(၁)
တစ်နေ့နေ့လယ်က တူ၊ တူမလေးတွေနဲ့အတူ ကျွန်မချယ်ရီFMလေဒီယို နားထောင်နေတယ်။ သီချင်းမြူးမြူးလေးလာရင် အကြီးနှစ်ယောက်က လိုက်ကလိုက်၊ လိုက်ဆိုလိုက်နဲ့ ပျော်နေကြတယ်။ (၄)နှစ်ကျော်သာရှိသေးတဲ့ တူအငယ်ဆုံးတစ်ယောက်က သီချင်းမရလို့ ဟိုလှုပ်ဒီလှုပ်နဲ့ ကပဲကနေတယ်။ ခဏနေတော့ ဇော်ဝင်းထွဋ်ရဲ့ "ဆေးပေါင်းခတဲ့ည" သီချင်းလာပါတယ်။ ဒါကို သူလည်းဆိုတတ်ကြောင်း အားကျမခံ ထအော်ပါတယ်။
"သေးပေါက်ချတဲ့ည... သေးပေါက်ချတဲ့ည" ပါတဲ့.......... !_!
(၂)
တူမလေးက သူ့အမေကို ပြောတယ်။
"မာမား.. မနက်ဖြန် အာဇာနည်နေ့ ကျောင်းတစ်ရက်ပိတ်တယ်လို့ ဆရာမက ပြောတယ်"
ဒါကို မူကြိုတက်နေတဲ့ တူအငယ်ဆုံးက မေးပါတယ်။
"မာမား... လေးဖြူနေ့က ဘယ်နေ့လဲ? လေးဖြူနေ့မှာ ကျောင်းဘယ်နှရက် ပိတ်မှာလဲ" !_!
(၃)
ဧည့်ခန်းမှာ ကျွန်မတို့ သီချင်းခွေထိုင်ကြည့်နေတယ်။ စာတမ်းထိုးပြီးတော့ မျက်စိသိပ်မကောင်းတဲ့ ခြံစောင့်အန်တီက ကျွန်မကိုမေးတယ်။
"ကြက်ဖဆိုတာ ဘယ်တစ်ယောက်လဲ?"
"ဟိုး..အင်္ကျီအဖြူနဲ့ တစ်ယောက်လေ..."
"ဟို ဝ ဝ တစ်ယောက်ကရော"
"J မီတဲ့"
ဒါကိုသူက ဘာကြားမိတယ် မသိပါဘူး.... အခုလိုထပြောပါတယ်။
"ခုခေတ်အဆိုတော်တွေ နာမည်ရှားနေလား မသိဘူး။ တစ်ယောက်က ကြက်ဖ.. တစ်ယောက်က ကြက်မြီးတဲ့ .. ကြားကြားဖူးဘူး" !_!
(၄)
ကျောင်းပိတ်ရက်တစ်ရက်မှာ တူ၊ တူမတွေ ပအိုဝ့်ကုန်းမှာနေတဲ့ သူတို့အဘိုးအိမ်ကို သွားလည်ကြတယ်။ ဟိုဆော့ဒီဆော့နဲ့ ကလေးတွေပီပီ တွေ့ရာသစ်ပင်ပေါ်တက်တယ်။ တွေ့သမျှတွင်းတွေထဲ ဝင်ဆော့ကြတယ်။ ခဏနေတော့ တူအငယ်တစ်ယောက် အူယားဖားယားနဲ့ ပါးစပ်ကလည်း "ကလိုင်ချဉ်... ကလိုင်ချဉ်"နဲ့ တစ်ကိုယ်လုံး တွန့်လိမ်ပြီး ဟိုကုတ်ဒီကုတ်နဲ့ သူ့ဒေါ်လေးဆီ ပြေးလာတယ်။
"ကလိုင်ချဉ်... ကလိုင်ချဉ်" နဲ့ ဒါကို ပအိုဝ့်လူမျိုး သူ့ဒေါ်လေးက နားမလည်ဘူး။ တူလေးက အင်္ကျီကိုပွတ်ပွတ်ပြီး ပါးစပ်က တအော်အော်နဲ့ တစ်အိမ်လုံး ပတ်ပြေးနေတယ်။ သူ့ပုံကြည့်ရတာ အကောင်တစ်ကောင်နေပုံမှန်း သိကြတယ်။ "ကလိုင်ချဉ်.. ကလိုင်ချဉ်" ဆိုလို့ ဘာကောင်ကိုက်မှန်း တစ်အိမ်လုံးလည်း နားမလည်ကြဘူး။ အင်္ကျီကို ပင့်ကြည့်လိုက်မှ ပုရွက်ဆိတ်နီကိုက်မှန်း သိတော့တယ်။
အင်းသားရွာမှာ ကြီးတော့ အင်းသားစကားပဲ ပြောတတ်တဲ့ တူလေးလေ... သူ့ဘိုးဘိုး အိမ်လာလည်တဲ့နေ့က အိမ်ရှေ့သရက်ပင်ပေါ် မှည့်ဝင်းနေတဲ့သရက်သီးကို အခူးခိုင်းတယ်။ သူ့ဘိုးဘိုးက "ဘယ်တစ်လုံး ယူမလဲ?" ဆိုတော့ "ပစောက်နီအလုံး.. ဟိုးနားက ပစောက်နီအလုံးယူမယ်" တဲ့။ စကားကလည်း မပီကလာ အင်းသားစကားနဲ့မို့ သူ့ဘိုးဘိုးက နားမလည်ဘူး။ သူလိုချင်တာ ဟိုးနားက ဝါဝါဝင်းဝင်းတစ်လုံးတဲ့.... ပအိုဝ့်လူမျိုး သူ့ဘိုးဘိုးကို မနည်းရှင်းပြလိုက်ရတယ်။ !_!
ကြုံရဆုံရ တခဏသာမှာ ခံစားတတ်ရင် ဘဝက ရယ်စရာ၊ ပျော်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။
နိုင်းနိုင်းစနေ


9 comments:
ချစ်စရာ တူ၊တူမတွေနဲ့... မနိုင်းတော်တော်ပျော်နေမှာပဲ...
အားကျတယ်...
မြန်မာပြည်ပြန်ချင်တယ်...
ကလေးများနဲ့နေရတာ ပျော်ရွှင်ဖွယ်ရာ နေ့လေးတွေပါ ။
ညီမ...ရေ..
ဒါပါပဲ.. တွေ့တာ မြင်တာတွေကို ရယ်စရာ (ပျော်စရာ) ခံစားခြင်းပါပဲ..။ မိုက်စ် ...စ်စစစစစစစစစစ.။။။
မဗေဒါ (၈၈)
ရီလိုက်ရတာဗျာ....ဟုတ်တယ် လေးဖြူနေ့က ဘယ်နေ့လဲ
ဟင်....ပြီးတော့ စိုင်းစိုင်းနေ့တို့၊ဇော်ဝင်းထွဋ် တို့နေ့တွေ
ကရော...
ခုကလေးတွေ အာဇာနည်နေ့ကို မသိကြတော့တာ တော်တော်စိတ်မကောင်းစရာပဲ....။
ခင်မင်စွာဖြင့်
မိုးငွေ့
ရီရမလိုနဲ့ ၀မ်းနဲသွားတယ်ဗျာ မနိုင်းနိုင်းရေ...
ကိုမိုးငွေ့ပြောတာ မှန်တယ်ဗျ... နောက်ပိုင်းကလေးတွေ အာဇာနည်ဆိုရင် အဆိုတော်ပဲ ပြေးမြင်ကြတော့တယ်.. အာဇာနည်နေ့ဆိုတာဘာလဲ ဘာဖြစ်လို့လဲ ဘာတွေဖြစ်ခဲ့လဲ ဘယ်သူတွေလဲဆိုတာတွေ မသိကြတော့ဘူး... ပိုဆိုးတာက ဗိုလ်ချုပ်အောင်ဆန်းကိုတောင် မသိကြတော့ဘူးဗျ.. ရင်နာစရာကောင်းပါတယ်.. ကိုယ့်နိုင်ငံမှာသာမသိတာ ဦးသန့်ဆိုရင် တခြားအနောက်နိုင်ငံက နိုင်ငံခြားသားတချို့ သိကြတယ်ဗျ... နောက်ပိုင်းသင်ရိုးညွှန်းတမ်းမှာ မပါတော့ဘူးလားမသိဘူးဗျ... နောက်ပိုင်းကလေးတွေ သမိုင်းဆိုရင် အင်းစိန်က သမိုင်းလားလို့တောင် မေးကြတော့မယ်..
မနိုင်းနိုင်းရဲ့ စာလေးကို ဖတ်ပြီး အိမ်က တူမလေးကို သတိရသွားတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးတင်လျက်ပါ။ ဒါပေမယ့် အာဇာနည်နေ့ ဆိုတာ မူကြိုကလေးပေါက်စလေးက မသိတာတော့ ဝမ်းနည်းစရာ ဟုတ်ဘူးထင်တယ်။ သူက မူကြိုပဲ ရှိသေးတာ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတာတွေ ဘာတွေ အတန်းကျောင်းမှာလို ဆရာမက ပြောပြတာ သူမကြားဖူးသေးဘူး။ အာဇာနည်ဆိုတဲ့ ဝေါဟာရတောင် သူ့အဘိဓာန် သေးသေးလေးမှာ မရှိသေးလို့ပေါ့။ သမ္မတ တို့ မန်နေဂျင်းဒါရိုက်တာတို့ ဆိုတဲ့ ဝေါဟာရတွေ သူ မသိသလို အာဇာနည်ဆိုတာကို အဆိုတော် အာဇာနည်လို့ပဲ သူ ရိုးရိုး ပြေးမြင်တာပါ။ ၁၀ တန်းကျောင်းသားက မသိဘူး ဆိုရင်တော့ တစ်မျိုးပေါ့။
ကလေးကို လွတ်လပ်စွာ ရိုးသားခွင့် ပေးပြီး ရယ်လိုက်တာ ကောင်းပါတယ်။
http://www.people.com.mm/article.cfm?id=12949&sec=5
Post a Comment