Sunday, August 01, 2010

The Wise Old Man


အရပ်သိပ်မမြင့်ဘဲ ခန့်ညားတဲ့အပြင်ပန်းသဏ္ဍာန်နဲ့ သပ်ရပ်သန့်ရှင်းတဲ့ အ၀တ်အစားဝတ်ထားတဲ့ အသက်(၉၂)နှစ်အရွယ် အဘိုးအိုတစ်ဦး ဒီနေ့ပဲ လူအိုရုံကို ပြောင်းရွေ့လာခဲ့တယ်။ အသက်(၇၀)ရှိတဲ့ သူ့ဇနီးသေဆုံးခဲ့လို့ အိမ်ကနေထွက်ခွါဖို့ သူ့မှာတာဝန်ရှိတယ်လို့ သူသိထားတယ်။ လူအိုရုံဧည့်ခန်းမှာ နာရီအတော်ကြာ သူထိုင်နေခဲ့တယ်။ သူ့အတွက် အခန်းပြင်ဆင်ပြီးကြောင်း ကြားသိချိန်မှာ အပြုံးတစ်ပွင့် သူ့မျက်နှာပေါ် ထင်ဟပ်သွားတယ်။ တုတ်ထောက်အကူနဲ့ ဓာတ်လှေကားဆီ ဖြည်းဖြည်းချင်း သူလျှောက်သွားတယ်။ သူ့အခန်းလေးနဲ့ ပြတင်းပေါက်မှာ ခန်းစီးအဖြင့်ချိတ်ထားတဲ့ အိပ်ရာခင်းအကြောင်း သူ့ကို ကျွန်တော်ပြောပြနေတယ်။

"ဒီနေရာကို အဘိုးအရမ်းကြိုက်တယ်" အဘိုးအိုက ပြောတယ်။ ကစားစရာအရုပ်အသစ်ရထားတဲ့ (၈)နှစ်အရွယ်ကောင်လေးတစ်ယောက်က သူ့ဘေးကနေ စိတ်အားထက်သန်စွာ လိုက်ပါလာတယ်။

"အခန်းကို အဘိုးမမြင်ရသေးလို့ပါ... ရောက်ခါနီးပါပြီ"

"အတူတူပါပဲ ကိစ္စမရှိပါဘူး.." အဘိုးအို ပြန်ဖြေတယ်။

"အဘိုးရဲ့ ပျော်ရွှင်ခြင်းကို အဘိုးအစတည်းက ရွေးထားပြီးသားပါ။ အခန်းထဲမှာ အသုံးအဆောင်ကောင်းရှိမှ ဒါမှမဟုတ် ခမ်းခမ်းနားနား ပြင်ဆင်ထားမှ အဘိုးနှစ်သက်မှာ မဟုတ်ဘူး။ အဓိက က အခန်းလေးကို အဘိုးဘယ်လို ပုံဖော်မလဲ၊ ဘယ်လိုအမြင်နဲ့ကြည့်မလဲ ဆိုတာပဲဖြစ်တယ်"

"ဒီအခန်းလေးကို အဘိုးနှစ်သက်တယ်လို့ အဘိုးဦးနှောက်က ဆုံးဖြတ်ထားပြီးသားပါ။ မနက်မိုးလင်း အိပ်ရာထတိုင်း ဒီလိုဆုံးဖြတ်ချက်တစ်ခု အဘိုးချတတ်လို့ပါပဲ"

"အဘိုးမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ တစ်နေလုံး အိပ်ရာပေါ်လဲလျောင်းပြီး အလုပ်သိပ်မလုပ်တော့တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အဘိုးရေတွက်နေခွင့်ရှိတယ်။ ဒါမှမဟုတ် ရပ်နေပြီး ကိုယ်အင်္ဂါတော်တော်များများ အလုပ်လုပ်နိုင်သေးကြောင်း ဘုရားသခင်ကို ကျေးဇူးတင်နေလို့ရတယ်"

"အဘိုးတို့ အသက်ရှင်နေတဲ့ နေ့တစ်နေ့တိုင်းက ဘုရားသခင်ရဲ့ လက်ဆောင်ဖြစ်တယ်။ အဘိုးမျက်လုံးတွေ ဖွင့်နိုင်သေးသရွေ့ ဒီနေ့သစ်တွေကို အာရုံစိုက်ပြီး အဘိုးဘ၀မှာ ပျော်ရွှင်ကြည်နူးခဲ့ဖူးတာတွေကို အမှတ်ရမယ်"

"အိုမင်းတဲ့အသက်အရွယ်ဟာ ဘဏ်အကောင့်နဲ့တူတယ်။ နုပျိုချိန် စုဆောင်းခဲ့တဲ့ ပျော်ရွှင်ခြင်းတွေကို လက်ကျန်ဘ၀မှာ ထုတ်ယူသုံးစွဲနေတာဖြစ်တယ်"

"ဒါကြောင့် အချိန်စောပြီး မင်းရဲ့မှတ်ဉာဏ်အကောင့်ထဲ ပျော်ရွှင်ခြင်းတွေစုဆောင်းဖို့ အကြံပေးချင်တယ်"

"အဘိုးရဲ့ မှတ်ဉာဏ်အကောင့်ထဲ ပျော်ရွှင်ခြင်းတွေ ထည့်ပေးတဲ့မင်းကို ကျေးဇူးတင်တယ်။ အဲဒီပျော်ရွှင်ခြင်းတွေကို အဘိုးရဲ့အကောင့်ထဲ အဘိုးထပ်ဖြည့်နေမှာပါ"

ပျော်ရွှင်ခြင်းအတွက် အောက်က ရိုးရှင်းတဲ့လမ်းညွှန်ချက်တွေကို မှတ်ထားရမယ်။

(၁) နှလုံးသားထဲမှာ အမုန်းမရှိဘူး
(၂) ဦးနှောက်ထဲမှာ ပူပန်သောက မရှိဘူး
(၃) ရိုးရိုးရှင်းရှင်း ရှင်သန်မယ်
(၄) များများပေးကမ်းစွန့်ကြဲမယ်
(၅) နည်းနည်း မျော်လင့်မယ်


ပျော်ရွှင်ဖို့က ဒီလောက်ပဲရိုးရှင်းခဲ့ပါတယ်။ တကယ်လို့ နှစ်သက်ရင် ဒီစာလေးကို နေရာအနှံ့ဖြန့်ဝေပေးပါ။ ဒါဟာ လူလူချင်းကြားက အရိုးရှင်းဆုံး စစ်မှန်တဲ့ဆက်ဆံရေးဖြစ်တယ်။ ဖြန့်ဝေပြီးနောက် ထူးခြားဆန်းကြယ်မှုတချို့ကို သင်ရကောင်းရလိမ့်မယ်။

မူရင်းရေးသားသူ -- Wen Sir (http://www.wretch.cc/blog/sasori/25964530)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

5 comments:

နိုးအိမ်ရှင် said...

အဘိုးရဲ့ ပျော်ရွှင်ခြင်းကို အဘိုးအစတည်းက ရွေးထားပြီးသားပါ။ အခန်းထဲမှာ အသုံးအဆောင် ကောင်းရှိမှ ဒါမှမဟုတ် ခမ်းခမ်းနားနား ပြင်ဆင်ထားမှ အဘိုးနှစ်သက်မှာ မဟုတ်ဘူး။ အဓိက က အခန်းလေး ကို အဘိုးဘယ်လို ပုံဖော်မလဲ၊ ဘယ်လိုအမြင်နဲ့ ကြည့်မလဲ ဆိုတာပဲဖြစ်တယ်"..........
(မှတ်သားစရာ စကားလေးကို မှတ်သားသွားပါတယ်)

chindwinthu said...

ပျော်ရွှင်ခြင်း အတွက် ရိုးရှင်းတဲ့ လမ်းညွှန်ချက်လေးကို မှတ်သွားတယ်နော်...။

rita said...

ပျော်ရွှင်ခြင်းဆိုတာ ကိုယ်ဘယ်လိုပုံဖော်မလဲ၊ ဘယ်လိုအမြင်နဲ့ကြည်မလဲ ဆိုတာပဲဖြစ်တယ်။
မှန်လိုက်တာ :)

မောင်လေး said...

ပျော်ရွင်ခြင်းရဲ့ လျို့ဝှက်ချက်လို့ ဆိုလို့ရမယ်ထင်တယ်နော်
မှတ်သားစရာကောင်းလှပါတယ်..။

ကိုကိုးအိမ် said...

မနိုင်းရေ မနိုင်းထုတ်တဲ့စာအုပ်လေးတွေဖတ်ပြီးပြီ အရမ်းကောင်းတယ် ကလေးဆောင်းပါးလေးတွေလည်းဖတ်ဖြစ်ပါတယ်။
မသိတဲ့သူဆိုရင် မနိုင်းကိုယ်တိုင်းမိခင်တစ်ယောက်လို့ ထင်ချင်စရာပါပဲ။ ကိုး က သိနေလို့သာနော်။

ခင်မင်လျှက်
ကိုကိုးအိမ်