Saturday, May 22, 2010

ကလေးငယ်ရဲ့ အိန်ဂျယ်လ်


တစ်နေ့မှာ ကလေးငယ်တစ်ဦးက ဘုရားသခင်ကိုမေးတယ်။

"အကျွန်ုပ်ကို ကမ္ဘာမြေကြီးဆီ ပို့မယ်လို့ သူတို့တတွေပြောနေကြတယ်။ ကမ္ဘာမြေပြင်ပေါ်ရောက်ရင် ဘာဖြစ်လို့ အကျွန်ုပ်သေးငယ်ပြီး အကူအညီမဲ့ရတာလဲ?"

"အိန်ဂျယ်လ်တွေထဲက တစ်ဦးကိုရွေးပြီး သင်နဲ့အတူ လိုက်ပါစောင့်ရှောက်စေမှာပါ" ကလေးငယ်ရဲ့အမေးကို ဘုရားသခင်ကဖြေတယ်။

"ဒါပေမယ့်.." ကလေးငယ်ကဆက်ပြီး "နတ်ပြည်မှာ သီချင်းဆို ရယ်မောတာကလွဲပြီး တခြားဘာမှ အကျွန်ုပ်မလုပ်ခဲ့ဘူး။ ဒီပျော်ရွှင်ခြင်းတွေက အကျွန်ုပ်အတွက် လိုအပ်တဲ့အရာတွေပါ"

"သင့်ရဲ့အိန်ဂျယ်လ်က သင့်ကို နေ့တိုင်းသီချင်းဆိုပြီး ရယ်မောပြမှာပါ။ အိန်ဂျယ်လ်ရဲ့မေတ္တာကြောင့် ပျော်ရွှင်ခြင်းတွေကို သင်ခံစားမိပါလိမ့်မယ်"

"နောက်ပြီး..." ကလေးငယ်က ဆက်မေးတယ်။ "သူတို့ပြောတဲ့စကားတွေကို အကျွန်ုပ်နားမလည်ခဲ့ရင် ဘယ်လိုလုပ်မလဲ? ဘယ်လိုလုပ်မှ လူတွေပြောတဲ့စကားကို အကျွန်ုပ်နားလည်နိုင်မလဲ?"

"ဒါ လွယ်ပါတယ်။ သင့်ရဲ့အိန်ဂျယ်လ်က သင့်ကိုစကားတွေ သင်ပေးလိမ့်မယ်။ စကားတွေထဲက အလှဆုံး၊ အချိုမြိန်ဆုံး အသုံးအနှုန်းတွေကို သည်းခံစိတ်၊ ဂရုစိုက်ကြင်နာစိတ် အပြည့်အ၀နဲ့ သူသင်ပေးလိမ့်မယ်"

ကလေးငယ်က ခေါင်းမော့ပြီး "ဘုရားသခင်နဲ့ အကျွန်ုပ်စကားပြောချင်တဲ့အခါ ဘယ်လိုလုပ်ရမလဲ?"

ကလေးငယ်ရဲ့စကားကို ဘုရားသခင်က အပြုံးနဲ့ "သင့်ရဲ့အိန်ဂျယ်လ်က သင့်လက်အစုံနဲ့ ဘယ်လိုဆုတောင်းဝပ်ပြုရမယ်ဆိုတာကို သင်ပေးပါလိမ့်မယ်"

"ကမ္ဘာမြေပြင်ပေါ်မှာ လူဆိုးလူမိုက်တွေရှိတယ်လို့ အကျွန်ုပ်ကြားဖူးပါတယ်။ ဘယ်သူက အကျွန်ုပ်ကို ကာကွယ်စောင့်ရှောက်မလဲ?"

ဘုရားသခင်က ကလေးငယ်ရဲ့ကိုယ်ပေါ် လက်တင်ပြီး "သင့်အိန်ဂျယ်လ်က သင့်ကို ကာကွယ်စောင့်ရှောက်လိမ့်မယ်။ အသက်အန္တရာယ်ကျရောက်နိုင်တဲ့ ဘေးဒုက္ခနဲ့ကြုံသည့်တိုင် သင့်ကို သူကာကွယ်စောင့်ရှောက်လိမ့်မယ်"

ကလေးငယ်က ၀မ်းနည်းတဲ့အမှုအရာနဲ့ "ကမ္ဘာမြေပြင်ပေါ်ရောက်ရင် ဘုရားသခင်ကို အကျွန်ုပ်တွေ့ရတော့မှာ မဟုတ်တဲ့အတွက် ၀မ်းနည်းမိပါတယ်"

ဘုရားသခင်က ကလေးငယ်ကို ပွေ့ဖက်ပြီး "သင့်အိန်ဂျယ်လ်က သင့်ကို ကျွန်ုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေ ပြောပြပါလိမ့်မယ်။ နောက်ပြီး ကျွန်ုပ်အပါး ပြန်ရောက်နိုင်တဲ့နည်းတွေ သင်ပေးလိမ့်မယ်။ ဒါကြောင့် ဘုရားသခင် သင့်အပါးရှိနေတယ်လို့ ပြောကြတယ်"

ဘုရားသခင်ရဲ့ စကားကြောင့် ကလေးငယ် စိတ်ချမ်းသာမှုရသွားတယ်ဆိုပေမယ့် ကမ္ဘာပေါ်က လွင့်လာတဲ့အသံကို သူကြားလိုက်တယ်။ ကလေးငယ်က စိတ်လှုပ်လှုပ်ရှားရှားနဲ့ "ဘုရားသခင် ကမ္ဘာမြေပြင်ပေါ် အကျွန်ုပ်သွားရပါတော့မယ်။ ကျေးဇူးပြုပြီး အကျွန်ုပ်ရဲ့အိန်ဂျယ်လ်နာမည်ကို ပြောပြပါ" လို့ တောင်းဆိုတယ်။

"အသင့်အိန်ဂျယ်လ်ရဲ့နာမည်က အဲဒီလောက် အရေးမကြီးပါဘူး။ လွယ်လွယ်ကူကူနဲ့ "မေမေ"လို့ အသင်ခေါ်ဆိုနိုင်ပါတယ်" လို့ ဘုရားသခင်က ပြောတယ်။

Mei Lar ရေးသားထားတဲ့ San Xiao ညနေခင်းသတင်းစာထဲက ကောက်နှုတ်ချက်ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

6 comments:

သိင်္ဂါကျော် said...

ချစ်စရာကောင်းတဲ့ အရေးအသားလေးပဲနော်.. မိခင်တိုင်းဟာ ကိုယ့်ကလေးရဲ့ အိန်ဂျယ်တွေပဲပေါ့..။

freedomtoleave.blogspot.com said...

ဘုရားသခင်ကလဲ အိန်ဂျယ်လ် မေမေဆို ကလေးငယ်ကိုအစားအသောက်နဲ့ကာကွယ်မှုတွေပေးမဲ့ ယွာဂျယ်လ်နတ်သားကတော့ ဖေဖေလို့ခေါ်လိုက်ရုံပဲ တခါထဲ ပြောလိုက်ရမှာနော။ကျေးဇူးပါ စနေ

Lunn said...

Facebook တစ်နေရာမှာကျနော်တွေ့ခဲ့တာလေးပါ... တိုက်ဆိုင်လို့ပါ... မျှဝေလိုက်ပါတယ်... One day before the baby was born, the baby said: I don't know what I'm
going to do in the world! God replies, I'll send you an angel to be next to you ,the angel will teach and protect you! The baby: What's the name of my angel? You will call her "MOMMY"...

Zay Tar Yar said...

သိပ်ကောင်းတဲ့ စာလေးဘဲနော် လွယ်လွယ်လေးဘဲ
ခေါ်လိုက်ပါ မေမေတဲ့လားဟင် .......မေမေဆိုတာ
နတ်သမီး ..လူ့ဘ၀ရဲ့နတ်သမီး......

အကြမ်းထည် said...

ုဘုရား..သခင် က မေမေ ကို ကျွန်တော် တို့ အတွက်
လက်ဆောင် ပေးခဲ့ တာလား။
ကျေးဇူး God and Mum!!

Crystal said...

မေမေ သမီးရဲ့ angel လေးပျောက်ဆုံးခဲ့