မနှစ်က အားလုံးလှူဒါန်းခဲ့ကြတဲ့ အလှူငွေစာရင်းကို ရှင်းပြချင်ပါတယ်။ အခုမှ ရှင်းပြခွင့်ရတာက ကျွန်မ ရွာမပြန်ဖြစ်တာတစ်ကြောင်းနဲ့ ၁ဝတန်းစာမေးပွဲအပြီးကို စောင့်နေရတာတစ်ကြောင်းမို့ပါ။ ဒါကို နားလည်ပေးကြစေချင်ပါတယ်။ မနှစ်က ကျွန်မတို့ရွာက (၁ဝ)တန်းကျောင်းသူလေးအတွက် နိုင်ငံအသီးသီးက စေတနာရှင်များထံမှ ကောက်ခံရရှိခဲ့တဲ့ ငွေပေါင်းက မြန်မာကျပ်ငွေ စုစုပေါင်း ၁၁၅,၁၆ဝ၁.၅၇ကျပ် (တစ်ဆယ့်တစ်သိန်း ငါးသောင်း တစ်ထောင် ခြောက်ရာတစ်ကျပ်.၅၇ပြား)ဖြစ်ပါတယ်။ [အလှူရှင်များစာရင်း (၁),(၂),(၃) ]
(၁ဝ)တန်းကျောင်းသူရဲ့ တလအသုံးစရိတ် (၇၅,ဝဝဝကျပ်)နဲ့ (၇/၂ဝဝ၉ မှ ၃/၂ဝ၁ဝ ထိ) စုစုပေါင်း (၉)လအသုံးစရိတ် = ၇၅,ဝဝဝ × ၉ လ = ၆၇၅,ဝဝဝ ကျပ် ကုန်ကျပါတယ်။ ကျန်ငွေထဲက ကျပ်(၄)သိန်းကို ကျွန်မတို့ရွာက အ.လ.ကကျောင်းအတွက် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ **ငွေတစ်သောင်းကျပ်ကို မျက်မမြင် အဘွားအိုတစ်ဦးအတွက် လှူဒါန်းခဲ့ပါတယ်။
အခုကျွန်မလက်ထဲမှာ ငွေ(၆၆,၆ဝဝ) ခြောက်သောင်းခြောက်ထောင်ခြောက်ရာကျပ် ကျန်ပါတယ်။ ကျောင်းဖွင့်ချိန်လည်းရောက်ပြီမို့ ကျန်ငွေကို ရွာကျောင်းအတွက် ဗလာစာအုပ်ဝယ်လှူဖို့ ဒါမှမဟုတ် ကျောင်းမအပ်နိုင်သူတွေကို ကျောင်းအပ်ပေးဖို့ စိတ်ကူးထားပါတယ်။
နိုင်ငံအသီးသီးက စေတနာရှင် အလှူရှင်များကို အထူးကျေးဇူးတင်ကြောင်း ကျွန်မထပ်ပြောချင်ပါတယ်။ ဒီလ(၁ဝ)ရက်နေ့မှာ ၁ဝတန်းအောင်စာရင်း ထွက်မှာပါ။ အလှူရှင်တွေ လှူရကျိုးနပ်အောင် (၁ဝ)တန်းကျောင်းသူ ကောင်မလေးက စာကြိုးစားပြီး လိမ္မာပါတယ်။ ကျွန်မရွာဆင်းတိုင်း သူနေ့စားအလုပ်လိုက် သွားနေတာနဲ့ပဲ ကြုံတာနဲ့ ဒီစာရင်းကို (သူ့ဓာတ်ပုံနဲ့တကွ) ဒီနေ့မှ ရှင်းဖြစ်တာပါ။
**မျက်မမြင် အဘွားအိုတစ်ဦးအတွက် ငွေတစ်သောင်းလှူလိုက်ဖြစ်တာက အဲဒီအဘွားအိုဟာ ဆွေမျိုးသားချင်းမရှိ၊ လင်ယောက်ျားလည်း ဆုံးသွားပြီး တစ်ယောက်တည်း နေနေရသူပါ။ အဘွားအိုအကြောင်း ကျွန်မသိရတာက မတင်မေကြောင့်ပါ။ မတင်မေ ပြောပြချက်အရ ဆီးချိုရောဂါရှိတဲ့ မတင်မေဟာ သူဆေးခန်းသွားပြတုန်း အဘွားအိုလင်မယားနဲ့ ခင်မင်ခဲ့ပါတယ်။ အဘိုးအိုမှာ ဆီးချိုရောဂါရှိလို့ သူတို့ဆေးခန်းလာပြကြတာပါ။ ခင်မင်ပြီးစကားတွေပြောဖြစ်တော့ အဘွားအိုလင်မယားဟာ သားသမီးမရှိဘဲ လမ်းဘေးမှာ မုန့်ဟင်းခါးရောင်းတယ်လို့ သိရပါတယ်။ လမ်းကြုံရင် မတင်မေက သူတို့မုန့်ဟင်းခါးဆိုင်သွားပြီး နေကောင်းကျန်းမာကြောင်း သွားနှုတ်ဆက်တတ်ပါတယ်။ နောက်တော့ မုန့်ဟင်းခါးဆိုင် မထွက်တာကြာတော့ ဘေးဆိုင်တွေကိုမေးကြည့်မှ အဘိုးအိုဆုံးသွားကြောင်း သိလိုက်ရတယ်။ နောက်တော့ လတွေကြာမှ စုံစမ်းစုံစမ်းရင်း အဘွားအိုနေအိမ်ကို သွားတွေ့ပါတယ်။ (အိမ်လို့သာဆိုတယ်... လူများအိမ်ဘေးက အခန်းသေးသေးလေးမှာ ငှားနေတာပါ)
မတင်မေက ကြုံရင်ကြုံသလို၊ အားရင်အားသလို အဘွားအိုကို သွားသွားကြည့်ပြီး စားစရာ၊ ငွေလေးတွေ လှူခဲ့တတ်တယ်။ အဘွားအိုက အသက်(၇ဝ)နီးနေပြီး ပြုစုသူလည်းမရှိပါဘူး။ အသက်ကြီးလာတာနဲ့ မျက်လုံးက တိမ်စွဲပြီး မမြင်မစမ်းဖြစ်နေပါတယ်။ သူကဒီအကြောင်း ကျွန်မကိုပြောပြလို့ လှူထားကြတဲ့ငွေတွေထဲက အားလုံးလည်းကုသိုလ်ရအောင်ဆိုပြီး အဘွားအိုကို ငွေတစ်သောင်း လှူဖြစ်ခဲ့တာဖြစ်ပါတယ်။
ရွာကျောင်းမှာ ငွေ(၄)သိန်းလှူခဲ့တဲ့ အလှူအကြောင်းကို ဘလော့မှာ ကျွန်မရေးခဲ့ပါတယ်။ ကမ္ဘာကြီး ကျဉ်းလာတယ်လို့ဆိုရမလား! အချင်းချင်း ခင်မင်ရင်းနှီးတဲ့ လူတွေများလာတယ်လို့ ဆိုရမလား! အဲဒီရေးထားတဲ့ပို့စ်ကို ကျောင်းအုပ်ဆရာကြီးရဲ့ ဒူဘိုင်းမှာနေတဲ့ သူငယ်ချင်းတစ်ဦးက ဖတ်မိပြီး ဆရာကြီးကို ပြောပြပါသတဲ့။ ကျွန်မရွာရောက်တော့ ကျေးဇူးတင်ကြောင်းတွေ ပြောလိုက်တာ... (တော်သေးတယ် အတင်းမတုတ်ထားလို့ :) နိုင်ငံအသီးသီးက လှူဒါန်းထားသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆရာကြီးက မှာလိုက်ပါတယ်။ ဆရာကြီးက အခုလက်ရှိ အနှစ်(၂ဝ)နီးပါး အ.လ.ကကျောင်းအဖြစ်နဲ့သာ ရှိနေတဲ့ကျောင်းကို အ.ထ.ကကျောင်းဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့အကြောင်း၊ လိုအပ်တဲ့ ကျောင်းအဆောက်အဦး ဆောက်လုပ်ဖို့လိုတဲ့အခါ စေတနာရှိသူများ ထပ်လှူဒါန်းနိုင်ကြစေဖို့ အမှာပါးလိုက်ပါသေးတယ်။
တကယ်တော့ လှူဒါန်းချင်တဲ့လူရှိရုံနဲ့ အလှူကဖြစ်မြောက်သွားတာမျိုး မဟုတ်ပါဘူး။ အဲဒီလှူဒါန်းတဲ့ငွေကို ဒါနကုသိုလ်မြောက်အောင် စေတနာရှိရှိ၊ အကျိုးရှိရှိနဲ့ တကယ့်လိုအပ်နေတဲ့နေရာမှာ အသုံးပြုဖို့ တစ်ဘက်ကစိတ်ပါလက်ပါနဲ့ ဦးဆောင်လုပ်ပေးတဲ့လူရှိဖို့လည်း လိုအပ်ပါတယ်။ ဆရာကြီးကတော့ ပြောပါတယ်.... စိတ်ပါလက်ပါ စေတနာရှိရှိနဲ့ ရှေ့ကိုဦးဆောင်ပြီး သွားတဲ့လူရှိမှ နောက်ကလူတွေ(ရွာသားတွေ)လိုက်လာကြမှာတဲ့။ ကလေးငယ်တိုင်းကို ကျောင်းနေနိုင်စေချင်သလို၊ ကျောင်းတစ်ကျောင်းနဲ့တူတဲ့ အပြင်အဆင်တွေလည်း ရှိစေချင်သတဲ့။ (ဥပမာ- ယင်လုံအိမ်သာ၊ ကစားကွင်း၊ စာကြည့်တိုက်) ဆရာကြီးက ကျွန်မတို့ရွာရဲ့ အလင်းတန်းတစ်ခု၊ ပညာအလင်းပြသူတစ်ဦး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဒါမှလည်း ကျောင်းဝင်းထဲကရေးထားတဲ့ ဆိုင်းပုဒ်တစ်ခုလို "ပညာမြင့်မှ လူမျိုးတင့်မယ်" မဟုတ်ပါလား......ု

နိုင်းနိုင်းစနေ

11 comments:
အလွန်လေးစားမိပါသည်။ သာဓု သာဓု သာဓု
ညီမရေ..
ဖတ်သွားတယ်.. လှူတဲ့သူတွေကို ကူတာလည်း ကုသိုလ်တမျိုးပါလို့..။
ဟုတ်ပါ့.. ပညာမြင့်မှ ပေါ့..။
ခင်တဲ့
မဗေဒါ (၈၈)
သာဓု. . သာဓု. . သာဓု ပါ မနိုင်းရေ။
အဘွားအကြောင်းကြားရတာ စိတ်ထဲ မကောင်းဘူးဗျာ။
ကျနော်က ဒီလို အဘိုး အဘွားတွေ ဆိုရင် မကြည့်ရက်ဘူးဗျာ။ ကျနော်လည်း ဝိုင်းပြီး အလှူခံပေးပါ့မယ်။ အလှူငွေကတော့ သူတို့ဖာသာ အစီအစဉ် နဲ့ ရောက်လာပါလိမ့်မယ်။
ဝိုင်းဝန်းလှူဒါန်းသူများ အားလုံးကိုလည်း သာဓု ခေါ်ပါတယ်ဗျာ။
Hi sis, I love to give some donation to that old and blind lady. pls give let me know the way about transfering the money to you via my personal email.I hope you still have my contact email or you can have my email via this comment. Hope you are doing fine sis. CNL!
ပညာပါရမီ ပေါ့ဗျာ။
ငြိမ်းချမ်းကြပါစေ
ဥပသကာ။
ပို့စ် တွေနဲနဲကျဲနေပါလား... အဲနီးဝေး အလှုအတွက်
သာဓု သာဓု သာဓု....
ကောင်းမြတ်သော စိတ်စေတနာများအတွက် ကောင်း
မြတ်တဲ့ အကျိုးပေးများ အမြန်ဖြစ်ပေါ်ပါစေ ၊ အရမ်း
ဝမ်းသာမိပါတယ်.............။
ပညာပါရမီဖြည့်ခြင်း၊ ဖြည့်ပေးခွင့်ရခြင်းသည်ကြီးမြတ်လှသောမင်္ဂလာတစ်ပါးပင်ဖြစ်ပါလေ၏။
မနိုင်း...။ မင်္ဂလာရှိလေစွ...။
မနိုင်း...
အဖွားရဲ့ အိမ်လိပ်စာလေးသိပါရစေရှင်..။
ကျွန်မက Save The Aged ( www.savetheaged.ning.com) ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ ခိုကိုးရာမဲ့ အဖိုးအဖွားတွေကို အဖွဲ့က လစဉ် ရှာဖွေထောက်ပံ့နေပါတယ်ရှင်။ လိပ်စာလေး အတွက် ဒီပို့စ်လေးကို တစ်ခေါက်လာဖတ်ပါဦးမယ်နော်။
ခင်မင်စွာ..
မြသွေးနီ
လေးစားစွာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မမြသွေးနီ
အဘွားရဲ့ လိပ်စာက
ဒေါ်ခင်တုတ်
အမှတ်(၃၁)
ဧရာဝတီလမ်း
ကန်ရှေ့ရပ်
တောင်ကြီးမြို့ ဖြစ်ပါတယ်။
အဘွားအသက်က (၇၃)နှစ်ပါ
ကျေးဇူးတင်ပါတယ်...
Post a Comment