုံးဟာ ရိုးသားမှုကို မျက်နှာပေါ်ထင်ဟပ်စေတယ်။

အပြုံးက ဘယ်တော့မှာ မညိုးနွမ်းတတ်တဲ့ ပန်းတစ်ပွင့်ဖြစ်တယ်။ ဥတုရာသီမရွေး၊ နေရာဒေသမရွေး ဖူးပွင့်နိုင်တယ်။ ဖြူစင်ရိုးသားတဲ့စိတ်က ပိုလှတဲ့အပြုံးကို ဖူးပွင့်နိုင်တယ်။ တစ်ဘက်သားကို အပြုံးပန်းတစ်ပွင့်ပေးတာဟာ တစ်ဘက်သားကို လေးစားစိတ်၊ နားလည်ယုံကြည်စိတ်တွေ ဖြစ်စေတယ်။ အပြုံးကို နေရာအနှံ့ကျဲဖြန့်နိုင်ခဲ့ရင် ပျော်ရွှင်ခြင်းနဲ့ကံကောင်းခြင်းက ကိုယ့်အနားကို အလိုလိုနဲ့ ရောက်လာနိုင်ပါတယ်။

ပြုံးကြရအောင် ^_^

မူရင်းရေးသားသူ--- Guan-Ming

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

7 comments:

Anonymous said...

တစ်ယောက်ထဲ ပြုံးစိစိနဲ့ (ရူး..နေ..လား..မသိဘူး)

noblemoe said...

ရင်ထဲက လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာတဲ့အပြုံးပန်း
လေးတစ်ပွင့် လူတိုင်းကိုပေးနိုင်တာအလွန်ကောင်းပါ
တယ။် (ဟန်ဆောင်မှုတွေမပါရင်ပေါ့ လေ)
(အကျိုးမြတ်တွက်မဟုတ်ရင်ပေါ့ လေ)
သာယာချမ်းမြေ့ပါစေနော်
မိုး

ချော (အစိမ်းရောင်လွင်ပြင်) said...

အပြုံးပန်းလေးကို အမြဲတမ်း ပန်ဆင်နိုင်ဖို့ ကြိုးစားပါဦးမယ် မနိုင်းရယ်
ကိုယ်တိုင်လဲ ဆိုင်တွေမှာ ဈေးသွားဝယ်တဲ့အခါ ရောင်းသူတွေရဲ့ စူပုတ်နေတဲ့ မျက်နှာကို ကြည့်ရတာ
မနှစ်သက်မိသလို ကိုယ်တွေက စူပုတ်နေရင်လဲ ဘယ်သူကမှ နှစ်သက်ကြမှာ မဟုတ်ပါဘူးနော်..
ဖတ်ရတာ အ၇မ်းကောင်းပါတယ်.. ကျေးဇူး

Anonymous said...

Thanks a lot, ma nine...
Thank you deeply for this post..
:D

mgpyone said...

Oh yea.. it's me မောင်ပြုံး =D

khay said...

မှန်ပါတယ် မမ.. ဒါပေမယ့် တခါတလေ လူတွေက သိပ်ခက်တယ်နော်.. အမြဲတမ်းပြုံးနေတော့လည်း ငပေါလား ထင်ကြတယ်.. ပျော်ရွှင်မှုတွေ သူတို့ဆီ ကူးစက်စေချင်တာ မသိကြဘူး.. ရုပ်တည်နဲ့နေတော့ မာနကြီးတယ် ဖြစ်ပြန်ရော.. ဘယ်သူတွေ ဘာပြောပြော အိ ကတော့ ထုံးစံအတိုင်း ပြုံးပြုံးပါပဲ..

လေးစားစွာဖြင့်
အိ

Anonymous said...

ကိုကျော်သူ၇ဲ့ 
* ဖိုင်တွဲလေးများအကြောင်းထဲက * လို
အပြုံးလေးတွေနဲ့ ပဲ တိုက်စစ်ဆင်၇မှာဘဲ တဲ့လေ.