သူ့ရဲ့ဖခင်က နယူးယောက်က နာမည်ကြီး စတော့ရှယ်ယာအေ့ဂျင်တစ်ဦး၊ မိခင်က မကျော်ကြားသေးတဲ့ အနုပညာရှင်တစ်ဦးဖြစ်တယ်။ ဒါကြောင့် မိဘနှစ်ပါးဆီရဲ့ ကိန်းဂဏန်းပညာနဲ့ ဂီတပညာဟာ သူ့သွေးထဲစီးနေခဲ့တယ်။
ပျော်ရွှင်တဲ့ဘဝနဲ့ သူကြီးပြင်းနိုင်ခဲ့ပေမယ့် (၄)နှစ်အရွယ်မှာ မသင့်မြတ်တဲ့ ပြဿနာတွေနဲ့ မိဘနှစ်ပါး ကွာရှင်းလိုက်ကြတယ်။ မိခင်နောက် သူလိုက်ခဲ့တယ်။ မိခင်က ဂီတကို အလွန်မြတ်နိုးသူဖြစ်ပြီး ဂီတတူရိယာတော်တော်များများကို တီးခတ်နိုင်သူဖြစ်တယ်။ မိခင်ရဲ့ ထိန်းချုပ်သွန်သင်မှုအောက်မှာ သူလည်းတဖြည်းဖြည်း ဂီတကို နှစ်သက်လာခဲ့တယ်။
(၈)နှစ်အရွယ်မှာ မိခင်နဲ့အတူ ဥယျာဉ်တစ်ခုစီ သူအလည်အပတ်ရောက်ခဲ့တယ်။ ရောက်တာနဲ့ ခါတိုင်းလိုပဲ ရောင်စုံမိုးပျံပူဖောင်းတွေနဲ့ မြက်ခင်းပေါ်မှာ သူပြေးလွှားဆော့ကစားနေခဲ့တယ်။ ငှက်ကလေးတစ်ကောင်လို အပျော်ထဲနစ်ဝင်နေတဲ့ သူ့ကိုတွေ့တော့ မိခင်လည်း ရပ်ကြည့်မနေနိုင်ဘဲ သူနဲ့အတူ ဆော့ကစားခဲ့တယ်။ အချိန်အတော်ကြာ ဆော့ကစားပြီး မောဟိုက်လာကြလို့ မြက်ခင်းတစ်နေရာမှာ သူတို့အနားယူလိုက်ကြတယ်။ အနားယူချိန် မိခင်က အိတ်ထဲကနေ Harmonicaကို ထုတ်ပြီး ပါးစပ်ပေါ်တေ့မှုတ်လိုက်တယ်။ မိခင်နှုတ်ခမ်းပေါ်က တူရိယာလေးဟာ ဘယ်ညာယိုင်ပြီး နားဝင်ချိုတဲ့အသံတွေ လွှင့်ပျံထွက်လာခဲ့တယ်။
တေးသံသာတွေ လွင့်ထွက်လာတဲ့ Harmonica ကို သူစိတ်ဝင်စားပြီး မိခင်ရဲ့လက်ထဲကနေ ယူဖို့ကြိုးစားတယ်။ ဒါပေမယ့် လက်ထဲကိုင်ထားတဲ့ ပူဖောင်းတွေကိုလည်း သူလက်မလွတ်ချင်ခဲ့ဘူး။ ခဏလောက် သူတွေဝေပြီးနောက် လက်ထဲက မိုးပျံပူဖောင်းတွေကို လွှတ်လိုက်ပြီး မိခင်လက်ထဲက Harmonicaကို သူယူလိုက်တယ်။ အဲဒီနေ့မှာပဲ Harmonica မှုတ်နည်းကို သူသင်ယူနိုင်ခဲ့တယ်။ နုနယ်တဲ့ Harmonicaသံက ဥယျာဉ်တစ်ခုလုံး လွှမ်းမိုးသွားခဲ့တယ်။
အဲဒီနေ့မှာပဲ ဘယ်အရာကို လက်လွတ်လို့ရတယ်၊ ဘယ်အရာကို လက်လွတ်လို့ မရဘူးဆိုတဲ့ အသိတစ်ခုကို နားလည်သလို၊ နားမလည်သလိုနဲ့ သူပထမဆုံးအကြိမ် ခံစားခဲ့ရတယ်။
အဲဒီနောက် ဂီတကို သူနှစ်နှစ်ခြိုက်ခြိုက် စွဲလမ်းခဲ့တယ်။ အထက်တန်းကျောင်းပြီးတာနဲ့ နယူးယောက်က Miliya ဂီတကျောင်းကို သူတက်ရောက်ခဲ့တယ်။ သင်ယူနေဆဲမှာ ဂီတဘက်မှာ သူမထူးချွန်နိုင်ကြောင်း ကိုယ့်ကိုယ် သတိထားလာခဲ့မိပြီး ဂီတအပေါ် သူငြီးငွေ့လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကိန်းဂဏန်းသင်္ချာနဲ့ စီးပွါးရေးဘာသာရပ်တွေကို သူစိတ်ဝင်းစားမိပြန်တယ်။ ဂီတကို လက်လွတ်ပြန်ရင်လည်း နှမြောမိတာမို့ ရှေ့မတိုး နောက်မဆုတ်သာ သူဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ (၈)နှစ်အရွယ်က လက်မလွတ်ချင်ဘဲ နောက်ဆုံးမှာ လက်လွတ်လိုက်ရတဲ့ မိုးပျံပူဖောင်းကို သူသွားသတိရမိတယ်။ အဲဒီလိုနဲ့ ဂီတကျောင်းကနေ သူနုတ်ထွက်ခဲ့တယ်။ နယူးယောက်တက္ကသိုလ်မှာ စီးပွါးရေးပညာကို သူသင်ယူခဲ့တယ်။ အဲဒီကမှာ စီးပွါးရေးဘွဲ့ရပြီး (၂)နှစ်အကြာမှာ မာစတာဘွဲ့ကို သူရခဲ့ပြန်တယ်။ အဲဒီနောက် ကိုလံပီယာတက္ကသိုလ်ကို သူဆက်တက်ရောက်ခဲ့တယ်။
ကိုလံပီယာတက္ကသိုလ် တက်နေစဉ်အတွင်း မိသားစုဝင်ငွေ အကြပ်အတည်းကြောင့် ကျောင်းလခတွေ သူမပေးနိုင်ခဲ့ဘူး။ အဲဒီလိုနဲ့ သူကျောင်းထွက်ခဲ့ရပြန်တယ်။ အဲဒီနောက်တော့ ရှည်လျားတဲ့သူ့ဘဝခရီးမှာ လက်လွတ်သင့်တာတွေ သူလက်လွတ်ခဲ့ပြီး စီးပွါးရေးပညာကိုပဲ တစိုက်မတ်မတ် လေ့လာသင်ယူခဲ့တယ်။
နောက်ဆုံး အသက်(၅၁)နှစ်မှာ ကိုလံပီယာတက္ကသိုလ်က (PhD)ဘွဲ့ကိုသူရခဲ့တယ်။ (၁ဝ)နှစ်လွန်ပြီးနောက် သူဟာ သမ္မတ Reaganခန့်အပ်တဲ့ (Federal Reserve Board) အမေရိကန်ဘဏ္ဍာသိုမှီရေးအဖွဲ့ ဥက္ကဌဖြစ်လာခဲ့တယ်။ သူက Alan Greenspan ပဲဖြစ်တယ်။
Alan Greenspanဟာ ပူဖောင်းကိုလက်လွတ်ပြီး Harmonicaကို သင်ယူခဲ့တယ်။ အဲဒီနောက် ဂီတအပေါ် ငြီးငွေ့ပြီး စီးပွါးရေးပညာကို သင်ယူခဲ့ပြန်တယ်။ လက်လွတ်သင့်တဲ့အရာ တော်တော်များများကို သူလက်လွတ်ခဲ့ပြီး စီးပွါးရေးပညာကို သူဆည်းပူးခဲ့တယ်။ နောက်ဆုံး အမေရိကန်ရဲ့ အောင်မြင်ကျော်ကြားတဲ့ လူတစ်ဦးဖြစ်လာခဲ့တယ်။
လက်လွတ်သင့်တဲ့အရာကို ကျွန်တော်တို့ လက်လွတ်တတ်ကြရမယ်။ လက်လွတ်ခြင်းဆိုတာ စွန့်ပစ်ခြင်းကိုပြောတာ မဟုတ်ဘူး။ စိတ်ရှုပ်ပြီး အကုန်စွန့်လွတ်လိုက်တာမျိုး မဟုတ်ဘူး။ ရွေးချယ်ခွင့်နှစ်ခုမှာ တစ်ခုကို လက်လွတ်လိုက်တာဖြစ်တယ်။ လက်ထဲဆုတ်ကိုင်ထားတဲ့ အစာကို မလွတ်ချင်တဲ့မျောက်ဟာ နောက်ဆုံးမှာ အဖမ်းခံခဲ့ရတယ်။ လက်မလွတ်ဘဲ အရာတိုင်းကို ဆုတ်ကိုင်ထားချင်ရင် တခြားဒီထက်ပိုကောင်းတဲ့အရာတွေကို လေ့လာသင်ယူဖို့ ကျွန်တော်တို့မှာ အချိန်ရော အင်အားပါ နည်းသွားတတ်တယ်။
"လက်လွတ်နိုင်တယ်" ဆိုတာ အရင်ဆုံး "လက်လွတ်"မှ "အောင်နိုင်ခြင်း" ကိုရတာဖြစ်တယ်။ လူတိုင်းမှာ လက်နှစ်ဘက်ပဲရှိတာကြောင့် ကိုယ်လိုချင်တဲ့အရာတိုင်းကို မြဲမြဲဆုတ်ကိုင်ထားနိုင်မှာ မဟုတ်ဘူး။ စမ်းပြီး လက်လွတ်ကြည့်ပါ။ လက်လွတ်တာများလေ ပြန်ရတာများလေဆိုတာကို သတိထားမိပါလိမ့်မယ်။ လက်မလွတ်တတ်ရင် အရာဟောင်းကိုပဲ ဆုတ်ကိုင်ထားပြီး နေရာမှာတင် သင်ရပ်ကျန်ရစ်နေလိမ့်မယ်။
ဘဝရဲ့ ပူပင်သောက၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ညစ်စရာတွေကို လက်လွတ်ကြည့်ပါ။ အရောင်စုံပြီး လှပတဲ့ဘဝကို သင်မသိမသာ ခံစားမိပါလိမ့်မယ်။
http://en.wikipedia.org/wiki/Alan_Greenspan
http://baike.baidu.com/view/63757.htm
နိုင်းနိုင်းစနေ ဘာသာပြန်သည်။


10 comments:
We can not do everything as our life time is very short. So need to leave some behind to know more about other things. Also You will never know how to feel the real taste of something without knowing about the taste of the opposite of that. Leaving something will let you meet another things.Also you will know the real value of that thing you left behind. :) CNL!
ကိုယ့်ဘဝမှာ အရေးမပါလှတဲ့ အရာတွေကို လက်လွှတ်တတ်ဖို့ အရေးကြီးတာပေါ့နော်..
တစ်စုံတစ်ခုကိုလိုချင်ရင်..
ကျန်တဲ့တစ်စုံတစ်ခုကိုလက်လွတ်ရတယ်။
လက်လွတ်သင့်တာပေါ့နှော်..။
အာဟာရကောင်းလေး..ဖတ်ခွင့်ရတာ
ကျေးဇူးပါ...အမရေ
မနိုင်းရေ ... လာဖတ်သွားပါတယ်။ ဘ၀မှာ တစ်ခုကိုလိုချင်လို့ တစ်ခုကိုပစ်ခဲ့ရတာတွေ ရှိခဲ့ဘူးပါတယ်။ စာလေးတွေ ရှယ်ပေးတဲ့ အတွက် ကျေးဇူးပါနော်။
မနိုင်းရေ ... အစ်မဆီကို လာဖတ်တိုင်း အသိတရားတွေ ရရသွားတယ် ...
ဟုတ်တယ်ငါလက်လွှတ်ချိန်တန်ပါပြီ ၁၀၁၀ကျရင်
လက်လွှတ်ဖို့ ကောင်းနေပါပြီ.....:)
99 yay,,,
wanna say THANKS U
right time.. right post for me
:)
thks a lot ma 99. It look like directly tell me. I can learn and think a lot from your post
How, if you cannot get what u want, After you let it go from this side?
Nick
လက်လွှတ်တတ်အောင် ကြိုးစားပါဦးမယ်..
လက်လွှတ်ချိန်တန်ရင်တော့ လွှတ်ရမှာပေါ့နော်..
အတင်းဆုပ်ကိုင်ထားရင် ကိုယ့်ကို ပြန်ပြီး ထိခိုက်နိုင်တာဘဲ...
Post a Comment