Sunday, February 28, 2010

စိတ်တို၊ ဒေါသဖြစ်ဖို့ ......


ရှေ့ရက်က အိမ်ပြန်တဲ့ဘတ်စ်ကား ဂိတ်ခဏထိုးရပ်တာနဲ့ ခရီးသည်တွေ တပြုံကြီးတိုးတက်လာခဲ့တယ်။ ကျွန်မဘေးမှာလာရပ်တဲ့ ရုံးဆင်းစစုံတွဲတစ်တွဲက ကျွန်မအကြည့်ကို ဖမ်းစားထားခဲ့တယ်။ လူများတာကြောင့် ကောင်လေးက သူ့လက်မောင်းနဲ့ ကောင်မလေးလက်ကို မကြာခဏချိတ်နေခဲ့တယ်။ ပြီးတော့ အသံတိုးလေးနဲ့ "ပင်ပန်းခဲ့ပြီလား? ခဏနေကျရင် ဘာစားချင်လဲ?" လို့ မေးနေခဲ့တယ်။

ကောင်လေးအပြောကို ကောင်မလေးက စိတ်မရှည်သလိုနဲ့ "စိတ်ရှုပ်လိုက်တာ... ဘာစားမယ်ဆိုတာ အရင်ဆုံးဖြတ်မထားဘူးလား! ခင့်ကိုပဲ အမြဲမေးနေတော့တာပဲ"လို့ ပြန်ဖြေတယ်။

ကောင်လေးက အပြစ်ရှိသူတစ်ယောက်လို ခေါင်းလေးငုံ့ပြီး ကျွန်မစိတ်ထဲမှာ အစဉ်မှတ်မိနေစေမယ့် စကားတစ်ခွန်းကို ပြောခဲ့တယ်။

"ခင်ကို အမြဲမေးရတာက ခင်ကြိုက်တာကို မောင်လိုက်စားမလို့ပါ။ ပြီးတော့ ခင်ကျေနပ်သွားတဲ့အပြုံးကို မောင်မြင်ချင်လို့၊ နောက်ပြီး အလုပ်မှာ အဆင်မပြေခဲ့တာတွေ ခင်ခဏမေ့ထားနိုင်ဖို့ပါ။ အလုပ်ထဲထိ ခင်ကိုလိုက်ကူညီဖို့ မောင်မစွမ်းနိုင်ခဲ့လို့ မောင် အခုလို ပြောမိတာပါ"

ကောင်လေးစကားကိုကြားတော့ ကောင်မလေးက ရှက်ရွံ့ရွံ့နဲ့ "ဆောရီး..." လို့ ပြန်တောင်းပန်တယ်။

"ကိစ္စမရှိပါဘူး.. ခင်စိတ်ချမ်းသာရင် တော်ပါပြီ" ဆိုပြီး ကောင်လေးက ကောင်မလေးနဖူးကို ငုံ့နမ်းလိုက်တယ်။

ကျွန်မဆင်းမယ့် ကားဂိတ်ရောက်တော့ ကားပေါ်ကမဆင်းခင် သူတို့နှစ်ယောက်ကို ကျွန်မပြန်လှည့်ကြည့်မိတယ်။ ကောင်လေးက သူချစ်တဲ့ကောင်မလေးကို ကာကွယ်စောင့်ရှောက်ထားတုန်းပဲ။

ဒီလိုမြင်ကွင်းသာ မတွေ့ခဲ့မိရင်၊ ဒီလိုစကားသာ မကြားခဲ့မိရင် ကျွန်မလည်း ဒီနေ့အလုပ်မှာကြုံခဲ့တဲ့ရတဲ့ စိတ်ရှုပ်စရာတွေနဲ့ အိမ်ပြန်ရောက်ရင် ကိုယ်ချစ်တဲ့သူကို မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုပ်ပြတော့မယ်။ ကိုယ့်ခံစားချက်ကိုသာသိပြီး ကိုယ်အလိုမကျတဲ့မျက်နှာကို ဘုမသိဘမသိ ရင်ဆိုင်ရမယ့် တစ်ဘက်သားရဲ့ခံစားချက်ကို ကျွန်မလျစ်လျူရှူမိတော့မယ်။ ပြီးတော့ မရည်ရွယ်ဘဲ ကိုယ်နဲ့အရင်းနှီးလူကို စိတ်ထိခိုက်စေတော့မယ်။

ဒါကြောင့် အိမ်ထဲမဝင်ခင် "ဘတ်စ်ကားပေါ်က ကောင်မလေးလို ကိုယ့်စိတ်ရှုပ်စရာတာတွေကို တစ်ဘက်သားအပေါ် စုပုံချရက်သလား?"လို့ ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ အလုပ်မှာ အဆင်မပြေခဲ့တာတွေ၊ တစ်ခြားလူနဲ့ မကျေနပ်ခဲ့တာတွေကို ကိုယ်ချစ်တဲ့သူတွေအပေါ် ပုံချပြီး ကျွန်မတို့ရဲ့ဆက်ဆံရေးကို မဆိုးဝါးစေချင်ခဲ့ပါဘူး။

ဒီလို ကိုယ့်ခံစားချက်ကို ကိုယ်ဖမ်းချုပ်မထားနိုင်ချိန်မှာ ဒီလိုအမေးမျိုးကို ကျွန်မတို့ သတိရသင့်တယ်။ ဒါဟာလည်း စိတ်ရှုပ်စရာအခြေအနေမှာ အပြုံးတစ်ခုတိုးစေတဲ့ နည်းဖြစ်တယ်။

တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။

တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းကိုသေချာစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ကိုရင်တွေက ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ ကွဲကြေခဲ့တယ်။ ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေက အရမ်းထိတ်လန့်ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။

ဘုန်းကြီးပြန်ရောက်တဲ့အခါ ကိုရင်တွေက အကျိုးအကြောင်းပြောပြတယ်။ ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင် "ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်းဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး" လို့ ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပါယ်ရှိပါတယ်။ စိတ်ဆိုး၊ ဒေါသထွက်ဖို့ သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။ ဘုန်းကြီးက သစ်ခွပန်းကြိုက်တယ်ဆိုတာ မှန်ပေမယ့် သူ့စိတ်ထဲမှာ သစ်ခွဆိုတဲ့အစွဲကိုမထားဘူး။ ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွဆုံးရှုံးတာက သူစိတ်ကို ပျော်အောင်၊ ဒေါသထွက်အောင် မသက်ရောက်စေနိုင်ခဲ့ဘူး။

နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများခဲ့တယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့ မပျော်ရွှင်ခဲ့ကြဘူး။

"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး""
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"

စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွန်မတို့ဒီလို တွေးတောနိုင်ခဲ့ကြရင် ကျွန်မတို့ရဲ့စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်မတို့ တနည်းနည်းနဲ့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မူရင်း-- http://www.minghui-school.org

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, February 27, 2010

အိပ်မက်ထဲမှာရွာတဲ့မိုး

မင်းခိုက်စိုးစန်
ကောင်မလေးရေ…..
ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို… မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့
ငိုတော့မယ်…..။

ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဘက်ဆီက သတိရခြင်းတွေ
တက်လာတယ်….
ဟောဒီတစ်သက်မှာ…
ဘယ်တုန်းကမှ အိပ်မက် မမက်ဘူးတဲ့ကောင်
ခုတော့… အလွမ်းတွေနဲ့ မှောင်…လို့။

ကယောင်ကတမ်း ညည်းရင်း လန့်နိုး
"မုန်တိုင်းက.. မင်းနာမည်ကို ခိုးသွားတယ်…"
အဲသည်.. တစ်စုံတစ်ရာသော "မိုး" လေ…
ငါ့ ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်…။

မင်းခိုက်စိုးစန်


Share/Bookmark

တစ်ချိန်တုံးက သူငယ်ချင်း


ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်စ၊ နှစ်ယောက်စနဲ့ တစ်ခါတလေမှာ ကျွန်မပြန်ဆုံမိတတ်တယ်။ ပြန်ဆုံမိတိုင်း ကျောင်းအတူတက်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေအကြောင်း ကျွန်မတို့ပြောဖြစ်ကြတယ်။ ဘယ်သူကဖြစ် ဘယ်ရောက်နေပြီ၊ ဘာဖြစ်နေပြီစသည်ဖြစ် သူငယ်ချင်းတချို့ ကောင်းစားတာကြားရင် ဝမ်းသာသလို၊ အဆင်မပြေတာကြားရင် စိတ်မကောင်းဖြစ်ရတယ်။

ကျောင်းပြီးကတည်းက သူငယ်ချင်းတွေနဲ့ အဆက်အသွယ် နည်းခဲ့ကြတယ်ဆိုပေမယ့် လူသတင်းလူချင်းဆောင်ဆိုသလို သူငယ်ချင်းတွေအကြောင်းကို သူငယ်ချင်းတွေဆီကတဆင့် ကျွန်မပြန်ကြားရတတ်တယ်။ သူငယ်ချင်းအားလုံးရဲ့နာမည်ကို ချက်ချင်းပြန်မမှတ်မိခဲ့သည့်တိုင် ဟိုအင်္ကျီအမြဲဝတ်တတ်တဲ့ တစ်ယောက်လေ၊ ဟိုဆံပင်ပုံစံနဲ့လေလို့ လူတစ်ယောက်ရဲ့သဏ္ဍာန်တွေကို ခုထက်ထိ ကျွန်မတို့မှတ်မိနေတတ်ကြတယ်။

ဟိုတလောကလည်း သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း ကျောင်းတုန်းက သူငယ်ချင်းတွေအကြောင်း ပြောဖြစ်ခဲ့တယ်။

ကျွန်မတို့နဲ့ ဒုတိယနှစ်အထိအတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က ကျောင်းမှာ ဂျူတာပြန်ဖြစ်နေပြီလို့ ဆိုတယ်။ အဲဒီသူငယ်ချင်းက ရိုးအေးပြီးစကားနည်းတယ်၊ လူတွေကိုကြောက်တတ်တယ်။
အခု ဂျူတာဖြစ်နေတယ်ဆိုတော့ ကျောင်းသားတွေရှေ့ စာရှင်းပြနေတဲ့သူပုံကို ကျွန်မမြင်ယောင်ကြည့်မိတယ်။ သိပ်တော့မအံ့သြခဲ့ပါဘူး။ အချိန်က လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

အတန်းမှန်မှန်မတက်ဘဲ စာမေးပွဲနီးမှ ကျွန်မတို့ဆီ စာတောင်းကူးတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ကွန်ပြူတာတက္ကသိုလ်မှာ နည်းပြဖြစ်နေတယ်လို့ကြားတယ်။ အဲဒီသူငယ်ချင်းက မနက်ပိုင်းအတန်းမှာ သိပ်မတွေ့ရတတ်ဘူး။ ပါးစပ်မှာ အမြဲတမ်း ကွမ်းသွေးတနီနီနဲ့ ကျောင်းလာရင် လွယ်အိတ်တောင် လွယ်သူမဟုတ်ခဲ့ဘူး။ သူ့ဘဝကို အချိန်ကပဲ ပြောင်းလဲလိုက်တာလား! ငွေကပဲ ပြောင်းလဲလိုက်တာလား! ဒါကိုတော့ ကျွန်မသေချာမသိခဲ့ဘူး။

ကျွန်မတို့အတန်းထဲမှာ အသားတော်တော်ညိုတဲ့လူ နှစ်ယောက်ရှိတယ်။ ညိုတယ်ဆိုတာထက် မည်းတယ်လို့ ပြောလို့ရတယ်။ သူတို့က ဝန်ထမ်းသားသမီးတွေ၊ ရှမ်းပြည်နယ်ခံတွေ မဟုတ်ကြဘူး။ အဲဒီထဲကတစ်ယောက်က အတန်းတော့ မှန်မှန်တက်တယ်။ ဒါပေမယ့် စာလိုက်လုပ်တာ သိပ်မတွေ့ဘူး။ သူက ဘာသာစုံ ကျူရှင်တက်သူဆိုတော့ ကောင်မလေးလာငမ်းဖို့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့တွေ့ဖို့ ကျောင်းလာတယ်လို့ ကျွန်မထင်တယ်။ သူက အခုချိန်မှာ ဗိုလ်ကြီးဆိုလား ဖြစ်နေတယ်လို့ဆိုတယ်။ ရခိုင်စစ်တွေဖက်မှာ တာဝန်ကျတယ်လို့ ကြားတယ်။ သူတာချီလိတ်မှာ တာဝန်ကျတုန်းက သူငယ်ချင်းတချို့ ကောင်းစားသွားတယ်လို့လည်း ကြားတယ်။ ဘာဖြစ်လို့ သူပြောင်းသွားမှ ကျွန်မရောက်လာတာလဲ! လို့ မချင့်မရဲဖြစ်မိပါတယ်။

ကျွန်မတို့အတန်းထဲမှာ အလှဘုရင်မလို့ တင်စားနိုင်တဲ့တစ်ယောက်က အခုတောင်ကြီးမြို့မှာပဲ အပ်ချုပ်ဆိုင်ဖွင့်ထားတယ်လို့ ကြားတယ်။ ကျွန်မတောင်ကြီးရောက်တုန်းက သူနဲ့မတွေ့ခဲ့မိဘူး။ သူအပ်ချုပ်ဆိုင်ဖွင့်တာ ကျွန်မသိပ်တော့မအံ့သြဘူး။ သူက ကျောင်းတက်ကတည်းက အင်္ကျီဒီဇိုင်းမျိုးစုံနဲ့ လှပအောင်ဝတ်ဆင်တတ်သူ၊ ဆံပင်ပုံတွေ တစ်လတစ်မျိုးပြောင်းပြီး ကိုယ်ကိုယ်လှအောင် ပြင်ဆင်တတ်သူဖြစ်တယ်။ ခုတော့ သူကိုယ်တိုင်လှအောင် ဝတ်ဆင်ရုံတင်မက တစ်ခြားသူလည်း လှလှပပဝတ်ဆင်နိုင်အောင် အပ်ချုပ်ဆိုင်လေးဖွင့်ခဲ့တယ်။ ဒါကြောင့် သူ့စေတနာနဲ့ တောင်ကြီးမြို့မှာ
သူ့အပ်ချုပ်ဆိုင် နာမည်ကြီးတာဖြစ်မယ်လို့ ကျွန်မထင်တယ်။

ကျွန်မတို့နှစ်က အရပ်ပိန်ပိန်ပါးပါး ဆံပင်လှိုင်းတွန့်နဲ့ စကားအလွန်များပြီး ဂျင်းဘောင်းဘီမှာချိန်းကြိုးမျိုးစုံ ဆွဲထားတတ်သူတစ်ယောက်ကိုတော့
နာမည်နဲ့တွဲပြီး ကျွန်မမှတ်မိနေခဲ့တယ်။ ကျွန်မတို့တတိယနှစ် ချောင်းသာသွားတုန်းက သူတို့ဦးဆောင်ခဲ့တာမို့ သူတို့အဖွဲ့ကို ကျွန်မကောင်းကောင်းမှတ်မိနေခဲ့တယ်။ အခုသူက တောင်ကြီးမြို့မှာ တော်တော်နာမည်ကြီးနေတယ်လို့ဆိုတယ်။ ဗိုလ်ကတော်တွေကဆို "ဆရာအောင်.. ဆရာအောင်"နဲ့ သူ့ကိုအိမ်ပင့်လိုက်၊ ယတြာချေခိုင်းလိုက်နဲ့ အားချိန်ကိုမရှိဘူးလို့ ကြားတယ်။ သူ့အဖေရဲ့ အကျော်အမော်အမွေကို သူဆက်ခံခဲ့ပုံရတယ်။ ခုတော့ အင်္ကျီလည်ဂတုံး၊ ရခိုင်ပုဆိုးနဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်ကြားမှာ ခန့်ခန့်ကြီးထိုင်နေတဲ့သူကို ဒီတစ်ခေါက်တောင်ကြီးပြန်ရင် ကျွန်မသွားရှာကြည့်ပါဦးမယ်။

ကျောင်းကတည်းက ကဗျာတွေ၊ စာတွေသူရေးခဲ့တယ်။ အဲဒီတုန်းက စာပိုး၊ ကဗျာပိုးတွေ ကျွန်မကိုယ်ပေါ်မှာ သိပ်မရှိသေးတာကြောင့် သူရေးတဲ့စာတွေကို ကျွန်မ မဖတ်ခဲ့ရဖူးဘူး။ ကွမ်းသွေးနီနီပေနေတဲ့ သူ့ပါးစပ်ရယ်၊ ပအိုဝ့်လွယ်အိတ် အနီရောင်ကြီးကို အမြဲတစောင်းလွယ်တတ်တဲ့ သူ့စတိုင်လ်က ကဗျာဆရာရုပ် မပေါက်ခဲ့လို့လည်းဖြစ်မယ်။ အခုတော့ ကွမ်းဖြတ်၊ ဆေးလိပ်ဖြတ်နဲ့ ရန်ကုန်မှာ သူ့ပန်းချီပြပွဲတောင် လုပ်နေပြီလို့ ကြားတယ်။ လူတစ်ယောက်ရဲ့အရည်အချင်းကို အပြင်ပန်းနဲ့ အဆုံးအဖြတ်ပေးလို့မရမှန်း ကျွန်မနားလည်လိုက်တယ်။ သူတတ်တဲ့အနုပညာနဲ့ လောကကြီးကို အလှတွေဖြည့်နေတဲ့သူ အောင်မြင်စေဖို့ ကျွန်မဆုတောင်းမိတယ်။

ပထမနှစ်ကတည်းက ကျွန်မတို့နဲ့သူရင်းနှီးခဲ့တယ်။ နောက်တော့ ကျွန်မတို့နှစ်က မေဂျာကင်းအဖြစ် သူအရွေးခံရတယ်။ အဲဒီတုန်းက သူ့ထက်ချောတဲ့လူကို ကင်းမရွေးဘဲ ဘာဖြစ်လို့သူ့ကိုမှ ရွေးကြတာလဲဆိုတဲ့ ပွစိပွစိစကားတွေ
ကျောင်းသားတွေကြားမှာ ထွက်ခဲ့သေးတယ်။ ကင်း(ဘုရင်)တစ်ယောက်မှာ ရှိသင့်တဲ့အရာက အပြင်ပန်းဥပဓိရုပ်သာမက စိတ်နေသဘောထားပါလိုကြောင်း အခုသူ့ကိုပြန်တွေ့မှ ကျွန်မသိလိုက်ရတယ်။ အရင်တုန်းက ကင်းအဖြစ်ရာထားတဲ့၊ သူ့ထက်ချောတယ်ဆိုတဲ့ လူတွေက အခုချိန်မှာတော့ ဗိုက်ရွဲရွဲ၊ ကွမ်းသွေးတပေပေ၊ မျက်လုံးနီကြောင်ကြောင်တွေ ဖြစ်ကုန်ပေမယ့် သူ့က ဆေးလိပ်မသောက်၊ ကွမ်းမစား၊ ပျော်ရွှင်တဲ့မိသားစုတစ်စုနဲ့ တချိန်တုန်းက ကင်းဆိုတဲ့ဂုဏ်ပုဒ်ကို လက်ကိုင်ထားနိုင်ခဲ့တယ်။ တာချီလိတ်လာလို့ ရန်ကုန်အဲဝေးလ်လေကြောင်း စီးဖြစ်တဲ့အခါ လေယာဉ်ကောင်တာမှာ မျက်နှာပြုံးပြုံးရွှင်ရွှင်နဲ့ ခရီးသည်တွေကြားမှာ ယူနီဖောင်းအပြည့်နဲ့သူ့ကို တွေ့ရပါလိမ့်မယ်။ အဲဒီအခါကျရင် တစ်ချိန်ကသူ့ကို ကင်းရွေးခဲ့တာမှန်မမှန် ကျွန်မတို့ သိရပါလိမ့်မယ်။

သတင်းစာဖတ်တိုင်း "ကျောင်းသူ/ကျောင်းသားဟောင်းများတွေ့ဆုံပွဲ"ဆိုတဲ့ကြေညာကို ကျွန်မအရမ်း နှစ်သက်မိတယ်။ တစ်နေ့နေ့မှာ ကျွန်မတို့လည်း ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံနိုင်ကြမယ်လို့ မျှော်လင့်မိတယ်။ လတွေနှစ်တွေတိုက်စားလို့ အရွယ်အိုဟောင်းနွမ်းသွားကြပေမယ့် သူငယ်ချင်းတွေအပေါ်ထားတဲ့ သူတို့ရဲ့ခင်မင်မှုတွေက လျော့သွားကြမယ်မထင်ဘူး။

ဘဝထဲ လူတွေဝင်လာကြတယ်၊ လူတွေထွက်သွားကြတယ်။ စစ်မှန်တဲ့ သူငယ်ချင်းတွေသာ ကိုယ့်ဘဝမှာ ခြေရာထင်ကျန်ရစ်ခဲ့သတဲ့။ သူငယ်ချင်းဘဝက လွတ်လပ်တယ်၊ အပူပင်မဲ့တယ်၊ ဟန်ဆောင်မှုကင်းတယ်၊ ပွင့်လင်းတယ်။ ကိုယ်ငိုချိန်မှာ သူငယ်ချင်းက ပခုံးတစ်စုံ၊ ကိုယ်ကျရှုံးချိန်မှာ သူငယ်ချင်းက ကောက်ရိုးတစ်မျှင်၊ ကိုယ်စိတ်ပျက်အားငယ်ချိန်မှာ သူငယ်ချင်းက အားပေးဖော်ဖြစ်ခဲ့တယ်။ အခုလည်းဒီလို၊ နောင်လည်းဒီလိုပဲဖြစ်မယ်။ အဆက်အသွယ်နည်းခဲ့ပေမယ့် သူငယ်ချင်းတွေကတဆင့် သူငယ်ချင်းတွေရဲ့အကြောင်းကို ကြားရတယ်။ အမြဲဖုန်းဆက်၊ စာရေးပြီး မဆက်သွယ်ခဲ့ကြပေမယ့် သူငယ်ချင်းတွေက ကျွန်မတို့ရဲ့ နှလုံးအိမ်ထောင့်တစ်နေရာမှာ ရှိခဲ့ကြတယ်။ ကျွန်မလိုပဲ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ တစ်ချိန်ကသူငယ်ချင်းတွေအကြောင်း ပြောဖြစ်ကြမယ်ထင်ပါတယ်။ အောင်မြင်နေတဲ့ သူငယ်ချင်းတွေအတွက် သူတို့ရဲ့ကြိုးစားမှုကို ဝမ်းသာပီတိဖြစ်မိသလို မအောင်မြင်သေးတဲ့ သူငယ်ချင်းတွေကိုလည်း စိတ်ထဲမှာအားပေးနေကြလိမ့်မယ် ထင်ပါတယ်။

သူငယ်ချင်းရဲ့သတင်းကို သူငယ်ချင်းတွေကပဲ သယ်ဆောင်နိုင်ပါတယ်။ တစ်နေ့နေ့ကျရင် သူငယ်ချင်းအချင်းချင်း ဆုံမိကြတဲ့အခါ "ဟို... အုန်းမှုတ်ခွက်ကေနဲ့ ဝတုတ်တုတ်ကောင်မလေးလေ၊ စာစီစာကုံးကိုတောင် ဖြောင့်အောင်မရေးတတ်တဲ့တစ်ယောက်လေ.... နိုင်းနိုင်းစနေဆိုတဲ့နာမည်နဲ့ စာတွေရေးနေတယ်တဲ့" လို့ သူတို့ပြောဖြစ်ကောင်း ပြောဖြစ်ကြလိမ့်မယ် ထင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, February 26, 2010

စကားလုံးရဲ့အင်အား


ကောင်းတဲ့စကားလုံးအသုံးအနှုန်းက လူကိုအကျိုးအမြတ်ရစေတယ်၊ ကြီးပြင်းစေတယ်၊ စိတ်လှုပ်ရှားရင်ခုန်စေတယ်။ ဆန့်ကျင်ဖက်ဖြစ်တဲ့ မကောင်းတဲ့စကားအသုံးအနှုန်းက လူကိုဒေါသဖြစ်စေတယ်၊ ရန်ငြိုးဖြစ်စေတယ်၊ တစ်ချိန်တည်းမှာပဲ မကောင်းတဲ့နောက်ဆက်တွဲတွေ ဖြစ်ပေါ်စေတယ်။ စကားလုံးကို နားလည်သူတစ်ယောက်က သင့်လျော်သလို စကားလုံးကို လှလှပပသုံးနိုင်ရုံတင်မက စကားလုံးနဲ့ သူတစ်ပါးအကျိုးကို စေတနာရှိရှိ ဆောင်ရွက်နိုင်မှာဖြစ်တယ်။

ချမ်းအေးတဲ့ဆောင်းနေ့တစ်နေ့ လူစည်ကားတဲ့လမ်းမတစ်နေရာမှာ ဟောင်းနွမ်းတဲ့အဝတ်အစားနဲ့ မျက်မမြင်အဘိုးအိုတစ်ဦး တောင်းရမ်းနေခဲ့တယ်။ ညစ်ပတ်တဲ့သူ့ကိုယ်ပေါ်မှာ ပျဉ်ပြားတစ်ချပ် ချိတ်ဆွဲထားတယ်။ အဘိုးအိုက တိုင်တစ်တိုင်ကိုမှီပြီး ချမ်းအေးတဲ့အအေးဒဏ်ကို အန်တုနေခဲ့တယ်။ ဆောင်းလေက အကြင်နာမဲ့စွာ သူ့ကိုယ်ပေါ် တဟူးဟူးဖြတ်တိုက်နေခဲ့တယ်။ မြင်ရသူအဖို့ ရင်နင့်စရာမြင်ကွင်းဖြစ်ခဲ့တယ်။

တစ်နေ့မှာ ဆင်းရဲသားကဗျာဆရာတစ်ဦး အဘိုးအိုရှေ့ဖြတ်လျှောက်မိတယ်။ ကဗျာဆရာက အဘိုးအိုကိုသနားပြီး ပေးကမ်းဖို့ ကိုယ့်အိတ်ကပ်ကို စမ်းကြည့်လိုက်တယ်။ ဒါပေမယ့် အိတ်ကပ်ထဲမှာ တစ်ပြားတစ်ချပ်မှ ရှိမနေခဲ့ဘူး။ ကဗျာဆရာက အဘိုးအိုကို သူလည်းဆင်းရဲတာကြောင့် ဘာမှမပေးနိုင်ကြောင်း ဒါပေမယ့် အဘိုးအိုကိုယ်ပေါ် ချိတ်ဆွဲထားတဲ့ပျဉ်ပြားပေါ်မှာ စာတချို့ရေးပြီး ကူညီခဲ့ချင်ကြောင်းပြောတယ်။

နောက်ပိုင်းမှာ အဘိုးအိုက လမ်းသွားလမ်းလာတွေရဲ့ သနားကရုဏာကိုပိုရခဲ့တယ်။ ဒီလိုနဲ့ အချိန်တွေတဖြေးဖြေး ကုန်လွန်သွားခဲ့တယ်။ တစ်ရက်မှာ ဆင်းရဲသားကဗျာဆရာနဲ့ အဘိုးအိုတို့ ဆုံမိကြပြန်တယ်။ အဘိုးအိုက ကဗျာဆရာကို "ပျဉ်ပြားပေါ်မှာ ဘာတွေရေးပေးခဲ့လို့ လူတွေကအဘိုးကို ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲကြတာလဲ?" လို့ မေးတော့ ကဗျာဆရာက ပြုံးပြုံးရယ်ရယ်နဲ့ "ပျဉ်ပေါ်မှာ "နွေရောက်တော့မယ်.. ဒါပေမယ့် ငါမမြင်နိုင်ဘူး" လို့ ရေးခဲ့တာပါ" လို့ ပြန်ဖြေတယ်။

စာပေပညာရှင်ရဲ့ စကားအသုံးအနှုန်းက လူတွေရဲ့စိတ်ကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်။ ဆင်းရဲသားကဗျာဆရာက အဘိုးအိုရဲ့အားနည်းချက်ကို လှလှပပဖော်ကျူးပြီး လူတွေကို ကရုဏာပိုစေခဲ့တယ်။ ကဗျာဆရာက အဘိုးအိုကို ကူညီနိုင်ခဲ့သလို စကားလုံးရဲ့အင်အားကိုလည်း ထုတ်ဖော်ပြသနိုင်ခဲ့တယ်။ ကလောင်သွားက ဓားသွားထက် ထက်သတဲ့။ ကလောင်သွားနဲ့ လူတစ်ယောက်ကို ခေါင်းမဖော်ဝံ့အောင် သတ်နိုင်သလို လူတစ်ယောက်ကို လမ်းမှန်ရောက်ဖို့လည်း တွန်းတင်နိုင်ပါတယ်။

မူရင်းရေးသားသူ-- Lee Yun Zhong

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, February 25, 2010

တွေးတွေးပြီးရယ်


(၁)
ဖက်ထုပ်လေးနှစ်ထုပ် မင်္ဂလာဆောင်တယ်။ သတို့သားဖက်ထုပ်က ဧည့်သည်တွေကို ပြန်ပို့ပြီးနောက် အိပ်ခန်းထဲဝင်လာတယ်။ ကုတင်ပေါ်မှာ အသားတုံးတစ်တုံးတွေ့တော့ ကြောက်အားလန့်အား ထအော်တယ်။

"ငါ့ သတိုးသမီး ဘယ်ရောက်သွားလဲ?"

အဲဒီအခါ အသားတုံးက ရှက်ရှက်နဲ့ပြန်ပြောတယ်။

"ဟင့်... သူများ အင်္ကျီချွတ်လိုက်တာနဲ့ သူများကို မမှတ်မိတော့ဘူးလားတဲ့!"


(၂)

သခွါးသီး အသဲကွဲပြီး ငိုနေတယ်။ ခရမ်းသီးက ဘေးကနေပြီး နှစ်သိမ့်နေတယ်။

"အချစ်က လှပရုံတင်မကဘူး မူးယစ်စေတယ်၊ ကြေကွဲစေတယ်၊ မျက်ရည်ကျစေတယ်၊ ဟင်း! မင်းကွာ... ကြက်သွန်နီကိုမှ သွားချစ်မိတယ်လို့!"


(၃)
ငိုပြီးပြန်လာတဲ့ ခြင်ကလေးကို ခြင်မေမေက ဘာဖြစ်တာလဲလို့ မေးတယ်။

ခြင်ကလေး "အီး..ဟီး.. ဖေဖေသေသွားပြီ!"

ခြင်မေမေ "ဟင်း... ဖေဖေက သားနဲ့အတူ စတိတ်ရှိုးသွားကြည့်တာ မဟုတ်လား!"

ခြင်ကလေး "ဟုတ်တယ်.. ပရိသတ်လက်ခုပ်တီးတဲ့အချိန် ဖေဖေမရှောင်ခဲ့ဘူး..."


(၄)
ယောက်ျားဖြစ်သူက မိန်းမကိုမေးတယ်။

"နင့်ကိုငါ စိတ်ညစ်အောင်လုပ်တာတောင် နင်ပြန်မငြင်းခဲ့ဘူးနော်! နင့်ဒေါသကို နင်ဘယ်လို ထိန်းခဲ့တာလဲ!"

"ငါ အိမ်သာသွားဆေးတယ်လေ"

"ထူးလို့လား?"

"ထူးတာပေါ့။ နင့်ရဲ့သွားတိုက်တံနဲ့ ဆေးတာလေ"


(၅)
ဆရာက ကျောင်းသားတွေကို KFCရဲ့ကြော်ငြာဖြစ်တဲ့ "We do chicken right"ကို ဘာသာပြန်ခိုင်းတော့ ကျောင်းသားတွေက မတူတဲ့အဖြေတွေနဲ့ အမှားလိုက် ဘာသာပြန်ထားကြတာတွေ့ရတယ်။ သူတို့ ဘာသာပြန်ထားတာတွေက...

(၁) ကျွန်တော်တို့ ကြက်လုပ်တာမှန်တယ်
(၂) ကျွန်တော်တို့ ကြက်လုပ်တယ်
(၃) ကျွန်တော်တို့မှာ ကြက်လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်
(၄) ကျွန်တော်တို့က ကြက်ညာဖက်ပဲလုပ်တယ်
(၅) ကျွန်တော်တို့က ကြက်ရဲ့ညာဖက်ကိုပဲလုပ်တယ်
(၆) ကျွန်တော်တို့ ကြက်လုပ်နိုင်တယ်။ မှန်လား?
(၇) ကျွန်တော်တို့ ကြက်လုပ်တာပဲ ကောင်းတယ်
(၈) ကျွန်တော်တို့ကပဲ ကြက်လုပ်လို့ရတယ်
(၉) ကြက်ရှိတယ်... ညာကြည့်ပါ
(၁ဝ) ကျွန်တော်တို့ ကြက်ကိုကောင်းကောင်းဆက်ဆံရမယ်
(၁၁) ကျွန်တော်တို့ ကြက်မှန်မှန်ကန်ကန်လုပ်တယ်
(၁၂) ကျွန်တော်တို့ ကြက်စစ်စစ်လုပ်တယ်
(၁၃) ကျွန်တော်တို့ မှန်တဲ့ကြက်လုပ်တယ်
(၁၄) ကျွန်တော်တို့ လက်ရှိကြက်လုပ်တယ်

တစ်ရက်တစ်ရက် ပျင်းဖို့ကောင်းတယ်။ ဟိုနားဒီနားလည်း သိပ်မသွားရဲဘူး။ အိမ်မှာပဲ စားလိုက်၊ ခွေကြည့်လိုက်၊ ကွန်ပြူတာဖွင့်လိုက်ပါပဲ။ မြန်မာကျောင်းတွေ စပိတ်ပြီဆိုတော့ မနက်ဖြန်ကျောင်းသားစလက်ခံပြီ။ လကုန်ရင်တစ်နေကုန် စာသင်ရတော့မယ်။ နွေဆိုတော့ ဘယ်လိုနေနေ ပျင်းစရာကြီးလားလို့...

ကျွန်မလိုပဲပျင်းနေရင် ရယ်ရအောင် ဖတ်မိတာလေး ရေးလိုက်ပါတယ်။ နံပါတ်(၄)ကို အီးမေးလ်ပို့ပေးသူကို ကျေးဇူးတင်ပါတယ်။ ရယ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ရယ်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ^_^

နိုင်းနိုင်းစနေ


Share/Bookmark

အင်တာနက်ပေါ်က "အချစ်"



တကယ်လို့အချစ်မှာ အကြောင်းပြချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။

တကယ်လို့အချစ်မှာ ရည်ရွယ်ချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဖြေရှင်းခွင့်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဆင်ခြေတွေရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။

အချစ်က ဒဿနတွေနဲ့ မကိုက်ညီဘူး။ ဒါကပဲ အချစ်ရဲ့ဒဿနဖြစ်မယ်ထင်ပါတယ်။

ကိုယ့်ချစ်သူက လူအများသတ်မှတ်ထားတဲ့ ပြီးပြည့်စုံသူ၊ ကိုယ်နဲ့ထိုက်တန်သူ၊ ကိုယ့်အတွက် မှန်ကန်သူ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမယ့် သူဟာကိုယ့်အတွက် အရာအားလုံးကို မေ့ထားစေနိုင်တဲ့သူ၊ ကိုယ်မချစ်ဘဲ မနေနိုင်စေတဲ့သူဖြစ်တယ်။

အချစ်ခံရလို့ အချစ်ကို အချစ်လို့ခေါ်တာမဟုတ်ဘူး။ ချစ်နေတာကိုက အချစ်ဖြစ်တယ်။
အချစ်မခံရလို့ ကိုယ့်အချစ်တွေ မဆုံးရှုံးသွားနိုင်ဘူး။ အချစ်ကချစ်သူရဲ့ နှလုံးအိမ်ထဲမှာရှိတယ်။ အချစ်ခံသူရဲ့ အကြည့်ထဲမှာရှိတာမဟုတ်ဘူး။

အချစ်က နှလုံးသားထဲမှာပဲရှိတယ်။ နုတ်ခမ်းဖျားမှာရှိတာမဟုတ်ဘူး။
မချစ်လို့ ထုတ်မပြောတာမဟုတ်ဘူး။ ချစ်လွန်းလို့ ထုတ်မပြောတာ။
ချစ်လွန်းလို့ ခံစားရမှာစိုးခဲ့တယ်။ ချစ်လွန်းလို့ ကိုယ်တိုင်ပဲခံစားခဲ့တယ်။
ချစ်လွန်းလို့ အချစ်ကို အလွယ်တကူ ဆုံးရှုံးရတတ်တယ်။

အချစ်က ကြောင်တောင်ကန်းပါ။
ချစ်နေချိန်မှာ တစ်ဘက်သားရဲ့ အားနည်းချက်ကို မမြင်တတ်ကြဘူး။ အားသာချက်ကိုပဲမြင်ပြီး အားသာချက်ဟာ အားသာချက်၊ အားနည်းချက်ဟာလည်း အားသာချက်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် လမ်းခွဲချိန်မှာတော့ အမှားဟာ အမှားပဲ၊ အမှန်ဟာလည်း အမှားဖြစ်ကုန်ကြတယ်။

အချစ်က မျက်ရည်ရဲ့စစ်သုံ့ပန်းအဖြစ်မခံဘူး။ ရင်ခုန်ခြင်း၊ သနားကြင်နာခြင်းရဲ့ စစ်သုံ့ပန်းအဖြစ်သာ ခံလိမ့်မယ်။

သဝန်တိုခြင်းက အချစ်ကို သိသာထင်ရှားစေတဲ့အရာ မဟုတ်ဘူး။
အချစ်ရဲ့အရင်းခံက အချင်းချင်းယုံကြည်တာပဲဖြစ်တယ်။
သဝန်တိုခြင်းမှာ သံသယနဲ့ မယုံကြည်တာတွေပါတယ်။

အချစ်မှာ ဘယ်တော့မှမျှတမှုမရှိဘူး။ အချစ်မှာ မျှတမှုတွေရှိလာခဲ့ရင် အဲဒါအချစ်မဟုတ်တော့ဘူး။ ချစ်သူအတွက် အရာရာကို ကိုယ်ပေးဆပ်နိုင်တယ်။ ဒါပေမယ့် ကိုယ့်အတွက်ပေးဆပ်ဖို့ အချစ်ကို မတောင်းဆိုသင့်ဘူး။ ချစ်သူကို ကိုယ်မစွန့်ခွါလို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုချစ်သူစွန့်သွားတဲ့အခါ အချစ်ကို ရက်စက်တယ်လို့ အပြစ်မဆိုသင့်ဘူး။

အချစ်ကို အဓ္ဓမလုပ်ယူလို့မရသလို ပိုင်စိုးပိုင်နင်းလည်း လုပ်လို့မရဘူး။ အချစ်က နူးညံ့သိမ်မွေ့လွန်းတယ်။ အချစ်ကို လိုချင်ရင် သူ့ကိုလွတ်လပ်မှုအရင်ပေးပါ။ ကိုယ့်ဆီသူပြန်လာရင် ဒါကိုယ့်ရဲ့အချစ်ဖြစ်တယ်။ တကယ်လို့ ပြန်မလာခဲ့ရင် သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။

ကိုယ်အလျှင်စလို ဖြတ်သန်းခဲ့တဲ့ရှုခင်းက အလှဆုံးဖြစ်တယ်။
ကိုယ့်ကိုနက်နက်ရှိုင်းရှိုင်း နာကျင်စေခဲ့တဲ့အချစ်က အချစ်ဆုံးဖြစ်တယ်။

နှလုံးသားရဲ့ အနာတရအတွက် ကိုယ်တို့မှာ ခံနိုင်ရည်ရှိတယ်။
ကြေမွဆုတ်ပြတ်သွားတဲ့အချစ်ကို ကိုယ်တို့လက်ခံနိုင်တယ်။
ဒါပေမယ့် ချစ်ခဲ့ဖူးတဲ့အတိတ်ကိုမေ့ဖို့ အတိတ်မေ့ဆေးကို ကိုယ်တို့မသောက်ချင်ခဲ့ကြဘူး။

အပြစ်ရှာ၊ ငြင်းခုန်တာတွေက အချစ်ကို တာရှည်ခံစေတဲ့အရာမဟုတ်ဘူး။
တစ်ခါတလေမှာ ဆိတ်ဆိတ်နေ၊ သည်းခံတာတွေက အချစ်ရဲ့ရုပ်ပုံမဟုတ်ဘူးဆိုပေမယ့် ဒါတွေက အချစ်ကို ထာဝစဉ်တည်မြဲစေတဲ့အရာဖြစ်တယ်။

အချစ်က အချစ်နဲ့အချစ်ရဲ့ ဆက်ဆံရေးဖြစ်တယ်။ ခံစားချက်ရဲ့ ပဲ့တင်ဖြစ်တယ်။
အချစ်က ရုပ်အဆင်းအင်္ဂါတွေ မတောင်းဆိုဘူး။ နှလုံးသားချင်းထပ်တဲ့ ကြင်နာဖော်ဖြစ်ဖို့ပဲ တောင်းဆိုတယ်။

အချစ်က မကျေနပ်တာတွေကို သည်းခံနိုင်တယ်။ အမုန်းကို လက်ခံနိုင်တယ်။
အချစ်မှာ အကြောင်းတရားမလိုဘူး။ အချစ်မှာ စည်းမျဉ်းမရှိဘူး။
အချစ်က အမှားအမှန် မခွဲခြားဘူး။
အချစ်က အရောင်လုံးဝမပယ်ဘူး။
အချစ်ကို အချစ်နဲ့ ချစ်တတ်ဖို့ပဲလိုခဲ့တယ်။

အင်တာနက်ပေါ်က ဖတ်ရတဲ့ "အချစ်"တွေကို ဘာသာပြန်ခံစားကြည့်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, February 24, 2010

"ငို"တာနဲ့ "ရယ်"တာ ဘဝမှာ နှစ်ခုစလုံး အရေးပါတယ်


တစ်နေ့မှာ ဒီဇိုင်နာမိတ်ဆွေတစ်ဦးနဲ့ စကားပြောနေရင်း ကလေးတွေအကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြတယ်။ ကလေးလဲကျသွားတဲ့အခါ သူက "ကိုယ်တိုင်ထရပ် မငိုနဲ့" လို့ ပြောတတ်တယ်လို့ ဆိုတယ်။

"ကိုယ်တိုင်ထရပ်တာကကောင်းတယ် ဒါပေမယ့် လဲကျပြီဆိုမှတော့ အသားနာမှာပေါ့၊ အသားနာရင် ငိုမှာပေါ့!"လို့ ကျွန်တော်ပြောတော့ မိတ်ဆွေကရယ်တယ်။ ကလေးတွေကို "လူ့သဘာဝနဲ့ဆန့်ကျင့်" တာကိုတောင်းဆိုမိမှန်း သူ့ကိုယ်သူ သတိပြုမိခဲ့လို့ "ကောင်းပြီလေ.. သမီးဆိုရင် ကျွန်တော်ပေးငိုမယ်၊ သားယောက်ျားဆိုရင်တော့ မငိုနဲ့လို့ ကျွန်တော်ပြောမှာပဲ"

"ဟာ... ယောက်ျားလေး မငိုရဘူးလို့ ဘယ်သူပြောလဲ? ယောက်ျားလေးလဲကျရင်လည်း နာတတ်တာပဲ။ ငိုလို့ရတယ်!" မိတ်ဆွေရဲ့အပြောကို ကျွန်တော်အသံမြင့်ပြီး မေးမိတယ်။ မိတ်ဆွေကရယ်ပဲရယ်နေခဲ့ပြီး ဘာမှပြန်မပြောခဲ့တော့ဘူး။

ကျွန်တော့်မိတ်ဆွေက ငယ်ငယ်လေးတည်းက မငိုတတ်ခဲ့သူ၊ ကြီးလာတော့လဲ မညည်းတွားတတ်သူဖြစ်တယ်။ သူကထက်မြက်သူ၊ တာဝန်သိတတ်သူ၊ အပြစ်ရှာစရာမရှိ ကောင်းမွန်သူဖြစ်ပြီး လူတွေရယ်မောအောင်လည်း လုပ်နိုင်သူဖြစ်တယ်။ သူ့ကိုတွေ့တိုင်း ပျော်ရွှင်ပြုံးရယ်နေတတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့စိတ်ရှုပ်ချိန်မှာ ကျွန်တော်တို့ကို သူစကားမပြောတတ်တော့ဘူး။ ကျွန်တော်တို့ကို ဘယ်လိုနှစ်သိမ့်မယ်ဆိုတာ သူမသိတော့ဘူး။ မကောင်းတဲ့ခံစားမှုမျိုးကို သူရင်မဆိုင်ဝံ့လို့ဖြစ်တယ်။

ဘာမဆို ပြီးပြည့်စုံသူတစ်ယောက်မှာ ဘာလိုအပ်ခဲ့လဲ? ဒါက သူကိုယ်တိုင်ပဲသိမယ်လို့ ကျွန်တော်ထင်တယ်။ သူဟာ လူကြီးဖြစ်နေခဲ့လို့ သူ့ကိုပြောင်းလဲဖို့ဆိုတာ ခက်သွားပြီ။ အဲဒီအကျင့်တွေ ငယ်ငယ်လေးကတည်းက သူ့ဆီမှာပါလာခဲ့ပြီဖြစ်တယ်။

ဧဒင်မှာနေတဲ့ ရုပ်ရှင်မင်းသမီးတစ်ဦးရဲ့သမီး တိုက်ပေါ်ကခုန်ချပြီး ကိုယ့်ကိုယ်စီရင်လိုက်တဲ့သတင်း သတင်းစာမှာ ကျွန်တော်ဖတ်လိုက်ရတယ်။ ယောက်ျားဖြစ်သူက ဇနီးကို "မငိုနဲ့.... ကိုယ်အပြန်ကို စောင့်နေ...." လို့ ဖုန်းဆက်ပြီးပြောတယ်။

ကျွန်တော်နားမလည်နိုင်ဘူး! သမီးသေဆုံးသွားတဲ့ မိခင်တစ်ယောက်ကို မငိုနဲ့တဲ့! ဘယ်လိုများ ပြောရက်ခဲ့ပါလိမ့်။ ငိုလိုက်ရင် မကောင်းဘူးလား? ငိုလိုက်တာနဲ့ မကြံ့ခိုင်တော့ဘူးလား? သမီးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်မှာ သုံးရက်သုံးည ငိုပိုင်ခွင့်ရှိပါတယ်။ နာကျင်လို့ငိုတာ မငိုသင့်ဘူးလား? ရင်ထဲက ခံစားချက်ကို ထုတ်ဖော်မပြရတော့ဘူးလား?

ကြံ့ခိုင်တယ်၊ ရဲရင့်တယ်၊ ပျော်ရွှင်တယ်၊ အကောင်းမြင်တယ်.... ဒါတွေဟာ လှပတဲ့အကျင့်စရိုက်တွေဖြစ်တယ်။ ဒါတွေကို ကျွန်တော်နှစ်သက်တယ်။ ဒီလိုအကျင့်စရိုက်တွေကို သင်ယူဖို့လည်း သဘောတူတယ်။ ဒါပေမယ့် ခံစားချက်ဖြစ်တဲ့ နာကျင်တာ၊ ဒေါသဖြစ်တာ၊ စိတ်ညစ်တာ.... စတဲ့ ဒီလိုစရိုက်တွေကလည်း လူ့ဘဝမှာ တစ်စိတ်တဒေသ ပါဝင်ပါတယ်။ ဒီလိုခံစားချက်တွေမှာ ထွက်ပေါက်ရှိဖို့လည်း အရေးပါပါတယ်။

ကိုယ့်ခံစားချက်ကို ထုတ်ဖော်မပြနိုင်တဲ့ လူကြီးတစ်ယောက်ဟာ ကိုယ့်သားသမီးတွေကိုလည်း ကောင်းတဲ့ခံစားချက်တွေသာ ထုတ်ပြစေပြီး မကောင်းတဲ့ခံစားချက်တွေကို ထုတ်မပြစေတတ်ကြဘူး။ "ငို" ပြီဆိုတာနဲ့ သူတို့ပြောတတ်တဲ့ တစ်ခွန်းတည်းသောစကားက "မငိုနဲ့... မငိုရဘူး" ဆိုတာပဲဖြစ်တယ်။

ခံစားချက်ခွဲခြမ်းစိတ်ဖြာတဲ့ ပညာရှင်Alice Millerက သူ့စာအုပ်ထဲမှာ ဒီလိုစာလေးတစ်ပိုဒ်ရေးထားတယ်။

"ဘာကိစ္စ၊ ဘယ်အရာမဆို ကျွန်မကိုစိတ်ညစ်စေ ဒါမှမဟုတ် ပျော်စေခဲ့ရင် ကျွန်မကလွတ်လွတ်လပ်လပ် ထုတ်ဖော်ပြတတ်တယ်။ သူတစ်ပါးပျော်ရွှင်အောင်ဆိုပြီး ကျွန်မဟန်ဆောင်မရယ်တတ်ဘူး။ သူတစ်ပါးရဲ့လိုအင်အတွက် ကိုယ်ရဲ့စိတ်ရှုပ်စရာနဲ့ ပူပင်သောကတွေကို မဖိနှိပ်ထားချင်ဘူး။ ကျွန်မစိတ်တိုလို့ရတယ်။ ဒီအတွက် ဘယ်သူကမှ ခေါင်းကိုက်ပြီး သေမသွားနိုင်ဘူး။ ကျွန်မရဲ့ ခံစားချက်ကို ထိပါးလာရင် ကျွန်မဒေါသထွက်လို့ရတယ်။ ဒီအတွက် ဘယ်သူ့ကိုမှ မဆုံးရှုံးသွားဘူး...."

တကယ်လို့ ငိုနေတဲ့ကလေးတစ်ယောက်ကို ဘာကြောင့်ငိုနေမှန်း မသိခင် "မငိုနဲ့... ထပ်ငိုရင် မချစ်တော့ဘူးနော်၊ ထပ်ငိုရင် တုတ်လာပြီနော်"လို့ လူကြီးတွေက အရင်ပြောတတ်ကြတယ်။ ကလေးငယ်တွေ အငိုတိတ်သွားသည့်တိုင်အောင် သူတို့စိတ်ထဲမှာ ထိတ်လန့်တာတွေ ပိုကိန်းအောင်းနေတော့တယ်။ ငိုတာနဲ့မိဘတွေ မချစ်တော့ဘူး၊ ငိုတာနဲ့ အပြစ်ပေးခံရမှာကို သူတို့စိုးရိမ်ခဲ့လို့ဖြစ်တယ်။

ကိုယ်ပိုင်ခံစားချက် ထုတ်မပြစေဘဲ ကလေးငယ်တစ်ယောက်ကို လိမ္မာတဲ့ကလေးတစ်ယောက်အဖြစ် သင်နိုင်သလို မိမိကိုယ်ကိုယ်ယုံကြည်မှုမဲ့တဲ့၊ တစ်ပါးသူရဲ့ခံစားချက်ကို နားမလည်ပေးတတ်တဲ့ သူအဖြစ်လည်း သင်နိုင်ပါတယ်။

ကလေးပုံပြင်စာအုပ်ထဲက ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

ဖျားနာနေတဲ့အဘွားကို သေမင်းလာခေါ်တော့မယ်ဆိုတော့ မြေးတွေကအဘွားကို သေမင်းလက်ထဲ မထည့်ရက်ဘဲ အချိန်ကိုဆွဲနိုင်သမျှ ဆွဲထားလိုက်တယ်။ ဒီသေမင်းက ကျွန်တော်တို့ထင်သလောက် ကြောက်စရာမကောင်းခဲ့ဘူး။ ဒီသေမင်းက ဖော်ရွေတယ်။ မြေးတွေကို သူက ပုံတစ်ပုဒ်ပြောပြပါတယ်။

"ရှေးရှေးတုန်းက ဝမ်းနည်းခြင်းနဲ့ငိုကြွေးခြင်းဆိုတဲ့ ညီအစ်ကိုနှစ်ယောက်နဲ့ ပျော်ရွှင်ခြင်းနဲ့ရယ်မောခြင်းဆိုတဲ့ ညီအစ်မနှစ်ယောက်ရှိခဲ့တယ်။ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်နဲ့ ညီအစ်မနှစ်ယောက်တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြတယ်။ ချစ်ကြိုက်ပြီး မင်္ဂလာပွဲကျင်းပခဲ့တယ်။ ဝမ်းနည်းခြင်းက ပျော်ရွှင်ခြင်းနဲ့ လက်ထပ်ခဲ့တယ်။ ငိုကြွေးခြင်းက ရယ်မောခြင်းနဲ့ လက်ထပ်ခဲ့တယ်။ သူတို့ဟာ အိုမင်းတဲ့အထိ နေထိုင်ကြပြီး ဝမ်းနည်းခြင်းသေဆုံးတဲ့နေ့ ပျော်ရွှင်ခြင်းလဲလိုက်သေတယ်။ ငိုကြွေးခြင်းသေဆုံးတဲ့နေ့ ရယ်မောခြင်းလည်း လိုက်သေတယ်..."

မြေးလေးတွေက သေမင်းရဲ့ပုံပြင်ကိုနားထောင်ပြီး ခံစားချက်တစ်မျိုးပြောင်းသွားခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ပြောတဲ့ သဘာဝတရားဖြစ်ပြီး ရှင်တာရှိရင် သေတာလည်းရှိတယ်။ ဝမ်းနည်းခြင်းတွေရှိမှ ပျော်ရွှင်ခြင်းကို ပိုတန်ဖိုးထားတတ်တယ်။ တကယ်လို့သေဆုံးခြင်းသာမရှိခဲ့ရင် ဘဝရဲ့တန်ဖိုးကို ဘယ်လိုနားလည်ကြမလဲ? တကယ်လို့ မိုးတွေမရွာခဲ့ရင် လှပတဲ့နေရောင်ခြည်တွေ ဘယ်ထွန်းတောက်နိုင်မလဲ?

ဒါကြောင့် အကောင်းအဆိုးကို လက်ခံနိုင်အောင် ကြိုးစားရမယ်။ ဒါမှ ဘဝတွေမှာ တူညီတဲ့အဓိပ္ပါယ်ရှိမှန်း သိနားလည်မှာဖြစ်တယ်။

ကျွန်တော်ရဲ့ကလေးတွေကို အမြဲပြုံးရယ်နိုင်အောင် ကျွန်တော်မျှော်လင့်ပေမယ့် ငိုကြွေးချိန်မှာ "စိတ်မာစမ်းပါ မငိုနဲ့" လို့ ကျွန်တော်မပြောချင်ခဲ့ဘူး။

နာရင် ငိုတတ်တယ်၊ စိတ်ထိခိုက်ရင်လည်း ငိုတတ်တယ်၊ မပျော်ရင်လည်း ငိုတတ်တယ်...

ကိုယ်တိုင်ငိုဖူးမှ သူတစ်ပါးငိုတာကို ရင်ဆိုင်ရဲမယ်။ ကိုယ်တိုင်ငိုဖူးမှ သူတစ်ပါးငိုတာကို နားလည်ခံစားတတ်မယ်။ အားလုံးဟာ ညီတူညီမျှဆိုတာကို နားလည်မယ်၊ သူတစ်ပါးအကူညီမဲ့ လဲပြိုချိန်မှာ သူ့အတွက် ငါဘာလုပ်ပေးနိုင်မလဲဆိုတာကို တွေးတောမိမယ်။

"ဝအောင်ငိုလိုက်! ဘာအတွက်ကြောင့် ငိုငို ၊ ဝအောင်ငိုလိုက် ... သားဘေးမှာ ဖေဖေရှိနေမယ်"

ကလေးတွေငိုချိန် ဒီလိုပဲ ကျွန်တော်ပြောချင်ခဲ့တယ်။ နောင်တစ်ချိန်မှာ သူတို့ဟာ သူတစ်ပါးကိုနားလည်နိုင်တဲ့ နူးညံ့သူ၊ သူတစ်ပါးကို နှစ်သိမ့်တတ်ပြီး ကိုယ့်ကိုယ်ကိုလည်း နှစ်သိမ့်တတ်သူဖြစ်စေဖို့ ကျွန်တော်မျှော်လင့်မိပါတယ်။

မူရင်း-- google search or http://www.ccnews.gov.cn

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, February 23, 2010

ကျွန်တော့်ရဲ့ပင်စီပန်း


အိန်ဂျယ်လ် လူ့ပြည်ရောက်တုန်းက ပင်စီပန်းကိုနမ်းရှုံ့ခဲ့တယ်။ (၃)ကြိမ်နမ်းခဲ့လို့ အိန်ဂျယ်လ်ရဲ့ပုံက ပင်စီပန်းမှာ ထင်ကျန်နေခဲ့ပြီး အရောင်သုံးမျိုးဖြစ်ခဲ့တယ်လို့ ဆိုတယ်။ ဒါကြောင့် ပင်စီပန်းကို တွေ့မိသူတိုင်းက ပျော်ရွှင်တဲ့အဆုံးသတ်ကို ရနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပင်စီပန်းကို ကျွန်တော်အရမ်းတွေ့ချင်ခဲ့တယ်။ ပင်စီပန်းရှိတဲ့နေရာကို ကျွန်တော်အရောက်သွားပြီး ကျွန်တော်ဟာ ကျိန်စာသင့်ထားသူ ဟုတ်မဟုတ်၊ ပျော်ရွှင်ခြင်းကို ရနိုင်မရနိုင်ဆိုတာကို စမ်းကြည့်ချင်ခဲ့တယ်။

"ယုန်ကလေး"..... သူ့ကို ယုန်ကလေးလို့ ကျွန်တော်နာမည်ပေးခဲ့တယ်။ သူဟာ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတဲ့ မှော်ဆရာမလေးဖြစ်တယ်။ နာကျင်ကြေကွဲတယ်ဆိုတာ ဘာမှန်း သူသိပုံမရဘူးလို့ ကျွန်တော်ထင်တယ်။ တစ်ခါတလေမှာ သူငိုတယ်။ တစ်ခါတလေမှာ သူစိတ်လက် မကြည်မသာဖြစ်တယ်။ ဒါပေမယ့် တရေးနိုးလာတာနဲ့ အဲဒီစိတ်ညစ်စရာတွေကို သူလုံးဝ အမှတ်မရတော့ဘူး။ ပျော်ရွှင်ခြင်းက သူ့ရဲ့မူပိုင်ဖြစ်ခဲ့တယ်။

ကျွန်တော်ကပဲ သူ့ထက်ငယ်သလိုလိုနဲ့ ကျွန်တော့်ကို "ကောင်ကလေး" လို့ သူခေါ်တတ်တယ်။ တစ်ခါက အသက်ဥာဏ်စမ်းပုစ္ဆာတစ်ပုဒ်ကို ကျွန်တော်တို့ဝင်စမ်းတော့ ကျွန်တော့်အသက်က သူ့ထက်(၁၆)နှစ်တိတိ ကြီးနေခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ကို "ကောင်ကလေး"လို့ပဲ သူခေါ်ခဲ့တယ်။ ဘာကြောင့် သူဒီလိုခေါ်တယ်ဆိုတာကို ကျွန်တော်နားမလည်ပေမယ့် ကျွန်တော်နှစ်သက်ခဲ့တယ်။ သူလည်း နှစ်နှစ်လိုလိုခေါ်ခဲ့တယ်။

ညည ကျွန်တော်အိပ်မရမှန်း သူသိတယ်။ ညရောက်ရင် ကျွန်တော်စိတ်တွေထိုင်းမှိုင်းတတ်မှန်း သူသိတယ်။ ဒါကြောင့်ညတိုင်း ကျွန်တော့်ကို သူအဖော်လုပ်ပေးတယ်။ ပျော်စရာပုံပြင်လေးတွေပြောပြီး အေးစက်နေတဲ့ ကျွန်တော့်စိတ်ဝိညာဉ်ကို နွေးထွေးစေခဲ့တယ်။ ကျွန်တော့်ဒိုင်ယာရီထဲမှာ ကျွန်တော်ဒီလိုရေးခဲ့ဖူးတယ်။

"ငါ့အတွက် နည်းနည်းလေးသာကျန်တော့တဲ့ ပျော်ရွှင်ခြင်းကို ငါအမိအရ ဖမ်းဆုပ်ထားချင်မိတယ်။ ရေနစ်နေသူတစ်ယောက် လက်ထဲက ကောက်ရိုးတစ်မျှင်ကို တင်းတင်းဆုပ်ကိုင်ထားသလိုမျိုးပေါ့"

ဒါကို သူဖတ်ပြီး ကျွန်တော်ကိုပြောတယ်။

"ကောင်ကလေး... ငါအရမ်းကြောက်တယ်။ ငါဟာ နင်ဖမ်းဆုပ်မိထားတဲ့ ကောက်ရိုးတစ်မျှင်ဆိုပေမယ့် နင်ရေထဲနစ်သွားမှာကို ငါကြောက်ခဲ့တယ်"

"ယုန်ကလေး.. နင်က အဲဒီကောက်ရိုးတစ်မျှင် မဟုတ်ခဲ့ဘူး။ နင်က သစ်ရွက်လှေလေးတစ်စင်းပါ။ ငါ့ကို ကျယ်ပြန့်တဲ့ နာကျင်ခြင်းရေမျက်နှာပြင်ကနေ ကယ်ယူပြီး ပျော်ရွှင်ခြင်းကျွန်းကို အရောက်ပို့ခဲ့သူပါ"

အဲဒီအချိန်ကစပြီး ကျွန်တော့်စာတွေထဲမှာ နွေးထွေးမှုတွေပိုခဲ့တယ်။ ကျွန်တော့်ဘဝက အထီးကျန်ခြင်းနဲ့ပဲ ပြီးဆုံးသွားလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။

"ကျွန်တော့်နှလုံးသားတွေ ထုံကျင်သွားပြီ၊ ပျော်ရွှင်ခြင်းက ကျွန်တော့်အတွက် မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းမှော်ဆရာမလေးနဲ့ ကျွန်တော်ဆုံခဲ့တယ်။ သူ့ကိုယ်ပေါ်က ထူးဆန်းမှုတွေ တဖြေးဖြေး ကျွန်တော့်ဆီကူးလာခဲ့တယ်။ မပြုံးဖြစ်တာကြာပြီးဖြစ်တဲ့ အပြုံးတွေ ကျွန်တော့်မျက်နှာပေါ် ပြန်ထင်ဟပ်လာခဲ့တယ်"

"နင့်ဆောင်းပါးတွေဖတ်ပြီးတိုင်း ဒီကလေးက အရမ်း....။ သူ့ကို ငါကယ်ချင်တယ်။ သူ့ကို ငါကယ်မယ်!ဆိုတဲ့ ခံစားချက်မျိုး ဖြစ်မိတယ်" လို့ ကျွန်တော့်ကို သူပြောခဲ့ဖူးတယ်။

"ကြေကွဲဝမ်းနည်းစရာတွေ မရေးပါနဲ့တော့လား! ပျော်စရာလေးတွေလည်း ရေးပါလား?" လို့ ကျွန်တော့်ကို သူပြောခဲ့ဖူးတယ်။

"ပျော်စရာတွေကို ငါရေးမထွက်တော့ဘူး"

"ပုံပြင်လေးတွေလည်း ရေးကြည့်လို့ရတယ်လေ!"

"ငါ ဖွဲ့နွဲ့အားနည်းတယ်။ ရေးရင်လည်း ငါ့အကြောင်းပဲ ငါရေးတတ်တယ်။ ငါ မရေးချင်ဘူးကွာ"

ဒါပေမယ့် နောက်ဆုံးမှာ သူ့ရဲ့တိုက်တွန်းချက်ကြောင့် ရှိသမျှဥာဏ်အားတွေကို ညစ်ထုတ်ပြီး "Teddyဝက်ဝံရဲ့လက်စွပ်"ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရေးဖြစ်ခဲ့တယ်။ အစကတော့ ဝတ္ထုလတ်အဖြစ်ရေးမလို့ပါပဲ။ ရေးရင်းရေးရင်း ပျင်းလာတာနဲ့ ဇာတ်သိမ်းလို ပြီးစလွယ်သိမ်းပြီး အဆုံးသတ်ပစ်ခဲ့တယ်။ ကျွန်တော်ဟာ သူပြောတဲ့စကားတစ်ခွန်း၊ သူလုပ်စေချင်တဲ့ကိစ္စတစ်ခုကို နှစ်နှစ်လိုလို လိုက်လုပ်တတ်ခဲ့ကြောင်း နောက်ပိုင်းမှာ ကိုယ့်ကိုယ်သတိထားလာခဲ့မိတယ်။

သူဟာ ကျွန်တော့်ရင်ဘတ်ထဲက သံချေးတက်နေတဲ့သော့ကို တဖြေးဖြေးဆွဲဖွင့်ခဲ့သူဖြစ်တယ်။

"တောင်ဂတုံးပေါ် ပန်းတွေပွင့်နေတာကို ငါမြင်ချင်တယ်။ ကောင်းကင်ပေါ်ကတိမ်တွေ အထီးမကျန်တာကို ငါမြင်ချင်တယ်။ နှင်းတွေ ဝဲပျံတာကို ငါမြင်ချင်တယ်။ ဒီလိုအချိန်ရောက်မှ ငါ့ရင်ဘတ်ကိုခတ်ထားတဲ့သော့ အဖွင့်ခံရပြီလို့ ငါပြောနိုင်မယ်။ အဲဒီအချိန်ကျမှ နင့်ကိုငါလွတ်လွတ်လပ်လပ် ချစ်လို့ရမယ်။ နင်ဟာ ငါကိုလွတ်လပ်စေမယ့် သော့တံဖြစ်လိမ့်မယ်။ ငါ လွတ်လွတ်လပ်လပ်သီဆိုတဲ့ တေးသံကို နင်ကြားချင်ခဲ့ရင် ငါ့ကိုယ်ပေါ်ကသော့ကို နင်ကြိုးစားပြီးဖွင့်ပေးပါ။ နင့်ကိုငါစောင့်နေမယ်။ လွတ်လပ်တာနဲ့ နင့်ကိုခေါ်ပြီး တောင်ဂတုံးပေါ်က ပန်းတွေကိုသွားကြည့်မယ်၊ အထီးမကျန်တဲ့ တိမ်ပွင့်တွေသွားကြည့်မယ်၊ နှင်းတွေသွားကြည့်မယ်"လို့ တစ်ချိန်က သူ့ကိုကျွန်တော်ပြောခဲ့ဖူးတယ်။


သူ့အတွေးတွေက ရိုးစင်းခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းရဲ့စကားနဲ့ပြောရရင် သူဟာ ထာဝရမကြီးပြင်းတတ်တဲ့ ကလေးမတစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် ဒီကလေးမလေးက ကျွန်တော့်ကို ခွင့်လွတ်နားလည်မှုတွေ ပေးခဲ့တယ်။ အထီးကျန်ချောက်ကမ်းပါးထဲကနေ ကျွန်တော့်ကို အကြိမ်ကြိမ် ဆွဲထုတ်ကယ်တင်ခဲ့တယ်။ ကျွန်တော် ဝမ်းနည်းကြေကွဲချိန်မှာ သူက စိတ်ကြည်နူးစရာတွေ တစ်ခုပြီးတစ်ခု ကြိုးစားပြောပြခဲ့တယ်။ ကျွန်တော်အိပ်မရချိန်မှာ သူကအိပ်ချင်စိတ်ကိုမြိုသိပ်ပြီး ကျွန်တော့်ကိုအဖော်ပြုပေးခဲ့တယ်။ ကျွန်တော်အိပ်သွားမှ သူအိပ်တတ်တယ်။ ကျွန်တော်ပျော်အောင် ကျွန်တော့်အပါးမှာ သူအမြဲအဖော်ပြုပေးတာကို ကျွန်တော်နှစ်သက်ခဲ့တယ်။ ကျွန်တော့်အနား သူရှိနေရင် ကျွန်တော့်စိတ်က နွေးထွေးလို့.....

ရာဇဝင်ထဲက ပင်စီပန်းကို ကျွန်တော်ရှာတွေ့ခဲ့ပါပြီ။ သူဟာ ကျွန်တော့်ရဲ့ပင်စီပန်းလေးပဲဖြစ်ပါတယ်။

မူရင်း-- http://www.jj59.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ပင်စီပန်း



လက်တင်အမည်/ သိပ္ပံအမည် = Viola tricolor
အင်္ဂလိပ်အမည် = Pansy
မြန်မာအမည် = ပင်စီပန်း (တက်တိုးအဘိဓါန်)
တရုတ်အမည် = 三色堇
တခြားအမည် = လိပ်ပြာပန်း၊ ကြောင်မျက်နှာပန်း
နဂိုပေါက်ရောက်ရာဒေသ = ဥရောပတိုက်

Pansyပန်းပင်ဟာ အမြင့် ၁၅-၂ဝစင်တီမီတာရှိပြီး အပင်ရင်းကနေ အခက်ဖြာထွက်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်ခက်မှာ ပန်းတစ်ပွင့်ပဲပွင့်တယ်။ အပွင့်ကြီးက ၈-၁ဝစင်တီမီတာရှိပြီး အပွင့်သေးရင် ၃-၆စင်တီမီတာရှိတယ်။ ပန်းမှာ ပွင့်ဖတ်ငါးခုပါပြီး ပန်းတစ်ပွင့်မှာ သာမန်အားဖြင့် ခရမ်း၊ အဖြူ၊ အဝါ အရောင်သုံးမျိုး ပါလေ့ရှိတယ်။ ပွင့်ဖတ်တွေက အဝိုင်းပုံသဏ္ဍာန်ရှိပြီး နွေဦးက ဆောင်းဦးထိ ပန်းပွင့်ကြတယ်။ Pansyဟာ အရေပြားရောဂါအတွက် ဆေးဖက်ဝင်တဲ့အပင်တစ်မျိုးဖြစ်တယ်။ (ဥပမာ- ဝက်ခြံ၊ ယားယံတာဖြစ်တယ်)

Pansy ပန်းက ပိုလန်ရဲ့ နိုင်ငံတော်ပန်းဖြစ်တယ်။

အနီရောင်ပွင့်ဖတ်ရဲ့အဓိပ္ပါယ်က "လေးနက်ခြင်း၊ လွမ်းဆွတ်ခြင်း"ဖြစ်ပြီး "မီး"သတ္တိရှိတယ်။ အဝါရောင်ပွင့်ဖတ်ရဲ့အဓိပ္ပါယ်က "ရောနှောခြင်း(ဥပမာ- အပျော်တဝက် အငိုတဝက်)" ဖြစ်ပြီး "မြေကြီး"သတ္တိရှိတယ်။ ခရမ်းရောင်ပွင့်ဖတ်ရဲ့အဓိပ္ပါယ်က "ဆိတ်ငြိမ်ခြင်း" ဖြစ်ပြီး "အမှောင်" သတ္တိရှိတယ်။ သာမန်အားဖြင့် Pansyပန်းကို "တည်ငြိမ်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ငါ့ကိုလွမ်းပါ" လို့ ဖော်ညွှန်းကြတယ်။ ချစ်သူရည်းစားတွေရဲ့ လွမ်းဆွတ်ခြင်းကို ဆိုလိုတာဖြစ်တယ်။

Pansyပန်းဖြစ်လာရတဲ့ ရာဇဝင်ပုံပြင်တွေ အမျိုးမျိုးရှိခဲ့ကြတယ်။ ရာဇဝင်တချို့က ဒီလိုဆိုပါတယ်။

(၁)

ဟိုးရှေးရှေးတုန်းက Pansyပန်းတွေဟာ ကောင်းကင်ပေါ်ကတိမ်တွေလို အဖြူရောင်တွေပဲဖြစ်ခဲ့တယ်။ အချစ်နတ်သား မြားနတ်မောင်က အဆော့သန်သူဖြစ်တယ်။ သူ့လက်ထဲကမြားဟာ အချစ်တန်ခိုးရှိတယ်။ မြားနတ်မောင်ရဲ့မြားနဲ့ အပစ်ခံရသူဟာ သူပထမဆုံးတွေ့တဲ့လူကို ချစ်ကြိုက်သွားတတ်တယ်။ အဆော့သန်တဲ့ မြားနတ်မောင်ကြောင့် လူ့ပြည်ကအချစ်ဇာတ်လမ်းတွေ ကမောက်ကမာဖြစ်ခဲ့ရတယ်။

တစ်နေ့မှာ မြားနတ်မောင်က လူတစ်ယောက်ကို စက်ကွင်းထားပြီး မြားနဲ့ချိန်ရွယ်ပစ်ခဲ့တယ်။ ဒါပေမယ့် မြားအလွှတ်မှာ ရုတ်တရက် လေတစ်ချက်ဝေ့သွားခဲ့လို့ မြားကလူကိုမထိဘဲ လမ်းဘေးမှာပေါက်နေတဲ့ Pansyပန်းကို သွားမှန်ခဲ့တယ်။ မြားမှန်သွားတဲ့ အဖြူရောင် Pansyပန်းရဲ့ဝတ်ဆံမှာ သွေးနဲ့မျက်ရည်တွေ ယိုစီးကျလာခဲ့တယ်။ သွေးနဲ့မျက်ရည်တွေဟာ ခြောက်သွားပေမယ့် ဖျက်မရခဲ့တော့ဘူး။ အဲဒီလိုနဲ့ သုံးရောင်စပ်တဲ့ Pansyပန်းဖြစ်လာခဲ့တယ်။

(၂)

နောက်ရာဇဝင်တစ်ခုက ကောင်းကင်တိုင်းပြည်မှာ ပန်းခြံကြီးတစ်ခုရှိခဲ့တယ်။ အဲဒီပန်းခြံမှာ ပန်းတွေဟာ နှစ်စဉ်နှစ်တိုင်းရာသီအလိုက် ဖူးပွင့်ကြတဲ့အပြင် အမျိုးအမည်မသိပန်းတချို့လည်း ပေါက်လာတတ်တယ်။

ပန်းရှုပွဲရောက်တဲ့နှစ် မနက်စောစောမှာ အလှနတ်သမီးဗီးနပ်စ်က ပန်းရှုပွဲသွားဖို့ ဖီးလိမ်းပြင်ဆင်နေခဲ့တယ်။ လှပတဲ့ဂါဝန်ရှည်၊ လက်ဝတ်ရတနာ ပြိုးပြိုးပြက်ပြက်နဲ့ ဗီးနပ်စ်ဟာ သားဖြစ်သူမြားနတ်မောင်ကိုခေါ်ပြီး ပန်းရှုပွဲသွားခဲ့ကြတယ်။ ပန်းရှုပွဲက လာရောက်ကြည့်ရှုကြတဲ့နတ်တွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားခဲ့တယ်။ တစ်နေရာမှာ နတ်တွေက တစ်ခုခုကို ဝိုင်းအုံကြည့်နေကြပြီး အလှနတ်သမီး ဗီးနပ်စ်လာတာကိုတောင် ဂရုမစိုက်ခဲ့ကြဘူး။ အရင်က ဗီးနပ်စ်ဘယ်ရောက်ရောက် သူ့ရဲ့အလှကြောင့် တခြားသူရဲ့ ဂရုစိုက်မှုနဲ့ ချီးမွမ်းမှုကို ခံခဲ့ရတယ်။ ဒီနေ့တော့ ဂရုစိုက်မခံရလို့ ဗီးနပ်စ်ရင်ထဲ နာကျင်နေမိတယ်။ ဝိုင်းအုံကြည့်နေတဲ့ နတ်တွေကြားထဲ သူတိုးဝင်ကြည့်လိုက်တော့ ဒီနှစ်ရာသီမှာပွင့်တဲ့ Pansyပန်းကို တွေ့လိုက်တယ်။ လှလှပပဖူးပွင့်နေတဲ့ပန်းကို ချီးမွမ်းထောမနာပြုနေတာကို သူကြားလိုက်တယ်။

ဗီးနပ်စ်က မနာလိုစိတ် ပြင်းထန်သူဖြစ်တယ်။ သူဟာ လူ့ပြည်၊ နတ်ပြည်မှာ အလှဆုံးလို့ တင်စားခံထားရတဲ့ အလှနတ်သမီးဖြစ်တယ်။ ဒါကြောင့် သူ့ထက်လှတယ်ဆိုတဲ့ အသံကို သူမကြားချင်ခဲ့ဘူး။ ဗီးနပ်စ်က မြားနတ်မောင်ကိုခေါ်ပြီး "ချစ်သား.... မယ်တော်ကို သေချာကြည့်ပါ။ Pansyပန်းနဲ့မယ်တော် ဘယ်သူပိုလှသလဲ?" လို့မေးတယ်။ မြားနတ်မောင်က စဉ်းတောင်မစဉ်းစားဘဲ "Pansyပန်းပါ" လို့ ဖြေတယ်။ နတ်တွေ တဝါးဝါးနဲ့ ပွဲကျခဲ့ကြတယ်။ ဒါကို ဗီးနပ်စ်ကစိတ်တိုပြီး တစ်နေ့လုံး ဘယ်သူနဲ့မှ စကားမပြောဘဲနေခဲ့တယ်။

ညနေ အမှောင်ရောက်လာတော့ ပန်းလာကြည့်ကြတဲ့နတ်တွေ အသီးသီးပြန်ကုန်ကြတယ်။ အဲဒီအချိန်မှာ စိတ်တိုနေတဲ့ဗီးနပ်စ်က ပင်စီပန်းရှေ့သွားပြီး လက်ထဲကသရေကြိုးနဲ့ ပန်းကိုရိုက်ချလိုက်တယ်။ ပါးစပ်ကလည်း "ငါ့ထက်လှချင်ဦး... ငါ့ထက်လှချင်ဦး"ဆိုပြီး ဆက်ခါဆက်ခါ လက်ပန်းကျတဲ့အထိ ရိုက်ချလိုက်တယ်။ မှောင်နေတာကြောင့် ပန်းကိုသေချာမမြင်ခဲ့ဘူး။ သူ့ရိုက်ချက်ကြောင့် ပင်စီပန်းသေသွားပြီလို့ထင်ပြီး အိမ်ပြန်လာခဲ့တယ်။ ဒါပေမယ့် ပင်စီပန်းရဲ့အသက်က ပြင်းခဲ့တယ်။ အရိုက်ခံရတာတောင် မသေခဲ့ဘူး။ ပွင့်ဖတ်တွေမှာက ရိုက်ချက်ကြောင့် အညိုအမည်းဒဏ်ရာနဲ့ "ကြောင်မျက်နှာ"ပုံ အရစ်အကြောင်းတွေ စွဲကျန်ခဲ့တယ်။

နောက်တစ်နှစ်နွေဦးမှာ ပန်းခြံထဲကပန်းတွေ ဖူးပွင့်ကြပြန်တယ်။ ပင်စီပန်းလည်း ဖူးပွင့်ခဲ့ပြန်တယ်။ အရင်က အဖြူရောင်ချည်းပွင့်တဲ့ ပင်စီပန်းရဲ့ပွင့်ဖတ်က ဒီနှစ်မှာ အရောင်စုံတွေနဲ့ ပိုလှပခဲ့တယ်။ အရောင်စုံ ကြောင်ကြောင်ကြားကြားနဲ့ ပင်စီပန်းက နတ်တွေရဲ့ချီးမွမ်းစကားကို ပိုရခဲ့တယ်။

(၃)


အိန်ဂျယ်လ် လူ့ပြည်ရောက်တုန်းက ပင်စီပန်းကိုနမ်းရှုံ့ခဲ့တယ်။ (၃)ကြိမ်နမ်းခဲ့လို့ အိန်ဂျယ်လ်ရဲ့ပုံက ပင်စီပန်းမှာ ထင်ကျန်နေခဲ့ပြီး အရောင်သုံးမျိုးဖြစ်ခဲ့တယ်လို့ ဆိုတယ်။ ဒါကြောင့် ပင်စီပန်းကို တွေ့မိသူတိုင်းက ပျော်ရွှင်တဲ့အဆုံးသတ်ကို ရနိုင်တယ်လို့ ဆိုပါတယ်။

လူတိုင်း ပျော်ရွှင်တဲ့အဆုံးသတ်တွေ ပိုင်ဆိုင်နိုင်ဖို့ အင်တာနက်ပေါ်က ပင်စီပန်းအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။ ပင်စီပန်းလို လှပပျော်ရွှင်နိုင်ကြပါစေ....း)

ref : http://baike.baidu.com/view/6882.htm
http://en.wikipedia.org/wiki/Viola_tricolor

ရေးခဲ့ဖူးတဲ့ အပင်များ -- ကံကောင်းခြင်းအပင်Epiphyllum ပန်း

နိုင်းနိုင်းစနေ


Share/Bookmark

Monday, February 22, 2010

(၁၂)ရာသီခွင် ဟာသ


(၁) Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)

မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"

Aries "ဟုတ်ကဲ့ပါ မေမေ"

ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"

မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"

Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှ ဒါန်းစီးတာပါ"

(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)


(၂) Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)

ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး"

ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ"

(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင် ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)


(၃) Gemini (မေထုန်ရာသီဖွား-- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)

မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ"

Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ"

(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)


(၄) Cancer (ကရကဋ်ရာသီဖွား-- ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)

Cancer "ဒီည သားမေမေနဲ့အိပ်မယ်"

မေမေ "သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?"

Cancer "အင်း"

မေမေ "ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?"

Cancer "ဖေဖေနဲ့ ပေးအိပ်လိုက်မယ်"

(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)


(၅) Leo (သိဟ်ရာသီဖွား-- ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)

Leo "ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?"

ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး ယူလိုက်တယ်။

Leo "မေမေ.. မေမေ... တင်ပါးထဲမှာ အီးတွေနဲ့...."

ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။

(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)


(၆) virgo (ကန်ရာသီဖွား-- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)

virgoက ကိုယ့်ချက်ကိုကြည့်ပြီး "ဒါဘာလဲ"လို့ ဖေဖေကို တအံ့တသြမေးတယ်။

ဖေဖေက "ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့ ချက်ဖြစ်လာခဲ့တယ်" လို့ အတိုချုံးရှင်းပြလိုက်တယ်။

virgo "ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်"

(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)


(၇) Libra (တူရာသီဖွား-- စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)

ဖေဖေ "Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်"

Libra "ဟုတ်ကဲ့ဖေဖေ... ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။ ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်"

(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)


(၈) Scorpio (ဗြိစ္ဆာရာသီဖွား-- အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့ Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ ခြင်ထွက်မသွားဘူး။

"ကောင်းပြီ.... မင်းမထွက်ရင် ငါထွက်တယ်ကွာ!"

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့---

"ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်"

( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)


(၉) Sagittarius (ဓနုရာသီဖွား-- နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Sagittarius "ဖေဖေ... ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?"

ဖေဖေ "သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့"

Sagittarius တအောင့်လောက် စဉ်းစားပြီး.....

"ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?"

ဖေဖေ "............"

(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)


(၁ဝ) Capricorn (မကာရရာသီဖွား-- ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)

တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့ ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး "မိုးရွာပြီ... ပြေးပြေး.. ရှေ့ကိုပြေး!" လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့ "ရှေ့မှာ မိုးမရွာလို့လား?" တဲ့။

(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)


(၁၁) Aquarius (ကုံရာသီဖွား-- ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)

Aquarius "ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?"

မေမေ "ကြက်မက ထွက်လာတာပေါ့"

Aquarius "'ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?"

မေမေ "ကြက်ဥက ပေါက်လာတာပေါ့"

Aquarius "ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?"

(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)


(၁၂) Pisces (မိန်ရာသီဖွား-- ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)

ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။

ဖေဖေ "ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်"

Pisces "သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို ရောက်လာခဲ့တာပေါ့နော်"

(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)

***၁၂ရာသီဖွားတွေမှာ အားနည်းချက်၊ အားသာချက်တွေ ဒီထက်မကရှိကြပါတယ်။ အင်တာနက်မှာရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဒီမှာရေးထားတာက တချို့တလေပဲဖြစ်ပါတယ်။ (၁၂)ရာသီခွင်ဟာသလို့ ဆိုထားပေမယ့် တချို့က သိပ်မရယ်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ဘာသာပြန် မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ (
ဓနုရာသီဖွား)


Share/Bookmark

Sunday, February 21, 2010

ဟောဒီက သရက်သီးသုပ်


အားနေရင် ဘာလုပ်စားရမလဲ? ဘာစားရမလဲလို့ တွေးနေတတ်တဲ့လူတွေထဲမှာ ကျွန်မလည်းပါတယ်။ ဒီလိုနေပူပူ နွေနေ့လယ်ခင်းမှာ ချဉ်ချဉ်စပ်စပ်တွေစားရတာက သိပ်အရသာရှိတယ်။ လူကိုအိပ်ငိုက်ရာက လန်းစေတယ်။ သရက်သီးပေါ်ချိန်လဲ ရောက်ပြီဆိုတော့ ဒီနေ့ကျွန်မ သရက်သီးသုပ်စားဖြစ်တယ်။

ဒီမှာက သရက်သီးအချိုနဲ့ အချဉ်ဆိုပြီး နှစ်မျိုးရှိတယ်။ အချိုက အစိမ်းတောင်မှတော်တော်ချိုတယ်။ မျိုးစပ်သီးတွေပေါ့။ အချဉ်သီးပဲ သုပ်စားလို့ကောင်းပါတယ်။ ကျွန်မသုပ်တဲ့သရက်သီးသုပ်က လူများရောင်းသလို ပဲမှုန့်၊ ဆီကျက်တွေနဲ့ သုပ်မှာမဟုတ်ပါဘူး။ ကျွန်မတို့တောရွာမှာ သုပ်စားသလို သုပ်ထားပါတယ်။ သုပ်ရလည်းလွယ်သလို စားလို့လည်းကောင်းပါတယ်။ တောသုပ်လေးဆိုပါတော့...

ပထမဦးဆုံး သရက်သီးကို အခွံခွါပြီး အမျှင်လေးလှီးပါတယ်။
ငရုတ်သီးခြောက်ကို မီးဖုတ်ပါတယ်။ မီးဖုတ်ရအဆင်မပြေရင် လှော်လို့ရပါတယ်။
အမျှင်လှီးထားတဲ့ သရက်သီးထဲ မီးဖုတ်ထားတဲ့ ငရုတ်သီးခြောက်ကို ချွေထည့်ပါတယ်။
ကြံသကာ ပါးပါးလှီးထည့်ပါတယ်။ (ကြံသကာမရှိရင် သကြားထည့်လည်းရပါတယ်)
နောက် ဆား၊ ဟင်းချိုမှုန့်၊ ပဲငံပြာရည်တွေ လိုအပ်သလောက်ထည့်နယ်လိုက်ရင် ကျွန်မတို့အမြဲသုပ်စားတတ်တဲ့ တောသရက်သီးသုပ်ကို ရပါပြီ။

သရက်သီးနံ့၊ ကြံသကာနံ့၊ ပဲငံပြာရည်နံ့တွေနဲ့ မွှေးကြိုင်နေတဲ့သရက်သီးသုပ်က ချို၊ ချဉ်၊ ငန်၊ စပ် အရသာတွေနဲ့ နွေနေကြောင့် ပျင်းရိနေသူတွေကို နှိုးကြားစေပါတယ်။ အဆီအအိမ့်စားပြီး မအီမသာဖြစ်နေသူကို လန်းဆန်းစေပါတယ်။

သရက်သီးသုပ်တစ်ပန်းကန်က ကျွန်မနဲ့ တူ၊ တူမလေးတွေရဲ့လက်ချက်ကြောင့် ခဏအတွင်းပြောင်သွားပြီး နောက်ဆုံးမှာ ငရုတ်သီးဖပ်တွေသာ ပန်းကန်ထဲ ဝမ်းနည်းပက်လက် ကျန်နေခဲ့ပါတယ်။ တူ၊ တူမလေးနဲ့ ကျွန်မမှာလည်း နှပ်ရည်၊ ချွေးရေတွေတရှုံ့ရှုံ့နဲ့ပေါ့.....း)

နိုင်းနိုင်းစနေ


Share/Bookmark

ကျွန်မဖတ်ဖို့ (၁၅)


(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့အခါ တစ်ယောက်တည်း သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။ တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ် ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။ ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင် ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊ စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့ တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင် သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ ကောင်းပါတယ်။

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတစ်ပါးနောက်ကွယ်မှာ သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။ မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့် မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့် အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။ ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ် အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့ ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။ ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့ အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

ကျွန်မဖတ်ဖို့ ကျွန်မရှာဖွေစုစည်းဘာသာပြန်သည်။

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, February 20, 2010

ဘာချေးတာကို မကြိုက်ဆုံးလဲ?



သူငယ်ချင်းတွေ ကိုယ့်ဆီဘာချေးတာကို ကိုယ်မကြိုက်ဆုံးလဲ?

(၁)
ပိုက်ဆံချေးတာမကြိုက်သူ


သင်ဟာ တစ်ဘက်သားကို ၈ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာအရာရာOKဆိုတဲ့ အမျိုးစားထဲကဖြစ်တယ်။ တစ်ဘက်သားကို ထောက်ခံအားပေးတတ်သူဖြစ်တယ်။ သူငယ်ချင်းကြားမှာ မျက်နှာအပျက်မခံသူဖြစ်တယ်။ အရောင်းအဝယ်မဖြစ်သည့်တိုင် ထောက်ထားညှာတာစိတ် သင့်မှာရှိတယ်။ ပိုက်ဆံပေးမချေးတာနဲ့ အခင်အမင်ပျက်တဲ့ သူငယ်ချင်းမျိုး သင့်ဆီမှာမရှိဘူး။

(၂) ကားချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၂ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာ မျက်နှာပုပ်နဲ့ အေးစက်သူဖြစ်တယ်။ တစ်ဘက်သားကို အလိုမကျရင် မျက်နှာဆူပုပ်ပြတတ်တဲ့ ဟန်မဆောင်တတ်သူဖြစ်တယ်။ ဒီလိုလူမျိုးက တစ်ဘက်သားကို အလွယ်တကူ အထင်လွဲစေတယ်။

(၃) လက်ဝတ်ရတနာချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၄ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားပြောစကားကို နားမလည်သလိုလို ဒါမှမဟုတ် အလုပ်များချင်ဟန်ဆောင်ပြီး ရှောင်ထွက်သွားတတ်သူဖြစ်တယ်။ တစ်ဘက်သားအထင်လွဲမှာကိုလည်း စိုးရိမ်တတ်သူဖြစ်တယ်။ တစ်ဘက်သားကို ဘယ်လိုငြင်းဆန်ရမှန်းမသိလို့ ရှောင်ဖယ်တတ်သူလည်းဖြစ်တယ်။

(၄) အိမ်မွေးတိရစ္ဆာန်ချေးငှားတာမကြိုက်သူ

သင်ဟာ တစ်ဘက်သားကို ၉၉% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားနဲ့ဆွေးနွေးပြီး အကောင်းဆုံးဖြေရှင်းနည်းကို သင်ပေးတတ်တယ်။ ဒီလိုလူမျိုးဟာ မေတ္တာနဲ့ သည်းခံစိတ်ရှိသူဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အခက်အခဲကို ဖြေရှင်းတတ်သူဖြစ်တယ်။

ကျွန်မက ကားလည်းမရှိ၊ လက်ဝတ်ရတနာလည်းမရှိ၊ အိမ်မွေးတိရစ္ဆာန်လည်းမရှိလို့ (၁)ကိုရွေးပါတယ်။ (၁)ကိုရွေးရတာကလည်း ပိုက်ဆံရှိလို့မဟုတ်ပါဘူး။ အပျော်ရွေးတာပါ။ ပိုက်ဆံမရှိမှန်းသိလို့ ဘယ်သူကမှ ကျွန်မဆီပိုက်ဆံလာမချေးဖူးသလို ကျွန်မလည်း ဘယ်သူ့ဆီမှ ပိုက်ဆံမချေးဖူးသေးပါဘူး။ ချေးမယ့်သူရှိရင်တော့ တစ်သက်စာလုံလောက်အောင် ချေးကြည့်ချင်ပါသေးတယ် :D ဗို့ကြတဲ့အတွက် ကျေးဇူတင်ပါတယ်..

နိုင်းနိုင်းစနေ



Share/Bookmark

ချစ်ဖို့မလောနဲ့ အချိန်ပေးပါ


ချစ်သူရည်းစားဖြစ်ပြီးတဲ့လူနှစ်ဦးက ကိုယ်ဟာသူ့ရင်ထဲကချစ်သူ ဟုတ်မဟုတ်ဆိုတာကိုသိဖို့ အချိန်တအောင့်လောက် လိုအပ်တယ်။ အဲဒီအချိန်တအောင့်က နှစ်ချီကြာနိုင်သလို တချို့က တစ်သက်၊ တစ်ဘဝအချိန်ကို အသုံးပြုပြီးမှ တစ်ဘက်သားကို နားလည်ကြရတယ်။

အကြံ(၁)

pheromone နည်းနည်းလျော့ပါ အသိဉာဏ်များများပိုပါ

ချစ်နေချိန်မှာ မျက်စိနဲ့ သေချာလေ့လာရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုလည်း ကိုက်ညှိကြည့်ဖို့ လိုအပ်တယ်။ ချစ်စမှာ လူတွေက မျက်ကန်းဆန်ပြီး တစ်ဘက်သားကို အကောင်းပဲမြင်တတ်ကြတယ်။ ဒါတွေက ချစ်နေချိန်မှာ လူ့ခန္ဓာကထွက်တဲ့ pheromoneကြောင့် မျက်ကန်းဆန်စေတာဖြစ်တယ်။ pheromone ကြောင့် ချစ်နေချိန်မှာ တစ်ဘက်သားရဲ့အလှ၊ အကောင်းကိုပဲမြင်ခဲ့တယ်။ ဒါကြောင့် "အချစ်မှာမျက်စိမရှိ"ဆိုတဲ့ စကားပေါ်လာခဲ့တာဖြစ်တယ်။

ချစ်သူဖြစ်ပြီး သက်တမ်းအနည်းငယ်အကြာမှာ pheromoneက ပုံမှန်အနေအထားကို ပြန်ရောက်သွားတယ်။ ဒီလိုအနေအထားဖြစ်ဖို့ နှစ်ဝက်ကျော်လောက် ကြာတတ်တယ်။ အဲဒီအချိန်ကျရင် တစ်ဘက်သားကို ကိုယ်တစ်ကယ်ချစ်မချစ်၊ သင့်မသင့်တော်ဆိုတာကို လေ့လာဆန်းစစ်နိုင်တယ်။ ဒါပေမယ့် တချို့ချစ်သူတွေက နှစ်ဝက်တောင်မခံဘဲ pheromone လျော့နည်းချိန်မှာ လမ်းခွဲကြရတယ်။ ဒါကြောင့် အချစ်မှာ ချစ်ဖို့ သံစဉ်တွေလိုအပ်တယ်။ ချစ်စမှာ ဖြေးဖြေးချင်းနဲ့ ချစ်သံစဉ်တွေ အဆုံးထိ တီးခတ်သီဆိုနိုင်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင် လှပတဲ့သီချင်းတစ်ပုဒ်က သံစဉ်ကြောင့်ပျက်သွားနိုင်တယ်။

အကြံ (၂)

သူနဲ့မတူချင်ရင် သူ့ကိုမချစ်ပါနဲ့

ချစ်နေချိန်မှာ အချင်းချင်း တူညီသက်ရောက်နိုင်ဖို့ တစ်ဘက်သားကအရေးပါတယ်။ တစ်ဘက်သားရဲ့ အပြောအဆို၊ နှစ်သက်တဲ့အစားအသောက်တွေကို မသိမသာနဲ့ ကိုယ်သင်ယူမိတတ်တယ်။ နောက်ဆုံးမှာ ရုပ်ပါဖြေးဖြေးဆင်လာတာကို တွေ့ရတယ်။ ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ "ကိုယ်နဲ့မတူချင်တဲ့ လူတစ်ယောက်"နဲ့ ချစ်သူဖြစ်နေခဲ့ရင် ခဏလောက်တော့ ကိုယ့်ကိုယ်ဆန်းစစ်ကြည့်သင့်တယ်။ သူ့ကို ကိုယ်တကယ်ချစ်သလား?

တစ်ကြိမ်မှာတော့ ဇီဇာကြောင်တဲ့လူတစ်ယောက်နဲ့ ကျွန်မချစ်သူဖြစ်ခဲ့ဖူးတယ်။ သူနဲ့ နိုင်ငံခြားအတူ သွားလည်တဲ့အခေါက် မိတ်ဆွေတစ်ဦးအိမ်မှာ ကျွန်မတို့ထမင်းအတူစားခဲ့ကြတယ်။ ထမင်းစားပြီးနောက် သူကမျက်ရိပ်နဲ့ ကျွန်မကို ပန်းကန်ဆေးကူသင့်ကြောင်းပြတယ်။ မိတ်ဆွေအိမ်မှာ ပန်းကန်ဆေးစက်ရှိပေမယ့် ကျွန်မရဲ့အကျင့်က သူတစ်ပါးဂရုစိုက်စောင့်ကြည့်တာမျိုးကို နှစ်သက်တာကြောင့် သူ့စိတ်ကြိုက် ပန်းကန်တွေအများကြီးဆေးခဲ့ဖူးတယ်။ ဒါနဲ့တင် သူကမကျေနပ်ခဲ့ဘူး။ အဲဒီခရီးမှာ ကျွန်မတို့ အကြိမ်ကြိမ်ငြင်းခုန်ခဲ့ကြရတယ်။ ခရီးတစ်လျှောက် တင်းမာနေတဲ့ သူ့မျက်ရိပ်မျက်ကဲကိုပဲ ကျွန်မကြောက်ကြောက်ရွံ့ရွံ့ ကြည့်ခဲ့ရတယ်။ ကိုယ့်နိုင်ငံပြန်ရောက်တာနဲ့ သူ့ကိုဖြတ်ပစ်မယ်လို့ စိတ်ထဲမှာတိတ်တိတ်လေး ကျွန်မဆုံးဖြတ်လိုက်တယ်။ သူရဲ့ချစ်သူမဖြစ်ချင်တော့တဲ့အပြင် သူ့ကိုကျွန်မကြည့်လည်း မကြည့်ချင်ခဲ့တော့ဘူး။

အဲဒီတစ်ခေါက်မှာ အချစ်ကို စိတ်အစွဲအလမ်းနဲ့ပဲ ချစ်လို့မရမှန်း ကျွန်မသိလိုက်ရတယ်။ "ခရီးဝေးမှ မြင်းရဲ့ခံနိုင်အားကိုသိတယ်။ ပေါင်းသင်းတာကြာမှာ လူ့စိတ်ကိုသိတယ်" ဆိုသလိုမျိုး သူ့စိတ်ကိုလုံးလုံးသိပြီး သူနဲ့မတူချင်ခဲ့ရင် စောစောစီးစီး လမ်းခွဲလိုက်ကြတာပိုကောင်းတယ်။ တကယ်လို့ သူ့ရဲ့အလေ့အထကို သိပြီးသည့်တိုင် သူ့ကိုဆက်ချစ်နေသေးတယ်ဆိုရင် သူဟာ ကိုယ်တကယ်ပေးဆပ်သင့်သူဖြစ်ခဲ့ပါတယ်။

အကြံ (၃)

အခက်အခဲကြုံချိန်မှ အချစ်ရဲ့ရုပ်ပုံစစ်ကို မြင်ရတယ်

အချစ်ခရီးလမ်းက နေရောင်ခြည်ပဲ ထွန်းတောက်နေမှာမဟုတ်ပါဘူး။ တစ်ခါတလေ မတော်တဆတွေနဲ့လည်း ကြုံရတတ်တယ်။ ဒါဟာ အချစ်ကိုစမ်းသပ်တဲ့ အကောင်းဆုံး အခွင့်အရေးဖြစ်တယ်။ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရတယ် ဒါမှမဟုတ် ကုမ္ပဏီက ရုတ်တရက် အရေးအကြောင်းရှိလာတယ် ဒီလိုမတော်တဆတွေက အချစ်ကိုသက်ရောက်စေတတ်တယ်။ ဒီလိုအခက်အခဲကြုံချိန် အမြဲတွေ့နေကြချစ်သူနှစ်ဦးက ခေတ္တခဏတော့ ခွဲကြရတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့လိုအပ်မှုကို ချစ်သူက ဘယ်လိုအကူအညီပေးသလဲ! အကြံပေးသလဲ! ဒါတွေက ချစ်သူနှစ်ဦးရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးတတ်တယ်။

မတော်တဆဖြစ်ချိန် ကိုယ့်ကိစ္စကို သူ့ကိစ္စလိုသဘောထားပြီး ကူညီဖြေရှင်းပေးတဲ့ချစ်သူ၊ ကိုယ့်လုံခြုံမှု၊ ကိုယ့်ပျော်ရွှင်မှုကို ရှေ့တန်းတင်တတ်တဲ့ချစ်သူမျိုးကို ကျွန်မတို့က ယုံယုံကြည်ကြည်နဲ့ ချစ်သင့်ပါတယ်။ ချစ်ရတာလည်း တန်ပါတယ်။

တကယ်လို့ မတော်တဆဖြစ်ချိန် အလုပ်များတာကိုအကြောင်းပြပြီး ကိုယ့်ကိုရှောင်ဖယ်တတ်တဲ့ချစ်သူ၊ အရာအားလုံးပြီးငြိမ်းမှ "အဆင်ပြေလား?"ဆိုပြီး ကိုယ့်ဆီပြန်လာတတ်တဲ့ ချစ်သူမျိုးကိုတော့ ချစ်ရတာမထိုက်တန်ပါဘူး။

အကြံ (၄)

ပြောင်းလဲဖို့ အချိန်ပေးပါ

အချစ်ကိုစွန့်ခွါချိန် အလျှင်စလိုမလုပ်ဘဲ ပြောင်းလဲဖို့ သူ့ကိုအချိန်ပေးသင့်ပါတယ်။ အခုချိန် သူ့ဆီမှာ အားနည်းချက်တွေ တပုံကြီးရှိတယ်ဆိုပေမယ့် ပြောင်းလဲပြုပြင်ဖို့ သူကိုယ်တိုင် သင်ယူလိုစိတ်ရှိတယ်ဆိုရင် သူဟာ ကိုယ့်အတွက်အဖော်ကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ကျွန်မအဖေလိုမျိုး နုရွယ်စဉ်မှာ ဗွေရှုပ်ခဲ့တယ်။ အသက်ကြီးလာတော့ အိမ်အတွက်၊ မိသားစုအတွက် တစ်လျှောက်လုံး ပေးဆပ်လာခဲ့တဲ့အမေကိုကြည့်ပြီး သူလည်းပြောင်းလဲလာခဲ့တယ်။ အမေကိုပြန်ပေးဆပ်တတ်ဖို့ သူသင်ယူခဲ့တယ်။ ဘဝတစ်လျှောက်မှာ သားသမီး၊ လင်ယောက်ျားအတွက် အရာရာကို ပေးဆပ်စတေးခံခဲ့တဲ့အမေက နောက်ဆုံးမှ ကိုယ့်ကိုဂရုစိုက်တတ်တဲ့ လင်ကောင်းတစ်ယောက်ကိုရခဲ့တယ်။ သူ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ကောင်းဖြစ်ခဲ့တယ်။ အဖေ့အပေါ်ထားတဲ့ အမေရဲ့အချစ်က အမြစ်တွယ်ခိုင်မြဲခဲ့တယ်။ ငြင်းခုန်မှုတွေ မပြတ်ရှိခဲ့တယ်ဆိုပေမယ့် အမေမတုန်လှုပ်ခဲ့ဘူး။ အမေအတွက် တဘက်သားရဲ့အချစ်ကို နားလည်ဖို့ သူ့တစ်သက်အချိန်ယူခဲ့ရတယ်။

မူရင်းရေးသားသူ --
Zhu Wei Yin (朱衛茵) or google search

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, February 19, 2010

Pheromone


လူတွေမှာ လိင်နဲ့ပတ်သက်တဲ့ဟိုမုန်းတွေ အမျိုးမျိုးရှိတဲ့အထဲမှာ pheromoneလို့ခေါ်တဲ့ဟိုမုန်းက စိတ်ဝင်စားစရာ ကောင်းလှတယ်။ သူ့ကို သတင်းဟိုမုန်းလို့လဲခေါ်တယ်။ တစ်နည်းပြောရရင် မျိုးမတူတဲ့လိင်ကို မျိုးမတူကြောင်း၊ တစ်ဖက်လိင်ကိုဆွဲဆောင်ဖို့ သတင်းပေးတာဖြစ်တယ်။ တိရစ္ဆာန်တွေမှာလည်း မိတ်လိုက်ချိန်၊ သတ်မှတ်ချိန်မှာ pheromoneတွေထုတ်လွှတ်ပြီး တစ်ဖက်လိင်ကို ဆွဲဆောင်လေ့ရှိတယ်။ မျိုးတူချင်းထုတ်လွှတ်တဲ့ pheromoneတွေက အချင်းချင်းပထုတ်ပြီး တွန်းကန်လေ့ရှိတယ်။ လူတွေရဲ့pheromone က တိရစ္ဆာန်တွေရဲ့pheromone လောက် မသိသာသလို၊ မပြင်းထန်လှဘူး။

လူတွေမှာ pheromoneထုတ်လွှတ်တတ်ကြောင်းကို (၁၉၇၁)ခုနှစ်မှ စတင်တွေ့ရှိခဲ့တယ်။ အဲဒီတုန်းက အဆောင်နေကျောင်းသူအများစုရဲ့ ဓမ္မတာအချိန်ဟာ တစ်ချိန်တည်းဖြစ်နေတာကို သတိပြုမိပြီးနောက် ဆန်းစစ်မှုတွေ လုပ်ခဲ့ကြတယ်။ ဆန်းစစ်မှုရဲ့ရလဒ်မှာ ဓာတုဒြပ်တစ်မျိုးနဲ့ ထိန်းချုပ်ထားတာကို တွေ့ရတယ်။ ဆန်းစစ်မှုတွေ အထပ်ထပ်ပြုလုပ်ပြီးနောက် လူသားတွေမှာ အမျိုးသမီးတွေဆီက ထုတ်လွှတ်တဲ့pheromoneကို couplinလို့ခေါ်ပြီး အမျိုးသားတွေဆီက ထုတ်လွှတ်တဲ့pheromoneကို androstenone လို့ခေါ်ခဲ့ကြတယ်။

အခုလက်ရှိမှာနားလည်ထားကြတာက လူသားpheromoneတွေရဲ့ အဓိကလုပ်ဆောင်ချက်ဟာ မျိုးတူတွန်းကန်၊ မျိုးမတူကိုဆွဲငင်တာဖြစ်ပြီး ဓမ္မတာအချိန်ကို ညှိပေးတာဖြစ်တယ်။ ဆန်းစစ်မှုတစ်ရပ်က မှောင်မည်းတဲ့ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်သူတွေက ကိုယ်နဲ့မျိုးမတူတဲ့ pheromone သုတ်လိမ်းထားတဲ့ထိုင်ခုံကို ရွေးထိုင်ကြတာကို တွေ့ရတယ်။

အမျိုးသားရဲ့pheromoneက သူတို့ရဲ့ချွေးဂလင်းတွေမှာရှိပြီး အမျိုးသမီးရဲ့pheromoneက ချိုင်းကြားတွေမှာရှိကြတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ သန့်ရှင်းမှုတွေက မတူညီကြလို့ လူတိုင်းမှာ တစ်ဘက်သားကိုဆွဲဆောင်တဲ့ pheromoneတွေ လုံလုံလောက်လောက် ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် အမေရိကန်နိုင်ငံက လူတွေနဲ့ဖန်တီးတဲ့ pheromoneရေးမွှေးတွေ အမျိုးမျိုးထုတ်လုပ်ပြီး ရောင်းချတာကိုတွေ့ရတယ်။ ချိန်းတွေ့ကြမယ့် ချစ်သူရည်းစားတွေအတွက် ချိန်းတွေချိန် အချင်းချင်း ဆွဲဆောင်နိုင်အောင်ဖြစ်တယ်။

Pheromone ရေမွှေးက မျိုးမတူလိင်ကို ဆွဲဆောင်စေတယ်၊ ငဲ့ကြည့်စေတယ်လို့ဆိုပါတယ်။ ဒီလိုရေမွှေးကို လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက တွေ့ရှိရပြီး အခုချိန်မှာ ဒီအကြောင်းနဲ့ပတ်သက်တဲ့ စာစောင် အများအပြားကိုလည်း ဖတ်ကြရမှာဖြစ်တယ်။ ရေမွှေးအများစုကို Pheromoneထည့်ထားတိာ တွေ့ရတယ်။

Pheromoneမှာလည်း အမျိုးမျိုးရှိပြီး အသွင်ကွဲပြားကြတယ်။ ဥပမာ-- ဆွဲငင်Pheromone၊ တွန်းကန်၊ သတိပေး၊ အစာလုတဲ့ Pheromoneတွေဖြစ်တယ်။ ရေမွှေးတွေထဲပါတဲ့ ဆွဲငင်Pheromoneက တိရစ္ဆာန်၊ ပိုးမွှားတွေမှာ ထုတ်လွှတ်တတ်တဲ့ အနံ့အသက်ကင်းတဲ့ Pheromone ဖြစ်တယ်။ ဒါကို (၁၉၅၉)ခုနှစ် ဂျာမန်ပါမောက္ခတစ်ဦးက ပိုးဖလံတစ်မျိုးကိုစမ်းသပ်ရာက တွေ့ရှိခဲ့တာဖြစ်တယ်။ ဒါပေမယ့် အဲဒီတုန်းက လူတွေမှာလည်း Pheromoneရှိကြောင်း အသိအမှတ် မပြုကြသေးဘူး။

မတူတဲ့တိရစ္ဆာန်မှာ မတူတဲ့Pheromoneတွေ ရှိကြတယ်။ တစ်ခါတလေမှာ Pheromoneက တိရစ္ဆာန်တွေ အစာရှာရမှာ အထောက်အကူပြုတယ်။ ပင့်ကူတွေက ပိုးဖလံရဲ့Pheromoneလိုတုပပြုပြီး ပိုးဖလံတွေကိုဖမ်းယူဖို့ ထောင်ချောက်ဆင်လေ့ရှိတယ်။ ပိုးဟပ်ကပ်ဆေးတွေမှာ ပိုးဟပ်တွေကိုဆွဲဆောင်တဲ့ Pheromone ထည့်ထားတယ်။ မတူတဲ့Pheromoneက မတူတဲ့သက်ရှိတွေကို ဆွဲဆောင်တာကြောင့် အရင်ခွဲခြမ်းစိတ်ဖြာပြီးမှ လိုအပ်တဲ့ Pheromoneကို ထီထွင်ဖန်ဆင်းကြတယ်။ ဒါကြောင့် Pheromone ရေမွှေးပက်ဖြန်းထားတဲ့ လူတစ်ယောက်က ပိုးဟပ်တွေကိုတော့ မဆွဲဆောင်နိုင်စေခဲ့ပါဘူး။

Pheromoneရဲ့အသုံးဝင်ပုံကို လူတွေသတိထားလာမိပြီးတဲ့နောက် Pheromoneကိုလူတွေ ပိုစမ်းသပ်ခဲ့ကြတယ်။ အဲဒီထဲမှာ Discovery channelလည်း အပါအဝင်ဖြစ်တယ်။ စမ်းသပ်ချက်မှာ Pheromoneရေမွှေးက တကယ်ပဲလူတွေကိုယ့်ကို သတိထားမိအောင်၊ ကိုယ့်ကို တစ်ချက်ပိုကြည့်အောင် ဆွဲဆောင်နိုင်ကြောင်း တွေ့ရတယ်။

လူတိုင်းမှာ ဆွဲဆောင်စေတဲ့ဆေးစွမ်းတစ်လက် ရှိခဲ့ပြီလားလို့မေးခဲ့ရင် အဖြေက မတိကျပါဘူး။ အကြောင်းကလူဟာ တိရစ္ဆာန်၊ ပိုးမွှားတွေနဲ့ မတူလို့ဘဲဖြစ်တယ်။ လူတွေကို အသိရှိတဲ့ဦးနှောက်က ထိန်းချုပ်ထားတာကြောင့် Pheromoneရေမွှေးက လူတွေ ကိုယ့်ကိုပိုသတိထားမိအောင်၊ ပိုကြည့်မိအောင်လောက်ပဲ ဆွဲဆောင်စေခဲ့တယ်။ မြင်မြင်ချင်း ချစ်မိစေတဲ့အထိတော့ မဖြစ်ခဲ့ပါဘူး။

ref : http://en.wikipedia.org/wiki/Pheromone
http://angelcehugo.pixnet.net/blog/post/29005879
http://www.sekada.com/health/pheromon.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ထပ်ကူညီကြပါ


ဂျပန်မှာကျောင်းတက်နေတဲ့ ညီမငယ်တစ်ယောက်ရဲ့ အီးမေးလ်ဖြစ်ပါတယ်။ နိုင်ငံခြားနာမည်တွေကို မြန်မာလိုအသံထွက်ရေးပေးဖို့ အကူအညီလှမ်းတောင်းတာ ဖြစ်ပါတယ်။ ဒီနာမည်တွေကို စီးပွားဖြစ်အဖြစ် မသုံးဘူးဆိုတာကို အာမခံပါတယ်တဲ့။ ကျွန်မက အသံထွက်မပီလို့ အမှားရေးပေးမိမှာစိုးလို့ အားလုံးကို အကူအညီ ထပ်တောင်းလိုက်ပါတယ်။ နာမည်မဖော်ပြဖို့ ရေးထားတဲ့အတွက် ဂျပန်ကညီမငယ်နာမည်ကို ချန်ထားလိုက်ပါတယ်။ အားလုံး သူ့ကိုယ်စား ကျေးဇူးတင်ပါတယ်း) (ဘာလုပ်ဖို့လဲ မသိဘူးနော်)

Kestrina
Tom
Omran
Maria
Ting
Bianca
Jennifer
Zhenyan
Rachel


Share/Bookmark

ကူညီကြပါ


အီးမေးလ်ကနေ အကူအညီတောင်းလာတဲ့ စာလေးတစ်စောင်ပါ။ ကျွန်မ မသိလို့ အားလုံးကိုပြန်ပြီး အကူအညီတောင်းလိုက်ပါတယ်။ ကျေးဇူးပြုပြီး ကူညီပေးကြပါ.. သူ့ကိုယ်စား အားလုံးကို ကျေးဇူးတင်ပါတယ်။

I need to ask you a favor. not too big. I just wanted to ask some links, websites, blog spots, e-journals, e-books that i can get information relating with education systems or schools in Myanmar. anything, from political view or economic view or whatever it is.

Because I am going to write 2 research based assignments and a dissertation for my Master program. I have to submit 1 in next 3 weeks and another one in end of April. dissertation is in August. As my master program is in educational context, I am going to do small-scale research about schools in our mother land. the main problem is we don't have legal documents or published books as far as i know. Could you please give ma advice of any books, links, journals that i can at least refer on online.

i really need your help.


Share/Bookmark

Thursday, February 18, 2010

ကြီးပြင်းရာလမ်းတစ်လျှောက်က မိခင်


မူကြိုတက်တဲ့အရွယ်မှာ မိခင်က သားသမီးတွေကို ရင်ခွင်ထဲဆွဲသွင်းပြီး "အဲဒီနေရာမှာ သူငယ်ချင်းတွေ၊ ကစားစရာတွေ အများကြီးရှိတယ်။ မငိုနဲ့နော်.. မေမေစောစော လာကြိုမယ်" လို့ပြောတတ်တယ်။

မူလတန်းတက်တဲ့အရွယ်မှာ မိခင်က သားသမီးတွေရဲ့ ခေါင်းကိုပွတ်သပ်ပြီး "ကျောင်းကြီးတက်ရပြီနော်၊ စာတွေသေသေချာချာ လိုက်မှတ်နော်၊ ဆရာ ဆရာမတွေရဲ့စကားကို နားထောင်နော်၊ တစ်ခြားကျောင်းသားတွေနဲ့ ရန်ဖြစ်နဲ့နော်" လို့မှာတတ်တယ်။

အလယ်တန်း၊ အထက်တန်းတက်တဲ့အရွယ်မှာ မိခင်က "ဘောလုံးပဲ ကန်မနေနဲ့နော်၊ ညဥ့်နက်အောင်မနေနဲ့နော်၊ ကျန်းမာရေးဂရုစိုက်နော်" လို့ မှာတတ်တယ်။

တက္ကသိုလ်တက်တဲ့အရွယ်မှာ မိခင်က "ကိုယ့်ကိုယ်ဂရုစိုက်နော်၊ လိုအပ်တာရှိရင် အိမ်ကိုဖုန်းဆက်၊ စာရေးနော်" လို့ မျက်ရည်စက်လက်နဲ့ မှာတတ်တယ်။

ကျောင်းပြီးလို့ အလုပ်ခွင်ဝင်တော့မဲ့ သားသမီးကို မိခင်က သူတို့ရဲ့ နောက်ကျောပုံရိပ်ကိုကြည့်ပြီး "မိဘဘေးက ခွါပြီဆိုတော့ ကိုယ့်အကျင့်၊ ကိုယ့်စရိုက်ကိုထိန်းနော်၊ လူတွေနဲ့ တည့်အောင်ပေါင်း၊ အလုပ်ကြိုးစားနော်" လို့ မခွဲမခွါရက် ပြောတတ်တယ်။

သားသမီးတွေရဲ့ ကြီးပြင်းရာလမ်းတစ်လျှောက်မှာ မိခင်က သားသမီးတွေရဲ့အပြုအမှု၊ အနေအထိုင်ကို သတိပေးလှုပ်ဆော်နေတတ်တယ်။ ဒါဟာ ရင်ထဲကအလိုလိုဖြစ်လာတဲ့ မိခင်ရဲ့ဝတ္တရားနဲ့ မေတ္တာပဲဖြစ်တယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့မိခင်တစ်ဦးက ဒီလိုမလုပ်ခဲ့ဘူး။ အဲဒီမိခင်ဟာ ကလေးငယ် သိတတ်စအရွယ်တည်းက ဒီလိုမှာခဲ့တယ်။

"သား... ကြံ့ခိုင်ရမယ်နော်။ ကိုယ့်ရဲ့အားနည်းချက်ကို သိနိုင်လောက်တဲ့အထိ သားကြံ့ခိုင်ရမယ်"

"သား.... ရဲရင့်ရမယ်နော်။ ကြောက်ရွံ့ထိတ်လန့်တာတွေကို ရင်ဆိုင်နိုင်လောက်တဲ့အထိ သားရဲရင့်ရမယ်"

"သား.... မားမားမတ်မတ် ရပ်တည်နိုင်ရမယ်နော်။ စိတ်ပျက်အားငယ်မှုတွေနဲ့ ကြုံတဲ့အချိန် ဒူးမထောက်မိဖို့၊ မတွန့်ဆုတ်မိဖို့ ရပ်တည်ရမယ်"

"သား.... အောင်မြင်ချိန်မှာ စိတ်ကြီးမဝင်၊ မဝင့်ကြွားဘဲ လက်ခုပ်သံတွေကို မှန်မှန်ကန်ကန် ခံယူတတ်ပါစေနော်"

အဲဒီမိခင်က သားကို "တကယ့်မြင့်မြတ်သူက ဖြောင့်မှန်ရိုးသားတယ်၊ တကယ့်ဥာဏ်ပညာရှိသူက အရာရာကို နားလည်လက်ခံပေးနိုင်တယ်။ တကယ့် သန်မာကြံ့ခိုင်သူက ယဉ်ကျေးသိမ့်မွေတယ်" လို့မှာခဲ့တယ်။

အဲဒီအပြင် မိခင်ကသားနဲ့အတူ ဘုရားသခင်ထံ
"ဘုရားသခင် .... သားကို လုံလောက်တဲ့ဟာသဥာဏ် ဖြည့်ဆည်းပေးပါ။ ဂုဏ်ရာထူးတွေနဲ့ တည်ကြည်ခံ့ညားသူဖြစ်စေပြီး မဝင့်ကြွားတတ်ပါစေနဲ့။ အနာဂတ်ကို ပိုင်ဆိုင်နေချိန်မှာ အတိတ်ကိုလည်း သူမမေ့ပါစေနဲ့" လို့ ဆုတောင်းခဲ့တယ်။

အဲဒီမိခင်က တစ်ခြားသူမဟုတ်ခဲ့ပါဘူး။ သူဟာ အမေရိကန်ရဲ့(၁၆)ကြိမ်မြောက်သမ္မတ (Abraham Lincoln) လင်ကွန်းရဲ့ မိခင်ပဲဖြစ်ပါတယ်။

မူရင်း-- http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

ကလေးစကား နားထောင်နည်း


စကားဝိုင်းအတွေ့အကြုံလေး ရှိပါစေ

ကျွန်တော်က အမြဲအလုပ်များသူဖြစ်တာကြောင့် အိမ်က ကလေးတွေနဲ့ အတူနေချိန်နည်းခဲ့တယ်။ ဒါကြောင့် ကျွန်တော်ရဲ့ အကောင်းဆုံးနည်းတစ်နည်းက သူတို့အိပ်ရာဝင်ချိန် အဖော်လုပ်ပေးတာပဲဖြစ်တယ်။ ကလေးတွေက အိပ်ချိန်ရောက်ရင် အသိစိတ်တွေလျော့သွားတတ်လို့ ခါတိုင်းမေးလိုက်ရင် ပြောနေကျစကားဖြစ်တဲ့ "မသိဘူး" ၊ "မဟုတ်ဘူး"၊ "ကျွန်တော်မဟုတ်ဘူး" စတဲ့ ငြင်းဆန်စကားတွေ မပြောတာကို တွေ့ရတယ်။ ဒီလိုအချိန်မှာ သူတို့နဲ့ ကြိုက်တာပြောဆိုနိုင်ပါတယ်။ "သာမန်စကားဝိုင်း"အဖြင့်နဲ့ ရောက်ရာပေါက်ရာပြောနိုင်ပါတယ်။ ဒါမှကလေးတွေက ကျွန်တော်တို့နဲ့ စကားပြောရတာကို တဖြေးဖြေး နှစ်သက်လာတတ်တယ်။

ဆန်းစစ်မှုတစ်ရပ်မှာ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက အမြဲစကားပြောပေး၊ ပုံပြောပြ၊ အတူဆော့ကစားပေး၊ လက်ပွန်းတတီးနေပေးတာဟာ သူတို့ကိုပိုထက်မြက်ဖို့ ကူညီရာရောက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကလေးတွေနဲ့ စကားဝိုင်းဖွဲ့ပြီး စကားစမြည်းပြောတိုင်း သူတို့ကို ကျွန်တော်နှိပ်နယ်ပေးတတ်တယ်။ များသောအားဖြင့် သူတို့ရဲ့နားရွက်တွေ၊ နောက်ကျောတွေကို ကုတ်ပေးရင် သူတို့မြန်မြန်အိပ်ပျော်ပါတယ်။ ကြာတော့ ကလေးတွေက ကျွန်တော်တို့နဲ့ စကားပြောတာကို ပျော်ရွှင်နှစ်သက်လာကြတယ်။

ကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုမှာ သင်တန်းသားတစ်ဦးက သားဖြစ်သူဟာ သူ့ကိုအိပ်ခန်းထဲပေးမဝင်ဘဲ အမြဲတံခါးပိတ်ထားတတ်ကြောင်း ကျွန်တော့်ကိုပြောပြပါတယ်။ အမေဖြစ်သူက ပစိပစပ်များလွန်းတာကြောင့် သားက သူ့အခန်းထဲ အမေကိုပေးမဝင်ဘဲ တံခါးကို အမြဲကန့်လန့်ထိုးထားတတ်တယ်လို့ ဆိုတယ်။ ဒါကို အမေက သော့ဖျက်ပြီးဝင်ပါတယ်။ သားက အထဲကနေပြီး သော့ထပ်ဆင်ပါတယ်။ ဒါကိုအမေက တံခါးဖျက်ပြီးဝင်ပါတယ်။ စာအုပ်တစ်အုပ်ယူပြီး သားနဲ့အတူဖတ်ပါတယ်။ (၂)ရက်ကြာတော့ သားက မခံမရပ်နိုင်ဖြစ်တော့ အမေက သားနဲ့အတူ စာကြည့်ကူတာပါလို့ဆိုလည်း သားလက်မခံခဲ့ပါဘူး။ ဒါဟာ စာကြည့်ကူတာမဟုတ်ဘဲ သားကိုစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ မိဘတွေနဲ့ စကားပြောရတာ၊ အတူနေရတာကို ကလေးကျင့်သားမရခဲ့လို့ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကျွန်တော်တို့မိဘလုပ်သူတွေက ကလေးတွေကို စိတ်မချတတ်တော့ဘူး။ စိတ်မချတာနဲ့ ဒီကလေး ဘာတွေတွေးနေလဲ? ဘာလုပ်နေလဲ? ဆိုပြီး ကလေးတွေရဲ့ အတွေးကမ္ဘာထဲ ဝင်ကြည့်ချင်ခဲ့ကြတယ်။


ကလေးတွေပြောတဲ့စကားကို နားထောင်ချိန်မှာ တုန့်ပြန်မှုနှေးပါစေ....

မိဘလုပ်တဲ့ ကျွန်တော်တို့တတွေက တုန့်ပြန်မှုတွေ မြန်တတ်တယ်။ ဥပမာ--- ကလေးက ကျွန်တော်တို့နဲ့ "မေမေ... ဒီတစ်ခေါက် စာမေးပွဲကို သားကောင်းကောင်းဖြေနိုင်တယ်" ပြောတဲ့အချိန် ကလေးငယ်ရဲ့ ရင်ထဲမှာ ကျွန်တော်တို့ဆီက ချီးကျူးသံကို မျှော်လင့်နေခဲ့တတ်တယ်။ ဒါပေမယ့် မိဘအများစုက "ဒီတစ်ခေါက်ဖြေနိုင်တယ်။ အရင်ခေါက်တွေက ဘာလို့ကောင်းကောင်း မဖြေနိုင်တာလဲ?" လို့ တုန့်ပြန်တတ်ကြတယ်။

နောက်ဥပမာတစ်ခုက ကလေးငယ်တွေ ကျွန်တော်တို့ကိုလိမ်ညာချိန်မှာ သူတို့စိတ်ထဲမှာ ကြောက်လန့်နေတတ်တယ်။

တစ်ခါက သားကိုဒေါကြီးမောကြီးနဲ့ "စားပွဲခုံကို ဘာဖြစ်လို့ ဒီလောက်ညစ်ပတ်အောင် လုပ်ထားသလဲ?" လို့ ကျွန်တော်မေးတော့ သားက အသံတိုးတိုးနဲ့ "သား မသိဘူးဖေဖေ" လို့ ဖြေတယ်။ သားအသံထဲမှာ ကြောက်နေတဲ့အသံ ပါမှန်းသိတော့ ကျွန်တော်က အသံနိမ့်ပြီး နောက်တမျိုးထပ်မေးတယ်။

"ဖေဖေ ဘာမှမလုပ်ဘူးသား... ဖေဖေသိချင်တာလေးတစ်ခုပဲ"

"တကယ်လို့ သားပြောရင် ဖေဖေရိုက်မှာလား?"

သားက ကျွန်တော့်ကိုပြန်မေးပါတယ်။ ဒီလိုအချိန်မှာ ကလေးငယ်တစ်ယောက်ရဲ့စိတ်က နှစ်သိမ့်မှုလိုလာပြီဖြစ်ကြောင်း ကျွန်တော် သတိပြုမိလိုက်တယ်။ ဒီနှစ်သိမ့်မှုက ကျွန်တော်တို့တွေးထင်တာထက် အဆများစွာလိုခဲ့ပါတယ်။


ကလေးတွေပြောတဲ့စကားကို နားထောင်ချိန်မှာ ကိုယ့်မျက်နှာထားနဲ့ အသံနေအသံထားကို ဂရုပြုပါ

ဒီအတွက် အကောင်းဆုံးနည်းက ကလေးတွေနဲ့ပြောတဲ့စကားကို အသံသွင်းထားလိုက်တာပဲဖြစ်တယ်။

တစ်ခါက အာမခံကုမ္ပဏီမှာ အလုပ်လုပ်တဲ့မိတ်ဆွေနှစ်ဦး ကျွန်တော်ကို လာရှာခဲ့တယ်။ သူတို့က ဧည့်သည်တွေနဲ့ စကားပြောတဲ့အခါ ဘယ်လိုပြောရင် ပိုကောင်းမလဲဆိုတာကို ဆွေးနွေးနေခဲ့တယ်။ သူတို့ကိုကြည့်ပြီး ကျွန်တော်တို့က ကလေးငယ်ကို သွန်သင်ဆုံးမချိန်မှာ ဘာဖြစ်လို့ ငွေရှာတာလောက် အရေးမထားခဲ့သလဲလို့ တွေးမိတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းအတွက် ကလေးငယ်ရင်ထဲ ဘယ်လိုခံစားရမယ်ဆိုတာကို မတွေးခဲ့မိဘူး။ တကယ်လို့ ကလေးတွေကို ငွေရှာတာလောက် အရေးထားခဲ့မယ်ဆိုရင် ကလေးငယ်တိုင်း လိမ္မာထက်မြက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

ကလေးတွေက ငယ်ရွယ်ချိန်မှာ ကျွန်တော်တို့ ဘယ်လိုသင်ပြရင် သူတို့လိုက်နာ နာခံပါတယ်။ ဒါပေမယ့် တဖြေးဖြေး အသက်အရွယ်ကြီးလာတာနဲ့အမျှ သွန်သင်လို့ မကောင်းတော့ပါဘူး။ ဒါကြောင့် ခါတိုင်းကလေးငယ်တွေနဲ့ စကားပြောချိန်မှာ ကိုယ့်ပြောတဲ့စကားမှာ ဘာအဓိပ္ပါယ်ပါသွားသလဲ? ကိုယ့်မျက်နှာထားက ဘယ်လိုလဲ? ကလေးငယ် ဘယ်လိုခံစားရမလဲ? စတာတွေကို ကျွန်တော်တို့ ဂရုပြုသင့်ပါတယ်။

တစ်ခါတလေ ကျွန်တော်တို့ပြောဆိုတဲ့စကားတွေမှာ ကျွန်တော်တို့ကိုယ်တိုင်မယုံနိုင်တဲ့ အပြောအဆို၊ အသုံးအနှုန်းတွေလည်း ပါလာတတ်ပါတယ်။

တစ်နေ့မှာ ကျွန်တော်အလုပ်ကပြန်လာတော့ သမီးလေးက အတန်းထဲမှာ သူစံပြကျောင်းသူအဖြစ် အရွေးခံရတယ်လို့ဆိုပါတယ်။ အဲဒီအချိန်မှာ ဖုန်းလာတော့ အလုပ်အရမ်း ပင်ပန်းလာတာကြောင့် သမီးလေးကို ကျွန်တော်သွားကိုင်ခိုင်းပါတယ်။ သမီးက မကိုင်ရဲဘူးဆိုတော့ "စံပြကျောင်းသူက ဘာအသုံးကျလို့လဲ? ဖုန်းကိုင်ခိုင်းတာတောင် မကိုင်ရဲဘူး" လို့ ကျွန်တော့်ပါးစပ်က စကားတစ်ခွန်း လွတ်ခနဲထွက်သွားမိတယ်။

သမီးစိတ်ထိခိုက်သွားတဲ့ပုံကိုတွေ့မှ ကျွန်တော့်စကားမှားသွားမှန်း သတိပြုလိုက်မိတယ်။ သမီးကို တောင်းပန်ပေမယ့် သမီးလက်မခံခဲ့ဘူး။ အိမ်ပေါ်ထပ်ကနေ အောက်ထပ်အထိ ဖေဖေမြင်းလုပ်မယ် သမီးစီးပါဆိုမှ လက်ခံတော့တယ်။

တချို့ကလေးက နားလည်ခွင့်လွတ်တတ်ပေမယ့် တချို့ကဖြေရှင်းခွင့်မပေးဘဲ မကျေနပ်တာတွေကို ရင်ထဲ စုထားတတ်တယ်။ ဒီလိုကလေးမျိုးဟာ အရွယ်ကြီးလာတာနဲ့ ပုန်ကန်တော်လှန်တတ်တဲ့ ကလေးမျိုး ဖြစ်သွားတတ်ပါတယ်။

ကလေးငယ်တွေနဲ့ စကားပြောချိန်မှာ ဂရုတစိုက်ရှိခဲ့ရင် မိဘနဲ့ကလေးကြား ရင်းနှီးဆက်ဆံမှုတွေ ပိုစေတဲ့အပြင် ကလေးတွေရဲ့ စကားအပြောအဆို အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။


နားထောင်ချိန်မှာ စိတ်ကူးပုံရိပ်တွေ မြင်ယောင်ပါ

ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတစ်ကားမှာ ကလေးငယ်တစ်ဦးက ရုပ်ပုံဆွဲတာကို အရမ်းဝါသနာပါခဲ့တယ်။ တစ်ညနေခင်းမှာ ခွေးသုံးကောင်ပုံကိုသူဆွဲပြီး ထမင်းစားချိန်မှာ ဖခင်ဖြစ်သူကိုပြခဲ့တယ်။ ဖခင်က သူဆွဲထားတဲ့ပုံကို ကြည့်ပြီး "ခွေးက အမည်းရောင်ပဲရှိတယ်။ သားရဲ့ခွေးက ဘာဖြစ်လို့ အနီရောင်ဖြစ်နေတာလဲ? အရောင်ကန်း(colour blind) ဖြစ်နေတာလား?" လို့ ပြောတော့ ကလေးငယ်က "ညနေဆည်းဆာနေရောင်ကြောင့် အနီရောင်ဖြစ်သွားတာပါ ဖေဖေ" လို့ပြောပါတယ်။

ဖခင်က "ဒီလိုဆိုရင် ဘာဖြစ်လို့ ခွေးအမြီးမှာ အမည်းရောင်တွေဖြစ်နေပါလား?" လို့ထပ်မေးတော့ ကလေးငယ်က "အဲတာ မစင်တွေလေ ဖေဖေ" လို့ပြောပါတယ်။

ဖခင်က ဒေါသထွက်ပြီး "စာကျတော့ မကြည့်ဘူး။ ဒီပုံတွေဆွဲတာနဲ့ မင်းထမင်းဝရော့လား" လို့ ဆူပါတယ်။

ဒီအချိန်မှာ ဒါရိုက်တာကပြကွက်ကို ကလေးငယ်ဆွဲထားတဲ့ စိတ်ပျက်ခေါင်းငုံ့နေတဲ့ ခွေးပုံဘက်ဦးတည်လိုက်တယ်။ ပြကွက်က ကလေးငယ်ရဲ့ စိတ်ခံစားချက်ကို ဖော်ကျူးနေပါတယ်။

နောက်ဥပမာတစ်ခု ထပ်ပေးရရင် ကျောင်းဆင်းပြန်လာတဲ့ ကလေးငယ်က--

"သားတို့ဆရာမက နည်းနည်းမှ မတရားဘူး။ ကျောင်းသားတစ်ယောက် စကားပြောတာနဲ့ တစ်တန်းလုံးကို မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးတယ်"လို့ပြောခဲ့ရင် စာသင်ခန်းထဲမှာ ကျောင်းသားတွေအားလုံး မတ်တပ်ရပ်နေတဲ့ ပုံရိပ်ကို စိတ်နဲ့မြင်ယောင်ကြည့်ပါ။ တကယ်လို့ မြင်ယောင်နိုင်ခဲ့ရင်၊ "သားက အမှားမလုပ်ဘဲ နေရင်းထိုင်ရင်း အပြစ်ပေးခံလိုက်ရတာပေါ့" လို့ သင်ပြောနိုင်ခဲ့ရင် ကလေးငယ်ရဲ့စိတ်ထဲမှာ သူအမှားမလုပ်တာကို လူကြီးတွေသိကြောင်း ခံစားမိလိမ့်မယ်။

ကလေးတွေရဲ့ပြောစကားကိုနားထောင်ပြီး လူကြီးတွေစိတ်ကူးပုံဖော် မြင်ယောင်တတ်ဖို့ ကျွန်တော်အားပေးပါတယ်။ အဲဒီအပြင် ကိုယ်ပြောတဲ့စကားကိုလည်း ကလေးငယ်တွေရဲ့ရင်ထဲ အလွယ်တကူဝင်ရောက်နိုင်ဖို့ ရုပ်ပုံတစ်ခုအဖြစ် ဖန်တီးနိုင်ပါစေ။


ခံစားမှုရှိတဲ့ စကားတွေကို များများအသုံးပြုပေးပါ

ခံစားတာနဲ့ တွေးတောတာက မတူပါဘူး။ ခံစားတာက ရင်ထဲကဖြစ်ပြီး တွေးတောတာက ဦးနှောက်ကဖြစ်ပါတယ်။

"ဒီလိုခံစားချက်က မကောင်းဘူးထင်တယ်" ဆိုတာက တွေးထင်တာဖြစ်ပြီး "ဒီကိစ္စ ဒီလိုဖြစ်သွားတာ ကျွန်တော်အရမ်းခေါင်းခြောက်တယ်" ဆိုတာက ခံစားချက်ဖြစ်တယ်။

တွေးတောတာတွေထဲမှာ ဝေဖန်မှုတွေ အလွယ်တကူပါနိုင်ပါတယ်။
ခံစားချက်မှာတော့ ထိခိုက်မှုတွေမပါတဲ့ အတွင်းစိတ်ထဲက ခံစားနေရတာကို ပြတာဖြစ်တယ်။
ခံစားချက်က တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီးရှိစေဖို့ အကျိုးရှိတဲ့နည်းဖြစ်တယ်။
ဒါပေမယ့် ယောက်ျားအများစုက ရင်ထဲကခံစားချက်ကို အလွယ်တကူ ထုတ်ဖော်မပြတတ်ကြဘူး။ ကလေးငယ်တွေအတွက် ရင်ထဲကခံစားချက်ကို ထုတ်ဖော်ပြောတတ်ဖို့ ကျွန်တော်တို့လေ့ကျင့်သင့်ပါတယ်။

အထက်ကနည်းတွေအတိုင်း ကလေးငယ်တွေနဲ့ နေထိုင်၊ ပြောဆိုတဲ့အပြင် ကလေးငယ်တွေတုန့်ပြန်တဲ့ အပြုအမှုကနေပြီး သူတို့ရဲ့အတွင်းစိတ်စကားကို ကျွန်တော်တို့တကယ် နားထောင်မိ၊ မမိဆိုတာကို ဂရုပြုနိုင်ပါတယ်။

(၁)
မိဘနဲ့ သားသမီးကြားက အပြန်အလှန် ပြောဆိုဆက်ဆံမှုတွေဟာ အမြဲမပြတ်ခဲ့ဘူး။

(၂)သားသမီးတွေရဲ့စကားတွေမှာ "ဟုတ်တယ်..." , "ဒီလိုလေ.." အစရှိတဲ့ မငြင်းဆန်မှုတွေ လျော့နည်းသွားတယ်။
(၃) သာမန်စကားဝိုင်းထဲကနေ နက်နဲမှုတွေကိုရတယ်။
(၄) သားသမီးတွေစိတ်ကို လုံခြုံစိတ်ချမှုတွေ ခံစားစေတယ်။
(၅) မိဘနဲ့ သားသမီးကြား ချစ်ခင်ရင်းနှီးမှုတွေ တိုးစေပြီး မိဘတွေကို ရင်ဖွင့်တိုင်ပင်လာတတ်တယ်။
(၆) သားသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ဥာဏ်တွေ ပိုမိုမြှင့်မားစေတယ်။

အထက်ကရလဒ်တွေရှိရင် ကလေးစကားကို နားထောင်နိုင်ခဲ့ပြီလို့ ကျွန်တော်တို့ယူဆလို့ရပါတယ်။ နားထောင်တတ်အောင် များများလေ့ကျင့်ဖို့ ကျွန်တော်အားပေးချင်ပါတယ်။ သားသမီးနဲ့မိဘကြား ဆက်ဆံရေးက ကိုယ်ပျိုးလိုက်တဲ့မျိုးစေ့ဖြစ်ပြီး သားသမီး ရှင်သန်ကြီးပြင်းရာလမ်းက တုန့်ပြန်မှုတွေဟာ အသီးအပွင့်ပဲဖြစ်ပါတယ်။ သန်မာတဲ့မျိုးစေ့နဲ့ ချိုမြိန်တဲ့အသီးဖြစ်ဖို့ ကလေးစကားကို ကျွန်တော်တို့ နားထောင်တတ်ပါစေ...

မူရင်း--- google search or http://share.youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark