Sunday, March 07, 2010

အခုတလော


အခုတလော ကျွန်မနေလို့မကောင်းဘူး။ ကိုယ်လက်တွေလေးနေတယ် (နေလို့မကောင်းဘူးဆိုလို့ ဟဲ့..ဘေဘီလားလို့ အလန့်တကြား မလုပ်နဲ့နော် :D)

အခုတလော မအားဘူးလို့ ပြောရအောင်လည်း အလုပ်ကများမနေဘူး။ ပို့စ်တွေ တစ်နေ့တစ်ပုဒ်တင်နေတော့ မအားဘူးလို့ပြောရင် ယုံချင်စရာသိပ်မကောင်းဘူး။ အားတယ်လို့ပြောရအောင်လည်း အိမ်မှာသိပ်မနေဖြစ်ဘဲ အပြင်ပဲထွက်နေရတယ်။ အရင်လကုန်ခါနီး တစ်ပတ်ကစ ကျောင်းတွေပြန်အပ်ဖြစ်တယ်။ ကျောင်းအပ်တော့ နေ့တိုင်းလိုလို ကျောင်းရောက်နေတယ်။ ကျောင်းမအပ်တဲ့ တနင်္ဂနွေနေ့မှာတော့ အသုဘရှိလို့ ကျောင်းကအဖွဲ့နဲ့ သွားရပြန်တယ်။ အသုဘအိမ်မှာ ဝမ်းနည်းခြင်းသီချင်းတွေဆိုပြီး ကျွေးမွေးတာကို စားခဲ့တယ်။

ပြီးတော့တစ်ခါ ကျောင်းအပ်ရင်းတန်းလန်း မင်္ဂလာဆောင်တစ်ခုရှိပြန်တယ်။ မင်္ဂလာဆောင်တွေက များသောအားဖြင့် ကျောင်းအဖွဲ့ကို ဖိတ်တတ်တာကြောင်း ဆရာ/ဆရာမတွေအားလုံး သွားဖြစ်ပြန်တယ်။ မင်္ဂလာပွဲက တစ်ရက်ခြားမှာ နောက်တစ်ခုရှိပြန်တယ်။ ရှိတော့သွားပြန်တယ်။ သွားတော့ သူတို့တည်ခင်းသမျှ အဝစားခဲ့ပြန်တယ်။

လကုန်လို့ကျောင်းအပ်ပြီး ကျောင်းစဖွင့်တဲ့နောက်တစ်ရက်မှာပဲ ကျောင်းတည်ထောင်တာ (၁၂)နှစ်မြောက် ပြည့်တယ်။ အဲလိုနဲ့ (၁၂)နှစ်မြောက်ညစာစားပွဲကို နှစ်သစ်မီးထွန်းပွဲ ညစားစာပွဲနဲ့အတူ ကျောင်းမှာ လုပ်ကြပြန်တယ်။ စားတဲ့အစာတွေကို ဟိုဖက်ကမ်းကနေ ခေါ်ယူချက်တာကြောင့် ကျွန်မတို့ဘာမှ လုပ်စရာမလိုခဲ့ဘူး။ ဒါပေမယ့် စင်အပြင်အဆင်တွေကိုတော့ ကျောင်းကဆရာ/ဆရာမတွေ တာဝန်ယူရတယ်။ ဆရာတွေက စာရေးခုံတွေဆက်ပြီး စင်ဆောက်ရင် ကျွန်မတို့ဆရာမတွေက စင်ပေါ်တင်မယ့် အလှပန်းအိုးတွေ ထိုးရတယ်။ စာလုံးအလှစီရတယ်။ ရံပုံငွေအတွက် ပန်းကုံးရောင်းဖို့ပြင်ရတယ်။ ဆရာမတွေ အယောက်(၂ဝ)နီးပါးရှိတော့ စုစုရုံးရုံးနဲ့လုပ်ရတာ ပျော်စရာကောင်းပါတယ်။ သူတတ်တာ ကိုယ့်ကိုယ်သင်ပေး၊ ကိုယ်တတ်တာ သူ့ကိုသင်ပေးနဲ့ ကျွန်မကသူတို့လုပ်သမျှကြည့်ပြီး အမှိုက်ရှင်းပေးရုံပါပဲ။ ညရောက်ရင် တည်ခင်းသမျှ တက်တက်ကြွကြွ စားပေးခဲ့ပြန်တယ်။

(၁၂)နှစ်မြောက် ညစာစားပွဲပြီးတော့ (3/8)အမျိုးသမီးများနေ့ကို ဒီနေ့မှာ တစ်ရက်စောပြီး ကျင်းပပြန်တယ်။ (မနက်ဖြန် ကျောင်းဖွင့်တဲ့အတွက်) ထုံးစံအတိုင်း စင်ဆောက်၊ ပန်းအလှအတွက် ဆရာ/ဆရာမတွေ တာဝန်ယူရပြန်တယ်။ ဒီမနက်(၈)နာရီခွဲခေါ်ထားပေမယ့် ဘာညာအကြောင်းပြပြီး ကျွန်မ မသွားဖြစ်ခဲ့ဘူး။ ညနေပွဲလုပ်မှ မျက်နှာလေးသွားပြပြီး သူတို့ကျွေးတဲ့ဘူဖေးကို အားနာပါးနာနဲ့ အဝစားပစ်ခဲ့လိုက်တယ်။

အလကားရ အဝစားပွဲတွေ ကုန်ပြီလို့ထင်နေတုန်း မနက်ဖြန်မှာ မန္တလေးကလာတဲ့ စာအုပ်ခင်းကျင်းပြသပွဲ ရှိပြန်တယ်တဲ့။ မန္တလေးကလာတဲ့ ဧည့်သည်တွေကိုဧည့်ခံဖို့ ဟိုဟာဒီဟာလေးလုပ်ရင် ကူသလိုလိုနဲ့ ကျွန်မနည်းနည်းပါးပါး နှိုက်စားဖြစ်တော့မယ်။ မြင်ရက်နဲ့မစားရတဲ့ဝေဒနာကို ကျွန်မသိပ်မခံစားတတ်လို့ပါ။

အဲတာတွေပြီးတော့ ကျောင်းအုပ်က အသစ်ရောက်လာတဲ့ ဆရာ/ဆရာမတွေနဲ့ ပိုခင်မင်ရင်းနှီးကြအောင် မိတ်ဆုံစားပွဲလေးကို နောက်တစ်ပတ်မှာ လုပ်မယ်လို့ပြောပြန်တယ်။ အသားကင် အဝစားပါတဲ့။ မလာတဲ့လူ ဒဏ်ငွေရိုက်မယ်တဲ့။ အလကားစားရမယ့် စားပွဲလေးကို ဘယ်သူကဒဏ်ငွေအရိုက်ခံပြီး မသွားပဲနေပါ့မလဲနော်။

နောက်... မပြီးသေးပါဘူး။ တာချီလိတ်လူငယ်များအသင်းရဲ့(၂)နှစ်မြောက်ပွဲ လာအုန်းမယ်တဲ့...

အဲဒီလိုနဲ့..... အဝစားစားပွဲတွေကြောင့် ကျွန်မခါးလေးတုတ်လာတယ်။ မျက်နှာလေး ပိုဝိုင်းလာတယ်။ လည်ပင်းနှစ်ထပ် ထွက်လုလုဖြစ်လာတယ်။ ဗိုက်ကလေးစူလာတယ်။ ဒါကြောင့် ခုတလော ကျွန်မနေလို့ သိပ်မကောင်းဘူး။ ကိုယ်လက်တွေလေးနေတယ်။ အလကားရရင် အဝအပြဲမစားဖို့ စားပြီးမှ ကျွန်မသိလိုက်ရတယ်။

***အစာကို၇ပုံမျှသာ အဝစားခြင်းသည် ခန္ဓာကိုယ်အားကျန်းမာစေ၏။ အစားမြင်တော့ သော့(၃)ကိုသုံးဖို့ ကျွန်မမေ့သွားခဲ့တယ်။

နိုင်းနိုင်းစနေ


Share/Bookmark

8 comments:

mon said...

အမနိုင်းနိုင်းရေ..
စားနိုင်တုန်းလေးစားသာစားထားးးး
အသက်ကြီးလာရင်မစားနိုင်တော့ဘူးးးး
အမရေးထားတာတွေဖတ်ပြီး အမလိုပဲ စားချင်လိုက်တာ..

ခင်မင်လေးစားလျှက်
Mon

မင်း said...

..ကျွန်မခါးလေးတုတ်လာတယ်။ မျက်နှာလေး ပိုဝိုင်းလာတယ်။ လည်ပင်းနှစ်ထပ် ထွက်လုလုဖြစ်လာတယ်။ ဗိုက်ကလေးစူလာတယ်။...

တော်သေးတာပေါ့ အပေါ်မှာ ကြိုရေးးထားလို့ ... :D

Anonymous said...

ဘုရား ဘုရား
အစားတွေချည်းပါပဲလား...

sai said...

အစားအသောက်အကုန် လူနဲ့ တည့်တယ် စားသာစား:P

ခွန်မြလှိုင် said...

မမီးရေ

လှိုင်တော့ အံဆုံး ၂ချောင်း နှုတ်လိုက်တာ ၆ရက်စီ ဆန်ပြုတ် သောက်လိုက်ရလို့ ခါး ၃လက်မ ကျသွားတယ်။ သတင်းပေးတာပါ။ :P

သက်တန့်ချို said...

ခါးတုတ် ၊ မျက်နှာဝိုင်း ၊ လည်ပင်းနှစ်ထပ်ပုံလေး တင်ပါလားအစ်မ..း)

simple said...

ခွန်မြလှိုင်ရေ...အားကျတယ်ကွယ်..

....လှိုင်တော့ အံဆုံး ၂ချောင်း နှုတ်လိုက်တာ ၆ရက်စီ ဆန်ပြုတ် သောက်လိုက်ရလို့ ခါး ၃လက်မ ကျသွားတယ်။ သတင်းပေးတာပါ။ :P.....

ကိုဇော် said...

ဒီလို ဖြစ်နေတာပေါ့....

တွေ့သမျှ အကုန်စားတဲ့...
အိုဘဲ့. . .မနိုင်း..
စူဇကာပုဏ္ဏား။

ပျော်ရွှင်ပါစေ
ကိုဇော်