Monday, July 05, 2010

မျောက်ကလေးနဲ့ မျောက်မေမေ


အမေရိကန် ဖလော်ရီတာက တိရစ္ဆာန်ရုံတစ်ခုမှာ Randyလို့ခေါ်တဲ့ မျောက်ကလေးတစ်ကောင် ထင်းရူးခက်ပေါ်မှာ ဆော့ကစားနေတယ်။ အဲဒီမှာ ထင်းရူးဆူးတွေက မျောက်ကလေးရဲ့လက်ကို မတော်တဆစူးသွားတယ်။ နာကျင်တဲ့မျောက်ကလေးဟာ အော်ပြီး မျောက်မေမေဆီပြေးသွားတယ်။ မျောက်ကလေးရဲ့ နာကျင်မှုကို ပြေပျောက်စေမယ့်နည်းက တစ်နည်းပဲရှိတယ်ဆိုတာကိုသိတဲ့ မျောက်မေမေက မျောက်ကလေးကို ရင်ခွင်ထဲ ထွေးပွေ့ပြီး ဆူးစူးမိတဲ့ဒဏ်ရာကို ညင်ညင်သာသာလေး နမ်းရှုံ့ပေးလိုက်တယ်။

ဓာတ်ပုံဆရာ Evan Hambrickက "မျောက်တွေဟာ လူတွေနဲ့ ဒီလောက်တူမယ်မှန်း ကျွန်တော် မယုံကြည်ခဲ့ဘူး။ အစက ထင်းရူးခက်တွေကိုပဲ မျောက်ကလေး ဝါးစားနေတယ်လို့ ကျွန်တော်ထင်နေတယ်။ ဒါပေမယ့် ရုတ်တရက် သူ့မျက်နှာရှုံ့မဲ့သွားတာ တွေ့လိုက်တယ်။ ကြည့်ရတာ ငိုတော့မယ့်အတိုင်းပဲ။ မျောက်တွေရဲ့ အပြုအမှုဟာ လူတွေနဲ့ တော်တော်များများတူတယ်ဆိုပေမယ့် ဒီလောက်တူလိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူး။ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ သူတို့ဟာ အင်မတန် ဥာဏ်ထက်တယ်။ မျက်နှာအမှုအရာနဲ့ ခံစားရတာကိုပြတယ်။ နောက်ပြီး နှုတ်ခမ်း၊ လက်တွေနဲ့ ကြင်နာစိတ်ကိုပြတယ်" လို့ဆိုတယ်။

ဆက်ပြီး "မျောက်မေမေဟာ မျောက်ကလေးကို နမ်းရုံမက မျောက်ကလေးရဲ့လက်တွေကို ပွတ်သပ်နှိပ်နှယ်ပေးတယ်။ ပြီးတော့ ဖွဖွလေးနမ်းတယ်။ လူတွေဟာ ပွတ်သပ်နမ်းရှုံ့တာကို ကြိုက်တယ်။ မျောက်ကလည်း လူတွေအတိုင်းပဲ။ မျောက်ကလေးရဲ့ နာကျင်မှုကို အနမ်းနဲ့ပြေပျောက်စေတယ်။ တိရစ္ဆာန်တွေထဲမှာ ချန်ပန်စီမျောက်တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးမေမေလို့ ကျွန်တော်ထင်တယ်" လို့ ဓာတ်ပုံဆရာ Evan Hambrick က ပြောပါတယ်။ သူဟာ ဒီတိရစ္ဆာန်ရုံမှာ မျောက်တွေကို လေ့လာဖို့ ရောက်ရှိနေသူဖြစ်ပြီး မျောက်သားအမိရဲ့ ဒီလိုအံ့သြစရာကောင်းတဲ့ အကြင်နာပြဓာတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့တယ်။

Evan Hambrickက "တစ်နေ့ကို ၃နာရီမှ ၅နာရီကြာ သူတို့ကို ကျွန်တော်စောင့်ကြည့်ခဲ့တယ်။ အကောင်းဆုံးပုံတွေ ရိုက်နိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ မျောက်တွေက ဓာတ်ပုံအရိုက်ခံနိုင်သူတွေပါ။ လူတွေယုံနိုင်စရာမရှိတဲ့ အပြုအမှု၊ အမှုအရာတွေ သူတို့လုပ်နိုင်ခဲ့တယ်။ မျောက်ကလေးတွေက ချစ်စရာကောင်းသလို မျောက်မေမေတွေက အရမ်းကြင်နာတတ်တယ်။ မျောက်မေမေတစ်ခုခု ဝါးစားနေတာကိုတွေ့ရင် မျောက်ကလေးတွေက လက်ဖြန့်ပြီးတောင်းစားတတ်တယ်။ အဲဒီမှာ မျောက်မေမေက ကိုယ်စားနေတဲ့အစားကို မျောက်ကလေးအတွက် ကမ်းပေးတတ်တယ်"

ဆူးစူးမိတဲ့ မျောက်ကလေးရဲ့လက်ကို မျောက်မေမေက ဖွဖွလေးနမ်းပေးပြီး နာကျင်မှုကို ပျောက်စေတယ်


မျက်နှာအမှုအရာနဲ့ ကြင်နာမှုကို သူတို့ပြတယ်..

အင်တာနက်ပေါ်မှာ ဖတ်မိသမျှ ဝေမျှသည်။

နိုင်းနိုင်းစနေ



Share/Bookmark

7 comments:

ဆန်းဝင်း said...

ပိုစ်အသစ်တင်တိုင်း လာဖတ်တယ် မ99စနေ..
ဓာတ်ပုံလေးတွေကြည်ရတာ အရမ်းအသက်ဝင်တယ်. မိခင်စိတ်နဲ့ ကလေးပေါ် မေတ္တာ အကြင်နာထားတာ လူသားမိဘလိုပဲ..အမေ့ကို သတိရမိတယ်. ကျေးဇူးပါ.

ရေသန့်  said...

မိဘမေတ္တာ နေမှာပေါ့ နော်...
ကျေးဇူးပါ

kokomaung.uk said...

မေတ္တတရားတွေရဲ့ ထင်ဟပ်မှုတွေပေါ့ မမနိုင်း။

မောင် လေး said...

ချစ်စရာကောင်းလိုက်တာ...။
မျေက်သားလေးဖြစ်နေပုံက တကယ့်ကို သနားစရာလေးနော်....။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ်နော်
မျောက်မကြီးရဲ့ မျက်နှာမှာကို မေတ္တာတရားရဲ့ အရိပ်အငွေ့ဖော်ပြနေတာကို ခံစားရတယ်..
ထူးဆန်းလေးနက်တဲ့ မိခင်မေတ္တာတရားပါဘဲ...

ဧည့်သည် said...

မိခင်တို့ရဲ့ မေတ္တာစိတ်ကို စာနာမိပြီး မိဘတွေကို လွမ်းဆွတ် သတိရနေမိပါတယ် ။

Tin Zaw said...

အလုပ်ထဲမှာ စိတ်ရော ကိုယ်ရော ပင်ပန်းသမျှ မနိုင်းနိုင်း
ဟာသလေးတွေ ဖတ်ပြီးအပန်းရယ်နေရတယ် ။
နောက်ကို လည်းရသမျှလေးတွေကိာတင်ပေးပါဦးနော်။
ကျေးဇူးတင်ပါတယ်။