လူဝင်စားဆိုပြီး ကျွန်မပို့စ်တစ်ခု ရေးခဲ့ဖူးတယ်။ ပို့စ်ဖတ်ပြီး စိတ်ဝင်စားသူတွေက အကြားအမြင်ဆရာမ ဘယ်မှာနေတယ်၊ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာကို မေးထားကြတယ်။ အခုမှ ကျွန်မညီမလေးဆီက ဆရာမရဲ့နေရပ်လိပ်စာကို သေချာမေးခဲ့ပါတယ်။
အကြားအမြင်ဆရာမရဲ့ နေရပ်က အင်းလေးဒေသက "တုံးလည်"လို့ခေါ်တဲ့ ရွာတစ်ရွာကပါ။ အဲဒီရွာက ဖောင်တော်ဦးဘုရား အနောက်တည့်တည့်၊ ဥဒေါင်းတောင်ခြေဘက်မှာလို့ ပြောကြပါတယ်။ အဲဒီဒေသကိုသွားမယ်ဆိုရင် ပထမဦးဆုံး ညောင်ရွှေမြို့အထိ ကားစီးရပြီး ညောင်ရွှေမြို့ကစက်လှေဂိတ်မှာ တုံးလည်ရွာသွားမယ်လို့ ပြောရင်ရတယ်လို့ ဆိုပါတယ်။ မော်တော်ခက အသွားအပြန် တစ်သောင်းငါးထောင် ဝန်းကျင်ရှိတယ်လို့ သိရတယ်။ ဆရာမက လပြည့်၊ လကွယ်၊ ဥပုသ်ရက်တွေနဲ့ မိန်းမဓမ္မတာလာချိန်(၇)ရက်မှာ မဟောပါဘူးတဲ့။ တစ်နေ့ကို(၇)ယောက်ပဲ ဟောတယ်လို့လည်းဆိုတယ်။ ကန်တော့ကြေးက ကိုယ်စေတနာရှိသလောက်ပါတဲ့။
ဆရာမက သေသွားတဲ့လူရဲ့ဝိညာဉ်ကိုလည်းခေါ်သလို အသက်ရှင်နေသူတွေရဲ့ စိတ်ကိုလည်းခေါ်နိုင်သတဲ့။ အနေဝေးနေကြတဲ့ ချစ်သူရည်းစားကောင်မလေး/ကောင်လေးတွေက တခြားနိုင်ငံက သူတို့ရဲ့ချစ်သူရည်းစားရဲ့ အခြေအနေ၊ သူတို့အကြောင်းသိချင်ရင် သွားမေးကြတယ်လို့ ပြောတယ်။ ဆရာမက အဝေးက သူတို့ချစ်သူရဲ့စိတ်ကိုခေါ်ပြီး ပြောပေးသတဲ့။ ဒီလိုခေါ်ချိန်မှာ ဟိုဘက်ချစ်သူက အိပ်ချင်သလိုလို၊ အိပ်ပျော်သွားသလိုလို ဖြစ်တယ်လို့ဆိုတယ်။ တစ်ဆင့်စကားမို့ ကျွန်မလည်း သေချာမသိလှဘူး။ မှန်မမှန် သေချာ၊ မသေချာဆိုတာကတော့ ကိုယ်တိုင်ရောက်မှပဲ သိနိုင်မှာပါ။ ဆရာမဆီ သွားမေးကြသူတွေထဲမှာ ဆယ်ကျော်သက်ကောင်မလေးတွေ ပိုများတယ်လို့ သိရပါတယ်။
အဲဒီရွာကို "တုံးလည်"ရွာလို့ ခေါ်ရတဲ့အကြောင်းက ရွာရဲ့ကုန်းမြေတစ်နေရာမှာ ရေကန်ကြီးတစ်ကန်ရှိပြီး ရေကန်ထဲမှာ သစ်တုံးကြီးတွေရှိတယ်လို့ဆိုတယ်။ သစ်တုံးတွေက ရေအောက်နစ်နေပြီး နိုင်ငံအခြေအနေ မတည်မငြိမ်ဖြစ်ချိန်မှာ သစ်တုံးတွေဟာ ရေပေါ်ပေါ်လာပြီး ရေပေါ်မှာ လည်နေတယ်လို့ဆိုပါတယ်။ အခြေအနေတည်ငြိမ်မှ ရေအောက်ပြန်မြှုပ်သွားပါသတဲ့။ ဒါကြောင့် အဲဒီရွာကို "တုံးလည်ရွာ"လို့ ခေါ်တယ်လို့ဆိုပါတယ်။ (သစ်တုံး ရေအောက်မမြှုပ်တာ ကြာလှပြီလားမသိဘူး.. ရှူး :D) ဒါကလည်း တစ်ဆင့်ကြားတဲ့စကားမို့ ကိုယ်တိုင်မျက်မြင်တွေ့မှ ပိုယုံကြည်နိုင်မဲ့ အရာပါ။ အဲဒီနေရာကို သူငယ်ချင်းတွေနဲ့ တစ်ခေါက်သွားဖို့ ကျွန်မတို့တိုင်ပင်ထားကြပါတယ်။ စိတ်ဝင်စားသူတွေ ကျွန်မတို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ အင်းလေးဘက်မှာလည်း ရေတွေခန်းကုန်တာမို့ အဲဒီရွာဘက် မော်တော်နဲ့ခရီးပေါက်နိုင် မပေါက်နိုင် ကျွန်မတို့ စုံစမ်းရဦးမှာပါ။
အဲဒီရွာက မြို့နဲ့အတန်ဝေးတဲ့အတွက် ဖုန်းလည်းမရှိပါဘူး။ သွားရင် ထမင်းထုပ်သွားဖို့လိုပါတယ်။ စားသောက်ဆိုင်တွေလည်း မရှိလို့ပါတဲ့။ ဟိုမှာအသိရှိသူတွေက ညအိပ်ညနေသွားပြီး မေးမြန်းကြတယ်လို့ ဆိုတယ်။ အသိမရှိလည်း တစ်အိမ်အိမ်မှာ အကျိုးအကြောင်းပြောပြီး တစ်ညတော့ တည်းခိုနိုင်မယ်လို့ ကျွန်မထင်ပါတယ်။ အင်းသားလူမျိုးတွေဟာ ဖော်ရွေရိုးသားပြီး သူတစ်ပါးကို ကူညီတတ်ကြလို့ပါပဲ....
နိုင်းနိုင်းစနေ

13 comments:
့အယုံအကြည် မရှိပေမယ့် စိတ်တော့ ဝင်စားတယ်။
ပြန်လာရင် အကြောင်းစုံလေး ရေးပါဦး...။
I gree Ko Boyz words..
မစနေရေ...စိတ်င်စားဖို့ ကောင်းပါတယ်...အတွေ့ အကြုံလေးများရခဲ့ရင်လဲ ပြန်လည် ဝေငှပေးပါ...
သစ်တုံးတွေ ပေါ်နေတာကိုလဲ ကြည့်ချင်လိုက်တာ...ခုခေတ်ဆိုရင်တော့ ပေါ်နေမှာ အသေချာပဲနော်... အစ်မ :P
ကြည့်လုပ်ကြပါအုံး ...လမ်းဖြတ်ကူးနေတုံးစိတ်ကိုခေါ်လိုက်လို့ အိပ်ပျော်သွားမှ ကားတိုက်သေနေမယ် ..ဟိဟိ
စိတ်ဝင်စားတယ် မမနိုင်း
တာမီးလဲ လိုက်ချင်တယ်
း))
အင်းအလုပ်ချိန်ထဲမှာဘယ်မရှိတဲ့ချစ်သူတွေမေးနေလဲမသိ။သေသူကိုဆက်သွယ်လို့ရရင် ငရဲ၊တိရစ္စာန်၊ပြိတ္တာ၊အသူရကယ် ၃ခုမြောက်ဘုံရောက်ဖို့များပြီး၊ဆက်သွယ်မရရင်တော့ ကျန်ဘုံနဲ့အထက်ဘုံတွေရောက်တာဖြစ်နှိုင်တယ်ထင်တယ်။အရိယာသူတော်ကောင်းနဲ့အထက်ကိုလည်းမရနှိုင်ဘူးထင်တယ်။စိတ်ပိုင်ဆိုင်ရာကိုတခုခုရမှာ အာရုံရှိသူလည်းပါမယ်ထင်တယ်။အကြောင်းအကျိုးနှစ်ခုနှစ်ဖက်စလုံးမှာညီဖို့လိုမယ်ထင်တယ်။ထင်ပါတယ်၊ထင်တယ်၊ထင်လိုက်မယ်၊ထင်လိုက်တယ်။ဟဲဟဲ
မလိုက်နိုင်သေးလို့. .
မနိုင်း ပြန်လာမှပဲ ပုံတွေ ကြည့်တော့မယ်ဗျာ။
အင်း . . သစ်တုံးတွေ ရေကို မြန်မြန် မြှုပ်ပါစေဗျာ။
ဒါထက်. .မနိုင်းသွားမှာက စိတ်ကို ခေါ်မေးမလို့လား ဟင် :P
သစ်တုံးမြှုပ်စရာရေတောင် အင်းထဲမှာကျန်သေးလား...
ဟဲဟဲဟဲ.....
မနိုင်း ...
ဒီပို.စ်လေးကို ညီမရဲ့ blog မှာတင်ချင်လို.ခွင့်တောင်းတာပါ ..
ပြီးတော့ ... နောက်နောင် အင်းလေးရောက်ဖြစ်လို. သွားဖြစ်မယ်ဆိုရင် လိပ်စာရှာရတာ ခက်မှာစိုးလို. ... :D
စိတ်ဝင်စားလိုက်တာမနိုင်း..။ ရောက်လည်းရောက်ဖူး
ချင်တယ်..။ထူးဆန်းတယ်နော်...
ခင်မင်လျက်
သဒ္ဓါ
စတုမဟာရာဇ်နတ်ထဲက ရုက္ခစိုးလို အငယ်တန်း နတ်တစ်ပါးပါးက ကူညီပေးတာ ဖြစ်နိုင်ပါတယ်။ ကိုယ်အင်္ဂါ တစ်ခုခု ထိခိုက်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ မဟုတ်လဲ သူတို့ သနားချစ်ခင်သူတွေကို စာနာတတ်တဲ့ အငယ်တန်း နတ်တွေက ဒီလို နည်းနဲ့ ဥာဏ်ပူဇော်ခ ရအောင်၊ လူဝင်ဆံ့အောင် ကူညီပေးတာ ရှိပါတယ်။ မစွမ်းမသန်လို့ အထီးကျန် ဖြစ်နေရင်လဲ မေးချင်မြန်းချင်သူ ပေါလာပြီး လူရာဝင်ပါစေတော့ ဆိုတဲ့ စေတနာနဲ့ ထင်တယ်။
ဒီလို အကြားအမြင် ရတဲ့ အစ်မတစ်ယောက်ကို မေးကြည့်ဖူးပါတယ်။ မှန်တာတွေ တော်တော်မှန်တယ်။ မေးတုန်းမှာ နတ်က သူ့ကို ပြောပြပေးနေကြောင်း အဲဒီအစ်မကလဲ ရိုးရိုးသားသား ပြန်ပြောပြတယ်။ နားနားကပ်ပြောသလား၊ စိတ်ထဲ ကြားယောင်လာအောင် လုပ်ပေးသလားတော့ မသိဘူး။
ဒီနတ်တွေက ကမ္မသိဒ္ဓိအစွမ်းနဲ့ တစ်ဖက်လူရဲ့ စိတ်ထဲကို သူတို့ မြင်နိုင်ပုံ ရတယ်။ ဥပမာ ပညာရေးအကြောင်း မေးတော့ ဘယ်လ ဘယ်လကြားမှာ ရနိုင်တယ်ဆိုတာ သူပြောတဲ့ အချိန်ကာလက လျှောက်ထားရမယ့် ရက်နဲ့ ဒက်ထိ ထပ်တူကျနေတယ်။
ဘဝအခြေအနေ မေးတော့လဲ လက်၇ှိ ဘာဖြစ်နေတယ်ဆိုတာ သူတို့ သိတယ်။ ဥပမာ ငွေမရှိဘူး၊ အပေါင်းအသင်း မရှိဘူး၊ ဘာလုပ်ရမလဲ မေးရင် ကိုယ့်မှာ လုံးဝ မရှိတာ မဟုတ်ရင် သူတို့သိတယ်။ ရှိတော့ရှိတယ်၊ နည်းနေတာ လို့ သူတို့ ပြင်ပေးတာမျိုး။
ဒါပေမယ့် အနာဂတ်ဆိုတာတော့ သေချာရေရာ ကြိုပြောလို့ ရတာမဟုတ်တော့ သူတို့လဲ လက်ရှိဘဝကို အကဲခတ်ပြီး ခန့်မှန်းပဲ ပြောနိုင်တယ်။ မှားရင်လဲ မှားနိုင်တယ်။
သေသွားသူကို ပြန်ခေါ်ပေးလို့တော့ သူတို့ မရပါဘူး။ သွားလေသူက ပြိတ္တာဘုံမှာဆိုရင်လဲ သူတို့ ခေါ်ပေးနိုင်စွမ်း မရှိဘူး။ တိရိစ္ဆာန်၊ အသူရကာယ်၊ ငရဲသား ဖြစ်နေရင်လဲ ခေါ်ပေးလို့ မရဘူး။ နတ်ဗြဟ္မာတို့ လူတို့ဆိုလဲ ခေါ်လို့ မရဘူး။ ရုပ်နာမ်ဆိုတာ တစ်ခဏတောင် မတည်မြဲဘဲ စက္ကန့်မလပ် ဖြစ်ချုပ်နေတာဆိုတော့ ဒါကို ဘယ်သူမှ ကြိုးကိုင်လို့၊ ထိန်းချုပ်လို့၊ ခေါ်ပေးလို့ မရပါဘူး။
အမရေ..အမရဲ့ အရေးအသားတွေကို အမြဲလာဖတ်ပြီး လေးစားလျက်ပါ...ကျွန်တော် stateကျောင်းသားဘ၀တုန်းက ဗေဒင်တခါမေးဖူးတယ်...အဲ့တုန်းက ဗေဒင်ဆရာ တစ်ခွန်းဟောရင် တစ်ခွန်းမမှန်ဘူးလို့ ကျွန်တော်ပြန်ပြောဖူးတယ်...အယုံအကြည်မရှိလို့ မမှန်ဘူးပြောတာတော့ ဟုတ်ဘူး...သူဟောတာတွေက တစ်ခုဆိုတစ်ခုမှကို မမှန်လို့ သူတစ်ခွန်းဟောလိုက် မမှန်ရင်မမှန်ဘူးပြောလိုက်..အဲ့ဒါနဲ့ဗေဒင်ဆရာက ငါးခွန်းတောင်မဟောလိုက်နိုင်ဘူး ကျွန်တော့်ကို ဒေါသတကြီးနဲ့စောင့်တွန်းလွတ်လိုက်လို့ ပြန်လာခဲ့ဖူးတယ်...အဲ့ဒီ့တကြိမ်ပါပဲ ဗေဒင်ကိုမေးခဲ့ဖူးတယ်...အင်းလေးဘုရားကိုလည်း အကြိမ်တော်တော်များများ ဖူးခဲ့ဖူးပါတယ်...ဒီတခေါက်တော့ အင်းလေးရောက်ခဲ့ရင် အမပြောတဲ့ ဗေဒင်ဆရာမဆီ ရောက်ဖြစ်အောင် သွားမေးကြည့်ပါဦးမယ်...thank you ပါအမ
Post a Comment