Sunday, March 14, 2010

ဘဝနဲ့ ယောက်သွား



ငယ်ငယ်တုန်းက အမေဝယ်ခဲ့တဲ့"ယောက်သွား"တွေ ကောင်းမကောင်း စစ်ဆေးရွေးချယ်ရတဲ့အလုပ်ကို ကျွန်မအရမ်းနှစ်သက်ခဲ့တယ်။ အပြင်ပန်းလှပြီး အထဲပုပ်တဲ့ယောက်သွား တစ်ကောင်တလေပါခဲ့ရင် လတ်ဆတ်တဲ့ယောက်သွားနဲ့ ချက်ထားတဲ့ဟင်းရည်တွေ တစ်အိုးလုံးသွန်လိုက်ရတတ်တယ်။ ဒါကြောင့် ယောက်သွားရွေးချိန် ကျွန်မဂရုတစိုက်နဲ့ အာရုံစိုက်ပြီး စိတ်ပါလက်ပါရွေးခဲ့တယ်။

ယောက်သွားရွေးပုံက လက်တစ်ဘက်တစ်ချက်စီမှာ ယောက်သွားတစ်ကောင်စီကို ယူပြီး အချင်းချင်း ခေါက်ကြည့်တာဖြစ်တယ်။ ခေါက်တဲ့အသံကျစ်နေရင် ယောက်သွားလတ်ဆတ်ပြီး အသံပွနေရင်၊ ကြောင်နေရင် ယောက်သွားခွံဘယ်လောက်ပဲ တင်းတင်းစေ့ထားပါစေ အထဲကပုပ်နေတတ်တယ်။

ကလေးတွေက နားကောင်းကြတာမို့ ယောက်သွားအဆိုးအကောင်းကို အလွယ်တကူ ရွေးထုတ်နိုင်ကြတယ်။ ယောက်သွားရွေးနည်းကို အမေသင်ပေးပြီးတဲ့နောက် ကျွန်မဘယ်တော့မှ "အပုပ်"တွေ မှားမရွေးခဲ့မိဘူး။ လတ်ဆတ်တဲ့ ယောက်သွားဟင်းတွေစားရတိုင်း အိမ်သားတွေက ကျွန်မကို "ယောက်သွားရွေးပညာရှင်"လို့ ချီးကျူးကြတယ်။

ယောက်သွားတိုင်း ပုပ်နေတယ်!

တစ်နေ့မှာ ဈေးထဲကယောက်သွားတွေ အမေဝယ်လာပြန်တယ်။ ကျွန်မက ကျွမ်းကျွမ်းကျင်ကျင်ပဲ ဇလုံခွက်တစ်လုံးယူပြီး ရွေးချယ်တဲ့အလုပ်ကို စလုပ်တယ်။ ရွေးနေရင်းမှာ "ယောက်သွားတွေအားလုံး" ပုပ်နေတာကို သတိထားမိတယ်။

ကျွန်မရဲ့နားရွက်ကို ကျွန်မ မယုံရဲတော့ဘူး။ တစ်ကောင်ပြီးတစ်ကောင် ကျွန်မခေါက်ကြည့်တယ်။ တကယ်ပဲ တစ်ကောင်မှ အကောင်းမပါခဲ့ဘူး။ အဲဒီလိုခံစားချက်က ဘတ်စကားပေါ်မှာ ခါးပိုက်နှိုက်တစ်ယောက် မိတာနဲ့ တစ်ကားလုံးကို ခါးပိုက်နှိုက် ထင်သလိုပဲ ခံစားလို့မကောင်းခဲ့ဘူး။

"အပုပ်"လို့ ကျွန်မစီရင်ချက်ချထားတဲ့ ယောက်သွားဇလုံကိုယူပြီး အမေကို ကျွန်မသွားတိုင်ခဲ့တယ်။ အမေက တအံတသြနဲ့ "ဘယ်လိုဖြစ်တာပါလိမ့်? အဲဒီယောက်သွားရောင်းသူက အမေကို တစ်ခါမှ မလိမ်ရောင်းခဲ့ဖူးဘူး" လို့ဆိုတယ်။

အမေက ယောက်သွားတွေကို ကောက်ယူပြီး စစ်ဆေးကြည့်တယ်။ လက်စသတ်တော့ ကျွန်မဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ ယောက်သွားကပုပ်နေလို့ ယောက်သွားတိုင်းကိုအပုပ်လို့ ကျွန်မထင်ခဲ့တာဖြစ်တယ်။

ဒီလို "လက်စသတ်တော့"ဆိုတဲ့ အတွေ့အကြုံက ကျွန်မရဲ့နုနယ်တဲ့ စိတ်နှလုံးအိမ်ထဲမှာ ထင်းထင်းထင်ကျန်ရစ်စေခဲ့တယ်။ ဒီလိုအတွေ့အကြုံက ဘဝရဲ့လှည့်စားပွဲအတိုင်း တစ်ပတ်လည်ပြီး နဂိုနေရာကို ပြန်ရောက်ဖို့ စောင့်နေခဲ့တယ်။

မကောင်းသူနဲ့ပဲ ဆုံခဲ့ရတယ်!

ဘွဲ့ရကျောင်းပြီးတာနဲ့ ကျွန်မအလုပ်ဝင်ခဲ့တယ်။ ကျွန်မကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ် မျှော်လင့်ချက်တွေ ထားခဲ့သလို တောင်းဆိုမှုတွေလည်းရှိခဲ့တယ်။ ဒါပေမယ့် အချိန်အပိုင်းခြားတစ်ခုမှာ ကျွန်မပတ်ဝန်းကျင်က လူတွေကို ကျွန်မကြည့်မရဖြစ်ခဲ့တယ်။ "လူတိုင်း"မှာ ကျွန်မသည်းမခံနိုင်တဲ့ အားနည်းချက်၊ ဆိုးကျိုးတွေ ရှိနေတယ်လို့ ကျွန်မမြင်မိတယ်။ သူတို့ကို ကျွန်မပြောင်းလဲချင်ခဲ့တယ်။ ပြောင်းလဲလို့မရတဲ့အခါ သူတို့ကို ကျွန်မရှောင်ခဲ့မိတယ်။

ကျွန်မကိုယ်ကျွန်မ ကံမကောင်းသူ၊ ကံဆိုးသူလို့ ထင်ခဲ့မိတယ်။ ဘာကြောင့် "ဒီလို မကောင်းတဲ့လူ"တွေနဲ့မှ ကျွန်မ လာဆုံခဲ့ရသလဲ?

ဒီလိုကိုယ့်အပြစ်ကိုယ်ရှာလိုက်၊ ကျိန်ဆဲလိုက်နဲ့ ဝဲဂယက်ထဲမှာ ကျွန်မနစ်မြှုပ်နေတုန်း "ယောက်သွားရွေးနည်း"ကို ကျွန်မသွားသတိရမိတယ်။ ကျွန်မကိုယ်တိုင်က "ယောက်သွားပုပ်ကြီး" ဖြစ်နေခဲ့ပြီလား?

ကျွန်မက ကျွန်မရဲ့အဆင့်မြင့်စံထားတွေနဲ့ ပတ်ဝန်းကျင်ကလူတွေကို သွားတိုင်းတာခဲ့မိတယ်။ လူတိုင်းကို ကျွန်မ သဘောမတွေ့ခဲ့ဘူး။ တကယ်တော့ ကျွန်မကိုသဘောမတွေ့စေတာက ကျွန်မကိုယ်တိုင်ပဲဖြစ်ခဲ့တယ်။ ကျွန်မက အကောင်းကြီးမဟုတ်သလို လူတွေကလည်း အညံ့ကြီးတွေ မဟုတ်ခဲ့ကြဘူး။

ကျွန်မစိတ်ကို သတိပြုဖို့ ကျွန်မမေ့နေခဲ့တယ်။ ကျွန်မရဲ့"နဂို"က ကျွန်မဟန်ဆောင်တာလောက် မကောင်းခဲ့သလို လူတွေကလည်း ကျွန်မထင်သလို မညံ့ခဲ့ကြဘူး။ ကျွန်မ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့မိတယ်။

ဒီအတွက် ကျွန်မမှာ ရွေးဖို့လမ်းနှစ်ခုရှိခဲ့တယ်။ တစ်ခုက လူတွေရဲ့အမြင်မှာ ညံ့တယ်လို့မထင်ရအောင် ကိုယ့်ကိုယ်ပိုကောင်းအောင် ဟန်ဆောင်နေဖို့နဲ့ နောက်တစ်ခုက တစ်ဘက်သားကို လေးစားတန်ဖိုးထားတတ်ဖို့ သင်ယူတာပဲဖြစ်တယ်။ ကျွန်မတို့က တစ်ဘက်လူရဲ့ အကောင်းကိုမြင်တတ်မှ ကိုယ်ရဲ့ကောင်းတာကို ကိုယ်ပြန်သတိပြုမိတတ်၊ ကိုယ့်ကိုယ် ပိုတန်ဖိုးထားတတ်မှာဖြစ်တယ်။

ဒီလိုလုပ်နိုင်ဖို့ ကျွန်မ အချိန်အများကြီး ပေးခဲ့ရတယ်။ စစချင်းမှာ အမြင်မစောင်းဖို့ ကျွန်မကိုကျွန်မ "အတင်းအဓမ္မ" ကျင့်ခဲ့ရတယ်။ ကြည့်မရတဲ့အရာတွေကို အမြင်တည့်အောင် ကျွန်မ ကြည့်, ကြည့်, ကြည့်ပေးခဲ့တယ်။ လုပ်ရခက်ခဲလို့ လက်လျော့မယ်ကြံတိုင်း လတ်ဆတ်တဲ့ယောက်သွားတွေ သွန်မိအောင် လုပ်ခဲ့တဲ့ ယောက်သွားပုပ်တစ်ကောင်ကို ကျွန်မသွားမြင်ယောင်မိတယ်။

နှစ်တွေကုန်လာတာနဲ့အမျှ ဒီလိုနည်းက ကျွန်မရဲ့လူမှုဆက်ဆံရေးကို ပိုတိုးတက်ကောင်းမွန်လာစေခဲ့သလို ကျွန်မရဲ့အသက်မွေးဝမ်းကျောင်း ဆရာမအလုပ်မှာလည်း မရှိမဖြစ် အသုံးဝင်ခဲ့တယ်။ စရိုက်စုံ၊ အရောင်စုံတဲ့ ကျောင်းသားတွေကြားမှာ ကြောင်တဲ့အသံ၊ ပွတဲ့အသံတွေထဲကနေ ကျစ်ပြီးသာယာတဲ့အသံတွေ နားထောင်တတ်ဖို့၊ ပြီးမှဘယ်လို သံစဉ်၊ ဘယ်လိုတူရိယာကိုသုံးဖို့ ကျွန်မကို သင်ယူနိုင်စေခဲ့တယ်။

ဒီလို အမေကိုကူရင်း ရလာခဲ့တဲ့ အိမ်တွင်းသင်ခန်းစာတစ်ခုက ကျွန်မဘဝမှာ ဒီလောက် အကျိုးသက်ရောက်စေခဲ့မယ်လို့ ကျွန်မထင်မထားခဲ့မိဘူး။ အခုလည်း ယောက်သွားခေါက်နည်းနဲ့ အများနှစ်သက်သူ၊ အများကို လေးစားနှစ်သက်တတ်သူဖြစ်ဖို့ ကျွန်မကြိုးစားသင်ယူနေခဲ့ပါတယ်။

မူရင်း-- google search or http://share.youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

12 comments:

မင်း said...

ဟုတ်ပါရဲ့ ကျနော်လဲ ယောက်သွားပုတ် ဖြစ်နေပြီထင်တယ် ...း(

Vista said...

၁၀၀ % ကြိုက်နှစ်သက်ပါတယ်။
ဘာသာပြန်ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ မနိုင်း။
ကျနော့်မိတ်ဆွေတစ်ယောက်ကိုပေးဖတ်ခြင်တယ် မကြိုက်မှာစိုးတယ် ၊ သူကစလုံးတရုတ်ပါ ဘယ်သူမှ လောကမှာ သူနဲ့ မတဲ့တဲ့အကြောင်း ကျနော်တစ်ယောက်လောက်ပဲကောင်းတဲ့အကြောင်း
အမြဲ
ပြောလေ့ရှိတယ် တကယ်တော့သူကိုယ်တိုင်က ပြဿနာသမားပါ ..တစ်ရွှာလုံးတစ်ယောက်ဖြစ်နေတယ်။ ဘယ်လို ဖတ်ခိုင်းရမလည်းမသိဘူး မေးလ်ထဲကို တရုတ်လင့်ကို ဖော်ဝဒ်လိုက်မှ ထင်တယ်။

Anonymous said...

အရမ်းသဘောကျတယ်အမ ကျနော်သတိလက်လွတ်ဖြစ်နေတဲ့ အချက်ကိုပြောပြပေးလိုက်သလိုပဲ။
ကျေးဇူးအရမ်းတင်ပါတယ်.

khay said...

ကျေးဇူး မမ...


တခါတလေ ယောက်သွားပုတ်လို အတွေးမျိုး ဖြစ်နေတတ်တယ်.. မှတ်သားသွားပါတယ်..

ခင်တဲ့
အိ

Angel Eyes said...

This is very true.

chocothazin said...

ဒီတစ်ခါတော့ အပြည့်အဝ ထောက်ခံသွားပါတယ် အစ်မနိုင်းနိုင်းရေ။

သဇင်ကိုယ်တိုင် ယောက်သွားပုပ်ဖြစ်နေမှန်း အခုမှ သဘောပေါက်တော့တယ်။

ကျေးဇူးတင်ပါတယ်နော်။

Virusylay said...

Ha. Har!!
Lote Hal chi lar???????????


Virusylay

ချစ်ကြည်အေး said...

တကယ်ကို သတိထားရမဲ့ အချက်ပါပဲ ကိုယ့်ကိုယ်ကို ပြန်စစ်သင့်တယ်နော်....ပို့စ်လေးကောင်းတယ် မစနေ....:)

noblemoe said...

ကောင်း၏ အဖိုးတန်တဲ့ ပို့ စ်တစ်ခုတစ်က တစ်ခုပေါ့ 
မရယ် ။ အရမ်းကြိုက်တယ် ။
သာယာချမ်းမြေ့ပါစေနော်
မိုး

ချော (အစိမ်းရောင်လွင်ပြင်) said...

သိပ်ကောင်းတာဘဲ
ကိုယ့်ကိုယ်ကို ပြန်ဆင်ချင်မိအောင် ဒီပိုစ့်လေးက
သင်ခန်းစာပေးလိုက်သလိုဘဲ..
အများနဲ့ကိုယ် ကြားမှာ ပြဿနာ မကြာခနဖြစ်နေပြီဆိုရင်
ခုလိုဘဲ ငါဟာ ယောက်သွားအပုတ်ဖြစ်နေပြီလားဆိုတာ
စဉ်းစားကို စဉ်းစားရပါတော့မယ်..
ကိုယ့်ဘက်က အချိန်မီ မပြင်ရင် လူမှု အသိုင်းအ၀ိုင်းနဲ့ ဝေးကွာသွားဖို့ သေချာနေပြီ..

ဆင်ခြင်ပါဦးမယ်
ကျေးဇူး မနိုင်း....

Sar Chit Thu (Canada) said...

Hi Ma Naing Naing,

Thanks for this post. It really openning my eyes too. I also think like you the same way to other. Well I will try to change myself not to be bad Yat Twer.

စံပယ်ပန်း said...

ယောက်သွားလား...။

ဟုတ်တာပေါ့နော်..။..ကိုယ်ကိုယ်တိုင်က ယောက်သွားဖြစ်နေတာပေါ့..။..ယောက်သွားပုပ်ဖြစ်အောင်..လုပ်တဲ့သူနဲ့..ကြုံခဲ့ဘူးတာကိုး..။..ဘ၀မှာ..အဆိုးရွားဆုံး..အမှတ်တရပါပဲ..။..ကိုယ့်ကိုယ်ကို..ယောက်သွားပုပ်ဖြစ်နေပြီဆိုတာ..သိနေမိတာ..အကြာကြီး..။..မပုပ်အောင်..အရင်အတိုင်းဖြစ်အောင်..ပြန်လုပ်နေရတာလည်း..အကြာကြီး..။..မကြုံခဲ့ဘူးရင်..ကောင်းမှာပေမယ့်..ကြုံသွားခဲ့ရပြီလေ..။..ဘယ်တတ်နိုင်တော့မလဲ..။..အခု..ကိုယ့်အခြေအနေက..ယောက်သွားကောင်းလေးတော့..ဖြစ်နေပြီလို့..ယူဆတာပါပဲ..။..အတွေ့အကြုံရစေခဲ့တဲ့သူကို..ကျေးဇူးတင်နိုင်အောင်ပဲ..ကြိုးစားနေပါတယ်..။..အောင်မြင်လှတယ်ရယ်လို့လည်း..မဟုတ်သေးပါဘူးလေ..။..ကြိုးစားဆဲပါပဲ..။..ဒီလောက်ပဲပြောနိုင်ပါလိမ့်မယ်..။