မနေ့က သူငယ်ချင်းတစ်ယောက် ဓာတ်ပုံနှစ်ပုံပြတယ်။ first11ဂျာနယ်မှာပါတဲ့ ပုံပါတဲ့... ပုံကြည့်ပြီး တော်တော်တုန်လှုပ်သွားတယ်။ တစ်သက်နဲ့တစ်ကိုယ် ကျွန်မတို့အင်းလေးကန်ကြီး ဒီလိုခမ်းခြောက်သွားတာကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ခုတော့ ရေပြင်ဖြစ်ခဲ့တဲ့ မြေပြင်က ပတ်ကြားအက်လို့.... တောင်ကြီးပြန်ရောက်စက အင်းထဲမှာ တစ်ပတ်ဆယ်ရက်သွားနေအုန်းမယ်လို့ စဉ်းစားထားသေးတယ်။ သူငယ်ချင်းက မလာနဲ့အုန်း အင်းထဲမှာ ရေ၀ယ်သုံးနေရတယ်ဆိုလို့ မသွားဖြစ်ခဲ့ဘူး။ ဒီလောက်အခြေအနေဆိုးမှန်း မသိခဲ့ဘူး... ဒီတစ်နွေ မြန်မာပြည်တော်တော်ပူပါတယ်။
ဒီနွေမှာ တောင်ကြီးလည်း တော်တော်ပူပါတယ်။ မနက်နဲ့ညနေမှာ နေသာထိုင်သာရှိတယ်ဆိုပေမယ့် နေ့ခင်းဘက်နွေက အသားထိမရအောင် ပူစပ်ပါတယ်။ သစ်ပင်တွေနည်းသွားလို့လားလို့ တောင်တွေကို မျှော်ကြည့်တော့ ကြီးကြီးမားမား သစ်ပင်တွေနည်းသွားတာတော့ အမှန်ပါပဲ။ သစ်ပင်နည်း၊ ရာသီဥတုပူနဲ့ နွေရာသီရောက်တိုင်း ကျွန်မတို့တောင်ကြီးမှာ ရေဒုက္ခခံရပါတယ်။ တချို့ရပ်ကွက်တွေဆို နိုဝင်ဘာလကတည်းက ရေ၀ယ်သုံးနေရပါပြီတဲ့။ ဟိုတစ်လောက အိမ်မှာရေမလာလို့ ရေပေးဝေတဲ့ကန်ကို ဦးလေးသွားကြည့်တော့ ကန်ထဲမှာရေလုံးဝ မရှိတော့ဘူးလို့ဆိုတယ်။ အဲဒီလိုနဲ့ ရေတစ်ကား (ပီပါ၇လုံးဆန့်)ကို ငွေ ၈၀၀၀ကျပ်နဲ့ ၀ယ်ခဲ့ရတယ်။ မိုးသာမရွာရင်.........
ရှေ့အပတ်က သူငယ်ချင်းတစ်ယောက်ရှိတဲ့ လပွတ္တာကို အလည်ရောက်ခဲ့တယ်။ လပွတ္တာက မုန်တိုင်းဒဏ်ကို ပိုထိထားတော့ ရန်ကုန်ထက်ပိုပူတယ်။ ရေချိုကန် တော်တော်များများက နှစ်အတော်ကြာ မတိုက်ဆေးထားတဲ့ အပျင်းကြီးတဲ့ တောသူမတစ်ယောက်ရဲ့ခြေဖနောင့်လို ပတ်ကြားအက်နေခဲ့တယ်။ နောက်ဆယ်ရက်လောက် မိုးမရွာရင် သောက်သုံးရေတွေ မရှိတော့ဘူးလို့ ဆိုကြတယ်။ တချို့ရွာတွေမှာ ရေဝေကားကြီးတွေ တွေ့ခဲ့တယ်။ တချို့ရွာတွေမှာ နည်းနည်းပဲကျန်တော့တဲ့ ညစ်နောက်နောက် ရေချိုတွေကို တယုတယခပ်ယူနေတာ တွေ့ခဲ့တယ်။ မိုးသာမရွာရင်.........
ရန်ကုန်အပူ၊ လောကကြီးရဲ့အပူ၊ လူတွေရဲ့အပူကို စကားလုံးတွေနဲ့ ကျွန်မ မဖော်ပြတတ်ခဲ့ဘူး။ နေဒဏ်ကြောင့် ၀န်းကျင်တစ်ခုလုံးလည်း မီးရှို့လိုက်တဲ့ ဓာတ်ပုံလို ကော့လန်ကျွတ်ဆတ်နေပါပြီ။ ရေမထိတဲ့ သစ်ပင်တွေလည်း ညိုးလို့၊ ရေမလုံလောက်တဲ့ဒဏ်၊ နေပူဒဏ်ကြောင့် လူတွေလည်း နွမ်းလို့ .... ရေတစ်စည် သုံးထောင်ဆိုတဲ့အပူက လက်လုပ်လက်စား၊ တစ်နေ့ရှာတစ်နေ့စားသူတွေကို ထပ်ဆင့်အပူပေးလိုက်သလိုပါပဲ။ နွေပူပေါ် ရေပူဆင့် လျှပ်စစ်မီးမမှန်တဲ့အပူက အ၀ီစီတွင်း၊ အဲကွန်း၊ ပန်ကာတွေကို အလှပြပစ္စည်းဖြစ်စေခဲ့တယ်။ ရေအားလျှပ်စစ်ကလည်း ရေမရှိလို့မလည်ပတ်နိုင်တော့ဘူးဆိုတဲ့ ဆင်ခြေက ဒီနွေမှာ အကောင်းဆုံးဆုရသွားခဲ့တယ်။ မိုးသာမရွာရင်.........
နွေပူဒဏ်ကို ရန်ကုန်နယ်ခံတွေလည်း မခံနိုင်ကြတော့ဘူး။ ၀မ်းစာအပူနဲ့ နွေအပူပေါင်းလိုက်တော့ ပိုဆိုးကုန်ကြတယ်။ နေပူပူမှာ ရေခဲစိမ်တာဝါနဲ့ ကုပ်ပိုးကိုအုပ်လိုက်လို့ နေရာမှာတင် ရှော့ဖြစ်သွားတဲ့ တက္ကစီသမား သတင်းလည်းကြားရတယ်။ ရှင်လောင်းလှည့်ပြီး ကတုံးတုံးရင်း ရေချိုးလိုက်ကြတဲ့ ကိုရင်(၃)ပါး ရှော့ဖြစ်သွားတယ်ဆိုတဲ့ သတင်းလည်းကြားတယ်။ သတင်းတွေက မှန်တယ်၊ မှားတယ်ဖြစ်စေ ဒီနွေရဲ့အပူကို လူတွေလန့်နေကြတာတော့ အမှန်ပါပဲ။ နေအေးမှ ရေချိုးနော်... သရက်သီးမစားနဲ့နော်... ဒူးရင်းသီးမစားနဲ့နော်.. ရေခဲရေ မသောက်နဲ့နော်... နော်... နော်....
နွေအပူကြောင့် လူတိုင်း မိုးကိုမျှော်နေကြပြီ၊ ရေကို မျှော်နေကြပြီ၊ လေကို မျှော်နေကြပြီ၊ လျှပ်စစ်မီးကို မျှော်နေကြပြီ။ မိုးသာမရွာရင်....... ကျွန်မဆက်မတွေးရဲတော့ပါဘူး။
နိုင်းနိုင်းစနေ (ချွေးတလုံးလုံး၊ မီးစက်သံတကျုံးကျုံးနှင့် ၄၄ံC ရှိ ရန်ကုန်အပူချိန်၌ ရေးသည်)

22 comments:
ဖတ်ရတာ သံဝေဂတွေချည်းပါပဲ အစ်မရယ်..
တခလမှာတော့ ပူတော့ပူတယ် ဒါပေမယ့် မိုးက တစ်ရက်ခြားရွာနေတယ်ဆိုတော့ ခံသာသေးတယ်ပေါ့။
လူတွေမှာ မေတ္တာဓာတ်နည်းရင် အဲလိုဘေးမျိုး အခြေအနေမျိုး ကြုံရတယ်လို့ ကြားဖူးတယ်။
ဒီအခြေအနေတွေက လွတ်မြောက်ချင်ရင်တော့ အဲဒီဒေသက လူတွေ 75%လောက်က မေတ္တာဗြဟ္မစိုရ်တရား ပွားများမှ ရမယ်အစ်မရေ...
Thanks for bringing in this subject. I talked to both my mom and my mom-in-law, they both complained about the heat and lack of electricity. Hope it rains soon enough to give senior citizens a little peace of mind.
"ငရံမင်း" ပရိတ် ရွက်ရတယ်လို့ကြားဖူးပါတယ်... မိုးရွာစေချင်ရင်...
မရေ။.. ရာသီဥတု ခန့်မှန်းတဲ့ web တွေအရတော့ ရွာတော့မှာပါ.. ဆုတောင်းရုံပေါ့။။
စိတ်ညစ်ပါတယ်..မြန်မာပြည်က လူတွေ တော်တော် သနားဖို့ကောင်းပါတယ်..။
တရုတ်ပြည်မှာလည်း ရေတွေ ခမ်းပြီး မြေကြီးတွေ ပတ်ကြားအက်နဲ့..ရေဘေးဒုက္ခတွေ ရောက်နေကြရတယ်..ကမ္ဘာမြေလည်း တစ်ဖြေးဖြေး ကြောက်စရာ ကောင်းလာပြီနော်။
မိုး..မိုး.. ရွာစေ့ချင်ပါပြီ
ရွာပြန်တော့လဲ မုန်တိုင်းနဲ့ ဆိုသလို မဖြစ်အောင်တော့ ဆုတောင်းရတော့မှာပါဘဲ..
မိုးခေါင်ပြီး ရေခမ်းနေတဲ့ပုံတွေကြည့်ရတာ စိတ်ဆင်းရဲမိတယ်..
နောင် ဒီထက်ပူနွေးလာမဲ့ ကမ္ဘာကြီးကို
လူတွေ ဘယ်လိုများ ခံနိုင်ရည်ရှိကြပါ့မလဲမသိ
ရေစိမ်ခံတာဝယ်လ်..။
ရန်ကုန်သတင်းတွေကတော့ ကြားတယ်..
ဗမာပြည်မှာ မိုးမှန်မှန်ရွာပါစေ။
လက်ရှိ ကပ်ဘေးမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေ။
တောင်ကြီးမှာ ဒီနေ့မနက်ခင်း ၁၁ နာရီမှာ မိုးတွေတစ်ဖြိုင်းဖြိုင်း ရွာချနေပါပြီ မကြာခင် တစ်နိုင်ငံလုံးရွာမယ့်အနေထားရှိနေသည်...သတင်းကောင်းလေးပါ..မြန်မာပြည်သူတွေ အေးချမ်းကြပါစေ
အင်း ကျုပ်တို့ဗမာတွေ လူ့ပြည်မှာတချို့လူ တချို့လူနားမှာပြန်ဝင်စားနေကြတယ်ထင်ပါရဲ့ ဖွကိုယ်လွဲစေ ၀င်လည်းမလာပါစေနဲ့ ကျုပ်တို့လူမျိုးမှာက သူတော်ကောင်းတွေကများပါဘိ သန့်ရှင်သောထမင်းတလုက်ဖြစ်ပါစေသား။ကပ်ကြီးသုံးပါးလွဲစေသား
သစ်တွေခုတ်ရောင်းစားနေတာလဲ မြန်မာတစ်နိုင်ငံဘဲရှိမယ်ထင်တယ်။ သူတို့ကတိုးတက်အောင်လုပ်နေပါတဲ့. ဒါပေမဲ့လုပ်ရပ်တွေက တခြားနိုင်ငံနဲ့နှိုင်းယှဉ်လိုက်ရင် အဆိုးဘက်ကိုဘဲဦးတည်နေတယ်. တွေးရင်တွေးရင် အတော်လေးရင်လေးမိတယ်. ဒီထက်ဆိုးဖို့ပဲရှိတယ်.
ဗမာပြည်မှာ ရှိတဲ့ သစ်တောအရာရှိ တယောက်က မျိုးရိုးစဉ်ဆက် ချမ်းသာတာ မဟုတ်ဘဲ အိမ်တွေဝယ် ကားတွေဝယ်... သားသမီး တွေကို နိုင်ငံခြား ပို့ ကျောင်းထားနိုင်တဲ့ အထိ ဗမာ့အရင်းအမြစ် တွေကို နှစ်ပေါင်းများစွာ ကိုယ်ကျိုးအတွက် ရှာဖွေ သုံးစွဲ နေမှတော့ အခုလို ဗမာပြည်ကြီး ရာသီဥတု ဒဏ် ခံ နေရတာ မထူးဆန်းပါဘူး ( ဒီလိုမျိုး ဘယ်နှယောက်ရှိနိုင်မလဲ ) ... ပရိတ်ရွတ်လည်း ဘာမှထူးလာမှာမှ မဟုတ်တာ ... ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု အင်မတန် နည်းပါးတဲ့ အာရှတိုင်းပြည်တွေမှာ ရာသီဥတု ဆိုးရွားလာမှာ လည်း ဗေဒင် မေး စရာ မလို ဘူး လေ ...
နောင် ဒီလိုမျိုး သာ ရေရှည် ဖြစ်လာ ဦး မယ်ဆိုရင်တော့ အီသီယိုးပီးယား လို အငတ်ဘေး နဲ့ ကြုံ လာရင်တော့ အကြီးအကျယ် ဒုက္ခ ဘဲ ....
mie nge
နှစ်အတော်ကြာ မတိုက်ဆေးထားတဲ့ အဘွားအိုရဲ့ခြေဖနောင့် ဆိုရင် ပိုအဆင်ပြေမယ် ထင်ပါတယ်..
မုဆိုးမ ဆိုတဲ့ စကားလုံးဟာ အဲ့လိုနေရာမှာ မရေးသင့်ဘူးလို့ ထင်ပါတယ်..
မနိုင်း.. ကိုယ်ချင်းစာကြည့်ပါ
မုဆိုးမ ဆိုတဲ့ စကားလုံးဟာ အဲ့လိုနေရာမှာ မရေးသင့်ဘူး
မိုးမြန်မြန်ရွာစေချင်ပါတယ် မ ရယ်.. မနေ့က စလုံးမှာရွာတဲ့မိုးမျိုး.. မြန်မာပြည်မှာ မြန်မြန်သာ ရွာလိုက်စမ်းပါစေတော့..
မိုးခေါ်ပွဲလို့ခေါ်တဲ့ လွန်ဆွဲပွဲဘာလို့မလုပ်ကြသလဲဆိုတော့
မင်းကသစ္စာရှိမှတဲ့....အဲ..ငိုင်ငံရေးတွေပါကုန်ပီ..။
ဒီပို့စ်ရေးရင် နိုင်းနိုင်းစနေ ပါးတွေနီနေမယ်ဆိုတာမြင်ယောင်နေပါသေးတယ် ရာသီဥတုပူလွန်းလို့လေ....း)
ခင်မင်စွာဖြင့်
မိုးငွေ့
ဓါတ်ပုံကို ကြည့်ပြီး ဖောင်တော်ဦး ဘုရားမှ ဟုတ်ပါလေစလို့ ပါးစပ်အဟောင်းသား အံ့သြမိပါတယ်.. အိမ်သားတွေကို သတိယပြီး သနားလိုက်တာ...မြန်မာပြည်သားအားလုံး ဒုက္ခဆိုးတွေက ကင်းဝေးပါစေတော့...
မိုးရွာနေပြီဗျ...ခု မစနေရဲ.ဘလော့ကိုဝင်ဖတ်နေချိန် အခုပဲ ၁၀နာရီခွဲကျော်မှာပဲ ရန်ကုန်မှာမိုးဖွဲဖွဲလေးစရွာနေပြီ။
ဝမ်းသာစရာပါပဲ...နောက်မကြာခင်မိုးဆက်တိုက်ရွာဖို.မျှော်လင့်ပါတယ်...
အင်းလေးကန်ကြီးအတွက်စိတ်မကောင်းပါဘူး။
မကြာခင်မှာ ရေပြန်ပြည်.လာဖို.မျှော်လင့်ပါတယ်ဗျာ...
(လူသား = ယုံကြည်မျှော်လင့်ချက်...)
ဖနောင့်ကွဲနေရင် မုဆိုးမ ဖြစ်လိမ့်မယ်
နောက်တစ်ယောက်ထပ်ယူလိုက်ရင်ကောင်းသွားမှာ
မ ၉ ရဲ့ တောင်ကြီးကိုဟိုတစ်ပတ်ကရောက်တော့ အရမ်းနေလို့ကောင်းတာပဲ.. အရမ်းပူတဲ့ရန်ကုန်ကနေလာခဲ့ရတာကိုး...
မိုးရွာပြီ မိုးရွာပြီ မိုးရွာပြီ .......... :)
မမနိုင်းရေ။ ခုမှပဲရောက်တယ်။ မေလေးတို့ဆီမှာ ခုဒိနေ့ နေလည်လေးက ပထမဆုံးအဖြစ် ခဏလေးရွာတယ်။ ပုံထဲက ဖောင်တော်ဦးဘုရားကို တွေ့ပြီး လန့်သွားတာပဲ။ ရေတွေ ဘယ်ရောက်ကုန်တာလဲ။ ဘယ်သူယူသွားတာလဲ။ ရန်ကုန်တင်မဟုတ်ပါဘူး။ ဒီထိုင်းမှာလည်း ပူနေတာပါပဲ။ မမရယ်။ မမကို congratulation လာလုပ်တာပါ။ မမ ဒီထက် ပိုပြီး အောင်မြင်ပါစေ။ မမထွက်တဲ့ စာအုပ်တွေ ဒီဘက်(မြဝတီ)ကို ရောက်ပါစေလို့ပဲ ဆုတောင်းရမယ်။ အဲဒါမှ ဖတ်ရမှာ။ နက် မဝင်ဖြစ်တော့ ခုမှ ထိုင်ပြီးရေးရတယ်။ မမ၊ မမမိသားစု၊ သူငယ်ချင်းများ ကျန်းမာပျော်ရွှင်ပါစေ
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ဂျီတော့မှာ တင်ထားတဲ့ စာသားလေးကဗျာ
ဖေစ့်ဘွတ်မှာဘဲ အပင်စိုက်မနေကြပါနဲ့ တဲ့ 
လက်တွေ အပြင်မှာလည်း စိုက်ကြစေချင်ပါတယ်တဲ့ ဗျာ........
Post a Comment