Saturday, March 13, 2010

ကျွန်မနဲ့ တာချီလိတ်အစားအစာ


တာချီလိတ်မှာ ဘာပေါသလဲမေးရင်....
(၁)... ပေါတယ်၊ (၂)... ပေါတယ်၊ (၃)... ပေါတယ်၊ (၄) စားသောက်ဆိုင်ပေါတယ်လို့ ဖြေရမယ်ထင်ပါတယ်းP

တစ်မျိုးမထင်ပါနဲ့ (၁)မိန်းမလှပေါတယ်၊ (၂)ဆိုင်ကယ်ပေါတယ်၊ (၃) စက်ဘီးပေါတယ်၊ (၄)စားသောက်ဆိုင် ပေါတယ်လို့ ပြောတာပါ။

တာချီလိတ်မှာ စားစရာတွေက စုံလှတယ်။ ရှမ်းစာ၊ တရုတ်စာ၊ မြန်မာစာ၊ ယိုးဒယားစာ၊ အိန္ဒိယစာ... အမျိုးမျိုးပါပဲ။ အထူးသဖြင့် ရှမ်းအစားအစာတွေများပါတယ်။ အဲဒီ ရှမ်းအစားအစာတွေထဲမှာမှ အကင်အမျိုးမျိုး (အသားကင်၊ ငါးကင်၊ ခေါပုတ်ကင်၊ ကြက်ဥကင်၊ အသားလုံးကင်) ရောင်းတဲ့ဆိုင်က အများဆုံးလို့ဆိုရမယ်။ ညနေညခင်းရောက်ရင် ဟိုနားမီးခိုးတလူလူ၊ ဒီနားမီးခိုးတလူလူနဲ့ အသားနံ့တွေက ဖုန်တွေထဲမှာ ဝဲနေတတ်တယ်။ လက်တွန်းလှည်းနဲ့တစ်မျိုး၊ ကိုယ့်အိမ်ရှေ့လမ်းဘေးမှာ ထိုင်ခုံပုလေးနဲ့တဖုံ၊ နေအိမ်ဝင်းထဲမှာ ဆိုင်ခင်းလို့တစ်မျိုး ရောင်းချကြတယ်။


တာချီလိတ်မှာ အသားကင်နဲ့တွဲပြီး ဟော့ပေါ့ပါစားနိုင်တဲ့ အဝစားအကင်ဆိုင် နှစ်ဆိုင်ရှိတယ်။ အဝစားဆိုတဲ့အတိုင်း အသားကွာလတီတွေက အကောင်းကြီးမဟုတ်ဘူး။ ဒါပေမယ့် တစ်ခြားအစားအစာတွေပါ စားနိုင်တာကြောင့် စားပျော်ပါတယ်။ အဝစားမဟုတ်တဲ့ အသားကင်ပဲရောင်းတဲ့ ဆိုင်တွေလည်း ပေါပါတယ်။ တစ်ကင် ၁ဝဘတ်နှုန်းနဲ့ ကြိုက်တဲ့အသား၊ အရွက်တွေစားနိုင်တယ်။ အဲဒီဆိုင်လေးတွေက အသောက်ကြိုက်သူတွေအတွက် ညနေညခင်းမှာ သူငယ်ချင်းတွေနဲ့ နားနားနေနေ ထိုင်နိုင်တဲ့နေရာလေးတွေပါ။ တာချီလိတ်မှာ တံတား(၁)၊ တံတား(၂)ဆိုပြီး ဟိုဖက်ကမ်း ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ တံတားနှစ်ခုရှိတယ်။ တံတား(၂)က အသုံးမပြုဘဲ ပိတ်ထားပါတယ်။ ညနေဆိုရင် အဲဒီတံတားနှစ်ခုဘေးမှာ လက်ဖက်ရည်ဆိုင်၊ အကင်ဆိုင်တွေနဲ့ အရမ်းကိုစည်ကားနေတတ်တယ်။


တာချီလိတ်အနီးနား ပတ်ဝန်းကျင်မှာ ချောင်းတွေလည်းပေါပါတယ်။ လူတွေက ချောင်းတွေကိုအသုံးပြုပြီး ချောင်းပေါ်မှာ ဖောင်လေးတွေဆောက်ကြတယ်၊ စားသောက်ဆိုင်လေး ဖွင့်ကြတယ်။ သင်္ကြန်ဆိုရင် အဲဒီလိုချောင်းဘေးဆိုင်တွေ ပိုများပါတယ်။ အဲဒီလိုစားသောက်ဆိုင်မှာ အများအားဖြင့် ရောင်းကြတာက ငါးကင်တွေပါ။ ပူပူနွေးနွေး ကင်ထားတဲ့ငါးတွေကို ချောင်းဘေးမှာစားတော့ ပိုလတ်ဆတ်တယ်လို့ ခံစားမိကြတယ်။ ဒါကြောင့် ခုလိုပူပြင်းတဲ့နွေရာသီမှာ ချောင်းဘေးသွားပြီး သူငယ်ချင်းတွေနဲ့ ငါးကင်စား အပန်းဖြေသူတွေ များပါတယ်။

တာချီလိတ်မှာ တစ်ခါတလေ ဒီလိုပြောင်းဖူးမုန့်ကြော်တွေပါ စားရတတ်တယ်။ ဒါလိုမုန့်မျိုး ရောင်းတဲ့ဆိုင်ကို ဒီမှာသိပ်တွေ့လေ့မရှိဘူး။ တောင်ကြီးမှာတော့ ပြောင်းဖူးပေါ်ချိန်ရောက်ရင် ဒီလိုဆီကြော်မဟုတ်တဲ့ ပြောင်းဖူးမုန့်ပေါင်းတွေ ရောင်းတာရှိတယ်။

ပြောင်းဖူးမုန့်ပေါင်းလုပ်ဖို့က မခက်ပါဘူး။ ကျွန်မတို့လုပ်တဲ့ ပြောင်းဖူးမုန့်က ပြောင်းဖူးနုနုကိုချွေပြီး ကျိတ်တယ်။ မုန့်တွေပျစ်အောင် ရေနည်းနည်းနဲ့ ကျိတ်ပါတယ်။ ကျိတ်လို့ရလာတဲ့ ပြောင်းဖူးတွေထဲ ကိုယ်ကြိုက်သလောက် သကြားရော၊ ဖက်နဲ့ထုပ်ပြီး ပေါင်းလိုက်ရုံပါပဲ။ ထုပ်တဲ့ဖက်ကို ပြောင်းဖူးဖက်နဲ့ပဲ ပြန်ထုပ်ပါတယ်။ ပြောင်းဖူးမုန့်ပေါင်းက ချိုချိုမွှေးမွှေးလေးနဲ့ စားလို့ကောင်းပါတယ်။ တစ်ရက်နဲ့စားလို့မကုန်တဲ့ ပြောင်းဖူးမုန့်ပေါင်းတွေ အေးတဲ့အခါမာသွားတတ်တယ်။ အဲဒီမာသွားတဲ့မုန့်တွေကို ကျွန်မတို့က မီးကင်ပြီးစားသလို ဆီနဲ့ပြန်ကြော်စားကြတယ်။

ပုံထဲကလို ကြော်စားချင်တယ်ဆိုရင် ပြောင်းဖူးကိုရေနည်းနည်းနဲ့ကျိတ် (ပြောင်းဖူးပေါ်ချိန်မဟုတ်ရင် သံဗူးတွေနဲ့ လုပ်ကြတယ် ထင်ပါတယ်) ပျစ်အောင် ဂျုံနည်းနည်းရော၊ သကြားထည့်ပြီး ကြော်တဲ့အချိန်မှာ ထောပတ်ဆီလေးနဲ့ ရောကြော်လိုက်ရင် ထောပတ်နံ့သင်းသင်းနဲ့ ပြောင်းဖူးမုန့်ကြော်ကို ရပါတယ်။ ဒီမှာတော့ တစ်ချပ် ၅ဘတ်ရောင်းပါတယ်။

တာချီလိတ်ဟင်းထုပ်က တောင်ကြီးဟင်းထုပ်နဲ့ မတူဘူး။ လုပ်တဲ့ဆန်ကြောင့်ထင်ပါတယ်.. တောင်ကြီးဟင်းထုပ်က ဒီကဟင်းထုပ်ထက် မာတယ်။ ဒီကဟင်းထုပ်က ပုံမှာမြင်ရတဲ့ ပျော့အိနေတယ်။ ကျွန်မစားဖူးစက ထိုဟူးနွေးနဲ့ ဟင်းထုပ်လုပ်ထားတယ်လို့ ထင်မိတယ်။ ဒီမှာက ဟင်းထုပ်ကို ဂျူးမြစ်တွေနဲ့ မစားကြဘူး။ ဒီအတိုင်း ငရုတ်သီးအချဉ်ရည်လေးနဲ့ စားကြတယ်။ တောင်ကြီးဟင်းထုပ်ထက် စားကောင်းပါတယ်။ တစ်ထုပ် ၅ဘတ်ပါ။

တာချီလိတ်ရောက်ရင် စားနေကျ ထမင်းဟင်းတွေမစားဘဲ ဒီလို ရှမ်းအစားအစာလေးတွေ စားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီကရှမ်းမလေးတွေက ထမင်းသိပ်မစားကြသလိုဘဲ။ သူတို့အများဆုံးစားတာက ချဉ်ငံစပ်၊ ခေါက်ဆွဲခရပ်၊ ခေါက်ဆင့်(ရှမ်းမုန့်တီ)၊ နောက် အကင်လေးတွေ အဲဒီအစားအစာတွေက ဆီတွေ သိပ်မများတာကြောင့် ဒီကရှမ်းမလေးတွေက ပိန်သွယ်ပြီး လှကြတယ်။ ဒါကြောင့်ပြောပါတယ်.. တာချီလိတ်မှာ (၁)မိန်းမလှပေါတယ်လို့း)

နိုင်းနိုင်းစနေ


Share/Bookmark

8 comments:

sosegado said...

တာချီလိတ် နှင့် ဟဲဟိုး ကိုသတိရသွားတယ်၊ ခေါပုတ်ကင်၊ ကြက်ဥကင်၊ စားချင်သေတယ်၊ ကျေးဇူး မနိုင်းစနေ၊

Rita said...

ရှမ်းစာတွေ သိပ်ကို ကြိုက်တယ်။ အရင်ဘဝက ရှမ်းလား မသိ။ :)

Anonymous said...

ရှလွတ် ပလပ် ဂလု မေနိုင်း သာမီးလေး လာလည်ရင် လိုက်ကျွေးနော် အဟီးးးးးးးးး အဲလို ငတ်ကြီးကျတာ မေနိုင်းရေ ဟိဟိ

ကိုဇော် said...

ဂလု...မနိုင်းမကောင်းဘူး လုံးဝ မကောင်းဘူး။
သူကျတော့ PC ဘေးမှာ ဝယ်လာတာတွေ ချထားပြီး စားလိုက် ရေးလိုက်နဲ့ ...
စာဖတ်သူကျတော့ ပုံလေးတွေတင် မော်နီတာကို လျှာနဲ့ လျှက်နေရတယ်။

ရှမ်းစာကျနော် ကြိုက်တယ်။ တရုတ်စာလည်း လာထား။ ကုလားစာလည်း စားတယ်။ ကရင်စာကို အလွတ်မပေးဘူး။ အို. . .ဘာလာလာ အကုန်စားတဲ့ ကျနော် ဖြစ်တော့ သကိုး...ဟီး။

ပျင်းလို့ဗျာ ဝင်ပေါကြည့်တာ။ ( နဂိုပေါပါပဲ )
စာမရေးပဲ တစ်ပတ်နားထားလို့။ သူများနေရတွေ လျှောက်သွားနေတာ။

ပျော်ရွှင်ပါစေ။
ကိုဇော်

khay said...

မမရေ...


ဗိုက်ဝသွားလို့ ပြန်ပြီ..

အိ

Anonymous said...

တာချီလိတ် ကပုံတွေရှိရင် တင်ပါအုံး ...

Anonymous said...

မနိုင်းနိုင်း
တာချီလိတ် ဟင်းထုပ်က တောင်ကြီးဟင်းထုပ်ထက် စားကောင်းတယ်ဆိုတာ မယုံဘူး. ပြီးတော့ ဒီတောင်ကြီးဖက်က အစားအစားက ၇ှမ်းပြည်ချင်တူ တောင် လားရှိုး မှာရှိတာမဟုတ်ဘူး. ဒါကြောင့် အရသာက ဘယ်က အကောင်းဆုံးဆိုတာထက်ကိုယ်ထင် ကုတင်ရွေ့နန်းပဲနော့
တောင်ကြီးသူ

အနမ်း said...

အမလည်းရှမ်းစာတွေ ကြိုက်တယ်။
ပုံတွေမြင်ပြီးစားချင်လိုက်တာ။ ရွှီးးးးးးး(သရေကျတာ)း))