Sunday, June 06, 2010

စိတ်အလှတစ်ခု ဖန်ဆင်းခြင်း


ပူပြင်းတဲ့ညနေခင်းတစ်ခုမှာ ညနေစာအတွက် ကျွန်မအလုပ်ရှုပ်နေတယ်။ ယောက်ျားဖြစ်သူကလည်း ကျွန်မနဲ့အတူ အရှုပ်တွေလုပ်နေတယ်။ ဒါဟာ သူ့ရဲ့စိတ်ကောင်းလေးပါ။ သူဘာမှမလုပ်တတ်သည့်တိုင် ကျွန်မအလုပ်ရှုပ်နေတာတွေ့တိုင်း ဘာကူရမလဲ? ဘာလုပ်ပေးရမလဲနဲ့ ကျွန်မကို သူကူချင်ခဲ့တယ်။ သူ့စိတ်ကောင်းလေးကို ကျွန်မ ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ဟိုယောင်ယောင်၊ ဒီယောင်ယောင် ပျာယာခတ်နေတဲ့ သူ့ကိုကြည့်ပြီး ကျွန်မပိုစိတ်ရှုပ်လာမိတယ်။

ကျွန်မစိတ်ရှုပ်ဒေါသထွက်နေတုန်း ယောက်ျားက ပြတင်းပေါက်ဘက် ခေါင်းပြူကြည့်ပြီး

"မိန်းမရေ.. မြန်မြန်.. မြန်မြန်လာကြည့်.. အရမ်းလှတာပဲ!" လို့ ကျွန်မကိုခေါ်တယ်။

ယောက်ျားအခေါ်ကို စိတ်မရှည်စွာနဲ့ ကျွန်မထအော်တယ်။

"ခဏနေပါဦး! ငါ မအားသေးဘူး! "

ကျွန်မရဲ့လေသံထဲမှာ သူအလုပ်မကူဘဲ အချောင်ခိုနေတယ်ဆိုတဲ့ အပြစ်တင်သံပါနေတယ်။ တကယ်တမ်းတော့ သူ့အကူကိုလည်း ကျွန်မ မလိုခဲ့ပါဘူး။ ကျွန်မအအော်ကြောင့် သူ စိတ်မသက်မသာနဲ့ ငြိမ်ကျသွားခဲ့တယ်။

ငါးမိနစ်နေပြီးနောက် ကျွန်မလုပ်ပုံမဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ထင်ပြီး ကျွန်မကို ဘာကြည့်ခိုင်းတာလဲလို့ သူ့ကိုမေးလိုက်တယ်။

"လွန်ခဲ့တဲ့ငါးမိနစ်က ကောင်းကင်ပေါ်က တိမ်တွေလှလိုက်တာ...ခု မရှိတော့ဘူး"လို့ သူကဆိုတယ်။

သူ့လက်ညိုးညွှန်ရာ ပြတင်းပေါက်အပြင်ဘက် ကျွန်မလှမ်းကြည့်လိုက်တယ်။ ညနေဆည်းဆာနေရောင် ကောင်းကင်တစ်ခုလုံးကို အဝါဖျော့ရောင် ဆေးခြယ်ထားတယ်။ ထူးခြားလှပတဲ့ပုံ တစွန်းတစမှ ရှိမနေခဲ့ဘူး။ ပြတင်းပေါက်ဘက်အကြည့်လွှဲပြီး အလုပ်တွေကို ကျွန်မဆက်လုပ်နေလိုက်တယ်။ ဆည်းဆာနေက သူ့ဘာသာသူ ငုပ်လျှိုးသွားခဲ့တယ်။

ရက်မကြာမီ မနက်ခင်းတစ်ခုမှာ ကျွန်မအိပ်ရာကထပြီး မနက်စာပြင်ဆင်တယ်။ ပြီးတော့ ကလေးတွေကို ကျောင်းသွားဖို့ နှိုးတယ်။ ခါတိုင်းလည်း အိမ်မှာ ကျွန်မက အစောဆုံးထသူတစ်ယောက်မို့ ဒီနေ့လည်း မထူးခြားပါဘူး။ ခါတိုင်းလိုပဲ ခန်းဆီးကိုဆွဲပြီး ပြတင်းပေါက်တွေ ကျွန်မလိုက်ဖွင့်တယ်။ အဲဒီအချိန်မှာ ကောင်းကင်ပေါ်မှာ တိမ်တိုက်အထပ်အထပ်နဲ့ လှပနေတာကို ကျွန်မသွားတွေ့တယ်။ ခရမ်းတစ်ထပ်၊ ပန်းရောင်တစ်ထပ်နဲ့ တိမ်တွေရဲ့အနားမှာ ရွှေရောင်တွေနဲ့ ကွပ်ထားသလိုမျိုး မိုးကုတ်စက်ဝန်းအထိ ဖြန့်ကျက်ထားတယ်။

သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် အလှအပကိုကြည့်ရင်း ကျွန်မစိတ်ထဲမှာ ခံစားမှုတစ်မျိုး ဖြစ်ပေါ်လာခဲ့တယ်။ ဒီလိုခံစားမှုမျိုးကို ယောက်ျားနဲ့အတူ ကျွန်မမျှဝေခံစားချင်တယ်။ ဒါပေမယ့် အချိန်စောနေသေးတာနဲ့ အိပ်ပျော်နေတဲ့သူ့ကို ကျွန်မ မနှောင့်ယှက်ချင်ခဲ့ဘူး။ တအောင့်နေမှပဲခေါ်မယ်လို့ ကျွန်မတွေးလိုက်တယ်။ ဒါပေမယ့် ကျွန်မကိုယ်တစ်လှည့်စာမှာပဲ ကောင်းကင်အရောင်ပြောင်းပြီး ခုနားက လှပတဲ့ရူခင်းလည်း ပျောက်သွားခဲ့ပါတယ်။ နေမင်းရဲ့စူးရှတဲ့ ရွှေရောင်မျက်လုံးတွေပဲ ပြတင်းပေါက်ဘောင်ပေါ် ရောက်လာခဲ့တယ်။ ဒီအချိန်မှာ ယောက်ျားကိုနှိုးခဲ့လည်း အံ့သြလှပတဲ့ ခုနားကရူခင်းကို သူကြည့်ရမှာ မဟုတ်တော့ဘူး။

တစ်ခုခုဆုံးရှုံးသွားသလိုမျိုး ပြတင်းပေါက်ဘေးကနေ ကျွန်မခွါလိုက်တယ်။ အဲဒီတခဏ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မယောက်ျား ကျွန်မကိုပြတင်းပေါက်အပြင်က ညနေဆည်းဆာအလှ ကြည့်ခိုင်းတာကို ရုတ်တရက် ကျွန်မသတိရလိုက်တယ်။ ကျွန်မစိတ်ရှုပ်နေခဲ့လို့ အဲဒီအလှကို ကျွန်မ မခံစားခဲ့ရဘူး။ အဲဒီတုန်းက သူရဲ့ခံစားချက်ကလည်း ကျွန်မရဲ့အခုလက်ရှိ ခံစားချက်လို တစ်ခုခုဆုံးရှုံးသွားသလို ခံစားခဲ့ရမယ် ထင်ပါတယ်။

တကယ်တော့ လှပတဲ့ဘယ်အရာကိုမဆို ကျွန်မတို့မြင်တဲ့အခါ ဒါမှမဟုတ် ခံစားမိတဲ့အခါ တခြားလူတွေနဲ့ ကျွန်မတို့ မျှဝေခံစားတတ်ကြတယ်။ အထူးသဖြင့် ကျွန်မတို့ ချစ်ခင်နှစ်သက်သူတွေကို မျှဝေချင်ကြတယ်။ ဒါပေမယ့် ဒီလိုမျှဝေတဲ့ အခွင့်အရေးက အကြောင်းတစုံတခုကြောင့် ပျက်သွားနိုင်တယ်။ ဒါမှမဟုတ် တစ်ဘက်လူရဲ့စိတ် မကြည်မသာဖြစ်နေတဲ့အချိန်၊ ဒါမှမဟုတ် တစ်ဘက်လူကိုယ့်အနားမှာ မရှိတဲ့အချိန်၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် မျှဝေဖို့ ကျွန်မတို့ကြောက်မိတယ်၊ မျှဝေလို့မရဘူး၊ မျှဝေရမယ်လို့ နားမလည်ခဲ့ဘူး၊ ဒါမှမဟုတ် မျှဝေဖို့ငြင်းဆန်ခံရတယ်၊ မမျှဝေချင်ဘူးဆိုရင် နှစ်ဦးနှစ်ဘက်ရဲ့ ဆက်နွယ်မှုတွေက အလိုလိုဝေးသွားတတ်ကြတယ်။

တကယ်လို့ နေရာမှာတင် ချက်ချင်းထုတ်ဖော်ပြောခွင့်မရတဲ့ စိတ်ခံစားချက်က အချိန်ကြာသွားတဲ့အခါ ဘယ်ကဘယ်လို စပြောရမှန်းမသိ ဖြစ်သွားတာမျိုးလည်း ရှိတယ်။ တကယ်တော့ မျှဝေတယ်ဆိုတာစိတ်အချင်းချင်း ပြောဆိုဆက်ဆံ(Communicat)နေတာပါပဲ။

ဆုပ်ကိုင်ပြရတဲ့ အရာဝတ္ထုတွေကမှ တစ်ဘက်သားနဲ့ မျှဝေခံစားနိုင်တာ မဟုတ်ပါဘူး။ နေဝင်ပန်းပွင့်တဲ့ ရူခင်းလေးလည်း ပေါ့ပေါ့ပါးပါး အတူတကွ မျှဝေနိုင်ပါတယ်။ အဲဒီလို မျှဝေတာဟာ အချင်းချင်းနားလည်မှုနဲ့ ဂရုစိုက်ကြင်နာမှုတွေကို တိုးစေသလို ချိုမြိန်ကြည်နူးတဲ့ ဆက်ဆံမှုကိုလည်း အစပျိုးပေးနိုင်ပါတယ်။

အခုချိန်မှာ ကျွန်မဘယ်လောက်ပဲ အလုပ်ရှုပ်၊ အလုပ်များနေပါစေ။ ယောက်ျားက ကျွန်မကိုကြည့်ခိုင်းတဲ့ ဘယ်အရာကိုမဆို လက်ထဲကအလုပ်ကို ချက်ချင်းချပြီး တစ်ချက်လောက်တော့ ကျွန်မပြေးကြည့်တတ်တယ်။ ကြောင်အချင်းချင်း ကိုက်နေတာပဲဖြစ်ဖြစ်၊ ငှက်ကလေးတွေ အစာစားနေတာပဲ ဖြစ်ဖြစ်ပေါ့။ မျှဝေတဲ့အခွင့်အရေးက ချက်ချင်းပျောက်ပျက်သွားတတ်ပါတယ်။ တကယ်လို့ အဲဒီအခွင့်အရေးကို ကျွန်မ မဆုပ်ကိုင်ထားတတ်ရင် အဲဒီသဘာဝအလှ၊ သဘာဝခံစားချက်တွေကို ဘယ်သူကမှ ကျွန်မအတွက် ချန်ထားပေးနိုင်မှာ မဟုတ်ပါဘူး။

** ထိုင်ဝမ်က သူငယ်ချင်းတစ်ယောက် ပေးပို့လာတဲ့ အီးမေးလ်ထဲက ဖြစ်ပါတယ်။ (釀造美麗的心情) ပါတဲ့...

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

12 comments:

Anonymous said...

ignorance make sharing more beautiful..

ကိုဇော် said...

မနိုင်းရယ် . . .
မျှဝေပါတယ် . . မျှဝေခံစားပါတယ်။
ဒါပေမဲ့ဗျာ. . . လူတွေက ကွာတယ် လို့ ခံစားမိတယ်။

Thuwon said...

သဘာဝအလှကို ပိုမြင်ကောင်းမြင်ပါလိမ့်မယ်...
အချိန်အနေအထားပေါ်မှာမူတည်တယ်လို့ထင်ပါတယ်...

said...

တကယ်မှန်လိုက်တာဗျာ...ကျွန်တော်လည်း
သဘာဝရဲ.လှပတဲ့အရာတွေကိုရှားရှားပါးပါး တွေ.ရတဲ့အချိန်မှာကိုယ်ချစ်တဲ့သူနဲ.အတူတူ မျှဝေခံစားချင်ပါတယ်ဗျာ။ သူ.ကိုလည်းအရင်ဆုံးသတိရပါတယ်။ ဒါပေမဲ့...အနားမှာမနေနိုင်ပဲ
အဝေးကိုထွက်ပြေးသွားတဲ့သူတစ်ယောက်နဲ.ဘယ်လိုမျှဝေခံစားလို.ရနိုင်မှာလည်း...
း(

Anonymous said...

communicate

ကိုသျှန် said...

u & ur husband အကြောင်းလားလို့...
ဟီးဟီး... ဘာသာပြန်ကိုး

ဒီတစ်ခါ “ကိုယ်တိုင်ပါဝင်ခံစားရေးသားသရုပ်ဆောင်သည်” လေးလဲဖတ်ချင်ပါသည်ဗျား။

Vista said...

မျှလို့ မရတဲ့ လူနဲ့ ကျတော့ အလကားပဲ
မျှလို့ ရတဲ့ လူနဲ့ နေရတဲ့ ဘဝကိုကျေးဇူးတင်မိပါတယ်။

ssa said...

communicate ...တဲ့ လား
that's right !


ssa.

သွယ်လင်းဆက် said...

တော်တော်ကောင်းသဗျ။

မဗေဒါ (၈၈) said...

ညီမရေ..

ဖတ်သွားတယ်.. အင်း.. မျှဝေခံစားမှု ဆိုတာဟာ အိမ်ထောင်ရှင်တွေ ဖြစ်လာရင် သိပ်အရေးပါ (ကြီး) တယ်လို့ လုံးလုံးလျားလျား ခံယူထားပါတယ်..။

ဒါမှလည်း ဘဝမှာ အဖော်ကောင်းတွေ ဖြစ်ကြမယ်..လေ..။

ဘာသာပြန်ထားတာ ကောင်း၏..

မဗေဒါ (၈၈)

kokomaung.uk said...

ကောင်းတာလေးတွေကို ချစ်သူကို မျှဝေပေးချင်ကြတာ သဘာဝပါ။ အချင်းချင်းနားလည်မှုရှိကြရင် ပိုပြီးခိုင်မြဲကြမှာ သေချာပါတယ်။

မင်း said...

အမ လာ မြန်မြန်လာကြည့် ဒီလင့်လေး ကောင်းတယ်
း(
အမ ကမှ လိုင်းပေါ်တက်မလာတာ ခု အဲ့လင့် ဖျက်လိုက်ပြီ

:P