Friday, July 23, 2010

အင်းလေးကန်


ဆဋ္ဌမတန်း မြန်မာဖတ်စာအုပ်မှ တစ်လုံးမကျန်ကူးယူဖော်ပြပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် လမ်းကို မြေတွင်မတွေ့ရ ရေတွင်သာတွေ့ရသောအရပ်၊ ခရီးကို လှည်းနှင့်မသွား၊ လှေနှင့်သွားသောအရပ်၊ လှေကိုလက်ဖြင့်မလှော် ခြေနှင့်လှော်သောအရပ်၊ အိမ်ကိုကုန်းတွင်မဆောက် ရေတွင်ဆောက်သောအရပ်ကို ပြပါဆိုလျှင် အင်းလေးကန်ကို ပြရပါလိမ့်မည်။

အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၂၉ဝဝ)ကျော်မြင့်သော ရှမ်းပြည်နယ် ညောင်ရွှေချိုင့်ဝှမ်းတွင် တောင်နှင့်မြောက်တန်းလျက်တည်ရှိသည်။ ယခင်က ဤအင်းကြီးသည် အလျား၃၆မိုင်ခန့်၊ အနံ၈မိုင်ခန့် ရှိခဲ့သော်လည်း ယခုအခါတွင်မူ အလျား၁၂မိုင်ခန့်၊ အနံ၎မိုင်ခန့်သာရှိတော့သည်။

အင်းလေးကန်၏ သမိုင်းမှာ ဤသို့ဖြစ်သည်။ ပုံဂံပြည်အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ခဲ့ရာ ဤအင်းကြီးသို့ရောက်လာသည်။ မင်းကြီး၏ အမှုထမ်းများတွင် ထားဝယ်သားများလည်း လိုက်ပါလာကြသည်။ ထိုထားဝယ်သား မင်းမှုထမ်းများသည် အင်းကြီးထဲတွင် နမ့်ပန်၊ ဟဲယာ၊ နောင်တော၊ ရွာကြီးဘန့်ပုံးဆိုသော ရွာလေးရွာကို တည်ထောင်နေထိုင်ကြသည်။ အင်းထဲက ရွာလေးရွာကို အင်းလေးရွာဟုခေါ်ရာမှာ အင်းကြီးသည်လည်း အင်းလေးကန်ဟု အမည်တွင်ခဲ့သည်။

အင်းလေးကန်ကို တောင်များဝန်းရံလျက်ရှိသည်။ အရှေ့ဘက်ရှိ ဆင်တောင်နှင့် အနောက်ဘက်ရှိ သန်းတောင်တို့မှာ အင်းလေးရေပြင်တွင် အရိပ်ကျလျက်ရှိသည်။ တောင်အရိပ်အောက်ရေပြင်တွင် ကျွန်းများ အနှံ့အပြားရှိကြသည်။ ဤကျွန်းများကို မှီခို၍တည်ဆောက်ထားသော ရွာများမှာလည်း အနှံ့အပြားပင်ဖြစ်သည်။ ဤရွာများတွင်နေထိုင်ကြသော သူတို့သည် ထားဝယ်သားများမှ ဆင်းသက်လာသူများဖြစ်ကြသည်။ ရှမ်းအမျိုးသားများက အင်းသားများကို မန့်နောင်ဟုခေါ်ကြသည်။ မန့်ဆိုသည်မှာ မြန်မာ၊ နောင်ဆိုသည်မှာ ကန်ဟုဆိုလိုသည်။ ကန်တွင်းနေ မြန်မာများဟု အဓိပ္ပာယ်ရသည်။

အင်းလေးကန်ထဲတွင် ထူးဆန်းသောအရာများမှာ ကျွန်းမျောများဖြစ်သည်။ ရေစီးဖြင့်ရွေ့မျောနေသော ကျွန်းများဖြစ်သဖြင့် ကျွန်းမျောဟုသာမန်ခေါ်ကြသော်လည်း အင်းသားများကမူ ကုန်းပေါ်ဖုတ်ဟုခေါ်ကြသည်။ အင်းရေတိမ်တွင် မြက်ပင်၊ ကိုင်းပင်၊ မှော်ပင်၊ ရေညှိပင်များ အစုလိုက်ပေါက်ကြသည်။ ထိုအပင်များသည် အချိန်ကြာသောအခါ ရေပေါ်သစ်ဆွေးကျွန်းများ ဖြစ်လာကြသည်။ ကျွန်းမျောများသည် ၄ပေ၊ ၅ပေခန့်ထုရှိ၍ မြက်ပင်၊ ကိုင်းပင်များပေါက်ကြသည်။

ကျွန်းမျောများသည် အင်းသားများ၏ စားဝတ်နေရေးကို များစွာကျေးဇူးပြုသည်။ ကျွန်းမျောကြီးများကို မှီ၍ ရွာတည်ကြသည်။ အိမ်၊ ကျောင်း၊ ဇရပ်စသည်တို့ကို ဆောက်ကြသည်။ စိုက်ပျိုးရေးလုပ်ဆောင်ကြသည်။ ကျွန်းမျောငယ်များကို မှီ၍ ငါးလုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။

အင်းသားတို့သည် ကျွန်းမျောကြီးများပေါ်တွင် အသီးအနှံ့စိုက်ပျိုးကြသည်။ ၎င်းကိုရေခြံလုပ်ငန်းဟုခေါ်သည်။ ကြက်သွန်၊ ပဲ၊ ငရုတ်၊ ခရမ်းချဉ်စသော ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ရေခြံများတွင် စိုက်ပျိုးကာ မြို့ရွာများသို့ ပို့ဆောင်ရောင်းချကြသည်။ အင်းလေးကန်တွင် ခရမ်းချဉ်သီး အများဆုံးထွက်သည်။ ရေခြံလုပ်ငန်းကို သီတင်းကျွတ်လတွင်စ၍ တပို့တွဲလလောက်တွင် အဆုံးသတ်သည်။ ထိုအခါ အင်းထဲတွင် ငါးလုပ်ငန်းပေါ်လာသည်။ ဤသို့ရာသီအလိုက် အသက်မွေးကျောင်းမှုကို ပြုရသဖြင့် တံငါခြောက်လ ခြံခြောက်လဆိုသော အင်းသားတို့၏ ဆိုရိုးစကားပေါ်ပေါက်လာသည်။

ငါးလုပ်ငန်းတွင် အသုံးပြုသော ငါးဖမ်းကိရိယာအမျိုးမျိုးမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ ထိုငါးဖမ်းကိရိယာများမှာ ပိုက်၊ စန့်၊ ယက်သဲ့၊ ဆောင်း၊ မြှုံး၊ ဟူးခေါ်ယင်း၊ ငါးမျှားချိတ်၊ ခက်ရင်း စသည်တို့ဖြစ်သည်။

အင်းထဲမှရသော ငါးအမျိုးမျိုးမှာ ငါးဖိန်း၊ ငါးခုံးမ၊ ငါးတောင်နွယ်၊ ငါးလူး၊ ငါးရံ့၊ ငါးခူ၊ ငါးဖယ်၊ ငါးသားဖွဲခေါ် ငါးပေါက်ကလေးများ စသည်တို့ဖြစ်ကြသည်။ ဤငါးမျိုးမျိုးတို့ကို ပိုက်ချခြင်း၊ စန့်ခင်းခြင်း၊ ယက်သဲ့ဆွဲခြင်း၊ ဆောင်းအုပ်ခြင်း၊ မြှုံးထောင်ခြင်း၊ ယင်းပိတ်ခြင်း၊ ငါးမျှားချိတ်ဖြင့်မျှားခြင်း၊ ခက်ရင်းဖြင့်ထိုးခြင်း စသည့်နည်းအမျိုးမျိုးဖြင့် ဖမ်းယူကြသည်။ ပိုက်ဆောင်းခေါ် ငါးဖမ်းကိရိယာမှာ လက်ခုပ်တစ်ဖောင်မကမြင့်သော ဆောင်းကျဲကြီးဖြစ်သည်။ ဆောင်းအတွင်းတွင် အိတ်ရှည်သဏ္ဌာန်ပိုက်ကို သွင်း၍ ဆောင်းရိုးတံများတွင် တွယ်ဆက်ထားသည်။ ငါးဖမ်းသူသည် လှေတစ်စင်းနှင့် ကန်ရေပြင်တွင် လှည့်လည်သွားလာကာ ငါးရှိမည်ထင်ရသော နေရာသို့ရောက်သောအခါ ဤပိုက်ဆောင်းဖြင့်အုပ်၍ ဖမ်းသည်။

စန့်ခေါ်သော ငါးဖမ်းကိရိယာမှာ အလျား၉ပေ၊ အနံ၎ပေရှိသော ပိုက်ကို ယကွင်းသဖွယ် ဝါးခြမ်းနှစ်ချောင်းဖြင့် ထောင့်လေးထောင့်ကို ကြက်ခြေခတ်ချည်ထားသည်။ ပြီးလျှင် ထိုဝါးစိုက်၍တန်းစီထားသော ကျွန်းမျောကလေးများတွင် လာရောက်မှီခိုကြသော ငါးများကို စန့်ခင်း၍ဖမ်းသည်။

နည်းအမျိုးမျိုးဖြင့် ဖမ်း၍ရသော အင်းငါးများနှင့် ပုစွန်များကို ရှမ်းပြည်နယ်တောင်ပိုင်းနေ လုပ်သားပြည်သူတို့ စားသုံးကြသည်။ အင်းလေးငါးပိနှင့် ငါးခြောက်များကိုမှု ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းနေ လုပ်သားပြည်သူတို့က စားသုံးလေသည်။

အင်းသားများသည် လက်မှုပညာအရာတွင်လည်း ထူးချွန်ပြောင်မြောက်ကြသည်။ ပန်းပဲလုပ်ငန်း၊ လက်သမားလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ ငွေပန်းတိမ်လုပ်ငန်း၊ နိဗ္ဗာန်ကုန်လုပ်ငန်း စသည်တို့ဖြင့် အသက်မွေးကြသည်။ အင်းသားပညာသည်တို့ ကျွမ်းကျင်စွာလုပ်ဆောင်သော လုပ်ငန်းကြီးတစ်ရပ်မှာ ပိုးထည်လုပ်ငန်းဖြစ်သည်။ အင်းပေါခုံ၊ သာလေ၊ မန်ကျည်းဆိပ်၊ ဟဲလုံ၊ မိုင်မျိုး စသောရွာများက ရက်လုပ်သည့် တွဲလုံချည်၊ စည်းလုံချည်၊ ဇင်းမယ်လုံချည်၊ အင်းလေးလုံချည်၊ ပိုးလွယ်အိတ်၊ ချည်လွယ်အိတ်များကို မြန်မာနိုင်ငံ အနှံ့အပြားတွင်တွေ့နိုင်သည်။ ပဒုမ္မာကြာရိုးမှအမျှင်များဖြင့်လည်း ကြာသင်္ကန်းရက်လုပ်ကြသည်။

အင်းသားများသည် စကားပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးသိမ်မွေ့ကြသည်။ သာယာပြေပြစ်ကြသည်။ သူတို့ပြောသော မြန်မာစကားသည် ထားဝယ်စကားနှင့် အသံထွက်ဆင်၍ ပုံဂံခေတ်ရေးသားပုံနှင့် နီးစပ်သည်ဟုဆိုကြသည်။ အထူးထင်ရှားသောအချက်မှာ လဆွဲသံကို ပြောဆိုနေဆဲရှိခြင်းဖြစ်သည်။ လိမ့်ကျသည်ကို က္လသည်၊ စာသင်ကျောင်းကို က္လောင်း၊ ချော့မော့သည်ကို ခ္လေါ့သည်။ ရေချိုးသည်ကို ခ္လိုးသည်ဟူ၍ သုံးနှုန်းပြောဆိုလေ့ရှိသည်။

အင်းသားတို့သည် ရတနာသုံးပါးကို အလွန်ရိုသေကိုင်းရှိုင်းကြသည်။ အလှူအတန်း ရက်ရောကြသည်။ အင်းလေးတစ်ဝိုက်တွင် ခမ်းနားကြီးကျယ်သော ဘုရား၊ တန်ဆောင်း၊ ကျောင်း၊ ဇရပ်တို့များစွာရှိသည်။ ဖောင်တော်ဦးဘုရားမှာ အလွန်တန်ခိုးကြီးသည်။ သီတွင်းကျွတ်လတွင် ဖောင်တော်ဦးဘုရားပွဲတော်ကို ကမ်းညွတ်မျှစည်ကားစွာ ကျင်းပသည်။ ဤပွဲတော်တွင် ခြေဖြင့်လှော်၍ပြိုင်သော လှေပွဲမှာ အလွန်အံ့သြဖွယ်ကောင်းသည်။

အင်းလေးသဘာဝပုံစံ အလှအပကို ပြည်တွင်း၊ ပြည်ပခရီးသည်များ လာရောက်လေ့လာကြသည်။ ခရီးသွားလုပ်ငန်းဖြင့် အင်းလေးဒေသဖွံ့ဖြိုးတိုးတက်လာသည်။ ထိုသို့ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အင်းလေကန်ကြီးရေရှည် တည်တံ့အောင် ကန်ကြီးကို ထိန်းသိမ်း၍ မှော်၊ ဒိုက်များဆယ်ယူခြင်း၊ သစ်တောထိန်းသိမ်းခြင်း စသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ပူးပေါင်းပါဝင် လုပ်ကိုင်ရန်လိုအပ်ပါသည်။

နိုင်းနိုင်းစနေ

Share/Bookmark

11 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မနိုင်းပြောချင်တဲ့ ရည်ရွယ်ချက်ကို သဘောပေါက်နားလည်မိတယ်.
“ထိုသို့ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အင်းလေကန်ကြီးရေရှည် တည်တံ့အောင် ကန်ကြီးကို ထိန်းသိမ်း၍ မှော်၊ ဒိုက်များဆယ်ယူခြင်း၊ သစ်တောထိန်းသိမ်းခြင်း စသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ပူးပေါင်းပါဝင် လုပ်ကိုင်ရန်လိုအပ်ပါသည်။ ” ဆိုတဲ့အချက်က စာအုပ်ထဲမှာ ကျန်နေခဲ့ပြီး လက်တွေ့လုပ်ဆောင်မှု မရှိတော့ ခုလို ဖြစ်သွားရတာပါဘဲ...

မိုးငွေ့...... said...

အင်း...ဖတ်စာအုပ်ဆိုသလိုပဲ စာအုပ်ထဲပဲကျန်ခဲ့တာပဲ..။ မတွေ့တာကြာပြီ..နေကောင်းပါစ မမစနေ..။
တို့တော့အမြဲရောက်ဖြစ်ပါတယ် စနေ့ဆီကို..။

ခင်မင်စွာဖြင့်
မိုးငွေ့

Anonymous said...

"ဆဋ္ဌမတန်း မြန်မာဖတ်စာအုပ်မှ" လို့တတ်ထားလို့ သာပဲ၊ လုံးဝကို မမှတ်မိတော့ဘူးဗျ..မေ့သွားတာလား၊ ဦးနှောက်တွေပဲမကောင်းတော့လား..မသိတော့ပါဘူး
အစ်မရေ......:)

ဧည့်သည် said...

သဘာဝကပေးထားတဲ့ အလှတရားတွေဟာ ဘယ်အရာနဲ့မှ လဲယူလို့မရနိုင်ပါဘူး ။ ဒါတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ဖို့ရာ နိုင်ငံတော်နဲ့နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို ဒေသတွင်းနေထိုင်သူတွေ အနေနဲ့လည်း ပိုမို၍ စည်း စနစ် ကျနစွာ နေထိုင်စောင့်ရှောက်ကြဖို့လည်း လိုအပ်ပါတယ်လို့ထင်ပါတယ်ခင်ဗျာ ။
အင်းလေး တင် မဟုတ်ပါဘူး မြန်မာနိုင်ငံမှာ တန်ဖိုးမဖြတ်နိုင်တဲ့ နေရာ ဒေသ တွေအများအပြား ရှိနေကြပါတယ် ။ အမြတ်တနိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်ခင်ဗျာ ။

Anonymous said...

အင်းထဲမှရေသော......ငါးအမျိုးမျိုးမှာ.....ဖတ်စာအုပ်လည်းဒီအတိုင်းပဲလား ?????

ရွေနတ်သား said...

အခုလက်ရှိနှုံးအတိုင်းသာ အင်းလေးကန်မှာရေခန်းတာတွေ တိမ်ကောလာတာတွေဖြစ်လာမယ်ဆိုရင် နောက်ငါးနှစ်ထိပဲအင်းလေးကန်ကိုမြင်ရတော့မယ်လို့ 
ပြောတာဖတ်လိုက်ရတယ်....စိတ်မကောင်းစရာပါဘဲဗျာ

h00 said...

နော် အစအဆုံး ကျက်ခဲ့ရသေးတာပေါ့ မှတ်မိပါ့ :D

TURN-ON-IDEAS said...

“အလုပ်၊ အလုပ်၊ အလုပ်...”
တကယ်လုပ်မှ အဟုတ်ဖြစ်မှာ၊ ပြောနေရုံနဲ့ ဘယ်မှဖြစ်လာမှာ မဟုတ်ဘူး...
မနိုင်း ဘလော့ဂ်ကို အချိန်ရတိုင်း ရောက်ပါတယ်...
တတ်နိုင်သမျှ နိုင်ငံအတွက် အလုပ်လုပ်နေတဲ့
မနိုင်း အစစအရာရာ အဆင်ပြေပါစေ...

Ko Zaw said...

အင်းလေးကန်ရဲ့သမိုင်းက အတုကြီးပါ။ သမိုင်းအမှန်က ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဝမ်းနည်းစရာတွေနဲ့စခဲ့တာပါ။ လှေကိုခြေထောက်နဲ့လှော်တဲ့စနစ် ဘာဖြစ်လို့ပေါ်လာခဲ့သလဲ၊ သူတို့ရဲ့လက်တွေ အဖြတ်ခံထားရလို့ပဲ၊ ဒါပေမဲ့သူတို့စိတ်ဓါတ်တွေက မာကျောပြင်းထန်တယ်လေ။ ဒါကြောင့်ပဲ သူတို့တွေကို အာဏာရှင်တွေက နှိပ်ကွက်ခဲ့ကြတာ။ လက်ရှိအရေးကြီးတာကတော့ ကန်ကြီးကို ပိုပြီးသာယာအောင် ထိန်းသိမ်းကြဖို့ပါပဲ။

Anonymous said...

အင်းလေးကန်ရဲ့ သမိုင်းကြောင်း အစစ်အမှန်ကို ဖတ်ခွင့်ရရင် ဖတ်ချင်တယ်..

Heho Kid - Taung Gyi Teen said...

I was very sad to hear the draught of Inlay Lake last year. And, I really like to see how it looks. If you have photos of Inlay at the draught season I'd be very much appreicated.
Feel free to use the info from my blog - http://myanmargreentech.blogspot.com/2009/09/environmental-data.html
I was so eager to get the environmental data from the lake.