Saturday, January 30, 2010

အချစ်စစ် ဘယ်လောက်ခံသလဲ?


"ကံကောင်းခြင်းစားပွဲ"ပို့စ်အောက်မှာ ကိုဇော်မျိုးလွင်က တစ်ယောက်ယောက်ရေးခဲ့တဲ့ သူ့ဘလော့က ကော်မန့်ကို လာပြပါတယ်။ အဲဒီကော်မန့်က 愛,拆開來是心和受兩個字。用心去接受對方的一切,用心去愛對方的所有。ဖြစ်ပြီး ကိုဇော်မျိုးလွင်က ဂူဂယ်လ်နဲ့ ဒီလိုဘာသာပြန်ထားပါတယ်။

Love, apart for a heart and by the word. Intention to accept each other's everything, all the intentions to love each other . (Translated by Google Word Translator)
ဒါကိုကျွန်မက ပိုနားလည်လွယ်အောင် မြန်မာလို ဒီလိုဘာသာပြန်ပါတယ်။ တရုတ်စာလုံး ()အချစ်ကို ဖြည်ကြည့်တဲ့အခါ ()နှလုံးသားနဲ့ ()လက်ခံဆိုတဲ့ စာလုံးနှစ်လုံးကို ရပါတယ်။ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့လက်ခံမယ်၊ နှလုံးသားနဲ့ချစ်မယ် ဆိုတာပဲဖြစ်တယ်။ နှလုံးသားနဲ့ နားလည်လက်ခံနိုင်မှ အချစ်ဆိုတာ ဖြစ်လာခဲ့တာဖြစ်တယ်။

ကျွန်မဖတ်ရတဲ့ ဇန်နဝါရီလ(၂၃)ရက်နေ့ ထိုင်းနိုင်ငံထုတ် The Universal Daily News တရုတ်သတင်းစာမှာ "အချစ်စစ်ရဲ့ အရှည်ကြာဆုံး လတ်ဆတ်မှုကာလက လ(၃ဝ)" ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်နိုင်ငံ Cornell University အချစ်စိတ်ပညာဗေဒပညာရှင် ပရော်ဖက်ဆာYi Luက အမေရိကန်မှာရှိတဲ့ အသက်(၂၅)နှစ်မှ(၄၅)နှစ်ကြား ဇနီးမောင်နှံအတွဲ(၅ဝဝဝ)ကို သုံးနှစ်ကြာ လေ့လာဆန်းစစ်ခဲ့တယ်။ ဆန်းစစ်လို့ရလာတဲ့ အဖြေတွေကို ကွန်ပြူတာနဲ့ ဒေတာပြုစုပြီး ဆေးစိတ်ပညာနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့တယ်။

နောက်ဆုံးရလာတဲ့ရလဒ်မှာ အချစ်စစ်ရဲ့ အရှည်ကြာဆုံး
လတ်ဆတ်မှုကာလက (၃)နှစ်ထက် မကျော်ကြောင်း တွေ့ရတယ်။ လတ်ဆတ်တဲ့ခံစားချက်တွေ ကုန်လွန်လာတာနဲ့အမျှ တစ်ဘက်သားရဲ့ နှလုံးခုန်သံ မြန်မမြန်၊ လက်ဖဝါးမှာ ချွေးစေးထွက်မထွက်ဆိုတာကို အချင်းချင်း မခံစားနိုင်ခဲ့ကြတော့ဘူး။ အချင်းချင်းပွေ့ဖက်တဲ့ အားဟာလည်း အရင်ကပွေ့ဖက်တဲ့အားထက် ၅ပုံ ၃ ပုံနဲ့ ၅ ပုံ၂ပုံသာရှိကြောင်း တွေ့ရတော့တယ်။ နမ်းရှုံ့တဲ့အပူချိန်ဟာလည်း အရင်ကနမ်းရှုံ့တဲ့အပူချိန်ထက် ၅ပုံ၃ပုံနဲ့ ၂ပုံသာရှိခဲ့ကြတော့တယ်။

တစ်ဆက်တည်းမှာပဲ ယောက်ျားမိန်းမအချင်းချင်း ဂရုစိုက်ကြည့်တတ်တဲ့ အကြည့်ဟာလည်း အရင်ကထက် ၅ပုံ၂ပုံနဲ့ ၁ပုံ လျော့နည်းသွားတာ တွေ့ရတယ်။ ပိုစိတ်ဝင်စားစရာကောင်းတာက ယောက်ျားလေးနဲ့ နမ်းရှုံ့တဲ့အခါ မိန်းကလေးတွေထောက်တတ်တဲ့ ခြေဖျားတွေဟာ အရင်ကထောက်တဲ့ ခြေဖျားထက် (၁)နဲ့(၂)စင်တီမီတာထိ နိမ့်သွားကြောင်း တွေ့ရပါတယ်။

ဒါကြောင့် ယောက်ျားနဲ့မိန်းမကြားက တကယ့်အချစ်စစ်ရဲ့ လတ်ဆတ်နိုင်မှုဟာ (၁၈)လမှ လ(၃ဝ)အထိပဲရှိခဲ့ပြီး အဲဒီထက်ကျော်လွန်တာနဲ့အမျှ လတ်ဆတ်နှုန်းတွေ တဖြေးဖြေး လျော့နည်းကုန်တယ်လို့ ဆန်းစစ်ချက်အရ တွေ့ခဲ့ရပါတယ်။

ကျွန်မထင်ပါတယ်.. အတူပေါင်းသင်းနေထိုင်ပြီး ကာလကြာလာတဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့ သံယောဇဉ်က ချစ်သူ၊ ညားကာစဆိုတာထက်ပိုရင်းနှီးပြီး မောင်နှမ၊ တစ်အိမ်သားချင်းဆိုတဲ့ဘက် ကူးပြောင်းသွားခဲ့လို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေ၊ ရင်ခုန်မှုတွေ လျော့နည်းကုန်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်ကြပြီ၊ ယူကြပြီဆိုမှတော့ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့ လက်ခံနားလည်ပေးတတ်ဖို့ လိုအပ်ပါတယ်။

အချစ်(愛)ဆိုတဲ့စာလုံးကို နှလုံးသား၊ လက်ခံနားလည်ဆိုတဲ့ စာလုံးနှစ်လုံးနဲ့ တည်ဆောက်ထားလို့ပဲဖြစ်ပါတယ်။

ချစ်နိုင်ကြပါစေ...

နိုင်းနိုင်းစနေ


Share/Bookmark

Friday, January 29, 2010

ကံကောင်းခြင်းစားပွဲ


Dannyရဲ့စားသောက်ဆိုင်လေး ရောင်းမကောင်းခဲ့တာ (၃)လဆက်တိုက်ရှိခဲ့ပါပြီ။ အရင်က စားသုံးသူတွေ တန်းစီစောင့်ရတဲ့အထိ ရောင်းကောင်းခဲ့တဲ့ သူ့ဆိုင်လေးလည်း စီးပွါးရေးကပ်ဆိုက်တဲ့အထဲ ပါခဲ့ရတယ်။

ဒီညမှာ စာရင်းတွေကို တွက်ချက်ကြည့်ရင်း အရှုံးတွေကို သူစိုက်မထုတ်နိုင်တော့လို့ မနက်ဖြန်မှာ ဆိုင်ကိုပိတ်လိုက်ဖို့ Dannyဆုံးဖြတ်လိုက်တယ်။

ထမင်းစားချိန်ဖြစ်ပေမယ့် ဆိုင်ထဲမှာ သားအဖဧည့်သည်နှစ်ဦးပဲရှိပြီး ထမင်းတစ်ပွဲနဲ့ နှစ်ယောက်စားနေခဲ့တယ်။ ဂျီကျနေတဲ့ ကလေးငယ်ကို အစပထမမှာ ဖခင်ဖြစ်သူက ဂရုမစိုက်ခဲ့ဘူး။ နောက်တော့ ကလေးငယ်ကို တိတ်တိတ်နေဖို့ စိတ်ပျက်လက်ပျက်ပြောနေခဲ့တယ်။

အဲဒီအချိန်မှာ ဦးထုပ်ဆောင်းထားတဲ့ မျက်နှာတည်နဲ့လူတစ်ဦး စားသောက်ဆိုင်ထဲ ဝင်လာခဲ့တယ်။ Dannyက ရှေ့တက်ကြိုဆိုပြီး စိတ်ထဲမှာလည်း "ဒီဧည့်သည်က ဒီညရဲ့နောက်ဆုံးဧည့်သည် ဖြစ်ကောင်းဖြစ်မှာမို့ သူ့ကိုကောင်းကောင်းဧည့်ခံလိုက်မယ်။ ကိုယ်လုပ်ပေးနိုင်တာ မများပေမယ့် သူအံသြဝမ်းသာအောင်တော့ လုပ်နိုင်လိမ့်မယ် ထင်တယ်"လို့ တွေးလိုက်တယ်။

စားစရာတွေကို ဧည့်သည်မှာပြီးနောက် Dannyက "ဝမ်းသာပါတယ်။ ခင်ဗျာအခုထိုင်တဲ့ စားပွဲက ဒီနေ့ရဲ့ "ကံကောင်းခြင်းစားပွဲ"ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ခင်ဗျားမှာတဲ့ အစားအစာတွေကို ခင်ဗျားအခမဲ့ စားရမယ့်အပြင် တစ်ခြားစားစရာတွေကိုလည်း သုံးဆောင်ရမှာဖြစ်တယ်"

Dannyရဲ့ အပြောကြောင့် ဧည့်သည်အံသြဝမ်းသာသွားတယ်။ ဒီလိုကံကောင်းလိမ့်မယ်လို့ သူတွေးထင်မထားခဲ့လို့ ဖြစ်တယ်။ ဧည့်သည်အတွက်အချိုပွဲကို Dannyယူတော့ ဧည့်သည်မျက်နှာက ပြုံးရွှင်လို့နေတယ်။ ဒါကိုဘေးခုံက ကလေးငယ်တွေ့တော့ သူလည်းအချိုပွဲစားမယ်ဆိုပြီး သူ့ဖခင်ကို ဂျီကျပြန်တယ်။ ဖခင်ရဲ့ "ပိုက်ဆံကုန်ပြီ... သိပ်မဆူနဲ့"ဆိုတဲ့ပြောသံကို Dannyရော ဧည့်သည်ယောက်ျားပါ ကြားသွားခဲ့တယ်။

ဧည့်သည်က Dannyကို " ကျွန်တော်လည်း ဒီကံကောင်းခြင်းကို တစ်ခြားလူတွေနဲ့ ဝေမျှမယ်" ဆိုပြီး အချိုပွဲကို ကလေးငယ်အတွက်ပေးလိုက်တယ်။ ကလေးက အချိုပွဲမြင်တော့ ပျော်ရွှင်ပြီးထခုန်တယ်။ ဖခင်က ပြုံးပြုံးရွှင်ရွှင်နဲ့ ဧည့်သည်ယောက်ျားစားပွဲနား သွားပြီး ကျေးဇူးတင်ကြောင်းပြောတယ်။

ဧည့်သည်က ကလေးငယ်ရဲ့ဖခင်ကို သူ့စားပွဲဝိုင်းမှာထိုင်စေပြီး သူ့နာမည်ကKuerဖြစ်ကြောင်း၊ ကုမ္ပဏီပိုင်ရှင် တစ်ဦးဖြစ်ကြောင်း မိတ်ဆက်တယ်။ ကလေးဖခင်ရဲ့ အလုပ်အကိုင်ကိုမေးတော့ သူက စိတ်ပျက်လက်ပျက်နဲ့ "ကျွန်တော်က မာကက်တင်းမန်နေဂျာတစ်ဦးပါ။ ဒါပေမယ့် ကုမ္ပဏီအရောင်းအဝယ် မကောင်းလို့ ကျွန်တော့်ကို ဒီလကုန်အလုပ်ထွက်ဖို့ အကြောင်းကြားထားပါတယ်" လို့ပြောတယ်။

ဒီလိုစကားကိုကြားတော့ ဧည့်သည်က "အင်း.... လောလောဆယ် ကျွန်တော်ကုမ္ပဏီမှာ ဒီလိုလူမျိုး လိုအပ်နေတယ်။ ကျွန်တော်ကုမ္ပဏီမှာ ခင်ဗျား အင်တာဗျူးဝင်ကြည့်ပါလား" လို့ ပြောလိုက်တယ်။

ကလေးငယ်ဖခင်က ဝမ်းသာပျော်ရွှင်စွာနဲ့ အင်တာဗျူးရက်ချိန်းယူလိုက်တယ်။

တစ်ရက်လွန်ပြီးနောက် Dannyက စားသောက်ဆိုင်ကိုလည်း မပိတ်ရက်တာကြောင့် တအောင့်လောက်တော့ ကြံ့ကြံ့ခံကြည့်ဦးမယ်ဆိုပြီး နေ့တိုင်း "ကံကောင်းခြင်းစားပွဲ"တစ်လုံး ရွေးထုတ်ပြီး အဲဒီစားပွဲမှာထိုင်တဲ့ ဧည့်သည်တွေကို အခမဲ့ဧည့်ခံခဲ့တယ်။ ဒီလိုသတင်းက တစ်ယောက်ကနေ နောက်တစ်ယောက် အဆင့်ဆင့်ပြန့်ခဲ့ပြီး ကံကောင်းခြင်းကို စမ်းသပ်ချင်ကြတဲ့ ဧည့်သည်တွေ တဖွဲဖွဲရောက်လာခဲ့တယ်။ ဒီလိုနဲ့ Danny ရဲ့စားသောက်ဆိုင်လေး လူပြန်စည်လာခဲ့တယ်။

နှစ်တွေကြာတဲ့အထိ Kuerက Dannyရဲ့ အမြဲတမ်းဧည့်သည် ဖြစ်ခဲ့တဲ့အပြင် အကောင်းဆုံး သူငယ်ချင်းလည်းဖြစ်ခဲ့တယ်။

တစ်ရက်မှာ Kuerက Dannyကို "ခင်ဗျားသိလား! ခင်ဗျားစားသောက်ဆိုင်ကို ပထမဆုံးအကြိမ် ကျွန်တော်စရောက်တဲ့နေ့က ကျွန်တော့်စိတ်ထဲ ဘာတွေးနေသလဲဆိုတာ ခင်ဗျားသိလား!" လို့ ရုတ်တရက်ထမေးတယ်။

Dannyက ခေါင်းခါပြတော့ Kuerက "တကယ်တော့ အဲဒီညက ခင်ဗျားဆိုင်မှာ ကျွန်တော် ထမင်းတစ်နပ်အဝစားပြီး ကိုယ့်ကိုယ်အဆုံးစီရင်ဖို့ စဉ်းစားထားပြီးသားပါ။ အဲဒီနေ့က ကျွန်တော့်ဇနီး ကျွန်တော့်ကိုစာတစ်စောင် ထားပေးခဲ့တယ်။ စာထဲမှာ ကျွန်တော်အလုပ်တွေများပြီး သူ့အတွက် အချိန်မပေးနိုင်ဘဲ လျစ်လျူရှူထားတာကို သူမခံနိုင်တော့လို့ တစ်ခြားယောက်ျားတစ်ယောက်နဲ့ သူလိုက်သွားတယ်ဆိုတဲ့အကြောင်း ရေးထားတယ်။ စာဖတ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် အသုံးမကျတဲ့လူ၊ သူ့ကိုဒီလောက်ချစ်တာတောင် သူ့မသိနိုင်လောက်အောင် ကျွန်တော်ညံ့ဖျင်းခဲ့တယ်၊ ဒီလောကကြီးမှာ ကျွန်တော်အသက်ရှင်နေတာ ဘာထူးလဲဆိုပြီး ကိုယ့်ကိုယ်အဆုံးစီရင်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်"

kuerကပြောပြောဆိုဆို ခေါင်းထောင်ပြီး Dannyကို တစ်ချက်ရယ်ပြတယ်။ ပြီးတော့ စကားဆက်တယ်။

"ဒါပေမယ့် အဲဒီညမှာ ခင်ဗျားစားသောက်ဆိုင်က "ကံကောင်းခြင်းစားပွဲ"မှာ ကျွန်တော်ထိုင်မိခဲ့တယ်။ စစခြင်းမှာ အဲဒီကံကောင်းခြင်းတွေက ကျွန်တော့်ကိုလှောင်ပြောင်တယ်လို့ ကျွန်တော်ခံစားမိတယ်။ ဒါပေမယ့် ကျွန်တော် သိပ်များများ မစဉ်းစားတော့ဘူး။ အဲဒီကံကောင်းခြင်းတွေကို တစ်ခြားလူတွေအတွက် ကျွန်တော်မျှဝေပေးတယ်။ တစ်ခြားလူပျော်ရွှင်သွားတာကို ကြည့်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ငါဟာ အသုံးဝင်သေးတဲ့လူပါလားလို့ ခံစားမိတယ်။ ဒီလိုနဲ့ ဘဝကို အသစ်တစ်ဖန်ပြန်တည်ဆောက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်"

Kuerကိုကြည့်ပြီး Dannyမျက်ရည်ဝဲမိတယ်။ တကယ့်ကံကောင်းခြင်းဆိုတာ ကိုယ့်အတွက်မငဲ့ညှာ၊ မမျှော်ကိုးဘဲ သူတစ်ပါးအတွက် သက်သက်ပေးဆပ်လိုက်တာဖြစ်ကြောင်း သူနားလည်လိုက်တယ်။ အဲဒီလိုပေးဆပ်၊ မျှဝေလိုက်တဲ့အတွက် သူဟာလည်း အဲဒီကံကောင်းသူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။

မူရင်း--- google search or http://www.catholic.org.tw (幸運餐桌)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, January 28, 2010

ယောက်ျားတွေကို ကျဆုံးစေသော


ယောက်ျားနဲ့မိန်းမ အတူပေါင်းသင်းတာက ခက်ခဲတဲ့အလုပ်ဖြစ်သလို အနုပညာတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ ဒီလိုပေါင်းသင်းရာမှာ ကိုယ့်ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ် သူ့ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ် မလိုအပ်တဲ့ အတိုက်အခိုက်တွေ ပေါ်လာနိုင်ပါတယ်။ တစ်ခါတလေ မိန်းကလေးတစ်ယောက်ရဲ့ မျက်စောင်းတစ်ချက်၊ အပြုအမှုတချို့က ယောက်ျားတွေကို အံကြိတ်စေနိုင်ခဲ့တယ်။ သင်ရဲ့ အိမ်ကြီးရှင်မမှာ အောက်က ယေဘုယျအချက်တွေ ရှိပါသလား?

(၁) ချိန်းတွေ့ချိန် တမင်နောက်ကျခြင်း

"ချိန်းတွေ့ချိန် နောက်ကျခြင်းအနုပညာ"ကို ဘယ်အချိန်ကစပြီး မိန်းကလေးတွေ နှစ်သက်ခဲ့မှန်းမသိပါဘူး။ ယောက်ျားလေးရဲ့ စိတ်ရှည်သည်းခံနိုင်မှုအပေါ် လိုက်ပြီး ချိန်းထားချိန်နဲ့ (၅)မိနစ်၊ (၁ဝ)မိနစ်ထိ တချို့က ဒီထက်ပိုနောက်ကျတတ်ကြပြီး ကိုယ့်အပေါ်ထားတဲ့ ယောက်ျားလေးရဲ့ခံစားချက်ကို စမ်းသပ်ခဲ့ကြတယ်။

ယောက်ျားလေး စိုးရိမ်တဲ့အထိ၊ စိတ်ပူတဲ့အထိ ပြီးတော့ စိတ်တိုတဲ့အထိ စောင့်ခိုင်းစေပြီး "နောက်တစ်ကြိမ် ဒီလိုမဖြစ်စေနဲ့"လို့
ကိုယ့်ကို အသံမာနဲ့ သူအော်ငေါက်ခဲ့ရင် နောက်တစ်ကြိမ် ချိန်းတဲ့အခါ မသွားဘဲ နေလိုက်တတ်ကြတယ်။ ဒါပေမယ့် ယောက်ျားလေးအများစုက အောင့်အီးသည်းခံပြီး အပြုံးမျက်နှာနဲ့ "ကိစ္စမရှိဘူး.. ကိုယ်လဲအခုမှရောက်တယ်"လို့ ပြောတတ်ကြတယ်။ တကယ်တော့ စောင့်နေရင်းက ဆေးလိပ်တစ်ထုပ်ကို စိတ်တိုတိုနဲ့အားရပါးရ သူသောက်ခဲ့ပြီးဖြစ်တယ်။

(၂) တကယ်လို့ ကျွန်မနဲ့ရှင့်မေမေ ရေချောင်းထဲကျသွားရင် ရှင်ဘယ်သူ့ကိုအရင်ကယ်မှာလဲ?

ဒါဟာ ရှေးအရမ်းကျတဲ့ ခပ်တုံးတုံး ရွေးချယ်မှုပုစ္ဆာတစ်ပုဒ်ဖြစ်တယ်။ ဒီပုစ္ဆာက လူမဆန်တဲ့အပြင် စိတ်ကြည်နူးစရာလည်း မကောင်းပါဘူး။ ယောက်ျားလေးအတွက် အင်မတန်ရက်စက်တဲ့၊ ရှေ့မတိုး နောက်မဆုတ်သာတဲ့ ရွေးချယ်မှုဖြစ်တယ်။ ဒါဟာ ယောက်ျားလေးကို ချောက်ထဲတွန်းချတာနဲ့ မခြားပါဘူး။

(၃) "ကျွန်မကိုချစ်လား?" "ဘယ်လောက်ထိချစ်လဲ?"

ဒီလိုအမေးတွေကို တစ်နေ့ (n)အကြိမ်မြောက်မေးရလည်း မိန်းကလေးတွေက မငြီးငွေ့တတ်ကြဘူး။ တကယ်လို့ ယောက်ျားလေးသာ စိတ်မရှည်ဘဲဖြေခဲ့မိရင် ငါ့ကိုအလေးမထားဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ယောက်ျားလေးဆီကနေ ဂတိ၊ သစ္စာတွေကို တောင်းခံတတ်တယ်။ မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေရဲ့ ဦးနှောက်ခံစားချက်နဲ့ ပြောဆိုဆက်ဆံရေးက သိပ်ဆက်သွယ်မထားဘူး။ ဒါကြောင့် "နင့်ကိုငါချစ်တယ်"ဆိုတဲ့စကားကို သူတို့အလွယ်တကူ မပြောတတ်ကြဘူး။ ဒီလိုအချိန်မှာ ယောက်ျားလေးတွေက သူတို့ခံစားချက်ကို ထုတ်ဖော်တာမျိုးမဟုတ်ဘဲ ကိစ္စတစ်ခုကိုဖြေရှင်းနေတာမျိုး ဖြစ်သွားတတ်တယ်။

(၄) ငိုတယ်၊ ရစ်တယ် ပြီးရင်လမ်းခွဲမယ်

ငိုတာကို လက်ခံနိုင်ပါတယ်။ ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့မူပိုင်မို့ လှပပါတယ်။ ရစ်တာက ခေါင်းခြောက်စရာဆိုပေမယ့် ချစ်စရာကောင်းတဲ့အချိန်လည်း ရှိပါတယ်။ ဒါပေမယ့် "လမ်းခွဲမယ်" ဆိုတဲ့စကားက အကျည်းတန်ဆုံးဖြစ်တယ်။ မိန်းကလေးတချို့က ဓားထက်ထက်သွေးပြီး အစိမ်းသက်သက် ခုတ်ဖြတ်မယ်ပုံစံနဲ့ "သရုပ်အတုဆောင်"ပြီး ယောက်ျားလေးကို ခြိမ်းခြောက်တတ်ကြတယ်။ အဲဒီလိုအချိန်မှာ မိန်းကလေးတွေပေးတဲ့ စိတ်ဖိအားကို မခံနိုင်တဲ့ တချို့ယောက်ျားလေးတွေက တကယ်လမ်းခွဲလိုက်တတ်တယ်။

(၅) "Shakiraကို ကြိုက်လား?"

မိန်းကလေးတချို့က ဒီလိုအမေးမျိုးမေးပြီး ယောက်ျားလေးဖြေမယ့်အဖြေကို စိတ်ဝင်တစားနဲ့ စောင့်နေတတ်တယ်။ တကယ်တော့ အများအားဖြင့် မိန်းကလေးတွေက ယောက်ျားလေးတွေဆီက "ပြီးပြည့်စုံတဲ့အဖြေ"ကိုပဲကြားချင်ပြီး "တကယ့် ရင်ထဲကလာတဲ့အဖြေ"ကို ကြားချင်ခဲ့တာမဟုတ်ဘူး။ ဒီလိုအမေးက ယောက်ျားလေးတွေကို အဖြေရကြပ်စေတယ်။ တခြားမိန်းကလေးတွေကို မကြည့်ရှု၊ မခံစားတတ်တဲ့ ယောက်ျားလေးဆိုတာ မရှိပါဘူး။ ယောက်ျားအများစုက မိန်းကလေးတွေကို ငေးမောပြီး စိတ်ကူးယဉ်တတ်ကြတယ်။ ဒီသဘောကို နားလည်ခဲ့ရင် ကျားတစ်ကောင်ကို အတင်းအဓမ္မ ကြောင်လုပ်ခိုင်းပြီး ကြွက်ဖမ်းခိုင်းဖို့ မသင့်ပါဘူး။

(၆)
သူငယ်ချင်းက အရေးကြီးတာလား? ကျွန်မကအရေးကြီးတာလား?


ချစ်သူရှိပြီဟေ့ဆိုတာနဲ့ ယောက်ျားလေးတွေမှာ လွတ်လပ်မှုတွေ ဆုံးရှုံးကုန်တယ်။ တကယ်လို့ သူငယ်ချင်းတချို့နဲ့ တွေ့ဆုံပျော်ပါးပြီး ချစ်သူကောင်မလေးအိမ်ကို မီးချောင်းလဲဖို့ အရောက်နောက်ကျခဲ့ရင် ဒါဟာ မီးတောင်ပေါက်ကွဲတာထက် ပိုပြင်းထန်တဲ့ ကိစ္စတစ်ရပ်ဖြစ်သွားနိုင်တယ်။ မိဘတွေရှေ့ မျက်နှာလုပ်ပြီး ကျွန်မကိုသာ "တစ်,နေရာ"မှာထားကြောင်း သူပြသချင်လိုဖြစ်တယ်။ တကယ်တော့ ကိုယ့်ကို သူအလေးပေးသလို သူ့မှာလည်း သူငယ်ချင်းတွေလိုကြောင်း မိန်းကလေးတွေ သိထားသင့်ပါတယ်။ သူ့ကိုသီးသန့်ခွဲပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခွဲထားခဲ့ရင် သူ့အတွက် အိမ်ထောင်ဆိုတာ ထောင်နဲ့မခြားတော့ပါဘူး။

(၇) စိန်လက်စွပ်မှ

တချို့မိန်းကလေးက ကြွားဝါပြိုင်ဆိုင်လိုစိတ် ပြင်းကြတယ်။ လက်ထပ်ချိန် သူ့ဘက်က အဆင်ပြေ၊ မပြေမသိဘဲ "စိန်လက်စွပ်"မပါရင် မရဘူးဆိုပြီး ယောက်ျားလေးတွေကို ဖိအားပေးတတ်တယ်။ လက်မထပ်မီ စိုးရိမ်ကြောင့်ကျစိတ်က ယောက်ျားလေးတွေကို အဝေးထွက်ပြေးချင်စိတ် ဖြစ်စေတတ်ပါတယ်။ တကယ်တော့ အချစ်ကို ဂုဏ်ပကာသနတွေနဲ့ ဝင့်ကြွားသက်သေပြစရာ မလိုပါဘူး။ မှီနိုင်တဲ့ယောက်ျား၊ ပွေ့ဖက်နိုင်တဲ့ယောက်ျားဖြစ်ဖို့ပဲ လိုပါတယ်။

(၈) လူပုံအလည်မှာ သွန်သင်ပြီး စားပွဲခုံအောက်ကနေ ခြေထိုးတတ်သူ

ယောက်ျားလေးတွေက မျက်နှာသာပေးတာကို လိုချင်ကြတယ်။ ဇနီးချောလေး ပိုင်ဆိုင်ထားတယ်လို့ သတင်းမွှေးပြီး လူပုံအလည်မှာ အဲဒီဇနီးချောရဲ့ အဆုံးအမကိုခံရမှာ ယောက်ျားလေးတွေ အကြောက်ဆုံးဖြစ်တယ်။ ဒါဟာ သူတို့ရဲ့အရှိုက်ကိုထိစေပြီး မယားကြောက်လို့ အရှက်ရစေပါတယ်။ မယားကြောက်သူတစ်ယောက်မှာ ဘာလေးစားမှု၊ ဘာဂုဏ်ယူစရာတွေ ရှိနိုင်ဦးမလဲ?

(၉)
ယောက္ခမကို မျက်နှာသေပြသူ


ယောက်ျားလေးတွေ အကြောက်ဆုံးက ယောက္ခမနဲ့ချွေးမ မတည့်တာပဲဖြစ်တယ်။ မိန်းမသားနှစ်ယောက်ရဲ့ စစ်ပွဲမှာ နောက်ဆုံးဗုံးထိခံရသူက သူပဲဖြစ်နေလို့ဖြစ်တယ်။ ယောက္ခမနဲ့ချွေးမ မတည့်ခဲ့ရင် ပြဿနာတွေက အလိုလိုနေရင်း ပေါ်နေတတ်တယ်။ ဒီလိုအခြေအနေမျိုးမှာ ယောက်ျားလေးက ငရဲရောက်နေတတ်တယ်။

(၁ဝ) ဖုန်းစစ်ဆေးသူ၊ အိတ်ကပ်နှိုက်သူ

ယောက်ျားလေးရဲ့ဖုန်းကို စစ်တတ်သူက သူ့ရဲ့"နေ့စဉ်ဘဝကို" သတိထားသူဖြစ်ပြီး အိတ်ကပ်နှိုက်သူက သူ့ရဲ့ "ငွေဝင်ငွေထွက်"ကို စစ်ဆေးသူဖြစ်တယ်။ တစ်နေရာမှာ "ဘဏ်"အသေးစား ရှိနေမလား? ထိမ်ချန်ပြီး စာရင်းပြသလား? ဝင်ငွေကိုလျော့ပြသလား? စတဲ့ "မယုံကြည်မှု"တွေကြောင့်ဖြစ်တယ်။ ဒီလိုမိသားစုမှာ ဦးဆောင်ရတဲ့ယောက်ျားတွေက တကယ်ပဲဖိအားများပြီး ပင်ပန်းရပါတယ်။ အမှားတွေ အလွယ်တကူ လုပ်မိတတ်ပါတယ်။

(၁၁) ဘေးအိမ်က ကားအသစ်လဲပြီတဲ့!

မိန်းကလေးတွေရဲ့ ဒီလို လိုအင်တပ်မက်မှုတွေက ယောက်ျားတစ်ယောက်ကို ဦးနှောက်ခြောက်စေသလို သိမ်ငယ်စိတ်တွေ ဝင်စေပါတယ်။ ကိုယ့်တပ်မက်စိတ်ရဲ့ ဖိအားကြောင့် ယောက်ျားတချို့က သည်းမခံနိုင်ဘဲ "ဘေးအိမ်က မိန်းမအသစ်လဲပြီ"တဲ့လို့ ပြောထွက်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မိန်းမက သူ့ဝင်ငွေနည်းတာကို လှောင်ပြောင်ပြီး သူ့ဝင်ငွေနဲ့ မိသားစုတန်ဖိုးကို ပိုင်းဖြတ်လိုက်တယ်လို့ သူထင်တတ်ပါတယ်။ ဒါဟာ သူ့ရဲ့အသုံးမကျမှုကို မထေမဲ့မြင်လုပ်နေတာနဲ့ အတူတူပဲဖြစ်တယ်။

မိသားစုတာဝန်၊ အိမ်ထောင်တာဝန်တွေနဲ့ ဖိအားများလွန်းပေမယ့် ယောက်ျားတွေက အလွယ်တကူ မညည်းညူတတ်ကြဘူး။ ဆင်းရဲပင်ပန်းပေမယ့် မျက်နှာက အလွယ်တကူ မညိုးကျတတ်ဘူး။ သူတို့ရဲ့အကြောတစ်ချောင်း ဆွဲနှုတ်လိုက်တာတောင်မှ ယောက်ျားတွေက ကြံ့ကြံ့ခံဟန်ဆောင်နိုင်ကြတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ရဲ့ စကားတစ်ခွန်း၊ အပြုအမှုတစ်ခု၊ မတော်တဆ ထိခိုက်နာကျင်မှုတစ်ခုက သူ့တို့ဘဝကို ဆုံးရှုံးစေနိုင်ခဲ့တယ်။ ယောက်ျားတွေထက် မိန်းမတွေပိုအသက်ရှည်တာက ဒီသဘောတရားပဲဖြစ်တယ်။ မိန်းမမြတ်တစ်ယောက်က ယောက်ျားတစ်ယောက်ကို ထွက်လမ်းလေးပေးသင့်ပါတယ်။ တကယ်တော့ ယောက်ျားတွေက မိန်းမတွေရဲ့ ဂရုစိုက်မှုကို ပိုလိုအပ်ခဲ့ကြတယ်။

တကယ်တော့ မူရင်းမှာ(၁၅)ချက်ပါပါတယ်။ (ပါးစပ်)ဆင်ဆာမလွတ်မှာစိုးလို့ တချို့အချက်ကို ကျွန်မချန်ခဲ့ပါတယ်။

မူရင်း--- google search or http://lady.people.com.cn

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, January 27, 2010

ဟောဒီက မုန် ညင်း ချဉ်


မုန်ညင်းချဉ်လုပ်နည်းလေး ရေးအုန်းတဲ့။ ကျွန်မလည်းတခြားအကြောင်း ရေးဖို့ပျင်းနေတာနဲ့ အတော်ပဲဖြစ်သွားတယ်။ ဒါပေမယ့် လက်တွေ့လုပ်ပြီး ဓာတ်ပုံရိုက်တင်နိုင်အောင် အခြေအနေက မပေးခဲ့ဘူး။ ဓာတ်ပုံပါမှဝေဆာမှာဆိုတော့ ဂူဂယ်မှာပဲပုံတွေရှာပြီး အရင်ကကျွန်မတို့အိမ်မှာ လုပ်ခဲ့တဲ့နည်းအတိုင်း ရေးတင်လိုက်ပါတယ်။ အရင်တုန်းက အမေ၊ အဘွားတို့ရှိတုန်းကဆို မုန်ညင်းချဉ်လုပ်တိုင်း ကျွန်မတို့ ဝင်ကူလုပ်ပေးရတယ်။ မဟုတ်ရင်ထုံးစံအတိုင်း မိန်းကလေးလုပ်ပြီ ဘာဖြစ်တယ်၊ ညာဖြစ်တယ် အော်ကြအုန်းမှာလေ...

မုန်ညင်းချဉ်ကို ဆောင်းဝင်စမှာ လုပ်ကြတယ်။ မုန်ညင်းစိမ်းနဲ့ပဲ လုပ်ကြရတယ်။ မုန်ညင်းချဉ်လုပ်နည်း နှစ်မျိုးရှိပါတယ်။ အလွယ်နည်းနဲ့ အခက်နည်းဆိုပါတော့... အလွယ်နည်းက ဘယ်လောက်အထိ လွယ်သလဲဆို မုန်ညင်းစိမ်းကို ညိုးအောင်နေလှန်း၊ ရေဆေး၊ ရေစစ်ပြီး (သေးသေးလှီးချင်လည်းရ၊ အပင်လိုက်လည်းရ) စဥ့်အိုးထဲထည့်လိုက်တယ်။ ပြီးတော့ အအေးခံထားတဲ့ ထမင်းရည်ကိုလောင်းထည့်၊ ဆားထည့်ပြီး မီးဖိုဘေးမှာ ပစ်ထားလိုက်တယ်။ (၃)ရက်နေရင် အဲဒီမုန်ညင်းချဉ် စားလို့ရပါပြီ။

ဒီလို မုန်ညင်းချဉ်အလွယ်နည်းကို အများအားဖြင့် မုန်ညင်းအညွှန့်နဲ့ ပိုလုပ်ကြတယ်။ အပင်နဲ့လုပ်လည်း ရပါတယ်။ အပင်ဆိုရင် မုန်ညင်းစိမ်းအရှည်ပင်နဲ့ လုပ်ကြတယ်။ လုပ်တဲ့အခါမှာ သတိထားရမှာက ဆီလုံးဝမထိရပါဘူး။ မဟုတ်ရင် မှိုတက်ပြီး ကြာရှည်မခံဖြစ်တတ်တယ်။ ထမင်းရည်မရှိတဲ့ နေရာမှာဆိုရင် ထမင်းနဲ့ ဆန်ပြုတ်ကျဲကျဲလေးကျိုပြီး အအေးခံထည့်ရင်လည်း ရပါတယ်။ ထမင်းရည်ကျဲအောင် ရေရောတဲ့အချိန်မှာ ရေကျက်အေးနဲ့ ရောပေးပါ။ မဟုတ်ရင် မုန်ညင်းချဉ် ပျက်သွားပါလိမ့်မယ်။


အဲဒီလိုရလာတဲ့ မုန်ညင်းချဉ်ကို ကျွန်မတို့က ငရုတ်သီးခြောက်ကို မီးဖုတ်ပြီးခြွေထည့်၊ ငံပြာရည်၊ ဆား၊ ဟင်းချိုမုန့်နဲ့ နံနံပင်လေးထည့်ပြီး နေ့လယ်နေ့ခင်းတွေမှာ သုတ်စားတတ်ကြတယ်။ နေပူပူအောက်မှာ ချဉ်ချဉ်စပ်စပ် မုန်ညင်းချဉ်သုတ်စားရတာ အင်မတန်အရသာရှိပါတယ်။ ဒီလိုမုန်ညင်းချဉ်ကို နုတ်နုတ်လှီးပြီး အသားနဲ့ကြော်စားလည်းရပါတယ်။ ဒီနည်းကလုပ်ရလွယ်ပြီး မြန်မြန်စားလို့ ရနိုင်တာကြောင့် ဈေးထဲမှာ နေရာတကာရောင်းနေတာ တွေ့ရပါလိမ့်မယ်။ တချို့က ငရုတ်သီးထည့်ရောင်းကြသလို တချို့ကလည်းအရောင်လှအောင် ဆနွင်းထည့်နယ်ထားတတ်ပါတယ်။ မြင်ဖူးကြမှာပါ...

ဒီလိုမုန်ညင်းချဉ်တည်တဲ့အခါ ကျွန်မတို့က တစ်ခေါက်တည်ပြီးသား စဥ့်အိုးထဲကအရည်ကို မသွန်ထုတ်ဘဲ မုန်ညင်းချဉ်တွေကုန်သွားတိုင်း မုန်ညင်းတွေထပ်ဆေးပြီး ထည့်တတ်ပါတယ်။ အချဉ်ရည်ကို ရီဆိုက်ကယ်လုပ်တဲ့ သဘောပေါ့။ အဲဒီအချဉ်ရည်ထဲ ဆူကာသီးတွေထည့်စိမ်ပြီး ဆူကာသီးအချဉ်တွေလုပ်ပြီး အသားနဲ့ကြော်စားပါတယ်။ ငရုတ်သီးတွေလည်း ထည့်စိမ်ပြီး ငရုတ်သီးချဉ်လုပ်စားကြပါတယ်။ ဒါမှမဟုတ် အဲဒီအချဉ်ရည်ကို ထိုဟူးသုတ်၊ တခြားအသုတ်တွေထဲ ရှာလကာရည်အစား ထည့်ကြပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်.... (ရေးရင်နဲ့တောင် သရေယိုတယ် :D)

မုန်ညင်းချဉ်လုပ်နည်း နောက်တစ်နည်းက လုပ်ရတာ တော်တော်လက်ဝင်ပါတယ်။ အားလုံးသိတဲ့အတိုင်း နောက်တစ်နည်းက ငရုတ်သီးတွေ၊ ဂျူးမြစ်တွေ၊ တချို့က ပဲပိုးတီ၊ သစ်နားရွက်၊ မုန်လာဥနီတွေထည့်တဲ့ မုန်ညင်းချဉ်ဖြစ်တယ်။


အဲဒီမုန်ညင်းချဉ်ကို မုန်ညင်းအရှည်မျိုးနဲ့ လုပ်လို့ရသလို အများအားဖြင့် အထုပ်မျိုးနဲ့ပိုလုပ်ကြပါတယ်။ အထုပ်မျိုးကို ကျွန်မတို့က ယိုးဒယားမုန်ညင်းလို့ခေါ်ပါတယ်။ (မျိုးစေ့က ယိုးဒယားကလာလို့ ယိုးဒယားမုန်ညင်းလို့ လွယ်လွယ်ခေါ်လိုက်တာဖြစ်တယ်)

လုပ်နည်းက ပထမဦးဆုံး မုန်ညင်းကိုညိုးအောင် နေလှန်းရပါတယ်။ ကျွန်မတို့က တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် ခြံထဲဒီအတိုင်းပစ်ပြီး လှန်းထားတတ်ပါတယ်။ မုန်ညင်းထဲရောထည့်မယ့် ဂျူးမြစ်၊ ပဲပိုးတီတွေကိုလည်း နေလှန်းရပါမယ်။ (ကိုယ်ကြိုက်တာ အတူရောထည့်နိုင်ပါတယ်) မုန်ညင်းတွေညိုးသွားပြီဆိုရင် ၃လက်မကျော်အရည်လောက် ဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်း သတိထားရမှာက ဆီလုံးဝမထိရပါဘူး။ ပြီးရင်ဖြတ်ထားတဲ့ မုန်ညင်းကို ဆားနဲ့နာနာနယ်ပေးရပါတယ်။ နယ်အားပြင်းလေ လုပ်ထွက်လာတဲ့မုန်ညင်းချဉ်က စားရတာကျွတ်လေဖြစ်ပါတယ်။ နယ်ပြီးရင် ရေဆေးပါတယ်။ ရေဆေးတဲ့အချိန်မှာလည်း နာနာနယ်ပေးရပါတယ်။ ကျွန်မတို့ဆို လက်တွေပွန်းအောင် နယ်ခဲ့ဖူးပါတယ်။


ရေဆေးပြီးသားမုန်ညင်းကို တစ်ညရေစစ်ရပါတယ်။ ရေကုန်အောင် ခြင်းထဲထည့်ပြီး အလေးနဲ့ဖိစစ်ရပါတယ်။ ရေစစ်နေတုန်း မုန်ညင်းချဉ်ထဲထည့်မယ့် အစာပလာတွေ ပြင်ဆင်ရပါတယ်။ ထည့်တဲ့အရာတွေက ကြံသကာ၊ ငရုတ်သီးမုန့်၊ ဆား၊ အရက်ဖြူ၊ စမုံစပါးမုန့်တွေဖြစ်တယ်။ ကြံသကာကို ပါးပါးလှီးပြီးထည့်လို့ရသလို အရည်ခပ်ပျစ်ပျစ်ကျိုပြီးလည်း ထည့်နိုင်ပါတယ်။ တတ်နိုင်ရင် ပျားရည်နည်းနည်းရောထည့်ပေးရင် ပိုမွှေးပါတယ်။

ရေစစ်ပြီးသား မုန်ညင်းထဲ ကြံသကာ၊ ဆား၊ စမုံစပါးမုန့်တွေ အရင်ထည့်ပြီး နာနာနယ်ပေးရပါတယ်။ နယ်လို့ နှံ့စပ်ပြီးဆိုမှ အရက်ဖြူနည်းနည်းနဲ့ ငရုတ်သီးမုန့်ကို ထည့်ပါတယ်။ မဟုတ်ရင် မွှန်းပြီးမနယ်နိုင်ဖြစ်တတ်လို့ပါ။ နှံ့စပ်အောင် နယ်ပြီးပြီဆိုရင် ကိုယ်ကြိုက်တဲ့အစပ်၊ အငန်၊ အချိုကို မြည်းကြည့်ပြီး အရက်နဲ့ကျင်းထားတဲ့ စဥ့်အိုးထဲ ဖိထည့်ရပါတယ်။ လေမခိုအောင် တအားဖိထည့်ရပါတယ်။ စဥ့်အိုးအပြည့်လည်း မထည့်မိအောင် သတိထားရပါတယ်။ အရည်တွေလျှံကျတတ်လို့ပါ။ ပြီးရင် အဝကို ပလပ်စတစ်နဲ့ တင်းတင်းကြပ်ကြပ် စည်းထားရပါတယ်။ ဒီလိုမုန်ညင်းချဉ်က သုံးရက်ထဲနဲ့စားလို့မရပါဘူး။ (၂)လ၊ (၃)လလောက်မှ စားရပါတယ်။ အိုးထဲကထုတ်စားပြီးတိုင်း အဝကိုလုံအောင်ပိတ်ခဲ့မယ်၊ ဆီအထိမခံဘူးဆိုရင် ဒီလိုမုန်ညင်းချဉ်က တစ်နှစ်ကျော်ကြာတဲ့အထိ အထားခံပါတယ်။


မုန်ညင်းချဉ်ကို လူတိုင်းလုပ်လို့ရပေမယ့် လုပ်ထွက်လာတဲ့မုန်ညင်းချဉ်တိုင်း စားကောင်းမယ်လို့ အာမ မခံနိုင်ပါဘူး။ ရေသေချာမစစ်ရင် မုန်ညင်းချဉ်က မစားနိုင်အောင် ချဉ်သွားတတ်သလို ဆားနည်းရင်လည်း တအားချဉ်သွားတတ်ပါတယ်။ အရက်ထည့်တာများသွားတဲ့ မုန်ညင်းချဉ်က အရက်စော်နံပြီးစားမကောင်း ဖြစ်တတ်ပါတယ်။

အရင်ခေတ်လူတွေလောက်ပဲ မုန်ညင်းချဉ်ကိုတပင်တပန်း လုပ်စားတတ်ကြတယ်။ ဒီခေတ်မှာတော့ ဝယ်ရတာ လွယ်ကူတာတစ်ကြောင်း၊ အားလပ်ချိန် နည်းတာကတစ်ကြောင်း၊ လုပ်ရတာ လက်ဝင်တာကတစ်ကြောင်း .. လေးငါးကြောင်းနဲ့ အဆင်သင့်လုပ်ပြီးသားတွေပဲ ဝယ်စားကြတော့တယ်။ တချို့လုပ်ရောင်းတဲ့ မုန်ညင်းချဉ်တွေက အကုန်အကျသက်သာအောင် ဆေးသကြားတွေ ရောထည့်ထားတာကို စားဖူးကြမယ် ထင်ပါတယ်။

မုန်လာဥချဉ်လုပ်ရင်လည်း မုန်ညင်းချဉ်နည်းအတိုင်းပဲ လုပ်ကြပါတယ်။ ဒါပေမယ့် မုန်လာဥကို ခြောက်နေအောင် နေမလှန်းမိဖို့တော့ သတိထားရပါလိမ့်မယ်။ ခြောက်နေအောင်လှန်းမိရင် အချဉ်တည်ပြီးနောက် ဝါးမရအောင် မာတတ်တဲ့အတွက်ပါ။ မုန်ညင်းချဉ်ပဲလုပ်လုပ်၊ မုန်လာဥချဉ်ပဲလုပ်လုပ် နာနာနယ်ပေးရင် စားတဲ့အချိန်ကျရင် တစ်ကျွတ်ကျွတ်နဲ့ ဝါးလို့အရမ်းကောင်းပါတယ်။

ကျွန်မသိတဲ့ အိမ်လုပ်နည်းမုန်ညင်းချဉ်က ဒီလောက်ပါပဲ..... ဖတ်ပြီးခေါင်းခြောက်သွားရင် ဆိုင်မှာပဲ ဝယ်စားလိုက်ပါလို့.. :P

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, January 26, 2010

"အမေ" လို့ ထပ်ခေါ်ပါရစေ


မိုးဖွဲဖွဲအောက်က လူခြေတိတ်တဲ့ ညအမှောင်လမ်းမထက်မှာ ကျွန်တော်တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ ရွက်ကြွေတွေက ကျွန်တော့်နောက် ထပ်ကြပ်မကွာလိုက်နေတယ်။ ဝိုးတဝါးအလင်းရောင်က ကျွန်တော်အရိပ်ကို ပိုရှည်အောင် ဆွဲဆန့်ထားလိုက်တယ်။ ရင်ထဲက လေးလံတဲ့ခံစားချက်တွေ တော်ရုံနဲ့ လွင့်ပြယ်မသွားခဲ့ဘူး။

ဒါဟာ အထီးကျန်ဆန်ပြီး သနားစရာကောင်းတဲ့ ညတစ်ညဖြစ်တယ်။ အမေ့အရိပ်က ပေါ်လိုက်၊ ပျောက်လိုက်.. ကျွန်တော်ကို ခံစားစေလိုက်၊ လွင့်မျှောစေလိုက်၊ အိပ်မက်မက်စေလိုက်နဲ့.. ပြောင်းလဲနေတဲ့ အချိန်နောက်လိုက်ပြီး ကိစ္စတချို့ကို တဖြေးဖြေး မေ့သွားမယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် အမေဆုံးတာ (၉)နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ အမေ့အသံ၊ အမေ့အပြုံးကို ကျွန်တော်ထင်ထင်ရှားရှား မှတ်မိနေခဲ့သေးတယ်။ ဦးနှောက်ထဲ၊ ရိုးတွင်းချဉ်ဆီထဲ တိုးဝင်ခဲ့တဲ့ခံစားချက်က လွယ်လွယ်မေ့လို့မရခဲ့ဘူး။ ဆောင်းဦးလေက ဖုန်တွေကို သယ်ဆောင်သွားတယ်။ ဆောင်းဦးမိုးတွေ ရင်ကိုစိုစွတ်စေခဲ့တယ်။ တကယ်တော့ အမေက ကျွန်တော်ရင်ထဲမှာ ဒီနေ့ထိ အသက်ရှင်နေဆဲဖြစ်တယ်။

အမှောင်တွေထဲ ရင်ဆိုင်တိုးဝင်ရင်း အမေ့ဘဝရဲ့လိုအင်တွေကို ကျွန်တော်တွေ့လာတယ်။ မှိန်ဖျော့ဖျော့ မီးရောင်တွေကြားမှာ အမေ့ဘဝစာမျက်နှာကို တွေ့မြင်လာတယ်။ အမေနဲ့အတူနေခဲ့ရတဲ့ နှစ်တွေကို ပြန်ပြောင်းအောက်မေ့မိတိုင်း အဲဒီအောက်မေ့ခြင်းတွေက ကျွန်တော်ရင်ထဲ အခန်းဆက်အဖြစ်နဲ့ ကျန်ရစ်ခဲ့တတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်တကယ်! တကယ်ပဲ လက်အုပ်ချီ ဒူးထောက်ချပြီး အဝေးတစ်နေရာဘက်ဆီ "အမေ....... ကျွန်တော်ရဲ့အမေ" လို့ အော်ဟစ်လိုက်ချင်တယ်။

ကျွန်တော်ကို အမေခွဲသွားတာ (၉)နှစ်တင်းတင်းရှိခဲ့ပါပြီ။ ဒီနှစ်တွေအတွင်းမှာ အမေနဲ့ပတ်သက်တာလေး ရေးမယ်လို့ စိတ်ကူးမိတိုင်း ရင်ခွင်တစ်ခုလုံး ရှုပ်ထွေးခဲ့မိတယ်။ ချရေးဖို့ ခက်ခဲခဲ့တယ်။ ဆင်းရဲဒုက္ခတွေအတွက် အမေမွေးဖွားခဲ့တယ်၊ ကျွန်တော်တို့ကို ကယ်တင်ဖို့ အမေမွေးဖွားခဲ့တယ်လို့ သာမန်အကြောင်းတွေ ရေးချနိုင်ပေမယ့် စာရွက်နဲ့ဘောလ်ပင်ထိတာနဲ့ ဘာအကြောင်းအရာမှ ကျွန်တော်ရေးမထွက်ခဲ့ပြန်ဘူး။ အမေ့အကြောင်း စဉ်းစားမိတိုင်း ကျွန်တော့်ခံစားချက်တွေ ပြုပြင်ရခက်ခဲ့တယ်။

"ဘဝအကြောင်းမပြောနဲ့၊ ဘာဆင်းရဲဒုက္ခအကြောင်းလည်း မဟနဲ့၊ ဒီမိသားစု၊ ဒီအိမ်အတွက် အသက်ရှင်နေရတာကိုပဲ ငါပျော်တယ်။ ကောင်းကင်နဲ့မြေကြီးကို အံတုမယ့်အစား ကိုယ်ကိုယ်တိုင်နဲ့ပဲ အံတုမယ်။ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးမှရတာ"

ဒါက အမေမကြာခဏပြောတတ်တဲ့ အမေ့ရဲ့ဘဝဒဿနတွေဖြစ်တယ်။ အမေကြောင့် အမေ့ဒဿနတွေ ကျွန်တော့်အပေါ် သက်ရောက်ခဲ့တယ်။

အမေရဲ့ငယ်စဉ်ဘဝကမှာ ဘာပုံပြင်မှ ရှိခဲ့ပုံမပေါ်ဘူး။ အဘွားရဲ့ရင်ခွင်ထက်မှာပဲ အမေကြီးပြင်းခဲ့တယ်။ အမေ့ကိုမွေးပြီးလပိုင်းမှာ အမေရဲ့အဖေ အသတ်ခံလိုက်ရတယ်။ စကားတစ်ခွန်းတောင် ချန်မထားနိုင်ခဲ့ဘူး။ ကလေးနှစ်ယောက်နဲ့ အဘွားကျန်ရစ်ခဲ့တယ်။ နပ်မှန်အောင် ထမင်းဝဝလင်လင် မစားခဲ့ရဘူး။ အမေ(၁၆)နှစ်မပြည့်ခင်မှာ အမေ့အစ်မကို အိမ်ထောင်ချပြီး အမေကိုအဖေနဲ့ ပေးစားဖို့စီစဉ်ခဲ့တယ်။

အိမ်ကိုရောက်နေတဲ့ အမေ့အစ်မ အဒေါ်က ကျွန်တော်တို့ကို အမေနဲ့အတူ ကြီးပြင်းခဲ့တဲ့အကြောင်းတွေ မျက်ရည်စက်လက်နဲ့ ပြောပြနေခဲ့တယ်။ အဲဒီညက အဒေါ်ပြောစကားကို ပြောင်းဖူးခြွေရင်း အမေနားထောင်နေခဲ့တယ်။ အဒေါ်ရဲ့နှာရည်ရှုံ့သံကြားတော့ အမေခေါင်းထောင်ကြည့်တယ်။ ဖရိုဖရဲဆံပင်တွေကို သပ်တင်ပြီး အမေသက်ပြင်းချတယ်။ ပြီးတော့ အဘိုးထားရစ်ခဲ့တဲ့ ဆေးလိပ်ဖက်တွေနဲ့ ဆေးလိပ်လိပ်ပြီး ပါးစပ်ပေါ်တေ့လိုက်တယ်။ ဆေးလိပ်မီးညှိပြီး ကျွန်တော်တို့မောင်နှမကို တစ်ချက်ကြည့်ပြီး ဖွာလိုက်တယ်။ ပြီးတော့ခေါင်းငုံ့ပြီး ပြောင်းဖူးတွေ ဆက်ခြွေနေလိုက်တယ်။ ဆေးလိပ်မီးခိုးတွေက ဆောင်းဦးရဲ့မြူလို အမေ့ကိုလွှမ်းခြုံထားကြတယ်။

အဒေါ်က အမေ့ကိုတစ်ချက်ကြည့်ပြီး လက်ဖမိုးနဲ့ မျက်ရည်တွေသုတ်လိုက်တယ်။ အစာကိုမျှော်နေတဲ့ ငှက်ကလေးတွေလို တန်းစီထိုင်နေတဲ့ ကျွန်တော်တို့မောင်နှမတွေကို ကြည့်ပြီး စကားဆက်ပြန်တယ်။

"နင်တို့အဖေက စာအရမ်းဖတ်တယ်။ နင်တို့ အမေကိုယူပြီး သူအပြင်အလုပ်ထွက်လုပ်တယ်။ တစ်နှစ်မှ တစ်ခါလောက်ပဲ အိမ်ပြန်တယ်။ အိမ်မှာကျန်ခဲ့တဲ့ လူကြီးသုံးယောက်နဲ့ ကလေးလေးယောက်ရဲ့ ဝေယျာဝစ္စတွေ နင့်အမေပဲ ဒိုင်ခံလုပ်ရတယ်။ တစ်ရက်မှနားရတယ်လို့ မရှိခဲ့ဘူး။ နင်တို့တွေ လိမ္မာကြနော်၊ နင့်အမေစကား နားထောင်ကြ၊ စာကြိုးစားကြ၊ နင့်အမေကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့"

အဒေါ့်စကားဆုံးတာနဲ့ အိမ်ပြင်ဘက်မှာ ဆော့ကစားနေတဲ့ (၅)နှစ်အရွယ် ညီမလေးငိုသံကို ကြားလိုက်ရတယ်။ အဒေါ်ထရပ်ဖို့ ပြင်တော့ အမေက "သားကြီး .. နင့်ညီမကိုသွားကြည့် သေးပေါက်ချတာလား မသိဘူး။ သားငယ် အမေ့ဘေးလာပြီး ပြောင်းဖူးခြွေရင်း နင့်အဒေါ်ပြောတာကို နားထောင်၊ သားထွေး လျှောက်မဆော့နဲ့ အပြင်မှာသွားဆော့ချည်။ အစ်မ .. အဲဒီစိတ်ညစ်ဝမ်းနည်းစရာတွေကို ဆက်မပြောနဲ့တော့... ဘဝကဖြတ်သန်းရဦးမယ်"

အဒေါ်မျက်နှာ ညှိုးကျသွားပြီး အမေ့လိုဆေးလိပ်လိပ်ပြီး မီးညှိလိုက်တယ်။ စကားဆက်မပြောတော့ဘဲ အမေ့အနားလာပြီး အမေ့ကို ပြောင်းဖူးခြွေကူနေခဲ့တယ်။ ညီမလေးကို အစ်ကိုပွေ့ချီခေါ်သွားခဲ့တယ်။

တကယ်တော့ အဒေါ်က ကျွန်တော်တို့ကို ဒီစကားတွေ ပြောပြနေစရာမလိုခဲ့ဘူး။ သူက တစ်ဘက်လှည့်နဲ့ အမေ့ကို နှစ်သိမ့်အားပေးနေတာဖြစ်တယ်။ အဒေါ်ပြောတဲ့အဖြစ်တွေက ကျွန်တော်တို့ရင်ထဲ၊ မှတ်ဥာဏ်ထဲ တံဆိပ်ခတ်ရိုက်နှိပ်ထားပြီဖြစ်လို့ ဘာစကားလုံးနဲ့မှ ဖော်ထုတ်ပြစရာမလိုခဲ့ဘူး။ ဘဝရဲ့ဆင်းရဲဒုက္ခတွေက အမေ့ကို အစတည်းက ပွတ်တိုက်ရိုက်နှက်သွားခဲ့တယ်။

အဖေ့အကြောင်း အဒေါ်ဆက်မပြောတော့ဘူး။ အမေရဲ့ပျော့ပျောင်းတဲ့ နှလုံးသားတွေ ထပ်ထိခိုက်မှာစိုးလို့ သူဆက်မပြောရဲခဲ့ဘူး။ အဲဒီနေ့က အဖေဆုံးပြီး (၅)ရက်မြောက်တဲ့နေ့ဖြစ်တယ်။

ကလေးက(၄)ယောက် အကြီးဆုံးသားက(၁၅)နှစ်၊ အငယ်ဆုံးသမီးက(၅)နှစ် နောက်ပြီးအသက် (၈ဝ)လူအိုတစ်ဦး.. အဖေမရှိတဲ့ကောင်းကင်က တစ်ကမ္ဘာလုံးကို ဆုံးရှုံးရသလိုပဲ! အမေတစ်ယောက်တည်း ဒီဝန်ထုပ်တွေကို ဘယ်လိုထမ်းရမလဲ?

အဲဒီတုန်းက အမေဟာ စကားနည်းပြီး တည်ငြိမ်ခဲ့တယ်။ တည်ငြိမ်လွန်းလို့ ကြောက်ဖို့တောင်ကောင်းခဲ့တယ်။ ဒါပေမယ့် တည်ငြိမ်တဲ့သူစိတ်ထဲမှာ မခံမရပ်နိုင်တဲ့ ဆင်းရဲမှုနဲ့ လွမ်းဆွေးမှုတွေရှိကြောင်း လူတိုင်းသိခဲ့တယ်။ ခပ်ပြုံးပြုံးမျက်နှာထားရဲ့ နောက်ကွယ်မှာ ခါးသီးခြင်းတွေရောပါနေခဲ့တယ်။

ညအချိန် ညီမလေးက အဒေါ်ရင်ခွင်ထဲ အိပ်ပျော်နေတယ်။ အမေက အရင်ညတွေလိုပဲ စောင်းနေတဲ့ ခုံစွန်းမှာထိုင်ပြီး အပ်နဲ့တစ်ပင်ချင်း ကျွန်တော်တို့ရဲ့ အင်္ကျီတွေကို ဖာထေးနေတယ်။ ကြီးတဲ့အင်္ကျီကိုငယ်အောင်၊ ငယ်တဲ့အင်္ကျီကို စွပ်ကျယ်ဖြစ်အောင် ပြင်ဆင်ချုပ်နေခဲ့တယ်။ ဒါက ကျွန်တော်တို့ညီအစ်ကိုရဲ့ အင်္ကျီဝတ်နည်းတွေဖြစ်တယ်။ လုံးဝပြင်ဆင်ဖာထေးလို့ မရတော့တဲ့အထိ အင်္ကျီတစ်ထည်ကို ကျွန်တော်တို့ ဝတ်ဆင်ခဲ့ရတယ်ဆိုပေမယ့် အင်္ကျီတွေက သန့်ရှင်းသပ်ရပ်နေတယ်။

အဘွားက တံခါးကြားကနေချောင်းကြည့်ပြီး မျက်ရည်အဝဲသားနဲ့ ကိုယ့်အခန်းထဲပြန်ဝင်သွားတယ်။ သားတစ်ယောက် သေဆုံးရတဲ့ဝေဒနာက အဘွားကို အလူးအလဲခံစားစေခဲ့တယ်။ အမေ့ရဲ့ခံစားချက်က အဘွားထက်ပိုမှန်း အဘွားသိတယ်။ အိမ်ထောင်ဦးစီးမရှိတဲ့အိမ်မှာ အမေက ခေါင်မိုးထုပ်ဖြစ်ခဲ့တယ်။ ဒီချွေးမသာတစ်ခုခုဖြစ်ခဲ့ရင် ကျန်ခဲ့တဲ့ကလေးတွေ ဘယ်လိုလုပ်မလဲ? ဒီချွေးမက သူနဲ့ဆယ်နှစ်ကျော် အတူရုန်းကန်ခဲ့သူ၊ ဒီချွေးမကိုသားထက် သူပိုရင်းနှီးခဲ့တယ်။ ဒုက္ခအခက်အခဲတွေကို အတူရင်ဆိုင်ခဲ့ရလို့ သမီးရင်းနဲ့တောင် မခြားခဲ့တော့ပါဘူး။

ဘဝရဲ့ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးတွေက ပါးလျားတဲ့အမေခန္ဓာပေါ် ရက်ရက်စက်စက် ဖိတင်ခဲ့ပေမယ့် အမေ လဲပြိုမသွားခဲ့ဘူး။ သေးငယ်တဲ့ သူ့ပခုံး၊ ခိုင်မာယုံကြည်တဲ့ စိတ်ဓာတ်နဲ့ မိသားစုတာဝန်ကို အမေထမ်းပိုးခဲ့တယ်။ ပြိုလုဆဲအိမ်ကို ပခုံးပြောင်း တာဝန်ယူခဲ့တယ်။

ဆောင်းဦးကာလမှာ အဖေ့မျက်နှာနဲ့ မိတ်ဆွေတချို့ဆီ ပိုက်ဆံချေးပြီး အိမ်တစ်လုံး အမေဆောက်ခဲ့တယ်။ လူအိုတစ်ယောက်နဲ့ ကလေးတွေအတွက် လုံခြုံတဲ့နေရာတစ်ခုကို ပေးခဲ့တယ်။

နှင်းတွေကျတဲ့ နေ့လယ်ခင်းတစ်ခုမှာ အမေက တုန်တုန်ချိချိအဘွားကို အိမ်ရှေ့တွဲခေါ်ခဲ့တယ်။ အစ်ကို၊ ကျွန်တော်နဲ့ညီငယ်က အမေ့နောက်မှာ ကပ်လိုက်ခဲ့တယ်။ အိမ်သစ်တက်တဲ့ ဗျောက်အိုးဖောက်သံကြားတော့ အမေက အဘွားလက်ကိုကိုင်ပြီး ပြုံးတယ်။ နှင်းမှုန်တွေ အမေကိုယ်ပေါ်၊ ဆံဖြူပေါ် တဖွဲဖွဲကျပြီး အပျော်တွေအမေ့ရင်ထဲ စီးဆင်းပျော်ဝင်နေသလို အရည်ပျော်ကုန်တယ်။ ညီမငယ်က ချိုချဉ်တွေယူလာပြီး အခွံမခွါဘဲ အမေ့ပါးစပ်ထဲ အတင်းထိုးထည့်ပေးနေတယ်။ ချိုချဉ်ကို တစ်ငုံငုံပြီး ညီမငယ်ရဲ့ ပါးစပ်ထဲ အမေပြန်ထွေးထည့်ပေးလိုက်တော့ ခုန်ဆွခုန်ဆွနဲ့ ညီမလေးထခုန်တယ်။

အဘွားက ပူနွေးနေတဲ့ဆန်ပြုတ်ကို လက်နှစ်ဖက်နဲ့ အသာအယာမယူပြီး ဆန်ပြုတ်ပေါ်ကပြာမှုန်တွေကို အသာမှုတ်ထုတ်ပြီး အမေ့ကို ကမ်းပေးတယ်။ ပြီးတော့အမိန့်သံနဲ့ "ကလေးအမေ.. ဒီဆန်ပြုတ်ကို သောက်လိုက်ပါ။ ဒါအမေတို့အတွက် မင်္ဂလာပဲ" လို့ ပြောတယ်။

လူအများရှေ့မှာဆန်ပြုတ်ကို အမေတစ်ငုံသောက်ပြီး လက်နှစ်ဖက်နဲ့ အဘွားကိုပြန်ကမ်းပေးပြီး ပြောတယ်။

"အမေ... အမေခံခဲ့ရတဲ့ ဆင်းရဲဒုက္ခက ကျွန်မထက်များတယ်။ အမေပဲသောက်လိုက်ပါ။ အမေကျန်းမာနေရင်ရပြီ"

အမေ့စိတ်ကိုသိတဲ့ အဘွားက စိတ်မသက်မသာနဲ့ ဆန်ပြုတ်ကိုယူပြီး အစ်ကိုကိုပေးပြန်တယ်။ အစ်ကိုက အဘွားနဲ့အမေကို ခေါင်းခါပြပြီး ကျွန်တော်ကိုကမ်းပေးပြန်တယ်။ ကျွန်တော်က ဘုမသိဘမသိနဲ့ ညီအငယ်ဆုံးကို ကမ်းပေးလိုက်တယ်။ ညီငယ်က ဆန်ပြုတ်ကို ငေါင်တောင်တောင်နဲ့ ထိုင်ကြည့်နေခဲ့တယ်။

နှင်းတွေ သိပ်သိပ်သည်းသည်း ကျလာခဲ့ပြီး ဝန်းကျင်တစ်ခွင်လုံးကို အဖြူရောင်နဲ့ ဖုံးအုပ်ထားလိုက်တယ်။ ကျွန်တော်တို့အဖြစ်ကိုကြည့်ပြီး လူတွေဆီက ရှိုက်သံတချို့ကို ကျွန်တော်ကြားလိုက်မိတယ်။

အချိန်ရာသီက စိတ်နှလုံးကောင်းသူတွေကို ခါးသီးခြင်းတွေ သုတ်လိမ်းပေးခဲ့တယ်။ ချစ်ခင်နှစ်သက်သူတွေကို ခံစားမှုတွေ ပိုစေခဲ့တယ်။ ကောင်းမြတ်မှန်ကန်ခြင်းက ဘဝရဲ့ဂုဏ်တော်တေးကဗျာဖြစ်တယ်။ အဲဒီတေးကဗျာက ကျွန်တော်ရဲ့အမေဖြစ်တယ်။ ဆင်းရဲဒုက္ခကြားမှာ နှလုံးသားနဲ့ အမေသီချင်းဆိုခဲ့တယ်။ အဲဒီသီချင်းက ဘဝသီချင်းဖြစ်တယ်။ အကောင်းမြင်တဲ့စိတ်ဓာတ်နဲ့ အမေကြံ့ကြံ့ခံသီဆိုခဲ့တယ်။

ရေနဲ့ကင်းကွာလို့မရတဲ့ ငါးတွေလို အမေ့ကို နှစ်အတော်ကြာ ကျွန်တော်တို့ မှီခိုရှင်သန်ခဲ့တယ်။ မနက်မိုးမလင်းခင် အမေက ကျွန်တော်တို့ကျောင်းသွားဖို့အတွက် မနက်စာအဆင်သင့်လုပ်ပြီး ခြံထဲသွားနှင့်ပြီ။ ညနေမှာ ပင်ပန်းနွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ လက်ထဲကပေါက်ပြားတွေကို ပစ်ချပြီး ညစာထမင်းချက်ဖို့ အမေမီးမွေးတယ်။ အိမ်တစ်အိမ်လုံး မီးခိုတွေမွှန်ထူနေပေမယ့် အမေ့ရယ်သံကို ကြည်ကြည်လင်လင်ကြားရတယ်။ အမေက ကုလားအုတ်တစ်ကောင်လို မိသားစုကြားမှာ ဝန်တွေထမ်းပြီး မပြတ်လည်ပတ်နေတယ်။ သူ့ဆီက သက်ပြင်းချသံနဲ့ အပြစ်တင်သံတွေ ဘယ်တော့မှမကြားခဲ့ရဘူး။

အထက်တန်းကို ကျွန်တော်တခြားမြို့မှာတက်ရတော့ အမေကတစ်ပတ်စာ ဟင်းတွေလုပ်ပေးတတ်တယ်။ ချောင်းထဲက ငါးတွေဖမ်း ဟင်းလုပ်ပြီး ပုလင်းထဲထည့်ပေးတတ်တယ်။ အမေ့လက်ရာတွေ ချိုမြိန်လွန်းခဲ့တယ်။ အမေဘဝရဲ့ဆင်းရဲဒုက္ခတွေက ကျွန်တော်တွေးထင်တာထက်ပိုခဲ့ကြောင်း ကျောင်းပိတ်ရက်မဟုတ်တဲ့ နေ့လယ်ခင်းတစ်ခုမှာ ကျွန်တော်သိခဲ့ရတယ်။

အဲဒီနေ့က စပါးရိတ်သိမ်းပြီးစ နေ့လယ်ခင်းတစ်ခုမှာ စာအုပ်ယူဖို့ ကျွန်တော်အိမ်ပြန်ရောက်လာခဲ့တယ်။ ထမင်းတစ်လုတ်အတွက် ပင်ပန်းဆင်းရဲနေတဲ့ အမေနဲ့အဘွားကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်။

"ကလေးအမေ.. သမီးဒီအစာတွေ ဆက်စားနေလို့ မဖြစ်တော့ဘူးနော်။ နေ့တိုင်းပင်ပန်းပြီး ဒီအစာတွေက သမီးအတွက် အာဟာရမဖြစ်နိုင်ဘူး" အမေ့ထမင်းပန်းကန်ကို ဆွဲပြီး အဘွားကရင်နင့်နင့်ပြောတယ်။

"ရတယ်အမေ.. ဒီတစ်ခေါက်စပါးတွေရောင်းပြီးရင် ကျွန်မတို့အကြွေးတွေ သိပ်မကျန်တော့ဘူး။ ဒါတွေကို ကျွန်မကြိုက်တယ်လေ။ အမေနဲ့ကလေးတွေ စိတ်ချမ်းသာနေရင် ရပါပြီ"

"သမီးစားရင် အမေလည်းစားမယ်" အဘွားကပြောပြောဆိုဆို အိုးထဲကအစာတွေကို တစ်ပန်းကန်ခပ်ပြီး အမေနဲ့အတူ ထိုင်စားနေခဲ့တယ်။

"အမေ......." အမေက အဘွားကိုကြည့်ပြီး ဆို့ဆို့နင်နင်ဆိုတယ်။

"ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ။ သမီးခန္ဓာကို သမီးဂရုစိုက်ရမယ်။ ဒီအိမ်မှာ သမီးမရှိလို့မဖြစ်ဘူး။ သားသမီးတွေကြီးလာမှ........." သွားမရှိတော့တဲ့အဘွား စကားလည်း ပီပီမပြောနိုင်ခဲ့တော့ဘူး။

"အင်း.. အမေ... နေ့သစ်တွေက သမီးတို့ကိုစောင့်နေပါတယ်"

ပြတင်းပေါက်က ရပ်ကြည့်နေတဲ့ကျွန်တော် ကိုယ့်ကိုယ်မထိန်းနိုင်ခဲ့တော့ဘူး။ အမေ့ကို ပြေးပြီး ပွေ့ဖက်လိုက်မိတယ်။

ဘဝလမ်းခရီးက ရှည်လျားပြီး ကြမ်းတမ်းခဲ့တယ်။ ဒီလိုလမ်းမှာ အမေက ကျွန်တော့်လက်ကိုတွဲပြီး ရှေ့သို့ရဲရဲတိုးခဲ့တယ်။ ကိုယ်ပိုင်လမ်းတစ်ခု လျှောက်လှမ်းခဲ့တဲ့အထိ အမေက ကျွန်တော်တို့မောင်နှမအပါးမှာ ရှိနေခဲ့တယ်။

နှစ်တွေ ကုန်လွန်သွားတာနဲ့အမျှ သားသမီးတွေက အမေ့မြင်ကွင်းထဲကနေ တဖြေးဖြေး ခွဲထွက်သွားခဲ့ကြတယ်။ အစ်ကို အိမ်ထောင်ကျတယ်။ ကျွန်တော်က အမေနဲ့အဝေးဆုံးနေရာမှာ ရောက်နေခဲ့တယ်။ အမေ့ခါးတွေလည်း ကုန်းနေပြီ၊ ဆံပင်တွေလည်း တစ်ခေါင်းလုံးဖြူနေခဲ့ပြီ။ သူ နားနားနေနေ နေရမယ့်အချိန်ရောက်တော့ ဘယ်သူမှ တွေးထင်မထားတဲ့ ရောဂါတစ်ခုအမေရခဲ့တယ်။ အဲဒီအချိန်က အမေနဲ့ကျွန်တော်ခွဲပြီး နှစ်နှစ်အကြာမှာဖြစ်တယ်။

ကိုယ်ရောဂါရမှန်း အကောင်းစိတ်နဲ့နေတတ်တဲ့ အမေ ဘယ်လိုသိခဲ့မှန်း ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော်အလုပ်တွေ စိတ်ချလက်ချလုပ်နိုင်အောင် အစ်ကိုနဲ့ သူ့ကျန်းမာရေးကို ကွယ်ဝှက်ထားစေပြီး ခွဲစိတ်ခန်းထဲဝင်ခဲ့မှန်းလည်း ကျွန်တော်မသိခဲ့ဘူး။ ဆင်းရဲဒုက္ခတွေကို ခါးစီးခံခဲ့တဲ့အမေ ဘဝကိုအံတုဖို့ အင်အားရှိခဲ့သလိုမျိုး ခွဲစိတ်ပြီး (၈)ရက်အကြာမှာ နေအိမ်ကို ပြုံးပြုံးရွှင်ရွှင်ပြန်ခဲ့တယ်။ အမေဟာ သူ့ရောဂါနဲ့ ဆရာဝန်ဆီ တိတ်တဆိတ်ကုခဲ့ကြောင်း၊ ငွေကုန်ကြေးကျများမှာစိုးလို့ ဆေးရုံမတက်ချင်ခဲ့ကြောင်း၊ အမေ့ကြောင်း သားသမီးတွေ ဒုက္ခရောက်မှာကို မလိုလားခဲ့ကြောင်း နှစ်အတော်ကြာမှ အစ်ကိုနဲ့ကျွန်တော် သိခဲ့ရတယ်။

ကျွန်တော်အိမ်ပြန်ရောက်ပြီး အမေ့ကုတင်ရှေ့ဒူးထောက်ချမိတော့ အမေက သစ်ကိုင်းခြောက်လို ပိန်လှီနေတဲ့ သူ့လက်နဲ့ ကျွန်တော့်ဆံပင်ကို သပ်တင်ပေးနေခဲ့တယ်။ ကျွန်တော့်မျက်ရည်တွေ အတားအဆီးမရှိခဲ့ဘူး။ သားတစ်ယောက်ဖြစ်ပြီး၊ ကိုယ်လိုအပ်တာပဲသိခဲ့တယ်။ နာကျင်ရမှန်း အမေ့ရဲ့သွေးတွေ ကျွန်တော့်ကိုယ်ထဲ စီးဆင်းနေမှန်း ကျွန်တော်မသိခဲ့ဘူး။ အမေ့အပေါ် ကျွန်တော်တင်ကျန်တဲ့အကြွေးတွေ များလွန်းခဲ့တယ်။ များလွန်းလို့ ဒီတစ်သက်ပေးဆပ်ဖို့တောင် မလုံလောက်ခဲ့ဘူး။

အမေသေဆုံးတဲ့မနက်မှာ ကျွန်တော်အိပ်မက်တစ်ခုမက်တယ်။ ဝိုးတဝါးညအလင်းရောင်အောက်မှာ ကျွန်တော့်လက်ကိုကိုင်ပြီး ကုလားထိုင်ပေါ် အမေထိုင်နေတယ်။ ကျွန်တော်မျက်လုံးက အမေညွှန်ပြတဲ့ ဓူဝံကြယ်ဘက် လိုက်ကြည့်နေခဲ့တယ်။ လိပ်ပြာတွေက ကျွန်တော်တို့နံဘေးမှာ ဝဲပျံပြီး အမေနဲ့ကျွန်တော်ကို အနောက်ဘက်ဆီ မသယ်ခဲ့ပြီး တဖြေးဖြေးပျောက်ကွယ်သွားခဲ့တယ်။ ကျွန်တော်နိုးလာတဲ့အချိန် ကျွန်တော်ညာမျက်ခွံ ခပ်လေးလေးတစ်ချက်လှုပ်သွားတယ်။ အစ်ကို့ဆီကဖုန်းလာတော့ ကျွန်တော့်ကို အမေတွေ့ချင်တယ်.. အမြန်ပြန်ခဲ့ဖို့ ငိုသံနဲ့ပြောခဲ့တယ်။

ဆောင်းဦးမိုးက ကျွန်တော့်မျက်ဝန်းကို စွတ်စိုစေခဲ့တယ်။ ဆောင်းလေက ကျွန်တော်မျှော်လင့်ချက်ကို ပျက်သုန်းစေခဲ့တယ်။ စိတ်လှုပ်လှုပ်ရှားရှားနဲ့ ကျွန်တော်အိမ်ပြန်ရောက်ချိန် အမေက မျက်စိမှိတ်ပြီး ငြိမ်ငြိမ်သက်သက် လဲလျောင်းနေခဲ့ပြီ။ အမေမဆုံးခင် ကျွန်တော့်ငယ်နာမည်ကို နှစ်ခွန်းလောက် ခေါ်လိုက်တယ်လို့ အစ်ကိုကပြောတယ်။

အမေ့ကိုသင်္ဂြိုဟ်ချိန် ကျွန်တော်မငိုခဲ့ဘူး။ အမေ့နာမည် ထွင်းထားတဲ့မှတ်တိုင် ထောင်မတ်တဲ့အချိန် မွေးရပ်မြေကမြေကြီးပေါ် ကျွန်တော်ဒူးအစုံထောက်ချပြီး မလှုပ်မယှက်နေနေခဲ့တယ်။ မြေကြီးပေါ် မှောက်ချပြီး အမေ့ခေါ်သံကို နားထောင်နေခဲ့တယ်။

ကျွန်တော်ကြားခဲ့တယ်။ တကယ်တော့ အစကတည်းက အမေ့ပြောသံကို ကျွန်တော်ကြားခဲ့ရတယ်။ အဲဒီအသံကို အခုထက်ထိ ကျွန်တော်မှတ်မိနေသေးတယ်။

"သား... ကိုယ်ကိုထောင်မတ်ပြီး လူတစ်လုံးသူတစ်လုံးဖြစ်အောင် လုပ်ပါ။ အဝေးကနေ သားကို အမေစောင့်ရှောက်နေမယ်"

နှစ်တွေကြာခဲ့ပါပြီ။ အမေခင်းတဲ့လမ်းမှာ ကျွန်တော်လျှောက်နေခဲ့တာ နှစ်အတော်ကြာနေခဲ့ပြီ။ ကောင်းကင်ဘုံက အမေလည်း စိတ်ချနိုင်လောက်ပြီ။

အမေဆုံးပြီး (၉)နှစ်... ဒီညမှာ ဆောင်းဦးမိုးတွေက တဖွဲဖွဲရွာနေခဲ့တယ်။ ရင်ထဲက ခံစားချက်တွေက တစ်ထပ်ပြီးတစ်ထပ်စုစည်းပြီး အိပ်မောကျနေတဲ့ ကျွန်တော်စိတ်ကိုလှုပ်နှိုးခဲ့တယ်။ "အမေ...." လို့ နက်နက်နဲနဲတစ်ခွန်းခေါ်ပြီး (၉)နှစ်ကြာ ကွယ်လွန်သွားတဲ့အမေကို ကျွန်တော် လွမ်းဆွတ်သတိရနေခဲ့မိတယ်။

မူရင်း-- http://www.duwenzhang.com (今夜,我想再喊一声娘)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, January 25, 2010

ဘာသာစကား


မြို့ကြီးမှာမနေကြတဲ့ ရှမ်း၊ တရုတ်.. စတဲ့လူမျိုးတွေ ဗမာစကားကောင်းကောင်း မတတ်ကြဘူး။ တောင်ကြီး၊ မန္တလေးမှာနေကြတဲ့ တရုတ်တွေက ဗမာစကားကောင်းကောင်းပြောတတ်ပေမယ့် လားရှိုး၊ မူဆယ်ဘက်က လူငယ်ပိုင်းတွေတောင် ဗမာစကားကောင်းကောင်း မတတ်ကြဘူး။ ပြောတတ်တဲ့တချို့ကလည်း ပြောလိုက်ရင် ပြောင်းတီးပြောင်းပြန် ကိုယ့်စကားနဲ့တိုက်ရိုက် ဘာသာပြန်ပြီး ပြောကြသူတွေလည်းရှိတယ်။ လားရှိုးက ကျွန်မသူငယ်ချင်းတစ်ယောက် ဆယ်တန်းအောင်ပြီး ကွန်ပြူတာတက္ကသိုလ် အဆင့်မီတယ်သာပြောတယ် ဗမာစကားကို လည်လည်ဝယ်ဝယ် မပြောတတ်ဘူး။ စာဖတ်တတ်ပြီး အဓိပ္ပါယ်နားမလည်ဘူး။ တစ်ခါခါ သူတို့ထက် ဗမာစကားကိုပိုပြောနိုင်လို့ သူတို့ကြားမှာ မဆီမဆိုင် ကိုယ့်ကိုဂုဏ်ယူမိသေးတယ်။

ဗမာကျောင်းနေပြီး ဗမာစကားသေချာမပြောတတ်တဲ့ လူငယ်တွေ လားရှိုး၊ မူဆယ်၊ တာချီလိတ်ဘက်မှာရှိသလို လူကြီးတွေလည်းရှိတယ်။ လူကြီးတွေကသိတဲ့အတိုင်း မှတ်ဥာဏ်တွေက ကလေးတွေလောက် မကောင်းတဲ့အပြင် အသံကလည်း ဝဲနေသေးတယ်။ ဗမာစကားပြောတဲ့အခါ ရှမ်းဆိုရင် ရှမ်းသံဝဲပြီး တရုတ်ဆိုရင် တရုတ်သံ၊ ပအိုဝ့်ဆိုရင် ပအိုဝ့်သံတွေဝဲနေတတ်သေးတယ်။ အဲဒီဘက်ပိုင်း ရောက်ဖူးတဲ့သူတွေ သိကြမှာပါ။

အဲဒီလိုဝဲပြီး ဗမာစကားမပီကလာ ပြောတတ်တဲ့အထဲမှာ ကျွန်မအဘိုးလည်းပါတယ်။ အဘိုးက မနက်အစောကြီးထတတ်တယ်။ သူထရင် တစ်အိမ်လုံးကို ခေါ်နှိုးတတ်တယ်။ အဲဒီမှာ ညရောက်ရင် သူကအလုပ်သမားတွေကို အရင်မှာထားတတ်တယ်။ မနက် (၅)နာရီနှိုးမယ်နော်.. စောစောထပေါ့။ ဒါကို ဗမာလိုပြောတော့ "စောစောထ မနက်ငါးနာရီ ငါလာ-ိုးမယ်"တဲ့။ "နှိုး" လို့ ဘယ်လိုသင်ပေး သင်ပေး လူအိုဆိုတော့လည်း သင်တုန်းခဏပါပဲ။ နောက်တော့လည်း ငါလာ-ိုးမယ်လို့ ပြန်ဖြစ်သွားရော...

အဲဒီလို ကျွန်မအဘိုးက မပီကလာနဲ့ မတတ်တဲ့ကြားထဲ ဗမာစကားပြောရင် မတတ်တဲ့စကားလုံးကို တရုတ်လိုညှပ်ပြောလိုက်၊ ရှမ်းလိုညှပ်ပြောလိုက်နဲ့ လုပ်တတ်သေးတယ်။ မတတ်ရင် မပြောနဲ့ဆိုတော့လည်း စိတ်မြန်လက်မြန်မို့ လူများမပြောခင် သူကဦးအောင်ပြောချင်သေးတယ်။ တစ်ခါကလည်း ဈေးထဲတံမြက်စည်းသွားဝယ်တော့ တံမြက်စည်းရောင်းတဲ့ အဒေါ်ကြီးကို "အစ်မ.. စောက်ပါဘယ်လောက်ရောင်းလဲ"တဲ့။ ဟိုက နားမရှင်းလို့ ထပ်မေးတော့လည်း "အစ်မ.. စောက်ပါဘယ်လောက်ရောင်းလဲ"လို့ ထပ်ပြောတယ်။။ "ဟဲ့.. အဘိုးကြီး သေခါနီးနေတာတောင် ဘာလာမေးနေလဲ" လို့ အဒေါ်ကြီးစိတ်တိုပြီးထအော်မှ ကျွန်မတို့က "စောက်ပါဆိုတာ တရုတ်လို "တံမြက်စည်း"ကိုခေါ်တာ"လို့ အမြန်ရှင်းပြလိုက်ရတယ်။

အဲဒီလို သူ့ဘာသာစကားနဲ့ ကိုယ့်ဘာသာစကား အလွဲလွဲအချော်ချော် ဖြစ်တဲ့အခါလည်း ရှိတတ်သေးတယ်။ ဒီတာချီလိတ်ဘက်မှာဆိုရင် မြန်မာကျောင်း(၄)၊(၅)တန်းရောက်ပြီး ဗမာစကားကောင်းကောင်း မပြောတတ်တဲ့ ရှမ်းကလေးတွေ တော်တော်များတာတွေ့ရတယ်။ တချို့က ယိုးဒယားကျောင်းပဲတက်တော့ ဗမာစကားကို ထမင်းစား၊ ရေသောက်လောက်တောင် မပြောတတ်ကြဘူး။

ဒီဘက်မှာက မယ်သီလရှင်တွေ မရှိသလောက်ရှားတယ်။ ကျွန်မတို့တောင်ကြီးဘက်ကလို အလှူခံတဲ့သီလရှင်တွေ ဒီမှာမတွေ့ရဘူး။ သီလရှင်တွေအုပ်စုလိုက် အလှူခံတာကိုပဲ ကြာကြာမှတစ်ခါ တွေ့ရတတ်တယ်။ တစ်ခါက သီလရှင်တွေ အုပ်စုလိုက်အလှူခံနေတာကို ကျောင်းသူတစ်ယောက်ကတွေ့တော့ ကျွန်မကိုမေးတယ်။ "ကတုံးတုံးပြီး အဲဒီလိုဝတ်ထားတာ ဘာလူမျိုးလဲ"တဲ့။ မသိလို့မေးတယ်ဆိုတော့ ကျွန်မလည်းရှင်းပြပါတယ်။ "အဲတာလူမျိုးမဟုတ်ဘူး.. မယ်သီလရှင်လို့ခေါ်တယ်"လို့..." ဒါနဲ့ မယ်သီလရှင်ဆိုတာ ဘာလဲ"တဲ့။ "ဘုန်းကြီးလိုပဲ ယောက်ျားဆိုရင် ဘုန်းကြီး၊ မိန်းမဆိုရင် မယ်သီလရှင်လို့ခေါ်တယ်"လို့ ကလေးနားလည်လွယ်အောင် ကျွန်မပြောပြလိုက်တယ်။ တအောင့်နေတော့ သီလရှင်တွေအလှူခံပြီး လှည့်ပြန်လာတော့ ကျောင်းသူတစ်ယောက်က မေးပြန်တယ်။ "အဲဒါ ဘာလူမျိုးလဲ"ပေါ့။ ကျွန်မပြောပြထားတဲ့ ကျောင်းသူက သူမှတ်မိသလောက် အလောတကြီးပြန်ဖြေပါတယ်။ "အဲတာ ဘုန်းကြီးမတွေ"တဲ့။ ကျွန်မမှာ ရယ်အားထက်ငိုအားသန်ခဲ့ရတယ်...

အဲဒီလို ကိုယ့်ဘာသာစကားနဲ့ကိုယ်မှတ်ပြီး ပြောတဲ့အထဲမှာ ကျွန်မတူမလည်းပါတယ်။ သူတို့က ဒီမှာကြီးပြင်းသူတွေ ပြီးတော့ ယိုးဒယားကျောင်းပဲ တက်သူတွေဆိုတော့ ထုံးစံအတိုင်း ရှမ်းနဲ့ယိုးဒယားစကားပဲ သူတို့လည်လည်ဝယ်ဝယ်တတ်တယ်။ တစ်ခါက တူမတစ်ယောက်ကို အဒေါ်က သူတို့အိမ်နောက်ကကြက်ဆိုင်မှာ ကြက်တစ်ကောင်သွားဝယ်ခိုင်းတယ်။ ကြက်ဖဝယ်ခဲ့နော်လို့လည်း သေချာမှာလိုက်တယ်။ ကြက်မဆိုတာလောက်ပဲ သူသိတယ်.. ကြက်ဖဆိုတာ ကြက်ထီး၊ ကြက်ထီးဆိုတာ ကြက်ဖမှန်းသူမသိဘူး။ ရောင်းတဲ့ဆိုင်ရောက်တော့ မပီကလာဗမာစကားနဲ့ သူပြောပါတယ်။ "အဒေါ်.. ကြက်ယောက်ျားတစ်ကောင်ပေး"တဲ့...

ဒီမှာရာသီဥတု စပြောင်းပါပြီ.. နေ့လယ်နေ့ခင်းဆိုရင် ပူလာပါပြီ။ ရာသီဥတုပူရင် ကျွန်မဦးနှောက်နာတတ်ပါတယ်.. ဦးနှောက်နာနာနဲ့ ပေါက်ကရတွေ လျှောက်ရေးမိပါတယ်။ ဖတ်မိခဲ့ရင် သည်းခံကြပါ...

နိုင်းနိုင်းစနေ


Share/Bookmark

ဘာ... ခွင့်တစ်ရက်!



သူဌေး--- "ဘာ... ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား?

တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။
တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။ တစ်ရက်မှာ (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့ မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။ တစ်ရက်ကို မိနစ်(၃ဝ) မင်းကော်ဖီသောက်တယ်။ ဒီလိုနဲ့ တစ်နှစ်မှာ(၂၃)ရက်ရှိတော့ အလုပ်လုပ်ချိန်က (၆၈)ရက်ပဲကျန်တယ်။ တစ်ရက်မှာ(၁)နာရီ မင်းထမင်းစားတယ်။ ဒါနဲ့(၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က (၂၂)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့ မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက (၅)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၅)ရက်ပဲကျန်တယ်။ ကုမ္ပဏီက တစ်နှစ်မှာခွင့်(၁၄)ရက် သတ်မှတ်ပေးထားတယ်။ နောက်ဆုံးတော့ မင်းအလုပ်ချိန်က (၁)ရက်ပဲကျန်တယ်။ ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?"

你想請一天假?看看你在向公司要求什麼?
一年裡有365天你可以工作。
一年52個星期,你已經每星期休息2天,剩下261天工作。
你每天有16小時不在工作,去掉170天,剩下91天。
每天你花30分鐘時間喝咖啡,加起來每年23天,剩下68天。
每天午飯時間你花掉1小時,又用掉46天,還有22天。
通常你每年請2天病假,這樣你的工作時間只有20天。
每年有5個節假日,公司休息不上班,你只幹15天。
每年公司還慷慨地給你14天假期,算下來你就工作1天,
而你他媽的還要請這一天假?

သူဌေး

**** ထမင်းစားချိန်ကျန်ခဲ့လို့ အတွက်မှားသွားတယ်။ ထမင်းမစားဘဲနဲ့ ရေးမိတာကိုး... :D ဒါကြောင့်လဲ သူဌေးမဖြစ်သေးတာဖြစ်မယ်။ အတွက်မှားတာကို ကွက်ခနဲမြင်သူတွေကို ချီးကျူးပါတယ်.... ဟို ဘာသာပြန် လိုချင်တယ်ဆိုတဲ့တစ်ယောက် ဒီကဘာသာပြန်ထားပါတယ်..း) အားလုံးကျေးဇူး ...

(၁)နှစ် (၃၆၅)ရက်
(၇)ရက် (၁)ပတ်
(၃၆၅)ရက် (၅၂)ပတ်

(၁)ပတ်မှာ (၂)ရက်နား
(၅၂)ပတ်မှာ (၁ဝ၄)ရက်နား
၃၆၅- ၁ဝ၄ = ၂၆၁ ရက် (အလုပ်ချိန်ကျန်)

တစ်ရက်ကို (၁၆)နာရီအလုပ်မလုပ် (ဒါက သူဌေးနဲ့တော့မဆိုင်ဘူး။)
(၂၆၁)ရက်ဆိုရင် ဘယ်နှနာရီ အလုပ်မလုပ်ဘူးလဲ?
အများလို အနည်းစားခြေ = ၄၁၇၆ နာရီ (ဒါကိုရက်ပြန်ဖွဲ့)
(၁၇၄)ရက်ဖြစ်ရမှာ သူဌေးတွက်တာက (၁၇ဝ)ရက်တဲ့
အဖြေမှားတယ်... တော်ပြီ ဆက်မတွက်တော့ဘူး...
တကယ်တော့ ဒီသူဌေးက ခွင့်မပေးချင်လို့ ကုတ်ကပ်ပြီးတွက်ထားတာ..

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, January 24, 2010

အရပ်စကား


ဟိုတလောက ကျွန်မအထိုးထိုးနေတယ်ဆိုတော့ မဝါဝါခိုင်မင်းက အထိုးထိုးတယ်ဆိုတာ ပန်းထိုးတာကိုပြောတာလားတဲ့? သူနားမလည်လို့ ရှမ်းပြည်သား သူ့အမျိုးသားပြောပြမှ သူနားလည်သွားတယ်လို့ ဆိုပါတယ်။ တကယ်လည်း ကျွန်မတို့ရှမ်းပြည်မှာ အညာဒေသလူတွေ နားမလည်တဲ့အသုံးတွေ ရှိခဲ့ကြတယ်။ အဲဒီလိုပဲ အညာကလူတွေပြောတဲ့ အသုံးတချို့ကိုလည်း ကျွန်မတို့ နားမလည်တတ်ကြဘူး။ ဒေသအလိုက် သူ့အပြောနဲ့သူတော့ အချင်းချင်းနားလည်နေကြတယ်။ ရှမ်းပြည်မှာက ဓနု၊ ပအိုဝ့်၊ အင်းသား၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေပိုများတဲ့အတွက် အသုံးတွေလည်းကြွယ်ခဲ့တယ်။

ကျွန်မမှတ်မိတဲ့ တောင်ကြီးတက္ကသိုလ် မဂ္ဂဇင်းတစ်ခုမှာ အညာကလာတဲ့ ဆရာမတစ်ဦးက ဒီလိုရေးထားပါတယ်။ ကျောင်းပိတ်ရက်တစ်ရက်မှာ ကားဂိတ်မှာကားစောင့်နေတဲ့ အဆောင်နေကျောင်းသူတွေကို တွေ့တော့ "ဘယ်သွားကြမလဲ သမီးတို့"လို့ ဆရာမကမေးပါတယ်။ ကျောင်းသူတွေက "ဈေးသွားသုံးမလို့ပါ ဆရာမ"လို့ ပြန်ဖြေတယ်။ အဲဒီမှာ အညာကလာတဲ့ဆရာမမို့ "ဈေးသွားသုံးမယ်"ဆိုတာကို သူနားမလည်ခဲ့ဘူး။ နယ်မြေခံဆရာမတစ်ဦးကို ပြန်မေးမှာ ဈေးသွားသုံးမယ်ဆိုတာက သူတို့ဒေသမှာ "ဈေးဝယ်သွားတာ"ကိုဆိုမှန်း သိလိုက်ရတယ်။ နောက်ပြီး ရှမ်းပြည်ကလူတွေက ရာသီဥတုအေးတာကို "အေးလိုက်တာ"အစား "ချမ်းလိုက်တာ"လို့ ပိုသုံးတတ်ကြတယ်လို့ ဆရာမကရေးထားပါတယ်။ နောက်ပြီး "ရေနွေးကြမ်း"ကိုလည်း "အခါးရည်"လို့ ခေါ်ကြတယ်။ ကျောင်းသူတွေက "ဆရာမ အခါးရည်သောက်အုန်း"ဆိုလို့ မဟုတ်တဲ့အရည်တွေ သောက်နေတယ်ထင်ပြီး ကျောင်းသူတွေကိုဆူဖို့ သူပြင်မှ ရေနွေးကြမ်းသောက်ခိုင်းမှန်း သူသိတယ်လို့ ဆရာမကဆိုပါတယ်။

ကျွန်မအသိ ရန်ကုန်သူဆရာဝန်မတစ်ဦးက သူတောင်ကြီးရောက်တုန်းက အဖြစ်တစ်ခုကိုပြောပြပါတယ်။ သူအမြဲသွားတည်းတဲ့အိမ်က ဒီတစ်ခေါက် သူတောင်ကြီးရောက်လာတာကို တွေ့တော့ "ဆရာမ.. လာပြီလား! အရင်တစ်ခေါက် ဆရာမပြန်သွားတော့ ကျွန်မတို့မှာ မျက်စိရှာလိုက်ရတာ"လို့ ပြောတယ်။ "မျက်စိရှာလိုက်ရတာ"ဆိုတော့ ဆရာဝန်ပီပီ သူလန့်သွားတယ်။ ဘယ်သူ့မျက်စိ ကျပျောက်သွားသလဲပေါ့။ နောက်မှနားမလည်လို့ သေချာမေးကြည့်တော့ သူအလည်လာပြီး ပြန်သွားတော့ မျက်စိအောက်က ပျောက်သွားလို့ သတိရနေတာကို ပြောမှန်းသိလိုက်ရတယ်။ အဲဒီလို ကျွန်မရွာက အိမ်နီးချင်းတွေကလည်း ကျွန်မကိုတွေ့ရင် "နင်မရှိတော့ မျက်စိရှာလိုက်တာ.. အောင်းမေ့ရလိုက်တာ"လို့ ပြောတတ်တယ်။ ကျွန်မကို လွမ်းတယ်၊ သတိရတယ်လို့ သူတို့ဆိုလိုတာဖြစ်တယ်။

အသိဆရာဝန်မက "တောင်ကြီးက ဆရာမမိတ်ဆွေတွေ နည်းနည်းပါးပါး ဖျားနာတာမျိုးဆိုရင် ဆေးခန်းမသွားဘဲ ဆရာမဆီဖုန်းဆက်ပြီး ဆေးမေးကြတယ်။ တစ်ခါက ဆရာမတည်းတဲ့အိမ်က မိတ်ဆွေရဲ့သမီးက ဆရာမဆီဖုန်းဆက်ပြီး "ဆရာမ.. ဆရာမ.. ကျွန်မအဖေ အားပါးနေလို့ ဘာဆေးဝယ်တိုက်ရမလဲ"လို့ မေးတယ်။ "အားပါးတယ်..အားပါးနေတယ်နဲ့" ဘာပြောမှန်း နားမလည်ဘူး။ ကိုးရီးယားကားတွေကြည့်ပြီး "အိုပါး"ကနေ "အားပါး"ဖြစ်သွားတာလားလို့.. သေချာမေးကြည့်တော့ "အားနည်း"နေတာတဲ့"လို့ ပြောပြပါတယ်။ အသုံးအနှုန်းတချို့က ကြောင်တီးကြောင်တောင်ရှိလှပေမယ့် ကျွန်မတို့တောင်ကြီးသားတွေ အချင်းချင်းတော့ နားလည်နေကြတာပဲ...

တစ်ခါကလည်း အညာသူမိန်းမတစ်ယောက် ကျွန်မတို့ရွာမှာ သူတို့ဆီက စောင်၊ အဝတ်စ၊ အုန်းဆီတွေလာရောင်းတော့ ရွာသူမိန်းမတစ်ယောက်က "အစ်မ..အစ်မ.. ဒီအဝတ်စတွေကလှလိုက်တာ ကျွန်မကိုင်ကြည့်လို့ ရမလား"လို့ဆိုတယ်။ ပေးကိုင်ကြည့်တော့ "အဝတ်စကလည်း ညံ့လိုက်တာတဲ့.."။ ရောင်းတဲ့သူတောင် အောင့်သက်သက်ဖြစ်သွားတယ်။ တကယ်တော့ သူဆိုလိုတာက "နူးညံ့နေတာပဲ.. အဝတ်စက ကိုင်လိုက်တော့နဲ့ အိအိလေးနဲ့ နူးညံ့နေတယ်"လို့ဖြစ်တယ်။ ဒါကိုနားမလည်တော့ အဝတ်စက အပေါစားခပ်ညံ့ညံ့လို့ အဓိပ္ပါယ်ရောက်သွားတယ်။

ဒီတာချီလိတ်မှာ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်ကပြောင်းလာကြတဲ့ လူတွေတော်တော်များတယ်။ သူတို့မှာလည်း ကျွန်မတို့နားမလည်တဲ့ အသုံးတွေတော်တော်များတာကို တွေ့ရတယ်။

ဥပမာ-အရမ်းမိုက်တယ်၊ ကောင်းတယ်ဆိုတာကို "ကောင်းချက်.. ကောင်းချက်" လို့ ပြောကြတယ်။ နောက်တစ်ယောက်ကလည်း "ဒုံးပြေးတော့ လွတ်မောရော"တဲ့။ ဘာကိုဆိုလိုမှန်း မသိလို့ သေချာမေးတော့ "နွားနောက် အားကုန်လိုက်ပြေးတာ အရမ်းမောသွားတယ်" လို့ ပြောတာပါတဲ့။

သူ့ဒေသနဲ့သူ့မှာ ချစ်စရာစကား၊ ဓလေ့လေးတွေက လူကိုပြုံးရယ်စေနိုင်ခဲ့တယ်။ နောင်တစ်ချိန် ကျွန်မက သူငယ်ချင်းတွေကို "အားပါးနေလို့ ဒီနေ့ဘလော့မရေးနိုင်ဘူး" လို့ပြောတဲ့အခါ "ကောင်းချက်.. ကောင်းချက်" လို့ မပြောလိုက်ကြပါနဲ့လို့...း)

နိုင်းနိုင်းစနေ


Share/Bookmark

Friday, January 22, 2010

ဘာလဲအချစ်ဆိုတာ?


ပုံပြင်(၁)

ဆေးရုံရဲ့အခန်းတစ်နေရာမှာ အသက်ယဲ့ယဲ့လေးရှုနေတဲ့ အဘိုးအိုတစ်ဦး လဲလျောင်းနေခဲ့တယ်။ လူ့ဘဝနောက်ဆုံးအချိန်လေးမှာ အဘိုးအိုက သူ့ရဲ့အိုမင်းရွတ်တွနေတဲ့လက်နဲ့ အဘွားအိုရှိရာဘက် ကမ်းလိုက်တယ်။ ရာစုနှစ်တစ်ဝက်လောက် ကိုယ့်အပေါ်ဂရုစိုက်ကြင်နာခဲ့သူကို သူကျေးဇူးတင်နေမိတယ်။ မကြာခင် ဒီလောကကြီးကနေ သူထွက်သွားရတော့မယ်။ ထွက်မသွားခင် အဘွားအိုရဲ့အကြင်နာ၊ ကရုဏာကို အသိအမှတ်ပြုရာရောက်အောင် ပြီးတော့ ကိုယ်လည်းစိတ်ချလက်ချ သွားနိုင်အောင် ရင်ထဲက လျှို့ဝှက်ချက်တစ်ခုကို ပြောပြဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် လျှို့ဝှက်ချက်ကိုမပြောခင် အဘွားအိုက တုန်ရင်ရင်လက်နဲ့ သူ့ပါးစပ်ကို အသာအယာလေးပိတ်ပြီး "အချစ်ရဲ့ဘာလျှို့ဝှက်ချက်တွေမှ ကျွန်မ မလိုဘူး။ အချစ်ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်က ကျယ်ပြန့်တဲ့လူ့ပင်လယ်မှာ ရှင်နဲ့ကျွန်မသိခဲ့တယ်၊ ချစ်ခဲ့တယ်၊ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး နေပူမိုးရွာမရှောင် အရာရာကို အနှစ်(၅ဝ)ကျော် ရင်ဆိုင်ခဲ့တာပဲဖြစ်တယ်.." အဘွားအိုရဲ့စကားကြောင့် အဘိုးအို မျက်ရည်ကျမိတယ်။ နောက်ဆုံး အဲဒီလျှို့ဝှက်ချက်ကို ရင်ထဲထည့်ပြီး လောကကြီးထဲကနေ သူထွက်ခွါသွားခဲ့တယ်။

ပုံပြင်(၂)

ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့ကလူတွေဟာ အခြားမြို့ကလူတွေနဲ့ စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲက နှစ်အတော်ကြာခဲ့တယ်။ ဒီမြို့နှစ်မြို့မှာ တစ်မြို့ကတောင်ကုန်းပေါ်မှာရှိပြီး တစ်မြို့က လွင်ပြင်မှာရှိခဲ့တယ်။ တောင်ကုန်းပေါ်မှာရှိတဲ့မြို့က ရက်စက်တဲ့အကြံတစ်ခုထုတ်ပြီး ကိုယ့်တောင်ကုန်းပေါ်မှာရှိတဲ့ ဆည်ကိုဖွင့်ချလိုက်တယ်။ ဆည်ကိုဖွင့်ချလိုက်တယ်ဆိုရင်ပဲ လွင်ပြင်မှာရှိတဲ့မြို့က ရေလွှမ်းသွားပြီး အော်ဟစ်ငိုညည်းသံတွေနဲ့ သေကြေပျက်ဆီးကြရတော့မယ်။ ဒီလိုအခြေအနေမှာ မြို့စားမင်းက လှေတွေနဲ့ ရေနစ်သူတွေကိုကယ်ဖို့ အမိန့်ထုတ်လိုက်တယ်။ ဒါပေမယ့် လှေအစီးရေ မများတဲ့အတွက် လူတချို့ကိုပဲ ကယ်စေခဲ့တယ်။ မြို့စားမင်းက မိန်းမနှစ်သက်သူဖြစ်တာကြောင့် မိန်းမတွေကိုပဲ ကယ်စေခဲ့တယ်။ အဲဒီမိန်းမတွေက သူတို့နှစ်သက်တဲ့ပစ္စည်းတစ်ခုကိုပဲ ယူရမှာဖြစ်တယ်။

နှစ်သက်တဲ့ပစ္စည်းတစ်ခု ဆိုတာကြောင့် မိန်းမအများက လက်ဝတ်လက်စား၊ ရွှေငွေ၊ ကျောက်သံ ပတ္တမြားတွေယူပြီး လှေပေါ်တက်ကြတယ်။ မိန်းမတစ်ယောက်တည်းပဲ သူ့ယောက်ျားကိုထမ်းပြီး လှေပေါ်တက်တော့ ရဲမက်တွေက "လှေပေါ်ကို မိန်းမတွေပဲတက်ခွင့်ရှိတယ်။ ယောက်ျားတွေ မတက်ရဘူး" လို့ဆိုတယ်။ "ကိုယ့်အကြိုက်ဆုံးပစ္စည်းတစ်ခု ယူခွင့်ရှိတယ်ဆိုလို့ ဒါဟာ ကျွန်မအကြိုက်ဆုံးအရာမို့ပါ" လို့ မိန်းမကပြန်ပြောပါတယ်။ အဲဒီရေဘေးမှာ ယောက်ျားတစ်ဦးပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဲဒီမိန်းမရဲ့ ယောက်ျားပဲဖြစ်တယ်။

ပုံပြင်(၃)

ဒီပုံပြင်ကတော့ တီဗွီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေက မျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။

ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့ စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။

(၄)ယောက်မြောက်မှာ အစီအစဉ်တင်ဆက်သူက အရင်အတိုင်း သူ့မျက်စိကို အဝတ်စနဲ့စည်းပြီး နေရာမှာတင် (၃)ပတ် ပတ်ခိုင်းလိုက်တယ်။ ပြီးမှ မိန်းမ(၆)ယောက်ကို ရွေးစေခဲ့တယ်။ အဲဒီလူက ပထမမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ သုံးလေးစက္ကန့်အတွင်းမှာ "ဒါ ကျွန်တော့်မိန်းမ မဟုတ်ဘူး" လို့ဆိုတယ်။ နောက် ဒုတိယမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ ဒီတစ်ကြိမ်ကိုင်တာ အချိန်နည်းနည်း ပိုကြာတယ်။ ဆယ်စက္ကန့်ကြာတော့ "ဒါ ကျွန်တော့်မိန်းမ"လို့ သူကဆိုတယ်။

တင်ဆက်သူက သူ့မျက်နှာပေါ်ကအဝတ်စကို ဖြုတ်ပေးလိုက်တယ်။ တကယ်ပဲ ဒုတိယအမျိုးသမီးက သူ့မိန်းမဖြစ်နေခဲ့တာကြောင့် ပရိသတ်ဆီက လက်ခုပ်သံတွေ သူရခဲ့တယ်။ တွေဝေမှုမရှိဘဲ ကိုယ့်မိန်းမကို ရွေးထုတ်နိုင်ခဲ့တဲ့သူ့ကို တင်ဆက်သူက "ဒီလောက်ထိ တိကျအောင် ရွေးထုတ်နိုင်ခဲ့တာ ဘာလျှို့ဝှက်ချက်များ ရှိလို့လဲ" လို့မေးတယ်။

အဲဒီအချိန်မှာ သူက "ဘာလျှိုဝှက်ချက်မှ မရှိပါဘူး။ လက်ရဲ့ခံစားချက်နဲ့ ကျွန်တော်ရွေးခဲ့တာပါ။ အိမ်ထောင်သက် (၁ဝ)နှစ်အတွင်းမှာ ကျင့်သားရခဲ့တဲ့ လက်ခံစားချက်ကြောင့်ပါ" လို့ ဆိုပါတယ်။ နောက်ခံပိတ်ကားပေါ်မှာ သူ့မိန်းမရဲ့မျက်နှာက မျက်ရည်အဝဲသားနဲ့ ထင်ဟပ်လာခဲ့တယ်။ (၁ဝ)နှစ်လုံးလုံး မဖြုတ်ခဲ့တဲ့တွဲလက်ကြောင့် လက်ရဲ့ခံစားချက်နဲ့ လူအများကြားမှာ ကိုယ့်မိန်းမကို သူရွေးထုတ်နိုင်ခဲ့ပါတယ်။

ဘာလဲအချစ်ဆိုတာ?

မူရင်း---- http://share.youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, January 21, 2010

ကျွန်မဖတ်ဖို့ (၁၄)


လက်သီးကိုတင်းတင်းဆုပ်တာနဲ့ အရာအားလုံးကို ကိုယ်ဖမ်းဆုပ်မိပြီလို့ ထင်နေခဲ့တယ်။ တကယ်တော့ လေကိုတောင် ကိုယ်ဖမ်းဆုပ်မမိခဲ့ဘူး။ ကိုယ်ကိုထောင်မတ်ပြီး ပုခုံးကိုစွင့်ကားတာနဲ့ ကိုယ့်လက်နှစ်ဘက်က ဗလာလို့ ခံစားမိတယ်။ ဒါပေမယ့် လောကတစ်ခုလုံးက ကိုယ့်ရင်ခွင်မှာ...

ကိုယ့်ကိုယ်နှစ်သက်

ဒီနေ့မှာ မနေ့ကလောက် ကိုယ့်ကိုယ်ကို မနှစ်သက်နိုင်ခဲ့ရင် မနက်ဖြန်က ကိုယ့်အတွက် ဘာအဓိပ္ပါယ်ရှိနိုင်မလဲ?

သံသယများသူ

တစ်ခါတလေမှာ လူတွေက သံသယများတတ်တယ်။ သံသယများတော့ ကိစ္စအသေးအမွှားတွေကအစ စိတ်ထဲထည့်မိတတ်တယ်။ တခြားလူ ကိုယ့်ကိုပိုကြည့်ဖြစ်ရင် ကိုယ့်ကို မနာလိုလို့၊ ရန်ရှာချင်လို့လို့ ကိုယ်ထင်တတ်တယ်။ တခြားလူ ကိုယ့်ကိုမကြည့်ပြန်တော့ ကိုယ့်ကိုလျစ်လျူရှူထားတယ်လို့ ထင်မိပြန်တယ်။ သံသယများတဲ့လူရဲ့ နေ့စဉ်ဘဝက ပင်ပန်းလွန်းတယ်။ တခြားလူကြောင့် စိတ်ခံစားချက်တွေ အလွယ်တကူ ဖြစ်တတ်လို့ဖြစ်တယ်။ သံသယများတဲ့လူက တောင်တောင်မြောက်မြောက် လျှောက်တွေးနေတတ်လို့ အရှုပ်အထွေးတွေကြားမှာ ကိုယ့်စိတ်ကို ပိတ်မိနေတတ်တယ်။

ကိုယ်ဟာ သံလိုက်တစ်တုံး

ကိုယ်ဟာ သံလိုက်တစ်တုံးဆိုတာကို ယုံပါသလား? ကိုယ့်စိတ်ပျော်ရွှင်တယ်၊ ကိုယ့်ကိုယ့်ကိုနှစ်သက်တယ်၊ လောကကြီးကို အကောင်းစိတ်တွေနဲ့ ဖြည့်မယ်ဆိုရင် ကောင်းတဲ့အရာတွေကို ကိုယ်ဆွဲငင်ယူမိမှာပဲ။ အဲဒီလိုပဲ ဝမ်းနည်းမယ်၊ ပိတ်လှောင်မယ်၊ ဘယ်အရာမဆို ကိုယ်ကြည့်မရ ဖြစ်နေခဲ့ရင် မကောင်းတဲ့အရာတွေက ကိုယ့်ဆီရောက်လာမှာဖြစ်တယ်။ ကိုယ်ဟာ သံလိုက်တစ်တုံးဖြစ်လို့ ကိုယ်နဲ့သက်ဆိုင်တဲ့အရာကိုပဲ ကိုယ်ဆွဲငင်မိမှာဖြစ်တယ်။ ပျော်ရွှင်တဲ့ကိုယ်က ပျော်ရွှင်စရာ၊ ပျော်ရွှင်တဲ့ပတ်ဝန်းကျင်ကို ဆွဲငင်သလို စိတ်ရှုပ်ဝမ်းနည်းတဲ့ကိုယ်က စိတ်ရှုပ်စရာပတ်ဝန်းကျင်ကို ဆွဲငင်မှာဖြစ်တယ်။ ကံကောင်းခြင်းနဲ့ ကံမကောင်းခြင်းကို ကိုယ်ဘယ်လိုစိတ်အစွမ်းနဲ့ ဆွဲငင်ယူမလဲ? ဒါဟာ ကိုယ့်ယုံကြည်မှုရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။

ဒီနေ့ စိတ်လန်းဆန်းရဲ့လား?

ဒီနေ့ သင့်စိတ်လန်းဆန်းရဲ့လား? သင်မဖြေပေမယ့် သင့်မျက်လုံးထဲမှာ အဖြေတွေရှိနေတယ်။ ဒါကြောင့် လေးလံတဲ့ စိတ်ရှုပ်စရာကိုယ်ထည်ထဲမှာ သင်ပုန်းအောင်းမနေပါနဲ့တော့။ "စိတ်ရှုပ်စရာ"ဆိုတဲ့ လူကို စိတ်ညစ်စေတဲ့အရာက လူတွေးလို့ဖြစ်လာတာပါ။ မတွေးရင် အဲဒီအရာတွေက ရှိမှာမဟုတ်ပါဘူးဆိုတဲ့ စကားကို သင်ကြားဖူးပါသလား?

ကော်ဖီထွက်သောက်မယ်၊ အင်္ကျီထွက်ဝယ်မယ်၊ ဆံပင်ပုံပြောင်းမယ်၊ ရေခဲမုန့်ဝယ်စားမယ်၊ လမ်းထွက်လျှောက်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ သူငယ်ချင်းဟောင်းဆီ အလည်သွားပြီး အရင်က ပျော်စရာအကြောင်းတွေကို ပြောမယ်။ ညအချိန် ကြယ်လေးတွေကို ရေတွက်မယ်... ကိုယ့်စိတ်ကို လန်းဆန်းစေတဲ့နည်းက များလွန်းပါတယ်။ လေးလံတဲ့စိတ်ရှုပ်စရာ အခွံထဲနေရတာ ပိုကောင်းတယ်လို့ သင်မထင်ခဲ့ရင်ပေါ့...

သိပ်ဂရုမစိုက်နဲ့

သူ့ရုပ်ကို ကိုယ်ကြည့်မရသလို ကိုယ့်ပုံစံကိုလည်း သူမျက်စိစူးရင် စူးနေလိမ့်မယ်။ သူ့ဝတ်စားဆင်ယင်ပုံကို ကိုယ်မနှစ်သက်သလို ကိုယ့်ဆံပင်ပုံစံကိုလည်း သူကြိုက်ချင်မှကြိုက်လိမ့်မယ်။ သူ့မှာ သူ့ဆိုးကျိုးရှိသလို ကိုယ်လည်း ခြောက်ပစ်မကင်းပါဘူး။ ဒီလောကကြီးမှာ လုံးဝပြည့်စုံတဲ့လူ မရှိသလို ရာနှုန်းပြည့် ကိုယ့်နဲ့လိုက်လျောညီထွေမယ့်လူလည်း ရှားပါတယ်။ တခြားလူနှစ်သက်လာအောင် ကိုယ့်ကိုယ်ကိုလည်း ဖိနှိမ်ထားစရာ မလိုသလို လူရှေ့ထွက်ပြီး ခေါင်းမော့ရင်ကော့ပြစရာလည်း မလိုပါဘူး။ မသက်ဆိုင်တဲ့လူတွေအပေါ် ကိုယ့်အချိန်ကိုဖြုန်းမှာထက် ကိုယ့်အတွက်အကျိုးရှိတဲ့ အလုပ်လုပ်ရတာက ပိုမြတ်ပါတယ်။

စိတ်ရှုပ်တဲ့အခါ

စိတ်ရှုပ်တဲ့အချိန်က ကြိုးမငြိထားတဲ့ ဂီတာတစ်လက်နဲ့တူတယ်။ တီးလိုက်တာနဲ့ နားစူးပြီး နားဝင်မချိုတဲ့သံစဉ်တွေ ထွက်လာတတ်တယ်။ ချက်ချင်းဖြေရှင်းမရတဲ့ ကိစ္စတစ်ခုကြောင့် စိတ်ရှုပ်နေသလား? ဒါမှမဟုတ် မဖြစ်လာသေးတဲ့ကိစ္စကို ကြိုတွေးပြီး စိတ်ပူနေသလား? ဒီလိုစိတ်ရှုပ်စရာကို ကိုယ်မနှစ်သက်ပေမယ့် စိတ်ရှုပ်စရာအတွေးတွေက ကိုယ့်ခေါင်းထဲအလိုလို ရောက်လာနေခဲ့တယ်။ ဒီလိုအချိန်မှာ ကိုယ့်စိတ်တွေ ပိုရှုပ်ထွေးပြီး ရင်ဆိုင်ဖို့အင်အားတွေ ကုန်ဆုံးကုန်တယ်။ စိတ်ရှုပ်တဲ့အခါ အခက်အခဲ၊ ပြဿနာတွေက ကိုယ်တွေးထင်ထားသလောက် ဆိုးဝါးလိမ့်မှာမဟုတ်ဘူးဆိုတာကို ယုံကြည်ပါ။ များသောအားဖြင့် လူတွေမှာ ကိုယ့်ကိုယ်ကို ချောက်လန့်တတ်တဲ့အကျင့်ရှိတယ်။ ဒါနဲ့ပဲ အချိန်ကုန် လူပိုပန်းရတယ်။ စိတ်ရှုပ်တဲ့အခါ ကိုယ်ရောစိတ်ပါ နစ်ဝင်နိုင်တဲ့ အရာတစ်ခုကိုရှာပြီး လုပ်ကြည့်ပါ။ တံမြက်စည်းလှည်းပါ၊ မှန်ပြတင်းတွေသုတ်ပါ။ ပုံထားတဲ့ အိုးခွက်ပန်းကန်တွေကို ဆေးကြောပါ။ အပြင်ကအရာတွေကို လှည်းကျင်းသန့်ရှင်းနေတဲ့အချိန် ကိုယ့်စိတ်ထဲက စိတ်ရှုပ်စရာတွေကိုလည်း ကိုယ်လှည်းကျင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

တွင်းထဲကဖား မဖြစ်စေနဲ့

တွင်းထဲကဖားတစ်ကောင်လို တွင်းဝကမိုးကောင်းကင်ကိုပဲ ကိုယ်တွေ့နေခဲ့သလား? ဒီကောင်းကင် နေထွက်တာနဲ့ တစ်လောကလုံး လင်းသွားပြီလို့ထင်ပြီး မိုးရွာတာနဲ့ တစ်လောကလုံး မှောင်မိုက်သွားပြီလို့ ကိုယ်ထင်နေသလား? တကယ်တော့ တွင်းဝပတ်လည်ကို ကိုယ့်ရဲ့တစ်လောကလို့ထင်ပြီး တွင်းဝလောက်ပဲကျယ်တဲ့ ကောင်းကင်က ကိုယ့်အတွေးကို လွှမ်းမိုးသွားတာဖြစ်တယ်။ လောကကြီးက အဆုံးသတ်အနား မရှိဘူးဆိုတာကို ကိုယ်မေ့သွားလို့ဖြစ်တယ်။ ဒါမှမဟုတ် တွင်းဝရဲ့ကောင်းကင်အပြင် ဒီ့ထက်ကြီးမားတဲ့ ကောင်းကင်ကြီးမရှိတော့ဘူးလို့ ကိုယ်ထင်နေလို့လည်းဖြစ်တယ်။ ဒီလိုအဖြစ်မျိုး ကိုယ်ကြုံရတဲ့အခါ ကိုယ်ဟာ တွင်းထဲကဖားတစ်ကောင်အဖြစ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့တယ်။ စွတ်စိုမှောင်မိုက်တဲ့ တွင်းအောက်ထဲမှာနေပြီး ကိုယ့်ရဲ့နာကျင်မှုကိုပဲ တွေ့ခဲ့တယ်။ ဒီလိုအချိန်မျိုးမှာ တွင်းပေါ်ကို အားယူခုန်တက်ပြီး နာကျင်မှုထဲကနေ လွတ်အောင်ရုန်းထွက်နိုင်ရမယ်။ နေရောင်ဖြန့်ကျက်ထားတဲ့ မိုးကောင်းကင်ကြီးက တွင်းဝကမိုးကောင်းကင်ထက် ကြီးမားကျယ်ပြန့်ကြောင်း ကိုယ်ရှာဖွေမိလိမ့်မယ်။

ခံစားချက်မိုးရေတွေ ရွာချပါ

မြင့်မားတဲ့ တိမ်တိုက်ထဲကနေ ရေစက်တွေတစ်ပြိုက်ပြိုက်ကျပြီး နွေရဲ့ဖုန်တွေကို ဆေးကြောတဲ့ မိုးဦးရာသီကိုရောက်တဲ့အခါ ကိုယ့်ရဲ့ခံစားချက်တွေလည်း စွတ်စိုတဲ့ရာသီကြောင့် မျက်ရည်စို့ခဲ့ရရင် တစ်ခါလောက် အားပါးတရငိုကြွေးလိုက်ပါ။ ရယ်မောခြင်းက ဘာအကြောင်းပြချက်မှ မလိုသလို ငိုကြွေးခြင်းမှာလည်း ဆင်ခြေတွေမလိုခဲ့ပါဘူး။ ရယ်မောဖို့ လူတွေထောက်ခံအားပေးပေမယ့် ငိုကြွေးဖို့ကိုတော့ လူတွေအားမပေးကြဘူး။ ဒါပေမယ့် မငိုကြွေးဖူးတဲ့လူက မိုးမရွာဖူးတဲ့ကောင်းကင်လို ညိုးနွမ်းခြောက်သွေ့နေတဲ့ ခံစားချက်တွေကိုပဲ ထိန်းချုပ်ထားရတယ်။ သွက်လက်ဖျတ်လတ်တဲ့ ရေစုံရေမွှားတွေကို မတွေ့ရဘူး။ ဒါကြောင့် ငိုချင်ရင် တစ်ကြိမ်တစ်ခါလောက် အားရပါးရငိုပြီး ညိုးနွမ်းခြောက်သွေ့နေတဲ့ ခံစားချက်ဖုန်တွေကို ဆေးကြောပစ်လိုက်ပါ။ မိုးရွာပြီးနောက် လောကတစ်ခွင်လုံး လန်းဆန်းသွားသလို ငိုကြွေးပြီးနောက် စိတ်တွေပေါ့ပါးသွားပါလိမ့်မယ်။

ကံအတိုင်းလျှောက်

ကလေးဘဝတုန်းက တခြားကလေးတွေကို "ကြည့်..... ငါ့မှာရှိတာ နင်မရှိဘူး" ဆိုပြီး ကိုယ်ကြွားဖူးကောင်း ကြွားဖူးလိမ့်မယ်။ ကိုယ့်မှာရှိတဲ့အရာက လေတံခွန်၊ အရုပ်မလေး ဒါမှမဟုတ် ရောင်စုံခဲတံဖြစ်မယ်။

ကြီးပြင်းလာတဲ့အချိန် တခြားလူတွေကို "ဟင်း.. သူ့မှာရှိတာ ငါမရှိဘူး" ဆိုပြီး ကိုယ်အားကျဖူးကောင်း အားကျလိမ့်မယ်။ သူတို့မှာရှိတဲ့အရာက အလုပ်ကောင်း၊ ဖြောင့်ဖြူးတဲ့ချစ်ခရီးလမ်း ဒါမှမဟုတ် ပျော်ရွှင်ဖွယ်ရာဘဝဖြစ်မယ်။

ကလေးဘဝ ကြွားဝါတာက အပြစ်မဲ့တယ်။ လူကြီးဘဝ အားကျတာက ကလေးဆန်တယ်။ တကယ်တော့ ကိုယ့်မှာရှိတဲ့ အဖိုးတန်အရာတွေ တခြားလူမှာမရှိနိုင်ဘူး။ ဥပမာ-- ခိုင်မာတဲ့ကိုယ့်ရဲ့ သွားတွေ၊ ပျော့ပျောင်းတဲ့အရာကို တခြားလူစားနေချိန်မှာ မာတဲ့အရာကို ကိုယ်ကိုက်နိုင်တယ်။ ပြီးတော့ သွယ်လျတဲ့ ကိုယ့်လက်ချောင်းတွေ၊ တခြားလူ ပုလွေမှုတ်နေချိန်မှာ ကိုယ်ကသွယ်လျတဲ့လက်နဲ့ စန္ဒားယားတီးနိုင်တယ်။ အဲဒီလိုပဲ သူတစ်ပါးကို ကိုယ်အားကျနေချိန် တစ်ပါးသူကလည်း ကိုယ့်ကိုပြန်အားကျနေလိမ့်မယ်။ လောကကြီးမှာရှိတဲ့လူတွေက သူ့အရည်အချင်းနဲ့သူ ရပ်တည်နေကြပါတယ်။ ဘယ်သူကမှ ဘယ်သူ့ထက် ကံပိုမကောင်းသလို ဘယ်သူထက်လည်း ပိုထူးခြားနေမှာမဟုတ်ဘူး။

လူ့ဘဝက ကံတရားအတိုင်း သွားနေပါတယ်။ ဒါကြောင့် ရယူပိုင်ဆိုင်တိုင်း အရမ်းဝမ်းသာစရာ မလိုပါဘူး။ ပိုင်ဆိုင်ပြီးနောက် ဆုံးရှုံးဖို့ဆိုတာ ရှိလာနိုင်တဲ့အတွက်ကြောင့်ပါ။ မရှိလို့လည်း ဝမ်းနည်းစရာ မလိုပါဘူး။ မရှိမှ ရယူနိုင်မယ့်အခွင့်အရေးတွေ ရှိလာနိုင်တဲ့အတွက်ကြောင့်ပါ။ ရယူတာနဲ့ ဆုံးရှုံးတဲ့ကြားထဲမှာ အကောင်းအဆိုးဆိုတာ မရှိပါဘူး။ အရာအားလုံးက ကံစီမံရာအတိုင်း သွားနေလို့ဖြစ်တယ်။ ဒါကြောင့် စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ အရာရာကို မြင်တတ်အောင်ကြိုးစားပါ။ ဒါဟာ ကိုယ်တကယ်ကြီးပြင်းခဲ့ကြောင်း သက်သေပြနေတာပါပဲ။

ကျွန်မဖတ်ဖို့ကို ဒီနေရာမှာ ရှာဖွေပြီး ကျွန်မဖတ်ဖို့ ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, January 20, 2010

မနှစ်သက်လည်း မြင်အောင်ကြည့်တတ်ပါစေ


အတိုင်အတောထူတာ ကလေးတွေရဲ့ သဘာဝဖြစ်တယ်။ သုံးတန်းကျောင်းသားလေး မောင်ဝေယံက "ပြဿနာကျောင်းသား" လို့ မကြာခဏ အတိုင်ခံရသူဖြစ်တယ်။ ကလေးတွေတိုင်တိုင်း မောင်ဝေယံက ခြံစည်းရိုးပေါ်တက်လို့၊ တခြားလူကို ခြေထိုးလဲလို့၊ ကျောင်းသူလေးတွေကို စလို့၊ စကပ်လိုက်လှန်လို့.... ဆိုတာပဲဖြစ်တယ်။

တကယ်လည်း မောင်ဝေယံရဲ့ မတင့်တယ်တဲ့ အပြုအမူတချို့က ကျောင်းသားတွေကို စိတ်ဆိုးစေရုံမက အုပ်ထိန်းသူတွေလည်း ကျွန်မကိုအမြဲလာတိုင်တတ်တယ်။ တိုင်ခံရလည်း မောင်ဝေယံရဲ့အပြုအမူက ကောင်းမသွားတဲ့အပြင် ပိုပိုဆိုးလာခဲ့တယ်။ ကျောင်းရှေ့ချောင်းထဲကဖားတွေကို လည်ဖြတ်လိုက်တဲ့အထိ မောင်ဝေယံဆိုးလာခဲ့တယ်။

တခြားလူရှေ့မှာ ဘယ်လောက်ဆိုးဆိုး ကျွန်မရှေ့မှာတော့ မောင်ဝေယံက "လိမ္မာတဲ့ကျောင်းသား" ဖြစ်တယ်။ ကျွန်မဘာပြောပြော ယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းငုံ့နာခံတတ်တယ်။ ဒါပေမယ့် ကျွန်မအကြည့်အောက် ပျောက်သွားတာနဲ့ မောင်ဝေယံက "လူဆိုး" ဖြစ်သွားတော့တယ်။

သာဓကပြရရင် ကျွန်မစာသင်နေတုန်း သူက စာတွေကိုစိတ်ဝင်တစားနဲ့ နားထောင်တတ်တဲ့ "လိမ္မာတဲ့ကျောင်းသား" ပုံစံဖြစ်ပြီး ကျွန်မကျောက်သင်ပုန်းလှည့်ဖျက်တာနဲ့ မောင်ဝေယံက အမြင်မတော်တဲ့ အမူအရာတွေနဲ့ ကျောင်းသူတွေကို လုပ်ပြတတ်တယ်။

တစ်နေ့မှာ ကျောင်းသူတစ်ဦးကို မောင်ဝေယံ မဖွယ်မရာလုပ်ပြလိုက်လို့ ကျောင်းသူရဲ့အုပ်ထိန်းသူပါ ကျောင်းကိုရောက်လာခဲ့တယ်။ မောင်ဝေယံ မိဘကိုလည်းခေါ်ပြီး မောင်ဝေယံရဲ့စိတ်ပိုင်းဆိုင်ရာကို ကျွန်မတို့ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်။

မောင်ဝေယံမေမေက ငိုပြီး မောင်ဝေယံကို သူအလိုလိုက်ချစ်ခဲ့တာ မှန်ပေမယ့် မောင်ဝေယံမှာ စိတ်ပိုင်းဆိုင်ရာရောဂါတွေ မရှိနိုင်ကြောင်းပြောတယ်။

နောက်ဆုံး ကျွန်မက မောင်ဝေယံကို ကလေးစိတ်ပိုင်းဆိုင်ရာဆေးရုံမှာ သွားရောက်စစ်ဆေးသင့်ကြောင်း အကြံပေးလိုက်တယ်။ စစ်ဆေးချက်အရ မောင်ဝေယံရဲ့ ဦးနှောက်အောက်ခြေမှာရှိတဲ့ ဟော်မုန်းဆီ သိုမှီထားတဲ့အဆီဖုက ဖွံ့ဖြိုးမှု မညီမျှကြောင်း တွေ့လိုက်ရတယ်။ အဲဒီအတွက် မောင်ဝေယံက ကိုယ့်ရဲ့မဖွယ်မရာ အပြုအမှု၊ အပြောအဆိုကို မထိန်းချုပ်နိုင်ဖြစ်ခဲ့ရတယ်။ ဆေးမှန်မှန်သောက်ရင် တဖြေးဖြေး သက်သာလာနိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။

ဒါပေမယ့် ဆေးသောက်ပြီးတိုင်း မောင်ဝေယံက ခေါင်းကိုက်တယ်ဆိုလို့ သူ့မေမေက မကြည့်ရက်ခဲ့ဘူး။ ဒီလိုနဲ့ မောင်ဝေယံဆေးတွေကို မှန်မှန်မသောက်ဖြစ်ဘဲ ဆိုးမြဲဆိုးနေခဲ့တယ်။

တစ်နေ့မှာ မောင်ဝေယံက ဗလာစာအုပ်တစ်အုပ်နဲ့ ကျွန်မဆီ ရောက်လာခဲ့တယ်။

"ဆရာမ... ဆရာမ... ခုတစ်လော ကျွန်တော့်အပေါ် ဆရာမ သိပ်မတင်းကျပ်သလိုပဲ။ ကျွန်တော့်ကို ဆိုဆုံးမပါ ဆရာမ။ ဆရာမ မဆုံးမရင် နောက်နောင်ကျွန်တော်ပိုဆိုးသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော်က ဆရာမရဲ့တပည့်ပါလို့ လူတိုင်းကိုပြောမှာနော်"

မျှော်မထားတဲ့ မောင်ဝေယံရဲ့ စကားကိုကြားတော့ ကျွန်မ အသံထွက်ရယ်မိတယ်။

"ကောင်းပြီ မောင်ဝေယံ... မင်းကို ဆရာမ ကောင်းကောင်းဆုံးမမယ်။ ဒါနဲ့ ဒီစာအုပ်က ဘာလုပ်ဖို့လဲ?"

"ဒီလိုပါ ဆရာမ.. ဒီနေ့ကစပြီး ကျောင်းသားတွေ ကျွန်တော့်မကောင်းတာကို လာတိုင်တိုင်း ဒီစာအုပ်မှာ ဆရာမ ကြက်ခြေခတ်တစ်ခု ခြစ်ပေးပါ။ ကြက်ခြေခတ်တစ်ခုရတိုင်း ကျွန်တော့်ကို ဆရာမတစ်ချက်ရိုက်နိုင်ပါတယ် ဆရာမ"

ဘုရားရေ ! မောင်ဝေယံက သူ့ကိုပြောဆို ဆုံးမအပြစ်ပေးဖို့ ကျွန်မဆီမှာ တောင်းဆိုနေပါလား!

သူ့ကိုပြောဆိုဆုံးမဖို့ တောင်းဆိုပေမယ့်လည်း မောင်ဝေယံက ဆိုးမြဲဆိုးနေခဲ့တယ်။ ကျွန်မဆီ ကျောင်းသားတွေ လာတိုင်တိုင်း မောင်ဝေယံဖြစ်နေပြီး တခြားသူတွေကို ဘောင်းဘီချွတ်ပြတာ၊ ခြေထိုးလဲတာကလည်း မောင်ဝေယံပဲဖြစ်နေခဲ့တယ်။

တစ်ပတ်တောင်မပြည့်သေးပါဘူး မောင်ဝေယံရဲ့ဗလာစာအုပ်ထဲမှာ ကြက်ခြေခတ်တွေ အခုတစ်ရာရှိနေခဲ့ပါပြီ။ ပြောင်းလဲမလာတဲ့ မောင်ဝေယံရဲ့အပြုအမူတွေကြောင့် ကျွန်မစိတ်ဆိုးပြီး မောင်ဝေယံကို ခေါ်ပြောခဲ့တယ်။

"မောင်ဝေယံ... မင်းရဲ့မကောင်းတာတွေ ဆရာမ ကြက်ခြေခတ်မှတ်ထားတာ အခုတစ်ရာရှိနေပြီ။ မင်းကို ဆရာမ အပြစ်ပေးရတော့မယ်"

"ဟုတ်ကဲ့ဆရာမ.. ကျွန်တော့်ကို အချက်တစ်ရာ ရိုက်နိုင်ပါတယ်"

မောင်ဝေယံက လက်ကိုဆန့်ပြီး အရိုက်ခံတယ်။ ဒါပေမယ့် မောင်ဝေယံရဲ့ လက်ဖဝါး၊ မောင်ဝေယံရဲ့မျက်နှာကိုကြည့်ပြီး ကျွန်မတကယ် မရိုက်ရက်ခဲ့ဘူး။

တကယ်တော့ မောင်ဝေယံ! မင်းဟာ မတုံးမအဘဲ ထက်မြက်သူပါ။ ကိုယ်မှားမှန်းသိသိနဲ့ အမှားတွေကို မင်းဘာကြောင့် ကျူးလွန်ချင်ရတာလဲ? မင်းရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေကို ပြင်ပြီး မင်းကိုယ်ပေါ်က တခြားလူတွေ ခပ်နှိပ်ပေးထားတဲ့ "လူဆိုး၊ မလိမ္မာ မယဉ်ကျေးတဲ့သူ" ဆိုတဲ့ တံဆိပ်တွေကို ဖြုတ်ချလိုက်ပါ မောင်ဝေယံ! ရင်ထဲမှာ နာနာကျင်ကျင် ကျွန်မပြောနေမိတယ်။

မောင်ဝေယံရဲ့လက်က ကျွန်မအရိုက်ကိုခံဖို့ လေထဲမှာမြှောက်ထားဆဲပါပဲ။ အတန်းသားဘက် ကျွန်မလှည့်ပြီး "ဆရာမ စိတ်မကောင်းဘူး။ ပထမတန်းကနေ အခုတတိယတန်းအထိ မင်းတို့လာတိုင်လိုက်တိုင်း မောင်ဝေယံ ဟိုဟာလုပ်လို့၊ မောင်ဝေယံ ဘာလုပ်လို့ဆိုတာချည်းပဲ။ "ကြက်ခြေခတ်"ဖို့အတွက်ပဲ လာတိုင်ကြတယ်။ မောင်ဝေယံမှာ "အမှန်"ပေးဖို့အတွက်တောင် မရှိကြတော့ဘူးလား?"

ကျွန်မစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။ ငါးစက္ကန့်လောက်ကြာတော့ ကျောင်းသားတစ်ဦးက "ဆရာမ.. ဆရာမ မောင်ဝေယံကို အမှန်ပေးလို့ရတယ်။ ဟိုတစ်နေ့က ကျွန်တော့်ကို သူရောင်စုံခဲတံ ပေးငှါးသေးတယ်"

တစ်ဆက်တည်းမှာပဲ မောင်ဝေယံရဲ့ အနိုင်ကျင့်တာကို အမြဲခံရတဲ့ ကျောင်းသူတစ်ဦးကလည်း ထရပ်ပြီး "ဆရာမ... ခုနားကျောင်းဆင်းတုန်းက ကျွန်မလဲအောင် မောင်ဝေယံခြေထိုးသေးတယ်။ ဒါပေမယ့် ကျွန်မလည်း အနားရောက်ရော သူ့ခြေကို ပြန်ရုတ်လိုက်တယ်။ ဒီတစ်ခေါက် ကျွန်မ မလဲခဲ့ဘူး ဆရာမ"

"ဟုတ်တယ်.. တပည့်တို့။ မောင်ဝေယံမှာ ကောင်းကွက်တွေ အများကြီးရှိနိုင်သေးတယ်။ သူ့ကို အမှန်တွေအများကြီး ပေးနိုင်သေးတယ် မဟုတ်လား! ဆရာမ သူ့ကို ကြက်ခြေခတ်တစ်ရာ ပေးပြီးပြီ။ သူ့ကို အချက်တစ်ရာ ဆရာမရိုက်လို့ရပေမယ့် ဆရာမ သူ့ကိုမရိုက်ရက်ဘူး။ သူ့ရဲ့ကောင်းကွက်လေးတွေကို တပည့်တို့ ထပ်စဉ်းစားကြပါဦး။ မောင်ဝေယံရဲ့ ကောင်းကွက်နဲ့ သူ ဘာတွေကောင်းအောင် လုပ်ခဲ့ဖူးလဲ? တပည့်တို့ စဉ်းစားကြပြီး အမှန်တစ်ခုပေးတိုင်း ကြက်ခြေခတ်တစ်ခု ဖျက်တဲ့နည်းနဲ့ မောင်ဝေယံကို ဆရာမတို့ကယ်တင်ကြရအောင်"

ကျွန်မပြောပြီး ခဏအကြာမှာ ကျောင်းသားတွေ အလုအယက် ဝိုင်းပြောကြတယ်။

"ဆရာမ... မောင်ဝေယံ ကျွန်တော့်ကို ဟင်းခူးပေးတယ်"

"ဆရာမ.. မနေ့က မောင်ဝေယံ ကျွန်တော်ကို နွားနို့ယူပေးတယ်"

"ဆရာမ.. အရင်တစ်ပတ်က မောင်ဝေယံ အမှိုက်ပစ်ကူတယ်"

"ဆရာမ.... မနေ့က မောင်ဝေယံ အိမ်သာဆေးကူတယ်"

"ဆရာမ....."

အဲဒီစာသင်ချိန်မှာပဲ ကျောင်းသားတွေက မောင်ဝေယံရဲ့ ကောင်းကွက်ကို လက်မြှောက်လိုက်၊ ပြောလိုက်နဲ့ "အမှန်"တွေ ဝိုင်းပေးခဲ့ကြတယ်။ ကျောင်းဆင်းခါနီးမှာ "အမှန်တစ်ရာခု" ကို မောင်ဝေယံရခဲ့ပြီး "ကြက်ခြေခတ်တစ်ရာခု"ကို ချေဖျက်နိုင်ခဲ့တယ်။

ကျွန်မရှေ့မှာ ရပ်နေတဲ့ မောင်ဝေယံရဲ့ ငိုမဲ့မဲ့မျက်နှာလေးက ခုတော့ ပြုံးနိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူငိုခဲ့ပါတယ်။ သူစနောက်ခဲ့ဖူးတဲ့ ကျောင်းသားတွေရဲ့မေတ္တာကြောင့် ဝမ်းသာတဲ့မျက်ရည်တွေ သူပါးပြင်ပေါ် စီးကျခဲ့ပါတယ်။ ဆေးတွေမှန်မှန်သောက်ပြီး လိမ္မာသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်လို့ မောင်ဝေယံဆုံးဖြတ်လိုက်တယ်။

"မျက်စိနဲ့အနီးဆုံးနေရာက ဘယ်နေရာလဲ?" လို့ ကျွန်မကို လူတွေမေးခဲ့ဖူးတယ်။ အဖြေက "မျက်တောင်မွေး"ဆိုတာကို ကျွန်မစဉ်းစားမရခဲ့ဘူး။ မျက်တောင်မွေးဟာ မျက်စိနဲ့အနီးဆုံးနေရာမှာရှိပြီး ကျွန်မတို့ မမြင်နိုင်ခဲ့ကြဘူး။

အဲဒီလိုပဲ ကျွန်မတို့ဘေးအနားက ကျွန်မတို့နဲ့ အရင်းနှီးဆုံးလူတွေရဲ့ကောင်းကွက်ကို ကျွန်မတို့ မမြင်တတ်ခဲ့ကြဘူး။

အထက်ဇာတ်လမ်းထဲကလို မောင်ဝေယံရဲ့ဆိုးကွက်ကိုပဲ တခြားကျောင်းသားတွေ တွေ့ခဲ့ကြတယ်။ အပြစ်ပေးခါနီး ဆရာမရဲ့လမ်းညွှန်ပြသမှုကြောင့် မောင်ဝေယံရဲ့ကောင်းကွက်တွေကို သူတို့သတိပြုခဲ့မိကြတယ်။ မောင်ဝေယံမှာလည်း "အမှန်တွေတစ်ရာ" ရှိကြောင်း သူတို့တွေ့ခဲ့ကြတယ်။

သွန်သင်ဆုံးမှုဆိုတာ အတင်းအဓမ္မဖိနှိပ်တဲ့ "အမှောင်"ဘက်ကမဟုတ်ဘဲ ဥာဏ်ဖွံ့ဖြိုးဖို့ ကြိုးစားကူညီတဲ့ "အလင်း"ဘက်ကဖြစ်တယ်။ သူတစ်ပါးရဲ့ဆိုးကွက်ကိုပဲကြည့်ပြီး ကြက်ခြေခတ်တစ်ရာပေးဖို့ ကြိုးစားသူရဲ့ ရင်ထဲမှာလည်း နာကျင်မှုအမှောင်တွေပဲ ရှိခဲ့တယ်။ တကယ်တော့ ကျွန်မတို့က "မနှစ်မြို့လည်း ချီးကျူးတတ်ဖို့" "သူ့ကိုမနှစ်သက်လည်း သူ့ကောင်းကွက်တွေ ရှာတတ်ဖို့" သင်ယူသင့်ပါတယ်။

တစ်ခါတလေမှာ ဆရာတွေက "ကျောင်းသားဆိုး" တွေကို မနှစ်သက်တတ်ကြသလို "ကလေးဆိုး" တွေကို လူတွေ မနှစ်မြို့တတ်ကြဘူး။ အဲဒီအချိန်ကျရင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး တစ်ဘက်လှည့်အတွေးနဲ့ သူ့ကောင်းကွက်ကို ရှာကြည့်ပါ။ အတွေးတွေ လည်ပတ်နေသရွေ့ "အမှန်တစ်ခု" တွေ့လာနိုင်ပါလိမ့်မယ်။

ကလေးတွေကို "ဆန့်ကျင်၊ ငြင်းဆန်"တဲ့အကြည့်မျိုးနဲ့ ကျွန်မတို့ တစ်ချိန်လုံးမကြည့်သင့်သလို "ဝေဖန်၊ ပြစ်တင်" တဲ့ စကားမျိုးလည်း အမြဲမပြောသင့်ပါဘူး။

ဆန့်ကျင်၊ ငြင်းဆန်တဲ့အကြည့်တွေကြားမှာ ကလေးငယ်တွေက ကိုယ့်ကိုယ်ယုံကြည်မှုမဲ့တာတွေ သင်ယူနိုင်တယ်။ ဝေဖန်၊ အပြစ်တင်တဲ့အပြောတွေကြားမှာ ကလေးငယ်တွေက စိတ်ပျက်၊ ဝမ်းနည်းမှုတွေကို သင်ယူနိုင်တယ်။ ကူညီ၊ ဖေးမ၊ အားပေးတဲ့ အပြောတွေကြားမှာ ကလေးငယ်တွေက ယုံကြည်မှုတွေတိုးစေပြီး ချီးကျူး၊ ချီးမွမ်းမှုအောက်မှာ ကလေးငယ်တွေက မေတ္တာနဲ့ကျေးဇူးတရားကို နားလည်နိုင်မှာဖြစ်ပါတယ်။

မူရင်း---- http://www.netsermon.org/story or 不喜歡他,也要看到他的好

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Tuesday, January 19, 2010

စိတ်ချမ်းသာမှုကို ပွေ့ဖက်ပါ


လူတွေက စိတ်မကြည်လင်တဲ့အချိန် စိတ်ညစ်စရာတွေကို ကိုယ့်စိတ်ထဲ မသိမသာ ထည့်ထားမိတတ်တယ်။ တချို့က အခန်းတံခါးပိတ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ မကျေနပ်တာကို ရင်ထဲထည့်ထားပြီး တစ်ယောက်ထဲ စိတ်တိုဒေါသထွက်တတ်တယ်။ တချို့က မျက်မှောင်ကျုံ့ပြီး တောင်တောင်မြောက်မြောက် လျှောက်တွေးတတ်တယ်။ နောက်ဆုံးတော့ တွေးလေ စိတ်ညစ်လေ၊ ဒေါသထွက်လေ၊ ဝမ်းနည်းလေ ဖြစ်ကြရတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်စိတ်ကို ညှင်းပန်းနှိပ်စက်နေတဲ့အရာတွေ အပြင်ထွက်သွားအောင် ကိုယ့်စိတ်ပြတင်းပေါက်ကို ဖွင့်ပေးတတ်ရတယ်။

စိတ်ချမ်းသာမှုတစ်ခု ရချင်ရင် ပထမဦးဆုံး စိတ်ညစ်၊ စိတ်ဆင်းရဲစရာတွေထဲကနေ လွတ်မြောက်အောင် ကျွန်တော်တို့ အရင်ကြိုးစားသင့်တယ်။ စိတ်ညစ်စရာနဲ့ ကြုံတဲ့အခါ ခံစားချက် ဝန်ထုပ်ဝန်ပိုးတွေကိုချပြီး အဖြစ်မှန်ကို အရင်သုံးသပ်ကြည့်သင့်တယ်။ ပြီးမှ ဖြေရှင်းသင့်တဲ့အရာကို ဖြေရှင်းပြီး ဖြေရှင်းစရာမလိုတဲ့၊ ကိုယ့်စိတ်ကို ပိုရှုပ်ထွေးအောင်လုပ်တဲ့ အမှိုက်တွေကိုတော့ ဆုံးဖြတ်ချက် ဒုံးဒုံးချပြီး လွှင့်ပစ်တတ်ရမယ်။ ဒီလိုလုပ်ဆောင်နိုင်မှ စိတ်တွေလန်းဆန်းပြီး ဦးနှောက်တွေ ကြည်လင်လာနိုင်တယ်။ စိတ်ညစ်စရာတွေကို ဥပေက္ခာပြုတတ်ဖို့၊ စွန့်လွတ်တတ်ဖို့ လိုပါတယ်။

ဥပေက္ခာပြုတတ်၊ စွန့်လွတ်တတ်ဖို့ ဆိုတဲ့ထဲမှာ မှတ်သားသင့်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုထားပါတယ်။ တစ်ခါတုန်းက ခရီးသည်တစ်ဦးဟာ အန္တရာယ်များတဲ့ ချောက်ကမ်းပါးတစ်ခုကို ကျော်ဖြတ်ချိန်မှာ မတော်တဆ ချောက်ကမ်းပါးထဲ ပြုတ်ကျသွားခဲ့တယ်။ ပြုတ်ကျတဲ့အချိန် ကြောက်အားလန့်အားနဲ့ သစ်ကိုင်းတစ်ကိုင်းကို ဆွဲမိဆွဲရာ ဆွဲထားလိုက်တော့ ခရီးသည်ဟာ အပေါ်မရောက်၊ အောက်မရောက်နဲ့ အလယ်မှာ တွဲလောင်းကျနေခဲ့တယ်။ ဒီအချိန်မှာ ခရီးသည်က ဘုရားကိုအာရုံပြုပြီး ကယ်တင်ခံရဖို့ ဆုတောင်းတော့တယ်။ ဘုရားက ခရီးသည်ကိုကယ်တင်ဖို့ ကိုယ်ထင်ပြပြီး " အသင့်လက်ထဲက သစ်ကိုင်းကို လွတ်ချလိုက်ပါ" လို့ဆိုတယ်။ ဒါပေမယ့် ခရီးသည်က "လက်ကိုလွတ်လိုက်တာနဲ့ တပည့်တော် ချောက်ထဲကျသေနိုင်တယ်" လို့ပြောပြီး သစ်ကိုင်းကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်။

အဲဒီလို ခေါင်းမာတင်းခံတဲ့လူတစ်ယောက်ကို ဘုရားလည်း မကယ်တင်နိုင်ခဲ့ပါဘူး။ အဲဒီလိုပဲ စိတ်မကြည်လင်တဲ့အချိန် စိတ်ညစ်စရာတွေကို ကျွန်တော်တို့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတတ်တယ်။ လက်လွတ်ပြီး အခွင့်အကောင်းအသစ်ကို မရှာခဲ့ရင်၊ အတွေးသစ်တွေကို ဦးနှောက်ထဲအဝင်မခံခဲ့ရင် စိတ်ညစ်စရာ မြူစိုင်မြူခဲတွေထဲ ကိုယ်ပိတ်လှောင်ခံနေဦးမှာပါပဲ...

တကယ်တော့ အတွေးကိုပြောင်းလဲပြီး စိတ်သဘောထားကို အနည်းငယ်ပြုပြင်မယ် ဒါမှမဟုတ် အနေအထိုင်ပြောင်းပြီး ပတ်ဝန်းကျင်အသစ်ရှာမယ် စတာတွေနဲ့ စိတ်ဆင်းရဲစရာတွေကို ဖြေဖျောက်ပြီး စိတ်ချမ်းသာမှုတွေကို ကြိုဆိုနိုင်ပါတယ်။

ကျွန်တော့်မိတ်ဆွေတစ်ဦးက အမြဲတမ်း မျက်နှာရှစ်ခေါက်ချိုးနဲ့ ပြဿနာအသေးအမွှားအတွက် စိတ်တို၊ ဒေါသထွက်နေတတ်တယ်။ ကလေးတွေ အမှတ်မကောင်းလဲ သူ့ခမျာတစ်နေ့ကုန် စိတ်ညစ်နေတာပဲ။ သူ့အမျိုးသား မတော်တဆပြောမိတဲ့ စကားတစ်ခွန်းအတွက်နဲ့လည်း သူမစားနိုင်၊ မသောက်နိုင်ဖြစ်တတ်တယ်။ "ဘယ်လိုကိစ္စမျိုးမဆို ကျွန်မစိတ်ထဲမှာ အချိန်အကြာကြီးရှိနေတတ်ပြီး အလုပ်အကိုင်၊ နေထိုင်မှုတွေကို ထိခိုက်စေတဲ့ စိတ်ညစ်စရာတွေ ဖြစ်လာခဲ့တယ်" လို့ သူကဆိုပါတယ်။

တစ်နေ့မှာ စိတ်လက်မကြည်သာတဲ့အချိန် အရေးကြီးတဲ့အစည်းအဝေးတစ်ခု သူသွားရတယ်။ မှန်ထဲက မအီမသာဖြစ်နေတဲ့ ကိုယ်ရုပ်ကိုကြည့်ပြီး ကျွန်တော့်ကို သူဖုန်းဆက်တယ်။

"ဘယ်လိုလုပ်ရင် ကောင်းမလဲ? ကျွန်မစိတ်တွေညစ်နေတယ်။ ကျွန်မရုပ်က ညှိးနွမ်းပြီး သွက်လက်ပုံမပြဘူး။ ဒီအစည်းအဝေးက အရေးကြီးလို့ပါ"

"အဲဒီ ညစ်နေတဲ့စိတ်ကို လွတ်ချလိုက်ပါ။ ညှိးနွမ်းနေတာတွေပျောက်အောင် မျက်နှာသစ်လိုက်ပါ။ မျက်နှာကိုပြုပြင်ပြီး ကိုယ့်ကိုယ်ယုံကြည်မှုတွေ ထပ်ဖြည့်လိုက်ပါ။ ကိုယ်ဟာ ပျော်ရွှင်ချမ်းမြေ့သူတစ်ယောက်လို့ ထင်လိုက်ပါ။ ကိုယ့်ဟာ ပျော်ရွှင်မှု၊ ယုံကြည်မှုအပြည့်ရှိသူလို့ ထင်မှတ်ရင် ကိုယ့်ရဲ့စိတ်က ကြည်လင်လန်းဆန်းလာလိမ့်မယ်။ စိတ်ကြည်ရင် မျက်နှာကြည်မယ်၊ ပြုံးရွှင်မယ်"လို့ ကျွန်တော် အကြံပေးလိုက်တယ်။

အဲဒီညမှာ ကျွန်တော့်ဆီဖုန်းဆက်ပြီး "ဆရာ... ဒီတစ်ခေါက် အစည်းအဝေးမှာ ကျွန်မအောင်အောင်မြင်မြင် ပါဝင်နိုင်ခဲ့တယ်။ ပရော့ဂျက်အသစ်နဲ့ အလုပ်အသစ်ရလိုက်တယ်။ ကိုယ့်ကိုယ်ယုံကြည်မှုတွေ ဖြည့်လိုက်တာနဲ့ ယုံကြည်မှုတွေရလာမယ်၊ စိတ်ချမ်းသာမှုတွေဖြည့်ရင် စိတ်ညစ်စရာတွေ ပျောက်ကွယ်သွားမယ်ဆိုတာကို ကျွန်မတစ်ခါမှ တွေးထင်မထားခဲ့မိဘူး။ ဆရာရဲ့ အားပေးစကားတွေအတွက် ကျေးဇူးပါဆရာ"လို့ သူကပြောခဲ့တယ်။

ဒါဟာ စိတ်ကိုကုသတဲ့ နည်းဖြစ်တယ်လို့ သူ့ကို ကျွန်တော်ပြန်ပြောဖြစ်ခဲ့တယ်။

"လူတွေက ကိုယ့်စိတ်ခံစားချက်ကို ပြောင်းလဲတတ်ရမယ်။ ဒါမှ အတွေးအမြင်သစ်နဲ့ အပြုအမှုတွေကို ပြောင်းလဲနိုင်မယ်" ဒီသဘောတရားက လည်ပတ်နေတယ်။ အတွေးပြောင်းရင် ခံစားချက်ပြောင်းတယ်၊ ခံစားချက်ပြောင်းရင် အတွေးသစ်ရတယ်။ ဒီသဘောတရားပဲဖြစ်ပါတယ်။

ဒီလိုနည်းတချို့ကို ကျွန်တော်တို့သတိပြုထားသင့်တယ်။

(၁)ကိစ္စတစ်ခုကို စိတ်ရွှင်ရွှင်လန်းလန်းနဲ့ ကျွန်တော်တို့ လုပ်ဆောင်တော့မယ့်အခါ အထက်ကနည်းအတိုင်း ကိုယ့်စိတ်ထဲ ပျော်ရွှင်မှုတွေဖြည့်ပြီး စိတ်ညစ်စရာကို ပယ်ထုတ်လိုက်မယ်။ အမှိုက်အတွေးတွေနဲ့ ခံစားချက်အစုတ်တွေကို ကိုယ့်စိတ်ထဲကနေ လှဲကျင်းထုတ်လိုက်မယ်။

(၂) စိတ်ဓာတ်မြှင့်စာတွေ ဖတ်ပြီး ကိုယ့်စိတ်ခွန်အားတွေကို ဖြည့်မယ်။

(၃) ကိုယ့်အပြုအမှုကို ဂရုစိုက်ရမယ်။ ကိုယ်ကို ဖြောင့်မတ်အောင်ထားပြီး အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဝတ်ဆင်မယ်။ စိတ်လက်မပါ ငုပ်ငုပ်လျှိုးလျှိုး အပြုအမှုတွေက ကံမကောင်းခြင်းတွေရဲ့ စရိုက်လက္ခဏာဖြစ်တယ်။

(၄) အန္တရာယ်အခက်အခဲကြားမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်ရမယ်။ တင်းကျပ်နေတဲ့ စိုးရိမ်စိတ်ကို ဖြေလျော့တတ်ရမယ်။ ဖြေလျော့နည်းက ဥပမာ - အားကစားလုပ်မယ်၊ တရားထိုင်မယ်၊ ခရီးထွက်မယ်။

(၅) အမေရိကန်ကယ်ရီဖိုးနီးယားက စိတ်ပညာရှင် Ekmanက လေ့လာဆန်းစစ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ Ekman က အစမ်းသပ်ခံသူတွေကို အံ့သြတာ၊ ကောက်ကျစ်တာ၊
စိတ်ဓာတ်ကျ၊ ဒေါသထွက်တာ၊ ကြောက်လန့်၊ ပျော်ရွှင်တာစတဲ့ အမူအရာတွေ လုပ်ခိုင်းစေခဲ့တယ်။ စမ်းသပ်ခံသူတွေ လုပ်လိုက်တဲ့ အပြုအမှုအတိုင်းပဲ သူတို့စိတ်လည်းလိုက်ပြီး ပြောင်းလဲသွားတာကို တွေ့ခဲ့ရတယ်။ ကြောက်လန့်တဲ့အပြုအမှု လုပ်လိုက်တဲ့ စမ်းသပ်ခံသူတစ်ယောက်ရဲ့ နှလုံးခုန်ချက်ဟာ မြန်ဆန်ပြီး ကိုယ်အပူချိန်ကျသွားကြောင်း တွေ့ရတယ်။ တခြားအပြုအမှုလုပ်သူတွေမှာလည်း မတူတဲ့ ပြောင်းလဲချက်တွေကို တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ဘယ်လိုပြုမှုရင် စိတ်ခံစားချက်ကလဲလိုက်ပြီး ပြောင်းလဲတတ်ပါတယ်။

မူရင်း-- google search or 擁抱好心情

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark